++++++++++++++++++++++++++++++

အောင်မြတ်သာတို့ ဆရာတပည့်တွေ ညောင်ဦးဘူတာကိုရောက်တော့ ညဦးပိုင်းအချိန် ရှိနေပြီမို့ ပိတ်လုပိတ်ခင်ဖြစ်နေတဲ့ အိမ်ဆိုင်လေးတစ်ခုထဲဝင်ပြီး ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေဝယ်ကာ ပုဂံမြို့ဟောင်းရှိတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။

ဆောင်းရာသီမကုန်သေးတဲ့ ကာလဖြစ်တဲ့အတွက် ပုဂံရဲ့အအေးဓါတ်က သာမန်ထက်ကို ပိုပြီးအေးစိမ့် နေခဲ့တယ်။

အောင်မြတ်သာတို့လဲ လရောင်အောက်မှာ ခပ်ပြပြမြင်နေရတဲ့ စေတီပုထိုးတွေကို စိတ်ထဲကနေ မှန်းမျှော်ကန်တော့ပြီး လမ်းလျောက်လာခဲ့ရာ လမ်းမဘေးစေတီတစ်ဆူရဲ့ဘေးအရောက်မှာတော့ ပိန်လှီနေတဲ့ ဒန်ခွက်တစ်လုံးကို ကိုင်ထားတဲ့ သူတောင်းစားတစ်ယောက် ထွက်လာခဲ့တယ်။

လွန်စွာဟောင်းနွမ်းနေတဲ့ တံပိုးတစ်ချောင်းကို ပခုံးမှာတင်ထားတဲ့ သူတောင်းစားက အောင်မြတ်သာကိုမြင်တော့ ဝါကျင်ကျင်ဖြစ်နေတဲ့ သွားတွေပေါ်အောင်ရယ်ရင်း ဒန်ခွက်ကို ထိုးပေးခဲ့တယ်။

အောင်မြတ်သာကတော့ သူတောင်းစားကိုမြင်တော့ လွယ်အိတ်ထဲပါလာတဲ့ငွေအချို့ကို ထုတ်ယူကာ ဒန်ခွက်ထဲထည့်လိုက်ရင်း

“ စောင့်နေရတာ ကြာသွားပြီလား မောင်ကြာရိုး”

“ တာဝန်ပေးထားတော့လဲ စောင့်ရတာပေါ့ဗျာ၊ ဒါနဲ့ စကားမစပ် ထမင်းစားကြပြီးပြီလား၊ မစားရသေးရင် မနက်က ကျုပ်ရထားတဲ့ ကောက်ညှင်းပေါင်းတွေ စားကြလေ”

မောင်ကြာရိုးက အဖာအထေးရာတွေနဲ့ ပြည့်နေတဲ့ လွယ်အိတ်စုတ်ထဲကနေ ဖက်နဲ့ထုပ်ထားတဲ့ ကောက်ညှင်းထုပ်သုံးထုပ်ကို နှိုက်ယူကာ ကမ်းပေးလိုက်တယ်။

အောင်မြတ်သာလဲ အေးစက်နေတဲ့ ကောက်ညှင်းထုပ်တွေကို လက်နှစ်ဖက်နဲ့ ယူလိုက်ပြီး မောင်ကောင်းနဲ့ ခွန်းလှကို တစ်ထုပ်စီခွဲဝေပေးခဲ့တယ်။

မောင်ကောင်းက ဗိုက်လဲအတော်‌ဆာနေပြီမို့ ကောက်ညှင်းပေါင်းထုပ်ကို ဖြေလိုက်ရာ အထဲကနေ အပူငွေ့တွေ တထောင်းထောင်း ထွက်ပေါ်လာခဲ့တယ်။

“ ဆရာ… ကောက်ညှင်းပေါင်းက ပူနွေးနေပါလား၊ မသိရင် အခုမှ ပေါင်းအိုးကနေ ထုတ်ယူလာတဲ့ အတိုင်းပဲဗျ”

မောင်ကောင်းစကားကြောင့် ကြာရိုးက အုန်းခွံဆံတွေလိုထူလဗျစ်ဖြစ်နေတဲ့ ဆံပင်ကို ကုတ်ကာ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စေတီတွေရှိတဲ့ ဘက်ကို ငေးကြည့်နေခဲ့တယ်။

“ မောင်ကောင်း စားစရာရှိတာစား၊ ပြီးရင် မြင်းကပါရွာဘက်ကို ခရီးဆက်ဖို့ရှိသေးတယ်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ ကောက်ညှင်းပေါင်းကို ပလုပ်ပလောင်းစားပြီး လွယ်အိတ်ထဲပါလာတဲ့ ရေကိုသောက်ချလိုက်ရာ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အားအင်တွေ ပြည့်ဖြိုးလာခဲ့တယ်။

“ ငါ့ဆရာတွေက မြင်းကပါဘက်သွားရင် အတော်ဝေးဝေးသွားရဦးမှာနော်”

“ မင်းလို နယ်မြေကျွမ်းကျင်တဲ့သူမှမဟုတ်တော့ ဝေးလဲသွားရမှာပေါ့”

“ ငါ့ဆရာက‌လဲ ကြာရိုးတစ်ယောက်လုံးရှိနေတာ ဘာကြောင့်စိတ်ပူနေရတာလဲ၊ အယ် နေပါဦး ဒီတစ်ခေါက်ခရီးစဉ်က ဘယ်စေတီတုန်း”

“ စိမ်းညှက်ညီအစ်မတည်ထားတဲ့စေတီကို သွားမလို့လေ”

“ ဟာ… ဒီနှစ်ယောက်နဲ့ ကျုပ်က သိပ်ပြီး အကြောတည့်တာမဟုတ်ဘူး၊ ကျုပ်ကိုမြင်ရင် နှုတ်ခမ်းပါးပါးတွေစူတဲ့ထိကို ရန်လုပ်ကြတာ၊ အတော်ကိုစွာတဲ့ မိန်းမတွေ”

“ စေတီပရဝဏ်ထဲထိမလိုက်ပို့ခိုင်းပါဘူး… လှမ်းမြင်ရလောက်တဲ့အနေအထားဆိုရပါပြီ”

“ ဒါဖြင့်အဆင်ပြေတယ်… ကျုပ်အနောက်ကလိုက်ခဲ့ကြ”

မောင်ကြာရိုးက ဒန်ခွက်ကို လွတ်အိတ်အစုတ်ထဲ ထည့်လိုက်ပြီး ပခုံးပေါ်ထမ်းထားတဲ့ တံပိုးကို တောင်ဝှေးသဖွယ်လုပ်ကာ ပြိုကျလုဆဲဆဲဖြစ်နေတဲ့ စေတီရဲ့အနောက်ကို တိုးဝင်သွားခဲ့တယ်။

မောင်ကြာရိုးက ဘေးမှာရှိနေတဲ့ အုတ်တွေကို တံပိုးနဲ့ တစ်ဒေါက်ဒေါက်ခေါက်ရင်း လမ်းလျောက်နေရာကနေ တြိဂံပုံစံဖြစ်နေတဲ့ အုတ်တံတိုင်းရှေ့အရောက်မှာရပ်လိုက်ပြီး

“ ဒီနေရာပဲဗျ… ကျုပ်ရှေ့ကဝင်သွားတာနဲ့ ခပ်မြန်မြန်လေး လိုက်ခဲ့နော်” လို့ပြောကာ အုတ်သုံးလုံးကို ‌တံပိုးနဲ့ ခေါက်လိုက်တယ်ဆိုရင်ပဲ အုတ်ခဲတွေက အသက်ဝင်လာသလို လှုပ်ရှားလာပြီး တစ်ထွာသာသာပဲရှိတဲ့ အပေါက်လေးက လူတစ်ကိုယ်ဝင်လို့ရတဲ့ အနေအထားဖြစ်သွားခဲ့တယ်။

မောင်ကြာရိုးဝင်သွားတော့ အောင်မြတ်သာတို့လဲအနောက်ကနေ လိုက်ဝင်သွားခဲ့ကြတယ်။ ဝင်ပေါက်ကိုကျော်လိုက်တာနဲ့ မြင်ကွင်းက လုံးဝကို ပြောင်းလဲသွားပြီးကညင်တိုင်ဆီမီးတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမကြီးတစ်ခုပေါ်ကို ရောက်လာ ခဲ့ကြတယ်။

လမ်းမရဲ့ တစ်ဖက်တစ်ချပ်ဆီမှာတော့ မုန့်ပဲသရေစာ ရောင်းချနေသူအချို့ရှိနေပြီး လမ်းမပေါ်မှာလဲ ဥဒဟိုလှုပ်ရှားသွားလာနေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။ သူတို့တွေက မောင်ကြာရိုးကို ဂရုမစိုက်သလိုနေကြပေမယ့် အောင်မြတ်သာတို့ကိုတော့ အထူးအဆန်းသဖွယ် ငေးမောကြည့်ရှုနေခဲ့ကြတယ်။ အချို့ကျတော့လဲ အောင်မြတ်သာတို့အနီးအနားကို တိုးကပ်လာဖို့ ကြိုးစားတာကြောင့် မောင်ကြာရိုးက အိတ်ထဲကနေ ဒန်ခွက်အစုတ်ကိုထုတ်ပြီး ခေါက်လိုက်ရင်ပဲ နှာခေါင်းရှုံ့ကာ ခပ်ဝေးဝေးကို ထွက်သွားတာကို မြင်တွေ့လိုက်ရတယ်။

“ မောင်ကြာရိုး… သူတို့က ဘယ်သူတွေလဲ”

“ တမ္မဒီပရဲ့ ပြည်သူတွေလေ ဆရာရဲ့၊ ရှင်းရှင်းပြောရရင် မကျွတ်မလွတ်သေးတဲ့သူတွေပေါ့ဗျာ”

“ သူတို့လဲ သူတို့ဘဝမှာ ပျော်ရွှင်နေကြတာပဲနော်”

“ ဒါက သာမန်ပဲရှိသေးတာဆရာရဲ့… ပွဲတော်ရက်တွေဆိုရင် ခြေချစရာနေရာမရှိအောင် ထွက်လာကြတာ၊ ကျုပ်ကတော့ ပွဲတော်ရက်ဆိုရင် ဒီလမ်းကိုမသုံးဖူးဗျ”

“ ဘာဖြစ်လို့လဲ မောင်ကြာရိုးရဲ့”

“ ကျုပ်လို သူတောင်းစားအတွက် လမ်းလျောက်မယ့်နေရာမရှိလို့လေ၊ ဒီကြားထဲ ဓါးအိမ်တရမ်းရမ်းနဲ့ ဟိန်းလားဟောက်လား လုပ်တဲ့ မြို့စောင့်တပ်ကကောင်တွေတစ်မျိုးဗျ”

မောင်ကြာရိုးစကားကြောင့် ခွန်းလှမနေသာတော့ပဲ ‌ဘေးချင်းကပ်အောင် တိုးသွားခဲ့လိုက်တယ်။

“ အခုချိန်ထိ မြို့စောင့်တပ်က ရဲမက်တွေရှိနေသေးတာလား”

“ ရှိတာပေါ့ ကောင်လေးရ… လက်ညိုးထိုးမလွဲအောင်ကိုရှိတာ”

မောင်ကြာရိုးစကားကြောင့် ခွန်းလှ အံ့အားသင့်သွားပြီး ဖြတ်သွားဖြတ်လာ လူတွေကို စိတ်ဝင်တစားငေးကြည့်နေခဲ့လိုက်တယ်။

“ ရှေ့တစ်ကွေ့ဆိုရောက်ပြီဗျ… အဲဒီနေရာကျော်ရင် ကျုပ်ဆက်မလိုက်တော့ဘူးနော်”

“ ဒီလောက်ကူညီပေးတာကိုပဲ ကျုပ်က ကျေးဇူးတင်နေပါပြီ၊ ကျုပ်တို့ဘာသာ ဆက်သွားလိုက်ပါ့မယ်”

အောင်မြတ်သာက မောင်ကြာရိုးကို နှုတ်ဆက်ပြီး မှောင်မိုက်နေတဲ့လမ်းကွေ့ထဲကို တိုးဝင်သွားခဲ့ရာ အေးမြတဲ့လေနုအေးရဲ့အထိအတွေ့နဲ့အတူ ချိုအီအီရနံ့တစ်ခုကို ခံစားမိခဲ့တယ်။

“ ဆရာ… ဟိုး ကမူလေးပေါ်မှာ စေတီတစ်ဆူပါလား”

“ တစ်ဆူ မဟုတ်ဘူး မောင်ကောင်းရဲ့၊ နှစ်ဆူတည်ထားတာ”

“ တစ်ဆူပါ ဆရာရယ်… ကျွန်တော်မျက်လုံး အဲလောက်မမှုန်သေးပါဘူးဗျ ဟဲဟဲ”

“ ဒါဆိုလဲ ‌အနားရောက်မှ သေချာကြည့်ကြတာပေါ့”

အောင်မြတ်သာက ကမူလေးနားရောက်တဲ့ထိ တိုးကပ်လာခဲ့သလို အနောက်မှာလဲ မောင်ကောင်းနဲ့ ခွန်းလှတို့ လိုက်ပါလာခဲ့တယ်။

“ အစ်ကို… ဆရာပြောတာ မှန်တယ်ဗျ၊ စေတီက နှစ်ဆူတည်ထားတာ၊ ရှေ့ကအဆူက ကွယ်နေလို့ အနောက်အဆူကိုမမြင်ရတာ”

ခွန်းလှစကားကြောင့် မောင်ကောင်း သေချာအောင် အနားကပ်ကြည့်လိုက်တော့ ပုထိုးစေတီကိုဂူ
ဘုရားနဲ့ကွယ်ပြီးတည်ထားတာကို ဖူးမြင်လိုက်ရတယ်။

“ အေးကွ… သေချာကြည့်မှ မြင်ရတာနော်၊ ငါက တစ်ဆူထဲထင်နေတာ၊ ဒါနဲ့ ဒီအနီးနားမှာ လူသွားလူလာလဲမရှိပဲနဲ့ ရှေ့စေတီမှာ ဖယောင်းတိုင်မီးတွေ ပူဇော်ထားပါလား”

“ လူတွေတော့ရှိမှာပါ အကိုရာ၊ ကျွန်တော်တို့ မမြင်လိုက်တာနေမှာ”

နှစ်ယောက်သား တစ်ယောက်တစ်ပေါက်နဲ့ စကားပြောနေကြတာကြောင့် အောင်မြတ်သာက အနောက်ကိုလှည့်ကြည့်ပြီး

“ မင်းတို့နှစ်ယောက် စကားများတာရပ်လိုက်တော့၊ ငါတို့ ဒီစေတီမှာ ဘုရားရှိခိုးဖို့လုပ်ကြ” လို့ပြောလိုက် တာကြောင့် နှစ်ယောက်သား အချင်းချင်း မျက်စပြပြီး ဝယ်လာတဲ့ ဖယောင်း‌တိုင်တွေကို ထုတ်ယူကာ ပူဇော်လိုက်ကြတယ်။

အောင်မြတ်သာလဲ စေတီမျက်နှာဝမှာ ဖယောင်းတိုင်ကိုးတိုင်ပူဇော်ပြီး ဘုရားရှိခိုးနေတဲ့အချိန် စေတီရဲ့အနောက်ဘက်မှာရှိတဲ့ ထနောင်းပင်ဆီကနေ သစ်ကိုင်းချင်းပွတ်တိုက်သံ၊ ပင်စည်ကိုလက်သည်းနဲ့ ကုတ်ခြစ်သံတွေကို ကြားလိုက်ရတယ်။

မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်တာကြောင့် အောင်မြတ်သာကိုလှမ်းကြည့်လိုက်တဲ့အချိန်

“ ကိုယ့်အလုပ် ကိုယ်လုပ်ကြ အခြားဘာကိုမှ စိတ်ထဲမထားကြနဲ့” လို့ပြောတာကြောင့် မိမိတို့လုပ်ရမယ့်အမှုတွေကိုသာပြီးဆုံးအောင် ပြုလုပ်ခဲ့ကြတယ်။

အောင်မြတ်သာရဲ့ နှာသီးဖျားကနေ ဝင်လိုက်ထွက်လိုက်ပြုနေတဲ့ လေနုတွေက အချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်လာသလို စိတ်အလျှင်ကလဲ အေးချမ်းတဲ့ ဘက်ကို ကျရောက်လာခဲ့တယ်။ စိတ်တည်ငြိမ်လာတာနဲ့အမျှ မျက်ခမ်းမှာထိစပ်နေတဲ့ မျက်ခွံက လေးလံလာပြီး အမှောင်ထုဖုံးလွှမ်းနေတဲ့ အမြင်အာရုံထဲမှာ လှုပ်ရှားသွားလာနေတဲ့ လူရိပ်အချို့ပေါ်ပေါက်လာခဲ့တယ်။

အဲဒီထဲမှာမှ အသက်ဆယ်နှစ်ခန့်ကွာတဲ့ မိန်းမပျိုနှစ်ယောက်ရဲ့ ရုပ်ပုံက အခြားသူတွေထက် ပိုမိုထင်ရှားစွာပေါ်ပေါက်လာခဲ့တယ်။

နက်မှောင်နေတဲ့ ဆံနွယ်ထူတွေကို တစ်ပတ်လျှိုထုံးထားတဲ့ မိန်းမပျိုက နဖူးစ‌မှာ စီးကျနေတဲ့ ချွေးစတွေကို လက်နဲ့သုတ်ရင်း လက်လေးလုံးခန့်ထူတဲ့ အုတ်ချပ်အချို့ကို ကိုယ်တိုင်ကိုယ်ကျသယ်ယူနေသလို သူရဲ့နံဘေးမှာလဲ အပေါ်ပိုင်းဗလာကျင်းထားတဲ့ အသားညိုညိုလူအချို့က ချွဲပျစ်ပျစ်အရည်တွေ လောင်းထည့်ထားတဲ့ အိုးတွေကိုသယ်ယူနေခဲ့ကြတယ်။

အောင်မြတ်သာလဲ မြင်လိုက်ရတဲ့ အာရုံကို ဖျောက်ဖျက်ဖို့ကြိုးစားလိုက်ပေမယ့် အမြင်က မပျောက်သွားတဲ့အတွက် အာရုံနောက်ကိုထပ်ပြီး လိုက်ကြည့်ရာ လှုပ်ရှားသွားလာနေတဲ့ လူတွေက တိတ်ခွေရစ်သလို ခပ်မြန်မြန်ရွှေ့လျားနေတာကို မြင်တွေ့လိုက်ရတယ်။ မကြာခင်အချိန်အတွင်းမှာတော့ လွန်စွာလက်ရာမြောက်လှတဲ့ ဂူဘုရားတစ်ဆူပေါ်လာခဲ့သလို မျက်စိတစ်မှိတ်အတွင်းမှာပဲ ပုထိုးစေတီရဲ့ ရှေ့မှာ ဂူဘုရားတစ်ဆူ ဗြုန်းခနဲပေါ်လာပြီး ပန်းနုရောင်အဆင်ဝတ်ဆင်ထားတဲ့ အသက်၂၅နှစ်အရွယ်မိန်းမပျိုတစ်ယောက် ခပ်ထေ့ထေ့ရယ်မောနေတာကိုမြင်တွေ့လိုက် ရတယ်။

အောင်မြတ်သာလဲ ရယ်မောနေတဲ့ မိန်းမပျိုကိုကြည့်နေတဲ့အချိန်မှာပဲ ဓါးလှံလက်နက်စွဲကိုင်ထားတဲ့ ရဲမက်စစ်စည်အချို့က အုတ်တံတိုင်းနှစ်ထပ်ကာရံထားတဲ့ စေတီပုထိုးနားကိုရောက်လာပြီး မိန်းမပျိုနှစ်ယောက်ကို အတင်းအဓမ္မဆွဲခေါ်သွားတာကို ဖျတ်ခနဲမြင်လိုက်ရတယ်။

အမြင်အာရုံက ထိုမျှသာမြင်တွေ့လိုက်တာကြောင့် စိတ်ထဲကနေ ဘာတွေဆက်ဖြစ်မလဲ အာရုံပြုခဲ့ပေမယ့် ဘယ်လိုအကြောင်းတရားမှ မပေါ်လာပဲ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့အသံကိုသာ ကြားလိုက်ရတယ်။

ငိုကြွေးသံက အာရုံထဲကနေ ပေါ်လာတာမဟုတ်ပဲ အပြင်လောကကနေ ထွက်ပေါ်လာတဲ့အသံကြောင့် တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့မျက်လုံးတွေ ဖြေးညှင်းစွာဖွင့်ဟလိုက်ချိန်မှာတော့ အပြာနုရောင် ဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းမပျိုနှစ်ယောက်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတယ်။

ဆံပင်ပုံစံကအစ ဝတ်စားဆင်ယင်မှုအဆုံး ထပ်တူကျနေတဲ့ မိန်းမပျိုနှစ်ယောက်က အောင်မြတ်သာကို မျက်ရည်တွေပြိုကျလုဆဲဆဲ ဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီး တစ်ခုခုကို ပြောဖို့ ဟန်ပြင်နေတာကြောင့် အောင်မြတ်သာက တရားထိုင်နေရာကနေ ထရပ်လိုက်ပြီး

“ သင်တို့ ပြောလိုရာစကားများရှိပါက အလိုရှိတိုင်း ပြောနိုင်စေ” လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ အသက်အရွယ်ကြီးရင့်တဲ့ဟန်တူတဲ့မိန်းမပျိုက နူးညံ့သွယ်လျတဲ့ လက်ချောင်းတွေကို ပူးကပ်လိုက်ပြီး

“ စိမ်းညှက်တို့ ညီအစ်မ ဒီလိုနေ့မျိုးကို စောင့်နေတာကြာခဲ့ပြီလေ၊ အခုတော့ မျှော်လင့်ထားသလိုဖြစ်လာခဲ့ပြီပဲ”

“ အမိတို့က ဘာတွေမျှော်လင့်နေခဲ့တာလဲ”

“ စိမ်းညှက်တို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်လည်ရယူဖို့မျှော်လင့်ခဲ့တာပါ”

“ ဟေ… သင်တို့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေက သင်တို့နဲ့အတူရှိနေတာမဟုတ်လား”

“ မဟုတ်ရပါဘူးရှင်..စိမ်းညှက်တို့ရဲ့ ငယ်ရွယ်မိုက်မဲမှုကြောင့် စေတီတည်တဲ့အခါ မပြုလုပ်သင့်တဲ့အမှုကို ပြုလုပ်ခဲ့မိတယ်၊ ဒိအပြစ်ကြောင့် ဘုရားရေစက်ချတဲ့နေ့မှာပဲ ဘယ်သူမှမသိအောင် ကွပ်မျက်ခံခဲ့ရပါတယ်၊ စိမ်းညှက်တို့ကွပ်မျက်ခံရပြီးတဲ့နောက် ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို မင်းအမိန့်နဲ့သိမ်းယူပြီး ဘဏ္ဍာတိုက်ထဲပို့ဆောင်ခံခဲ့ရပါတယ်”

“ နေပါဦး… အမိတို့က ဘယ်လိုအမှုကိုပြုလုပ်လို့ ကွပ်မျက်ခံခဲ့ရတာလဲ”

“ စိမ်းညှက်တို့က ရာဇမျိုးနွယ်တွေမဟုတ်ပဲ စေတီနှစ်ဆူကို အုတ်တံတိုင်းနှစ်ထပ်ကာရံခဲ့တာကြောင့် ဘုရင်မင်းမြတ်ရဲ့အမျက်သင့်တာကိုခံခဲ့ရတယ်လေ၊ ဒီအပြစ်ကြောင့် ညီအစ်မနှစ်ယောက်လုံး တစ်ချိန်ထဲ ကွပ်မျက်ခဲခဲ့ရတာ”

“ အိုး… ကုသိုလ်ကောင်းမှုလုပ်တာကို ဒီလောက်ထိ အပြစ်ပေးတာဆိုတော့ အတော်ကို ဆိုးဝါးလွန်းတာပဲ”

“ တကယ်တော့ စိမ်းညှက်တို့ညီအစ်မနှစ်ယောက်က မနာလိုသူတွေရဲ့ ဂုန်းတိုက်မှုကြောင့် မသေသင့်ပဲသေခဲ့ရတာပါ”

“ ဘယ်လို … ကျုပ်နားလည်အောင်ရှင်းပြစမ်းပါဦး”

“ ဆရာ နားလည်အောင်ရှင်းပြရရင် ဘုရင်မင်းတရားကြီးရဲ့ နန်းစောင့်တပ်မှူး ငဖေငယ်က စိမ်းညှက်ကို ပိုးပန်းမှုတွေရှိခဲ့တယ်၊ ဒါကို စိမ်းညှက်က လူပုံအလယ်မှာ ငြင်းပယ်ခဲ့တာ ကြောင့် အရှက်ရပြီး အငြိုးတေးထားခဲ့တာပဲ၊ သူ့ရဲ့ ဂုန်းတိုက်မှုကြောင့်ပဲ စိမ်းညှက်တို့နှစ်ယောက်လုံး မင်းပြစ်မင်းဒဏ်ကိုခံစားခဲ့တာပါ”

“ သင်တို့အဖြစ်က စိတ်မကောင်းစရာပါလား၊ ဒါနဲ့ အခုရော သင်တို့ပိုင်တဲ့ပစ္စည်းတွေ အကုန်ပြန်ရပြီလား”

“ မရသေးဘူးဆရာ… ရတနာပစ္စည်းတွေက ငဖေငယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါသေးတယ်”

“ သူကရော အခုချိန်ထိ ဒီအရပ်ဒေသမှာ ရှိနေတုန်းလား”

“ သူကိုယ်တိုင်လဲ မကျွတ်မလွတ်ပဲရှိနေပါသေးတယ်”

“ ဒီလိုဆို ကျုပ်တို့က အမိတို့ညီအစ်မကို ဘယ်လိုဘယ်ပုံကူညီပေးရမလဲဆိုတာ ပြောပါဦး”

“ ငဖေငယ် မတရားသိမ်းယူထားတဲ့ ရတနာပစ္စည်းတွေကိုဌာပနာတိုက်ထဲပြန်ထားလို့ ရအောင် ကူညီပေးပါဆရာ”

“ ကျုပ်တို့လဲ ငဖေငယ်အကြောင်းကိုစုံစမ်းပြီး သင်တို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပြန်ရအောင် ကူညီပေးပါ့မယ်”

အောင်မြတ်သာစကားကြောင့် ညီအစ်မနှစ်ယောက်လုံးရဲ့ မျက်နှာမှာ ဝမ်းသာမှုအရိပ်အယောင်တွေပေါ်ပေါက်လာပြီး

“ အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်ရှင်၊ ဆရာတို့ဒီမှာရှိနေတဲ့ကာလပတ်လုံး ကျွန်မတို့အပိုင်စားရထားတဲ့ ဘုရားပရ၀ဏ်ထဲမှာ တရားဘာဝနာပွားများနိုင်ပါတယ်”

“ ကောင်းပါပြီ.. ကျုပ်တို့ပြုလုပ်သမျှ ကောင်းမှုကုသိုလ်တွေကိုလဲ သင်တို့ကိုအမျှတန်းပေးဝေပါ့မယ်”

အောင်မြတ်သာက စကားဆုံးတာနဲ့ စေတီရှိတဲ့ဘက်ကိုလှည့်ပြီး ပြုခဲ့သမျှ ကောင်းမှုအစုစုကို အမျှတန်းပေးဝေလိုက်ရာ သာဓုခေါ်သံတွေနဲ့အတူ လွန်စွာမွှေးပျံ့တဲ့ ရနံ့တွေကြိုင်လှိုင်စွာထွက်ပေါ်လာပါတော့တယ်။

အောင်မြတ်သာတို့ စိမ်းညှက်ညီအစ်မဘုရားမှာ အရုဏ်တက်ချိန်အထိ နေထိုင်ခဲ့ပြီး နေရောင်ထွက်တာနဲ့ ရွှေစည်းခုံစေတီရှိရာဘက်ကို ထွက်ခွာခဲ့ကြတယ်။

ရွှေစည်းခုံစေတီမရောက်ခင်မှာတော့ ဒေသထွက်ပစ္စည်းမျိုးစုံရောင်းချနေတဲ့ ဈေးတန်းတစ်ခုရှိပြီး လမ်းတစ်လျောက်မှာတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာကြတဲ့ ဧည့်သည်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။

အောင်မြတ်သာတို့လဲ စည်ကားလှတဲ့ ဘုရားဖူးတွေကြားထဲကနေ တိုးဝင်ရင်း စေတီဘက်လျောက်သွားတဲ့အချိန် မျက်နှာကိုအဝတ်နဲ့အုပ်ပြီး လမ်းသွားလမ်းလာသူတွေဆီမှာ အလှူငွေတောင်းခံနေတဲ့ မောင်ကြာရိုးကို မြင်တွေ့လိုက်ရတယ်။

မျက်နှာကိုအုပ်ထားတဲ့အဝတ်စုတ်အောက်ကနေ ထွက်ပေါ်နေတဲ့ စူးရှရှအကြည့်တွေက အောင်မြတ်သာဆီအရောက်မှာ ရပ်တန့်သွားပြီး ခဲလုံးထည့်ထားတဲ့ ဒန်ခွက်ကို တဒေါင်ဒေါင်လှုပ်ခါရင်း အနားကိုတိုးကပ်လာခဲ့တယ်။

“ မောင်ကြာရိုးပါလား… မင်းက ဒီမှာလဲ တစ်နေရာရထားတာပဲလားကွ”

“ ဟဲဟဲ.. စကား‌ကိုနောက်မှပြောပါ ဆရာသမားရဲ့၊ အခုတော့ အလှူငွေလေးထည့်ပါဦး”

ကြာရိုးက ဒန်ခွက်ကိုထိုးပေးလိုက်တော့ အောင်မြတ်သာက ငွေစက္ကူအသစ်အချို့ကို ခွက်ထဲထည့်ပေးလိုက်တယ်။

“ ဆရာသမားတို့ ရွှေစည်းခုံစေတီကို လာဖူးကြတာလား”

“ ဘုရားလဲဖူးရင်း မင်းကိုလဲရှာရင်းပေါ့ကွာ”

“ ကျုပ်ကိုအခုတွေ့ပြီဆိုတော့ အံ့ဖွယ်ကိုးပါးရှိတဲ့ စေတီကို အရင်ဖူးလိုက်ကြဦးဗျ”

မောင်ကြာရိုးစကားကြောင့် ‌ခွန်းလှက ရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့ စေတီကို လှမ်းကြည့်လိုက်ပြီး

“ အံဖွယ်ကိုးပါးဆိုတာ ဘာတွေလဲဗျ”

“ အံဖွယ်ကိုးပါးဆိုတာက..

ထီးတော်ကို ကြိုးမဆိုင်းရပဲ မြဲမြံတယ်။

စေတီတော်ရဲ့အရိပ်ဟာတံတိုင်းအပြင်ကိုမထွက်ဘူး။

ရွှေလှောင်စက္ကူကို စေတီထိပ်ကကျဲချပေမယ့် ဘုရာဝန်းပြင်ပကိုမထွက်ဘူး။

ဘုရားဖူးပရိတ်သတ်ဘယ်လောက်များများ ဘုရားဝန်းနဲ့ဆံ့တယ်။

ဘယ်သူမှ အရုဏ်ဆွမ်းကို ဦးအောင်မတင်နိုင်ကြဘူး။

စေတီတော်တစ်ဖက်မှာတီးတဲ့စည်သံကို အခြားတစ်ဖက်ကနေ မကြားရဘူး။

စေတီတော်ဟာ အမှန်မြင့်တာထက် ပိုမြင့်တယ်လို့ မြင်ရတယ်။

ဘယ်လောက်မိုးသည်းထန်ပါစေ ဘုရားရင်ပြင်တော်ပေါ်မှာရေမတင်ဘူး။

ရင်ပြင်တော်မှာပေါက်နေတဲ့ ခရေနဲ့ ချယားပင်တွေဟာ တစ်နှစ်ပတ်လုံး ပန်းတွေပွင့်ကြတယ်။

ဒါတွေက ရွှေစည်းခုံစေတီရဲ့ ထူးခြားအံ့ဖွယ်ကိုးချက်ပဲဗျ”

“ စေတီတော်က တကယ်ကိုထူးခြားပြီး တန်ခိုးကြီးလိုက်တာနော်”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ‌ကြာရိုးစကားအဆုံးမှာ အတွင်းစိတ်သန္တာန်ကနေ ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားပေါ်လာပြီး လက်အုပ်ချီလျက်အနေအထားဖြစ်သွားခဲ့ကြတယ်။

“ ဆရာသမားတို့ စေတီပေါ်အရင်တက်ဖူးလိုက်ဦး၊ ကျုပ်ဒီကနေ စောင့်နေပါ့မယ်”

“ ဒါဖြင့် ခဏနေ ကျုပ်တို့ပြန်လာခဲ့ပါ့မယ်”

အောင်မြတ်သာတို့လဲ မောင်ကြာရိုးကို နှုတ်ဆက်ပြီး စေတီပေါ်တက်ကာ ဘုရားဝတ်ပြုတဲ့အမှုကို ပြုလုပ်ခဲ့ကြတယ်။ စေတီကနေပြန်ဆင်းလာတဲ့အချိန်မှာတော့ ထနောင်းပင်တစ်ပင်အောက်မှာ တခူးခူးတခေါခေါနဲ့ အိပ်မောကျနေတဲ့ မောင်ကြာရိုးကို မြင်လိုက်ရတယ်။

“ ကိုယ်တော်ချောက အတော်ပင်ပန်းနေတာထင်တယ်၊ အိပ်နေတာများ သိုးလို့ပါလား”

အောင်မြတ်သာအသံကြောင့် အိပ်ပျော်နေတဲ့ မောင်ကြာရိုး အီးအီးအဲအဲနဲ့နှိုးလာပြီး ခါးကြောလျော့ကာ ထထိုင်လိုက်တယ်။

“ အိပ်ရေးဝရဲ့လား မောင်ကြာရိုး”

“ ဟဲဟဲ… တစ်ရေးလောက် အိပ်လိုက်မှ လူက လန်းသွားတယ်၊ ဆရာသမားတို့ညက အဆင်ပြေရဲ့လား”

“ ပြေပါတယ်… ညီအစ်မနှစ်ယောက်ကလဲ အနှောက်အယှက်ပေးတာမျိုးတွေမလုပ်ကြပါဘူး”

“ ဆရာတို့မို့လို့ မလုပ်တာနေမှာဗျ… ကျုပ်ကိုဆို တစ်စက်မှ ကြည့်ရတာမဟုတ်ဘူး”

“ ဒါနဲ့ ဒီအရပ်ဒေသမှာ ငဖေငယ်ဆိုတဲ့ နာမည်ကြားဖူးလား”

“ ငဖေငယ် ဟုတ်လား… ဒီနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးသလိုပဲ”

မောင်ကြာရိုးက မျက်မှောက်ကျုံ့ကာ စဉ်းစားနေရင်းကနေ လက်ဖျစ်တစ်ချက်တီးလိုက်ပြီး

“ တူရွင်းတောင်ခြေမှာနေတဲ့ ငဖေငယ်ကိုပြောတာထင်တယ်”

“ ဟုတ်မလားတော့မသိဘူး ငဖေငယ်က နန်းစောင့်တပ်မှူးလုပ်ခဲ့ဖူးတယ်လို့သိရတယ်”

“ သေချာပါပြီ… ဆရာသမားပြောတာနဲ့ ကျုပ်သိတာနဲ့တူတူပဲ၊ ဒီကောင်က မြောက်ကြွမြောက်ကြွအရမ်းနိုင်လို့ တူရွင်းတောင်ခြေဘက်ပို့ခံထားရတာလေ၊ ဒါနဲ့ ငဖေငယ်က ဆရာသမားတို့နဲ့ ဘယ်လိုပတ်သတ်နေတာလဲ”

“ ကျုပ်တို့နဲ့ပတ်သတ်တာတော့မဟုတ်ပါဘူး၊ စိမ်းညှက်ညီအစ်မနှစ်ယောက်နဲ့ပတ်သတ်နေတာ”

အောင်မြတ်သာက သူ့ကို အကူအညီတောင်းထားတဲ့ကိစ္စကို ကြာရိုးအားပြောပြလိုက်ရာ

“ ကျုပ်လဲ ဒီအကြောင်းတစ်စွန်းတစ်စတော့ ကြားဖူးတယ်၊ ငဖေငယ်ဆိုတဲ့ကောင် နန်းစောင့်တပ်မှူးဖြစ်တုန်းက သိမ်းယူထားတဲ့ ရတနာတွေမနည်းမနောရှိတယ်ဆိုပဲ”

“ ကျုပ်တို့ငဖေငယ်နဲ့တွေ့ဖို့ သင်ကူညီနိုင်မလား”

“ ‌ဒီကိစ္စတော့ ကြာရိုးမကူညီနိုင်ပေမယ့် ကူညီပေးနိုင်မယ့်သူတော့ရှိတယ်”

“ ဘယ်သူများလဲဆိုတာပြောပါဦး”

“ ဓမ္မပါလစစ်သူကြီးတော့ကူညီနိုင်မယ်ထင်တယ်၊ ဘာလို့ဆို ငဖေငယ်ကို တူရွင်းတောင်ခြေကိုမောင်းထုတ်လိုက်တဲ့သူက ဓမ္မပါလစစ်သူကြီးဖြစ်နေလို့ပဲ”

“ ဒီလိုဆို ကျုပ်တို့ကို ဓမ္မပါလစစ်သူကြီးရှိတဲ့အရပ်ဆီလမ်းညွှန်ပေးပါ”

“ ဒါကလွယ်ပါတယ်… ဆရာသမားတို့ ဓမ္မရာဇိကစေတီကိုရောက်ရင် ဓမ္မပါလစစ်သူကြီးနဲ့ တွေ့ရမှာပါ၊ စေတီကို ဘယ်လိုသွားရမလဲဆိုတာ ကျုပ်လမ်းညွှန်ပေးပါမယ်”

အောင်မြတ်သာတို့လဲ မောင်ကြာရိုး ပြောပြတဲ့လမ်းတွေကိုသေချာမှတ်သားပြီး ဓမ္မရာဇိကစေတီရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

ဖုန်တထောင်းထောင်းထနေတဲ့ မြေနီလမ်းတွေ၊ မရေမတွက်နိာင်အောင်များပြားလှတဲ့ စေတီတွေကို ဖြတ်ကျော်လာပြီးချိန်မှာတော့ အရပ်ငါးမျက်နှာပါတဲ့ ဓမ္မရာဇိကစေတီဆီကို ရောက်လာခဲ့ကြတယ်။

အောင်မြတ်သာလဲ စေတီပရဝဏ်ထဲကိုခြေချတာနဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို မေတ္တာပို့လိုက်ပြီး အာရုံကိုဖြန့်ကြည့်လိုက်ရာ ပတ္တမြားတွေနဲ့စီခြယ် ထားတဲ့ ခေါင်းပေါင်းကိုဝတ်ဆင်ထားတဲ့ မျက်နှာလေးထောင့်ကျကျ လူတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။

အဆိုပါပုဂ္ဂိုလ်က အောင်မြတ်သာကို စူးရဲတဲ့အကြည့်နဲ့ကြည့်နေရင်းကနေ စေတီရဲ့အရှေ့မြောက်ဘက်ထောင့်ကို ထွက်သွားတာကြောင့် အနောက်ကနေလိုက်ကြည့်ခဲ့ရာ ရှေးဟောင်းအုတ်ပုံအပျက်တစ်ခုဆီအရောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။
(အဆိုပါအုတ်ပုံအဟောင်းကို ၁၉၉၇ခုနှစ်တွင် ဖယ်ရှားစဉ်မှာတော့ ဓမ္မပါလစစ်သူကြီးနဲ့ ဇနီးဖြစ်သူတို့ ဘုရားကို တန်ဆောင်းဆောက်လုပ်လှူဒါန်းတာကို မှတ်တမ်းတင်ထားတဲ့ ကျောက်စာနှစ်ချပ်ထွက်ရှိခဲ့ပါတယ်)

အောင်မြတ်သာလဲ အုတ်ပုံပျက်ရှိတဲ့နေရာကို မှတ်သားထားပြီး စေတီပေါ်ကိုတက်ကာ ဘုရားရှိခိုး အမျှတန်းဝေခြင်းအမှုတွေကိုပြုလုပ်ခဲ့တယ်။ အမျှတန်းဝေပြီးလို့ အနောက်လှည့်ကြည့်လိုက်တဲ့ အချိန် ရှေးခေတ်စစ်သူကြီးဝတ်စုံနဲ့ လူတစ်ယောက် လက်ပိုက်ကာ ရပ်ကြည့်နေတာမြင်လိုက်ရတယ်။

ထိုသူက အောင်မြတ်သာကို စူးစိုက်ကြည့်ပြီး

“ သင်တို့ပေးတဲ့ အမျှအတန်းကို ကျုပ်ကောင်းစွာရရှိပါတယ်။ သင့်ရဲ့စိတ်ထဲကနေ ကျုပ်ကိုပင့်ဖိတ်ရတဲ့အကြောင်းအရင်းကိုသိပါရ စေ”

“ သင်က ဓမ္မပါလစစ်သူကြီးလား”

“ ဟုတ်တယ်… ကျုပ်က ဓမ္မရာဇိကစေတီကို စောင့်ကြပ်နေတဲ့ ဓမ္မပါလစစ်သူကြီးပဲ”

“ ကျုပ်တို့အနေနဲ့ စစ်သူကြီးကို အကူအညီတောင်းစရာရှိလို့ ဒီအထိရောက်လာခဲ့တာပဲဖြစ်တယ်”

“ သင်တို့ပြောတဲ့ အကူအညီဆိုတာ ဘာများလဲ”

“ ကျုပ်တို့ငဖေငယ်နဲ့ တွေ့ဖို့ စစ်သူကြီးကူညီပေးနိုင်မလား”

“ ငဖေငယ် ဟုတ်လား… ဒင်းကို တူရွင်းတောင်(တုရင်တောင်လို့လဲခေါ်ဝေါ်ကြပါတယ်)အောက်ခြေက လှိုဏ်ဂူကိုမောင်းထုတ်ခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီလေ၊ ဘာအကြောင်းကြောင့် သူ့ကိုတွေ့ချင်ရတာလဲ”

“ သူ့အနေနဲ့ စိမ်းညှက်၊ စိမ်းခက်ညီအစ်မပိုင်ဆိုင်တဲ့ ဌာပနာပစ္စည်းအချို့ကို အတင်းအဓမ္မသိမ်းယူသွား ခဲ့တာကြောင့်ပါ”

အောင်မြတ်သာစကားကြောင့် ဓမ္မပါလစစ်သူကြီးရဲ့ မျက်နှာတင်းမာသွားပြီး

“ မိုက်ရိုင်းလှတဲ့ကောင်ပါလား… ယခင်စိတ်နဲ့ဆို လက်သုံးတော်ဓါးနဲ့ ခုတ်ပိုင်းမိမှာ”

“ စစ်သူကြီးအနေနဲ့ အမျက်ထွက်ဖို့မလိုအောင် ကျုပ်တို့က ကိုယ်စားဆုံးမပေးပါ့မယ်၊ ဒါကြောင့် ငဖေငယ်ရှိတဲ့အရပ်ကိုလမ်းညွှန်ပေးပါ”

“ သင်တို့လမ်းခရီးအဆင်ပြေစေဖို့ ကျုပ်ရဲ့ ငယ်ကျွန်ရင်းတစ်ယောက်ကို ထည့်ပေးလိုက်ပါမယ်၊ ဟဲ့ ငပေါက်ကြီး ရှိလားဟေ့”

စစ်သူကြီးစကားအဆုံးမှာ ရင်ပြင်တော်ဘေးမှာ ပေါက်နေတဲ့ ထနောင်းပင်ပေါ်ကနေ အမွှေးစုတ်ဖွားနဲ့အကောင်တစ်ကောင် ခုန်ဆင်းလာခဲ့တယ်။

စစ်သူကြီးက အမွှေးစုတ်ဖွားကောင်ကိုကြည့်ကာ

“ ငပေါက်ကြီး… နင့်ရဲ့ မူလရုပ်သွင်ဖျောက်လိုက်စမ်း”လို့ပြောလိုက်တယ်ဆိုရင်ပဲ အမွှေးစုတ်ဖွားကောင်ကြီးက အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်တောင့်တောင့် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ ဟဲ့ ငပေါက်ကြီး ဒီပုဂ္ဂိုလ်တွေကို ငဖေငယ်ရှိတဲ့ တူရွင်းတောင်ခြေကိုလိုက်ပို့ပေးလိုက်”

“ အမိန့်တော်အတိုင်းပါ စစ်သူကြီး၊ ကျွန်တော်မျိုး လိုက်လံပို့ဆောင်ပေးပါမယ်”

အောင်မြတ်သာတို့လဲ ငဖေငယ်ရှိတဲ့အရပ်ကိုသိရပြီမို့ ဓမ္မပါလစစ်သူကြီးကို ကျေးဇူးတင်စကားဆိုပြီး ဓမ္မရာဇိကစေတီကနေ ထွက်လာခဲ့လိုက်တယ်။

ငပေါက်ကြီးခေါ်သွားတဲ့ လမ်းတစ်လျောက်မှာတော့ ပုဂံခေတ်လက်ရာစေတီပျက်တွေရှိနေပြီး စေတီတွေရဲ့ ဘေးနားအနီးတစ်ဝိုက်မှာတော့ ပုဂံခေတ်နန်းဝတ်နန်းစားတွေနဲ့သန့်ရှင်းရေးလုပ်နေကြတဲ့ ယောင်္ကျားမိန်းမအချို့ကို မြင်တွေ့ခဲ့ရတယ်။

သန့်ရှင်းရေးလုပ်နေတဲ့သူတွေက ငပေါက်ကြီးကို မြင်တော့ ခေါင်းလေးငုံပြီးအရိုအသေပေးနေကြတာ ကိုလဲသတိထားမိခဲ့ကြတယ်။

ငပေါက်ကြီးက တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောပဲ ခြေလှမ်းကျဲကြီးတွေနဲ့ လျောက်သွားနေရင်းကနေ အုတ်ကျိုးအုတ်ပဲ့တွေ စုပုံထားတဲ့ နေရာအရောက်မှာ ‌နောက်ကိုလှည့်ကြည့်ပြီး

“ ဒီလမ်းချိုးကို ဝင်သွားရင် တူရွင်းတောင်ခြေကို ရောက်လိမ့်မယ်၊ အဲဒီမှာ ငဖေငယ်ရဲ့ မြို့စောင့်တပ်ကို စတွေ့ရလိမ့်မယ်”

“ ကောင်းပါပြီ … ဒီလောက်ဆို ကျုပ်တို့ဆက်လုပ် လိုက်ပါ့မယ်”

အောင်မြတ်သာစကားကြောင့် ငပေါက်ကြီးက ခေါင်းမှာစည်းထားတဲ့ သျှောင်ထုံးကိုဖြေချလိုက်ရာ အမွှေးအမျှင်တွေဖုံးလွှမ်းနေတဲ့ ရုပ်သွင်အဖြစ် ပြောင်းလဲသွားပြီး ဖျတ်ခနဲပျောက်ကွယ်သွား ခဲ့တယ်။

အောင်မြတ်သာတို့လဲ ငပေါက်ကြီး ပျောက်သွားတာနဲ့ အုတ်ပုံဘေးက လမ်းချိုးထဲကို လမ်းလျောက်ဝင်သွားခဲ့ကြတယ်။ ထူးဆန်းတာက ထူထပ်စွာပေါက်နေတဲ့ ဆူးခြုံပင်တွေက အောင်မြတ်သာတို့ဝင်လာတာနဲ့ အသက်ရှိတဲ့အလား ဘေးတစ်ဖက်စီကို ရွေ့လျားသွားခဲ့ကြတယ်။

“ ဆရာ… ဆူးခြုံတွေကြားထဲမှာ လူသွားလမ်းလေးတစ်ခုပေါ်လာပါလား”

“ ဒါက ငဖေငယ်ဆီသွားမယ့် လမ်းထင်ပါရဲ့၊ ဆက်သွားကြရအောင်”

အောင်မြတ်သာတို့လဲ မြင်နေရတဲ့လမ်းထဲကို လျောက်ဝင်သွားတဲ့အချိန် ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့မိန်းကလေးတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရတယ်။

အော်သံတွေနဲ့အတူ ကြိမ်းဝါးသံ၊ ဟိန်းဟောက်သံတွေထွက်ပေါ်လာပြီး လမ်းကွေ့တစ်နေရာကနေ ဖရိုဖရဲအနေအထားနဲ့ မိန်းမပျိုတစ်ယောက် ပြေးထွက်လာတာကို မြင်တွေ့လိုက်ရတယ်။

မိန်းမပျိုလေးက အောင်မြတ်သာကိုမြင်တော့ ပြေးနေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး အားကိုးတဲ့မျက်ဝန်းနဲ့ကြည့်နေတဲ့အချိန် အနောက်ကနေ ဝါးကြိမ်ကိုင်ထားတဲ့ လူသုံးယောက် ပေါ်လာခဲ့တယ်။

“ မောင်ကြီးတို့ နှမကို ကယ်ပါဦး… ရဲမက်တွေ လက်က လွတ်ရင် နှမ ဘာလုပ်ရ လုပ်ရ လုပ်ပေးပါ့မယ်”

“ ဟိတ် သဘောက်မ… နင့်လို ကျွန်တစ်ယောက်က ငါ့တို့တပ်မှူးကို ငြင်းဆန်ရဲတယ်ပေါ့လေ၊ အခုပြန်လာစမ်း”

အသားညိုညို၊ အရပ်မြင့်မြင့် လူက ဒေါသတစ်ကြီး အော်ဟစ်ရင်း ရှေ့တိုးလာခဲ့တာကြောင့် မိန်းမပျိုက အောင်မြတ်သာလက်ကို အားကိုးတစ်ကြီးလှမ်းဆွဲပေမယ့် လေကိုသာ ဖမ်းဆွဲရသလိုဖြစ်သွားခဲ့တယ်။

မိန်းမပျိုကိုလိုက်ဖမ်းနေတဲ့သူကလဲ အောင်မြတ်သာတို့ကို မျက်စောင်းနဲ့စိုက်ကြည့်လိုက်ပြီး မိန်းမပျိုရဲ့ဆံထုံးကိုဆုပ်ကိုင်ရင်း တရွတ်တိုက် ဆွဲခေါ်သွားခဲ့တယ်။

“ ဆရာ… တစ်ခုခု လုပ်ပါဦး”

မောင်ကောင်းက စိုးရိမ်တစ်ကြီးနဲ့ လှမ်းပြောပေမယ့် အောင်မြတ်သာက ဘာစကားမှမပြောပဲ ဆွဲခေါ်ခံသွားရတဲ့ မိန်းမပျိုကိုသာ စိုက်ကြည့်နေခဲ့တယ်။

“ ဆရာ… ဒီကောင်တွေက ဘာတွေလဲ”

“ ငဖေငယ်ရဲ့ လက်ပါးစေကောင်တွေဖြစ်လိမ့်မယ်၊ ဒီမိန်းမပျိုက သူ့ကိုခစားရတဲ့ အစေခံလို့ထင်တယ်”

“ ဒါကိုဆရာက ဘာလို့ မကူညီရတာလဲ”

“ မကူညီတာမဟုတ်ဘူး မောင်ကောင်း၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ငါတို့ဝင်စွက်ဖက်လို့မရလို့ပဲ၊ ဥပမာ ဒီမိန်းမပျိုက သာမန်လူသားတစ်ယောက် ဖြစ်နေမယ်ဆိုရင် ငါတို့မဖြစ်မနေ ကူညီပေးရလိမ့်မယ်၊ ငါပြောတာကို သဘောပေါက်လား”

“ သဘောပေါက်ပါပြီဆရာ… ဒီပုံအတိုင်းဆိုရင် ငဖေငယ်ဆိုတဲ့ကောင်က အတော်ဆိုးသွမ်းခဲ့တဲ့ ပုံပဲ”

“ ဒါကြောင့်လဲ စိမ်းညှက်ညီအစ်မတို့ ပိုင်တဲ့ပစ္စည်းတွေကို လုယူခဲ့တာပေါ့၊
အခုငါတို့လုပ်ရမှာက ငဖေငယ်နဲ့ တိုက်ရိုက်တွေ့ဖို့ပဲ၊ ဒီအတွက် အထက်ဆရာတွေရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်လို့ ငါတို့ဝာာဝန်ကို ပျက်စီးအောင်ဟန့်တားတဲ့သူမှန်သမျှကို ဆုံးမနိုင်တယ်၊ သို့ပေမယ့် ငါတို့တာဝန်နဲ့ မပတ်သက်တဲ့ကိစ္စကိုတော့ လစ်လျှူရှုရလိမ့်မယ်”

“ ကျွန်တော်တို့ နားလည်ပါပြီဆရာ”

အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှကို ဆုံးမပြီး ဆွဲခေါ်ခံသွားရတဲ့ စွပ်ကြောင်းအရာနောက်ကို လိုက်သွားခဲ့တယ်။ ကွမ်းတစ်ယာညက်ခန့်ကြာတဲ့အချိန်မှာတော့ အုတ်ကျောက်တွေထွင်းထုနေတဲ့လူတွေကြားထဲမှာ သွေးသံတရဲရဲနဲ့ကြိုးတုပ်ခံထားရတဲ့ မိန်းမပျိုတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။

အုတ်ကျောက်တွေထွင်းထုနေတဲ့ နေရာတစ်ဝိုက်မှာတော့ ကြိမ်လုံးတွေ၊ ဓါးလွတ်တွေကိုင်ထားတဲ့ ရဲမက်အချို့ရှိနေပြီး သူတို့နဲ့မလှမ်းမကမ်းနေရာမှာတော့ အတန်သင့် ခမ်းနားလှတဲ့ နားနေတဲတစ်ခုရှိနေခဲ့တယ်။

ရဲမက်တွေက အောင်မြတ်သာတို့ကိုမြင်တော့ မနှစ်မြို့တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး

“ ဟိတ်… ရပ်လိုက်ကြစမ်း” ဆိုတဲ့အသံနဲ့အတူ အနားကိုရောက်လာခဲ့ကြတယ်။

“ ဒီနေရာက အသင်တို့နဲ့ မပတ်သက်ဘူး၊
လာရာလမ်းအတိုင်းပြန်ကြစမ်း”

“ ဆရာ… ဒီကောင်တွေ လေသံရောအမူအယာရော ရန်လိုတဲ့ပုံပေါက်နေတယ်နော်”

“ သူတို့ဘာ‌ဆက်လုပ်မလဲ စောင့်ကြည့်လိုက်ပါဦး”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့လက်တွေက မတိုင်ပင်ထားပဲ လွယ်အိတ်ရောက်ကုန်တယ်။

“ ဟေ့ ကျွန်သဘောက်တွေ ငါပြောနေတာမကြားဘူးလား”

ရဲမက်တစ်ယောက်က ရင့်ရင့်သီးသီးပြောပြီး အနားကပ်လာတဲ့အချိန် မောင်ကောင်းရဲ့ လက်က ဖျတ်ခနဲလှုပ်ရှားသွားခဲ့သလို အနားကပ်လာတဲ့ ရဲမက်ရဲ့ခန္ဓာကိုယ်ကလဲ အုတ်ပုံကြားထဲကို လွင့်ထွက်သွားခဲ့တယ်။

“ မောင်ကောင်း….”

“ ဆရာ… ကျွန်တော်မလုပ်ရင် ဟိုကောင်က အရင်စလုပ်မှာဗျ”

မောင်ကောင်းက လေးကွက်အင်းဆုပ်ကိုင်ထားနဲ့ လက်ကိုမသိမသာလေး အောက်ချရင်းပြောလိုက်တဲ့အချိန် ခွန်းလှကလဲ သူ့လက်ကိုပါ မသိမသာလေး နောက်ပစ်ထားလိုက်တယ်။

ရဲမက်တွေကလဲ သူတို့လူထိသွားတာမြင်တော့ ကြောက်မက်ဖယ်မျက်နှာတွေအဖြစ်ပြောင်းလဲပြီး ပြေးဝင်လာခဲ့ကြတယ်။

ဒီတစ်ခါမှာတော့ အောင်မြတ်သာ၊ ခွန်းလှ၊ မောင်ကောင်းတို့က မတိုင်ပင်ထားပဲ လက်ပြန်ရိုက်ထုတ်လိုက်ရာ ပြေးဝင်လာတဲ့ သူတွေအားလုံး ခန္ဓာကိုယ်ကနေ အငွေ့တထောင်းထောင်းထပြီး လွင့်ထွက်သွားခဲ့တယ်။

အသံနက်တွေနဲ့အော်ဟစ်ရင်း ညဉ်းတွားနေတဲ့ ရဲမက်တွေကြောင့် မလှမ်းမကမ်းမှာရှိတဲ့ မြို့ရိုးပေါ်ကနေ ဓါးလှံလက်နက်တွေကိုင်ထားတဲ့ ရဲမက်တွေလွှားခနဲ ခုန်ချလာခဲ့တယ်။

အောင်မြတ်သာတို့ကတော့ သူတို့ကိုဝန်းရံထားတဲ့ ရဲမက်တွေကို မျက်လုံးနဲ့ဝေ့ကြည့်နေတဲ့အချိန် မြို့ရိုးပေါ်က သူရဲခိုနေရာဆီကို အကြည့်ရောက် သွားခဲ့တယ်။

“ ဆရာ… ငဖေငယ်ဆိုတာ သူရဲခိုပေါ်မှာ ရှိနေတဲ့သူထင်တယ်”

“ ခွန်းလှပြောတာ ဖြစ်နိုင်တယ်ဆရာ… သူ့ရဲ့ဝတ်စားပုံက အခြားသူတွေထက်ပိုပြီး ခမ်းနားနေတယ်”

“ ဒါဆိုရင်တော့ သူ့ကိုဆင်းလာအောင် လုပ်ရမှာပေါ့”

အောင်မြတ်သာက စကားဆုံးတာနဲ့ ဆင်စမ၊ မြင်းစမ‌တွေကို ထုတ်ယူကာအသက်သွင်းလိုက်ပြီး မြေကြီးပေါ်ပစ်ချလိုက်တယ်ဆိုရင်ပဲ စစ်ထွက်တန်ဆာတွေအပြည့်အစုံပါတဲ့ ဆင်တပ်မြင်းတပ်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။

ဆင်တွေမြင်းတွေပေါ်မှာတော့ နဖူးမှာ ဝ၊ယ၊မ၊ပ စမတွေပါတဲ့ ခေါင်းစည်းကို စည်းထားတဲ့ စစ်သည်တော်တွေပါလာတာကြောင့် မြို့ရိုးပေါ်မှာ ရှိနေတဲ့ ရဲမက်တွေအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသလို အောက်မှာရှိနေတဲ့သူတွေလဲ ခြေဦးတည့်ရာကိုထွက်ပြေးကြကုန်တယ်။

အဲဒီအချိန်မှာပဲ ငဖေငယ်က ကကြိုးတန်ဆာဆင်ထားတဲ့ မြင်းတစ်ကောင်ကို စီးပြီး မြို့ရိုးအပြင်ကို ဒုန်းစိုင်းမောင်းထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ ငဖေငယ် သူ့ထောင်ချက်‌ထဲဝင်လာပြီမို့ ကွန်ချာအင်းကို လေပေါ်ပစ်တင်လိုက်ရာ ငဖေငယ်ရော စီးလာတဲ့မြင်းပါ ချုပ်မိတုပ်မိပြီး မြေကြီးပေါ်လဲကျသွားခဲ့တယ်။

စမအက္ခရာတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ ငဖေငယ်က ခွန်အားရှိသလောက် ရုန်းကုန်နေပေမယ့် ရုန်းလေကြပ်လေဖြစ်လာကာ နောက်ဆုံး ခန္ဓာကိုယ်ထဲကနေ အညိုရောင်သွေးပုတ်တွေထွက်လာပြီး ရုပ်သွင်ကလဲ ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန် ဖြစ်လာခဲ့တယ်။

အဲဒီအချိန်မှာမှ အောင်မြတ်သာက အောင်ပွဲရ စစ်သူကြီးတစ်ဦးကဲ့သို့ လမ်းလျောက်လာပြီး ငဖေငယ်ရဲ့ မျက်နှာရှေ့မှာရပ်ကာ

“ သင်က ငဖေငယ်လား”

“ ငါက ငဖေငယ်ပဲကွ… အသင်က ဘယ်သူတုန်း”

“ ကျုပ်က သင် မတရားသိမ်းယူထားတဲ့ ရတနာပစ္စည်းတွေကို လာယူတဲ့သူပဲ”

“ အပိုတွေပြောမနေနဲ့…. သင်ဘယ်သူဆိုတာ အမှန်ပြောစမ်း”

“ လှုပ်မရအောင်ချုပ်နှောင်ခံထားရတာတောင် မာန်ကမလျော့သေးပါလား၊ ကျုပ် တစ်ခုပဲမေးမယ်၊ စိမ်းညှက် စိမ်းခက် ညီအစ်မဆီကနေ သိမ်းယူခဲ့တဲ့ ရတနာပစ္စည်းတွေ ဘယ်မှာထားထားလဲ”

စိမ်းညှက်စိမ်းခက်ဆိုတဲ့အသံကြောင့် ငဖေငယ်ရဲ့ မျက်လုံးကအဆမတန်ပြူးကျယ်လာပြီး အောင်မြတ်သာကို အံ့ဩတဲ့အမူအယာနဲ့ စိုက်ကြည့်နေခဲ့တယ်။

“ ဒီကိစ္စတွေ သင်ဘယ်လိုသိနေတာလဲ”

“ ကျုပ်ဘယ်လိုသိတယ်ဆိုတာအရေးမကြီးဘူး၊ အခုချက်ချင်း မတရားသိမ်းယူထားတဲ့ ရတနာပစ္စည်းတွေအားလုံး ထုတ်ပေးစမ်း၊ မထုတ်ပေးရင်တော့ သင့်ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ နာကျင်မှုမျိုးခံစားရအောင် လုပ်ပေးမယ်”

“ ငါ့မှာ ဘာရတနာပစ္စည်းမှမရှိဘူး၊ သူတို့ပိုင်တဲ့ပစ္စည်း သူတို့စေတီမှာပဲ ရှိတယ်”

“ ဒီလိုဆိုတော့လဲ ကျုပ်အဆိုးမဆိုပါနဲ့”

အောင်မြတ်သာက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အနောက်ကိုဆုတ်ကာ ဂါထာတစ်ပုဒ်ကို အဆက်မပြတ်ရွတ်ဖတ်ပါလေရော။

ဂါထာသံက ဌာန်ကရိုင်းကျလာလေလေ ငဖေငယ်ကိုချုပ်နှောင်ထားတဲ့ စမအက္ခရာတွေက မီးကျီခဲလိုရဲရဲတောက်လောင်လာခဲ့တယ်။ ငဖေငယ်ကတော့ အစပိုင်းမှာ အံကြိတ်ပြီး ‌အောင့်ခံနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲကနေ အခိုးငွေ့တွေထွက်လာကာ ပုလောင်မှုဒဏ်ကို လူးလိမ့်ရတဲ့ထိ ခံစားလာခဲ့ရတယ်။

‌အောင်မြတ်သာကလဲ ရတနာပစ္စည်းတွေ မထုတ်ပေးမချင်း ဂါထာကိုသယအဆက်မပြတ်ရွတ်လေရာ နောက်ဆုံးမှာ ငဖေငယ် ဘယ်လိုမှမခံစားနိုင်တော့ပဲ သိမ်းယူထားတဲ့ရတနာတွေကို ထုတ်ပေးရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။

ခြင်းတောင်းတွေ၊ သေတ္တာတွေနဲ့ထည့်ထားတဲ့ ရတနာပစ္စည်းတွေက လူတစ်ရပ်ခန့်မြင့်တဲ့အထိ များပြားတာကြောင့် ဘေးမှာရပ်ကြည့်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ဘေးချင်းကပ်လိုက်ပြီး

“ ဒီကောင်ကို ငါတွယ်ချင်သေးတယ်၊ ဒီလောက်နဲ့ အားမရသေးဘူးကွ”

“ ကျွန်တော်လဲအကိုပြောသလို ဖြစ်မိတယ်၊ ဆရာရှိနေတော့ ဘာမှလုပ်မရဘူးဖြစ်နေတာဗျ”

နှစ်ယောက်သား တီးတိုးပြောနေတဲ့အချိန် အောင်မြတ်သာက ရတနာပစ္စည်းကိုပိုင်ဆိုင်တဲ့သူတွေ လာရောက်ယူဆောင်ကြဖို့နဲ့ မိမိပစ္စည်းမဟုတ်ပဲ ယူငင်ပါက ငရဲမီးကိုလက်မှာကိုင်ရသလို ပူလောင်ပါစေလို့အဓိဌာန်နေတာကို ကြားလိုက်ရတယ်။

ခဏ‌အကြာမှာတော့ ပန်းနုရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ စိမ်းညှက်၊စိမ်းခက်ညီအစ်မနဲ့အတူ အခြားဥစ္စာစောင့်၊ သိုက်စောင့်တွေပေါ်ပေါက်လာပြီး စုပုံထားတဲ့ ရတနာတွေထဲက မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ယူငင်နေကြတာကို မြင်တွေ့လိုက်ရတယ်။

ငဖေငယ်ကတော့ အားမတန်လို့ မာန်လျော့ရတဲ့ဟန်နဲ့ လာယူတဲ့သူတွေကို မိုက်တိမိုက်ကန်းတဲ့အကြည့်နဲ့ စိုက်ကြည့်နေတာကိုမြင်တဲ့ အောင်မြတ်သာက နောက်နောင်ထပ်မလုပ်ဖို့ သစ္စာရေတိုက်ခဲ့ပေမယ့် မောင်ကောင်းနဲ့ ခွန်းလှတို့ကတော့ ငဖေငယ်ကို မကြည်တဲ့မျက်လုံးတွေနဲ့ကြည့်ကာ တစ်ခုခုကို ကြံနေခဲ့ကြတယ်။

အောင်မြတ်သာလဲ ငဖေငယ်ကိုဆုံးမပြီး တူရွင်းတောင်ခြေကနေပြန်လာတဲ့နောက်မှာတော့ စိမ်းညှက်ညီအစ်မတွေရဲ့ မေတ္တာရပ်ခံမှုကြောင့် ဌာပနာတွေထားရှိရာ စိမ်းခက်စေတီမှာ ဂူပိတ်၄၅ရက်အဓိဌာန်ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။

အောင်မြတ်သာအဓိဌာန်ဝင်နေတဲ့ကာလမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့က ကြာရိုးနဲ့ပေါင်းပြီး အချိန်နောက်ပြန်သွားလို့ရမယ့် အစီအရင်တစ်ခုကို ဆောင်ရွက်ခဲ့ကြတယ်။
+++++

လပြည့်ညဖြစ်တဲ့အတွက် လရောင်က အာနန္ဒာဘုရားပရဝဏ်ထဲကို လင်းထိန်စွာကျဆင်းနေခဲ့တယ်။

ဘုရားပရဝဏ်ထဲက ထောင့်တစ်ထောင့်မှာတော့ မောင်ကောင်း၊ ခွန်းလှနဲ့ မောင်ကြာရိုးတို့ရှိနေပြီး သူတို့ရှေ့မှာတော့ တစ်ထွာသာသာရှိတဲ့ အင်းတစ်ချပ်ရှိနေခဲ့တယ်။

အင်းချပ်ထဲမှာတော့ အလွန်များပြားလှတဲ့ အကွက်စိပ်တွေရှိနေပြီး အကွက်တွေထဲမှာတော့ ပြောင်းပြန်ရေးဆွဲထားတဲ့ ကြေးဂဏန်း၊ ဒူးဂဏန်းတွေရှိနေခဲ့တယ်။

“ အစ်ကို အင်းက အသက်ဝင်ပါ့မလား”

“ ငါလဲမပြောတတ်ဘူးကွ… ဆရာပြောပြဖူးတာကို ငါလဲလုပ်ထားတာပဲ”

“ တကယ်လို့ ဒီအင်းကိုအသက်သွင်းနိုင်ရင် ကျွန်တော်တို့ အချိန်နောက်ပြန်သွားလို့ရတယ် ဆိုတာ တကယ်ပဲလား”

“ တကယ်ပေါ့ဟ… ဆရာကိုယ်တိုင်ပြောပြထားတာ”

“ ဒီကိစ္စအဆင်ပြေရင် ငဖေငယ်နဲ့ ထိပ်တိုက်တွေ့ရတော့မှာပေါ့၊ ကျွန်တော်ကတော့ တွေ့တာနဲ့ ပြေးထိုးမှာ”

“ မင်းထိုးဖို့နေနေသာသာ အနားကပ်လို့ရအောင် အရင်လုပ်ဦး၊ ငဖေငယ်က မြို့စောင့်တပ်မှူးနော်၊ သူ့ဘေးမှာ ရဲမက်တွေအမြဲပါတာ”

ငဖေငယ်ဆိုတဲ့အသံကြောင့် ဘေးမှာ အိပ်နေတဲ့ မောင်ကြာရိုး ဆတ်ခနဲထထိုင်လိုက်ပြီး

“ ဟေ့ကောင်လေးတွေ နင်တို့တကယ် လုပ်ကြတော့မလို့လား”

“ တကယ်လုပ်မှာဗျ… ဒါမယ့် ကိုကြာရိုးတော့ လိုက်လို့မရဘူးနော် ၊ ကျုပ်တို့ ပြန်မထွက်လာနိုင်ရင် ဆရာ့ကိုပြောပြဖို့နေခဲ့ရမယ်”

“ သောက်ကလေးတွေ ငါ့ကိုပါဆွဲထည့်ပြန်ပြီ၊ ပြစမ်း မင်းတို့ဆွဲထားတဲ့အင်း”

မောင်ကြာရိုးက အင်းကွက်ကို စိုက်ကြည့်လိုက်ပြီး

“ မင်းတို့ဆွဲထားတာ မှားနေတယ်ကွ၊ ဒူးဂဏန်းက အောက်ကနေ အပေါ်ကိုပြောင်းပြန်တက်ရမှာ”လို့ပြောလိုက်ပါ တော့တယ်။

မောင်ကြာရိုးရဲ့ စကားက မောင်ကောင်းဆွဲထားတဲ့ အချိန်နောက်ပြန်အင်းကို အသက်ဝင်စေနိုင်ပါ့မလားဆိုတာကိုတော့ အောင်မြတ်သာနှင့်အချိန်နောက်ပြန်အင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)