အောင်မြတ်သာနှင့်စဏ္ဍာလဗျဂ္ဂ
++++++++++++++++++++++
ညကား အလင်းရောင်မရှိလောက်အောင် မဲမှောင်နေပေမယ့် လေသာကွင်းအလယ်မှာတော့ အတန်သင့်ကြီးမားတဲ့ မီးပုံကြီးတစ်ပုံ တဟုန်းဟုန်း တောက်လောင်နေခဲ့တယ်။
မီးပုံရဲ့ရှေ့တည့်တည့်မှာတော့ မျက်နှာအဝတ်အုပ်ထားတဲ့ လူတစ်ယောက် တံပိုးတစ်ချောင်းကို ဆုပ်ကိုင်ပြီး ရပ်နေခဲ့သလို သူ့ရဲ့အရှေ့မှာတော့ စုတ်ပြတ်နေတဲ့အဝတ်တွေကို တစ်ကိုယ်လုံးမပေါ်အောင်ခြုံထားတဲ့ ယောင်္ကျားဆယ်ယောက်ခန့်ရှိနေခဲ့တယ်။ထိုအချိန်
“ အကြီးအကဲတွေစုံပြီဆိုရင် ခေါင်းဆောင်အသစ်မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့” ဆိုတဲ့အသံနဲ့အတူ ဖာရာဆက်ရာတွေပါတဲ့ အင်္ကျီနဲ့လုံချည်ကိုဝတ်ဆင်ထားတဲ့လူတစ်ယောက် အမှောင်ထဲကနေထွက်လာခဲ့တယ်။
ဗျဂ္ဂကတော့ မီးပုံဘေးမှာရပ်နေကြတဲ့သူတွေကို လိုက်ကြည့်ရင်းအကဲခတ်နေတဲ့အချိန်
“ ဒီကောင်လေးက ကျုပ်တို့ရဲ့အကြီးအကဲဖြစ်မယ့်သူလား”လို့ပြောတဲ့အသံကိုကြားလိုက်ရတယ်။
“ ဒီကောင်လေးက ကျုပ်တို့စောင့်မျှော်နေတဲ့သူပဲ၊ သူဒီကိုရောက်ဖို့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ခဲ့ရတယ်၊ သူ့ရဲ့ဘဝကိုစွန့်လွှတ်ခဲ့ရတယ်။ ခင်ဗျားတို့က အသက်ငယ်နေလို့ ခေါင်းဆောင်အဖြစ်တင်မြှောက်ရမှာမဝံ့မရဲဖြစ်နေ ကြတယ်မဟုတ်လား”
“ ဟုတ်တယ်… ရွာပေါင်း၅၀ကိုကြီးကြပ်ရမယ့်သူက အရည်အချင်းပြည့်မပြည့်ကျုပ်တို့သိချင်တယ်၊ နောက်ပြီး ကျုပ်တို့ရဲ့ တဘောင်နဲ့ကိုက်ညီတဲ့ အမှတ်အသားတွေပါရဲ့လား”
“ ကျောမှာစလွယ်၊ ရင်မှာစင်္ကြာပါသူ ရောက်လာရင်ဖြင့် စဏ္ဍာလရွာကြီး သာယာဝပျောမယ်ဆိုတဲ့တဘောင်ကိုပြောတာလား”
“ ဟုတ်တယ်… သူ့မှာ ဒီအမှတ်အသားတွေပါမပါ ကျုပ်တို့ကြည့်ရမယ်”
စဏ္ဍာလရွာသူကြီးတွေရဲ့စကားကြောင့် စဏ္ဍာလမောင်ကြီးက ဗျဂ္ဂကိုဆွဲယူပြီး အင်္ကျီကိုဖြဲလိုက်ရာ ရင်ညွန့်တည့်တည့်မှာ စင်္ကြာပုံစံအမာရွတ်တစ်ခုနဲ့အတူ ကျောကုန်းနဲ့ ဝမ်းဗိုက်ကိုဆက်ထားတဲ့ မှဲ့စလွယ်ကိုမြင်လိုက်ရတယ်။
“ ခင်ဗျားတို့ မြင်ကြပြီမဟုတ်လား၊ ဒါတောင်အရိုအသေမပေးကြသေးဘူးလား”
စဏ္ဍာလမောင်ကြီးစကားကြောင့် ရွာသူကြီးတွေက ဦးခေါင်းကိုညွှတ်ပြီးအရိုအသေပေးလိုက်ကြတယ်။
“ ဒီနေ့ ဒီအချိန်ကစပြီး ရွာပေါင်း၅၀မှာရှိတဲ့ စဏ္ဍာလတွေကို ဗျဂ္ဂက ကြီးမှူးလိမ့်မယ်၊ ခင်ဗျားတို့က ခေါင်းဆောင်အသစ်ကို သိသင့်သိထိုက်တဲ့အကြောင်းအရာတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေပြောပြပေးကြပါ၊ ဒီနေ့ကစပြီး ကျုပ်ရဲ့လမ်းစဉ်ကို ဆက်လျောက်ရတော့မှာမို့ ခင်ဗျားတို့အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”
စဏ္ဍာလမောင်ကြီးက ဗျဂ္ဂနဲ့ ရွာသူကြီးတွေကို နှုတ်ဆက်ပြီး အလယ်မှာပုံထားတဲ့မီးပုံထဲကို တိုးဝင်ကာပျောက်ကွယ်သွားခဲ့တယ်။
ဒီမြင်ကွင်းကြောင့် အံ့ဩနေတဲ့ ဗျဂ္ဂအနီးကို စုတ်ပြတ်နေတဲ့အဝတ်အစားဝတ်ထားတဲ့ လူကြီးတစ်ဦးရောက်လာပြီး
“ လူလေး… အံ့ဩသွားတာလား”
“ ဟုတ်တယ်အဘ… ဒီလူက သာမန်လူမဟုတ်ဘူးထင်တယ်နော်”
“ စဏ္ဍာလမောင်ကြီးက တောင်းစားတဲ့ဘဝကနေ စရဏကျင့်စဉ်တွေကျင့်ကြံပြီး ပေါက်မြောက်သွားတဲ့သူပဲ၊ လူလေးလဲ သူ့ခြေရာကို နင်းနိုင်မှာပါ၊ အခုတော့ လူလေးသိသင့် သိထိုက်တဲ့ အရာတွေကိုသင်ပြပေးမှာမို့ အဘတို့နဲ့လိုက်ခဲ့ပါ”
အသားအရည်ရွတ်တွနေတဲ့လူကြီးက သူ့ရဲ့လက်ကြမ်းကြမ်းကြီးနဲ့ ဗျဂ္ဂကိုဆွဲပြီး သစ်ပင်တန်းဘေးမှာရှိတဲ့ လမ်းကြားလေးထဲကို ခေါ်ဆောင်သွားခဲ့တယ်။
+++++
သုံးလခန့်ကြာသောအခါ…
“ အစ်ကိုတို့ အစ်မတို့ပေးမှ စားသောက်ရမယ့်ဘဝမို့ နည်းများမဆို လှူပေးကြပါခင်ဗျာ”
သနားစဖွယ်ထွက်ပေါ်လာတဲ့ အသံကြောင့် ဘုရားဖူးကားပေါ်မှာရှိတဲ့လူတွေက မိမိတို့မှာပါလာတဲ့ မုန့်ပဲသရေစာတွေနဲ့ ငွေအကြွေအချို့ကိုထုတ်ယူကာ ခွက်တွေထဲကို ထည့်ပေးလိုက်ကြတယ်။
“ ဟေ့ ငစိုး… နင့်ခွက်က ငါ့မျက်နှာလာထိတော့မယ်ကွ”
“ နင်ကဘာလို့ အတင်းတိုးနေတာလဲ၊ ဒီလူတွေက ငါ့ကိုပေးတာကွ”
“ အောင်မာ… နင်ကနောက်မှရောက်ပြီး လူပါးမဝနဲ့ ဒီနေရာက ငါ့နေရာကွ”
ဘုရားဖူးကားထွက်သွားတဲ့အချိန်
တစ်ယောက်နဲ့ တစ်ယောက်စကားများနေသူတွေကို အညာစောင်ပါးတစ်ထည်ခြုံထားတဲ့လူတစ်ယောက်က စိုက်ကြည့်နေခဲ့တယ်။ သူ့ဘေးမှာတော့ လူလတ်ပိုင်းအရွယ် ယောင်္ကျားနှစ်ယောက်ရှိနေပြီး နှစ်ယောက်လုံးရဲ့လက်ထဲမှာတော့ ရှားနှစ်သား တုတ်တစ်ချောင်းစီကိုင်ထားကြတယ်။
“ ဒီနယ်မြေက ဘယ်သူ့အပိုင်လဲ”
အညာစောင်ပါးခြံထားတဲ့လူရဲ့စကားကြောင့် ဘေးမှာရှိနေတဲ့လူက ဘေးကိုတိုးကပ်လာပြီး
“ ဦးစန်းငွေရဲ့နယ်မြေထဲပါတယ်ဆရာ”
“ ဦးစန်းငွေက ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲမထနိုင်ဘူးမဟုတ်လား၊ ဒါကြောင့် ဒီကောင်တွေ ရန်ဖြစ်ရဲတာနေမယ်”
“ ဟုတ်တယ်ဆရာ… ဦးစန်းငွေရှိရင် အခုလိုမလုပ်ရဲကြဘူး”
“ ရန်ဖြစ်နေတဲ့နှစ်ကောင်ကို ဘုရားဖူးတွေမမြင်တဲ့နေရာဆီခေါ်လာခဲ့ကြ”
စောင်ခြုံထားတဲ့လူက တံပိုးကိုပခုံးပေါ်ထမ်းပြီး ကားလမ်းမဘေးက လမ်းသွယ်လေးတစ်ခုထဲကို ဝင်သွားခဲ့လိုက်တယ်။
မကြာခင်အချိန်အတွင်း တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ်ထားလို့ ဖူးယောင်နေတဲ့မျက်နှာတွေနဲ့ ရှေ့ကိုရောက်ချလာခဲ့တယ်။
“ ခင်ဗျားတို့ကဘယ်သူတွေလဲ၊ ကျုပ်တို့ကို ဘာလို့ဆွဲခေါ်ရလဲဆိုတာပြောစမ်း”
“ အောင်မာ မင်းတို့ကများ ပြန်ပြောရတယ်ရှိသေး၊ အခုမင်းရှေ့မှာထိုင်နေတဲ့သူက ဘယ်သူလဲသိလား”
“ သိတော့ရော ဘာလုပ်ရမှာလဲ”
ဂျစ်ကန်ကန်ပြန်ပြောလိုက်တာကြောင့် သစ်ငုတ်တိုပေါ်မှာထိုင်နေတဲ့လူက
“ မောင်တံပူရေ… ငါတို့စည်းကမ်းအရ ဘုရားဖူးဧည့်သည်တွေရှေ့မှာ ရန်ဖြစ်စကားများရင် ဘာပြစ်ဒဏ်ပေးရလဲ”
“ တောင်းစားခွင့်ကို တစ်လတိတိ ပိတ်သိမ်းပြီး ကြိမ်ဒဏ်ဆယ်ချက်အပြစ်ပေးရပါမယ်ဆရာ”
“ အေး ဟုတ်တယ်၊ အခု ဒီကောင်တွေက စည်းကမ်းကိုဖောက်ဖျက်တာကြောင့် ချမှတ်ထားတဲ့အပြစ်ဒဏ်အတိုင်း ဒဏ်ပေးလိုက်”
“ ခင် ခင်ဗျားက… ရွာသူကြီးချုပ်များလား”
“ ဟေ့ကောင်… စကားမများနဲ့ သစ်ပင်ကိုဖက်ထားစမ်း၊
မောင်တံပူက ရန်ဖြစ်တဲ့သူနှစ်ယောက်ကို သစ်ပင်မှာဖက်ခိုင်းပြီး လက်ထဲကိုင်ထားတဲ့ ရှားနှစ်တုတ်နဲ့ တဖြောင်းဖြောင်းမြည်အောင် ရိုက်ပါလေရော။
အမလေး၊ အဘလေးအော်နေတဲ့အသံကြောင့် ကားလမ်းမဘေးမှာရှိနေတဲ့ စဏ္ဍာလတွေအားလုံး လမ်းကြားထဲကိုပြေးဝင်လာခဲ့ကြတယ်။
“ အားလုံးကြည့်ထားကြ၊ နောက်တစ်ခါ ဘုရားဖူးတွေရှေ့မှာအချင်းချင်း ရန်ဖြစ်စကားများတာပဲဖြစ်ဖြစ်၊ ရန်ဖြစ်တာပဲဖြစ်ဖြစ် အခုလိုအပြစ်ဒဏ်ခံရမယ်”
သစ်ငုတ်တိုပေါ်မှာထိုင်နေတဲ့သူက လက်ထဲကိုင်ထားတဲ့ တံပိုးကိုမြေကြီးပေါ်ထောင်ပြီးပြောလိုက်ရာ ရပ်ကြည့်နေတဲ့သူတွေထဲကနေ
“ တံပိုးအစွန်းနှစ်ဖက်ကိုရွှေချထားပါလား၊ ဒါ ဒါက ရွာသူကြီးချုပ်ပဲဟေ့ အရိုအသေပေးကြ”
ရွာသူကြီးချုပ်ဆိုတဲ့စကားကြောင့် ရောက်လာတဲ့သူတွေအားလုံး ဦးခေါင်းကိုညွတ်ကာအရိုအသေးပေးလိုက်ကြတယ်။
“ အားလုံး တောင်းလို့အဆင်ပြေကြ လား”
“ ပြေတယ်လို့တော့ မဟုတ်ပါဘူးဆရာရယ်၊ ရတဲအခါလဲရ မရတဲ့အခါလဲရှိတာပေါ့”
“ မောင်တမာရေ… ဒီမှာရှိတဲ့သူတွေကို ဆန်တစ်ပြည်ဖိုးစာကျသင့်ငွေပေးလိုက်ဦး”
“ ဟုတ်ကဲ့ဆရာ… အခုပဲဝေပေးလိုက်ပါ့မယ်”
မောင်တမာဆိုတဲ့သူက အိတ်ထဲကနေ ငွေစက္ကူတစ်ထပ်ဆွဲထုတ်လိုက်ပြီး တစ်ယောက်ချင်းစီဝေငှပေးနေတဲ့အချိန်
“ ကျုပ်အတွက်ကတော့ ဆန်တစ်ပြည်ဖိုးစာမရဘူးနော်၊ ဆန်တစ်အိတ်စာမှရမယ်” ဆိုတဲ့အသံထွက်လာခဲ့တယ်။
အဆိုပါအသံကြောင့် သစ်ငုတ်တ်ို
ပေါ်မှာထိုင်နေတဲ့လူက မျက်လုံးကိုဝင့်ပြီးကြည့်လိုက်ရာ အညိုရောင်ဖျင်ကြမ်းအင်္ကျီကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဆ ဆရာ ပါလား… ဘယ်ကနေ ရောက်လာတာလဲ”
“ မင်းဆီပဲလာခဲ့တာလေ၊ ဘယ်လိုလဲ ဘဝအသစ်မှာ နေသားကျနေပြီလားကွ”
“ ဒီလိုပါပဲဆရာရယ်… မောင်တံပူရေ ဟိုလူတွေကို ကိုယ့်နေရာကိုယ်သွားခိုင်းလိုက်တော့”
“ ဟုတ်ကဲ့ဆရာ..”
မောင်တံပူက ဘေးမှာဝိုင်းနေကြတဲ့သူတွေကို ကိုယ့်နေရာကိုယ်ပြန်ကြဖို့ပြောနေတဲ့အချိန်
“ သူတို့က ဘယ်သူတွေလဲ ဗျဂ္ဂ”
“ ဆရာနဲ့မိတ်ဆက်ပေးရဦးမယ်၊ သူ့နာမည်က မောင်တံပူလို့ခေါ်တယ်၊ သူကတော့ မောင်တမာတဲ့၊ ရွာလူကြီးနှစ်ယောက်ရဲ့ သားတွေပေါ့၊ သူတို့အဖေတွေက ကျွန်တော်ဘေးမှာစောင့်ရှောက်ဖို့ ထည့်ထားပေးတာ”
“ မင်းက တယ်ဟုတ်ပါလား”
“ တံပူနဲ့ တမာရေ… ဒါက ငါ့ရဲ့ဆရာ၊ နာမည်က အောင်မြတ်သာတို့ခေါ်တယ်”
“ မင်္ဂလာပါဗျ… ဆရာက ကျွန်တော်တို့ကို ဆရာကြီးအကြောင်းတွေပြောပြဖူးတယ်၊ လူကိုတော့ အခုမှပဲမြင်ဖူးတာပဲ”
“ အိမ်း… စကားပြောပုံကြည့်ရတာ မင်းတို့ကလဲခေသူမဟုတ်ဘူးပဲ”
“ တံပူနဲ့တမာက ဆယ်တန်းအောင်ပြီးသားလေဆရာ”
“ ကြိုးစားကြပေါ့ကွာ၊ ဒီလိုအလုပ်လုပ်ရလို့လဲ သိမ်ငယ်စိတ်မဖြစ်နဲ့၊ မင်းတို့က မျိုးရိုးစဉ်ဆက် ကျိန်စာကြောင့်သာဒီအလုပ်လုပ်နေရတာ ဆရာသိပါတယ်”
“ မသိမ်ငယ်ပါဘူးဆရာ၊ ဒီအလုပ်ကိုလုပ်ရင်း လူတွေရဲ့စိတ်ကိုပိုပြီးသိလာရတယ်၊ အတွေ့အကြုံရတာပေါ့ဗျာ”
တမာရဲ့စကားကြောင့် အောင်မြတ်သာပြုံးလိုက်ပြီးး ဗျဂ္ဂဘက်ကိုလှည့်ကာ
“ ဗျဂ္ဂရေ… ဒီညကစပြီး မင်းငါ့ဆီလာခဲ့ရမယ်”
“ ဆရာက ဘယ်မှာနေနေတာလဲ”
“ ကြက်ယက်တွင်းစေတီကိုသိတယ်မဟုတ်လား၊ အဲဒီမှာနေနေတာ”
“ သိတယ်လေဆရာ… ညကျရင် ကျွန်တော်လာခဲ့ပါ့မယ်၊ ဟိုလေ သူတို့ကိုရောခေါ်လာလို့ရလား”
“ ရတယ်လေ… ခေါ်လာခဲ့ပေါ့”
အောင်မြတ်သာစကားကြောင့် ဗျဂ္ဂဝမ်းသာသွားပြီး ဘေးမှာရှိနေတဲ့ တံပူနဲ့ တမာကို လှမ်းကြည့်လိုက်တယ်။
+++++++
ညဦးပိုင်းအချိန်မှာတော့ ကြက်ယက်တွင်းစေတီပေါ်မှာ ဖယောင်းတိုင်မီးအလင်းရောင်တွေ ထိန်ထိန်လင်းနေခဲ့တယ်။ စေတီရဲ့ ရင်ပြင်မှာတော့ အောင်မြတ်သာနဲ့အတူ ဗျဂ္ဂ၊ တမာနဲ့ တံပူတို့ ထိုင်ပြီး စကားစမြည်ပြောနေခဲ့ကြတယ်။
“ ဆရာ… ကျွန်တော် ဒီည ဘာလုပ်ရမလဲ”
ဗျဂ္ဂစကားကြောင့် အောင်မြတ်သာက လွယ်အိတ်ထဲကနေ မိုင်းကိုင်စက္ကူ၊ ခဲတံ၊ ပေတံတို့ကိုထုတ်လိုက်ပြီး
“ ဒီညမှာတော့ အခြေခံအင်းရေးဆွဲနည်းကို သင်ရမယ်၊ ဒါကြောင့် အင်းဆွဲတဲ့အခါ ဘယ်လိုအချက်တွေကို လိုက်နာရမယ်၊ ရှောင်ရှားရမယ်ဆိုတာအရင်သိထားရမယ်”လို့ပြောကာ အင်းဆွဲရာတွင် လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကို အသေးစိတ်ပြောပြခဲ့တယ်။
အသေးစိတ်အချက်တွေကိုပြောပြီးတာနဲ့ အင်းဆံထည့်တဲ့အခါ ရွတ်ဖတ်ရမယ့် ဂါထာတွေကို စာအုပ်မှာရေးမှတ်စေပြီး ကျက်မှတ်စေခဲ့တယ်။
ဗျဂ္ဂလဲ အောင်မြတ်သာသင်ပြတဲ့အတိုင်း လိုက်မှတ်ခဲ့သလို တံပူနဲ့ တမာတို့ကလဲ ဘေးကနေ မှတ်သားနားထောင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဆယ်ရက်လောက်အကြာမှာတော့ ဗျဂ္ဂတစ်ယောက်
အခြေခံအင်းဆွဲနည်းနဲ့ အင်းဆံထည့်နည်းတွေကို တတ်မြောက်သွားခဲ့သလို လေးကွက်အင်းကိုလဲ ပိုင်နိုင်စွာရေးဆွဲနိုင်ခဲ့တယ်။
တစ်လပြည့်တဲ့နေ့မှာတော့
အင်းကွက်တွေရေးဆွဲနေတဲ့အချိန် တစ်ကိုယ်လုံးဖုန်အလူးလူးပေရေနေတဲ့ အသက်ခုနှစ်ဆယ်အရွယ်အဖိုးအိုတစ်ဦး စေတီပေါ်ကိုတက်လာတာမြင်လိုက်ရတယ်။
အဖိုးအိုက အောင်မြတ်သာကိုရော တံပူနဲ့ တမာကိုရော လုံးဝမကြည့်ပဲ လက်ထွာသာသာရှိတဲ့သစ်သားအပိုင်းအစလေးကိုဗျဂ္ဂဘေးမှာချပေးပြီး ပြန်ထွက်သွားခဲ့တယ်။
ဗျဂ္ဂလဲ အင်းကွက်ဆွဲပြီးတာနဲ့ သစ်သားအပိုင်းစလေးကိုယူပြီး အောင်မြတ်သာဆီပြလိုက်ရာ
“ ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ မာန်ကျိုးတံပိုးပဲ”
“ မာန်ကျိုးတံပိုးဟုတ်လားဆရာ၊ ကျွန်တော်အခုမှပဲ ကြားဖူးတယ်”
“ တမာနဲ့ တံပူရော မာန်ကျိုးတံပိုးကိုကြားဖူးကြလား”
“ အဖိုးတို့ပြောတာတော့ကြားဖူးတယ်ဆရာ၊ သူတစ်ပါးပေးလှူထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့ တံပိုးနဲ့ထမ်းနေတဲ့အချိန် ကျိုးတဲ့အပိုင်းအစကိုခေါ်တာမဟုတ်လား”
“ ဟုတ်တယ်ကွယ့်… ဒါမျိုးက အင်မတန်မှရခဲတဲ့ ပစ္စည်းပဲ၊ အခုလာပေးတာကလဲ ဗျဂ္ဂတစ်ယောက်ထဲကိုပေးခဲ့တာဆိုတော့ သူနဲ့ပဲထိုက်တယ်လို့မှတ်ယူရမယ်”
“ ဒီလိုမာန်ကျိုးတံပိုးကို ဘယ်လိုဆောင်ရမလဲဆရာ”
“ ဆောင်ရမယ့်ပုံစံကို ငါလုပ်ပေးမယ်”
အောင်မြတ်သာလဲ လွယ်အိတ်ထဲကနေ ခဲတံချွန်တဲ့ ဓါးကိုထုတ်လိုက်ပြီး မာန်ကျိုးတံပိုးကို ဟိုဖဲ့ဒီဖဲ့နဲ့လုပ်လိုက်ရာ မကြာခင်အချိန်အတွင်း လူတစ်ယောက် ရပ်နေတဲ့ဟန်ရှိတဲ့ပန်းပုရုပ်တစ်ရုပ် ဖြစ်လာခဲ့တယ်။
“ ဒီအရုပ်က မာတင်္ဂရုပ်လို့ခေါ်တယ်၊ မာတင်္ဂရုပ်ထုမယ်ဆိုရင် လက်ဝဲဘက်မှာ ခွက်ကိုင်ပြီးတောင်းတဲ့ဟန်၊ လက်ယာဘက်က တံပိုးနဲ့အိတ်ထမ်းတဲ့ဟန်ကိုပီပြင်အောင်ထုတယ်၊ ပြီးရင်တော့ မာတင်္ဂဂါထာရွတ်ပြီးသိဒ္ဓိတင်ရတယ်”
အောင်မြတ်သာက မာတင်္ဂရုပ်ကို လက်မှာကိုင်ပြီး ဂါထာတစ်ပုဒ်ကို ၃၇အုပ်စုတ်လိုက်ရာ စေတီမှာရှိတဲ့ ဆည်းလည်းတွေအားလုံး တချွင်ချွင်နဲ့ လှုပ်ခတ်သွားတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
“ ဒီအစီအရင်က မာတင်္ဂအစီအရင်ပဲ၊ မင်းနဲ့ထိုက်လို့ရတာဖြစ်လို့ ကိုယ်နဲ့မကွာဆောင်ထား” လို့ပြောပြီး ဗျဂ္ဂကိုကမ်းပေးလိုက်တယ်။
ဗျဂ္ဂလဲ မာတင်္ဂအရုပ်ကိုကိုင်လိုက်တဲ့အချိန် ကျန်ရှိနေတဲ့မာန်ကျိုးတံပိုးအပိုင်းအစတွေက ရုတ်တရက်ဆိုသလို မီးဟုန်းဟုန်းတောက်လောက်ပြီး ပြာမှုန်တောင်မကျန်ပဲပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ ခုနက စေတီပေါ်တက်လာတဲ့အဖိုးက ဘယ်သူများလဲ၊ သူကဘာလို့ ကျွန်တော်ကို ဒီလိုပစ္စည်းပေးရတာလဲ”
“ ဗျဂ္ဂ… ငါ့အမြင်တော့ မင်းကိုအလုပ်တစ်ခုခိုင်းပြီထင်တယ်”
“ဘယ်လိုအလုပ်မျိုးလဲဆရာ”
“ ခုနှစ်ရက်သားသမီးဆီကရတဲ့အရာနဲ့ ခုနှစ်ရက်သားသမီးကိုပြန်လှူတဲ့အလှူမျိုးလို့ထင်တယ်၊ ဒါကြောင့် မာတင်္ဂအဆောင်အတွက် အရေးပါတဲ့ ပစ္စည်းလာပေးသွားတာ၊ ဒါကြောင့် မနက်ဖြန်အရုဏ်တက်တာနဲ့ အရပ်တကာလှည့်ပြီး တောင်းစားရမယ်၊ တောင်းစားလို့ရလာတဲ့ ငွေတွေ၊ ပစ္စည်းတွေနဲ့ ခုနှစ်ရက်တိတိအလှူလုပ်ရမယ်”
“ ဆရာပြောသလို ကျွန်တော်လုပ်ကြည့်မယ်၊ မနက်အရုဏ်တက်တာနဲ့ ကျွန်တော်တို့စထွက်မယ်ဆရာ”
“ တစ်ခုသတိပေးချင်တာက မင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲ အလှူလုပ်ရမှာနော်၊ ဒါကြောင့် တမာနဲ့ တံပူတို့ရတဲ့ပစ္စည်းကို မင်းထဲမရောမိစေနဲ့”
“ ဟုတ်ကဲ့ဆရာ… ကျွန်တော်သတိထားပါမယ်”
ဗျဂ္ဂလဲ မာတင်္ဂရုပ်လေးကို ဆုပ်ကိုင်ကာကတိပေးလိုက်ပြီး ရင်ပြင်ပေါ်မှာ ကျောဆန့်ချလိုက်တယ်။
++++++
အရုဏ်တက်ချိန်ရောက်တော့ ဗျဂ္ဂတို့သုံးယောက် စေတီပေါ်ကနေစတင်ထွက်ခွာခဲ့ကြရာ မနက်နေထန်းတစ်ဖျားမရောက်ခင်မှာပဲ ဗျဂ္ဂရဲ့ ခွက်ထဲမှာ ငွေတွေပြည့်သွားခဲ့တယ်။
မာတင်္ဂရုပ်လေးရဲ့ အစွမ်းကြောင့် လမ်းသွားလမ်းလာလူတွေကအစ၊ ခရီးသွားတွေအဆုံး ဗျဂ္ဂရဲ့အသံကြားတာနဲ့ ပိုက်ဆံတွေ၊ မုန့်ပဲသရေစာတွေလှူကြတဲ့အတွက် တံပူနဲ့တမာတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့ဩခဲ့ကြရတယ်။
“ ဆရာ… အိတ်ထဲမှာ မုန့်ပဲသရေစာတွေပြည့်နေပြီ၊ ဘယ်လိုလုပ်ရမလဲ”
“ အလှူမှာလိုတာက ငွေပဲဆိုတော့ ငွေကလွဲပြီး ကျန်တာတွေကို အခြားသူတွေဆီပြန်လှူကြရအောင်”
ဗျဂ္ဂစကားကြောင့် တမာနဲ့ တံပူတို့လဲ မုန့်ပဲသရေစာတွေကို ဘဝတူစဏ္ဍာလတွေကို ပြန်လည်ဝေမျှပေးခဲ့ကြတယ်။
ဒီလိုနဲ့ အလင်းရောင်ရှိတဲ့အချိန်မှာ တောင်းစားလိုက်၊ အလင်းရောင်ပျောက်တဲ့အချိန်မှာ အင်းစမရေးဆွဲလိုက်နဲ့နေခဲ့ရာ ငါးလလောက်အရောက်မှာတော့ အလှူအတွက် လုံလောက်တဲ့ငွေတွေ စုဆောင်းလာမိသလို အင်းစမပိုင်းမှာလဲ ကိုးကွက်အထိတက်ရောက်လာနိုင်ခဲ့တယ်။
ဒီလိုနဲ့ခုနှစ်လပြည့်တဲ့နေ့မှာတော့ ရွာပေါင်း၅၀ရဲ့ အလယ်ဗဟိုမှာရှိတဲ့ လှံထောက်ရွာမှာ ဗျဂ္ဂရဲ့ အလှူပွဲကိုစတင်ကျင်းပခဲ့တယ်။
ခုနှစ်ရက်ခုနှစ်လီကျွေးမွေးတဲ့အလှူဖြစ်တဲ့အပြင် နေ့ရောညပါကျွေးတာကြောင့် ဗျဂ္ဂရဲ့အလှူက အခြားရွာတွေအထိပါ ကျော်ကြားသွားခဲ့တယ်။
အလှူသုံးရက်မြောက်နေ့မှာတော့ သာမန်လူတွေမလာချင်တဲ့ စဏ္ဍာလရွာထဲကို ခြောက်ဘီးကားတစ်စီးဝင်ချလာခဲ့တယ်။
“ တမာရေ… ရွာထဲကိုလမ်းမှားပြီးဝင်လာတာထင်တယ်၊ လမ်းသွားပြပေးလိုက်ဦး”
အလှူကိုကြီးကြပ်နေတဲ့ ဗျဂ္ဂစကားကြောင့် တမာက ခြောက်ဘီးကားရှိရာကိုခပ်သုတ်သုတ်ပြေးသွားခဲ့တယ်။ ခဏနေတော့ အူယားဖားယားနဲ့ပြန်ပြေးလာပြီး
“ ဆရာ… ဆရာ…. ကားကလမ်းမှားလာတာမဟုတ်ဘူး၊ ဒီကိုပဲလာတာလို့ပြောတယ်၊ နောက်ပြီး အလှူရှင်ကိုတွေ့ချင်တယ်တဲ့”
တမာစကားကြောင့် ဗျဂ္ဂလဲ အညာစောင်ပါးတစ်ထည့်ကိုခြုံပြီးလိုက်သွားခဲ့လိုက်တယ်။ ဟိုရောက်တော့ ကားပေါ်ကနေ ရွှေတွေညွှတ်နေအောင်ဝတ်ထားတဲ့ မိန်းမတစ်ယောက်ဆင်းလာပြီး
“ ရှင်က ဒီအလှူကို ဦးဆောင်တဲ့သူလား”
“ ဟုတ်ပါတယ်… ဘာများဖြစ်လို့ပါလဲ”
“ အလှူအတွက် ဆန်အိတ်တွေလာလှူတာပါ”
“ ဗျာ… ကျွန်တော်တို့ အလှူမခံထားပါဘူးနော်”
“ အလှူမခံထားပါဘူးရှင်… အခုက အိမ်မက်ပေးလို့လာလှူတာပါ”
“ ဘယ်လိုအိမ်မက်ပေးလို့ လာလှူတာလဲဗျ”
“ ကျွန်မက ညောင်ဦးမြို့ပေါ်မှာ ဆန်ဆိုင်ဖွင့်ထားပါတယ်၊ တစ်ရက်မှာတော့ ဆိုင်ထဲကိုအသက်ခုနှစ်ဆယ်အရွယ်အဖိုးအိုတစ်ယောက်ဝင်လာပြီး လှံထောက်ရွာမှာ အလှူတစ်ခုလုပ်နေတယ်၊ ငါ့သမီး ဆန်သွားလှူချေလို့ပြောပါလေရော၊ ကျွန်မလဲ လှံထောက်ရွာဆိုတာ မကြားဖူးလို့ မေ့မေ့လျော့လျော့နေခဲ့တာ၊ အဲဒါ မနေ့ညက အိမ်မက်ထဲကို ဆိုင်ကိုလာသွားတဲ့ အဖိုးအိုပြန်ရောက်လာပြီး အိပ်ယာနိုးတာနဲ့ ဆန်အိတ်၃၀အမြန်သွားလှူလို့ ထပ်ပြောတာကြောင့် ဒီကိုမေးမြန်းရင်းရောက်လာခဲ့တာပါ၊ ကျွန်မရဲ့အလှူကိုလက်ခံပေးပါနော်”
“ ကောင်းပါပြီဗျာ၊ အလှူရှင်တွေလဲ စီးပွားရေးဒီရေအလားတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်”
ဗျဂ္ဂလဲ အလှူရှင်တွေရဲ့ဆန္ဒအတိုင်း ဆန်အိတ်တွေကိုလက်ခံပြီး ထမင်းချက်တဲ့ တဲဘက်ကိုပို့ဆောင်စေခဲ့တယ်။ ဒါကိုမြင်တဲ့ အောင်မြတ်သာက ဗျဂ္ဂအနားကိုလာပြီး
“ ဘယ်လိုလဲဗျဂ္ဂ… မာတင်္ဂရုပ်က ဘယ်လောက်စွမ်းတယ်ဆိုတာ ယုံပြီမဟုတ်လား” လို့ တီးတိုးပြောလိုက်ပါတော့တယ်။
+++++
ခုနှစ်ရက်ခုနှစ်လီအလှူပေးပြီးတဲ့ညမှာပဲ အောင်မြတ်သာက ဗျဂ္ဂကိုခေါ်ပြီး
“ ပထမအဆင့် စမ်းသပ်မှုကတော့ အောင်မြင်ခဲ့ပြီ၊ ဒါကြောင့် အခုထပ်လုပ်ရမှာက ဒုတိယအဆင့်စမ်းသပ်မှုဖြစ်တဲ့ သမထစိတ်စွမ်းအင်ကျင့်စဉ်ပဲ”
“ သမထစိတ်စွမ်းအင်ကျင့်စဉ်က ဘယ်လိုလုပ်ရမှာလဲ”
“ လုပ်ဆောင်ရမယ့်နည်းတွေကအများကြီးရှိတယ်။ မင်းနားလည်အောင်ပြောရရင် သမထဆိုတာက အာရုံစူးစိုက်မှုကိုတည်ငြိမ်အောင်လုပ်ဆောင်ရတဲ့ အရာပဲဖြစ်တယ်။ ဒါကြောင့်တရားပဲထိုင်ထိုင်၊ ပုတီးပဲစိပ်စိပ်၊ အင်းပဲဆွဲဆွဲ၊ ကိုယ်စိတ်သန်ရာလုပ်လို့ရတယ်”
“ ကျွန်တော်က အင်းကွက်ဆွဲတာကိုပိုသဘောကျတယ်၊ ဒါကြောင့် အင်းပဲဆွဲမယ်ဆရာ”
“ ဒါဆိုရင် အင်းကွက်ဆွဲတဲ့အချိန်မှာ ကိုယ့်စိတ်ကို ဘယ်လောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ဗျဂ္ဂလဲ ဒုတိယကျင့်စဉ်ဖြစ်တဲ့ စိတ်စွမ်းအင်ကျင့်စဉ်ကို ကြက်ယက်တွင်းစေတီမှာပဲစတင်လေ့ကျင့်ခဲ့တယ်။
စိတ်ကိုတည်ငြိမ်အောင်ထားရတဲ့အလုပ်က လွယ်မယောင်နဲ့ခက်တဲ့အတွက် ခြောက်ကွက်အင်း စေတီတစ်ဆူကို သုံးလတိတိကြာအောင် ရေးဆွဲခဲ့ရတယ်။
ဗျဂ္ဂက နေ့ရောညပါ အင်းဆွဲနေတဲ့အချိန် စားရေးသောက်ရေးကို တမာနဲ့ တံပူတို့က တာဝန်ယူပေးခဲ့သလို အောင်မြတ်သာကလဲ အနားမှာနေပြီး အနီးကပ်ကြီးကြပ်ပေးခဲ့တယ်။
ဒီလိုနဲ့ခြောက်လတိတိပြည့်တဲ့ညမှာတော့ အင်းကွက်ရေးဆွဲနေတဲ့အချိန် ကြက်ယက်တွင်း စေတီရဲ့ဘေးပတ်ပတ်လည်မှာ ကဆုန်ပေါက်ပြီး ပြေးလွှားနေတဲ့မြင်းဖြူတစ်ကောင်ကို မြင်တွေ့လိုက်ရတယ်။
တစ်ကိုယ်လုံးဝါဂွမ်းဆိုင်ပမာဖွေးဆွတ်နေတဲ့ မြင်းဖြူကြီးက စေတီကိုလက်ယာရစ်ပတ်နေရင်း ရုတ်ချည်းဆိုသလို ပိတ်ဖြူဝတ်ထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။
ဗျဂ္ဂလဲ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကို လျစ်လျှူရှုပြီးအင်းကွက်ကိုပြီးဆုံးအောင်ရေးဆွဲပြီးချိန်မှာတော့ သူ့ဘေးမှာ ပဆစ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။
အဆိုပါလူက ဗျဂ္ဂကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ပြီး
“ ဆရာ… ကျုပ်ကိုမှတ်မိပါသလား”
“ ကျုပ်မမှတ်မိဘူး၊ သင်ကဘယ်သူပါလဲ”
“ ကျုပ်က ဆရာလူ့ဘဝရောက်ထဲက ဓါတ်တော်မြူစေတီမှာစောင့်ဆိုင်းခဲ့တဲ့ ဝါဂွမ်းဖြူလေဆရာ”
“ ခင်ဗျားက ဓါတ်တော်မြူးစေတီမှာမြင်ခဲ့ရတဲ့ မြင်းဖြူလား”
“ ဟုတ်ပါတယ်ဆရာ… အခုတော့ ဆရာရှိတဲ့အရပ်ကိုရောက်လာခဲ့ပါပြီ၊ ဒါကြောင့် မကြာခင်အချိန် ဆရာ့ကိုကျောထက်မှာတင်ပြီး လိုရာခရီးကိုပို့ဆောင်ပေးပါ့မယ်”
“ အခုရော ပို့လို့မရဘူးလား၊ ကျုပ် လှံထောက်ရွာဘက်သွားစရာရှိသေးတယ်”
“ ဆရာအနေနဲ့ ပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိသေးလို့ အခုတော့မရသေးပါဘူး၊ ဒါကြောင့် စိတ်အေးချမ်းသာစွာ ဆက်လက်ကျင့်ကြံပါလို့ အကြံပြုပါတယ်”
“ ကောင်းပြီလေ… ကျုပ်ရဲ့ရည်မှန်းချက်တွေပြည့်စုံတာနဲ့ ခင်ဗျားကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်၊ ဒါကြောင့် ခင်ဗျားလဲ ကိုယ်အဆင်ပြေတဲ့နေရာမှာ နေပါ၊ ကျုပ်လဲလုပ်စရာရှိတာဆက်လုပ်လိုက်ဦးမယ်”
ဗျဂ္ဂက ပိတ်ဖြူဝတ်လူကို ပြောပြီးတာနဲ့ ရေးဆွဲဖို့ကျန်နေတဲ့အင်းကွက်အချို့ကို စိတ်နှစ်ကာထပ်မံရေးဆွဲခဲ့တယ်။
ကြက်ယက်တွင်းစေတီမှာ ဒုတိယကျင့်စဉ်ကို တစ်နှစ်တိတိကျင့်ကြံပြီးချိန်မှာတော့ အမြင်အချို့နဲ့အကြားအချို့ကိုစတင်ပေါက်မြောက်လာခဲ့တယ်။ အလားတူ အင်းစမရေးဆွဲခြင်းအပိုင်းမှာလည်း အောင်မြတ်သာမျက်နှာလွှဲရတဲ့အဆင့်ထိ ဖြစ်လာခဲ့တယ်။
ဗျဂ္ဂက ပယောဂကုတဲ့လမ်းစဉ်ထက် အင်းမစ၊ အဆောင်အယောင်လုပ်ရတာကိုပိုနှစ်သက်တာ ကြောင့် အားတဲ့အချိန်တိုင်း စာအုပ်တစ်အုပ်မှာ စမအသစ်တွေရေးဆွဲခြင်း၊ အသက်သွင်းခြင်းလုပ်ငန်းတွေကိုသာ လေ့ကျင့်ခဲ့တယ်။
ခေတ်ပညာတတ်လူငယ်တစ်ယောက်အဖြစ်ကနေ လာသူမို့ ဗျဂ္ဂရေးထားတဲ့စမတွေက စည်းစနစ်ကျပြီးအလွန်သေသပ်လှပခဲ့တယ်။ ဒါကြောင့်လဲ အောင်မြတ်သာက သူ့တပည့်တွေထဲမှာ ဗျဂ္ဂရဲ့ စမဆွဲဟန်က အတော်ဆုံးနဲ့ အသေသပ်ဆုံးလို့တောင် ချီးကျူးခဲ့တယ်။
တစ်ရက်မှာတော့ အောင်မြတ်သာတို့နေတဲ့ ကြက်ယက်တွင်းစေတီဆီကို သူတောင်းစားလင်မယားနှစ်ယောက် မယောင်မလည်နဲ့ရောက်လာခဲ့တယ်။ အဆိုပါလင်မယားက ဗျဂ္ဂကိုမြင်ရော ဝမ်းသာအားရနဲ့ အနားကပ်လာကာ
“ အိမ်မက်ထဲကအတိုင်းပါပဲလားရှင်၊ ဘယ်လိုလဲ ကိုသာဗျောဒီစေတီကိုလာရင် ထူးခြားပါမယ်လို့ မပြောဘူးလား”
“ ဟဲ့ ဟိုလင်မယား နင်တို့ဘာပြောနေကြတာလဲ”
“ ဒီလိုပါရှင်… ကျွန်မတို့က မန္တလေးဘက်မှာ တောင်းရမ်းစားသောက်ကြတဲ့သူတွေပါ၊
အခုကိုယ်ဝန်လွယ်ထားတဲ့ကလေးက အိမ်မက်မေးလို့ ဒီစေတီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင်လာခဲ့ကြတာပါ”
“ ဘယ်လိုအိမ်မက်ပေးတာတုန်း၊ ပြောစမ်းပါဦး”
“ အိမ်မက်ထဲမှာ ပုဆိုးကွင်းသိုင်းထားတဲ့ ကလေးတစ်ယောက်က သူ့ကိုကြက်ယက်တွင်းစေတီကိုပို့ပေးပါလို့ပြောတယ်၊ ဒီလိုအိမ်မက်မျိုးက တစ်ပတ်ကို သုံးလေးကြိမ်လောက်မက်နေတာမို့ လင်မယားနှစ်ယောက်လဲ ကြက်ယက်တွင်းစေတီအကြောင်းစုံစမ်းရင်း ဒီကိုရောက်လာခဲ့တာပါ”
မိန်းမဖြစ်သူရဲ့စကားကြောင့် ဗျဂ္ဂက အောင်မြတ်သာကိုလှမ်းကြည့်လိုက်ပြီး
“ ဒီကလေးက ကျွန်တော်တို့နဲ့ရေစက်ပါလားမသိဘူးဆရာ”
“ ရေစက်ပါလို့ မင်းဆီခေါ်လာတာပေါ့၊ သူ့အတွက် အဆင်ပြေအောင် တစ်ခုခုစီစဉ်ပေးလိုက်ဦး”
အောင်မြတ်သာစကားကြောင့် ဗျဂ္ဂလဲ လင်မယားနှစ်ယောက်ကိုကြည့်ပြီး
“ မင်းတို့က ဒီအရပ်ဒေသမှာ တောင်းရမ်းစားသောက်ကြမလို့လား”
“ လောလောဆယ်တော့ ကြုံသလိုပေါ့ရှင်”
“ မင်းတို့အနေနဲ့ အိမ်မက်ထဲကအတိုင်း ဒီကိုရောက်လာတာ နည်းတဲ့ဇွဲလုံ့လမှမဟုတ်ပဲ၊ ဒါကြောင့် ကလေးအတွက် ကျုပ်လက်ဆောင်တစ်ခုပေးလိုက်ပါမယ်”
ဗျဂ္ဂက သူ့ရဲ့အဝတ်ထုတ်အောက်မှာ ထည့်ထားတဲ့ စာအုပ်ထဲကနေ စမအက္ခရာတွေကို မာတင်္ဂရုပ်ထုအတိုင်းပုံဖော်ထားတဲ့ စာရွက်တစ်ရွက်ကို ညီညာစွာဆုတ်ဖြဲပြီး ကမ်းပေးလိုက်တယ်။
“ ဒီစာရွက်ကို အခေါက်သေးသေးလေးဖြစ်အောင်လိပ်ပြီး ယောင်္ကျားဖြစ်သူရဲ့လည်ပင်းမှာဆွဲထားလိုက်၊ ကလေးမွေးရင်တော့ ကလေးရဲ့လည်ပင်းမှာ ကျုတ်လေးနဲ့ဆွဲထားပေး”
“ ဟုတ်ကဲ့ပါဗျ… ကျုပ်တို့သေချာ သိမ်းထားပါ့မယ်”
“ မင်းတို့လဲ ခရီးဝေးကလာရတာဆိုတော့ ဒီမှာ ရက်အနည်းငယ်နားလိုက်ပါဦး၊ ဒီမှာနေတဲ့ကာလအတွင်းမှာတော့ တံပူနဲ့ တမာက လိုအပ်တာတွေလာပို့ပေးလိမ့်မယ်”
ဗျဂ္ဂလဲ လင်မယားနှစ်ယောက်အတွက် နေရာချပေးပြီး သူ့ရဲ့မူလနေရာဆီကို ပြန်ထွက်သွားခဲ့တယ်။ ညအချိန်ရောက်တော့ အောင်မြတ်သာက ဗျဂ္ဂ
အနားကိုလာပြီး
“ မင်းအနေနဲ့ ဒုတိယကျင့်စဉ်ကျင့်တာ ဘယ်လောက်ကြာပြီလဲ”
“ တစ်နှစ်ကျော်ပြီဆရာ”
“ ဘာတွေသိမြင်ရပြီလဲ”
“ အမြင်အကြားအချို့တော့ ရနေပါပြီ၊ နောက်ပြီး စမအတော်များများကိုလဲ လက်တန်းရေးနိုင်နေပါပြီ”
“ ဒါပဲလား… နောက်ထပ်ဘာတွေရှိသေးလဲ”
“ ကျွန်တော်တတ်မြောက်ထားတာ အကုန်ပါပဲဆရာ”
“ စိတ်စွမ်းအားကျင့်စဉ်မှာ အရေးကြီးဆုံးတစ်ချက်က ခန္ဓာကိုယ်ထဲကနေ စိတ်ဝိဉာဉ်ကိုထုတ်လွှင့်နိုင်ဖို့ပဲ၊ ဒီအဆင့်ကို မင်းမရောက်သေးဘူးမဟုတ်လား”
“ ဟုတ်ပါတယ်ဆရာ… ကျွန်တော် မရောက်သေးပါဘူး”
“ မင်းရောက်အောင် ကျင့်ကြံရမယ်၊ ဒါမှသာ မင်းရဲ့တာဝန်ကို ပြည့်ဝအောင် ထမ်းဆောင်နိုင်လိမ့်မယ်”
“ ကျွန်တော်တာဝန်က စဏ္ဍာလရွာငါးဆယ်ကို ကြီးကြပ်ပေးရုံပဲမဟုတ်လား”
“ ရွာကိုကြီးကြပ်ဖို့ပဲဆိုရင် မင်းကို အခုလိုအခြေအနေရောက်အောင် ကျင့်ကြံခိုင်းပါတော့မလား၊ တကယ်တမ်းမင်းလုပ်ရမယ့်တာဝန်က ပုဂံဒေသကို လာရောက်ကြတဲ့ ပုဂ္ဂိုလ်မြတ်တွေအပေါ် အကူအညီပေးဖို့ပဲ၊ သူတို့ထဲမှာ ဒီဒေသကို ရုပ်ပဲလာတဲ့သူတွေရှိတယ်၊ နာမ်ပဲလာတဲ့သူတွေရှိတယ်၊ ဒါတွေကိုမင်းအနေနဲ့ သိထားဖို့လိုတယ်မဟုတ်လား”
“ ဒါဆို ကျွန်တော် ရုပ်နာမ်ခွဲတဲ့ပညာကို ထပ်ပြီးလေ့ကျင့်ရမှာပေါ့”
“ ဟုတ်တယ် ဗျဂ္ဂ… ကြက်ယက်တွင်းစေတီမှာ မင်းရဲ့တာဝန်ပြီးဆုံးပြီမို့ အရုဏ်တက်တာနဲ့ ပုဂံမြေကိုခြေချရမယ်”
“ တမာနဲ့ တံပူတို့ကရော လိုက်လာကြမှာလား၊ ဒါမှမဟုတ် တစ်ယောက်ထဲသွားရမှာလား”
“ မင်းတစ်ယောက်ထဲပဲ သွားရလိမ့်မယ်၊ ဟိုရောက်တာနဲ့ မနက်ပိုင်းဝမ်းစာအတွက်ရှာဖွေပြီး ညပိုင်းမှာကျင့်ကြံရမယ်၊ မင်းလုပ်နိုင်ပါ့မလား”
“ လုပ်နိုင်အောင်ကြိုးစားမယ်ဆရာ၊ ဒီကျင့်စဉ်အောင်မြင်ရင် ဆရာ့ဆီအရင်လာခဲ့ပါ့မယ်”
“ လိုအပ်တဲ့ကျင့်ကြံနည်းတွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မင်းကို လာသင်ကြားပေးလိမ့်မယ်၊ ဒါကြောင့် ဒီညထဲက လိုအပ်တဲ့ပစ္စည်းတွေအသင့်ထည့်ထားပေတော့”
အောင်မြတ်သာစကားကြောင့် ဗျဂ္ဂလဲ တံပူနဲ့ တမာကို နှုတ်ဆက်ကာ တံပိုးနဲ့အိတ်ထဲကို ပစ္သည်းတွေထည့်လိုက်ပါတော့တယ်။
+++++++
အလင်းရောင်က အရှေ့ဘက်အရပ်ကနေ အနည်းငယ်ဖြာထွက်နေခဲ့ပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံးကို မြင်သာအောင်တော့
မစွမ်းဆောင်နိုင်ခဲ့ပေ။
အဲဒီအချိန် ဗျဂ္ဂရဲ့ခြေလှမ်းတွေက ကြက်ယက်တွင်းစေတီရဲ့ဝေးရာကို လျောက်လှမ်းနေသလို စေတီဘက်ကနေလဲ ပဌာန်းရွတ်သံသဲ့သဲ့ထွက်ပေါ်နေခဲ့တယ်။
ထိုစဉ် တခွပ်ခွပ်နဲ့ ပြေးလာတဲ့ မြင်းခွာသံကြောင့် လှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့ မြင်းဖြူတစ်ကောင် သူ့ဆီကို ဒုန်းစိုင်းပြေးလာတာ မြင်လိုက်ရတယ်။
မြင်းဖြူကြီးက အနားလဲရောက်ရော မြေကြီးပေါ်မှာဒူးကွေးကာထိုင်ချလိုက်ပြီး ဗျဂ္ဂရဲ့ကိုယ်ကို ဦးခေါင်းနဲ့တိုးဝှေ့ကာပွတ်သပ်နေခဲ့တယ်။
မကြာမီအချိန်အတွင်း မြင်းဖြူရဲ့ကိုယ်ပေါ်မှာ စီးနင်းလိုက်ပါသွားတဲ့ ဗျဂ္ဂကိုမြင်လိုက်ရပြီး မြေနီလမ်းတစ်လျောက်ကနေလဲ မြင်းခွာသံတွေ ထွက်ပေါ်လာပါတော့တယ်။
+++++++++
“ ခစ်ခစ်ခစ်”
တိုးညှင်းစွာထွက်ပေါ်လာတဲ့ ညုတုတုရယ်သံတွေက ဗျဂ္ဂရဲ့နားထဲကို သကာရည်လိုတိုးဝင်လာခဲ့တယ်။ သိပ်မကြာခင်အချိန်အတွင်း ညုတုတုရယ်သံတွေအဖြစ်ကနေ ဝမ်းခေါင်းသံနဲ့ရယ်မောနေသံတွေအဖြစ်ပြောင်းလဲသွားပြီး အပုတ်နံ့က လှိုင်ခနဲထွက်ပေါ်လာခဲ့တယ်။
“ ငါစိတ်ယိုင်လို့မဖြစ်ဘူး… ဒီလိုမှောင်မဲနေတဲ့ညသန်းခေါင်အချိန်မှာ ငါ့အတွက်ငါပဲရှိတယ်၊ ဗျဂ္ဂ… မင်းလုပ်နိုင်ပါတယ်” လို့ ကိုယ့်ကိုယ်ကိုအားတင်းရင်း လေးလံနေတဲ့စိတ်ကိုဖြေလျော့ချလိုက်တယ်ဆိုရင်ပဲ
“ စိတ်ကိုနဖူးအလယ်တည့်တည့်ဆီပို့ထား၊ ဘာအကြောင်းဖြစ်ဖြစ် မျက်စိဖွင့်မကြည့်နဲ့၊ မင်းနဲ့အတူ ငါရှိနေတယ်” ဆိုတဲ့ အောင်မြတ်သာရဲ့ အသံကိုကြားလိုက်ရတယ်။
ဗျဂ္ဂလဲ ဆရာဖြစ်သူရဲ့အသံကြောင့် ပိုမိုအားတက်သွားပြီး ခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်တွေအားလုံးကို နဖူးအလယ်တည့်တည့်ကိုပို့လွှတ်လိုက်တဲ့အချိန် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး ရင်ထဲကနေ အေးမြတဲ့ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။
“ ဟုတ်တယ်… ဆက်ထိန်းထား၊ အသိကိုမလွတ်စေနဲ့”
အောင်မြတ်သာရဲ့အသံက နားထဲကို တိုးဝင်လာတာကြောင့် စိတ်ကိုမယိုင်နဲ့အောင် ထိန်းလိုက်တယ်ဆိုရင်ပဲ ခန္ဓာကိုယ်ကို လေစုပ်စက်တစ်ခုနဲ့စုပ်ယူလိုက်သလို အပေါ်ကိုမြောက်တက်သွားခဲ့တယ်။
ပေါ့ပါးနေတဲ့ခန္ဓာကိုယ်က လေထုထဲမှာ အချိန်အတန်ကြာတန့်နေတဲ့အပြင် ဆရာဖြစ်သူရဲ့အသံကိုမကြားရတော့တာကြောင့် ဒီတစ်ခေါက်လဲမအောင်မြင်ပြန်ဘူးဆိုတဲ့အသိနဲ့ မျက်စိကိုအသာဖွင့်ကြည့်လိုက်ရာ ခန္ဓာကိုယ်က လေပေါ်မှာငြိမ်သက်နေပြီး သူ့အောက်မှာတော့ တရားထိုင်နေတဲ့ မူရင်းခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရတယ်။
“ ငါ့ ငါ့ရဲ့ နာမ်က အပြင်ကိုထွက်လာတာလား”
ဗျဂ္ဂက လက်တွေကိုလှုပ်ရှားကြည့်လိုက်ရာ သူ့ဆန္ဒအတိုင်း လှုပ်ရှားလို့ရနေတာကိုသတိထား မိခဲ့တယ်။
“ ငါ အောင်မြင်ပြီ… တစ်နှစ်လောက်ကျရှုံးခဲ့တဲ့ ကျင့်စဉ်က အခုမှအောင်မြင်ပြီဟေ့”
ဗျဂ္ဂလဲ ဝမ်းသာအားရ ကြုံးဝါးပြီး နာမ်ရုပ်ကို ခန္ဓာကိုယ်ထဲပြန်ဝင်ဖို့စိတ်ညွှတ်လိုက်ရာ မူရင်းခန္ဓာကိုယ်ထဲကနေ အလွန်သေးငယ်တဲ့ ငွေရောင်ကြိုးမျှင်လေးတစ်ခုပေါ်လာပြီး ရစ်ဘီးကြိုးရစ်သလိုဆွဲခေါ်သွားခဲ့တာကို သတိထားမိခဲ့တယ်။ ဗျဂ္ဂလဲ နာမ်ရုပ်က မူလခန္ဓာကိုယ်ထဲဝင်ရောက်တာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာဆီမီးတွေ
အသီးသီးကိုင်ဆောင်ထားတဲ့ ယောင်္ကျားမိန်းမတွေက ဗျဂ္ဂထိုင်နေတဲ့ စေတီပေါ်ကိုတက်လာပြီး မီးပူဇော်ကြပါလေရော။
ဝတ်စားထားပုံက အခုခေတ်ပုံစံမဟုတ်ပဲ ငယ်စဉ်ကသင်ခဲ့ရဖူးတဲ့ ပုဂံခေတ်ဝတ်စားဆင်ယင်မှုဖြစ်နေတာကြောင့် ဘေးဘီမှာရှိတဲ့စေတီတွေကိုကြည့်လိုက်ရာ မြောက်များစွာသော လူတွေက ပုဂံခေတ်ကအဝတ်အစားတွေဝတ်ဆင်ပြီး ဆီမီးကိုယ်စိကိုင်ကာ စေတီတွေကို မီးပူဇော်နေတာမြင်တွေ့လိုက်ရတယ်။
ဒီတော့မှ ကောင်းကင်ကိုမော့ကြည့်လိုက်ရာ တိမ်ကင်းစင်ပြီး ပြည့်ဝတောက်ပနေတဲ့ လဝန်းကြီးကိုမြင်တွေ့လိုက်ရတာကြောင့် “ ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ပဲ” လို့ ရေရွတ်လိုက်ပါတော့တယ်။
+++++++++
“ ဆရာ…. ဒါဆို ကိုဗျဂ္ဂက နာမ်ရုပ်ခွဲတဲ့ကျင့်စဉ်ကိုအောင်မြင်ခဲ့တာပေါ့”
“ ဟုတ်တယ်မောင်ကောင်း၊ သူက နာမ်ရုပ်ခွဲကျင့်စဉ်ကိုအောင်မြင်ပြီးနောက်ပိုင်း အခြားပညာစဉ်တွေကိုလေ့ကျင့်ခဲ့သေးတယ်”
“ ဆရာ… ကျွန်တော်လဲသိချင်တာတစ်ခုရှိသေးတယ်”
“ ဘာများလဲ ခွန်းလှ”
“ သူနာမ်ရုပ်ခွဲတဲ့ကျင့်စဉ်အောင်မြင်တဲ့အချိန် မြင်လိုက်ရတဲ့လူတွေက ဘယ်သူတွေလဲ၊ ဒီနယ်မြေမှာကျန်နေသေးတဲ့ မကျွတ်မလွတ်သူတွေလား”
“ ဗျဂ္ဂရဲ့ ပါရမီက ဒီနယ်မြေမှာရှိတဲ့ မကျွတ်မလွတ်သေးတဲ့သူတွေကိုမြင်ရတာပဲ၊ ဒါကြောင့် ကျင့်စဉ်အောင်တာနဲ့ အကုန်လုံးကို မြင်တွေ့ခဲ့တာ၊ နောက်ပိုင်းတွေမှာလဲ အချိန်ရရင်ရသလို ပုဂံသားတွေနဲ့မိတ်ဖွဲ့တော့တာပဲလေ၊ ဒါကြောင့်မင်းတို့ပုဂံခေတ်ရောက်တုန်းက ဘယ်လိုရှင်သန်ရမလဲဆိုတာ သူသိနေတာပေါ့”
“ ဒါကြောင့်ကိုး… ဟိုလေ သူ့မြင်းဖြူကြီးကရော အခုထိရှိတုန်းပဲလားဆရာ”
“ သူ့ရဲ့မူလနေရာဖြစ်တဲ့ ဓါတ်တော်မြူးစေတီမှာ ဗျဂ္ဂပြန်အလာကိုစောင့်နေတယ်လေ”
“ ဒါနဲ့လေ ကိုဗျဂ္ဂက သူ့မိဘတွေဆီကို တစ်ခါမှမပြန်တော့ဘူးလား၊ ဟိုက သူ့ကိုအတော်လွမ်းနေမှာပဲနော်”
“ သူပြောတာကတော့ လူကိုယ်တိုင်ပြန်ရင် သံယောဇဉ်ပြန်တွယ်မိလိမ့်မယ်တဲ့၊ ဒါကြောင့် သူ့မိဘတွေကိုသတိရရင် အိမ်မက်ပေးပြီးတွေ့တယ်ဆိုပဲ”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် စေတီပေါ်မှာ သန့်ရှင်းရေးလုပ်နေတဲ့ ဗျဂ္ဂကို ပြိုင်တူငေးကြည့်လိုက်ပါတော့တယ်။
ဤသည်ကား ဗျဂ္ဂ၏ အတ္တုပ္ပတ္တိပေတည်း။
++++++
အောင်မြတ်သာတို့ ပုဂံမြေမှာ အတန်ကြာနေထိုင်ပြီးနောက်မှာတော့ ရွှေမောဓေါဘုရားဖူးရန်အတွက်ပဲခူးမြို့သို့ဆင်းလာခဲ့ကြတယ်။
ပဲခူးမြို့ကိုရောက်ရှိတဲ့အခိုက် အသက်သွင်းပြီး စွန့်ထားတဲ့ ကိုအောင်နိုင်နတ်ရုပ်ကို မသိနားမလည်ပဲ ယူဆော့မိတဲ့ကလေးကြောင့် မိသားစုတွေ သွေးပျက်တဲ့ထိ အခြောက်အလှန့်ခံနေရတာကို ကူညီပေးခဲ့ကြရတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ကိုအောင်နိုင်နတ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)