ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။
(က)
အချိန်အားဖြင့် လွန်ခဲ့သောအနှစ်ရှစ်ဆယ်ခန့်ကဖြစ်သည်။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သာယာအေးရွာကလေးမှာ အေးချမ်းစွာတည်ရှိနေသည်။ စပါးပေါ်ချိန်ဖြစ်သဖြင့် ရွာအရှေ့ဘက်ရှိ လယ်ကွင်းပြင်များမှာ ရွှေဝါရောင်စပါးပင်များက ညွတ်ကိုင်းလျှက်ရှိနေကြသည်။ ထိုစပါးခင်းများအတွင်းတွင် စပါးရိတ်သူများမှာ စပါးရိတ်နေကြလေသည်။ စပါးရိတ်သူများထဲတွင် ဒေါ်ကြီးငွေလည်းပါဝင်သည်။ ဒေါ်ကြီးငွေမှာ အခင်းပိုင်ရှင်ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ စပါးဝင်ရိတ်လေ့ရှိသည်။ ထိုစဉ် ဒေါ်ကြီးငွေတို့ရိတ်နေသည့် စပါးခင်း၏အစွန်းတစ်ဖက်မှ နွားကျောင်းသားကလေးတစ်ဦးမှာ နွားတစ်ကောင်ကို မောင်းချသွားလေသည်။ ထိုအဖြစ်ကိုမြင်သည့်အခါ စပါးရိတ်နေကြသည့် လူများမှာ နွားကောင်းသားကလေးကို ကလော်ဆဲကြတော့သည်။
ထိုအထဲတွင် ဘကြီးဖြိုးလည်းအပါအဝင်ဖြစ်သည်။ ဘကြီးဖြိုးမှာ တံစဉ်ကိုထောင်ကာ နွားကျောင်းသားကလေးကို ပယ်ပယ်နှယ်နှယ်အော်ဆဲသည်။
“ဒီနွားကျောင်းသားကတော့ကွာ တို့တွေဒီဘက်မှာ စပါးရိတ်နေတာကို မမြင်ဘူးလားမသိဘူး”
“ဟုတ်ပါရဲ့၊ ကျုပ်လုပ်ရင် ကျုပ်အလွန်ဖြစ်တော့မယ် ဘကြီးဖြိုးရဲ့”
ထိုအခါ လယ်ထဲသို့ထမင်းလာပို့သည့် ခင်ထွေးက
“သူ့ဟာသူလျှောက်သွားတာပဲ ဘကြီးဖြိုးရဲ့ ဘာဖြစ်လို့ကလော်ဆဲရတာလဲ”
“ဟ၊ တို့တွေက စပါးရိတ်နေတာဟ၊ စပါးခင်းထဲမှာ အကောင်ရှည်တွေက ဝပ်နေတတ်တယ်၊ သူက အဲဒီဘက်ကနေလျှောက်သွားတော့ အဲဒီအကောင်ရှည်တွေကို ဒီဘက်ကိုမောင်းထုတ်လိုက်သလိုဖြစ်မသွားဘူးလားဟ၊ ဒီကောင်တွေ ဒီဘက်ကိုပြေးလာရင် တို့နဲ့တွေ့တော့မှာပေါ့၊ ငါတောင်စိတ်အတော်ထိန်းထားလို့ ဆဲရုံပဲဆဲတာဟေ့၊ စိတ်ကြီးတဲ့လူဆို ဒီနွားကျောင်းသားတော့ မလွယ်ဘူး”
လယ်လုပ်သည့်အတွေ့အကြုံမရှိသည့် ခင်ထွေးမှာ မျက်လုံးကလေး ကလယ်ကလယ်ဖြင့်
“အကောင်ရှည်ဆိုတာ ဘာလဲဘကြီးဖြိုးရဲ့၊ တီကောင်လား”
“နင့်မေကြီးတော် တီကောင်ဟုတ်ရမှာလား ခင်ထွေးရဲ့၊ မြွေကိုပြောတာ မြွေ . . မြွေ”
“မြွေဆိုရင်လည်း မြွေလို့ပြောပေါ့ ဘကြီးဖြိုးရယ်၊ အကောင်ရှည်ဆိုတော့ ဘာကောင်မှန်းမသိ”
“ဟဲ့ လယ်ထဲမှာ မြွေကိုမြွေလို့မပြောရဘူးဟ၊ မြွေကိုမြွေလို့ပြောရင် မြွေကိုက်ခံရတတ်တယ်တဲ့ဟ”
“မြွေလို့ပြောတာနဲ့ မြွေကကြားနိုင်လို့လား ဘကြီးဖြိုးရဲ့”
“တယ်၊ ခင်ထွေးတော့ ငါလုပ်ရင်နာတော့မယ်၊ မြွေကတော့ သူ့နာမည်ခေါ်ရင်ကြားပါ့မလားဟ၊ ဒါရှေးလူကြီးတွေပြောခဲ့တာ၊ သွားတော့ ထမင်းပို့ပြီးရင်လည်းပြန်တော့ဟာ၊ မိန်းမတွေများ လျှာကိုရှည်တယ်”
ဘကြီးဖြိုးက ဗျစ်တောက်ဗျစ်တောက်နှင့်ပြောလိုက်ကာ စပါးဆက်ရိတ်သည်။ စပါးရိတ်ရသည်မှာလည်း သတိကြီးကြီးထားရသည်။ အကြောင်းမှာ မြွေခိုတတ်သောကြောင့်ဖြစ်သည်။ စပါးပေါ်လျှင် ကြွက်ကျသည်။ မြွေများမှာ စပါးခင်းထဲကျသည့် ကြွက်များကို ညဘက်တွင်လာရောက်ကာ ဖမ်းဆီးစားသောက်ကြသည်။ စားသောက်ပြီးသည့်အခါတွင် ချက်ချင်းမပြန်ဘဲ စပါးခင်းထဲတွင် ဝပ်ခွေနေတတ်သည်။ အခြားမြွေများမှာ ခန္ဓာကိုယ်အနက်ရောင်ရှိသဖြင့်် စပါးခင်းထဲတွင် မြင်တွေ့ရလွယ်သော်လည်း မြွေပွေးမှာ စပါးပင်များနှင့်အရောင်ခြင်းဆင်တူနေသဖြင့် မြင်တွေ့ရန်ခဲယဉ်းလှပေသည်။
စပါးရိတ်သည့်အခါတွင် စပါးပင်များကိုလက်တစ်ဖက်ဖြင့် သိမ်းကျုံးကိုင်ကာ ရိတ်သိမ်းရသည်ဖြစ်ရာ မြွေပွေးခွေနေပါက လက်နှင့်ကိုင်မိတတ်သည်။ မြွေပွေးမှာ အနေအေးသော်လည်း သူ့အသားထိလျှင် လန့်ဖြန့်ကာမည်းမည်းမြင်ရာကို ပေါက်တတ်သည့်အကျင့်ရှိသည်။ ထို့ကြောင့် စပါးရိတ်လျှင် မြွေပွေးအန္တရာယ်အထူးကြောက်ရသည်။ မြွေပွေးရန်ကြောင့် သေဆုံးခဲ့ကြသည့် တောင်သူလယ်သမားကြီးများမှာ မနည်းလှပေ။
ဘကြီးဖြိုးပြော၍ပင်မဆုံးသေးပေ၊ ဒေါ်ကြီးငွေမှာ စပါးခင်းတစ်နေရာမှ လန့်ဖျပ်ကာ ထအော်လိုက်လေသည်။ ဘကြီးဖြိုးတို့ စပါးရိတ်နေသူများမှာ ဒေါ်ကြီးငွေထံသို့ပြေးသွားကြသည်။
“ဟဲ့ မငွေဘာဖြစ်တာလဲ”
“မြွေ . . .ကျုပ် မြွေပေါက်ခံရပြီ”
ဒေါ်ကြီးငွေက လက်ဖဝါးကိုဖြန့်ပြလိုက်သည်။ လက်ညှိုးနှင့်လက်မကြားနေရာတွင် မြွေစွယ်ရာကို ထင်းခနဲမြင်ရသည်။
“ဘယ်လိုဖြစ်ရတာလဲ မငွေရာ”
“စပါးကိုလက်နဲ့ဆုပ်လိုက်ရင်း မြွေပွေးကိုဆုတ်မိသွားတာပဲ အကိုကြီးရေ”
မြွေပွေးကိုကြည့်လိုက်သည့်အခါ တံစဉ်ချက်ထိ၍ အမြှီးပိုင်းများပြတ်နေပြီဖြစ်သည်။ စပါးရိတ်သူများက မြွေပွေးကိုရိုက်သတ်လိုက်ကြသည်။ ဘကြီးဖြိုးမှာ မြွေကိုက်ရာကိုကြည့်ရင်း
“လက်ကြားခြေကြားကို မြွေကိုက်ရင် ကုရခက်တယ်တဲ့ဟ၊ နင်တော့ ဒုက္ခပါပဲဟာ”
“ဘုရား . . . ဘုရား ကျုပ်ခေါင်းတွေမူးလာတယ် အကိုကြီး”
“ဟေ၊ နင့်စိတ်ကိုအေးအေးထားစမ်းပါ၊ သာဒိုးရေ တို့ မငွေကို မြွေဆရာကိုကြိုင့်ဆီကိုပို့ရအောင်”
“အဲဒါမှ ဂွကျတာပဲ ဘကြီးရာ၊ ဦးကြိုင်က ဥက္ကံဘက်ဆင်းသွားတယ်တဲ့ဗျ”
“ဒါဆိုဘယ်လိုလုပ်ကြမလဲကွ”
ဒေါ်ကြီးငွေမှာ မျက်ရည်များကျဆင်းလာရင်း
“ကျုပ်တော့ ကိုယ်ကျိုးနည်းပြီထင်ပါတယ် အကိုကြီးရယ် အီး ဟီး”
“ဟာ မငွေ၊ အားတင်းထားစမ်းပါ၊ ဒီနားမှာ မြွေနိုင်တာ ဘယ်သူရှိသေးလဲလို့ငါတွေးကြည့်ပါအုံးမယ်”
ထိုအခါ သာဒိုးက
“ရွာပြင်က ကန်စပ်မှာ ယောပြန်ဆောပြန် အောက်လမ်းဆရာကြီးဦးမြခင်ဆိုတာ ရှိတယ်လေ ဘကြီးဖြိုးရ”
အောက်လမ်းဆရာကြီးအကြောင်းပြောလိုက်သဖြင့် ဘကြီးဖြိုးမှာ တုန်ယင်သွားမိသည်။ သို့သော်လည်း ရွေးချယ်စရာမရှိတော့ပေ၊ ညီမဖြစ်သူ ဒေါ်ကြီးငွေအသက်ရှင်ဖို့ရန်အတွက် အရေးအကြီးဆုံးဟုယူဆလိုက်သည်။ အောက်လမ်းဖြစ်ဖြစ် အထက်လမ်းဖြစ်ဖြစ်မြွေဒဏ်ရာကို ကုသမှဖြစ်တော့မည်။
“အေးကွာ၊ မထူးတော့ပါဘူး၊ အောက်လမ်းဆရာတွေဘာတွေ အသာထား၊ မြွေနိုင်ဖို့က အဓိကမဟုတ်လားကွ”
စပါးရိတ်သူများမှာ ဒေါ်ကြီးငွေကိုထွေးပွေ့ချီလျှက် အောက်လမ်းဆရာကြီးအိမ်သို့ပြေးလာခဲ့ကြသည်။
ထိုခေတ်ထိုအခါက ခေတ်မီမြွေဆိပ်ဖြေဆေးများ အားနည်းနေသည့်အချိန်ဖြစ်သည်။ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသနေပြည်သူများမှာ မြွေဆိပ်ကိုကုသပေးနိုင်သည့် မြွေဆရာများကို အားထားနေရသည့်အချိန်ဖြစ်သည်။ မြွေဆရာများမှာ မြွေဆိပ်ကိုနည်းမျိုးစုံဖြင့်ကုသကြသည်။ ယခုတော့ နာမည်ကြီးမြွေဆရာမရှိသည်မို့ အောက်လမ်းဆရာကြီးဆီကိုသာ အားကိုး၍ ပြေးလာခဲ့ကြသည်။
ဦးမြခင်ဆိုသည့် အောက်လမ်းဆရာကြီးမှာ ရွာစွန်ရှိ ရေကန်ကလေးတစ်ကန်၏ အစပ်တွင် အိမ်ဆောက်ကာနေထိုင်သည်။ ဦးမြခင်နေထိုင်သည့် ခြံဝန်းမှာလည်း သစ်ပင်ပေါင်းစုံပေါက်ရောက်လျှက် တောအုပ်ကလေးတစ်ခုသဖွယ်ဖြစ်နေလေသည်။ ဦးမြခင်၏ ခြံကိုခြံစည်းရိုးမကာထားသော်လည်း ခြံအဝင်ဝတစ်နေရာတွင် ခြံတံခါးကလေးတစ်ခုကိုပြုလုပ်ထားသည်။ ရွာသားများမှာ ဦးမြခင်၏ ခြံတံခါးအရှေ့သို့ရောက်သည့်အခါ
“ဗျို့၊ ဆရာကြီး၊ ဆရာကြီးဦးမြခင်ရှိပါသလားခင်ဗျာ”
ထိုသို့အော်ဟစ်လိုက်သည့်အခါ အိမ်ပေါ်မှ ဦးမြခင်ဆင်းလာခဲ့သည်။ ဦးမြခင်မှာ အသားခပ်လတ်လတ်ဖြစ်ကာ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့်ဖြစ်သည်။ မျက်ခုံမွေးထူထူကြီးမှာ မျှော့နက်ကြီးနှစ်ကောင်တင်ထားသည့်အလား မည်းနက်နေသည်။ ပါးတွင်တော့ မြေပဲစေ့ခန့်ကြီးမားသည့် မှဲ့နက်ကြီးတစ်လုံးရှိသည်။ လူကောင်ခပ်ထွားထွားဖြစ်ကာ ရှမ်းအင်္ကျီအနက်၊ ရှမ်းဘောင်းဘီအနက်ကြီးကိုဝတ်ဆင်ထားသည်မို့ ကြည့်လိုက်ရုံနှင့်ပင် ခန့်ညားတည်ကြည်သည့်ရုပ်ရည်ရှိသည်။
“အေး ဘာကိစ္စလဲကွ”
“ဒေါ်ကြီးငွေကို ပိုးထိလို့ အဲဒါဆရာကြီး ကြည့်ပေးပါအုံးဗျာ”
“အေးအေး၊ ဝင်ခဲ့ကြ”
ဦးမြခင်ပြောလိုက်သည့်အခါ ခြံတံခါးမှာ သူ့အလိုလိုချာခနဲလည်ကာ ပွင့်ထွက်သွားသည်။
“မင်းတို့ငါ့ခြံထဲကိုဝင်ရင် ခြံတံခါးကနေပဲဝင်နော်၊ တခြားလမ်းကမဝင်နဲ့”
ရွာသားများမှာ ခြံစည်းရိုးမရှိသည့် ခြံတံခါးမှ ဝင်လာခဲ့ကြသည်။ ဦးမြခင်မှာ ဒေါ်ကြီးငွေကို အိမ်အောက်တွင်ခင်းထားသည့် ဝါးကွပ်ပျစ်ပေါ်တွင်ချခိုင်းလိုက်သည်။ ရွာသားများကို အိမ်ပေါ်သို့တက်ခွင့်မပေးပေ၊
“မှန်းစမ်း၊ မြွေဘယ်နားကိုက်တာလဲ”
ဒေါ်ကြီးငွေက မြွေကိုက်ဒဏ်ရာကိုပြလိုက်သည်။ မြွေကိုက်ထားသည့် အစွယ်ရာဝန်းကျင်တွင် ညိုမဲစွဲနေပြီဖြစ်သည်။
“ခြေကြားလက်ကြားမှာ မြွေကိုက်ရင် ကုရခက်တယ်တဲ့နော်၊ တော်ရုံမြွေဆရာဆိုရင် မကုဘူးတဲ့”
ဘကြီးဖြိုးက
“ဆရာကြီးကုသပေးနိုင်ပါသလား”
“မြွေလောက်တော့ ကျုပ်ကအပျော့ပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားတို့လယ်စပါးဘယ်လောက်ထွက်သလဲ”
“တင်းလေးဆယ်ငါးဆယ်တော့ ထွက်ပါတယ်ဆရာကြီး”
“ဒါဆိုရင် ကျုပ်ကို အဖိုးအခအဖြစ် စပါးဆယ်တင်းပေးရမယ်၊ မပေးရင် မကုပေးဘူး”
ရွာသားအချို့မှာ အောင့်သက်သက်ဖြစ်သွားကြသည်။ ဘကြီးဖြိုးက ခေါင်းညိတ်ကာ
“လူ့အသက်က စပါးထက်အရေးကြီးတာပဲ ဆရာကြီးရယ်၊ ကျုပ်တို့ပေးပါ့မယ်”
“သွား၊ ဒါဖြင့် စပါးဆယ်တင်းသွားတိုက်ချေ”
“ဗျာ . . . ကျုပ်တို့က ဆရာကြီးကိုလိမ်မယ့်လူတွေလားဗျာ၊ သူ့ကိုအရင်ကုပေးပါ စပါးတွေကို ကျုပ်နေ့မကူးဘဲ ပေးပါ့မယ် ဆရာကြီးရဲ့”
“ကျုပ်က ရော့ပတ္တမြား၊ ရော့နဂါးပဲဗျာ၊ ခင်ဗျားစပါးဆယ်တင်းအရင်ယူလာပေး၊ ဆယ်တင်းပြည့်မှ ကျုပ်ကုမယ်၊ မဟုတ်ရင်တော့ ကျုပ်သူ့ကိုလုံးဝကုမှာမဟုတ်ဘူး”
ဘကြီးဖြိုးမှာ သာဒိုးတို့ကိုမှာရသည်။
“သာဒိုးရေ၊ တို့လယ်တွေက ရိတ်နေတုန်းဆိုတော့ ရိတ်ပြီးသားလူတွေဆီကနေ စပါးဆယ်တင်းလောက်ချေးပြီး မြန်မြန်ယူခဲ့ကြစမ်းကွာ”
“ဟုတ်ကဲ့ဘကြီးဖြိုး”
ထိုအခါ ဦးမြခင်က သာဒိုးကိုကြည့်လိုက်ရင်း
“မင်းတို့မြန်မြန်လုပ်ကွနော်၊ မင်းတို့နှေးရင် ဟောဒီလူနာက မြွေဆိပ်တွေတကိုယ်လုံးကိုပြန့်ပြီး သေသွားနိုင်တယ်ကွ ဟား ဟား”
ဦးမြခင်ပြောသဖြင့် သာဒိုးမှာရွာသို့ဒုန်းစိုင်းပြေးရလေသည်။ ရွာသားများကိုအကျိုးအကြောင်းပြောပြပြီး စပါးဆယ်တင်းယူကာ ဦးမြခင်တို့အိမ်သို့ပြေးလာကြရသည်။ ရွာသားများမှာ အချင်းချင်းရိုင်းပင်းကြသဖြင့် စပါးဆယ်တင်းမှာ တစ်ခဏနှင့်ပင် ပြည့်သွားသည်။ ထိုအခါမှ ဦးမြခင်က ပြုံးလိုက်ရင်း
“အေး၊ ရပြီ၊ ဒါဆိုရင်ငါ့အလှည့်ပေါ့ကွာ”
ဦးမြခင်က ဝါးကွပ်ပျစ်အစွန်တွင်ရှိသည့် ဝါးနှီးစကလေးတစ်ခုကို ချိုးယူလိုက်သည်။ ထို့နောက် ထိုနှီးစကလေးကို တံတွေးဆွတ်လိုက်ရင်း မန္တန်များကိုမန်းမှုတ်လေသည်။ ပြီးသည့်အခါ နှီးစဖြင့် ဒေါ်ကြီးငွေ၏ မြွေကိုက်ဒဏ်ရာကို ထိုးနှက်လေတော့သည်။ ဒေါ်ကြီးငွေမှာ နာကျင်လှသဖြင့် အော်ဟစ်ညည်းညူနေသည်။ ဦးမြခင်က
“ခင်ဗျားပါးစပ်ပိတ်ထားစမ်းဗျာ၊ ဒီလောက်တော့ နာမှာပေါ့ဗျ”
နှီးစဖြင့်ထိုးပြီးသည့်အချိန်တွင် မြွေစွယ်ရာအတွင်းမှ အနက်ရောင်သွေးများက စီးကျလာလေသည်။ ဒေါ်ကြီးငွေ၏ ပါးစပ်မှလည်း အနက်ရောင်အရည်များကို တဝေါ့ဝေါ့နှင့် အန်ချပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒေါ်ကြီးငွေ၏ မျက်နှာမှာ ပြန်လည်လန်းဆန်းလာသည်။
“ကဲ ရပြီ၊ သွားတော့”
ဘကြီးဖြိုးမှာ စိုးရိမ်တကြီးဖြင့်
“ဒီလောက်နဲ့ရရဲ့လား ဆရာကြီးရယ်”
ဦးမြခင်မှာ ဒေါသထွက်သွားပြီး
“ဒီမှာဟိတ်လူ၊ ကျုပ်နာမည် မြခင်ဗျ မြခင်၊ မြခင်က အပိုစကားမပြောဘူး၊ ကျုပ် ရပြီဆိုရပြီ၊ ကျုပ်ပြန်ဆိုရင်ပြန် ဟုတ်ပြီလား”
ဘကြီးဖြိုးတို့လူတစ်စုမှာ ဦးမြင်ခင်ကိုကြောက်ကြောက်နှင့်ပြန်လာခဲ့ရသည်။ ဦးမြခင်ပြောသည့်အတိုင်းပင် ဒေါ်ကြီးငွေမှာ ပကတိအတိုင်းပြန်လည်ကောင်းမွန်သွားလေသည်။ ရွာအတွင်းမှလူများမှာ ဦးမြခင်၏အစွမ်းကို အမျိုးမျိုးပြောဆိုကုန်ကြသည်။
(ခ)
ထိုအထဲတွင် သာဒိုးလည်းပါဝင်သည်။ သာဒိုးမှာ ဦးမြခင်ကိုကြောက်ရွံ့သော်လည်း ဦးမြခင်၏ အစွမ်းအစများကိုလေးစားနေသူဖြစ်သည်။ ထန်းရည်ဝိုင်းတွင် ကာလသားများက ဦးမြခင်အကြောင်းကို ပြောဆိုနေကြလေသည်။
“အဲဒီဦးမြခင်ကြီးကတော့ ကြောက်ဖို့ကောင်းလိုက်တာဟေ့”
ထိုအခါ သာဒိုးက
“ကြောက်ဖို့ကောင်းတာမဟုတ်ပါဘူးကွာ၊ အဲဒါ စွမ်းတာကွ၊ စွမ်းတာ၊ မင်းတို့ပဲစဉ်းစားကြည့်ကွာ မြွေကိုက်တာကို နှီးစကလေးချိုးပြီး တစ်ချက်တည်းထိုးလိုက်တာနဲ့ ပြန်ကောင်းသွားတာကွ၊ မြွေဆရာ ဦးကြိုင်ဆိုရင် ပွဲတွေဘာတွေထိုးရတယ်၊ သိမ်ဝင်သပိတ်ကွဲတို့ ရေလုံအိုးကွဲတို့မှာ အင်းတွေဘာတွေချပြီး အတော်ကိုကုယူရတာကွ”
“ဒါပေမယ့် စပါးဆယ်တင်းယူတာတော့ မကောင်းပါဘူးကွာ၊ တို့ရွာသားတွေအခြေအနေကိုလည်း သူသိရဲ့သားနဲ့”
“ဟ၊ ဒါကတော့ တန်ရာတန်ကြေးပေါ့ကွာ၊ တကယ်ဆိုရင် လူ့အသက်တစ်ချောင်းကိုကယ်တာ စပါးဆယ်တင်းပဲတောင်းတာ နည်းတောင်နည်းပါသေးတယ်ကွာ”
“ဟေ့ကောင်သာဒိုး၊ မင်းက ဦးမြခင်ဘက်က ကာဆီးကာဆီးပြောနေရအောင် မင်းကသူ့တပည့်မို့လားကွ”
ကာလသားတစ်ဦးက ထမေးလေသည်။ သာဒိုးကလည်း အတည်ပေါက်ကြီးနှင့်
“သူ့တပည့်တော့မဟုတ်ပါဘူးကွာ၊ ဒါပေမယ့် ငါသူ့တပည့်တော့ဖြစ်ချင်သားကွ”
“အောင်မယ်လေး သာဒိုးရာ၊ အောက်လမ်းဆိုတာ ကောင်းတဲ့ပညာရပ်မှမဟုတ်တာကွ”
“ငါတပည့်ခံရတာလည်း အကြောင်းရှိတယ် ငါ့ကောင်တွေရ၊ မင်းတို့ပဲစဉ်းစားကြည့်ကွာ၊ သူ့ဆီက မြွေဆိပ်ကုတဲ့ပညာတစ်ခုပဲရကြည့်စမ်းပါ၊ တစ်သက်လုံးဘာအလုပ်မှ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ မြွေဆိပ်ကုပြီးတော့ ဆရာ ဆရာဆိုပြီး အခန့်သားထိုင်စားလို့ရတယ်ကွ၊ မြွေဆရာ ဦးကြိုင်ဆိုတာလည်း အသက်ကြီးနေပြီမဟုတ်လား၊ တစ်နေ့သူသေသွားရင် ငါက မြွေဆရာဖြစ်ပြီပေါ့ကွ”
“မင်းကတော့ တော်တော်လာတဲ့ကောင်ပဲ သာဒိုးရာ၊ ဦးမြခင်အကြောင်း မင်းဘယ်လောက်သိလို့လဲကွ၊ သူ့ခြံကြီးထဲက အပင်တိုင်းအပင်တိုင်းမှာ သရဲကြီးတွေမွေးထားတာ မနည်းဘူးကွ၊ သူ့အိမ်နောက်ဘက်က ကန်ထဲမှာလည်း ဆင်လောက်အရွယ်ရှိတဲ့ ရေသရဲကြီးတစ်ကောင် မွေးထားတယ်ဆိုပဲကွ”
“မင်းတို့က ဟုတ်လို့လားကွာ”
“ဟုတ်ပါတယ်ဆိုနေမှကွာ၊ မင်း နွားကျောင်းသား ဖိုးခွေးသိတယ်မဟုတ်လားကွ၊ ဖိုးခွေးက တစ်ညနေတော့ နွားတွေသိမ်းရင်း အဲဒီကန်ကြီးထဲ ခြေဆင်းဆေးတာတဲ့ဟေ့၊ အဲဒီမှာ ကန်ထဲကနေ ဆင်လောက်ရှိတဲ့ ရေသရဲကြီးထွက်လာပါရောတဲ့ကွာ၊ သူ့အသားအရည်က ဆင်ကြီးလိုပဲ ပြောင်ချောချောကြီးတဲ့ကွ၊ အမွေးကြမ်းကြီးတွေကလည်း ဟိုတစ်ပင် ဒီတစ်ပင်နဲ့အရုပ်တော်တော်ဆိုးဆိုးဆိုပဲ၊ ဦးမြခင်က တားလိုက်တော့မှ သရဲကြီးကရပ်သွားတာတဲ့ကွ၊ ဖိုးခွေးလည်း နွားမကျောင်းရဲတာ ခုထိပဲ သာဒိုး”
“ဒါတင်ဘယ်ကမလဲကွာ၊ သူခိုးသက်ခိုင်လည်း သူ့ခြံထဲက သရဲကြီးလုပ်တာ ခံရဖူးတယ်မောင်၊ သက်ခိုင်က ခြေဆော့လက်ဆော့ရှိတဲ့လူမဟုတ်လားကွ၊ ခိုးစရာမရှိရင် သူ့ယောက္ခမထမီပတ်ခိုးတဲ့ကောင်လေ၊ ဒီကောင်က ခြံစည်းရိုးကာမထားတဲ့ ဦးမြခင်ခြံကို မျက်စိကျသွားတယ်ဆိုပဲကွ၊ အဲဒါနဲ့ခြံကိုပတ်ပြီးခိုးဝင်တာ သစ်ပင်ပေါ်က မဲမဲအကောင်ကြီးတွေခုန်ချပြီးလိုက်လို့ အသက်လုပြေးလာခဲ့ရတယ်ဆိုပဲကွ”
“ဟုတ်တယ်သာဒိုး၊ ဒီလူကြီးက ကြောက်ဖို့ကောင်းပါတယ်ကွာ၊ မင်းသူ့တပည့်မလုပ်သင့်ပါဘူးကွ”
“အလကားလျှောက်ပြောနေတာပါကွာ၊ ဖိုးခွေးက သရဲသိပ်ကြောက်တဲ့ကောင်ကွ ညဘက်ဆိုအိမ်ပေါ်က အိမ်အောက်တောင်ဆင်းရဲတာမဟုတ်ဘူး၊ သက်ခိုင်က ငမူး၊ သူ့ဟာသူမူးပြီးမြင်ချင်တာတွေမြင်တာနေမှာပေါ့ကွ”
“အေး၊ တားမရရင်လည်း လုပ်ပေါ့ကွာ၊ မင်းအောက်လမ်းဆရာဖြစ်ရင်သာ တို့ကိုမလုပ်နဲ့ ဟုတ်ပြီလား”
သာဒိုးမှာ ဦးမြခင်ကိုချဉ်းကပ်ရသည်။ ဦးမြခင်မှာလည်း တပည့်တပန်းမရှိဘဲ တစ်ယောက်တည်းနေသူဖြစ်သည်မို့ သာဒိုးကိုတပည့်အဖြစ်လက်ခံလိုက်သည်။ သာဒိုးမှာ ထိုနောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးပင် မလုပ်တော့ဘဲ ဦးမြခင်အနောက်သို့ အချိန်ပြည့်လိုက်ကာ ပညာသင်ယူသည်။ တစ်ခါတလေ ဆရာတပည့်နှစ်ယောက် ဝတ်ရုံနက်ကြီးများကိုဝတ်ဆင်၍ ရွာထိပ်သို့ထွက်ကာ အော်ဟစ်နေတတ်လေသည်။
ဦးမြခင်ကိုရွာသားများက မစနောက်ရဲကြသော်လည်း သာဒိုးကိုတော့ စနောက်လေ့ရှိကြသည်။ တစ်ရက်တွင် သာဒိုးမှာ ဝတ်ရုံနက်ကြီးကိုဝတ်ဆင်ကာ ရွာလမ်းအတိုင်းလှမ်းလျှောက်လာသည်။ သာဒိုးအဖြစ်ကိုတွေ့သည့်အခါ အများစုက ရယ်ကျဲကျဲလုပ်ကြသည်။ သာဒိုးမှာ ဦးမြခင်နှင့်ပေါင်းကာ ရူးပေါပေါဖြစ်သွားသည်ဟုထင်မြင်ကြသည်။ ကာလသားများမှာတော့ သာဒိုးကို စနောက်လှောင်ပြောင်ကြလေသည်။
“ဟေ့ သာဒိုး၊ မင်းကွာ ဝတ်ရုံကြီးတကားကားနဲ့ မင်းကိုခွေးလိုက်ဆွဲမှာ မကြောက်ဘူးလားကွ”
“ဟုတ်ပါ့ကွာ၊ မင်းအောက်လမ်းသွားသင်တာ ဝတ်ရုံလွှင့်တဲ့ပညာတော့ တတ်လာတယ်ထင်တယ်ကွ”
သာဒိုးမှာ ကာလသားများကိုကြည့်ရင်း တောက်တစ်ချက်ခေါက်လိုက်သည်။
“မင်းတို့ကောင်တွေ ငါ့အကြောင်းသိကြတာပေါ့ကွာ”
သာဒိုးမှာ ကောက်ရိုးမျှင်ကလေးများကို ကောက်ယူလိုက်ကာ ကာလသားများအရှေ့သို့ပစ်ချလိုက်သည်။ ထိုကောက်ရိုးမျှင်ကလေးများမှာ မြွေများအဖြစ်သို့ချက်ချင်းပြောင်းလဲသွားကာ ကာလသားများအနောက်သို့ပြေးလိုက်လေရာ ကာလသားများမှာ ကစဉ့်ကလျားနှင့်ထွက်ပြေးကြရတော့သည်။ သာဒိုးမှာကာလသားများကိုကြည့်ကာ တဟားဟားနှင့် အူလှိုက်သည်းလှိုက်ရယ်မောနေလေတော့သည်။ ထိုနောက်ပိုင်းမှစ၍ သာဒိုးကိုလူအများက အထင်မသေးရဲတော့ပေ။
သုံးဆယ်အပိုင် မြစိမ်းတောင်ညိုဘုရားပွဲမှာ အလွန်စည်ကားလှပေသည်။ သာယာဝတီနယ်မှလူများပင် လှည်းတန်းကြီးများဝိုင်းဖွဲ့ကာသွားရောက်ကြသည်။ ထိုအထဲတွင် သာဒိုးလည်းပါဝင်သည်။ သာဒိုးမှာ ကာလသားများနှင့် ပွဲဈေးသို့အတူတူလိုက်လာခဲ့ကြသည်။
ပွဲခင်းထဲတွင် ကြည့်ချင်ပွဲများကလည်း စုံလင်လှပြန်သည်။ ဇာတ်အဖွဲ့များသာမက၊ ဆပ်ကပ်ပြပွဲ၊ မြွေပြပွဲများ အပြင် မျက်လှည့်ပြပွဲများလည်း ပါဝင်တတ်သည်။ ယခုနှစ်တွင် ပဲခူးတစ်ခွင်တွင် နာမည်ကြီးသည့် မျက်လှည့်ဆရာမ စောနန်းကြည်၏ မျက်လှည့်ပြပွဲမှာလည်း ပါဝင်ပြသသည်။ ပြဇာတ်ခုံကြီးတည်ဆောက်သလိုပင် စောနန်းကြည်၏ မျက်လှည့်ရုံကြီးမှာလည်း ကြီးမားလှပေသည်။ ထရံဝါးကပ်များနှင့် မိုးလုံလေလုံဆောက်လုပ်ထားသည့် ပွဲရုံဖြစ်သည်။ ရုံကြီး၏ အရှေ့တွင်လည်း စောနန်းကြည်၏ ထူးဆန်းသည့်ပြကွက်ဆန်းများကို ဓါတ်ပုံများ၊ ပန်းချီပုံများရေးဆွဲကာ ပြသထားသည်။
လူစင်စစ်ကို ခေါင်းဖြတ်ပြသည့်ပြကွက်များ၊ အရိုးခြောက်ကြီးကိုအသက်သွင်းသည့် ပြကွက်များကို ရေးဆွဲပြသထားသဖြင့် သာဒိုးတစ်ယောက်အလွန်စိတ်ဝင်စားနေမိသည်။
“ဟေ့ကောင်သာဒိုး၊ ဟိုမှာ ဇာတ်ပွဲစတော့မယ်ကွ မြန်မြန်လာ”
“ငါဇာတ်မကြည့်ချင်ဘူးကွာ၊ တို့တွေ မျက်လှည့်ပွဲဝင်ကြည့်ရအောင်”
“ငါတို့က မျက်လှည့်မကြည့်ချင်ဘူးကွ၊ ဇာတ်ပဲကြည့်ချင်တာ”
“ဒါဆိုရင်လည်း မင်းတို့သွားနှင့်ကွာ၊ မျက်လှည့်ပွဲက သိပ်မကြာဘူးဆိုတော့ ငါဒီဟာကြည့်ပြီးရင် ပွဲခင်းထဲကိုကူးလာခဲ့မယ်”
သာဒိုးမှာ သူငယ်ချင်းများကိုလွှတ်လိုက်ကာ ရုံဝင်ကြေးပေး၍ မျက်လှည့်ပွဲကိုဝင်ကြည့်သည်။ သာဒိုးရောက်သည့်အချိန်တွင် ရုံအတွင်းတွင် လူပြည့်နေပြီဖြစ်သည်၊ မျက်လှည့်ဆရာမ စောနန်းကြည်က မျက်လှည့်ပြကွက်များကို စတင်ပြသနေပြီဖြစ်သည်။ စောနန်းကြည်မှာ အသားဖြူဖြူဖွေးဖွေး ကိုယ်လုံးကိုယ်ပေါက်လှလှနှင့်ဖြစ်သည်။
ဦးထုပ်အတွင်းမှ ယုန်ကလေးများ၊ ခိုငှက်ကလေးများကိုထုတ်ပြခြင်း၊ စက္ကူစကလေးများကို ဝါးစားလိုက်ပြီး ပြန်လည်ထွေးထုတ်လိုက်သည့်အခါ ပန်းပွင့်ကလေးများဖြစ်နေခြင်း အစရှိသည့်ပြကွက်များကို ပြသလေရာ ပရိသတ်က တခဲနက်အားပေးကြသည်။ သာဒိုးမှာလည်း မျက်လှည့်ပြကွက်များကိုကြည့်ကာ ကျေနပ်နေမိသည်။
ပြကွက်ကလေးများကို အတော်အတန်ပြသပြီးသည့်အခါ ပြကွက်တစ်ခုကိုပြသရန်ပြင်ဆင်ကြသည်။ ထိုပြကွက်မှာတော့ အရိုးခြောက်ကိုအသက်သွင်းသည့် ပြကွက်ဖြစ်သည်။ မျက်လှည့်အဖွဲ့သားများမှာ သေတ္တာကြီးတစ်လုံးကို ဆွဲယူလာကြသည်။ ထိုသေတ္တာကြီးကိုဖွင့်လိုက်သည့်အခါ အတွင်းတွင် အရိုးစုကြီးတစ်ခုမှာ ပုံလျှက်သားလဲကျနေသည်။ စောနန်းကြည်က အရိုးစုကိုလက်ညှိုးထိုးပြပြီးတော့
“ဟောဒီ အရိုးစုက နှယ်နှယ်ရရအရိုးစုမဟုတ်ဘူးရှင့်၊ လူတွေအများကြီးသတ်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အရိုးစုပဲ၊ ဒီအရိုးစုထဲမှာ လူမိုက်ကြီးရဲ့ ဝိညာဉ်ကစွဲကပ်နေတယ်၊ ဟောဒီအရိုးစုကို အသက်သွင်းပြပါ့မယ်”
စောနန်းကြည်မှာ အရိုးစုကို အောက်လမ်းပညာဖြင့်စီရင်ထားခြင်းဖြစ်သည်။ မျက်လှည့်သမားတို့၏ ထုံးစံအတိုင်း ဟန်ပန်အမူအရာများပြုလုပ်ကာ အရိုးစုကြီးကိုအသက်သွင်းလိုက်သည်။
“ကဲ အရိုးစုရေ ထလိုက်စမ်း၊ မင်းအသက်ဝင်လိုက်စမ်း”
စောနန်းကြည်မှာ အသံကုန်ဟစ်၍ အမိန့်ပေးလိုက်သည်။ သို့သော် အရိုးစုမှာ ထမလာပေ၊ ပရိသတ်များရှေ့မှောက်တွင်မို့ စောနန်းကြည်မှာမျက်နှာတစ်ချက်ပျက်သွားသည်။
“အောင်မာ၊ ဒီမိန်းမက သူ့ရဲ့မတတ်တခေါက်ပညာနဲ့များ လူတွေကိုလှည့်စားချင်သေးတယ်၊ ဟေ့ကောင် မင်းကိုငါဖမ်းတယ် လာခဲ့စမ်း”
သာဒိုးက အရိုးစုကိုကြည့်ကာ လက်ဖြင့်ဖမ်းဆုပ်သည့်ဟန်ပြုလိုက်သည်။ ထိုအခါ စောနန်းကြည်မွေးထားသည့် သရဲမှာ သာဒိုး၏ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။
စောနန်းကြည်မှာ အတွေ့အကြုံများသူပီပီ ရယ်ကျဲကျဲလုပ်လိုက်ကာ
“အရိုးစုက လူတွေများလို့ ရှက်နေပုံရတယ်”
ပရိသတ်များက တဝေါဝေါနှင့်ရယ်မောကြသည်။ စောနန်းကြည်မှာ အရိုးစုကို နောက်တစ်ကြိမ်အသက်သွင်းသည်။ အရိုးစုမှာ မထပေ၊ လေးငါးကြိမ်ခန့်အသက်သွင်းသည့်တိုင် အရိုးစုမှာ ငြိမ်သက်နေသဖြင့် စောနန်းကြည်မှာ ပျာယာခတ်နေပြီဖြစ်သည်။ ထို့နောက် ပရိသတ်များဘက်သို့လှည့်လိုက်ကာ
“ပရိသတ်တွေအထဲမှာ ပညာတတ်တဲ့ ပညာသည်တွေများပါခဲ့ရင် ကျွန်မတို့ကို မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံပါရစေ”
စောနန်းကြည်တောင်းပန်သဖြင့် သာဒိုးက သူဖမ်းထားသည့် သရဲကို လွတ်ပေးလိုက်သည်။ ထိုအခါမှ အရိုးစုမှာ အသက်သွင်း၍ ရတော့သည်။ သေတ္တာအတွင်း ခွေနေသည့် အရိုးစုကြီးမှာ သေတ္တာအတွင်းမှ တဖြည်းဖြည်းကုန်းထလာလေသည်။ အသက်ဝင်နေသည့်အရိုးစုကြီးမှာ လမ်းလျှောက်လာကာ စောနန်းကြည်နံဘေးတွင်ဝင်ရပ်သည်။ စောနန်းကြည်မှာ ကြိမ်ကွင်းများဖြင့် အရိုးစုကြီး၏ ကိုယ်ပတ်ပတ်လည်ကို ပွတ်တိုက်ပြကာ ကြိုးဆွဲယူထားခြင်းမရှိကြောင်း ရှင်းလင်းပြသနေသည်။
စောနန်းကြည်မှာ လူမိုက်ကြီး၏ အရိုးစုဟုဆိုကာ သိုင်းကစားပြရန်စေခိုင်းသည်။ သို့သော် သာဒိုးက အရိုးစုကို ကခုန်ရန်အမိန့်ပေးလိုက်သဖြင့် အရိုးစုမှာ ကွေးနေအောင် ကပြလေသည်။ စင်စစ်အားဖြင့် သာဒိုး၏အောက်လမ်းပညာရပ်မှာ စောနန်းကြည်၏ ပညာရပ်ထက်ပိုမိုမြင့်မားသဖြင့် စောနန်းကြည်က သူမွေးထားသည့်သရဲကို မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
သာဒိုးမှာ စောနန်းကြည်၏ ပြကွက်များကို အမျိုးမျိုးအနှောင့်အယှက်ပြုသည်။ စောနန်းကြည်မှာ နောက်ဆုံးမဟန်လှတော့သဖြင့် ပြကွက်များကို အဖြစ်သာပြလိုက်ရပြီး အချိန်မစေ့ဘဲနှင့် မျက်လှည့်ပွဲကိုရပ်နားလိုက်တော့သည်။
ရုံအတွင်းမှ ပွဲကြည့်ပရိသတ်များမှာ စောနန်းကြည်ကိုပြောဆိုဝေဖန်ကာ ထွက်ခွာနေကြသည်။ သာဒိုးလည်းရုံအပြင်သို့ထွက်လာခဲ့လိုက်သည်။ ထိုအခါ စောနန်းကြည်က သာဒိုး၏အရှေ့တွင်ပိတ်ရပ်လိုက်သည်။
“ငါ့ကိုနှောင့်ယှက်တာ နင်မဟုတ်လား”
“အောင်မယ် ခင်ဗျားက ကျုပ်လုပ်မှန်းတော့သိတယ်ပေါ့ဟုတ်လား”
“ပညာသည်အချင်းချင်းတွေပဲ၊ နင်လုပ်နေမှန်းငါသိပြီးသားပါ၊ ဒါပေမယ့်လူပုံအလယ်မှာ ပွဲမကြမ်းချင်လို့နင့်ကိုငါတောင်းပန်ခဲ့တယ်၊ ဒါတောင်နင်က ဘာဖြစ်လို့ ကဖျက်ယဖျက်လုပ်ရတာလဲ”
“ဘာဖြစ်လဲဗျာ၊ ကျုပ်ပျော်လို့ကျုပ်လုပ်တာ ဘာဖြစ်လဲ”
“နင်ပျော်တယ်ဆိုပေမယ့် ငါတို့ထမင်းအိုးကွဲပြီဟဲ့၊ ကျန်တဲ့ညတွေ ငါတို့ဘယ်လိုဆက်ပြရတော့မလဲဟဲ့”
“ဒါက ခင်ဗျားတို့ကိစ္စလေဗျာ၊ ကျုပ်နဲ့မှမဆိုင်တာ”
သာဒိုးကထွက်သွားရန်ပြင်ဆင်လိုက်သည်။ ထိုအခါ စောနန်းကြည်က သာဒိုး၏လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်ရင်း
“ငါတို့ထမင်းအိုးကိုခွဲတဲ့ကောင်၊ နင့်ကိုငါ အလွတ်မပေးဘူးဟဲ့”
စောနန်းကြည်က ပြောပြောဆိုဆိုနှင့် အင်းတစ်ကွက်ကို သားဒိုး၏ရင်ဘတ်တွင် ဘတ်ခနဲကပ်ထည့်လိုက်လေသည်။ သာဒိုးမှာ အင်းကွက်ထိမှန်သည့်အခါ ရင်ဘတ်ကိုမီးစနှင့်အထိုးခံရသည့်နှယ် အလွန်နာကျင်စွာခံစားရပြီး ပွဲခင်းအတွင်းအရူးကြီးတစ်ယောက်ကဲ့သို့ ပြေးလွှားနေလေတော့သည်။ ပွဲခင်းအတွင်းမှလူများ၊ ဆိုင်များကို ဝင်တိုက်ကာ ရွာဆီသို့ပြန်ပြေးရလေတော့သည်။
ခြေလျင်ပြေးခဲ့ရသဖြင့် နောက်တစ်နေ့မနက်လင်းအားကြီးသည့်အချိန်မှ ရွာသို့ပြန်ရောက်လာခဲ့သည်။ ဆရာဖြစ်သူဦးမြခင်၏ အိမ်သို့တန်းတန်းမတ်မတ်ရောက်သွားသည်။ အမောတကောနှင့်ပြေးလာသည့် သာဒိုးကိုကြည့်ကာ ဦးမြခင်မှာထူးဆန်းနေမိသည်။
“ဟေ့ကောင်သာဒိုး၊ ဘယ်လိုဖြစ်လာတာလဲကွ၊ မင်းကို ဘယ်သူက သမလိုက်ပြန်ပြီလဲ”
သာဒိုးမှာ ဘာမှမပြောနိုင်သေးဘဲ ရင်ဘတ်ကိုဖွင့်ပြလိုက်သည်။ အင်းကပ်ခံထားရသည့်နေရာတွင် မီးလောင်ဒဏ်ရာကဲ့သို့ ဒဏ်ရာကြီးတစ်ခုဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ဦးမြခင်က ထိုဒဏ်ရာကိုလက်နှင့်တို့ကြည့်လိုက်ရုံနှင့် အခြားအောက်လမ်းဆရာတစ်ဦး၏ လက်ချက်ဖြစ်မှန်းသိလိုက်ရသည်။
“မင်းကိုဘယ်သူလုပ်လိုက်တာလဲ သာဒိုး”
“မြစိမ်းတောင်ညိုဘုရားပွဲမှာ မျက်လှည့်ဆရာမ စောနန်းကြည်ရဲ့ပြကွက်ကို ကျုပ်နောက်ပြောင်မိပါတယ်ဆရာကြီး၊ အဲဒါစောနန်းကြည်က ကျုပ်ရင်ဘတ်ကို အင်းနဲ့ကပ်ထည့်လိုက်တာပါ”
“တောက်၊ ဒီဟာမတော့ သေချင်နေပြီနဲ့တူတယ်၊ ငါနဲ့တွေ့ကြသေးတာပေါ့ကွာ၊ ဟေ့ကောင်သာဒိုး၊ မင်းအခုချက်ချင်းငါနဲ့လိုက်ခဲ့”
“ဆရာကြီးက ဘယ်သွားမလို့လဲဗျ”
“မြစိမ်းတောင်ညိုကိုသွားပြီး မင်းကိုလုပ်ထည့်လိုက်တဲ့ အဲဒီစောနန်းကြည်ဆိုတဲ့ ကောင်မကို သွားသတ်မလို့ပေါ့ကွ”
“ဆရာကြီးရယ်၊ ကျုပ်တော်တော်မောနေပါပြီ၊ ခဏတော့ အမောဖြေပါရစေအုံး”
“လာစမ်းပါကွာ မင်းကလည်း”
ဦးမြခင်မှာ အရှေ့မှ မြန်မြန်ဆန်ဆန်ပင်ထွက်ခွာသွားသည်။ သွားရင်းနှင့်တောအုပ်ကလေးတစ်ခုအတွင်းသို့ရောက်သည့်အခါ ဦးမြခင်က မီးသွေးတုံးကဲ့သို့မည်းနက်နေသည့် အတုံးကလေးနှစ်တုံးကို မြေပေါ်သို့ပစ်ချလိုက်သည်။ မြေပေါ်သို့ရောက်သည်နှင့် ထိုအတုံးကလေးနှစ်တုံးမှာ မီးခိုးလုံးများအဖြစ်ပြောင်းလဲသွားပြီး မီးခိုးများအကြားမှ မည်းနက်နေသည့် သရဲကြီးနှစ်ကောင်ထွက်လာသည်။
“ဟေ့ကောင်တွေ၊ ငါတို့ကို မြစိမ်းတောင်ညိုကို လိုက်ပို့စမ်းကွာ”
ဦးမြခင်ပြောလိုက်သည့်အခါ ထိုသရဲကြီးနှစ်ကောင်မှာ တစ်ဖက်လှည့်ကာ ကျောကုန်းကိုကုန်းပေးသည်။ ဦးမြခင်က သရဲကြီးတစ်ကောင်၏ ကျောပေါ်သို့တက်ကာ ကုန်းပိုးစီးလိုက်သည်။
“ဟေ့ကောင်သာဒိုး၊ မင်းလည်းတက်လေကွာ”
သာဒိုးမှာလည်း သရဲကြီး၏ ကျောကုန်းပေါ်သို့ခုန်တက်လိုက်ကာ သရဲကြီး၏လည်ပင်းကို လက်နှစ်ဖက်ဖြင့်ဖက်ထားလိုက်သည်။ သာဒိုးတို့ဆရာတပည့် တက်ပြီးသည်နှင့် သရဲကြိးနှစ်ကောင်မှာ တစ်ဟုန်ထိုးပြေးလေတော့သည်။ သရဲကြီးများမှာ အလွန်မြန်ဆန်လှသဖြင့် ပြုတ်ကျမသွားစေရန် မနည်းဖက်တွယ်ထားရသည်။ နံဘေးပတ်ဝန်းကျင်ကို ရိပ်ခနဲရိပ်ခနဲသာမြင်ရသည်။ ရိုးပြတ်များထောင်ထနေသည့် လယ်ကွင်းပြင်များ၊ တောအုပ်ခင်တန်းများကို ဖြတ်ကျော်၍ပြေးပြီးသည့်အခါ နောက်ဆုံးပွဲခင်းကြီးဆီသို့ရောက်လာခဲ့သည်။
သာဒိုးမှာ ရွာသို့ရောက်အောင် နေ့တစ်ပိုင်းခန့်လမ်းလျှောက်ရသော်လည်း သရဲစီးပြီးလာသည့်အခါ တစ်နာရီသာသာပင်ကြာမည်ဟုထင်ရသည်။ ညပိုင်းတွင်စည်ကားခဲ့သည့် ပွဲဈေးတန်းကြီးမှာ နံနက်ပိုင်းတွင်တော့ တိတ်ဆိတ်နေလေသည်။ ပွဲကိုက်ကြသည့်ရွာသားများမှာလည်း ပွဲခင်းကြီးနံဘေးတွင် လှည်းဝိုင်းကြီးများခင်းကာ အိပ်စက်နေကြသည်။ ဦးမြခင်က မျက်လှည့်ရုံဆီသို့လျှောက်လာခဲ့သည်။
“ဟဲ့ စောနန်းကြည်ဆိုတဲ့ကောင်မ၊ အပြင်ကိုထွက်ခဲ့”
ဦးမြခင်က မျက်လှည့်ရုံအပြင်ဘက်မှ အော်ဟစ်လိုက်သည်။
“အောင်မယ်၊ ရှင်သတ္တိရှိရင်ဝင်လာခဲ့စမ်းပါ”
ဦးမြခင်က မျက်လှည့်ရုံအတွင်းသို့ဝင်ရန်ကြိုးစားသည်။ စောနန်းကြည်မှာ အောက်လမ်းပညာဖြင့် မျက်လှည့်ရုံအတွင်းသို့ မည်သူမှမဝင်နိုင်ရန်စီရင်ထားလေသည်။ ဦးမြခင်က ထိုအစီအရင်များကိုဖျက်ပြီး မျက်လှည့်ရုံထဲသို့ဝင်လာခဲ့သည်။ စောနန်းကြည်မှာ မျက်လှည့်ရုံအလယ်တွင် ခါးထောက်ကာမတ်တပ်ရပ်နေသည်။ သာဒိုးကိုကြည့်ပြီး
“သြော်၊ ရှင်က ရှင့်ဆရာကိုခေါ်လာတယ်ပေါ့”
“အပိုတွေပြောမနေနဲ့ကောင်မ၊ နင်ငါ့တပည့်ကို ထိုင်ရှိခိုးပြီးတောင်းပန်စမ်း မဟုတ်ရင်တော့ နင် အရှင်လတ်လတ်ဖင်ပုပ်ပြီးသေရမယ်”
“အောင်မာ၊ ရှင့်တပည့်က ကျုပ်မျက်လှည့်ပြတဲ့ပွဲကို ပျက်အောင်အရင်လုပ်တာမဟုတ်လား၊ နောက်ဆိုရင် သူများကိစ္စမှာ ဝင်မရှုပ်ဖို့ ရှင့်တပည့်ကို သင်ပေးထားစမ်းပါ”
ဦးမြခင်နှင့် စောနန်းကြည်တို့မှာ အောက်လမ်းပညာများနှင့် တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ကြသည်။ ထိုသို့တိုက်ခိုက်ကြရင်း သုံးချီခန့်အရောက်တွင် စောနန်းကြည်မှာ ဦးမြခင်ကိုမနိုင်မှန်းသိသွားသည်။
“ဟဲ့ကောင်မ၊ နင်ငါ့တပည့်ကို အခုတောင်းပန်မယ်ဆိုရင်မီသေးတယ်နော်”
စောနန်းကြည်က ခါးထောက်ရင်း
“ဝေးသေး၊ ဝေးသေး ရှင့်တပည့်ကို ကျုပ်သေရင်တောင် မတောင်းပန်နိုင်ဘူး”
စောနန်းကြည်မှာ ပြောဆိုပြီး မျက်လှည့်ရုံအနောက်ပေါက်မှထွက်ပြေးသွားလေတော့သည်။ ဦးမြခင်နှင့် သာဒိုးတို့မှာ မျက်လှည့်ရုံအနောက်ဘက်သို့ရောက်သည့်အခါ စောနန်းကြည်က စက်ဘီးတစ်စီးကိုနင်းလျှက် ခပ်ဝေးဝေးသို့ရောက်သွားပြီဖြစ်သည်။ သာဒိုးမှာ ပြေးလိုက်ရန်ပြင်နေသဖြင့် ဦးမြခင်က
“လိုက်မနေပါနဲ့တော့ သာဒိုးရာ၊ တို့တွေပြန်ကြစို့ကွ”
“ဆရာကြီး ဟိုမိန်းမပြေးပြီမဟုတ်လားဗျ”
“ပြေးစမ်းပါစေကွာ၊ မိုးဆုံးမြေဆုံးအောင်ပြေးစမ်းပါစေ၊ ဒီကောင်မ ငါ့လက်ကမလွတ်ပါဘူးကွ”
“ဒါနဲ့ပြန်တော့မှာလားဆရာကြီး”
“ပြန်တော့မပြန်ဘူးကွ၊ ရောက်တုန်းရောက်ခိုက် ပွဲဈေးလည်ကြမယ်ကွာ၊ ပွဲပြီးမှ တို့ရွာကိုပြန်မယ်”
“ဆရာကြီးက ပွဲတော့လည်ချင်တယ်၊ လက်ထဲမှာလည်း ပိုက်ဆံတစ်ပြားမှ မပါဘဲနဲ့ဗျာ”
“သာဒိုးရာ မင်းတော်တော်တုံးတာပဲ၊ ငါ့ဆီမှာ ပညာတွေရှိတယ်ကွ၊ ပညာရွှွှေအိုးလူမခိုးတဲ့၊ ပညာရှိနေသရွေ့ ထမင်းမငတ်ပါဘူးကွာ”
ဦးမြခင်မှာ ပွဲဈေးတန်းကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် ကုက္ကိုပင်ကြီးတစ်ပင်အောက်တွင် တင်ပလ္လင်ခွေချိတ်ကာ အခန့်သားထိုင်နေလေသည်။ သာဒိုးမှာ ဆရာဖြစ်သူနံဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်နေလိုက်သည်။ မကြာခင် စခန်းချထားသည့် လှည်းဝိုင်းကြီးတစ်ခုမှ ရွာသားများက ရုံးစုရုံးစုဖြစ်နေကြသည်။ ဘုရားပွဲဈေးရှိသည့်အချိန်တွင် ဝေးလံခေါင်ဖျားသည့်ရွာများမှ ရွာသားများမှာ လှည်းခြောက်စီး ခုနစ်စီးခန့်တိုက်ကာ ပွဲလာကြည့်ကြသည်။ နေ့ခင်းပိုင်းတွင် အရိပ်ကောင်းသည့်နေရာတွင် လှည်းဝိုင်းကြီးများခင်းကာ အနားယူနေကြခြင်းဖြစ်သည်။ ထိုလူများမှာ အော်ဟစ်ငိုယိုလျှက် ကျီးကန်းတောင်းမှောက်လိုက်ရှာနေကြသည်။
လူတစ်ဦးက အနားသို့ရောက်လာသည့်အခါ ဦးမြခင်က
“ဘာဖြစ်ကြတာလဲကွ ဆူညံဆူညံနဲ့”
“ပွဲလာကြည့်ရင်း လက်ဝတ်လက်စားတွေပျောက်သွားလို့ဗျ”
“ဟေ၊ ပွဲခင်းဆိုတာ လူတွေရှုပ်တယ်ကွ၊ မင်းတို့က သတိထားရမှာပေါ့”
“သတိထားပါတယ်ဗျာ၊ လက်ဝတ်လက်စားတွေကိုထုတ်ဝတ်ပြီး လှည်းပေါ်ပြန်ရောက်တော့ လှည်းပေါ်က သံသေတ္တာထဲထည့်ပြီး သော့ခတ်သိမ်းထားတာပဲဗျာ၊ ဒါကိုမှ ဘယ်လိုပျောက်သွားသလဲမသိဘူး”
ဦးမြခင်က ခေါင်းတညိတ်ညိတ်နှင့်
“အေးပါ၊ ပစ္စည်းပိုင်ရှင်ကိုပြောလိုက်၊ ပစ္စည်းတွေပြန်လိုချင်ရင် ငါ့ဆီကိုလာခဲ့လို့ ဟုတ်ပြီလား”
ထိုလူမှာလှည်းဝိုင်းအနီးသို့ ပြန်လည်ရောက်ရှိသွားသည်။ မကြာခင် အဘွားကြီးတစ်ယောက်နှင့် မိန်းမငယ်ကလေးများမှာ ငိုယိုအော်ဟစ်ကာ ဦးမြခင်အနီးသို့ရောက်လာကြသည်။
“ဘာဖြစ်လို့ ငိုနေကြတာလဲ”
“အိမ်ကလူကြီးသာ လက်ဝတ်လက်စားတွေပျောက်သွားတာသိရင် ကျုပ်တို့လင်မယားတော့ကွဲမှာ”
မိန်းမကြီးက ပြောရင်း
“ညည်းတို့ကလည်း သေသေချာချာဂရုစိုက်ဝတ်တာမဟုတ်ဘူး”
“အို အရီးကလည်း လက်ဝတ်လက်စားတွေက ထုတ်ဝတ်ရင်းပျောက်တာမှမဟုတ်တာ သေတ္တာထဲထည့်ထားရင်းပျောက်သွားတာပဲကို”
“အေးပါဟယ်၊ ဒါနဲ့ ဆရာကြီးက ပစ္စည်းတွေပြန်လိုချင်ရင် လာခဲ့ပါလို့ပြောတယ်ဆို”
“ဟုတ်တယ်၊ ကျုပ်နာမည်မြခင်၊ အောက်လမ်းဆရာကြီးမြခင်ဆိုတာကျုပ်ပဲ၊ ပစ္စည်းပျောက်တာလောက်ကတော့ ကျုပ်က ပျင်းတယ်၊ လူတွေ နွားတွေပျောက်ရင်တောင် ပြန်ရောက်အောင်ခေါ်ပေးနိုင်တယ်ဗျ”
“ဒါဖြင့်ရင် ကျွန်မတို့ပစ္စည်းကလေး ပြန်ရအောင်လုပ်ပေးပါလား ဆရာကြီးရယ်”
“လုပ်တာက လုပ်ပေးလို့ရပါတယ်၊ ဒါပေမယ့် ငါ့မှာလည်းသတ်မှတ်ကြေးရှိတယ်၊ နင့်ပစ္စည်းပြန်လိုချင်တယ်ဆိုရင် ပစ္စည်းပြန်တွေ့တဲ့အခါ ငါ့ကိုသုံးပုံတစ်ပုံပေးရမယ်”
“ဟင် . . . သုံးပုံတစ်ပုံတောင် ပေးရမှာလား”
“မပေးချင်လည်းရပါတယ်၊ ကိုယ့်ဖာသာကိုယ် သွားရှာကြတော့၊ မတွေ့ရင်လည်း နင့်လင်ကြီးထုတာထောင်းတာ ခံလိုက်ပေါ့ဟာ”
ဦးမြခင်ပြောလိုက်မှ အဘွားကြီး တောင်းတောင်းပန်ပန်နဲ့
“ပေးပါ့မယ်ဆရာကြီးရယ်၊ တွေ့အောင်သာရှာပေးပါ”
ဦးမြခင်က အဘွားကြီးကိုကြည့်ရင်း
“နင်ချုံထားတဲ့သဘက်ကလေး ငါ့ကိုပေးစမ်းဟာ”
ဦးမြခင်မှာ ဘယ်ဘက်လက်ဝါးကိုဖြန့်လိုက်ပြီး အဘွားကြီးပေးသည့် သဘက်ကလေးကို လက်ဝါးအပေါ်တွင်ဖြန့်အုပ်ထားလိုက်လေသည်။ ထို့နောက် ညာဘက်လက်ဖြင့် မန်းမှုတ်နေဟန်လုပ်သည်။ လေထုအတွင်းမှ တစ်စုံတစ်ခုကိုဆွဲယူကာ ဘယ်ဘက်လက်ဆီသို့ ပစ်ထည့်သည့်ဟန်ပန်များပြုလုပ်ပြန်သည်။ ထို့နောက် ထိုသဘက်ကို ဆွဲယူလိုက်သည့်အခါ ဘယ်ဖက်လက်ဖဝါးအပေါ်တွင် ရေထည်များရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
“ဟိုအဘွားကြီး၊ နင့်ပစ္စည်းတွေဟုတ်မဟုတ် စုံမစုံစစ်ကြည့်စမ်း”
အဘွားကြီးက စစ်ဆေးကြည့်ရင်း
“ဟုတ်ပါတယ်၊ မှန်ပါတယ် ပြည့်စုံပါတယ်ဆရာကြီးရယ်”
“ကဲ ဒါဖြင့် ကတိအတိုင်းကျုပ်ကို သုံးပုံတစ်ပုံပေးတော့”
အဘွားကြီးမှာ အောင့်သက်သက်ဖြစ်သွားလေသည်။
“သုံးပုံတစ်ပုံတော့ မလုပ်ပါနဲ့ဆရာကြီးရယ်၊ ဆရာကြီးကို ထိုက်ထိုက်တန်တန်ကန်တော့ပါ့မယ်”
“မလိုချင်ဘူးဟာ နင်တို့အခုတစ်မျိုးတော်ကြာတစ်မျိုးမလုပ်နဲ့၊ ငါငွေမလိုချင်ဘူး၊ ရွှွှေပဲလိုချင်တယ်”
အဘွားကြီးကလည်း တင်းခံနေလေသည်။
“ကတိမတည်ရင် နင်တို့ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်ကြစမ်း”
ဦးမြခင်မှာ ကုက္ကိုပင်ကြီးနှင့် မလှမ်းမကမ်းတွင် ချည်နှောင်ထားသည့် နွားအုပ်အတွင်မှ နွားကြီးတစ်ကောင်ကို လက်ညှိုးထိုးလိုက်သည်။ ထိုအခါ နွားကြီးမှာ နှာတရှုံ့ရှုံ့မှုတ်ရင်း အမောဆို့ကာ လဲကျသွားသည်။ မြေကြီးပေါ်တွင် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရင်း မျက်စိရှေ့မှာပင် သေဆုံးသွားတော့သည်။
“မှတ်ပလား၊ ကတိဖောက်ရင် နင်တို့ကိုငါက သတ်ပစ်မှာဟဲ့”
အသက်သေမည်စိုးရိမ်သဖြင့် အဘွားကြီးမှာ ရွှေထည်များကို သုံးပုံတစ်ပုံအတိအကျပေးလိုက်ရသည်။ ဦးမြခင်မှာ ရွှေထည်များရပြီးသည့်အခါ ပွဲခင်းအတွင်းသို့ထွက်ခွာသွားသည်။ သာဒိုးက အနောက်မှပြေးလိုက်ရင်း
“ပိုင်လိုက်တာဆရာကြီးရာ၊ ဆရာကြီးဘယ်လိုများ ရှာလိုက်တာလဲဟင်”
“ကိုယ့်ဖာကိုယ်ဖွက်ပြီး ကိုယ့်ဖာကိုယ်ရှာတာလေကွ”
“ဗျာ၊ ဘာလိုပြောလိုက်တာလဲဆရာကြီးရာ”
“ငါ့တပည့်တစ်ယောက်ကိုလွှတ်ပြီးရွှေတွေသွားခိုးခိုင်းရတာပေါ့ကွာ၊ ငါပြန်ရှာပေးတဲ့အချိန်မှာ ငါ့လက်ဝါးထဲလာထည့်ပေးတာလည်းသူပဲကွ”
“ဒါဆိုအလကားနေရင်း ရွှေတွေသုံးပုံတစ်ပုံရသွားတာပေါ့နော်ဆရာကြီး”
“အဲဒါ သူ့တုတ်နဲ့သူ့ကိုယ်ပြန်ရိုက်တယ်လို့ခေါ်တယ်ကွ၊ လာကွာ ဗိုက်ဆာတယ်၊ ပွဲဈေးတန်းထဲက ထမင်းဆိုင်မှာသွားစားကြမယ်”
စောနန်းကြည်မှာ ပွဲခင်းသို့မပြန်ဘဲ သုံးဆယ်မြို့တွင်နေထိုင်သည်။ ထိုညနေတွင် စောနန်းကြည်၏ တင်ပါးတွင် သွေးစုနာကဲ့သို့ အနာကလေးတစ်ခုပေါက်လာသည်။ ထိုအနာကလေးမှာတဖြည်းဖြည်းကြီးမားလာပြီး တစ်ညလွန်သောအခါ လက်သီးဆုပ်ခန့်အနာကြီးဖြစ်သွားသည်။ စအိုဝတစ်ခုလုံးကို အနာကြီးကဖုံးအုပ်ကာ ပြည်စိမ်းစိမ်းကြီးများနှင့် ပြည့်ဖောင်းကားနေသည်။
သုံးရက်ခန့်ကြာသည့်အခါ အနာကြီးမှာ ပြည်ပေါက်သွားသည်။ စအိုဝနှင့် တင်ပါးမှအသားများကို ပြည်လှိုက်စားထားသဖြင့် ပန်းကန်ပြားဝိုင်းခန့် ဟောက်ပက်ကြီးဖြစ်နေသည်။ ဦးမြခင်ပြောထားသည့်အတိုင်း ခုနစ်ရက်ပြည့်သည့်အခါ စောနန်းကြည်မှာ ဖင်ကြီးတစ်ခုလုံး ပုပ်အက်လျှက် ထိုဝေဒနာဖြင့်ပင် သေဆုံးသွားလေတော့သည်။
ဦးမြခင်အိမ်မှ ကြွက်လျှောက်တန်းတစ်ခုအပေါ်တွင် ငှက်ပျောဖူးပုလင်းကြီးတစ်လုံးရှိသည်၊ ထိုငှက်ပျောဖူးပုလင်းကြီးထဲတွင် ငရုတ်ကောင်းစေ့အရွယ်ခန့် မည်းမည်းနက်နက်အစေ့ကလေးများမှာ ပုလင်းပြည့်လုပြည့်ခင်နီးပါးရှိနေသည်။ ဦးမြခင်မှာ ထိုပုလင်းကြီး၏ အဖုံးကိုဖွင့်လိုက်ပြီး အနက်ရောင်အစေ့ကလေး တစ်စေ့ကို ပုလင်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ သာဒိုးမှာ ထိုအဖြစ်ကိုမြင်သဖြင့်
“ဆရာကြီး၊ အဲဒါ ဘာလုပ်တာလဲဗျာ”
“စောနန်းကြည်သေပြီတဲ့ကွ၊ ငါသူ့ကို ဖင်ပုပ်သေအောင်လုပ်ထည့်လိုက်တာ”
“ဒါနဲ့ ဒီအစေ့ကလေးတွေက ဘာလုပ်တာလဲဗျာ”
“ငါ့လက်ချက်နဲ့လူတစ်ယောက်ကိုသတ်ပြီးတိုင်း အမှတ်တရအနေနဲ့ ဒီပုလင်းထဲကိုအစေ့ကလေးတစ်စေ့ ထည့်ပြီးမှတ်ထားတာပဲကွ”
“ဗျာ၊ အစေ့လေးတွေက ပုလင်းကြီးတစ်လုံးတောင်ပြည့်တော့မှာပါလားဗျာ”
“ဒါပေါ့ သာဒိုးရ၊ ငါ့လက်နဲ့လူဘယ်နှယောက်သတ်ခဲ့တယ်ဆိုတာကို ငါမှတ်တောင်မမှတ်မိတော့ဘူးဟေ့”
သာဒိုးမှာ ဦးမြခင်ကိုကြည့်ကာ ကြောက်ရွံ့နေမိသည်။
(ဂ)
တစ်ရက်တွင် ဦးမြခင်အိမ်သို့ လှည်းတစ်စီးရောက်လာလေသည်။ လှည်းပေါ်မှလူများမှာ ဦးမြခင်ကိုအော်ခေါ်ကြသည်၊ ဦးမြခင်မှာ ထုံးစံအတိုင်း ထိုလူများကို အိမ်ရှေ့ ဝါးကွပ်ပျစ်ပေါ်တွင်လက်ခံတွေ့ဆုံသည်။
“ဘာဖြစ်ကြတာတုန်း”
“ကျွန်မတို့က ငါးအိမ်စုရွာက ဦးသက်ပြင်းရဲ့သားသမီးတွေပါ”
“အဲဒါငါနဲ့ဘာဆိုင်လို့လဲ”
“ကျွန်မတို့အဖေ ဦးသက်ပြင်းက တစ်နေ့ကပဲဗြုန်းစားကြီးဆုံးသွားပါတယ်ဆရာကြီး၊ အဖေ့ရဲ့လက်ထဲမှာ ရွှေတွေတော်တော်စုမိထားတယ်ဆိုတာ ကျွန်မတို့သိထားပါတယ်၊၊ ဒါပေမယ့် ကျွန်မတို့မောင်နှမတွေ အခုတစ်အိမ်လုံးကိုနှံ့နေအောင်ရှာပြီးတာတောင်မှ အဲဒီရွှေတွေကိုမတွေ့ပါဘူး”
“ငါသိပြီ၊ နင်တို့က ငါ့ကို အဲဒီရွှေတွေ ရှာခိုင်းချင်တယ်ပေါ့”
“ဟုတ်ပါတယ်ဆရာကြီး”
“ရတယ်လေ၊ ငါရှာပေးမယ်၊ ဒါနဲ့ ရွှေတွေတွေ့ရင် ငါ့ကိုသုံးပုံတစ်ပုံပေးရမယ်၊ ဖြစ်ရဲ့လား”
မောင်နှမများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
“ဖြစ်ပါတယ်ဆရာကြီးရယ် ပေးပါ့မယ်”
“အေး၊ ဒါဆိုငါတစ်ခါတည်းလိုက်ခဲ့မယ်၊ သာဒိုးရေ တို့တွေသွားကြစို့ဟေ့”
ဦးမြခင်နှင့်သာဒိုးမှာ ထိုလူများစီးနင်းလာကြသည့်လှည်းနှင့်ပင်လိုက်ပါသွားကြသည်။ အိမ်တံခါးများကိုပင်မပိတ်ဘဲ ဒီအတိုင်းထလိုက်လာကြသဖြင့် လှည်းပေါ်မှလူများမှာ အံ့သြနေကြသည်။
“ဆရာကြီးတို့က အိမ်ကိုတံခါးတောင်မပိတ်ခဲ့ဘူးနော်၊ သူခိုးသူဝှက်တွေအိမ်ကိုဝင်ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ”
“အိုဟာ၊ သူတို့အသက်ကိုမနှမြောရင် ဝင်ပေါ့ဟ၊ ငါ့ခြံထဲကို ငါမသိဘဲဝင်တာနဲ့ အကုန်သွေးအန်ပြီး မသာပေါ်ကုန်မယ်”
ဦးမြခင်က ရယ်ကျဲကျဲနှင့်ပြောလိုက်သော်လည်း လှည်းပေါ်မှလူများမှာ မရယ်ဝံ့ကြပေ။ မကြာခင် ငါးအိမ်စုရွာအလယ်ရှိ အိမ်တစ်အိမ်သို့ရောက်ရှိလာခဲ့ကြသည်။ အိမ်မှာ အတော်အတန်ကြီးမားကာ သစ်ကောင်းဝါးကောင်းများနှင့်ဆောက်ထားသဖြင့် ချမ်းသာသည့်မိသားစုဖြစ်မှန်း သိနိုင်ပေသည်။ အိမ်ပေါ်သို့ရောက်သည့်အခါ အိမ်ရှေ့ခန်းအတွင် အလောင်းပြင်ထားသည်ကိုတွေ့လိုက်ရသည်။ ဦးသက်ပြင်းဆိုသူမှာ အသက်ခြောက်ဆယ်ခန့်ရှိပြီဖြစ်သည်။
“ဆရာကြီး ပစ္စည်းတွေကို ဘယ်လိုရှာမလဲဗျ”
“အိုကွာ၊ သူမြှုပ်ထားတဲ့ပစ္စည်းဆိုတော့ သူ့ကိုမေးမှရမှာပေါ့ကွ”
“ဗျာ၊ သူက သေပြီလေ၊ လူသေကြီးကို ဘယ်လိုလုပ်ပြီး မေးမှာလဲဗျ”
“ငါ့မှာနည်းရှိပါတယ်ကွ သာဒိုးရ”
ဦးမြခင်က အိမ်ရှင်များဘက်သို့လှည့်လိုက်ပြီး
“ကဲ အိမ်သားတွေ၊ ငါ့ကို အမဲသားသုံးပိဿာရယ်၊ ထမင်းလေးလုံးချက်တစ်အိုးရယ်၊ ငါးပိအစိမ်းတစ်ပိဿာရယ် ပေးပါ”
အိမ်သားများမှာ အားတက်သရောပြုလုပ်ကြသည်။ မကြာမီအချိန်မှာပင် ထမင်းလေးလုံးချက်ဒန်အိုးတစ်လုံးနှင့် အမဲသားအစိမ်းသုံးပိဿာနှင့် ငါးပိအစိမ်းတစ်ပိဿာမှာ အသင့်ဖြစ်သွားသည်။
“အားလုံးစုံပြီဆိုရင် စမယ်ဟေ့”
ဦးမြခင်မှာ ဦးသက်ပြင်း၏ ခေါင်းရင်းသို့သွားလိုက်ကာ ဦးသက်ပြင်း၏နဖူးကို ခြေဖနောင့်နှင့် ခပ်သာသာပေါက်ထည့်လိုက်သည်။ ပါးစပ်မှာလည်း “ဟေ့ကောင်သက်ပြင်း ထစမ်းကွာ” ဟု ခပ်ပြတ်ပြတ်အမိန့်ပေးလိုက်လေသည်။ ထိုအခါ လူသေကောင်ကြီးမှာ မျက်လုံးကြီးနှစ်လုံး ပွင့်ထွက်လာသည်။ ပြီးသည့်အခါ ကုန်းကုန်းကြီးထထိုင်လေသည်။ အိမ်သားများနှင့် ရွာသားများမှာ လူသေကောင်ကြီးအသက်ဝင်လာသဖြင့် ထိတ်လန့်သွားကြသည်။
“အဖေ . . . အဖေအသက်ပြန်ရှင်လာတာလား”
“ဒါနင်တို့အဖေမဟုတ်ဘူး၊ ဒါဖုတ်ကောင်ကြီးဟဲ့”
ဖုတ်ကောင်ကြီးက လှည့်ပတ်ကြည့်ရင်း
“ဗိုက်ဆာတယ် . . . ဗိုက်ဆာတယ်၊ ငါ့ကိုဘာကျွေးမှာလဲ”
ဖုတ်ကောင်ကပြောသည့်အခါ ဦးမြခင်က ထမင်းအိုးနှင့် အမဲသား၊ ငါးပိစိမ်းများကို ခြေထောက်နှင့်ကန်ပေးရင်း
“ရော့ စားစမ်းကွာ၊ အားရပါးရသာ စားပေတော့”
ဖုတ်ကောင်ကြီးမှာ ထမင်းအိုးကြီးထဲသို့ အမဲသားနှင့် ငါးပိစိမ်းများကိုထည့်ကာ နယ်ဖတ်နေလေတော့သည်။ ထို့နောက် နယ်ဖတ်ထားသည့် ထမင်းများကို အားရပါးရစားသောက်လေသည်။ ဦးမြခင်မှာ ဖုတ်ကောင်ကြီးအနီးတွင်ထိုင်ချလိုက်ရင်း
“ဝအောင်သာစား သက်ပြင်းရာ၊ ပြီးတော့ မင်းရွှေတွေမြှုပ်ခဲ့တယ်ဆိုကွ၊ အဲဒါ ဘယ်မှာမြှုပ်ခဲ့တာလဲဆိုတာ ငါတို့ကိုပြောစမ်းပါကွာ”
ဖုတ်ကောင်ကြီးမှာ ထမင်းစားနေရင်း တစ်ချက်တန့်သွားသည်။
“မင်းလည်း အဲဒီရွှွေတွေကို သုံးလို့မရတော့တာပဲကွာ၊ သားသမီးတွေကို ပေးခဲ့မှပေါ့ကွ၊ ပြောစမ်းပါ”
ဖုတ်ကောင်ကြီးမှာ ဝမ်းခေါင်းသံကြီးနှင့်
“နွားတင်းကုပ် ခေါင်တိုင်အောက်မှာ မြှုပ်ထားတယ်”
ဟုပြောသည်။ ထိုအချိန် သားဖြစ်သူမှာ တူရွင်းတစ်ခုယူကာ နွားတင်းကုပ်ခေါင်တိုင်ဆီသို့ပြေးထွက်သွားသည်။ တစ်ထွာခန့်တူးလိုက်သည့်အခါ အောက်တွင်အိုးကလေးတစ်လုံးကိုတွေ့ရသည်။ အိုးအဖုံးကိုဖွင့်ကြည့်ရာတွင် အတွင်းမှ လက်ကိုင်ပုဝါအဝတ်စများနှင့် သေချာထုပ်ပိုးထားသည့် ရွှေတုံးများကိုတွေ့လိုက်ရသည်။
ဖုတ်ကောင်ကြီးမှာ စားသောက်ပြီးသည့်အခါ သူ့အလိုလိုပြန်လှဲချ၍ မျက်လုံးများမှိတ်ကျသွားသည်။ မောင်နှမများမှာ ရွှေတုံးများကို ချင်တွယ်ကြည့်သည့်အခါ သုံးဆယ်သားတိတိရှိနေသည်။ ကတိအတိုင်း ရွှေတစ်ဆယ်သားကို ဦးမြခင်၏ ပညာကြေးအဖြစ်ကန်တော့လိုက်ကြသည်။
ထိုအဖြစ်အပျက်များ ဖြစ်ပွားအပြီး အချိန်သုံးလခန့်ကြာသည့်အချိန်တွင်ဖြစ်သည်။ သာဒိုးမှာ ဦးမြခင်ခိုင်းထားသည့်အတိုင်း ဆေးပင်များကိုကျိုချက်နေသည့်အချိန်တွင် ဦးမြခင်တစ်ယောက် ခြံဝန်းအတွင်းသို့ ဒရောသောပါးနှင့် ပြေးဝင်လာခဲ့သည်။ ဦးမြခင်မှာ အနေအေးသူဖြစ်သဖြင့် ထိုမျှ ပြာယာခတ်နေသည်ကို သာဒိုးမမြင်ဖူးပေ။
“ဆရာကြီး၊ ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ”
“ငါသွားရတော့မယ်၊ ငါသွားရတော့မယ်ကွ”
“ဆရာကြီးက ဘယ်ကိုသွားမှာလဲ”
“သင်္ချိုင်းကုန်းကိုပေါ့ကွာ”
“နေ့ခင်းကြောင်တောင်ကြီး သင်္ချိုင်းကုန်းမှာ ဘာသွားလုပ်မလို့လဲ ဆရာကြီးက”
“မင်း တော်တော်ဒုံးဝေးတဲ့ကောင်ပဲ၊ သင်္ချိုင်းကုန်းသွားပါတယ်ဆိုမှ သေမလို့ပေါ့ကွ”
“ဗျာ . . . တကယ်ပြောနေတာလားဆရာကြီး”
“မင်းကိုငါမနောက်ပါဘူးကွာ၊ ပညာဆိုတာလည်း အတိမ်အနက်ဆိုတာရှိသကွ၊ တစ်ချိန်က ဒီနယ်မှာ ငါအတော်ဆုံးဆိုပြီး လက်မထောင်နိုင်ခဲ့ပေမယ့် အခု ငါ့ထက်တော်တဲ့လူပေါ်လာတော့ ငါခံလိုက်ရပြီကွ”
ဦးမြခင်မှာ စကားပြောရင်း မျက်နှာတစ်ချက်တစ်ချက်မဲ့မဲ့သွားသည်။
“ငါဒီကိုလာတာ မင်းကိုမှာချင်လို့ပဲ သာဒိုးရ၊ ငါမင်းကို ပညာတွေဆက်ပြီး မသင်ပေးနိုင်တော့ဘူးကွာ၊ ပြီးတော့ ဒီခြံထဲမှာ သရဲအကောင်လေးဆယ်ရှိတယ်၊ မင်းကငါ့တပည့်ဆိုတော့ ဒီသရဲတွေကို မင်းကိုငါအမွေပေးခဲ့မယ်၊ ငါမရှိတဲ့အချိန် မင်းသူတို့ကို ကောင်းကောင်းမွန်မွန်ကျွေးမွေးပါကွ”
“ဗျာ၊ အကောင်လေးဆယ်တောင်လား”
“အေး၊ ငါသွားရတော့မယ်၊ နို့မဟုတ်ရင် ငါ့ကိုမြေမြှုပ်ပေးမယ့်လူမရှိဘူးဖြစ်နေမယ်၊ ဒီမယ်သာဒိုး၊ ဟောဒီခြံကြီးနဲ့ အိမ်ကြီးက အခုမင်းပစ္စည်းဖြစ်သွားပြီ မင်းပဲကြည့်စီစဉ်လိုက်ပါကွာ”
“ဆရာကြီးသွားမယ်ဆိုရင် ကျုပ်လည်းလိုက်ခဲ့မယ်လေဗျာ၊ ကျုပ် ဆရာကြီးကို ကောင်းကောင်းသဂြိုဟ်ပေးမှာပါဗျ”
“မလိုက်နဲ့သာဒိုး၊ ငါသေတဲ့နေရာကို ဘယ်သူမှမသိစေချင်ဘူး၊ ငါ့တပည့်ဖြစ်တဲ့ မင်းကိုတောင်မှ မသိစေချင်ဘူးကွာ၊ ဒါကြောင့် ငါ့ဟာငါတိတ်တိတ်ကလေးသွားသေမယ်၊ မင်းလိုက်မလာပါနဲ့”
ဦးမြခင်မှာ ပြောဆိုရင်း ခြေလှမ်းကျဲကြီးနှင့်ပြေးထွက်သွားသည်။ သာဒိုးမှာ ဦးမြခင်ပြောပြနေသည်များကို မယုံကြည်နိုင်ဘဲဖြစ်နေလေသည်။ သို့သော် ထိုနေ့မှစ၍ ဦးမြခင်မှာ အိမ်ပြန်မလာတော့ပေ၊ သာဒိုးတစ်ယောက် သင်္ချိုင်းကုန်းသို့ သွားရှာသော်လည်း မြေပုံမတွေ့၊ မှတ်တိုင်မတွေ့ပေ။
သာဒိုးမှာ ဆရာဖြစ်သူအမွေပေးခဲ့သည့် အိမ်ကလေးမှာပင် ဆက်လက်နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ရင်း သုံးလခန့်ကြာသည့်အခါ ပြဿနာဖြစ်တော့သည်။ ထိုညက သာဒိုးမှာ အိမ်ရှေ့ခန်းတွင်တစ်ယောက်တည်းအိပ်စက်နေသည်။ ထိုစဉ် သာဒိုး၏ ခြေထောက်ကိုလူတစ်ယောက်က ဖမ်းဆွဲလိုက်သဖြင့် သာဒိုးမှာလန့်နိုးသွားသည်။ သာဒိုးကြည့်လိုက်သည့်အခါ အရွယ်စုံ ပုံစံစုံသရဲများက သူ့အနီးတွင်ဝိုင်းထားကြသည်။ ထိုအထဲမှ ပန်းရောင်အဆင်းရှိသည့် သရဲကြီးတစ်ကောင်မှာ အရှေ့သို့တိုးကပ်လာသည်။
“ငါဆာတယ်၊ အရင်ဆရာကြီးက ငါ့ကိုသုံးလတစ်ခါ နွားတစ်ကောင်ကျွေးတယ်၊ အခု မင်းက ငါတို့သခင်ဖြစ်သွားပြီဆိုတော့ မင်းကျွေးရမယ်”
“ဘာကွ၊ နွားတစ်ကောင်ဘယ်လောက်တန်သလဲဆိုတာ မင်းသိလို့လား”
ထိုအခါ ကျန်သည့်သရဲများကလည်း အသားမျိုးစုံတောင်းစားကြသည်။
“မင်း ငါတို့ကိုကျွေးရင်ကျွေး မကျွေးဘူးဆိုရင် မင်းကိုငါတို့သတ်ပစ်မယ်ကွ”
“ဟင်၊ ငါ့ကိုတော့ မသတ်ပါနဲ့ကွာ၊ နွားတစ်ကောင်တော့ မလုပ်ပါနဲ့၊ အမဲသား တစ်ပိဿာလောက်လုပ်ပါကွာ”
“မရဘူး၊ အရင်ဆရာကြီးက ငါတို့ကိုကောင်းကောင်းကျွေးတယ်”
“အေး၊ ဒါကြောင့်လည်း ဆရာကြီးက ရွှေတွေပိုက်ဆံတွေ နင်းကန်ရှာရတာနေမှာကွ၊ ဥစ္စာဖြို စားဖိုကတဲ့၊ မင်းတို့အစားသောင်းကျန်းလို့ ဆရာကြီးက ဆင်းရဲနေတာကွ”
“မင်းကျွေးမှာလား မကျွေးဘူးလား၊ အမဲသားမစားရရင် လူသားစားမယ်၊ မင်းအသားကိုစားမယ်ကွ”
သရဲကြီးများမှာ သာဒိုးကိုဝိုင်းလုံးကြသည်။ သာဒိုးမှာ ပညာနည်းသည်မို့ သရဲကြီးများကိုမတားဆီးနိုင်ပေ၊ သာဒိုးမှာ သရဲများလက်မှ အကြောက်အကန်ရုန်းထွက်ကာ အိမ်အောက်သို့တစ်ချိုးတည်းဆင်းပြေးရသည်။ ထိုအခါ သရဲကြီးများမှာ ခြံပေါက်ဝအထိလိုက်လာကြသည်။
“ဟေ့ကောင်မပြေးနဲ့၊ မင်းအသားကို မစားရမခြင်း ငါတို့မင်းအနောက်ကို လိုက်နေမှာကွ”
သာဒိုးမှာ ရွာတွင်ပင်မနေရဲတော့ဘဲ အခြားရွာတွင်သွားနေရသည်။ သို့သော် နေဝင်ရီတရောအချိန်ဆိုလျှင် သရဲကြီးများလိုက်လာသည်ဟုဆိုကာ ပတ်ပြေးနေတတ်သည်။ နောက်ဆုံးတွင် ရွာဦးကျောင်းဆရာတော်က သာဒိုးကို ကိုရင်ကြီးဝတ်ပေးလိုက်ကာ ကျောင်းတွင်ခေါ်ထားလိုက်သည်။ သရဲကြီးများမှာ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်မရသော်လည်း ဘုန်းကြီးကျောင်းအပြင်တွင်ပတ်ကာ ထွက်လာမည့်အချိန်ကို စောင့်နေသည်ဟု သာဒိုးကဆိုသည်။
သာဒိုးမှာ လူဝတ်နှင့်မနေရဲတော့ဘဲ ရဟန်းခံလိုက်သည်။ တတ်မြောက်ထားသည့် မကောင်းသောပညာရပ်များကိုလည်းစွန့်လွှတ်လိုက်သည်။ သာဒိုးမှာ လူပြန်မထွက်တော့ဘဲ ဦးဇင်းသောဘိတအဖြစ်နှင့် သေတပန်သက်တစ်ဆုံး ဘုန်းကြီးဝတ်ဖြင့် နေထိုင်သွားလေတော့သတည်း။
ပြီးပါပြီ။