(၈၅)အခန်း (၁)
မောင်ဘိုးထင်တယောက် ရေအိုးစင်ရွာဘုန်းကြီးကျောင်းသို့ သူငယ်ချင်းကိုရင်နှစ်ပါးတို့၏အပူကပ်မှုဖြင့် ရောက်ရှိလာပြီဖြစ်သည်။သူသည် ကျောင်းကန်ဘုရားများကို သွားလာခြင်းအလျဥ်းမရှိပေမဲ့ သူငယ်ချင်းအရင်းကြီးများ ဒုက္ခနှင့်ကြုံနေသော ကြောင့် မလွှဲမရှောင်သာ၍ လာခဲ့ရခြင်းဖြစ်သည်။ကျောင်းသို့ နေ့လယ်အချိန်လောက်တွင်ရောက်ပြီး ကျောင်းနေသံဃာများ ဆွမ်းစားပြီးသွားသောအချိန်၌ ကပ္ပိယကြီးမှ မောင်ဘိုးထင်အား ထမင်းစားရန် လာရောက်ခေါ်ဆောင်လေသည်။
“ပေပင်က ကောင်လေး ထမင်းစားမယ် လာခဲ့”
“မစားတော့ဘူး ဘကြီး”
“ဟိတ်ကောင် မင်း ဘာမှလည်း စားရသေးတာမဟုတ်ဘူး လာ လာ “
“မစားတော့ဘူးဗျ “
ထိုသို့အတွင်တွင်ငြင်းဆိုနေသောကြောင့် ကပ္ပိယကြီးလည်းစိတ်မရှည်ဖြစ်ကာ ထပ်မံမခေါ်တော့ပေ။ထိုအချင်းရာကိုမြင်တွေ့နေရသော ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့သည် မောင်ဘိုးထင်အား ပြစ်တင်စကားဆိုပါလေတော့သည်။
“မင်းကတော့ကွာ ကပ္ပိယကြီးကို အားနာစရာ ပြီးတော့ မင်းဗိုက်ထဲကလည်း တကွိကွိနဲ့ အော်နေပြီကို”
“အေး ကိုရင်ပေတူးပြောလည်း ပြောစရာပဲ မင်းက လူမှုရေးကို မရှိဘူး”
ပြစ်တင်အပြောအဆိုခံနေရသော မောင်ဘိုးထင်သည် ကိုရင်နှစ်ပါးကို စူးစိုက်ကြည့်လိုက်ကာ
“ငါက မင်းတို့နှစ်ယောက်ကို ညီအကိုရင်းလိုချစ်လို့ လိုက်လာတာကွ ငါတို့နဲ့ ကျောင်းကဘုန်းကြီးနဲ့က လမ်းချင်းတခြားစီလို့ အဘ ငါ့ကို ပြောဘူးတယ် သူတို့က အထက်လမ်းသွားနေတဲ့သူတွေ ငါတို့က အောက်လမ်းသွားနေတဲ့လူတွေ မတူဘူးကွ အဲ့တော့ သူတို့ကိုပေးကမ်းတဲ့ အစားအသောက်တွေကို မစားဝံ့ပါဘူး “
မောင်ဘိုးထင် ထိုသို့ရှည်လျားစွာဖြင့်ရှင်းပြလိုက်သောအခါမှ ကိုရင်နှစ်ပါးသည် နားလည်သဘောပေါက်သွားပြီး သူတို့၏ သူငယ်ချင်းဖြစ်သူကိုသနားသွားကာ ခုနက သူတို့နှစ်ယောက်ဆိုခဲ့သော အပြစ်တင်စကားအတွက် တောင်းပန်စကားဆိုလိုက်ကြလေသည်။
“ဘိုးထင် ငါ တောင်းပန်ပါတယ်ကွာ သတိမထားပဲပြောလိုက်မိတာ “
“အေး ဟုတ်တယ် ငါလည်း အတူတူပါပဲ မင်းကို အပြစ်ပြောမိသွားတယ်ကွာ မင်းဗိုက်ဆာနေရင် ရွာထဲက ဦးကဲအိမ်မှာပဲ ထမင်းသွားစားကြမလား “
မောင်ဘိုးထင်သည် သူ့အား သနားကြင်နာသောမျက်ဝန်းတို့နှင့်ကြည့်ပြီး တောင်းပန်စကားဆိုနေကြသော သူငယ်ချင်းများတဖြစ်လဲ ကိုရင်နှစ်ပါးကိုကြည့်ကာ များစွာကျေနပ်နေမိသည်။ ဗိုက်ဆာနေသည်ကိုပင် မေ့ချင်သွားသည်။သူတို့စကားပြောနေစဉ် မောင်ဘိုးထင်အကြောင်းသိပ်မသိသေးသော ရွာဦးဆရာ တော်မှာ ကပ္ပိယကြီး၏လျှောက်ထားမှုကြောင့် သူတို့ရှိရာ ကျောင်းဆောင်လေးဆီသို့ ကြွချီလာလေသည်။ဆရာတော်ကြွချီလာသည်ကိုမြင်လိုက်သည်နှင့် မောင်ဘိုးထင်သည် ကျောင်းပြတင်းပေါက်မှနေ၍ ခုန်ချထွက်ပြေးလေရာ မည်သူမှပင် တားဆီးချိန်မရလိုက်ပေ။ထိုအခါ ကြောင်ငေးပြီး ရပ်ကြည့်နေသည့် ကိုရင်နှစ်ပါးအား ဆရာတော်မှ မိန့်ဆိုလာလေသည် ။
“ကိုရင်တို့ အစောက ဒကာလေးက ကိုရင်လေးတို့ရွာကမဟုတ်လား “
“ဟုတ်တယ်ဗျ မဟုတ်ဘူး ဘုရား ဟုတ်ပါတယ် ဘုရား”
“ကိုရင် တပါးတည်းရှုပ်နေတာပါပဲလား”
“ဟုတ်ပါတယ်ဆိုတာ ကျုပ်တို့ အဲ တပည့်တော်တို့ရွာက ဆိုတာ ဟုတ်ပါတယ် ဘုရား မဟုတ်ဘူးဆိုတာက ဘုန်းကြီးကိုဗျလို့ ပြောမိလို့ မဟုတ်ဘူးလို့ပြောတာ”
“ကိုရင်ကတော့ တပါးတည်းနဲ့ ရှုပ်နေပြီ အဲ့ဒီဒကာလေးကိုလိုက်ရှာလိုက်ကြဦး ကပ္ပိယကြီးကို ထမင်းနဲ့ ဟင်း ဒီကို ပို့ခိုင်း လိုက်မယ် ထမင်းစားပြီး နေအေးသွားရင် ကျောင်းရှေ့က မြက်တွေကို နှုတ်ပေးလို့ပြောလိုက်”
“တင် တင်ပါ့ ဘုရား အဲ့တာဆို လိုက်ရှာလိုက်ဦးမယ် ဘုရား”
ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့သည် မောင်ဘိုးထင်အားရှာဖွေရန် ကျောင်းပေါ်မှ ဆင်းသွားကြပါလေတော့သည်။အခန်း (၂)
“ဟေ့ကောင် ဘိုးထင် သရက်ပင်ပေါ်တက်ပြီး ဘာလုပ်နေတာလဲ”
“ခုနက ဘုန်းကြီးလာလို့ ပုန်းနေတာလေကွာ “
“မင်းကို ဘုန်းကြီးက ဘာလုပ်မှာမို့ ပုန်းနေရတာလဲ ဟိုကထမင်းစားဖို့လာခေါ်တာ ဆင်းခဲ့တော့ ကပ္ပိယကြီး ထမင်းလာပို့ ပေးလိမ့်မယ် လာ စား”
“မစားချင်ဘူးကွာ”
“ဟိတ်ကောင် ဘုန်းကြီးက စားခိုင်းတာနော် ကျွေးတုန်း လာစား မင်းမစားလို့ ငါတို့ကို ကြိမ်နဲ့ဆော်နေမှာဖြင့် “
“အဲ့တာဆိုလည်း စားမယ် သူ ပြန်မလာလောက်တော့ပါဘူးနော် “
“ပြန်မလာပါဘူး မင်း ထမင်းစားပြီးရင် အလုပ်လုပ်ရဦးမှာဟ အလကားနေလို့ မရဘူး “
“အေး အေး ငါလည်း အလကားမစားချင်ပါဘူး “
မောင်ဘိုးထင်သည် ကျောင်းဝန်းအပြင်ရှိသရက်ပင်ပေါ်တွင် တက်ရောက်ပုန်းအောင်းနေသည်ကို ကိုရင်နှစ်ပါးမှ မြင်တွေ့သွားကာ ခေါ်လိုက်ခြင်းဖြစ်သည်။ထို့နောက် ကိုရင်နှစ်ပါးသည် မောင်ဘိုးထင်အား ကျောင်းလေးပေါ်သို့ပြန်ခေါ်သွားကြလေသည်။များမကြာသောအချိန်တွင်တော့ ကပွိယကြီးသည် ထမင်းနှင့် ဟင်းပန်းကန်များထည့်လာသော လင်ပန်းတချပ်နှင့်အတူပြန်ရောက်လာပြီး ကျောင်းပေါ်ထိုင်နေသည့် မောင်ဘိုးထင်ရှေ့ချပေးလိုက်ကာ
“ကဲ ဆရာသမားလေး စားပေတော့ ဆရာတော်လည်း ထပ်မလာတော့ဘူး စိတ်ချ ဒီမှာပဲ အေးအေးဆေးဆေးနေ “
“အင်းပါဗျာ ကျုပ်ထမင်းစားပြီးရင် ဒီရှေ့ကမြက်တွေ နှုတ်ပေးပါ့မယ် “
“အေး အေး ကဲ ဒါဆို ငါ သွားဦးမယ် “
ကပ္ပိယကြီးသည် မောင်ဘိုးထင်ကို စတွေ့မြင်ကတည်းကပင် ခင်မင်နေသည်။ထို့ကြောင့် စိတ်ပါလက်ပါနှင့် ထမင်းနှင့် ဟင်းကို လာပို့ပေးခြင်းလည်းဖြစ်သည်။မောင်ဘိုးထင် စားရာသောက်ရာ၌ အနေမခက်စေဖို့ရာ သူသည် ထမင်းနှင့် ဟင်းကိုပို့ပေးပြီး ပြီးချင်းမှာပင် ပြန်ထွက်သွားတော့သည်။ကပ္ပိယကြီးကျောင်းလေးပေါ်မှဆင်းသွားသည်နှင့် မောင်ဘိုးထင်တယောက် ကိုရင်နှစ်ပါးရှေ့မှာပင် ထမင်းနှင့် ဟင်းကိုအားရပါးရလွေးလိုက်လေသည်။ကိုရင်နှစ်ပါးမှာလည်း သူတို့၏သူငယ် ချင်းဖြစ်သူ ယခုကဲ့သို့ အားရပါးရထမင်းစားနေသည်ကိုမြင်ရ သဖြင့် ကျေနပ်ပီတိဖြစ်ကာ ဘေးမှနေ၍ စကားဆိုလိုက်လေသည် ။
“ဘိုးထင်စားတာ အားရချက်ကွာ ကိုဖိုးထွေးတို့အိမ်က မ ထားတဲ့နွားဖီးကြီးကြနေတာပဲ “
“ဘယ်ကသာ ကြီးတော်ဝင်းအိမ်က ခွေးကြီးအောင်နက် ထမင်းစားနေတဲ့အတိုင်းပဲ အဲ့ဒီခွေးကြီးက ဘိုးထင်လိုပဲ အားရပါးရစားတာဟ ထမင်းကုန်သွားရင် ပန်းကန်ကိုပါ လျှာနဲ့လျက်သေးတာ မင်း ကြည့်လိုက် ဘိုးထင်လည်းလျက်တော့မှာ”
“ဟေ့ကောင် တော် တော် မင်းတို့နှစ်ယောက်က ကိုရင်တွေဖြစ်ပြီး တယ်မဟုတ်တာတွေ ပြောတာပဲ “
“မင်းအားရပါးရစားနေတာကို အားရလို့ ပြောတာပါကွာ “
“ငါ စားလို့ပြီးပြီ မြက်သွားနှုတ်လိုက်ဦးမယ် “
“စားပြီးသောက်ပြီး ချက်ခြင်းကြီးကွာ အေးဆေးနေပါဦး ပြီးမှပဲ နှုတ်စမ်းပါ “
“မရဘူးကွ ငါ ချွေးပြန်နေပြီ ပူလည်း ပူတယ် “
” ငရုတ်သီးစပ်လို့ နေမှာပါကွာ “
“ဘယ်ဟင်းကမှ ငရုတ်သီးမစပ်ဘူး ငါမြက်နှုတ်ပြီးမှပဲ စားလိုက်ရမှာ “
မောင်ဘိုးထင်ပြောစကားများကို ကိုရင်နှစ်ပါးနားမလည်ပါ။ သူတို့၏ရှေ့တွင်ရှိသော မောင်ဘိုးထင်မှာဖြင့် ချွေးများဒီးဒီးကျနေပြီး ကျောင်းအောက်သို့ဆင်းကာ မြက်နှုတ်လို့နေသည်။အားကြိုးမာန်တက်မြက်နှုတ်လိုက်သောအခါမှသာ ချွေးဒီးဒီး ကျနေသည်မှာရပ်သွားသလို ပူလောင်နေသည့်ဝေဒနာမှာလည်း အနည်းငယ်သက်သာရာရသွား၏။ထိုအချင်းအရာကိုမြင်နေသည့် ကိုရင်နှစ်ပါးမှာ သူငယ်ချင်းဖြစ်သူ ထိုသို့ခံစားနေရသည်ကိုကြည့်၍ များစွာစိတ်မကောင်းဖြစ်ရသလို ထမင်းကျွေးသည့် ဆရာတော်နှင့် ကပ္ပိယကြီးကိုလည်း စိတ်ဆိုးနေမိသည် ။ ထို့ကြောင့် သူတို့နှစ်ပါးသည် တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးနောက် ဆရာတော်သီတင်းသုံးသည့်ကျောင်းကြီးရှိရာသို့ ကြွချီသွားကြပါလေတော့သည်။အခန်း (၃)
ဆရာတော်၏ရှေ့တွင် ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့မတ်တပ်ရပ်နေကြသည်။သူတို့နှစ်ပါးသည် ဆရာတော်အား မကျေမနပ်ဖြင့်ကြည့်ကာ
“ဘုန်းကြီး ဒီလိုတော့ မလုပ်သင့်ပါဘူး”
“ကိုရင် ဘုန်းကြီးက ဘာလုပ်မိလို့လဲ “
“ကျုပ်တို့သူငယ်ချင်း ဘုန်းကြီးကျွေးတဲ့ထမင်းဟင်းတွေစားပြီးတော့ ပူတယ်တဲ့ ဟိုမှာ ဆူးပင်တွေရော လက်နဲ့နှုတ်နေပြီ”
“မဟုတ်သေးပါဘူး”
“မယုံရင် ဘုန်းကြီးကိုယ်တိုင်လိုက်ကြည့် ဘိုးထင်တကိုယ်လုံးမှာလည်း ချွေးတွေရွှဲနေတာပဲ။ မကျွေးချင်ရင်လည်း အစကတည်းက မကျွေးနဲ့ပေါ့ အခုတော့ ဘုန်းကြီးတို့ ထမင်းထဲ ဘာတွေထည့်ကျွေးလိုက်လဲ မသိဘူး”
“နပေါဦး “
ဆရာတော်သည် ကိုရင်နှစ်ပါး စိတ်ဆိုးမာန်ဆိုးဖြင့်လျှောက် ထားလာခြင်းအား နားမလည်နိုင်ပဲရှိနေသည်။ထို့အတွက် ကျောင်းကြီးပေါ်မှဆင်းကာ မောင်ဘိုးထင်မြက်နှုတ်နေသည့်နေရာသို့ ကိုရင်နှစ်ပါးနှင့်အတူကြွသွားရာ အမှန်တကယ်ပင် ချွေးများဒီးဒီးကျပြီး ကျောင်းဝန်းကျင်မှ မြက်ပင်များအား မျက်ရည်များဝဲရင်းက နှုတ်နေသော မောင်ဘိုးထင်ကိုမြင်လိုက်ရ၍ များစွာစိတ်မကောင်းဖြစ်မိသည်။မောင်ဘိုးထင်သည်လည်း ဆရာတော်ကို စိတ်နာနေသည်အကြည့်ဖြင့်တချက်သာလှမ်းကြည့်ပြီး မည်သည့်စကားမှမပြောပဲ မြက်ပင်များကိုသာ နှုတ်နေလေသည်။ကိုရင်သာအေးနှင့် ကိုရင်ပေတူးသည်လည်း သူတို့၏အပေါင်းအသင်းမောင်ဘိုးထင်အနားသွားကာ မြက်များကို ကူနှုတ်ပေးနေကြသည်။ထို့နောက် ဆရာတော်သည် ရုတ်တရက်မျက်နှာတင်းမာသွားကာ
“ကပ္ပိယ ဟေ့ ကပ္ပိယ”
ကျယ်လောင်စွာအော်ခေါ်သံကြောင့် ကပ္ပိယကြီးသည် ဆွမ်းစားကျောင်းတွင် ဟင်းပေါင်းလုပ်နေရင်းမှ ဆရာတော်ထံ သို့အပြေးတပိုင်းဖြင့်ရောက်ရှိလာပြီး လက်အုပ်ချီထားလေသည်။ဆရာတော်၏ဟန်ပန်ကိုမြင်ရချိန် ကပ္ပိယကြီး၏စိတ်ထဲ၌ ထင့်ခနဲဖြစ်လို့သွားပြီး နှစ်ပေါင်းများစွာတိုင် ဆရာတော် ယခုကဲ့သို့စိတ်ဆိုးမာန်ဆိုးဖြစ်သည်ကို မမြင်ရတာကြာပြီဖြစ် ၏။ဆရာတော်သည် ကပ္ပိယကြီးကိုမြင်သည်နှင့် ခက်ထန်သောလေသံဖြင့် မေးမြန်းလာလေ၏။
“ကပ္ပိယ နင် ဟိုဒကာလေးကို ဘာတွေကျွေးလိုက်တာလဲ”
“တပည့်တော် ထမင်းပဲကျွေးတာပါ ဘုရား”
“ထမင်းကျွေးတာ ငါ သိတယ် ထမင်းထဲဘာတွေထည့်ကျွေးလိုက်သေးလဲ မေးတာ “
“ထမင်းထည့်တာ တပည့်တော်မဟုတ်ပါဘူး ဘုရား ကိုရင်ကြီး ထည့်ပေးလိုက်တာပါ”
“အဲ့တာဆို ကိုရင်ကြီးကို အခုချက်ချင်းခေါ်”
“တင်ပါ့ ဘုရား”
ကပ္ပိယကြီးသည် ဆရာတော်ရှေ့မှ ခါးလေးကုန်းကာဖြင့် ခပ်သွက်သွက်လျှောက်သွားသည်။မြက်နှုတ်နေကြသော မောင်ဘိုးထင်တို့မှာ မြက်နှုတ်နေရင်းက ဆရာတော်၏အရိပ်အကဲကိုကြည့်နေကြသည်။မောင်ဘိုးထင်၏ဝေဒနာသည်လည်း အတော်သက်သာပျောက်ကင်းပြီး ရာသီဥတုပူသည့် အချိန်တွင်သာခံစားရသော အပူဝေဒနာလောက်သာ ကျန်ရှိတော့၏။ထို့နောက် မောင်ဘိုးထင်သည် ဆရာတော်အနားသွားလိုက်ကာ
“ဘုန်းကြီး ကျုပ် ဘာမှမဖြစ်တော့ဘူး စိတ်မတိုပါတော့နဲ့”
“ဒကာလေးကို ဒီလိုဖြစ်အောင်ဘယ်သူလုပ်တာ ဘုန်းကြီး သိရမှဖြစ်မယ် “
များမကြာသောအချိန်တွင် ကပ္ပိယကြီးနှင့် ကိုရင်ကြီးတို့ရောက်ရှိလာသည်။သူတို့၏မျက်နှာတွင် စိုးရိမ်ကြောင့်ကြမှုတို့ အထင်းသားနှင့်ဖြစ်၏။ဆရာတော်သည် လက်အုပ်ချီနေသည့် ကပ္ပိယကြီးနှင့် ကိုရင်ကြီးအနက် ကိုရင်ကြီးအား စူးစိုက်ကြည့်လိုက်ပြီး မိန့်လေ၏။
“ကိုရင်ကြီး ညာမယ်မကြံနဲ့နော် ဒီဒကာလေးကိုကျွေးတဲ့ ထမင်းထဲ နင် ဘာတွေထည့်လိုက်သလဲ အမှန်အတိုင်းလျှောက်စမ်း”
ကိုရင်ဝတ်ဘဝတလျှောက် ဆရာတော်ဒေါသဖြစ်သည်မှာ မကြုံခဲ့ရသဖြင့် ကိုရင်ကြီးမှာ လွန်စွာကြောက်လန့်လို့နေသည်။ဝေဒနာကိုခံစားခဲ့ရသော ကာယကံရှင်မောင်ဘိုးထင်သည်ပင် ကိုရင်ကြီးကိုသနားလို့နေပြီး ထို့အတွက် ဆရာတော်မှ ကိုရင်ကြီးအားဆူငေါက်ရန်ကို သူ မလိုလားချေ။သို့ပေမဲ့ ဒေါသထွက်နေသည့်ဆရာတော်အားကြောက်လန့်နေမိ၍ မည်သည့်စကားမှမပြောနိုင်ပဲရှိ၏။ဆရာတော်သည်ကား ကိုရင်ကြီး၏အဖြေစကားကိုစောင့်ဆိုင်းလို့နေပေသည်။ကိုရင်ကြီးသည်လည်း တုန်ယင်နေသောလေသံဖြင့် ဆရာတော်အား မရဲတရဲကြည့်ကာ လျှောက်ထားလာလေသည်။
“ဟို ဟို တပည့်တော်”
“တယ် ဒီကိုရင်ကြီး လျှောက်စရာရှိတာမလျှောက်ပဲ ဟိုဟိုဒီဒီတွေ လုပ်နေပါလား”
“တပည့်တော် လျှောက်ပါ့မယ် ဘုရား ဟို ဟို”
“တယ် ဒီကိုရင်ကြီးတော့ အထုတ်ပြင်ချင်နေပြီထင်တယ် “
ဆရာတော်မှ ထိုသို့မိန့်လိုက်သည်နှင့်ပင် ကိုရင်ကြီးသည် ဆရာတော်၏ရှေ့တွင်ငုတ်တုတ်ထိုင်လျက် လက်အုပ်ချီပြီး တောင်းပန်လာလေ၏ ။
“တ တပည့်တော်ကို ဒီကျောင်းကနေတော့ နှင်မထုတ်ပါနဲ့ဘုရား တပည့်တော် အကုန်ပြောပြပါ့မယ် ဟို သလဲကုန်းရွာက အထက်လမ်းဆရာကြီးပြောတဲ့အတိုင်း လုပ်ကြည့်တာပါ”
“ကိုရင်ကြီး ဘာလုပ်လိုက်သလဲ မြန်မြန်လျှောက်စမ်း”
“ဟို ဟိုဒကာလေးအတွက် ဘုရားဆွမ်းကပ်တာကို စွန့်ထားတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းရယ်ကို ပရိတ်ရေတွေလောင်းလိုက်တာပါ ဘုရား တပည့်တော် စမ်း စမ်းကြည့်တာပါ “
“တယ် ဒီကိုရင်ကြီး မိုက်ပါပေ့ နင်က ဘာကြောင့် အဲ့လိုလုပ်ရတာလဲ “
“သလဲကုန်းရွာက အထက်လမ်းဆရာက ပြောတယ် ဘုရား အောက်လမ်းပညာအမှန်တကယ်တတ်မြောက်တဲ့သူကို အဲ့လိုကျွေးလိုက်ရင် တခုခုထူးခြားတယ်ဆိုလို့ တပည့်တော် ထည့်ကျွေးမိတာပါ ဘုရား သိချင်ရုံသက်သက်ပါ “
“စိတ်ထားယုတ်လိုက်တဲ့ ကိုရင် သူ့ဘာသာ ဘာပညာပဲတတ်တတ်ပေါ့ နင်နဲ့ ဘာဆိုင်လဲ နင့်ကိုနစ်နာအောင် သူက လုပ်ခဲ့ဖူးလို့လားဟဲ့ လျှောက်စမ်း”
“မလုပ်ဖူးပါဘူး ဘုရား တပည့်တော် စမ်းကြည့်ရုံသက်သက်ပါ ဘုရား”
“လူတဖက်သား ဒုက္ခခံစားနေရတာကို နင်က မျက်စိအရသာခံပြီး ကြည့်ချင်နေတယ်လား ကဲ ကိုယ်တိုင်ခံစားကြည့်ပေတော့ ငါ့ကျောင်းကပါ ထွက် သွားချင်တဲ့ ကျောင်းကို သွား “
“မ မလုပ်ပါနဲ့ ဘုရား တပည့်တော် မှားသွားပါတယ် နောက်ဆို မလုပ်တော့ပါဘူး ဘုရား တပည့်တော်ကိုတော့ နှင်မထုတ်ပါနဲ့ “
ကိုရင်ကြီးသည် ဆရာတော်၏ခြေအစုံကိုဖက်၍ တောင်းပန်လေ၏။ဆရာတော်သည်လည်း ဒေါသဖြစ်နေသောကြောင့် ကိုရင်ကြီး၏မျက်နှာကိုပင် မကြည့်ချေ။ထိုအခြေအနေကိုအတိုင်းသားမြင်တွေ့နေရသော မောင်ဘိုးထင်မှာ စိတ်မကောင်းဖြစ်သွားပြီး ဆရာတော်အား စကားဆိုလေသည်။
“ဘုန်းကြီး ကျုပ် တခုလောက်ဝင်ပြောချင်ပါတယ် “
“ပြောပါ ဒကာလေး”
“ကိုရင်ကြီးကို နှင်မထုတ်ပါနဲ့ ကျုပ်လည်း ဘာမှမဖြစ်တော့ဘူး ကျောင်းရှေ့ကမြက်တွေ နှုတ်လိုက်တာ နေကောင်းသွားပါပြီ သူလည်း ဒီလိုဖြစ်မယ်မှန်းမသိလို့ လုပ်တာနေမှာပါ “
မောင်ဘိုးထင်၏စကားကြောင့် ဆရာတော်သည် တပည့်ဖြစ် သောကိုရင်ကြီးအား ကြည့်လိုက်သည်။သနားစဖွယ်မျက်နှာ ငယ်နှင့်ကိုရင်ကြီးကိုမြင်သောအခါ သူ၏ဒေါသတို့ကို အတိုင်းအတာတခုအထိတော့ ပြေလျှော့လိုက်၏။သို့ပေမဲ့ မှတ်လောက်သားလောက်အောင်ဆုံးမမှ ဖြစ်မည်ဟုတွေးလိုက်ပြီး ကိုရင်ကြီးအား မိန့်လိုက်လေ၏ ။
“ကိုရင်ကြီး ဒီတခါတော့ ဘုန်းကြီး ခွင့်လွှတ်လိုက်မယ် နောက်တခါ ကိုယ်နဲ့မဆိုင်တာဆွေ မစပ်စုရဘူး ကြားလား”
“တင်ပါ့ ဘုရား တပည့်တော် နောက် ဘယ်တော့မှမလုပ်တော့ပါဘူး”
ဆရာတော်သည် ကိုရင်ကြီးအားဆူငေါက်ပြီးနောက် ကျောင်းပေါ်သို့ ပြန်လည်ကြွသွားလေ၏။ဆရာတော်ကြွချီသွားသည်နှင့် ကပ္ပိယကြီးသည်လည်းနောက်မှ ကပျာကယာလိုက်ပါသွားလေသည်။ကိုရင်ကြီးမှာမူ မောင်ဘိုးထင်အား ကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်လာကာ
“ဒကာလေး ကိုရင် တကယ်ကိုကျေးဇူးတင်ပါတယ် ဒကာလေးသာ ကူမပြောရင် ကိုရင် ဒီကျောင်းက ထွက်သွားရမှာ “
“ရပါတယ် ကျုပ်မရှင်းတာရှိလို့ မေးလို့ရမလား “
“မေးပါ ဒကာလေး”
“သလဲကုန်းက အထက်လမ်းဆရာဆိုတဲ့သူနဲ့ ကိုရင်ကြီးကဘယ်လိုလုပ်သိတုန်း”
“ကိုရင်က သလဲကုန်းရွာကို ဆွမ်းသွားခံရတယ်လေ ဒီမှာ ဟိုးတုန်းကတည်းကရှိတဲ့ သူတော်ကြီးကလည်း သလဲကုန်းရွာသားပဲ သူတော်ကြီးနဲ့ အထက်လမ်းဆရာက ငယ်ပေါင်းတွေဆိုတော့ ကိုရင်နဲ့ ခင်သွားတယ်ဆိုပါတော့ “
ကိုရင်ကြီး၏စကားကြောင့် မောင်ဘိုးထင်သာမက ကိုရင်နှစ်ပါးတို့သည်ပင် အံ့ဩလို့နေလေသည်။ထို့နောက် ကိုရင်ပေတူး သည် ဝင်ရောက်စကားဆိုလိုက်၏။
“ကိုရင်ကြီးပြောတဲ့သူတော်ကြီးဆိုတာ ဖိုးသူတော်ဦးမဲကိုပြောတာလား”
“ကိုရင်က သူတော်ကြီးကိုသိနေတာလား”
ကိုရင်ကြီးသည် ကိုရင်ပေတူးအား အံ့ဩစွာကြည့်ပြီးနောက် ပြန်လည်မေးခွန်းထုတ််လာလေသည်။ထိုအခါ ကိုရင်သာအေးမှဝင်ရောက်စကားဆိုလာလေသည်။
“အရင်ကတော့ မသိပါဘူး ဒီကျောင်းရောက်မှ သိတာ”
“ဒီကျောင်းရောက်မှ ဟုတ်လား “
“ဟုတ်တယ် ကိုရင်ကြီးပြောတဲ့ ဖိုးသူတော်ကြီးက သရဲဖြစ်နေတယ် ကိုရင်ကြီး ဒီကျောင်းမှာ သရဲရှိတာမသိဘူးလား”
“ဟို ဟို အဲ့တာက”
ကိုရင်ကြီးသည် ကျောင်းတွင် မကျွတ်မလွတ်ရှိသည်ကို သိ ၏။ပေပင်ရွာမှလာပြီး အကြောက်အလန့်မရှိကြသူများမို့ ထိုကျောင်းတွင် နေရာပေးလိုက်ခြင်းဖြစ်၏။ယခု ကိုရင်ပေတူးမှမေးလာသောအခါ သူမည်သို့ပြန်ဖြေရမည်ကိုစဉ်းစားလို့မရဖြစ်နေသည်။သဘောပေါက်လွယ်သောကိုရင်နှစ်ပါးသည် ကိုရင်ကြီးအား ခေါင်းညိတ်ကာကြည့်လိုက်ပြီး
“ဪ ကိုရင်ကြီးက ဒီမှာသရဲရှိတာ သိသိလျက်နဲ့ ကိုရင်တို့ကို ထားတာပေါ့လေ “
“အဲ့လို မဟုတ်ပါဘူး ကိုရင်တို့က အကြောက်အလန့်မရှိဘူးနာမည်ကြီးနေလို့ ထားကြည့်တာပါ”
“စမ်းတဲ့သဘောပေါ့လေ “
မောင်ဘိုးထင်တို့၏စကားကြောင့် ကိုရင်ကြီးမှာ မနေတတ်မထိုင်တတ်ဖြစ်လို့နေသည်။ကိုရင်ကြီး၏အရိပ်အကဲကိုသိသော မောင်ဘိုးထင်သည် ကိုရင်ကြီးကိုကြည့်၍ စကားလမ်းကြောင်းလွှဲလိုက်၏။
“ကိုရင်ကြီး ကျုပ် တခုလောက်မေးပါရစေဦး သလဲကုန်းကအထက်လမ်းဆရာနာမည်က ဘယ်သူတဲ့တုန်းဗျ”
“ဦးဝေလာတဲ့ ဒကာလေး “
“ဟုတ်လား အင်း ကိုရင်ကြီးလည်း လုပ်စရာရှိတာ သွားလုပ်တော့လေ ကျုပ်တို့လည်း ဒီမြက်တွေ ဆက်နှုတ်လိုက်ဦးမယ်ဗျာ “
မောင်ဘိုးထင်တို့သည် ပြောပြောဆိုဆိုနှင့်ပင် ကျောင်းဝန်းရှေ့မှမြက်ပင်များကို ဆက်နှုတ်နေလိုက်လေသည်။ကိုရင်သာအေးနှင့် ကိုရင်ပေတူးမှာဖြင့် သူတို့၏သူငယ်ချင်းဖြစ်သူ မောင်ဘိုးထင်တယောက် ပူလောင်သည့်ဝေဒနာကိုမခံစားရတော့ သည်ကိုကြည့်ရင်း ဝမ်းမြောက်လို့နေပေမဲ့ စိတ်ထဲတွင်တော့ သလဲကုန်းရွာမှ အထက်လမ်းဆရာဦးဝေလာဆိုသည့်လူအား မကျေမနပ်ဖြစ်နေပါလေတော့သည် ။အခန်း (၄)
ညအမှောင်သည်ကား နက်သထက်နက်လာပြီဖြစ်သည်။ မောင်ဘိုးထင်အပါအဝင် ကိုရင်နှစ်ပါးသည် သစ်သားကျောင်း ဆောင်လေးပေါ်တွင် ထိုင်နေကြသည်။သူတို့သည် မည်သည့်စကားမှမပြောဖြစ်ကြပဲ တစုံတရာကိုစောင့်မျှော်လို့နေသည်။ သူတို့စောင့်မျှော်နေသည်မှာ ဦးမဲဟုအမည်ရသောဖိုးသူတော်ကြီးကိုပင် ဖြစ်သည်။များမကြာသောအချိန်တွင်တော့ ကျောင်းအပြင်မှခြေသံတရှပ်ရှပ်သည် စတင်ပေါ်ထွက်လာပြီဖြစ်သည် ထိုအသံကိုကြားသောအခါ ကိုရင်နှစ်ပါးတို့မှာ စိုးထိတ်နေသည့် အနေအထားတွင်ရှိနေသော်လည်း မောင်ဘိုးထင်မှာဖြင့်တည်ငြိမ်လွန်းလှပေ၏။ကျောင်းပြင်ပမှခြေသံသည် ကျောင်းလှေကားအနားရောက်ချိန်၌ ရပ်တန့်သွားပြီး စကားသံတသံ စတင်ထွက်ပေါ်လာ၏။
“ကိုရင်တွေ အိပ်ပြီလား”
ထိုအသံကြောင့် ကိုရင်ပေတူးသည် အနီးတွင်ရှိသောမောင်ဘိုးထင်အား မေးငေါ့ပြလိုက်၏။မောင်ဘိုးထင်သည် ဖြေးညှင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်ချိန် ကိုရင်ပေတူးသည် ပြန်လည်ခေါင်းညိတ်ပြလိုက်ပြီး အပြင်မှအမေးစကားကို ပြန်ဖြေလိုက်တော့သည် ။
“မအိပ်သေးဘူး ဖိုးသူတော်ကြီးလား ကျောင်းထဲ ဝင်ခဲ့ “
“ခေါ်တော့လည်း ဝင်လာရတာပေါ့”
ဖိုးသူတော်တစ္ဆေကျောင်းပေါ်တက်လာတော့မည့်အချိန်တွင် မောင်ဘိုးထင်သည် သူ၏လွယ်အိတ်ထဲကိုလက်နှိုက်ထားလိုက်လေသည်။သိပ်မကြာသောအချိန်တွင်တော့ မဲနက်နေသည့် အသားအရေ၊ဖြူဖွေးနေသော ဖိုးသူတော်ဝတ်စုံတို့နှင့်မလိုက်မဖက်စွာဖြင့် သူတော်ဦးမဲ ကျောင်းပေါ်တက်လာ၏။ သူတော်ကြီး၏ရုပ်ရည်သွင်ပြင်ကို ကျောင်းပေါ်မှ ထွန်းလင်းထားသည့်မီးအိမ်အလင်းရောင်ကြောင့်ကောင်းစွာမြင်လိုက်ရသည်။ဖိုးသူတော်ဦးမဲသည် သူ့အားမြင်နေသော်လည်းကြောက်လန့်ဟန်မပြသော မောင်ဘိုးထင်တို့သုံးယောက်အား အံ့ဩနေပြီးနောက် အသံခပ်ဩဩနှင့်စကားဆိုလေသည်။
“ဟေ့ ကိုရင်တွေ မင်းတို့ ငါ့ကို မကြောက်ဘူးလား”
“ကြောက်စရာလားဗျ ခင်ဗျားက သေလူ ကျုပ်တို့က ရှင်လူကြောက်ရင်းကြောက် ခင်ဗျားကသာ ကြောက်ရမှာ”
“ဘာကွ မင်းက တော်တော်ကိုအပြောကြီးတာပဲ မင်းနောက်က ကိုရင်နှစ်ပါးကို ငါ ဘယ်လိုလုပ်နိုင်လဲဆိုတာ မေးကြည့်”
“တော်စမ်းပါ ဖိုးသူတော်ဦးနက်ရယ် ဘာအစွမ်းအစမှမရှိတဲ့ကိုရင်တွေကိုအနိုင်ယူပြီး ဂုဏ်ယူမနေစမ်းပါနဲ့ “
“ဟေ့ကောင် ငါ့နာမည် ဦးနက်မဟုတ်ဘူး ဦးမဲကွ “
“မဲတာနဲ့ နက်တာက အတူတူပါပဲ”
“ငါ့နာမည်ဦးမဲကွာ ဦးနက်လို့မခေါ်နဲ့ မကြိုက်ဘူး “
“ခင်ဗျားမကြိုက်ဘူးဆိုတော့လည်း မခေါ်ဘူးပေါ့ ကဲ ငနက်ရေ တာဝန်ကျလာပြီကွာ “
မောင်ဘိုးထင်သည် ပြောပြောဆိုဆိုနှင့်ပင် လွယ်အိတ်ထဲမှ ရွှံဖြင့်လုပ်ထားသောအရုပ်တရုပ်ကိုထုတ်လိုက်ပြီး သူ၏ရှေ့တွင် ချထားလိုက်သည်။မကြာသောအချိန်တွင်တော့ ထိုအရုပ်လေးသည် ရုတ်ချည်းပင်ကြီးမားလာပြီး သူတော်ဦးမဲထက်ခေါင်းတလုံးသာသော တစ္ဆေတကောင်အဖြစ် ပြောင်းသွားလေသည်။ဖိုးသူတော်ဦးမဲသည် မထင်မှတ်ထားပဲ တစ္ဆေတကောင်ပေါ်လာသောကြောင့် ငေးကြည့်လို့နေရင်းမှ သတိပြန်ကပ်ပြီး မောင်ဘိုးထင်ကို စူးစိုက်ကြည့်လိုက်ကာ
“သြော် မင်းက အောက်လမ်းဆရာကိုး ငါ့အကြောင်းကို ဒီနေ့မင်း ကောင်းကောင်းသိစေရမယ် “
ထို့နောက် ဖိုးသူတော်ဦးမဲ၏ဖြူဖွေးနေသည့် သူတော်ဝတ်စုံမှာ ရုတ်ချည်းမဲညစ်သွားပြီး အမဲရောင်အခိုးအငွေ့များ ကျောင်းအတွင်း ဖုံးလွှမ်းသွားတော့သည်။ထို့နောက် မောင်ဘိုးထင်ထံသို့သူ၏လက်ကို ဆန့်တန်းလိုက်ရာ ထိုလက်မှာရှည်လျားလာပြီး မောင်ဘိုးထင်၏လည်ပင်းအနားရောက်လုရောက်ကာနီးတွင် အရုပ်မှတစ္ဆေအဖြစ်ပြောင်းသွားသော ငနက်ကြီးသည် သူတော်ဦးမဲ၏ရှည်လျားသောလက်များကို ဆွဲဖမ်းလိုက်ကာ ပူးပြီးချည်နှောင်ထားလိုက်လေတော့သည်။မထင်မှတ်ထားသောအဖြစ်ကြောင့် သူတော်ဦးမဲအငိုက်မိသွားပြီး မည်သို့မှတုန့်ပြန်နိုင်ခြင်းငှာမစွမ်းနိုင်တော့ပဲ လက်တံအား ပြန်ရုတ်မရဖြစ်လို့နေချိန် ငနက်သည် လျင်မြန်သောအရှိန်ဖြင့် သူတော်ဦးမဲ၏နောက် ကျောဆီသို့ပြေးသွားကာ လည်ပင်းအား လက်မောင်းဖြင့်ချုပ် ထားလိုက်တော့သည်။သူတော်ဦးမဲမှာ မည်သို့မှပြန်လည်မခုခံနိုင်တော့ပဲ ပြူးကျယ်သောမျက်လုံးအစုံဖြင့်သာ မောင်ဘိုးထင်တို့အား အသနားခံကြည့်လို့နေ၏။ထို့ကြောင့် မောင်ဘိုးထင် သည် ငနက်ကိုကြည့်လိုက်ပြီး
“တော်တော့ ငနက် ဒီလောက်ဆို ရပြီ သူ့လက်တွေပါ ဖြည်ပေးလိုက်”
မောင်ဘိုးထင်၏စကားကြောင့် ငနက်သည် ဖိုးသူတော်ဦးမဲကိုလွှတ်ပေးလိုက်ပြီး ချည်ထားသောလက်နှစ်ဖက်ကိုလည်း ဖြည်ပေးလိုက်လေသည်။အချုပ်အနှောင်မှလွတ်သွားသော သူတော်ဦးမဲသည် ရန်ပြုလိုစိတ်ရှိပုံမပေါ်တော့ပဲ မောင်ဘိုးထင်တို့ရှေ့တွင် စိတ်ပျက်လက်ပျက်နှင့်ထိုင်ချလိုက်ပြီး ငူငူငိုင်ငိုင်နှင့်ထိုင်လို့နေသည်။သူထိုသို့ထိုင်နေသောကြောင့် မောင်ဘိုးထင် သည် ငနက်အားခေါင်းငြိမ့်ပြလိုက်ရာ ငနက်သည်လည်း ပြန်လည်ခေါင်းညိတ်ပြလာပြီးနောက် မူလရွှံ့ရုပ်လေးအဖြစ်သို့တဖြည်းဖြည်းချင်းပြောင်းလဲသွားတော့သည်။ထို့နောက် မောင်ဘိုးထင်သည် ထိုရွှံ့ရုပ်လေးအား သူ၏လွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ထိုင်နေသည့် ဖိုးသူတော်တစ္ဆေ ဦးမဲကိုကြည့်ပြီး အမေးစကားဆိုလိုက်လေသည်။
“ဖိုးသူတော်ကြီး ခင်ဗျား ကျုပ်တို့ကို ဘာလို့နှောက်ယှက်နေတာလဲ “
“မင်းတို့ကိုက ငါ့ကို လာနှောက်ယှက်နေတာ “
ထိုစကားကြောင့် ကိုရင်နှစ်ပါးသည် ဖိုးသူတော်ဦးမဲကိုကြည့်လိုက်ပြီး မကျေမနပ်ဖြင့်ပြောကြဆိုကြတော့သည်။
“ကျုပ်တို့က ခင်ဗျားကို ဘယ်လိုနှောက်ယှက်မိလို့လဲ ခင်ဗျားသာ ကျုပ်တို့နှစ်ယောက်ကို လည်ပင်းညှစ်တာ “
“ဟုတ်တယ် ဘာပေါက်ကရတွေပြောနေတာလဲ ခင်ဗျားကျုပ်တို့ကို အသေသတ်ဖို့လုပ်ခဲ့တာလေ “
ကိုရင်နှစ်ပါး၏စကားကြောင့် ဖိုးသူတော်ကြီးသည် ကိုရင်နှစ်ပါးကိုစူးစိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် စကားဆိုလာလေ၏။
“ကိုရင်နှစ်ပါး ပေါက်ကရလျှောက်မပြောနဲ့ ငါသာ နင်တို့နှစ်ယောက်ကိုတကယ်သတ်ချင်ရင် နင်တို့သေနေတာ ကြာပြီ “
“ခင်ဗျား အသေသတ်တာပဲလေ ကျုပ်တို့သေဖို့နည်းနည်းပဲလိုတော့တာ ခင်ဗျားရဲ့လက်ရှည်ကြီးနဲ့ လာညှစ်တာ”
ဖိုးသူတော်တစ္ဆေနှင့် ကိုရင်နှစ်ပါး အငြင်းအခုံဖြစ်လို့နေပေ ၏။ထို့နောက် မောင်ဘိုးထင်သည် ကျောင်းကြမ်းပြင်ကိုလက်ဝါးဖြင့်ရိုက်လိုက်ကာ
“တိတ်ကြစမ်း ပေတူးနဲ့ သာအေး မင်းတို့ ဘာမှဆက်မပြောနဲ့ ဖိုးသူတော် ကျုပ်မေးတာကိုပဲ ဖြေ “
မောင်ဘိုးထင်ထိုသို့ပြောလိုက်သောအခါမှာ သူတို့အားလုံးငြိမ်သက်သွားကြ၏။ထို့နောက် မောင်ဘိုးထင်သည် ဖိုးသူတော်ကြီးကိုသေချာကြည့်ကာ
“ခင်ဗျားက ဒီကျောင်းမှာ နေတာလား”
“ဟုတ်တယ် ငါ ဒီကျောင်းမှာနေတာ မသေခင်ကတည်းက ဒီကျောင်းမှာနေခဲ့တာ “
“ဟုတ်ပြီ ခင်ဗျားဘယ်လိုဖြစ်ပြီး ခုလိုသူတော်တစ္ဆေဖြစ်နေရတာလဲဆိုတာ ကျုပ်တို့ကို ပြောပြနိုင်မလား “
“ငါပြောတာကို ကြားနိုင်တာ ငါ့ကိုမြင်နိုင်တာဆိုလို့ မင်းတို့သုံးယောက်ပဲရှိတယ် ဆရာတော်တောင် ငါ့ကိုမမြင်နိုင်ဘူး ငါလည်း ပြောပြချင်နေတာပါ ငါက အသတ်ခံခဲ့ရတာ ပြီးတော့ ငါ့ကို ဒီကျောင်းမှာပဲ ချုပ်ထားတယ် “
“ဗျာ “
မထင်မှတ်ထားသောစကားကြောင့် မောင်ဘိုးထင်တို့သုံးယောက် ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။ထို့နောက် ဖိုးသူတော်ကြီးသည်ဆက်လက်စကားဆိုလာသည်။
“ကြောင်သူတော်ကြွက်သူခိုးကြောင့် ငါ ဒီဘဝကိုရောက်ခဲ့ရတာ အဲ့ဒီကောင်ကိုယုံလိုက်မိတာက ငါသေဖို့ဖြစ်လာခဲ့တာပဲ “
“ဖိုးသူတော် ကျုပ်တို့ကို အကြောင်းစုံပြောပြပါ ခင်ဗျားအတွက် တရားမျှတမှုရအောင် လုပ်ပေးမယ် “
မောင်ဘိုးထင်၏စကားကြောင့် မဲနက်နေသောဖိုးသူတော်ကြီး၏ဝတ်စုံမှာပြန်လည်ဖြူလာပြီး အမဲရောင်အငွေ့များသည်လည်း ပျောက်ကွယ်သွားတော့သည်။ထို့နောက် သူတော်ကြီးသည် သူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို မောင်ဘိုးထင်တို့အား ပြောပြလာပါလေတော့သည်။အခန်း (၅)
“သလဲကုန်းရွာ”
ထိုရွာသည် ရေအိုးစင်ရွာဦးဘုန်းကြီးကျောင်းတွင်နေထိုင်သော ဖိုးသူတော်ဦးမဲ၏ဇာတိချက်မြှုပ်ရွာဖြစ်သည်။ဦးမဲသည် လယ်ပိုင်ယာပိုင်ဖြစ်သော်လည်း ဖိုးသူတော်ဝတ်ရသည်ကို နှစ်ချိုက်သည်က တကြောင်း အလှူအတန်းလုပ်ရသည်ကို ဝါသနာထုံသည်ကလည်းတကြောင်းမို့ များစွာသောပိုင်ဆိုင်မှုများကိုရောင်းချပြီး ကျောင်းကန်တန်ဆောင်းများ ဆောက်လုပ်လှူဒါန်းလေသည်။ထိုသို့လှူဒါန်းသည်ကို အပြင်တွင်သဘောကျဟန်ဆောင်ပြီး စိတ်ထဲ၌ကြိတ်နှမျောနေသည့် လူတယောက်ရှိသေး၏။ထိုသူမှာ သလဲကုန်းရွာ၏အထက်လမ်းဆရာ ဦးဝေလာပင်ဖြစ်၏။ဦးဝေလာသည် ရပ်ရွာထဲရှိ သာရေးနာရေးများတွင် ဝိုင်းဖွဲ့စကားဆိုသောအချိန်တွင်တော့ စိတ်ထဲမှ မပါသောစကားများကို ပြောတတ်သည်။ပြောနေသည်များမှာ စိတ်ထဲကမပါသော်လည်း သူ၏ဟန်ဆောင်ကောင်းမှုကြောင့် မည်သူကမှသူ၏အသွင်အမှန်ကို မသိကြပေ။ထိုသို့ သာရေးနာရေးများ၌ ပြောကြဆိုကြသောစကားများတွင် ဖိုးသူတော်ဦးမဲ၏ အကြောင်းမပါလျှင် မပြီးချေ။
“ဖိုးသူတော်ဦးမဲလိုပုဂ္ဂိုလ်က ကျုပ်တို့ရွာသားဖြစ်တာ တယ်ဂုဏ်ယူစရာကောင်းပါဘိ”
“ဟုတ်တာပေါ့ ကျုပ်တို့ကတော့ သူတော်ဦးမဲအတွက်လည်းဂုဏ်ယူတယ်ဗျာ “
“အင်း မိတ်ကောင်းဆွေကောင်းရထားတာလည်း အတော်ကိုကံကောင်းတာပဲဗျ ဦးဝေလာတို့ သူတော်ဦးမဲနဲ့ ငယ်ပေါင်းဖြစ်နေတာ အတော်ဂုဏ်ယူစရာပဲဗျို့ “
“ဟုတ်ပါ့ ဟုတ်ပါ့ ဦးမဲ သူတော်မဝတ်ခင်ကတည်းက အပေါင်းအသင်းမိတ်ဆွေသိပ်ထားတာမဟုတ်ဘူး ဦးဝေလာတို့ကံကောင်းလိုက်ပုံများ ဦးမဲနဲ့ ငယ်ပေါင်းဖြစ်ခွင့်ရတယ်ဗျာ”
အမှန်စင်စစ် ထိုသို့သောစကားများကြားရသည်ကို ဦးဝေလာအနေဖြင့် မကြိုက်ပါ။မသိစိတ်မှပြိုင်ဆိုင်နေခြင်းကြောင့်ရွာမှ လူကြီးများထိုသို့ပြောလာသောအခါ သိမ်ငယ်သလိုဖြစ်နေမိသည်။သို့ပေမဲ့ မျက်နှာတွင်မကျေနပ်သည့်အရိပ်အယောင်တို့မပြပဲ ရွာမှရပ်မိရပ်ဖများ၏စကားကို အလိုက်အထိုက်ဖြင့်ပြန်လည်ပြောဆိုလိုက်သည်။
“ဟုတ်တာပေါ့ ဦးမဲက ငယ်ငယ်ကတည်းကစိတ်ကောင်းသိပ်ရှိတာ ကျုပ်လည်း သူနဲ့ ငယ်ပေါင်းဖြစ်ရတာကို ဂုဏ်ယူပါတယ်ဗျာ”
“ဦးမဲတို့များ ကျုပ်တို့ရွာရဲ့ရွာဦးကျောင်းတင်မကဘူးဗျို့ ရေအိုးစင်၊သဖန်းပိုး၊သရက်တော၊သစ်စိမ့်၊ဒီနယ်က ရွာတွေအကုန်လုံးကို လှူတာဗျ “
“အမွေရထားတာလည်း မနည်းဘူးလေဗျာ ရေအိုးစင်ရွာက သူ့အမေပိုင်ဆိုင်မှူတွေကလည်း နည်းတာမှမဟုတ်တာ “
မည်သည့်နေရာသို့သွားသွား ဖိုးသူတော်ဦးမဲအကြောင်းကိုပြောဆိုနေခြင်းကြောင့် ဦးဝေလာ အတော်စိတ်ကသိကအောက်ဖြစ်နေရသည်။သူသည်လည်း ဒီနယ်တကြောတွင် နာမည်ရတယောက်ဖြစ်ရာ အဘယ်ကြောင့်များ သူ့အားချီးကျုးသည့်စကားတလုံးမှပင်အပြောမခံရခြင်းအကြောင်းမှာ ဖိုးသူတော်ဦးမဲရှိနေသည့်အတွက်ဟု မှတ်ယူလိုက်ပြီး မလိုမုန်းထားစိတ်မှာ ဖွဲမီးပမာဖြစ်နေပါလေတော့သည်။အခန်း (၆)
ဖိုးသူတော်ဦးမဲသည် သူဆောက်လုပ်လှူဒါန်းထားသော ရေအိုးစင်ရွာဦးကျောင်းရှိ သစ်သားကျောင်းဆောင်လေးတွင် ညအချိန်မို့ တယောက်တည်းပုတီးစိတ်နေသည်။ထိုအချိန်သူ၏အာရုံထဲတွင် ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော ယောကျာ်းပျိုတယောက်မှ သူ့အား စကားဆိုလေသည်။
“ဖိုးသူတော်ကြီး ကျုပ် အကူအညီတခုတောင်းချင်လို့ “
“ပြောပါ “
“တခြားတော့ မဟုတ်ပါဘူး ကျုပ်ကိုယ်စား ကုသိုလ်ပြုပေးဖို့ပါ “
“ကုသိုလ်အရေးဆိုရင်တော့ လက်မနှေးဘူးဗျို့ ပြောပါ ဘာကူညီရမလဲ “
“ဖိုးသူတော်ကြီးတို့ရွာနောက်က စိန်တလုံးတောင်မှာ ကျုပ်နေပါတယ် အဲ့ဒီမှာ ကျုပ်တို့ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်တဲ့ ရွှေအိုးတလုံးမြှုပ်ထားတယ် အဲ့တာသွားတူးပြီးတော့ ချို့တဲ့ တဲ့ကျောင်းတွေကို လှူဒါန်းပေးပါ “
“စိန်တလုံးတောင်ကို သိပါတယ် ဒါပေမဲ့ ရွှေအိုးက ဘယ်အနားရှိမယ်ဘယ်လိုသိနိုင်မလဲ “
“ဖိုးသူတော်ကြီးယုံကြည်ရတဲ့သူတယောက်ကို ခေါ်သွားပါ ရွှေက များတယ် တယောက်တည်းနိုင်မှာ မဟုတ်ဘူး ပြီးတော့ တူးရမှာလည်း တော်တော်နက်တယ် ဖိုးသူတော်ကြီးတို့ရောက်ရင် ကျွဲတကောင်က လမ်းပြပါလိမ့်မယ် အခုတော့ ဖိုးသူတော်ကြီးယုံအောင် ကျုပ် ရွှေဒင်္ဂါးတပြားချခဲ့မယ် “
ယောကျာ်းပျိုသည် ထိုမျှသာပြောပြီး ရွှေဒင်္ဂါးကိုကျောင်းကြမ်းပြင်သို့ချလိုက်ရာ သစ်သားကြမ်းပေါ်သို့ကျလာသော ရွှေဒင်္ဂါး၏အသံကြောင့် ဖိုးသူတော်ဦးမဲ အာရုံလွင့်ပျယ်ပြီးမျက်လုံးဖွင့်လိုက်ချိန် သူ၏ရှေ့တွင် လှူပ်ခါနေသေးသော ရွှေဒင်္ဂါးတပြားကိုတွေ့ရ၍ ယောကျာ်းပျိုမှာအမှန်တကယ်ရောက်လာခဲ့ကြောင်း သိလိုက်၏။ချို့တဲ့သောကျောင်းများကို ကိုယ်စားလှူရမည်ဖြစ်သောကြောင့် များစွာဝမ်းမြောက်နေပြီး သလဲကုန်းရွာမှ သူ၏မိတ်ဆွေအထက်လမ်းဆရာဝေလာကိုခေါ်၍ ရွှေအိုးသွားတူးမည်ဟုဆုံးဖြတ်လိုက်ပါလေတော့သည် ။အခန်း (၇)
“သူတော်ပြောတာ ဟုတ်ရောဟုတ်ရဲ့လားဗျာ”
“ဝေလာရာ ငါက မင်းကို ညာပြောပါ့မလား ငါက မင်းကို အယုံကြည်ရဆုံးလူမို့သာပြောပြတာ သူများတွေသိရင် လောဘတွေတက်မှာစိုးလို့ ဘယ်သူ့ကိုမှ ပြောပြမထားဘူး”
“ကျုပ်ကတော့ ယုံရခက်ခက်ပဲ “
“အဲ့တာတော့ သွားကြည့်မှသိလိမ့်မယ် ရတော့လည်း အလှူအကြီးကြီးပေးရတာပေါ့ ဝေလာရာ “
“သူတော်က စိတ်ပါနေမှတော့ ကျုပ်လည်းလိုက်ရတော့မပေါ့ ကဲ ဘယ်အချိန်သွားမှာလဲ “
“အခုပဲ သွားကြအောင်ကွာ စိန်တလုံးတောင်က မင်းသိတဲ့အတိုင်း အဝေးသားမလား”
“အဲ့တာဆိုလည်း သွားကြတာပေါ့ “
“ပေါက်တူးတွေ တုရွင်းတွေ ယူရဦးမယ် ဝေလာရ”
“ကျုပ် ထမ်းခဲ့ပါ့မယ်”
ထို့နောက် ဖိုးသူတော်ကြီးနှင့် အထက်လမ်းဆရာဦးဝေလာတို့သည် စိန်တလုံးတောင်ဆီသို့ ထွက်လာခဲ့ကြသည်။ဖိုးသူ တော်ဦးမဲမှာ အရှေ့မှဦးဆောင်သွားနေပြီး အနောက်မှ အထက် လမ်းဆရာဦးဝေလာ လိုက်ပါလာသည်။ဦးဝေလာ၏အိမ်မှာ ရွာအစွန်တွင်ရှိသောကြောင့် သူတို့နှစ်ယောက် ရွာအပြင်ထွက်သွားသည်ကို မည်သူမှမသိလိုက်ချေ။စိန်တလုံးတောင်သည် ရွာနှင့် အတော်လှမ်းသောကြောင့် သူတို့နှစ်ယောက် မနက်ကတည်းက ရွာမှ ထွက်လာရာ နေ့လယ်အချိန်လောက်မှ ရောက်ရှိလာသည်။စိန်တလုံးတောင်သည် အပင်ကြီးကြီးမားမားမရှိပဲ တောင်ထိပ်တွင်သာ ကြီးမားသည့်ကျွန်းပင်ကြီးတပင်ရှိ၏။ဖိုးသူတော်ကြီးသည် တောင်ပေါ်ချက်ချင်းမတက်သေးပဲ တောင်ခြေရှိ သစ်ပုဂံပင်အောက်တွင်ဝင်ထိုင်လိုက်ရာ ဦးဝေလာလည်း ထိုင်လိုက်ပြီး စကားဆိုလေသည် ။
“ဖိုးသူတော် ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ “
“ငါ့ကိုမယုံမှာစိုးလို့ ရွှေဒင်္ဂါးလေးပေးသွားသေးပါတယ်ဆိုကွာ ခဏ စောင့်ကြည့်တာပေါ့”
“ရောက်ပြီဆိုမှတော့ စောင့်ရတော့မပေါ့”
သူတို့ အချိန်အတန်ကြာအောင်စောင့်ဆိုင်းနေရာ မည်သည့်နေရာက ရောက်လာမှန်းမသိသောကျွဲကြီးတကောင် သူတို့အနားမှ လှုပ်လီလှုပ်လဲ့နှင့်ဖြတ်သွားပြီး တောင်ပေါ်သို့တက်သွားသဖြင့် ဖိုးသူတော်ကြီးမှ အားရဝမ်းသာနှင့်စကားဆိုသည်။
“ဝေလာရေ လမ်းပြကြီးတော့ရောက်လာပြီဟ နောက်ကနေ လိုက်သွားကြတာပေါ့”
“ဘယ်မှာလဲ လမ်းပြ “
“ဟောဟိုက ကျွဲကြီးက တို့လမ်းပြပဲကွ လာ လာ”
ဖိုးသူတော်ကြီးမှာ အားရဝမ်းသာနှင့်ထိုင်ရာမှထကာ ကျွဲကြီးနောက်လိုက်သွားလေ၏။ဦးဝေလာသည်လည်း မယုံမကြည်နှင့် ပင် ပေါက်တူးနှင့် တရွင်းကိုထမ်းကာ ခေါင်းတခါခါနှင့် နောက်မှ လိုက်သွားပါလေတော့သည်။အခန်း (၈)
တောင်ပေါ်သို့ ကျွဲကြီးတကောင်ရှေ့မှ တက်သွားနေသည်။ နောက်တွင်တော့ အဖြူရောင်ဖိုးသူတော်ဝတ်ကိုဝတ်ဆင်ထားသည့် အသားမဲမဲဖိုးသူတော်ဦးမဲနှင့် တိုက်ပုံအင်္ကျီခပ်နွမ်းနွမ်းကိုဝတ်ဆင်ထားပြီး ခေါင်းပေါင်းထားကာ လွယ်အိတ်တလုံးကိုလွယ်ထားသည့် တရွင်းနှင့်ပေါက်တူးကိုထမ်းရင်းက လမ်း လျှောက်နေသော အထက်လမ်းဆရာဦးဝေလာတို့ဖြစ်သည်။မကြာသောအချိန်တွင် ရှေ့မှသွားနေသောကျွဲကြီးသည် တောင် ထိပ်ရှိကျွန်းပင်အနီးတွင်ရပ်လိုက်ကာ ခြုံနွယ်များကို ဦးခေါင်းတည်ပြီး ဖယ်ထုတ်နေသလို မြေကြီးတို့ကိုလည်း ခွာဖြင့်ယက်နေသည်။မြေသားများပေါ် လာသောအခါ၌ ဖိုးသူတော်ကြီးကိုကြည့်ကာ သူတို့ဘေးမှနေ၍ တောင်အောက်သို့ဆင်းသွားလေသည်။ထိုအခါ ဖိုးသူတော်ကြီးသည် ဦးဝေလာကိုပြုံးလျက်ကြည့်ကာ
“တွေ့လား ဝေလာ ငါတို့လမ်းပြကြီးပါဆို အဲ့ဒီနေရာကို တူးကွာ”
“ဟိုက သူ့ဘာသာ ခတ်ချင်လို့ခတ်သွားမှန်းမသိ ဘာမှန်းမသိကို”
“တူးကြည့်ရအောင်ပါကွာ “
ဖိုးသူတော်ကြီးသည် ပြောပြောဆိုဆို ဦးဝေလာ၏လက်ထဲမှပေါက်တူးကိုကိုင်ပြီး စတင်တူးလိုက်လေ၏။သူတို့နှစ်ယောက် အချိန်အတော်ကြာသည်အထိတူးလိုက်ရာ ခါးတဝက်လောက်ထိနစ်သည့်တိုင် ရွှေအိုး၏အရိပ်အယောင်ကိုမတွေ့ရချေ။ ထို့ကြောင့် ဦးဝေလာသည် စိတ်ဓာတ်ကျလာကာ
“ဖိုးသူတော် ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လား အဝီစိထိများ တူးရမှာလား”
“ရွှေမြှုပ်တာပဲ တိမ်တိမ်လေးတော့ မြှုပ်ပါ့မလား ဝေလာရာ ဆက်တူး မင်းမောရင် ခဏနားဦး ငါ ဆက်တူးမယ် “
သူတို့နှစ်ယောက်ဆက်လက်တူးလိုက်ရာ ရင်စို့မြုပ်ရုံအနက်သို့ရောက်သော် ဦးဝေလာပေါက်လိုက်သည့် ပေါက်တူးချက် သည် တခုခုကိုပေါက်မိသဖြင့် အသံထွက်လာ၍ ဖိုးသူတော်အား သတိပေးလိုက်သည်။
“ဖိုးသူတော် အောက်မှာ တခုခုကိုပေါက်မိတယ် “
“ဟေ ဟုတ်လား “
ဦးဝေလာသည် သတိထားပြီးထပ်တူးလိုက်ရာ ကြေးပြားဟုထင်ရသော အပြားတပြားကို စတင်တူးဖော်ရရှိလာလေသည်။ ထို့နောက် သူတို့နှစ်ယောက်ဆက်တူးလိုက်ရာ သောက်ရေအိုးအရွယ်အစားရှိသည့် စဉ့်အိုးတလုံးကိုတွေ့လိုက်ရသည်။စဉ့်အိုးကိုဖြင့် ကြေးပြားဖြင့် လုံနေအောင်ဖုံးအုပ်ထားသည်။သူတို့နှစ်ယောက်သည် ဝမ်းသာအားရနှင့် တွင်းထဲမှာပင် ရွှေအိုးအားဖွင့်ကြည့်လိုက်သည်။ဝင်းလက်နေသောရှေးဟောင်းရတနာများကိုတွေ့လိုက်ရပြီး ထိုရွှေများကိုလက်နှင့်မွှေလိုက်ချိန် ရတနာများအချင်းချင်းပွတ်တိုက်သောအသံကထွက်ပေါ်လာသလို ဦးဝေလာ၏လောဘမျက်ဝန်းတို့သည်လည်း တောက်ပနေတော့ သည်။ထို့နောက် သူတို့နှစ်ယောက်သည် ရွှေအိုးအား မြေကျင်းအပေါ်သို့တင်လိုက်ပြီး ခေတ္တအမောဖြေနေရင်းက စကားဆိုကြလေသည် ။
“ဝေလာရေ တို့တော့ ကြိုက်သလောက်လှူလို့ရတော့မယ်ကွာ ဒီရတနာအိုးပိုင်ရှင်ကလည်း အကုန်လှူခိုင်းတာ တို့တော့ နိုင်ငံအနှံ့လိုက်လှူပစ်မယ်ဟေ့”
“ဖိုးသူတော် ကျုပ်ကို တဝက်ပေး”
ထိုစကားကြောင့် ဖိုးသူတော်ကြီးမှာ သူ၏ငယ်ပေါင်းအထက်လမ်းဆရာဦးဝေလာကိုကြည့်လိုက်ပြီး
“ဝေလာ မင်း နောက်နေတာမလား”
ဖိုးသူတော်ကြီး၏စကားကြောင့် ဦးဝေလာသည် ရယ်မောလိုက်ပြီး ခေါင်းကိုညိတ်လိုက်ကာ
“နောက်နေတာပါဗျာ နောက်နေတာပါ ဟားးးးဟားး”
“မင်းက အဲ့လိုလူစားမဟုတ်ဘူးဆိုတာ ငါ သိတာပေါ့ကွာ အဲ့တာကြောင့်လည်း တခြားဘယ်သူ့ကိုမှမပြောပြဘဲ မင်းနဲ့ လာတူးတာ အခုလည်း သူများတွေ မသိစေနဲ့နော် လူဆိုတာ ဥစ္စာပစ္စည်းတွေမြင်ရင် ပြောလို့မရဘူး”
“ဟုတ်လား”
“ငါကတော့ ကျောင်းကို ပြန်မယ် ပြီးရင် ဆရာတော်ကိုလျှောက်ပြီး လုပ်သင့်တာလုပ်မယ် “
“ကောင်းတာပေါ့ဗျာ ဖိုးသူတော် ဟိုမှာ တုရွင်းကျန်ခဲ့ပြီ ဆင်းကောက်လိုက်ပါဦး”
ဦးဝေလာသည် ဖိုးသူတော်ကြီးအား တွင်းထဲသို့ လက်ညှိုး ထိုးပြပြီးပြောလိုက်ရာ ဖိုးသူတော်ကြီးသည် သူတို့တူးထားသောကျင်းအား ငုံ့ကြည့်လိုက်မိသည်။ဦးဝေလာပြောသလို တုရွင်းအားမတွေ့သောအခါ မရှိကြောင်းပြန်ပြောမည်အပြု အားကုန်လွှဲပြီးပေါက်လိုက်သော ဦးဝေလာ၏ပေါက်တူးချက် သည် ဖိုးသူတော်ကြီး၏နောက်စေ့တည့်တည့်လာထိပြီးနောက် ဖိုးသူတော်ကြီးမှာ တွင်းထဲသို့ ထိုးကျသွားတော့သည်။ထို့နောက် ဦးဝေလာသည် မသေမရှင်ဖြစ်နေသော ဖိုးသူတော်ကြီးကိုကြည့်လိုက်ပြီး လေသံအေးအေးနှင့်စကားဆိုလေသည်။
“ငါ မင်းကိုကြည့်မရတာ ကြာပြီ အရင်ဥစ္စာတွေက မင်းဥစ္စာတွေမို့ အကုန်လှူတာထားတော့ ဒီဟာတွေကို အကုန်လှူမယ်ဆိုတာတော့ မင်း လွန်သွားပြီ ငမဲကောင်ရ “
ဦးဝေလာသည် ပြောပြောဆိုဆို တွင်းဘေးမှမြေစာများကိုပေါက်တူးဖြင့် ဖိုးသူတော်ကြီးလဲကျနေသော တွင်းထဲသို့ ဖုံးပစ်လိုက်ပါလေတော့သည်။အခန်း (၉)
“အဲ့တာဆို ဖိုးသူတော်ကိုသတ်တာ ဝေလာဆိုတဲ့လူပေါ့ ဟုတ်လား”
“ဟုတ်တယ် ဒီကောင် ငါဒီမှာရှိနေတာ မသိဘူး ငါလည်း ဒီကောင်ကိုမကျေနပ်ပေမဲ့ ဒီကျောင်းဝန်းကျင်ကလွဲပြီး ဘယ်မှသွားလို့မရဘူးဖြစ်နေတယ် ဘာတွေဘယ်လိုဖြစ်တာလဲတော့ ငါလည်း မသိဘူး”
ဖိုးသူတော်ကြီးမှာ မောင်ဘိုးထင်နှင့် ကိုရင်နှစ်ပါးအား သူသေဆုံးရသည့်အကြောင်းကိုပြောပြလာရာ မောင်ဘိုးထင်တို့များစွာစိတ်မကောင်းဖြစ်ရသလို ဦးဝေလာဆိုသော ကြောင် သူတော်ကြွက်သူခိုးကြီးကိုလည်း များစွာဒေါသထွက်နေကြသည် ။
“ဖိုးသူတော်ကြီး ခင်ဗျား စိတ်ချဗျာ ခင်ဗျားဖြစ်စေချင်တဲ့အတိုင်း ရွှေတွေကို လှူဖို့ပြန်ယူပေးမယ် ရရင် ဘုန်းကြီးဆီအပ်ပေးမယ် “
“မင်း မင်းတကယ်ပြောတာလား”
“တကယ်ပေါ့ဗျာ “
“ငါလည်း ဒီဘဝမှာ မနေချင်တော့ပါဘူးကွာ မင်းတို့အနေနဲ့ ဝေလာရဲ့မျက်နှာဖုံးကိုတော့ အရင်ခွာမှရမယ် “
“စိတ်ချစမ်းပါ ဖိုးသူတော်ကြီးရာ ဒီကောင်နှစ်ယောက် ကိုရင်ထွက်တာနဲ့ ဖိုးသူတော်ကြီးကိစ္စကို ကူညီမယ် “
မောင်ဘိုးထင်၏စကားကြောင့် ဖိုးသူတော်ကြီးမှာ ကျေနပ်လျက်ရှိသည်။မောင်ဘိုးထင်နှင့် ကိုရင်နှစ်ပါးတို့၏စိတ်ထဲတွင်လည်း အောက်တန်းကျသောအထက်လမ်းဆရာ ဝေလာအား သူတို့နှင့်တွေ့ပြီဟု စိတ်ထဲမှကြိမ်းမောင်းနေပါလေတော့သည်။အောက်လမ်းဘိုးထင်နှင့် ကြောင်သူတော် ကြွက်သူခိုးသည်က ဤမျှသာ။ မကြာမီ အောက်လမ်းဘိုးထင်နှင့် အထက်လမ်းဆရာဝေလာ အမည်ရ ဇာတ်လမ်းအားတင်ဆက်ပေးပါမည်။
ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်မောင်တင်ဆန်း