(၈၆)အခန်း (၁)
ရေအိုးစင်ရွာဆရာတော်၏ရှေ့တွင် ကိုရင်နှစ်ပါး ငုတ်တုတ် ထိုင်နေသည်။သူတို့သည် ဆရာတော်အား လက်အုပ်ချီထားပြီး ဆရာတော်မိန့်ကြားသည့်စကားများကို နားစိုက်ထောင်နေကြသည်။ထိုကိုရင်နှစ်ပါးမှာ အခြားသူမဟုတ် ပေပင်ရွာမှ ပေတူး နှင့် သာရတို့ဖြစ်၏။သူတို့ ကိုရင်ဝတ်လာသည်မှာ ခုနှစ်ရက်ကျော်ပြီဖြစ်၍ လူထွက်ပေးဖို့အတွက် ဆရာတော်အားလျှောက်တင်နေကြခြင်းဖြစ်သည်။
“ဘုန်းကြီးဘုရား တပည့်တော်တို့ လူထွက်ပါတော့မယ် ဘုရား”
“ကိုရင်တို့ ကျောင်းမှာနေရတာ အဆင်မပြေလို့လား”
“မဟုတ်ပါဘူး ဘုရား တပည့်တော်တို့ လူကို ထွက်ချင်တာပါအစကတည်းက ခုနှစ်ရက်ပဲဝတ်မယ်လို့တွေးထားလို့ပါ ဘုရား”
“ကိုရင်တို့ ဘုန်းကြီးနဲ့ စကားပြောတာတောင် တော်တော်အဆင်ချောလာပြီပဲ ဒါနဲ့ တခုလောက်မေးပါရစေဦး ဘုန်းကြီး ကိုရင်တို့နှစ်ပါးကို ဘွဲ့အမည်ပေးထားပါတယ် လျှောက်စမ်းပါဦး”
ဆရာတော်မှ ထိုသို့မေးလိုက်သောအခါ ကိုရင်နှစ်ပါးသည် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး သူအရင်လျှောက်ငါအရင်လျှောက်နှင့် ဆရာတော်အား အချင်းချင်းမေးငေါ့ပြနေ သည်။အခြေအနေကိုအကဲခတ်မိသော ဆရာတော်သည် ကိုရင်ပေတူးကိုကြည့်လိုက်ကာ
“ကဲ ကဲ ကိုရင်က အရင်ပြော ကိုရင့်ဘွဲ့အမည်က ဘာလဲ “
“ဟို ဟို ပန် ပန်တလုံးတော့ ပါတယ်ဘုရား နောက်ကဟာကိုနည်းနည်းရိုးတိုးရိတ်တိတ်ဖြစ်နေတယ် ဘုရား”
“ကဲ စဉ်းစားဦး ဘုန်းကြီးပေးထားတာ သုံးလုံးတည်းပါ “
“သုံးလုံးထဲဆိုတာတော့ တပည့်တော်လည်း မှတ်မိပါတယ် ဘုရား”
ကိုရင်ပေတူးမှ မျက်လုံးကိုမှိတ်ပြီးစဉ်းစားလိုက် မျက်လုံးဖွင့်ပြီးစဉ်းစားလိုက် ခေါင်းစောင်းလိုက် ခေါင်းတည့်လိုက်နှင့် အတန်ကြာသည်အထိ စဉ်စားနေပါသော်လည်း အဖြေမရသေးပေ။ထိုကြောင့် ဆရာတော်သည် ကိုရင်ပေတူး၏ဘေးမှကိုရင်သာအေးကို ဆက်လက်မေးလိုက်ပြန်သည်။
“ကိုရင်ရော သိလား”
“တပည့်တော်က ရေးရေးလေးတော့မှတ်မိပါတယ် ဘုရား”
“ဟုတ်ပြီ အဲ့ဒီရေးရေးလေးကို လျှောက်စမ်းပါဦး”
“ဝိသုပါ ဘုရား”
“နောက်က တ တလုံးပါသေးတယ်လေ ဝိသုတာပါ ကိုရင်ရယ် “
ဆရာတော်မှ ပြုံးလျက်သား မိန့်နေခြင်းဖြစ်သည်။ဘွဲ့အမည်ကို နှစ်လုံးသာမှတ်မိသော ကိုရင်သာအေးမှာ အောင်နိုင်သူတယောက်ပမာမျက်နှာထားနှင့် ကိုရင်ပေတူးကိုကြည့်ကာ
“တွေ့လား ငါက မှတ်မိတယ် မင်း ဘာမှတ်မိလဲ ကိုရင်ဝတ်တာက ခုနှစ်ရက်ပြည့်ပြီ အခုထိ ကိုယ့်ဘွဲ့အမည်ကို မမှတ်မိဘူးတော်တော်ဟုတ်တဲ့ ကိုရင် “
အခွင့်ရသည်နှင့် အမိအရပြောဆိုနေသော ကိုရင်သာအေးအား ကိုရင်ပေတူးမှ မကြည်သလိုကြည့်လိုက်ကာ
“မင်းဘွဲ့က လွယ်လွယ်လေးကိုး ငါ့ဘွဲ့က ခက်တယ်ကွ ဘုန်းကြီးက ဒါတော့ မတရားဘူး သူ့ကြတော့ အလွယ်လေးပေးတယ် တပည့်တော်ကြတော့ ခက်တာပေးတယ် “
ထိုစကားကြောင့် ဆရာတော်သည် ကိုရင်ပေတူးကိုပြုံးပြလာပြီး
“ကိုရင့်ဘွဲ့အမည်ကလည်း မခက်ပါဘူးကွယ် ပဏ္ဍိတပါ “
“တပည့်တော် ပန်တလုံးတော့သေချာသိတယ် ဘုရား ကျန်စာလုံးကိုမေ့နေတာ “
“ကဲ ကဲ ကိုရင်တို့ လူထွက်ချင်နေပြီဆိုတော့ ဘုန်းကြီးအနေနဲ့မတားတော့ပါဘူး နောက်များ ဘုန်းကြီးတို့ကျောင်းကို လာလည်ကြပေါ့ ဟုတ်ပြီလား”
“တင်ပါ့ သရက်သီးပေါ်ချိန်တို့ ဘာတို့ဆိုလာခဲ့ပါမယ် ဘုရား”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
ဆရာတော်သည် ပြုံးလျက်နှင့်ပင် ကိုရင်သာအေးနှင့် ကိုရင်ပေတူးတို့အား လူဝတ်လဲပေးလိုက်ပါလေတော့သည်။အခန်း (၂)
ကိုရင်ထွက်ထားသော ပေတူးနှင့် သာအေးတို့၏ခေါင်းတို့ သည် ပြောင်ရှင်းလို့နေပေသည်။ရေအိုးစင်ကျောင်းမှကိုရင်ကြီးသည် ကိုရင်ဝတ်သောအချိန်အတွင်း ဆံပင်များကို လူထွက်သည်နှင့် ပြောင်အောင်ရိတ်ရမည်ဟုပြောကာ ပေတူးနှင့် သာအေးတို့၏ဦးခေါင်းမှ ဆံပင်ငုတ်တိုများကို သင်တုန်းဓားဖြင့် ပြောင်းပြန်တိုက်၍ ရိတ်ပေးလိုက်သည်။ထိုအတွက် လက်နှင့်သပ်လျှင်ပင် ကြမ်းရှရှခံစားမှုကိုမရတော့ပဲ ပြောင်ချောလို့နေပေသည်။ထိုသို့ပြောင်ပြီးချောနေသော ကတုံးအား အုန်းဆီများလိမ်းကျံထားသောကြောင့် နေရောင်အောက်တွင် ကျောက်တလုံးအလား လက်လက်ထနေသည်။သူတို့နှစ်ယောက်အား လာခေါ်သူမှာ ဖိုးထွေးဖြစ်ပြီး ဖိုးထွေးသည် နွားလှည်းဖြင့် ရေအိုးစင်ဘုန်းကြီးကျောင်းသို့ လာခြင်းဖြစ်သည်။ထိုသို့ခေါ်ဆောင်ရန်အတွက် မောင်ဘိုးထင်မှလာရောက်ပြောဆိုထားခြင်းဖြစ်သည်။လှည်းပေါ်တွင် ခေါင်းပြောင်ပြောင် ကိုရင်လူထွက်နှစ်ယောက်နှင့် ဖိုးထွေး၊မောင်ဘိုးထင်တို့သာရှိကြသည်။ဖိုးထွေးသည် လှည်းကိုမောင်းနေရင်းမှ နောက်သို့ပြန်လှည့်ကြည့်ကာ နေရောင်အောက်တွင် အရောင်လက်နေသည့် ကိုရင်လူထွက်နှစ်ယောက်၏ဦးခေါင်းကိုကြည့်ပြီး စကားဆိုလိုက်လေသည်။
“မင်းတို့ခေါင်းတွေကလည်းကွာ ကြက်ဥထက်တောင်ပြောင်နေပါရော့လား”
“အေးဗျာ လူထွက်ပြီးပြီးချင်း ကိုရင်ကြီးက ခေါင်းရိတ်ပေး လိုက်တာပဲ ခေါင်းတွေ ထူပူနေတာပါပဲဗျာ “
“မင်းတို့တွေ ဆံပင်ရောပြန်ပေါက်ပါဦးမလား”
“ပေါက်ပါတယ်ဗျ ဆွဲနှုတ်ထားတာမှမဟုတ်တာ “
“ငါက ဝါးဖက်ခမောက်လေးယူခဲ့ရအောင်လို့ ပြောသေးတယ် မင်းတို့ကောင်ဘိုးထင်က ရတယ်တဲ့လေ ဒီကောင်တွေ အရိပ်ထဲနေတာကြာပြီ နေရောင်ခံချင်မပေါ့ဆိုလို့ ငါ ယူမလာတာ “
ဖိုးထွေး၏စကားကြောင့် ပေတူးနှင့် သာအေးသည် မောင်ဘိုးထင်အားမကျေမနပ်ဖြင့်ကြည့်လိုက်ချိန် မောင်ဘိုးထင် သည် လှည်းပေါ်မှခုန်ဆင်းသွားပြီး လှည်းလမ်းဘေးရှိ ကြံခင်းထဲဝင်သွားကာ ကြံရိုးများကိုခြေနှင့်နင်းပြီး ချိုးလိုက်သည်။ထို့နောက် ကြံဖျားများကို ဒူးနှင့်တိုက်ပြီးချိုးလိုက်ပြန်၏။ဤသို့ဖြင့် ကြံရိုးလေးချောင်းအားချိုးပြီး ပုခုံးပေါ်ထမ်းကာ လှည်းဆီ ပြန်လာခဲ့လေသည်။ကြံရိုးချောင်းများကို လှည်းပေါ်တင်လိုက်ပြီးသည်နှင့် သူသည်လည်း လှည်းပေါ်ပြန်တက်ရင်း စကားဆိုလိုက်လေသည်။
“ဒါ ထူကြံတွေကွ စုပ်ကြ စကားမများကြနဲ့ ကိုဖိုးထွေး ခင်ဗျားလည်း စုပ် “
“ဘာတုန်းဟ “
“ကြံရိုးစုပ်လို့ ပြောတာဗျာ “
“မစုပ်ချင်ပါဘူးကွာ “
“ဟေ့လူ ဒါထူကြံတွေနော် “
“အေးပါကွာ မင်းဆိုတဲ့ကောင်က ငါတို့စကားများလို့ ကြံရိုးဆင်းချိုးပေးတာမလား”
“ခင်ဗျားသိရင် ပြီးရော “
ထို့နောက် သူတို့သည် မည်သည့်စကားမှမပြောကြတော့ပဲကြံချောင်းများကို ပါးစပ်ဖြင့်အခွံသင်ပြီးနောက် ကြံရိုးစုပ်ရင်း ပေပင်ရွာသို့သွားနေကြပါလေတော့သည်။အခန်း (၃)
သလဲကုန်းရွာတွင် ဖြစ်သည်။ရွာအလယ်ရှိ အထက်လမ်းဆရာဦးဝေလာ၏အိမ်တွင် အလှူကြီးပေးနေသည်။လွန်ခဲ့သောနှစ်များက ဦးဝေလာသည် တနယ်တကြေးသို့ထွက်သွားပြီး စီးပွားသွားရှာခဲ့ရာမှ ပြန်ရောက်လာသည်မှာ မကြာသေးပေ။ပြန်ရောက်လာသောအခါ ဦးဝေလာသည် မထင်မှတ်ထားလောက်အောင် ချမ်းသာကြွယ်ဝလာလေသည်။အကြောင်းစုံမသိသေးသော သလဲကုန်းရွာသားများမှာ သာမာန်ကြီးပွားတိုး တက်လာသည်ဟု ထင်ကြသည်။ဖိုးသူတော်ဦးမဲကိုသတ်ပြီး ရွှေများအားအပိုင်စီးကာ ချမ်းသာလာသည်ကို မည်သူကမှ မသိ ကြပေ။ယခု ဦးဝေလာသည် တရွာလုံး မည်သူမှမတတ်နိုင်သည့် တိုက်အိမ်တလုံးကို တည်ဆောက်လို့နေလေသည်။အုတ်၊သဲနှင့် ထုံးများကို နွားလှည်းများဖြင့်တိုက်ပြီး ဆောက်လုပ်နေ သည်။ဒီအရပ်ဒီဒေသတွင်တော့ ဘုန်းတော်ကြီးကျောင်းများကိုသာ တိုက်အနေဖြင့်တည်ဆောက်ကြပြီး ရွာသားများ၏ လုပ်အားဒါနများကြောင့်သာ တည်ဆောက်နိုင်ခြင်းဖြစ်သည်။ဦးဝေလာသည်ကား တော်ရုံကြွယ်ဝခြင်းမျိုးမဟုတ်ပေ။ဦးဝေလာသည် ရွှေများကိုအပိုင်စီးပြီးနောက် မြို့သို့သွား၍ အိမ်တဆောင်မီးတပြောင်နှင့် နေသေး၏။သို့ပေမဲ့ သလဲကုန်းရွာမှာသာ နေသားကျနေပြီး သလဲကုန်းရွာသားများကသာ သူ့အား အလေးထားဆက်ဆံကြသော်လည်း မြို့မှာဖြင့် ထိုသို့မဟုတ်ပဲ မည်သူကမှ သူ့အား ဂရုစိုက်အဖက်လုပ်ခြင်းမရှိသောကြောင့် ဇာတိဖြစ်သော သလဲကုန်းရွာသို့ပြန်လာခြင်းဖြစ်သည်။ရွာသားများသည် ဦးဝေလာ၏အိမ်တည်ဆောက်ရာမှာ အလုပ်သမားများအနေဖြင့် ဝင်ရောက်လုပ်ကိုင်ကြလေသည်။အိမ်ကြီးမှာ အလွန်တရာကြီးမားပြီး ခမ်းနားစွာတည်ဆောက်မည်ဖြစ်ရာ ရွာဦးဘုန်းကြီးကျောင်းထက်ပင် ခမ်းနားကြီးကျယ်မည်ဖြစ်သည်။အုတ်သယ် သဲတိုက် ထုံးတိုက်မည့်လှည်းများမှာ သူ၏အိမ်ဝိုင်းထဲတွင်သာ ရပ်ထားကြသည်။ထိုလှည်းများထဲတွင် ပေပင်ရွာမှ ဖိုးထွေးနှင့် သာရတို့၏လှည်းနှစ်စီးလည်း ပါ၏။သာရ၏လှည်းတွင် မောင်ဘိုးထင်လိုက်ပါလာသလို ဖိုးထွေး၏လှည်းတွင် သာအေးနှင့် ပေတူးတို့ပါလာ၏။
သူတို့သည် တခြားလှည်းသမားများနည်းတူ လှည်းများကိုရပ်ထားလိုက်ပြီး စောင့်ဆိုင်းနေသည်။မကြာသောအချိန်တွင် ဦးဝေလာရောက်လာပြီး လှည်းသမားများကို ပြုံးလျက်ကြည့်ကာ စကားဆိုလေသည်။
“ကဲ ကျုပ်ကတော့ ခင်ဗျားတို့ကို အငှားလို့သဘောမထားဘူး ကိုယ့်မိသားစုလို့ပဲ သဘောထားပါတယ် အဲ့တော့ ထမင်းလည်းကျွေးမယ် လှည်းခကိုလည်း တခေါက်ကိုသုံးဆယ်ပေးမယ်ဗျာ”
သုံးဆယ်ဆိုသောစကားကိုကြားသည်နှင့် လှည်းသမားများများစွာဝမ်းမြောက်သွားကြသည်။ထို့နောက် လှည်းသမားများ သည် ဦးဝေလာအား သူတော်ကောင်းကြီးတယောက်အဖြစ်ချီးကျူးထောပနာပြုကြလေ၏။
“ဦးဝေလာကတော့ တကယ်ကိုသူတော်ကောင်းကြီးပါဗျာ ကျုပ်ဖြင့် လှည်းခကို သုံးဆယ်ပေးမယ်လို့ ထင်ကိုမထင်ထားဘူး “
“စိတ်ထားကောင်းလို့လည်း ခုလိုကြီးပွားတာပေါ့ဗျာ “
“ဟုတ်ပါ့ ဟုတ်ပါ့ “
ဦးဝေလာအား ထိုသို့သောချီမွမ်းစကားများ၊အားကိုးအား ထားပြုသောစကားများကြောင့် သာရသည် မောင်ဘိုးထင်၏ အနားကိုကပ်လိုက်ပြီး လေသံတိုးတိုးနှင့်စကားဆိုလေသည်။
“ဘိုးထင်ရေ ဒီလူကြီးကို ဒီအတိုင်းသွားစွပ်စွဲလို့ကတော့ ဘယ်သူကမှ လက်ခံမှာမဟုတ်ဘူး “
“ဟုတ်တယ်ဗျ ကျုပ်တို့စကားကို ဒီရွာသားတွေကဘယ်လိုမှလက်ခံမှာ မဟုတ်ဘူး “
“တို့အစီအစဥ်ကို ခဏရပ်ထားမှထင်တယ် “
“ဟုတ်တယ် ရပ်ထားရမယ် ကျုပ် ဟိုကောင်တွေကို သွားပြောလိုက်ဦးမယ် “
“အေး အေး”
မောင်ဘိုးထင်သည် သာရ၏လှည်းပေါ်မှဆင်းကာ ဖိုးထွေးလှည်းပေါ်သို့သွားလိုက်ပြီး ဖိုးထွေး၊သာအေးနှင့် ပေတူးတို့အား အသံတိုးတိုးနှင့် စကားလိုက်ဆိုလိုက်ရာ သူတို့သည်လည်း ဦးခေါင်းကိုညိတ်ပြကာ လက်ခံလိုက်ကြသည်။ပထမအစ သူတို့ကြံထားသည်မှာ ဦးဝေလာသည် လူသတ်သမားတယောက်ဖြစ် ကြောင်းကို လူကြားထဲတွင် ဖော်ထုတ်ရန်ဖြစ်သည်။သို့ပေမဲ့ လွယ်ကူမည်မဟုတ်မှန်း သူတို့သိသွားသောကြောင့် အစီအစဥ်အား ပြောင်းလိုက်ရခြင်းဖြစ်သည်။ထို့နောက် သူတို့သည် အခြားလှည်းသမားများနည်းတူ နံနက်သွားလျှင် နေ့လယ်လောက်မှပြန်ရောက်သောလမ်းခရီးအား စတင်လိုက်ကြလေသည်။လှည်းများမှာ အတော်ပင်များသောကြောင့် လှည်းလမ်းတလျှောက် ဖုန်များထောင်းထောင်းထလို့နေသည်။သူတို့၏ လှည်းတန်းကြီးသည် နေ့လယ်လောက်ရောက်သောအခါမှပင် လိုရာခရီးသို့ရောက်လာလေသည်။ထို့နောက် လှည်းများပေါ်သို့ အုတ်တင်သူက တင် သဲတင်သူက တင် ထုံးတင်သူက တင်နှင့် အလုပ်များနေကြသည် ။
“တင်ကြဟေ့ တင်ကြ ခဏနေ ထမင်းစားကြရအောင်”
လှည်းများပေါ်သို့ အုတ်၊သဲနှင့် ထုံးများတင်ပြီးနောက် တန်း၍ထွက်ခွာခြင်းမပြုပဲ အနီးအနားရှိ စားကျက်တခုတွင် နွားများကိုလှန်၍ကျောင်းထားလိုက်ပြီး လူများသည်ကား ထမင်းစားသောက်ရန် စိုင်းပြင်းကြလေသည်။ထမင်း၊ဟင်းတို့ကိုဖြင့် နောက်ထပ်လှည်းနှစ်စီးနှင့် သူတို့လှည်းများထက် နောက်ကျ၍ လာပို့ပေးထားလေသည်။ငှက်ပျောရွက်ခံထားသော ထမင်းတောင်းကြီးများဖြင့် ထမင်းများထည့်လာသလို ရွာဘုံဒန်အိုးကြီးများဖြင့်လည်း ဟင်းများထည့်လာကာ ရွာမှဘုံထမင်းပန်းကန်များလည်း ယူဆောင်လာကြသည်။ထမင်းခူးခပ်ပေးဖို့အတွက်ကိုပင် ရွာမှ ကာလသမီးခေါင်းအဖွဲ့ပါလာသေးသည်။ထို့ကြောင့် အလှူတခုနှယ် လူစည်ကားသော အလုပ်ခွင်တခုပမာဖြစ်လို့နေပေသည်။အခြားအကြောင်းမသိသူများမှာ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ဖို့ရာအတွက် လုပ်အားပေးကြသူများဟုပင်ထင်နေကြသည်။အကြောင်းသိသွားသောအခါ ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီးစကားဆိုသွားကြသည်။
“ဒါ အိမ်ဆောက်မှာ ဟုတ်လား ခင်ဗျားတို့ရွာတွေဘက်မှာ အဲ့လောက်ချမ်းသာတဲ့သူ ရှိတယ်လားဗျာ ကျုပ်တို့ဖြင့် ဘုန်းတော်ကြီးကျောင်းဆောက်မယ်ပဲထင်နေတာ “
ထိုသို့အံ့သြတကြီးစကားဆိုသွားကြသဖြင့် သလဲကုန်းရွာ သားများမှာ သူတို့၏ရွာသားအထက်လမ်းဆရာဦးဝေလာအတွက် များစွာဂုဏ်ယူကြလေသည်။
“အဲ့တာ ကျုပ်တို့ရွာသားလေဗျာ ရေအိုးစင်လိုရွာကြီးမှာတောင် ကျုပ်တို့ရွာက ဦးဝေလာဆောက်မဲ့အိမ်လောက်ကြီးတဲ့အိမ်မရှိဘူးဗျ “
“ပေပင်၊ရေအိုးစင်၊သဖန်းပို၊မြောက်ပြင် ဘယ်ရွာမှာမှ ကျုပ်တို့ရွာက ဦးဝေလာရဲ့အိမ်ထက် ကြီးတဲ့အိမ် မရှိဘူးဟေ့ “
“ဦးဝေလာက သူတော်ကောင်းကြီးလေကွာ အဲ့တော့နတ်ကောင်းနတ်မြတ်တွေက မြှောက်စားတာနေမှာပေါ့ “
“ဟုတ်တယ် ဦဝေလာက မြို့မှာ ပယောဂါကုတာ တခါကုရင် နှစ်ရာတောင်ရတယ်ဆိုပဲကွ တို့အတွက်ကတော့ တလစုတောင် မရတဲ့အနေအထားလေကွာ “
“စေတနာလည်းကောင်းလို့လေကွာ ဒါတောင် သူက တောင်းတာမဟုတ်ဘူးတဲ့ မြို့ကသူဌေးတွေက အတင်းပေးတာဆိုပဲ “
“တရက်ထဲကို အနည်းဆုံး လေးယောက်လောက် ကုရသတဲ့ လေးယောက်ဆိုတော့ တယောက်နှစ်ရာ လေးယောက် ရှစ်ရာ ဟေး တရက်ကို ရွှေတကျပ်သားကျော်ဖိုးလောက်ရတာပဲကွ သူမှ မချမ်းသာရင် ဘယ်သူချမ်းသာပါတော့မလဲ”
မောင်ဘိုးထင်တို့သည် ထမင်းစားနေကြရင်း တခြားသောလှည်းသမားများ၏ပြောစကားကိုကြားရပြီး အတော်နားကြားပြင်းကပ်နေကြသည်။ရွာသားများအား မဟုတ်တဲ့အရာများကိုပြောပြပြီး သူချမ်းသာလာသည်မှာ ရိုးသားကြောင်းသက်သေယူနေခြင်းဟု သူတို့ သဘောပေါက်လိုက်သည်။ဖိုးသူတော်ကြီးကိုအိပ်မက်ပေးသည့် ရွှေများကို အပိုင်သိမ်းပြီး ချမ်းသာနေသည်ဆိုတာကိုဖြင့် မောင်ဘိုးထင်တို့သာ သိထား သည်။ယခုအချိန်တွင် မိုက်ရူးရဲဆန်ပြီး ဦးဝေလာအားထိပ်တိုက်ရင်ဆိုင်လျှင် မရမှန်းသိသောကြောင့် သူတို့သည် ဦးဝေလာကျွေးသောထမင်းများကိုသာ အတော်စားပစ်ပြီး ဦးဝေလာအားဒုက္ခပေးနိုင်မည့်နည်းလမ်းများကို အချိန်ရှိသရွေ့ တွေးနေကြပါလေတော့သည် ။အခန်း (၄)
“တောက် လူတွေ လူတွေ ငွေရှိလာရင် ဘာမဆိုလုပ်တိုင်းဖြစ်နေတာပဲ လူသတ်သမား လူယုတ်မာကတောင် သူတော်ကောင်းဖြစ်လိုဖြစ်နဲ့”
“ဟုတ်ပါ့ကွာ ငါဖြင့် မနည်းစိတ်ထိန်းနေရတယ် ဘိုးထင်လာပြောထားလို့ မဟုတ်ရင် လူတွေကို လိုက်ပြောတော့မလို့ လုပ်နေတာ “
“ငါလည်း အတူတူပါပဲကွာ အဲ့ဒီလူကြီးရဲ့သောက်ခွက်ကိုမြင်ရင် ဖိုးသူတော်ဦးမဲကိုပြန်မြင်ပြီး ဒီလူကြီးကိုသတ်ချင်နေတာ “
ထိုသို့သောစကားများကိုပြောနေသူများမှာ မောင်ဘိုးထင်တို့သုံးယောက်ဖြစ်သည်။သူတို့သည် သလဲကုန်းရွာမှပြန်လာကြပြီး မောင်ဘိုးထင်၏အိမ်တွင် အနားယူနေကြခြင်းဖြစ်သည်။ဖိုးထွေးနှင့် သာရသည်ကား သူတို့၏မိဘများ ခိုင်းသည့်အလုပ် များကို သွားရောက်လုပ်ကိုင်နေကြရသည်။မောင်ဘိုးထင်တို့ သည် အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်နေရင်း သူတို့ကြုံတွေ့ခဲ့ရသည့် သလဲကုန်းရွာမှ အထက်လမ်းဆရာဦးဝေလာ၏အကြောင်းကိုပြောနေကြခြင်းဖြစ်သည်။ဦးဝေလာအကြောင်းကိုပြောနေရင်းက စိတ်တိုလာသော မောင်ဘိုးထင်သည် လက်ထဲမှလေးဂွနှင့် ကြက်မဒမ်းမတကောင်အားပစ်ခတ်လိုက်ရာ ကြက်မဒမ်းမလေးအားထိမှန်လို့သွားပြီး အကြောဆွဲနေလေသည်။ထိုသို့ မထင်မှတ်ထားသောအချင်းအရာကြောင့် ကြက်ပိုင်ရှင်ဖြစ်သော သာအေးသည် သူ၏ဆံပင်မရှိသော ဂတုံးပြောင်ပြောင်ကို လက်နှစ်ဖက်ဖြင့်ပွတ်လိုက်ပြီး မောင်ဘိုးထင်အား စကားဆိုလေသည်။
“ဟိတ်ကောင် မင်း ဒါ ဘာလုပ်တာတုန်း ဦးတိုက်မောင်းဆီက မျိုးယူထားတဲ့ ငါ့တိုက်ကြက်မလေးတော့ သွားပါပြီကွာ “
“ငါက အဲ့ဒီကြက်မကို ဦးဝေလာကြီးအမှတ်နဲ့ ပစ်လိုက်မိတာပါကွာ မရည်ရွယ်ပါဘူး “
“မင်း မင်း တော်တော်ရက်စက်တဲ့ကောင် “
သာအေးသည် ပြောပြောဆိုဆို သူ၏ကြက်မလေးဆီသို့အပြေးအလွှားသွားပြီး ကြက်မလေးအား အသက်ပြန်ရှင်လိုရှင်ငြားလှုပ်နိုးနေလေသည်။ပေတူးသည်ကား ခပ်ပြုံးပြုံးမျက်နှာနှင့် မောင်ဘိုးထင်ကိုကြည့်လိုက်ပြီး လေသံတိုးတိုးနှင့်
“ဟေ့ကောင် မင်းအကြံ ဒါ အကုန်ပဲလား မင်း လမ်းမှာတုန်းက ကာလသားချက်လေးစားချင်တယ်လို့ ပြောတယ်နော် “
“တိုးတိုး ဟိုကောင် ကြားသွားဦးမယ် ဒီလိုမှ မပစ်ရင်လည်းငါတို့ စားရတော့မှာ မဟုတ်ဘူး ဒင်းက ကိုရင်ထွက်ပြီးက တည်းက သူ့ကြက်တွေကို သနားနေတာ “
မောင်ဘိုးထင်တို့နှစ်ယောက်သည် စကားပြောနေခြင်းကိုရုတ်ချည်းရပ်လိုက်သည်။မရပ်လို့လည်း မဖြစ် မျက်နှာမကောင်းသော သာအေးမှာ သူ၏ကြက်မလေးကို နှမြောတသစွာဖြင့်ကြည့်ရင်း သူတို့အနားသို့ရောက်လာခြင်းကြောင့်ဖြစ်သည် ။ထို့နောက် သာအေးသည် ကြက်သေကို မောင်ဘိုးထင်ရှေ့ ပစ်ချလိုက်ပြီးနောက် မကျေမနပ်ဖြင့်စကားဆိုလာသည်။
“မင်းကွာ လုပ်ရက်တယ် ဒီကြက်က တို့ကို တနေ့ကို ရွှေဥတဥ ဥပေးမဲ့ ကြက်ကွ “
“ဘယ်ကရွှေဥလဲ မင်း ဘာတွေလျှောက်ပြောနေတာလဲ “
“ဒါ အထက်အညာကကြက်မျိုးကွ သိပ်ကိုရှားပါးတာ သူ့မျိုးကိုက ကြက်ဖတကောင်ကို ကျွဲတရှဉ်းနဲ့ လဲရတယ်ဆိုတဲ့မျိုးရိုးသူက တို့အတွက်ကြက်ဖတွေမွေးရင် တို့ကရောင်းပြီး ရွှေဝယ်လို့ရတာပေါ့ “
“မင်းက လျှောက်ပြောနေပြန်ပြီ မင်းပြောသလိုဆို ကြက်သမားတွေအကုန် သူဌေးဖြစ်ကုန်မှာပေါ့ အခုတော့ ရွာထဲက ကြက်သမားတွေပဲကြည့်လိုက် စုတ်ပြတ်သတ်နေတာပဲ “
“အချိန်မကျသေးလို့ပါကွာ “
“အခု ဒီကြက်မကလည်းရိုးရိုးကြက်မပဲနေမှာ လေကြီးတိုက်မောင်းဆီက ကြက်မလား အလကား သူက လျှောက်ပြောနေတာ ပြောလိုက်ရင် ဘယ်ဝိုင်းမှာ ဘယ်လောက်နိုင်ခဲ့တာနဲ့ ဘယ်ကြက်က ဂျစ်ကားတစီးတန်တာ ဘာညာလျှောက်ပြော သူ့ကြည့်တော့ ကားတာယာဖိနပ်မစီးနိုင်လို့ ခုံဖိနပ်စီးနေရတာကို မင်းမို့ သူစကားယုံတယ် “
မောင်ဘိုးထင်၏စကားမှာ ဟုတ်ပေသည်။ဝါရင့်ကြက်သမားကြီး ဦးတိုက်မောင်းသည် အမှန်တကယ်ပင် အပြောကြွယ်သောလူကြီးတယောက် ဖြစ်သည်။သူသည် ကြက်များကိုနာမည်အမျိုးမျိုးပေးပြီး ကြက်ဝါသနာပါသောသူများအား ပြန်ရောင်းစားနေသောသူလည်း ဖြစ်၏။ရောင်းစားရာတွင် ရိုးရိုးရောင်းမစား ဒီကြက်မသည် နန်းတွင်းမင်းညီမင်းသားတွေမွေးထားပြီး တိုက်တိုင်းအောင်တဲ့ ကြက်ဖကြီး၏ဆွေမျိုးဟု တဖုံ ဒီကြက်ဖသည် တဖက်နိုင်ငံယိုးဒယားမှ ဂျစ်ကားနှစ်စီးတန်သော ကြက်ဖ၏အနွယ်ဟုတမျိုး သမိုင်းကြောင်းဆန်ဆန်ဇာတ်လမ်းများပြောပြီး တဖက်ရွာမှကြက်များကိုယူပြီး ရောင်းစားနေသူဖြစ်၏။ထိုသို့အပြောကောင်းမှုကြောင့် သာအေးတို့ကဲ့သို့ ကလေးသာသာ ကြက်ဝါသနာအိုးများမှာ သူ့ဆီမှကြက်များကို မတန်တရာဈေးနှင့် ဝယ်ယူကြလေသည်။ထိုသို့သောငွေများ သည် အဘယ်အကြောင်းကြောင့်များ တည်မြဲမည်နည်း။ဦးတိုက်မောင်း ကိုယ့်ကြက်နှင့် ကိုယ်တိုင်တိုက်သည်က တခါမှပင် မနိုင်။သူများကြက်ဘက်မှလောင်းလျှင်လည်း လောင်းသည့်ကြက်မှာ မည်မျှပင်ကောင်းစေကာမှု ရှုံး၏။ထို့ကြောင့် ကြက်ဝိုင်းတွင် ဦးတိုက်မောင်းလောင်းသောဘက်နှင့် ဘက်ကန်ပြီး လောင်းက နိုင်ကြသည်များ၏။နောက်များတွင် ကြက်ပိုင်ရှင်များမှာ သူတို့၏ကြက်ဘက်မှ ဦးတိုက်မောင်းလောင်းသည်ကို လက်မခံကြတော့ပေ။ထို့အတွက် ဦးတိုက်မောင်းသည် ကြက်ဝိုင်းတွင် အလောင်းအစားလုပ်ချင်သည့်တိုင် ပွင့်ပွင့်လင်းလင်းလုပ်ခွင့်မရတော့ပဲ တခြားသောသူအားငွေပေး၍ မှောင်ခိုအလောင်းအစားပြုလုပ်နေသူတယောက်ဖြစ်ကာ လောင်းသမျှရှုံးသောကြောင့် တာယာဖိနပ်ပင်မစီးနိုင်တော့ပဲ ခုံဖိနပ်ကိုသာ စီးနေရသူတယောက်လည်း ဖြစ်၏။ထိုသို့ ဦးတိုက်မောင်း၏ အကြောင်းကို စီကာပတ်ကုန်းပြောဆိုပြီး သာအေး၏နှမြောတသဖြစ်နေသောစိတ်တို့ လျှော့နည်းသွားအောင် ပေတူးနှင့် မောင်ဘိုးထင်တို့ကြံဆောင်နေလေရာ သာအေးသည် သူ၏ အသက်ကင်းမဲ့နေသောကြက်မလေးကိုကြည့်လိုက်ပြီး
“မင်းတို့ပြောတာလည်း ဟုတ်နေတာပဲ ဦးတိုက်မောင်းမှာသာ တကယ်ပဲကြက်ကောင်းရှိရင် အခုလို မွဲနေမှာမဟုတ်ဘူး အခုတော့ ဒီကြက်မကိုရောင်းတာတောင် ဘာတဲ့ ကြက်ကလေးကိုနှမြောတယ် သူ့ကိုကျွေးဖို့ အစာမရှိလို့ဆိုပြီးရောင်းတာ ကြက်ကိုကျွေးစရာအစာတောင်မရှိတဲ့သူဆီက ငါက ဘာတွေမျှော် လင့်နေတာလဲ တွေးမရဘူး ဟုတ်တယ် ဒီလူကြီး ငါတို့ကိုလိမ်ရောင်းတာ ချက်ကွာ သူ့ဆီကကြက်မျိုးတွေ အကုန်ဖြုတ်မယ် “
မောင်ဘိုးထင်တို့၏အကွက်သည်ကား ဝင်သွားပြီဖြစ်သည်။ သာအေးသည် ဦးတိုက်မောင်းဆီမှဝယ်ထားသောကြက်များကို သံသယဝင်သွားပြီးနောက် မျိုးလိုက်ပါဖြုတ်ဖို့ကြံလေပြီ ယခုကြက်မနှင့်မလောက်လျှင် သဘောရှိဆိုသောအခွင့်အရေးပါပေးလာ၍ ပေတူးနှင့် မောင်ဘိုးထင်တို့သည် တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးလို့နေပါလေတော့သည် ။အခန်း (၅)
မောင်ဘိုးထင်တယောက် သူသိထားသောအကြောင်းအရာအချို့ကို ဦးအုန်းအားပြောပြပြီး ဦးအုန်းထံမှအကူအညီယူရန်မစီစဥ်ထားသည်။ထို့ကြောင့် မိုးချုပ်သည်နှင့် ဦးအုန်း၏အိမ်သို့ တယောက်တည်းထွက်လာလိုက်လေသည်။ဦးအုန်း၏အိမ်သို့ရောက်သော် ဦးအုန်းသည် တန်းလျားတွင်ထိုင်ပြီး အနှိပ်ခံနေ သည်ကို တွေ့လိုက်ရသည်။အမှောင်ရိပ်ထဲတွင်တော့ အရိပ်မည်းတခုသည် ဦးအုန်း၏နောက်တွင်ရပ်နေပြီး ပုခုံးအားနှိပ်နယ်ပေးနေသည်။မောင်ဘိုးထင် သူ့အနားရောက်လာသော အခါမှ ဦးအုန်းသည် နောက်သို့လှည့်မကြည့်ပဲ လေသံခပ်မာမာနှင့် စကားဆိုလိုက်လေသည်။
“ကဲ မသိန်း သွားလို့ရပြီ “
ဦးအုန်း၏စကားဆုံးသည်နှင့် ထိုအရိပ်မဲသည် အိမ်ပေါ်သို့တရိပ်ရိပ်နှင့် တက်သွားလေသည်။ထိုအချင်းအရာကိုမြင်သော မောင်ဘိုးထင်သည် ဦးအုန်း၏မျက်နှာချင်းဆိုင်တန်းလျားတွင်ဝင်ထိုင်ပြီး စကားဆိုလိုက်လေသည်။
“အဘ နောက်ထပ် ထပ်မွေးထားပြန်ပြီလား”
“ဘာကိုလဲ “
“အစောကတယောက်က အဘမွေးထားတာလား”
“အေးကွ သစ်ကုန်းရွာက သူဌေးမကြီးလေကွာ ဒီကောင်မကြီးက လူ့ဘဝတုန်းက သိပ်မာနကြီးတာ ငါ့ကို လူကြားထဲမှာ သောက်ရှက်ခွဲဘူးတယ်ကွ အဲ့တော့ သူသေတဲ့အချိန် ငါက ခေါ်ပြီး ခိုင်းစားနေတာပေါ့ကွာ သေတာက အစိမ်းသေဟေ့ အကြွေးသွားတောင်းတာ အကြွေးပေးရမဲ့သူက အကြွေးမပေးပဲ ဓားနဲ့ထိုးသတ်ခဲ့တာကွ “
“အဲ့တာတွေ ခဏထား အဘ ကျုပ်ကို တခုကူညီဗျာ “
“မင်းကလည်းကွာ အကူအညီတွေလာပြောနေသေးတယ် ဘာခိုင်းမှာတုန်းသာ ပြောလိုက်”
“အဘရာ အဲ့လိုကြီးမပြောပါနဲ့ ဒီလိုဗျ”
မောင်ဘိုးထင်သည် ဖိုးသူတော်ဦးမဲအကြောင်း ပြီးနောက် ဦးမဲအားသတ်ပြီး ရွှေများကိုအပိုင်စီးသွားသော အထက်လမ်းဆရာဝေလာ၏အကြောင်းများ ထို့အပြင် ဖိုးသူတော်ဦးမဲမှ သူပြုလုပ်ချင်သည့်အရာများကို အလုံးစုံပြောပြလိုက်လေရာ ဦးအုန်းမှနားထောင်ပြီး မှတ်ချက်အချို့ပေးလာလေသည်။
“မင်းပြောပုံအရဆိုရင်တော့ ဒီကောင်က အထက်လမ်းဆရာအတုပဲဖြစ်မယ်”
“ဘာလို့လဲ အဘ “
“ငါတို့လို အောက်လမ်းဆရာတွေတောင် အခုလိုသစ္စာမဲ့တဲ့အလုပ်ကို လုပ်ဖို့ဝန်လေးကြတယ် အခုဟာက သူနဲ့ ဘာရန်ငြိုးရန်စမှမရှိပဲ လောဘကြောင့် လူတယောက်ကို ရက်ရက်စက် စက်သတ်တာဆိုတော့ ဘယ်လိုလုပ်အထက်လမ်းဆရာမည်တော့မလဲ ဒီကောင် ပညာတော့ ကောင်းကောင်းတတ်တဲ့ပုံပေါ်တယ် အမှန်ဆို ဖိုးသူတော်ကိုပေးတဲ့ပုဂ္ဂိုလ်က ဒီကောင့်ကို နှောက်ယှက်မှာပဲ သူ့ပညာကြောင့်သာ ဘာမှလုပ်မရတာနေမယ်”
“အဲ့တာလည်း ဟုတ်တာပဲ ဒီလူကြီးက တော်တော်လည်းဟန်ဆောင်ကောင်းတယ် အဘရ “
“ငွေလေကွာ ငွေရှိတော့ လုပ်တိုင်းဖြစ်နေတာပေါ့ “
“အဲ့တာဆို ကျုပ်တို့ သူ့ကို ဘယ်လိုရင်ဆိုင်ရမလဲ အဘကူညီမှပဲ ဖြစ်မှာ “
“မင်းက သူ့ကိုဘယ်လိုဖြစ်စေချင်တာလဲ ကောင်လေး”
“ဒီလူကြီးက လူယုတ်မာလူသတ်သမားဆိုတာ အားလုံးကိုသိသွားစေချင်တယ် “
“ရုံးရောက်ဂတ်ရောက်တွေပါဖြစ်စေချင်တာလား “
“အဲ့လိုလည်း ဖြစ်စေချင်တယ် အဘ “
“ဒါတော့ မလွယ်ဘူးကွ ဘာဖြစ်လို့လဲဆိုတော့ တို့ရွာတွေကမြိုနဲ့ အတော်လှမ်းတယ် မြို့မှာတောင်မှ ပုလိပ်ကောင်းကောင်းမရှိတာ တို့ရွာတွေအထိ သူတို့ခြေမဆန့်နိုင်လောက်ဘူး”
“အဲ့တော့ ဘယ်လိုလုပ်ရမလဲ အဘ “
“ရွာသားတွေကို အမြင်မှန်ရအောင်လုပ်ဖို့ပဲရှိတော့တာပေါ့ ကွာ ကဲ မင်းတို့ကိုအလုပ်ပေးမယ် အခု မင်းတို့ပြောတဲ့အထက် လမ်းဆရာက ဘယ်မှာနေတာတုန်း”
“ခု သူ အိမ်အသစ်ဆောက်နေတယ် အိမ်ဝိုင်းနောက်ဘက်မှာ တဲသာသာအိမ်လေးနဲ့ နေ နေတယ် အဘ သူ့အိမ်နေရာက ဖျက်ပစ်လိုက်ပြီ “
“ဟုတ်ပြီ အဲ့တော့ မင်းအစိမ်းတိုက်သွားတိုက်ကွာ တချက်လွတ်တိုက် သူက အထက်ပညာတတ်ထားတယ်ဆိုတော့ ညှာနေလို့မရဘူး “
“ကျုပ်က ဘယ်သူနဲ့ တိုက်ရမလဲ “
“အိမ်ပေါ်မှာ မသိန်းရဲ့အလောင်းက ဆံပင်တွေရှိတယ် မင်းတို့သွားပြီး တိုက်ကွာ “
“ဟုတ်ကဲ့ အဘ ကျုပ် မနက်ဖြန်ည သွားလိုက်ပါမယ် “
ထို့နောက် မောင်ဘိုးထင်သည် ဦးအုန်း၏အိမ်ပေါ်သို့တက်ကာ ဒေါ်သိန်းဟုအမည်ရသော အစိမ်းသေမိန်းမကြီး၏ဆံပင်များထုတ်ထားသော ပိတ်စထုတ်ကိုယူကာ အိမ်သို့ပြန်သွားပါလေတော့သည်။အခန်း (၆)
မောင်ဘိုးထင်တို့သုံးယောက်သည် အိမ်လေးပေါ်တွင် ထမင်း စားလို့နေသည်။အိမ်ရှေ့တွင်တော့ ခေါင်းတွင် လေးမြှောင့်သံချောင်းကြီးစိုက်ဝင်နေသည့် ဆံပင်ဖားလျားနှင့် မိန်းမကြီးတယောက် လမ်းလျှောက်လို့နေသည်။သူမသည် အိမ်ပေါ်သို့မကြာခဏလှည့်ကြည့်နေပြီး တစုံတခုကိုမျှော်လင့်လို့နေသည်။များမကြာသောအချိန်တွင်တော့ ထမင်းပန်းကန်တချပ်ကိုကိုင်ပြီး အိမ်ပေါ်မှဆင်းလာသော မောင်ဘိုးထင်ကိုတွေ့သောအခါ ထိုမိန်းမကြီးသည် ကြောက်မက်ဖွယ်အပြုံးတချက်ကိုပြုံးလိုက်ပြီး လက်ဖြန့်လို့ တစုံတခုကိုတောင်းလေသည်။ထိုအခါမှ မောင်ဘိုးထင်သည် ပန်းကန်ကိုမြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး လေသံခပ်မာမာနှင့် စကားဆိုလေသည်။
“နင့်နာမည်မသိန်းနော် “
“ဟုတ်တယ် “
“အေး နင့်ကို မနက်ဖြန် အိမ်တအိမ်ကိုပို့မယ် နင်လုပ်ရမှာက အဲ့ဒီအိမ်ရှင်ကိုသတ်ဖို့ပဲ နင်သတ်နိုင်ရင် နင့်ကို အမဲသားသုံးပိဿာကျွေးမယ် နေစရာပေးမယ် ကြားလား အခုတော့ ဒီအရိုးအရင်းပဲ စားဦး”
မသိန်းဟုအမည်ရသော နာနာဘာဝကြီးမှာ မောင်ဘိုးထင်၏ စကားကိုခေါင်းညိတ်ပြီး နားလည်ကြောင်းပြကာ မြေပြင်ပေါ်တွင်ရှိသော ထမင်းပန်းကန်ထဲမှ အရိုးအရင်းနှင့် ထမင်းများကို လေးဘက်ထောက်၍ တိရစ္ဆန်တကောင်ပမာစားသောက်နေလေရာ မောင်ဘိုးထင်တယောက် ထိုမြင်ကွင်းကိုကြည့်ကာ စိတ်မသက်မသာဖြစ်လို့နေပြီး အိမ်ထဲပြန်ဝင်သွားလေသည်။
အိမ်ထဲရောက်သောအခါ အိမ်ဦးခန်းတွင် ထိုင်နေကြသည့် ပေတူးနှင့် သာအေးတို့သည် မျက်နှာမကောင်းဖြစ်နေသည့် မောင်ဘိုးထင်အား အမေးစကားဆိုလေသည်။
“ဘိုးထင် မင်းကိုကြည့်ရတာ မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲကွ”
“ဦးဝေလာကိုတိုက်ခိုင်းမဲ့ သရဲမကြီးကိုကြည့်ပြီးသနားလို့ပါ”
“မင်းပြောတော့ သူက တော်တော်ဆိုးတယ်ဆို “
“လူ့ဘဝမှာတော့ ဆိုးချင်ဆိုးမှာပေါ့ အခုဘဝမှာတော့ သူကသနားစရာပါကွာ “
“အဲ့တာတွေ တွေးမနေပါနဲ့ကွာ မနက်ဖြန်ည ဘယ်လိုလုပ်ရမလဲဆိုတာပြောဦး “
“ညမဟုတ်ဘူး နေ့လယ်သွားမယ် “
“ဖြစ်ပါ့မလား နေ့လယ်ကြီးက “
“ဖြစ်ပါတယ်ကွာ မင်းတို့ ဦးဝေလာကို ရေအိုးစင်ဘုန်းကြီး ကျောင်းက ဘုန်းကြီးက ခေါ်ခိုင်းတယ်ဆိုပြီး လာခေါ် “
“ဘုန်းကြီးမခေါ်ခိုင်းပဲ ငါတို့က ညာခေါ်ရမှာလားဟ”
“မင်းကလည်း လွယ်ပါတယ်ကွာ ဘုန်းကြီးခေါ်ခိုင်းချင်အောင် မင်းတို့တွေပြောတတ်ဆိုတတ်ပါတယ်”
“အေး ဘုန်းကြီးကလည်း တို့ကိုလာစေချင်နေတာဆိုတော့အတော်ပဲ မနက်အစော တို့တတွေ သွားမယ် မင်းလည်း အဆင်သင့်ပြင်ထား ကြားလား “
“အေး အေး”
ထိုသို့ဖြင့် မောင်ဘိုးထင်တို့သည် မနက်ဖြန်ပြုလုပ်ရမည့်ကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြပြီးနောက် အိပ်ယာဝင်ဖို့ပြင်လိုက်သည်။အိမ်လေးအပြင်တွင်တော့ မသိန်းဟုအမည်ရသောသရဲမကြီးမှာ အိမ်ရှေ့၌ လမ်းလျှောက်လို့နေပါလေတော့ သည်။အခန်း (၇)
ပေတူးနှင့် သာအေးတို့သည် ရေအိုးစင်ဘုန်းကြီးကျောင်းသို့ တဖန်ပြန်ရောက်လာကြလေသည်။သူတို့သည် ကျောင်းဝန်းထဲရောက်သောအခါ ကျောင်းပတ်ဝန်းကျင်အား မျက်စိကစားလိုက်ပြီး လိုက်လံလှည့်ကြည့်နေကြသည်။ထို့နောက် ပေတူး သည် တချက်ပြုံးလိုက်ပြီး
“သာအေး အကြံရပြီ ဘုန်းကြီးကျောင်းမှာ ရေအိုးစင်ရှိဘူးကွ “
“ကျောင်းပေါ်နဲ့ ဆွမ်းစားကျောင်းမှာ ရှိတယ်လေကွာ “
“ဟေ့ကောင်ရ ကျောင်းအဝင်ဝမှာ မရှိဘူးလေကွာ မင်း ငါ့နောက်ကိုသာလိုက်ခဲ့ ငါ ကြံပြမယ် “
“ကြည့်လည်း လုပ်ဦး ကိုယ့်ဆရာ တော်ကြာဘုန်းကြီးရဲ့ကြိမ်လုံးနှင့် တွေ့နေဦးမယ် “
“မင်းကလည်း ပေတူးပါကွ မပိုင်ရင် ဘာမှမလုပ်ဘူး “
ပေတူးသည် ထိုသို့ပြောပြီး ကျောင်းဝန်းအပြင်ပြန်ထွက်ကာ ကျောင်းအပြင်မှ လှည်းလမ်းတလျှောက် အတော်ဝေးဝေးထိပြေးထွက်သွားရာ သာအေးမှာ နားမလည်နိုင်ဖြစ်လို့နေသည်။အချိန်အတန်ကြာသောအခါ ပေတူးတယောက် ပြန်လည်ရောက်ရှိလာပြီး သာအေးအား အမောတကောနှင့်စကားဆိုလေသည်။
“ဟေ့ကောင် ဘာရပ်လုပ်နေတာလဲ ပြေးလေကွာ ပြေး”
“ဟ ငါက အသလွတ်ကြီးဘာလို့ပြေးရမှာတုန်း”
“တို့နှစ်ယောက်ကို နွားလိုက်ဝှေ့နေတာလေ “
“ဘယ်မှာတုန်း နွားက”
“ပြေးပါဆိုကွာ မင်း ငါ့အကြံအတိုင်း လိုက်နာမယ်မဟုတ် လား “
“အေးလေ “
“အဲ့တာဆိုပြေးကွာ “
သာအေးလည်း ဘုမသိဘမသိနှင့် ပေတူးပြေးခိုင်းသော ကြောင့် ပြေးလိုက်ရ၏။ဤသို့ဖြင့် သူတို့သည် အတန်ကြာသည်အထိ ပြေးလွှားနေပြီးနောက် ဆက်မပြေးနိုင်တော့ပဲ ချွေးများထွက်လာကာ မောပန်းနေသောအခါမှ ကျောင်းဝန်းအဝတွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ဆရာတော်အား ပေတူးမှာ ကျယ်လောင်စွာအော်ခေါ်လေတော့သည်။
“ကယ်ပါဦး ဘုရား ကယ်ကြပါဦး”
ပေတူးမှ ထိုသို့အော်သောကြောင့် သာအေးတယောက်အလန့်တကြားဖြစ်သွားပြီး လေသံတိုးတိုးနှင့် မေးလိုက်၏။
“ဟေ့ကောင် မင်း ဘာတွေအော်နေတာလဲကွာ “
“မင်းကလည်းကွာ ဟိုလူကြီးကို ဆရာတော်ခေါ်ခိုင်းစေချင်တယ်မလား ငါပြောသလိုသာ လုပ်”
သာအေးတယောက် နားမလည်နိုင်ဖြစ်နေချိန် ဆရာတော် ၊ ကိုရင်ကြီးနှင့် ကပ္ပိယကြီးတို့ ရောက်ရှိလာလေသည်။ထို့နောက် အမောဆို့လုဖြစ်နေပြီး ချွေးများရွှဲနေသော ပေတူးနှင့် သာအေးကိုကြည့်ကာ ဆရာတော်မှ မိန့်လေ၏။
“သာအေးနဲ့ ပေတူးပါလား ဘယ်လိုများဖြစ်လာကြတာလဲ “
“တ တပည့်တော်တို့ကို နွားလိုက်ဝှေ့လို့ပါ ကျောင်းထဲဝင်ပြေးလာတာပါ ဘုရား တပည့်တော်တို့ မောလွန်းလို့ရေဆာနေပါပြီ ဘုရား”
“ဪ အေး အေး ကပ္ပိယကြီး ရေနှစ်ခွက်လောက်ပြေးခပ်စမ်းပါဦး”
ကပ္ပိယကြီးနှင့် ကိုရင်ကြီးတို့သည် အတန်လှမ်းသော ကျောင်းပေါ်၌ ရေသွားခပ်နေချိန် ပေတူးသည် ရေဆာကြောင်းတတွတ်တွတ်ညည်းညူနေလေ၏။
“ရေမရသေးဘူးလား ဘုရား တပည့်တော်တော့ ရေဆာလို့သေရပါတော့မယ် “
“မသေပါဘူး ဒကာလေးရယ် ခဏစောင့်ပါဦး”
“ထမင်းခုနှစ်ရက် ရေ တမနက်တဲ့ ဘုရား တပည့်တော် မနက်အစောကတည်းက ရေမသောက်ရသေးတာ အခု ပြေးရတော့ ရေထပ်ဆာနေပြီ တပည့်တော် သေတော့မှာလား မသိတော့ပါဘူး ဘုရား “
“သဘောပြောတာပါ ရေတမနက်မသောက်ရရုံနဲ့ မသေပါဘူး ပေတူးရယ် “
“ပြောမရဘူး ဘုရား တပည့်တော် မျက်လုံးတွေပြာနေပါပြီ သစ်ရွက်စိမ်းတွေကိုတောင် အပြာရောင်လို့မြင်နေရတယ် “
“ဟိတ်ကောင် မျက်လုံးပြာတယ်ဆိုရင် ဘာမှမမြင်ရတော့တာဟဲ့ “
“အဲ့လိုလား ဘုရား”
ပေတူး၏ပေါက်ကရစကားများကို ဆရာတော်သည် ရယ်အားခက် ငိုအားသန်နေသည်။သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာလည်း အတော်ပင်ရေဆာလောင်နေသည့်ပုံ ပေါ်၏။ ထို့နောက် သာအေးသည် သူ၏ရင်ဘတ်ကိုစမ်းကာ
“တပည့်တော် ရင်ဘတ်တွေ ပူလာပြီ ဘုရား ရေမသောက်ရလို့ဖြစ်မယ် တပည့်တော် တကယ်သေတော့မှာလား မသိဘူးဘုရား”
“ဟဲ့ သာအေး နင့်ရင်ဘတ်ကို နေထိုးနေတယ်လေ မင်းတို့နှစ်ယောက်နဲ့တော့ ဒုက္ခပါပဲ ကပ္ပိယကြီး မြန်မြန်လာ ကပ္ပိယကြီးမြန်မြန်မလာရင် ဒီနှစ်ယောက် အသက်ထွက်သွားနိုင်တယ် “
ဆရာတော်မှ ထိုသို့ပြောလာသောအခါ ပေတူးသည်ဆရာတော်အား လက်အုပ်လေးချီလိုက်ပြီး လျှောက်တင်လေသည် ။
“ဘုန်းကြီး ဘုရား တပည့်တော် လျှောက်တင်ပါရစေ”
“ဟေ ဘာလျှောက်ချင်လို့လဲ”
“တပည့်တော်တို့လို ရေဆာတဲ့သူတွေ ဒီလောကကြီးထဲမှာ ဒုနဲ့ဒေး ရှိလောက်ပါတယ် ဘုရား”
“အေး ရှိမပေါ့ “
“အဲ့လို ရေခပ်တာမကြာရအောင် ဒီအနားလေးမှာ ရေချမ်းစင်လေး တည်ပေးပါလား ဘုရား တောင်ယာသွားတဲ့သူတွေလည်း ရေသောက်လို့ ရတာပေါ့”
ပေတူး၏လျှောက်တင်စကားကြောင့် ဆရာတော်တွေးမိသွား ပုံပေါ်သည်။ခဏကြာသော် ဆရာတော်မှ မိန့်လာ၏။
“အင်း ရေချမ်းစင်လေးရှိတော့ ကောင်းတာပေါ့ ဒါပေမဲ့ အလှူရှင်မှ မရှိပဲ “
“လှူချင်တဲ့သူရှိပါတယ် ဘုရား”
“ဘယ်သူများလဲ “
“သလဲကုန်းရွာက ဦးဝေလာပါ ဘုရား တပည့်တော်တို့ ဟိုနေ့က သူအိမ်ဆောက်တာ အလုပ်သွားလုပ်သေးတယ် သူက လှူချင်လို့တဲ့ ဘုရား”
“ဟုတ်သား ဒကာကြီးဝေလာက လိုတာရှိရင် သူ့ကို မိန့်ဖို့လျှောက်ထားဖူးတယ် ရေချမ်းစင်လေးကလည်း လိုနေတာဆိုတော့”
“တပည့်တော်တို့ ခုပဲ သွားခေါ်လိုက်မယ် ဘုရား “
“သူလာမှပဲ ဘုန်းကြီး “
“သူက ဘုန်းကြီးခေါ်မှသာ လာမှာပါ ဘုရား အလှူအရေးပဲ နောက်ကျလို့ ဘယ်ဖြစ်ပါ့မလဲ တပည့်တော်တို့ သွားခေါ်လိုက်မယ် ဘုရား”
“အေး အေး အဲ့တာဆိုလည်း ခေါ်ခဲ့ပေါ့”
ဆရာတော်မှခွင့်ပြုလိုက်သည်နှင့် ပေတူးနှင့် သာအေးသည်ဆရာတော်အား ပေါက်ဆိန်ပေါက်ဦးသုံးကြိမ်ချပြီး ကျောင်းဝန်းအပြင်သို့ထွက်သွားလေရာ ဆရာတော်မှ ရေသောက်ဖို့ လှမ်းသတိပေးပါသော်လည်း ပေတူးနှင့် သာအေးတို့သည်ကား အတန်ဝေးသောနေရာသို့ရောက်ရှိသွားပြီဖြစ်ပါလေသည် ။အခန်း (၈)
မောင်ဘိုးထင်တယောက် အိမ်ဆောက်ဖို့အတွက် မြေတူးနေသည့်လူများအကြား ဝင်ရောက်အလုပ် လုပ်ကိုင်နေသည်။ဦးဝေလာ၏အိမ်ဆောက်လုပ်ရာတွင် သလဲကုန်းမှကလေးများပါ ဝင်ရောက်လုပ်ကိုင်ကြသည်။အကြောင်းမှာ ဦးဝေလာသည် အလှူသဘောမျိုးဖြင့် ထမင်းလည်းကျွေး၏။ငွေလည်း ပေး၏ ။ထို့အတွက် သူ၏ကျယ်ဝန်းသောအိမ်ဝိုင်းကြီးထဲတွင် ကလေးများကပါ တာခြင်း၊တောင်းလေးများကိုင်ပြီး တူးထားသောမြေကြီးများကိုသယ်ရင်း နိုင်ရာအလုပ်များလုပ်နေကြသည်။မောင်ဘိုးထင်သည် မြေသယ်နေရင်းမှ ဦးဝေလာယာယီနေထိုင်သောတဲအိမ်လေးအနီးရှိ ဩဇာပင်ခြေရင်းတွင် တယောက်တည်းထိုင်နေသည်။ထိုအချိန် ဦးဝေလာသည် သူ့အား ခပ်လှမ်းလှမ်းမှလှမ်းကြည့်ပြီး လက်ယပ်ခေါ်လာရာ အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။သို့ပေမဲ့ မျက်နှာပျက်လို့မရဘူးဟုသောအသိစိတ်ဖြင့်သတိထားကာ ဦးဝေလာရှိရာ တဲအိမ်လေးအနားရှိ စားပွဲတန်းလျားသို့ သွားလိုက်သည်။ထို့နောက် ဦးဝေလာသည် သူ့အားသေချာကြည့်လာပြီး
“ကောင်လေး မင်းက တို့ရွာက မဟုတ်ပါဘူး”
“ကျုပ်က ပေပင်ရွာကပါ ဒီမှာငွေပေးတယ်ဆိုလို့အလုပ်လာလုပ်တာ “
“ဪ အေး ဒါနဲ့ မင်းရဲ့မိသားစုတွေ ဆုံးပါးသွားတာရှိလား “
ထိုစကားကြောင့် မောင်ဘိုးထင်တယောက် ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။ဦးဝေလာမှာ သူခေါ်လာသော မသိန်းဟုအမည်ရသောသရဲမကြီးကို မြင်နေရခြင်းလည်းဖြစ်နိုင်သည်။ထို့ကြောင့်သာပင် ယခုကဲ့သို့ မေးခြင်းဖြစ်နိုင်ကြောင်းတွေး တောလိုက်ပြီး စိတ်မကောင်းသည့်အမူအယာဖမ်းကာ အမေးကို ဖြေလိုက်၏။
“ကျုပ်အမေဆုံးသွားတာ မကြာသေးပါဘူး “
“ဪ စိတ်မကောင်းပါဘူးကွာ ဘာဖြစ်ပြီးဆုံးတာလဲ “
“လေးမြှောင့်သံ ခေါင်းကိုထိုးမိပြီးဆုံးတာ “
“စိတ်မကောင်းလိုက်တာကွာ ဘယ်လိုဖြစ်ရတာလဲ”
” အိမ်ဖျက်နေတာကို အမေက သွားကူတာ အိမ်ခါးပန်းက ပြုတ်ကြပြီး ကျုပ်အမေခေါင်းပေါ်တည့်တည့်ကျတာ အဲ့ဒီခါးပန်းက လေးမြှောင့်သံကြီးပါလာပြီး ခေါင်းကိုဖောက်သွားတာ “
“အေးကွာ မင်းလည်း တော်တော်ပင်ပန်းနေပုံပဲ နားနားနေနေလုပ်ကွာ ငါ မင်းကို ငွေပိုပေးပါ့မယ် “
“ဟုတ်ကဲ့ “
မောင်ဘိုးထင်တို့စကားပြောနေစဉ် သူတို့အနားသို့ ပေတူး နှင့် သာအေးရောက်လာလေသည်။ထို့နောက် ပေတူးသည် ဦးဝေလာအား စကားဆိုလိုက်သည်။
“ဦးကြီးက အထက်လမ်းဆရာ ဦးဝေလာလား”
“ဟုတ်တယ် ကောင်လေး မင်းတို့က ဘယ်သူတွေလဲ”
“ကျုပ်တို့က ရေအိုးစင်ကျောင်းဆရာတော်ရဲ့တပည့်တွေပါ ဆရာတော်က အလှူခံစရာရှိလို့ ဦးကြီးကိုကျောင်းကိုကြွခဲ့ပါဦးတဲ့ “
ထိုစကားကြားသောအခါ ဦးဝေလာသည် အတော်ဝမ်းမြောက်သွားပြီး သာအေးနှင့် ပေတူးအား ခေတ္တစောင့်ခိုင်းလေသည်။
“ကဲ ကောင်လေး ငါ တခါတည်းလိုက်ခဲ့မယ် ခဏစောင့်ဦးတိုက်ပုံလေးဝတ်လိုက်ချင်လို့ “
“ဟုတ်ကဲ့ ရပါတယ်”
ဤသို့ဖြင့် ဦးဝေလာသည် သာအေးနှင့် ပေတူးနောက်သို့ တပါတည်းလိုက်သွားချိန် မောင်ဘိုးထင်သည်လည်း ခါးကြားမှထုတ်ထားသော လူသေအလောင်း၏ဆံပင်များကိုထုတ်ကာ အိမ်အောက်၌မြှုပ်နှံထားလိုက်ပြီး အစိမ်းတိုက် တိုက်လိုက်ပါ တော့သည်။အခန်း (၉)
ညသန်းခေါင်ကျော်အချိန်တွင် ဖြစ်သည်။ဦးဝေလာတယောက် သူ၏ယာယီတဲအိမ်လေးတွင် တယောက်တည်း အိပ် ပျော်လို့နေသည်။ဦးဝေလာသည် ရေနံဆီမီးခွက်ထွန်းထားပြီး စာဖတ်ရင်း အိပ်ပျော်သွားလေသည်။သူဖတ်နေသည့် စာအုပ်မှာ လောကီအစီအရင်များအကြောင်းစာအုပ်ဖြစ်သည်။အများအမြင် အထက်လမ်းဆရာဟုထင်နေပေမဲ့ ဦးဝေလာမှာ တခြားမကောင်းသည့်အတတ်ပညာများကိုလည်း လေ့လာလိုက်စားသူတယောက်ဖြစ်လေသည်။စာအုပ်အား ရင်ဘတ်ပေါ်တင်ပြီး အိပ်မောကျနေချိန် တဲအိမ်လေးပေါ်သို့ အရိပ်တခုသည် တဖြည်းဖြည်းတက်လာ၏။ထိုအရိပ်သည် ရေနံဆီမီးခွက်အလင်းရောင်အောက်တွင် တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီး မသိန်းဆိုသောသရဲမကြီးပင် ဖြစ်၏။ထိုသရဲမကြီးသည် အိပ်ပျော်နေသည့် ဦးဝေလာအနားတိုးကပ်လာပြီးနောက် ဦးဝေလာအားတက်ခွ၍ လည်ပင်းဆီသို့ သူ၏လက်များတရွေ့ရွေ့တိုးကပ်သွားချိန် ဦးဝေလာ၏ရင်ဘတ်မှ ဆေးမှင်ကြောင်များ သည် မီးကျည်ခဲအလင်းရောင်ပမာလင်းထိန်လာပြီးနောက် သရဲမကြီးမှာ နောက်သို့လွင့်စင်သွားလေ၏။ဦးဝေလာသည်လည်း အိပ်နေရာမှနိုးထလာပြီး သူ့အားရန်ပြုရန်ကြံစည်နေသော သရဲမကြီးကိုကြည့်ပြီး တချက်ပြုံးလိုက်ကာ
“ဪ နေ့လယ်က ကလေးက ငါ့ကို အစိမ်းတိုက် လာတိုက်တာပဲ ဝေလာဆိုတဲ့ ငါလိုဆရာကို မင်းလိုမလောက်လေးမလောက်စားလေးက နိုင်မယ်များထင်နေလား တောက် မင်းနဲ့ ငါနဲ့ တွေ့ကြပြီးပေါ့ကွာ “
ဦးဝေလာသည် ထိုသို့ကြိမ်းမောင်းပြီးနောက် သရဲမကြီးအား လက်ညှိုးထိုးပြီး မန္တန်တပုဒ်ကိုရွတ်လိုက်ရာ သရဲမကြီးမှာ တဖြည်းဖြည်းနှင့် အမဲရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲသွားပြီးနောက် အိမ်အောက်သို့ ဝေ့ဝဲ့ပြီးပျောက်ကွယ်သွားပါလေတော့သည် ။အောက်လမ်းဘိုးထင်နှင့် အထက်လမ်းဆရာဝေလာသည် ကား ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် သစ္စာ အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
စာဖတ်သူများကို လေးစားစွာဖြစ်မောင်တင်ဆန်း