“ ချွင် ချလွင် ချလွင်…..”

နဂါးကြီးတစ်ကောင်အိပ်ပျော်သလိုဖြစ်နေတဲ့ တောင်တန်းပေါ်ကနေထွက်ပေါ်လာတဲ့အသံကြောင့် စင်္ကြန်လျောက်နေတဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေရပ်တန့်သွားသလို အိပ်ဖို့ပြင်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

“ ဆရာ တောင်တန်းပေါ်မှာ မြည်နေတဲ့အသံတွေကြားတယ်မဟုတ်လား… အဲဒါ ဘာအသံတွေလဲဟင်”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက လက်ထဲမှာကိုင်ထားတဲ့ ပုတီးစိပ်ကို လည်ပင်းမှာဆွဲလိုက်ပြီး

“ နှစ်ပေါင်းများစွာကြာမှ တစ်ခါဖွင့်တဲ့ ငွေယားသိုက်ဆီကနေ ထွက်လာတဲ့အသံတွေဖြစ်မယ်ထင်တယ်”

“ ဗျာ ငွေယားသိုက် ဟုတ်လား”

“ ဟုတ်တယ် ငွေယားသိုက်ဆိုတာ နောင်ပွင့်မယ့်အရိမေတ္တိယျဘုရားကိုရည်စူးလှူဒါန်းထားတဲ့ ငွေထည်ပစ္စည်းတွေကို စောင့်ရှောက်နေတဲ့ သိုက်တစ်ခုပဲ၊ သိုက်ထဲမှာရှိတဲ့ငွေထည်ပစ္စည်းတွေကို သိုက်စောင့်ပုဂ္ဂိုလ်တွေမပေးပဲယူမိရင် တစ်ကိုယ်လုံး အဖုအပိန့်တွေထွက်လာပြီး ယားယံတော့တာပဲ။ ဒါကြောင့် ရှေးလူကြီးတွေက ငွေထည်ပစ္စည်းတွေထိန်းသိမ်းထားတဲ့သိုက်ကို ငွေယားသိုက်လို့ ခေါ်ကြတယ်”

“ ဒါဆို အခုက သိုက်တံခါးကို ဘာလို့ဖွင့်တာလဲဆရာ”

“ သိုက်စောင့်တွေအနေနဲ့ လူတွေရဲ့ကိုယ်ကျင့်သီလကို စမ်းသပ်တဲ့သဘောဖြစ်မယ်ထင်တယ်… သူတစ်ပါးပစ္စည်းအချောင်လိုချင်တဲ့သူတွေတော့ ဒုက္ခရောက်ကြတော့မှာပဲ”

အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကို လေးလံစွာချရင်း ငွေယားသိုက်ရှိရာ တောင်ကြောဘက်ကိုငေးကြည့်နေခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရတို့လဲ ငွေယားသိုက်အကြောင်းကို စဉ်းစားရင်းနဲ့ မျက်လုံးတွေလေးလံလာကာ ခေတ္တအိပ်ပျော်သွားခဲ့တယ်။

မနက်အရုဏ်တက်ခါနီးအချိန်ရောက်တော့ ဇရပ်ဘေးကနေ သွားလာနေကြတဲ့ လှည်းသံ၊ လူသံတွေကြောင့် နိုးလာတဲ့အချိန် အောင်မြတ်သာကတော့ မီးရောင်တဝင်းဝင်းဖြစ်နေတဲ့ တောင်ခါးပန်းတစ်နေရာကိုငေးမောကြည့်နေတာ မြင်လိုက်ရတယ်။

“ ဆရာ … တောင်ပေါ်မှာ မီးရောင်တဝင်းဝင်းနဲ့ ဘာများဖြစ်လို့လဲ၊ နောက်ပြီး အခုသွားနေတဲ့လူတွေကလဲ အများကြီးပါလား”

“ လူတွေရဲ့လောဘကလဲ အတော်ကြောက်ဖို့ကောင်းပါလား.. အင်း မကြာခင် ဒီလူတွေ ဒုက္ခရောက်ကြတော့မှာ မြင်ယောင်မိပါဘိ”

“ ဟာ ဒါဆို ကျွန်တော်တို့ တားရမယ်မဟုတ်လားဆရာ”

တောက်ရစကားကိုကြားတော့ အောင်မြတ်သာက ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်ပြီး

“ ဒီအချိန် တားရင် မင်းတို့ရော ငါတို့ရော ရန်သူတွေဖြစ်သွားလိမ့်မယ်.. အခုတော့ သူတို့အရှိန်နဲ့သူတို့လွှတ်ထားပေးလိုက်ပါ” လို့ပြောကာ တောင်ကြောပေါ်ကို အလုအယက်တက်နေကြတဲ့ လူအုပ်ကြီးကို တည်ငြိမ်စွာကြည့်နေခဲ့တယ်။

ပတ်ဝန်းကျင်ကိုရှင်းလင်းစွာမြင်ရတဲ့အချိန်ရောက်တော့ တောင်ကြောပေါ်ကိုမလှုပ်မယှက်ငြိမ်သက်စွာကြည့်နေတဲ့ အောင်မြတ်သာက

“ ငွေယားသိုက်စောင့်တွေက သူတို့မှာရှိတဲ့ပစ္စည်းအချို့ကို ပေးချင်နေတဲ့သူရှိတယ်လို့မြင်တယ်… ဒါကြောင့် ရွာနီးချုပ်စပ်ကလူတွေ တောင်ပေါ်ကိုရောက်အောင် မျှားခေါ်လိုက်တာ”

“ သူတို့ပေးချင်တဲ့လူက ဘယ်သူများဖြစ်နိုင်လဲဆရာ”

“ ဒါတော့ သေချာမသိဘူး… ငွေထည်ပစ္စည်းကိုအိမ်ထိအကောင်းပကတိယူလာနိုင်တဲ့သူကသာ ထိုက်တန်တဲ့သူပဲ.. “

“ ဟုတ်ကဲ့ဆရာ .. ကျွန်တော်တို့အနေနဲ့ ဘာများပြင်ဆင်ထားရမလဲ”

“ လောလောဆယ် လောဘသားတွေကို ကုသပေးဖို့ အရိပ်ရအပင်တွေအောက်ကို သန့်ရှင်းရေးလုပ်ထားပေးပါ”

အောင်မြတ်သာစကားအဆုံးမှာ အကင်းပါတဲ့ သက်ခိုင်နဲ့ တောက်ရက အနီးနားမှာရှိတဲ့ ထန်းလက်တွေကိုခုတ်ကာ ထိုင်လို့ရမယ့်နေရာတစ်ခုကိုဖန်တီးလိုက်ကြတယ်။ နေထန်းတစ်ဖျားကျော်ကျော်ရောက်တော့ ဖုန်တစ်ထောင်းထောင်း ထအောင်မောင်းလာတဲ့ လှည်းတစ်စီးကိုမြင်လိုက်ရတယ်။

“ ဆရာ… စျေးဦးပေါက်တော့လာပြီထင်တယ်”

တောက်ရရဲ့ စကားမဆုံးခင်မှာပဲ လှည်းက ဇရပ်နားကိုရောက်လာခဲ့တယ်။

“ လှည်းမောင်းတဲ့ နောင်ကြီး… ဟိုလူက ဘာဖြစ်တာလဲဗျ”

“ တောင်ပေါ်ကနေဆင်းလာတော့ တစ်ကိုယ်လုံး ယားလာတယ်ပြောတာပဲ… ကုတ်ဖဲ့ထားတာလဲ ပြောမနေပါနဲ့ဗျာ”

“ အခု ဘယ်ကိုသွားကြမလို့လဲ”

“ ရွာမှာရှိတဲ့ ဗိန္ဒောဆရာဆီသွားပြမလို့လေ… တောင်ပေါ်မှာ မတည့်တာတွေများစားလာခဲ့လားမသိပါဘူး”

“ ကဲကဲ ဒါဆိုရင်တော့ ရွာကိုမသွားနေနဲ့ ကျုပ်တို့ပဲကုပေးပါမယ်… အရင်ဆုံး လှည်းပေါ်ကလူနာကို အောက်ချလိုက်ပါဦး”

လှည်းသမားလဲ လူနာကို အပင်အောက်ချပေးလိုက်တဲ့အချိန် အောင်မြတ်သာက အသင့်ဆောင်ထားတဲ့ ရေမန်းနဲ့တစ်ကိုယ်လုံးဖြန်းပေးလိုက်တော့မှ ယားယံနေတာတွေ သက်သာသွားခဲ့တယ်။

“ ဘယ်လိုလဲ ယားနေသေးလား”

“ သိပ်မယားတော့ဘူးဗျ… ကုတ်ထားတဲ့ဒဏ်ကြောင့် နည်းနည်းတော့တင်းနေတာပေါ့”

“ ခင်ဗျား တောင်ပေါ်ကိုဘာသွားလုပ်ခဲ့တာလဲ”

အဆက်အစပ်မရှိမေးလိုက်တဲ့ အောင်မြတ်သာစကားကြောင့် ကုတ်ရာဗရပွနဲ့လူက အံ့ဩသွားပြီး

“ ဘာမှမလုပ်ပါဘူး ဒီတိုင်းသစ်ခုတ် ဝါးခုတ်ဖို့သွားတာပါ..”

“ ကောင်းပြီလေ ဒါဆို နောက်ထပ်ယားယံလာတဲ့အခါ ကျုပ်တို့ထပ်မကုပေးနိုင်တော့ဘူး”

“ ဆရာ အဲလိုတော့မလုပ်ပါနဲ့ဗျာ… ကျုပ်ခဗျာ ကုတ်ရလွန်းလို့ အသားနီတွေတောင်လန်နေပါပြီ”

“ ခင်ဗျားကိုယ်တိုင်ကမှ အမှန်တိုင်းမဖြေတာ ကျုပ်တို့က ဘာလို့ဆက်ကုပေးရမလဲ”

အောင်မြတ်သာစကားကြောင့် ထိုင်နေတဲ့လူက ဘေးမှာပါလာတဲ့လှည်းမောင်းသမားကို ကြည့်လိုက်ပြီး

“ အမှန်တိုင်းပြောပြပါမယ် … ကျုပ်တို့က တောင်ပေါ်မှာ ငွေသိုက်တံခါးဖွင့်တယ်ဆိုလို့ သွားကြတာပါ…”

“ ငွေသိုက်တံခါး ဟုတ်လား… ရှင်းစမ်းပါဦး ဘယ်လိုငွေသိုက်တံခါးလဲ”

“ ကျုပ်တို့အဖိုးအဖွားတွေလက်ထပ်ကဆိုရင် ပွဲလမ်းသဘင်တွေဖြစ်တဲ့အခါ တောင်ကြောပေါ်ကဂူတွေမှာနေတဲ့ သိုက်စောင့်တွေဆီကနေ ငွေထည်ပစ္စည်းငှါးဝတ်ခဲ့ကြတယ်။ နောက်ပိုင်းလူတွေက ကတိမတည်ကြတဲ့အတွက် သိုက်စောင့်တွေက ဘာပစ္စည်းမှမငှါးတော့ပဲ ပျောက်ကွယ်သွားခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလလောက်မှာ ရွာထဲကို ဆရာသက်ထွန်းဆိုတဲ့ ပယောဂဆရာတစ်ယောက်ရောက်လာပြီး လာမယ့်လအနည်းငယ်အတွင်း ဒီတောင်ကြောမှာရှိတဲ့ သိုက်တံခါးပွင့်လိမ့်မယ်။ သိုက်တံခါးပွင့်တဲ့အခါ တောင်ကြောတစ်လျောက် ငွေထည်ပစ္စည်းတွေပြန့်ကျဲနေလိမ့်မယ်ဆိုပြီး ပြောခဲ့တယ်။ ကျုပ်တို့ကလဲ သူပြောတဲ့စကားကိုမယုံပေမယ့် မနေ့ညက တောင်ပေါ်မှာ ငွေထည်ပစ္စည်းတွေချင်းထိလို့ထွက်လာတဲ့အသံတွေကြောင့် နမိတ်စကားကအမှန်ဖြစ်လာတယ်ထင်ပြီး လောဘတက်မိတာပါ”

“ ဒါဆို သင်က တောင်ပေါ်ကနေ တစ်ခုခုရလာခဲ့တယ်လို့ပြောချင်တာလား”

“ ဟုတ်ပါတယ် ကျုပ်တို့တောင်ပေါ်ရောက်တော့ ငွေသားနဲ့လုပ်ထားတဲ့လင်ဗန်းတစ်ချပ်ကိုတွေ့လို့ကောက်ယူခဲ့မိပါတယ်။ ကောက်ရပြီးမကြာခင်မှာပဲ တစ်ကိုယ်လုံးထူပူပြီး ယားယံလာတာကြောင့် တောင်အောက်ကိုပြန်ဆင်းလာခဲ့တာပါ”

“ သင်တို့ကောက်ယူခဲ့တဲ့ ငွေလင်ဗန်းကို သွားယူလာခဲ့.. ဒီကစ္စည်းက တွေ့တိုင်းယူလို့ရတဲ့အရာမဟုတ်ဘူး…”

အောင်မြတ်သာစကားအဆုံး နွားလှည်းမောင်းတဲ့သူက ကောက်ရိုးတွေအောက်မှာဖွက်ထားတဲ့လင်ဗန်းကိုသွားယူရာ ငွေလင်ဗန်းကနေ မီးကျွမ်းနေတဲ့သစ်ပြားတစ်ခုအဖြစ်ပြောင်းလဲနေတာမြင်လိုက်ရတယ်။

” ဘယ်လိုဖြစ်တာလဲ… ကျုပ်တို့ယူလာတုန်းက ငွေလင်ဗန်းပါဗျာ”

“ ခင်ဗျားတို့က ကိုယ်နဲ့မထိုက်တန်တဲ့ပစ္စည်းကို လောဘဇောတက်ပြီးယူခဲ့မိတာကြောင့် အခုလိုဖြစ်တာ”

“ ဒါဆို တောင်ပေါ်မှာ ရှိနေတဲ့လူတွေလဲ ကျုပ်တို့လိုဖြစ်နိုင်တာပေါ့”

“ သူတို့ပိုင်နက်အတွင်းမှာဆိုရင် ဘာမှမဖြစ်ပေမယ့် ပိုင်နက်ကျော်လွန်သွားရင်တော့ ယားယံတာတွေဖြစ်လာနိုင်တယ်”

“ ဒုက္ခပါပဲဗျာ ဒီအနီးတစ်ဝိုက်ကလူတွေအားလုံး တောင်ပေါ်မှာပစ္စည်းတွေရှာနေကြတာ ဘယ်လိုလုပ်ရပါ့မလဲ”

“ ခင်ဗျားတို့အနေနဲ့ ကူညီနိုင်တာတစ်ခုက ယားယံလာတဲ့လူတွေကို ကျုပ်တို့ဆီခေါ်လာဖို့ပါပဲ.. လူဆိုတာ နိဗ္ဗာန်ကိုမရောက်မချင်း လောဘ ဒေါသ မောဟတွေ အနည်းနဲ့အများရှိကြတဲ့အတွက် ဘယ်သူကိုမှအပြစ်တင်လို့မရဘူးလေ၊ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ ကူညီပေးတာပါ”

“ ဆရာတို့ စိတ်ထားကိုတော့လေးစားမိပါတယ်… ကျုပ်နဲ့သိတဲ့သူတွေကို ဆရာတို့ဆီလမ်းပြခေါ်လာပါ့မယ်။ အော် ဒါနဲ့ဆရာ ဒီသစ်သားပြားကို ဘာလုပ်ရမလဲ”

“ အခုတော့ ကုက္ကိုပင်အောက်မှာပဲ ပုံထားလိုက်ပါ… လူနာကို ရေမန်းပုံမှန်သောက်ဖို့လဲ သတိပေးလိုက်ပါဦး”

အောင်မြတ်သာစကားအဆုံးမှာ နွားလှည်းမောင်းတဲ့လူက မီးကျွမ်းနေတဲ့သစ်သားပြားကို ကုက္ကိုပင်အောက်မှာပစ်ချကာ ထွက်သွားခဲ့တယ်။

နေ့လည်ခင်းလောက်ရောက်တော့ တစ်ကိုယ်လုံးယားယံနေတဲ့လူနာတွေအပြင် အဖုအပိန့်တွေထနေတဲ့လူနာတွေပါရောက်လာတဲ့အတွက် အောင်မြတ်သာတို့ဆရာတပည့်တွေ ဖင်ထိုင်ချမရလောက်တဲ့ထိ အလုပ်ရှုပ်ခဲ့ကြတယ်။ ထူးဆန်းတာက အဖုအပိန့်ထွက်သူ၊ ယားယံသူတွေက ငွေထည်ပစ္စည်းတွေကို ကောက်ယူတဲ့သူတွေဖြစ်နေခဲ့တာပဲ။

အောင်မြတ်သာလဲ ယားယံတဲ့ရောဂါကို ရေမန်းနဲ့ ကုသပေးပြီး ကောက်ယူလာတဲ့ပစ္စည်းတွေကို ပြန်လည်တောင်းခံကာ စုထားပေးခဲ့တယ်။ လောဘဇောတက်ပြီး ကောက်ယူလာတဲ့ ငွေထည်ပစ္စည်းတွေက အခုတော့ မီးသွေးလောက်တောင်သုံးမရတဲ့အတွက် ရွာသားတွေအားလုံး စိတ်ပျက်ကာ ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ ပြန်သွားခဲ့ကြတယ်။

နှစ်ရက်တိတိ တဖွဖွဲလာနေကြတဲ့ လူနာတွေကို ကုသပေးပြီးတဲ့အချိန်မှာတော့ ကုက္ကိုပင်အောက်မှာပုံထားတဲ့ မီးသွေးခဲတွေက လူတစ်ရပ်ခန့်အထိဖြစ်လာခဲ့တယ်။ နှစ်ရက်မြောက်ညမှာတော့

“ ပယောဂကုတဲ့ဆရာတွေရှိလား…. “

ဇရပ်အောက်ဘက်အမှောင်ထဲကနေထွက်လာတဲ့အသံကြောင့် သက်ခိုင်က ဖယောင်တိုင်ကိုအပေါ်ကိုထောင်ကြည့်လိုက်ပြီး

“ ညကြီးအချိန်မတော်ဘယ်သူလဲဟေ့”

“ ဘယ်သူပဲဖြစ်ဖြစ် နင်သိဖို့မလိုဘူး…. ငါက နင်နဲ့စကားပြောဖို့လာတာမဟုတ်ဘူး နင်တို့ဆရာကိုခေါ်ပေး”

အထက်စီးလေသံနဲ့ပြောလိုက်တာကြောင့် သက်ခိုင် စိတ်ထဲ ထင့်သွားပြီး အောက်ကိုဆင်းဖို့အလုပ် အောင်မြတ်သာက

“ င့ါကိုတွေ့ချင်လို့လာတဲ့သူဆိုတော့ ကိုယ်တိုင်ဆင်းတွေ့လိုက်ပါမယ်”

“ လူဆိုးလား လူကောင်းလားမသိပဲနဲ့ ဖြစ်ပါ့မလားဆရာ”

“ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် အကြောင်းအရင်းရှိလို့လာတာဖြစ်မှာပါ၊ သိပ်လဲစိတ်ပူမနေပါနဲ့”

အောင်မြတ်သာက သက်ခိုင်ကိုပြောပြီး ဖယောင်းတိုင်မီးကိုယူကာ အောက်ဆင်းသွားခဲ့တယ်။ ဇရပ်အောက်ကိုရောက်တော့ ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ဖားလျားချထားတဲ့ ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဘယ်သူများလဲလို့ …လာကြည်တာ ငွေယားသိုက်စောင့်ဖြစ်နေတာကိုး…ကဲ ပြောပါဦး ဘာကိစ္စများရှိလို့ပါလဲ”

“ သင်လုပ်လို့ ကျုပ်တို့လိုချင်နေတဲ့လူမတွေ့ရတော့ဘူး”

“ ကျုပ်အနေနဲ့ လူတွေကို ဆေးကုပေးတာပဲရှိတာ… သင်တို့အပေါ်မကောင်းတာလဲမလုပ်ခဲ့ပါဘူး”

“ ကျုပ်စကားကောင်းပြောနေတုန်း ဒီနေရာကနေထွက်သွားကြပါ… ကျန်တဲ့ကိစ္စ ကျုပ်တို့ဘာသာဆက်လုပ်မယ်။ မနက်ဖြန်အရုဏ်တက်လို့မှ မထွက်သွားဘူးဆိုရင် ကျုပ်တို့အဆိုးမဆိုပါနဲ့”

အောင်မြတ်သာက စိတ်ဆိုးမာန်ဆိုးနဲ့ပြောပြီး အမှောင်ထုထဲကိုထွက်သွားတဲ့ သူကိုကြည့်ပြီး မျက်လုံးကိုစုံမှိတ်ကာ ငြိမ်သက်နေလိုက်တယ်။

အတန်ကြာတော့မှ ဇရပ်ပေါ်တက်လာပြီး

“ သူတို့က လူကိုအရှင်လိုချင်နေတာကိုး”

“ ဗျာ ဘယ်လိုအရှင်လိုချင်တာလဲ ဆရာ”

“ ပစ္စည်းတွေနဲ့မျှားပြီး သူတို့လိုချင်တဲ့သူကို ရှာနေတာ… ဒါပေမယ့် လိုချင်တာတစ်ခြား လာတာတစ်ခြားဖြစ်နေတဲ့အပြင် ငါတို့က ဆေးကုပေးနေတာကြောင့် သူတို့သိုက်နန်း တစ်ဝိုက်ကိုဘယ်သူမှမလာရဲတော့ဘူးလေ။ အဲဒါကြောင့် စိတ်ဆိုးပြီး လာခြိမ်းချောက်တာဖြစ်မှာပါ”

“သူတို့လိုချင်နေတဲ့သူက ဘယိလိုလူမျိုးလဲဆိုတာ သိချင်မိတယ်ဆရာ”

“ ငါတို့နဲ့ရေစက်ပါလာရင်တော့ တွေ့ရမှာပေါ့… အခုတော့ ကုက္ကိုပင်အောက်က ငွေယားပုံကို သတိထားရမယ်”

“ မီးကျွမ်းနေတဲ့အတိုအစတွေကို ဘာလို့သတိထားရမှာလဲဆရာ”

တောက်ရ စကားကိုကြားတော့ အောင်မြတ်သာက လက်ထဲမှာကိုင်ထားတဲ့ မီးသွေးခဲတစ်ခဲကို ဂါထာတစ်ပုဒ်နဲ့မန်းမှုတ်ပြီး လက်နဲ့အုပ်လိုက်ရာ မီးသွေးခဲ့ကနေ အရည်အသွေးကောင်းတဲ့ ငွေတုံးအဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။

“ မီးသွေးခဲကနေ ငွေတုံးအဖြစ် ဘယ်လိုပြောင်းသွားတာလဲဆရာ”

“ အံ့ဩဖို့ကောင်းတယ်မဟုတ်လား… ဒီပညာက အချို့အောက်လမ်းဆရာကြီးတွေတတ်ကြသလို သိုက်တွေဖော်ပြီး ကိုယ်ကျိုးရှာနေတဲ့ အထက်လမ်းဆရာတွေလဲ တတ်ကြတယ်။ အခု ငါတို့မြင်နေရတဲ့ ငွေယားသိုက်ဆီကို လူ့လောဘသားတွေရောက်လာကြတော့မယ်လို့ခံစားမိတယ်”

“ ဘယ်လိုလုပ်ကြမလဲဆရာ… ပစ္စည်းတွေကို ပြန်ယူဖို့ သိုက်စောင့်တွေကို အမိန့်ပြန်လိုက်ရမလား”

“ မလုပ်နဲ့ဦး သက်ခိုင်… အခုလာမယ့် လောဘသားတွေထဲမှာ ငါတို့တွေ့ချင်နေတဲ့ သူလဲပါကောင်းပါလာလိမ့်မယ်”

“ ဒါဆို ကျွန်တော်တို့သေချာစောင့်ကြည့်နေပါမယ်၊ ဆရာလုပ်စရာရှိတာကိုသာလုပ်ပါ”

သက်ခိုင်က အောင်မြတ်သာကို ကတိပေးပြီး တောက်ရကိုခေါ်ကာ ပစ္စည်းတွေပုံထားတဲ့ ကုက္ကိုပင်အောက်ကို ထွက်သွားခဲ့တယ်။

အပင်အောက်ကိုရောက်တော့ ပစ္စည်းပုံပတ်ပတ်လည်ကို မသမာတဲ့သူတွေဝင်မရအောင် စည်းသုံးတန်တားကာ အင်းစောင့်ပုဂ္ဂိုလ် လေးပါးကိုအစောင့်အနေနဲ့ထားခဲ့ကာ ဇရပ်ပေါ်ပြန်လာခဲ့လိုက်တယ်။

ညဘက်ရောက်တော့ ဆရာတပည့်တွေ ဘုရားရှိ မေတ္တာပို့ပြီးတဲ့အချိန် လက်ယာဘက်ဘေးမှာ ဓါးနှစ်လက်ကိုယှက်ပြီးကိုင်ထားတဲ့ အင်းစောင့်တစ်ပါးပေါ်လာတာကိုမြင်တဲ့ အောင်မြတ်သာက

“ ဘာအရေးကိစ္စများရှိလို့ ကိုယ်ထင်ပြရတာလဲ “

“ ဆရာ မကြာခင် ဒီနေရာကို မသမာသူတွေရောက်လာကြတော့မယ်ဆိုတဲ့အကြောင်း သတိလာပေးတာပါ”

“ ကျုပ်သဘောပေါက်ပြီ … လိုအပ်တာတွေလဲ ပြင်ထားလိုက်ပါမယ်” လို့ပြောလိုက်တော့မှ အင်းစောင့်ပုဂ္ဂိုလ်က လက်အုပ်ချီကာ ပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ … ဒီလူတွေ တစ်ဆင့်စကားကြားပြီး ကျွန်တော်တို့ရှိတဲ့နေရာကိုလာကြတာဖြစ်မယ်”

“ သိပ်လဲစိတ်ပူမနေပါနဲ့ … ပစ္စည်းပုံပတ်ပတ်လည် တန်ပြန်စမအင်းနဲ့ ရန်လုံအင်းချထားခဲ့တယ်မဟုတ်လား”

“ ဟုတ်ကဲ့ဆရာ သေချာစီမံထားခဲ့ပါတယ်”

သက်ခိုင်စကားအဆုံးမှာ ရွာကန်သင်းရိုးဘက်ကနေ ခွေးဟောင်သံအချို့ထွက်လာခဲ့တယ်။

“ သူတို့လာကြပြီထင်တယ်ဆရာ… ကျွန်တော်တို့ဘာလုပ်ကြမလဲ”

“ စီရင်ထားတဲ့အင်းတွေက သူတို့အာရုံတွေကို လှည့်စားသွားမှာဖြစ်လို့ ငါတို့က တစ်နေရာကနေစောင့်ကြည့်နေဖို့လိုတယ်”

“ ဆရာ ဟိုမှာ မီးရောင်တွေမြင်နေရပြီ… ကျွန်တော်တို့နေရာပြောင်းရတော့မယ်ထင်တယ်”

တောက်ရစကားကြောင့် အောင်မြတ်သာတို့လဲ ဇရပ်ပေါ်ကနေဆင်းကာ စောင့်ကြည့်နေခဲ့ကြတယ်။

“ ဘကျော် မင်းပြောတော့ ဇရပ်မှာ အထက်လမ်းဆရာတွေရှိတယ်ဆို”

ကာကီရောင်အနွေးထည်ကိုဝတ်ထားတဲ့ အသက်၄၀အရွယ်လူရဲ့စကားကြောင့် မီးတုတ်ကိုင်ထားတဲ့ ဘကျော်ဆိုတဲ့လူက

“ သေချာပါတယ် ဆရာရယ်… သူတို့က ရွာသားတွေရလာတဲ့ ပစ္စည်းတွေကို ကုက္ကိုပင်အောက်မှာပုံခိုင်းပြီး ရေမန်းနဲ့ကုပေးတာ ကျွန်တော်မျက်မြင်ပဲ”

“ အခုဘယ်မလဲ ပစ္စည်းတွေ… မင်းပြောတဲ့အပင်အောက်မှာလဲ ဘာမှမတွေ့ပါလား”

ဆရာဖြစ်တဲ့သူရဲ့စကားကြောင့် ဘကျော်ဆိုတဲ့လူ မျက်စိပျက်မျက်နှာပျက်ဖြစ်သွားခဲ့တယ်။

“ ဆရာ ဒီပုံစံကြည့်ရတာ ငွေယားတွေကို သိုက်ကပြန်သိမ်းသွားပြီနဲ့တူတယ်… ကျွန်တော်တို့ တောင်ပေါ်တက်ပြီးရှာကြည့်ရင်မကောင်းဘူးလား”

“ ငါက သိုက်အပြင်ရောက်လာတဲ့ပစ္စည်းတွေကို ပုံစံပြောင်းနိုင်တဲ့အဆင့်ပဲရှိတာ … တောင်ပေါ်တက်တာနဲ့ သိုက် စောင့်တွေက ငါတို့ကိုဒုက္ခပေးနိုင်တယ်”

“ ဒီလိုဆိုတော့လဲ နောက်ကြောင်းပြန်လှည့်ရုံပဲရှိတော့တာပေါ့… ဘကျော် ဘကျော် ပြောတော့ဖြင့် အတိအကျ … ရောက်လာတော့ ဘာမှမရှိဘူး… ဟင်း”

မီးတုတ်တွေကိုင်ထားတဲ့လူအုပ်ကြီးက အံတကြိတ်ကြိတ်နဲ့ကြိမ်းဝါးရင်း ပြန်လှည့်သွားကြပေမယ့် လုံချည်တိုတိုဝတ်ထားပြီး ဝါးခမောက်ကိုဆောင်းထားတဲ့လူကတော့ ကုက္ကိုပင်အောက်ကို အတန်ကြာစူးစိုက်ကြည့်နေတာကို အောင်မြတ်သာတို့သတိထားမိခဲ့တယ်။

“ ဆရာ ဟိုလူက ကုက္ကိုပင်အောက်ကို ကြည့်နေပါလား”

“ သူ တစ်ခုခုကိုမြင်လို့ထင်တယ်… ဧကန …”

သက်ခိုင်နဲ့ တောက်ရတို့ရဲ့စကားတွေကို အောင်မြတ်သာ ဘာမှပြန်မပြောပဲ လှည့်ထွက်သွားတဲ့လူရဲ့နောက်ကျောကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး လူရိပ်လူခြေပြတ်သွားတော့မှ

“ ဒီလူက ငါတို့စီရင်ထားတာကို ဖောက်ထွင်းမြင်နေသလားပဲ”

“ မဖြစ်နိုင်တာ ဆရာ… သူတို့ဆရာတောင် မမြင်တဲ့ဟာကို သူကဘယ်လိုမြင်နိုင်မှာလဲ”

“ ဒီပစ္စည်းတွေပိုင်တဲ့ သိုက်စောင့်တွေ လိုချင်နေတဲ့သူများ ဖြစ်နေမလား”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ လက်ဖျောက်တီးလိုက်ပြီး

“ ဖြစ်နိုင်တယ်ဆရာ … ဒီလူသာ တကယ်မြင်တယ်ဆိုရင် မကြာခင်တစ်ယောက်ထဲပြန်လှည့်လာနိုင်တယ်…”

“ ဟုတ်မဟုတ်သိရအောင် စောင့်ကြည့်ကြတာပေါ့… တကယ်လို့သူပြန်လာခဲ့ရင်တောင် ငွေယားတွေကို ကိုင်တွယ်နိုင်ဖို့ အစီအရင်တွေဖယ်ထားလိုက်ပါ”

သက်ခိုင်လဲ အစီအရင်တွေကိုဖယ်ရှားပြီး ခမောက်နဲ့လူပြန်လာမယ့်အချိန်ကိုစောင့်ကြည့်နေခဲ့တယ်။ ညတစ်ချက်ထိုးအချိန်ရောက်တော့ ရိုးပြတ်တွေကို နင်းပြီးလာနေတဲ့ ခြေသံကိုကြားလိုက်ရတယ်။

“ ခြေသံကြားတယ်ဆရာ… ဟိုလူပြန်လာပြီထင်တယ်…”

သက်ခိုင်စကားကြောင့် အောင်မြတ်သာကအမှောင်ထုထဲနေကြည့်လိုက်ရာ လုံခြည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက်က ရိုးပြတ်တွေကိုဖြတ်ကာ ငွေယားတွေပုံထားတဲ့ အပင်အောက်ကိုလျောက်လာတာကိုမြင်လိုက်ရတယ်။

အလင်းရောင်မှောင်ပျပျဖြစ်နေပေမယ့် လူရိပ်ကိုကောင်းစွာမြင်နေတဲ့ သက်ခိုင်က

“ ငွေယားတွေကို မယူပဲဘာလုပ်နေတာပါလိမ့်”

“ မလောနဲ့ဦး သက်ခိုင်… သူ ဘာလုပ်မလဲစောင့်ကြည့်ဦး”

ခဏနေတော့ ရပ်နေတဲ့လူက ကုက္ကိုပင်အောက်မှာ ပုံထားတဲ့ မီးသွေးခဲတစ်ခုကိုကောက်ကိုင်လိုက်တဲ့အချိန် ကျယ်လောင်စွာရယ်မောတဲ့အသံက တောင်ကြောတစ်လျောက်ကနေထွက်ပေါ်လာခဲ့တယ်။

“ ဆရာ ဒီလူကိုင်လိုက်တာနဲ့ မီးသွေးခဲတွေက ငွေတုံးတွေဖြစ်သွားပါလား”

“ သေချာပြီ ဒီလူက သိုက်စောင့်တွေလိုချင်နေတဲ့သူပဲ… အခုချက်ချင်း သူ့နားကိုသွားပြီး ကာကွယ်ရမယ်”

အောင်မြတ်သာစကားမဆုံးခင်မှာပဲ ငွေတုံးကိုင်ထားတဲ့လူရဲ့ဦးခေါင်းကို လှမ်းဆွဲတဲ့လက်တစ်ဖက်ကိုမြင်လိုက်ရတယ်။

ရုတ်တရက်ထွက်လာတဲ့လက်ကြောင့် ငွေတုံးကိုင်ထားတဲ့လူကြောက်လန့်ပြီး ရှောင်လိုက်ရာ လက်က ဦးခေါင်းကိုမကိုင်မိပဲ လေကိုသာဖမ်းမိသွားခဲ့တယ်။

“ ဇရပ်ပေါ်အမြန်ပြေးလာခဲ့….မြန်မြန်”

သက်ခိုင်ရဲ့အော်သံကြောင့် ကြောင်တောင်တောင်ဖြစ်နေတဲ့ လူက သတိဝင်လာပြီး ဇရပ်ပေါ်ပြေးတက်လာတဲ့အချိန် အနောက်ကနေ လိုက်လာတဲ့ခြေသံအချို့ကိုကြားလိုက်ရတယ်။

“ ခင်ဗျားတို့ကဘယ်သူတွေလဲ… “

“ အခုချိန် ဒီမေးခွန်းကိုဖြေဖို့အချိန်မရှိသေးဘူး… သက်ခိုင် ဒီလူကို ရေမန်းတိုက်ပြီး ဇရပ်ပတ်ပတ်လည်ကို ကြည့်လိုက်ဦး”

သက်ခိုင်လဲ အသင့်ရှိနေတဲ့ ရေမန်းကိုတိုက်လိုက်ပြီး ဇရပ်ပတ်ပတ်လည်ကိုကြည့်လိုက်ရာ ဆံပင်ဖားလျားချပြီးမျက်ထောင့်နီတွေနဲ့စိုက်ကြည့်နေတဲ့ မိန်းမတွေအပြင် တောက်တစ်ခတ်ခတ် အံတစ်ကြိတ်ကြိတ်ဖြစ်နေတဲ့ ယောင်္ကျားတွေကိုပါမြင်လိုက်ရတယ်။

“ ဆရာ… အခုမြင်နေရတဲ့သူတွေက သိုက်စောင့်တွေများလား”

“ ဟုတ်တယ်… သူတို့ဘာကြောင့် ဒီလူကိုခေါ်ချင်နေရလဲဆိုတာသိဖို့လိုတယ်”

အောင်မြတ်သာစကားလဲအဆုံး တောင်ကြောပေါ်ကနေ မောင်းတီးသံတစ်ချက်ထွက်ပေါ်လာပြီး ငွေယားပုံကြီးနဲ့အတူ ဇရပ်အောက်မှာရှိနေတဲ့သူတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်။

“ ကျုပ် ကျုပ် ညီမဖြစ်သူကိုလဲတွေ့ချင်တယ်… သူတို့ဆီလိုက်သွားရမှာလဲကြောက်ရွံ့နေခဲ့တယ်။ ကျုပ်ဘယ်လိုလုပ်ရမလဲ”

မထင်မှတ်ထားပဲရုတ်တရက်ထွက်လာတဲ့အသံကြောင့် အောင်မြတ်သာတို့ရဲ့အကြည့်တွေက ငုတ်တုပ်ထိုင်နေတဲ့လူအပေါ်ရောက်သွားခဲ့တယ်။

“ ခင်ဗျားညီမဖြစ်သူက ငွေယားသိုက်ထဲရောက်နေတာလား”

တောက်ရ စကားကိုကြားတော့ ထိုင်နေတဲ့လူရဲ့မျက်နှာ ညိုးငယ်သွားပြီး

“ ဟုတ်တယ် ကျုပ်ညီမက သူတို့ရဲ့ဖျားယောင်းမှုကြောင့် လိပ်ပြာနှုတ်ခံထိသွားတာ”

“ ဘယ်လို … ကျုပ်တို့နားလည်အောင်ရှင်းပြပါဦး”

တောက်ရစကားအဆုံးမှာ ဇရပ်ဘောင်ကိုမှီပြီးထိုင်နေတဲ့လူက

“ လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျုပ်ရဲ့ညီမဖြစ်သူ တောင်ပေါ်မှာမျှစ်သွားချိုးတဲ့အချိန် ငွေဘီးတစ်ချောင်းရလာခဲ့တယ်… အဲဒီအချိန်ကစပြီး ညဘက်ရောက်ရင် ယောင်္ကျားတစ်ယောက်နဲ့စကားပြောတဲ့အသံတွေကြားလို့ မေးကြည့်တော့ သူ့ကိုငွေဘီးလက်ဆောင်ပေးတဲ့သူလို့ပဲပြောတယ်။ ကျုပ်လဲ ညီမလေး ပယောဂမိနေပြီဆိုတာရိပ်မိလို့ ဆရာတစ်ယောက်နဲ့ကုဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကုတဲ့ဆရာကိုယ်တိုင် မျက်စိနှစ်ကွင်းပျက်စီးခဲ့ပြီး ညီမလေးကိုလဲလက်လွှတ်ခဲ့ရတယ်။ သူသေမယ့်ညမှာ ကျုပ်ကိုကြည့်ပြီး လပြည့်လကွယ်တိုင်း သူလာတွေ့မယ်တဲ့ ၊ အခုတော့ သူချစ်တဲ့သူနောက်ကို လိုက်ပါရစေလို့ပြောပြီး ကျုပ်လက်ပေါ် ငြိမ်ကျသွားခဲ့တာ။ လပြည့်လကွယ်နေ့ရောက်တိုင်း ဝတ်ကောင်းစားလှတွေဝတ်ပြီး ကျုပ်ကိုလာတွေ့ပေမယ့် လွန်ခဲ့တဲ့နှစ်ကစပြီး သူ့ကိုမတွေ့ရတော့ဘူး။ အဲဒါနဲ့ကျုပ်လဲ သူသွားခဲ့တဲ့တောင်ပေါ်ကို လိုက်သွားတဲ့အချိန် ဆံပင်ဖားလျားချထားတဲ့ယောင်္ကျားတစ်ယောက်ပေါ်လာပြီး ကျုပ်ညီမကိုတွေ့ချင်ရင် သူတို့သိုက်တံခါးဖွင့်တဲ့အချိန် ထွက်လာတဲ့ပစ္စည်းကိုယူပါလို့ပြောခဲ့တယ်။ ဒါပေမယ့် ကျုပ် လိုက်သွားရင်ကောင်းမလား… မလိုက်ရင်ကောင်းမလား ဝေခွဲမရဖြစ်နေတုန်း သိုက်ဆရာအဖွဲ့နဲ့ချိတ်ဆက်မိပြီး တောက်တိုမယ်ရအလုပ်သမားအဖြစ်လိုက်လာခဲ့တာ။ ဒီရောက်တော့ ငွေတုံးငွေခဲတွေပုံထားတာကိုမြင်ပေမယ့် သိုက်ဆရာတွေကမမြင်ခဲ့ဘူး။ ကျုပ်ပြောပြလိုက်ရင် ညီမဖြစ်သူအပေါ် သိုက်ကလူတွေအမြင်စောင်းမှာစိုးလို့ နှုတ်ပိတ်နေပြီး အခုမှပြန်လာခဲ့တာပါ”

အောင်မြတ်သာတို့လဲ ငုတ်တုပ်ထိုင်နေတဲ့လူပြောတဲ့စကားတွေကိုနားထောင်ပြီး

“ ဒါဆိုရင် သင်က ညီမဖြစ်သူအနောက်ကိုလိုက်ဖို့ ချီတုံချတုံဖြစ်နေတာပေါ့”

“ ကျုပ် ကျုပ် ညီမဖြစ်သူကိုလဲတွေ့ချင်တယ်… ဒါပေမယ့် ကျုပ်ဒီဘဝကိုပြန်မရောက်တော့မှာလဲကြောက်တယ်”

“ ခင်ဗျားကြောင့် သိုက်ဆရာတွေက ရွာသားတွေကို စည်းရုံးပြီး ပစ္စည်းတွေကိုသယ်ခိုင်းခဲ့တာပေါ့”

“ အဲလိုဖြစ်ဖို့မရည်ရွယ်ပါဘူးဗျာ… ကျုပ်က ညီမလေးနဲ့ တွေ့ချင်ရုံသက်သက်ပါပဲ”

စိတ်မကောင်းဖြစ်စွာပြောနေတဲ့လူကိုကြည့်ပြီး အောင်မြတ်သာက

“ ကျုပ်မှာလဲ ခင်ဗျားလိုအရမ်းချစ်ရတဲ့ ညီမတစ်ယောက်ရှိခဲ့ဖူးတယ်… သူကတော့ ရက်စက်တဲ့မိန်းမတစ်ယောက်ကြောင့် လူ့ဘဝကနေ အစောကြီးထွက်သွားခဲ့ရတယ်။ ကျုပ်ခင်ဗျားကို ကိုယ်ချင်းစာတဲ့အတွက် ညီမဖြစ်သူနဲ့ နောက်ဆုံးအကြိမ်တွေ့ခွင့်ရအောင် ကြိုးစားပေးပါ့မယ်။ သင့်အနေနဲ့ ဒီတစ်ခေါက်တွေ့ဆုံပြီးရင် သူ့ကိုထပ်မတွေ့ပါဘူးဆိုတဲ့ကတိတော့ပေးရမယ်”

“ ကျုပ် ကတိပေးပါတယ် … ဒီတစ်ခေါက်တွေ့ခွင့်ရအောင်သာ ကူညီပေးပါ”

အောင်မြတ်သာလဲ မျက်နှာငယ်နဲ့ထိုင်နေတဲ့လူကို ဂရုဏာသက်တဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး
“ ကျုပ်တို့ဘာမှမပြောမချင်း သင်ဒီအပေါ်ကနေမဆင်းလာပါနဲ့… သင်ဆင်းလာခဲ့ရင် ကျုပ်တို့လဲ ကယ်နိုင်မှာမဟုတ်ဘူး” လို့ပြောကာ ဇရပ်အောက်ကိုဆင်းသွားခဲ့တယ်။

ဇရပ်ဘေးက ကွင်းပြင်ကိုရောက်တော့ ဖယောင်းတိုင် ကိုးတိုင်ကို စက်ဝိုင်းပုံသဏ္ဍာန်ထွန်းပြီး

“ ဤတောင်ကြောမှာရှိတဲ့ ငွေယားသိုက်ကို စောင့်ကြပ်နေတဲ့ သိုက်စောင့်ပုဂ္ဂိုလ်အပေါင်းအား ကျုပ်၏အမိန့်ဖြင့်ဆင့်ခေါ်လိုက်သည်… ကျွန်ုပ်သည် သင်တို့အား ဒုက္ခပေးမယ့်သူမဟုတ်တဲ့အတွက် အမိန့်အာဏာစက်ရတာနဲ့ ကျုပ်အရှေ့သို့အမြန်လာရောက်ကြစေသား” လို့ပြောပြီး မြေကြီးကိုလက်ဝါးနဲ့ပုတ်လိုက်တဲ့အချိန် အလွန်မွှေးကြိုင်တဲ့ရနံ့နဲ့အတူ ကျောပေးထားတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။

နီညိုရောင်ပိုးသားအင်္ကျီကိုဝတ်ထားပြီး ခရုပတ်ချိတ်တောင်ရှည်ကိုဝတ်ထားတဲ့လူက အောင်မြတ်သာကို လှည့်မကြည့်ပဲ

“ ငါ့ကိုအမိန့်ပြန်ပြီးခေါ်ရတဲ့အကြောင်းက ဘာကိစ္စလဲ”

“ သင့်ကိုခေါ်ရတဲ့ အဓိကအကြောင်းအရင်းက လူတွေကို လောဘတက်အောင်ဖန်တီးပြီး ဝေဒနာခံစားရအောင်မလုပ်ဖို့နဲ့ သင်တို့ခေါ်ထားတဲ့ မိန်းကလေးကို လူဘဝကတော်စပ်ခဲ့တဲ့ အကိုဖြစ်သူနဲ့ ခဏတာတွေ့ခွင့်ပေးဖို့တောင်းဆိုမလို့ပါ”

“ သင့်အနေနဲ့ ငါ့ကို အမိန့်ပြန်ပြီးခေါ်လို့ရချင်ရမယ်… ငါ့ရဲ့လုပ်ပိုင်ခွင့်ကိုတော့ သင်အမိန့်ပေးလို့မရဘူး”

“ အမိန့်ဆိုတဲ့အရာကို နေရာတကာ မသုံးချင်လို့ သင့်ဆီကနေခွင့်ပြုပေးဖို့တောင်းဆိုနေတာပါ”

“ မဖြစ်နိုင်ဘူး… ကျုပ်လုံးဝခွင့်မပြုဘူး၊ လူတွေသာလောဘမတက်ရင် ဒီလိုဝေဒနာမခံစားနိုင်သလို.. သင်ပြောတဲ့လူသာ ကျုပ်ပေးတဲ့လက်ကိုလှမ်းယူခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး”

ကျောပေးထားတဲ့ ပုဂ္ဂိုလ်ရဲ့ခါးခါးသီးသီးငြင်းဆန်မှုကြောင့် အောင်မြတ်သာ ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်ပြီး

“ သင်ပြောတာ ကျုပ်နားလည်ပါတယ်… ကျုပ်အနေနဲ့ သင့်ကိုအတင်းအကြပ်ထပ်ပြီးမတောင်းဆိုတော့ပါဘူး..သင် ပြန်နိုင်ပါပြီ” လို့ပြောလိုက်တဲ့အချိန် တောင်ကြောပေါ်ကနေ မောင်းသံအဆက်မပြတ်ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။

“ ကျုပ်သိုက်နန်းကို ကျူးကျော်သူတွေရှိနေပြီ… ဒါတွေက သင့်လက်ချက်မဟုတ်လား”

“ ကျုပ်က အပြစ်မရှိတဲ့သူကို ထိခိုက်နာကျင်အောင် လုပ်တတ်တဲ့သူမဟုတ်လို့ သင့်ရဲ့စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်”

“ တောက် … ရာရာစစ ငါ့သိုက်နန်းကိုလာကျူးကျော်ကြတဲ့ လောဘသားတွေ အသေဆိုးနဲ့သေစေရမယ်ဟေ့”

ကျောပေးထားတဲ့ပုဂ္ဂိုလ်က ဝမ်းခေါင်းသံနဲ့ကြိမ်းဝါးပြီးတာနဲ့ မျက်စိရှေ့ကနေပျောက်ကွယ်သွားခဲ့တယ်။ အောင်မြတ်သာလဲ ဇရပ်ပေါ်မှာရှိနေသူကို မကူညီနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့အချိန်

“ သင်ပြောတဲ့အချက်တွေကို ကျုပ်လိုက်လျောပေးမယ်… ကျုပ်သိုက်နန်းထဲကို ကျူးကျော်လာတဲ့သူတွေကို နှင်ထုတ်ပေးပါ” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ ခုနက ပျောက်ကွယ်သွားတဲ့သိုက်စောင့်အကြီးအကဲကိုမြင်လိုက်ရတယ်။

“ သင်ပဲ ခုနက ကျုပ်အပေါ် ရင့်ရင့်သီးသီးပြောဆိုခဲ့တယ်မဟုတါလား။ အခုဘာကြောင့် လေသံပြောင်းသွားရတာလဲ”

“ ကျုပ် သိုက်နန်းပထမတံခါး ပေါက်သွားလို့ တောင်စောင့်နတ်မင်းကိုအကူအညီတောင်းတဲ့အခါ ကျုပ်ရဲ့သိုက်နန်းကို ကယ်တင်နိုင်မယ့်သူက သင်ပဲရှိတယ်လို့ပြောခဲ့တယ်။ ဒါကြောင့် ကျုပ်ပြောတဲ့စကားတွေကို အမှတ်သညာမထားပဲကူညီပေးဖို့ တောင်းပန်ပါရစေ”

အောင်မြတ်သာလဲ ငွေယားသိုက်အကြီးအကဲရဲ့စကားကို ငြိမ်သက်ခြင်းဖြင့်လက်ခံလိုက်ပြီး

“ အခု သင့်သိုက်နန်းကို ဖောက်ဝင်လာတဲ့သူတွေရဲ့စည်းကိုဖျက်နိုင်ရင် သင်တို့အသာစီးပြန်ရလာမှာပါ၊ ဒီကိစ္စကို ကျုပ်တပည့်နှစ်ယောက်က ကူညီပေးပါ့မယ်။ သင့်အနေနဲ့ သူတို့ကို အနီးဆုံးလမ်းကခေါ်သွားနိုင်ဖို့ပဲလိုတယ်”

အောင်မြတ်သာစကားအဆုံးမှာ ကျောပေးထားတဲ့ သိုက်အကြီးအကဲရဲ့ ခါးစည်းက သက်ခိုင်နဲ့ တောက်ရတို့ရှေ့ကိုလွှင့်လာခဲ့တယ်။

“ သိုက်ဆရာတွေရဲ့ ပထမစည်းအတွင်းမှာရှိတဲ့ ကန်တော့ပွဲကိုဖြိုချနိုင်ရင် သူတို့စည်းပေါက်ပြီ … စည်းပေါက်တာနဲ့ သင်တို့ရဲ့ သိုက်ပရိယာယ်ကိုအသုံးချပါ၊ ကဲ လိုက်သွားကြပေတော့” လို့ပြောလိုက်တဲ့အချိန် သက်ခိုင်နဲ့တောက်ရက သူတို့အရှေ့မှာရှိနေတဲ့ ခါးစည်းကြိုးကိုဆွဲကိုင်လိုက်တဲ့အချိန် လေတိုးသံတစ်ချက်ကြားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ချာလပတ်လည်သွားခဲ့တယ်။

ရှုပ်ထွေးနေတဲ့မြင်ကွင်းတွေတည်ငြိမ်သွားချိန်မှာတော့ ရာဇမတ်အကွက်ထဲမှာ ကန်တော့ပွဲတစ်ပွဲထောင်ထားပြီး ထောင့်လေးထောင့်မှာ ဆေးကြိမ်လုံးကိုယ်စီကိုင်ထားတဲ့ လူလေးယောက်ကိုမြင်လိုက်ရတယ်။

“ ဆရာ အဲဒီကန်တော့ပွဲကို ကန်ချလိုက်ရင် ရပြီလား”

တောက်ရရဲ့ စကားကြောင့် သက်ခိုင်က ဟုတ်တယ်ဆိုတဲ့အကြောင်းကို ခေါင်းညိမ့်ပြလိုက်တယ်။

တောက်ရလဲ အခြေအနေကို အကဲခတ်နေရင်း တောင်စောင်းကနေ အသံနက်နဲ့အော်တဲ့သံကြားရတဲ့အခိုက် ရာဇမတ်ကွက်ထဲကို ပြေးဝင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့ ကန်တော့ပွဲကို အားကုန်ကန်ချပစ်လိုက်တယ်။

ကန်တော့ပွဲကိုစောင့်နေကြတဲ့လူတွေလဲ တောက်ရရဲ့မထင်မှတ်ထားတဲ့အပြုအမူကြောင့် အံ့အားသင့်နေတဲ့အချိန် တောတစ်ခုလုံး တော်လဲသံတွေကြားလာပြီး မြေကြီးတွေ တုန်ခါလာခဲ့တယ်။

“ စည်းပေါက်ပြီဟေ့ ပြေးကြ ပြေးကြတော့”

မလှမ်းမကမ်းမှာရှိတဲ့ လျှိုထဲကနေ အော်လိုက်တဲ့အသံကြောင့် ဆေးကြိမ်လုံးကိုင်ထားတဲ့လူတွေ ကြောက်လန့်တစ်ကြားထွက်ပြေးပေမယ့် ခြေထောက်တွေက မြေကြီးထဲနစ်ဝင်နေတဲ့အတွက် ပြေးမရဖြစ်နေတာမြင်လိုက်ရတယ်။

အဲဒီအချိန် လျှိုထဲကနေ ကမူးရှုးထိုးတက်လာတဲ့ သိုက်ဆရာနဲ့အပေါင်းအပါတွေရဲ့နောက်မှာတော့ ကြောက်မက်ဖွယ်ပုံစံမျိုးစုံနဲ့ နာနာဘာဝတွေက ညာသံပေးကာ ကပ်ပါလာခဲ့တယ်။

အဲဒီအချိန် အနီရောင်ခါးစည်းတစ်ခုက သက်ခိုင်တို့အရှေ့မှာ ပေါ်လာလို့ ဖမ်းကိုင်လိုက်တဲ့အချိန် ပတ်ဝန်းကျင်တစ်ခုလုံးချာလပတ်လည်ကာ လောကကြီးနဲ့အဆက်ပြတ်သွားခဲ့တယ်။

သတိပြန်ရလာတော့ ဇရပ်ပေါ်မှာ အင်းကွက်တွေရေးဆွဲနေတဲ့အောင်မြတ်သာကိုမြင်လိုက်ရတယ်။

“ ဆရာ… ကျွန်တော်တို့ဘယ်လိုဖြစ်သွားတာလဲ”

“ သဘာဝနဲ့ဆန့်ကျင်တဲ့ အချိန်ရဲ့အလှည့်အပြောင်းဒဏ်
ကြောင့် နေ့တစ်ပိုင်းကြာအောင် မေ့သွားတာပါ… အခုနိုးပြီဆိုတော့ အဆာပြေ ငှက်ပျောသီးလေးစားထားလိုက်”

“ ဆရာ… ဟို … “

“ ဘာလဲ … ညကတွေ့တဲ့လူအကြောင်းသိချင်နေတာလား”

“ ဟုတ်တယ်ဆရာ .. သူ့ညီမနဲ့ပြန်ဆုံတဲ့အချိန် မတွေ့လိုက်ရလို့ မေးကြည့်တာပါ”

“ မင်းတို့ကျေးဇူးကြောင့် သိုက်တူးဖို့လာကြတဲ့သူတွေကို မောင်းထုတ်နိုင်ခဲ့ကြတယ်။ အဲဒီတော့ ကတိအတိုင်း သူ့ညီမဖြစ်သူနဲ့ခဏတာတွေ့ခွင့်ရခဲ့တယ်လေ… “

အောင်မြတ်သာကစကားပြောနေရင်း အဝေးတစ်နေရာကို ငေးကြည့်နေခဲ့တယ်။ သက်ခိုင်တို့လဲ အဆာပြေအဖြစ် အသင့်ရှိနေတဲ့ ငှက်ပျောသီးတွေကိုစားပြီး ဗိုက်ဖြည့်နေတဲ့အချိန် ရိုးပြတ်တောကိုဖြတ်ပြီးပြေးလာနေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

ပြေးလာနေတဲ့လူက အနားကိုရောက်တော့
“ ဆရာတို့မရှိတော့ဘူးထင်လို့ စိတ်ပူလိုက်ရတာ… “

“ ရေးကြီးသုတ်ပြာနဲ့ဘာများဖြစ်လို့လဲ…”

“ ဆရာတို့ကျေးဇူးကြောင့် ကျုပ်ညီမလေးနဲ့ နောက်ဆုံးအကြိမ်ဆုံတွေ့ခွင့်ရခဲ့တယ်လေ။ အဲဒီအတွက် ဆရာတို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ လယ်ထွန်ရင်းကောက်ရထားတဲ့ ကျောက်စိမ်းပြားလေးလာပေးတာပါ”

“ ကျုပ်တို့အတွက်မလိုပါဘူး… ခင်ဗျားအတွက်အကျိုးရှိအောင်ပဲသုံးပါ”

သက်ခိုင်စကားကို လုံချည်တိုတိုဝတ်ထားတဲ့လူက လက်ကာပြပြီး
“ ယူလိုက်ပါ… ဆရာတို့အသုံးတည့်မယ့်နေရာဘယ်နေရာဖြစ်ဖြစ် သုံးပေးပါ”

“ အဲဒါတော့…”

“ ပေးတဲ့သူစိတ်ချမ်းသာအောင်ယူလိုက်ပါ သက်ခိုင်… “

“ ဆရာတို့ လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်..ကျုပ်ကိုခွင့်ပြုပါဦး”

သက်ခိုင်လဲ ဝါးခမောက်ကိုဆောင်းကာ လှည့်ထွက်သွားတဲ့လူ မြင်ကွင်းကပျောက်သွားတော့မှ လက်ထဲမှာကိုင်ထားတဲ့ ကျောက်စိမ်းပြားကိုကြည့်ပြီး

“ ကျောက်စိမ်းပြားပေါ်မှာ ထုထားတဲ့ အရုပ်လေးတွေက လက်ရာမြောက်လိုက်တာ” လို့ပြောပြီး အောင်မြတ်သာလက်ထဲကိုထည့်ပေးလိုက်တယ်။

အောင်မြတ်သာလဲ လက်ထဲရောက်လာတဲ့ ကျောက်စိမ်းပြားကို စူးစိုက်ကြည့်လိုက်ရာ ထိုးထားတဲ့ပန်းပုရုပ်လေးတွေအနည်းငယ်လှုပ်ရှားသွားတာကို သတိထားမိခဲ့တယ်။

အောင်မြတ်သာတို့ လက်ထဲရောက်လာတဲ့ ကျောက်စိမ်းပြားကနေ ဘယ်လိုထူးခြားမှုတွေဖြစ်လာမလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့် ကျောက်စိမ်းကြေးမုံ”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)