မောင်မြင့်မား(ဘိုကလေး)
အုပ်သင်းကွဲ
သတ္တဝါတစ်ကောင်၏ မချိမဆန့်ဝေဒနာခံစားရင်း အော်လိုက်သောအသံက တစ်တောလုံး ဆူညံသွားတော့သည်။ စောဂျိမ်းက ဝါးဆစ်ခွက်ထဲမှ ရေနွေးကြမ်းတစ်စုံကို သောက်နေရာမှ နားစွင့်လိုက်သည်။ အသံက ဆက်တိုက်အော်နေဆဲ။ ကျော်စိုးက
“စောဂျိမ်း ဘာသံလဲ”
“စဉ်းစားနေတာကွ။ လာတဲ့အသံက ဇီးဖြူရေထွက်ဘက်လောက်ကပဲ။ အသံနီးတယ်”
“ဒီကြိုးဝိုင်းထဲမှာ မုဆိုးအဖွဲ့ က ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိတယ်။ သားကောင်ကို မုဆိုးပစ်တဲ့အသံက ဒါလောက် အော်စရာအကြောင်းမရှိဘူး။ စောဂျိမ်း အခြေအနေ သွားကြည့်ရအောင်”
“အေး ဒါဆိုရင် တင်ဝင်း ပစ္စည်းတွေ သိမ်းတော့ကွာ”
ပစ္စည်းများကို သိမ်းလိုက်ပြီး သုံးယောက်သား ဇီးဖြူရေထွက်ဘက်သို့ ထွက်လာခဲ့သည်။ တဖြည်းဖြည်း နီးလာသည်နှင့်အမျှ အော်သံက တဖြည်းဖြည်း တိမ်ဝင်သွားသည်။
ကိုက် ၃ဝဝ လောက် လျှောက်လာပြီး ဇီးဖြူရေထွက်အပေါ်ရှိ ကမ်းပါးပြတ်ကလေးထိပ်ကို ရောက်လာကြသည်။ ဇီးဖြူရေထွက်က အနိမ့်ပိုင်းရောက်နေ၍ ကမ်းပါးပြတ်ပေါ်က အောက်ကိုလှမ်းကြည့်သောအခါ မြင်ကွင်းကို တွေ့လိုက်ကြရသည်။ သတ္တဝါတစ်ကောင်ကို ခွေးသာသာအကောင် ဆယ့်လေးငါး,ခြောက်ကောင်က ဝိုင်းဆွဲနေကြခြင်းဖြစ်သည်။
ရှေ့နောက်ဝဲယာမှ ဝိုင်း၍ ဆွဲနေကြသောကြောင့် အဆွဲခံရသောသတ္တဝါက ရုန်းရင်းကန်ရင်း ငြိမ်သက်သွားတော့သည်။
ကမ်းပါးပြတ်အမြင့်က ပေ ၃ဝ သာသာလောက်သာရှိ၍ ၁၅ ပေ ပတ်လည်ခန့်ရှိ ရေအိုင်ကလေးထဲတွင် ခွေးသာသာအရွယ်ရှိ အကောင် ဆယ့်လေးငါး,ခြောက်ကောင်က ရေအိုင်ထဲတွင် ဝိုင်းဆွဲကြပြီး ကုန်းပေါ် ကိုက်ဆွဲတင်သွားကြကာ အသေကောင်ကို ဝမ်းဗိုက်ဖောက်၍ စားနေကြပြန်သည်။
စောဂျိမ်းတို့က ကမ်းပါးပြတ်ထိပ်ပေါ်ရှိ ချုံကြားမှ အခြေအနေကို ကြည့်နေကြခြင်းဖြစ်သည်။ တောသတ္တဝါအချင်းချင်း အင်အားများသူက အင်အားနည်းသူကို အနိုင်လုပွဲဟုလည်း ခေါ်နိုင်ပါသည်။
တင်ဝင်းက လေသံသဲ့သဲ့ဖြင့် …
“စောဂျိမ်း တောခွေးတွေ ထင်တယ်”
“ဟုတ်တယ် တောခွေးအုပ်ပဲ။ ဒီကောင်တွေနဲ့တွေ့တာ တို့အတွက် အန္တရာယ်များတယ်။ ဒီကောင်တွေက လူကိုလည်း မကြောက်ဘူး။ ကျားတို့၊ ကျားသစ်တို့၊ ဝက်ဝံတို့ကိုလည်း မကြောက်ဘူး။ အုပ်လိုက် ဝင်တိုက်တတ်တယ်။ ဒီကောင်တွေ စားနေတာ ဆတ်ဖားကြီးကွ။ ဆတ်ဖားက ချိုရှိပေမယ့်လည်း ဒီကောင်တွေကို ခတ်ဖို့မလွယ်ဘူး။ ဆတ် တွေ့လို့ကတော့ သူတို့အတွက် အစာပဲ။ သွားကြရအောင်ဟေ့။ ဒီကောင်တွေက အနံ့ခံကောင်းတယ်။ တော်ကြာ တို့နောက်ကို လိုက်လာနေဦးမယ်”
စောဂျိမ်းတို့သုံးယောက် ကမ်းပါးပြတ်ပေါ်မှ တောလမ်းအတိုင်း မြောက်ဘက်ရှိ ဝါးတောဘက်ဆီသို့ ဖြတ်ဆင်းလိုက်သည်။ ဝါးတောထဲတွင် မျှစ်များကို စားသောက်တတ်သော တောဝက်များ ရတတ်သော ကြောင့်ဖြစ်သည်။ ဝါးတောအစပ်အရောက်တွင်
“ငါ့စိတ်ကူးက ဇီးဖြူရေထွက်ကို အရင်ဆုံးလာပြီး ရေသောက်ဆင်းတတ်တဲ့ တောကောင်တွေကို ချောင်းပစ်ဖို့ စိတ်ကူးထားတာ။ ဒီအတိုင်းဆိုရင် ဇီးဖြူရေထွက်မှာ ဘာကောင်မှ လာမှာမဟုတ်တော့ဘူး”
ကျော်စိုးက …
“စောဂျိမ်း ခွေးသာသာ အကောင်မျိုးက ဒါလောက်တောင် ကြောက်စရာကောင်းသလား”
“ကျော်စိုး မင်း မကြုံဘူးသေးဖူးနော်။ ခွေးသာသာ အကောင်မျိုးက တစ်ကောင်ချင်းကတော့ ခြေထောက်နဲ့ ကန်ထည့်လိုက်ရင်တောင် ရတာပေါ့။ ဒါပေမယ့် ဒီကောင်တွေက အုပ်လိုက်နေတာ။ တောခွေးအုပ်က တစ်ခါတလေ အကောင် အစိတ် သုံးဆယ်လောက် စုနေတတ်တာ။
ကျားတို့ ကျားသစ်တို့က တစ်ကောင်ချင်းနေတာ။
တောဝက်တောင် အဲဒီလောက် အကောင်ရေမများဘူး။ အဲဒီတော့ အုပ်လိုက်နေတဲ့ကောင်တွေက အင်အားများတော့ တောကောင်တွေက ဒီကောင်တွေ အုပ်နဲ့တွေ့ ရင် လွတ်အောင်သာ ပြေးပေတော့။
နောက်တစ်ချက်က ကျားလိုအကောင်မြင်ရင် အိမ် ခွေးလို အမြီးကုတ်ပြေးတဲ့ အကောင်မျိုး မဟုတ်ဘူး။ သတ္တိကောင်းတယ်၊ ရင်ဆိုင်ရဲတယ်။ တစ်ခါတလေ တောထဲမှာ တောကောင်အသေ စားသောက်ပြီး ကျန်နေခဲ့တာတွေ တွေ့ ရတတ်တယ်။
အဲဒါကို တောခွေးချသားလို့ ခေါ်တယ်။ မုဆိုးအတွက်ကတော့ မပစ်မခတ်ရဘဲ ဟင်းစားရတာဆိုတော့ အပိုင်ပေါ့။
ဒါပေမယ့် သူတို့အစာနောက်ကို လိုက်ပြီး လူကို ရန်ရှာတတ်တယ်။ တောခွေးချသားတွေ့ရင်တော့ မယူတာ အကောင်းဆုံးပဲ။ အန္တရာယ်များတယ်။ မလွှဲသာမရှောင်သာ စားစရာမရှိလို့ ယူမယ်ဆိုရင်လည်း တချို့တစ်ဝက်ကိုယူပြီး ချန်ထားခဲ့ရတယ်”
“စောဂျိမ်း ပြောပြမှ မုဆိုးတွေအတွက် ဗဟုသုတရတယ်ဗျာ။ ကျွန်တော်တို့ဆို တောခွေးကို မကြုံဖူးတော့ ဒါတွေကို မသိဘူး။ ခွေးသာသာအကောင်ဆိုတော့ အထင်မကြီးတာလည်း ပါတာပေါ့”
“အရိပ်ကောင်းတယ်ကွာ၊ ခဏလောက် ထိုင်ကြပါဦး။ တင်ဝင်းရေ မင်းယူလာတဲ့ ပုလင်းလေး ထုတ်လိုက်ပါဦး။ ငါ့ဆီမှာ တောဝက်သားဟင်းပါတယ်”
ဝါးဆစ်ခွက်ကလေးများထုတ်ကာ တင်ဝင်းယူလာသော ရမ်ပုလင်းကိုဖွင့်၍ တောဝက်သားဟင်းနှင့် ဝါးရုံရိပ်အောက်တွင် အမောဖြေလိုက်ကြသည်။
စောဂျိမ်းက တောဝက်သား တစ်ဖတ်ကို ဝါးရင်း
“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရခိုင်ပြည်နယ်အစွန် ဝေဘာတောင်ဘက်မှာ ငါနဲ့ နယ်ခံရွာသား လေးယောက်နဲ့ အမဲလိုက်ကြရင်း မမျှော်လင့်ဘဲ ဟင်းမျိုး (ကျား) နဲ့ ရင်ဆိုင်တွေ့ကြတယ်။ အမှန်က တို့က ဆတ်ဖားနှစ်ကောင် ဝှေ့နေတာကို ပစ်မလို့ ချောင်းနေတုန်း ဝေါ ဝရောဆိုတဲ့ အသံနဲ့အတူ တို့ချောင်းနေတဲ့ တောကင်ပွန်းချုံဘက်ကို ဟင်းမျိုးကြီးက တည့်တည့်ပြေးလာတယ်။
ဗြုန်းခနဲဆိုတော့ တို့လည်း ပစ်ဖို့ အချိန်မရခင် ခပ်လှမ်းလှမ်းက ဝေါ ဝရော ဆိုတဲ့ အသံတွေနဲ့အတူ ‘ကစ်… ကစ်… ကစ်… ကစ်’ ဆိုတဲ့ အသံတွေလည်း ကြားလိုက်ရတယ်။
အဲဒီအချိန်မှာ ဟင်းမျိုးကြီးက တို့နဲ့ ၁၅ ပေအကွာလောက်က တောကင်ပွန်းချုံထဲကို ဒလဟော ဝင်ပြေးသွားတယ်။ တို့လည်း ကြောက်ကြောက်နဲ့ နီးရာသစ်ပင်ပေါ် တက်ပြေးကြတာပေါ့ကွာ။ ဟင်းမျိုးတောင် ကြောက်လို့ ပြေးလာတာဆိုတော့ ဘာကောင်တွေမှန်းမှ မသိဘဲ။ နောက်တော့ နောက်ကနေ ကစ်ကစ်… ကစ်ကစ်နဲ့ တဝေါဝေါ ပြေးလိုက်လာတဲ့ အကောင်တွေက တောခွေးအုပ် ဖြစ်နေတယ်။
ဒီကောင်တွေက ပြောင်တို့၊ စိုင်တို့လောက်သာ ရန်မရှာရဲတာ။ ကျန်တဲ့ တောကောင်တွေလောက်ကတော့ ဒီကောင်တွေလာရင် ပြေးကုန်တော့တာပဲ။ တောခွေးတွေ ရောက်လာတဲ့ တောကတော့ မုဆိုးလည်း တောပစ်လို့ မရတော့ဘူး။
ဒီကောင်တွေရဲ့ အမွေးအရောင်က နီကြောင်ကြောင်နဲ့ အမွေးက ကြမ်းတယ်။ အမြီးက ရှည်ပြီးတော့ အဖျားက တစ်ထွာလောက်မှာ မြီးဆံမွေးက ဖွာပြီးတော့ ရှည်တယ်။ ကိုယ်လုံးက အိမ်ခွေးထက် ထွားကျိုင်းတယ်။ အိမ်ခွေးလို နှုတ်သီးမရှည်ဘဲ တိုတယ်၊ ခွေးစွယ်က ကြီးပြီးတော့ ဘေးကို ကားထွက်နေတတ်တယ်”
တင်ဝင်းက …
“မုဆိုးတွေက ဒီကောင်တွေကျတော့ ဘာဖြစ်လို့ မပစ်ကြတာလဲ၊ တောကောင်တွေပဲဟာ”
“ဟ … သူတို့အသားက စားလို့မှ မကောင်းတာပဲကွာ။ မင်းလည်း တောပစ်ထွက်နေတာပဲဟာ။ တောခွေးသား စားဖူးလို့လား”
“အဲဒါတော့ ဟုတ်တယ်။ တစ်ခါမှ မစားဖူးဘူး။ အဲ-ကျွန်တော်လည်း တောပစ်လာတာ ကြာပြီ။ တစ်ခါမှလည်း မတွေ့ဖူးသေးဘူး။ ဒါပေမယ့် ခွေးအ တော့ မကြာခဏ တွေ့ဖူးတယ်။ တစ်ခါတလေ ရွာနားတောင် လာတတ်တယ်”
“ကျော်စိုး မင်းဟာလေး နည်းနည်းထည့်ဦးကွာ”
စောဂျိမ်းက ဝါးဆစ်ခွက်ထဲမှ ရမ်အရက်ကို ရေနည်းနည်းထည့်ကာ တစ်ငုံမော့လိုက်ပြီး
“ခွေးအလည်း တောခွေး အနွယ်ပဲကွ။ တောခွေးလောက်တော့ အကောင်မကြီးဘူး။ ကိုင်းတောတို့၊ အင်းစပ်တို့မှာ နေတတ်တယ်။ တောခွေးလိုပဲ အုပ်စုလိုက် မနေဘူး။ တစ်ကောင်, နှစ်ကောင်လောက်ပဲ တွဲနေတတ်တယ်။
ပုစွန်တို့၊ ဖားတို့၊ ငါးတို့၊ တောကြက်လောက်ပဲ ဖမ်းစားတတ်ကြတယ်။ ရွာနီးနား ပတ်ဝန်းကျင်မှာ နေပြီးတော့ ကျွဲသေ နွားသေတွေလောက်ပဲ စားတတ်တယ်။ တစ်ခါတစ်ရံ သင်္ချိုင်းက လူသေအလောင်းတွေတောင် ဖော်စားတတ်တယ်။ တောခွေးတွေလိုတော့ ပြေးလွှားနေတဲ့ တောကောင်တွေကို ဖမ်းမစားနိုင်ဘူး”
“ဆရာ စောဂျိမ်းရေ … တောပစ်ထွက်လာတာ နေတောင် အတော်မြင့်နေပြီ။ ခုထက်ထိ ဘာကောင်မှလည်း မရသေးဘူး”
“တို့ ဒီနေ့ ကံဆိုးတာကွ။ ဒီတောခွေးတွေ ရှိတဲ့တောမှာ သားကောင်တွေ ဘယ်နေနိုင်မှာလဲ။ ပြေးကုန်ရောပေါ့။ ဒီတောထဲမှာ တောခွေးရှိတယ်လို့ ငါလည်း မကြားဖူးပေါင်ကွာ။ ဘယ်ကနေ တောပြောင်းလာသလဲ မသိတော့ပါဘူး”
“ဒါဆိုရင်…”
“ဒါဆိုရင် ဒီလိုလုပ်မယ်လေ။ တို့ တောခွေးတွေ တွေ့လာတဲ့ ဇီးဖြူရေထွက်ကနေ တို့လျှောက်လာတာ နှစ်မိုင်ကျော်ရောပေါ့။ နောက်တစ်မိုင်လောက် ထပ်လျှောက်ရင် ဝဲခေါင်မြောင်ဘက်ကို ရောက်မယ်။ အဲဒီဘက်မှာဆိုရင် တောကောင်ရနိုင်လောက်ပါတယ်”
“ကဲ… လက်စဖြတ်ပြီး နေမပူခင် ချီတက်ကြရအောင် ဆရာစောဂျိမ်း။ တင်ဝင်းရေ လှုပ်ရှားလိုက်ကြရအောင်ကွာ”
အထုပ်အပိုးကိုယ်စီဆွဲကာ သုံးယောက်သား ချီတက်လာကြသည်။ တောအတွင်း ငှက်မျိုးစုံ၏ အော်သံနှင့် မျောက်အော်သံများက ဆူညံနေသည်။ ဝါးရုံရိပ်ဘက်မှ ဖိုးခေါင်ငှက်၏ “ဘို ဘို ဘို”နှင့် အသံက အဆက်မပြတ် ကြားနေရသည်။
တောင်ကြောတစ်လျှောက် ချီတက်လာကြပြီး ကိုက်နှစ်ရာလောက် အရောက်တွင် ယာဘက်ဝါးတောဘက်သို့ ဖဲ့ဆင်းလိုက်ကြသည်။ ဝါးတောကြီးက မှောင်မိုက်နေအောင် ကောင်းလှသည်။
မုဆိုးသုံးယောက် ဝါးတောစပ်အရောက်တွင်
“ဗြောင်း… ဗြောင်း… ဗြောင်း… ဝေါ ဝရော”
“ဟာ… ပြောင်ကြီးဟ”
ညိုမှိုင်းနေသော ဦးချိုကြီးနှင့် မည်းနက်နေသော ခေါင်းကြီးက ဝါးတောတွင်း ဝါးပင်များကြားမှ ထွက်လာကာ စောဂျိမ်းတို့ကို တွေ့သည်နှင့် နောက်ပြန်လှည့်ပြေးတော့သည်။
စောဂျိမ်းတို့ပင် သေနတ်ချိန်ဖို့ အချိန်မရလိုက်။
“နည်းနည်းနောနော ချိုကြီးမဟုတ်ဘူးဟေ့။ ဒီကောင်ကြီးဆို ပိဿာချိန် လေးငါးရာလောက်ရှိမယ်။ အတော်ပဲ ငါကလည်း ပွိုင့် ၅ဝဝ နှစ်လုံးပြူးရိုင်ဖယ်ကြီး ငှားလာခဲ့မိလို့။ ဒီကောင်ကြီးလောက်ကတော့ အေးအေးဆေးဆေးပဲ။
ကဲ လိုက်ကြရအောင်ကွာ။ သတိတော့ ထားကြဟေ့။ ဒီကောင်မျိုးက အင်အားကြီးတယ်နော်။ အကျဉ်းအကျပ်တွေ့ရင် လူကို ရင်ဆိုင်တတ်တယ်။ ပြောင်ဆိုတာက အုပ်လိုက်ပဲ နေတတ်ကြတာ။ အခု တစ်ကောင်တည်းဆိုတော့ အုပ်သင်းကွဲ ဖြစ်ရမယ်။ ကဲ နည်းနည်း အပင်ပန်းခံလိုက်ကြဦးစို့ကွာ”
စောဂျိမ်းက ပွိုင့် ၅ဝဝ နှစ်လုံးပြူး ရိုင်ဖယ်ကြီးကို အသင့်လုပ်ကာ ရှေ့ကဦးဆောင်၍ ချီတက်လာကြသည်။
အုပ်သင်းကွဲပြောင်ကြီး၏ သွားရာလမ်းကို အထင်းသား မြင်နေရသည်။ သွားရင်းကပင် ဝါးရွက်အနုများကို ဆွဲစားသွားလိုက်သေးသည်။ ဝါးတောအတွင်း နာရီဝက်ခန့် အပြင်းချီတက်လာသည်အထိ ပြောင်ကြီးက တရစပ်သွားနေသည်။
ဝါးတောကိုလွန်ကာ ရိုးမတောင်ခြေရှိ မြက်တောကွင်းဘက်အထိ ပြောင်ခြေရာများက ပြနေသည်။
စောဂျိမ်းက မီးခြစ်ကိုထုတ်ကာ ခြစ်ကြည့်လိုက်သည်။
တော်သေးသည်။ နောက်ကလိုက်သော စောဂျိမ်းတို့က လေအောက်က ဖြစ်နေသည်။ မြက်ရိုင်းတောကြီးက တစ်မျှော်တစ်ခေါ်ကြီး ဖြစ်သည်။ ပြောင်တစ်ကောင်အတွက်က မြက်ရိုင်းတောထဲတွင် ပျောက်သွားနိုင်သည်။
သို့သော် လူမုဆိုးက သတ္တဝါထက် အသိဉာဏ် သာသည် မဟုတ်ပါလော။
စောဂျိမ်းက …
“ခြေရာတွေက လတ်လတ်ဆတ်ဆတ်ပဲကွ။ သေချာတယ်။ ဒီကောင်ကြီး မြက်ရိုင်းတောထဲဝင်ပြီး မြက်နုတွေ စားနေလိမ့်မယ်။ ကျော်စိုး မင်း ပွိုင့်တူးတူးက ပြောင်အတွက် ကျောယားရုံပဲရှိမယ်။ ငါ့ပွိုင့် ၅၀၀ ရိုင်ဖယ်ပဲ အားကိုးရမှာ။ သတိတော့ မလစ်စေနဲ့ဟေ့”
မြက်ရိုင်းပင်များက လေအဝှေ့တွင် လှိုင်းထသလို ယိမ်းကနေသည်။ ပြောင်တိုးဝင်သွားသော မြက်ရိုင်းတောတွင်းအတိုင်း ဝင်လာခဲ့သည်မှာ ကိုက် ၁ဝဝ ကျော်ခန့် ဝင်မိသည်အထိ အရိပ်အယောင် မတွေ့ ရသေး။
ပြောင်ကြီးက သွားရင်းလာရင်း မြက်နုများကို ဆွဲစားသွားကာ ချေးများပင် ပါထားခဲ့သေးသည်။
စောဂျိမ်းက နှစ်လုံးပြူး ရိုင်ဖယ်ကြီးကို အသင့်အနေအထားကိုင်ကာ မြက်ရိုင်းတောအတွင်း မျက်ခြည်မပြတ် ကြည့်နေသည်။ စောဂျိမ်းတို့က လေအောက်မှဖြစ်၍ ပြောင်ကြီးက အနံ့မရသောကြောင့် ပြောင်ကြီး သွားရာလမ်းအတိုင်း စောဂျိမ်းတို့အတွက် လမ်းရှာစရာပင်မလို ဖြောင့်ဖြူးနေသည်။
သို့သော် သတိတော့ ထားနေရသည်။ တောကျွမ်းသောတိရစ္ဆာန်သည် လူမုဆိုးကို လှည့်စားနိုင်သည်။
စောဂျိမ်းက ဝါရင့်မုဆိုးဖြစ်သည်။ တော၏အထာ၊ တောကောင်၏ သဘာဝကို ကျွမ်းပြီးသား။
ကြည့်လေ … လေအဝှေ့တွင် လှိုင်းထသလို ယိမ်းနွဲ့နေသော မြက်ရိုင်းတောကြီးက မုဆိုးတစ်ရပ် ရှေ့နောက်ဝဲယာ မြင်နေရသည်မှာ မဆန်း။ သို့သော် အရှေ့မြောက်ထောင့်က ကိုက် ၅၀ လောက်အကွာရှိ မြက်ပင်များ လှုပ်ယမ်းနေပုံက ယိမ်းကနေပုံမျိုးမဟုတ်ဟု စောဂျိမ်း သဘောပေါက်လိုက်သည်။
ပြောင်ကြီး သွားရာလမ်းမှ ဖဲ့ထွက်ကာ မြောက်စူးစူးသို့ မြက်ရိုင်းပင်များကို တိုးဝှေ့ရင်း ခပ်သုတ်သုတ် ဝင်လာခဲ့သည်။ နောက်က လိုက်လာသော ကျော်စိုးနှင့် တင်ဝင်းကလည်း ဖဝါးခြေထပ် မလွဲစေရ။
မြောက်စူးစူးသို့ သွားနေရာမှ တစ်နေရာအရောက်တွင် အရှေ့စူးစူးသို့ တိုးဝှေ့သွားလိုက်ပြန်သည်။ သွားနေရင်းမှ အရှိန်သပ်လိုက်ကာ နောက်မှပါလာသော တင်ဝင်းနှင့် ကျော်စိုးကို မေးငေါ့ပြလိုက်သည်။
မြက်ရိုင်းတောအတွင်းဝပ်လျက် မြက်နုများကို စားနေသော ညို့မှိုင်းသော ဦးချိုနှင့် မည်းပြောင်နေသော ပြောင်ကြီး။ ခေါင်းပိုင်းနှင့် လည်တိုင် တစ်လျှောက်ကို မြက်ပင်တွေအကြားမှ မြင်နေရသည်။
စောဂျိမ်းက ရပ်လျက်အနေအထားမှပင် ပွိုင့် ၅၀၀ နှစ်လုံးပြူး ရိုင်ဖယ်ကြီးကို ထိုးချိန်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း …
“ဒိုင်း”
သေနတ်သံက တောဟိန်းသံနှင့်အတူ ဟိန်းထွက်သွားသည်။ စောဂျိမ်း မောင်းဖြုတ်လိုက်သည့်အချိန်တွင် ပြောင်ကြီးက ဝပ်နေရာမှ ဗြုန်းခနဲ ထရပ်လိုက်သောကြောင့် ပစ်မှတ်လွဲကာ ကျည်က ပြောင်ကြီး၏ လည်ဇလုပ် အရေပြားကို ဖောက်ထွက်သွားတော့သည်။
ပြောင်ကြီးက ထရပ်လိုက်ပြီး ရုတ်ခြည်းပင် တောင်ဘက်ရှိ တောအုပ်အတွင်းသို့ တစ်ရှူးထိုး ဝင်ပြေးသွားတော့သည်။
“တောက်… အပိုင်ပစ်ရတာကိုကွာ။ ဒီအတိုင်းဆိုရင် အုပ်သင်းကွဲကတော့ နာသွားပြီကွ။ ပြောင်နာရင် ကြောက်စရာကောင်းတယ်။ ဒါပေမယ့် ဆက်လိုက်မှ ဖြစ်တော့မယ်”
ပြောင်ကြီး ပြေးသွားရာလမ်းအတိုင်း စောဂျိမ်းက ရှေ့ကနေ ခပ်သုတ်သုတ် ထွက်သွားလိုက်သည်။ တောက အပေါ်တွင် အပင်ကြီးများဖြင့် ရှုပ်နေသလို အောက်တွင်လည်း ကြိမ်တော၊ မြရာတော၊ စိန်နားပန်ချုံ၊ ကြောင်ပန်းရွက်ချုံ၊ ဥနှဲချုံများက ရှုပ်နေသည်။
သို့သော်လည်း သွားရာလမ်းတစ်လျှောက် သွေးစသွေးန သွေးစက်များက ပြောင်ကြီးသွားရာကို လမ်းပြနေသည်။ တချို့ နေရာများ၌ သွေးတုံးသွေးခဲများပင် ကျနေသောကြောင့် ပြောင်ကြီး အတော်အထိနာသွားကြောင်း မှန်းဆ၍ ရနိုင်သည်။
“ကျော်စိုးရေ ဒီအတိုင်းဆို ဝဲခေါင်မြောင်နဲ့ကတော့ အတော်ဝေးသွားပြီကွ။ ဒါပေမယ့် တို့လုပ်ရမယ့် အလုပ်ကတော့ စပြီးမှတော့ ရေဆုံးရေဖျား လိုက်ရတော့မှာပေါ့ကွာ။ အုပ်သင်းကွဲ ပြောင်ချိုကြီးကတော့ မက်စရာပဲဟေ့”
“စောဂျိမ်း ကျွန်တော် ကြားဖူးတာက ပြောင်ဆိုရင် အုပ်လိုက်နေတတ်တယ်လို့ ကြားဖူးတယ်။ ဒီကောင်ကြီးက ဘာဖြစ်လို့ အုပ်သင်းကွဲ ဖြစ်နေရတာလဲ”
“တင်ဝင်းရေ ဒီလိုကွ၊ ပြောင်ဆိုတာ မင်းပြောသလို အုပ်လိုက်နေတတ်တယ်ဆိုတာတော့ ဟုတ်တယ်။ ပြောင်တစ်အုပ်မှာ ၁၀ ကောင်ကနေ အကောင် ၂ဝ လောက်ထိ ရှိတတ်တယ်။
အကြီးဆုံး ပြောင်ထီးကြီးက ပြောင်အုပ်ကို ခေါင်းဆောင်ပြီး အရွယ်မရောက်သေးတဲ့ ပြောင်ပေါက်စ တစ်ကောင် နှစ်ကောင်တော့ ပါတတ်တယ်။
အကြီးဆုံးပြောင်ထီးက အသက်ကြီးလာတဲ့အခါ ပြောင်ပေါက်တွေက တိုက်ခိုက်တတ်တယ်။ အဲဒီအခါမှာ ပြန်မတိုက်ခိုက်နိုင်တဲ့ ပြောင်ထီးကြီးက အုပ်ကနေခွဲထွက်လာရော။ အဲဒါကြောင့် အုပ်သင်းကွဲ ဖြစ်လာတာ။ ကဲ အချိန်ရှိတုန်း ဆက်လိုက်ကြရအောင်ဟေ့”
သွေးစက်များကို ခြေရာခံရင်း လိုက်လာကြရာ တောအတွင်းသို့ နာရီဝက်မျှ ခရီးပေါက်ခဲ့ပြီးဖြစ်သည်။ ပြောင်ကြီးကတော့ မနားမနေ ပြေးနေဆဲ။
တောထဲတွင် တိရစ္ဆာန်မျိုးစုံ၏ အသံများက ဆူညံနေသည်။ အပင်ခပ်မြင့်မြင့်မှ လေယာဉ်ပျံသံကဲ့သို့ တဝီဝီအော်နေသော အောင်လောင်ငှက်တစ်ကောင်၏ အော်သံကလည်း အသံမျိုးစုံကြားမှ ကြားနေရသည်။
ခြေရာနှင့် သွေးစက်များက တောင်ကြောကလေး တစ်ခုပေါ်သို့ ခွဲတက်သွားကာ ကိုက် ၁ဝဝ လောက်အထိ တောင်ကြောအတိုင်း ကွေ့ ကောက်သွားရင်း လျှိုတစ်ခုထဲသို့ ဆင်းသွားပြန်သည်။
လျှိုထဲက ရေသံသဲ့သဲ့ကိုလည်း ကြားနေရသောကြောင့် ရေထွက်(သို့) စမ်းချောင်းတစ်ခုခု ရှိလိမ့်မယ်ဟု စောဂျိမ်း တွေးမိသည်။ လျှိုထဲတွင် တောငှက်ပျောပင်များက အပြိုင်းအရိုင်း ပေါက်နေကြသည်။
“စောဂျိမ်း ပြောင်နာကြီးက လျှိုထဲမှာ အရိပ်ခို အနားယူပြီး ကျွန်တော်တို့အလာကို စောင့်နေနိုင်တယ်။ သေနတ်ကိုတော့ အသင့်လုပ်ထားနော်”
“အေး… ခြေရာရော သွေးစက်တွေရော ငှက်ပျောတောထဲကို ပြနေတယ်။ ငှက်ပျောတောကလည်း မိုက်နေအောင် ကောင်းလိုက်တာကွာ၊ ပိုဂရုစိုက်ဟေ့”
တောင်ကြောပေါ်မှ တဖြည်းဖြည်း နိမ့်ဆင်းလာသော ဆင်ခြေလျောအတိုင်း ပေ ၅ဝ လောက် ဆင်းလာပြီးနောက် ငှက်ပျောတောအစပ်သို့ ရောက်လာကြသည်။
အလင်းရောင်က နည်းနည်းလျော့လာသည်။ ရေသံက ပို၍ ကျယ်လောင်စွာ ကြားလာရသည်။ လေက ငြိမ်နေသည်။
တဖြည်းဖြည်း လျှောက်လာကြရင်း ငှက်ပျောတောထဲတွင် ပြောင်ကြီး၏ ခြေရာနှင့် သွေးစက်များက ပျောက်သွားသည်။ မုဆိုးသုံးယောက် ငှက်ပျော တောအနှံ့ အကဲခတ်နေစဉ်မှာပင်
“ဖူး… ဖူး… ဖရူး”
တိတ်ဆိတ်နေသော ငှက်ပျောတောထဲမှ ကျယ်လောင်စွာ ထွက်လာသော ပြောင်ကြီး၏ နှာမှုတ်သံဖြစ်သည်။ သတိနှင့် နားနှင့် မျက်စိများကို ဖွင့်ထားသူများဖြစ်၍ သုံးယောက်သား သွက်လက်စွာပင် ခပ်လှမ်း
လှမ်းက လူကြီးတစ်ဖက်ခန့်ရှိ သပြေပင်ကြီးဆီသို့ ပြေးကပ်လိုက်ကြသည်။
ထင်သည့်အတိုင်းပင် ငှက်ပျောပင်များကို တဖြောင်းဖြောင်းမြည်အောင် တိုးဝှေ့တိုက်ခတ်ကာ ဦးခေါင်းမည်းမည်းနှင့် တစ်ဟုန်ထိုး ပြေးထွက်လာသော ပြောင်ကြီး။
မျှော်လင့်ထားပြီးဖြစ်၍ သပြေပင်ကို ပြောင်းကပ်ကာ ကျကျနန ချိန်ထားသော စောဂျိမ်းက ပြောင်ကြီး၏ နှာရောင်ရင်းဆီသို့ ခလုတ်ကို ဆွဲလိုက်သည်။
“ဒိုင်း”
ပြောင်နာကြီးက တုန့်ခနဲဖြစ်သွားကာ ရှေ့လက်နှစ်ဖက် ခွေကျပြီး ခေါင်းစိုက်ကာ လဲသွားတော့သည်။
ပွိုင့် ၅၀၀ နှစ်လုံးပြူး ရိုင်ဖယ်သည် ကျည်အမာ ထည့်ပစ်ရသော သေနတ်အမျိုးအစားဖြစ်၍ ပေါက်ကွဲမှုအားလည်း ပြင်းသောကြောင့် စောဂျိမ်းတို့သုံးယောက် အနားရောက်ချိန်တွင် ခြေလက်များ အကြောဆွဲကာ ငြိမ်သက်သွားတော့သည်။
ပြောင်သေကြီးကိုကြည့်ကာ စောဂျိမ်းက ကျေနပ်နေသည်။
“လှလိုက်တဲ့ ချိုကြီးကွာ”
ထိုအချိန်တွင် တောင်ကြောပေါ်မှ ပြေးဆင်းလာသော လူသုံးယောက်။ စောဂျိမ်းတို့ ငေးကြည့်နေဆဲ အနားသို့ ရောက်လာသည်။
တစ်ယောက်က ဓားတစ်ချောင်းကို နောက်ကြောတွင် ထိုးထားသည်။ သုံးယောက်လုံး ကိုယ်တုံးလုံးဖြစ်သည်။
တစ်ယောက်က ပြုံးပြုံးရွှင်ရွှင် အမူအရာနှင့်
“ကျွန်တော်တို့က လက်ခိုက်ရွာက ဝါးခုတ်သမားတွေပါ။ ဆရာတို့က မုဆိုးတွေမှန်းသိလို့ နောက်ကနေ လိုက်လာတာ။ ပြောင်ကြီးကို ပစ်လိုက်တာလည်း တောင်ကြောပေါ်က လှမ်းမြင်နေရတယ်။ ဘာကူညီရမလဲ”
အခုမှ စောဂျိမ်းလည်း သဘောပေါက်သွားကာ
“ကူညီရင် ကောင်းတာပေါ့ဗျာ။ ဒါကြီးကို ယူဖို့အတွက်ပဲ”
“ဖျက်ပြီး ကျပ်တင်ပြီး ယူသွားရင် မကောင်းဘူးလား။ ဖျက်ပြီး လိုချင်တာတွေယူပြီး မလိုတာတွေထားခဲ့တော့ ဝန်ကျဉ်းသွားတာပေါ့။ ဖျက်တာတွေ၊ ကျပ်တင်တာတွေ ကျွန်တော်တို့ အကုန်လုပ်ပေးမယ်။ ကျွန်တော်တို့အတွက်လည်း ဟင်းစားလေး…”
စောဂျိမ်းက ပြုံးလိုက်သည်။
“ခင်ဗျားတို့ လာကတည်းက ကျွန်တော် သဘောပေါက်ပြီးသား။ ခင်ဗျားတို့ ဝါးခုတ်လာရင်း ဟင်းစားငတ်နေတာ မဟုတ်လား။ ကိုယ်ချင်းစာတယ်။ ဟင်းစားတင်မကဘူး ကြိုက်သလောက်ယူ။ လောလောဆယ်တော့ ကျွန်တော်တို့ နားလိုက်ဦးမယ်။ အဲဒီတော့ ပြောင်သားကင်လေးနဲ့ …”
“ဆရာတို့ သောက်တတ်ရင် ကျွန်တော်တို့စခန်းမှာ ထန်းလျက်အရက်တွေ ပါတယ်။ သွားယူပေးမယ်”
“ကောင်းတာပေါ့ဗျာ”
အလုပ်တစ်ခုပြီးသွားသလို စောဂျိမ်းတို့သုံးယောက် တောင်ကြောပေါ်တွင် ပိုးလိုးပက်လက်လန်ကာ အနားယူလိုက်ကြသည်။ ဘေးတွင်တော့ ဝါးဆစ်ခွက်ကလေးများနှင့် ငှက်ပျောရွက်ပေါ်တွင် မွှေးကြိုင်လျက်ရှိသော ပြောင်သားမီးကင်များ။ ။
– ပြီး –
စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ