#စာရေးဆရာ -ဇေယန(ရာမည)

ပတ်ဝန်းကျင်က တိတ်ငြိမ်သက်ပြီး မှောင်မိုက်နေပေမယ့် လမ်းသွားလမ်းလာတွေ အနားယူဖို့ဆောက်လုပ်ထား​ပေးတဲ့ ဇရပ်တစ်ခုရဲ့အထဲမှာတော့ ဝင်လေထွက်လေရှုမှတ်တဲ့ လေသံတွေထွက်ပေါ်နေခဲ့တယ်။ ပုံမှန်အချိန်ဆိုရင် အသက်ရှူသံခပ်မျှင်းမျှင်းက ဘာမှမသိလောက်ပေမယ့် ခုလိုတိတ်ဆိတ်တဲ့ ညအချိန်မှာတော့ အနည်းငယ်ကျယ်လောင်နေခဲ့တယ်။

အောင်မြတ်သာနဲ့ မောငကောင်းတို့ကတော့ မိမိတို့ခန္ဓာကိုယ်ကို စိတ်တိုင်းကျပွဲတော်တည်နေတဲ့ တောခြင်ရိုင်းကိုက်တဲ့ဒဏ်တွေကိုတောင်မမှုပဲ သမာဓိကိုသာ ခိုင်သထက်ခိုင်အောင် ကျင့်ကြံနေခဲ့ကြတယ်။

သမာဓိအားအတန်သင့်ကောင်းလာချိန်မှာတော့ ဇရပ်ပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကို ရှင်းလင်းပြတ်သားစွာကြားလိုက်ရတယ်။ ဇရပ်ပေါ်တက်လာတဲ့သူက အောင်မြတ်သာတို့ရဲ့အနီးမှာထိုင်လိုက်ပြီး
” ညောင်စောင်းအရပ်မှာရှိတဲ့ ဆေးရည်စိမ်အလောင်းကိုရှာဖို့ဆိုရင် ထွန့်ပအိုင်ရွာလယ်ရေကန်အောက်မှာဖွက်ထားတဲ့ သံသေဓါးကို လက်ဝယ်ရဖို့လိုမယ်၊ သံသေဓါးရတာနဲ့ အလောင်းကိုရှာဖို့ ကူညီသူတွေ ရောက်လာပါလိမ့်မယ်” ဆိုတဲ့အသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

အောင်မြတ်သာလဲကြားလိုက်ရတဲ့အသံကို စိတ်ထဲမှတ််ထားပြီး မိမိလုပ်နေတဲ့အမှုကိုပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ခဲ့တယ်။ တရားဖြုတ်ပြီးလို့အမျှတန်းဝေချိန်မှာတော့ ဇရပ်ပေါ်ကနေ သာဓုခေါ်သံအချို့ကို ကြားလိုက်ရပြီး ဘေးနားပတ်ပတ်လည်မှာ ပြေးလွှားနေကြတဲ့ ခြေသံအချို့ကိုလဲကြားလိုက်ရတယ်။

မောင်ကောင်းကတော့ တရားဖြုတ်ပီးတာနဲ့ ဇရပ်အောက်မှာ ထင်းမီးဖိုတစ်ဖိုကိုတည်လိုက်ပြီး အိပ်စက်အနားယူဖို့ပြင်ဆင်နေခဲ့တယ်။ အဲဒီအချိန်
” မောင်ကောင်း မနက်အရုဏ်တက်တာနဲ့ ထွန့်ပအိုင်ရွာကိုသွားကြရအောင်၊ ပစ္စည်းပစ္စယတွေကို ခုညထဲက သိမ်းထားလိုက်ဦး”

” ထွန့်ပအိုင်ရွာဆိုတာက ကားလမ်းဘေးကနေ ကိုးမိုင်လောက်ဝင်ရတဲ့နေရာဖြစ်မယ်၊ ဒီရွာကိုလာတုန်း ခရီးသွားတွေပြောတာကြားလိုက်တယ်ဆရာ၊ ဘာအရေးကိစ္စများရှိနေလို့လဲ”

” ငါတို့ကို အကူအညီတောင်းထားတဲ့ အလောင်းကိစ္စနဲ့စပ်ဆက်နေတယ်လို့ပဲသိထားပါ၊ ထွန့်ပအိုင်ကိုရောက်မှ ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ရမယ်”

မောင်ကောင်းလဲ အောင်မြတ်သာစကားကို စောဒကမတက်တော့ပဲ မီးဖိုထဲကိုထင်းတုံးတွေပစ်ထည့်ကာ ဇရပ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

မနက်အရုဏ်တက်ချိန်ရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ကိုယ်လက်သန့်စင်ပြီး ထွန့်ပအိုင်ရွာဘက်ကိုခရီးထွက်ခဲ့ကြတယ်။ မနက်စောစောဖြစ်တဲ့အတွက် အေးမြတဲ့မြူခိုးမြူငွေ့တွေ လမ်းတစ်လျောက်လုံးဖုံးလွှမ်းနေပြီး ဈေးရောင်းဈးဝယ်သွားကြတဲ့ ဈေးသည်အချို့ကလွဲရင် တစ်လမ်းလးတတ်ဆိတ်ခြောက်ကပ်နေခဲ့တယ်။

” ရှပ် ရှပ် ရှပ်…”
လမ်းလျောက်နေရင်း အနောက်ကနေ လိုက်လာတဲ့ ခြေသံကြောင့် ဆရာတပည့်နှစ်ယောက် လှည့်ကြည့်လိုက်ရာ ဆံပင်တွေကိုမျက်နှာမပေါ်အောင်ဖုံးအုပ်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” သင်က ဘယ်သူလဲ… ဘာကြောင့် အနောက်ကနေ တစ်ကောက်ကောက်လိုက်နေလဲဆိုတာပြောပါ”

အောင်မြတ်သာက ပြောခွင့်ပေးလိုက်တော့မှ ဆံပင်တွေအုပ်နေတဲ့မိန်းမက တောင်ဘက်စူးစူးကိုလက်ညိုးထိုးပြီး
” သူတို့တွေဖမ်းသွားကြပီ… သူတို့တွေဖမ်းသွားကြပီ၊ ကျုပ်တို့ပိုင်တဲ့ပစ္စည်းတွေကိုရာဝင်အိုးနဲ့အပြည့်ယူပြီး ထွက်သွားကြပြီ” လို့ပြောကာ တအီအီနဲ့ငိုပါလေရော။

အောင်မြတ်သာလဲ မိန်းမကြီးလက်ညိုးထိုးပြတဲ့ဘက်ကို အာရုံစူးစိုက်ပြီးကြည့်လိုက်ရာ နဂါးပတ်တောင်ဝှေးတစ်ချောင်းကိုင်ထားတဲ့ အဖိုးအိုနဲ့အတူ သက်လတ်ပိုင်းယောင်္ကျားလေးယောက်ကို မြင်လိုက်ရတယ်။ သူတို့ရှေ့မှာတော့ ဘီးနှစ်ဘီးတပ်လက်တွန်းလှည်းတစ်ခုရှိနေပြီး အပေါ်မှာတော့ ရတနာပစ္စည်းတွေထည့်ထားတဲ့ရာဝင်အိုးတစ်လုံးအပြင် အနီရောင်ဖန်ပုလင်းထဲမှာထိပ်ပိတ်ထားတဲ့ ခူခြောက်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ရတနာပစ္စည်းတွေအပြင် ဖန်ပုလင်းထဲထည့်ထားတဲ့ လူခြောက်လေးတစ်ယောက်ကိုလဲမြင်တယ်၊ သူတို့ကဘယ်သူတွေလဲ”

” ဖန်ပုလင်းထဲမှာပါတဲ့သူက လူခြောက်မဟုတ်ဘူး.. သူက ဘယ်နေရာမှာ သိုက်ရှိတယ်၊ ဘယ်လိုချုပ်ကိုင်ရမယ်ဆိုတာကို အကြံပေးတဲ့ အကုသိုလ်ကောင်ပါ၊ သူနဲ့တူတူပါလာတဲ့ကောင်တွေက ပညာအဆင့်မြင့်တဲ့ ဆရာ​တွေပဲ၊ သူတို့ကြောင့် ဒီနယ်တစ်ဝိုက်က သိုက်ငယ်လေးတွေ ပျက်စီးရတာများနေပါ​ပြီ၊ ဆရာတို့ကူညီပေး​ပါ… အနူးညွတ်တောင်းပန်ပါတယ်”

” အိမ်း… ကျုပ်တို့ကလဲ ခရီးတစ်ခုဆက်စရာရှိနေတာကြောင့် ဒီကိစ္စတွေပြီးရင် သင်တို့အတွက် စဉ်းစားပေးပါမယ်၊ လော​လောဆယ် ကိုယ့်နေရာကိုယ်ပြန်ပီး စောင့်နေပါ”

အောင်မြတ်သာစကားအဆုံးမှာတော့ ဆံပင်ဖားလျားချထားတဲ့မိန်းမကြီးက မျက်စိရှေ့မှာပျောက်ကွယ်သွားခဲ့တာကြောင့် မိမိတို့လိုတဲ့ခရီးကိုရှေ့ဆက်ခဲ့ကြတယ်။
မနက်၈နာရီလောက်မှာတော့ ထွန့်ပအိုင်ရွာကိုရောက်လာခဲ့ပြီး ရွာလယ်ရေကန်ရှိတဲ့ဘက်ကိုမေးမြန်းကာထွက်လာခဲ့လိုက်တယ်။ ရေကန်အစပ်ကိုရောက်တော့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ နီရဲနေတဲ့မျက်လုံးတွေအပြင် မဲမဲအရိပ်သဏ္ဌာန်တွေကိုမြင်တွေ့လိုက်ရတယ်။

” ဒီရေကန်က ရွာရဲ့အဓိကရေကန်ဖြစ်တာနဲ့အမျှ ရေကန်ကိုမှီခိုနေတဲ့ နာနာဘာဝတွေကလဲ မနည်းမနောပါလား….ဟင်းး “
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ရေကန်အစပ်ကိုနင်းထားရာကနေ အနောက်ကိုဆုတ်လိုက်တဲ့အချိန် ခေါင်းပေါ်ကို ကျောက်စရစ်ခဲတစ်လုံး ကျလာခဲ့တယ်။
” အ…. နာလိုက်တာကွာ.. ဘာကြီးတုန်းဟ”
မောင်ကောင်းက ခေါင်းပေါ်ကျလာတဲ့ ခဲလုံးကိုကောက်ယူပြီး ဘေးဘီကိုကြည့်လိုက်ရာ မလှမ်းမကမ်းကုက္ကိုပင်ပေါ်မှာ ခဲနှစ်လုံးကိုကိုင်ပြီး လှမ်းပစ်ဖို့လုပ်နေတဲ့ မျက်ကွင်းညိုညိုနဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ဟာ ဒီကောင် နေရင်းထိုင်ရင်း လာစနေတယ်… အခုဖမ်းခေါ်ပီး နရင်းအုပ်လိုက်ရ”

မောင်ကောင်းစကားသံအဆုံးမှာ ကုက္ကိုပင်ပေါ်မှာရှိ​နေတဲ့အကောင်က နောက်ထပ်ခဲလုံးနဲ့ပစ်ပေါက်ဖို့အလုပ်
” ဟိုကောင် ခုချက်ချင်း နေရာအရပ်က ငါ့ရှေ့ရောက်စေ… ဆိုင်ရာတွေချုပ်ခေါ်လာခဲ့” ဆိုပြီး လက်ညိုးထိုးပြီးငေါက်လိုက်ရာ သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ အကောင်က ဖုတ်ခနဲ မြေကြီးပေါ်ကျပြီး ယက်ကန်ယက်ကန်နဲ့ လေပေါ်မြောက်တက်လာခဲ့တယ်။

” ဒီတစ်ခါ ဆိုင်ရာပုဂ္ဂိုလ်တွေက ရုပ်သွင်မပြကြပါလား… ဘာကြောင့်များပါလဲ”

မောင်ကောင်းက တစ်ယောက်ထဲရေရွတ်နေတဲ့အချိန် အောင်မြတ်သာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်လိုက်ပြီး
” ရွာတော်ရှင်တပည့်တွေက သူတို့ရဲ့ ကြောက်မက်ဖွယ်ပုံစံကိုမမြင်ချင်လို့ ကွယ်ထားကြတာပါ၊ ဒါနဲ့ ဒီပုဂ္ဂိုလ်ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”

” ဒီကောင်က ကျွန်တော်တို့ကို မခန့်လေးစားလုပ်လို့ ပညာပေးမလို့ ခေါ်လိုက်တာပါဆရာ၊ သူ့ကိုနာကျင်အောင်တော့မလုပ်ပါဘူး”

အောငမြတ်သာလဲ မောင်ကောင်းစကားကြောင့် ရှေ့မှာငုတ်တုပ်လေးထိုင်နေတဲ့ကောင်ကိုကြည့်လိုက်ရာ မျက်ခွံတွေလှီးထုတ်ခံထားရသလိုဖြစ်နေပြီး နီရဲပြူးကျယ်နေတဲ့မျက်လုံး၊ နှာတံမပါတဲ့နှာခေါင်းပေါက်တွေပိုင်ဆိုင်ထားတဲ့ မှင်စာတစ်ကောင်ကိုမြင်လိုက်ရတယ်။

” သင်က ဘာလို့ ကျုပ်တို့ကို စနောက်ရတာလဲ… အကြောင်းတစ်ခုခုများရှိလို့လား”

အောင်မြတ်သာစကားကို မှင်စာ​လေးက အထိတ်ထိတ်အလန့်လန့်နဲ့ ခေါင်းခါပြပြီး ဘေးဘီကို ပြူးကျယ်တဲ့မျက်လုံးတွေနဲ့လိုက်ကြည့်​နေခဲ့တယ်။

” သင် တစ်ခုခုပြောချင်နေတယ်မဟုတ်လား.. မကြောက်ပါနဲ့ ပြောပါ၊ သင့်ကိုဘယ်သူမှ ထိခိုက်အောင်မလုပ်စေရဘူးလို့ ကတိပေးတယ်”

” သေချာလား… သူတို့သိရင် ငါ့ကိုနာကျင်အောင်လုပ်လိမ့်မယ်”

” သေချာတယ် … သင်ပြောချင်တာရှိတာကိုသာပြောပါ”

” ငါ့နာမည်က မျက်ပြူးလို့ခေါ်တယ်… မျက်ခွံမပါလာလို့ ဒီဘဝရောက်ထဲက ခုထိမအိပ်ရသေးဘူး၊ ခုနက ခဲနဲ့ပေါက်တယ်ဆိုတာက ရေကန်ထဲကိုမဆင်းရအောင်သတိပေးတာပါ”

” ဟင် ရေကန်ထဲကို ဘာလို့မဆင်းစေချင်တာလဲ”

” မနေ့ညသန်းခေါင်အချိန်က ရေကန်ဆီကို ညောင်စောင်းရွာက ငတိုနဲ့ငညို ညီနောင်နှစ်ကောင်ရောက်လာပြီး သူ့တပည့်တွေကို ကန်ပတ်ပတ်လည်မှာချသွားတယ်။ ကန်ထဲဆင်းတဲ့သူကို စားသောက်ဖို့လဲ မှာသွားတာကြားလိုက်တယ်။ ဒါကြောင့် ရေကန်နားကိုလာတဲ့သူတိုင်းကို ခြောက်လှန့်မောင်းထုတ်နေရတာ”

” ဒီရွာပိုင်ပုဂ္ဂိုလ်တွေက တားဆီးပိတ်ပင်တာတွေမလုပ်ဘူးလား”

” သူကိုယ်တိုင် အပြင်မထွက်ရဲလို့ နတ်စင်ထဲမှာပုန်းနေတာ၊ အခုလိုပြောတာ ငတိုနဲ့ငညိုတို့မသိစေနဲ့နော်၊ သူတို့သိရင် ကျုပ်ကို အရေခွံဆုပ်လိမ့်မယ်”

” မပြောပါဘူး .. ဒါပေမယ့် ကျုပ်တို့အနေနဲ့ ရေကန်အောက်မှာရှိနေတဲ့သံသေဓါးကိုယူရဦးမယ်၊ ဒါကြောင့် ဖြစ်လာမယ့်ကိစ္စတွေကို ရင်ဆိုင်မှာပါ”

” သံသေဓါးတော့မသိဘူး ရေအောက်ထဲမှာ အစွမ်းရှိတဲ့ပစ္စည်းတစ်ခုရှိတယ်လို့တော့သိထားတယ်၊ အဲဒီဓါးကိုရရင် ညောင်စောင်းရွာက သူတွေကို ပညာပေးလိုက်ပါဗျာ၊ ဒီကောင်တွေ လူပါးဝနေတာကြာ​ပြီ”

အောင်မြတ်သာက မှင်စာလေးရဲ့စကားကိုကြားတော့ ခေါင်းကိုညမ့်ပြပြီး ရေကန်အစပ်နားကိုဆင်းသွားခဲ့တယ်။ မောင်ကောင်းကတော့ အနောက်မှာနေပြီး မမြင်ကွယ်ရာကနေ ဝင်ရောက်လာမယ့် အန္တရာယ်တွေကိုကာကွယ်ဖို့စောင့်ဆိုင်းနေခဲ့တယ်။

” ဗွမ်း ဗွမ်း ပြွက် ပြွက် ပြွက်”
ရုတ်တရက်ဆိုသလို ရေကန်အလယ်ကနေ ရေနွေးအိုးဆူသလိုပွက်လာပြီး နီရဲနေတဲ့မျက်လုံးပေါင်းများစွာက ရေထဲမှာပေါ်လာခဲ့တယ်။

” ဆရာ … သတိထား.. ဒီကောင်တွေ ရေထဲမှာအပြည့်ပဲဗျ”

မောင်ကောင်းစကားသံအဆုံးမှာ မလှမ်းမကမ်းကနေ စပ်စုနေတဲ့မှင်စာလေးက သစ်ပင်ပေါ်ကိုပြေးတက်​ပြီး အကွယ်ကနေချောင်းကြည့်နေခဲ့တယ်။ အောင်မြတ်သာကတော့ ရေကန်အစပ်နားမှာ မလှုပ်မယှက်မတ်တပ်ရပ်နေပြီး နှုတ်ကနေ ဥုံခံတံ့ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်နေခဲ့တယ်။

ဂါထာတစ်ခေါက်ဆုံးတာနဲ့ ရေကန်ဘောင်ပေါ်မှာပုဆိုးခါးတောင်းကျိုက်ထားပြီး တင်ကျဉ်းတုတ်တစ်ချောင်းကိုင်ထားတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။ ဂါထာအခေါက်ရေ နှစ်ဆယ်လောက်အရောက်မှာတော့ တင်ကျဉ်းတုတ်ကိုင်ဆောင်ထားတဲ့ လူနှစ်ဆယ်ရှိနေခဲ့ပြီး အောင်မြတ်သာရဲ့အမိန့်တစ်စုံတစ်ရာကိုစောင့်ဆိုင်းနေတဲ့ဟန် ငြိမ်သက်နေခဲ့တယ်။

ရေကန်မှာရှိတဲ့နာနာဘာဝတွေကလဲ သူတို့ပိုက်နက်ကိုရောက်လာတဲ့ ပုဂ္ဂိုလ်တွေကိုမနှစ်မြို့တဲ့ဟန်နဲ့ အသံပေါင်းစုံပေးပြီး ခြောက်လှန့်ကြရာ အနီးနားမှာရှိတဲ့ သရဲတစ္ဆေတွေအားလုံး ကြောက်လန့်ပြီး လှုပ်တောင်မလှုပ်ရဲပဲဖြစ်နေခဲ့ကြတယ်။

အဲဒီအချိန်အောင်မြတ်သာက
” ရေကန်စောင့်ပုဂ္ဂိုလ်ကို ကျုပ်အမိန့်ဖြင့် ဆင့်ခေါ်လိုက်သည်။ သင့်အပေါ် ချုပ်နှောင်ထားမှုများရှိပါက အလိုအလျောက်ပယ်ပျက်စေသား။ ကျွန်ုပ်၏အမိန့်ကိုလွန်ဆန်ပြီး နှောက်ယှက်သူများအား တင်ကျဉ်းကိုင်အစောင့်များက အရိုးတွေကြေမွတဲ့ထိ ရိုက်နှက်စေ” လို့ပြောပြီး ရေပြင်အစပ်ကို လက်နဲ့ပုတ်လိုက်ရာ မှောင်မဲနေတဲ့ရေကန်ထဲကနေ အမွှေးစုတ်ဖွားနဲ့ကောင်တွေ ဖွားခနဲထွက်ပေါ်လာခဲ့တယ်။ အလားတူ ရေကန်ပတ်လည်မှာရှိတဲ့ မြေမို့မို့ထဲကနေလဲ အသားနီတွေလန်ပြီး ကြောက်မက်ဖွယ်အဆင်းရှိတဲ့ နာနာဘာဝ​တွေ ကုန်းရုန်းထလာခဲ့တယ်။

နာနာဘာဝတွေ ထွက်ပေါ်လာတာနဲ့ တင်ကျဉ်းကိုင်ပုဂ္ဂိုလ်တွေက သိုင်းကွင်းခင်းကာ ညာသံပေးပြီး ဝင်ရောက်တိုက်ခိုက်ပါလေရော။

” ကျား….
ဖောက်….
ခွပ်…
အင့်… “

“ကုန်းဘောင်သားတွေကွ… ထိုးကြစမ်း ခုတ်ကြစမ်း”

မာန်ထန်ပါတဲ့ အသံတွေနဲ့ တရစပ်ဝင်ရောက်ရိုက်နှက်မှုကြောင့် နာနာဘာဝကောင်အချို့ အလဲလဲအကွဲကွဲနဲ့ ခြေဦးတည့်ရာထွက်ပြေးကြသလို အချို့ကျတော့လဲ ရေကန်အစပ်မှာပင် နာကျင်စွာစူးစူးဝါးဝါးအော်ဟစ်နေခဲ့ကြတယ်။

အချိန်အနည်းငယ်အကြာမှာတော့ တိုက်ပွဲအရှိန်ကြောင့် လှိုင်းတံပိုးပြင်းထန်နေတဲ့ ရေကန်က သူမဟုတ်တဲ့အတိုင်းပြန်လည်ငြိမ်သက်သွားခဲ့တယ်။ အဲဒီအချိန်ရောက်မှ ကန်ရေအလယ်ကနေ ဆံပင်ဖားလျားချထားတဲ့ လူတစ်ယောက်ပေါ်လာခဲ့ပြီး အောင်မြတ်သာတို့ရှိရာကို ရေပြင်ပေါ်ကနေ လျောက်လာခဲ့တယ်။ ထူးဆန်းတာက ရေထဲကနေထွက်လာခဲ့ပေမယ့် သူ့တစ်ကိုယ်လုံးရေတစ်စက်မှမစိုတာပဲ။

” သင်ရောက်လာပြီလား…”
အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားချထားတဲ့ပုဂ္ဂိုလ်က သက်ပြင်းရှည်တစ်ချက်ကိုချကာ
” ဆရာတို့အာဏာစက်​ကြောင့် ကျုပ်လွတ်မြောက်လာခဲ့ပါပြီ၊ ဒီအတွက် ကျုပ်ကိုခိုင်းစေချင်တာများရှိလဲ အားမနာပဲပြောနိုင်ပါတယ်”

” ကျုပ်တို့အနေနဲ့ သင်​စောင့်ရှောက်တဲ့ရေကန်မှာရှိတဲ့ သံသေဓါးကို ခေတ္တငှားရမ်းလိုပါတယ်။ ကျုပ်တို့အသုံးပြုပြီးတဲ့အခါ သင့်ဆီကိုပြန်လာအပ်ပေးပါမယ်”

” သံသေဓါးကို လိုချင်ရင် သူကိုယ်တိုင်လက်ခံတဲ့သူဖြစ်ရပါမယ်၊ အတင်းအဓမ္မယူမယ်ဆိုရင်တော့ သံသေဓါးက ဘယ်လိုမှစွမ်းမှာမဟုတ်ပါဘူး”

” သူကိုယ်တိုင်လက်ခံနိုင်တဲ့ အချက်အလက်တွေက ဘာတွေများဖြစ်မလဲ၊ တကယ်လို့ကျုပ်တို့ကအဆင်မပြေခဲ့ရင် အရည်ချင်းပြည့်မှီတဲ့သူကိုရှာရဦးမှာမလို့ပါ”

အောင်မြတ်သာစကားအဆုံးမှာ ရေကန်စောင့်ပုဂ္ဂိုလ်က လက်နှစ်ဖက်ကို အသာယာပင့်တင်လိုက်ရာ ရေကန်အလယ်မှာ အလွန်ကြီးမားတဲ့ကန်တော့ခွက်တစ်ခုပေါ်လာပြီး အထဲကနေ တစ်တောင်သာသာရှိတဲ့ သံသေတ္တာတစ်လုံးထွက်ပေါ်လာခဲ့တယ်။ ရေကန်တော့ပေါ်မှာတင်နေတဲ့ သံသေတ္တာဆီကနေလဲ အစိမ်းပုတ်ရောင်အလင်းတန်းတွေဖြာထွက်နေတာကိုလဲထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။

” ဒီသေတ္တာထဲမှာ သံသေဝိဇ္ဇာတစ်ပါး စီရင်ထားတဲ့ သံသေဓါးရှိပါတယ်။ သူ့ဖန်တီးထားတဲ့ သံသေဓါးကို ကိုင်ဆောင်ခွင့်ရှိတဲ့သူကတော့ မယ်မုက္ခရဲ့အနွယ်ဝင်ဖြစ်ရမယ်ဆိုပြီး သစ္စာဆိုသွားခဲ့တယ်”

” ဟင် … မယ်မုက္ခဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”

” မယ်မုက္ခဆိုတာ နတ်ဘီလူးအနွယ်ဝင်ဖြစ်ပြီး… ဒီဓါးကိုစီရင်နေစဉ်ကာလအတွင်းမှာ အနားကနေ မျက်တောင်မခတ်တမ်းစောင့်ရှောက်ပေးခဲ့သူပဲ၊ ဒါကြောင့် သူကိုယ်တိုင်ပေါက်မြောက်တဲ့အချိန်မှာ မယ်မုက္ခကို မမေ့မလျော့တဲ့အနေနဲ့ ဒီသစ္စာကိုဆိုသွားခဲ့တာပဲ၊ ဒါကြောင့် ဆရာအနေနဲ့ သံသေဓါးကို အစွမ်းသတ္တိပြည့်စွာကိုင်ဆောင်နိုင်မနိုင် စမ်းကြည့်ပေးပါ၊ သံသေဓါးက သူ့ပိုင်ရှင်အစစ်မှန်ရဲ့ နှုတ်မိန့်နဲ့မှ လက်ပေါ်ကိုရောက်လာပါလိမ့်မယ်”

ရေကန်စောင့်ပုဂ္ဂိုလ်စကားအဆုံးမှာ အောင်မြတ်သာက ညာလက်ကိုဆန့်တန်းပြီး သံသေဓါးကိုခေါ်ဆောင်လိုက်တဲ့အချိန် ရေဝဲဂယက်တွေပြင်းထန်လာပြီး ဓါးရဲ့ပတ်ပတ်လည်ကို တံတိုင်းတစ်ခုလိုကာစီးလိုက်တာကိုမြင်လိုက်ရတယ်။

” ဆရာ အနေနဲ့ သံသေဓါးပိုင်ရှင်မဟုတ်တာကြောင့် ကျုပ်ဒီဓါးကိုအသုံးပြုခွင့်ပေးလို့မရပါဘူး”

အောင်မြတ်သာအနေနဲ့ ကိစ္စပေါင်းများစွာကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပေမယ့် သစ္စာနဲ့ချည်နှောင်ထားတဲ့ ဒီကိစ္စမှာတော့ ဘာမှမတတ်နိုင်ပဲ လက်လျော့လိုက်ရတယ်။

” ဆရာတို့အနေနဲ့ မယ်မုက္ခအနွယ်ဝင်တစ်ယောက်ကို ရှာဖွေပြီးမှ သံသေဓါးကိုလာရောက်ယူဆောင်ကြပါ၊ ဒီအတောတွင်း ရေကန်ပတ်ပတ်လည်မှာ ချထားတဲ့ မန္တာန်အတွက်လဲ ကျေးဇူးတင်ပါတယ်”

” ဒါဖြင့် ကျုပ်တို့အနေနဲ့ သံသေဓါးကိုယူဖို့ သေချာပေါက်ပြန်လာခဲ့ပါ့မယ်၊ သင့်ကို ဘယ်သူမှထပ်ပြီးချုပ်နှောင်လို့မရအောင် မန္တာန်အထပ်ထပ်ချထားပေးတာမို့ စိတ်ကင်းရှင်းစွာနေထိုင်ပါ”

” ဆရာတို့ပြန်အလာကို ကျုပ်စောင့်နေပါ့မယ်၊ ဂရုစိုက်ပြီးသွားကြပါ”

ရေကန်စောင့်ပုဂ္ဂိုလ်က အောင််​မြတ်သာတို့ကို နှုတ်ဆက်ပြီး ရေကန်ထဲကိုပြန်ထွက်သွားချိန်မှာတော့ အနောက်မှာစောင့်နေတဲ့မောင်ကောင်းက ရေကန်အစပ်နားကိုလာပြီး အောင်မြတ်သာလွယ်အိတ်ကိုလှမ်းယူဖို့လက်ကမ်းလိုက်ရာ ကန်အလယ်မှာ အရှိန်လျော့နေပြီဖြစ်တဲ့ ဝဲဂယက်ကြီးက ဝုန်းခနဲထတောက်ပြီး ဆင်နှာမောင်းတစ်ခုကို ဝေ့ယမ်းလာခဲ့တယ်။

” ဟင်…. ဘာဖြစ်တာလဲ”

အောင်မြတ်သာရော မောင်ကောင်းပါ ရုတ်တရက်မို့အံ့ဩသွားပြီး မှင်သက်နေတဲ့အချိန် ရေကန်လယ်မှာရပ်နေတဲ့ပုဂ္ဂိုလ်က ဝမ်းသာအားရနဲ့ပြန်လှည့်လာပြီး

” သူ သူက မယ်မုက္ခအနွယ်ဝင်ပဲ… ဒါကြောင့် သံသေဓါးက လက်ခံလိုက်တာ”

ရေကန်စောင့်ပုဂ္ဂိုလ်စကားကြောင့် အောင်မြတ်သာရော မောင်ကောင်းပါ မှင်သက်သွားခဲ့တယ်။

” ဆရာလေး … သံသေဓါးကိုဆင့်ခေါ်လိုက်တော့… သူ သေတ္တာထဲကနေထွက်ချင်နေပြီ”

မောင်ကောင်းလဲ ကြောင်အအနဲ့ လှမ်းထားတဲ့လက်ကိုပြန်မရုတ်ပဲ
” သံသေဓါးက ကျုပ်ကိုလိုလားတယ်ဆိုရင် သေတ္တာထဲကနေ ရုန်းထွက်ပြီး လက်ပေါ်ရောက်ရှိလာစေ” လို့ပြောလိုက်ရာ ဆင်နှာမောင်းလိုဝဲတက်နေတဲ့ ရေကန်တော့ထဲက သံသေတ္တာက ဝုန်းခနဲပွင့်ထွက်ပြီး တစ်တောင်သာသာရှိတဲ့ ဓါးတစ်လက်ပျံတက်လာခဲ့တယ်။

မျက်စိကြိမ်းမတတ် စိမ်းညိုရောင်အလင်းတန်းတွေက မီးပန်းဖောက်သလိုဖြာထွက်ပြီး ဝဲပျံလာတဲ့ သံသေဓါးက မောင်ကောင်းလက်ပေါ်အ​ရောက်မှာ​တော့ လုံးဝငြိမ်သက်သွားခဲ့တယ်။

” ဆရာ … ကျွန်တော်က ဘယ်လိုဖြစ်လို့…”

ကြောင်အအနဲ့ ထူးဆန်းနေတဲ့ မောင်ကောင်းစကားကြောင့်အောင်မြတ်သာက
” မင်းငယ်စဉ်က ထူးဆန်းတာဘာတွေရှိခဲ့ဖူးလဲ၊ အိမ်မက်ဖြစ်ဖြစ် လက်တွေဖြစ်ဖြစ်ပေါ့” လို့ပြောလိုက်တော့မှ မောင်ကောင်းက လက်ဖျောက်တီးပြီး

” ကျွန်တော်မမွေးခင် ရေထဲမျောလာတဲ့ ဘီလူးမရုပ်ထုပါးစပ်ထဲကနေ ပတ္တမြားတစ်လုံး ရလာတယ်လို့ အဖေအိမ်မက်မက်ဖူးတယ်ဆရာ”
(မှတ်ချက်။ မောင်ကောင်း ငယ်ဘဝအကြောင်းကိုတော့ အောင်မြတ်သာနှင့်ဒုတိယမနုဿခြေလှမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး)

” လက်စသတ်တော့ မင်းက မယ်မုက္ခရဲ့အဆက်နွယ်တစ်ယောက်ဖြစ်နေတာကိုး… “

” ဆရာလေးက သံသေဓါးပိုင်ရှင်ဖြစ်နေတာမို့ သူ့ရဲ့အစွမ်းသတ္တိတွေကို ပြောပြပေးပါမယ်၊ သံသေဓါးရဲ့အထူး​ခြားဆုံးအစွမ်းက အောက်လမ်းစုန်းကဝေတွေကို အသေသတ်နိုင်သလို ပညာပျက်​အောင်လဲ စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် သံသေဓါးကို တစ်ခေါက်သုံးပြီးရင် သုံးတဲ့သူဟာ ၃လတိတိ သက်သက်လွတ်အဓိဌာန်ပြန်ဝင်ရပါမယ်။ အဓိဌာန်မဝင်ပဲပြန်သုံးမယ်ဆိုရင် သံသေဓါးဟာလဲ သာမန်ဓါးတစ်ချောင်းထက်မပိုပါဘူး။ ဆရာတို့အနေနဲ့ သံသေဓါးကိုအသုံးပြုပြီး ခုနှစ်ရက်သားသမီးတွေရဲ့ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ပါစေ”

ရေကန်စောင့်ပုဂ္ဂိုလ်လဲ အောင်မြတ်သာတို့ကို ပြောပြသင့်တဲ့အချက်တွေပြောပြပြီးတာနဲ့ ရေကန်အောက်ထဲကိုပြန်လည်ဆင်းသက်သွားခဲ့တယ်။

မောင်ကောင်းကတော့ တစ်တောင်သာသာရှိတဲ့ သံသေဓါးကို ကြည့်လိုက်ရာ သံချေးအထပ်ထပ်တက်နေတာကြောင့် အနားမှာရှိတဲ့ သစ်သားချောင်းတစ်ချောင်းကိုကောက်ယူပြီး ခြစ်ကြည့်ပေမယ့် သံချေးတွေမကျွတ်ပဲ သစ်သားချောင်းသာ တိခနဲပြတ်ကျသွားခဲ့တယ်။

” အမ​လေး သံချေးတက်နေတာတောင် တော်တော်ထက်ပါပဲဆရာရေ၊ အတော်သတိထားရမယ်”

” သံသေဓါးမှာ စောင့်ပုဂ္ဂိုလ်ကလဲ မင်းအမိန့်ကိုပဲနာခံမှာမို့ မင်းပဲလုံခြုံအောင်သိမ်းထားလိုက်ပါ၊ အခုလောလောဆယ် ညောင်စောင်းရွာကိုသွားကြရ​အောင်”

အောင်မြတ်သာတို့ရေကန်ကနေထွက်လာတော့ သစ်ပင်ပေါ်မှာပုန်းနေတဲ့ မှင်စာလေးက ခပ်သုတ်သုတ်ဆင်းလာပြီး
” ဆရာတို့ ညောင်စောင်းရွာကိုသွားမယ်သာပြောတာ ရွာကဘယ်နားရှိတယ်ဆိုတာသိလို့လား”

” ဟင်… ညောင်စောင်းရွာဆိုတာ လူတွေနေတဲ့ရွာမဟုတ်ဘူးလား၊ မေးမြန်းပီးသွားရင်ဖြစ်ပါတယ်ကွာ”

မောင်ကောင်းစကားကြောင့် မှင်စာလေးက ခွက်ထိုးခွက်လှန်ရယ်လိုက်ပြီး
” သံသေဓါးပိုင်ရှင်ကြီးကလဲ သာမန်ဆန်လိုက်တာ… ညောင်စောင်းရွာဆိုတာ ပညာသည်တွေကြီးပဲနေတဲ့ ရွာတစ်ရွာဗျ၊ သူတို့ရွာကို သာမန်လူတွေမမြင်နိုင်အောင် အကာအကွယ်အစီအမံတွေလဲ လုပ်ထားသေးတာ၊ ဒါနဲ့ ဆရာတို့ဒီလမ်းတည့်တည့်သွားရင် လူသုံးဖက်လောက်ကြီးတဲ့ ညောင်ပင်တစ်ပင်ကိုတွေ့လိမ့်မယ်။ အဲဒီညောင်ပင်က ညောင်စောင်းရွာရဲ့ ဝင်ပေါက်ပဲ။ ဘယ်လိုဝင်ရမယ်ဆိုတာတော့ ကျုပ်လဲမသိဘူး”

” ဒါဖြင့် ညောင်​စောင်းရွာမှာနေတဲ့သူတွေကို အုပ်ချုပ်တဲ့သူရဲ့အစွမ်းက အတော်ကြောက်ဖို့ကောင်းမှာပေါ့”

” ဒါတော့ ကျုပ်မပြောပါရစေနဲ့… ဆရာတို့လမ်းခရီးအဆင်ပြေပါစေ”

မှင်စာလေးက ပြောပြီးတာနဲ့ သစ်ပင်ပေါ်တက်ကာ ပြူးကြောင်ကြောင်နဲ့ထိုင်ကြည့်နေခဲ့တယ်။

အောင်မြတ်သာတို့လဲ မှင်စာလေးညွှန်ပြတဲ့ လမ်းအတိုင်းလျောက်လာခဲ့တာ နှစ်နာရီလောက်အကြာမှာတော့ လူသုံးဖက်စာလောက်ကြီးတဲ့ ညောင်ပင်တစ်ပင်ရှေ့ကိုရောက်လာခဲ့တယ်။

ညောင်ပင်ခြေရင်းမှာတော့ ရေအိုးနှစ်လုံးကိုတွေ့ရ​ပြီး တစ်လုံးကိုဆေးအနီသုတ်ထားပြီး နောက်တစ်လုံးကိုတော့ ဆေးအဖြူသုတ်ထားခဲ့တယ်။

” ဒီရေအိုးစင်က သာမန်လူတွေမမြင်နိုင်ဘူးထင်တယ်”

” ဘာဖြစ်လို့လဲဆရာ”

” လူသွားလူလာများတဲ့ လမ်းခရီးမှာ ဒီရေအိုးစင်က အသစ်အတိုင်းဖြစ်နေလို့ပဲ၊ မောင်ကောင်း ဘေးဖယ်နေ”

အောင်မြတ်သာကပြောပီးတာနဲ့ ရေအိုးစင်နှစ်လုံးကို လက်နဲ့သပ်ချလိုက်ရာ အဖြူရောင်ရေအိုးက ပုတပွပြီးလောက်​တွေတဖွားဖွားကျနေတဲ့ နွားသိုးဦးခေါင်းဖြစ်နေခဲ့သလို ဦးခေါင်းထဲမှာတော့ ပြည်ပုတ်ရည်တွေအပြည့်ရှိနေခဲ့ပြီး ကျန်တဲ့အိုးအနီကတော့ ရိုးရိုးရေတွေသာဖြစ်နေခဲ့တယ်။

” ဒါကြောင့် ကဝေမကြီးက ရေအိုးအနီထဲကရေကိုပဲသောက်ဖို့မှာခဲ့တာကိုး”
(ကဝေမကြီးအကြောင်းကိုတော့ အောင်မြတ်သာနှင့်အူစုံစားကဝေမဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

အောင်မြတ်သာလဲမောင်ကောင်းစကားကို ခပ်ပြုံးပြုံးမျက်နှာထားနဲ့ထောက်ခံလိုက်ပြီး ရေအိုးအနီပေါ်မှာတင်ထားတဲ့ရေခွက်ကိုဆွဲယူလိုက်ရာ ” ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ညောင်ပင်ပင်စည်အလယ်မှာ လူတစ်ကိုယ်ဝင်လို့ရတဲ့တံခါးပေါက်တစ်ခုပေါ်လာခဲ့တယ်။

ဝင်ပေါက်ပေါ်လာပေမယ့် အောင်မြတ်သာက ချက်ချင်းမဝင်သေးပဲ အပေါက်ဝကိုလက်ညိုးနဲ့ ကြက်ခြေခတ်သဏ္ဌာန်ဖြတ်ချလိုက်ရာ ရာသီသွေးတွေပေနေတဲ့ထဘီတစ်ထည်က ဘတ်ခနဲပြုတ်ကျလာခဲ့တယ်။
” ဒီကောင်တွေက ဝင်လာတဲ့သူတွေကို နာမ်နှိမ်ထားတာပဲ၊ ဒါကိုမသိပဲဝင်မိတဲ့သူတွေအကုန် ငါးပါးမှောက်ကုန်ကြမှာ”
အောင်မြတ်သာက တီးတိုးရေရွတ်ရင်း ညောင်ပင်ထဲကိုဝင်လိုက်ချိန်မှာတော့ အတော်အားပြင်းတဲ့ လေထုတစ်ခုက ခန္ဓာကိုယ်ကိုအရှိန်နဲ့ဝင်ဆောင့်တာခံလိုက်ရတယ်။

” အတော်ကိုအားကောင်းတဲ့ ပညာစွမ်းပဲ… ခုကစပြီး ဘယ်သူနဲ့မှစကားမပြောဖို့သတိထားပါ”

” ဟုတ်ကဲ့ပါဆရာ… ကျွန်တော်သတိထားပါမယ်”
မောင်ကောင်းလဲ အောင်မြတ်သာသွားတဲ့နောက်ကို ထပ်ချပ်မကွာလိုက်လာခဲ့ရာ ပြေပြစ်တဲ့မြေနီလမ်းအကျော်အရောက်မှာတော့ နွားတစ်ကောင်ရဲ့ ကလီစာအစုံကို ရွက်ပြီးလမ်းလျောက်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဘယ်နယ်က လာကြတာတဲ့သူတွေလဲ”

မိန်းမကြီးက လှမ်းမေးလိုက်ပေမယ့် အောင်မြတ်သာက ဘာမှပြန်မဖြေပဲ လမ်းအတိုင်းဆက်လျောက်သွားခဲ့တယ်။ အဲဒီတော့မှ မိန်းမကြီးလဲ ထပ်မမေးတော့ပဲ သွေးသံရဲရဲဖြစ်နေတဲ့ လင်ဗန်းကို မနိုင်တနိုင်မကာ လမ်းကြားလေးတစ်ခုထဲကိုတိုးဝင်သွားခဲ့တယ်။

” ခုနက သူမေးတာကို ငါတို့ဖြေလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ”

” မသိဘူးလေ ဆရာ … ဘာဖြစ်နိုင်လဲပြောပြပါဦး”

” ငါတို့လာရှာတဲ့ ဆေးရည်စိမ်အလောင်းကို ဘယ်တော့မှမတွေ့ရတော့ဘူးပေါ့၊ ဒီအလောင်းတွေမှာ ထူးခြားတဲ့အစွမ်းတွေရှိနေလို့ သူတို့လုယူထားကြတာမဟုတ်လား”

” ကျွန်တော်လဲ ဆရာလိုပဲထင်တယ်… ဒါပေမယ့် ဆေးရည်စိမ်အလောင်းကဘယ်မှာရှိတယ်ဆိုတာ ကျွန်တော်တို့မသိဘူးလေ”

” သိပ်စိတ်ပူမနေပါနဲ့ … ငါတို့ကို ကူညီမယ့်သူမကြာခင်ရောက်လာတော့မှာပါ”

အောင်မြတ်သာက ထူးဆန်းတဲ့စကားကိုပြောပြီး ကျိုးတိုးကျဲတဲဖြစ်နေတဲ့ အိမ်စုတွေဘက်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာတွေ့တဲ့သူတွေက အောင်မြတ်သာတို့ကို လမ်းနှုတ်ဆက်ကြပေမယ့် ဘာမှပြန်မပြောတာကြောင့် ပြဿနာမဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ လူင်္ကြီးတစ်ဖက်စာလောက်ရှိတဲ့ ကျွန်းတိုင်လေးတိုင်နဲ့ဆောက်ထားတဲ့ ဇရပ်တစ်ခုနားကိုရောက်တဲ့အချိန်မှာတော့ ထင်းစီးတစ်စီးကိုခေါင်းပေါ်ရွက်ထားတဲ့ အမယ်အိုတစ်ယောက် လမ်းကြားထဲကနေထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ အမယ်အိုကို မျက်လုံးကစားရုံလှမ်းကြည့်လိုက်ရာ ထင်းစီးကိုင်ထားတဲ့လက်ကြားထဲကနေ စာရွက်တစ်ရွက်ထွက်ကျလာခဲ့တယ်။

အမယ်အိုလဲ အောင်မြတ်သာတို့မြင်ပြီဆိုတာသိတာနဲ့ ဟန်မပျက်ရှေ့ကိုဆက်ထွက်သွားခဲ့ချိန် မောင်ကောင်းက ကျသွားတဲ့စာရွက်ကိုကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ
” မနေ့ညက လက်တိုနဲ့လက်ညိုတို့တပည့်တွေ ဒဏ်ရာဒဏ်ချက်တွေနဲ့ပြန်ရောက်လာထဲက ဆရာတို့လာပြီဆိုတာသိလိုက်ရတယ်။ ဆရာတို့ဘာရှာနေလဲဆိုတာ အမေကြီးသိသလို ရွာသူကြီးဦးကြာလုံကလဲသိနေတယ်။ ဦးကြာလုံကိုတွေ့ရင် ဆရာတို့ရှာနေတဲ့အရာကိုတွေ့လိမ့်မယ်။ ဒါပေမယ့် လွယ်လွယ်တော့မရနိုင်ဘူး။ မလွှဲမရှောင်သာလို့ ဆရာတို့နဲ့ အမေကြီးတိုက်ရမယ်ဆိုရင်တောင် မညှာပါနဲ့၊ နောက်ဆုံးတစ်ချက်က အသံကြားရာကိုမလိုက်ပါနဲ့၊ အသံမလာတဲ့နေရာကိုသာလိုက်ပါ” လို့ရေးထားတာကိုဖတ်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ စာရွက်ထဲမှာရေးထားတဲ့အတိုင်း ဦးကြာလုံဆိုတဲ့သူကိုရှာဖို့အတွက် ဇရပ်ပေါ်မှာစောင့်နေတဲ့အချိန် ရွာအနောက်ဘက်ခြမ်းကနေ မောင်းတီးသံသုံးချက်ထွက်ပေါ်လာခဲ့တယ်။ ရွာသားတွေကလဲ မောင်းတီးသံကြားတာနဲ့ လုပ်လက်စတွေကိုပစ်ချကာ အသံကြားတဲ့ဘက်ကို အုပ်လိုက်ကြီးထွက်သွားခဲ့ကြတယ်။ မကြာခင် အရှေ့ဘက်နဲ့မြောက်ဘက်ဆီကနေလဲ မောင်းတီးသံတွေထွက်ပေါ်လာခဲ့တယ်။

” ဆရာ မောင်းသံက တောင်ဘက်ကနေ မလာသေးဘူး​နော်၊ ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့တောင်ဘက်ကိုသွားရမယ်ထင်တယ်”

” စာထဲကပုံအရဆိုရင် တောင်ဘက်ကိုပဲသွားရမှာ.. ဒါပေမယ့် ငါတို့ဘယ်သူ့ကိုမှယုံလို့မရဘူး၊ မင်းရဲ့သံသေဓါးကိုထုတ်ပြီးလက်ဝါးပေါ်တင်ကြည့်လိုက်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက သံသေဓါးကိုထုတ်ပြီး လက်ဝါးပေါ်တင်လိုက်ရာ ဓါးဦးက သံလိုက်အိမ်မြောင်လို ဝှီးခနဲလည်သွားပြီး အနောက်အရပ်မှာ ငြိမ်သွားခဲ့တယ်။

” ဆရာ … ဓါးဦးက အနောက်ကိုညွှန်ပြနေပါလား”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက မဲနက်နေတဲ့မျက်ခုံးနှစ်ခုကိုထိလုမတတ် ကျုံ့လိုက်ပြီး
” ငါတို့ကို ကူညီသလိုနဲ့ သံသေဓါးကိုသိမ်းချင်နေကြတာကိုး… မောင်ကောင်းရေ မောင်းသံစကြားတဲ့ အနောက်ဘက်ကိုသွားရအောင်” လို့ပြောကာ ထွက်သွားခဲ့တယ်။

သဲဖြူတွေခင်းထားပြီး ငှက်ပျောပင်တွေစိုက်ထားတဲ့ လမ်းအဆုံးမှာတော့ သျှောင်တစ်စောင်းထုံးထားတဲ့လူရဲ့ဦးခေါင်းပြတ်တစ်ခုကိုမြင်တွေ့လိုက်ရတယ်။ သူ့ဘေးမှာတော့ ဆေးလွယ်အိတ်တစ်လုံးအပြင် အင်းစမတွေရေးဆွဲထားတဲ့ ခန္ဓာကိုယ်တစ်ခုကအသက်ကင်းမဲ့လျက်။ သူ့ဘေးမှာလဲ အရိုးကျနေတဲ့ဦးခေါင်းတွေအပြင် ဆေးကြိမ်လုံးအကျိုးအပဲ့တွေ၊ အင်းဆွဲတဲ့ပစ္စည်းကိရိယာတွေကိုပါမြင်လိုက်ရတယ်။

” ဆရာ… ဒါတွေက အထက်လမ်းဆရာတွေသုံးတဲ့ပစ္စည်းတွေမဟုတ်လား”

” ဟုတ်တယ်မောင်ကောင်း… သူတို့လက်ချက်နဲ့ သေခဲ့ရတဲ့ဆရာတွေပဲ၊ သူတို့က ဆရာတွေကိုအယုံသွင်းမယ်ပြီးတာနဲ့ ရွာကိုလာဖို့ခေါ်မယ်၊ အထဲရောက်ရင်တော့ အုပ်စုလိုက်ဝိုင်းပြီး အမဲဖျက်တော့တာပဲ၊ အခုလဲငါတို့ကိုအမဲဖျက်ဖို့စောင့်နေလောက်ပြီ”

အောင်မြတ်သာစကားအဆုံးမှာတော့ ကောင်းကင်ကနေ မဲနက်နေတဲ့လင်းတအုပ်ကြီးပျံလာတာကိုမြင်လိုက်ရတယ်။ လင်းတအုပ်ကြီးက မလှမ်းမကမ်းမှာရှိတဲ့ကွင်းပြင်ပေါ်ကိုရောက်တော့ အောက်ကိုတစ်ဟုန်ထိုးဆင်းချလာပြီး မြေကြီးနဲ့မထိခင်မှာပဲ သာမန်လူတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။

” မောင်ကောင်း အင်းတွေအသင့်ပြင်ထား… အနားကပ်လာတာနဲ့ စတိုက်တော့ “

အောင်မြတ်သာက သတိပေးပြီးတာနဲ့ အနားကပ်လာကြတဲ့ လူအုပ်ကြီးရှေ့ကို လောင်မီးအင်းတစ်ချပ်ပစ်ချလိုက်ရာ ဝုန်းဆိုတဲ့အသံနဲ့အတူ အပြာရောင်မီးတောက်​တစ်ခုထွက်ပေါ်လာခဲ့တယ်။

ဒါပေမယ့် လူအုပ်ကြီးက တစ်ဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက်ကိုဖြတ်ကျော်ဝင်လာခဲ့ကြတယ်။

” မယ်ညို နင့်ထဘီအစွန်း မီးဟပ်သွားတာလား… နင်ခုတစ်လော မှော်မကျင့်ပဲ ဘာလုပ်နေတာတုန်း”ဆိုပြီး လူအုပ်ထဲက ယောင်္ကျားတစ်ယောက်က မယ်ညိုဆိုတဲ့မိန်းမကို ခပ်ထေ့ထေ့လှမ်းပြောလိုက်သေးတယ်။

” ဆရာ ဒီကောင်တွေ လောင်မီးအင်းကိုတောင် ဖြတ်လာကြပါလား…”

” ဒါကြောင့် သူတို့ကိုလျော့မတွက်ဖို့ပြောတာ… သတိမလွတ်စေနဲ့”

အောင်မြတ်သာက ရပ်နေရာကနေ တစ်လှမ်းမှမဆုတ်ပဲ သတိပေးရင်း တိုးဝင်လာတဲ့ လူအုပ်ကြီးကို စိုက်ကြည့်နေခဲ့တယ်။ ဒီလိုနဲ့ ဝါးတစ်ပြန်စာအကွာလဲရောက်ရော ဆယ်ယောက်လောက်ရှိတဲ့လူတွေက ပြိုင်တူခြေထောက်ပေါက်ချလိုက်ရာ မြေကြီးထဲကနေ အနက်ရောင်မီးခိုးလုံးတွေထွက်လာပြီး လူကြီးလေးဖက်စာလောက်ရှိတဲ့ မြွေဟောက်တစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ်။

အိမ်တစ်လုံးစာလောက်ကြီးမားတဲ့ ပါးပျဉ်းကိုထောင်ပြီး အောင်မြတ်သာတို့ကို ပေါက်ဟန်ပြင်နေရာကနေ ဇွပ်ခနဲထိုးဆင်းလာတဲ့အချိန် မြေကြီးထဲကနေ လေးထောင့်အကွက်နဲ့သဏ္ဌာန်တူတဲ့ရွှေရောင်ပိုက်ကွန်တစ်ခုလေးဘက်လေးတန်းကနေပေါ်လာပြီး ဆီးကာထားခဲ့တယ်။

လူကြီးနှစ်လံလောက်ရှိပြီး မဲနက်နေတဲ့အစွယ်က ရွှေရောင်ပိုက်ကွန်မှာညှိပြီး ရုန်းကန်နေတဲ့အချိန် ကောင်းကင်ပေါ်ကနေ အဖြူရောင်စက်ဝိုင်းတစ်ခုပေါ်လာခဲ့တယ်။
စက်ဝိုင်းအတွင်းကနေလဲ လှည်းဘီးတစ်ဘီးစာလောက်ကြီးတဲ့ ရဲဒင်းတွေကိုင်ထားပြီး ရာဇမာန်တင်းတဲ့မျက်နှာထားနဲ့ လူထွားကြီးငါးယောက်ခုန်ဆင်းလာကာ ပိုက်ကွန်မှာညှိနေတဲ့ မြွေဟောက်ရဲ့ခေါင်းကို ခုတ်ပိုင်းပါလေရော။

ထက်မြက်တဲ့ရဲဒင်းဒဏ်တွေကြောင့် မြွေဟောက်ကြီးရဲ့ ဦးခေါင်းက တိခနဲပြတ်ကျပြီးလွင့်ထွက်သွားသလို လင်းတကနေ လူအသွင်ပြောင်းထားကြတဲ့ ပညာသည်တွေကလဲ ကစဉ့်ကလျားလွင့်ထွက်သွားကုန်တယ်။

အဲဒီအချိန် လက်ခုပ်တီးသံသုံးချက်ကြားလိုက်ရပြီး ကောက်ကွေးနေတဲ့ဆံပင်ကို ထုံးထားတဲ့အသက် ၅၀အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။

” နယ်စားကိုးယောက်စုပေါင်းတိုက်တာတောင် မနိုင်တဲ့ ဆရာအဖြစ်အသိမှတ်ပြုပါတယ်ကွာ… တကယ်တော်တယ် လူလေး”

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ လူကြီးရဲ့နောက်မှာတော့ အနက်ရောင်ဝတ်စုံတွေဝတ်ထားကြတဲ့ ပညာသည်လေးယောက်ကပ်ပါလာခဲ့တယ်။ အဲဒီထဲမှာတော့ အောင်မြတ်သာတို့ကို စာရွက်ချပေးခဲ့တဲ့ ကဝေမကြီးလဲပါဝင်လာခဲ့တယ်။

” စောရှင်ရေ… နင့်ကောင်တွေက ပါးရည်နပ်ရည်တော့ရှိသားကွယ့်….. သူတို့ရဲ့သားရည်ကိုတော့ အမှတ်တရအနေနဲ့ ငါ့အခန်းထဲချိတ်ထားချင်လို့ နင်ယူပေးနိုင်မလား”

ခေါင်း​ဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် စောရှင်ဆိုတဲ့ကဝေမ​ကြီးက
” အဖေကြီး လိုချင်တယ်ဆို စောရှင်က ရအောင်ယူပေးမှာပါ” လို့ပြောပြီး လက်မှာပတ်ထားတဲ့ ကြိုးအနီလေးကိုဆွဲခါလိုက်ရာ သေးမျှင်တဲ့ကြိုးကနေ လက်ညိုးလုံးလောက်ရှိတဲ့ ကြာပွတ်အဖြစ်ပြောင်းသွားခဲ့တယ်။

” ဟဲ့ ငတို ငညိုတို့ အဖေကြီးက ဒီဆရာတွေရဲ့ သားရည်ကိုလိုချင်တယ်လို့ပြောတယ်၊ ငါ့အတွက်ယူပေးစမ်း” လို့ပြောပြီး ကြာပွတ်ကိုမြေကြီးပေါ်ရိုက်ချလိုက်ရာ မြေစာထဲကနေ ပုတ်လောက်ကြီးတဲ့ အတ္တဘောကိုပိုင်ဆိုင်ထားတဲ့ နာနာဘာဝနှစ်ကောင်ထွက်ပေါ်လာခဲ့တယ်။ သူတို့လက်ထဲမှာတော့ သွေးစသွေးနတွေပေနေတဲ့ ဧရာမဒူးဆစ်ရိုးနှစ်ချောင်းစီကိုင်ထားခဲ့ကြတယ်။

အောင်မြတ်သာရှေ့မှာတော့ ရဲဒင်းကိုင်အစောင့်တွေက ကြောက်စိတ်မရှိတဲ့မျက်နှာတွေနဲ့ မာထန်ထန်ရပ်နေရင်း ပြေးဝင်လာတဲ့ နှစ်ကောင်ကို ဆီးကြိုတိုက်ခိုက်ခဲ့တယ်။

” ဒုတ် …
အင့် …
ဝုန်း…
ခွပ်”
ပြင်းထန်လှတဲ့တိုက်ပွဲကြောင့် အလယ်မှာရှိတဲ့မြေစာ​တွေ ဖွာလန်ကျဲကုန်ပြီး ဒူးဆစ်ရိုးနဲ့ ရဲဒင်းထိတွေ့တဲ့အရှိန်ကလဲ ကြောက်မခန်းလိလိကျယ်လောင်နေခဲ့တယ်။

ရွာမှာရှိတဲ့ပညာသည်အချို့ကလဲ မလှမ်းမကမ်းကနေ ကြည့်ပြီးအကဲခတ်နေသလို ခေါင်း​ဆောင်လူကြီးကလဲ အောင်မြတ်သာကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန် အိတ်ထဲမှာရှိနေတဲ့ သံသေဓါးက ငါးရှဉ့်တစ်ကောင်ကို လူးလွန့်လာ​တာကြောင့် မလွတ်ထွက်အောင် လက်ကိုင်ရိုးကိုဖမ်းဆုပ်လိုက်ချိန်မှာတော့ သံချေးတွေက တစ်ထစ်ဆင်းကွာကျပြီး အခုမှပန်းပဲဖိုကထွက်လာတဲ့ ဓါးတစ်ချောင်းလိုဝင်းလက်လာခဲ့တယ်။

” သံသေဓါး… သံသေဓါး မဟုတ်လား… “
ရွာခေါင်းဆောင်လူကြီးက မောင်ကောင်းလက်ထဲမှာကိုင်ထားတဲ့ ဓါးကိုသတိထားမိပြီး ပြောလိုက်ချိန်မှာတော့ ငတိုနဲ့ငညိုနှစ်ကောင်ရဲ့ လက်ရည်​တွေတစ်ဖြေးဖြေးနှေးကွေးလာခဲ့တယ်။

” စောရှင် နင့်ကောင်​ေတွ ဘယ်လိုဖြစ်တာလဲ…”

” မသိဘူး အဖေကြီး… သံသေဓါးနဲ့များဆိုင်နေတာလား”

အောင်မြတ်သာတို့လဲ သံသေဓါးဆီကနေ ထွက်နေတဲ့စွမ်းအားကိုရိပ်မိပြီး ရှေ့ကိုတိုးသွားခဲ့ရာ ငတိုနဲ့ ငညိုနှစ်ကောင်လုံး အားအင်တွေချိနဲ့သလိုဖြစ်ကာ ယိုင်နဲ့လာခဲ့တယ်။

” သေချာပြီ ဒီကောင်တွေရဲ့ စွမ်းအားက သံသေဓါးထဲကိုရောက်နေတာ၊ မောင်ကောင်း မင်းကိုယ်ကို ကွန်ခြာအင်းနဲ့ကာပြီး သူတို့နားကိုတိုးသွား ကျန်တာငါဆက်လုပ်မယ်”

အောင်မြတ်သာက အခြေအနေကိုသုံးသပ်ပြီး အမိန့်ပေးလိုက်ရာ မောင်ကောင်းလဲ ကွန်ခြာအင်းနဲ့ငယ်ထိပ်ကိုအုပ်ပြီး ဇွတ်တရွတ်တိုးဝင်သွားခဲ့တယ်။ မောင်ကောင်းဝင်သွားတာနဲ့ ဦးကြာလုံအပါအဝင် ကျန်ပညာသည်တွေအားလုံး အနောက်ကိုဆုတ်သွားခဲ့ကြတယ်။

” အဖေကြီး သံသေဓါးက စွမ်းအင်တွေကိုစုပ်ယူနေသလိုပဲ… “
စောရှင်နဲ့ကျန်ပညာသည်တွေစကားကြောင့် ဦးကြာလုံတစ်ယောက် လွယ်အိတ်ထဲမှာပါလာတဲ့ ဆေးဘီလူးရုပ်ကို မန်းမှုတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်ပေမယ့် ထင်သလိုရုပ်သွင်မထွက်လာပဲ အရုပ်ကအရုပ်အတိုင်းတည်နေခဲ့တယ်။

အောင်မြတ်သာလဲ သံသေဓါးကြောင့် သူတို့တွေစွမ်းအားနည်းနေတာကိုသတိထားမိပြီး ဂိုဏ်းစောင့်ဘီလူးအင်းကိုသုံးလိုက်တဲ့အချိန် လေးဘက်လေးတန်ကနေ လက်လေးဘက်မှာ လက်နက်လေးခုပါတဲ့ အင်းဘီလူးလေးကောင်ထွက်ပေါ်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ ဦးကြာလုံတို့တစ်ဖွဲ့လုံး ခေါင်းတောင်မော်မကြည့်ရဲတော့ပဲ မြေကြီးနဲ့မျက်နှာအပ်နေအောင်ကပ်နေခဲ့ကြတယ်။

” ပြော… ဆေးရည်စိမ်ထားတဲ့ အလောင်းက ဘယ်မှာထားထားတာလဲ”

အောင်မြတ်သာမေးနေပေမယ့် ဦးကြာလုံက အင်တင်တင်လုပ်နေတာကြောင့် အင်းဘီလူးတွေကို အမှန်မပြောတာနဲ့ ငယ်ထိပ်ရှစ်စိပ်ကွဲအောင် ရိုက်စေလို့အမိန့်ပေးတော့မှ ဆေးရည်စိမ်ခေါင်းတလားတွေကိုထုတ်ပေးခဲ့တယ်။

အောင်မြတ်သာတို့လဲ ခေါင်းတလားထဲမှာရှိတဲ့ ရုပ်အလောင်းတွေကိုဖွင့်ကြည့်လိုက်ရာ အသက်နှစ်ဆယ်အရွယ်လူငယ်နှစ်ယောက်ကိုတွေ့ရပြီး တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ကာ သေဆုံးနေဟန်ကိုစိတ်မကောင်းစွာမြင်တွေ့လိုက်ရတယ်။

အလောင်းကိုခိုးယူပြီး မပုတ်သိုးအောင်ဆေးရည်စိမ်ထားရတဲ့ဖြစ်စဉ်ကိုမေးကြည့်တော့ မွေးရာပါစိတ်စွမ်းအင်ကြီးမားလွန်းတဲ့လူငယ်နှစ်ယောက်ရဲ့ ပညာစွမ်းတွေကို လိုချင်တာကြောင့် ပညာနဲ့စီရင်ခဲ့တာလို့ဝန်ခံခဲ့တယ်။

အောင်မြတ်သာတို့ အလောင်းကိုမီးသဂြိုလ်ပြီးလို့ပြန်ထွက်လာချိန် ညောင်ပင်ရဲ့ရှေ့မှာတောက်ပသစ်လွင်တဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူငယ်နှစ်ယောက်က စောင့်နေခဲ့တယ်။ သူတို့က အောင်မြတ်သာကိုမြင်တော့

” ဆရာတို့အနေနဲ့ ညောင်စောင်းရွာဝင်ပေါက်ကို မပိတ်ဘူးဆိုရင် လူတွေထပ်ပြီးဒုက္ခရောက်ကြဦးမယ်။ ဒါကြောင့် ဒီတံခါးကိုဆရာတို့ကိုယ်တိုင်ပိတ်ပေးပါ”

” ဝင်ပေါက်ကိုပိတ်ဖို့အတွက် ဘာတွေလိုအပ်ပါလဲ”

” ဝင်ပေါက်ကိုပိတ်ဖို့က သံသေဓါးပဲလိုပါတယ်။ ဒါကြောင့် ဆရာတို့ကို သံသေဓါးရအောင်ယူဖို့အကြံပေးခဲ့တာပါ။ ဆရာတို့အနေနဲ့ သံသေဓါးနဲ့ဝင်ပေါက်ကိုထိုးစိုက်ပေးရုံပါပဲ…. ကူညီပေးပါဆရာ”

အောင်မြတ်သာလဲ ရွာထဲမှာမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကြောင့် သက်ပြင်းတစ်ချက်ချပြီး
“မောင်ကောင်း မင်းက သံသေဓါးပိုင်ရှင်ဆိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ပါ” လို့ပြောလိုက်ရာ မောင်ကောင်းက တုံ့ဆိုင်းနေခြင်းမရှိပဲ ပင်စည်ကို ဓားဦးအချွန်နဲ့ထိုးစိုက်ချလိုက်တယ်။

သံသေဓါးနဲ့ပင်စည်ထိတာနဲ့ ညောင်ပင်က ချက်ချင်းဆိုသလို ညိုးနွမ်းလာပြီး မျက်စိရှေ့မှာတင် ဝင်ပေါက်တံခါးပိတ်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ညောင်​စောင်းရွာကနေထွက်လာပြီးနောက်ပိုင်း အကူညီတောင်းထားတဲ့ သိုက်စောင့်မိန်းမဆီကိုပြန်ထွက်လာခဲ့ကြတယ်။ သိုက်တူးတဲ့အဖွဲ့တွေထဲမှာ စည်းစနစ်ကျပြီး စုဖွဲ့အားကောင်းတဲ့အဖွဲ့ကို အောင်မြတ်သာတို့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏