+++++++++++++++++++++++++
“ ဒုတ် ဒုတ် ဒုတ်”
လက်ပံသင်္ချိုင်းထဲကနေ စည်းချက်ညီညီထွက်ပေါ်လာတဲ့အသံကြောင့် ယိုင်နဲ့နေတဲ့ တဲအိမ်ထဲမှာအိပ်နေတဲ့ ဦးဘသော်
တစ်ယောက် လန့်နိုးလာခဲ့တယ်။
“ ဒီအချိန်ကြီး သင်္ချိုင်းထဲမှာ ဘယ်သူတွေ တူးနေကြပါလိမ့်”
ဦးဘသော်က အိမ်နံရံမှာချိတ်ထားတဲ့ ရေနံဆီမီးအိမ်ကို ဆွဲယူပြီး တဲပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
“ ဒုတ် ဒုတ် ဒုတ်”
တစ်ခုခုကို တူးဆွနေတဲ့အသံက တစ်ချက်မှမရပ်သွားပဲ ပိုပြီးမြန်ဆန်လာတာကြောင့် ဦးဘသော် မီးစာကိုမြှင့်လိုက်ပြီး လှေကားရင်းမှာ ထောင်ထားတဲ့ ဝါးရင်းဒုတ်ကိုကိုင်ကာ အသံကြားတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
“ အသံက မနက်ကမြုပ်ထားတဲ့ မြေပုံဘက်ကနေ လာနေတာပဲ”
ဦးဘသော်က လက်ပံသင်္ချိုင်းမှာ နှစ်ပေါင်းများစွာ သုဘရာဇာလုပ်လာတာမို့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို ခရေစေ့တွင်းကျသိနေခဲ့တယ်။ ဒါကြောင့်လဲ လူသွားလမ်းအတိုင်းမသွားပဲ အုတ်ဂူအကျိုးပဲ့တွေ ကြားထဲကနေ ဝေ့ဝိုက်ကာ ထွက်လာခဲ့လိုက်တယ်။
“ ဒေါ်မြနွယ် အသက်(၆၇)နှစ်”လို့ရေးထားတဲ့ အုတ်ဂူရှေ့အရောက်မှာတော့ လက်ထဲက မီးအိမ်ကို အပေါ်ကိုမြောက်ပြီးကြည့်လိုက်ရာ မနက်ကမှ လောလောလတ်လတ်မြုပ်ထားတဲ့ မြေပုံကို တူးဆွနေတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဟေ့ ဟေ့… မင်းတို့ဘာလုပ်နေတာလဲ”
ဦးဘသော်က အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်ရာ အလောင်းဖော်နေတဲ့ လူနှစ်ယောက်က လက်ထဲကိုင်ထားတဲ့ ပေါက်တူးကို ပစ်ချလိုက်ပြီး
“ အဖိုးကြီး… ကိုယ့်အလုပ်ကိုယ်လုပ်စမ်း၊ နေရာတကာဝင်မပါနဲ့”
“ အောင်မာ… မင်းတို့ကများ ပြောရတယ်လို့၊ အခုချက်ချင်း မြေပုံကိုပြန်ဖုံးပြီး ထွက်သွားကြစမ်း”
ဦးဘသော်စကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့ လူက တံတွေးကို ပျစ်ခနဲမြည်အောင်ထွေးလိုက်ပြီး
“ငစံရေ… မင်းလုပ်နေကြအတိုင်း လုပ်လိုက်တော့”လို့ပြောလိုက်ရာ ငစံဆိုတဲ့သူက ဘေးမှာကျနေတဲ့ သံတူရွင်းကို ကောက်ကိုင်လိုက်ပြီး ဦးဘသော် အနားကို ကပ်လာခဲ့တယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ အုတ်ဂူတွေကြားထဲကနေ အမွှေးအမျှင်တွေထူလဗျစ်ပေါက်နေတဲ့ လက်တစ်ဖက်ထွက်လာပြီး ငစံဆိုသူရဲ့ ခြေထောက်ကို ဖမ်းဆွဲထားခဲ့တယ်။
“ အဖိုးကြီးက သရဲတွေမွေးထားတာကိုး ဟက်ဟက်၊ ငစံကို ဒါမျိုးလုပ်လို့ရရိုးလားကွ”
ငစံက အံကြိတ်ကာ ကြုံးဝါးလိုက်ပြီး လွတ်နေတဲ့ ဘယ်ခြေနဲ့မြေကြီးကိုပေါက်ချလိုက်ရာ ခြေထောက်ကိုဖမ်းဆွဲထားတဲ့လက်ကနေ
မီးလောင်သလိုအခိုးငွေ့တွေထွက်လာခဲ့တယ်။
“ အဟီး အဟီး ဟက်ဟက်… အောင်စံတဲ့ကွ”
ငစံက ခြောက်ကပ်ကပ်အသံနဲ့ရီလိုက်ပြီး ဖနောင့်ကိုမြေကြီးပေါ်ကြိတ်လိုက်ရာ အုတ်ဂူကြားထဲကနေ အရိပ်မဲတစ်ခု ဝူးဝူးဝါးဝါးအော်ဟစ်ကာ ထွက်ပြေးသွားခဲ့တယ်။
“ မင်း မင်းတို့က ဘယ်သူတွေလဲ”
ဦးဘသော်က အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောပြီး အနောက်ကိုဆုတ်သွားတဲ့အချိန် ငစံက သံတူရွင်းကို လက်မှာဆရင်း အနားကိုတိုးကပ်လာခဲ့တယ်။
မကြာခင်အချိန်အတွင်း လက်ပံသင်္ချိုင်းထဲကနေ နာကျင်စွာအော်ဟစ်သံတစ်ချက်ထွက်လာခဲ့သလို ကျီးတစ်အုပ်ကလဲ အလန့်တကြားထပျံ့သွားခဲ့ကြတယ်။
++++++++
မီးတောက်မီးလျှံတွေ တောက်လောင်နေတဲ့ မီးဖိုတစ်ဖိုရဲ့ဘေးမှာတော့ လူနှစ်ယောက်ရှိနေပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာလဲ သွေးစအချို့ပေကျံနေခဲ့တယ်။
“ ငစံ… မင်းတို့ခုတ်ထစ်တာပြီးပြီလားဟေ့”
ဝါးတွေနဲ့ဆောက်လုပ်ထားတဲ့ အိမ်တစ်လုံးထဲကနေ ထွက်လာတဲ့အသံကြောင့် ငစံဆိုတဲ့လူက ပြာပြာသလဲလဲနဲ့ထရပ်လိုက်ပြီး
“ ပြီး ပြီးပါပြီဆရာကြီး… အခုတော့ အသားတွေကို ပြုတ်ထားပါတယ်”
“ ငါဗိုက်ဆာနေပြီ… ရှိတာယူခဲ့ပေးစမ်း”
“ ဟုတ်ကဲ့ ဆရာကြီး”
ငစံက ပွက်ပွက်ဆူနေတဲ့အိုးထဲကနေ အသားထစ် တစ်တုံးကို ဆူးချွန်နဲ့ထိုးကာဆယ်လိုက်ပြီး လင်ဗန်း တစ်ချပ်ပေါ်တင်ကာ အိမ်ပေါ်တက်လာခဲ့လိုက်တယ်။ အိမ်ပေါ်မှာတော့ ပါးရည်နားရည်တွန့်နေတဲ့ အဖိုးကြီးတစ်ယောက် ထိုင်နေပြီး သူ့အရှေ့စားပွဲပေါ်မှာတော့ ရုပ်ဆိုးအကျဉ်းတန်လှတဲ့ ရုပ်ထုတွေရှိနေခဲ့တယ်။
“ ငစံ… အသားဗန်းငါ့ကိုပေးစမ်း”
အဖိုးကြီးက အငွေ့တထောင်းထောင်းထနေတဲ့ အသားတုံးကို လက်နဲ့ဆွဲယူပြီး အငမ်းမရ ကိုက်ချလိုက်တယ်။
အသားတစ်က မကျက်သေးတာမို့ ကိုက်လိုက်တဲ့အခါတိုင်း နီစွေးစွေးသွေးရည်တို့က အထဲကနေ စိမ့်ကျလာခဲ့တယ်။
“ အရသာရှိလိုက်တာကွာ၊ ဒါက ဘယ်လိုအသားမျိုးလဲ ငစံရ၊ အရင်က စားဖူးတဲ့အရသာမဟုတ်ပါလား”
“ ဒါက လောလောလတ်လတ်သေထားတဲ့ လူရဲ့အသားကို ပြုတ်ထားတာပါဆရာကြီး”
“ နောက်နောင် ငါ့အတွက် အသားရှာရင် ဒီလိုမျိုးပဲရှာလာခဲ့ကြားလား၊ သေပြီးသား အလောင်းကောင်တွေထက် ဒါမျိုးက ပိုအရသာရှိတယ်”
အဖိုးကြီးက မကျက်တကျက်ဖြစ်နေတဲ့ အသားတုံးကိုကိုက်လိုက် အရိုးထဲမှာရှိတဲ့ ချဉ်ဆီကိုစုပ်လိုက်နဲ့အရသာတွေ့နေခဲ့တယ်။
“ ငစံ… ပိုတဲ့အသားတွေထဲကအချို့ကို ငါ့သားသမီးတွေကိုကျွေးလိုက်ကြ၊ သူတို့က ဒီလိုအသားမျိုးကြိုက်ကြမှာကွ”
“ ဟုတ်ကဲ့ဆရာကြီး… ကျွန်တော် သေချာကျွေးလိုက်ပါ့မယ်”
“ အေးအေး…အစာကျွေးပြီးလို့ရှိရင် မင်းတို့နှစ်ယောက် လက်ပံရွာထဲမှာ ဆေးသွားကုချေ၊ ခြေကြွခ မြိုးမြိုးမျက်မျက်မရရင် အဲဒီလူနာကို အသေသတ်ခဲ့ကြ”
“ စိတ်ချပါဆရာကြီး… ငစံက ဒါမျိုးတွေ ကျွမ်းကျင်ပါတယ်”
ငစံက မဲပြာနေတဲ့ နှုတ်ခမ်းကို တွန့်အောင်ရယ်လိုက်ပြီး အသားစတွေ ပြန့်ကျဲနေတဲ့ လင်ဗန်းကိုယူကာ အိမ်အောက်ကိုပြန်ဆင်း လာခဲ့လိုက်တယ်။
+++++++
ရွာလမ်းမကြီးတစ်လျောက် ညီညာစွာစိုက်ပျိုးထားတဲ့ တမာပင်တန်းက လက်ပံရွာရဲ့အလှကို ပိုပြီးတင့်တယ်စေခဲ့တယ်။ တမာပင်တွေအောက်မှာတော့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ခုံတန်းတွေရှိနေပြီး အချို့ခုံတန်းတွေမှာလဲ ကလေးသူငယ်အချို့ ဆော့ကစားနေခဲ့ကြတယ်။
“ ကလေးတွေ သကြားလုံးလာယူကြ”
ရုတ်တရက်ထွက်လာတဲ့အသံနဲ့အတူ ကလေးတွေရဲ့ ဝမ်းသာစွာအော်ဟစ်သံတွေထွက်ပေါ်လာခဲ့တယ်။
“ ဦးဦးရေ သမီးကိုလဲ ပေးဦး”
“ သားကိုလဲပေးဦး”
“ မလောကြပါနဲ့ကွယ် ဦးဦးတို့က သကြားလုံးတွေ အများကြီးယူလာခဲ့ပါတယ်”
ငစံက လွယ်အိတ်ထဲထည့်လာတဲ့ သကြားလုံးတွေကို ထုတ်ယူပြီး ကလေးတွေကိုဝေနေတဲ့အချိန်
“ ဆရာတို့ ရောက်လာတာအတော်ပဲဗျို့၊ ဒေါ်နွယ်မြင့်ရဲ့ ကျန်းမာရေးက အတော်ကိုဆိုးနေတာဗျ၊ ရောက်လက်စနဲ့ ကြည့်သွားပေးပါဦးနော်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
“ ဟိုတစ်လောကတောင် အကောင်းကြီးရှိသေးတာ၊ အခုဘယ်လိုဖြစ်တာလဲ ကိုဗျော့ရယ်”
“ ကျုပ်လဲ သေချာမသိဘူးဗျ၊မျက်တွင်းတွေချိုင့်ပြီး လူကပိန်ချုံးလာသလို ညဘက်တွေဆိုလဲ သွေးအန် တဲ့ထိ ချောင်းဆိုးတယ်လို့ပြောတယ်”
“ ကျုပ်တို့အခုပဲသွားကြည့်လိုက်ပါ့မယ်”
ငစံက သကြားလုံးကို အားပါးတရစားနေတဲ့ ကလေးသူငယ်တွေကို ခပ်ထေ့ထေ့ မျက်နှာထားနဲ့ ကြည့်လိုက်ပြီး ဒေါ်နွယ်မြင့် အိမ်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
“ အရီးမြင့်ရေ… ဆရာတို့ကြွလာတယ်တော့”
ဒေါ်နွယ်မြင့်အိမ်မှာ အလုပ်လုပ်နေတဲ့ အိမ်ဖော်မလေးက ဝမ်းသာအားရနဲ့ပြေးဆင်းလာပြီး ခရီးဦးကြိုပြုခဲ့တယ်။
“ မေခင်… နင့်ကြီးမေ ဘယ်လိုဖြစ်တာလဲ”
“ ဒီရက်ပိုင်း ကျန်းမာရေးပိုဆိုးလာတယ် ဆရာရယ်၊ ဘာဖြစ်မှန်းလဲမသိဘူး၊ ဆေးဆရာခေါ်ပြတော့လဲ ရောဂါကမသက်သာဘူးရှင်”
“ အင်း အင်း… ငါတို့ရောက်လာပြီဆိုတော့ ဘာဖြစ်တယ်ဆိုတာသိရမှာပါ၊ ဒေါ်နွယ်မြင့်ကို အိမ်ရှေ့ခေါ်ထုတ်လာခဲ့”
ငစံက လှေကားအတက်ဆင်းမှာ ဖိနပ်ချွတ်လိုက်ပြီး မြေကြီးကို ဖနောင့်နဲ့သုံးချက်ပေါက်ကာ အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။
“ ဒေါ်နွယ်မြင့်က ငစံကိုမြင်တော့ ရုတ်တရက်ဆိုသလို တုန်တုန်ရီရီဖြစ်လာပြီး အိမ်အတွင်းဘက်ကို မျက်နှာလှည့်သွားခဲ့တယ်”
“ ဒင်းကငါ့ကိုတောင်မကြည့်နိုင်ပဲ အာခံနေတာကိုး ဟက်ဟက်”
“ ဆရာ… အမေက ဘာဖြစ်တာလဲဟင်”
“ ဘာဖြစ်ရမလဲ ပြုစားခံရတာလေ၊ ဒီအတွက် စိတ်မပူပါနဲ့ အင်းတစ်ချပ်လောက်နဲ့ ဒီရောဂါပျောက်ပါတယ်”
ငစံက အိမ်ရှေ့မှာ ခင်းထားတဲ့ သင်ဖြူးဖျာပေါ်မှာ ဝင်ထိုင်လိုက်ပြီး ဒေါ်နွယ်မြင့်ကို အကဲခတ်နေခဲ့တယ်။
“ ဆရာ… အမေ့ရောဂါပျောက်အောင် ကုပေးပါနော်”
“ အိမ်း… ကုတာက ကုလို့ရပါတယ်၊ ဒါပေမယ့် သူ့ကိုကုမယ့်အင်းက သာမန်ဆွဲလို့မရတာမို့ ဘယ်လိုလုပ်ရမလဲစဉ်းစားနေတာ”
“ သာမန်ဆွဲလို့မရဘူးဆိုတာ ဘာကိုပြောတာလဲဆရာ”
“ ဒီလိုကွဲ့ အဲဒီကဝေနိုင်အင်းကိုဆွဲဖို့ဆိုရင် လနဲ့ချီပြီး အဓိဌာန်ဝင်ရတယ်၊ အဓိဌာန်ဝင်နေချိန်အတွင်းမှာလဲ အလွန်ပြင်းထန်တဲ့ ကျင့်စဉ်တွေကျင့်ရသေးတယ်၊ ဒါကြောင့် အင်းတစ်ချပ်ရဲ့တန်ဖိုးက ကြီးလွန်းတော့ သူငယ်မတို့ကုလို့နိုင်ပါ့မလားဆိုပြီး တွေးနေတာ”
“ အို ဆရာရယ်… အမေ နေကောင်းမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် ကုပါ့မယ်”
“ ကောင်းပြီလေ… ဒီလိုဆိုတော့လဲ ဆရာတို့ကုပေးရမှာပေါ့၊ အောင်ဘရေ လွယ်အိတ်ထဲက ကဝေနိုင်အင်းတစ်ချပ် ထုတ်လိုက်တော့”
ငစံစကားကြောင့် အောင်ဘက လွယ်အိတ်ထဲကနေ ကတ္တီပါဘူးတစ်ဘူးကို ညှင်သာစွာထုတ်လိုက်ပြီး အထဲကနေ ကြေးပြားနဲ့ရေးဆွဲထားတဲ့ အင်းတစ်ချပ်ကိုဆွဲထုတ်လိုက်တယ်။
ငစံက အင်းပြားရတာနဲ့ ဖယောင်းတိုင်ကို အင်းချပ်ပေါ်မှာထွန်းပြီး ဂါထာတစ်ပုဒ်ကို ရွတ်ပါလေရော။
ဂါထာက အသံကျယ်လာလေလေ အင်းပြားမှာထွန်းထားတဲ့ဖယောင်းတိုင်မီးက တဖျတ်ဖျတ်နဲ့ ဖြစ်လာခဲ့တယ်။
“ ဟဲ့ ကဝေမ နင်ငါ့ကိုဘယ်လောက်ထိ အာခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ငစံက သူ့ကိုကျောပေးထားတဲ့ ဒေါ်နွယ်မြင့်ကို စိုက်ကြည့်ပြီး ကြမ်းကို ဝုန်းခနဲရိုက်ချလိုက်ရာ “ဂျွတ်”ဆိုတဲ့အသံနဲ့အတူ ဇက်ကြီးလည်ပြီး ရှေ့ကိုလှည့်လာခဲ့တယ်။
“ အောင်မာ ဒီကောင်မ ငါ့ကို မခန့်လေးစားလုပ်နေပါလား၊ အခုချက်ချင်း လျာကိုဆွဲထုတ်ပြီး လှံနဲ့ထုတ်ချင်းပေါက်အောင် ထိုးချလိုက်စမ်း”
ငစံစကားအဆုံးမှာ ဒေါ်နွယ်မြ ပါးစပ်ကိုကိုင်ပြီး ဝူးဝူးဝါးဝါးထအော်ပါလေရော။
“ အင်းမှာထွန်းထားတဲ့ဖယောင်းတိုင်မကုန်ခင် နင့်ပညာတွေနှုတ်ရင် နှုတ်၊ မနှုတ်လို့ကတော့ သေပီသာမှတ်”
“ အမလေး… ကြောက်ပါပြီဆရာရယ်… မလုပ်ရဲတော့ပါဘူး ပညာတွေအကုန်နှုတ်သွားပါ့မယ်”
ဒေါ်နွယ်မြဆီကနေ ယောင်္ကျားရင့်မာကြီးအသံထွက် လာတာကြောင့် လာကြည့်နေတဲ့သူတွေအားလုံး အံ့အားသင့်သွားပြီး ငစံကို ယုံကြည်တဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ကြတယ်။
“ အောင်ဘရေ… ရေမန်းတစ်ခွက် အသင့်လုပ်ထား”
“ ဟုတ်ကဲ့ပါ ဆရာ”
“ သူငယ်မ နင့်အမေကဖ ညဘက်တွေဆို သွေးအန်တယ်ဆို ဟုတ်လားကွယ့်”
“ ဟုတ်ပါတယ်ဆရာ၊ တစ်ခါအန်ရင် ထွေးခံတစ်ဝက်လောက်ထိကျတယ်”
“ ဒါက ဒင်းလက်ချက်ကြောင့်ဖြစ်တာ၊ သူက နင့်အမေရဲ့သွေးတွေကို သောက်ချင်လို့ ဝမ်းထဲမှာရှိတဲ့ ကလီစာတွေပျက်စီးအောင် လုပ်ထားတာ”
“ ဘုရား ဘုရား… ဆရာတို့နဲ့အတွေ့မြန်လို့ပေါ့ရှင်၊ မဟုတ်ရင် အမေဘဝတော့ သွားပါပြီ”
ငစံလဲ သူတို့ကိုအားကိုးနေပြီဆိုတာသိတဲ့အတွက် မျက်နှာကိုခပ်တင်းတင်းထားပြီး
“ ပညာတွေ အကုန်ထုတ်စမ်း… မြူတစ်မှုန်ကျန်ရင် နင့်ကို မီးလောင်တိုက်သွင်းပစ်မယ်”
“ မကျန်စေရပါဘူးဆရာရယ်… ကျွန်တော် နောက်မလုပ်ရဲတော့ပါဘူး၊ အသက်တော့ ချမ်းသာပေးပါ၊ အင်းဖယောင်းတိုင်ကိုလဲငြိမ်းပေးပါတော့”
“ ခဏနေဦး… လူနာရဲ့ကိုယ်မှာ ပယောဂကျန်မကျန်ငါစစ်ဦးမယ်”
ငစံက သူ့လက်ဝါးနဲ့ ဒေါ်နွယ်မြ ခန္ဓာကိုယ်အပေါ်ကနေ သပ်ချပြီး စမ်းသပ်ကြည့်လိုက်ရာ
“ အင်း… ပယောဂတွေတော့ ကုန်စင်သွားပြီပဲ၊ နောက်ထပ်နှောက်ယှက်လို့မရအောင် ဆရာတို့ လုပ်ခဲ့ပေးမယ်၊ ရွာထဲက လူတွေလဲ မိမိအိမ်မှာ အခုလိုမဖြစ်ရအောင် အန္တရာယ်ကင်းတဲ့ အဆောင်တွေလုပ်သွားကြ၊ ဒီကောင်က တစ်ယောက်မရရင် နောက်တစ်ယောက်ကို ပြုစားနိုင်တယ်”
ငစံစကားကြောင့် ပယောဂကုတာလာကြည့်နေကြတဲ့ ရွာသားတွေက သူယူမယ် ငါယူမယ်ဆိုပြီး ဖြစ်သွားခဲ့တယ်။
ငစံတို့လဲ ဒေါ်နွယ်မြ ကိုယ်မှာပူးကပ်နေတဲ့ ပယောဂကို ထွက်သွားအောင်ကုသပေပြီးချိန်မှာတော့ အသင့်ပါလာတဲ့ အင်းချပ်တွေကို ရွာသားတွေဆီ ရောင်းချခဲ့ရာ တစ်ခဏလေးအတွင်းမှာပင် ကုန်စင်သွားခဲ့တယ်။
“ အခုကစပြီး တစ်ရွာလုံး ဘာအန္တရာယ်မှ မဖြစ်တော့ဘူး၊ ကလေးသူငယ်တွေ နေဝင်ရီတရော ငိုတာရယ်တာဖြစ်ရင် ဒီအင်းကိုရေစိမ်ပြီး တိုက်နော်”
“ ဟုတ်ကဲ့ပါဆရာ… ကျေးဇူးတင်ပါတယ်ရှင်၊ ဒါနဲ့ ဆရာတို့ ရွာကို ဘယ်တော့လောက်ပြန်လာမလဲ”
“ လာမယ့်ရက်တွေမှာ ခရီးထွက်စရာရှိတော့ နောက်နှစ်လလောက်မှပြန်ရောက်မယ်”
“ ဟုတ်ကဲ့ပါဆရာ… ဆရာတို့လဲ အစစအရာရာ အဆင်ပြေပါစေ”
ငစံတို့လဲ ရွာသားတွေချီးကျုးတာကို နားထောင်ရတာထက် လွယ်အိတ်အပြည့်ဖြစ်နေတဲ့ ငွေစက္ကူတွေကိုကိုင်ထားရတာကို ပိုပြီးသဘောတွေ့နေခဲ့တယ်။
ဒီဖြစ်ရပ်ကြောင့်လက်ပံရွာထဲမှာလဲ ဆရာစံနဲ့ ဆရာအောင်ဘဆိုတဲ့ နာမည်ကလဲ အရင်ထက်ပိုပြီး ပျံ့နှံ့သွားခဲ့ပါတော့တယ်။
+++++++
နွေရာသီဖြစ်တဲ့အတွက် လက်ပံသုဿာန်ဝမှာရှိတဲ့ နတ်ရဲပင်ကြီးဆီကနေ ရွက်ခြောက်တွေ တလွင့်လွင့် ကြွေကျနေခဲ့တယ်။
သုဿာန်အတွင်းမှာတော့ လူသူအရိပ်အယောင် မတွေ့ရပဲ တစ်ချက်တစ်ချက် အုတ်ဂူတွေဘေးကနေ ဖြတ်ပြေးသွားတဲ့ ခွေးလေခွေးလွင့်အချို့သာ ရှိနေခဲ့တယ်။
ထိုစဉ် သုဿာန်အဝင်လမ်းထဲကို တည်ငြိမ်တဲ့ဟန်ပန်ရှိတဲ့လူသုံးယောက် လျောက်ဝင်လာခဲ့တယ်။
“ သုဿာန်က ချောက်ချားစရာကောင်းလိုက်တာဗျာ”
“ ဟုတ်ပါ့ဗျာ… နတ်ရဲပင်ကြီးကလဲ ရိုးတံပြိုင်းပြိုင်းထနေတော့ ရုတ်တရက် ကြည့်ရင် တစ္ဆေတစ်ကောင်ရပ်နေသလိုပဲဗျ”
မောင်ကောင်းနဲ့ ခွန်းလှတို့က အချင်းချင်း ပြောနေကြပေမယ့် အောင်မြတ်သာကတော့ ပတ်ဝန်းကျင်ကိုသာ မျက်ခြေမပြတ်အကဲခတ်နေခဲ့တယ်။
“ ဆရာ… ဘာထူးခြားတာတွေ့လို့လဲ”
“ ဒီရွာအဝင်ကိုရောက်တာနဲ့ စိတ်က အလိုလိုနေရင်း လေးလာသလိုပဲ၊ ကဲကဲ ရွာထဲကို အရင်ဝင်ကြည့်ရအောင်”
အောင်မြတ်သာက ခြေလှမ်းတွေကို ရွာလမ်းဘက်ကိုလှည့်ပြီး ပြန်ထွက်သွားခဲ့လိုက်တယ်။
ဆရာတပည့်တွေ ဆယ့်ငါးမိနစ်ခန့် လမ်းလျောက်ပြီးချိန်မှာတော့ ညောင်မုတ်ဆိတ်ပင် အောက်မှာ သေသပ်စွာဆောက်လုပ်ထားတဲ့ နတ်ကွန်းတစ်ခုကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက နတ်ကွန်းရှေ့ကိုရောက်တော့ ဆက်မသွားတော့ပဲ အနည်းငယ်ပြုံးလိုက်တာကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ လှည့်ကြည့်လိုက်ရာ ရင်စည်းအနီ၊ ခေါင်းပေါင်းအနီပေါင်းထားတဲ့ လူတစ်ယောက် ဒူးထောင်ပေါင်ကားပြီး စိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ ဒီကောင် ဘာကောင်လဲဟ… ဆရာကိုတွေ့တာတောင် အရိုအသေမဲ့နေပါလား”
“ ထားလိုက်ပါ မောင်ကောင်းရယ်၊ ငါတို့ကို ဘာမှ အနှောက်အယှက်ပေးတာမှမဟုတ်တာ”
မောင်ကောင်းနဲ့ ခွန်းလှက အောင်မြတ်သာစကားကြောင့် ဘာမှဆက်မပြောတော့ပဲ အချင်းချင်း နားလည်တဲ့အကြည့်နဲ့ နတ်ကွန်းကို မျက်စပစ်ပြလိုက်တယ်။
“ ဒီရွာက ထူးဆန်းလိုက်တာ”
“ ဘာဖြစ်လို့လဲဆရာ”
“ အိမ်တိုင်း အိမ်တိုင်းမှာ သရဲတွေမွေးထားပါလား”
“ ဗျာ….”
“ ဟိုမှာကြည့်လေ… အိမ်လှေကားရင်းမှာ ငုတ်တုတ်ထိုင်နေကြတာ ဘာတွေလဲ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လှမ်းကြည့်လိုက်ရာ ပုံစံစုံ၊ အရွယ်စုံ နာနာဘာဝတွေကိုမြင်လိုက်ရတယ်။
“ ဟုတ်တယ်ဆရာ… သရဲတွေပဲဗျ”
ထိုစဉ် ရွာထဲကနေ ကလေးတစ်သိုက် ဆော့ကစားရင်းပြေးထွက်လာခဲ့ကြတယ်။
“ ဟဲ့ ဟဲ့ အော် … ကလေးတွေရယ် တိုက်မိကုန်တော့မှာပဲ”
မောင်ကောင်းက ဘေးကနေ ဖြတ်သွားရင်း လဲကျမလိုဖြစ်သွားတဲ့ ကလေးတစ်ယောက်ကို ဆွဲထူလိုက်တဲ့အချိန်
“ အလိုလေး… ကလေးတွေကိုယ်ထဲမှာ ပယောဂစက်တွေရှိနေပါလား”
“ ဟေ….”
“ ဟုတ်တယ်ဆရာ… ပယောဂစက်ဆိုတာ သေချာတယ်”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ကလေးတစ်ယောက်ကိုခေါ်ပြီး လက်ကိုကိုင်လိုက်ရာ ဖိန်းခနဲ ရှိန်းခနဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒီထက်သေချာအောင်လို့ နောက်ကလေးတစ်ယောက်ကို စမ်းသပ်ကြည့်ရာ အလားတူပုံစံမျိုးဖြစ်နေတာကို သိခဲ့ရတယ်။
“ မောင်ကောင်းပြောတာ ဟုတ်တယ်၊ ကလေးတွေအားလုံးမှာ ပယောဂစက်ရှိနေတယ်”
“ ဒါဆို ဘယ်လိုလုပ်ကြမလဲဆရာ၊ တစ်ရွာလုံးကို လိုက်ကုပေးဖို့ကမဖြစ်နိုင်ဘူးနော်”
“ ရွာရဲ့ အရိပ်အခြည်ကို စောင့်ကြည့်ရမှာပဲ၊ ဒီရွာမှာနေတဲ့အချိန် ယောဂီဝတ်စုံမဝတ်ကြနဲ့ဦး ကြားလား”
“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့လဲ ဒီနေ့မှ သာမန်လူလိုဝတ်စားထားတာဆိုတော့ သူလိုကိုယ်လိုဖြစ်နေတာ ကံကောင်းတယ် ပြောရမယ်”
“ ငါတို့ ရွာမှာတည်းဖို့အတွက် ရွာဦးကျောင်းဆရာတော်ဆီသွားလျောက်ကြရ အောင်၊ ဆရာတော်ကတော့ လွတ်ကောင်း လွတ်တန်ပါရဲ့”
အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကို လေးပင်စွာချလိုက်ပြီး ရွာဦးကျောင်းရှိရာကို ထွက်လာခဲ့လိုက်တယ်။
“ ဆရာ… ဟိုမှာလူတွေစုရုံး စုရုံးနဲ့ ဘာဖြစ်နေကြတာလဲမသိဘူး”
လမ်းသွားနေရင်းပြောလိုက်တဲ့ ခွန်းလှစကားကြောင့် လှမ်းကြည့်လိုက်ရာ အိမ်ဝိုင်းထဲမှာ လူတွေတိုးဝှေ့စုပြုံနေကြတာမြင်လိုက်ရတယ်။
“ ဘာဖြစ်တာလဲမသိဘူး သွားကြည့်ရအောင်”
အောင်မြတ်သာတို့လဲ ခြံရှေ့အရောက် လူတွေကြားထဲကနေ လှစ်ခနဲထွက်ပြေးသွားတဲ့ အရိပ်မဲမဲတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတယ်။
“ ဒီခြံမှာလဲသရဲရှိနေတာပဲဗျ၊ ကျွန်တော်တို့လာလို့ ထွက်ပြေးသွားတာထင်ပါရဲ့”
ခွန်းလှက မောင်ကောင်းကို လေသံတိုးတိုးနဲ့ပြောနေတဲ့ချိန် အိမ်ပေါ်ကနေ စူးစူးဝါးဝါးအော်ဟစ်သောင်းကျန်းသံတွေ ထွက်လာခဲ့တယ်။
“ အစ်မကြီး… ဒီအိမ်မှာ ဘာဖြစ်နေတာလဲ”
“ သရဲပူးနေလို့ ဆရာစံတို့က ကုပေးနေတာလေ၊ ဒါနဲ့ မင်းတို့က ဘယ်ရွာကလဲ၊ ဒီမှာ တစ်ခါမှ မမြင်ဖူးပါဘူး”
“ ကျုပ်တို့က ရွာကနေ ဖြတ်သွားရင်း အသံကြားလို့ ဝင်ကြည့်တာပါ”
“ အော်… ဒါမျိုးက ဗဟုသုတရတယ်၊ ရှေ့ကနေ ဝင်ကြည့်ကြလေ”
“ ရပါတယ် … ဒီကနေလဲမြင်ရပါတယ်ဗျ”
“ ဆရာစံတို့ရှိနေလို့သာပေါ့၊ မဟုတ်ရင် ဘယ်သူ့ကို ခေါ်ပြီးကုရမလဲမသိဘူး”
“ ဒီရွာမှာ အခုလိုအပမှီတာတွေ အမြဲဖြစ်နေကြလား”
“ အမြဲတမ်းတော့မဟုတ်ဘူး၊ ရံဖန်ရံခါတော့ ဖြစ်တတ်ပါတယ်၊ အချို့ကျတော့လဲ ဆရာစံတို့ပေးထားတဲ့ အင်းကိုရေစိမ်တိုက်လိုက်ရင် ထွက်သွားတာပဲ၊ အခုလိုမျိုးကြမ်းတဲ့အခါဆိုရင် ဆရာတွေကိုယ်တိုင် ကုပေးရတာမျိုးတွေရှိတယ်”
“ အော် … အဲလိုလား၊ မောင်ကောင်းရေ ဒါမျိုးက မြင်ရခဲတယ်ကွ၊ ရှေ့တိုးကြည့်ကြရအောင်”
ဆရာတပည့်သုံးယောက် မျက်စပြပြီး လူအုပ်ကြားထဲကို တိုးဝင်သွားခဲ့ကြတယ်။
“ ဆရာ… သူတို့ပြင်ထားတဲ့ ကန်တော့ပွဲက အထက်ပွဲမဟုတ်ဘူးဗျ”
“ ငါလဲမြင်တာနဲ့ သတိထားမိတယ်၊ ဒီကောင်တွေ တစ်ရွာလုံးကို ဒုက္ခပေးထားတာပဲ”
“ ကျွန်တော်တို့ မြင်ခဲ့တဲ့ကောင်တွေက သူတို့လက်ချက်ပေါ့၊ အတော်ယုတ်မာတဲ့ကောင်တွေပဲ”
ခွန်းလှက မကျေမချမ်းနဲ့ တောက်ခတ်လိုက်ရာ အောင်မြတ်သာက အနားကိုကပ်လာပြီး
“ သူတို့ကို ရွာသားတွေရှေ့မှာ အလိမ်ပေါ်အောင် လုပ်ရလိမ့်မယ်”
“ ဒါမယ့် ရွာသားတွေက သူတို့ကိုယုံကြည်နေတာဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ”
“ ဒါမျိုး အလွယ်လေးပါ ခွန်းလှရာ၊ ဆရာ ကျွန်တော်တို့ကို တစ်ခုလုပ်ပေးလို့ရလား”
“ ဘာလုပ်ပေးရမလဲ မောင်ကောင်း”
“ တစ်ရွာလုံးမှာရှိတဲ့ ပရလောကသားတွေကို ရွာပြင်ထွက်မရအောင် အမိန့်ပြန်ပေးလို့ရလားဆရာ”
“ အမိန့်ပြန်တာက လွယ်ပါတယ်၊ မင်းက ဘာလုပ်မလို့”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ မောင်ကောင်းက ခွန်းလှကိုမျက်စပြပြီး အိမ်ပေါ်ကို ပြေးတက်သွားခဲ့သလို ခွန်းလှကလဲ လှေကားရင်းမှာ အင်းတစ်ချပ်ကို မသိမသာရိုက်ရင်း လိုက်တက်လာခဲ့တယ်။အပေါ်ရောက်တော့ မောင်ကောင်းက ဘာမပြောညာမပြောနဲ့ ကန်တော့ပွဲကို ခြေထောက်နဲ့ ကန်ချပါလေရော။
အုန်းသီးငှက်ပျောသီးတွေ အိမ်ပေါ်မှာပြန့်ကျဲကုန်တာမြင်တဲ့အောင်မြတ်သာက အထက်ဆရာတွေကိုတိုင်တည်ပြီး ရွာတွင်းမှာရှိတဲ့ ပရလောကသားတွေ ရွာပြင်ထွက်မရအောင်၊ ရွာပြင်မှာရှိတဲ့ ပရလောကသားတွေ ရွာထဲဝင်မရအောင် အမိန့်ပြန်ပေးခဲ့တယ်။
“ ဟေ့ ဟေ့ မင်းတို့ဘာလုပ်တာလဲ”
“ ဘာလုပ်ရမှာလဲ… အလကား လူလိမ်ကောင်တွေ၊ ရိုးသားတဲ့ရွာသားတွေကို မင်းတို့မို့ လိမ်ရက်တယ်”
မောင်ကောင်းစကားကြောင့် ဆေးကုနေတဲ့ သူနှစ်ယောက်မျက်နှာပျက်သွားပြီး
“ မင်းတို့ပြောတာ ငါနားမလည်ဘူး၊ ငါတို့က ရွာသားတွေရဲ့အသက်ကို ကယ်ပေးနေတာကွ”
“ ထွီ… ဘာကို ကယ်တာလဲ၊ အခုပယောဂဆိုပြီး ဝင်ပူးနေတဲ့ကောင်ကလဲ မင်းတို့ခိုင်းနေကြ သရဲမဟုတ်လား၊ နောက်ပြီး ရွာရှိအိမ်တိုင်းမှာ သရဲတွေထည့်ထားတာလဲ မင်းတို့ပဲမဟုတ်လား”
မောင်ကောင်းတို့စကားကြောင့် အိမ်အောက်မှာရှိနေကြတဲ့ရွာသားတွေဆီကနေ စကားသံတွေ တစ်ယောက်တစ်ပေါက် ထွက်လာခဲ့ကြတယ်။
“ အားလုံး ခဏလေး ငြိမ်ပေးပါ၊ အကြောင်းစုံကို ကျုပ်ရှင်းပြပါ့မယ်”
“ မင်းတို့ရှင်းတာ ငါကြည့်နေမယ်၊ ရှင်းစမ်း”
မောင်ကောင်းက ခါးထောက်ပြီး ရပ်ကြည့်နေတဲ့အချိန် ငစံက ပြူတင်းပေါက်ကနေ ဝုန်းခနဲခုန်ချကာ ထွက်ပြေးဖို့ကြိုးစားပေမယ့် အပြင်ကိုမရောက်ပဲ အိမ်ထဲကိုသာ နောက်လန်ကျလာခဲ့တယ်။
“ လူယုတ်မာကောင်တွေ… မင်းတို့ပြေးမယ်ဆိုတာ အိမ်ပေါ်စတက်ထဲက လှေကားရင်းမှာ ကွန်ခြာအင်း ရိုက်ခဲ့တာကွ၊ ဟေ့ ဝင်ပူးနေတဲ့ကောင် အခုထိ ကာယကံရှင်ကိုယ်ထဲကမထွက်သေးဘူးလား၊ ငါလုပ်လိုက်ရ နာတော့မယ်”
ခွန်းလှက ဖိဟောက်လိုက်ရာ ဝင်ပူးနေတဲ့ကောင် ချက်ချင်းခွာပြီး အိမ်နံရံထောင့်ကိုရောက်သွားခဲ့တယ်။
“ ဘယ်လိုလဲ… သတိရပြီလားဗျ”
“ ကျွန်တော် ဘာဖြစ်သွားတာလဲ”
“ ဘာဖြစ်ရမလဲ… ဦးလေးကို သရဲနဲ့တိုက်ထားတာလေ၊ အခုတော့ ကျုပ်တို့ရောက်လာပြီမို့ စိတ်အေးလို့ရပြီ”
ငစံနဲ့ အောင်ဘလဲ အခြေအနေမဟန်မှန်းသိတာနဲ့ သူတို့ဆရာဆီ စိတ်နဲ့အကူညီလှမ်းတောင်းကြည့်ရာ စက်ကြိုးတွေက အိမ်ထဲကနေအပြင်ကို လုံးဝထွက်မရဖြစ်နေခဲ့တယ်။
“ အောင်ဘရေ… ပညာစွမ်းသုံးမရတော့လဲ ကာယစွမ်းသုံးပြီး ထွက်ကြရအောင်”
ငစံက အံကိုကြိတ်ကာပြောလိုက်ပြီး မောင်ကောင်းနဲ့ ခွန်းလှကို ဝင်လုံးဖို့ကြိုးစားတဲ့ချိန်
“ ဟေ့ … ခြေထောက်တွေ လှုပ်မရအောင် ကြိုးနဲ့တုပ်ထားစမ်း” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာအိမ်ပေါ်ကို တက်လာခဲ့တယ်။
ငစံနဲ့ အောင်ဘတို့ရဲ့ခြေထောက်တွေ ကြမ်းပေါ်မှာ သံနဲ့ရိုက်ထားသလို စွဲကပ်နေတာမြင်တဲ့ အောင်မြတ်သာက
“ တစ်ရွာလုံးကိုပယောဂသွင်းထားတဲ့ကောင်တွေ ချက်ချင်းပြန်နှုတ်ကြစမ်း”
“ အဟက်အဟက်… ငါတို့ကို ခိုင်းရအောင် နင်က ဘာကောင်မို့လို့လဲ၊ အောင်ဘရေ ငါတို့ဘာလုပ်ရမယ်ဆိုတာသိတယ်မဟုတ်လား”
ငစံက ဝမ်းခေါင်းသံနဲ့ပြောရင်း လည်ပင်းမှာဆွဲထားတဲ့ ကျုတ်ကိုဖြုတ်ဖို့အလုပ် အောင်မြတ်သာက လက်ညိုးထိုးပြီး
“ တစ်ကိုယ်လုံး လှုပ်မရအောင် ချုပ်ထားစမ်း” လို့ပြောလိုက်ရာ နှစ်ယောက်လုံး လှုပ်မရပဲ ကျောက်ရုပ်လိုဖြစ်သွားခဲ့တယ်။
“ မင်းတို့က အဆိပ်သောက်ပြီး ကိုယ်လွတ်ရုန်းပြေးမယ်ပေါ့လေ၊ မင်းတို့က ယောင်္ကျားမဟုတ်တဲ့ကောင်တွေပဲ”
“ အေး… ငါတို့က နင့်လက်ထဲရောက်ပြီဆိုတော့ ကြိုက်သလိုလုပ်ကြပေါ့၊ မကြာခင် နင်တို့အားလုံးလဲ အသေဆိုးနဲ့သေကြရလိမ့်မယ်”
“ အခုထိ မာန်ကမလျော့သေးဘူးဆိုတော့ မင်းတို့ရဲ့နောက်မှာ တစ်စုံတစ်ယောက်များ ကျန်နေသေးတာလား”
“ နင်က စဉ်းစားတတ်သားပဲ၊ ဒီတစ်ရွာလုံးမသေချင်ရင် ငါတို့ကို လွှတ်ပေးစမ်း”
“ မောင်ကောင်း၊ ခွန်းလှ အခုချက်ချင်း ခြောက်ကွက်ခရုပတ်အင်းကို ပြာချပြီး ရွာမှာရှိတဲ့သူတွေကို တိုက်လိုက်”
“ ဟုတ်ကဲ့ဆရာ… အခုလုပ်လိုက်ပါ့မယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့အိမ်ပေါ်ကဆင်းသွားတော့ အောင်မြတ်သာက ငစံတို့ရှေ့မှာရပ်လိုက်ပြီး
“ မင်းတို့က ဦးသာအိုရဲ့ တပည့်တွေမဟုတ်လား”
“ နင်က ဦးသာအိုဆိုတဲ့နာမည်ကိုတောင် ခေါ်ရဲပါလား၊ ဆရာကြီးသာ ငါတို့အချိန်မှီပြန်မရောက်လာတာသိခဲ့ရင် နင်ရော နင့်တပည့်တွေပါ အသက်ရှင်မယ်ထင်လား”
“ ငါထင်တာဟုတ်နေတာပဲ…အခုတော့ မင်းတို့နှစ်ယောက် နားလိုက်ပါဦး”
အောင်မြတ်သာက လက်နှစ်ဖက်ကို လေပေါ်မြောက်လိုက်ရာ လက်ဝါးပေါ်မှာ ပညာသိမ်းစမနှစ်ချပ်ပေါ်လာခဲ့တယ်။
“ ပညာသိမ်း စမပါလား”
ငစံနဲ့ အောင်ဘတို့စကားသံမဆုံးခင်မှာပဲ အောင်မြတ်သာရဲ့လက်က ခေါင်းပေါ်ကိုကျသွားခဲ့တယ်။
++++++++
“ ရေမန်းမသောက်ရသေးတဲ့သူတွေ တန်းစီကြ၊ သောက်ပြီးတဲ့သူတွေက မသောက်ရသေးတဲ့သူတွေကို ခေါ်လာပေးဦးနော်”
မောင်ကောင်းနဲ့ ခွန်းလှတို့က နေပူကြီးထဲမှာ ရေမန်းသောက်ဖို့ အော်ဟစ်ပြောဆိုနေခဲ့သလို ရေမန်းသောက်ပြီးတဲ့ ရွာသားတွေကလဲ
တဝေါ့ဝေါ့ထိုးအန်နေခဲ့ကြတယ်။
“ ဆရာတော်ကြွလာတယ်ဟေ့”
ရွာသားတွေရဲ့အော်သံကြောင့် မောင်ကောင်းတို့ လှမ်းကြည့်လိုက်ရာ တောင်ဝှေးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး လျောက်လာတဲ့ ရွာဦးဆရာတော်ကိုဖူးမြင်လိုက်ရတယ်။
“ ငါ့ရွာသားတွေကို အပင်းထည့်တဲ့ကောင်တွေ ဘယ်မှာလဲကွ”
“ ပိန္နဲပင်အောက်မှာ ကြိုးချည်ထားတယ်ဘုရား”
“ ခွေးမျိုးတွေ ဒင်းတို့ကို ငါကိုယ်တိုင် ဆုံးမမယ်”
ဆရာတော်ထွက်သွားပြီး မကြာခင်မှာပဲ ငစံနဲ့ အောင်ဘတို့ရဲ့ အော်သံတွေ အဆက်မပြတ်ထွက်ပေါ်လာပါတော့တယ်။
“ ဆရာ… ရွာသားတွေကိုတော့ ရေမန်းတိုက်ပြီးပြီ၊ သူတို့အိမ်တွေမှာလဲ ဟိုသကောင့်သားတွေပေးထားတဲ့ အင်းတွေရှိသေးတယ်ပြောတယ်”
“ အကုန်လုံးကို မီးရှို့ဖို့မပြောလိုက်ဘူးလား”
“ ကာလသားတွေကိုတော့ ဆော်ဩခိုင်းထားပါတယ်၊ ကျွန်တော်တို့လဲ တစ်နေကုန်ဟိုပြေးဒီပြေးနဲ့မို့ ကိုယ်တိုင်လိုက်မပြောနိုင်တော့ဘူး”
“ ဒီလောက်ဆို သူတို့လဲ မထားရဲလောက်တော့ပါဘူး၊ မင်းတို့လဲ ခဏနားဦးလေ၊ ညမှောင်စပျိုးတာနဲ့ လုပ်ရမယ့် ကိစ္စတစ်ခုရှိသေးတယ်”
“ ဟုတ်ကဲ့ဆရာ… ဟိုနှစ်ကောင်ကိုရော ဘယ်လိုလုပ်ကြမလဲ”
“ သူတို့ကိုတော့ ရွာကပဲ အဆင်ပြေသလို လုပ်လိမ့်မယ်၊ ကဲကဲ နားလိုက်ကြဦး”
မောင်ကောင်းနဲ့ ခွန်းလှတို့ အနားယူနေတဲ့အချိန် ကပ္ပိယကြီးရောက်လာပြီး
“ ဆရာတော်က ဧည့်သည်တွေကို ကျောင်းမှာ နားဖို့ပြောထားပါတယ်”
“ ဟုတ်ကဲ့… ကျုပ်တို့ဆရာကို ခေါ်လိုက်ပါဦးမယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ဆရာဖြစ်သူကိုခေါ်ပြီး ဘုန်းကြီးကျောင်းဆီကိုထွက်သွားခဲ့ကြတယ်။ ညနေစောင်းရောက်တော့ ကျေးဇူးတင်ကြောင်း လာပြောတဲ့ရွာသားတွေအပြင် စားသောက်စရာတွေလာပို့တဲ့ရွာသားတွေပါ ရောက်လာတာကြောင့် စကားစကိုဖြတ်ကာ ညအတွက် လိုအပ်တဲ့အစီအရင်တွေကို စီမံခဲ့ကြရတယ်။
ညဦးပိုင်းရောက်တော့ ရွာဦးဆရာတော်ကို ခွင့်တောင်းပြီး ဖမ်းထားတဲ့နှစ်ယောက်ကို ခေါ်ကာ ရွာပြင်ကိုထွက်လာခဲ့ကြတယ်။
“ ခွန်းလှ… ဟိုကောင်ကအခုထိ ထောင့်မကျိုးသေးဘူးကွ”
မောင်ကောင်းက နတ်ကွန်းရှေ့ကဖြတ်တဲ့အချိန် မကြည်တဲ့လေသံနဲ့ပြောလိုက်တာကြောင့် ခွန်းလှက ရယ်ကျဲကျဲလုပ်ပြီး
“ ထောင့်ကျိုးအောင် လုပ်လို့ရပါတယ်၊ အခုတော့ မဟုတ်သေးဘူး ပြန်လာမှလုပ်မယ်”
နှစ်ယောက်သားအတိုင်ဖောက်ညီညီနဲ့ပြောနေတဲ့အချိန် အောင်မြတ်သာက နောက်လှည့်ကြည့်ပြီး
“ အခုကစပြီး သတိမပြတ်စေနဲ့၊ ဦးသာအိုဆိုတဲ့လူရဲ့ပညာက ပေါ့သေးသေး မဟုတ်ဘူးနော်”
“ ဟုတ်ကဲ့ဆရာ… ကျွန်တော်တို့သတိထားပါ့မယ်”
မောင်ကောင်းနဲ့ခွန်းလှက လက်ပြန်ကြိုးတုပ်ထားတဲ့ ငစံနဲ့အောင်ဘကို ဆွဲခေါ်ရင်း နောက်ကနေ လိုက်သွားခဲ့ကြတယ်။
ရွာပြင်ရောက်တော့ အောင်မြတ်သာက ငစံနဲ့ အောင်ဘကို သစ်ပင်တစ်ပင်အောက်မှာ ချည်နှောင်လိုက်ပြီး ပင်စည်ပတ်ပတ်လည်ကို စည်းချထားလိုက်တယ်။
“ ဆရာ… ဟိုလူက လာရော လာပါ့မလား”
“ သူရဲ့ ပညာမာန်ကြောင့် သေချာပေါက်ကိုလာမှာ”
“ ဒီလိုမှန်းသိရင် ဘုန်းကြီးကျောင်းကနေ အာဏာစက်နဲ့ လှမ်းခေါ်လိုက်ပါတယ်”
“ အာဏာစက်မသုံးဘူးဆိုတာက ရွာထဲကလူတွေကို ထိခိုက်မှာစိုးလို့ပဲ၊ သူတို့ကိုယ်ထဲမှာ ဦးသာအိုရဲ့ ပယောဂစက်တွေကုန်မကုန် သေချာမစစ်ရသေးဘူးလေ၊ တကယ်လို့ မကုန်သေးဘူးဆိုရင် သူက ရွာသားတွေကို ဒုက္ခပေးနိုင်တယ်၊ ဒါကြောင့် တစ်ရွာလုံးကို စည်းချပြီးပိတ်ထားခဲ့တာ”
“ ကျွန်တော်က ဆရာလိုမတွေးခဲ့မိဘူး၊ တောင်းပန်ပါတယ်ဆရာ”
“ ရပါတယ်ကွာ… စကားမစပ် ဒီညလေအရမ်းတိုက်တယ်နော်”
အောင်မြတ်သာက ရွာပြင်မှာရှိတဲ့ သစ်ပင်တွေကိုကြည့်ပြီးပြောလိုက်တဲ့အချိန် မလှမ်းမကမ်းမှာရှိတဲ့မြေကြောတစ်ခု ရိပ်ခနဲ ရွေ့လျားသွားတာသတိထားမိခဲ့တယ်။
“ ဒင်းက သူခိုင်းလို့ရတဲ့ကောင်တွေ အရင်လွှတ်လိုက်တာကိုး၊ ဟဲ့ မြေဖုတ်ဘီလူး ထွက်လာစမ်း”
အောင်မြတ်သာက မြေကြီးကိုလက်ညိုးထိုးပြောလိုက်ရာ အထဲကနေ ကြောက်မက်ဖွယ်မျက်နှာတစ်ခု ဘွားခနဲ ထွက်လာခဲ့တယ်။
“ မြေဖုတ်ပြိတ္တာကောင်… တစ်ကိုယ်လုံးပြာမဖြစ်ချင်ရင် လာရာလမ်းအတိုင်း ပြန်သွားစမ်း၊ ရှေ့ဆက်တိုးရင်တော့ နင့်ထိုက်နဲ့ နင့်ကံပဲ”
အောင်မြတ်သာက ညာလက်ညိုးနဲ့ မြေကြီးပေါ်မှာစည်းတစ်ခုတားလိုက်ရာ အပြာရောင်မီးတောက်တွေ တဟုန်းဟုန်း ထတောက်လာခဲ့တယ်။
မြေဖုတ်ပြိတ္တာလဲ အနားကပ်ဖို့နေနေသာသာ မီးရောင်မြင်တာနဲ့ မြေကြီးထဲတိုးဝင်ကာ ထွက်ပြေးသွားခဲ့တယ်။
မကြာခင် အရပ်လေးမျက်နှာကနေ မြင်းခွာသံတွေ ကြားလာရတာကြောင့် အာရုံပြုပြီးကြည့်လိုက်ရာ အဖြူရောင်မြင်းကိုစီးပြီး ဓါးလွတ်တစ်လက်ကို ကိုင်ထားတဲ့ လူတစ်ယောက် ကွင်းထဲမှာ ပတ်နေတာမြင်လိုက်ရတယ်။
“ ဟဲ့.. သင်ကဘယ်သူတုန်း… ခေါင်းမှာလဲ ဘောင်းတော်နဲ့ ခါးမှာလဲ ခါးစည်းနဲ့ပါလား”
“ ငါ့နာမည် ရွှေစစ်သင်တဲ့ဟေ့”
“ သင်က စောမွန်နစ်မင်းရဲ့သားတော် ရွှေစစ်သင် မြင်းဖြူရှင်နတ်မဟုတ်လား၊ ဘယ်လိုအကြောင်းကြောင့် ဒီကိုရောက်လာတာလဲ”
“ နင်တို့ကို မြင်းခွာနဲ့ပေါက်သတ်ခိုင်းလို့ လာတဲ့ဟေ့”
“ ဒါဖြင့် ကျုပ်တို့ကို မြင်းခွာနဲ့ပေါက်သတ်လို့ရမရ သင်မသိပေဘူးလား”
“ ပေါက်သတ်လို့မရတာကြောင့် ကွင်းထဲမှာပတ်ပြေးနေရတာ”
“ သင့်ကိုခိုင်းစေလို့ လာခဲ့တာကို ကျုပ်အပြစ်မတင်ပါဘူး၊ အခုသင်လဲအနားကပ်မရဘူးဆိုတော့ ပြန်သွားလိုက်တော့၊ သင့်ကိုခိုင်းတဲ့သူကိုပြောလိုက် အခြားသူတွေကို မခိုင်းပဲ ကိုယ်တိုင်လာခဲ့လို့”
အောင်မြတ်သာစကားအဆုံးမှာ ရွှေစစ်သင်နတ်က မြင်းဖြူကိုဒုန်းဆိုင်းမောင်းပြီး အမှောင်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
ရွှေစစ်သင်နတ်ပျောက်ကွယ်သွားချိန်မှာတော့ အရပ်လေးမျက်နှာကနေ တောင်ပံတဖျတ်ဖျတ်ခတ်သံကြားတဲ့အတွက် မော့ကြည့်လိုက်ရာ လက်ကြီးတစ်လံစာလောက်ရှိတဲ့ လင်းတ လေးကောင် ဝဲပျံနေတာမြင်လိုက်ရတယ်။
လင်းတလေးကောင်က ဝေဟင်ကနေ အကဲခတ်ကာပျံသန်းနေရင်း အောင်မြတ်သာခေါင်းပေါ်ကို ဖြတ်သန်းမိတဲ့အခါ တောင်ပံတွေက မီးဟုန်းဟုန်းတောက်လောင်ပြီး မြေပေါ်ကို တဖုတ်ဖုတ်နဲ့ပြတ်ကျလာခဲ့တယ်။ မြေကြီးပေါ်ရောက်တော့ လင်းတတွေအဖြစ်ကနေ အသက်ရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိန်းမအိုကြီးတွေအဖြစ်ပြောင်းလဲသွားတာကိုလဲ မြင်တွေ့လိုက်ရတယ်။
“ အမေကြီးတို့ကို ကျုပ်မခေါ်ထားပါဘူး၊ ဘယ်လိုကြောင့်ရောက်လာခဲ့တာလဲ”
“ အမလေးလေး… ဆရာငယ်ငယ်လေးဆိုတော့ ပညာစွမ်းကိုအထင်သေးပြီး ခေါင်းပေါ်ကဖြတ်ပျံမိပါတယ်၊ မသေတာကံကောင်းဟေ့”
“ ဟုတ်ပါ့ မိနုရယ်… ဘိုးသာအိုက ဒါကြောင့် ငါတို့ကိုအရင်လွှတ်လိုက်တာနေမှာ”
“ အမေကြီးတို့က ဦးသာအို တပည့်တွေလား”
“ ငါတို့က သူ့တပည့်တွေထဲက အတော်ဆုံးတွေလေ”
“ အမေကြီးတို့ကရော ကျုပ်နဲ့ပညာစမ်းချင်သေးလို့လား”
“ နေပါစေတော့ မောင်ရင်ရယ်… နင်နဲ့ပညာပြိုင်ရင် ငါတို့သွေးပွက်ပွက်အန်မှာပေါ့ဟဲ့”
“ ဒါဖြင့်လဲ အမေကြီးတို့ ကိုယ့်လမ်းကိုယ်ပြန်ကြပါတော့၊ ကျုပ်က ဦးသာအိုနဲ့ပဲတွေ့ချင်တာပါ”
“ ဘိုးသာအိုနဲ့တွေ့ချင်ရင် ငါတို့ပြန်ပြောပေးမယ်၊ ဟဲ့ မယ်နုတို့ မယ်ပုတို့ ပြန်ကြရအောင်”
အဖွဲ့ထဲမှာ အသက်အကြီးဆုံးလို့ထင်ရတဲ့ အမေအိုကြီးက နာနေတဲ့ခြေထောက်ကို အားယူကာရပ်လိုက်တဲ့အချိန် ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုးတစ်ချောင်းက လေးယောက်လုံးကိုရစ်ပတ်တာခံလိုက်ရတယ်။
“ ကောင်မတွေ နင်တို့က ဘာပညာမှမထုတ်သုံးပဲ ထွက်ပြေးဖို့ကြံစည်တယ်ပေါ့လေ၊ ဒီပွဲပြီးမှ နင်တို့နဲ့ငါနဲ့တွေ့မယ်”
လူကိုမမြင်ရပဲ အသံသာကြားလိုက်ရတဲ့အတွက် အောင်မြတ်သာမျက်မှောက်ကျုံ့လိုက်ပြီး စူးစိုက်ကြည့်လိုက်ရာ ကွင်းပြင်ထဲမှာ စက်ကြိုးစီးကာပျံနေတဲ့ အဖိုးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဆရာ… အဖိုးကြီးစက်ကြိုးက အရောင်တဖိတ်ဖိတ်ထွက်နေပါလား”
“ ကဝေမြောက်စုန်းအဆင့်ဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့ မောင်ကောင်းရ…”
အောင်မြတ်သာက သမထစွမ်းအားကို မြင့်လိုက်ပြီး စက်ကြိုးစီးကာပျံသန်းနေတဲ့ဘက်ကို တစ်လှမ်းချင်း လျောက်သွားခဲ့လိုက်တယ်။ သမထရဲ့အစွမ်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး နှေးကွေးလာပြီး မြှားတစ်စင်းလို လှစ်ခနဲ လှစ်ခနဲပျံသန်းနေတဲ့ ဦးသာအိုရဲ့ ပုံရိပ်က ထင်ထင်ရှားရှားပေါ်လာခဲ့တယ်။
ဦးသာအိုက စက်ကြိုးစီးကာပျံသန်းနေရင်း အောင်မြတ်သာရှိတဲ့ဘက်ကို ပြိုးပြိုးပျက်ပျက်အရောင်ရှိတဲ့ စက်တစ်ခုနဲ့ပစ်လွှတ်လိုက်တယ်။
သာမန်လူဆိုရင် လျှပ်စီးလက်သလို အလင်းတန်းကိုပဲမြင်ရမှာဖြစ်ပေမယ့် အောင်မြတ်သာကတော့ ကွမ်းသီးလုံးခန့်ရှိတဲ့ စက်လုံးကို အနှေးပြကွက်နဲ့မြင်နေခဲ့ရတယ်။
စက်လုံးက ရင်ညွန့်နားကိုရောက်လုဆဲဆဲအချိန် ခန္ဓာကိုယ်ကိုစောင်းလိုက်ပြီး လက်ပြန်ရိုက်ထုတ်လိုက်ရာ စက်လုံးက မြေကြီးထဲကို အိခနဲနစ်ဝင်သွားခဲ့တယ်။
ဦးသာအိုကလဲ စက်နဲ့ပစ်တာမထိတော့ ဒုတိယအကြိမ်အဖြစ် မျက်စိကြိမ်းတဲ့ထိ စူးရှတောက်ပတဲ့ စက်တွေနဲ့တရစပ်ပစ်ပါလေရော။
အောင်မြတ်သာလဲ စက်တွေကို ဘေးကိုဆွဲပစ်လိုက် အပေါ်ကိုပုတ်ထုတ်လိုက်နဲ့လုပ်နေရင်းကနေ စိတ်မရှည်တော့တဲ့ဟန်နဲ့ ဆင်ထားတဲ့စက်ကြိုးတွေကို လက်နဲ့ဆွဲယူပြီး မြေကြီးပေါ်ဖွတ်ချလိုက်ရာ ဦးသာအိုတစ်ယောက် ကွင်းပြင်ထဲမှာ ဆယ်ပတ်ခန့်လိမ့်ထွက်သွားခဲ့တယ်။
တစ်ကိုယ်လုံး ပွန်းပဲ့ဒဏ်ရာတွေနဲ့ ကုန်းရုန်းထလာတဲ့ ဦးသာအိုက အောင်မြတ်သာကို မကျေနပ်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ပါးစပ်ကိုဟလိုက်ရာ အထဲကနေ အနက်ရောင်ပဒူကောင်တွေ အုံလိုက်ကျင်းလိုက် ထွက်လာခဲ့တယ်။
မရေတွက်နိုင်အောင်များပြားတဲ့ ပဒူကောင်တွေက အောင်မြတ်သာကို ကိုက်ခဲမယ့်ဟန်နဲ့ပျံသန်းလာကြပေမယ့် အနားကိုရောက်တာနဲ့ အကုန်လုံး မီးစတွေအဖြစ်ပြောင်းသွားပြီး ဘေးကို ဖြာထွက်သွားခဲ့တယ်။
ဦးသာအိုလဲ သူ့ပညာကို အသာလေးချေဖျက်နေတဲ့ လူငယ်ကိုမြင်တော့ မချိတင်ကဲဖြစ်ကာ ပညာမာန်တွေထလာပြီး သူ့ရဲ့ဆရာဖြစ်တဲ့ ဒေဝဇော်ဂနီကို ပင့်ဖိတ်လိုက်ရာ ချက်ချင်းပင် တောက်ပတဲ့ကိုယ်ရောင်နဲ့အတူ ထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာက ဒေဝဇော်ဂနီကိုမြင်တာနဲ့
“ဟဲ့ နတ်ယုတ်နတ်ဆိုး သင့်ကျုပ်အကြောင်းသိတယ်မလား” လို့ကြိမ်းဝါးလိုက်ရာ ဇော်ဂနီလဲ ကြောက်လန့်တဲ့အမူအယာနဲ့ ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးသွားခဲ့တယ်။
အဲဒီတော့မှ ဦးသာအို တစ်ယောက် ပညာမာန်တွေ ကျဆင်းလာပြီး အောင်မြတ်သာရှေ့မှာ ဒူးထောက်ကျသွားခဲ့တယ်။
“ သင် အရှုံးပေးပြီလား”
“ ဆရာသခင်ဒေဝဇော်ဂနီတောင် ထွက်ပြေးရတဲ့သူကို ကျုပ်ကဘယ်လိုသတ္တိမျိုးနဲ့ အာခံနိုင်မှာလဲ”
“ သင့်အပြစ်သင်သိတယ်မဟုတ်လား”
“ သိပါတယ်…”
“ အေး… သိတယ်ဆိုရင် သင့်ပညာတွေအကုန် စွန့်လွှတ်ပါ”
“ ကျုပ်တို့က ဒီပညာကို စွန့်လွှတ်ဖို့ ကျင့်ကြံခဲ့တာမဟုတ်ဘူး၊ ပညာစွန့်မယ့်အစား အသက်သာအသေခံလိုက်မယ်”
“ သင်က တယ်လဲခေါင်းမာကိုး… ဒါပေမယ့် ကျုပ်က လူသတ်မှာမဟုတ်တဲ့အတွက် သင့်ပညာကို မရရတဲ့နည်းနဲ့စွန့်အောင်လုပ်ရမှာပဲ၊ ကဲ… ဂိုဏ်းတော်မှာရှိတဲ့ ဆိုင်ရာပုဂ္ဂိုလ်များ ကျုပ်ရှေ့မှာရှိနေတဲ့ ကဝေမြောက်စုန်းကို ကိုယ့်ကိုယ်ကိုသတ်မသေအောင် ချုပ်နှောင်ထားကြ”လို့အမိန့်ပြန်ပြီး သျောင်ထုံးမှာထည့်ထားတဲ့ ကြေးအင်းပြားတစ်ပြားကို ထုတ်ယူကာ ဦးသာအိုရဲ့ နဖူးမှာ ဖိကပ်လိုက်တယ်ဆိုရင်ပဲ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ပညာစက်တွေအားလုံးကို အင်းပြားကစုပ်ယူသွားခဲ့တယ်။
ပညာစက်တွေကုန်စင်သွားချိန်မှာတော့ အမေအိုလေးယောက်ကို တုပ်နှောင်ထားတဲ့ ကြိုးပြတ်ကျသွားခဲ့တယ်။
“ဆရာလေး… အမေကြီးတို့ကိုတော့ ပညာမနှုတ်ပါဘူးနော်”
“ အမေကြီးတို့က ခုနှစ်ရက်သားသမီးတွေကို ဒုက္ခပေးမယ်ဆိုရင်တော့ ကျုပ်အရောက်လာရလိမ့်မယ်”
“ မလုပ်ရဲပါဘူး ဆရာလေးရယ်… အခုတောင် ဦးသာအိုခိုင်းလို့လုပ်ရတာပါ”
“ ဒါဖြင့် အမေကြီးတို့ပဲ ဦးသာအိုကို ပြန်ခေါ်သွားလိုက်ပါ”
“ ဆရာလေး… ဟိုနှစ်ယောက်ကိုရော ပြန်ခေါ်သွားရမလား”
“ ဦးသာအိုက အသက်ရွယ်လဲကြီးရင့်နေသလို သက်တမ်းကလဲမကျန်တော့တာမို့ ခွင့်လွှတ်ပေးလိုက်တာပါ၊ သူတို့နှစ်ယောက်ကိုတော့ ရွာကပဲ အပြစ်ပေးပါလိမ့်မယ်”
“ ဆရာလေးရဲ့သဘောကိုနားလည်ပါပြီ၊ အမေကြီးတို့သွားတော့မယ်နော်”
အမေအိုကြီးတွေက ဦးသာအိုကို တွဲထူပြီး အနောက်ဘက်လယ်ကွင်းတွေဘက်ကို ထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ ဦးသာအိုကို ဆုံးမပြီး ငစံနဲ့အောင်ဘကိုခေါ်ကာ ရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။
မောင်ကောင်းက ညောင်မုတ်ဆိတ်ပင်နားရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ လေးကွက်အင်းကို ထုတ်ပြီး နတ်ကွန်းပေါ်အသာလေးတင်ကာ ပြန်ထွက်သွားခဲ့လိုက်တယ်။
++++++
အရုဏ်တက်ချိန်ထွက်ပေါ်လာတဲ့ အုန်းမောင်းသံနဲ့အတူ လင်းကြက်အချို့ရဲ့တွန်သံတွေ ထွက်လာခဲ့တယ်။
အောင်မြတ်သာလဲ အရုဏ်တက်ပြီမို့ လှဲလျောင်းနေရာကနေ ထလိုက်ပြီး ကိုယ်လက်သန့်စင်ကာ စင်္ကြန်လျောက်နေတဲ့အချိန် အနောက်ကနေနာကျင်စွာညဉ်းညူနေတဲ့အသံကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်ရာ ခြေထောက်မှာ မီးစွဲလောင်နေတဲ့လူတစ်ယောက် ငိုမဲ့မဲ့မျက်နှာနဲ့ရပ်နေတာမြင်လိုက်ရတယ်။
“ သင်ကဘယ်သူပါလဲ”
“ ကျုပ်က ဒီရွာမှာ နေတဲ့ ရွာစောင့်နတ်ပါ”
“ ကျုပ်ဆီလာတာ ဘာကိစ္စရှိလို့လဲ”
“ ဆရာ့တပည့်က ကျုပ်နတ်ကွန်းမှာ အင်းတစ်ရွက်လာထားပြီး ခြေချတိုင်း မီးလောင်ပါစေလို့ပြောသွားတယ်ဆရာ၊ အခု ကျုပ်လမ်းလျောက်တိုင်း ခြေထောက်မှာ မီးစွဲလောင်နေလို့ ဆရာကို အကူအညီလာတောင်းတာပါ”
ရွာစောင့်နတ်စကားအဆုံးမှာ ကျောင်းပေါ်ကနေ
“ ဆရာ… လူပါးဝတဲ့ ဒီကောင်ကို မှတ်လောက်အောင် ပညာပေးထားတာ၊ ဘယ်နှယ့် ငါ့ဆရာရွာထဲဝင်လာတာကိုတောင် နှုတ်ဆက်ဖော်မရပဲ နေတဲ့ကောင်က အခုမှ လာတောင်းပန်မနေနဲ့” ဆိုတဲ့အသံထွက်လာခဲ့တယ်။
“ မောင်ကောင်း… အင်းကို ပြန်သိမ်းပေးလိုက်”
“ ဆရာ… ဒီကောင် အရင်မခန့်လေးစားလုပ်တာလေ”
“ ငါပြောနေတယ် အင်းကိုပြန်သိမ်းပေးလိုက်”
“ ဟုတ်ကဲ့ပါဆရာ၊ အခုပဲသွားပြန်ယူလိုက်ပါ့မယ်”
“ သင်လဲ သူ့နောက်လိုက်သွားပေတော့၊ ပြန်လာရင် နောက်တစ်ခါမဖြစ်အောင် ကျုပ်ဆုံးမပေးပါ့မယ်”
“ ကျေးဇူးတင်ပါတယ်ဆရာ… ကျုပ်လဲ ဆရာတို့အပေါ်ရိုင်းသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်”
“ ရပါတယ်… သင့်ကိုကျုပ်အပြစ်မမြင်ပါဘူး”
ရွာစောင့်နတ်လဲ မီးလောင်နေတဲ့ခြေထောက်ကို ထော့နဲ့ ထော့နဲ့နင်းပြီး မောင်ကောင်း နောက်ကို ကုပ်ချောင်းချောင်းနဲ့လိုက်ပါသွားပါတော့တယ်။
အောင်မြတ်သာတို့ လက်ပံရွာမှာတစ်ပတ်ခန့်နေပြီး ချိန်မှာတော့ ချောင်းရိုးရွာဘက်ကို ခရီးထွက်ဖို့ အကြောင်းဖန်လာခဲ့တယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်အခေါင်းပြောင်းပြန်အတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)