အိုသောသူကို ကြင်နာပါ
———————————–
ကျွန်မအသက် ၉၀ နီးပြီ။ ကျွန်မ မတွေးချင်ခဲ့သော မှတ်တိုင်တစ်ခုဆီကို ရောက်တော့မည်။ ကျွန်မခင်ပွန်း ဖြစ်သူက အသက် ၄၀ လောက်ကတည်းက ဤလောကကြီးကို စွန့်ခွာသွားခဲ့သည်။ ကျွန်မကို ကလေး ငါးယောက်နှင့် သူထားခဲ့သည်။ အငယ်ဆုံးကလေးသည်ပင် ထိုအချိန်က ဒိုင်ပါဝတ်နေရသေးသည်။

ဘဝက ကျွန်မကို ပူဆွေးနေရန် အချိန်မပေးပါ။ ကျွန်မ ဘဝကို ရင်ဆိုင်ခဲ့ရသည်။ ရသမျှအလုပ်တွေကို လုပ်ရသည်။ အိမ်သန့်ရှင်း၊ ထမင်းချက်ပြုတ်၊ အဝတ်လျှော်ဖွတ်၊ ပစ္စည်းတွေသယ်ပို့ အားလုံးကို လုပ်ခဲ့ရသည်။ ကျွန်မအတွက် ငွေတစ်ပြားတစ်ချပ်တိုင်းသည် အရေးကြီးသည်။ အချို့သော ညတွေဆိုလျှင် ပင်ပန်းလွန်းသဖြင့် အိပ်ကောင်းတုန်း နံနက် ၆ နာရီနှိုးစက်က ကျွန်မကို အိပ်ရာထဲက ဆွဲထုတ်သည်။ ကျွန်မ ကလေးတွေကလည်း တစ်ယောက်ကို တစ်ယောက် စောင့်ရောက်ရင်း ကြီးပြင်းခဲ့ကြရသည်။ အသက်အရွယ်နှင့်မမျှ ဘဝသင်ခန်းစာ တွေကို လေ့လာသင်ယူခဲ့ကြရရှာသည်။

ကျွန်မနှင့်ခင်ပွန်းသည်တို့ တောရွာလေးက အိမ်လေးကို စွန့်ခဲ့ကြပြီး မြို့ကြီးတွင် ဘဝသစ်တစ်ခုကို တည်ဆောက်မည်ဟုဆိုကာ ရောက်လာခဲ့ကြသည်။ ကျွန်မနှင့်ခင်ပွန်းတို့သည်။ ကျွန်မတို့ တိုက်ခန်းတစ်ခန်းကို အကြွေးနှင့် ဝယ်ခဲ့ကြသည်။ သူကွယ်လွန်သွားချိန်တွင် တိုက်ခန်းကြွေးက ကျွန်မတစ်ဦးတည်းအပေါ် ပိလာသည်။ သို့သော် ကျွန်မစိတ်မပျက် အားမလျှော့ခဲ့ပါ။

ကျွန်မ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် လူလားမြောက်လာခဲ့ကြသည်။ အလုပ်တွေရှာကြသည်။ သူတို့ဘဝတွေကို သူတို့ တည်ဆောက်ကြသည်။ ကျွန်မကတော့ တိုက်ခန်းသေးသေးလေးထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ဤနေရာလေးက ကျွန်မ၏ခိုလှုံရာ၊ ဘဝအတွက် အမှတ်ရစရာနေရာလေး ဖြစ်သည်။ ဤတိုက်ခန်းလေး၏ ဝရမ်တာလေးတွင် ကျွန်မ မိသားစုကို နှစ်သိမ့်ပေးခဲ့သည်။ ဝရန်တာတွင် ပျိုးထားသည့် ပန်းအိုးလေးတွေကြား ညနေခင်းတိုင်း ကျွန်မထိုင်ကာ လေကောင်းလေသန့်တွေ ရှူခဲ့ရသည်။

ကျော်ဖြတ်ခဲ့ရသော နှစ်ကာလများမှာ ရိုးရိုးလေးဖြစ်သော်လည်း ကျွန်မဘဝတွေဖြစ်ခဲ့သည်။ ကျွန်မသည် ပင်စင်လစာ အနည်းငယ်လေးဖြင့် ရပ်တည်နေခဲ့ရသည်။ ရှိတာလေးနှင့် ဝအောင်စား၊ ရသမျှလေးနှင့် ကျေနပ် နှစ်သိမ့်ကာ နေထိုင်ခဲ့ရသည်။ သို့သော် ကျွန်မ ထိုသို့သောဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သဖြင့်လည်း ဂုဏ်ယူ ပီတိ ဖြစ်နေမိသည်။ ကျွန်မဘဝ မည်သို့ဖြစ်နေသည်ဆိုစေ ကလေးတွေ၏ အနာဂတ်တွေကို ပျိုးထောင် ပေးနိုင်ခဲ့သည်။

တစ်နေ့တော့ အားလုံးအပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ရသည်။

ကလေးတွေက ကျွန်မကို ပြောသည်။

“မေမေ သွားကြရအောင်” တဲ့။

သူတို့က ကျွန်မကို နေရာတစ်နေရာကို ခေါ်လာကြသည်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကို ဖြစ်သည်။ သူတို့ကျွန်မကို ဂေဟာတွင်ထားခဲ့ပြီး ထွက်ခွာသွားကြသည်။

ဂေဟာက ဝန်ထမ်းတွေက ကြင်နာကြပါသည်။ ကျွန်မကိုလည်း စောင့်ရှောက်ကြသည်။ သို့သော် ဂေဟာ ဆိုသည်မှာ ကျွန်မအိမ်နေရာ မဟုတ်ပါ။ ကျွန်မက ကျွန်မ ပစ္စည်းလေးတွေကို သတိရနေသည်။ ကျွန်မ ဝရန်တာနှင့် ပန်းအိုးလေးတွေကို သတိရနေသည်။ ဝရန်တာတွင် လွတ်လပ်စွာထိုင်ပြီး လေကောင်း လေသန့်တွေ ရှူခဲ့ရသည်ကို သတိရနေသည်။

ဤနေရာတွင် အားလုံးသည် သူ့အစီအစဉ်နှင့်သူ လည်ပတ်နေသည်။ အစားစားချိန်၊ လှုပ်ရှားချိန်၊ အိပ်ချိန် အားလုံး အစီအစဉ်အတိုင်းဖြစ်သည်။ ကျွန်မဘဝကို ကျွန်မ မပိုင်တော့ပါလား။ ကလေးတွေကတော့ ပြောသည်။ ဤနေရာသည် ကျွန်မအတွက် အကောင်းဆုံးဖြစ်လိမ့်မည်တဲ့။ ကျွန်မှာ ဆေးဝါးအကူအညီတွေ ကုသစောင့်ရှောက်မှုတွေ လိုနေပြီတဲ့လေ။

ကျွန်မနှလုံးသားထဲတွင် သူတို့က ကျွန်မကို မလိုအပ်တော့ဟုထင်ကာ ဤနေရာတွင် လာပြီး စွန့်ပစ်လိုက် ကတည်းက နိဂုံးချုပ်သွာခဲ့ရပြီ။

အသက်ကြီးလာပြီဆိုသည့် အမြင်ကြီးတစ်ခုကို ပြောင်းလဲသင့်သည်။ အသက်ကြီးလာခြင်းသည် အသုံး မဝင်သော အနေအထားတစ်ခု၊ အိုမင်းလာသောကြောင့် မစွမ်းနိုင်တော့ပြီဆိုသည့် အမြင်တစ်ခုကို ကျွန်မတို့ ပြောင်းသင့်ပြီ။ အိုမင်းလာသူတိုင်း မစွမ်းဆောင်နိုင်ကြသူများ မဟုတ်။ လုပ်နိုင် စွမ်းနိုင်သူတွေ အများကြီး ရှိသည်။ ကိုယ့်ဘဝ နောက်ဆုံးအချိန်များကို ကိုယ်တတ်စွမ်းသလောက်လုပ်ကာ ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည် နိုင်ကြရမည်။

ကျွန်မတွင် ယခင်ကလို ခွန်အားတွေ မရှိတော့သည်ကတော့ မှန်ပါသည်။ သို့သော် ကျွန်မ အသက်ရှင်နေသေးည်၊ ကျွန်မ ခံစားနိုင်သေးသည်၊ ကျွန်မချစ်နိုင်သေးသည်၊ ကျွန်မ “အိမ်” ဟုသတ်မှတ်သော နေရာလေးတွင် နေချင်သလိုနေနိုင်ရမည်။

မှတ်ထားကြပါ။

အိုခြင်းသည် နိဂုံးသို့ရောက်ခြင်း မဟုတ်။

အိုခြင်းဆိုသည်မှာ ဘဝတစ်ခုကို ကူးပြောင်းခြင်းသာဖြစ်သည်။

အိုလာသူတွေကို ပစ်ပယ်ရန်မဟုတ်။

အိုလာသူတွေကို

လေးစားပေးရန်

စောင့်ရှောက်ပေးရန်

ချစ်ပေးရန် ရေးသားပေးကြပါရှင်။

(Ref: Confession of Old Mother)

တင်ညွန့်