°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)

ဘေးပတ်ပတ်လည် လယ်ကွင်းတွေနဲ့ဝန်းရံထားတဲ့ ဇရပ်ကွင်းရွာလေးကတော့ နေရောင်ပျောက်တာနဲ့ လုံးဝကိုငြိမ်သက်သွားခဲ့တယ်။ လယ်ကွင်းပြင်တွေဘက်ကနေ အော်ဟစ်နေတဲ့ ပိုးကောင်ငယ်လေးတွေရဲ့အသံ၊ တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ခွေးအူသံတွေကလွဲလို့ တစ်ရွာလုံးတိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန် ရွာအပြင် ထန်းတောဘက်ကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံတွေနဲ့အတူ မြင်းခွါသံအချို့ကိုကြားလိုက်ရတယ်။

“ မြင်း…မြင်းခွါသံတွေ ကြားရလား… အမေ ဓါးမြတွေဝင်ပြန်ပီနဲ့တူတယ်”

“ ဟဲ့ မိပိန် စကားများမနေနဲ့ မီးအမြန်ငြိမ်းစမ်း”

မိခင်ဖြစ်သူစကားကြောင့် မိပိန်မ နားမှာပန်ထားတဲ့နားကပ်ကိုချွတ်ရင်း ဖယောင်းတိုင်မီးကို မှုတ်လိုက်တယ်။
+++++++

“ ဒိုင်း ဒိုင်း ဒိုင်း”

လက်လုပ်သေနတ်သံသုံးချက်ထွက်လာပြီးတဲ့နောက်မှာတော့ ခြောက်ကပ်ကပ်ရယ်သံနဲ့အတူ

“ စိန်မျက်ခုံးတို့အဖွဲ့ ဒီရွာကို အလှူခံဖို့ရောက်လာပြီနော်… အသက်အပိုပါတဲ့သူတွေ ချောင်းကြည့်လို့ရတယ်၊ အပိုမပါသူတွေကတော့ ခေါင်းတောင်မပြူစေနဲ့” ဆိုတဲ့အသံက ကပ်လျက်ထွက်ပေါ်လာခဲ့တယ်။

ဓါးမြဗိုလ်စိန်မျက်ခုံးဆိုတာက ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးဓါးမြတစ်ဦးဖြစ်တဲ့အပြင် စိတ်မထင်ရင်မထင်သလို လူကိုပါရက်ရက်စက်စက်သတ်ဖြတ်လေ့ရှိတယ်။ ဒါကြောင့် ဓါးမြတွေဝင်လာပြီဆိုရင် ကိုယ့်အိမ်ကို တံခါးလာမခေါက်ဖို့ဆုတောင်းနေခဲ့ရတယ်။ အခုညလဲ ဘယ်သူအိမ်ဝင်မလဲဆိုတာ ဒေါ်လှရင်တို့သားအမိ ရင်တထိတ်ထိတ်နဲ့စောင့်နေရင်း တစ်နာရီလောက်ကြာတော့ ရွာအပြင်ဘက်ကို ဒုန်းဆိုင်းမောင်းထွက်သွားတဲ့ မြင်းခွါသံတွေကြားမှ စိတ်ကိုဒုံးဒုံးချနိုင်ခဲ့တယ်။

မနက်မိုးလင်းတော့ ရွာထဲမှာ လူတွေလှုပ်လှုပ်ရှားရှားဖြစ်နေတာမြင်တဲ့ မိပိန်က

“ ဦးကြီးကျော်သန်း ညကဘယ်သူအိမ်ဝင်သွားတာလဲ”

“ ရွာအစွန်က ချစ်တီးကုလားအပ္ပနားအိမ်ကို ဝင်သွားတာတာတဲ့၊ မနေ့က ချစ်တီး စပါးရောင်းလိုက်တာ သိလို့ ဝင်တိုက်တာဖြစ်မယ်”

“ ဒါဆို အကုန်ပါသွားတာပေါ့”

“ ပါသွားတာတင်မကဘူး… လူကိုပါ ဝါးကြောနဲ့လှီးသတ်သွားတာတဲ့.. လည်ပင်း လက်ငါးလုံးလောက် ဟပြီးသေနေတာလို့ပြောတယ်”

“ အမလေး … ကြောက်စရာကြီး”

ချစ်တီးအပ္ပနားသေတဲ့သတင်းက နေထန်းတစ်ဖျားမရောက်ခင်မှာပဲ ရွာနီးချုပ်စပ်တွေအကုန်ပျံ့သွားခဲ့တယ်။ နေ့ခင်းလောက်ရောက်တော့ မြို့ပေါ်က တာဝန်ရှိသူတွေရောက်လာပြီး အလောင်းကိုသယ်သွားခဲ့ကြတယ်။
+++++

အနောက်ဘက်လယ်ကွင်းတွေဆီကနေ တိုက်ခတ်လာတဲ့ လေပွေတစ်ခုက ရိတ်သိမ်းပြီးစ ကောက်လှိုင်းပုံကိုဖရိုဖရဲဖြစ်အောင် မွှေ့ရမ်းပြီး ရေခပ်နေတဲ့အပျိုမတွေကြားထဲကို တိုးဝင်သွားခဲ့တယ်။

“ ဟဲ့ ပလုပ်တုတ်… ရေအိုးတောင် လွတ်ကျတော့မလို့”

ခေါင်းပေါ်မှာရွက်ထားတဲ့ ရေအိုးကို ထိန်းရင်း ပြောလိုက်တဲ့ မိပိန်စကားကြောင့် အနောက်မှာပါလာတဲ့ အပျိုမတွေက

“ ညဉ်းမလဲ ဒါလေးတောင် လန့်နေတယ်…ငါဆို ချစ်တီးအလောင်းကို မျက်ဝါးထင်ထင်မြင်ခဲ့ရတာ… အမလေး ပြောရင်းနဲ့ ကြက်သီးတွေပါထတယ်”

“ ဟဲ့ ပြောစမ်းပါဦး ဘယ်လိုတောင်သတ်သွားရတာလဲ”

“ အပ္ပနားအကြောင်းနင်တို့လဲသိသားနဲ့… သူ့ကိုဓါးမြလာတိုက်မှာစိုးလို့ အမြဲတမ်းဘာဘူအင်္ကျီအနွမ်းနဲ့ လုံချည်အစုတ်ပဲဝတ်တာလေ.. မနေ့ညက ဓါးမြတွေတောင်းတာအကုန်မပေးဘူးထင်ပါရဲ့ လည်ပင်းကို ဝါးကြောနဲ့လှီးသွားတာ လည်ပင်းကပြတ်လုမတတ်ပဲ ကြောက်လန့်နေတဲ့မျက်လုံးတွေကလဲအပြင်ကို ပြူးထွက်နေတာ”

စကားတစ်ပြောပြောနဲ့လျောက်လာရင်း အနီရောင်အဝတ်စတွေချည်ထားတဲ့ လယ်ကွင်းနားကိုရောက်တော့

“ အပ္ပနားပိုင်တဲ့ လယ်တွေဘယ်နှစ်ဧကလောက်ရှိလဲသိလား”

“ငါ့အဖွားပြောတာကတော့ ဧက၁၀၀လောက်ရှိမယ်တဲ့၊ ဒါတောင်သူသိမ်းထားတဲ့ပိုက်ဆံနဲ့ရွှေတွေမပါသေးဘူး”

“ အဲလောက်တောင်ချမ်းသာတာလား..”

“ ဒါတင်မဟုတ်ဘူး ငါကြားတာကတော့ သူပိုင်တဲ့ပစ္စည်းတွေကို မြေအိုးတွေနဲ့ထည့်ပြီး မြုပ်ထားသေးတာတဲ့၊ ဓါးမြတွေက အဲဒါကိုသိလို့ သူ့ကိုမေးတာ မပြောပဲခေါင်းမာနေလို့ စစ်မေးရင်းကနေ လက်လွန်သွားတာလို့ပြောတယ်”

“ ဟဲ့ဟဲ့ ကောင်မတွေ စကားပြောတာလဲ ဆင်ခြင်ကြ… မသိရင် နင်တို့ကပဲ ဓါးပြတိုက်နေတုန်း ဘေးမှာထိုင်ကြည့်နေတဲ့အတိုင်းပဲ”

အပျိုထိန်းမလှမေရဲ့စကားကြောင့် ရေခပ်လာတဲ့သူတွေအားလုံးပြုံးစိစိဖြစ်သွားပြီး ကိုယ့်အိမ်ရှိရာဘက်ကို ထွက်လာခဲ့ကြတယ်။
++++++++

အပ္ပနားသေပြီး တစ်ပတ်လောက်ကြာတော့ ညဘက်တွေဆိုရင် သွေးစွန်းနေတဲ့ဘာဘူအင်္ကျီအဖြူရောင်ဝတ်ပြီး လျောက်သွားနေတဲ့ အပ္ပနားကိုတွေ့တယ်ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒီသတင်းကိုစတင်ခဲ့သူက “ကြက်သူခိုးမြင့်အောင်”

“ မင်းတွေ့ခဲ့တာ သေချာရဲ့လားကွာ”

“ အော် ကိုဖိုးခွေးရယ် ကျုပ်က သူခိုးပေမယ့် မဟုတ်တဲ့စကားတော့မပြောပါဘူး.. မနေ့ညက အရက်ဖိုးမရှိတာနဲ့ ကိုငြိမ်းခင် မွေးထားတဲ့ကြက်ကိုခိုးမလို့ အပ္ပနားအိမ်ဘေးကအမှောင်ထုမှာပုန်းနေတဲ့အချိန်”

ကြက်သူခိုးမြင့်အောင်က ပြောနေရင်း ကြက်သီးတွေထနေတဲ့လက်ဖျံနှစ်ခုကိုပွတ်သတ်ရင်း

“ လှေကားပေါ်ကနေဆင်းလာတဲ့ခြေသံကိုကြားလို့ လှည့်ကြည့်လိုက်တာ အမလေးလေး ခေါင်းကပြတ်လုပြတ်ခင်ဖြစ်နေတဲ့ အပ္ပနားက စပါးကျီတွေရှိတဲ့ဘက်ကို စောင်းငန်းစောင်းငန်းနဲ့ထွက်သွားတာ၊ ကျုပ်ဖြင့် ထိုင်နေရင်း သေးတွေပါထွက်တယ်”

“ မဟုတ်မှလွဲရော ဒီကောင် တစ်ခုခုကိုစွဲနေတာများလား”

“ ဖြစ်နိုင်တယ် ကိုဖိုးခွေး… အပ္ပနားက လူဘဝထဲက ဥစ္စာရူးလေ …သူ့ပစ္စည်းဘယ်သူကိုပေးဖူးလို့လဲ၊ အခုလဲ ရုတ်တရက်သေသွားတော့ အဲဒီပစ္စည်းတွေကိုစွဲပြီး မကျွတ်တာဖြစ်မှာပေါ့”

“ မင်း ဒီကိစ္စကို ဘယ်သူကိုမှလျောက်မပြောနဲ့သိလား ၊ ရွာထဲကလူတွေကြောက်ကုန်လိမ့်မယ်”

“ မပြောပါဘူးဗျာ… ကျုပ်ကြက်သွားခိုးရင်းတွေ့တာလို့ပြောရင် ကိုငြိမ်းခင် လောက်လေးစာမိသွားမှာပေါ့၊ ကိုဖိုးခွေးကို ခင်လို့ပြောပြတာ”

“ အေးအေး … သွားတော့ “

ကြက်သူခိုးမြင့်အောင်လဲ ညကမြင်ခဲ့တာကို ရင်ဖွင့်ပြီးပြီမို့ ချက်စူရဲ့ အရက်ပုန်းဆိုင်မှာ အရက်ထိုင်သောက်နေခဲ့တယ်။ ချက်အရက်လေးသောက်လိုက် မြေပဲကြော်လေးဝါးလိုက်နဲ့ ဇိမ်ခံနေတုန်း ဘေးတစ်ခုံကျော်မှာလာထိုင်တဲ့ ငမူးဖိုးကောင်းက

“ အပ္ပနားက မကျွတ်ပဲ ညဘက်တွေလျောက်သွားနေတာတဲ့”

“မင်းကို ဘယ်သူပြောတာလဲ … ပေါက်ကရတွေမပြောနဲ့နော်”

“ မယုံရင် ကိုဖိုးခွေးကိုမေးကြည့်…”

ကိုဖိုးခွေးဆိုတဲ့အသံကြောင့် ထွေရီဝေရီဖြစ်နေတဲ့ မြင့်အောင်က ကမန်းကတမ်းထလာပြီး

“ ကိုဖိုးခွေးက ဘယ်သူ့ကိုပြောနေတာလဲ”

“ ဟ ကြက်သူခိုးမြင့်အောင်ပါလား… ညက မင်း ကိုငြိမ်းခင်ရဲ့ကြက်ကိုခိုးမလို့လုပ်ရင်း အပ္ပနားသရဲနဲ့တွေ့တယ်ဆို”

“ ဟာ ဒီ မိချောင်းမသားနဲ့တော့ကွာ… ငါကိုကျ ဘယ်သူမှမပြောနဲ့တဲ့..သူကတော့ တစ်ရွာလုံးလိုက်ဖွထားတာ “

မြင့်အောင်က စိတ်ပျက်တဲ့ဟန်နဲ့ရေရွတ်ရင်း ဆိုင်အပြင်ဘက်ထွက်လိုက်တော့ လောက်လေးခွကို ကိုင်ပြီး လာနေတဲ့ ကိုငြိမ်းခင်ကိုမြင်လိုက်ရတယ်။

“ ကြက်သူခိုးမြင့်အောင် ဆိုင်ထဲမှာရှိလားဟေ့”

အသံဩဩနဲ့အော်မေးလိုက်တဲ့ ကိုငြိမ်းခင်စကားအဆုံးမှာ ထန်းလက်တွေကာထားတဲ့ အရက်ဆိုင်ရဲ့ဘေးကနေ လှစ်ခနဲဖြတ်ပြေးသွားတဲ့မြင့်အောင်ကို အထဲကလူတွေမြင်လိုက်ရတယ်။
+++++++

“ ဓါးမြဗိုလ်စိန်မျက်ခုံးတို့အဖွဲ့ကို မိပြီတဲ့…”

“ ဟုတ်လို့လား…သေချာမှလဲပြောဦးနော်”

“ အော် ဘဒွေးရယ် … ကျုပ်ဒီနေ့ မြို့ပေါ်လစာသွားထုတ်တော့ စခန်းမှူးကိုယ်တိုင်ပြောပြခဲ့တာ၊ အပ္ပနား သေတဲ့ကိစ္စက အတော်ဂယက်ရိုက်သွားပြီး ပုလိပ်မင်းကြီးက ဓါးမြတွေကိုအမိဖမ်းခိုင်းခဲ့တာတဲ့၊ စိန်မျက်ခုံးတို့အဖွဲ့ကလဲ အပ္ပနားအိမ်ကရလာတဲ့ ရွှေထည်အချို့ကို မြို့ပေါ်လာတက်ရောင်းတဲ့အချိန် အသင့်စောင့်နေတဲ့ ပုလိပ်တွေလက်ထဲ တန်းမိတော့တာပဲ”

ကျောင်းဆရာကိုရဲမြင့်စကားကြောင့် ရွာလူကြီးတွေအားလုံး သက်ပြင်းချပြီး

“ ဓါးမြအဖွဲ့ဖမ်းမိသွားတော့မှ ကျုပ်တို့လဲစိတ်သက်သာသွားတယ်။ နောက်ဆို ရှိတဲ့ပစ္စည်းတွေ ဟိုဖွက်ရဒီဖွက်ရနဲ့ စိတ်ကိုအေးရတယ်မရှိဘူး”

“ ဟောတော် ဆရာလေးရောက်နေပါလား… ညိုမိမှာထားတာတွေရောပါလား”

အိမ်ပေါ်ကနေဆင်းလာရင်းပြောလိုက်တဲ့ သမီးဖြစ်သူစကားကြောင့် ဘဒွေး ချောင်းတစ်ချက်ဟန့်လိုက်ပြီး

“ ဟဲ့ ညိုမိ နွားစာစဉ်းပြီးပြီလား”

“ အဘကလဲ ဆရာလေးကိုမှာထားတဲ့ပစ္စည်းယူပြီးရင် လုပ်ပါမယ်”

ညိုမိက ကျောင်းဆရာလေးကမ်းပေးတဲ့ အိတ်ကိုယူကာ ဆူအောင့်အောင့်နဲ့ အိမ်နောက်ဖေးဘက်ကိုထွက်သွားခဲ့တယ်။

“ သမီးမွေးထားတာ အဲလိုပြောနိုင်မှတော်ကာကျမယ်ဆရာလေးရေ..”

“ ဒါပေါ့ ဘဒွေး … ပြောတာမှန်ပါတယ်…အော် ကျွန်တော်လဲ ကျောင်းမှာအလုပ်လေးတွေရှိလို့ သွားလိုက်ဦးမယ်နော်”

ကျောင်းဆရာကိုရဲမြင့်လဲ ဘဒွေးကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။
++++++++

လရောင်က ဇရပ်ကွင်းတစ်ရွာလုံးအပေါ်ကို ဖြာကျနေတဲ့အတွက် အရာဝတ္တုတွေကိုရှင်းလင်းစွာမြင်တွေ့နေရတဲ့အချိန် ဘဒွေးတို့အိမ်အနောက်မှာရှိတဲ့ ကောက်ရိုးပုံအောက်မှာတော့

“ ကို … ညိုမိ ပြန်မှရတော့မယ် … တော်ကြာ အဘ နိုးလာလို့ မတွေ့ရင် နှစ်ယောက်လုံး ဒုက္ခရောက်ကုန်မှာ”

“ ညိုမိကလဲကွာ တွေ့တာဖြင့် နာရီဝက်တောင်မရှိသေးဘူး.. ဘဒွေးက အိပ်ပျော်နေတာ နိုးဦးမှာမဟုတ်သေးပါဘူး”

ကျောင်းဆရာလေးက ညိုမိကို ရင်ခွင်ထဲဆွဲသွင်းပြီး မရုန်းထွက်နိုင်တဲ့စကားတွေနဲ့ရစ်ပတ်နေတဲ့အချိန်

“ ကို လယ်ကွင်းစပ်မှာ ကုန်းကုန်းကွကွနဲ့ ဘာကောင်ကြီးလဲ”

ကျောင်းဆရာလေးလဲ ညိုမိပြောတဲ့နေရာကိုကြည့်လိုက်ရာ တစ်ခုခုကို ရှာနေတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်”

“ ကြွက်ရှာနေတဲ့သူတွေဖြစ်မှာပါ…ဒီအချိန်က စပါးရိတ်ချိန်ဆိုတော့ ကြွက်တွေပေါတယ်လေ”

“ မဟုတ်ဘူးနော် … သူ့ပုံစံကို ညိုမိ မင်္သကာဘူး..နောက်ပြီး အဲဒီလယ်ကွင်းက အပ္ပနား ပိုင်တဲ့ကွင်းကြီး”

အပ္ပနားဆိုတဲ့အသံကြောင့် ကျောင်းဆရာလေး ခေါင်းနပန်းတွေကြီးသွားခဲ့ပေမယ့် ကိုယ်ချစ်သူအရှေ့မှာဆိုတော့ ကြောက်စိတ်တွေကို ပယ်သတ်ပြီး

“ ညိုမိ ခဏစောင့်နေ ကို သွားကြည့်လိုက်မယ် …”

ကျောင်းဆရာလေးလဲ ကောက်ရိုးပုံဘေးမှာထောက်ထားတဲ့ ဝါးဆစ်ပိုင်းကို ကိုင်ကာ လယ်ကွင်းထဲကိုဆင်းသွားခဲ့တယ်။

ခြေလှမ်းနှစ်ဆယ်လောက်လှမ်းပြီးတဲ့အချိန်မှာတော့ မြင်ကွင်းက တစ်ဖြေးဖြေးရှင်းလာပြီး သွေးကွက်တွေစွန်းပေနေတဲ့ အင်္ကျီအဖြူနောက်ကျောကိုမြင်လိုက်ရတယ်။

“ ဟေ့ မင်း မင်း ဘယ်သူလဲ…”

လက်ထဲကဝါးဆစ်တုတ်ကို ပင့်ကာ အားတင်းပြီးမေးလိုက်တဲ့အချိန် ကျောပေးထားတဲ့သူက တစ်ဖြေးဖြေးအနောက်လှည့်ကြည့်တဲ့အချိန် မဲတူးနေတဲ့မျက်နှာက ရင်ဘတ်ပေါ်ကိုပြတ်လုပြတ်ခင်ဖြစ်နေပြီး လည်ချောင်းသွေးတွေ ပန်းထွက်နေတဲ့ မြင်ကွင်းကိုမြင်လိုက်တဲ့အခိုက်

“ အောင်မလေး… သရဲ သရဲ… ဂစ် ဂစ် ဂစ်”

ဝါးရင်းတုတ်ကိုကိုင်ပြီး တက်နေတဲ့ ကျောင်းဆရာကိုမြင်တော့ ညိုမိလဲ ကြောက်လန့်တကြားအော်ဟစ်ပြီး အိမ်ကိုပြေးပါလေရော။

ညိုမိအော်သံကြောင့် အနီးနားမှာနေတဲ့ရွာသားတွေ အပြေးလာကြည့်ရာ လယ်ကွင်းစပ်မှာ အမြုပ်တစီစီနဲ့တက်နေတဲ့ ကျောင်းဆရာကိုမြင်လိုက်ရတယ်။
+++++++

ဒီလိုနဲ့ ဇရပ်ကွင်းရွာမှာ ချစ်တီးသရဲ လာပြီဟေ့ဆိုရင် ငိုနေတဲ့ကလေးတွေတောင် အသံမထွက်ရဲတဲ့အထိဖြစ်ခဲ့တယ်။ ချစ်တီးသရဲကလဲ ပရိတ်ရွတ်လဲမကျွတ်၊ အလှူအတန်းလုပ်လဲမကျွတ်တဲ့အပြင် သူပိုင်တဲ့လယ်တွေ၊ စပါးကျီတွေအသုံးပြုတဲ့သူတွေကိုလဲ သွေးပျက်အောင် ခြောက်လှန့်ခဲ့တဲ့ထိဖြစ်လာတယ်။

ကျောင်းဆရာနဲ့ ညိုမိလဲ ချစ်တီးသရဲကောင်းမှုနဲ့ တစ်ရွာလုံးဟိုးလေးတစ်ကျော်ကျော်ဖြစ်ရာကနေ မင်္ဂလာဆောင်တဲ့အထိဖြစ်သွားခဲ့တယ်။

မင်္ဂလာဆောင်တဲ့နေ့မှာတော့ ဇရပ်ကွင်းရွာကို မျက်နှာစိမ်းလူငါးယောက်ရောက်လာပြီး အပ္ပနားနေခဲ့တဲ့ အိမ်နားမှာရစ်သီရစ်သီလုပ်နေတာကို ကြက်သူခိုးမြင့်အောင်က သတိထားမိသွားတယ်။

“ ဆရာလေး … ဟိုလူတွေက ဆရာလေး ဧည့်သည်တွေလား”

“ ဟင် မဟုတ်လောက်ဘူးထင်တယ် …ဘာဖြစ်လို့လဲ”

“ သူတို့ပုံကြည့်ရတာ ထူးဆန်းနေလို့ပါ…”

“ စိတ်ထဲထင်နေတာဖြစ်မယ် …ကဲကဲ မဏ္ဉပ်တွေကူဖျက်ပေးဦး၊ ညကျရင် သေချာပြုစုပေးပါ့မယ်”

++++++++

“ ဆရာလေး ခဲဖိုးပေးပါ… မပေးရင် ဒီည မအိပ်ရအောင်လုပ်ပစ်မှာနော် ဟဲဟဲ”

ကြင်စဦးဇနီးမောင်နှံရဲ့ အိပ်ခန်းဝမှာပိတ်ရင်း ခဲဖိုးတောင်းနေကြတဲ့ လူတွေကြောင့် ညိုမိက

“ ပေးလိုက်ပါ ကိုရယ် … သူတို့တွေက မပေးမချင်း ပြန်မယ့်ပုံတွေမဟုတ်ဘူး”

“ ကဲကဲ ညလဲနက်ပြီဆိုတော့ မနှောက်ယှက်ပါနဲ့တော့ဗျာ.. တစ်ညလုံးသောက်လို့ရနိုင်မယ့်ခဲဖိုးပေးပါ့မယ်”

ဆရာလေးစကားကြောင့် အခန်းဝပိတ်ထားတဲ့သူတွေဟေးခနဲအော်လိုက်တဲ့အချိန်

“ အမလေး သ သ သရဲ… ကယ်ကြပါဦး … “ ဆိုတဲ့အသံနဲ့အတူ လူငါးယောက် အူယားဖားလျားပြေးလာခဲ့ကြတယ်။

ခဲဖိုးတောင်းနေကြတဲ့လူအုပ်လဲ အသံကြားတဲ့နေရာကိုဆင်းကြည့်ရာ မျက်ဖြူလန်ကာ အမောဆို့နေကြတဲ့ မျက်နှာစိမ်းငါးယောက်ကိုမြင်လိုက်ရတယ်။

“ဒီကောင်တွေ ရွာကမဟုတ်ဘူး …. သေချာမေးကြည့်စမ်း”

ကာလသားခေါင်းကိုမင်းထွန်းစကားကြောင့် အမောဖောက်နေတဲ့လူငါးယောက်ကို ဆွမ်းလောင်းဇရပ်ထဲခေါ်သွားပြီး မေးကြည့်တော့

“ ကျွန်တော်တို့က နယ်တကာလှည့်ပြီး ပစ္စည်းတွေခိုးတဲ့အဖွဲ့ကပါ၊ အခြားနယ်တွေမှာရှိတဲ့ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး အဖိုးတန်ပစ္စည်းတွေခိုးခဲ့ဖူရပါတယ်။ ဒီရွာမှာလဲ ချစ်တီးသူဌေးအိမ်ကသရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေတာနဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေဝင်ခိုးဖို့ကြံစည်ခဲ့ပါတယ်”

“ ဟာကွာ မိုက်ရိုင်းလိုက်တာ … တောက်”

“ ဒီကောင်တွေကို နောက်တစ်ခါမလုပ်ရဲအောင် ဆုံးမမှဖြစ်မယ်… “

“ ဟုတ်တယ် ချကွာ ရိုက်ကွာ”

ကာလသားတွေရဲ့အော်သံကြောင့် ကိုမင်းထွန်း ကြားဝင်တားလိုက်ပြီး

“ နေကြပါဦး ဒီကောင်တွေကြည့်ရတာ အတော်ကြောက်နေပုံရတယ် ၊ အိမ်ထဲမှာဘာတွေဖြစ်ခဲ့လဲဆိုတာ မေးကြည့်ပါဦးမယ်… မင်းတို့ ဘာတွေဖြစ်ခဲ့လို့ ဒီလောက်သွေးပျက်တဲ့ထိဖြစ်နေကြတာလဲ”

ကိုမင်းထွန်းစကားကြောင့် တုန်ရီနေတဲ့ လူငါးယောက်ထဲမှ ပိန်ပိန်မြင့်မြင့်နဲ့လူက

“ ကျွန်တော်တို့အိမ်ထဲကိုစဝင်ပြီး ဆယ်မိနစ်လောက်ကြာတော့ အိမ်ခေါင်းရင်းထရံကိုလက်နဲ့လာပုတ်တဲ့အသံကြားလိုက်ရတယ်။ တော်ရုံသရဲခြောက်တာလောက်ကို မမှုတဲ့ကျွန်တော်တို့က ဂရုမစိုက်ပဲ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကို သယ်ဖို့လုပ်နေခဲ့တယ်။ အဲဒီအချိန် လှေကားကနေ လူတစ်ယောက်တက်လာတဲ့ခြေသံကို ကြားလိုက်တယ်။ ခြေသံပဲကြားပြီး လူကိုမမြင်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာပါတဲ့ ဓါတ်မီးအသေးလေးတွေနဲ့ထိုးကြည့်တော့လဲ ဘာမှမတွေ့ရဘူး။ ကျွန်တော်တို့လဲ သူ့ဘာသာခြောက်ပါစေ ကိုယ့်အလုပ်ကိုယ်လုပ်မယ်ဆိုပြီး ကြေးနဲ့လုပ်ထားတဲ့ မီးပူတွေအပြင် ကြေးထမင်းပန်းကန်တွေကို အိတ်ထဲထည့်နေတုန်း ကျောဘက်ကနေ အရမ်းပြင်းတဲ့သွေးညှီနံ့တစ်ခုကိုရလိုက်တယ်။ အနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာ သိပေမယ့် ချက်ချင်းလှည့်မကြည့်ရဲဘူး”

ပြောပြနေတဲ့လူက ကြောက်စိတ်မကုန်သေးတဲ့အတွက် အရှေ့မှာရှိနေတဲ့ရေခွက်ကိုမော့သောက်လိုက်ပြီး

“ ကျွန်တော်တို့ငါးယောက်လုံးလဲ မထူးဘူးဆိုပြီး မျက်ရိပ်ပြကာလှည့်ကြည့်လိုက်တော့ ဘာမှမရှိဘူး။ ဘာမှမရှိတာမြင်တော့စိတ်အေးတုန်းရှိသေး ထုပ်တန်းပေါ်ကနေ ခေါင်းပေါ်ကို ပစ်ချွဲချွဲအရည်အချို့ကျလာခဲ့တယ်။ ကျွန်တော်လဲ ဘာလဲဆိုပြီးကိုင်ကြည့်လိုက်တာ သွေးတွေဖြစ်နေတာ၊ ကျွန်တော်တို့လဲအပေါ်မော့ကြည့်လိုက်တာ မျက်လုံးပြူးပြီး လျာထွက်နေတဲ့ခေါင်းပြတ်က ထုပ်တန်းမှာတင်နေတာဗျာ၊ သွေးတွေက ပြတ်နေတဲ့နေရာကနေ တစ်တောက်တောက်ကျနေတာမြင်တော့ အကုန်စိတ်မထိန်းနိုင်ပဲထွက်ပြေးဖို့အလုပ် အိမ်ရှေ့တံခါးဝမှာ ခေါင်းမပါတဲ့ခန္ဓာကိုယ်တစ်ခုကပိတ်ထားတာမြင်လိုက်ရတယ်…. သွေးစွန်းနေတဲ့ ဘာဘူအင်္ကျီနဲ့ ဝါကျင်ကျင်ဖြစ်နေတဲ့ လုံချည်ဝတ်ထားတဲ့ကိုယ်ကြီးက ကျွန်တော်တို့ငါးယောက်ရှိတဲ့ဘက်ကို ရွေ့လာတဲ့အချိန် ထုပ်တန်းပေါ်က ခေါင်းပြတ်ဆီက တဟီးဟီးနဲ့ငိုသံထွက်လာခဲ့တယ်။ ကျွန်တော်တို့လဲ ဘာပစ္စည်းမှမယူနိုင်တော့ပဲ အိမ်ပြူတင်းပေါက်ကနေခုန်ချပြီး စပါးကျီအနောက်ကနေပြေးလာခဲ့ကြတာ။ ပြေးနေရင်းလှည့်ကြည့်လိုက်တာ ခေါင်းပြတ်ကိုကိုင်ပြီး အနောက်ကနေပြေးလိုက်လာသေးတယ်။ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့အတွေ့အကြုံပဲဗျာ… အတော်ကြောက်သွားခဲ့တာ”

သူခိုးတွေရဲ့စကားကိုကြားတော့ ကိုမင်းထွန်းက
“မင်းတို့ဘယ်လောက်ပဲနောင်တရရ… အပြစ်ကတော့ခံရမှာပဲ… ကျော်ထွန်းနဲ့ အောင်သိန်း မင်းတို့နှစ်ယောက် သူတို့ကိုစောင့်ကြည့်ထား” လို့ပြောကာ ရွာလူကြီးအိမ်ဘက်ကို ထွက်သွားခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း ဇရပ်ကွင်းရွာထဲကို လူစိမ်းတွေဝင်ခွင့်မပေးတော့ဘူး၊ မရိုးသားပဲဝင်လာတဲ့ လူစိမ်းတွေကိုဖမ်းမိရင်လဲ ကြိုးတုပ်ပြီး သရဲခြောက်တဲ့အိမ်မှာ တစ်ညထားတဲ့ အလေ့အထကိုကျင့်သုံးခဲ့တယ်။ အဲလိုခံရဖူးတဲ့သူတိုင်း အနည်းဆုံးသုံးရက်လောက်ဖျားပြီး အဖျားပျောက်တာနဲ့ အပိုးကျိုးသွားတာကြောင့် ဇရပ်ကွင်းဆိုရင် ဘယ်ကာလသားမှ ညဘက်လူပျိုမလှည့်ရဲကြဘူး။ ဒါပေမယ့် တစ်ညမှာတော့ တစ်ရွာလုံးကို အံ့အားသင့်စေခဲ့တဲ့ လူသုံးယောက်ပေါ်လာခဲ့တယ်။

++++++++

“ ဘဒွေး …ဘဒွေး စိန်သောင်း”

အိမ်ရှေ့ကနေ လှမ်းခေါ်တဲ့အသံကြောင့် ရေနွေးကြမ်းသောက်နေတဲ့ ဦးစိန်သောင်း အိမ်ရှေ့ထွက်လာပြီး

“ ဟေ့ မင်းထွန်း ဘာကိစ္စလဲ…”

“ ရွာထဲလူစိမ်း သုံးယောက်ဝင်လာလို့ ဆွမ်းလောင်းတဲမှာ ဖမ်းထားတယ်ဘဒွေး”

“ ညကအတော်နက်နေပြီပဲ .. ဒီအချိန်လာတဲ့သူဆိုတော့ လူကောင်းဖြစ်နိုင်ပါ့မလား”

“ ကျွန်တော်တို့လဲ မဆုံးဖြတ်တတ်လို့ ဘဒွေးကိုလာခေါ်တာ..”

“ အေးအေး ငါလိုက်လာခဲ့မယ်”

ဦးစိန်သောင်းက ကွမ်းအစ်ထဲက ကွမ်းတစ်ယာကိုအမြန်ယာကာ ပါးစပ်ထဲထိုးထည့်လိုက်ပြီး ကိုမင်းထွန်းအနောက်ကိုလိုက်သွားခဲ့တယ်။
++++++

အရက်အနည်းငယ်ဝင်ထားတဲ့ ကြွက်စိက ထိပ်တုံးထဲထည့်ထားတဲ့လူသုံးယောက်ရဲ့အရှေ့မှာခါးထောက်ပြီး

“ မင်းတို့ဘယ်သူတွေလဲ ညအချိန်မတော် ရွာထဲဘာလာလုပ်တာလဲ”

“ မိတ်ဆွေတို့အထင်မှားနေပါပြီ …ကျုပ်တို့က မိုးယွန်းကြီးရွာကိုသွားမယ့်အချိန် မိုးချုပ်သွားလို့ ရွာထဲဝင်လာခဲ့တာပါ”

“မဖြစ်နိုင်ဘူး မင်းတို့က သူခိုး မဟုတ်ရင် ဓါးမြသတင်းပေးပဲဖြစ်ရမယ်…”

“ ဟာဗျာ ခင်ဗျားပြောတာတွေ အရမ်းလွန်နေပြီ…ကျုပ်တို့က..”

“ ထားလိုက်ပါ … ငါတို့က ရပ်ရွာရဲ့ဓလေ့ကိုမမေးမြန်းပဲဝငမလာခဲ့မိတာကိုး”

သုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူရဲ့စကားကြောင့် ကျန်တဲ့နှစ်ယောက် ဘာမှမပြောတော့ပဲ ငြိမ်သွားခဲ့တယ်။

“ ဘဒွေး နဲ့ ကိုမင်းထွန်း လာပြီဟေ့”

“ ဟေ့ ကြက်စိ ဘာထူးလဲကွ”

“ ထူးတယ် ဘဒွေး ဒီလူတွေက အောက်လမ်းဆရာတွေဖြစ်နိုင်တယ်”

“ ဘာဖြစ်လို့လဲကွ”

“ သူတို့လွယ်အိတ်ကိုရှာတော့ အင်းကွက်ဆွဲထားတဲ့ စာရွက်တွေထွက်လာတယ်…ဒီမှာကြည့် ဘဒွေး”

ကြွက်စိက လွယ်အိတ်ထဲကနေ အင်းစာရွက်အချို့ကိုထုတ်ပြလိုက်တော့ ဘဒွေးက ကွမ်းကို ပြစ်ခနဲထွေးလိုက်ပြီး

“ ဒီကောင်တွေက ချစ်တီးသရဲကို ဖမ်းပြီး သူပိုင်တဲ့ပစ္စည်းတွေဘယ်မှာရှိလဲမေးမလို့နဲ့တူတယ်…”

“ ဖြစ်နိုင်တယ် ဘဒွေး … ကျွန်တော်တို့ ဒီသုံးယောက်ကို ဘယ်လိုလုပ်ရမလဲ”

“ငါကြားဖူးတာက ဒီအင်းကွက်တွေမရှိရင် သူတို့လဲဘာမှလုပ်လို့ရမှာမဟုတ်ဘူး … ဒါကြောင့် လွယ်အိတ်ကိုသိမ်းပြီး ချစ်တီးပိုင်တဲ့ စပါးကျီထဲထည့်ထားလိုက်ကွာ…မနက်ကျမှ ဒီကောင်တွေ ဘယ်လိုပြောမလဲစောင့်ကြည့်မယ်”

ဘဒွေးစကားကြောင့် ကြက်စိနဲ့ကာလသားတွေက ထိပ်တုံးထဲကမှာရှိနေတဲ့ လူသုံးယောက်ကို လက်ပြန်ကြိုးတုပ်ပြီး စပါးကျီတစ်ခုထဲခေါ်သွားခဲ့တယ်။

“ မင်းတို့သုံးယောက်ကို ချစ်တီးက ဧည့်ခံလိမ့်မယ်… သေချာနေခဲ့ကြ”

စပါးကျီအပြင်တခါးကိုပိတ်နေရင်းအော်ပြောတဲ့အသံမဆုံးခင်မှာပဲ

“ ချစ်တီး လာပြီထင်တယ် မြန်မြန်ပြေးဟ” ဆိုတဲ့အသံနဲ့အတူ ထွက်ပြေးသွားတဲ့ခြေသံအချို့ကိုကြားလိုက်ရတယ်။
+++++++++

ဆယ့်ငါးပေပတ်လည်စပါးကျီထဲမှာတော့ လေဝင်လေထွက်မရှိတဲ့အတွက် ဖွဲနုနံ့တွေအပြင် အောက်သက်သက်အနံ့တစ်ချို့ပါ ထွက်ပေါ်နေခဲ့တယ်။

“ ဆရာ… ဘာလို့ မရှင်းပြလိုက်တာလဲ”

“ ရှင်းပြလဲသူတို့က လက်ခံမှာမှမဟုတ်တာ … ငါတို့ကို ဘာကြောင့်ဒီနေရာပို့တာလဲဆိုတာပဲစဉ်းစားရမှာ”

“ တကယ်ကိုကြောင်တောင်တောင်ရွာသားတွေပါဆရာရယ်… အင်းကွက်တွေကိုကြည့်ပြီး ကျွန်တော်တို့ကို အောက်လမ်းဆရာလို့ပြောသေးတာ”

“ သိပ်လဲ စိတ်တိုမနေနဲ့ တောက်ရ… ဒီလိုဖြစ်ဖို့အကြောင်းဖန်လာတယ်ဆိုထဲက ထူးခြားတာတစ်ခုရှိလို့နေမှာပေါ့”

“ ဆရာ သတိထားမိလား… ကျွန်တော်တို့ကို စပါးကျီထဲထည့်နေတဲ့အချိန် ချစ်တီးက ဧည့်ခံလိမ့်မယ်လို့ပြောခဲ့တယ်လေ”

“ ပြောပါဦး… မင်းကဘယ်လိုထင်လို့လဲ”

“ ကျွန်တော်စိတ်အထင်ပြောရရင် သူတို့ပြောတဲ့ချစ်တီးဆိုတာ လူတော့မဟုတ်လောက်ဘူး… ဒီနေရာကိုစရောက်တော့ ကျွန်တော်နှာခေါင်းထဲ အပုတ်နံ့လိုလို သွေးညှီနံ့လိုလိုရနေတာ… ဆရာတို့ရော ဘာမှမခံစားမိဘူးလား”

တောက်ရစကားကို အောင်မြတ်သာက လက်ခုပ်တီးကာထောက်ခံလိုက်ပြီး

“ တောက်ရက ဘယ်ဆိုးလို့လဲ..ပတ်ဝန်းကျင်လေ့လာစူးစမ်းမှုအားကောင်းလာပြီပဲ”

“ ဆရာကိုလက်ပြန်ကြိုးတုပ်ထားတာ ဘယ်လိုဖြည်လိုက်တာလဲ”

တောက်ရစကားကိုအောင်မြတ်သာက ဘာမှပြန်မပြောပဲ သက်ခိုင်ကိုချည်ထားတဲ့ကြိုးကိုဖြေပေးနေတဲ့အချိန် စပါးကျီဝင်ပေါက်တံခါးနှစ်ချပ်က လေမတိုက်ပဲ ဝုန်းဆိုပွင့်ထွက်သွားခဲ့တယ်။

“ ဘာလဲဟ..”

တောက်ရက မျက်မှောင်ကျုတ်ပြီး တံခါးဝကိုကြည့်လိုက်ရာ လည်ပင်းကြီးလိမ်ပြီး ပြတ်လုဆဲဆဲဖြစ်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဆရာ … ဟိုမှာ ကြည့်ပါဦး”

“ သူ့ဘာသာနေနေတာ သွားမနှောက်ယှက်နဲ့ … “

သက်ခိုင်က တောက်ရကို လှမ်းပြောပြီး တံခါးပေါက်ကိုကြည့်လိုက်ရာ

“ ဘယ်ပျောက်သွားတာလဲ … ခုနကပဲ ရှိနေတာကို”

“ သူပိုင်တဲ့စပါးကျီထဲမှာ ငါတို့ကိုမနေစေချင်လို့နဲ့တူတယ်”

“ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆရာ…ဒီအချိန်ရွာထဲကဖြတ်လို့ ကင်းသမားတွေနဲ့တွေ့ရင် လောက်လေးစာမိနေဦးမယ်”

“ သိပ်လဲစိတ်ပူမနေနဲ့… ငါတို့ဒီည ချစ်တီးဆီကနေ ပစ္စည်းတွေတောင်းရဦးမှာမို့ ဘယ်မှသွားမရသေးဘူး”

“ ဗျာ ဘာပစ္စည်းတောင်းမှာလဲဆရာ… “

“ မြေအိုးသုံးလုံးနဲ့ထည့်ပြီးမြုပ်ထားတဲ့ရွှေင်္ဒဂါးတွေသူ့ဆီကတောင်းရမယ်”

အောင်မြတ်သာစကားအဆုံးမှာ စပါးကျီမှာမိုးထားတဲ့ အင်ရွက်တွေက လေမတိုက်ပဲ တစ်ဖျတ်ဖျတ်နဲ့လှုပ်လာခဲ့တယ်။

“ သင်ခြောက်လို့ရမယ့်သူတွေမဟုတ်လို့ အနံ့ပေး၊ အသံပေးတာတွေမလုပ်ပဲ ကျုပ်တို့ရှေ့ကိုယ်ထင်လာပြစေ”

အောင်မြတ်သာစကားကြောင့် စပါးကျီခေါင်မိုးပေါ်မှာ လှုပ်ရှားနေတဲ့အသံတွေငြိမ်သွားပြီး လှေကားပေါ်ကိုကျောပေးတက်လာတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ သင်က ချစ်တီးအပ္ပနားဆိုရင် ကြမ်းပြင်ကို ခြေသုံးချက်ဆောင့်ပြ”

စကားအဆုံးမှာ ကျောပေးထားတဲ့ အရိပ်က ကြမ်းပြင်ကို ခြေထောက်နဲ့သုံးချက်စောင့်ပြခဲ့တယ်။

“ သင်အတွက်ရည်စူးပြီးလုပ်ပေးတဲ့ကုသိုလ်တွေအမျှတန်းတွေကိုဘာကြောင့် သာဓုမခေါ်တာလဲ”

“ အီးဟီးဟီး အပ္ပနား သာဓုမခေါ်ချင်ဘူးနော်… အပ္ပနား မြုပ်ထားတဲ့ပစ္စည်းတွေကို စိတ်စွဲနေတယ် .. ဒါကြောင့် မခေါ်တာနော်”

“ အင်း … သင်က အတိတ်ဘဝက ဝဋ်ကြွေးကြောင့် ဒီဘဝမှာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာပဲ”

“ အပ္ပနားနော် လူတွေကို ပြောဖို့ကြိုးစားတယ်… လူတွေနော် အပ္ပနားကိုမြင်တာနဲ့ ထွက်ပြေးကြလို့ အခုထိ ဘာမှမပြောရသေးဘူး… အပ္ပနားနော် အရမ်းဝမ်းနည်းတယ်”

“ ထွက်ပြေးတယ်ဆိုတာက သင့်ရဲ့အတ္တဘောရုပ်သွင်ကိုကြောက်လန့်လို့ပြေးကြတာပါ… သင်လူတွေကိုပြောချင်တဲ့ အကြောင်း ကျုပ်ကိုပြောလို့ရတယ်”

“ အပ္ပနားနော် လူဘဝတုန်းက အရမ်းကပ်စေးနည်းတယ်… မစားရက်မသောက်ရက်စုထားတဲ့ပစ္စည်းတွေကို အပ္ပနား မိသားစုကိုပေးချင်တယ်”

“ သင့်မိသားစုက ဘယ်မှာရှိနေလဲ….”

“ အပ္ပနားလဲမသိဘူး ဆပ်… အပ္ပနား သိတာ ပေးချင်တာပဲသိတယ်”

“ သင်ပေးချင်တယ်ဆိုရင် ကျုပ်မှာအကြံတစ်ခုရှိတယ်”

“ အပ္ပနားကိုပြောပြပါ ဆပ်… ဘယ်လိုလုပ်ရမလဲ”

“ အခုသင်ပိုင်တဲ့ပစ္စည်းတွေထဲကအချို့တစ်ဝက်ကို နောင်ပွင့်မယ့်မြတ်စွာဘုရားထံရည်စူးပြီးလှူဖို့အကြံပေးချင်တယ်…လှူပြီးတဲ့အခါ သာဓုသုံးကြိမ်တိတိခေါ်ရမှာနော်”

“ ဆာဓု သုံးကြိမ်လား.. အဲလိုခေါ်ရင် အပ္ပနား မိသားစုကို ပေးလို့ရပြီလားဆပ်.”

“ ဒါပေါ့ အဲလိုခေါ်ရင် သင်မိသားစုကိုပေးလို့ရပြီ”

“ ဒါဆို ဒီစပါးကျီအောက်မှာရှိတဲ့ ရွှေဒင်္ဂါးတွေ ပေးမယ်… ပြီးရင် အပ္ပနား ဆာဓုခေါ်လို့ရပြီလား”

“ ဒါပေါ့ … သင်က အခုလိုကျတော့လဲ စိတ်ထားကောင်းလိုက်တာ”

အောင်မြတ်သာစကားအဆုံးမှာ ပြတ်လုပြတ်ခင် ခေါင်းကို လက်နဲ့ထိန်းရင်း စပါးကျီအောက်ထဲဝင်သွားခဲ့တယ်။

ခဏကြာတော့ ပြန်တက်လာပြီး

“ အပ္ပနား ကိုင်လို့မရဘူးဆပ်… ဒါပေမယ့် ရှိတဲ့နေရာ အပ္ပနားပြောရင်ရော ဆာဓုခေါ်လို့ရလား”

“ ရတာပေါ့ …. သင်အခုကစပြီး ကျုပ်ပြောသလို လိုက်ပြော”

အောင်မြတ်သာလဲ ချစ်တီးအပ္ပနားကို ပစ္စည်းလှူဒါန်းမှုအတွက် အမျှပေးဝေခဲ့တယ်။ အပ္ပနားလဲ သာဓုခေါ်ပြီးတာနဲ့ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ဦးခေါင်းက ပြန်ဆက်သွားပြီး သွေးတွေနဲ့စွန်းပေနေတဲ့ ဘာဘူအင်္ကျီကလဲ သစ်လွင်တောက်ပသွားခဲ့တယ်။

“ သင် အကျိုးထူးပြီ အပ္ပနား… အခုကစပြီး ဘဝဆက်တိုင်းဆက်တိုင်း သူတစ်ပါးသတ်လို့သေတဲ့ဘေးကနေ လွတ်ကင်းပါစေလို့ဆုတောင်းပေးပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ချစ်တီးအပ္ပနားရဲ့ကိုယ်က မှုန်ဝါးကာ ပျောက်ကွယ်သွားခဲ့တယ်။

“ဆရာ ရွှေအိုးကိစ္စ ဘယ်လိုလုပ်မလဲ …ကျွန်တော်တို့တူးကြည့်ရမလား”

“ မလိုဘူးသက်ခိုင် … အပ္ပနားက သူပိုင်တဲ့ပစ္စည်းကို နောင်ပွင့်မယ့်ဘုရားအတွက်ရည်စူးပြီးလှူလိုက်တဲ့အတွက် ဘုရားသိုက်စောင့်ပုဂ္ဂိုလ်တွေက မြေနတ်မင်းရဲ့အကူအညီနဲ့ ရွှေ့ပြောင်းကြလိမ့်မယ် …ငါတို့လဲ တာဝန်ပြီးပြီဆိုတော့ အခြားနေရာကိုဆက်သွားကြရအောင်”

အောင်မြတ်သာတို့ရွာထိပ်ကိုရောက်တော့ လမ်းလေးခွဆုံမှာရှိတဲ့ ဆီးပင်မှာ ချိတ်ထားတဲ့ လွယ်အိတ်သုံးလုံးကိုမြင်လိုက်ရတယ်။
++++++++

ဒီကိစ္စတွေဖြစ်ပြီး တစ်နှစ်လောက်ကြာတော့ ကျောင်းဆရာကိုရဲမြင့်နဲ့ မညိုမိတို့ ယောင်္ကျားလေးတစ်ယောက်မွေးဖွားခဲ့တယ်။ ကလေးရဲ့လည်ပင်းမှာတော့ မွေးရာပါအညိုရောင်အစင်းရာက အထင်းသားပါလာခဲ့တယ်။

မိဘတွေကတော့ ဒီကလေးက အပ္ပနားဝင်စားတယ်ဆိုတာ တစ်ထစ်ချယုံကြည်ခဲ့ပြီး အိမ်နာမည်ကိုလဲ ချစ်တီးလို့ပေးခဲ့တယ်။ ချစ်တီးစကားပြောတတ်တဲ့အရွယ်ရောက်တော့ အတိတ်ဘဝက မြုပ်ထားတဲ့ပစ္စည်းအချို့ကို မှန်ကန်စွာပြနိုင်တဲ့အပြင် သူပိုင်တဲ့လယ်မြေဧရိယာကိုလဲ တိကျစွာပြောပြနိုင်ခဲ့တယ်။

မှတ်ချက်။
ချစ်တီး(ခေါ်)မောင်ကျော်နိုင် အသက်(၃၅)နှစ်မှာတော့ လေပြင်းတိုက်ခတ်ပြီးလွင့်လာတဲ့ သွပ်ပြားက လည်ပင်းကိုဖြတ်သလိုဖြစ်ကာ ဆုံးပါးခဲ့ရပါတယ်။

+++++

အောင်မြတ်သာတို့ ဇရက်ကွင်းရွာကနေထွက်လာပြီးနောက်မှာတော့ ကံနိမ့်တဲ့သူတွေကို သွေးဆောင်ဖျားယောင်းပြီး လူစားလဲကာ အလုပ်အကျွေးပြုခိုင်းတဲ့ နာနာဘာဝကိုဆုံးမခဲ့တဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့်ကျတ်သူယောင်မယ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)