အောင်မြတ်သာနှင့်ကြောင်နက်မှော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)

” ဧကရီက ဘာဖြစ်တာလဲ”

“ငါလဲမသိဘူး ညကမှကောက်ကာငင်ကာ တစ်ယောက်ထဲရီလိုရီ ငိုလိုငိုဖြစ်တာလို့ပြောတယ်”

“အခုအိမ်ပေါ်မှာရောက်နေတဲ့သူနှစ်ယောက်က ဆရာတွေလား “

“အော် ငါလဲဘယ်သိမလဲတော့ နင်နဲ့ငါတူတူလာကြတာကို ငါ့လာပြန်မေးနေတယ် စကားမများနဲ့ ကြည့်စရာရှိကြည့်”

အိမ်အောက်လှေကားအဝကနေ ချောင်းကြည့်နေသည့်မိန်းမနှစ်ယောက်က သူတို့သိချင်တဲ့အရာတွေကိုတစ်ယောက်တစ်ပေါက်မေးနေတဲ့အချိန်

” ဒီမိန်းကလေးရဲ့ အုပ်ထိန်းသူကဘယ်သူပါလဲ”

သက်ခိုင်ရဲ့စကားက်ုကြားတော့ သဘက်ခေါင်းပေါင်းပေါင်းထားတဲ့အသက်ခြောက်ဆယ်အရွယ်အမယ်အိုက

“သမီးလေးရဲ့ မိခင်က ကျွန်မပါရှင် “

” အရီး ဒီကလေးမက ဘယ်လိုစဖြစ်တာလဲဆိုတာ ပြောပြပါဦး”

“အရီးလဲမသိဘူး ဆရာလေးတို့ရယ် အရင်အပတ်က ပုံမှန်လူလိုပဲ ဒီအပတ်ရောက်မှ ညဘက်တွေဆို တစ်ငိုငိုတရီရီဖြစ်လာတယ် အစားလဲတောင်းစားတယ် ထမင်းကျေွးရင်တော့မစားဘူး အသားငါးတွေပဲတောင်းစားတာ အခုလဲ ဆရာတို့အိမ်ထဲဝင်လာထဲက အခန်းထဲကနေ အပြင်ကိုထွက်မလာတော့ဘူး”

“သူနဲ့ပတ်သတ်လို့ အရီးသိထားတာဘာရှိသေးလဲ”

“အဲလိုတော့အရီးလဲမသိဘူးဆရာလေး”

သက်ခိုင်နဲ့ မိန်းကလေးရဲ့မိခင်တို့ပြောနေတဲ့အချိန်

“ဆရာလေး ကျွန်မတစ်ခုလောက်ပြောလို့ရမလား”

သက်ခိုင်လဲအသံကြားရာနေရာကိုလှည့်ကြည့်လိုက်တော့ အသက်နှစ်ဆယ်ငါးနှစ်အရွယ်မိန်းကလေးတစ်ဦးကိုတွေ့လိုက်တယ်။

“ရပါတယ် ပြောပါ “

“ကျွန်မနဲ့ ဒီအိမ်က မိန်းကလေးနဲ့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ အခုပြောပြတဲ့အကြောင်းကလဲ သူဒီလိုဖြစ်တာနဲ့ပတ်သတ်နိုင်မယ်ထင်လို့ပါ”

“ပြောပါမိန်းကလေး သိထားတဲ့အရာတွေကိုပြောပါ”

“လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က ရွာအပြင်ရေကန်မှာ ကျွန်မနဲ့ ဧကရီ ရေသွားခပ်ကြပါတယ် အပြန်မှာ ဟိုဘက်ရွာက မိုးကြီးဆိုတဲ့ ကာလသားက ဧကရီကို ချစ်ကြောင်းကြိုက်ကြောင်းပြောပါတယ် မိုးကြီးဆိုတာက ဧကရီကို တစ်ဖက်သတ်လိုက်ကြိုက်နေတဲ့လူပါ အဲဒီမှာ ဧကရီက မိုးကြီးကို မချစ်နိုင်ကြောင်းပြောတော့ မိုးကြီးက ဧကရီကိုဆွဲလားရမ်းလားလုပ်ပါတယ် ဧကရီကလဲ မိုးကြီးသူ့ကိုဆွဲလားရမ်းလားလုပ်လို့ ပါးရိုက်ခဲ့တယ်ဆရာ ဧကရီက သူ့ကိုပါးရိုက်လိုက်တော့ နင်ငါ့အကြောင်းသိစေရမယ်ဆိုပြီး ကြိမ်းဝါးခဲ့တယ် အဲဒါနဲ့များ ဧကရီအခုလိုဖြစ်တာပတ်သတ်နေမလားဆရာ”

မိန်းကလေးရဲ့စကားကိုကြားတော့ သက်ခိုင်က
“အဲလိုတော့တစ်ထစ်ချ တွက်မရသေးဘူး မိန်းကလေးကိုခေါ်ပြီး မေးကြည့်ရင် ‌အဖြေတစ်ခုခုတော့ရမယ်ထင်တယ်”လို့ပြောပြီး ဘုရားစင်ရှေ့မှာ နေရာဝင်ယူလိုက်တယ်။

သက်ခိုင် ဘုရားစင်ရှေ့ရောက်တော့ ဘုရားရှိခိုး မေတ္တာပို့ပြီး
“ကျွန်ုပ်သည် ခုနှစ်ရက်သားသမီးများအပေါ် စေတနာထားကာ ကူညီခဲ့ပါသည် မကောင်းတဲ့အတိုက်အခိုက်တွေကို ဖယ်ရှားပေးမယ့်စိတ်ရင်းကသာ ကျွန်ုပ်အပေါ်လွှမ်းမိုးနေပါသည် ယခုအိမ်အတွင်းမှာဖြစ်နေတဲ့ အနှောက်အယှက်များအား ဒီအချိန်မှစ၍ ကျွန်ုပ်စတင်ဖယ်ရှားတော့မည်ဖြစ်တဲ့အတွက် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ ကျွန်ုပ်အား ကူညီပေးကြပါ ဒါကြောင့် ဒီအိမ်အတွင်းရှိ မကောင်းတဲ့အရာစွဲကပ်နေသူ ငါ့၏အရှေ့သို့ အမြန်လာရောက်စေရန်အမိန့်ပြန်သည် ငါ၏အရှေ့မှလွဲ၍ ကျန်သည့်နေရာများ ငရဲမီးကဲ့သို့ပူလောင်စေသား”

သက်ခိုင်အမိန့်ပြန်လိုက်တဲ့အချိန်မရှေးမနှောင်းမှာပဲ အိမ်ခန်းထဲကနေ လေးဘက်ထောက်ပြီး ထွက်လာတဲ့ မိန်းကလေးကိုမြင်လိုက်ရတယ်။ မိန်းကလေးက ‌သက်ခိုင်‌အရှေ့လဲရောက်ရော ဘုရားစင်ကိုကျောပေးပြီး ထိုင်လိုက်တယ်။

ဘုရားစင်ကိုကျောပေးပြီး ထိုင်လိုက်ထဲက ဒါဟာ‌‌အောက်လမ်းအတိုက်ဆိုတာသက်ခိုင် သဘောပေါက်လိုက်တယ်။

” မိန်းကလေးကိုယ်ထဲဝင်နေတဲ့ မကောင်းဆိုးဝါးကောင် ဘုရားစင်ဘက်ကိုလှည့်စမ်း”

” အဟီးအဟီး ဟက်ဟက် မလှည့်နိုင်ဘူးဟေ့ အဲဒီရုပ်ထုကိုမကြည့်ချင်ဘူး”

မိန်းကလေးရဲ့စကားသံကြောင့် လာကြည့်နေသူတွေ ထဲက တီးတိုးစကားသံတွေထွက်လာတယ်။ သက်ခိုင်လဲ အခြေအ‌နေကိုသဘောပေါက်ပြီး

” အင်းစောင့်ပုဂ္ဂိုလ်တွေ ဘုရားကိုစော်ကားတဲ့ကောင်ရဲ့ပါးစပ်ကို မီးကျီခဲလိုပူလောင်တဲ့ သံချွန်နဲ့ဖြဲထားပြီး လျှာကိုဓါးနဲ့ဖြတ်ကြ”

သက်ခိုင်အမိန့်ပေးလိုက်တာနဲ့ ကျောပေးပြီးထိုင်နေတဲ့မိန်းကလေးရဲ့ ပါးစပ်ကအလိုလိုဟလာပြီး ဝူးတူးဝါးဝါးအော်ဟစ်ပါလေရော။
++++++++
တစ်ဖက်မှာလဲ အောင်မြတ်သာတစ်ယောက် ကြောင်နက်မှော်အောင်ထားတဲ့သူရဲ့အနောက်ကိုလိုက်ရင်း သုသာန်ပျက်တစ်ခုထဲကိုရောက်လာခဲ့တယ်။ အုတ်ဂူအကျိုးအပျက်တွေ ခွေးတွေတူးယက်ထားတဲ့မြေပုံအဟောင်းတွေကြားထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ မှတ်တိုင်တွေက သာမန်လူတစ်ယောက်ကို ချောက်ချားစေနိုင်တယ်။

အောင်မြတ်သာလဲ သုသာန်ထဲဝင်ပြီး တစ်စုံတစ်ရာကို လိုက်ရှာနေတဲ့အချိန် အုတ်ဂူတစ်လုံးပေါ်ကို ကုတ်တက်လာတဲ့ ကြောင်နက်တစ်ကောင်ကို တွေ့လိုက်ရတယ်။

ကြောင်နက်ကိုမြင်တော့ အောင်မြတ်သာက
” အရှိတိုင်းသာလာခဲ့ပါ သင်ရဲ့ဖြစ်စဉ်ကို ကျုပ်ထံပြောပြလို့ရပါတယ်”လို့ပြောလိုက်တော့ ကြောင်နက်ကြီးက အုတ်ဂူပေါ်ကနေ လွှားကနဲ ခုန်ချလာပြီး မြေကြီးနဲ့မထိခင်မှာ လူတစ်ယောက်ဖြစ်သွားခဲ့တယ်။

ထိုလူက အောင်မြတ်သာအရှေ့ကိုရောက်တော့
” ကျုပ်အခုလိုအကူအညီတောင်းတာကို ဦးယက္ခသိရင် ကျုပ်ကိုသတ်လိမ့်မယ် ဒါကြောင့် သူမရှိတဲ့အချိန် ကျုပ်လာခဲ့တာ”

“သင်က ဘာကြောင့် အခုလိုဖြစ်နေရတာလဲ သင့်ကြုံနေရတဲ့အခက်အခဲတွေကို ကျုပ်ထံပြောပါ ကူညီနိုင်ရင်ကူညီပါ့မယ်”

‌အောင်မြတ်သာစကားဆုံးတော့ ကြောင်နက်မှော်အောင်ထားတဲ့သူက

“တကယ်တော့ ကျုပ်က ဆရာပေါင်းမှားခဲ့တာပါ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က ကျုပ်ကသာမန်လူတစ်ယောက်ပဲ တစ်နေ့တောထဲမှာ ဟင်းစားရှာနေတုန်း ကြောင်တစ်ကောင်ရဲ့အော်သံကိုကြားလိုက်ရတယ် ကြောင်အော်သံက ကျုပ်နားထဲမှာ မခံမရပ်နိုင်အောင် စူးရှလွန်းလို့ အသံကြားရာကို လိုက်ရှာခဲ့မိတယ် လျှိုတစ်ခုအလွန်မှာတော့ ကြောင်အော်သံက ပိုကျယ်လာတယ် ကျုပ်လဲအသံကြားတဲ့နေရာကိုကြည့်လိုက်တော့ အင်္ကျီအမဲလုံချည်အမဲဝတ်ထားတဲ့ လူတစ်ယောက်ရဲ့အရှေ့မှာ ကြောင်တစ်ကောင်ကိုတွေ့လိုက်ရတယ် ထူးဆန်းတာက အဲဒီကြောင်ရဲ့ ပါးစပ်ကအော်နေပေမယ့် တစ်ကိုယ်လုံး လောက်တွေစွဲပြီး အရိုးတောင်ကျတော့မယ် အင်္ကျီအနက်နဲ့လူကြီးက ကျုပ်ကိုတွေ့တော့ လက်ပြပြီးလာခဲ့ဖို့ခေါ်တယ် ကျုပ်သူ့အနားရောက်သွားတော့ ကျုပ်ကိုစကားတစ်ခွန်းမေးတယ် မင်းကြောက်တတ်လားတဲ့ ကျုပ်ကငယ်ငယ်ထဲက ‌တစ်ယောက်ထဲလျောက်သွားနေတဲ့သူဆိုတော့ မကြောက်တတ်ဘူးလို့ပြန်ဖြေလိုက်မိတယ် ဇာတ်လမ်းကအဲဒီကစတော့တာပဲ”

အောင်မြတ်သာလဲ ကြောင်နက်မှော်အောင်ထားတဲ့သူရဲ့ပြောစကားကိုနားထောင်ပြီး တစ်ချက်ပြုံးလိုက်တယ်။

++++++++
တစ်ဖက်မှာလည်း

” မင်းဘယ်သူလဲ ဘာကြောင့် ဒီကောင်မလေးကို ‌နှောက်ယှက်နေရတာလဲ “

“ငါမသိဘူး ငါ့ကိုဒီမှာနေရမယ်လို့ပြောတယ် နင်တို့ငါ့ကိုသတ်ရင်တောင် ငါမသေဘူး ဟားဟား”

သက်ခိုင် အံ့ဩသွားတယ် ဘာကြောင့်လဲဆိုတော့ အရင်ပယောဂတွေကုတုန်းကနဲ့မတူပဲ ဘာကိုမှမကြောက်တဲ့ပုံစံဖြစ်နေတယ်။

” နင့်ကိုနာကျင်အောင်လဲ ငါမလုပ်ချင်ဘူး ဒါပေမယ့် ငါမေးတာကိုအမှန်တိုင်းဖြေ နင့်ကိုဒီနေရာမှာ ဘယ်သူထားခဲ့တာလဲ “

“ငါမသိဘူး ငါ့မှာပြောခွင့်လဲမရှိဘူး နင်တို့ငါ့ကိုကြိုက်သလိုလုပ် နင်တို့ကိုလဲငါမကြောက်ဘူး”

ဝင်ပူးနေတဲ့မိန်းကလေးရဲ့စကားကိုကြားတော့ သက်ခိုင်က

” ကောင်းပြီလေ ငါ့အဆိုးမဆိုနဲ့တော့”လို့ပြောပြီး ရေမန်းနဲ့တောက်လိုက်တယ်။

ရေမန်းနဲ့ထိတာနဲ့ ဝင်ပူးနေတဲ့မိန်းကလေးက ကြမ်းပြင်ပေါ်လူးလိမ့်ပြီး အော်ဟစ်ပါလေရော ဒါပေမယ့် ကိုယ်ထဲကနေမခွာဘူး သက်ခိုင် အနုနည်းရောအကြမ်းနည်းရောသုံးပေမယ့် မရခဲ့ဘူး အဲဒီအချိန်

“ညောင်”ဆိုတဲ့အသံနဲ့အတူ အိမ်တုပ်တန်းပေါ်က ကြောင်တစ်ကောင်ခုန်ချလာတယ်။ သက်ခိုင်လဲ ခုန်ချလာတဲ့ကြောင်ကိုကြည့်လိုက်တော့ မနေ့က ဇရပ်မှာတွေ့တဲ့ကြောင်

ကြောင်နက်ကြီးက သက်ခိုင်ကိုကြည့်ပြီး ငြိမ်နေတဲ့အချိန် နားထဲမှာ
” ကြောင်နက်ကြီးပြတဲ့နေရာကို တူးပြီး ရလာတဲ့အထုပ်ကိုမီးရှို့လိုက်”ဆိုတဲ့အောင်မြတ်သာရဲ့အသံကိုကြားလိုက်ရတယ်။

ဝင်ပူးနေတဲ့ကောင်မလေးက ကြောင်နက်ကြီးကိုမြင်တော့
” နက်ကျော် နင် သစ္စာဖောက်တာလား”ဆိုပြီး ဝမ်းခေါင်းသံနဲ့ထအော်တယ်။

သက်ခိုင်လဲ အကင်းပါးသူပီပီ ဝင်ပူးနေတဲ့မိန်းကလေးကို အင်းစောင့်ပုဂ္ဂိုလ်တွေနဲ့ချုပ်ခိုင်းထားပြီး ကြောင်နက်ကြီးကို စိုက်ကြည့်နေလိုက်တယ်။

သက်ခိုင်ကြည့်နေတယ်ဆိုရင်ပဲ ကြောင်နက်ကြီးက အိမ်ပြူတင်းပေါက်ကနေခုန်ဆင်းသွားတယ် ။ တောက်ရလဲ အခြေအနေကိုသဘောပေါက်ပြီး ကြောင်နက်ဆင်းသွားတဲ့နောက်ကိုလိုက်ကြည့်တဲ့အခါ ကြောင်နက်ကြီးက အိမ်နောက်က ရေချိုးတဲ့နေရာရောက်တော့ ‌မြေကြီးကို လက်သည်းနဲ့တူးပါလေရော။

သက်ခိုင်လဲကြောင်နက်တူးတဲ့နေရာကို ဘေးမှာရှိနေတဲ့ ဓါးမထိပ်နဲ့ထပ်တူးလိုက်တဲ့အခါမှာတော့ မြေကြီးထဲကနေ ထဘီစနဲ့ပတ်ထားတဲ့ အရာတစ်ခုထွက်လာခဲ့တယ်။ ထဘီစနဲ့ပတ်ထားတဲ့အရာကို ဖြေလိုက်တော့ ဆံချည်မျှင်တွေနဲ့ ရစ်ချည်ထားတဲ့ လက်ညိုးရိုးတစ်ချောင်းကိုတွေ့လိုက်ရတယ်။ အဲဒီအချိန်ကြောင်နက်ကြီးကိုလုံးဝမတွေ့ရတော့ မျက်လုံးရှေ့မှာတင်ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်။

လာကြည့်နေသူတွေ အကုန်ကြောက်လန့်နေတဲ့အချိန် အိမ်ပေါ်ကနေ

” ငါ့ဟာကိုပြန်ထားလိုက်စမ်း နင်တို့အလုပ်နင်တို့လုပ် ငါ့အလုပ်ကိုဝင်မရှုပ်နဲ့”ဆိုပြီး အိမ်ပေါ်ကနေ ခုန်ဆင်းဖို့ကြိုးစားပေမယ့် တစ်စုံတစ်ယောက်က အနောက်ကနေဆံပင်ကိုလှမ်းဆွဲလိုက်သလိုဖြစ်ပြီး ပြန်ကျသွားတယ်။

သက်ခိုင်လဲ တူးလို့ထွက်လာတဲ့အထုပ်ကို အိမ်ပေါ်ပြန်ယူတင်လာပြီး
“မင်းရဲ့ပစ္စည်းပါလာပြီဆိုတာနဲ့ သောင်းကျန်းဖို့စိတ်ကူးတယ်ပေါ့ ငါဒီပစ္စည်းပေါ်ကိုရေမန်းတစ်စက်ချလိုက်တာနဲ့ မင်းဘာဖြစ်သွားမယ်ဆိုတာ သိတယ်မလား”

“ဟင်း ဟင်း နင်တို့ကို မကျေနပ်ဘူး ငါအလုပ်မပီးသေးဘူး နင်တို့နှောက်ယှက်လို့ ငါ့အလုပ်ပျက်ပီ”

“ကဲ အခုချိန်ကစပြီး ငါမေးတာ အမှန်တိုင်းဖြေမလား မဖြေဘူးလား”

“မဖြေဘူး နင်တို့ကြိုက်သလိုလုပ်”

“ကောင်းပီလေ အရီး ကျုပ်ကိုဆီတစ်ခွက်ပေးပါ”

အိမ်ရှင်ဖြစ်သူအရီးက ဆီတစ်ခွက်ယူလာပြီး သက်ခိုင်ကိုပေးတော့

“ဟိုအဖွားကြီး သူတို့ခိုင်းတာဘာလို့လုပ်ရတာလဲ နင့်ကိုလဲငါသတ်မယ် “ဆိုပြီး ကုန်းအထ သက်ခိုင်က လက်နောက်ပြန်ရိုက်ချလိုက်တယ်။

သက်ခိုင်လဲ ဆီခွက်ကိုကိုင်ပြီး လွယ်အိတ်ထဲက အင်းတစ်ရွက်ကိုပြာချပြီး ဆီခွက်ထဲထည့်‌မွှေလိုက်တယ်။ အင်းစာရွက်ပြာတွေဆီခွက်ထဲပျော်သွားတဲ့အချိန် ထဘီစနဲ့ပတ်ထားတဲ့ အရာကို ဆီမန်းနဲ့တောက်ပြီး မေးပါလေရော။

ခေါင်းမာနေတဲ့မိန်းကလေးက ဒီတစ်ခါက်တော့ ငယ်သံပါအောင် အော်ဟစ်လူးလိမ့်ပါလေရော။

“အမလေး ပူတယ် မခံစားနိုင်တော့ဘူး ငရဲမီးနဲ့တိုက်နေတာလား ဆရာစုတ်ရဲ့ အား သေပါတော့မယ် ငါ့ကိုမလုပ်ပါနဲ့တော့”

“ဒါဆို ငါမေးတာမှန်မှန်ဖြေစမ်း နင့်ကိုဘယ်သူခိုင်းတာလဲ”

” ငါ့ကိုခိုင်းတာ အောက်လမ်းဆရာ ဦးယက္ခခိုင်းတာ”

“နင့်ကိုဒီနေရာမှာလာမြုပ်တာဘယ်သူလဲ”

“နက်ကျော် လာမြုပ်ထားတာ ဦးယက္ခခိုင်းလို့သူလာမြုပ်ထားတာ”

“နင်တို့ဘာရည်ရွယ်ချက်နဲ့ ဒီကလေးမကိုယ်ထဲဝင်ပြီး ဒုက္ခပေးရတာလဲ”

“သူ့အသိစိတ်တွေထဲငါ့ကိုထည့်ထားတာ လာမယ့် လပြည့်နေ့ညကျရင် ငါကသူ့ကို ရွာအပြင်တောစပ်ကိုခေါ်သွားရမယ် ဟိုမှာ မဲကြီးဆိုတဲ့ကောင်စောင့်နေလိမ့်မယ် မဲကြီးက သူ့ကိုမရရတဲ့နည်းနဲ့ပိုင်ဆိုင်အောင်လုပ်မယ်ဆိုပြီး ဆရာကြီးယက္ခနဲ့ပေါင်းကြံတာ”

“တော်တော် အောက်တန်းကျတဲ့ကောင်ပါလား နင်အခုဒီနေရာကနေထွက်သွား နင့်ကို ခြငေ်္သ့နှစ်‌ကောင်ဘုရားမှာနေရာချပေးမယ် ဟိုမှာကောင်းကောင်းမွန်မွန်နေ အောက်လမ်းဆရာလက်အောက်မှာမလုပ်နဲ့တော့ ငါပြောတာကြားလား”

“ငါ့ကိုလွှတ်ပေးတော့ ငါသွားတော့မယ် “

သက်ခိုင်လဲ အိမ်အောက်ဆင်းပြီး ထဘီစနဲ့ထုပ်ထားတဲ့အရာကိုမီးရှို့လိုက်တယ်။မီးရှို့ပြီးတဲ့အချိန် မိန်းကလေးကသတိပြန်လည်လာတယ်။ ရွာထဲက ကာလသားတွေကတော့ မဲကြီးဆိုတဲ့ကောင်ကို ရိုက်မယ်သတ်မယ်တကဲကဲလုပ်နေလို့ သက်ခိုင်ဝင်ထိန်းရသေးတယ်။

“စိတ်အေးအေးထားကြပါ သူ့အတွက်ပြစ်ဒဏ်လာပါလိမ့်မယ် သူ့အပြစ်ကနေ ကိုယ့်အပြစ်မဖြစ်စေနဲ့”

သက်ခိုင်လဲရွာသားတွေကို ဖျောင်းဖျပြီးတဲ့အချိန် အိမ်ခေါင်းရင်းသစ်ပင်ပေါ်ကနေ ကြောင်အော်သံကိုကြားလိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရွာသားတွေနဲ့အိမ်ရှင်အရီးကိုနှုတ်ဆက်တာ ကြောင်အော်သံကြားတဲ့နောက်ကို လိုက်လာခဲ့ကြတော့တယ်။

+++++++++

အောင်မြတ်သာက ကြောင်နက်မှော်အောင်ထားတဲ့ သူကိုကြည့်ပြီး

“မင်းနာမည်က ဘယ်လိုခေါ်လဲ”

“ကျုပ်နာမည် နက်ကျော်လို့ခေါ်တယ်”

“ဟုတ်ပီ ငါ့တပည့်နှစ်ယောက်ကို အကူအညီလာတောင်းတာမင်းပေါ့”

“ဟုတ်ပါတယ် ကျုပ်ပယောဂပါတဲ့ ကိစ္စမို့လို့အကူညီတောင်းရတာပါ အခုသူတို့ကိုပြန်ခေါ်လျာနေပြပီ”

“မင်းက ဒီမှာရှိနေတာ သူတို့ကိုဘယ်သူကသွားခေါ်တာလဲ”

“ကျုပ်ရဲ့ကိုယ်ပွားလေ ကျုပ်မှာကိုယ်ပွားနှစ်ကောင်ရှိတယ် ဒီမှာကြည့်” ဆိုပြီး သူ့ရဲ့ပေါင်ကိုလှန်ပြလိုက်တယ်။

အောင်မြတ်သာလဲကြည့်လိုက်တော့ ပေါင်မှာ ကြောင်တက်အရုပ်တစ်ရုပ်ကိုတွေ့လိုက်ရတယ်။

“မင်း ကြောင်ကတစ်ကောင်ထဲလား ငါသိတာက ကြောင်တက်ကြောင်ဆင်းမဟုတ်လား”

“ဟား ဟား ခုနကပြောတယ်လေ ကျုပ်ရဲ့ကိုယ်ပွားတစ်ကောင်ကိုလွှတ်လိုက်တယ်ဆိုတာ ဒီဘက်ပေါင်က ကြောင်ပေါ့ဗျ”

အဲဒီအခါမှအောင်မြတ်သာလဲ

“ဒါဆို နောက်တစ်ကောင်ကို အပြင်ခေါ်ထုတ်ကြည့်ပါလား ကျုပ်လဲတွေ့ဖူးတယ်ရှိအောင်”

အောင်မြတ်သာစကားဆုံးတော့ နက်ကျော်က သူ့ရဲ့ဘယ်ဘက်ပေါင်ကို လက်ဝါးနဲ့သုံးချက်ရိုက်လိုက်တယ်ဆိုရင်ပဲ ပေါင်ပေါ်မှာထိုးထားတဲ့ ကြောင်ရုပ်လေးက အပြင်ကိုရုတ်တရက်ခုန်ထွက်လာပြီး တစ်ဖြေးဖြေးကြီးလာခဲ့တယ်။

“တယ်ဟုတ်ပါလား မင်းကြောင်နက်မှော်ကစွမ်းလှချည်လား”

“အဲလိုစွမ်းဖို့ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရတယ် အခုကျုပ်အကူအညီတောင်းရတယ်ဆိုတာကလဲ ဆရာကြီးယက္ခက ကျုပ်ကိုကြောင်နက်မှော် ထိုးပေးတဲ့အချိန် သူလိုတဲ့အချိန်စေခိုင်းလို့ရမယ့်အစီအရင်တွေပါ ထည့်သွင်းခဲ့တယ်”

” ဘယ်လိုအစီအရင်တွေထည့်သွင်းခဲ့လို့လဲ”

” ကျုပ်နဲ့ ဆရာယက္ခတောနက်ကြီးမှာတွေ့‌ပြီးတော့ သူကျုပ်ကိုခေါ်လာခဲ့တယ် အရိုးကျပြီးအော်နေတဲ့ ကြောင်သေကိုယူပြီး ဒီသုသာန်ကိုလာခဲ့ကြတယ် သုသာန်ကိုရောက်တော့ ဦးယက္ခက ကျုပ်အကြောက်အလန့်ရှိမရှိကိုစမ်းသပ်ခဲ့တယ် သယစမ်းသပ်တဲ့နည်းတွေက တကယ်ကိုသွေးပျက်မတတ်ပဲ ပြန်တွေးကြည့်ရင်တောင် ကြက်သီးမွှေးညှင်းထမိတယ်”

“ဆိုစမ်းပါဦး ဦးယက္ခက ဘယ်လိုနည်းတွေနဲ့စမ်းသပ်ခဲ့လဲ”

” ကျုပ်ကိုယ်လုံးအနက်ရှိတဲ့ မြေကျင်းထဲမှာ ဦးခေါင်းပေါ်ရုံသာမြုပ်ပြီး သူထွက်သွားတယ် သူထွက်သွားတော့ ကျုပ်ကိုစကားတစ်ခွန်းမှာခဲ့တယ် ကျုပ်မျက်လုံးမှိတ်လို့မရဘူးတဲ့ ကျုပ်မျက်လုံးမှိတ်ပြီးတစ်မိနစ်နေတာနဲ့ ကျုပ်သေရလိမ့်မယ်လို့ပြောခဲ့တယ် ကျုပ်ခဗျာတစ်ညလုံး မြေကျင်းထဲမှာ နေနေရတယ် ညနက်လာတော့ သုသာန်ထဲကနေ အရွယ်စုံသဏ္ဍာန်စုံ မကောင်းဆိုးဝါးတွေထွက်လာခဲ့တယ် ကျုပ်ရဲ့ဘေးမှာဆိုတာ ပုံစံမျိုးစုံနာနာဘာဝတွေက အပြည့်ပဲ အဲဒီမှာ ကျုပ်ဦးခေါင်းကိုကိုင်ပြီး ပါးစပ်ကိုလက်အေးအေးကြီးနဲ့လာဖြဲတာကို သိလိုက်တယ် ဒါပေမယ့်ကျုပ်လှုပ်မရခဲ့ဘူး အရှေ့မှာမြင်နေရတဲ့အရာတွေက လူအရိုးထမ်းထားတဲ့ မျက်နှာပြောင်နဲ့သရဲတွေ ၊ ဗိုက်ထဲကနေ ကလေးတန်းလန်းကျနေတဲ့ သရဲမ‌တွေ၊ တစ်ချို့တွေဆို သူတို့အချင်းသူတို့ပြန်စားနေကြတာ၊ ကျုပ်ပါးစပ်ကလဲ ပိတ်လို့မရဘူး ကိုပ်လဲဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်ကြည့်နေတာ အဲဒီမှာ ဗိုက်ထဲကနေ သွေးစက်လက်ကျနေတဲ့ အချင်းကို ကိုက်ဖြတ်ပြီး ကျုပ်ပါးစပ်ထဲလာထည့်တာ ကျုပ်ပါးစပ်နားရောက်လုရောက်ခင်ဖြစ်နေပီ ပုတ်စော်နံလိုက်တယ်ဆိုတာ ကျုပ်ဘဝမှာတစ်ခါမှမရဘူးတဲ့ပုတ်နံ့ဗျ ကျုပ်လဲမျက်လုံးမမှိတ်ရဲဘူး အဲဒီသရဲမက သူ့အချင်းကို ကျုပ်ပါးစပ်ထဲပစ်ထည့်ခါနီးကျမှ မထည့်တော့ပဲ ပြန်ထွက်သွားတယ် ကျုပ်ပါးစပ်လဲ အဲဒီတော့မှပြန်စေ့လို့ရတယ် တစ်ယောက်သွားလို့ စိတ်အေးရမလားမှတ်တယ် လူသုံးဖက်စာလောက်ရှိတဲ့ ဘီလူးလား သရဲလားတော့မသိဘူး မနေ့ကမှမြုပ်ထားတဲ့ မြေပုံထဲကိုသူ့လက်ကြီးနဲ့ထိုးကလော်ပြီး မြေပုံထဲက အလောင်းကိုထမ်းလာတာ အလောင်းကောင်ကိုထမ်းလာပြီး ကျုပ်အရှေ့မှာ ဘုတ်ခနဲပစ်ချပြီးတော့ အလောင်းကောင်ရဲ့ဗိုက်ထဲက ကလီစာတွေကို အားရပါးရထိုင်စားနေတာ ကျုပ်ကြည့်နေရင်းမျက်လုံးတွေပြာလာတယ် ဒါပေမယ့် စိတ်ပြန်တင်းပြီး သေရင်လဲသေပ‌စေ သူတောင်စားသေးတာပဲ ငါကဘာလို့မကြည့်ရဲရမလဲဆိုပြီး ထိုင်ကြည့်နေတဲ့အချိန် ဦးယက္ခပြန်ရောက်လာတယ် ဦးယက္ခပြန်ရောက်လာတာနဲ့ ခုနက ရှိနေတဲ့ နာနာဘာဝတွေ ပျောက်ချင်းမလှပျောက်ကုန်ကြတယ် နောက်မှသိရတာက အဲဒီနာနာဘာဝတွေက သူမွေးထားတာ”

“အဲဒါနဲ့မင်းကိုသူကသဘောကျသွားတာပေါ့”

“ဟုတ်တယ် ကျုပ်ကိုမြေကျင်းထဲကထုတ်ပြီး အရည်တစ်မျိုးကိုတိုက်တယ် အမှောင်ထဲမှာမို့ဘာမှန်းမသိပဲသောက်လိုက်ပေမယ့် တော်တော်ညှီတာတော့သိလိုက်တယ် နောက်မှသိရတာက ကြောင်နက်ရဲ့သွေးနဲ့ဆေးရောထားတာတဲ့ ကျုပ်လဲသူတိုက်တယသေယက်ပြီးတော့ အိပ်ပျော်သွားတယ် နိုးလာတော့ သူက ဒီည ကြယ်တွေစုံတဲ့အချိန် ကြောင်နက်မှော်သွင်းမယ်လို့ပြောတယ် ကျုပ်လဲ အဲဒီတစ်နေ့လုံး ဘာမှမစားရဘူး ညဘက်လဲရောက်ရော ကျုပ်ရဲ့အဝတ်အစားတွေကို ချွတ်ပြီး ‌အရှေ့ဘက်ကို ကျောပေးပြီးထိုင်ခိုင်းတယ် ပြီးတော့ ကြယ်တွေနက္ခတ်တွေစုံပြီဆိုတော့မှ ကျုပ်တစ်ကိုယ်စာ စည်းဝိုင်းတစ်ခုကိုဝိုင်းလိုက်တယ် ဘေးက အုတ်ဂူပေါ်ကို ဖယောင်းတိုင်ထွန်းပြီး ကျုပ်ကိုဆေးစပေါက်တယ် သူပေါက်တဲ့ဆေးက ကြောင်နက်ရဲ့သွေးနဲ့သူဖော်ထားတဲ့ဆေးရောထားတာဗျ စုတ်တံကလဲ ကြောင်နက်ရဲ့အရိုးကို မြနေအောင်သွေးထားတာ ဘယ်ဘက်ပေါင်ကိုဆေးစပေါက်တဲ့အချိန် သုသာန်ထဲကနေ လူတစ်ရပ်စာလောက်ရှိတဲ့ ခွေးနက်တစ်ကောင် ထွက်လာပြီး ကျုပ်တို့ကို ရန်ပြုဖို့မာန်ဖီနေတဲ့အချိန် ဦးယက္ခက လွယ်အိတ်ထဲက ဆေးလုံးနဲ့ခွေးကိုလှမ်းပစ်လိုက်တယ် ဆေးကတော်တော်စွမ်းတယ်ပြောရမယ် ဆေးလုံးနဲ့ထိတဲ့အချိန် ခွေးနက်ကြီးက တဂိန်ဂိန်အော်ပြီး ပြေးတာမှတန်းနေတာပဲ အဲဒီမှာဆရာက မဖဲဝါ နင့်ခွေးနက်ကိုမလွှတ်နဲ့ နင်ကိုယ်တိုင်လာခဲ့ ငါအလုပ်ငါလုပ်နေတာ လာမနှောင့်ယှက်နဲ့ ငါ့အကြောင်းသိတယ်မလား လို့ပြောပြီး ကျုပ်ကိုဆေးပြန်ပေါက်နေလိုက်တယ်”

“ဒါဆို မင်းဆရာက ပေါ့သေးသေးတော့မဟုတ်ဘူးပေါ့ မဖဲဝါကိုတောင် ဟိန်းဟောက်ရဲတယ်ဆိုတော့”

“အဲထက်ပိုတာပြောပြဦးမယ် မဖဲဝါက လူသုံးရပ်စာလောက်မြင့်တာဗျ ထဘီအဝါရောင်တောက်တောက်ကိုဝတ်ထားတာ မျက်နှာကိုတော့မမြင်ရဘူး မဖဲဝါကလည်း သူ့ခွေးနက်ကြီးထိသွားတော့ ဦးယက္ခကို သူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ချတာ လက်ဝါူကဘယ်ျလာက်ကြီးလဲဆိုရင် ငှက်ပျောရွက်ငါးရွက်ကျလာသလားလို့တောင်ထင်ရတယ် ကျုပ်တော့ဒီတစ်ခါသွားပီလို့တောင်ထင်နေတာ အဲဒီမှာဦးယက္ခက လက်ထဲမှာကိုင်ထားတဲ့ ကြောင်နက်အရိုးနဲ့ မဖဲဝါလက်ကို ထိုးလိုက်တာ ဟိုက အသံနက်ကြီးနဲ့အော်ပြီးပြေးပါလေရော ဦးယက္ခနောက်မှပြောတာက ကြောင်နက်ရိုးမှာပါတဲ့ဆေးကိုမခံနိုင်လို့ပြေးတာလို့ပြောတယ် ကျုပ်ရဲ့ဘယ်ဘက်ပေါင်ကိုဆေးပေါက်ပြီးတော့ ညာဘက်ပေါင်ကိုဆက်ပေါက်တယ် အဲဒီအချိန် ကျုပ်ဘေးကအုတ်ဂူပေါ်မှာ သွားကြီးဖြီးပြီး ကျုပ်ကိုထိုင်ကြည့်နေတဲ့ မနေ့ကသရဲမကိုတွေ့လိုက်တယ် ဦးယက္ခက သရဲမကိုမြင်တော့ လက်နဲ့ပဲရွယ်ရသေးတယ် ဟိုကပြေးတာမှမှုန်နေတာပဲ ညာဘက်ပေါင်ကိုဆေးပေါက်ပြီးတော့ ကျုပ်ကြည့်လိုက်တာ ကြောင်နက်နှစ်ကောင်အတက်အဆင်းလုပ်နေတဲ့ပုံ လက်ရာမြောက်လိုက်တာလဲပြောမနေနဲ့ ဒါပေမယ့် ကြောင်နက်နှစ်ကောင်ရဲ့ မျက်လုံးမရှိသေးဘူး ဦးယက္ခက အဲဒီတော့မှ ကြောင်နက်ကိုအသက်သွင်းတာ အသက်ဘယ်လိုသွင်းလဲဆိုတော့ သူ့လွယ်အိတ်ထဲမှာရှိတဲ့ ကြောင်သေမျက်လုံးကိုထုတ်ပြီး ဘယ်ပေါင် ညာပေါင်မှာရှိတဲ့ ကြောင်ရုပ်ပေါ်ကိုတင်လိုက်တယ် ပေါင်ပေါင်တင်လိုက်တယ်ဆိုရင်ပဲ ကြောင်မျက်လုံးနှစ်လုံးက ဟိုဟိုဒီဒီကစားပါလေရော အဲဒီတော့မှ ကျုပ်ရဲ့ပေါင်မှာထိုးထားတဲ့ ကြောင်မျက်လုံးနေရာကို ဓါးနဲ့ခွဲပြီး ကြောင်သေမျက်လုံးကိုထည့်တာ ကြောင်သေမျက်လုံးကိုထည့်ပြီး လက်နဲ့သပ်ချလိုက်တော့ ဓါးနဲ့ခွဲထားတဲ့နေရာကလုံးဝကိုပျောက်သွားတာ ဒါပေမယ့်ကျွန်တော်မသိလိုက်တာက သူထိုးပေးတဲ့ကြောင်ရုပ်ရဲ့အမြှီးနှစ်ခွဖြစ်နေတာကိုပဲ အဲလိုထိုးပြီးတာနဲ့ ကျုပ်ကိုခုန်ခိုင်းတယ် ကျုပ်လဲအသာလေးခုန်လိုက်တာ ဇရပ်ထိပ်ကိုရောက်သွားတာ သူကမကျေနပ်သေးဘူး ဇရပ်အနောက်မှာပေါက်နေတဲ့ တောငှက်ပျောရွက်ကိုခုတ်ပြီးသူကိုင်ထားတယ် ကျုပ်ကိုငှက်ပျောဖက်ပေါ်ကိုခုန်တက်ခိုင်းတာ ကိုပ်ခုန်တက်လိုက်တာ ငှက်ပျောဖက်က အိတောင်မအိဘူး ကျုပ်ကိုယ်ကျုပ်လဲအံ့ဩသွားတယ် အဲဒီအချိန်ကစပြီး ကျုပ်ကသူ့ရဲ့ ခိုင်းဖတ်ဖြစ်သွားတာပဲ သူခိုင်းတဲ့အလုပ်မှန်သမျှကို လကွယ်နေ့တွေမှာလုပ်ပေးရတယ် သူကအောက်လမ်းဆရာတွေထဲမှာ အဆင့်မြင့်တော့ ‌ရွာတွေထဲမှာ ပညာသည်တွေရှိရင် သူလာတာကိုသိမှာစိုးလို့ ရွာထဲမဝင်ဘူး ကျုပ်ဖြစ်ချင်တာက လူတွေကိုကူညီမယ် အခုဖြစ်နေတာက လူတွေကိုဒုက္ခပေးနေရတယ် လပြည့်လကွယ်ရောက်ရင် ကျုပ်ကိုယ်ကျုပ်မပိုင်တော့ဘူး အခုဖြစ်‌သွားတဲ့ကိစ္စကလဲ ကျုပ်လုပ်ပေးခဲ့တာ ဒါကြောင့် အကူအညီတောင်းရတာပါ”

နက်ကျော်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက “ကျုပ်တို့ကလူကောင်းတွေကို ကူညီပေးရမယ်ဆိုတဲ့ တာဝန်ရှိနေတော့ သင့်ကိုကူညီပေးဖို့ကြိုးစားပါ့မယ် သင့်ပေါင်မှာရှိနေတဲ့ကြောင်ရုပ်ထဲက မကောင်းတဲ့ဉာဏ်ဆိုးတွေကိုထုတ်ပစ်လိုက်ရင် သင့်ကိုသူစေခိုင်းလို့မရတော့ဘူး သင့်ကိုယ်ပွားပြန်လာတာကိုစောင့်ကြတာပေါ့”

အောင်မြတ်သာစကားဆုံးတော့ သုသာန်ဇရပ်‌ ပေါ်ကနေ ကြောင်အော်သံကြားလိုက်ရပြီး မကြာခင် သုသာန်ထဲကို ဝင်လာတဲ့ သက်ခိုင်နဲ့ တောက်ရကိုပါ တွေ့လိုက်ရတယ်။

“ဆရာက ဒီရောက်နေတာကိုး ကျွန်တော်တို့မှာရှာလိုက်ရတာ “

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာက

” အခုဒီမှာရှိတဲ့သူရဲ့ အစီအရင်ကိုအရင်ဖယ်ရှားပေးရမယ် ပြီးရင်တော့ ခရီးတစ်ခုဆက်ရဦးမယ်”

“ဟုတ်ကဲ့ဆရာ”

‌အောင်မြတ်သာလဲ ကြောင်နက်မှော်အောင်ထားတဲ့ သူဘက်ကိုလှည့်ပြီး

“သင့်မျက်လုံးမှိတ်ထားပါ တစ်ခုခုခံစားရရင် ခံစားရတဲ့အတိုင်းပြောပါ”လို့ပြောပြီး ပေါင်နှစ်ဖက်ပေါ်ကို လက်နှစ်ဖက်အုပ်လိုက်တယ်။

အောင်မြတ်သာလက်နဲ့အုပ်ထားတဲ့အချိန် ပေါင်နှစ်ဖက်က ရုတ်တရက်တုန်ခါလာပြီး

” ပေါင်ထဲမှာ ပြေးနေတယ် အား အား နာတယ် ပေါင်ရဲ့အသားကိုဖောက်ထွက်နေသလိုခံစားရတယ်”

နက်ကျော်ရဲ့အသံကိုကြားတော့အောင်မြတ်သာက

“သင့်ရဲ့ကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အစီအရင်တွေ ကြောင့်ဖြစ်တာပါ မကြာခင်ကောင်းသွားပါလိမ့်မယ် ခဏသည်းခံလိုက်ပါ”

အောင်မြတ်သာစကားအဆုံး

“အား အား မရတော့ဘူး အရမ်းနာတယ် ကျုပ်ဗိုက်ထဲကနေ အပေါ်ကိုတက်လာနေပြီ “ဆိုတဲ့အော်သံနဲ့အတူ နက်ကျော်အရုပ်ကြိုးပြတ်လဲကျသွားတယ်။

အချိန်ဘယ်လောက်ကြာသည်အထိ နက်ကျော် သတိမေ့သွားတယ်မသိ ပြန်သတိရလာတော့ သုသာန်ထဲမှာ မည်သူမှမရှိတော့ နက်ကျော်ရဲ့ဘေးမှာတော့ ဆီစိမ်စက္ကူနဲ့ရေးထားတဲ့ စာရွက်တစ်ရွက် စာရွက်ရဲ့ဘေးမှာတော့ ကြောင်နက်ရိုးနှစ်ချောင်း…

စာထဲမှာရေးထားတာက
“သင်ကိုယ်ထဲမှာရှိတဲ့အစီအရင်ဖြစ်တဲ့ ကြောင်နက်အရိုးကိုဖယ်ထုတ်ပေးခဲ့ပြီးပြီ သင့်သူတစ်ပါးကိုကယ်တင်ချင်တယ်ဆိုရင်တော့ သင်ယခင်ရောက်ခဲ့ဖူးတဲ့တောနက်ထဲကိုပြန်လာခဲ့ပါ ကျုပ်တို့စောင့်နေမယ်”

နက်ကျော်လဲ စာဖတ်ပြီးတာနဲ့ ပေါင်ကိုကြည့်လိုက်တော့ ကြောင်တက်ကြောင်ဆင်းနှစ်ကောင်က အမြှီးနှစ်ခွမဟုတ်တော့တာကိုတွေ့လိုက်ရတယ်။

နက်ကျော်လဲ ပေါင်ကိုပုတ်ပြီး

“ကျား”လို့အော်ကာ ခုန်လိုက်တယ်ဆိုရင်ပဲ
လူကငှက်တောင်မွှေးတစ်ခုပမာ ဇရပ်ခေါင်မိုးပေါ်ကိုရောက်သွားခဲ့တယ်။

ဇရပ်ခေါ်မိုးပေါ်ကနေ
“လွတ်ပီ ကျွတ်ပီဟေ့ “လို့အော်လိုက်တဲ့ ပဲ့ထင်သံက သုသာန်တစ်ခုလုံးဖုံးလွှမ်းသွားပါတော့တယ်။
+++++++

အောင်မြတ်သာတို့ဆရာတပည့်တွေကတော့ အောက်လမ်းဆရာဦးယက္ခနဲ့ရင်ဆိုင်ဖို့ ဆက်လက်ထွက်ခွာသွားခဲ့ကြတယ်။

နောက်ဇာတ်လမ်းမှာ အောင်မြတ်သာနဲ့ ဦးယက္ခတို့ဘယ်လိုတွေ့ဆုံပညာပြိုင်ကြမလဲ၊ ကြောင်နက်မှော်အောင်ထားတဲ့‌နက်ကျော်ကရော အောင်မြတ်သာတို့ကိုဘယ်လိုတွေကူညီမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် အောက်လမ်းဆရာယက္ခဆိုတဲ့ဝတ္တုလေးကိုစောင့်မျှော်ပေးကြပါဦးဗျာ။

လေးစားစွာဖြင့်
ဇေယန(ရာမည)