အောက်လမ်းဘိုးထင် နှင့် မရဏတူးမြောင်း
(၁၀၀)အခန်း (၁)
ကောင်းကင်တွင် ထွန်းလင်းနေသောနေမင်းကြီးကို မော့ကြည့်နေသူနှစ်ယောက်မှာ သာအေးနှင့် ပေတူးတို့ပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် ဖိုးထွေးမောင်း သော နွားလှည်းပေါ်တွင် ထိုင်ပြီးလိုက်လာကာ သာရ ၏ပြောစကားကြောင့် နှစ်ယောက်သား လှည်းပေါ်၌ ထိုင်နေရင်းက နေလုံးကြီးကို မော့ကြည့်နေခြင်းဖြစ် သည်။သာရသည်ကား သူတို့နှစ်ယောက်အားကြည့်ကာ
“နှာအရင်ချေတဲ့ကောင်က အရှုံးနော် သာအေးရေ တောင့်ထား မင်းဘက်က ငါ လောင်းထားတယ် “
သာရမှ ထိုသို့ပြောသောအခါ လှည်းမောင်းနေသည့်ဖိုးထွေးတယောက် နောက်သို့လှည့်ကြည့်လာပြီး
“ပေတူး ငါ မင်းဘက်က ကြက်တကောင်လောင်းထားတာနော် တောင့်ထား နှာမချေနဲ့ နာမည်က ပေတူး နာမည်နဲ့ လိုက်အောင် ပေလိုက်စမ်းပါကွာ “
“သာအေးရေ နာမည်မှာ သာပါတဲ့ကောင်တွေက ဆရာကြီးတွေနော် မင်းသိတဲ့အတိုင်း တို့ရွာက ဆေးဆရာကြီးက သာဒွန်းမဟုတ်လား ရေအိုးစင်ရွာက ထီရောင်းတဲ့သူဌေးကလည်း ဦးသာချိုလေ တောင့်ထား သာပါတဲ့ကောင်တွေက ဆရာကြီးတွေကွ “
တလမ်းလုံးစကားများနေသော ပေတူးနှင့် သာအေးအား အသံတိတ်စေရန်အလို့ငှာ သာရမှ နေလုံးကြီးကိုမော့ကြည့်ခိုင်းပြီး နှာအရင်ချေသောသူမှာ အရှုံးဟုပြောထားရာ သူ့ထက်ငှာအနိုင်လိုချင်သော သကောင့်သားနှစ်ယောက် နေလုံးကြီးကိုမော့ကြည့်နေခြင်းဖြစ် သည်။မကြာသောအချိန်တွင်တော့ သာအေးနှာအရင် ချေမိသဖြင့် ရှုံးသွားရာ ပေတူးမှ ဝမ်းသာအားရနှင့်စကားဆိုလေသည် ။
“အဲ့တာပဲကွာ မတူရင် မတုနဲ့ဆိုတာ “
“အခုမှ လေးပွဲပဲရှိသေးတာ နောက်တပွဲပြိုင်မယ် ငါးပွဲမြောက်ထပ်ပြိုင် သာအေး ပြိုင်မယ်မဟုတ်လား “
သာရမှ ထိုသို့ဆိုလိုက်ရာ သာအေးသည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး
“ယောကျာ်းဗျ ပြိုင်မှာ ဘယ်တော့မှ အရှုံးမပေးဘူး”
“အေး ကောင်းတယ် အဲ့တာမှ ယောကျာ်းစစ်တာကွ တချို့ကောင်တွေက သူတို့ဆက်တိုက်နိုင်ပြီဆိုတာနဲ့ အနိုင်နဲ့ ပိုင်းချင်တယ် အဲ့တာတွေက ယောကျာ်းအစစ်မဟုတ်တဲ့ ခပ်ပျော့ပျော့ကောင်တွေ “
သာအေးသည် ပေတူးကိုစောင်းငဲ့ကြည့်ပြီးပြောလိုက်ရာ ပေတူးတယောက် လှည်းပေါ်၌ မတ်တတ်ရပ်လိုက်ပြီး သူ၏ပုဆိုးကိုပြင်ဝတ်လိုက်ရင်းက
“ယောကျာ်းအစစ်ဗျာ ယောကျာ်းစသ်စစ် မိုးပေါ်မော့ကြည့်နေရတာ ဇက်တော့ညောင်းတယ် ဇက်မကလို့ လည်ပင်းပဲပြတ်ပြတ် ပြိုင်မယ်”
ပေတူးနှင့် သာအေးတို့ တယောက်ကိုတယောက် စောင်းကန်းစောင်းကန်းနှင့်ကြည့်ကာ ခေါင်းကို ဘယ်ညာရမ်းကာ အညောင်းဆန့်လိုက်ပြီးနောက် ပြိုင်ပွဲကို ပြန်လည်စတင်လိုက်လေသည်။ဖိုးထွေးနှင့် သာရသည်ကား ရယ်ချင်စိတ်ကိုကြိတ်မှိတ်ထိန်းထားရင်း သလဲကုန်းရွာသို့ ခရီးဆက်နေပါလေတော့သည်။အခန်း (၂)
“ဘိုးထင်ရေ အရေးကြီး အရာပေါ်ဆိုသလိုပဲ မြရတနာရွာကို ငါ လိုက်လို့မရတော့ဘူးကွာ မင်းတို့ပဲသွားလိုက်တော့”
“ဘယ်လိုဖြစ်တာတုန်း ဆရာကြီး”
“တံတားဆောက်ဖို့အကူညီတောင်းထားတာရှိတယ် အဲ့တာ မြို့က ဘာဆိုလားကွာ ငါလည်း မပြောတတ်ပါဘူးကွာ အဲ့တာ လာမှာတဲ့ တံတားဘယ်လိုဆောက်ရမယ်ဆိုတာကို ပြောပြမဲ့သူတဲ့ကွာ “
“ပန်းရံဆရာလား “
“မဟုတ်ဘူးကွ “
“လက်သမားလား “
“ဟိတ်ကောင် ဘိုးထင်ရ အဲ့တာတော့ ငါလည်း သိတာပေါ့ကွာ တခုမှမဟုတ်ဘူး မျက်နှာဖြူအခေါ်အဝေါ်တွေကို ငါလည်း သိပ်သိတာမဟုတ်ဘူး ဆက်မေးမနေနဲ့တော့ မင်းလည်း သိမှာမဟုတ်ဘူး အဲ့တာ ကုန်ကျစရိတ်တွက်ပြီး သွားပေးရမယ် ရွှေအိုးထဲက ရွှေတွေတော့ ကုန်ခါနီးနေပါပြီကွာ “
“ဆရာကြီးက အရမ်းသုံးတာပဲဗျာ “
“သုံးသင့်တာတော့ သုံးရမှာပေါ့ကွာ ကောင်လေး မြရတနာရွာမှာ တူးမြောင်းတူးရင်း လူသေတာ နှစ်ယောက်တောင်ရှိပြီတဲ့ကွာ အဲ့တာ တူမြောင်းတူးတာရပ်ထားရတယ်တဲ့ မင်းတို့အဖွဲ့ သွားကူညီလိုက် ငွေရေး ကြေးရေးကို ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ယူသွား”
“ကျုပ်တို့အတွက်ဆိုရင်တော့ မလိုပါဘူး ဆရာကြီး”
“မင်းတို့အတွက်မလိုတာ သိတယ် လိုအပ်တဲ့သူတွေအတွက် ပြောတာပေါ့”
မောင်ဘိုးထင်နှင့် ဦးဝေလာစကားပြောနေစဥ် အိမ်ဝိုင်းထဲသို့ နွားလှည်းတစီးဝင်ရောက်လာလေသည်။ လှည်းမှာ သာရ၏လှည်းဖြစ်ပြီး လှည်းပေါ်တွင်တော့ ဖိုးထွေး၊သာရ၊ပေတူးနှင့် သာအေးတို့လိုက်ပါလာသည် သူတို့သည် လှည်းအား သစ်ပင်ရိပ်တခုတွင်ရပ်လိုက်ပြီးနောက် နွားနှစ်ကောင်ကိုဖြုတ်ပြီး လှည်းရန်တိုင်တွင်ချည်ခဲ့ကာ မောင်ဘိုးထင်တို့ထိုင်နေသော တန်းလျားစားပွဲ၌ ဝင်ထိုင်လိုက်ရင်း
“ဘိုးထင် ငါတို့ရောက်ပြီ မင်းတို့ ဘယ်နေ့သွားကြမှာလဲ “
“ဒီညတော့ ဒီမှာပဲအိပ်ကြ မနက်အစော သွားကြတာပေါ့ နေပါဦး ဟိုကောင်တွေနှစ်ကောင်က ခေါင်းကြီးတွေ ဘာလို့မော့နေတာလဲ “
မောင်ဘိုးထင်သည် ခေါင်းများမော့ထားသော သာအေးနှင့် ပေတူးအား မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ သာရမှ ပေတူးနှင့် သာအေးတို့၏ဦးခေါင်းအား တည့် မတ်ပေးလိုက်ပြီး
“ဒီကောင်တွေ အကြောပါသွားတာထင်တယ် “
“ဘာဖြစ်လို့ အကြောပါသွားတာလဲဗျ သူတို့ကိုမြင်ရတာ မသက်သာလိုက်တာ “
“ဒင်းတို့နှစ်ယောက် နေကို အပြိုင်ကြည့်တာလေ အကြည့်လွန်ပြီး အကြောပါသွားတာ “
“တကယ့်ကောင်တွေပဲ ပေတူးနဲ့ သာအေး လာ လာ အိမ်ပေါ်တက် ငါ ပရုတ်ဆီလိမ်းပေးမယ် “
မောင်ဘိုးထင်သည် ပေတူးနှင့် သာအေးတို့နှစ်ယောက်အား ထိုသို့ပြောလိုက်ရာ ပေတူးသည် သူ့ဇက်ပိုးကို လက်နှင့်ကိုင်လိုက်ပြီး
“ပရုတ်ဆီတော့ မလိမ်းတော့ပါဘူးကွာ ဝက်သားဟင်းနဲ့ ထမင်းစားပြီး နည်းနည်းအနှိပ်ခံလိုက်ရင်သက်သာသွားမှာ”
“ဘာ ငါက နှိပ်ပေးရအုံးမယ် ဟုတ်လား “
“ဘာလဲ မင်းက ငြိုငြင်တာလား”
မောင်ဘိုးထင်တယောက် သူငယ်ချင်းနှစ်ယောက် ၏အခြေအနေကိုကြည့်ပြီး မငြင်းရက်တော့ပေ။ ထို့ကြောင့် ပြောစကားကိုလက်ခံလိုက်ပြီး
“အေးပါ အိမ်ပေါ်အရင်တက်ကြ အိမ်အသစ်မှာ နေမလား ဒီအိမ်လေးပေါ်မှာပဲ နေမလား”
“နေမဲ့ နေ အိမ်အသစ်မှာပဲ နေမယ်ကွာ “
မောင်ဘိုးထင်သည် သူတို့အားပြုံး၍ကြည့်နေသည့် ဦးဝေလာကိုခွင့်တောင်းလိုက်ပြီးနောက် မိဘမဲ့ဂေဟာလုပ်မည့် အိမ်ကြီးပေါ်သို့ ခေါ်သွားလိုက်လေသည်။ဖိုးထွေးနှင့် သာရသည်ကား ဦးဝေလာနှင့် စကားပြောရင်း ကျန်ခဲ့ပါလေတော့သည်။အခန်း (၃)
လင်းကြက်တွန်သည့်အချိန်တွင် ဖြစ်၏။မောင်ဘိုးထင်တို့အဖွဲ့ အိပ်ယာမှ စောစောထကာ ထမင်းဟင်းချက်ပြုတ်လိုက်ပြီးနောက် သယ်ရမည့်အိုးခွက်ပန်းကန်များနှင့်အတူ လိုအပ်သည့်ပစ္စည်းပစ္စယများကို လှည်းပေါ်တင်လိုက်ကြသည်။ထို့နောက် နံနက်စာစားလိုက်ကြသည်။နံနက်စာစားပြီးသည်နှင့် ဦးဝေလာအားနှုတ်ဆက်ကာ မောင်ဘိုးထင်တို့ငါးယောက်အဖွဲ့သည် လှည်းလေးဖြင့်စတင်ထွက်ခွာလာရာ အအိပ်မက်သော ပေတူး၊သာအေးနှင့် မောင်ဘိုးထင်တို့မှာ လှည်းပေါ်တွင် ပုဆိုးခြုံ၍ကွေးပြီးလိုက်ပါလာကြသည်။နေထွက်လာသောအခါ ဖိုးထွေးမှ လှည်းမောင်းနေရင်း မောင်ဘိုးထင်တို့သုံးယောက်အား ကြိမ်ဖြင့်တို့ပြီး နှိုးလိုက် လေသည်။
“ဟေ့ကောင်တွေ ထဦးဟ ထကြတော့ “
“ဟာဗျာ အိပ်ကောင်းနေတာ မောင်းစရာရှိတာသာမောင်းစမ်းပါ”
“မင်းမေကြီးတော်ကြီးဆီကို မောင်းရမှာလား “
“မောင်းချင်သပဆိုလည်း မောင်းဗျာ “
“တောက် ဒီကောင်သုံးယောက်ပေါင်းရင် သောက်ချိုးက ဒီအတိုင်းပဲ ထကြအုံးဟ ဘယ်လမ်းကို သွားရမှာလဲ လမ်းက နှစ်ခွဖြစ်သွားပြီ”
ဖိုးထွေးထိုသို့ပြောပြီးနှိုးနေပေမဲ့ မောင်ဘိုးထင်တို့ သည်ကား ပုဆိုးခြုံထားသည်ကိုပင် ပြန်ပြင်မဝတ်ကြသေးပေ။နားငြီးလာဟန်ရှိသော ပေတူးသည် တောက်တချက်ခေါက်လိုက်ပြီး
“တောက် လှည်းလေးစီးပြီး ဇိမ်ယူနေပါတယ်ဆိုမှ နားငြီးတယ်ဗျာ ခင်ဗျားတို့မှာ ပါးစပ်မပါဘူးလား ပါးစပ်ပါရင် ရွာရောက်ပါတယ်ဗျာ “
“တောက် ဒီကောင် ပေတူးတော့ကွာ ဒီကောင်တွေကိုငါ သည်းခံနေရပေါင်းများပြီ “
“ခဏစောင့် ဟေ့ကောင် ဘိုးထင် မင်း ထပြီးလမ်းပြလိုက်လေ ခွီးတဲ့မှပဲ ထအုံး”
ပေတူး အသံခပ်မာမာနှင့် နှိုးလိုက်သောအခါမှ မောင်ဘိုးထင်တယောက် ပုဆိုးခြုံကွေးရာက ငုတ်တုတ်ထထိုင်လိုက်ပြီး
“ဟေ့လူတွေ ရွာအရှေ့ဘက်က ထွက်လာတာလား”
“အေးလေကွာ “
“ဟာ သွားရမှာက ရွာအနောက်ဖက်လေဗျာ “
“ဘာကွ တောက် မင်းဆိုတဲ့ကောင်က လမ်းမှန်လား မှားလားမေးနေတာကို သောက်ပျင်းကြီးပြီး ထမကြည့်ဘူး လှည်းပေါ်ရောက်တာနဲ့ တန်းကွေးတော့တာပဲ အခုတော့ သောက်တလွဲတွေဖြစ်ပြီဟေ့ မင်းတို့သုံးကောင်လှည်းပေါ်က အခုဆင်း သာရ ဟိုဝါးကျည်တောက်ထဲမှာ ကြိမ်အပိုတချောင်းရှိတယ်မလား ထုတ်စမ်းကွာ ဒီကောင်တွေ လှည်းပေါ်ပြန်တက်တာနဲ့ ရိုက် “
“အေး အေး ငါလည်းရိုက်ချင်နေတာ “
သာရသည် ဝါးကျည်တောက်ထဲရှိ ကြိမ်တချောင်းကိုယူရင်း အားကြိုးမာန်တက်ဖြင့်စကားဆိုလိုက်ရာ ပုဆိုးခြုံကွေးနေသော မောင်ဘိုးထင်တို့သုံးယောက် လှည်းပေါ်မှ အလျှင်အမြန်ဆင်းလိုက်ကြလေသည်။ ဖိုးထွေးသည်ကား လှည်းကိုပြန်လှည့်လိုက်ပြီး လှည်းရှေ့တွင် ပုဆိုးကပိုကရိုနှင့် လမ်းလျှောက်နေသည့် မောင်ဘိုးထင်တို့သုံးယောက်အား ကြိမ်လုံးနှင့်လှမ်းရွယ်လိုက်ရင်းက ငေါက်ငမ်းလိုက်သည်။
“မင်းတို့ကောင်တွေ တော်တော်အိပ်ချင်နေကြတယ်ဟုတ်လား လမ်းလျှောက်ကြစမ်း “
“ကျုပ်တို့ မအိပ်ချင်တော့ပါဘူးဗျာ ထိုင်ပြီးလိုက်ပါ့မယ် “
“စကားမရှည်နဲ့ ဘိုးထင် မင်း အဆိုးဆုံး မင်းကြောင့်လမ်းမှားတာ “
ဖိုးထွေးမှထိုသို့စကားဆိုလိုက်လေရာ ပေတူးနှင့် သာအေးတို့နှစ်ယောက်လည်း ခေါင်းညိတ်ထောက်ခံလိုက်ပြီး
“ဟုတ်တယ် ကိုဖိုးထွေး ဒီကောင်ဘိုးထင် အသုံးမကျတာ ကျုပ်တို့ပဲ လှည်းပေါ်တက်မယ် သူတယောက်တည်း လမ်းလျှောက်ခိုင်း”
“မင်းတို့နှစ်ယောက်က တနေကုန် ရွာရိုးကိုးပေါက်လျှောက်သွားတဲ့ကောင်တွေ အခုမှ ဘာဖြစ်နေတာလဲ”
“အဲ့တာက အဲ့တာဗျ အခုလို လှည်းကြီးမြင်ပြီး မစီးရတော့ စိတ်ထဲတမျိုးကြီးဖြစ်နေတယ် “
“မင်းတို့စိတ်ထဲ တမျိုးမကလို့ အမျိုးတရာပဲဖြစ်ဖြစ် ဆက်လျှောက် “
“အင်းပါဗျာ အင်းပါ ခင်ဗျားတို့လှည်းဆိုတော့လည်း လုပ်ထားပေါ့ ကျုပ်တို့လို မျက်နှာမွဲ”
“ခွီးတဲ့မှ ပေတူး စကားတော်တော်များတဲ့ ကောင် ကဲဟယ် “
ပေတူး စိတ်မကောင်းဖြစ်သွားဟန်ဖြင့်စကားပြောလို့မှ မဆုံးသေး စိတ်ဆတ်သော ဖိုးထွေးပစ်လွှတ်လိုက်သည့်ကြိမ်မှာ ပိတုန်းတကောင်အလား တဝီဝီမြည်သံ ပေးပြီး စကြာတခုနှယ် လည်၍ သူတို့ဆီသို့ ပြေးဝင်လာရာ ပေတူးမှာ လျှင်မြန်စွာဖြင့်ခေါင်းငုံ့ရှောင်လိုက်ပြီး
“တကယ်လုပ်တယ်ဟ ဟေ့ကောင်တွေ မြန်မြန်လျှောက် “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သုံးယောက်သည် ပုဆိုးခြုံကွေးသောအပြစ်ကြောင့် လှည်းရှေ့မှနေ၍ လမ်းလျှောက်သွားနေရပါလေတော့သည်။အခန်း (၄)
မြရတနာရွာလေးသို့ရောက်ရန်အတွက် လမ်းတွင်တခြားသောရွာများကို ဖြတ်သန်းသွားရလေသည်။ မောင်ဘိုးထင်တို့သည် နွားများအနားရရန်အလို့ငှာ ရွာအပြင်ဇရပ်တခုတွင် လှည်းကိုနားလိုက်ပြီးနောက် ဖိုးထွေးနှင့် သာရမှာ နွားတကောင်စီဆွဲကာ နွားကျောင်းဖို့အတွက် ပြင်ဆင်လိုက်ကြလေသည်။လှည်းပေါ် ပြန်တက်ရသည်မှာမကြာသေး၍ အပိုးကျိုးနေသော မောင်ဘိုးထင်တို့သုံးယောက်မှာ သစ်ကိုင်းများကို ချိုးပြီး ဇရပ်ပေါ်တွင် လှည်းကျင်းရှင်းလင်းနေကြသည်။ထို့နောက် မျက်နှာတည်နှင့်ဖြစ်နေသော ဖိုးထွေးနှင့် သာရအား မောင်ဘိုးထင်မှဦးဆောင်ကာ ခွင့်တောင်းစကားဆိုလိုက်လေသည်။
“ကိုဖိုးထွေးနဲ့ ကိုသာရ ကျုပ်တို့ ရွာထဲသွားလိုက်ဦးမယ် စားဖို့ မုန့်ဖက်ထုတ်လေးဖြစ်ဖြစ် မုန့်လက်နှိပ်လေးဖြစ်ဖြစ် သွားဝယ်မလားလို့ “
“အေး အေး သွားမယ်ဆိုလည်း မြန်မြန်သွား မြန်မြန်ပြန်လာခဲ့ ထမင်းဟင်း ငါတို့ချက်ထားလိုက်မယ် “
“ကျုပ်တို့ ဟင်းချက်စရာရရင် ဝယ်လာခဲ့မယ် “
“အေး အေး သွား သွား”
မောင်ဘိုးထင်တို့သုံးယောက်သည် ဖိုးထွေးနှင့် သာရကိုခွင့်တောင်းပြီး ဇရပ်နှင့် မလှမ်းမကမ်းတွင်ရှိသော ရွာလေးဆီသို့ သွားလိုက်ကြလေသည်။ရွာအဝင်တွင် သစ်သားပြားဖြင့် ဆိုင်းဘုတ်လုပ်ထားပြီး ဆိုင်းဘုတ်တွင် ထွင်းထုထားသောစာလုံးများမှာ “ဒီဖေရွာ”ဟူ၍ ဖြစ်သည်။မောင်ဘိုးထင်တို့သည် ထူးဆန်းသောရွာအမည်ရှိသည့် ဆိုင်းဘုတ်ကိုကြည့်လိုက်ကာ
“ဘိုးထင် မင်း ဒီရွာကိုရောက်ဖူးလား ရွာနာမည်ကလည်းကွာ ဒီဖေရွာရယ်လို့ပဲ “
“ဟုတ်တယ် ဘိုးထင် သာအေးပြောလည်းပြောချင်စရာပဲ မင်း ရောက်ဖူးလား”
“ဒီရွာကို အခုမှရောက်ဖူးတာကွ ရွာကတော့ စံပြလို့တော့ တပ်ထားတာပဲ စံပြရွာဆိုတော့ ဆိုင်တွေဘာတွေတောင် ရှိရင်ရှိနေမှာ “
“မထင်နဲ့ ငါ့ကောင်ရေ စံပြလို့တတ်ပြီး အိမ်သာမရှိတဲ့ရွာတွေမှ တပုံကြီးကို “
“အေး အဲ့တာလည်း ဟုတ်တယ်ဟ “
မောင်ဘိုးထင်တို့၏ပေပင်ရွာသည် ရွာကြီးတရွာဟုဆိုရမည်ဖြစ်သည်။ရေအိုးစင်ရွာနှင့် နီးသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်ရှိသည်။ပေပင်ရွာအနောက်ဖက်တကြောရှိ သစ်ဆိမ့်နက်ကွင်းနှင့် တခြားသောရွာများမှာ အိမ်သာမရှိသောရွာများဖြစ်သည်။သူ့ထက်ငါ စံပြဟု ရွာဆိုင်းဘုတ်တွင် တပ်ကြသော ကြောင့် စံပြခေတ်စားနေသည်ဆိုရမည်။ဟိုနားလည်းစံပြ ဒီနားလည်း စံပြ တချို့ရွာသူရွာသားများမှာ စံပြဟူသောအဓိပ္ပါယ်ကိုပင် ကောင်းကောင်းသိဟန်မတူချေ။အထက် အထက်ရှိ လူကြီးမင်းများသည် အောက်ခြေရွာများကို လူကိုယ်တိုင်မရောက်ဖူးပါပဲ စံပြဆိုသော စကားလုံးလေးအား ပေးလိုက်ခြင်းဖြစ် ၏။တချို့တချို့သောရွာများသည်ကား စံပြတော့ဖြစ်၏။မလုပ်သင့်မလုပ်အပ်သောအရာများအားလုံးကို စံပြအနေဖြင့် တလွဲပြုလုပ်နေကြသည်။ယခုလည်း မောင်ဘိုးထင်တို့သည် မည်သို့သောစံနှုန်းများဖြင့် စံပြဖြစ်နေသည်မှန်းမသိသော စံပြဒီဖေရွာသို့ရောက်ရှိလာလေသည်။သူတို့သည် ရွာအတွင်းသို့ဝင်လိုက်သော အခါ အိမ်ဝိုင်းများအား ဝါးလုံးများဖြင့် ခနော်ခနဲ့ကာရံထားသည်ကို တွေ့လိုက်ရသည်။ထိုမြင်ကွင်းကြောင့် သာအေးမှ ပေတူးနှင့် မောင်ဘိုးထင်တို့နှစ်ယောက်အား မေးငေါ့ပြကာ မေးလိုက်လေသည်။
“စည်းရိုးကာထားတာကလည်းကွာ သပ်သပ်ရပ်ရပ်လေးကာပေါ့ အခုက ကြည့်လိုက်ပါဦး တို့ရွာလူကြီး ဘကြီးမောင်ကြီးသာဆိုရင် ခြေထောက်နဲ့ကန်ပြီး ထင်းဆိုက်ပစ်လောက်ပြီ “
“မင်းပြောလည်း ပြောချင်စရာပဲ ဝါးကလည်း ရှည်မဲ့ပုံ မပေါ်ပါဘူးကွာ ရွာလယ်လမ်းကိုလုပ်ထားတာလည်း ကြည့်စမ်းပါဦး “
“တအိမ်တည်းလုပ်တာ မဟုတ်ဘူး တရွာလုံးပဲကွ လမ်းကိုလည်းကြည့်ဦး မိုးတွင်းဆို လူတောင်နစ်မလားပဲ ကျစ်စာတွေကိုလည်း ကြည့်ဦး မတော်လို့ နွားတွေကျွဲတွေကျွံရင် ခြေထောက်တောင် ကျိုးမလားပဲ “
“အေး ဟုတ်ပါ့ကွာ လမ်းကချိုင့်တွေက တို့ရွာကရေတွင်းထက်တောင် နက်အုံးမယ် “
ပိုပိုသာသာပြောလိုက်သော ပေတူး၏စကားကြောင့် မောင်ဘိုးထင်နှင့် သာအေးတို့ ငဲ့စောင်းကြည့်လာကြသည်။ထို့နောက် သူတို့သည် ရွာလမ်းလေးအတိုင်းသွားလိုက်စဉ် လမ်းဘေး အိမ်ဝိုင်းတဝိုင်းထဲ၌ မုန့်လက်နှိပ်ရောင်းနေသော ကြီးတော်တယောက်ကိုမြင်လိုက်သဖြင့် ထိုအိမ်ဝိုင်းထဲသို့ ဝင်လိုက်ချိန်မှာပင်
“တောက် ဟန်မြင့်တဲ့ကွ ငါ့အိမ်ဝိုင်းထဲ ခြေမ ကျော်ရင် ခြေမ ဖြတ်မယ် လက်မကျော်ရင် လက်မကိုဖြတ်ပစ်မယ် “
“ဟေ့ကောင် ဟန်မြင့် မင်းကသာ ကပ်နေတာ ငါကမင်းအိမ်ဝိုင်းထဲ ဟိုဒင်းတောင် မကျော်ဘူးကွ “
“ဟိုဒင်းကျော်ရင် ဟိုဒင်းဖြတ်မယ်ကွာ မင်း စည်းရိုးခတ်တိုင်း ငါ့အိမ်ဝိုင်းဘက် တိုး တိုးနေတာ ငါ မသိဘူးမှတ်နေလား ငါစိုက်ထားတဲ့အုန်းပင်တောင် မင်းအိမ်ဝိုင်းထဲရောက်သွားပြီ ဟန်မြင့်တို့က အားနာလို့မပြောတာကွ အားနာရင် ခါးပါမှန်းသိသွားပြီ ငါ့အုန်းပင် ငါ့ဝိုင်းထဲ ပြန်ထည့်ပေး”
“ဟေ့ကောင် ဟန်မြင့် မင်းအုန်းပင်က ငါ့အိမ်ဝိုင်းထဲရောက်လာတာ မင်းအုန်းပင် မင်းပြန်လိုချင်ရင် မင်း ပြန်ရွေ့ပေါ့”
“တောက် ကလိမ်ကကျစ်အုန်းမြင့် ငါ့အုန်းပင်က မင်းအမေလင်မို့ မင်းအိမ်ဝိုင်းထဲ ခြေထောက်ပေါက်ပြီး ရွှေ့သွားရမှာလား “
မောင်ဘိုးထင်တို့ မုန့်လက်နှိပ်သည်ရှေ့အရောက်ကြားလိုက်ရသည့်အသံများကြောင့် ပြန်ပြေးရမည်လော ဆက်နေရမည်လော စဉ်းစားနေစဉ်
“ကောင်လေးတွေ နင်တို့ကိုကြည့်ရတာ ဧည့်သည်တွေထင်တယ် တို့ရွာက ဒီလိုပဲ”
“ဟုတ်ကဲ့ ကြီးတော် ကျုပ်တို့ကို မုန့်လက်နှိပ်ငါးဆယ်သားလောက်”
“အေး အေး”
မုန့်သည်ကြီးတော်ကြီးသည် မုန့်လက်နှပ်များကိုလှီးဖြတ်ပြီး အင်ဖက်ကလေးထဲထည့်ကာ ချိန်ခွင်တွင် ထည့်ပြီးချိန်နေသည်။ထို့နောက် မုန့်များပေါ်သို့ထန်းလျက်ရေများ လောင်းချပေးလိုက်ပြီး အပိုမုန့်အနည်းငယ်ကိုလည်း လှီးဖြတ်ထည့်ပေးလိုက်ကာ
“ကောင်လေးတွေ အဆစ်ထည့်ပေးလိုက်တယ်နော် “
“ဟုတ်ကဲ့ပါ ကြီးတော်ကြီး ဒါနဲ့လေ ဟိုဦးလေးတွေ ရန်ဖြစ်နေတာဘယ်သူမှ မဆွဲကြဘူးလား “
“စောသေးတယ် ခဏနေမှ ထိန်းလိုက်မယ် မုန့်လက်ဆောင်းလုပ်ဖို့ ပြင်ဆင်လိုက်ဦးမယ် “
“ကျုပ်တို့လည်း မုန့်လက်ဆောင်းသောက်ချင်နေတာ ဒီမှာ ထိုင်စောင့်လို့ရမလား ကြီးတော်ကြီး”
“ရတာပေါ့ အဲ့အနားက တန်းလျားမှာထိုင်စောင့်နေ “
ပေတူးသည် ရန်ပွဲကိုစပ်စုချင်သောကြောင့် မုန့်လက်ဆောင်းအကြောင်းပြပြီး ဆိုင်ရှေ့ရှိ တန်းလျားတွင် ထိုင်နေလိုက်လေသည်။မောင်ဘိုးထင်နှင့် သာအေးသည်လည်း စိတ်တူကိုယ်တူမို့ တန်းလျားတွင် ဝင်ထိုင်လိုက်ပြီး ရန်ဖြစ်နေသောသူနှစ်ယောက်အား သိသိသာသာ တခါ မသိမသာတလှည့် စပ်စုလို့နေကြ၏။ရန်ဖြစ်နေသူနှစ်ယောက်သည်ကား ပုဆိုးများကိုခါးတောင်းကျိုက်လိုက်ကြပြီး လက်ခမောင်းခတ်ကာ စိန်ခေါ်နေကြသည်။
“မြေသူခိုးအုန်းမြင့် လာလေကွာ မင်း ငါ့အိမ်ဝိုင်းထဲ ဝင်ခဲ့ “
“ကြာကူလီဟန်မြင့် မင်းလည်း ငါ့အိမ်ဝိုင်းထဲ ဝင်ခဲ့စမ်းပါ ငါ မင်းမြေခိုးတယ်ကွာ ဘာဖြစ်တုန်း ငါ့မိန်းမရေချိုးနေတာ ချောင်းကြည့်လို့ မင်းမြေကို တိုးယူတယ် ဘာဖြစ်လဲ “
“ဟေ့ကောင် အုန်းမြင့် မင်းက မင်းမိန်းမကို ငါ့အိမ်ဖက် လှည့်ရေချိုးခိုင်းပြီး မြေခိုးနေတာ အခုတော့ မရတော့ဘူး မင်းစည်းရိုးခတ်ထားတာ နောက်ဆုတ်ပေး”
“မဆုတ်ပေးဘူး တန်ရာတန်ကြေးတော့ ယူရမှာပဲ”
“ခွေးမသား လာစမ်း ငါ့ကို ငါးခြောက်တပြားနဲ့ ဒုက္ခပေးတဲ့ကောင် “
“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ “
“မင်းထင်ရာတွေ လျှောက်တွေးမနေနဲ့ ငါ အနာစိမ်းပေါက်နေတာသိရက်နဲ့ မင်း ငါးခြောက်ပြားတွေဝယ်ပြီး ဖုတ်လိုက်ကြော်လိုက်လုပ်နေတာ ငါမသိဘူးထင်လား “
မောင်ဘိုးထင်တို့သည် အင်္ကျီများချွတ်၊ပုဆိုးများကိုခါးတောင်းကျိုက်ပြီး တယောက်နှင့်တယောက် စိန်ခေါ်နေပေမဲ့ မိန်မများနည်းတူ အာပေါင်အာရင်းသန်သန် နှင့် စကားစီးချင်းထိုးနေသော လူနှစ်ယောက်ကိုကြည့်ကာ များစွာအံ့သြနေမိသည်။ထိုအချိန် မုန့်သည်ကြီးတော်ကြီးမှာ မုန့်လက်ဆောင်းပြင်ဆင်လို့ပြီးသွားသဖြင့် ထဘီကိုခပ်တိုတိုပြင်ဝတ်လိုက်ပြီး စွန်တောင်ဆွဲကာ ရန်ဖြစ်နေသည့် လူနှစ်ယောက်အနားသွားကာ ဒီဖေနှင့်အစပြုသော ဆဲနည်းပေါင်းများစွာ ဖြင့်ဆဲဆိုလိုက်သောအခါမှသာ ရန်ဖြစ်သူနှစ်ယောက်မှာ အင်္ကျီများကိုပြန်ဝတ်ရင်း ခါးတောင်းကျိုက်ထား သည်ကို တခါတည်းဖြေချလိုက်ကာ
“ကြီးတော်တုတ် ကျုပ်က အေးအေးဆေးဆေးနေချင်တာနော် ဒီကောင်ဟန်မြင့် ပြဿနာလာရှာတာ “
“ကြီးတော် ကျုပ် သက်သက်မဲ့ပြဿနာရှာတာမဟုတ်ဘူးနော် ဒီကောင် အုန်းမြင့် ကျုပ်အိမ်ဝိုင်းဖက် တိုးပြီးစည်းရိုးခတ်နေလို့ ပြောရတာ “
စျေးသည်ကြီးတော်ကြီးသည် ဆဲနေသည်ကိုရပ်လိုက်ပြီးနောက် ဟန်မြင့်အား လက်ညှိုးထိုးကာ
“ဟဲ့ကောင် နင်လည်း အစကတည်းက သူ တိုး တိုးလာတာသိရဲ့သားနဲ့ မပြောဘူး ဘာလဲ မိပုံရေချိုးတာပိုပိုနီးလာတယ်ဆိုပြီး မှိန်းနေတာ မဟုတ်လား အခုရေချိုးတဲ့နေရာပြောင်းတော့မှ မကျေမနပ်ဖြစ်နေတာ နင် ဒုသနသော ထိုက်ချင်နေတာလား “
“အဲ့လိုမဟုတ်ပါဘူးဗျာ ဒါနဲ့ ကြီးတော်ပြောတဲ့ ဒုသန သော ဆိုတာ ဘာကိုပြောတာလဲ “
စျေးသည်ကြီးတော်မှာ သူပြောသော ဒုသနသော ဆိုသည့်စကား၏အဓိပ္ပါယ်ကို ကောင်းကောင်းသိပုံမရပေ။စိတ်ကလည်း တို မေးခွန်းကိုမဖြေနိုင်ပြန်လျှင်လည်း အရှက်ရဦးမည်ဖြစ်သောကြောင့် စျေးသည်ကြီးတော်သည် ပါးစပ်ထဲရှိသည်ကိုသာ ပြောချလိုက်သည်။
“ဟန်မြင့် မှတ်ထား ဒု သ န သော ဆိုတာ သူများမိန်းမကို ကြာခိုတာဟဲ့ ဒု ဒုတိယအကြိမ် သ သိရင် န နင်တို့ သော သောကပွားရစေမယ်လို့ပြောတာဟဲ့ “
စျေးသည်ကြီးတော်၏စကားကြောင့် ရန်ဖြစ်နေသော ဟန်မြင့်၊အုန်းမြင့်အပါအဝင် မောင်ဘိုးထင်တို့သုံးယောက်သည်ပင် တွေတွေဝေဝေဖြစ်သွားကြသည် ကြီးတော်ကြီး၏အဖြေကို သိပ်ပြီးဘဝင်မကျသော အုန်းမြင့်မှာ ကြီးတော်ကြီးအားကြည့်၍စကားဆိုလိုက်လေသည်။
“ကြီးတော်တုတ် အဲ့တာက အဲ့လိုမဟုတ်ဘူးထင်တယ်နော် ငရဲတွေရောပါသလားလို့ “
“ဟဲ့ မသာ နင် ဘာသိလို့လဲ နင်သိရင် ပြောလေ နင်သိတာ သူများမြေခိုးချင်တာပဲ သိတယ် မဟုတ်လား မိန်းမယူတာများ မြေတိုးချင်လို့ယူသလားထင်ရ ကြားဖြင့်မကြားဖူးပါဘူးတော် သူများမြေတိုးယူချင်တာနဲ့ပဲ ကိုယ့်မိန်းမကို ခြံစည်းရိုးနားကပ်ပြီး ရေချိုးခိုင်းရတယ်လို့”
စျေးသည်ကြီးတော် ဒေါ်တုတ် ဖြေရှင်းပေးလိုက်သောအခါမှသာ ရန်ဖြစ်နေသော လူနှစ်ယောက်ငြိမ်သက်သွားကြလေသည်။ကြီးတော်ကြီးသည်လည်း သူတို့ငြိမ်သွားသောအခါမှ မောင်ဘိုးထင်တို့အားလှည့်ကြည့်လာကာ
“ကောင်လေးတွေ မုန့်လက်ဆောင်းသောက်မှာလား ထန်းလျက်ရည်အေးပြီ”
“သောက်မယ် ကြီးတော်”
“ဒီကောင်တွေက အဲ့လိုပြောမှပဲ ရမှာ အဲ့တာကြောင့်နည်းနည်းကြမ်းပြလိုက်တာ “
“ဗျာ ဒါ နည်းနည်းပဲကြမ်းထားတာ “
“အေးလေ ထဘီတောင် မလှန်လိုက်ရဘူး “
“ဗျာ “
မောင်ဘိုးထင်တို့သုံးယောက် မုန့်လက်ဆောင်း အမြန်သောက်လိုက်ပြီး ခပ်သုတ်သုတ်ပြန်လာခဲ့လိုက်ကြလေသည်။အပြန်လမ်းတွင်တော့ ဒီဖေနှင့်စသော ဆဲသံများမှာ ဟိုနားသည်နားမှ ကြားလိုက်ရလေသည်။သူတို့စိတ်ထဲတွင် ဒီဖေဆိုသော ရွာနာမည် ဘာကြောင့်ပေးထားသည်ဆိုသည်ကိုဖြင့် ကောင်းစွာသဘောပေါက်သွားကြပါလေတော့သည်။အခန်း(၅)
မောင်ဘိုးထင်တို့သုံးယောက် ရွာအပြင်ရှိ ဇရပ်သို့ပြန်ရောက်သည့်အချိန်တွင် ဖိုးထွေးနှင့် သာရသည် ထမင်း၊ဟင်းချက်ပြီး၍ လယ်ကွင်းထဲရှိ ရေတွင်းလေးအနီးတွင် နွားရေတိုက်နေသည်။နွားရေတိုက်ပြီးသွားသောအခါ လှည်းအနီးတွင် ပြန်ချည်ထားလိုက်ကြပြီး မောင်ဘိုးထင်တို့သုံးယောက်အားမြင်သည်နှင့် ပြစ်တင်ပြောဆိုပါလေတော့သည်။
“တောက် မုန့်သွားဝယ်တဲ့ကောင်တွေကလည်း နေတောင်ဝင်တော့မယ် အခုမှ ပြန်ရောက်လာရသလား “
“မုန့်စောင့်နေရလို့ပါဗျာ ရော့ ဒီမှာ မုန့်လက်နှိပ်ဝယ် လာတယ် “
“ထမင်းမစားချင်သေးတာနဲ့ အတော်ပဲ “
ဖိုးထွေးနှင့် သာရသည် ဖတ်နှင့်ထုတ်ထားသော မုန့်လက်နှိပ်အား အားရပါးရစားနေသည်။များမကြာသောအချိန်တွင်တော့ သူတို့နားခိုရာဇရပ်ဆီသို့ လူနှစ်ယောက်ရောက်ရှိလာပြီး ဇရပ်ပေါ်တွင်ရှိသည့် ရေအိုးဆီသို့သွားကာ အိုးမှုတ်ခွက်ဖြင့် ရေကိုခပ်လိုက်ပြီး အားရပါးရသောက်နေလေသည်။ရေသောက်ပြီးသွားသောအခါ ဇရပ်ပေါ်တွင် ကြိုတင်ရောက်နှင့်နေသော မောင်ဘိုးထင်တို့အား မေးမြန်းလာလေသည်။
“ဒီက ငါ့ညီတို့ သလဲကုန်းရွာသွားတဲ့လမ်း သိလား”
“သိတာပေါ့ သလဲကုန်းရွာဆိုတာ ကျုပ်တို့နေတဲ့ ရွာပဲကို “
“ငါ့ညီ မင်းက သလဲကုန်းရွာကလား”
“ဟုတ်တယ်လေ”
“သလဲကုန်းရွာက ဦးဝေလာကိုသိလား”
“သိတယ်လေ ဦးဝေလာဆိုတာ ကျုပ်ဆရာပဲ “
“ဟုတ်လား အဆင်သင့်တာပဲကွာ ဆရာကြီး အိမ်မှာရှိလား အကိုတို့ လူကြုံပါးလိုက်သေးတယ် ရောက်မလာလို့ အခု လူကိုယ်တိုင်လာပင့်တာ “
“နေပါဦး ခင်ဗျားတို့က ဘယ်သူတွေလဲ “
“မြရတနာရွာကပါ ရွာမှာ တူးမြောင်းဖောက်နေတာလေ အနှောက်အယှက်တွေရှိနေလို့ ညီလေးရေ တူးမြောင်းက အတောင်တရာလောက်ပဲ တူးရသေးတယ် လူနှစ်ယောက်သေပြီ အဲ့တာနဲ့ ဆက်ပြီးမတူးရဲတော့လို့ ဆရာကြီးအလာကို စောင့်နေကြတာ အခု ဆရာကြီးရောက်မလာလို့ အကိုတို့ လိုက်လာတာဆိုပါတော့ “
တိုက်တိုက်ဆိုင်ဆိုင် သူတို့အားလာပင့်သော သူများနှင့် တွေ့လိုက်ရသည်။ထို့ကြောင့် မောင်ဘိုးထင်သည် မြရတနာရွာသားနှစ်ယောက်အား အကျိုးအကြောင်းပြောပြလိုက်လေသည်။
“ဆရာကြီးက ကျုပ်ကို ခင်ဗျားတို့ရွာကိုလွှတ်လိုက်တာပါ ဆရာကြီးကတော့ “
“ဟင် ဆရာကြီးက သူကိုယ်တိုင်မလာဘူးလား ရွာမှာဖြစ်နေတဲ့ကိစ္စက ပေါ့ပေါ့လေးမဟုတ်ဘူး”
မြရတနာရွာသားတယောက်မှ မောင်ဘိုးထင်အား မယုံကြည်ဟန်နှင့်ပြောလာသော စကားကြောင့် မောင်ဘိုးထင်၏နံဘေးတွင်ထိုင်နေသော သာအေးမှာ ထိုသူအားစူးစိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့်စကားဆိုလိုက်လေသည်။
“ခင်ဗျားတို့က ဘယ်လိုလူတွေလဲဗျ ဆရာကြီးတောင် ဖြစ်လို့လွှတ်လိုက်ပါတယ်ဆိုမှ မယုံမကြည်နဲ့ ဘာလဲ ခင်ဗျားတို့က ဆရာကြီးထက် ပိုတတ်နေလို့လား အဲ့တာဆို ဘိုးထင်သွားမနေနဲ့ကွာ အလုပ်ရှုပ်တယ်”
သာအေး၏စကားကြောင့် မြရတနာရွာသားတယောက်မှာ သူတို့စကားလွန်သွားမှန်းသဘောပေါက်သွားပြီး မောင်ဘိုးထင်အား တောင်းပန်စကားဆိုလေသည် ။
“စိတ်မဆိုးပါနဲ့ ငါ့ညီတို့ရာ အကိုတို့က မင်းတို့ကို စိုးရိမ်လို့ပြောမိတာပါကွာ ဆရာကြီးလွှတ်လိုက်တယ်ဆိုကတည်းက အကိုတို့ သဘောပေါက်ရမှာ “
“ရပါတယ်ဗျာ ထားလိုက်ပါ ခင်ဗျားတို့ရွာမှာ ဘယ်ကဘယ်လိုတွေဖြစ်တယ်ဆိုတာ ကျုပ်တို့ကို ပြောပြလို့ရမလား”
“ရတာပေါ့ ကျုပ် ပြောပြပါ့မယ် “
“နေပါဦး ခင်ဗျားတို့ကြည့်ရတာ ထမင်းစားရသေးပုံမပေါ်ဘူး ကဲ ထမင်းအရင်စားလိုက်ဦး “
ဗိုက်ဆာနေကြဟန်ရှိသော မြရတနာရွာသားနှစ်ယောက်သည် မောင်ဘိုးထင်ပြောသည်ကို မငြင်းပဲခေါင်းညိတ်ပြပြီး လက်ခံလေသည်။ထိုအခါ မောင်ဘိုးထင်တို့သည် အရင် ထမင်းခူးခပ်ပြီးကျွေးမွေးလိုက်ကြလေသည်။ထမင်းစားပြီးသော ရွာသားနှစ်ယောက်တို့မှာ မြရတနာရွာတွင် တူးမြောင်းတူးစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်လည်ပြောပြလာပါလေတော့သည်။အခန်း (၆)
မြရတနာရွာလေးရှိ ရွာလူကြီးအိမ်တွင် ပေါက်တူး ပေါက်ပြား၊တုရွင်းနှင့် တာခြင်းများကိုင်ဆောင်ထားသော ယောကျာ်း၊မိန်းမ ကလေးအစုံအလင်ရောက်ရှိလို့နေသည်။တူးမြောင်းတူးဖော်ပြီးနောက် လယ်ကွက်များရေရပြီး အချိန်မရွေးစိုက်ပျိုးနိုင်ရန်အတွက် အလှူရှင်ကြီးဦးဝေလာမှာ တူးမြောင်းဖောက်ရန် လုပ်အားခများပင် ပေးထားသည်။ထို့အတွက် လုပ်ငန်းစတင်ရန် အဆင်ပြေသောအချိန်လည်းဖြစ်ပြီမို့ လုပ်ငန်းစတင်ရန် ရွာလူကြီး၏အိမ်တွင် စုရုံးနေကြခြင်းဖြစ်သည်။အားလုံး၏မျက်နှာတွင် အပြုံးကိုယ်စီနှင့်ဖြစ်ပြီး တက်ကြွနေကြသည်။ရွာလူကြီးသည်ကား ပို၍ ပျော်ရွှင်တက်ကြွနေသည်။ ယခုလိုနေ့မျိုးရောက်ရှိလာရန် မျှော်လင့်ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ယခုတော့ စေတနာရှင်ကြီး ဦးဝေလာကြောင့် အိပ်မက်များကိုအကောင်ထည်ဖော်ဖို့အတွက် လမ်းစပေါ်တော့မည်ဖြစ်သည်။ရွာလူကြီးသည် သူ၏ဇနီးနှင့် မိန်းမပျိုအချို့အား အသံခပ်ကျယ်ကျယ်နှင့် မှာကြားနေလေသည် ။
“မဆုံ ထမင်းပို့တာ နောက်မကျစေနဲ့ ကြားလား ဟင်းလည်း ဖွယ်ဖွယ်ရာရာချက်ခဲ့ ကျန်တဲ့လုံမေတွေ နင်တို့ကြီးတော်ကို သေချာကူလုပ် ကြားလား”
“စိတ်ချပါတော် ကျုပ် နားလည်ပါတယ် သွားစရာရှိတာသာ သွား တော်ကြာ နေပူနေရင် အလုပ်မတွင်ပဲ နေရော့မယ် “
“အေး အေး သွားပြီ”
ရွာလူကြီးဦးဆောင်သော ရွာသူရွာသားများသည် ရွာအပြင်သို့ထွက်သွားကြပြီး တူမြောင်းကိုစတင်တူးဖော်ကြလေသည်။ပထမတရက်တွင် အားလုံးအဆင် ပြေပြေပျော်ပျော်ရွှင်ရွှင်ဖြင့် အလုပ်တွင်လေသည်။ ထိုသို့ဖြင့် အတောင်ကိုးဆယ်ကျော်သော အနက်ကို တူးပြီးချိန်၌ ပေါက်ပင်တပင်သည် သူတို့တူးရမည့်တူးမြောင်းနေရာနှင့် မလွတ်ကြတော့ပေ။ပေါက်ပင်ဖြစ်နေသည့်အတွက် တူးမြောင်းတူးရန် ခြုံနွယ်များရှင်းသောအဖွဲ့မှ ထိုပေါက်ပင်အား လွယ်လွယ်ကူကူပင်ခုတ်ထွင်ရှင်းလင်းလိုက်ပြီးသည့်အချိန်မှစတင်၍ ပြဿနာက စတင်တက်ပါလေတော့သည် ။
“ဝင်းနိုင် ပေါက်တူးထိသွားလို့ဟေ့ ခြေထောက်ထိသွားပြီ “
ခြေထောက်အား ပေါက်တူးပေါက်မိသောဝင်းနိုင်မှာ တူးမြောင်းထဲတွင် ငုတ်တုတ်ထိုင်ပြီး သူ၏ဒဏ်ရာကိုလက်နှင့်ဖိပြီး ခပ်တိုးတိုးညည်းညူနေသည်။ရွာလူကြီးမှာ အလျှင်အမြန်ရောက်လာပြီး ဝင်းနိုင်အားတူးမြောင်းပေါ်တက်စေပြီးနောက် ဒဏ်ရာကိုကြည့်လိုက်ရာ အတော်နက်သည်ကို တွေ့ရသည်။ထို့ကြောင့် တာခြင်းတောင်းရွက်ရာတွင်သုံးသော အမျိူးသမီးတယောက်၏ခေါင်းခုကိုယူကာ ဝင်းနိုင်၏ခြေထောက်ကို စည်းနှောင်ပေးလိုက်ပြီးနောက် ရွာသို့ ပြန်ပို့လိုက်သည် ။ဝင်းနိုင်အား ရွာသို့ပို့ဆောင်ပြီးပြန်လာစဉ် အလုပ်ခွင်တွင် လူရွယ်နှစ်ယောက် ခိုက်ရန်ဖြစ်ပွားဖို့အတွက် တာဆူနေသည်ကို တွေ့ရပြန်သည်။ဓားကိုင်ထားသော လူရွယ်နှစ်ယောက်မှာ အချင်းချင်းစကားများပြီး ခုတ်မည်ထစ်မည်ဟန်ပြင်နေသောကြောင့် တခြားသောသူ များမှာ ခွဲပေးနေရသည်။ထိုအချင်းအရာကြောင့် ရွာလူကြီးမှာ အတော်စိတ်မသက်မသာဖြစ်နေပြီး စိတ်ပျက်လက်ပျက်နှင့် ရန်လိုနေသူလူရွယ်နှစ်ယောက်အား ပြစ်တင်ပြောဆိုလိုက်လေသည်။
“မင်းတို့ကောင်နှစ်ယောက် အရင်က တပူးပူးတတွဲတွဲနဲ့ပါ အခုမှ ဘယ်လိုဖြစ်နေတာလဲ မင်းတို့တွေ လူလို နားမလည်ကြဘူးလား ဝင်းနိုင်ခြေထောက်ထိလို့ စိတ်ညစ်နေပါတယ်ဆို မင်းတို့ကောင်တွေကပါရန်ဖြစ်နေကြတယ် မလုပ်ချင်ဘူးဆိုလည်း အကြောင်းပြမနေနဲ့ နှစ်ယောက်လုံး ပြန် “
ရွာလူကြီးထိုသို့ဆူငေါက်လိုက်သောအခါမှ ရန်ဖြစ်နေသော လူရွယ်နှစ်ယောက်သည် ငြိမ်သက်သွားကြသည်။ထို့နောက် ရွာလူကြီးသည် သက်ပြင်းတချက်ကိုချလိုက်ကာ
“ကဲ ဒီနေ့ ငါ့စိတ်တွေလည်း လေးနေတယ် အလုပ်နားလိုက်ကြရအောင်ကွာ နောက်နေ့မှ စောပြီး အလုပ်ဝင်ကြတာပေါ့ “
“ရွာလူကြီး ကျုပ်တို့တွေ ဘာအမှားလုပ်မိထားလဲ ဒီနေ့ အရင်နေ့တွေနဲ့ မတူဘူးနော် အလုပ် လုပ်ရတာ အာစလုံးက စိတ်မသက်မသာဖြစ်နေသလိုပဲ”
“မင်းတို့ စိတ်ထင်လို့ပါ ပြီးတော့ ရာသီဥတုကလည်း ပူအိုက်ပူစပ်ဖြစ်နေတာလည်း ပါမှာပေါ့ “
“ကျုပ်က သတိပေးတာပါ တော်ကြာ အမှားလုပ်ထားရင်လည်း တောင်းပန်သင့်တောင်းပန်တာပေါ့ “
“တို့တူးလာတဲ့နေရာတွေမှာလည်း မသင်္ကာစရာတခုမှ မရှိပါဘူး တောင်ပို့လည်း မရှိဘူ အပင်အကြီးတွေလည်း မရှိဘူး ‘
“အဲ့တာတော့ ဟုတ်တယ် ရွာလူကြီး”
“ကဲ ကဲ ဘာမဟုတ်တာတွေကို အယူသည်းမနေကြတော့နဲ့ အိမ်ပြန်ပြီး နားကြတာပေါ့”
ဤသို့ဖြင့် မြရတနာရွာသားများသည် တူးမြောင်းတူးခြင်းကိုရပ်တန့်လိုက်ကြပြီးနောက် ရွာသို့သာပြန်ခဲ့လိုက်ကြပါလေတော့သည် ။အခန်း (၇)
နံနက်အလင်းရောင်ကောင်းစွာမရသေးမီအချိန်မှာပင် ရွာသားများသည် တူးမြောင်းတူးရမည့်နေရာသို့ရောက်ရှိနေပြီဖြစ်သည်။တူးမြောင်းအား ရွာလူကြီးပြထားသောလမ်းကြောင်းအတိုင်း ဟိုတဖွဲ့ ဒီတဖွဲ့ဖြင့် တူးနေကြသည်။ပေါက်ပင်ခုတ််ထားသောနေရာကိုဖြင့် သိန်းထွန်းနှင့် သာဦးတို့နှစ်ယောက်က တူးနေကြသည်။တူးထားသောမြေစာများအား အမျိုးသမီးနှစ်ယောက်မှ တာခြင်းတောင်းထဲထည့်ကာ သယ်ပေးလျက်ရှိသည်။သူတို့သည် မနေ့ကအဖြစ်အပျက်ကိုမေ့ပျောက်ကာ ပျော်ပျော်ရွှင်ရွှင်ပင် တဦးနှင့်တဦး စနောက်ရင်း အလုပ် လုပ်နေကြသည်။
“ဗျို့ မတင်ကြည် ခင်ဗျားက ခင်ဗျားယောကျာ်း တူးနေတဲ့ နေရာကိုမသွားပဲ ကျုပ်တို့တူးနေတဲ့နေရာကိုဘာလာလုပ်နေတာလဲ ဘာလဲ ခင်ဗျားယောကျာ်းနဲ့ မျက်နှာချင်းမဆိုင်ချင်လို့လား “
“အေးဟယ် ငါ့ယောကျ်ားနဲ့ အတူရှိလို့ကတော့ အလုပ်ကိုဖြစ်မှာ မဟုတ်ဘူး ဒင်းအကြောင်းလည်း နင်တို့အသိသားနဲ့ “
“သိတယ် ခင်ဗျားယောကျ်ားက တယ်စိတ်နုတာပဲ ဗျာ ခင်ဗျားသိတဲ့အတိုင်းပဲ မြေတူးတာ လူတရပ်မြုပ်လောက်ဆို ကျုပ်တို့အနား လာ လာကြည့်နေတာ သူ့ကြည့်ရတာ ခင်ဗျားကို စိတ်မချသလိုပဲ “
“သူနဲ့လည်း အဲ့တာတွေခက်တာ ငါ့ရုပ်ကိုလည်း နင်တို့ ကြည့်ကြပါဦးဟယ် ခွေးကျွေးရင်တောင် မစားမဲ့ရုပ်ပါ အဲ့တာကို ဒင်းက ဘာတွေဖြစ်ပျက်နေမှန်းမသိပါဘူး “
“ချစ်တာကိုးဗျ ချစ်တာကိုး သူ့မျက်လုံးထဲမှာတော့ ခင်ဗျားက ပပဝတီမင်းသမီးလေးဖြစ်နေတာ နေမှာပေါ့ “
“ပပဝတီတော့ မဟုတ်ဘူး ပပမဲပဲ နေမှာ ကြည့်ပါလား မဲတူးနေတာပဲ “
လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ရိုးသားစွာစကားပြောနေကြခြင်းဖြစ်သည်။ထို့နောက် ရွာထဲမှအမျိုးသမီးများ နံနက်စာလာရောက်ကျွေးမွေးသည့်အချိန်တွင် တာခြင်းထဲမြေစာများထည့်ပေးနေသော သာဦးနှင့် မြေစာသယ်မည့် မတင်ကြည်တို့သည် မစားကြသေးပဲ ကျန်နေသောမြေစာများကို ပေါက်ထားသော တူးမြောင်းအပြင်သို့သယ်ထုတ်နေသည်။ထိုစဉ် မတင်ကြည်၏ယောကျာ်းဖြစ်သူ ကိုမြတ်အောင်ရောက်ရှိလာပြီး တာခြင်းထဲသို့ မြေစာများခပ်ထည့်ပေးနေသော သာဦး၏လက်မောင်းအား ဓားနှင့် လွှဲခုတ်လိုက်လေသည်။မထင်မှတ်ထားသောထိုအဖြစ်ကြောင့် သာဦးတယောက် ပြတ်လုဆဲဆဲ သူ၏လက်ကိုကြည့်ကာကြောင်ငေးကြည့်နေရာမှ အော်ဟစ်လိုက်ပါလေတော့သည်။မတင်ကြည်သည်လည်း သူမယောကျာ်း၏လက်ထဲမှ ဓားကို အတင်းလုကာ အော်ဟစ်အကူအညီတောင်းလိုက်သောကြောင့် တခြားလူများရောက်ရှိလာပြီးနောက် သာဦးကိုမြင်ပြီးထိတ်လန့်သွားကြလေသည်။
“ဟေ့ကောင် မြတ်အောင် မင်း မင်း ဘယ်လိုလုပ်လိုက်တာလဲ သာဦးလက် ပြတ်တော့မယ် ဟေ့ သာဦးကို ရွာမြန်မြန်ပို့ ပြီးရင် တိုက်နယ်ဆေးရုံတင်ဖို့ လုပ် လက်ကို ပုဆိုးနဲ့သွေးတိတ်အောင် အရင် လုပ် သွေးထွက်လွန်သွားလိမ့်မယ်”
ရွာလူကြီးမှ စီစဥ်စရာရှိသည်များကိုစီစဥ်ပေးပြီးနောက် မြတ်အောင်အားဖမ်းချုပ်ပြီး မေးမြန်းလိုက်ကြလေသည် ။
“မြတ်အောင် မင်း ဘယ်လိုလုပ်လိုက်တာလဲ “
“လူကြီး ခင်ဗျားမမြင်ဘူးလား အဲ့ကောင် ကျုပ်မိန်းမကို ထိကပါးရိကပါးလုပ်နေတာလေ “
ထိုစကားကြောင့် မတင်ကြည်မှာ သူမ၏ယောကျာ်းကို အတော်စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာ နှင့် ကြည့်လိုက်ကာ
“ရှင် ရူးနေပြီလား သာဦးနဲ့ ကျုပ်တို့ဆိုတာ တရွာတည်းသားတွေပဲ မောင်နှမတွေလိုပဲနေကြတာ ထိကပါးရိကပါးမပြောနဲ့ လက်ဖြားနဲ့တောင် မထိဘူး သူ့ဘာသာ အလုပ် လုပ်နေတာလေ “
“အဲ့ကောင် နင့်ပုခုံံးကိုဖက်လိုက်တ ငါ မမြင်ဘူးထင် နေလား “
“တော် ရူးနေပြီလား ဒီမှာ လူတွေအားလုံးလည်း ရှိ နေတယ် ကျုပ်ကို ဖက်လားမဖက်လား မေးကြည့်လေ တော်ကြီး ရူးနေပြီ “
“ဟုတ်တယ် သာဦးက သူ့ဘာသာအလုပ်လုပ်နေတာ မြေတူးနေတာ တရပ်တောင် မြုပ်သေးတာမဟုတ်ဘူး အားလုံး သူတို့ အလုပ် လုပ်နေတာမြင်နေရတာကို မင်းဘာတွေပြောနေတာလဲ “
တခြားသောသူများမှ မတင်ကြည်ဘက် လိုက်ပြောသောအခါ ကိုမြတ်အောင်တယောက် ရွာသားများကို မယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်ကာ
“ခင်ဗျားတို့ မျက်လုံးတွေကန်းနေတာလား သာဦးကျုပ်မိန်းမကိုဖက်တာ ခင်ဗျားတို့ မမြင်ကြဘူးလား “
“ဟေ့ကောင် မြတ်အောင် တို့တွေ မကန်းဘူး မင်းကသာ မြင်ချင်တာတွေမြင်နေတာ သာဦးက သူ့အလုပ်သူ လုပ်နေတာ”
ရွာသူရွာသားများသည် အကြောက်အကန်ငြင်းနေသော ကိုမြတ်အောင်ကိုနားမလည်စွာနှင့် ဝိုင်းကြည့်နေကြသည်။ထို့နောက် ရွာလူကြီးသည် ကိုမြတ်အောင်ကို ဖမ်းချုပ်လိုက်ပြီးနောက် သူ၏အိမ်သို့ ခေါ်ဆောင်သွားလိုက်သလို တူမြောင်းတူးဖော်ခြင်းကိုလည်း ရပ်နားထားလိုက်ကြပြန်လေသည် ။
အခန်း (၈)
အမြဲတမ်းပူပြင်းစွာထွက်ပေါ်နေသော နေလုံးကြီးမှာ ယနေ့တွင် ထွက်ပေါ်မလာသေးပဲ အချိန်အခါမဟုတ်မိုးအုံ့နေပြန်သည်။မြရတနာရွာလေးတွင်တော့ ပူဆွေးသောကရောက်ရသော နေ့လေးတနေ့လည်းဖြစ်သည်။အကြောင်းမှာ လက်ပြတ်လုမတတ်ဖြစ်သွားသော သာဦးမှာ သွေးထွက်လွန်ပြီး ဆုံးပါးသွားသလို မြတ်အောင် သည်လည်း လူသတ်မှုဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးသွားပြီဖြစ်သည်။ရွာသားများသည် ယခုအဖြစ်အပျက်များဖြစ်နေသည်မှာ တူမြောင်းကြောင့်ဟု မှတ်ချက်ပေးလိုက်ပြီးနောက် တူးမြောင်းအားဆက်လက်မတူးလိုကြတော့ပေ။သို့ပေမဲ့ စိတ်အားထက်သန်နေသော ရွာလူကြီးနှင့် တခြားသောသူများသည် သာဦးရက်လည်ဆွမ်းသွပ်ကိစ္စပြီးသောအခါ ဆက်လက်တူးဖော်ကြလေသည်။အရင်ကထက် ထက်ဝက်မျှလူအင်အားနည်းသွားသည့်အတွက် သိပ်ပြီး လုပ်ငန်းမတွင်ပေ။ဤသို့ဖြင့် နေ့လည်ထမင်းစားနားပြီးသွားသောအခါ သာဦးမြေတူးခဲ့သည့် ပေါက်ပင်နေရာကိုဆက်တူးသည့် ကိုသိန်းတယောက်လည်း ပိုးထိပြန်လေသည်။ကိုသိန်းသည်လည်း ဆုံးပါသွားပြန်၏။မကြာ သေးသောရက်အပိုင်းအခြားအတွင်း လူနှစ်ယောက်ဆုံးပါးသွားသည့်အတွက် ထိုတူးမြောင်းဖောက်ခြင်းကို ယာယီရပ်ဆိုင်းထားလိုက်ရပြန်သည်။ထိုသို့အခက်အခဲဖြစ်နေချိန်တွင် ရွာ၏နတ်ဝင်သည် ဒေါ်ပြုံးမှ နတ်နဂါးများက အပြစ်ပေးသည်ဟု သတင်းဖွလိုက်ပြီးနောက် မည်သူကမှ တူးမြောင်းတူးဖော်ခြင်းကို ဆက်မလုပ်ရဲတော့ပေ။ရွာလူကြီးမှာဖြင့် သူတို့အား ကူညီထောက်ပံ့ပေးသော ဦးဝေလာသာ ယခုကိစ္စကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်းပြော၍ ဦးဝေလာအလာကိုစောင့်နေသော်လည်း ရောက်မလာသော ကြောင့် သူ၏ရွာသားနှစ်ယောက်အား အခေါ်လွှတ် လိုက်ခြင်းဖြစ်ပါလေတော့သည် ။အခန်း (၉)
“ခင်ဗျားပြောပုံအရဆိုရင် တူးမြောင်းဖောက်တဲ့နေရာမှာ ပြဿနာရှိနေတာပဲဖြစ်ရမယ် “
“ကျုပ်တို့လည်း အဲ့လိုပဲထင်တယ် “
“စိတ်မပူပါနဲ့တော့ ကျုပ်တို့ရောက်လာပြီပဲ ဒါနဲ့ခင်ဗျားတို့ ကျုပ်တို့နဲ့မှပဲ အတူတူပြန်မလား ကျုပ်တို့က မနက်ခင်းအစော ထသွားမှာ “
“ကျုပ်တို့ ညတွင်းချင်းပဲပြန်တော့မယ်ဗျာ ငါ့ညီတို့လာတာကို ကြိုပြီးသိစေချင်လို့ တရွာလုံးလည်း စိတ်မချမ်းမသာဖြစ်နေတာ ကြာပြီလေ”
မြရတနာရွာသားနှစ်ယောက်တို့သည် မောင်ဘိုးထင်တို့အား အကြောင်းစုံရှင်းပြပြီးနောက် ညတွင်းချင်းပင်ပြန်သွားကြလေသည်။မောင်ဘိုးထင်တို့သည်လည်း သူတို့နှစ်ယောက်ပြန်သွားသောအခါမှသာ ထမင်းစားလိုက်ကြပြီး စကားစမြည်ပြောဖြစ်ကြလေ၏။
“ဘိုးထင် ငါတို့သွားရမဲ့ရွာက တော်တော်လှမ်းသေးလား “
“လှမ်းသေးတာပေါ့ ကိုဖိုးထွေးရာ မနက်ဖြန် မနက်အစောထသွားရင်တောင် ညနေလောက်မှ ရောက်မယ်ထင်တယ် “
“အဲ့လောက်ဝေးတာကို ဟိုလူတွေက ချက်ခြင်းပြန်သွားကြပါလားကွ “
“သူ့ရွာသားတွေစိတ်ပူနေတာ သက်သာစေချင်လို့နေမှာပေါ့ဗျာ “
ထို့နောက် သာရသည် တခုခုအားအလေးအနက်တွေးတောနေပြီးနောက် မောင်ဘိုးထင်အား မေးမြန်းလိုက်လေသည်။
“ဘိုးထင် တူးမြောင်းဖောက်တာ ဒီလူတွေမှားတာဖြစ်နိုင်လား”
“ကျုပ်လည်း အဲ့လိုပဲထင်တာပဲ သူတို့သစ်ပင်ခုတ်တဲ့နေရာ လွဲတာပဲဖြစ်မယ် အပင်ကြီးမှ သရဲတစ္ဆေကနေနိုင်တာမဟုတ်ဘူးဗျ လူတခိုစာလောက်ရှိရင်ကို နေနိုင်တယ် “
“အင်း လူနှစ်ယောက်တောင် သေသွားပြီဆိုတော့ ဒီကောင် တော်တော်ကြမ်းတဲ့ကောင်နေမှာပဲ”
“ပိုးထိတာကတော့ သူ လုပ်တယ်လို့ပြောမရဘူးဗျ ခင်ဗျားတို့ ကျုပ်တို့သိတဲ့အတိုင်းပဲလေ ကျုပ်တို့တောရွာတွေမှာ အကောင်က ပေါတယ် မဟုတ်လား “
ပေတူးတယောက် မြွေအကြောင်းပြောသောအခါ မမျက်နှာမကောင်းပေ။သူ၏မိခင်သည်လည်း ပိုးထိပြီး ဆုံးပါးသွားရသည် မဟုတ်ပါလား။ပေတူး၏ မျက်နှာရိပ်မျက်နှာကဲကိုသိသော မောင်ဘိုးထင်တို့ သည် ချက်ခြင်းပင် စကားလမ်းကြောင်းပြောင်းလိုက်ကြသည်။
“ဒီနေ့ ဒီဖေစံပြရွာကိုသွားတာ စံပြလုပ်ရပ်တွေ တွေ့ခဲ့ရတယ်ဗျာ “
“ဘာတွေ တွေ့ခဲ့တာတုန်း ဆိုစမ်းပါဦး ဘိုးထင်ရ “
“ဒီဖေဆိုတဲ့ နာမည်ဘာကြောင့်ပေးတာလဲဆိုတာ ကျုပ်တို့ ပြန်ခါနီးမှပဲ သိခဲ့ရတယ် “
“ဆိုစမ်းပါဦကွ “
“တရွာလုံး ဒီဖေနဲ့စတဲ့ အဆဲတွေချည်း ဆဲကြတာများဗျာ ကျုပ်တို့တွေလည်း လိမ်မာတဲ့ကောင်တွေမဟုတ်ပါဘူး အဲ့တာတောင်မှ အဲ့ဒီရွာကိုလည်းရောက်ရော မျက်နှာတွေပါ ပူတယ်ဗျာ ရွာထဲမှာ တညအိပ်ဖြစ်ရင် မျက်နှာပါ မီးလောင်မလားပဲဗျာ “
“တောက် ဘိုးထင်တို့ကောင်တွေ ပြောလိုက်ရင်အလွန်ချည်းပဲ “
ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် စကားပြောလိုက်ရယ်လိုက်မောလိုက်နှင့်ပင် ညစာအားမြိန်ရည်ရှက်ရည်စားလိုက်ကြပါလေတော့သည် ။အခန်း (၁၀)
နံနက်ဝေလီဝေလင်းအချိန်၌ မောင်ဘိုးထင်တို့အဖွဲ့ ခရီးဆက်လာရာ ညနေပိုင်းအချိန်တွင်တော့ မြရတနာရွာလေးသို့ ရောက်ရှိလာပြီဖြစ်လေသည်။မြရတနာရွာလူကြီး၏အိမ်သို့ရောက်သောအခါ ရွာလူကြီးသည် ကောင်းစွာဧည့်ဝတ်ပြုလေသည်။
“မောင်ရင်တို့ ရောက်လာပြီလား လာ လာ မင်းတို့အတွက် ဦးကြီးအကုန်ပြင်ဆင်ထားတယ် “
“အထူးတလယ်လုပ်နေစရာမလုပ်ပါဘူး ဦးကြီးရာ”
“ဒါနဲ့ ဆရာကြီးက ဘယ်သွားတာလဲ”
“တံတားဆောက်ဖို့ သွားတာဗျ “
“ဆရာကြီးတို့များ အတော်ကိုစေတနာကောင်းတာပဲ ကဲ ကဲ မောင်ရင်တို့လည်း နားကြလေ “
“ကျုပ်တို့ မနားနိုင်သေးပါဘူး တူးမြောင်းနေရာကိုသွားကြည့်ချင်တယ် လမ်းညွှန်ပေးပါလား ဦးကြီး “
“ကျုပ် လိုက်ပို့ပေးပါ့မယ် “
“ရတယ် ဦးကြီး ကျုပ်တို့ဘာသာပဲသွားချင်လို့ ”
ရွာလူကြီးမှ သွားရမည့်နေရာကိုလမ်းပြပြီးသည်နှင့် မောင်ဘိုးထင်သည် ပေတူးနှင့် သာအေးကိုနားနေစေကာ ဖိုးထွေးနှင့် သာရတို့ကိုသာခေါ်ပြီး တူမြောင်းရှိရာဘက်သို့ ထွက်လာခဲ့လိုက်ကြသည်။တူးမြောင်းရှိရာဘက်သို့သွားသောလမ်းမှာ ရွာအလယ်မှ ဖြတ်သွားရသောကြောင့် လူစိမ်းများဖြစ်သော သူတို့သုံးဦးအား ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်။ထိုအထဲတွင် မိန်းမလေးများလည်းပါနေလေရာ ဖိုးထွေးနှင့် သာရတို့နှစ်ယောက်မှာ မြောက်ကြွမြောက်ကြွဖြစ်နေကြပြီး မောင်ဘိုးထင်အား အသံခပ်အုပ်အုပ်နှင့် စကားဆိုလာလေသည်။
“ဘိုးထင် ဒီရွာမှာ လူချောလူဖြောင့်မရှိဘူးထင်တယ်ကွာ အပျိုလေးတွေ ငါတို့ကို ကြည့်နေတယ် “
“ခင်ဗျားကလည်း ဟိုကြီးတော်ကြီးကြည့်နေတာကရော ခင်ဗျားတို့ကို ကြိုက်လို့ပေါ့ အဲ့လိုလား”
“ဟိတ်ကောင်ရ ပြောလို့ရမလား အဲ့ကြီးတော်ကြီးက အပျိုကြီးဖြစ်ရင်ဖြစ်နေမှာ “
“ခင်ဗျားတို့ကတော့နော် တော်တော်ကိုဆိုးနေပြီ”
“ငါ့ကောင်ရာ လူချောလူဖြောင့်တွေဆိုတာ ဘယ်ရနေရာပဲရောက်ရောက် လူအကြည့်ခံရတာပဲလေ “
မောင်ဘိုးထင်တို့သည် စကားတပြောပြောနှင့်လမ်းလျှောက်လာရာ မကြာသောအချိန်တွင်တော့ တူးလက်စတူးမြောင်းအား တွေ့လိုက်ရသည်။တူးမြောင်းကို သူတို့လိုက်ကြည့်လိုက်ကြပြီးနောက် ပေါက်ပင်ငုတ်တခုကိုတွေ့လိုက်ရသောအခါ မောင်ဘိုးထင်သည် ခုတ်ထားသောပေါက်ပင်နေရာကို လက်နှင့်တို့လိုက်ပြီး
“ကိုဖိုးထွေး ဒီအစေးတွေက သွေးတွေလိုပဲ အမှန်ဆို ခုတ်ထားတာကြာနေပြီ အစေးတောင်မထွက်သင့်တော့ ဘူးမလား”
မောင်ဘိုးထင်၏စကားကြောင့် ဖိုးထွေးနှင့် သာရသည်လည်း ထိုအစေးများကိုလက်နှင့်တို့ကြည့်လိုက်ပြီး။
“ဟုတ်တယ်ကွ သွေးလိုအစေးတွေ ရွာကလူတွေ ဒီအပင်ကိုသတိမထားမိကြဘူးထင်တယ်”
“တခြားအပင်တွေကိုလည်း ခုတ်ထားတော့ ဒီအပင်ကို သိပ်ပြီးတာ့သတိထားမိကြမှာမဟုတ်ဘူး မနက်ဖြန်ညမှပဲ လုပ်ငန်းစကြတာပေါ့ အဖြေကသိနေပြီပဲကို “
“မင်းသဘောကွာ အဲ့တာဆို ပြန်နားကြတာပေါ့ “
မောင်ဘိုးထင်တို့သည် အခြေအနေကိုသိသွားပြီဖြစ်သောကြောင့် ရွာထဲသို့ ပြန်ဝင်ခဲ့လိုက်ကြလေသည်။ရွာအဝင်အရောက်တွင် နေဝင်သွားသဖြင့် မှောင်ရီပျိုးသောအချိန်သို့ရောက်ရှိသွားပြီဖြစ်သည်။မောင်ဘိုးထင်တို့ စကားတပြောပြောနှင့်လမ်းလျှောက်နေစဥ် သူတို့၏ရှေ့တည့်တည့်သို့ ကြိုးတချောင်းပြုတ်ကြလာပြီး ထိုကြိုးမှာ တမဟုတ်ချင်း မြွေတကောင်အသွင်ပြောင်းကာ မောင်ဘိုးထင်တို့အား ပါးပျဥ်းထောင်ပြီး ရန်ပြုမည့်ဟန်ပြင်လေသည်။ထိုအခါ မောင်ဘိုးထင် သည်တချက်ပြုံးလိုက်ပြီး အလန့်တကြားဖြစ်သွားသော ဖိုးထွေးနှင် သာရကိုစိတ်မပူရန်ပြောကြားလိုက်ပြီးနောက် ဖနောင့်တချက်ပေါက်လိုက်ပြီး အသံခပ်တိုးတိုးနှင့် မန္တာန်တပုဒ်ကိုရေရွတ်လိုက်ရာ မြေပြင်တွင်ရှိနေသောမြွေမှာ ရုတ်ချည်းဆိုသလိုပါးပျဥ်းကျသွားပြီး ခြံစည်းရိုးများအကြားမှ အိမ်ဝိုင်းတခုထဲ ဝင်သွားသည်။များမကြာသောအချိန်တွင် တိုက်မြွေဝင်သွားသော အိမ်ဝိုင်းထဲမှ အသက်ခပ်ကြီးကြီးမိန်းမကြီးတယောက်ထွက်လာပြီး မောင်ဘိုးထင်ရှေ့ခေါင်းငုံလာကာ
“ဆရာလေးကို ကျမ ပညာစမ်းမိတာတောင်းပန်ပါတယ် ကျမကို ခွင့်လွှတ်ပါ ကျမကိုအသေမတိုက်တာကိုပဲ ကျေးဇူးတင်ပါတယ် “
“ရပါတယ် ကြီးတော်ရယ် ကျုပ် သဘောပေါက်ပါတယ် “
“အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုပညာတွေတတ်နေ တာ ကျမဖြင့် အတော်အံ့သြမိပါတယ် တူးမြောင်းပြဿနာကို ဆရာလေး ဖြေရှင်းနိုင်မှာပါ ကျမလည်း ကူညီဖို့ကြိုးစားပါသေးတယ် ဒါပေမဲ့ နှောက်ယှက်နေတဲ့ကောင်က အကောင်ကြီးတော့ ကျမလည်း မတတ်သာလို့ပါ ဆရာလေးတို့ အဓိကရင်ဆိုင်ရမှာက နတ်ဝင်သည်ပဲ “
“ဘာဖြစ်လို့လဲ ကြီးတော်ကြီးရဲ့ “
“ဒင်းက မဟုတ်ကဟုတ်ကတွေပြောပြီး လူတွေကိုချိန်းခြောက်နေတာ ပြီးတော့သူ့ကိုယုံတဲ့ လူပူးတွေကလည်း တမှောင့် အဲ့တာတွေကို ရှင်းနိုင်မှ ရွာကလူတွေတူးမြောင်းပြန်တူးရဲမှာ “
“အခုလို သတိပေးလို့ ကျေးဇူးတင်ပါတယ်ကြီးတော်ကြီး ကျုပ်တို့လည်းပြင်ဆင်စရာရှိတာလေးပြင်ဆင်လိုက်ဦးမယ်ဗျာ “
မောင်ဘိုးထင်တို့သည် သူတို့အားပညာစမ်းသောအမျိုးသမီးကြီးကို နှုတ်ဆက်ခဲ့ပြီးနောက် တည်းခိုရာရွာလူကြီး၏အိမ်သို့ပြန်သွားလိုက်ကြပါလေတော့ သည်။အခန်း (၁၁)
တနေ့ဝင်သော အချိန်ကို မိုးချုပ်သည်ဟုခေါ်၏။ မိုးချုပ်သည်နှင့် လူတို့သည် တနေ့တာ ပင်ပန်းနွမ်းနယ်သမျှကို ဖြေပျောက်ရန်အတွက် အနားယူအိပ်စက်ခြင်းဖြင့် အသက်တရက်ကြီးသောအချိန်ကို မကြိုဆိုပါပဲဖြတ်သန်းကြသည်။နံနက်မိုးလင်းသည်နှင့်ပင် မြရတနာရွာလေးရှိ ရွာလူကြီး၏အိမ်တွင် ဆူဆူညံညံအသံများပေါ်ထွက်လို့နေသည်။အကြောင်းမှာ နတ်ဝင်သည် ဒေါ်ပြုံးနှင့် သူမအားယုံကြည်ကြသည့် ယောကျာ်း၊မိန်းမများသည် မောင်ဘိုးထင်တို့လာရောက်၍ တူးမြောင်းကိစ္စဖြေရှင်းပေးမည်ကို အကြီး အကျယ်လာရောက်ကန့်ကွက်ခြင်းဖြစ်သည်။
“ရွာလူကြီး ရှင့်စိတ်ကြိုက်လုပ်လို့ရမယ်ထင်နေတာလား ကိုယ့်ရပ်ကိုယ့်ရွာအရေးကို ကိုယ့်ရွာသူရွာသားတွေကပဲ ဖြေရှင်းရမှာလေ “
“မပြုံး နင်က မနေ့တနေ့ကမှ ရောက်လာပြီး ငါ့ကိုအံ့တုနေတာလား”
“သိပါ့တော် သိပါ့ အဲ့တာကြောင့် ရွာမှာမွေးတဲ့သူတွေကို ခေါ်လာခဲ့တာ “
“ဟုတ်တယ် ရွာလူကြီး ကျုပ်တို့ မကျေနပ်ဘူး အမေပြုံးပြောနေတာကိုလည်း ရွာလူကြီးက အရေးမလုပ်ဘူး အမေပြုံးကို အလေနတ်တော တရွာဝင်တရွာထွက်ဖောက်သည်ရှာနေတဲ့ ပြည့်တန်ဆာမကြီးများထင်နေတာလား “
“ညည်းတို့ ငါ့ကို ဘယ်လိုပြောလိုက်တာလဲ “
“သဘောပြောပြတာပါ အမေပြုံးရယ် ရွာလူကြီးမြင်သာအောင်ပြောလိုက်တာပါ “
“ပြီးရော ပြီးရော “
ဒေါ်ပြုံးနှင့်သူမအားထောက်ခံကြသည့် ရွာသူ ရွာသားများသည် ရွာလူကြီးအားဖိအားပေးလျက်ရှိသည်။
“လူကြီး ဒီကိစ္စက နဂါးမင်းတွေဒဏ်ခတ်တာ ကနားပွဲပေးပြီး ဘိုးတော်နဂါးမင်းကို တောင်းပန်ရင် ရတယ် ကျမပြောတဲ့အတိုင်းမလုပ်ဘူးဆို နဂါးတွေဝင်ပူးပြီး ရှင်တို့ကို ဒုက္ခပေးမှာနော်”
“တော်စမ်း မပြုံး ပေါက်ကရတွေမပြောနဲ့ တို့နယ်မှာ နဂါးမပြောတဲ့ စပါးကြီးမြွေတောင်ရှိတာမဟုတ်ဘူး”
“ရှင်ကတော်တော်ကပ်တဲ့ ရွာလူကြီးပဲ နတ်နဂါးတွေရှင့် ရှင်တို့ မျက်လုံးတွေနဲ့ မမြင်ရဘူး သီလသမာဓိရှိတဲ့ ကျမလိုလူတွေမှ မြင်ရတာ “
“တော်စမ်း ပေါက်ကရတွေ ငါ့ကိုများမလေးမစားနဲ့နင့်လင်များ ထင်နေရော့လား “
“ရှင် လူကြီးဖြစ်ပြီး မိုက်မရိုင်းနဲ့ “
“ဒါ မိုက်ရိုင်းတာ မဟုတ်ဘူး မိုက်ရိုင်းတာဘယ်လိုဆိုတာ ငါ ပြရမလား”
ရွာလူကြီးကြမ်းနေပြီ ဖြစ်သည်။ဤသို့ဖြင့် ဒေါ်ပြုံးနှင့် ရွာလူကြီးတို့၏စကားအခြေအတင်ကြောင့် မောင်ဘိုးထင်တို့သည်သာမက ရွာသားများပါ ရွာလူကြီးတို့အနားရောက်လာကြသည်။ထို့နောက် ဖိုးထွေးသည် ကျယ်လောင်စွာစကားဆိုနေသော နတ်ဝင်သည်ဒေါ်ပြုံးကိုကြည့်လိုက်ပြီး
“အရီး ခင်ဗျားကိုကြည့်ရတာ သိပ်ပြီးစိတ်ကြီးတာပဲဗျာ ထဘီကိုလည်း သိပ်ပြီးစွန်တောင်မစွဲနဲ့ ဟိုမှာ ခွေးကတောင် ဟောင်နေပြီ ဘာမြင်လို့လဲ မသိဘူး”
ဖိုးထွေး၏စကားကြောင့် ဒေါ်ပြုံးသည် ထဘီစွန်တောင်စွဲထားသည့်သူမ၏လက်ကို လွှတ်လိုက်ကာအောက်သို့ ငုံ့ကြည့်လိုက်လေသည်။ထို့နောက် မျက်နှာထားတင်းတင်းနှင့်ပင် ဖိုးထွေးကိုကြည့်လိုက်ပြီး
“နင် ဘာစကားပြောတာလဲ ငါ့ကိုနောက်စရာများမှတ်နေလား “
“ရော် ခက်ပြီ ကျုပ်က သတိပဲပေးတာပါဗျာ “
“တော်စမ်း နင် ဘာမှသတိပေးစရာမလိုဘူး တူးမြောင်းကိစ္စရှင်းမယ်ဆိုတာ နင်လား”
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
“နင်လို သူငယ်နာမစင်တဲ့ကောင်က ဒီကိစ္စကို ဖြေရှင်းနိုင်မယ်ထင်နေလား “
“မှားလို့ဗျ ကျုပ်မဟုတ်ဘူး သူ သူ”
ဖိုးထွေးသည် သူ၏ဘေးတွင်ရပ်နေသော မောင်ဘိုးထင်အား လက်ညိုးထိုးပြပြီးပြောလိုက်လေရာ ဒေါ်ပြုံးတယောက်ခွက်ခွက်လန်အောင်ထရယ်လိုက်ပြီး
“အမလေး ရွာလူကြီးရယ် ဟိုဟာတန်းလန်းနဲ့ ဆော့ရမဲ့အရွယ် ကလေးတွေကိုများ ဆရာတင်ရတယ်လို့ရှင် အတော်လေးကို ပညာရှိပါပေ့ “
“မပြုံး နင် ငါ့ဧည့်သည်တွေကိုပြောစရာမလိုဘူးနော်”
“သဘောကျလို့ပါ လူကြီးရယ် “
နတ်ဝင်သည်ဒေါ်ပြုံးသည် မောင်ဘိုးထင်ကိုကြည့်လိုက်ရယ်လိုက်နေလုပ်နေချိန် မောင်ဘိုးထင်မှ တချက်ပြုံးလိုက်ပြီး
“အရီးက တော်တော်အရယ်သန်တာပဲ နတ်ကလိ ထိုးတာခံနေကြထင်တယ် “
“ကောင်လေး နင် နတ်တွေကိုမစော်ကားနဲ့”
“ဟောဗျာ ကျုပ်က ဘာစော်ကားလို့လဲ အရီးကနတ်ဝင်သည်လေ နတ်တွေက အရီးကိုယ်ထဲဝင်မှတော့ ကလိတွေဘာတွေထိုးရင်ထိုးမှာပေါ့ ကျုပ်မသိလို့မေးပါရစေဦး အရီးကိုယ်ထဲဝင်ရင် နတ်တွေက ဘယ်ကဝင်တာလဲ အောက်ကလား အပေါ်ကလား အောက်ကဆိုရင်တော့ ကျုပ် မတွေးရဲဘူး”
“မသာလေး နင် နင် ကိုယ်တော်တွေကိုစော်ကားနေတာလား နင့်ကိုတော့ နတ်ကိုင်တော့မယ် “
“အရီး နတ်တွေကိုပြောလိုက်စမ်းပါဗျာ ကိုင်ချင်ရင် လမ်းလျှောက်ရတာ ညောင်းနေလို့ ခြေသလုံးလေးကိုကိုင်ပြီး နှိပ်ပေးလို့ ဒီအတိုင်းကြီးကိုင်တာထက်စာရင် ပိုအဆင်ပြေတာပေါ့ “
မောင်ဘိုးထင် ထိုသို့စကားဆိုလိုက်သောအခါ နတ်ဝင်သည် ဒေါ်ပြုံးတယောက် အတော်ကိုဒေါသထွက်လို့နေသည်။သူမ ဒေါသထွက်နေသည်ကိုသေချာကြည့်နေသော ပေတူးနှင့် သာအေးအနက် ပေတူးမှအံ့ဩတကြီးနှင့် မေးမြန်းလာလေသည်။
“အရီးကိုယ်ထဲ နတ်တွေဝင်တယ်ဆိုဟုတ်လား”
“အေး ဟုတ်တယ် “
“နတ်တွေဝတ်ထားတဲ့ အချွန်အတက်ကြီးတွေ မစူးဘူးလား တော်ကြာ ခေါင်းထိုးပြီးဝင်လာမှ ထိပ်ကအချွန်နဲ့ဆို ဟုတ်ပေ့ဖြစ်နေဦးမယ် “
“နင် နင်တို့ ငါ့အကြောင်း သိစေရမယ် “
“ဪ အရီးရယ် စိတ်ချည်းပဲ ကျုပ်က သိချင်လို့မေးတာပါဗျာ “
ပေတူး၏စကားကို ခွန်းတုန့်ပြန်ခြင်းမရှိတော့ပဲ ဒေါ်ပြုံးတယောက် သူမ၏နောက်လိုက်နောက်ပါများကိုခေါ်ကာ ရွာလူကြီးအိမ်မှ ထွက်ခွာသွားပါလေတော့သည်။အခန်း (၁၂)
မြရတနာရွာလူကြီးသည် နတ်ဝင်သည်ဒေါ်ပြုံးလာရောက်နှောက်ယှက်ခဲ့ခြင်းအတွက် မောင်ဘိုးထင်တို့အား များစွာအားနာလျက်ရှိသည်။ယခုလည်း မောင်ဘိုးထင်တို့အား ထမင်းဧည့်ခံကျွေးမွေးရင်း အားနာသည့်အကြောင်းကို ထုတ်ဖော်ပြောကြားလာလေ၏။
“အားနာလိုက်တာ မောင်ရင်တို့ရယ် ဒီနတ်ဝင်သည်က လွန်ခဲ့နှစ်ကမှ ရွာမှာ လာအခြေလာတာ ရောက်လာတုန်းကတော့ သနားစရာလေးပေါ့ဗျာ အခုများတော့လည်း ကြည့်လို့ကိုမရတော့ဘူး နောက်ဆို ရွာလူကြီးဖြစ်တဲ့ ကျုပ်ကိုတောင်ဖြုတ်ချပြီး သူပဲ ရွာလူကြီးလုပ်မှာလား မသိပါဘူး”
“စိတ်မညစ်ပါနဲ့ ဦးကြီး ကျုပ်တို့မှာ အစီအစဉ်တွေရှိပါတယ် “
“လုပ်စမ်းပါဦး ရွာသားတွေ တူးမြောင်းမတူးချင်အောင်လုပ်နေတဲ့အထဲမှာ ဒင်းက ခေါင်းဆောင်ပဲ”
“အဲ့ဒီနတ်ဝင်သည်ကို ခေါင်းထဲမထားတော့နဲ့ အခုညပဲ ကျုပ်တို့ လုပ်ငန်းစမယ် ကျုပ်တို့ပဲသွားရင် သိပ်အဆင်မပြေနိုင်ဘူး အဲ့တော့ ရွာလူကြီးနဲ့ နောက်ထပ်အရေးပါတဲ့ လူတယောက်လောက် လိုက်စေချင်တယ်”
မောင်ဘိုးထင်သည် ထမင်းစားနေရင်းမှ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ ရွာလူကြီးသည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး
“ဖြစ်ပါတယ် ကျုပ်နဲ့ ကာလသားခေါင်းလိုက်ခဲ့မယ်”
“ကောင်းပြီ အဲ့တာဆို ခုညပဲ ကျုပ်တို့ သွားကြတာပေါ့”
မောင်ဘိုးထင်နှင့် ရွာလူကြီးစကားပြောနေချိန်တွင် သာအေးမှာ ဝက်သားဟင်းခွက်ကို လေးကြိမ်မြောက်ခပ်ယူလိုက်ရင်း
“ဘိုးထင် ငါတို့ရော လိုက်ခဲ့ရမှာလား”
“မင်းတို့မလိုက်ရဘူး ငါနဲ့ ရွာလူကြီးနှစ်ယောက်ပဲသွားမှာ “
“ဟာကွာ အဲ့တာများ ငါတို့ကို ဘာလို့ခေါ်ခဲ့သေးလဲ သူများအိမ်မှာ အခန့်သားနဲ့ နေရစားရတာမျိုးမကြိုက်ပါဘူးကွာ “
သာအေး၏စကားကြောင့် ပေတူးမှာ မျက်လုံးပြူးပြီး သာအေးကိုကြည့်လာကာ
“မြိုမကျဘူး ဟုတ်လား မြိုများကျရင် ရွာလူကြီးအိမ်နောက်က စပါးထည့်ထားတဲ့ပုတ်ကြီး ကန့်လန့်ဝင်မလားပဲ ဟင်းဆိုလည်း ခပ်ထည့်နေလိုက်တာများ မင်းသာ ဒီရွာကတူးမြောင်းဖောက်ရင် အခုချိန်ဆို ပြီးနေ လောက်ပြီ တောက် ဟင်းခပ်မယ်ကြံတိုင်း သူ့လက်ကိုပဲ စောင့်နေရတယ် ဇွန်းတွေများ လည်ပင်းဆွဲထားသ လားထင်ရတယ် ဪ ဟင်းဖတ်မစားရလည်း အနှစ်လေးတော့ စားရပါရဲ့လို့ထင်ထားတာ ပန်းကန်လိုက်သွန်ချတယ် ထမင်းစားတော့လည်းကြည့် ပေပွနေတာပဲ ဘိုးထင်လိုစားစမ်းပါ ဘိုးထင်စားတာ ကြည့်စမ်း ခွေးလျှာနဲ့ ယက်ထားတဲ့အတိုင်း ပြောင်နေတာပဲ အတုယူစမ်းပါ”
မောင်ဘိုးထင်တယောက် သူ့အားမြှောက်ပင့်သည်လောပစ်ချသည်လော မသိသည့် ပေတူး၏စကား ကြောင့် စုထားသည့် ထမင်းလေးများကိုပင် ပြန့်ကျဲအောင် လုပ်လိုက်မိသည်။ရွာလူကြီးမှာဖြင့် ပေတူးအားကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေချိန် သာအေးသည် မကျေမနပ်နှင့် နောက်ထပ်ဝက်သားတတုံးကိုခပ်ထည့်လိုက်ကာ
“ပေတူး မင်း အဲ့လိုမပြောနဲ့ကွ ကြီးတော်ကြီးဟင်းချက်တုန်းက မင်း ဘာကူလုပ်လို့တုန်း ဆရာကြီးလိုလို နွားပြာကြီးလိုလိုနဲ့ ဆရာပေါက်စလေးဆိုပြီး သူ့ကို လူလွဲပြီးထင်နေတာကို လက်ပိုက်ပြီး ဆရာကြီးပုံစံလုပ်နေတာ ဟေ့ကောင် သာအေးတဲ့ကွ စားနိုင်သောက်နိုင်တဲ့အသိုင်းအဝိုင်းကလာတာ မင်းက ငါ့ချည်းပြောနေ ဟိုဘက်က သရဲပူးနေသလိုလိုနဲ့ ရွာလူကြီးလစ်ရင် စားနေတဲ့သူတွေကိုကြတော့ မပြောဘူး “
သာအေးမှ ဖိုးထွေးနှင့် သာရအား လက်ညှိုးထိုးပြီးပြောလိုက်သောအခါ ကိုလူပျိုနှစ်ယောက်ရှက်သွားပြီး ထမင်းစားခြင်းကို လက်စသတ်လိုက်လေတော့သည်။ ထို့နောက် ပေတူးသည် မောင်ဘိုးထင်အား ဘုကြည့်ကြည့်ကာ
“ဟေ့ကောင် ဘိုးထင် မင်း ငါတို့အတွက် အလုပ်မရှိရင် မင်းကြီးတော်ဖြစ်လို့ ငါ့တို့ကို ခေါ်လာတာလား ဘာလဲ နွားကျောင်းဖို့အတွက် ခေါ်လာတာလား မနေ့ကလည်း တို့ပဲ နွားကျောင်းရတယ်”
“မဟုတ်ပါဘူးကွာ မင်းတို့အတွက် အလုပ်က သပ်သပ်ရှိတယ် “
“အေး ဘာအလုပ်လဲ”
“ဒီလိုကွာ”
မောင်ဘိုးထင်သည် ပေတူးနှင့် သာအေးအနားသွားကာ တိုးတိုးကပ်ပြောလိုက်လေသည်။ထိုအခါ သူတို့နှစ်ယောက်၏မျက်နှာသည် တပြုံးပြုံးနှင့် သဘောကျနေပြီး ဦးခေါင်းညိတ်လိုက်ရင်း
“စိတ်ချစမ်းပါကွာ ဒါမျိုးတော့ တို့က သိပ်ပိုင်တာ သာအေး ထမင်းမြန်မြန်မြို သွားကြရအောင်”
မောင်ဘိုးထင်၏စကားကြောင့် ရုတ်ချည်းအချိုးပြောင်းသွားသော ပေတူးနှင့် သာအေးကိုကြည့်ကာ ရွာလူကြီးအပါအဝင် ဖိုးထွေးနှင့် သာရတို့အံ့ဩနေကြသည်။ပေတူးတို့နှစ်ယောက်သည်ကား ထမင်းကိုအမြန်စားလိုက်ပြီးနောက် သူတို့၏လွယ်အိတ်လေးများကို ကိုယ်စီလွယ်လိုက်ပြီး ရွာထဲသို့ ထွက်ခွာသွားကြပါလေတော့သည် ။အခန်း(၁၃)
“ကြီးတော်ကြီး မနက်ကကိစ္စအတွက် ကျုပ်တောင်းပန်ပါတယ်ဗျာ ကြီးတော်ကြီးတို့လို နတ်ဝင်သည်တွေကို ရွာတိုင်းမှာ လိုအပ်တယ်ဗျ”
“ဟုတ်တယ် ကြီးတော် ကျုပ်တို့တွေပြောမှားဆိုမှားဖြစ်သွားတယ်ဗျာ နတ်ကိုင်မှာကြောက်လို့ တောင်းပန်တာ “
ပေတူးနှင့် သာအေးတို့နှစ်ယောက်သည် နတ်ဝင်သည် ဒေါ်ပြုံး၏အိမ်သို့သွားကာ တောင်းပန်စကားဆိုလေသည်။အစပိုင်းတွင် ဒေါ်ပြုံး မကျေနပ်ချင်သော် လည်း ပေတူးတို့၏အပြောအဆိုကြောင့် ဒေါ်ပြုံးမှာလက်ခံလာလေသည်။
“နေပါဦး နင်တို့နှစ်ယောက်က ဟိုကောင်စုတ်နောက် ဘာလို့ ပါလာတာလဲ “
“ကျုပ်တို့ကို နွားကျောင်းခေါ်လာတာ ကျုပ်တို့နှစ်ယောက်က သူတို့သုံးယောက်ရဲ့အနှိမ်ခံတွေပါဗျာ “
“ဟုတ်တယ် တရွာလုံးရဲ့ပစ်ပယ်ခြင်းကို ခံထားရတော့ ဒီလူဆိုးသုံးယောက်ဆီမှာပဲ ထမင်းတလုပ်အတွက် အဆူခံအရိုက်ခံအငေါက်ခံပြီး နေ နေရတာ ကြီးတော်ကြီးလည်း သိမှာပေါ့ ထမင်းတလုပ် တုတ်တချက်ဆိုတာလေ အဲ့စကားပုံက ကျုပ်တို့အတွက် ချန်ထားခဲ့သလားတောင် ထင်ရပါတယ်ဗျာ “
“ဒါနဲ့ နင်တို့ရုပ်တွေက အဲ့လိုပုံ မပေါ်ဘူးနော် “
“အုံးမောင်းတုံးလေးတွေလိုပေါ့ဗျာ အမြဲထုရိုက်ခံနေရတယ်ဆိုတော့ ကျင့်သားရနေပြီလေဗျာ ထွေထွေ ထူးထူးလည်းရုပ်ပျက်စရာမရှိတော့ပါဘူး “
“အင်း နင်တို့နှစ်ယောက်အကြောင်းကြားရတာ ငါလည်း စိတ်မကောင်းပါဘူး ထင်တော့ထင်ပါတယ် ဟိုသုံးကောင်ရဲ့အခွက်တွေက စိတ်ကောင်းရှိမဲ့အခွက်မဟုတ်ပါဘူးလို့ “
“ကျုပ်တို့ကို နတ်ကိုင်မခံရအောင် တခုခုခိုင်းပါဗျာ ကျုပ်တို့က ငွေလည်းမတတ်နိုင်ဘူးဆိုတော့ ရေပဲ ခပ်ပေးရ ခပ်ပေးရ ခိုင်းစမ်းပါ နတ်နဂါးတွေကို ကျုပ်တို့ တောင်းပန်ပါရစေ”
ပေတူးနှင့် သာအေးတို့ တောင်းတောင်းပန်ပန်ပြောလာသဖြင့် ဒေါ်ပြုံးသည် ဦးခေါင်းကိုညိတ်လိုက်ပြီး
“နင်တို့က သိတတ်နေမှတော့ ငါကလည်း အလုပ်ပေးရတာပေါ့ မနက်ဖြန်နေ့လည် ပြန်လာခဲ့ နဂါးတွေပူးပြီး ငါ့အိမ်ရှေ့မှာ ရေကစားမှာ မင်းတို့နှစ်ယောက်က ရေထမ်းပြီး ရေလောင်းပေးပေါ့ “
“ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်တို့အဲ့လိုလုပ်ပေးရင် နတ်ကိုင်မခံရတော့ပါဘူးပေါ့နော် “
“အကိုင်မခံရတော့ဘူး စိတ်ချ နဂါးမင်းကို ငါတောင်းပန်ပေးမယ် “
“ကြီးတော်က နဂါးမင်းနဲ့လည်း တွေ့လို့ရတာပေါ့နော် တော်ချက်ဗျာ အံ့လည်းအံ့ဩရပါတယ်ဗျာ ရုပ်ဆိုးဆိုးလူလိမ်ကောင်ဘိုးထင်နဲ့တော့ တခြားစီပဲ “
ဤသို့ဖြင့် ပေတူးနှင့် သာအေးတို့နှစ်ယောက်သည် ဒေါ်ပြုံးကိုမြှောက်ပင့်ပြီး မောင်ဘိုးထင်အားပြစ်တင်ရှုံ့ချသောနည်းဖြင့် နတ်ဝင်သည်ဒေါ်ပြုံး၏ယုံကြည်မှုကို ရရှိသွားပါလေတော့သည် ။အခန်း (၁၄)
မြရတနာရွာလေး၏ ညပိုင်းအချိန်သည်ကားတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ကလေးအချို့ငိုသံ တခါတလေကြားနေရပြီး ထိုကလေးငယ်အား မိခင်ဖြစ်သူမှ ချော့မော့နေသံကိုပါ တဆက်တည်းကြားနေရသည်။ထို့အပြင် ဇီးကွက်ငှက်တို့၏အော်မြည်သံအပြင် ညဥ့်ငှက်လေးများတို့အော်မြည်သံတို့အား တချက်တချက်ကြားနေရသလို ခွေးဟောင်သံအချို့သည်လည်းပေါ်ထွက်လာသေးသည်။မြရတနာရွာလေး၏မှောင်မဲမဲလမ်းမထက်တွင်တော့ မောင်ဘိုးထင်ဦးဆောင်ပြီး ရွာလူကြီးနှင့် ကာလသားခါင်းကျော်ကြီးဆိုသူတို့ လမ်းလျှောက်နေကြလေသည်။ကျော်ကြီးမှာ နတ်ဝင်သည်ကိုယုံကြည်သက်ဝင်သူဖြစ်ပြီး မောင်ဘိိုးထင်အား အမြင်မကြည်လင်ပေ။သူတို့ ရွာအပြင်ရောက်သောအခါ မောင်ဘိုးထင်မှ စကားဆိုလာလေသည်။
“ခင်ဗျားတို့ ဘာပဲမြင်မြင် မကြောက်တာသေချာတယ်နော်”
“ကောင်လေးရာ မင်းကလည်း လုပ်စရာရှိတာသာလုပ်စမ်းပါ “
မောင်ဘိုးထင်စကားစလိုက်သည်နှင့် မချေမငံပြန် ပြောနေသော ကျော်ကြီးကြောင့် ရွာလူကြီးမှ ဝင်ဟန့်လိုက်လေသည်။
“ကျော်ကြီး မင်းက ဘာဖြစ်နေတာလဲ “
“ကြီးကြီးကျယ်ကျယ်ပြောနေလို့ ပြောရတာပါဗျာ”
“မင်းကို သူက ဘာကြီးကြီးကျယ်ကျယ်ပြောလို့လဲ”
“လူကြီး မကြားဘူးလား ဘာမြင်မြင်မကြောက်တာသေချာတယ်နော်တဲ့လေ”
“အဲ့တာလေးမေးတာကို မင်းက ဘာလို့စိတ်တိုနေရတာလဲ မင်းက ဘာဖြစ်ချင်နေတာလဲ ဟေ့ကောင် ကျော်ကြီး ပြောစမ်းပါအုံး “
ရွာလူကြီး အသံခပ်မာမာပြောလိုက်မှသာ ကျော်ကြီးတယောက် မည်သည့်စကားမှဆက်မဆိုတော့ပဲငြိမ်သက်သွားလေသည်။မောင်ဘိုးထင်သည်ကား တချက် မဲ့ပြုံး ပြုံးလိုက်ပြီး မည့်သည့်စကားမှထပ်မပြောတော့ပဲ တူးမြောင်းဆီငို့သာ ခပ်မြန်မြန်ထွက်သွားလိုက်လေသည်။များမကြာသောအချိန်တွင် တူးမြောင်းသို့ရောက်လာကညပြီး မောင်ဘိုးထင်သည် ကျော်ကြီးကိုကြည့်ကာ
“ခင်ဗျားက တော်တော်သတ္တိကောင်းမဲ့ပုံပဲ ကျုပ်ခိုင်းတာ ခင်ဗျား လုပ်နိုင်မလား “
“ကျော်ကြီးရာဇဝင်မှာ မလုပ်ရဲတာ ဘာမှမရှိဘူး “
“မလုပ်ရဲတာတော့ ရှိမှာပါဗျာ ခင်ဗျားကလည်း စကားကို သိပ်လက်လွတ်စပါယ်ပြောတတ်တာပဲ “
“ကောင်လေး မင်း ငါ့အကြောင်း ဘာသိလို့လဲ ကျော်ကြီးအကြောင်း အရင် စုံစမ်းကြည့်လိုက် မလုပ်ရဲတာဘာမှမရှိဘူး “
“ခင်ဗျား တကယ်မလုပ်ရဲတာ ဘာမှမရှိဘူးပေါ့ “
“အေး မရှိဘူး “
“အဲ့တာဆိုရင်ဗျာ လာ ကျုပ် တိုးတိုးပြောမယ်”
မောင်ဘိုးထင်သည် ကျော်ကြီးအနားကပ်သွားပြီး နား နားကပ်ကာ တစုံတခုကို တိုးတိုးပြောလိုက်ပြီးနောက် ရွာလူကြီးအနောက်ကို ပြေးဝင်သွား၏။ကျော်ကြီးသည်ကား တရှူးရှူးတရှဲရှဲနဲ့ ဒေါသဖြစ်နေပြီး မောင်ဘိုးထင်အားရန်ပြုမည်ပြင်နေလေရာ ရွာလူကြီးမှဟန့်တားလိုက်လေသည်။
“ကျော်ကြီး ရပ်စမ်း မင်းသားအရွယ်လောက်လေးကို မင်းက ရန်ပြုမလို့လား”
“ခင် ခင်ဗျားကောင် ကျုပ်ကိုစော်ကားတာကို ခင်ဗျား သိလား”
“မင်းကွာ အကြီးဖြစ်ပြီး သည်းခံမှပေါ့ မင်းကို သူဘာပြောလို့လဲ “
“ဟို ဟိုဟာဗျာ တောက် ပြောရမှာတောင် မထွက်ဘူး ခင်ဗျားကောင် “
“ပြောလေကွာ သူက ဘာပြောလို့လဲ “
“ဟိုဗျာ ဒီကောင် ကျုပ်ကိုတည့်တိုးကြီးပြောတာဗျ “
“မင်းကို ဘယ်လိုတည့်တိုးပြောလို့လဲ ကျော်ကြီးရ “
ကျော်ကြီးတယောက် ရွာလူကြီးအမေးကို အဖြေခက်နေလေသည်။စိတ်ထဲတွင်တော့ မောင်ဘိုးထင်ကိုအမှုန့်ကြိတ်ချင်နေမိသည်။ရွာလူကြီး မေးသထက်မေးလာသောအခါ ကျော်ကြီးတယောက်စိတ်မရှည်တော့ပဲ
“ခင်ဗျား တော်တော်သိချင်နေတာလား သိချင်ရင်ပြောပြမယ်ဗျာ ဒီကောင် ကျုပ်ကိုပြောတာ မိန်းမလျာစိတ်ဝင်တဲ့သူတွေ ယောကျာ်းယူရင် လုပ်ရတဲ့အလုပ်ကို တည့်တိုးကြီးပြောတာဗျ ခင်ဗျားကောင် တော်တော်မိုက်ရိုင်းတယ် “
“ဒါများ ကျော်ကြီးရာ မင်းပြောတော့ မလုပ်ရဲတာဘာမှမရှိဘူးဆို အဲ့တာလေးလဲ လုပ်လိုက်ပါလားကွာ မင်းကလည်း ကုသိုလ်ရပါတယ်ကွ “
ရွာလူကြီးသည် ကျော်ကြီးအား မည်သည့်အချိန်ကတည်းက အမြင်ကပ်နေသည်မသိ မောင်ဘိုးထင်ဘက်မှလိုက်ပြောလိုက်လေရာ ကျော်ကြီးတယောက် ရွာလူကြီးကို စူးစိုက်ကြည့်လိုက်ပြီး
“ကျုပ်ကို အဲ့လိုမပြောနဲ့ဗျာ မကြိုက်ဘူး ခင်ဗျားတို့ပြောတာ ကျုပ်ဖင်တောင် ကျိန်းတယ် “
“အေး အဲ့တာဆိုရင်လည်း နောက်တခါ မလုပ်ရဲတာဘာမှမရှိဘူးလို့မပြောနဲ့ပေါ့ကွာ “
ကျော်ကြီးတယောက် မည်သည့်စကားမှပြန်မပြော နိုင်တော့ဘဲ ငြိမ်သက်သွားသည်။ထိုအခါမှ ရွာလူကြီးနောက် ဝင်ပုန်းနေသည့် မောင်ဘိုးထင်သည် ကျော်ကြီးကိုကြည့်လိုက်ပြီး
“ကိုကျော်ကြီး ခင်ဗျားသတ္တိရှိတယ်ဆိုရင် ဟိုနားမှာသွားစိန်ခေါ်ဗျာ ခင်ဗျား မြင်ရလား ဟိုပေါက်ပင်ငုတ်နားလေးလေ “
လရောင်ဖျော့တော့တော့အောက်တွင် မြင်နေရသော ပေါက်ပင်ငုတ်တိုအား လက်ညှိုးထိုးပြရင်း မောင်ဘိုးထင်မှ စကားဆိုလိုက်ခြင်းဖြစ်သည်။
“ရတယ် ငါက ဘယ်လိုပြောရမှာလဲ “
“ပေါက်ပင်မှာနေတဲ့ သရဲက ခင်ဗျားတို့ကိုနှောက်ယှက်နေတာဗျ “
“အေး ငါ့အကြောင်း ပြရသေးတာပေါ့ကွာ “
ကျော်ကြီးသည် ပြောပြောဆိုဆို ပုဆိုးတိုတိုပြင်ဝတ်လိုက်ပြီး ပေါက်ပင်ငုတ်တိုအနားသွားကာ
“ဘယ်ကောင်လဲကွ တို့ရွာ တူးမြောင်းတူးနေတာကို နှောက်ယှက်နေတာ သတ္တိရှိရင် တယောက်ချင်းချမယ် ကျော်ကြီးတဲ့ကွ မလုပ်ရဲတာ တခုပဲရှိတယ် “
ကျော်ကြီးသည် မောင်ဘိုးထင်၏ကောင်းမှုကြောင့်သူ၏လက်သုံးစကားကိုပင် ကောင်းကောင်းမပြောနိုင်တော့ပေ။အချိန်အတန်ကြာစိန်ခေါ်ပြီးသွားသောအခါ ကျော်ကြီးတယောက် မျက်လုံးပြူးမျက်ဆံပြာနှင့် မောင်ဘိုးထင်နှင့် ရွာလူကြီးအနားသို့ ပြေးကပ်လာလေသည်။ထို့နောက် ကျော်ကြီးသည် အသံထစ်ထစ်ငေါ့ငေါ့ဖြင့်
“ဟို ဟိုမှာ ဘာ ဘာကောင်ကြီးလဲ မသိဘူး”
“ကျော်ကြီး ဘာတွေ့လိုက်လို့လဲ “
“လူကြီးကလည်း ဟိုမှာလေဗျာ “
ကျော်ကြီးလက်ညှိုးထိုးပြရာကို ကြည့်လိုက်သော အခါ အရပ်ဆယ်ပေကျော်မျှရှိပြီး တကိုယ်လုံးတွင် အ မွေးအမျှင်မဲများဖုံးလွှမ်းနေသည့် အဖြူရောင်သွားစွယ်များနှင့် မကောင်းဆိုးဝါးတကောင်ကို လရောင်ဖွေးဖွေးအောက်၌ အတိုင်းသားမြင်လိုက်ရလေသည်။ထိုမကောင်းဆိုးဝါးကြီးသည် မောင်ဘိုးထင်တို့နှင့် မလှမ်းမကမ်းတွင်ရပ်လိုက်ပြီး မောင်ဘိုးထင်တို့အားလက်ညှိုးထိုးကာ ခြောက်ခြားဖွယ်ရာအသံနက်ဖြင့် စကားဆိုလာလေသည်။
“နင်တို့ ငါ့ကိုနှောက်ယှက်တယ် ငါ့နေရာကိုလည်း ဖျက်တယ် အခု ငါ့ကိုပါ စော်ကားနေတယ် “
“နေဦး သရဲကြီး နင့်နေရာက ဟိုပေါက်ပင်မဟုတ်လား”
“ဟုတ်တယ် အဲ့တာ ငါ့နေရာ”
“နင့်အပင်က သေးတယ် ငါတို့ အပင်အစားပေးမယ် ဒီတူးမြောင်းဖောက်တာကို မနှောက်ယှက်နဲ့ “
“မရဘူး ငါ မကျေနပ်ဘူး ဒီတူးမြောင်းလာတူးတဲ့လူတွေကို သတ်ပစ်မယ် “
“နင့်လက်ချက်နဲ့ လူတယောက်သေပြီးသွားပြီ “
“မောင်ဘိုးထင် တယောက်မဟုတ်ဘူး နှစ်ယောက် “
ရွာလူကြီးမှ ဝင်ရောက်ပြောဆိုလိုက်လေရာ မကောင်းဆိုးဝါးကြီးသည် ရွာလူကြီးကိုကြည့်လိုက်ပြီး
“ငါက အမြင်မှားအောင်ပဲလုပ်တာ မြွေကိုက်သေတာက ငါလုပ်တာ မဟုတ်ဘူး”
“ဪ ဟုတ် ဟုတ်ကဲ့ပါဗျာ “
ရွာလူကြီးသည် အယောင်ယောင်အမှားမှားနှင့်ပင် မကောင်းဆိုးဝါးကြီးအား အရိုအသေပေးနေလေသည် ထို့နောက် မောင်ဘိုးထင်သည်
“ကဲ သဘက်ကြီး နင် မနှောက်ယှက်နဲ့တော့ ရွာလူကြီးက နင့်အတွက်နေစရာသစ်ပင်ပေးလိမ့်မယ် “
“မရဘူး ငါ့ပေါက်ပင်ပဲ ပြန်လိုချင်တယ် “
“တောက် ဒီလောက် အ နေလို့ ကြီးပေါလောကြီးဖြစ်နေတာ ကိုယ်ခန္ဓာကြီး ဒီလောက်ကြီးပြီး ဦးနှောက်လေးသေးသေးတောင် မပါလာဘူးလား အိမ်ကုတ်နဲ့ပဲနေချင်တာ ပျဉ်ထောင်အိမ်ပေးလို့ငြင်းတဲ့ လူအတယောက်လိုပဲ မြင့်စေချင်လို့ နတ်ပြည်တင်တာ မြင့်တယ်ဆိုပြီး ခုန်ဆင်းချင်တဲ့ ငမိုက်သား “
“မောင်ဘိုးထင် မိဘတွေဆုံးမတာနဲ့ လွဲကုန်ပြီ ထင်တယ် “
“မလွဲဘူး ကျုပ်က သူတို့အတွက် မိဘတယောက်ပဲ ဒီကောင် ဒီလောက်ပြောရခက်နေရင် ခိုင်းစားတာပဲကောင်းတယ် “
မောင်ဘိုးထင်သည် ပြောပြောဆိုဆို သူ၏ လွယ်အိတ်ထဲမှာ အနက်ရောင်သစ်သားဗူးလေးကိုထုတ်ကာ အဖုံးကိုဖွင့်လိုက်ပြီး မကောင်းဆိုးဝါးကိုသေချာကြည့်ပြီး မေးလိုက်လေသည်။
“နင့်နာမည် ဘယ်သူတုန်း ပြောစမ်း”
“ပြောစရာလား နင်က ဘာကောင်မို့ပြောရမှာလဲ “
“အေး မပြောနဲ့ နင့်ကို နေရာလည်းမပေးဘူး လွှတ်လည်း မလွှတ်ဘူး ငါ နင့်ကိုဖမ်းပြီး ခိုင်းစားမယ် ငါထားတဲ့နေရာမှာပဲ နင် နေရမယ် ငါကျွေးတာပဲ စားရမယ် ငါခိုင်းတာပဲ လုပ်ရမယ် “
မောင်ဘိုးထင်သည် ထိုသို့ပြောလိုက်ပြီး မန္တာန်တပုဒ်ကိုရွတ်လိုက်ရာ အကောင်ကြီးမားသော ထိုမကောင်းဆိုးဝါးကြီးမှာ အော်ဟစ်လှည့်ပတ်ပြေးလွှားနေသော်ငြား သူ၏ကိုယ်ခန္ဓာကြီးမှာ တဖြည်းဖြည်းအမဲရောင်အခိုးအငွေ့များဖြစ်တည်သွားပြီး မောင်ဘိုးထင်ဖွင့်ထားသော သစ်သားဗူးလေးအတွင်းသို့ ရောက်ရှိသွားလေသည်။အမဲရောင်အခိုးအငွေ့များကုန်လွန် သွားသောအခါမှ မောင်ဘိုးထင်သည် သစ်သားဗူးအဖုံးလေးကို ပိတ်လိုက်ပြီး
“ကဲ ရွာလူကြီး ခင်ဗျားတို့ပြဿနာရှင်းပြီ နောက်နေ့ကစပြီး တူးမြောင်းပြန်တူးလို့ရပြီ “
“ကျေးဇူးတင်လိုက်တာ မောင်ဘိုးထင်ရာ”
“ငါလည်း တောင်းပန်ပါတယ်ကွာ မင်းကို အထင် သေးမိတယ် ဒါဆို ဒေါ်ပြုံးက ငါတို့ကို လိမ်နေတာပေါ့ တောက် ဒေါ်ပြုံး သူပြောတော့ နတ်နဂါးတွေက နှောက်ယှက်နေတာတဲ့ အခုတော့ သောက်တလွဲတွေပဲ မနက်ဖြန်မှ တွေ့မယ် “
ကျော်ကြီးသည် လက်တွေ့မြင်လိုက်ရသောကြောင့်ယုံကြည်သွားပြီး မောင်ဘိုးထင်အား တောင်းပန်လိုက်သလို သူယုံကြည်ခဲ့မိသော ဒေါ်ပြုံးကိုလည်း များစွာ ဒေါသထွက်နေသည်။ထိုအခါ မောင်ဘိုးထင်သည် တချက်ပြုံးလိုက်ပြီး
“ကိုကျော်ကြီး ဒေါ်ပြုံးကိစ္စကို ကျုပ် စီစဉ်ထားပါတယ် မနက်ဖြန် သူ့အိမ်မှာ ရွာသားတွေ သွားကြည့်ကြအောင်သာ စီစဉ်ထားပေးဗျာ”
“အဲ့တာတော့ စိတ်မပူနဲ့ ငါ စီစဉ်လိုက်မယ် “
မောင်ဘိုးထင်တို့သည် အလုပ်ကိစ္စများပြီးပြီမို့ ရွာလူကြီးအိမ်သို့ ပြန်လာခဲ့လိုက်ကြသည်။ရွာလူကြီးအိမ်ရောက်သောအခါ ပေတူး၊သာအေး၊ဖိုးထွေးနှင့် သာရတို့ မိုးပြဲဒယ်အိုးကြီးဖြင့် ရေနွေးအိုးတည်နေကြသည်ကိုတွေ့လိုက်ရသဖြင့် ရွာလူကြီးနှင့် ကျော်ကြီးတို့ အံ့ဩနေကြသည်။ထို့နောက် မောင်ဘိုးထင်သည်
“ရွာလူကြီးနဲ့ ကိုကျော်ကြီးတို့ အိပ်ကြတော့ဗျာ မနက်ဖြန်မှ ဒေါ်ပြုံးအိမ်ကို သွားကြတာပေါ့ “
ဤသို့ဖြင့် ရွာလူကြီးနှင့် ကျော်ကြီးသည်လည်း ပဟေဠိဆန်စွာဖြင့် မောင်ဘိုးထင်တို့ပြုလုပ်နေသည့်အရာကို အကဲခတ်ကြည့်ရင်းအိပ်ယာဝင်ရန် ပြင်လိုက်ကြပါလေတော့သည်။အခန်း (၁၅)
ဒေါ်ပြုံး၏အိမ်တွင် လူအများစည်ကားလို့နေသည် ။ခါးတွင် ပုဝါစည်းပြီး နဂါးပူးနေသော အမျိုးသမီးများမှာ လူးလွန့်နေလေရာ ကာလသားများ၏မျက်လုံးများကို ညှို့ငင်နေကြသည့်နှယ်ဖြစ်သည်။အပျိုလေးများ သည်လည်း ဒေါ်ပြုံး၏အိမ်ရှေ့တွင် နဂါးဝင်ပူးနေ၍ လူးလိမ့်နေချိန် ရေလောင်းရန်တာဝန်ယူထားသော ပေတူးနှင့် သာအေးတို့အား ကာလသားများမှာ များစွာကျေးဇူးတင်နေကြပြီး အလှည့်ကျဖြင့် ရေထမ်းပေးနေသေးသည်။
“ညီလေးတို့ အကိုကြီးတို့က ရေထမ်းပေးမယ်နော် ဟိုအဝါရောင်နဲ့ ကောင်မလေးကို ရေများများလောင်း ပေး ကြားလား ဟိုအဒေါ်ကြီးတွေကို ဒီအတိုင်းထားလိုက် သူတို့နဲ့ အဲ့အနေအထားက ပိုလိုက်တယ် “
“ခင်ဗျားကလည်းဗျာ သူတို့ ရွံ့တွေလူးနေတာကိုကြည့်ရတာ ကျွဲမကြီးတွေကျနေတာပဲလေ မြင်မကောင်းပါဘူး”
“ရော့ကွာ ငါ မုန့်ဖိုးပေးပါ့မယ် ဒေါ်ပြုံးက မင်းတို့ကိုပဲ ရေလောင်းခိုင်းထားတာ ငါတို့လောင်းရင် မကြိုက်ဘူးကွ “
အကြံဆိုးကာလသားများသည် အယူသည်းသူများမဟုတ်ကြပေ။သူတို့သည် မည်သည့်နတ်မှမကိုးကွယ်ပဲ ဒိန်းတလိန်းနတ်ကိုသာ ကိုးကွယ်သူများဖြစ်သည့် အတွက် နဂါးမယ်တော်လေးများ၏ရေစိုအလှကို အကြံဆိုးကြီးများနှင့် ရှုစားနေသည်။ယုံကြည်သူများသည်ကား ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်လေးများပင် ချီထားသေးသည်။များမကြာသောအချိန်တွင် မောင်ဘိုးထင်နှင့်အတူ ရွာလူကြီးအပါအဝင် ကျော်ကြီးရောက်လာပြီး မောင်ဘိုးထင်မှာ နတ်နဂါးခေါင်းကိုင်ကြီးဒေါ်ပြုံးအား အမေးစကားဆိုလိုက်လေသည်။
“ဗျို့ ကြီးတော်ကြီး ခင်ဗျားနဂါးမလေးတွေက လှ လှချည်လားဗျာ ဟိုနဂါးမကြီးတွေကျတော့ ရွံ့တလူးလူးနဲ့ နဂါးနဲ့ ကျွဲနဲ့မှားမိတယ်ဗျာ “
မောင်ဘိုးထင်၏စကားကြောင့် နဂါးဝင်ပူးနေသော အပျိုမလေးများကိုသာ အဓိကရေလောင်းပေးနေသည့် ပေတူးနှင့် သာအေးကို ဒေါ်ပြုံးလှမ်းကြည့်လာကာ
“ကောင်လေးနှစ်ယောက် နင်တို့ဘယ်လိုလုပ်နေတာလဲ အကုန်လုံးကို လောင်းပေးလေ “
“ဟုတ်ကဲ့ ကြီးတော် ကျုပ်တို့က ညာသန်မို့ ဒီဘက်ပဲ ရေက ရောက်နေတာ “
“ဆင်ခြေပေးမနေနဲ့ အကုန်လုံး လောင်း”
ဒေါ်ပြုံး၏စကားဆုံးသောအခါ မောင်ဘိုးထင် သည် စကားဆိုလိုက်လေသည်။
“ကြီးတော် ခင်ဗျားနဂါးတွေက ရေနဂါးတွေလားဗျ ကျုပ်ကြားဖူးတာတော့ နဂါးတွေက ကောင်းကင်လည်းပျံနိုင်တယ် မီးလည်း မှုတ်နိုင်တယ်တဲ့ အခု ခင်ဗျားနဂါးတွေက မြေမှာပဲ လူးလိမ့်နေတယ် နဂါးနဲ့လည်း မတူဘူး တီကောင်လိုလို ငါးရှဉ့်လိုလိုနဲ့ဗျာ ဟိုကြီးတော်ကြီးတွေကြတော့ ဖားပြုတ်ကြီးတွေ ကြနေတာပဲ ဟိုဘက်က အမတွေကတော့ မဆိုးပါဘူး ငါးရံ့လေးတွေလူးနေတာ တယ်ကြည့်လို့ကောင်းတယ်ဗျာ ကာလသားတွေ မျက်လုံးကျွတ်တော့မယ်ဗျို့ “
မောင်ဘိုးထင်၏စကားကြောင့် နဂါးမယ်တော်အပျိုလေးများ သိပ်မလူးလွန့်တော့ပဲ အရှိန်နည်းနည်းတန့်သွားသည်။ထိုအချင်းအရာကို အကဲခတ်မိသော ဒေါ်ပြုံးမှာ
“အဟမ်း အဟမ်း ကောင်လေး နင့်အလုပ်မဟုတ်တာကို ဘာလို့ ဝင်ရှုပ်နေတာလဲ “
“ဝင်ရှုပ်တာမဟုတ်ပါဘူး ဗဟုသုတလိုချင်လို့ပါ ခင်ဗျားနဂါးတွေက အပူကြောက်လား”
မောင်ဘိုးထင်၏စကားကြောင့် ဒေါ်ပြုံး ခေတ္တငြိမ်သက်သွားသည်။နဂါးမှာ မျက်စောင်းထိုးလျှင်တောင်ပြာကျသည်ဟု ကြားဖူး၏။အပူကြောက်သည်ဆိုကာ လုံးဝမသင့်တော်ချေ။ထို့ကြောင့် ဒေါ်ပြုံးသည်
“နဂါးဟဲ့ နဂါး မျက်စောင်းထိုးရင်တောင် မီးလောင်ပြာကျတာ အပူကြောက်မတဲ့လား အပူတောင်ကြိုက်သေး”
“ဪ အပူကြိုက်တာပေါ့ တော်တော်ထူးဆန်းတာပဲဗျာ “
ဒေါ်ပြုံးသည် အောင်နိုင်သူတယောက်ပမာ ခေါင်း ခပ်မော့မော့လေး နေ နေသည်။ထိုအချိန် သာရနှင့် ဖိုးထွေးမှာ ရေတထမ်းစီထမ်းလာပြီး သာအေးနှင့် ပေတူးအနား ချပေးလိုက်၏။ထိုအခါ ပေတူးနှင့် သာအေးသည် သာရတို့ထမ်းလာသော ပုံးထဲမှ ရေများကိုခပ်ကာ နဂါးပူးနေသောသူများထံပက်လိုက်ရာ
“အမရေ ပူတယ် ပူတယ် “
“အမကြီး ပူတယ် ပူတယ် “
နဂါးပူးသောသူများမှာ အလုအယက်ပင်မတ်တတ်ထရပ်လိုက်ကြသည်။ထိုအချင်းအရာကိုမြင်သော ဒေါ်ပြုံးသည် မျက်နှာအကြီးအကျယ်ပျက်သွားကာ ရေပက်သည့် သာအေးနှင့် ပေတူးအား စူးစိုက်ကြည့်လိုက်ပြီး
“နင် နင်တို့ ဘာလုပ်လိုက်တာလဲ “
“ဪ ကြီးတော်ကြီးရယ် ကြီးတော်ကြီးပြောတော့ နဂါးတွေက အပူကြိုက်တယ်ဆို အဲ့တာကြောင့် ရေနွေးပူနဲ့ ပက်လိုက်တာ “
“နင် နင်တို့”
ဒေါ်ပြုံးသည်လည်း သူ့စကားနှင့်သူမို့ မည်သို့မှမတတ်သာတော့ပဲ ငြိမ်နေလေသည်။ထိုအခါမှ ကျော်ကြီးသည်
“ဒေါ်ပြုံး ခင်ဗျားက လူလိမ်ပဲ နဂါးပူးတာမဟုတ်ဘူး လူပူးနေတာပဲဗျ တူးမြောင်းကိစ္စ ကျုပ်တို့ ရှင်းပြီးပြီ ကဲ ခင်ဗျား ဘာငြင်းချင်သေးလဲ”
ဒေါ်ပြုံးအားယုံကြည်ကြသည့် ရွာသားများသည် အဖြစ်မှန်ကိုသိသွားပြီဖြစ်ရာ ဒေါ်ပြုံးအား များစွာစိတ်ပျက်သွားကြသလို မြင်ရခဲ့သော မြင်ကွင်းအား ကြည့်ကာ ဒေါသထွက်နေကြသည်။ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် လူသေဆုံးရသည့် တူမြောင်းကိစ္စအားဖြေရှင်းပေးပြီးပြီဖြစ်၍ မကြာမီအချိန်၌ ပေပင်ရွာသို့ ပြန်ကြမည်ဖြစ်လေသည် ။အောက်လမ်းဘိုးထင်နှင့် မရဏ တူးမြောင်းသည်ကား ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင်နှင့် ရွှေ အ အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည်