(၈၄)

◾အခန်း (၁)

“ဒကာလေး ငါတို့နဲ့ လာအိပ်ပါလား”

“ဟေ့ကောင် ပေတူး ဒကာလေးအထိတော့ မှန်တယ် ငါလို့မ‌ပြောရဘူးလေ ကိုရင်လို့ပြောလေကွာ “

“မင်းကရော ဘာထူးလို့လဲ “

“အေးကွာ အဲ့တာဆိုလည်း အစကနေ ပြန်ပြောမယ် “

ရှင်သာမဏေ အသုံးအနှုံးနှင့်မရင်းနှီးသေးသော ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့ ပြဿနာတက်နေခြင်း‌ပင်။သူတို့ သည် ရေအိုးစင်ရွာအလှူတွင်ရှင်ပြုပြီး ရေအိုးစင်ရွာဦး‌ကျောင်းတွင် နေရမည်ဖြစ်သည်။ကိုရင်နှစ်ပါးသည် မောင်ဘိုးထင်အား ကျောင်းတွင် နေထိုင်ခိုင်းသော်လည်း မောင်ဘိုးထင်သည်ကား ကျောင်းတွင် မနေလိုပေ။မောင်ဘိုးထင် ကျောင်းတွင် မနေချင်ရသည့်အကြောင်းရင်းမှာ ဘုန်းကြီးနှင့် မျက်နှာချင်းမဆိုင်လိုဖြစ်သည်။ထို့ကြောင့် ကိုရင်နှစ်ပါး၏တောင်းဆိုမှုကို အင်တင်တင်ဖြစ်နေသည်။

“ငါ ဒီမှာတော့ နေချင်ပါတယ်ကွာ ဘုန်းကြီးနဲ့ မတွေ့ချင်ဘူး “

“ဟေ့ကောင် ငါလို့မပြောရဘူးလေကွာ တပည့်တော်လို့ပြော”

“မပြောဘူးကွာ မကျေနပ်ရင် ပြန်မယ်”

‌‌မောင်ဘိုးထင်သည် သစ်သားကျောင်းလေးပေါ်တွင် ထိုင်နေရင်းမှ ပြန်မည့်ဟန်ပြင်လိုက်သဖြင့် ကိုရင်သာအေးမှ တားဆီးလိုက်လေသည် ။

“ကိုရင်ပေတူးကလည်း သူပြောတတ်သလို ပြောပါစေ “

“အေးပါကွာ ဘိုးထင် မင်းပြောတတ်သလိုသာ ပြောတော့ “

ကိုရင်ပေတူးမှ ထိုသို့ပြောလိုက်‌သောအခါမှ မောင်ဘိုးထင် မတ်တတ်ရပ်နေရာမှ ပြန်ထိုင်လိုက်ပြီး

“နေဆို နေပေးမယ် ဒီနေ့တော့ မဟုတ်ဘူး အိမ်ပြန်ပြီး စောင်၊ ခေါင်းအုန်း ပြန်ယူလိုက်ဦးမယ် “

“ဘုန်းကြီးကျောင်းက ပေးထားတာ ရှိသားနဲ့ကို “

“ပေးလည်း ငါ မအိပ်တတ်ဘူးကွ ပြန်လိုက်ဦးမယ် မနက်ဖြန်မှ ပြန်လာခဲ့မယ် “

“ဟေ့ကောင် ပြန်‌လာမှာရော ဟုတ်လို့လား “

“မင်းတို့က ဘာဖြစ်နေကြတာလဲ ခုနှစ်ရက်လေးဝတ်ရမှာကို ကဲ နေခဲ့တော့ တော်ကြာ ဘုန်းကြီးလာရင် ငါ့ကို စကားလာပြောနေမှ ခက်မယ် “

မောင်ဘိုးထင်သည် ပြောပြောဆိုဆို ကျောင်း‌ပေါ်မှ ဆင်းသွားရာ ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့ ကျောင်းပေါက်ဝအထိ လိုက်ပို့ပေးလိုက်ကြပါလေတော့သည် ။

◾အခန်း (၂)

မောင်ဘိုးထင်တယောက် အိမ်ရှေ့ကွပ်ပျစ်တွင် နဖူးပေါ်လက်တင်ပြီးစဥ်းစားနေလေသည်။ထိုအချိန် အိမ်ထဲသို့ ဦးအုန်းတယောက် ဆိုက်ဆိုက်မြိုက်မြိုက်နှင့် လမ်းလျှောက်လို့လာပြီး မောင်ဘိုးထင်အိပ်နေသော ကွပ်ပျစ်တွင် ဝင်ထိုင်လိုက်ရင်းက စကားဆိုလာလေသည်။

“ကောင်လေး တယောက်တည်းပျင်းနေရင် အိမ်ကို လာနေပါလားကွ”

“ရပါတယ် အဘရာ ကျုပ်အေးအေးဆေးဆေးနေချင်လို့”

“အေး အဲ့တာတော့ ဟုတ်တယ်ကွ မင်းအိမ်က အေးအေးလူ လူရှိတယ် ငါ့အိမ်ကတော့ မင်းသိတဲ့အတိုင်းပဲ ရွာထဲမှာဆိုတော့ နားတော့ပူမယ်ဟေ့”

“ဟိုကောင်‌တွေက ကျုပ်ကိုခေါ်ထားတယ် အဘ”

“ဘယ်ကောင်တွေတုန်း “

“ကိုရင်ဝတ်သွားတဲ့ကောင်တွေလေ အဘ”

“ဟိုကောင်တွေလို့မပြောနဲ့ကွ ကိုရင်တွေလို့ ပြော”

“ကျုပ် အဲ့‌ဒီနေရာကို မသွားချင်ဘူးဗျာ စိတ်ထဲမှာ တမျိုးကြီးပဲ “

“အင်း တကယ်တော့လည်း မင်းနဲ့ မသက်ဆိုင်တဲ့နေရာပဲလေကွာ မသွားချင်ရင် မသွားနဲ့ပေါ့ ခုနှစ်ရက်တည်းကို “

“အဲ့တာဆို ကျုပ် မသွားတော့ဘူးဗျာ”

“အေး အေး မင်း ဘာဟင်းချက်တုန်း “

“ဘာမှမချက်ရသေးဘူး “

“အေး မင်းလည်း အလုပ်ရှုပ်နေတာနဲ့ အိမ်မှာမွေးထားတဲ့ကောင်တွေကို ဘာမှမကျွေးဖြစ်ဘူးမလား”

“ဟုတ်တယ် အဘရေ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဘာမှမကျွေးဖြစ်ဘူး “

“အေး နက်ကြီးဆိုတဲ့ကောင် ရွာတောင်ပိုင်းက မောင်သိန်းကိုလုပ်ထားတယ်နော် ငါသွားတားထားလို့ မင်းကောင်တွေ မလွယ်ဘူး”

“ကျုပ် ဂရုစိိုက်လိုက်ပါ့မယ် အဘ “

“အေး အေး အဲ့ဒီကောင်တွေကို ကျွေးပြီးဆုံးမလိုက်ဦး “

“ဟုတ်ကဲ့ပါ အဘ”

ဦးအုန်းသည် မောင်ဘိုးထင်အား ဆုံးမစရာရှိသည်များကိုဆုံးမလို့နေသည်။သူတို့နှစ်ယောက်စကားပြောနေစဥ် ရေအိုးစင်ရွာမှ ဦးကဲနှင့် ပန်းချီငိုတို့ အိမ်ဝိုင်းထဲသို့ဝင်လာကြသည်။သူတို့ သည် အလှူတွင် ဟင်းလိုက်သည့်ချိုင့်ကြီးကို တယောက်ကဆွဲ လာပြီး ထမင်းတောင်းကိုဖြင့် နောက်တယောက်က ထမ်းလာကြသည်။ထို့နောက် မောင်ဘိုးထင်တို့ထိုင်နေသောကွပ်ပျစ်ပေါ်သို့ ချိုင့်နှင့် တောင်းကြီးကိုချလိုက်ချိန် ဦးအုန်းမှ ဦးကဲအား မကြည့်သလိုကြည့်လိုက်ပြီး

“ဟေ့ကောင် ငကဲ မင်း ဘာလာလုပ်တာလဲ “

“ငါ့ဘာသာ ဘာလာလုပ်လုပ်ပေါ့ မင်းအပူပါလား မိန်းမစိတ်နဲ့ကောင် ဒီရောက်နေမှန်းသိရင် မလာပါဘူး “

“မလာချင်ရင် ပြန်လေ “

“မင်းဆီလာတာ မဟုတ်ဘူး ကောင်လေးဆီလာတာ “

အသက်ကြီးဆုံးလူကြီးနှစ်ယောက် စကားများရန်ဖြစ်နေ‌ သောကြောင့် မောင်ဘိုးထင်နှင့် ပန်းချီငိုတို့နှစ်ယာက် ဆွဲထားလိုက်ရသေးသည်။ထို့နောက် ပန်းချီငိုသည် လာရင်းကိစ္စအား ပြောပြလိုက်၏။

“ဒီလို ဦးအုန်းရ အလှူမှာပိုတဲ့ အလှူဟင်းနဲ့ အလှူထမင်းကို ရွာနီးချုပ်စပ်တွေ လိုက်ဝေပေးနေတာ “

“သြော် အေး ငါ ပြန်တော့မယ်ကွာ ကျက်သရေမရှိတဲ့ ကောင်အနား မနေချင်ဘူး ဘိုးထင် မင်း အိမ်‌ပေါ်က အုပ်တလုံးသွားယူစမ်း “

ဦးအုန်းသည် ဦးကဲကိုစောင်းငဲ့ကြည့်ကာ စောင်းမြောင်းပြော နေရင်းက မောင်ဘိုးထင်အား ခိုင်းလိုက်ခြင်းဖြစ်သည်။များမကြာသောအချိန်တွင် မောင်ဘိုးထင်သည် အုပ်တလုံးကိုယူလာလေသည်။အုပ်ရလာသည်နှင့် ဦးအုန်းသည် ထိုအုပ်ကိုယူလိုက်ပြီး ပန်ချီငိုရှေ့၌ ထိုးပေးလိုက်ကာ

“ဟေ့ကောင် ထမင်းထည့်ပေးဦး “

“ဟုတ်ကဲ့ “

‌ပန်းချီငိုလည်း ထမင်းထည့်ပေးလိုက်လေသည်။ထို့နောက် ဦးအုန်းသည် ဦးကဲကိုမကြည့်ပဲ အရှေ့သို့ အုပ်ကိုထိုးပေးလိုက်ပြီး

“ငကဲ ဟင်းထည့်စမ်း “

အပေါ်စီးမှပြောဆိုဆက်ဆံလာမှုကြောင့် ဦးကဲတယောက် မကျေမနပ်ဖြင့် ဇွန်းဖျားလေးဖြင့်သာ ဟင်းကိုခပ်ထည့်ပေး လိုက်ပြီး အဖုံးကိုအုပ်ပေးလိုက်လေသည်။ထို့နောက် ဦးအုန်းသည် ရင်ကော့ပြီး ပန်းချီငိုအား နှုတ်ဆက်လိုက်သည်။

“ပန်းချီငို ငါ သွားတော့မယ် တချို့ကောင်တွေကိုတော့ မမြင်ချင်လို့ ကြည့်ကိုမကြည့်တော့ဘူး “

“အဘ အဘ အုပ်”

‌မောင်ဘိုးထင်သည် ဟင်းမပါသေးကြောင်းပြောမည်ပြင်ရာ ဦးကဲမှ မျက်ရိပ်ပြပြီး ‌သတိပေးထား၍ ဘိုးထင်ထံမှ နောက် ထပ်စကား မထွက်လာပေ။ထိုအခါ ဦးအုန်းသည် မောင်ဘိုးထင်အား လှည့်ကြည့်လိုက်ပြီး

“ဘိုးထင်က မင်း သူ့အုပ်ပြန်လာမပေးမှာစိုးလို့နေမှာပေါ့”

“ဟေ့ကောင် ဘိုးထင် မင်းက ငကဲပြောသလို ပြောချင်တာလား “

“မဟုတ်ပါဘူး အဘရာ ကျုပ်က အဘသုံးချင်တာသုံးဖို့ အုပ်ယူထားလို့ပြောမလို့ပါ “

မောင်ဘိုးထင်၏စကားကြောင့် ဦးအုန်းကျေနပ်သွားပြီး အိမ်ဝိုင်းအပြင်သို့ ထွက်သွားလေသည်။ထိုအခါမှ ဦးကဲသည် တဟီးဟီးနှင့် ထရယ်ပြီး

“ငအကြီး တော်တော်တုံးတဲ့ ငတုံးကောင် အဲ့တာကြောင့်မို့ မိန်းမ မရတာ “

သဘောကျစွာရယ်မောနေသော ဦးကဲအား မောင်ဘိုးထင်နှင့် ပန်ချီငိုတို့ ကြည့်ရင်း ခေါင်းကိုအသာအယာခါရမ်းနေမိပါလေတော့သည် ။

◾အခန်း (၃)

‌ရေအိုးစင်ရွာ၏ရွာဦးဘုန်းကြီးကျောင်းသည် ကျယ်ဝန်းပြီး သစ်ပင်ကြီးသစ်ပင်ငယ်များဖြင့် အတော်အရိပ်အာဝါသကောင်းသော ကျောင်းတကျောင်းဖြစ်သည်။ကျောင်းကြီးကျောင်းငယ်အသွယ်သွယ်တို့နှင့် စည်စည်ကားကားရှိလှသောကျောင်းတကျောင်းလည်း ဖြစ်ပေသည်။ရေအိုးစင်ရွာသည်အုပ်စုရွာကြီးတရွာဖြစ်ပြီး စည်ကားသောကြောင့် ရေအိုးစင်ရွာဦးကျောင်း တိုးတက်သည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ကျောင်းထိုင်ဘုန်းကြီးဖြစ်သည့် ဦးသောဘိတမှာ သဘောမနေကောင်းပြီး ဒကာ၊ဒကာမများနှင့် သမမျှတစွာဆက်ဆံသောဘုန်းတော်ကြီးတပါးဖြစ်သည်။ချမ်းသာသူတမျိုး ကျောမွဲတမျိုးဆက်ဆံတတ်သည့် ဘုန်းတော်ကြီးမဟုတ်သောကြောင့် ရွာသားအားလုံးကြည်ညိုကိုးကွယ်ကြသော ဆရာတော်တပါးဖြစ်၏။ကျောင်း၏ဝေယျာဝစ္စများကို အဓိကတာဝန်ယူသူနှစ်ယောက်ရှိ၏။တယောက်မှာ ကပ္ပိယကြီးဦးလူးဖြစ်ပြီး နောက်တယောက်မှာ ကိုရင်ကြီး ဇဝနဖြစ်၏။ယခုလည်း သူတို့သည် များပြားလှသော ကိုရင်များကို နေရာထိုင်ခင်းချပေးနေကြသည်။ကိုရင်လေးများမှာ တောသားများမို့ မိဘများမှ ကျောင်းတွင်စိတ်ချလက်ချထားကြသည် စိတ်မချ၍ ကျောင်းသို့လိုက်ပါအိပ်ကြသူ မရှိချေ။ကိုရင်များမှာလည်း လူဝတ်ကြောင်ဘဝကတည်းက လူကြီးတရပ်မျှနစ်သော ချောင်းထဲတွင် ရေကူးသူ ကူး တောထဲ ငှက်ပစ်သူက ပစ်ကြသူများဖြစ်ရာ စိတ်မချစရာတခုမှမရှိပဲ တယောက်နှင့်တယောက် အငြင်းအခုံလုပ်ကြသလောက်သာရှိ၏။ထိုအရာများကြောင့်လည်း ကိုရင်ဝတ်သည့် သက်တမ်းတရက်မပြည့်ခင်မှာပင် အချင်းချင်းစကားများငြင်းခုံနေကြပြီဖြစ်သည်။

“ကိုရင်ဂျပု မင်းခေါင်းက ငါ့ခေါင်းလောက် မပြောင်ဘူး”

“ပြောင်ပါတယ်ဟ “

“နားနောက်မှာ ဆံပင်တွေရှိတယ် “

“ဟိတ်ကောင် အဲ့တာ အမှတ်ဟ “

“ခေါင်းပြောင်တယ် ထားလိုက်ဦး သင်္ကန်းကလည်း ငါ့လောက် မသစ်ဘူး”

“သစ်တယ် မင်းမျက်လုံးကန်းနေလား”

“မသစ်ဘူး မင်းသင်္ကန်းက ငါ့လောက် မရဲဘူး”

ကိုရင်လေးများမှာ သင်္ကန်းဝတ်ခါစဖြစ်နေသည်က တကြောင်း၊ကျောင်းသို့အရောက်အပေါက်နည်းသူများဖြစ်နေသည်က တကြောင်းမို့ စကားပြောဆိုသောအခါ ချက်ချင်းပြင်၍ မပြောနိုင်ကြပဲ လူကဲ့သို့သာပြောကြဆိုကြလေသည်။ ထိုသို့သောကိစ္စရပ်များကြောင့် ကိုရင်များ ဧကသီများချွတ်ချကြသည်ကို ကပ္ပိယကြီးနှင့် ကိုရင်ကြီးတို့ခွဲပေးနေရသည်။ဟိုအနားသွားခွဲလိုက်ရ ဒီအနားသွားခွဲလိုက်ရနှင့် အဆင်မချော သောကြောင့် ကိုရင်ကြီးစာရင်းဝင်နေပြီဖြစ်သော ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့အား အခြားကိုရင်လေးများကိုထိန်းဖို့ရာအတွက် ရွာဦးကျောင်းမှ အမြဲနေကိုရင်ကြီးမှ တာဝန်ပေးရလေတော့သည်။

“ကိုရင်ကြီး နှစ်ပါး “

“ဗျာ “

“ဘုရားလို့ ထူးရမှာ”

“ဘုရား”

“ကိုရင်တို့နှစ်ပါး တခြားကိုရင်တွေကိုရန်မဖြစ်အောင် ကူထိန်းစမ်းပါ ဆုံးမသင့်တဲ့ကိုရင်ကို ဆုံးမလိုက်”

“ဟုတ်ကဲ့ “

“တင်ပါ့လို့ ပြောရတယ် မှတ်ထား”

“တင်ပါ့”

ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့သည်လည်း ဘုန်းကြီးနှင့် စကားပြောဖူးသည်မှာလက်ချိုးရေလို့ရပြီး နောက်ဆုံးအခေါက် ဘုန်းကြီးနှင့် စကားပြောခဲ့ခြင်းမှာ ပြီးခဲ့သောနှစ်ကဖြစ်သည်။ ကျောင်းမှသရက်သီးများကို စိမ်းတောင်းစိန်းမှည့်သရက်သီးနှင့်ပစ်ချနေသောကြောင့် ဘုန်းကြီးမှ ခေါ်ယူဆုံးမခဲ့ခြင်းဖြစ်၏ ။ထို့အတွက် ယခု သံဃာတော်များနှင့် စကားဆိုရာ၌ အလွဲလွဲ အမှားမှားဖြစ်နေခြင်းဖြစ်သည်။

ထို့နောက် သူတို့နှစ်ပါးသည် ကိုရင်ကြီး၏ခိုင်းစေမှု့ဖြင့် များပြားသော ကိုရင်လေးများကို ထိန်းကျောင်းဖို့ဖြစ်လာခဲ့ကြလေသည်။သူတို့နှင့် အရွယ်မတိမ်းမယိမ်း အချို့ကိုရင်များမှာဖြင့် သူတို့နှစ်ပါးအား မလေးမခန့်ပြုချင်ကြသည်။ထိုအခါ ကိုရင်ပေတူးသည် လေသံခပ်ကျယ်ကျယ် မျက်လုံးအကြည့်စူးစူးဖြင့် စကားဆိုတတ်သည်။

“မင်းတို့ကောင်တွေကိုပြောချင်လို့ ပြောနေတယ်များ မှတ်နေလား ငါတို့က တာဝန်အရပြောနေရတာ ငါတို့မပြောရင် ဟောဟိုက လူမိုက်ကိုရင်ကြီးက မင်းတို့ရဲ့ချောင်နေတဲ့ ခေါင်းတွေကို သူ့ရဲ့လူသတ်လက်လို့ခေါ်တဲ့ ပုတိုတိုလက်ဆစ်နဲ့ ခေါက်မှာ အဲ့တာကို မင်းတို့ သိလား”

“မင်းတို့မသိလို့နော် အဲ့ဒီကိုရင်ကြီးက တော်တော်စိတ်တိုတာ ရုပ်ကိုကြည့်ပါလား မထင်ရင် မထင်သလိုလုပ်မဲ့ ရုပ် မင်းတို့မယုံရင် ငါ လှမ်း‌မေးပြမယ် “

ကိုရင်သာအေးသည် ကိုရင်ပေတူး၏စကားကို ထောက်ခံလိုက်ပြီး ခပ်လှမ်းလှမ်းမှကိုရင်လေးများကို ကပ္ပိယကြီးနှင့်အတူပြောဆိုဆုံးမနေသော ‌ကိုရင်ကြီးကိုလှမ်းလက်ထောင်ပြလိုက်သည်။ထိုအခါ ကိုရင်ကြီးသည်လည်း ပြန်၍လက်ထောင်ပြလိုက်လေရာ ပေတူးမှာ အနီးရှိ ကိုရင်များအား စကားထပ်ဆိုလေသည်။

“ကိုရင်သာအေးကို လက်လှမ်းထောင်ပြတာတွေ့လား”

တွေ့တယ် “

“အဲ့တာ တို့ကို ဘာလှမ်းပြောတာထင်လဲ “

“မသိဘူးလေ”

“ပြောမရရင် လက်နဲ့ လုပ်ထည့်လိုက်တဲ့ကွ “

ပေတူး၏စကားကြောင့် ကိုရင်များသည် အနည်းငယ်လန့်လာကြပြီး ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့အား ကျေးဇူးပင်တင်နေကြသည် ။

“အဲ့တာဆိုရင်တော့ တော်သေးတာပေါ့ ကိုရင်တို့နှစ်ပါး ပြောပြလို့သာပဲ “

“ဟုတ်ပါ့ ဟုတ်ပါ့ ‌နောက်နေ့ကစပြီး တို့တွေ ကိုရင်သာအေးနဲ့ ကိုရင်ပေတူးတို့စကားကို နားထောင်ရမယ်‌”

ထိုစကားကြောင့် ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့သည် တ‌ယောက်မျက်နှာတယောက်ကြည့်ကာ သဘောကျလို့နေပါလေတော့သည် ။

◾အခန်း (၄)

‌ရေအိုးစင်ဘုန်းတော်ကြီးကျောင်းပေါ်တွင် ဆရာတော်၊ကိုရင်ကြီး၊ကပ္ပိယကြီးနှင့် ကိုရင်များ ဘုရားရှိခိုးနေကြသည်။သြကာသသာရသော ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့သည် ရှေ့ဆုံးမှနေ၍ ဘုရားရှိခိုးနေသည်။သူတို့နှစ်ယောက်သည် သြကာသထက်ပိုသော ဘုရားရှိခိုးစာပိုဒ်များကိုမရသောကြောင့် ရောချလို့နေလေသည်။အချိန်အတော်ကြာဘုရားရှိခိုးပြီးသွားသော အခါ ဆရာတော်သည် ကိုရင်များအား ဆုံးမစကားပြောကြား ပြီး တရားထိုင်ခိုင်းလေသည်။ထိုအချိန်သည် ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့နှစ်ယောက်အတွက် အခက်ခဲဆုံးအချိန်ဖြစ်လေသည်။ငါးမိနစ်ပြည့်အောင်ပင် ငြိမ်ငြိမ်မထိုင်နိုင်သော သူတို့နှစ်ယောက်အတွက် တနာရီဆိိုသောအချိန်သည် နာရီပေါင်းတထောင်လောက်ပင်ဟု ထင်နေမိသည်။ဆရာတော်၊ ကိုရင်ကြီးနှင့် ကပ္ပိယကြီးမှလွဲ၍ ကိုရင်များသည် မည်သူမှ ကောင်းမွန်စွာတရားမထိုင်နိုင်ကြပေ။ဆရာတော်ကိိုကြောက်၍သာ တရားထိုင်ကြသောကိုရင်လေးများမှာ ခေါင်းငိုက်စိုက်နှင့် အိပ်ပျော်သူက အိပ်‌ပျော် အိပ်ငိုက်သူက အိပ်ငိုက်နှင့်ဖြစ်နေကြသည်။ ကျောင်းတိုင်တွင်ချိတ်ထားသောချိန်သီးနာရီကြီးမှ အော်သံမြည်လာသောအခါမှ ဆရာတော်သည် ကိုရင်လေးများအားတရားဖြုတ်‌ပေးပြီး အိပ်ယာဝင်စေသည်။ကိုရင်များအားလုံးသည် ကျောင်းကြီးပေါ်၌ အိပ်ကြမည်ဖြစ်သော်လည်း ကိုရင်ပေတူးနှင့် ကိုရင်သာအေးမှာမူ ‌ကျောင်းဝန်းအစွန်ရှိ ကျောင်းတွင်အိပ်ကြရမည်ဖြစ်သည်။ယခု သူတို့နှစ်ယောက်အနားသို့ ကိုရင်ကြီးနှင့် ကပ္ပိယကြီးတို့ရောက်လာပြီး စကားဆိုလေသည်။

“ကိုရင်နှစ်ပါး”

“ဘုရား “

“ကိုရင်တို့ ဟိုကျောင်းမှာ မအိပ်ချင်ရင် ဒီမှာ အိပ် ဒီမှာတော့ နည်းနည်းဆူမယ် ကျပ်မယ် “

“ရတယ် ကျုပ်တို့ အဲဒီကျောင်းမှာပဲ သွားအိပ်တော့မယ် “

“အဲ့တာဆိုလည်း သွားကျိန်းကြတော့ မနက်‌‌အစောထရမယ် ကိုရင်တို့က ကျောင်းဝေယျာဝစ္စလုပ်ကြရမယ် “

“တင်ပါ့ ဘုရား”

ကိုရင်နှစ်ပါးသည်လည်း ‌ကျောင်းကြီးပေါ်မှဆင်းပြီး သူတို့နေထိုင်မည့် ကျောင်းဆီသို့ ကြွသွားလေသည်။ထို့နောက် အတန်အသင့်ကျယ်သော သစ်သားကျောင်း‌လေးပေါ်သို့ တက်သွားလိုက်ပြီး အသင့်ရှိသောမီးအိမ်ကိုမီးထွန်းလိုက်ပြီး မအိပ်ကြသေးပဲ စကားဆိုလိုက်ကြသေးသည်။

“ကိုရင်ပေတူး ဟိုကောင် ဘိုးထင်တော့ လာမဲ့ပုံမပေါ်‌ဘူး”

“ဒီကောင် မနက်ကတည်းက ပြန်လာချင်တာမှမဟုတ်တာ “

“အပြစ်တော့လည်း ပြောမရဘူး သူ့တတ်တဲ့ပညာနဲ့ ကျောင်းနဲ့က လားလားမှမဆိုင်ဘူးလေ အဲ့တော့ အနေခက်နေမှာပေါ့ “

“အင်း ငါလည်း ဒီကောင်မရှိတော့ ပျင်းနေတယ်ကွာ “

သူတို့သည် အချိန်အတန်ကြာစကားပြောပြီးနောက် ကိုရင်တပါး၏ဗိုက်ထဲမှ အော်မြည်သံကို နောက်ကိုရင်တပါးကကြားလိုက်လေရာ ကိုရင်နှစ်ပါး အချင်းချင်းကြည့်လိုက်မိပြီး ကိုရင်ပေတူးမှ အမေးစကားဆိုလေသည်။

“သာအေး ဗိုက်မဆာဘူးလား “

“ဆာတာပေါ့”

“ကိုရင်ဖြစ်နေပြီဆိုတော့ ညစာမစားရဘူးကွ”

“အစောကတော့ မဆာပါဘူး အခုမှဆာလာတာ “

“အဲ့တာဆို စားစရာတခုခုသွားတောင်းရအောင် “

“အခုအချိန် ကိုရင်ကြီးက အိပ်ရင်အိပ်နေမှာ “

“အိပ်နေတော့လည်း ကိုယ့်ဘာသာ ရှာစားတာပေါ့ ဗိုက်က တော်တော်ဆာလာပြီ “

“ရှာတာတော့ ဟုတ်ပါပြီ မစားကောင်းတာ စားကောင်းတာ မင်းသိလို့လား”

“သိပါတယ်ကွာ ထမင်းနဲ့ ဟင်းမဟုတ်ရင် ကျန်တာအကုန်စားလို့ရတယ် “

“ဟေ့ကောင် မဟုတ်ဘူးနဲ့တူတယ်နော်”

“မင်းကလည်း ငါ လေ့လာထားပါတယ်ကွ ညစာပဲမစားရတာ ကျန်တာစားလို့ရတယ် “

“အေးကွာ အဲ့တာဆိုလည်း ကိုရင်ကြီးဆီသွားကြတာပေါ့ “

ကိုရင်နှစ်ပါးသည် သူတို့၏ကျောင်းလေးမှ ထွက်လိုက်ပြီး ကိုရင်ကြီးရှိရာ ကျောင်းကြီးဆီသို့ သွားလိုက်ကြသည်။ ကျောင်းကြီးပေါ်တွင်တော့ အောက်လင်းဓာတ်မီးကြီးထွန်းထားပြီး မီးရောင်အောက်တွင် ကိုရင်ကြီး၊ကပ္ပိယကြီးနှင့် ကိုရင်လေးများအိပ်ပျော်နေကြသည်။တောသဘာဝမို့ စောစောအိပ်ကြသည်မှာ ထုံးစံပင်ဖြစ်၏။ကိုရင်သာအေးနှင့် ကိုရင်ပေတူးတို့သာ အိပ်မပျော်ဖြစ်နေကြသည်။သူတို့သည် နေ့လည်တွင်ထမင်းအဆာခံနိုင်ကြပြီး ညတွင်တော့ အဆာမခံနိုင်ကြပေ ။ မောင်ဘိုးထင်၏အိမ်တွင်နေစဥ်ကတည်းကပင် နေ့လည်စာကို စားချင်မှသာစားပြီး ညစာကိုတော့ ကောင်းကောင်းမွန်မွန်ချက် ပြုတ်စားသောက်သည့်အကျင့်ဖြစ်နေခြင်းကြောင့်လည်း ပါ သည်။ထို့နောက် ကိုရင်နှစ်ပါးသည်လည်း ကျောင်းအောက်ကိုပြန်ဆင်းလာခဲ့လိုက်ကြပြီး သူတို့၏ကျောင်းလေးသို့သွားကာ မီးအိမ်ယူပြီး ဆွမ်းစားကျောင်းဆောင်ဆီသို့သွားလိုက်ကြ၏။ထို့နောက် ဆွမ်းစားကျောင်းဆောင်ထဲရှိ ကြောင်အိမ်ကို ဖွင့်ကြည့်လိုက်သည်။အလှူမှကျွေးသော ဆွမ်းနှင့် ဆွမ်းဟင်းများကိုမြင်သည့်အခါ ကိုရင်သာအေးမှ ကိုရင်ပေတူးကိုကြည့်လိုက်ပြီး စကားဆိုလေသည်။

“ထမင်းတွေတော့ရှိတယ် ပေတူး ငါတို့ စားလိုက်ကြမလား”

“စိတ်ထိန်းစမ်းပါကွာ ဝတ်မှာက ခုနှစ်ရက်တည်း ဒါကိုတော့ရှောင်ကိုရှောင်ရမယ် ဘုန်းကြီးကလည်း သေချာမှာထားတယ် ဘာရှိသေးလဲ ထပ်ရှာကွာ “

ကိုရင်ပေတူး၏စကားကြောင့် ကိုရင်သာအေးလည်း မီးအိမ်နှင့် ‌ကြောင်အိမ်အထပ်များကို သေချာကြည့်လိုက်ပေမဲ့ မြေပဲနှင့် ထန်းလျက်ကလွဲ၍ပြီး တခြားမည်သည့်စားစရာကိုမှမတွေ့ပေ။

“ထန်းလျက်နဲ့ မြေပဲ ရှိတယ်ကွ ထမင်းတွေပဲ စားလိုက်ကြအောင်ကွာ “

“မဖြစ်ဘူးကွ ထန်းလျက်နဲ့ မြေပဲတွေပဲ ယူခဲ့ကွာ “

“ဘယ်လောက်ယူရမှာလဲ “

“တို့ယူမှန်း မသိအောင် အကုန်ယူခဲ့ကွာ “

“မင်းမေကြီးတော်”

“သာအေး ငါတို့က ကိုရင်ဝတ်နဲ့နော် သတိလည်းထားဦး”

“အေးပါကွာ ငါ သိပါတယ်”

ကိုရင်သာအေးသည် ထန်းလျှက်ထည့်ထားသော ထန်းခေါက်ဖာလေးကိုယူလိုက်ပြီး ပဲလှော်များကိုလည်း သင်္ကန်းထဲ ထည့်ယူလာကြလေသည်။ထို့နောက် သူတို့သည် သစ်သားကျောင်းဆောင်လေးပေါ်သို့ ပြန်ကြွလိုက်ပါလေသည်။

◾အခန်း (၅)

“ထန်းလျက်စားပြီး ရေသောက်တာ ဗိုက်ထဲမှာ ဂလုံးဂလုံးဖြစ်နေပြီ “

“ငါကတော့ ပဲကြီးလှော်တွေစားပြီး ဗိုက်ပွနေပြီကွာ “

“ဘိုးထင် ဘိုးထင် ဒီကောင် သိပ်ရက်စက်တယ် တို့ကိုရင်ထွက်ရင် အဲ့ကောင်ကို မခေါ်နဲ့ကွာ “

“အေး မခေါ်ဘူး စိတ်ချ”

“တော်တော်ဆိုးပါတယ်ကွာ ငါတို့ကတော့ သူ့ကို ခင်လို့ လာပါ လာပါဆိုပြီးခေါ်တာ ဒင်းက‌‌တော့ ငါတို့ကို ပစ်ထားတယ် “

“အေးကွာ”

ကိုရင်နှစ်ပါးသည် ဗိုက်ဆာ၍ အဆာပြေစားသော ထန်းလျက်နှင့် ပဲကြီးလှော်ကို ခံတွင်းမတွေ့လှပဲ ထမင်းကိုသာစားချင်နေ၏။ထို့အတွက် စိတ်မကျေမနပ်ဖြစ်နေပြီး သူတို့ခေါ် သည်ကို မလာပဲနေသော ဘိုးထင်ကိုသာ မကျေမနပ်ရေရွတ်နေခြင်းဖြစ်သည်။ထို့နောက် ကိုရင်နှစ်ပါးသည် အိပ်ယာတွင် လှဲချလိုက်ပြီး ‌မီးအိမ်ထဲမှ မီးခွက်ကိုမှုတ်လိုက်လေသည်။မီးအိမ်၏ အလင်းရောင်ပျောက်သွားသည်နှင့် ကျောင်းလေးသည် မှောင်အတိကျသွားလေသည်။ကိုရင်နှစ်ပါးသည် အိပ်မပျော်သော် လည်း မျက်စိကိုမှိတ်ထားကြသည်။သူတို့နှစ်ပါးသည် အပေါင်းအသင်းဖြစ်သူ မောင်ဘိုးထင်မရှိသောကြောင့် စိတ်ထဲတွင် တခုခုလိုအပ်နေသကဲ့သို့ ခံစားနေရသည်။ထိုသို့တောင်တွေးမြောက်တွေးနှင့် အိပ်မပျော်ဖြစ်နေစဉ် သူတို့၏ခေါင်းရင်းမှ ကာရံထားသောပျဥ်ချပ်များကို လက်နှင့်ပုတ်ပြီး ပြောလာသည့် အသံတသံက ထွက်ပေါ်လာလေသည်။

“ကိုရင်တွေ အိပ်ပြီလား”

တိတ်ဆိတ်နေသည့်အချိန်၌ ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ကိုရင်နှစ်ပါးငုတ်တုတ်ထထိုင်လိုက်ကြပြီး အချင်းချင်းကြည့်လိုက်ကာ

“ဘယ်သူ့အသံတုန်းကွ ပေတူးရ”

“ကပ္ပိယကြီးပဲနေမှာပေါ့ ကိုရင်ကြီးနဲ့ ဘုန်းကြီးတော့ မဟုတ်လောက်ဘူး”

“အေး ဟုတ်မယ် “

သူတို့သည် အချင်းချင်းစကားပြောလိုက်ပြီးနောက် သူတို့အားလှမ်း၍မေးသော ကျောင်းခေါင်းရင်းမှအသံရှင်အား လှမ်း၍ဖြေလိုက်လေသည်။

“အိပ်တော့မလို့ “

“အေး အေး အိပ်အိပ်”

အသံရှင်သည် ထိုမျှသာပြောပြီး လမ်းလျှောက်ထွက်သွားသည့် ခြေသံထွက်ပေါ်လာလေသည်။ထိုအခါမှ ကိုရင်နှစ်ပါးတို့ သည်လည်း ပြန်လည်၍အိပ်လိုက်ကြပြန်သည်။သို့‌သော် အိပ်ပျော်လုပျော်ခင်ဖြစ်နေချိန်

“ကိုရင်တွေ အိပ်ပြီလားဟေ့”

ကျောင်းခေါင်းရင်းမှ ကာထားသောပျဉ်ချပ်များကိုပုတ်ကာ ပြောလာသော ခပ်ကျယ်ကျယ်အသံက ထပ်မံထွက်ပေါ်လာပြန် သည်။ထို့အတွက် ကိုရင်နှစ်ပါးသည်လည်း အိပ်မပျော်နိုင်ပဲ မျက်လုံးပြန်ဖွင့်လိုက်ရင်းက အနည်းငယ်စိတ်အလိုမကျဖြစ်သွားကြသည်။ထိုအတွက် ကိုရင်ပေတူးသည် စိတ်မရှည်တော့ပဲ ကျောင်းပြင်မှ မေးနေသောသူအား ပြန်ဖြေလိုက်လေ၏။

“အိပ်တော့မလို့ဗျ ခင်ဗျားက လာ လာနိုးသလိုဖြစ်နေတယ် “

“အေး အေး အဲ့တာဆို အစကပြန်အိပ်ပေါ့ကွာ “

အပြင်မှမေးသူသည် ထိုသို့ပြန်လည်ပြောဆိုကာ ခြေသံတရှပ်ရှပ်နှင့် ထွက်သွားပြန်သည်။နှစ်ခါရှိပြီမို့စိတ်မရှည်တော့သည့် ကိုရင်နှစ်ပါးမှာ မီးအိမ်ကိုထွန်းပြီး နောက်တခါလာအမေးကို စောင့်ဆိုင်းလို့နေသည်။သူတို့မီးထွန်းပြီးစောင့်ဆိုင်းသော အခါ ကျောင်းခေါင်းရင်းမှအသံရှင်သည် နောက်ထပ်ရောက်မလာတော့ပါ။သို့ပေမဲ့ ထပ်လာလိုလာညားဟုတွေးကာ မီးခွက်ကို မငြိမ်းဘဲ ဆက်ထွန်းညှိထားလိုက်ကြလေသည်။များမကြာသောအချိန်တွင် ကိုရင်နှစ်ပါးအိပ်ချင်လာသဖြင့် မီးမှုတ်လိုက်ပြီး အိပ်ယာထဲဝင်လိုက်ကြရာ အိပ်ပျော်လုပျော်ခင်အချိန်တွင် အပြင်မှာလာမေးမြန်းသောသူ ရောက်ရှိလာပြီး အရင်အခေါက်များကဲ့သို့ မေးလာပြန်လေသည်။

“ကိုရင်လေးတွေ အိပ်ပြီလား”

ထိုသို့ထပ်မံမေးမြန်းလာသည့် ကျောင်းပြင်မှ အသံပိုင်ရှင်ကို ကိုရင်နှစ်ပါး အတော်ဒေါသထွက်နေမိသည်။ကပ္ပိယကြီးဖြစ်မည်ဟု တွေးထားသည့်အတွက် သူတို့နှစ်ပါး စိတ်လျှော့ထားခြင်းသာ ဖြစ်သည်။ထို့နောက် ကိုရင်နှစ်ပါးသည် စိတ်မရှည်နိုင်တော့ပဲ အိပ်နေရာမှထထိုင်လိုက်ပြီး ခေါင်းရင်းမှ မေးနေသောသူကို စိတ်ဆိုးမာန်ဆိုးနှင့် ပြန်ဖြေလိုက်လေသည်။

“ခင်ဗျားအိပ်ပြီလား အိပ်ပြီလားနဲ့ ဘာလို့ လာ လာမေးနေတာလဲ “

“ကိုရင်တို့အိပ်ရင် ကျောင်းပေါ်လာမလို့ပါ”

“ကျောင်းပေါ်လာချင်တာများ အိပ်ပြီလား အိပ်ပြီလား မေးနေရသေးတယ် အပေါ်တက်ခဲ့ရောပေါ့ “

“ကိုရင်တို့ တကယ်တက်ခိုင်းတာလား”

“တက်ခဲ့ဗျာ ခင်ဗျားက ကျုပ်တို့အိပ်ခါနီးတိုင်း မေးနေတာအဆင်မပြေဘူး “

“အဲ့တာဆို ကျုပ် တက်ခဲ့ပြီနော် “

“တက် တက် “

◾အခန်း (၆)

ကိုရင်နှစ်ပါးသည်လည်း စိတ်မရှည်ဖြစ်ကာ အပြင်မှအသံပိုင်ရှင်အား ကျောင်းပေါ်တက်ခိုင်းလိုက်ကြသည်။သူတို့၏စိတ်ထဲတွင်တော့ ကျောင်းပေါ်တက်လာမည့်သူမှာ ကပ္ပိယကြီးသို့မဟုတ် ရွာထဲမှ လူတယောက်ယောက်သာဖြစ်လိမ့်မည်အထင်ဖြင့် ဂရုမစိုက်ပဲ ကျောင်းတံခါးပေါက်ကိုသာ အိပ်ယာထဲမှ ထိုင်ကြည့်နေကြသည်။များမကြာသောအချိန်တွင်တော့ ကျောင်းလှေကားကိုတက်လာသည့်ခြေသံကို စတင်ကြားလိုက်ရပြီး ကန့်လန့်ထိုးထားခြင်းမရှိသည့် ကျောင်းတံခါးပေါက်မှာ ကျွီးခနဲမြည်သံပေးကာ တဖြည်းဖြည်းချင်းပွင့်လာလေ၏။တံခါးပွင့်လာသည်နှင့် မဲနက်နေသောခြေအစုံကို ကိုရင်နှစ်ပါးစတင်မြင်လိုက်ရသည်။ကိုရင်နှစ်ပါးသည် မီးအိမ်၏အလင်း ရောင်အောက်တွင် ကျောင်း‌ပေါ်တက်လာသောလူ၏ ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာမြင်လိုက်ရချိန် ပါးစပ်အဟောင်း သားဖြစ်သွားရသည်။အကြောင်းမှာ မျက်လုံးနှင့် သွားသာမြင်ရသော မဲနက်သည့်အသားအရည်မှာ ဖြူဖွေးသော ဖိုးသူတော်ဝတ်စုံနှင့် မလိုက်ဖက်သော လူတယောက်အား မြင်တွေ့နေရသောကြောင့်ဖြစ်သည်။ကိုရင်ပေတူးသည် ဖိုး‌သူတော်ကြီးအား စူးစိုက်ကြည့်ကာ

“ခင် ခင်ဗျားက ဘယ်သူတုန်း “

“ငါ့နာမည် သူတော်ဦးမဲလို့ခေါ်တယ် ကိုရင် “

“ခင်ဗျားက ဒီကျောင်းမှာနေတာလား”

“အေးလေ မင်းတို့နှစ်ပါး ဒီမှာနေလို့ ငါ အောက်ဆင်းပေးနေတာ မင်းတို့က တက်လို့ရတယ်ဆို‌လို့ တက်လာတာလေ “

“မဖြစ်နိုင်တာ ဒီ‌‌ကျောင်းမှာနေတဲ့သူ မရှိပါဘူး “

“ဟုတ်တယ် ကိုရင်ကြီး‌ပြောတာတော့ ဒီ‌ကျောင်းမှာနေတဲ့သူ မရှိဘူးတဲ့ “

ကိုရင်‌ပေတူး၏စကားကို ကိုရင်သာအေးမှလိုက်၍ထောက်ခံလိုက်ခြင်းပင် ဖြစ်သည်။ထိုအခါ သူတော်ဦးမဲသည် သဘော ကျစွာရယ်မောလိုက်ရင်း မတ်တတ်ရပ်နေရာမှ ထိုင်ချလိုက်ကာရယ်ရယ်မောမောနှင့်ပင် စကားဆိုလာလေသည်။

“ဒီကျောင်းမှာ ငါ နေတာ အနှစ် နှစ်ဆယ်ကျော်ပြီကွ “

“မဖြစ်နိုင်ပါဘူးဗျာ ခင်‌ဗျားကို ကျုပ်တို့မမြင်ဖူးပါဘူး “

“မင်းတို့မပြောနဲ့ ကျောင်းမှာအမြဲနေတဲ့ကိုရင်ကြီးတောင် မမြင်ဖူးဘူး”

“ခင်ဗျားက ဘာမို့လို့လဲ “

“ငါက ဘာလဲဆိုတော့ “

သူတော်ဦးမဲ၏မဲနက်နေသောလက်ကြီးမှာ ရုတ်ချည်းဆိုသလို ရှည်ထွက်လာပြီးနောက် ကိုရင်နှစ်ပါးယူလာသော ထန်းခေါက်ဖာလေးထဲမှ ထန််းလျှက်ခဲကိုလှမ်းယူလိုက်ရာ ကိုရင်နှစ်ပါးတို့သည် ပြူးကျယ်သောမျက်လုံးအစုံတို့ဖြင့်ကြည့်ကာ အံ့သြနေပြီး ပေတူးမှ သူတော်ဦးမဲကိုကြည့်ပြီး စကားဆိုလိုက်ပြန်လေသည် ။

“ခင် ခင်ဗျားက သရဲပဲ “

“မင်းတို့ ငါဘာလဲသိပြီးတာတောင်် မပြေး‌သေးဘူးလား”

“ဟားးဟားးး ခင်ဗျားကတော့ နောက်ပြီ သရဲကြောက်လို့ပြေးတဲ့ထုံးစံ ကျုပ်တို့နှစ်ယောက်မှာ မရှိဘူးဗျ ခင်ဗျားလို အသားမဲသရဲကို‌ ပိုတောင်မကြောက်သေးပေါ့”

“အေး ပေတူး မင်းပြောမှ သတိထားမိတယ် ဖိုးသူတော်သရဲက နာမည်နဲ့လူနဲ့ လိုက်တယ်ကွ သူ့မိဘတွေက နာမည်ကို တော်တော်စဥ်းစားပြီး ပေးလိုက်ရပုံပဲ ဘာတဲ့ ဦးမဲတဲ့”

ကိုရင်နှစ်ပါးတို့သည် သူတော်တစ္ဆေကိုမကြောက်လန့်ကြပေ ။ ယခုထက်ဆိုးသော အတွေ့အကြုံများကို ကြုံတွေ့ထားဖူးသူ များပီပီ သူတို့ရှေ့တွင်ရှိနေသော တစ္ဆေအား မကြောက်လန့် သည့်အပြင် လှောင်ပြောင်နေသောကြောင့် သရဲတဖြစ်လဲ သူတော်ဦးမဲမှာ စိတ်တိုဒေါ်သထွက်လာလေသည်။သူဒေါသထွက်သည်နှင့် ဖြူနေသည့် ဖိုးသူတော်ဝတ်စုံမှာ မဲနက်လို့သွားပြီး အမဲရောင်အခိုးအငွေ့များ ထောင်းထောင်းထလာသည်။ထိုသို့ကြောက်စရာအသွင်ကိုဆောင်နေသည့်တိုင် ကိုရင်နှစ်ပါးမှာ‌ ကြောက်လန့်ခြင်းအလျဥ်းမရှိပဲ အချင်းချင်းကြည့်ကာ စကားဆိုလိုက်လေသည်။

“ပေတူးရေ ကြည့်စမ်းပါဦး သရဲမဲကြီးက စိတ်တိုနေပြီကွ “

“အေးကွာ ဖိုးသူတော်ဝတ်စုံကပါမဲတော့ ကိုယ်ပျောက်နေသလိုပဲကွာ နော်”

“အေးဟ “

ဖိုးသူတော်ကြီးမှာ သူ့အား လှောင်ပြောင်စော်ကားနေသည့် ကိုရင်နှစ်ပါးတို့ကို အမဲ‌ရောင်အခိုးများထွက်နေသည့်မျက်လုံးတို့ဖြင့်ကြည့်လိုက်ပြီး‌နောက် သူ၏လက်ကိုဆန့်တန်းလိုက်ပြီး မဲနက်နေသော လက်နှစ်စုံတို့သည် ကိုရင်နှစ်ပါးတို့၏လည်ပင်းကို ညှစ်လိုက်ပါလေတော့သည်။မထင်မှတ်ထားသောအဖြစ်ကြောင့် ကိုရင်နှစ်ပါးတို့သည်လည်း ရှောင်တိမ်းလို့မရတော့ပဲသူတော်တစ္ဆေ၏လည်ပင်းညှစ်ခြင်းကို ခံလိုက်ကြရပါလေတော့သည်။လည်ပင်းညှစ်ခံလိုက်ရသော ကိုရင်ပေတူးနှင့် ကိုရင်သာအေးတို့ မျက်လုံးများပြူးကျယ်နေပြီး ရုန်းကန်လှုပ် ရှားလို့နေလေသည်။သို့ပေမဲ့ သူတော်တစ္ဆေဦးမဲ၏လက်မဲကြီးမှ သူတို့လွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ကြပေ။ထို့နောက် သူတို့နှစ်ယောက် ရုန်ကန်ခြင်းမပြုနိုင်တော့ပဲ ငြိမ်သက်သွားသော အခါမှ သူတော်ကြီးသည် လွှတ်ပေးလိုက်ပြီး အောင်နိုင်သူတယောက်၏လေသံနှင့် စကားဆိုလေသည်။

“ကိုရင်မိုက်နှစ်ပါး မင်းတို့ကို ငါက ဘာမှမလုပ်နိုင်ဘူးများထင်နေတာမလား မင်းတို့ဝတ်ထားတဲ့သင်္ကန်းက အစွမ်းထက်တယ်လို့ထင်မနေနဲ့ မင်းတို့ရဲ့အကျင့်သီလ စရဏအားကသာအစွမ်းထက်တာ မှတ်ထား “

ဖိုးသူတော်တစ္ဆေကြီးပြောကြားသည်ကို ကိုရင်နှစ်ပါး နားမလည်ကြပေ။သူတို့စိတ်ထဲတွင် သူတော်ကြီးအား မကျေနပ်စိတ်များဖြစ်လို့နေကြသည်။ထို့နောက် အသက်ကိုအားရပါးရရှူလိုက်ပြီး ကျောင်းအပေါက်ဝဆီသွားကာ သူတို့နှစ်ပါးအား သနားစရာသတ္တဝါကဲ့သို့ကြည့်နေသည့် သူတော်တစ္ဆေကြီးကိုကြည့်လိုက်ကာ

“ခင် ခင်ဗျား ကျုပ်တို့အကြောင်းသိစေရမယ် “

“ခင်ဗျားကို မ‌ကျေနပ်ဘူး ခင်ဗျားကြီးနဲ့ တွေ့ဦးမှာပါ “

ကိုရင်နှစ်ပါးတို့သည် ထိုသို့ပြောလိုက်ပြီး ကျောင်းပေါ်မှဆင်းလိုက်ကြကာ သူတို့၏ဇာတိရွာဖြစ်သည့် ပေပင်ရွာသို့ သင်္ကန်းကပိုကယိုနှင့် ထွက်သွားကြပါလေတော့သည် ။

◾အခန်း ( ၇)

မောင်ဘိုးထင်တယောက် သူ၏အပေါင်းအသင်းများ အနီးတွင်မရှိသောကြောင့် ညအိပ်ရသည်မှာ တခုခုလိုနေသလိုဖြစ်နေ၏။အိမ်တွင် ညဖက်ဆို တော်ရုံနှင့်မအိပ်သေးပဲ ဗိုက်ဆာတတ်သော သာအေးသည် သူ၏ကြက်များ ကင်းကိုက်သည်က တဖုံ မြွေကိုက်သည်က တမျိုး သူများပစ်သွားသည်က တနည်း ထိုသို့သောဆင်ခြေဆင်လက်များပေးပြီး ကင်စားချက်စား မရိုးနိုင်အောင်ပြုကြလေသည်။သာအေးတယောက် ကြက်ဝါသနာကြီးခြင်းကြောင့် သူတို့သည် တောသို့ကြက်ပစ်ထွက်စရာမလိုပဲ ကြက်သားအမုန်းစားရသည်။မောင်ဘိုးထင် မှတ်မိသေး၏။ သာအေးသည် သူ၏မိဘများအိမ်တွင် ကြက်မွေးရာ ခွေး၊ကြောင်များ၏အန္တရာယ်ကို သူ၏ကြက်များ အမြဲခံနေရသည့် အတွက် ကြက်ဖကြီးတကောင်နှင့် ကြက်မီးသားအုပ်တို့အား သူ၏အိမ်သို့ယူလာချိန် ပေတူးနှင့် သူ့အိမ်မှ မကြည်ဖြူကြပေ ။အိမ်ပေါ်သို့ ကြက်တက်သည့်အပင်များအား ကြက်ယက်သည် စသဖြင့် မကြည်မဖြူစကားများအမြဲတစေပြောကြားကြသော် လည်း ကြက်များအရွယ်ရောက်လာပြီး ချက်စားကင်စားကြော်စားလို့ရသဖြင့် သာအေးအား အပြစ်တင်စကားမဆိုတော့ပဲ ချီးမွမ်းထောပနာပင်ပြုလာလေ၏။ယခု မောင်ဘိုးထင်သည် ကွပ်ပျစ်တွင်ထိုင်နေရင်းက ကိုရင်ဝတ်နေသည့် အပေါင်းအသင်းနှစ်ယောက်အကြောင်းတွေးတောနေစဉ် အိမ်ထဲသို့ ကိုရင်နှစ်ပါးကြွလာသည်ကိုမြင်လိုက်ရသဖြင့် အံ့ဩသွားရလေသည်။ပေတူးနှင့် သာအေးကို အမှတ်ရနေခြင်းကြောင့် မျက်လုံးထဲတွင်မြင်ယောင်နေသည်ဟု စိတ်ထဲထင်လိုက်ပြီး တယောက်တည်းပြုံးလိုက်မိသည်။ထိုအချိန်

“ဟေ့ကောင် ဘိုးထင် “

“ဟင် မင်း မင်းတို့တကယ်ကြီးရောက်လာတာလား”

“အေး ဟုတ်တယ် မင်းမလာလို့ ငါတို့လာရတာ ညလည်းမအိပ်ရသေးဘူး “

“မင်းတို့ ညကတည်းက လမ်းလျှောက်လာတာလား”

“လမ်းမလျှောက်လို့ မင်းမေ”

ကိုရင်ပေတူးသည် ခပ်ကြမ်းကြမ်းစကားပြောမည်ကြံပြီးမှ ကိုရင်ဝတ်ထားသည်ကိုအမှတ်ရသွားပြီး ဆက်မပြောတော့ပေ။ ထို့နောက် ကိုရင်နှစ်ပါးသည် ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်ပြီး ကိုရင်သာအေးမှ ကွပ်ပျစ်ပေါ်ထိုင်လျက်သားရှိနေသည့် ဘိုးထင်အား ဆွဲထူလိုက်ကာ

“မင်းက အောက်က ထိုင် တို့က ကိုရင်တွေ အတူထိုင်လို့မရဘူး”

“ဟုတ်တယ် မြေကြီးပေါ်မှာ ထိုင် ထိုင်ဆို ထိုင်မနေနဲ့ ဦးချဦး”

“ဘာ ငါကဦးချရမယ် ဟုတ်လား “

“ဟေ့ကောင် မင်းအိမ်ကိုကြွလာရတာ ဘယ်လောက်ပင်ပန်းတယ်ထင်လဲ ဦးချ အခု”

“မချနိုင်ဘူး မင်းတို့က ဘုန်းကြီးတွေ ကိုရင်တွေလိုတောင် မပြောတာ ငါက ဦးချစရာလား”

“ပြောမယ်ကွာ ပြောမယ် “

ကိုရင်သာအေးနှင့် ကိုရင်ပေတူးသည် သက်ပြင်းတချက်ကို ချလိုက်ကြပြီးနောက် မောင်ဘိုးထင်ကို လေးလေးနက်နက်ကြည့်လာကာ ကိုရင်သာအေးမှ စကားဆိုလာလေ၏။

“ဒကာလေး ကိုရင်ဒကာလေးအိမ်ကိုကြွလာတာ မိန့်စရာရှိလို့”

“ဩော အင်း”

“တင်ပါ့ ဘုရားလို့ ပြောရတယ် ဒကာလေး”

“တင်ပါ့ ဘုရား”

“ကဲ ကဲ ဦးချ ဦးချ”

ရုတ်ချည်း သိက္ခာရှိရှိတည်ကြည်နေသော ကိုရင်နှစ်ပါးကြောင့် မောင်ဘိုးထင် ကြောင်အမ်းအမ်းနှင့် ပေါက်ဆန်ပေါက်ကုန်းဦးချလိုက်လေသည်။သူဦးချပြီးသော် ကိုရင်ပေတူးမှ ထပ်မိန့်လေ၏။

“ဒကာလေးအိမ်ကိုကြွလာရတဲ့ အကြောင်းကတော့ ငါတို့ အယ် ကိုရင်တို့နှစ်ပါးကို လည်ပင်းလာညှစ်တဲ့ ကျောင်းကဖိုးသူတော်ကြီးကို နှိမ်နှင်းပေးဖို့ပါ”

“လည်ပင်းကို ညှစ်တယ် ဟုတ်လား”

“အေး ဖိုးသူတော်ကြီးတ‌ယောက် ငါတို့နေတဲ့ ကျောင်းပေါ်တက်လာတာကွ ပြီးတော့ ငါတို့နှစ်ယောက်ကို လည်ပင်းညှစ်တယ် ကံကောင်းလို့မသေတာ တို့ပြန်ရင် မင်း လိုက်ခဲ့ကွာ “

ကိုရင်ပေတူးနှင့် ကိုရင်သာအေးသည် သူတို့နှင့်အသားမကျသေးသည့် စကားအသုံးအနှုန်းများကိုမသုံးတော့ပဲ သာမာန် လူဝတ်ကြောင်အတိုင်း စကားဆိုလာလေသည်။ထိုအခါ မောင်ဘိုးထင်သည် သူ၏အပေါင်းအသင်း ကိုရင်နှစ်ပါးကိုကြည့်လိုက်ပြီး ‌

“မင်းတို့ကို နာကျင်အောင်လုပ်တယ်ဆိုတော့ ငါဘယ် လက် ပိုက်ကြည့်နေနိုင်မလဲ ကဲ ဘယ်အချိန်ပြန်မှာလဲ “

“ကိုဖိုးထွေးနဲ့ ကိုသာရကို လှည်းနဲ့လိုက်ပို့ခိုင်းမယ်ကွာ အဲ့တော့ နေ့လည်လောက်ပြန်ကြတာပေါ့ “

မောင်ဘိုးထင်သည် သူ၏အပေါင်းအသင်းကိုရင်နှစ်ပါးကို လည်ပင်းညှစ်သည့် ဖိုးသူတော်တစ္ဆေအား စိတ်ထဲတွင် မင်းတော့ငါနဲ့ တွေ့ပြီးပေါ့ဟု ကြိမ်းဝါးနေလိုက်ပါလေတော့သည် ။

◾အောက်လမ်းဘိုးထင် နှင့် ဖိုးသူတော်ဦးမဲ သည်ကဤမျှသာ မကြာမီး အောက်လမ်းဘိုးထင် နှင့် ကြောင်သူတော်ကြွက်သူခိုး အမည်ရဇာတ်လမ်းလေးအားတင်ဆက်ပေးပါမည်

◾ကျ‌‌ေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။

စာဖတ်သူများကို လေးစားစွာဖြစ်

📝မောင်တင်ဆန်း