°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ-ဇေယန(ရာမည)

” နောင် နောင် နောင်”

နှစ်ချို့ညောင်ပင်မှာချိတ်ဆွဲထားတဲ့ ကြေးစည်းသံကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်းဆိုးတောက ယိမ်းထိုးလှုပ်ရှားလာပြီး အတွင်းကနေ ပုကွကွမဲကျုတ်ကျုတ်လူသုံးယောက်ထွက်လာခဲ့တယ်။

” ဆရာအောင်မြတ်သာတို့အဖွဲ့လား”
” ဟုတ်ပါတယ်”
” ဒါဖြင့် ကျုပ်တို့နောက်ကလိုက်ခဲ့”
မျက်နှာထားသုန်သုန်မှုန်မှုန်နဲ့ လူက အောင်မြတ်သာတို့ကို ဘုဆတ်ဆတ်ပြောပြီး ဖုန်းဆိုးတောကို လက်နဲ့ဖယ်ထုတ်လိုက်ရာ အတွင်းမှာ ညီညာပြေပြစ်လှတဲ့ မြေနီလမ်းတစ်ခုပေါ်လာခဲ့တယ်။
” ရွာထဲသွားရင် စကားမပြောရဘူး.. ဘယ်အရာကိုမှ လိုချင်တပ်မက်တဲ့စိတ်နဲ့မကြည့်ရဘူး၊ ဒါတွေကိုကျူးလွန်ရင်တော့ ရွာပြင်မှာပဲ သုံးယောက်လုံး လမ်းပျောက်သွားလိမ့်မယ်”
လမ်းပြဖြစ်သူရဲ့စကားကို အောင်မြတ်သာနှင့် တပည့်နှစ်ယောက်က ခေါင်းညိမ့်ပြီး နားလည်ကြောင်းပြောကာ အနောက်ကနေ လိုက်သွားခဲ့တယ်။

ခြေလှမ်းတစ်လှမ်း လှမ်းပြီးတိုင်း အနောက်မှာကျန်ခဲ့တဲ့ မြေနီလမ်းပေါ်ကို ခြုံနွယ်ရိုင်းတွေဖုံးလွှမ်းလာတာကြောင့် အပြန်လမ်းကိုမမှတ်မိ​အောင် ဖန်တီးထားလေသလားဆိုပြီး တွေးမိခဲ့ကြတယ်။

ဒီလိုနဲ့ ထမင်းအိုးတစ်လုံးချက်ခန့်လမ်းလျောက်ပြီးချိန်မှာတော့ လူ့ခါးစောင်းလောက်ရှိတဲ့ ခွေးနက်ကြီးနှစ်ကောင်က ခြုံတွေကြားထဲကနေ ခုန်ထွက်လာပြီး ပဒပ်ရပ်ရပ်လိုက်ရာ သန်မာထွားကျိုင်းတဲ့ လူတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။

” ဟေ့ မဲကျုတ်.. နင့်တာဝန်ပြီးပြီမို့ ကိုယ့်နေရာကိုယ်ပြန်တော့”

လူထွားကြီးနှစ်ယောက်က လမ်းပြလာတဲ့ ပုကွကွလူကို အမိန့်ပေးလိုက်တဲ့ချိန် လူပုလေးတွေက တစ်ဖြေးဖြေးသေးငယ်လာပြီး နက်မှောင်နေတဲ့ တောကြောင်တွေအဖြစ်ကိုပြောင်းကာ ခြုံတွေကြားထဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

” ဆရာတို့ ရွာကိုလာမယ်ဆိုလို့ ကျုပ်တို့လာစောင့်နေတာပါ၊ ခုနက လာပို့တဲ့ အစောင့်တွေက စကားပြောမတတ်တဲ့အတွက် ဆရာတို့အနှောက်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”

” ရပါတယ်.. ကျုပ်တို့ဘာမှစိတ်ထဲမရှိပါဘူး၊ ဒါနဲ့ ရွရွာသူကြီးတစ်ယောက်ကော ပြန်ရောက်နေပြီလား”

” ပြန်ရောက်နေပါပြီ… ရွာလည်က ဟော်နန်းမှာ ဆရာတို့ကိုစောင့်နေပါတယ်”
အောင်မြတ်သာတို့လဲ လူထွားကြီးတွေနောက်ကို လိုက်လာခဲ့ရာ ကျောက်တုံးတွေကိုညီညာစွာ စီတန်းထားတဲ့ရွာစည်းရိုးတစ်ခုရှေ့ကိုရောက်တော့ မုဒ်ဦးပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ဘီလူးရုပ်ထုနှစ်ရုပ်က အသက်ဝင်ကာ ဘုတ်ခနဲခုန်ဆင်းလာပြီး ရွာထဲကို လက်ညိုးထိုးကာ သူတို့ချင်းနားလည်တဲ့ဘာသာစကားနဲ့ပြောနေတာကိုမြင်လိုက်ရတယ်။

ခေါ်ဆောင်လာတဲ့ လူထွားကြီးတွေကလဲ အောင်မြတ်သာတို့ကို စိတ်မပူဖို့လက်ဟန်ခြေဟန်နဲ့ပြပြီး ရွာစောင့်ဘီလူးနှစ်ကောင်ကို​သေချာရှင်းပြခဲ့ရာ ဆယ်မိနစ်လောက်ကြာတော့ ဘီလူးနှစ်ကောင်က မုဒ်ဦးပေါ်ကိုစွေ့ခနဲပြန်ခုန်တက်ပြီး မလှုပ်မယှက်ပြန်နေလိုက်ကြတယ်။

” ဆရာတို့ ဝင်လို့ရပါပြီ.. ဒီရွာက သာမန်လူ​တွေဝင်မရတဲ့ရွာဖြစ်နေတာကြောင့် ဆရာတပည့်နှစ်ယောက်ကို ပေးမဝင်ဘူးလုပ်နေလို့ အတော်ရှင်းပြလိုက်ရတယ်”
” ကျုပ်တို့ကြောင့်နဲ့ သင်တို့လဲ အလုပ်ပိုရပီ”
” ရပါတယ်ဆရာ… ဒီနယ်က မိုင်းသုံ ဖိုးဖိုးကြီးပိုင်တဲ့နယ်မြေဖြစ်တဲ့အတွက် ဘယ်သူလာလာ မြို့စောင့်ဘီလူးတွေက ခုလိုပဲ စစ်မေးတတ်ကြပါတယ်”

အောင်မြတ်သာတို့လဲ ရွာရဲ့စည်းကိုနားလည်တာကြောင့် ဘာမှထပ်မပြောတော့ပဲ တပည့်နှစ်ယောက်ကိုသာ သတိထားကြဖို့မှာရင်း ရွာထဲကိုဝင်လာခဲ့လိုက်တယ်။
ရွာလမ်းတစ်လျောက် အမှိုက်တစ်စမှမရှိအောင်သန့်ရှင်းနေပြီး အမွှေးနံ့လိုလို နံ့သာနံ့လိုလို ရနံ့တစ်ခုကလဲ ပျံ့လွှင့်နေခဲ့တယ်။ ရွာထဲမှာတော့ အိမ်ကြီးအိမ်ကောင်းတွေအတော်များများတွေ့ရပြီး အကုန်လုံးတံခါးပိတ်ထားကြတာကိုလဲ ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
” ရွာထဲမှာ သက်ရှိတဲ့တူတာဆိုလို့ တစ်ယောက်မှလဲမတွေ့ပါလား”

” ဒီနယ်မှာက လူစိမ်းဧည့်သည်တွေလာပြီဆိုရင် ဘယ်သူမှအပြင်မထွက်ကြတော့ဘူး၊ အမှန်တိုင်းပြောရရင် ရွာခံတွေက လူစိမ်းတွေကို စိတ်နာနေတာဆရာ”

” ဘာလို့ စိတ်နာရတာလဲ… လူစိမ်းတွေနဲ့ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့လို့လား”

” ဟုတ်ပါတယ်.. ဆရာတို့ကိုပင့်ဖိတ်ရတာကလဲ ဒီအကြောင်းအရာနဲ့ပတ်သတ်နေပါတယ်၊ ဒါကိုတော့ ဖိုးဖိုးကြီးဆီရောက်ရင် အတိကျသိရပါလိမ့်မယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ဒီနယ်ရဲ့အရှင်သခင်ဖြစ်သူကို တွေ့ချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာပြီး လမ်းပြခေါ်ဆောင်သူနောက်ကို ထပ်ချပမကွာလိုက်ပါသွားခဲ့ကြတယ်။

ညီညာပြေပြစ်တဲ့ မြေနီလမ်းတစ်လျောက် အချိန်အတော်ကြာသွားပြီးတဲ့နောက်မှာတော့ လှပခံ့ညားစွာတည်​ဆောက်ထားတဲ့ ဟော်နန်းတစ်လုံးကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။ ဟော်နန်းပတ်ပတ်လည်မှာတော့ ဓါးလှံလက်နက်တွေကိုင်​ဆောင်ထားတဲ့ လူတွေကင်းလှည့်နေကြသလို အဝင်တံခါမုဒ်ဦးပေါ်မှာလဲ သန်လျက်ကိုင် ပုဆိန်ကိုင် ယက္ခဘီလူးတွေက ဦးခေါင်းကိုဘယ်ညာလှည့်ကာ စောင့်ကြပ်နေတာကိုမြင်လိုက်ရတယ်။

” ဆရာလေးတို့ ဒီနေရာက ဖိုးဖိုးကြီးစံနန်းပါပဲ၊ ကျုပ်တို့က ဒီထိပဲ ပို့ပေးဖို့တာဝန်ရှိတာမို့ အထဲမလိုက်ခဲ့တော့ပါဘူး”

လူထွားကြီးက အောင်မြတ်သာကို တံခါးပေါက်ရှေ့ကိုပို့ဆောင်ပေးခဲ့ပြီး ပြန်ထွက်သွားချိန်မှာတော့ ထူထည်းလှတဲ့တံခါးနှစ်ချပ်က ကျွီခနဲပွင့်ထွက်သွားပြီး အထဲကနေ ဥပဓိရုပ်ခန့်ညားလှတဲ့အမျိုးသားတစ်ယောက်ထွက်လာခဲ့တယ်။

” ဆရာလေးတို့ရောက်လာကြပြီလား… အထဲကိုကြွခဲ့ကြပါ” လို့ဖိတ်ခေါ်ပြီး ဟော်နန်းအတွင်းထဲကို ခေါ်ဆောင်သွားခဲ့တယ်။
ခြံဝင်ဒအတွင်းမှာတော့ တန်ဖိုးကြီးသစ်ပင်ပန်းမန်တွေမျိုးစုံကိုစိုက်ပျိုးထားပြီး သိဒ္ဓိဝင်ဂမုန်းမျိုးစုံကိုလဲ နေရာအကန့်ခွဲကာ စိုက်ပျိုးထားတာကို အံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်။ ဟော်နန်းအတွင်းထဲကိုရောက်တော့ ဆင်စွယ်ရောင်ဝတ်စုံတွေဆင်တူ ဝတ်ဆင်ထားတဲ့ မိန်းမပျိုအချို့ကိုမြင်လိုက်ကြရပြီး သူတို့ကိုယ်ထဲကနေ အလွန်မွေးပျံ့တဲ့ ရနံ့အချို့ထွက်နေတာကိုလဲသတိထားမိခဲ့တယ်။

အဆောင်ငယ်ကိုးခုကို ဖြတ်လာပြီးတဲ့နောက်မှာတော့ သစ်စေးသုတ်ထားတဲ့ဟော်နန်းတစ်လုံးရှေ့ကိုရောက်လာခဲ့ချိန် လှေကားရင်းပေါ်မှာ စိန်စီရွှေချထတဲ့ငှက်ကြီးတောင်ဓါးတစ်ချောင်းကို ကိုင်ကာ ဝင့်ဝင့်ထည်ထည်ရပ်နေတဲ့ အသက်၆၀အရွယ် လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

ဝါရွှေရွှေအစားအရည်၊ မြင့်မားတဲ့အရပ်အမောင်း၊ ခန့်ညားတဲ့နှုတ်ခမ်းမွှေးတွေကိုပိုင်ဆိုင်ထားတဲ့ လူကြီးက အောင်မြတ်သာကိုမြင်တာနဲ့ ဟော်နန်းအပေါ်ကနေ အောက်ကိုဆင်းလာပြီး

” ဆရာ​လေးတို့ လမ်းတစ်လျောက် အဆင်ပြေခဲ့ကြရဲ့လား၊ ကျုပ်တပည့်တွေ ဧည့်ဝတ်မကျေပြွန်တာရှိခဲ့ရင် စိတ်ထဲမထားပါနဲ့ဗျာ”

” မဟုတ်တာဗျာ… အကုန်လုံးတာဝန်ကျေကြပါတယ်”

” ဒါဖြင့် ဟော်နန်းအပေါ်ကို ကြွပါဦး၊ အထဲမှာ ဆရာလေးတို့အတွက် အကုန်စီစဉ်ထားပါတယ်”

အောင်မြတ်သာတို့လဲ ဟော်နန်းအရှင်သခင်ရဲ့ စကားကြောင့် လှေကားထစ်ပေါ်ကို တက်လာပြီး အထဲကိုဝင်သွားချိန်မှာတော့ သာယာငြိမ့်ညောင်းတဲ့ စောင်းသံက တစ်လုံးချင်းထွက်ပေါ်လာခဲ့တယ်။ မရှေးမနှောင်းမှာပင် တူရိယာမျိုးစုံရဲ့အသံထွက်ပေါ်လာပြီး ပျော့ပျောင်းစွာကကြိုးဆင်နေကြတဲ့ အပျိုတော်လေးတွေရဲ့ ကဟန်အချို့ကို မြင်တွေ့လိုက်ရတယ်။

ခန်းမရဲ့အလယ်မှာတော့ သလွန်သုံးခုကို အနိမ့်အမြင့်လိုက်စီတန်းထားပြီး သလွန်ရဲ့ဘေးမှာတော့ ရွှေယပ်တောင်ကိုယ်စီကိုင်ထားတဲ့ မိန်းမပျိုနှစ်ယောက်စီရှိနေခဲ့တယ်။

အောင်မြတ်သာတို့လဲ မိမိတို့အတွက်စီစဉ်ထားပေးတဲ့ သလွန်ပေါ်မှာနေရာယူလိုက်ချိန်မှာတော့ အသီးအနှံတွေထည့်ထားတဲ့ လင်ဗန်းချပ်တွေရောက်လာခဲ့တယ်။

မကြာခင် တီးလုံးသံတွေရပ်သွားပြီး ဟော်နန်းအပေါ်ဆုံးထပ်ကနေ မိုင်းသုံအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ကိုရေးစပ်ထားတဲ့ သီချင်းသံက ကြက်သီးထဖွယ်ထွက်ပေါ်လာခဲ့တယ်။

တီးလုံးသံတွေမပါပဲ အလွတ်သီဆိုထားတာဖြစ်ပေမယ့် အဆိုရှင်ရဲ့အသံက ကြက်သီးထဖွယ်ကောင်းလောက်အောင် ကောင်းမွန်နေတာကိုလဲသတိထားမိခဲ့တယ်။ သီချင်းသံပြီးဆုံးချိန်မှာတော့ ဟော်နန်းအရှင်သခင်က ခန်းမဆောင်မှာရှိတဲ့သူတွေကိုအပြင်ထွက်ခိုင်းလိုက်​ပြီး

” ဆရာလေးတို့ကို အကူအညီ​တောင်းစရာကိစ္စအချို့ရှိနေပါတယ်၊ ခရီးရောက်တာနဲ့ ပြောရတာကိုတော့ အားနာမိပါတယ်ဗျာ”

” ရပါတယ်ဗျာ… ကျုပ်တို့လဲ အထက်ဆရာတွေရဲ့ခွင့်ပြုချက်နဲ့ရောက်လာတာဆိုတော့ အတတ်နိုင်ဆုံးကူညီပေးပါ့မယ်၊ ဘယ်လိုကိစ္စမျိုးကြုံတွေ့နေရတယ်ဆိုတာပြောပါဦး”

” လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဒီနေရာဟာ အလွန်ကိုစည်ကားတဲ့ မြို့တော်ကြီးဖြစ်ခဲ့တယ်၊ မြို့ရဲ့ပတ်ပတ်လည်မှာတော့ ရွာပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ဝန်းရံထားပြီး ဘာသာရေးကိုအလေးထားကြတဲ့သူတွေစုပေါင်းနေထိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ ရွာထဲကို လူစိမ်းတစ်ဦး မျက်စိလည်လမ်းမှားပြီးရောက်လာတာကနေစလို့ ကျုပ်တို့ဒေသကံဆိုးမိုးမှောင်ကြခဲ့ရတယ်”

ဟော်နန်းသခင်က စကားပြောနေရင်း လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကို တစ်ကျိုက်မော့​သောက်လိုက်ပြီး
” ရောက်လာတဲ့သူက ငါးပါးသီလလုံတယ်လို့ထင်ပြီး လက်ခံခဲ့ပေမယ့်၊ တစ်ချိန်မှာတော့ ဇာတိကပြလာတော့တာပဲ”

” ဘယ်လိုဖြစ်ခဲ့တာလဲ… ပြောပါဦး”

” ကျုပ်တို့မြို့ရဲ့အနောက်ဘက်တောင်ကြောမှာ ရှေးယခင်အဆက်ဆက်ထဲက မြုပ်နှံထားတဲ့ ရတနာသိုက်တစ်ခုရှိတယ်၊ ဒါကိုရွာခံလူတွေအကုန်သိကြပေမယ့် အထဲကပစ္စည်းတွေကို အာလူးတစ်လုံးလောက်တောင် မမက်မောတာမို့ တပ်မက်တဲ့စိတ်နဲ့ယူငင်ခဲ့တာမရှိကြဘူး၊ ဒါပေမယ့် လူစိမ်းကတော့ အခြားအရာတွေအပေါ် ကျူးလွန်မှုမရှိခဲ့ပေမယ့် ရတနာတွေကိုမြင်တဲ့ချိန်မှာတော့ သူ့အရပ်ဒေသမှာဆိုရင်ဒီပစ္စည်းတွေက တန်ဖိုးအတော်ကြီးမှာပဲဆိုတဲ့ လောဘစိတ်ဝင်မိခဲ့တယ်၊ အဲဒီအချိန်မှာပဲ တောတောင်စောင့်နတ်တွေက စိတ်မသန့်တဲ့လူတစ်ယောက် မြို့ထဲရောက်နေပီဆိုတာချက်ချင်းသိပြီး ပချိန်မဟုတ်အခါမဟုတ် မိုးတွေရွာအောင်ဖန်တီးပြီး သတိပေးခဲ့သလို လူစိမ်းတစ်ယောက်ကို နေထိုင်ခွင့်ပေးခဲ့တဲ့ ကျုပ်ကိုလဲ မြို့ပိုင်နက်ထဲကနေ ဘယ်ကိုမှမထွက်သွားဖို့ ချုပ်​နှောင်ထားခဲ့ကြတယ်”

” ဒါဆို ဒီမြို့ဟောင်းက သာမန်လူတွေနဲ့ တည်ထောင်ထားခဲ့တာပေါ့”

” ဟုတ်ပါတယ်… သီလလုံတဲ့လူတွေတည်ခဲ့တဲ့မြို့ရွာဖြစ်တဲ့အတွက် မထင်မှတ်ထားတဲ့အမှားက တစ်မြို့လုံးကို လူမြင်ကွင်းကနေ ပျောက်ကွယ်​စေခဲ့တယ်၊ အခုဆရာလေးတို့ကို ဖိတ်ရတဲ့အကြောင်းရင်းက ကျုပ်တို့မြို့ဟောင်းရဲ့တောင်ဘက် မြေကြောမှာ ကျောက်ဖျာတစ်ချပ်ကိုထမ်းထားတဲ့ နတ်ဘီလူးတစ်ကောင် ရောက်နေပါတယ်၊ ဆရာတို့က သူ့ကိုဆုံးမပေးဖို့ ပင့်ဖိတ်လိုက်ရတာပါ”

” ဒီနတ်ဘီလူးက ဘယ်ကနေရောက်လာတာလဲ… ဆိုင်ရာပုဂ္ဂိုလ်တွေကိုရောမပြောပြထားဘူးလား”

” ဆရာလေးတို့ကိုပြောတဲ့ထဲမှာ လူစိမ်းတစ်ယောက်ရွာကိုရောက်လာတယ်ဆိုတာ ပါတယ်မဟုတ်လား၊ အဲဒီလူရဲ့​လောဘစိတ်ကြောင့် ရွာကနေနှင်ထုတ်ခံရပြီးနောက်ပိုင်း သူက ဒီရွာကိုစိတ်နာသွားခဲ့သလို သူ့ကိုနှင်ထုတ်ခဲ့တဲ့ တောင်စောင့်နတ်၊ တောင်စောင့်နတ်တွေအပြင် ကျုပ်ကိုပါလက်စားချေဖို့ ဆုတောင်းခဲ့တယ်၊ ဒီစိတ်ကြောင့် သူသေလွန်တဲ့အခါ ကျုပ်တို့မြို့ဟောင်းဧရိယာကို အပိုင်စားရတဲ့ ကျောက်ဖျာထမ်းနတ်ဘီလူးတစ်ကောင်ဖြစ်လာပြီး ရွာခံပုဂ္ဂိုလ်တွေနဲ့ တောတောင်စောင့်နတ်တွေကို အမျိုးမျိုးအငြိုးထားပြီးရန်လိုနေခဲ့ပါတယ်၊ ဒါကြောင့် ကျုပ်တို့အနေနဲ့ ဘာသာတရားကို ကောင်းမွန်စွာမလုပ်ရပဲ သူခိုင်းစေတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်နေကြရပါတယ်၊ အခုလဲ ရွာထဲကလူတွေအကုန် ရတနာသိုက်ပြောင်းဖို့အတွက် လုပ်အားပေးသွားနေရတယ်ဆရာ”

” ဘယ်လို … ရတနာသိုက်က ဘာကြောင့်ပြောင်းရတာလဲ”

” တစ်ပတ်ကို တစ်ကြိမ် ရတနာသိုက်နေရာပြောင်းခိုင်းထားတာပါ၊ ရတနာသိုက်ထဲမှာ ပစ္စည်းပေါင်းစုံထည့်ထားတဲ့ တင်းပေါင်း ၉၉၀၀တိတိရှိတယ်ဆရာ၊ ဒီရတနာတင်းတွေကို တစ်ပတ်တစ်ကြိမ်ပြောင်းရွှေ့ရတာဆိုတော့ ရွာခံတွေလဲ အတော်စိတ်ညစ်နေကြပါတယ်၊ အထက်ကိုတိုင်တော့လဲ မသမာသူတွေလက်ကနေ ရှောင်တိမ်းနိုင်ဖို့ ကြိုတင်စီစဉ်ထားတာလို့ပြန်လျောက်လို့ ကျုပ်တို့တွေ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူးဆရာရယ်”

ဟော်နန်းသခင်က သက်ပြင်းရှည်တစ်ချက်ကိုချပြီးစိတ်ပျက်လက်ပျက်နဲ့ပြောနေတာကြောင့် အောင်မြတ်သာ အနည်းငယ်စဉ်းစားလိုက်ပြီး

” ကျုပ်တို့အနေနဲ့ ဒီကိစ္စကိုပြေလည်အောင် ဘယ်လိုညှိနှိုင်းပေးရမယ်ဆိုတာ စဉ်းစားပေးပါ့မယ်၊ မနက်အရုဏ်တက်တဲ့အချိန် အဖြေသိရမှာပါ”

” ဝမ်းသာပါတယ်ဆရာလေး… ဒါဖြင့် ဆရာလေးတို့အတွက် စီစဉ်ထားတဲ့ အိပ်ခန်းကိုလိုက်ပို့ပေးပါမယ်”

ဟော်နန်းအရှင်​က စကားဆုံးတာနဲ့ အနားမှာရှိတဲ့ ရွှေမောင်းတစ်ခုကို ဒေါင်ခနဲတီးလိုက်ရာ အခိုင်းစေအမျိုးသားသုံးယောက်ဝင်ရောက်လာခဲ့တယ်၊

” မင်းတို့က ဆရာလေးတို့ကို နေရမယ့်အခန်းလိုက်ပြပေးလိုက်ကြ.. ညရေးညတာ အဆာပြေစား​သောက်ဖို့အတွက် သေချာစီစဉ်ပေးထားကြဦး”

အောင်မြတ်သာတို့လဲ ဟော်နန်းသခင်ကိုနှုတ်ဆက်ပြီး မိမိတို့နေရမယ့် အဆောင်ဆီကိုလိုက်လာခဲ့လိုက်တယ်။
အဆောင်ရောက်တော့ မိမိတို့ရင်ဆိုင်ရမယ့် ကျောက်ဖျာထမ်းနတ်ဘီလူးရဲ့ရုပ်သွင်ကို အာရုံခံကြည့်လိုက်ရာ ထန်းပင်တစ်ပင်အရှည်လောက်ရှိတဲ့ ကျောက်ဖျာတစ်ချပ်ကို ကျောပြင်မှာထမ်းထားပြး လက်ထဲမှာ ကျောက်ဆူးထစ်တွေပါတဲ့ တင်းပုတ်တစ်ချောင်းကိုင်ထားတဲ့ ဘီလူးတစ်ကောင်ကိုမြင်လိုက်ရတယ်။ တစ်ကိုယ်လုံး မီးခိုးရောင်အခိုးငွေ့တွေနဲ့ ရွှေအိုရောင်အခိုးငွေ့တွေထွက်ပေါ်နေပြီး တောက်ပြောင်သစ်လွင်တဲ့နတ်ဝတ်နတ်စားတွေဝတ်ဆင်ထားသလို သူ့ဘယ်ညာတစ်ဖက်စီမှာလဲ လက်နက်မျိုးစုံကိုင်ဆောင်ထားတဲ့ ဘီလူးငယ် ငါးယောက်စီရပ်နေတာကိုလဲ​မြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ အာရုံထဲမြင်တွေနေရတဲ့ပုဂ္ဂိုလ်ကိုမေတ္တာပို့ပေးနေပေမယ့် အနားမရောက်ခင်မှာပဲ မမြင်တွေ့ရတဲ့အရာတစ်ခုက ဖြတ်တောက်ပစ်နေတာကြောင့် စိတ်နှစ်လို့မရပဲ နဖူးစပ်ကနေ ချွေးသီးချွေးပေါက်အချို့ပါကျလာခဲ့တယ်။ အတန်ကြာကြိုးစားပြီးချိန်မှာတော့ အဆင်မပြေတဲ့အတွက် အာရုံပြုခြင်းကိုရပ်နားလိုက်ပြီး ခေတ္တအနားယူအိပ်စက်ခဲ့လိုက်တယ်။

တစ်မှေးလောက်အိပ်ပြီး ပြန်နိုးလာချိန်မှာတော့ ကိုယ်လက်သန့်စင်ကာ မြို့ဟောင်းမှာရှိတဲ့မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို အမျှတန်းဝေမေတ္တာပို့နေတဲ့ချိန် မောင်ကောင်းနဲ့ ခွန်းလှတို့ နိုးထလာခဲ့ကြတယ်။ ခဏနေတော့ ဆင်စွယ်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ အစေခံအချို့ရောက်လာပြီး ခန်းမဆောင်ကိုခေါ်ဆောင်သွားခဲ့တယ်။

ခန်းမဆောင်အလယ်မှာတော့ ဝါဖျော့ဖျော့အရောင်ဝတ်စုံကို ကျနစွာဝတ်ဆင်ထားတဲ့ ဟော်နန်းပိုင်ရှင်က ရိုးရာအစားအသောက်အချို့နဲ့ဧည့်ခံကာ အောင်မြတ်သာဆီကအဖြေကိုစောင့်ဆိုင်းနေခဲ့တယ်။

” ဆရာလေးတို့ ညက အနားယူလို့အဆင်ပါရဲ့လား”

” အစစအရာရာအဆင်ပြေပါတယ်… မနေ့ညက ပြောခဲ့တဲ့ကိစ္စကို အထက်ဆရာတွေဆီခွင့်ပန်တော့ အတတ်နိုင်ဆုံး ကြိုးစားပေးဖို့အမိန့်ကျလာခဲ့ပါတယ်၊ ဒါကြောင့် ကျုပ်တို့အနေနဲ့ နတ်ဘီလူးနဲ့တွေ့ဆုံဖို့ ဟော်နန်းအရှင်က ကူညီပေးပါ”

” ဆရာလေးတို့ သူနဲ့တွေ့ဖို့ဆိုရင် ကျောက်လျာစွန်းတောင်ဘက်ကိုသွားရလိမ့်မယ်၊ ဒီနယ်မြေကိုတော့ ကျုပ်တပည့်တွေကလိုက်ပို့ပေးမှာပါ၊ တောင်ခြေရောက်ရင်တော့ ဆရာလေးတို့ကိုယ်တိုင် တောင်ပေါ်တက်ရပါမယ်၊ တောင်ပေါ်ရောက်ရင် သူ့အတွက် ဆောက်လုပ်​ပေးထားတဲ့ နတ်ကွန်းကိုတွေ့ပါလိမ့်မယ်၊ ကျုပ်တို့က တစ်ဖက်နဲ့တစ်ဖက် အငြိုးတရားတွေမထားပဲ ပြေပြေလည်လည်ဖြစ်ချင်ပါတယ်၊ ဆရာလေးတို့အနေနဲ့ သူ့ကိုဖျောင်းဖျပေးနိုင်မယ်ဆိုတာလဲ ယုံကြည်ပါတယ်ဗျာ”

” ကျုပ်ကတိတော့မပေးနိုင်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားပေးပါမယ်.. ဒါဖြင့် စားသောက်လို့လဲပြီပြီဆိုတော့ ကျုပ်တို့ကိုလမ်းပြဖို့လူလွှတ်ပေးပါဦး”

အောင်မြတ်သာစကားအဆုံးမှာ ဟော်နန်းအရှင်က အနားမှာရှိတဲ့အစေခံတစ်ယောက်ကို တီးတိုးပြောလိုက်ရာ မကြာခင် သျောင်တစ်စောင်းထုံးထားတဲ့ လူနှစ်ယောက် ခန်းမထဲကိုဝင်လာခဲ့တယ်။

” ကျွန်တော်တို့ရောက်ပါပီ အရှင်…”

” အိမ်း.. မင်းတို့​က ဆရာတွေကို ကျောက်လျာစွန်းတောင်လိုက်ပို့ပေးကြကွယ့်၊ လမ်းတစ်လျောက်မေး​မြန်းတဲ့သူတွေကိုလဲ ငါရဲ့အမှတ်အသားပြပေးလိုက်”

” အရှင် အမိန့်ကိုနာခံလျက်ရှိကြောင်းပါ”

အစောင့်နှစ်ယောက်လဲ ဟော်နန်းအရှင်ကမ်းပေးတဲ့ အမှတ်တံဆိပ်ကိုလက်ခံယူလိုက်ပြီး အောင်မြတ်သာတို့ကိုခေါ်ဆောင်လာခဲ့ကြတယ်။

လမ်းတစ်လျောက်မှာတော့ အိမ်ကြီးအိမ်ကောင်းအချို့နဲ့တည်ထောင်ထားတဲ့ ရွာအချို့ကိုမြင်တွေ့ခဲ့ကြရသော်လည်း သက်ရှိလူသားတစ်ယောက်ကိုမှ မမြင်တွေ့ခဲ့ရပေ။ တစ်ရွာဝင်တိုင်း ရွာစောင့်ပုဂ္ဂိုလ်တွေပေါ်လာ​ပြီး ဟန့်တားကြပေမယ့် လိုက်ပို့ပေးတဲ့ သူတွေကသာဖြေရှင်းပေးခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အဖြူရောင်ကျောက်တောင်တစ်ခုငေါထွက်နေတဲ့ တောင်ကိုမြင်တွေ့လိုက်ရတယ်။ တောင်ခြေမှာတော့ သီးပင်စားပင်တွေစိုက်ပျိုးထားတာမြင်ရပြီး အချို့အပင်တွေဆိုရင် ခူးဆွတ်မယ့်သူမရှိတာကြောင့် အသီးအနှံတွေကမြေကြီးပေါ်ကို ပြုတ်ကျပုတ်ဆွေးနေတာကိုလဲ မြင်တွေ့လိုက်ရတယ်။

တောင်ခြေကိုရောက်တော့ လမ်းပြနှစ်ယောက်က ဆက်မလိုက်လာတော့ပဲ ခရီးသွားတွေနားနေဖို့ဆောက်လုပ်ထားတဲ့ ဇရပ်တစ်ခုမှာ နေကျန်ရစ်ခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ တောင်ခြေကိုရောက်တာနဲ့ တောစောင့်နတ် တောင်စောင့်နတ်တွေအပြင် ဝေနေယျပုဂ္ဂိုလ်တွေကိုမေတ္တာပို့အမျှတန်းပေးဝေပြီး တောင်တက်လမ်းကျဉ်းအတိုင်း တက်လာခဲ့လိုက်တယ်။

နေပျောက်မထိုးအောင်ပိတ်ဖုန်းနေတဲ့ သစ်ပင်ကြီးငယ်တွေကြောင့် တောင်တက်လမ်းတစ်လျောက် အေးစိမ့်နေပြီး မြေကြီးထဲကနေထွက်တဲ့ မြူခိုးမြူငွေ့တွေက နဂါးဖြူကြီးတစ်ကောင်လို ရစ်ပတ်နေခဲ့တယ်။ တောင်ကြောအလယ်ကိုရောက်တော့ ဒေါသတစ်ကြီးတောက်ခတ်သံတစ်ချက်ကို ကြားလိုက်ရတာကြောင့် ရှေ့ကိုဆက်မတက်သေးပဲ မေတ္တာကိုသာနိုင်နိုင်ပို့ပေးနေလိုက်တယ်။ မကြာခင် တောင်ရဲ့ပတ်လမ်းကနေ လူအယောက်ပေါင်းများစွာ လမ်းလျောက်လာတဲ့အသံလိုလိုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ရာ ဘာမှမတွေ့ရပဲ လေတိုက်မှုကြောင့်လှုပ်ရှားနေတဲ့ သစ်ပင်ငယ်အချို့ကိုသာ မြင်တွေ့လိုက်ရတယ်။

တောင်ရဲ့သုံးပုံတစ်ပုံကို တက်ရောက်ပြီးချိန်မှာတော့ တောထဲကနေ အလွန်ကျယ်လောင်တဲ့ တော်လဲသံတစ်ခုကြားလိုက်ရပြီး မနှစ်မြို့တဲ့မောင်းထုတ်သံတွေကိုလဲ ထိတ်လန့်ဖွယ်ကြုံတွေ့လိုက်ရတယ်။

အောင်မြတ်သာကတော့ မောင်ကောင်းတို့ကို ရှေ့ဆက်မတိုးဖို့သတိပေးရင်း နှုတ်ကနေ ဂါထာတစ်ပုဒ်ကိုအဆင်မပြတ်ရွတ်ဆိုလိုက်ရာ မောင်းထုတ်နေတဲ့အသံတွေ ပျောက်ကွယ်သွားခဲ့တယ်။

” ဆရာ … ဒီနတ်ဘီလူးက အတော်ကြမ်းတာပနော်”

” စိတ်အခံလေးကကောင်းခဲ့တာကြောင့် ဒီလိုဘဝရောက်ခဲ့ပေမယ့် အယူလွဲနေတာတာက ဆိုးလွန်းတယ်”

” ကျွန်တော်တို့ တောင်ထိပ်ကိုရောက်အောင် သွားကြမှာလားဆရာ”

” ငါတို့ကဧည့်သည်ဆိုတော့ အိမ်ရှင်ဆီကိုရောက်အောင်သွားကြရမှာပေါ့၊ ဒီပွဲက အမိန့်အာဏာနဲ့စေခိုင်းတာထက် မေတ္တာနဲ့အနိုင်ယူရမယ့်ပွဲပဲ”

မောင်ကောင်းနဲ့ ခွန်းလှလဲအောင်မြတ်သာစကားကိုကြားတော့ ကြက်သီးမွှေးညှင်းတွေ ဖျင်းခနဲထလာပြီး စိတ်ဓါတ်တွေတက်ကြွလာခဲ့တယ်။ ဒီလိုနဲ့ တောင်ပေါ်တက်လမ်းပေါ်ရောက်တဲ့ထိ အနှောက်ယှက်တစ်စုံတစ်ရာမတွေ့ရပဲ ချောချောမွေ့မွေ့ရောက်လာခဲ့တယ်။ တောင်ပေါ်ရောက်တော့ အေးမြတဲ့ရေငွေ့တွေနဲ့ရောထွေး​တိုက်ခတ်လာတဲ့ လေညှင်းကြောင့် မောပန်းနေတာတွေပျောက်ကွယ်သွားခဲ့ရတယ်။ တောင်ပေါ်မြေကွက်လပ်တစ်ခုမှာတော့ အဖြူရောင်ကျောက်တုံးကိုထွင်းထုပြီး ဆောက်လုပ်ထားတဲ့ ကျောက်နတ်ကွန်းတစ်ခုကိုမြင်တွေ့လိုက်ရပြီး အထဲမှာတော့ အရမ်းမွှေးပျံ့တဲ့ ပန်းတွေကို ကပ်လှူထားတာကိုလဲမြင်လိုက်ရတယ်။ ကျောက်နတ်ကွန်းထဲမှာတော့ ကျောက်ပြားတစ်ချပ်ကို ရတနာအတိစီချယ်ထားတဲ့ ဗောင်းတော်တစ်ခုနဲ့ချည်ထားပြီး ဘေးတစ်ဖက်တစ်ချပ်မှာတော့ ဒူးတစ်ဖက်ထောင် ဒူးတစ်ဖက်လှဲနေတဲ့ ယက္ခငါးပါးရုပ်ထုတွေကို ညီညာစွာမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ နတ်ကွန်းကိုစိုက်ကြည့်ပြီး စိတ်ထဲကနေ မေတ္တာပို့သနေတဲ့အချိန် ဘယ်ကရောက်လာမှန်းမသိတဲ့ ကျောက်တုံးတစ်ခုက ရှေ့တည့်တည့်ကို အရှိန်နဲ့ရွေ့လျားလာခဲ့တယ်။

မောင်ကောင်းနဲ့ ခွန်းလှကတော့ ဆရာ​ဖြစ်သူအတွက်စိုးရိမ်ပြီး သတိလှမ်းပေးလိုက်ပေမယ့် အောင်မြတ်သာကတော့ မလှုပ်မယှက်ငြိမ်သက်ပြီးသာရပ်နေခဲ့တယ်။

ကျောက်တုံးကအနားရောက်လာတော့ ချက်ချင်းဆိုသလို တုံ့ခနဲရပ်သွားပြီး ဟက်ဟက်ပက်ပက်ရယ်မောသံတစ်ခု တောင်နံရံတွေထဲကနေ ထွက်ပေါ်လာခဲ့တယ်။ မကြာခင် နတ်ကွန်းရဲ့ ဘယ်ညာတစ်ဖက်တစ်ချပ်ဆီကနေ ယက္ခငါးပါးစီထွက်ပေါ်လာပြီး အောင်မြဆ်သာကို ခက်ထန်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

” သင်တို့က နတ်ကွန်းစောင့်ပုဂ္ဂိုလ်တွေပဲဖြစ်ရမယ်… အခုကျုပ်လာတာက သင်တို့နဲ့တွေ့ဆုံဖို့မဟုတ်တဲ့အတွက် လမ်းဖယ်ပေးကြပါ”

အောင်မြတ်သာစကားကိုကြားတော့ ယက္ခဆယ်ပါးက နီရနေတဲ့ မျက်လုံးတွေကိုအဆမတန်ပြူးအောင် လုပ်ပြီး ရှေ့ကိုတိုးလာခဲ့ကြတယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ မြေကြီးထဲကနေ ဆူးညှောင့်ခလုပ်တွေ တိုးထွက်လာပြီး ဆက်လာလို့မရအောင် တားဆီးခဲ့တာကြောင့် ရှေ့ကိုမတက်လာတော့ပဲ နောက်ကိုပြန်ဆုတ်သွားခဲ့ကြတယ်။

အဲဒီအချိန် ကောင်းကင်ယံကနေ ကျောက်ဖျာတစ်ချပ်ကို ပခုံးပေါ်ထမ်းတားတဲ့ နတ်ဘီလူးတစ်ကောင် ထွက်ပေါ်လာပြီး ကျယ်လောင်တဲ့အသံနဲ့ အောငမြတ်သာကို ထွက်သွားဖို့ လှမ်းပြောနေတာမြင်လိုက်ရတယ်။

” သင်ရောက်လာပြီလား… ကျုပ်ပို့သတဲ့မေတ္တာတွေကိုရော ရတယ်မဟုတ်လား”

” ဟိတ် … သင်ဒီကို ဘာအရေးကြောင့် ရောက်လာတယ်ဆိုတာ ငါသိတယ်… ဒီနေရာက ငါ့ပိုင်နက်ဖြစ်တဲ့အတွက် သင့်ကိုယ်တစ်စစီဖြစ်အောင်မလုပ်ခင် ထွက်သွား”

” သင်ပိုင်နက်ထဲကိုရောက်နေတဲ့အတွက် သင်စိတ်ထဲရှိသလို လုပ်လို့ရပါတယ်၊ ကျုပ်အနေနဲ့ သင့်ကိုထိခိုက်အောင် ပြန်မလုပ်ပါဘူး၊ ဒါပေမယ့် သင်ကိုယ်တိုင်ကျုပ်ထွက်သွားအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင်တော့ ကျုပ်ပြောတဲ့စကားကို လိုက်နာရလိမ့်မယ်… သင် သဘောတူပါသလား”

အောင်မြတ်သာက နတ်ဘီလူးရဲ့စိတ်ကိုဆွပေးလိုက်ရာ
” သင်ကိုယ်သင် အထင်ကြီးနေပါရောလား… ဒီလောက်တောင်ဖြစ်လှ.. ကျုပ်ခြောက်လှန့်မှုမှာ သင်နိုင်ခဲ့မယ်ဆိုရင် သင်​ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးမယ်၊ သင်ရှုံးနိမ့်ခဲ့တယ်ဆိုရင်တော့ သင်ရော သင်တပည့်တွေပါ ကျုပ်ရဲ့အလုပ်အကျွေးအဖြစ် ခစားရမယ်”

” ကောင်းပြီလေ.. သင်ရဲ့ စိန်ခေါ်မှုကို လက်ခံတယ်၊ ပြိုင်ပွဲမစခင်တော့ ကျုပ်လုပ်စရာရှိတာလုပ်ခွင့်ပြုပါ”

” ဟုတ်ပြီ… သင့်ဘက်က သေချာပြီဆိုရင် ပြော.. ကျုပ်စောင့်နေမယ်”

အောင်မြတ်သာလဲ နတ်ဘီလူးဆီက အခွင့်ရတာနဲ့ မောင်ကောင်းနဲ့ခွန်းလှတို့ကို ခေါ်ပြီး မျက်လုံးကို လက်ဝါးနဲ့အုပ်ကာ
” ယခုပညာပြိုင်ပွဲမှာ မမြင်အပ်တဲ့ အရာများပါရှိနိုင်တာကြောင့် ဆိုင်ရာပုဂ္ဂိုလ်အထက်ဆရာများက ဒီလူငယ်နှစ်ယောက်ရဲ့ အကြားဓါတ်အမြင်ဓါတ်တွေကို ခေတ္တပိတ်ထားပေးပါ.. “လို့အဓိဌာန်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ အမြင်အာရုံ အကြားအာရုံတွေအကုန်လုံး ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီတော့မှ တပည့်နှစ်ယောက်ကို စည်းဝိုင်းတစ်ခုထဲနေစေပြီး ရှေ့ကိုတက်လာခဲ့လိုက်တယ်။ နတ်ဘီလူးကတော့ အောင်မြတ်သာကို ထီမထင်နဲ့မျက်နှာထားနဲ့ စိုက်ကြည့်ပြီး

” သင်အသင့်ဖြစ်ပြီလား…”

” ကျုပ်အသင့်ဖြစ်ပြီ… သင့်ဘက်က စတင် ခြောက်လှန့်ပါ” လို့ပြောလိုက်တဲ့ချိန် တိမ်ကင်းစင်နေတဲ့ ကောင်းကင်တစ်ခုလုံး မဲမှောင်တဲ့မိုးသားတွေ အုံ့တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်မရှိလောက်အောင် ပိတ်ဖုံးသွားခဲ့တယ်။ မကြာခင် ခြောက်ကပ်ကပ်ရယ်မောသံက နေရာအနှံ့ကနေထွက်ပေါ်လာပြီး သတ်ဟဲ့ ဖြတ်ဟဲ့ဆိုတဲ့ ခြိမ်းချောက်သံတွေပါထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာကတော့ အသံကြားတဲ့ဘက်ကိုအာရုံပြုပြီး မေတ္တာကိုသာပို့လွှတ်နေခဲ့ရာ ခန္ဓာကိုယ်ထဲကနေ အဖြူရောင်အလင်းအချို့ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် အမှောင်ထုအားကြီးလွန်းတဲ့အတွက် အလင်းရောင်က ခန္ဓာကိုယ်ရဲ့ တစ်တောင်အကွာအဝေးလောက်ကိုသာဖြန့်ကျက်နိုင်ပြီး ကျန်တဲ့နေရာတွေအကုန်လုံး ကိုယ့်လက်ကိုယ်ပြန်မမြင်ရလောက်အောင် မဲမှောင်နေခဲ့တယ်။

အဲဒီအချိန် လှည်းဘီးလောက်ရှိတဲ့ မျက်လုံးနှစ်လုံးက အောင်မြတ်သာမျက်နှာနားကိုတစ်ဖြေးဖြေးနီးကပ်လာတဲ့အတွက် စိတ်ကိုတည်ငြိမ်အောင်ထားပြီးကြည့်လိုက်ရာ အိမ်နှစ်လုံးစာလောက်ကြီးမားတဲ့ မျက်နှာတစ်ခုကို အနီးကပ်မြင်တွေ့လိုက်ရတယ်။

လှော်တက်တစ်ချောင်စာလောက်ရှိတဲ့ အစွယ်ကားကားတွေက ပါးစောင်ထဲကနေ ကော့ထွက်နေပြီး ဝါကျင်ကျင်သွားတွေက ကျိုးတိုးကျဲတဲဖြစ်နေသလို ပွယောင်းယောင်းနှာခေါင်းကလဲ ထူထပ်တဲ့အမွှေးမျှင်တွေအောက်မှာ လှုပ်ယွလှုပ်ယွဖြစ်နေခဲ့တယ်။ အဖုအထစ်တွေနဲ့ပြည့်နှကိနေတဲ့ နဖူးပြင်အောက်မှာတော့ အခိုးငွေ့တွေ ထွက်နေတဲ့ မျက်လုံးနီနီနှစ်လုံးက သွေးပျက်ဖွယ်ကောင်းနေခဲ့တယ်။

သာမန်တွေမြင်တွေ့တာနဲ့ သွေးပျက်ပြီးရူးသွပ်သွားနိုင်တဲ့ ရုပ်ရည်ကိုဖန်ဆင်းပြီးခြောက်လှန့်နေ့မယ့် အောင်မြတ်သာက မျက်တောင်မခတ် နောက်မဆုတ်ပဲ စူးစိုက်ကြည့်နေတာမြင်တော့ နတ်ဘီလူးတစ်ယောက် စိတ်တိုသွားပြီး အောင်မြတ်သာကိုအစိပ်စိပ်အမြွှာမြွှာ​ဖြစ်အောင် ညှစ်သတ်ဖို့ ကြီးမားတဲ့လက်နဲ့ဖမ်းယူလိုက်ပေမယ့် ကိုယ်ထည်ကိုမဖမ်းမိပဲ လေကိုသာဖမ်းနေရသလိုဖြစ်နေခဲ့တယ်။

” အသင် နတ်ဘီလူး… သင်ကတိကိုဖျက်လိုက်ပီနော်… ဒီအတွက်ကြောင့် သင် စောင့်ထိန်းခဲ့တဲ့ သီလတွေပျက်စီးသွားပြီမို့ ကျုပ်အနေနဲ့ သင့်အပေါ်ငဲ့ညှာလို့မရတော့ဘူး၊ ကဲ ခြောက်လှန့်မှုပြုလုပ်ရမှာကို သူတစ်ပါးအသက်သေစေတဲ့ထိ ဆန္ဒပြင်းပြခဲ့သူ နတ်ဘီလူးအား သက်ဆိုင်ရာနတ်မင်းတွေအရေးယူစေ၊ ဒီအမိန့်သည် ကျုပ်အမိန့်မဟုတ်… အထက်ဆရာကြီးများ၏အမိန့်ဖြစ်၏၊ အမိန့်ကို ကြားလျက်မြင်လျက်သိလျက်နဲ့ မသိကျိုးနွံမပြုစေရ” လို့အမိန့်ပြန်လိုက်ရာ မိုးသားတိမ်လိပ်တွေမဲ​မှောင်နေတဲ့ ကောင်းကင်ပြင်က ချက်ချင်းဆိုသလို ကြည်လင်တောက်ပလာပြီး လေးနဲ့မြှားကိုင်ဆောင်ထားတဲ့ နတ်စစ်သည်နှစ်ပါး ပေါ်လာခဲ့တယ်။

နတ်ဘီလူးလဲ နတ်စစ်သည်နှစ်ယောက်ကိုမြင်တော့ ဖန်ဆင်းထားတဲ့ရုပ်သွင်ကို ရုတ်သိမ်းပြီး လက်အုပ်ချီလျက်အနေအထားဖြစ်သွားခဲ့တယ်။

” ဟဲ့ အသင်နတ်ဘီလူး… သင်ဘယ်လိုအရေးကြောင့် လောကီဆရာတစ်ပါးကို ဒုက္ခပေးရတာလဲ ဟမ်”

ကျယ်လောင်တဲ့ဟိန်းဟောက်မှုအောက်မှာ နတ်ဘီလူးက ခေါင်းပင်မဖော်နိုင်ပဲ ဒူးတဆတ်ဆတ်တုန်ကာ ကြောက်ရွံ့နေခဲ့တယ်။

” ဟိတ် … သင့်မှာ ဘာကြောင့် လျောက်တင်စရာမရှိရတာလဲ… တယ် ငါလုပ်လိုက်ရ ခေါင်းပါရှစ်စိပ်ကွဲသွားမယ်၊ ချက်ချင်း လုပ်ခဲ့တဲ့အမှားတွေကို တောင်းပန်စမ်း”

တမန်တော် နတ်စစ်သည်နှစ်ပါးစကားကြောင့် လက်အုပ်ချီထားတဲ့နတ်ဘီလူးက အောင်မြတ်သာကို ခခယယတောင်းပန်နေခဲ့ရာ

” သင့်ကိုကျုပ်အပြစ်မယူပါဘူး… ဒါပေမယ့် ဘယ်သူမဆို ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး လက်အောက်ငယ်သားတွေကို အညိုးတေးနဲ့ခိုင်းစေလို့မရဘူး၊ ယခုသင်က အတိတ်ဘဝက နာကျဉ်းချက်ကြောင့် ကျောက်မြို့ဟောင်းက လူတွေကို ခိုင်းစေနေတာကို ရပ်တန်းကရပ်စေချင်တယ်၊ သူတို့တွေလဲ ဘာသာတရားကိုအလေးထားတဲ့သူဖြစ်တာကြောင့် သင့်အနေနဲ့ စဉ်းစားပေးပါလို့ တောင်းဆိုပါတယ်”

” ကျုပ် ဒီလိုလုပ်ရတာက အတိတ်ဘဝမှာကျန်ခဲ့တဲ့ ဇနီးသည်ကိုတွေ့လိုတွေ့ငြားလိုက်ရှာတဲ့သဘောပါ၊ ဒါပေမယ့် အခုထိ ဇနီးသည်ကိုမတွေ့တာကြောင့် ဒီလိုမျိုးပြုမူခဲ့မိတာ”

” သင့်ဇနီးသည်အမည်က ဘယ်လိုခေါ်လဲ.. ကျုပ်ပြန်ရောက်ရင် မေးပေးပါမယ်”

” ဇနီးသည်နာမည်က နန်းကြာလုံလို့ခေါ်ပါတယ်”

” ကျုပ်မေးပြီးတာနဲ့ သင့်ဆီဆက်သွယ်လိုက်ပါမယ်၊ အကယ်၍ သင့်ဇနီးသည်ရှိနေခဲ့ရင်တောင် သူမနဲ့ဘာမှမပတ်သတ်တော့ဘူးဆိုတဲ့အသိလေးထည့်စေချင်တယ်”

အောင်မြတ်သာရဲ့စကားကို နတ်ဘီလူးက ခေါင်းငိုက်စိုက်ကျပြီးနားထောင်​နေရာမှ ရုတ်ချည်းထသွားကာ နတ်ကွန်းထဲမှာရှိတဲ့ ကျောက်မောင်းကို အဆက်မပြတ်တီးခတ်လိုက်တယ်။

ကျောက်မောင်းသံလဲကြားရော တောင်အတွင်းပိုင်းထဲကနေ ပျော်ရွှင်စွာအော်ဟစ်​တဲ့အသံတွေကြားလိုက်ရတယ်။

” သာဓု သာဓု သာဓု… သင်ရဲ့စိတ်ကိုသင်ကိုယ်တိုင်ပြောင်းလဲတာမြင်လို့ ဝမ်းသာပါတယ်၊ ရှေ့ဆက်လဲ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ဒီထက်အဆင့်မြင့်တဲ့ဘုံကိုတက်လှမ်းနိုင်ပါစေ” လို့ဆုတောင်းပေးကာ မောင်ကောင်းနဲ့ ခွန်းလှတို့ကို ခေါ်ဆောင်ပြီး တောင်အောက်ကိုဆင်းလာခဲ့လိုက်တယ်။

တောင်အောက်ရောက်တော့ အသင့်စောင့်ကြို​နေတဲ့ လမ်းပြနှစ်ယောက်အပြင် ပြုံးရွှင်တဲ့မျက်နှာထားနဲ့ကြိုဆိုနေကြတဲ့ ကျောက်မြို့ဟောင်းရွာခံတွေကို မြင်တွေ့လိုက်ရတယ်။

အလာတုန်းက ခြောက်ကပ်နေတဲ့ ရွာဟောင်းတွေက အပြန်လမ်းမှာတော့ လူသံတွေနဲ့စည်ကားနေခဲ့တယ်။ အောင်မြတ်သာတို့လဲ မိမိတို့တာဝန်ပြီးဆုံးပြီမို့ မိုင်းသုံအရှင်ကို နှုတ်ဆက်စကားပြောရင်း နန်းကြာလုံဆိုတဲ့အမျိုးသမီးအကြောင်းကိုမေးကြည့်ရာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက ယခုဘဝကိုစွန့်ခွာသွားကြောင်းသိရှိခဲ့ရတယ်။

အောင်မြတ်သာတို့ ရွာအဆင့်ဆင့်ကိုဖြတ်သန်းပြီး ယောင်းဗွေရွာကိုရောက်လို့ အနောက်ကိုလှမ်းကြည့်လိုက်ရာမှာတော့ ကျောက်မြို့ဟောင်းဘက်က​နေ ထွက်ပေါ်လာတဲ့ ဘုန်းတော်ဘွဲ့သီချင်းသံကို လွမ်းမောဖွယ်ကြားလိုက်ရသလို လူသူမရောက်တဲ့ ဖုန်းဆိုးတောအတွင်းကနေ ဖြတ်သွားရတဲ့ ကျောက်မြို့ဟောင်းဆိုတဲ့နေရာကတော့ ယနေ့အထိ လျှို့ဝှက်စွာတည်ရှိနေပါတော့တယ်။

အောင်မြတ်သာတို့ ယောင်းဗွေရွာကနေထွက်လာပြီးနောက်ပိုင်း ခွန်းလှကို ပညာစဉ်တက်အောင် အနီးကပ်သင်ကြားပြသပေးခဲ့တယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ သန္ဓေသားကို စားချင်လို့ ကိုယ်ဝန်ဆောင်မိခင်ကိုပူးကပ်ခြောက်လှန့်နေတဲ့ နှစ်ချို့သရဲမတစ်ကောင်ကို မောင်းထုတ်ပေးခဲ့ရတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်သန္ဓေသားစားချင်သောသရဲဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)