အောင်မြတ်သာနှင့်ကိုယ်ပျောက်ဓါတ်လုံး
++++++++++++++++++++++++++++
ပုဂံမြို့ဟောင်းမှာရှိတဲ့ စေတီပျက်တစ်ဆူပေါ်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ရေညှိတွေကို သံဘရပ်နဲ့ ပွတ်တိုက်နေခဲ့တယ်။
စေတီအောက်ခြေမှာတော့ ကြံတစ်ချောင်းကို စုပ်ရင်း ထိုင်နေတဲ့လူက
“ ဘေးမှာ ရေညှိတွေ ကျန်နေသေးတယ်၊ မင်းတို့အချောင်ခိုရင် ဒီစေတီမှာပဲ မိုးချုပ်သွားမှာနော်၊ နောက်မှ ရောင်တော်ဖွင့်ခိုင်းထားတဲ့စေတီမပြည့်လို့ ရက်ထပ်တိုးနေရမယ်” ဆိုပြီးပြောကာ ရယ်ကျဲကျဲ လုပ်နေခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ သူတို့အပြစ်နဲ့သူမို့ စောဒကမတက်ရဲပဲ ချွေးတဒီးဒီးကျတဲ့ထိ သန့်ရှင်းရေးလုပ်နေတဲ့အချိန် ထီးတော်အောက်ခြေနားမှာရှိတဲ့ အုတ်ခဲလေးတစ်လုံးက အပြင်ကို ချော်ထွက်သွားခဲ့တယ်။
“ အစ်ကို… အထဲမှာ သေတ္တာတစ်လုံးပါလား”
“ ယွန်းသေတ္တာလေးပါလား၊ ထုတ်ကြည့်စမ်း”
မောင်ကောင်းတို့လဲ သေတ္တာကို လက်ညိုးနဲ့ကလော်ပြီးကြည့်လိုက်ရာ အဖုံးပေါ်မှာ အတွန့်အတက်တွေပါတဲ့ လက်ရေးနဲ့ “ထိုက်သူယူစေ”လို့ ရေးထားတဲ့ စာအချို့ကိုမြင်လိုက်ရတယ်။
“ ထိုက်သူယူစေဆိုပါလား အထဲမှာ ဘာရှိလဲဖွင့်ကြည့်ဦး”
“ ကြပ်နေတယ်ဗျ…”
“ အံကဒီဘက်မှာလေ မင်းက ဖင်ကဖွင့်နေတော့ ဘယ်ရမလဲ…ဒီကိုပေး”
မောင်ကောင်းက သေတ္တာကို လက်သည်းနဲ့ခွာပြီး ဖွင့်လိုက်ရာ အထဲကနေ ခဲရောင်အလုံးလေးနှစ်လုံးထွက်လာခဲ့တယ်။
“ ဓါတ်လုံးနှစ်လုံးပါလား၊ ဘယ်သူတွေကများ ဒီလိုစေတီထဲ ဌာပနာထည့်သွားပါလိမ့်”
“ ဌာပနာမဟုတ်ဘူးကွ၊ ထိုက်သူယူစေလို့ ရေးထားတာ တွေ့တဲ့သူကို ယူစေချင်လို့နေမှာ”
“ အစ်ကို ယူရဲရင်ယူလေ၊ ကျွန်တော်တော့ မယူရဲဘူး”
“ ငါလဲ မယူရဲပါဘူးဟ၊ သူရေးထားတဲ့အတိုင်းပြောပြတာ”
နှစ်ယောက်သားဓါတ်လုံးနှစ်လုံးကို ကိုင်ဖူးတယ်ရှိအောင် ကိုင်ကြည့်လိုက်တဲ့အချိန်
“ ဟိုနှစ်ကောင် ဘယ်ပျောက်သွားတာလဲ၊ ဒီနှစ်ကောင်နဲ့တော့ ငါစိတ်ညစ်ပါတယ်” ဆိုတဲ့ ကြာရိုးရဲ့အသံထွက်လာခဲ့တယ်။
သူ့မျက်စိရှေ့တည့်တည့်မှာ ထိုင်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကတော့ ကိုင်ထားတဲ့ ပတ္တမြားကိုကြည့်လိုက် အချင်းချင်းကြည့်လိုက်လုပ်ပြီး ကြာရိုးကိုင်ထားတဲ့ ကြံချောင်းကို ဆတ်ခနဲဆွဲယူလိုက်ပါတော့တယ်။
“ ဘာလဲဟ… နေ့ခင်းကြီး သရဲခြောက်တာလား”
ကြာရိုးက လေပေါ်မှာ ဝဲပျံနေတဲ့ ကြံချောင်းကို ကြည့်ရင်း အမြင်အာရုံကိုစုစည်းလိုက်တယ်။ ဒါပေမယ့် ဘာမှမမြင်ရတာကြောင့် စိတ်ထဲ အနည်းငယ်စိုးရိမ်သွားပြီး တံပိုးကိုယူကာ ကြံချောင်းကိုရိုက်မလို့ဟန်ပြင်လိုက်တယ်ဆိုရင်ပဲ သူ့အရှေ့မှာ စပ်ဖြဲဖြဲလုပ်နေတဲ့ သကောင့်သား နှစ်ကောင်ပေါ်လာခဲ့တယ်။
“ မင်း မင်းတို့ ဘယ်လိုကြောင့် ရုတ်တရက်ကြီး ကိုယ်ပျောက်သွားရတာလဲ၊ မဟုတ်မှလွဲရော ငါစီရင်ထားတဲ့ ကိုယ်ပျောက်အင်းကို သုံးလိုက်တာ မဟုတ်လား”
“ ဘယ်က ကိုယ်ပျောက်အင်းရမှာလဲ၊ ကျွန်တော်တို့ကို မမြင်ရတာ ဒီဓါတ်လုံးကြောင့်ဗျ”
မောင်ကောင်းက အိတ်ကပ်ကိုဟပြီး အထဲမှာရှိတဲ့ ဆီးစေ့ခန့်အရွယ် အလုံးတစ်လုံးကို လှစ်ပြလိုက်တယ်။
“ မှန်းစမ်း… ဒါကို မင်းတို့ဘယ်ကနေ ရလာတာလဲ”
“ စေတီကို သန့်ရှင်းရေးလုပ်နေရင်း အထဲကနေ ထွက်လာတာလေ၊ ဒီမှာကြည့်”
ကိုကြာရိုးလဲ ခွန်းလှကမ်းပေးတဲ့ ယွန်းဘူးကို ယူကြည့်လိုက်ရာ အပေါ်မှာရေးထားတဲ့ စာသားကိုမြင်တွေ့သွားခဲ့တယ်။
“ ထိုက်သူယူစေဆိုပါလား…ဒါဆို ဒီဓါတ်လုံးကို မင်းတို့ပိုင်တာပေါ့”
“ ဒီကိစ္စကို ဆရာလာရင်ပြန်ပြောပြရမယ်၊ ကျုပ်တို့သဘောနဲ့တော့ မယူရဲပါဘူးဗျာ”
မောင်ကောင်းက ဓါတ်လုံးကို ယွန်းဘူးထဲ ပြန်ထည့်ပြီး မူလနေရာမှာပြန်ထားဖို့အလုပ်…
“ ပြဒါးသေဓါတ်လုံးက ဒီလိုမထင်မရှားစေတီမှာ ဌာပနာထားတာကိုး” ဆိုတဲ့အသံနဲ့အတူ လှေကားပေါ်ကိုတက်လာတဲ့ အောင်မြတ်သာကို မြင်လိုက်ရတယ်။
“ ဆရာ… ဘယ်ထဲက ရောက်နေတာလဲ”
“ မင်းတို့ ကြာရိုးရဲ့ ကြံချောင်းကို ယူပြီးစနောက်ထဲက ရောက်နေတာ၊ ဘယ်လိုလဲ စေတီတွေကိုသန့်ရှင်းရေးလုပ်ရတာ အဆင်ပြေရဲ့လား”
“ အဆင်ပြေပါတယ်ဆရာ၊ ဒါနဲ့လေ ဒီဓါတ်လုံး အကြောင်းဆရာဘယ်လိုသိနေတာလဲ”
“ မင်းတို့အချိန်နောက်ပြန်အင်းကိုသုံးပြီး ပျောက်သွားတဲ့အချိန် ဆရာတော်ကြွလာခဲ့တယ်၊ သူမိန့်တာက အရှင်အဇ္ဇဂေါဏ ထွက်ရပ်ပေါက်တုန်းက စီရင်ခဲ့ဖူးတဲ့ ပြဒါးသေဓါတ်လုံးနှစ်လုံးဟာ စိမ်းညှက်ညီအစ်မစေတီနဲ့ တစ်မိုင်ပတ်လည်အတွင်းမှာ ရှိနေတယ်တဲ့၊ ဒါကြောင့် တစ်မိုင်ပတ်လည်အတွင်းမှာရှိတဲ့ စေတီတွေကို သန့်ရှင်းရေးလုပ်ခိုင်းခဲ့တာပဲ၊ ကံကောင်းချင်တော့ မင်းတို့က ရက်ပိုင်းလောက်နဲ့ ဓါတ်လုံးကိုရှာတွေ့ခဲ့တယ်”
“ ကျွန်တော်တို့က ဒီဓါတ်လုံးနဲ့ ပဌာန်းဆက်ပါလို့ရှာတွေ့တာလား”
“ သိပ်ဟုတ်တာပေါ့… အရှင်အဇ္ဇဂေါဏဆိုတဲ့ ပုဂ္ဂိုလ်က ဆရာတော်ကိုတောင် ဓါတ်လုံးဘယ်မှာ ရှိတယ်ဆိုတာအရိပ်အမြွက်ပဲပြောခဲ့တာ၊ ဒီဓါတ်လုံးကိုလဲ မင်းတို့ရဲ့ ပညာတူအကိုတွေဖြစ်ခဲ့ ဖူးတဲ့ သက်ခိုင်နဲ့ တောက်ရတို့ကလဲရှာဖွေခဲ့ဖူးတယ်”
အောင်မြတ်သာရဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့မျက်နှာက ချက်ချင်းတည်ကြည်သွားပြီး ဟန်ပန်အမူအယာကအစပြောင်းလဲသွားခဲ့တယ်။
“ ကျွန်တော်တို့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ရမလဲဆရာ၊ ဆရာသာအမိန့်ပေးရင် ကျွန်တော်တို့ ဘာမဆိုလုပ်ဖို့အဆင်သင့်ပါ”
“ ကျွန်တော်ရောပဲဆရာ၊ အကိုနဲ့ ဆရာသာပါရင် ဘာမဆိုလုပ်ရဲပါတယ်”
ခွန်းလှစကားအဆုံးမှာ မောင်ကောင်းရဲ့ နှုတ်ခမ်းလေးက မသိမသာလေးပြုံးသွားခဲ့တယ်။
“ မင်းတို့နှစ်ယောက်က လူငယ်ဘဝကနေ လာခဲ့တာမို့ တစ်ခါတစ်လေ တစ်ဇွတ်ထိုးဆန်ကြတယ်၊ မဟုတ်မခံချင်စိတ်ရှိကြတယ်၊ ဒါက တစ်ချို့နေရာတွေမှာ အသုံးဝင်သလို တစ်ချို့နေရာတွေမှာ အရမ်းအန္တရာယ်များတယ်၊ မင်းတို့ အချိန်နောက်ပြန်အင်းကိုသုံးပြီး နှစ်ရာပေါင်းများစွာကိုပြန်သွားခဲ့တာ ဘယ်လောက်အန္တရာယ်များလဲဆိုတာသိလား”
အောင်မြတ်သာရဲ့ စကားကို မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လုံး တုပ်တုပ်မျှပင်မလှုပ်ပဲ နားထောင်နေခဲ့ကြတယ်။
“ ဆရာတော်သာ မင်းတို့အဖြစ်ကို ကြိုမမြင်နိုင်ခဲ့ဘူး၊ မင်းတို့ကိုမတွေးပေးခဲ့ဘူးဆိုရင် မင်းတို့ရော ကြာရိုးရော ခေတ်ဟောင်းမှာပိတ်မိပြီး ဘဝကုန်ဆုံးသွားမှာ”
“ ဆရာ… ကျွန်တော်တစ်ခုမေးလို့ရလား”
တစ်ချိန်လုံးငြိမ်နေတဲ့ကြာရိုးက ဆောင့်ကြောင့်ထိုင်နေရာကနေ ထလိုက်ပြီး မေးလိုက်တယ်။
“ မေးလေ မောင်ကြာရိုး”
“ အချိန်နောက်ပြန်အင်းအကြောင်းကို ကျွန်တော်လဲ လေ့လာဖူးပါတယ်၊ ဒါကြောင့်လဲ ဒင်းတို့နှစ်ကောင်ကို မထင်မှတ်ပဲကူညီပေးသလို ဖြစ်သွားခဲ့တယ်၊ ခေတ်ဟောင်းကိုရောက်တော့ ဆုံခဲ့တဲ့ သူတောင်းစားအကြီးအကဲဆိုတာ ဆရာတော်နဲ့ဆုံခဲ့ရတဲ့သူလား”
(ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အောင်မြတ်သာနှင့်အချိန်နောက်ပြန်အင်းဆိုတဲ့ ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
“ ဟုတ်တယ် ကြာရိုး၊ ဆရာတော်က မင်းတို့အဖြစ်ကိုမြင်လို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ကြိုစီစဉ်ထားခဲ့တာ”
“ ကျွန်တော်က အချိန်နောက်ပြန်အင်းကိုဆွဲသလို အနာဂတ်ကိုသွားတဲ့အင်းကိုလဲဆွဲလို့ရမယ်ထင်နေတာ၊ဒါပေမယ့် တစ်ခါမှတော့ မစမ်းသပ်ခဲ့ဖူးဘူး”
“ အနာဂတ်ကိုသွားတဲ့အင်းက ဆရာတော်ကခွင့်ပြုမှ သုံးလို့ရတာ၊ဒါကြောင့် ပြောချင်တာက ဒီလိုဖြစ်ရပ်မျိုး အခွင့်မရပဲ ဘယ်တော့မှ မလုပ်ဖို့ပဲ”
“ ကျွန်တော်တို့နားလည်ပါပြီဆရာ၊ နောက်နောင် ဒီလိုအမှားမျိုးမရှိစေရတော့ဘူးလို့ ကတိပေးပါတယ်”
“ မင်းတို့နှစ်ယောက်ကို အခုချိန်ကစပြီး တာဝန်တစ်ခုပေးမယ်၊ ဒီတာဝန်ကို ဆရာတော်ကိုယ်တိုင် ပေးခိုင်းတာမို့ အမှားအယွင်း မရှိအောင်လုပ်ဖို့တော့လိုမယ်”
“ ကျွန်တော်တို့ကြိုးစားမယ်ဆရာ၊ ဘယ်လိုတာဝန်မျိုးလဲဆိုတာကိုသာပြောပါ”
“ မင်းတို့နှစ်ယောက် ပြဒါးသေဓါတ်လုံးကို ဓမ္မရံကြီးစေတီအတွင်းပတ်လမ်းထဲကို
ယူသွားရလိမ့်မယ်၊ ဂူပတ်လမ်းထဲရောက်ရင် ပြဒါးသေဓါတ်လုံးနှစ်လုံးကို တစ်လုံးထဲဖြစ်အောင် လုပ်ရလိမ့်မယ်၊ ဒီခရီးက ခက်ခဲကြမ်းတမ်းနိုင်တဲ့ အပြင် မထင်မှတ်ထားတဲ့ကိစ္စတွေလဲ အချိန်မရွေး ဖြစ်လာနိုင်တယ်၊ နောက်ဆုံး မင်းတို့နားလည်အောင် ပြောရရင် နှစ်ယောက်လုံး အသက်သေတဲ့ထိတိုင် အန္တရာယ်များတယ်၊ မင်းတို့လုပ်နိုင်ပါ့မလား”
“ ကျွန်တော်တို့နဲ့ ဆရာမလိုက်ခဲ့ဘူးလား”
“ ဒီဓါတ်လုံးက မင်းတို့နဲ့ပဲ ပဌာန်းဆက်ပါတာမို့၊ မင်းတို့ကိုယ်တိုင်ဖြေရှင်းရလိမ့်မယ်”
“ လုပ်မယ်ဆရာ၊ ဘယ်လိုအခက်အခဲတွေရှိပါစေ ဖြစ်အောင်ကိုလုပ်မှာ”
“ ကျွန်တော်လဲ အကိုပြောသလို အောင်မြင်တဲ့ထိ ကြိုးစားမယ်”
“ ဒါဖြင့် မင်းတို့ဆုံးဖြတ်ပြီးပြီဆိုတာ သေချာလား”
“ သေချာပါတယ်ဆရာ”
“ ကောင်းပြီ… သေချာတယ်ဆိုရင်တော့ မင်းတို့အတွက် လိုအပ်တဲ့ ကျင့်ကြံမှုတွေ စလုပ်ကြရမယ်၊ ဒီည သန်းခေါင်အချိန် အသင့်ဖြစ်နေပါစေ”
အောင်မြတ်သာက စကားကိုခပ်ပြတ်ပြတ်ပြောပြီး မလှမ်းမကမ်းမှာရှိတဲ့ ဂူဘုရားတစ်ဆူဘက်ကို ထွက်သွားခဲ့လိုက်တယ်။
မောင်ကောင်းတို့လဲ တစ်နေကုန် သန့်ရှင်းရေးလုပ်ထားတာမို့ ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကိုဆေးကြောသန့်စင်ရန်အတွက် အတန်သင့်ဝေးတဲ့ ဘုန်းကြီးကျောင်းကိုသွားပြီး ကိုယ်လက်သန့်စင်ကာ ယောဂီဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားရင်း ညသန်းခေါင်အချိန်ကို စောင့်ဆိုင်းနေခဲ့လိုက်တယ်။
+++++
လရောင်က ပုဂံမြေပေါ်ကို အတိုင်းအဆမဲ့ကျရောက်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္တုတွေ ရှင်းလင်းစွာ မြင်တွေ့နေခဲ့တယ်။ အဲဒီအချိန် လူနှစ်ယောက်က မောင်ကောင်းတို့ရှိတဲ့ စေတီကို ဖြေးဖြေးမှန်မှန် လမ်းလျောက်လာနေတာကို လှမ်းမြင်လိုက်ရတယ်။
အနားရောက်လို့ကြည့်လိုက်တော့ ဖြောင့်စင်းနေတဲ့ဆံပင်ကို သေသပ်စွာထုံးထားတဲ့ ဆရာဖြစ်သူနဲ့အတူ အနည်းငယ်ကောက်ကွေးနေတဲ့ဆံပင်ကို သပ်ရပ်စွာစည်းနှောင်ထားတဲ့ မေးရိုးကားကား နှာတံစင်းစင်း လူတစ်ယောက်ကို မြင်တွေ့ခဲ့ရတယ်။
“ ကို ကိုကြာရိုး မဟုတ်လား”
မောင်ကောင်းတို့ အံ့အားသင့်သွားခဲ့လေပြီ။ ဘာကြောင့်လဲဆိုတော့ ယခင်က ဆံပင်ဘုတ်သိုက်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ညစ်တီးညစ်ပတ်နေတဲ့သူက အခုလို သန့်ရှင်းလိုက်တော့ တော်ရုံကြည့်ကောင်းပါတယ် ဆိုတဲ့ ယောင်္ကျားတွေထက်တောင် ပိုပြီးခန့်ညားနေခဲ့တယ်မဟုတ်လား။
“ ကဲ… သူတို့ကို မိတ်ဆက်ပေးလိုက်ပါဦး”
အောင်မြတ်သာစကားကြောင့် ကြာရိုးတစ်ဖြစ်လဲ ပါလာတဲ့သူက မောင်ကောင်းတို့ကိုကြည့်ပြီး လှစ်ခနဲပြုံးလိုက်ရာညာနှုတ်ခမ်းအစွန်းအောက်နားကနေ ပဲစေ့ခန့်ရှိတဲ့အချိုင့်လေးတစ်ခုပေါ်လာတာကို မြင်တွေ့လိုက်ရတယ်။
“ ကျုပ်နာမည်က ဗျဂ္ဂလို့ခေါ်တယ်၊ တာဝန်ကတော့ ပုဂံမြို့ဟောင်းနယ်မြေတစ်ဝိုက်ကိုလာတဲ့ ပုဂ္ဂိုလ်တွေကို ကူညီပေးရတာပဲ”
“ အခုလိုကျတော့လဲ ကိုကြာရိုး အဲ ကိုဗျဂ္ဂက အရမ်းကြည့်လို့ကောင်းတာပဲ”
မောင်ကောင်းစကားကို ဗျဂ္ဂက ဘာမှပြန်မပြောပဲ ပြုံးရုံသာပြုံးနေခဲ့တယ်။
“ ဗျဂ္ဂ… မင်းရောအသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဆရာ”
“ ဒါဆိုရင် ရုပ်နာမ်ခွဲထုတ်လို့ရတဲ့ကျင့်စဉ် စကြတာပေါ့”
အောင်မြတ်သာက စေတီပေါ်မှာ လေးထောင့်ပုံစံနေရာယူခိုင်းလိုက်ပြီး နတ်ပင့်ဂါထာ ရွတ်ဖတ်လိုက်ရာ အရပ်လေးမျက်နှာကနေ မီးဆလိုက်နဲ့ထိုးသလို လင်းခနဲ လက်ခနဲအရောင်တွေ ထွက်ပေါ်လာခဲ့တယ်။
“ မောင်ကောင်း၊ ခွန်းလှ မင်းတို့ စိတ်တွေ နဖူးအလယ်မှာ စုထားကြ”
အောင်မြတ်သာက ကျင့်စဉ်ကို လမ်းပြရသူမို့ မျက်လုံးကိုဖွင့်ထားပြီး မောင်ကောင်းနဲ့ ခွန်းလှကို တစ်စိုက်မတ်မတ်အကဲခတ်နေခဲ့တယ်။
ဗျဂ္ဂကတော့ တင်ပလ္လင်ခွေထိုင်ပြီး ပေါင်တစ်ဖက်စီပေါ်မှာ လက်ညိုးနဲ့ လက်မထိတဲ့ဟန်ပြုလုပ်ကာ ငြိမ်သက်နေခဲ့တယ်။
“ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်စွမ်းအင်တွေကို နဖူးအလယ်တည့်တည့်ကိုပို့ထားကြ၊ ဘာအကြောင်းကြောင့်နဲ့မှ မျက်လုံးမဖွင့်ကြည့်မိစေနဲ့”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ဆရာဖြစ်သူပြောတဲ့အတိုင်း မိမိတို့ရဲ့စိတ်စွမ်းအားတွေကို စုစည်းပြီး နဖူးအလယ်တည့်တည့်ကိုပို့လွှတ်လိုက်ရာ မဲမှောင်ဖုံးနေတဲ့အမြင်အာရုံကနေ မျက်စိကြိမ်းမတတ်အဖြူရောင်အလင်းတွေမြင်လာခဲ့ရတယ်။
“ ထူးဆန်းလိုက်တာ ဒီကလေးနှစ်ယောက်က ဘယ်လိုကြောင့် တစ်ထပ်ထဲကျနေတာပါလိမ့်”
အောင်မြတ်သာက စိတ်ထဲကနေ ရေရွတ်ရင်း မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်လိုက်ရာ နှစ်ယောက်လုံးဆီမှာ ပြုံးရိပ်တွေသမ်းနေတာ မြင်လိုက်ရတယ်။
“ မောင်ကောင်း၊ ခွန်းလှ ငါ့အသံကိုကြားရလား၊ ကြားရရင် စိတ်ထဲကနေပြန်ဖြေ”
“ ကြားရတယ်ဆရာ၊ ပဲ့ထင်သံလိုအသံမျိုးနဲ့ကြားရတာ”
“ ကျွန်တော်လဲကြားရတယ်ဆရာ၊ အစ်ကိုပြောတဲ့အသံကိုလဲကြားနေရတယ်”
“ မင်းတို့ရဲ့စိတ်တွေထိန်းချုပ်တာ အရမ်းတော်တယ်၊ အခု ဘယ်လိုခံစားနေရလဲ၊ မောင်ကောင်း အရင်ပြော”
“ ကျွန်တော်က လေပေါ်မြောက်တက်တော့မယ့်အတိုင်း ခန္ဓာကိုယ်ကပေါ့ပါးနေတယ်ဆရာ”
“ ခွန်းလှကရော ဘယ်လိုခံစားနေရလဲ”
“ ဘာမှမခံစားမိသေးဘူး၊ ခဏလေး ဆရာ ကျွန်တော် နှာခေါင်းထဲမှာ စိမ်းရွှင်မွှေးပျံ့တဲ့ ရနံ့ တစ်ခုရနေတယ်”
ခွန်းလှစကားအဆုံးမှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ဗျဂ္ဂက ရုတ်တရက်ထရပ်လိုက်ပြီး စေတီအောက်ခြေရဲ့ မလှမ်းမကမ်းမှာပေါက်နေတဲ့ တမာပင်ဆီကို ပြေးဆင်းသွားခဲ့တယ်။
“ ဘာအနံ့မှမရတော့ဘူးဆရာ၊ စိတ်ထဲအေးချမ်းနေတာပဲသိတော့တယ်”
ခွန်းလှစကားအဆုံးမှာ ဗျဂ္ဂပြန်ရောက်လာပြီး မူလပုံစံအတိုင်းပြန်ထိုင်နေခဲ့တယ်။
အောင်မြတ်သာတို့လဲ သန်းခေါင်အချိန်ကနေ အရုဏ်တက်ချိန်အထိ သမထအကျင့်ကို ကျင့်ကြံပြီး ရောင်နီပျိုးတဲ့အချိန်ရောက်တဲ့ချိန်မှာတော့
“ ဒီနေ့တော့ ဒီလောက်ပဲ၊ အခုတော့ မင်းတို့ နားလိုက်ကြဦး၊ ငါနဲ့ ဗျဂ္ဂ လမ်းလျောက်ရင်း စကားပြောလိုက်ဦးမယ်”
“ ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့လဲ တစ်ကိုယ်လုံး အားတွေကုန်သွားသလိုဖြစ်နေလို့ ခဏကျောဆန့်လိုက်ဦးမယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့ စေတီပေါ်မှာ လှဲလှောင်းနေတဲ့အချိန် အောင်မြတ်သာတို့ လမ်းလျောက်ထွက်လာခဲ့ကြတယ်။
“ ဗျဂ္ဂ… ညတစ်ချက်တီးအချိန်လောက်က ဘာဖြစ်တာလဲ”
“ ဥစ္စာစောင့်မတစ်ယောက် ဆရာတို့ဖြန့်ကျက်ထားတဲ့ ကွန်ယက်ထဲဝင်လာလို့ သွားမောင်းထုတ်တာ၊ ညက သူတို့အခြေအနေ ဘယ်လိုရှိလဲဆရာ”
“ ဒီပုံစံအတိုင်းဆို မကြာခင် အောင်မြင်နိုင်မှာပါ”
“ ဆရာတပည့်တွေက ထက်ပါတယ်၊ ကျွန်တော်တုန်းကဆို ဒီလိုအဆင့်ရဖို့ တစ်နှစ်တောင်ကျင့်ခဲ့ရတာမဟုတ်လား”
“ အင်း… မင်းလို ခပ်ဆိုးဆိုး ခပ်တေတေ လူက အခုလိုဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲနော်”
“ ဟက်ဟက်… ဖြစ်ချိန်တန်တော့လဲ ဖြစ်လာတာပေါ့ဆရာရယ်၊ ဒါနဲ့လေ သူတို့အတွက် ဒီစမ်းသပ်မှုက ကြီးလွန်းမနေဘူးလားဆရာ”
“ ခက်ခဲမှုကိုရင်ဆိုင်နိုင်မှ သူတို့ရှေ့ရေးတိုးတက်မှာ မဟုတ်လား၊ဒါကြောင့် ဒီတာဝန်က သူတို့ရဲ့ ပညာကို မြင့်မားစေမှာပါ”
အောင်မြတ်သာတို့လဲ စကားတစ်ပြောပြောနဲ့ လမ်းလျောက်ရင်း စေတီကိုပြန်ရောက်လာတဲ့ချိန်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ တရားထိုင်နေတာကို မြင်တွေ့လိုက်ရတယ်။
ဗျဂ္ဂကတော့ မောင်ကောင်းနဲ့ ခွန်းလှကို အံ့အားသင်တဲ့မျက်လုံးတွေနဲ့ကြည့်နေပေမယ့် အောင်မြတ်သာကတော့ နှုတ်ခမ်းထောင့်လေးတွန့်ရုံပြုံးလိုက်ပါတော့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့ တစ်ညလုံး မလှုပ်မယှက်တမ်း တရားထိုင်နေခဲ့တာ အရုဏ်တက်လုခါနီးအချိန်မှာတော့ သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ အခိုးငွေ့သဏ္ဍာန်ကိုယ်ပွားတွေထွက်ပေါ်လာခဲ့တယ်။
ဒီမြင်ကွင်းကိုမြင်တဲ့ အောင်မြတ်သာက ဘေးမှာထိုင်နေတဲ့ဗျဂ္ဂကိုကြည့်ကာ
“ အတိတ်ဘဝကပါရမီအခံပါလာတော့ ဒီလိုကျင့်စဉ်က သူတို့အတွက်သိပ်မခက်ခဲခဲ့ဘူး ထင်ပါတယ်” လို့ပြောလိုက်ပါတော့တယ်။
မကြာခင် အိပ်တန်းကနေ နိုးထလာခဲ့တဲ့ ကျေးငှက်တို့ရဲ့အသံနဲ့အတူ မောင်ကောင်းနဲ့ ခွန်းလှတို့ တရားဖြုတ်ကာ ထလာခဲ့ကြတယ်။
“ မင်းတို့နှစ်ယောက်လုံးက ထင်တာထက်ပိုပြီး အရည်အချင်းရှိကြတာပဲ”
“ ဆရာ ချီးကျူးတာမခံယူဝံ့ပါဘူး၊ ကျွန်တော်တို့ ဒီနေ့ရော ကျင့်ကြံရဦးမှာလားဆရာ”
“ ထပ်ပြီးတော့ ကျင့်ကြံဖို့လိုလိမ့်မယ်၊ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး”
“ ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ”
“ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်ရဲ့ ခရီးစဉ်စတင်ရတော့မယ်၊ ဓမ္မရံကြီးဘုရားအတွင်း ဘက်ခြမ်းကိုဝင်ရောက်ပြီး ဓါတ်လုံးနှစ်လုံးကို တစ်လုံးထဲဖြစ်အောင် လုပ်ပါ၊ အထဲမှာ မင်းတို့ကို စောင့်နေတဲ့သူရှိတယ်”
“ ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်တို့ အစွမ်းရှိသလောက် ကြိုးစားပါ့မယ်၊ အခုတော့ ဆရာ့ကိုကန်တော့ပါရစေ”
မောင်ကောင်းနဲ့ ခွန်းလှတို့က ဆရာဖြစ်သူကို ထိခြင်းငါးပါးနဲ့ကန်တော့ပြီး ဗျဂ္ဂကိုနှုတ်ဆက်ကာ စေတီပေါ်ကနေ ထွက်ခွာသွားခဲ့ကြတယ်။
+++++
“အကို… ဓမ္မရံကြီးဘုရားကို အရင်ကရောက်ဖူးလား”
“ မရောက်ဖူးဖူးကွ၊ ဒါပေမယ့် လူကြီးတွေပြောတာတော့ကြားဖူးတယ်”
“ လူကြီးတွေက ဘာပြောတာလဲ”
“ ဓမ္မရံကြီးဘုရားဟာ အကြောက်တရားနဲ့တည်တဲ့ဘုရားတဲ့၊ ဘာလို့ အကြောက်တရားနဲ့တည်တဲ့ဘုရားလို့ပြောလဲဆိုရင် နရသူမင်းဟာ သူ့ခမည်းတော် အလောင်းစည်သူမင်းနဲ့ အစ်ကိုတော် မင်းရှင်စောကို သတ်ပြီး ထီးနန်းရယူခဲ့တဲ့သူမို့လို့ သူ့အပြစ်တွေကျေအောင် ဒီဘုရားကိုတည်ခဲ့တာပဲ၊ ဘုရားတည်တဲ့အခါမှာလဲ သူကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး အုတ်စီလက်ရာကလဲ အတော်ကိုကောင်းမွန်တယ်လို့ ဆိုကြတယ်၊ ဒီကောင်က ဘုရားတည်တာကို လာစစ်ရင် အုတ်တစ်ချပ်နဲ့တစ်ချပ်ကြား အပ်နဲ့ထိုးကြည့်တာတဲ့၊ အပ်နဲ့ထိုးလို့ အထဲမှာဟနေရင် အဲဒီနေရာကို တာဝန်ယူတဲ့ ပန်းရံ ဗိသုကာပညာသည်တွေကို သတ်ပစ်တယ်လို့ ဆိုစမှတ်ရှိခဲ့တယ်”
“ အဲဒါတော့ ကျွန်တော်လဲကြားဖူးတယ်၊ ဆရာက ကျွန်တော်တို့ကို ပြောတဲ့စကားထဲမှာ ဒီခရီးစဉ်က အရမ်းအန္တရာယ်များတယ်လို့ပြောတယ်နော်၊ နောက်ပြီးအတွင်းပတ်လမ်းထဲကိုဝင်ရမယ်လို့လဲ ပြောတယ်၊ ကျွန်တော်သိရသလောက် အတွင်းပတ်လမ်းက ပိတ်ထားတာမဟုတ်လား”
“ ပိတ်ထားလဲ ဝင်လို့ရမယ့်နည်းတော့ရှိမှာပါ၊ တစ်ခုတော့ရှိတယ်နော်၊ ဒီအချိန်က ဘုရားဖူးတွေရှိနေနိုင်တာမို့ ငါတို့သတိထားရမယ်”
“ ဟုတ်ကဲ့အကို… ကျွန်တော်လဲ တတ်နိုင်သလောက် သတိထားပါ့မယ်”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာရင်း ကားစက်သံကြားလို့ လှည့်ကြည့်လိုက်ရာ ဘုရားဖူးတွေအပြည့်ပါတဲ့ ကားတစ်စီးဖြစ်နေခဲ့တယ်။
“ နေကလဲပူတာနဲ့ ဘယ်ထိသွားမလို့လဲဗျ”
“ ဓမ္မရံကြီးဘုရားသွားမလို့ပါ”
“ ဒါဖြင့် လမ်းကြုံတယ်လေ၊ ဒီကနေဆို အဝေးကြီး လမ်းလျောက်ရဦးမှာမို့ ကားပေါ်တက်လာခဲ့ကြ”
ကားသမားရဲ့စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ကားနောက်တန်းမှာ တွဲခိုရင်း လိုက်ပါသွားခဲ့ကြတယ်။
ဘုရားရောက်တော့ ကားသမားကို ကျေးဇူးတင်ကြောင်းပြောပြီး ဘုရားထဲကို ဝင်လာခဲ့လိုက်တယ်။ အပြင်မှာ ပူပြင်းသလောက် ဘုရားထဲဝင်လိုက်တာနဲ့ အေးချမ်းတဲ့ခံစားမှုက စတင်ပေါ်ပေါက်လာခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ ဘုရားထဲရောက်တာနဲ့ ဦးစွာကန်တော့လိုက်ပြီး အထဲဘက်ကို လှည့်ပတ်ကြည့်ရှုခဲ့ကြတယ်။
ဓမ္မရံကြီးဘုရားရဲ့ပန္နက်ပုံစံဟာအာနန္ဒာလိုဏ်ဂူ
ဘုရားကြီး ပန္နက်ပုံစံနှင့် ဆင်တူပြီး လေးမျက်နှာမှာ အာရုံခံမုဒ်တွေရှိတာမြင်လိုက်ရတယ်။ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်မှာ စင်္ကြံပတ်လမ်း နှစ်ထပ်ရှိပေမယ့် အတွင်းစင်္ကြံပတ်လမ်း တစ်ခုလုံးနဲ့ အပြင်စင်္ကြံပတ်လမ်း အတွင်းမှ အတွင်းစင်္ကြံသို့ ဝင်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားတာကိုမြင်လိုက်ရတယ်။
“ ဆရာပြောတာ ဒီနေရာပဲဖြစ်မယ်”
မောင်ကောင်းက အသေပိတ်ထားတဲ့ အတွင်းပိတ်လမ်းကို ကိုင်ကြည့်ပြီး နားနဲ့ကပ်ကာ နားထောင်ဖို့အလုပ် ညဉ်းသံလိုလို အသံတစ်ခုကို ကြားလိုက်ရတာကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
“ ညဉ်းသံတစ်ခုကြားလိုက်ရသလိုပဲ”
“ ဟုတ်တယ်အကို ကျွန်တော်လဲကြားလိုက်တယ်”
ခွန်းလှက စိတ်ထဲမသင်္ကာတာကြောင့် နရံနားကပ်သွားတဲ့အချိန်
“ အကို… ဒီကအုတ်စီရာတွေကို ကြည့်ပါဦး”
“ ဘာဖြစ်လို့လဲ ခွန်းလှ”
“ အုတ်စီရာတွေက အပြင်ပတ်လမ်းက အုတ်စီရာတွေနဲ့မတူဘူးဗျ၊ အပြင်ပတ်လမ်းအုတ်စီရာတွေက အင်္ဂတေထူပြီး အတွင်းပတ်လမ်းကို ပိတ်ထားတဲ့ အုတ်စီရာတွေက အင်္ဂတေပါးနေတယ်”
“ ဟေ… မင်းပြောမှ ငါလဲသတိထားမိတယ်၊ နောက်ပြီး နံရံဆေးရေးပန်းချီတွေကလဲ အပြင်ပတ်လမ်းကလက်ရာလောက် မကောင်းဘူးနော်၊ အလျင်စလို ရေးဆွဲထားသလိုပဲ”
“ မဟုတ်မှလွဲရော အတွင်းပတ်လမ်းကို ပိတ်ခံတုန်းက အချိန်မရလို့ ခပ်မြန်မြန်လုပ်ခဲ့ရတာထင်တယ်”
“ ဒါဆို ဆရာပြောသလို အထဲမှာ တစ်ခုခုတော့ရှိနေလိမ့်မယ်၊ ကျွန်တော်တို့ အထဲဝင်ဖို့လုပ်ကြရအောင်”
“ အထဲဝင်ဖို့ဆိုရင် ဆရာညကသင်ပေးခဲ့တဲ့ ရုပ်နာမ်ခွဲထုတ်တဲ့ကျင့်စဉ်ကိုသုံးရမယ်ထင်တယ်”
“ သေချာတာပေါ့ကွ၊ ကဲ တိတ်ဆိတ်တဲ့နေရာတစ်ခု ရွေးလိုက်ရအောင်”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ လူသူသိပ်မလာတဲ့ ချောင်ကျကျနေရာတစ်ခုကိုရွေးလိုက်ပြီး ရုပ်နာမ်ခွဲထုတ်တဲ့ကျင့်စဉ်ကိုစတင်ခဲ့ကြတယ်။ နာရီဝက်လောက်ကြာတဲ့အချိန်မှာတော့ တရားထိုင်နေတဲ့ခန္ဓာကိုယ်ထဲကနေ နာမ်နှစ်ခု ခုန်ထွက်လာခဲ့တယ်။
“ ခန္ဓာကိုယ်က ပေါ့ပါးနေလိုက်တာ၊ မသိရင် ဝါဂွမ်းစလေးအတိုင်းပဲ”
“ ဝါဂွမ်းစလုပ်မနေနဲ့ အထဲရောက်ရင် ဘာတွေဖြစ်လာမလဲမသိနိုင်တာမို့ သတိကပ်ထားဦး”
မောင်ကောင်းက ခွန်းလှကို သတိပေးပြီး အင်္ဂတေနဲ့ပိတ်ထားတဲ့အတွင်းပတ်လမ်းဆီကို ထွက်လာခဲ့လိုက်တယ်။
“ အကို… ဟိုမှာကြည့်ဦး”
ခွန်းလှက မေးငေါ့ပြတာကြောင့် လှမ်းကြည့်လိုက်ရာ အတွင်းပတ်လမ်းအဝမှာ ဦးခေါင်းပြတ်လုဆဲဆဲဖြစ်နေတဲ့ လူနှစ်ယောက် ပိတ်ရပ်နေတာကိုမြင်လိုက်ရတယ်။ အလားတူ အပြင်လျောက်လမ်းထဲမှာလဲ သွေးစွန်းနေတဲ့ အဝတ်တွေဝတ်ဆင်ပြီး ဥဒဟိုလျောက်သွားနေတဲ့ မကျွတ်မလွတ်သေးတဲ့သူတွေလဲ ထပ်ရှိနေခဲ့တယ်။
“ မကျွတ်လွတ်သေးတဲ့သူတွေ အများကြီးပါလား”
“ သူတို့ကို အာရုံမထားနဲ့ အထဲဝင်ဖို့လုပ်ရအောင်”
မောင်ကောင်းတို့လဲ အတွင်းပတ်လမ်းထဲကိုဝင်ဖို့ တိုးကပ်သွားတဲ့အချိန် ခေါင်းပြတ်လုဆဲဆဲဖြစ်နေတဲ့နှစ်ယောက်က လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး
“ ဒီနေရာကို နင်တို့ဝင်မရဘူး၊ ပြန်ကြစမ်း” လို့ တားဆီးလာတဲ့အတွက် မောင်ကောင်းက လွယ်အိတ်ထဲကနေ သုံးကွက်အင်းနှစ်ရွက်ကိုလေးခေါက်ခေါက်ပြီး ပစ်ချလိုက်တယ်ဆိုရင်ပဲ တားဆီးတဲ့နှစ်ယောက် ငယ်သံပါအောင် အော်ပြီးထွက်ပြေးသွားခဲ့တယ်။
မောင်ကောင်းတို့လဲ တားမယ့်သူမရှိတဲ့အတွက် အုတ်နံရံကိုဖောက်ပြီးအထဲကိုဝင်လိုက်ရာ ခန္ဓာကိုယ်က ရေခဲတိုက်ထဲရောက်သွားသလို အေးစက်လာပြီး ခြေဖျားလက်ဖျားတွေ ကျင်တက်လာခဲ့တယ်။
“ အေး အေးလိုက်တာ၊ အထဲမှာလဲ မှောင်မဲနေပါလား”
“ ခံစားချက်ရော အနံ့အသက်ပါမကောင်းဘူးဟ၊ နှာခေါင်းထဲအပုတ်နံ့ရသလိုပဲ”
ခွန်းလှက စိုးရိမ်စိတ်နဲ့ပြောလိုက်ပြီး နံရံကိုလက်နဲ့ ထိကိုင်လိုက်ရာ ကညင်တိုင်မီးတွေ ဟုန်းခနဲ ဟုန်းခနဲ ထတောက်လာခဲ့တယ်။
“ အထဲမှာ ဆီမီးတိုင်တွေ ရှိနေပါလား၊ အလို… လျောက်လမ်းမှာလဲ အမှိုက်သရိုက်တွေမရှိပဲ တစ်ယောက်ယောက်လှည်းကျင်းထားသလို သန့်ရှင်းနေပါလား”
ခွန်းလှက အံ့ဩစွာနဲ့ကြည့်နေတဲ့အချိန် အမိုးပေါ်ကနေ ပုဆိန်ကိုင်ထားတဲ့ လူတစ်ယောက် ဝုန်းခနဲခုန်ချလာခဲ့တယ်။
“ ဒီနေရာကို ကျူးကျော်ဝင်ရောက်လာတာ ဘယ်သူလဲဟေ့”
“ ကျုပ်တို့က သင်တို့ကိုအန္တရာယ်ပေးမယ့်သူလဲ မဟုတ်ပါဘူး၊ အထဲမှာရှိတဲ့ ဘာပစ္စည်းကိုမှလဲ ယူမယ့်သူမဟုတ်ပါဘူး”
“ မင်းတရားကြီးက ဒီနေရာကို ဝင်ရောက်လာသူမှန်သမျှ သုတ်သင်ဖို့ အမိန့်ပေးထားတာကွ၊ သေကြစမ်း”
ပုဆိန်ကိုင်ထားတဲ့ လူထွားကြီးက ခုတ်မယ့်ဟန်ပြင်လိုက်တဲ့ချိန် ခွန်းလှက
“ ဒီလောက်ပြောမှမရရင် ငါလဲနိုင်တာလုပ်ရမှာပဲ” လို့ပြောကာ လက်ညိုးနဲ့ထိုးပြီး ဘေးကိုဆွဲပစ်လိုက်တယ်။
အင်းပေါက်ထားတဲ့လက်ညိုးနဲ့ ဆွဲပစ်ခံထိသွားတဲ့ လူထွားကြီးက ချက်ချင်းကုန်းထလာပြီး ထပ်မံရန်ပြုဖို့ဝင်လာခဲ့တယ်။
ဒီတစ်ခါမှာတော့ ခွန်းလှက လည်ပင်းကိုဆုပ်ကိုင်တဲ့ဟန်လုပ်ပြီး လေပေါ်ဆွဲတင်ကာမြောက်တင်ထားလိုက်တယ်။
“ ငါလဲ ဒီလိုမလုပ်ချင်ပါဘူးကွာ၊ မင်းက ပြောလို့မှမရတာ၊ ဒါကြောင့်မို့ ခဏတော့ ငြိမ်ငြိမ်လေးနေလိုက်ဦး”
ခွန်းလှက လွတ်နေတဲ့လက်နဲ့ အချုပ်အင်းကို ထုတ်ပြီး ပစ်လွှတ်လိုက်ရာ တားဆီးနေတဲ့ အစောင့်ရဲ့ခန္ဓာကိုယ်က နံရံပေါ်မှာပင့်ကူမျှင်နဲ့ ကပ်ထားသလို ဖြစ်သွားခဲ့တယ်။
“ အကို.. စစချင်းမှာတင် အဆင်ပြေမနေဘူးနော်”
“ နောက်ပိုင်း ဒီထက်ပိုဆိုးလာမယ်ထင်တယ်၊ ဒါပေမယ့် နာမ်စိတ်နဲ့ ပညာပြရတာ ငါတော့သဘောကျတယ်ကွ”
“ ကျွန်တော်ရောပဲ သဘောကျတယ်ဗျ”
နှစ်ယောက်သား မီးရောင်တွေ လင်းထိန်နေတဲ့ လျောက်လမ်းအတိုင်းဝင်သွားခဲ့ရာ ကျောက်ချပ်တွေနဲ့ထုဆစ်ထားတဲ့ လှေကားတစ်ခုရှေ့ကိုရောက်လာခဲ့တယ်။
“ လမ်းကတော့ဆုံးပြီကွ၊ ဒီထဲကိုဆင်းရတော့မယ် ထင်တယ်”
“ လမ်းမှမရှိတော့တာ ဆင်းမှရမှာပေါ့”
ခွန်းလှက နံရံမှာ ချိတ်ထားတဲ့ ကညင်တိုင်မီးကို ဖြုတ်ပြီး လှေကားအောက်ကို ထိုးကြည့်လိုက်ရာ မရေမတွက်နိုင်အောင်များပြားလှတဲ့ မြွေတွေကို မြင်တွေ့လိုက်ရတယ်။
“ ဟေ့ကောင်ရ ဒါက မြွေသိုက်မဟုတ်လား၊ ဆင်းလို့ရပါ့မလား”
“ လမ်းကတစ်လမ်းပဲရှိတာလေ၊ ဒီလမ်းမသွားရင် သွားဖို့နေရာမရှိတော့ဘူး၊ အရမ်းလဲစိတ်မပူပါနဲ့ ကျွန်တော်တို့က နာမ်ပဲရှိတာလေ မြွေပေါက်လဲ မသေပါဘူးဗျ”
“ ဒါဖြင့်လဲ နှစ်ယောက်လုံးတူတူ ဆင်းကြရအောင်”
မောင်ကောင်းနဲ့ ခွန်းလှလဲ တီကောင်တွေလို ရစ်ထွေးနေတဲ့မြွေတွေကိုကျော်ခွပြီးဆင်းလာခဲ့လိုက်တယ်။ လှေကားထစ်ကိုကျော်ပြီးချိန်မှာတော့ အတန်သင့်ကျယ်ဝန်းတဲ့ အခန်းတစ်ခုကိုမြင်တွေ့ လိုက်ရတယ်။ အဆိုပါ အခန်းရဲ့ ထောင့်လေးထောင့်မှာတော့ ပုဂံခေတ်လက်ရာ စစ်သည်လေးယောက်ပုံကို အင်္ဂတေနဲ့ထုဆစ်ထားပြီး မျက်နှာတွေက ခက်ထန်ကြမ်းကျုတ်တဲ့အသွင်ကိုဆောင်နေ ခဲ့တယ်။
“ အကို… ဒီရုပ်ထုတွေက သာမန်ရုပ်ထုတွေဖြစ်နိုင်ပါ့မလား”
“ ငါလဲမပြောတတ်ဘူးကွ… ရှေ့မှာမြင်နေရတဲ့ တံခါးထဲကိုအရင်ဝင်ကြရအောင်”
မောင်ကောင်းက မြင်နေရတဲ့ တံခါးထဲကို ဝင်ဖို့ ခြေထောက်လှမ်းလိုက်တယ်ရှိသေး ထောင့်လေးထောင့်မှာ ရှိနေတဲ့ ရုပ်ထုလေးရုပ်က အသက်ဝင်လှုပ်ရှားလာပြီး တိုက်ခိုက်ပါလေရော။
“ ရွှပ်”
“ အား”
“ အကို… သတိထားနောက်မှာ”
ခွန်းလှက မောင်ကောင်းကို ဆွဲလိုက်ပြီး နံရံထောင့်ကို ကပ်သွားခဲ့သလို လက်ထဲကိုင်ထားတဲ့ မီးတုတ်လဲလွတ်ကျသွားခဲ့တယ်။
“ ခွန်းလှ … သူတို့က ဘယ်လိုအစီအရင်လဲမသိဘူး၊ နာကျင်တဲ့ဒဏ်ကိုခံစားမိတယ်ကွ”
“ ရုပ်ရောနာမ်ရောကို တိုက်ခိုက်လို့ရတဲ့ စက္ကောမအတတ်တွေနဲ့လုပ်ထားတာများလား”
ခွန်းလှစကားမဆုံးခင်မှာပဲ ရုပ်ထုတွေက လျှင်မြန်တဲ့အရှိန်နဲ့ပြေးဝင်လာခဲ့ကြတယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ သံခွေကိုင်ထားတဲ့ ကလေးနှစ်ယောက် သူတို့ရှေ့မှာပေါ်လာပြီး လက်နက်တွေကို ဂွေနဲ့ရိုက်ထုတ်ပစ်လိုက်ကြတယ်။
“ ဒီကလေးတွေက ဘယ်သူတွေလဲ အကို”
“ ခဏလေး… သူ သူတို့က ဆရာတော်ရဲ့ ကျောင်းသင်္ခမ်းကိုစောင့်ကြပ်တဲ့ကလေးနှစ်ယောက် မဟုတ်လား”
မောင်ကောင်းက ဝမ်းသာအားရနဲ့ပြောရင်း ကြည့်လိုက်ရာ အစောင့်လေးယောက်ကြားထဲမှာ ဂွေလိမ့်တမ်းဆော့ရင်း ပြေးလွှားနေကြတဲ့ သိဒ္ဓိညီနောင်ကို မြင်လိုက်ရတယ်။
(ဂိုဏ်းစောင့်ကလေးနှစ်ယောက်အကြောင်းကိုတော့ အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုနိုင်ပါတယ်)
“ ခွန်းလှ ငါတို့အထဲဝင်ရအောင်”
မောင်ကောင်းက ခွန်းလှလက်ကိုဆွဲပြီး တံခါးပေါက်ထဲဝင်သွားတဲ့အချိန် သူတို့ရဲ့လည်ပင်းတွေပေါ်ကို အေးစက်စက် ရှတတ အရာတစ်ခုလာထိတာခံစားလိုက်ရတယ်။
“ ဘုရားထဲကို ကျူးကျော်ဝင်ရောက်လာတာ ဘယ်သူလဲဟေ့”ဆိုတဲ့အသံနဲ့အတူ မီးတုတ်တွေကိုင်ထားတဲ့ လူအချို့ အုတ်နံရံတွေထဲကနေ ထွက်ပေါ်လာခဲ့တယ်။
မီးအလင်းရောင်ကြောင့် ဘေးကိုကြည့်လိုက်ရာ
လည်ပင်းတွေကို ဓါးနဲ့တေ့ထားတဲ့ ရဲမက်အချို့ကို မြင်လိုက်ရတယ်။
အခြေအနေက ရုတ်တရက်ပြောင်းလဲသွားတာမို့ မောင်ကောင်းနဲ့ ခွန်းလှတို့အချင်းချင်းကြည့်လိုက်ပြီး ကိုယ်လုံအင်းကိုအသက်သွင်းဖို့အလုပ်
“ သူတို့ကို အထဲခေါ်လာခဲ့၊ ဘာအကြောင်းနဲ့မှ ထိခိုက်အောင်မလုပ်ရ” ဆိုတဲ့အသံထွက်လာခဲ့တယ်။
ဒါကြောင့်မို့ ကိုယ်လုံအင်းကို အသာပြန်ထားပြီး ရဲမက်တွေခေါ်တဲ့နောက်ကိုလိုက်ပါသွားခဲ့တယ်။ လမ်းတစ်လျောက်မှာတော့ လက်ရာမြောက်စွာ ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေ၊ ပုဂံခေတ်ပန်းပုရုပ်ပုံတွေကိုမြင်တွေ့ခဲ့ရတယ်။ အကွေ့အကောက်တွေပါတဲ့ လှေကားထဲကို ဆင်းလာပြီးချိန်မှာတော့ ကျောက်သားနဲ့ပြုလုပ်ထားတဲ့ တံခါးနှစ်ချပ်ရှေ့ကို ရောက်လာခဲ့တယ်။
ရှေ့မှာပါလာတဲ့ ရဲမက်တွေက ကျောက်တံခါးကို တွန်းဖွင့်လိုက်ရာ မျက်စိကြိမ်းလုမတတ် တောက်ပနေတဲ့ ရွှေထည်ပစ္စည်းတွေကို အပုံလိုက်အပုံလိုက်မြင်တွေ့လိုက်ရတယ်။
အခန်းထဲမှာတော့ လေးဘက်လေးတန်ကနေ ကျရောက်နေတဲ့ နေအလင်းရောင်ကြောင့် ပြိုးခနဲ ပြက်ခနဲတောက်ပနေတဲ့ ရွှေသလွန်ပေါ်မှာ အိန္ဒြေရစွာထိုင်နေတဲ့ အသက်ခုနှစ်ဆယ် အရွယ်ဆရာတော်တစ်ပါးကို ဖူးမြင်လိုက်ရတယ်။
“ အကို… ဒီဆရာတော်ကဘယ်သူလဲ”
“ ငါလဲအခုမှ ဖူးရတာ ၊ တစ်ခါမှ မမြင်ဖူးဖူး”
မောင်ကောင်းစကားကြောင့် ဆရာတော်က ပိုးသားလိုနူးညံ့လှတဲ့ သင်္ကန်းထဲကနေ ရွှေရောင်လုံဘူးလေးတစ်ခုကိုထုတ်ယူလိုက်ပြီး ရှေ့မှာချထားလိုက်တယ်။
“ ဒကာလေးတို့မှာ ကိုယ်ပျောက်စေတဲ့ ဓါတ်လုံး ပါလာတယ်မဟုတ်လား”
“ ပါပါတယ်ဘုရား…”
“ ပါလာရင်ဖြင့် ဓါတ်လုံးကို ဒီက လုံဘူးထဲ ထည့်လိုက်ပါ”
“ ဒါနဲ့ ဆရာတော်က တပည့်တော်တို့ကို စောင့်နေတဲ့သူလား၊ ဒီအဖြေကိုသိရမှ တပည့်တော်လို့ ထည့်ပေးပါမယ်”
“ ဟုတ်တယ် ဒကာလေး… ဆရာတော်က ဒကာလေးတို့နှစ်ယောက်ကို တွေ့ချင်လို့ စောင့်နေတာ နှစ်ပေါင်းများစွာကြာရောပေါ့”
“ တပည့်တော်တို့ကို တွေ့ချင်လို့ ဟုတ်လားဘုရား၊ အရှင်ဘုရားနဲ့ တပည့်တော်တို့က ဘယ်လိုမျိုးပတ်သတ်နေခဲ့တာလဲဘုရား”
“ ဒီအကြောင်းတွေကိုပြောရရင် သက္ကရာဇ်၅၂၉နောက်ပိုင်းကာလတွေကနေစပြောရမယ်၊ ဒီဘုရားကိုတည်ခဲ့တဲ့ နရသူမင်းဟာ ရဟန်းပျိုတွေသူ့ကိုပုန်ကန်မှာကြောက်လွန်းတဲ့ အတွက် ရဟန်းတွေကိုလူထွက်ရအောင် နည်းအမျိုးမျိုးနဲ့ ကြံစည်ခဲ့တယ်။ မာတုကာမတွေကို မဝတ်သင့်တဲ့အဝတ်တွေ ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ကခိုင်း၊ဆိုခိုင်းခဲ့တယ်။ သူ့အထင်က ရဟန်းပျိုတွေ စိတ်မခိုင်ပဲလူထွက်မယ်ပေါ့၊ ဒါပေမယ့် ထင်သလောက်မဖြစ်လာတော့ ဒီအကြံကိုစွန့်လွှတ်ပြီး ရဟန်းတွေကို လည်ပင်းဓါးတင် ခြိမ်းခြောက်လူထွက်ခိုင်းခဲ့တယ်။ အချို့ရဟန်းတွေက လူထွက်ရမှာကြောက်လို့ သီဟိုဠ်ပြည်ဘက်ကိုထွက်ပြေးကြသလို အချို့ကျတော့လဲ အသက်သာအသေခံမယ် ရဟန်းဘဝတော့မထွက်ဘူးဆိုတဲ့စိတ်နဲ့ အသေခံခဲ့ကြတယ်။ အဲဒီအချိန် ဘုန်းကြီးက သီဟိုဠ်ကိုရောက်နေပေမယ့် ဒကာလေးတို့နှစ်ယောက်က မင်းတို့ချစ်မြတ်နိုးတဲ့ ဒီမြေပေါ်မှာကျန်နေရစ်ခဲ့ကြတယ်။ ဒီမြေကိုချစ်တဲ့စိတ်၊ ဒီဒေသကိုမြတ်နိုးတဲ့စိတ်၊
ရဟန်းဘဝကိုမစွန့်လွှတ်ချင်တဲ့စိတ်ကြောင့် မင်းတို့နှစ်ယောက်ဟာ ရဟန်းဘဝနဲ့ပဲ နရသူဆိုတဲ့ မင်းဆိုးမင်းယုတ်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်”
“ ဒါဆို တပည့်တော်တို့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”
“ ဘုန်းကြီး သီဟိုဠ်မှာ သီတင်းသုံးနေတဲ့အချိန် အရှင်အဇ္ဇဂေါဏရောက် လာခဲ့တယ်လေ၊ အကြောင်းကတော့ နရသူဆိုတဲ့မင်းယုတ် လုပ်ကြံခံရတဲ့ဒဏ်ရာနဲ့သေပြီဆိုတာကို လာပြောပြခဲ့တယ်။ အဲဒီအချိန် ဘုန်းကြီးလဲ ဒကာလေးတို့နှစ်ယောက်ကို ရှာဖို့မိန့်ခဲ့ဖူးတယ်၊ ဒါကြောင့် အရှင်အဇ္ဇဂေါဏက ဒကာလေးတို့နှစ်ယောက်အတွက်ရည်စူးပြီး ဒီဓါတ်လုံးကိုဖန်တီးပေးခဲ့တာပဲ”
“ တပည့်တော်တို့ကို ဓမ္မရံကြီးဘုရားထဲလာခိုင်း ခဲ့တာလဲ အရှင်ဘုရားပဲလား”
“ ဟုတ်တယ် ဒကာလေး… ဆရာတော် ဥူးခန္ဓာဇောတိကို ခွင့်တောင်းပြီး ဒကာလေးတို့ကို ပို့ခိုင်းလိုက်တာပါ၊ ဒီတိုင်းသာမန်ဆိုရင် ဒကာလေးတို့ စိတ်ပေါ့သွားမှာစိုးလို့ အနှောက်အယှက်တွေပေးဖို့ မိန့်လိုက်တာ”
“ တပည့်တော်တို့ အရှင်ဘုရားရဲ့ ဘွဲ့တော်လေး သိခွင့်ရနိုင်မလားဘုရား”
“ ဘုန်းကြီးရဲ့ ဘွဲ့တော်က ပံ့သကူမထေရ် လို့ခေါ်တယ်၊ ဒကာလေးတို့လဲ လောကီလမ်းမှာ ပေါက်မြောက်အောင်မြင်ကြပါစေ”
ဆရာတော်က မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ ခေါင်းကိုပုတ်ပြီး ဆုတောင်းပေးကာ လက်ကိုဝေ့ယမ်းလိုက်တယ်ဆိုရင်ပဲ လွယ်အိတ်ထဲပါလာတဲ့ ဓါတ်လုံးတွေက လေပေါ်ပျံတက်လာပြီး ရွှေရောင်လုံဘူးထဲကို ဝင်ရောက်သွားခဲ့တယ်။
“ ဒကာလေးတို့က ပညာသင်စအရွယ်ဖြစ်လို့ ဒီဓါတ်လုံးကို ဆရာတော်ဉူးခန္ဓာဇောတိဆီမှာ အပ်နှံထားလိုက်ပါမယ်”
“ အရှင်ဘုရားကို ဖူးမျှော်ခွင့်ရလို့ တပည့်တော်တို့ အတိုင်းထက်အလွန်ဝမ်းမြောက်မိပါတယ်ဘုရား”
“ သာဓု သာဓု သာဓု… ခုနှစ်ရက်သားသမီးတွေ အကျိုးကိုသယ်ပိုးနိုင်ကြပါစေကွယ်”
ဆရာတော်ရဲ့သာဓုခေါ်သံအဆုံးမှာ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ နာမ်ရုပ်က ရုတ်တရက်လွင့်ထွက်သွားပြီး ခန္ဓာကိုယ်ထဲကို ပြန်လည်ဝင်ရောက်သွားပါတော့တယ်။
အကြောက်တရား၊ အလန့်တရားတွေနဲ့ တည်ထားခဲ့တဲ့ ဓမ္မရံကြီးဘုရားထဲကနေ ပြန်ထွက်လာခဲ့ကြတဲ့ မောင်ကောင်းနဲ့ ခွန်းလှက မိမိအတ္တအတွက် ပြည်သူတွေ၊ ရဟန်းသံဃာတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ နရသူဆိုတဲ့ ဘုရင်ကို ရွံရှာမုန်းတီးခြင်းတွေ တဖွားဖွား ပေါ်ပေါက်လာပါတော့တယ်။
++++++
စာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီဝတ္တုထဲမှာပါတဲ့ ဗျဂ္ဂအကြောင်းကိုလဲသိချင်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် နောက်ဝတ္တုကိုတော့ ဗျဂ္ဂနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းလေးကို တင်ဆက်ပေးသွားပါ့မယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် အမောင်ဗျဂ္ဂဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)