အောင်မြတ်သာနှင့်တမလွန်ရေဆန်လမ်း
စာရေးဆရာ -ဇေယန(ရာမည)

” ကျော့လှယဉ် သေပြီဆို… ဟုတ်လား”
အကြော်စားနေရင်း မေးလိုက်တဲ့ သဲနု စကားကြောင့် ကျန်တဲ့သူတွေအားလုံး ခေါင်းတွေထောင်လာခဲ့ကြတယ်။

” အကျော့က မျောနေတာပါဟယ်… ဒါကိုရွာလူကြီးတွေက သေပြီအထင်နဲ့ ရွာထဲမပေးဝင်တာလို့ကြားတယ်”

” ငါတော့ မျောနေတယ်လို့မထင်ဘူး… မျောနေတဲ့သူဆိုရင်အသက်ရှုရမှာလေ၊ ခုက အသက်လဲမရှုတော့ သေပြီလို့ပဲမှတ်ရမှာပဲ”

” အကျော့ အမေကြီးခဗျာ … သူ့သမီး ခြေဖျားလက်ဖျားတွေနွေးနေသေးလို့ မသဂြိုလ်ပဲ စောင့်ကြည့်နေတာလို့ပြောကြတယ်တော့”

” အို… အကျော့မရှိတော့ သူ့အမေကြီး သနားပါတယ်…”

ဆီပူအိုးထဲကို ထည့်ကြော်လိုက်တဲ့ ဘူးသီးကြော်အသံနဲ့ ရွာခံမိန်းမတွေအသံက ပြိုလုဆဲဆဲ အကြော်တဲထဲကနေ မျှင်းပြပြထွက်ပေါ်လာခဲ့တယ်။
++++++
” မသန်းရယ်… ညဉ်းသမီးက နှလုံးလဲမခုန်တော့ဘူး.. အသက်လဲမရှုတော့ဘူးဆိုတာ ကျန်းမာရေးမှူးကိုယ်တိုင်အတည်ပြုပြီးပြီမဟုတ်လား၊ စိတ်ကိုလျော့လိုက်ပါတော့အေ”

” ငါ့သမီးက အသက်ရှိပါသေးတယ်… သူ့လက်လေးတွေဆိုပျော့ပျောင်းနေသေးတာ ညဉ်းအမြင်ပဲမဟုတ်လား”

အလောင်းစင်ပေါ်တင်ထားတဲ့ ကျော့လှယဉ်ရဲ့ လက်ဖျားလေးတွေကို ဆုပ်ကိုင်ရင်းပြောလိုက်တဲ့ မသန်းစကားကြောင့် မစိန်တစ်ယောက် သက်ပြင်းရှည်တစ်ချက်ကို မသိမသာလေးချလိုက်မိတယ်။
+++++
” ထွီ… ပြင်းလိုက်တဲ့အရက်ကွာ… ရင်ဘတ်ထဲ မီးစနဲ့ထိုးချလိုက်သလိုပဲ”
ဖန်ခွက်ထဲက ချက်အရက်ကို ရေမ​ရောပဲမော့ချလိုက်တဲ့ ကျော်ဆုက ခုံပေါ်မှာရှိတဲ့ပဲကြီးလှော်အချို့ကိုပါးစပ်ထဲပစ်ထည့်ကာ တစ်မြုံ့မြုံဝါးနေခဲ့တယ်။

” ကျော်ဆု… မင်း အကျော့ ကိစ္စကို ဘယ်လိုလုပ်မလဲ”

” ဟေ့ကောင် ဝက်သိုး… မင်း ဘာစကားပြောလိုက်တာလဲ ဟမ်.. ငါက အကျော့ကို ဘာလုပ်လို့လဲ”

ကျော်ဆုက ဝက်သိုးရဲ့ အင်္ကျီစကိုဆွဲပြီးမေးလိုက်တာကြောင့် အနားမှာရှိတဲ့ ငထင်က
” ဝက်သိုး… မင်း ဘာဖြစ်နေတာလဲ၊ အဲဒီနေ့ထဲက မင်းကိုပြောခဲ့ပြီးပြီမဟုတ်လား၊ အကျော့က အုတ်ဖုတ်ဖို့တူးထားတဲ့ ကျင်းထဲပြုတ်ကျပြီး သေတာ၊ မင်းခေါင်းထဲ ဒီအကြောင်းအရာတွေစွဲနေဖို့လိုတယ်”

” အေးပါကွာ… ငါစိတ်လွတ်ပြီး မေးလိုက်မိတာ တောင်းပန်ပါတယ်”

ကျော်ဆုက ဝက်သိုးစကားကိုအဖက်မလုပ်ပဲ ငထက်ဘက်ကိုလှည့်ကာ

” အကျော့ အသုဘက ဘယ်နေ့လဲ”

” သူ့အမေကြီး​က တစ်ရွာလုံးနဲ့အတိုက်အခံလုပ်ပြီး တစ်ပတ်စောင့်ဦးမယ်တဲ့ကွာ”

” ဟာကွာ… မြန်မြန်မီးသဂြိုလ်လိုက်ရင်ပြီးနေတာကို အရစ်ရှည်နေသေးတယ်”

” သိပ်လဲစိတ်မပူနေနဲ့ တစ်ရွာလုံးက မြေကျင်းထဲခေါင်းနဲ့လို့ပြုတ်ကျလို့သေတယ်ထင်နေကြတာ၊ ငါတို့က အလိုက်သင့် နေလိုက်ရုံပဲကွ”

” ဒါမယ့်ကွာ အကျော့လေးကို မပိုင်ဆိုင်လိုက်ရတာ ငါ့အတွက်အတော်ရင်ခံမိတယ်”

” ဟာ ဒီခွေးမသားကတော့ အရေးထဲ နှာဘူးကထနေသေးတယ်…. ငါပြောလိုက်ရ မကောင်းဖြစ်တော့မယ်”

ငထင်က ကျော်ဆုကို လှမ်းဆဲရင်း အရက်ခွက်ကို ဂွပ်ခနဲမော့ချလိုက်တယ်။
++++++
” ဟိတ်..ရပ်လိုက်စမ်း”
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ လူထွားကြီးရဲ့အသံကြောင့် အောင်မြတ်သာရဲ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားခဲ့တယ်။

” ဘာအရေးကိစ္စရှိလို့ ကျုပ်တို့ကို ရပ်ခိုင်းရတာလဲ”

” ဒီရွာထဲကို အနောက်မှာပါလာတဲ့သူ ဝင်လို့မရဘူး… ဒါက ရွာတော်ရှင်ရဲ့ အမိန့်ပဲ”

တစ်ကိုယ်လုံးဆေးနီတွေသုတ်ထားသလို ရဲရဲနီနေတဲ့ လူထွားကြီးအသံကြောင့် အောင်မြတ်သာ အနောက်ကိုလှည့်ကြည့်လိုက်ပြီး
” ဘာကြောင့် ရွာတော်ရှင်က ပေးမဝင်တာလဲ ရှင်းပါဦး”

” သူကသေလူဖြစ်နေပြီ… အခြားအရပ်ဒေသမှာသေတဲ့သူကို ဒီရွာကနေဖြတ်ခွင့်မပြုနိုင်ဘူး”

” သူက သင်တို့ထင်သလို သေလူမဟုတ်ဘူး… သူ့မှာအသက်ရှင်ရမယ့်ကံတရားပါနေသေးတယ်၊ ဒါကြောင့် ကျုပ်က နေရပ်အထိပြန်ဖို့ဖို့ကြိုးစားနေတာ”

” မရဘူး… ခွင့်မပြုနိုင်ဘူး၊ သင်တို့ ဒီကနေထွက်သွားကြ”

” ကဲကဲ .. သင်နဲ့ပြောနေလို့ ဘာမှထူးမှာမဟုတ်ဘူး.. ရွာတော်ရှင်ကိုခေါ်လိုက်”

အောင်မြတ်သာစကားအဆုံးမှာ အမှောင်ထုထဲကနေ တောင်ဝှေးကိုတစ်ဒေါက်ဒေါက်​ခေါက်ပြီး ထွက်လာတဲ့ အဖိုးအိုတစ်ဦးကိုမြင်လိုက်ရတယ်။

” အဖိုး… ကျုပ်တို့ဒီရွာကနေ ဖြတ်မှ သွားလို့ရမှာမို့ ရွာထဲကနေ ဖြတ်ခွင့်ပြုပါ”

” အိမ်း ခက်တော့ခက်သားဆရာရယ်… ဒီကောင်မလေးက မကြာခင်သေရတော့မှာမဟုတ်လား”

” သူ့မှာသေကံမပါသေးဘူးလေ.. ဘယ်လိုကြောင့် သေရတော့မယ်လို့ပြောရတာလဲ”

” ဒါကတော့ ဟိုရောက်ရင်ဆရာသိပါလိမ့်မယ်… ကျုပ်အနေနဲ့ ဆရာမျက်နှာကြောင့် သွားခွင့်ပြုလိုက်လိုက်ပါမယ်၊ မောင်နီရေ လမ်းဖယ်ပေးလိုက်ကွာ”

ရွာတော်ရှင်အဖိုးစကားကြောင့် လမ်းပိတ်ထားတဲ့ လူထွားကြီးက မကျေမချမ်းဟန်နဲ့ ဘေးကိုရှောင်ပေးခဲ့တယ်။

အောင်မြတ်သာတို့လဲ အခွင့်ရတာနဲ့ ရွာလမ်းမကြီးအတိုင်းခပ်သုတ်သုတ်လျောက်ခဲ့​ကြရာ မနက်ဝေလီဝေလင်းအချိန်မှာတော့ ကိုင်းပင်တွေထူထပ်စွာပေါက်နေတဲ့ ကွင်းပြင်တစ်ခုကိုရောက်လာခဲ့တယ်။

” ဆရာ… ဒီကိုင်းတောကိုကျော်ရင် ကျွန်မနေတဲ့ရွာကိုရောက်ပြီ၊ ဟိုရောက်ရင် ဘယ်လိုလုပ်ရမလဲ”

” အမိရဲ့ မူလကိုယ်ထဲပြန်ဝင်လိုက်ရုံပဲရှိတာပေါ့… ဘာဖြစ်လို့လဲ”

” ကျွန်မ ပြန်မဝင်ချင်သေးဘူးဆရာ… လူတစ်စုကို လက်စားချေချင်​ပြီးမှ ဝင်ချင်တယ်”

” အမိက ဘယ်လိုကြောင့် လက်စားချေချင်ရတာလဲ.. အချိန်ဆွဲနေမယ်ဆိုရင် ခန္ဓာကိုယ်ထဲပြန်ဝင်လို့မရတဲ့ပြဿနာဖြစ်လာနိုင်တယ်နော်၊ အရင်ဆုံး သတိရအောင်လုပ်ပြီး ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ဖော်ထုတ်လဲဖြစ်ပါတယ်”

” ဆရာပြောသလိုလုပ်ပါ့မယ်… အရင်ဆုံးအမေကိုတွေ့ချင်တယ်ဆရာ”

မိန်းကလေးရဲ့စကားကြောင့် အောင်မြတ်သာက ရှေ့မှာရှိနေတဲ့ ကိုင်းတောကို လက်နဲ့သပ်ချလိုက်ရာ ကိုင်းပင်တွေအားလုံး ယိမ်းထိုးလှုပ်ရှားလာပြီး လူနှစ်ယောက်လျောက်သွားလို့ရတဲ့ လမ်းတစ်ခုပေါ်လာခဲ့တယ်။

ကိုင်းတောအတွင်းဘက်မှာတော့ ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ ခြေသံအချို့။
++++++
” မသန်း… စိတ်လျော့လိုက်ပါတော့ ၊ အကျော့ကို စိတ်ဖြောင့်ဖြောင့်ပေးသွားလိုက်ပါကွယ်”

” ငါ့စိတ်ကို ဖြေမဆည်နိုင်ဘူးဖြစ်နေတယ်… ဘယ်လိုလုပ်ရပါ့မလဲ”

” အရီးသန်းကလဲ အကျော့က မိဘသိတတ်တဲ့ ကလေးဖြစ်လို့ ကောင်းရာမွန်ရာကိုရောက်မှာပါ… စိတ်ကိုအေးအေးထားပါဗျာ”

အုတ်ဖိုပိုင်ရှင် ဦးကွန့်ကြည်က မသန်းကို အားပေးစကားပြောရင်း အလောင်းစင်ပေါ်မှာ တင်ထားတဲ့ အကျော့ကို လှမ်းကြည့်လိုက်တယ်။
++++++
” ထွီ… လူယုတ်မာ.. ဒင်းက … အမေကို မျက်နှာချိုသွေး​နေပါလား”

” စိတ်လျော့ထားဦး အမိ… အချိန်မကျခင် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်စေနဲ့”

အောင်မြတ်သာစကားကြောင့် အကျော့က လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး စူးရှတဲ့မျက်လုံးတွေနဲ့ လူတွေကို စိုက်ကြည့် နေခဲ့တယ်။
++++
” ခွပ်… ဝရော ဝေါ…”
အုန်းသီးထဲကနေ ကျလာတဲ့ရေက မျက်နှာပေါ် အေးခနဲကျလာတဲ့အချိန်
” ရေ .. ရေ.. ပေးပါ”
ခြောက်ကပ်အက်ကွဲတဲ့အသံက အခေါင်းထဲထည့်ထားတဲ့အကျော့ဆီကနေထွက်ပေါ်လာခဲ့တယ်။

အသုဘလာပို့တဲ့သူ​တွေ အကုန် ထီးကျန် ဖိနပ်ကျန်နဲ့ထွက်ပြေးကြပေမယ့် မသန်းနဲ့ လူအချို့ကသာအနားမှာကျန်နေခဲ့ကြတယ်။

ဒီအဖြစ်အပျက်တွေကို လူနှစ်ယောက်က အံ့ဩမှင်သက်စွာကြည့်ရင်း
” ဆရာ… ကျွန်မ ကိုယ်ထဲမဝင်ရသေးဘူးလေ… ဒါကို ဘယ်သူဝင်သွားခဲ့တာလဲ”

” ကျုပ်တို့ထင်မှတ်မထားတဲ့ကိစ္စတစ်ခုဖြစ်လာပြီထင်တယ်… အချိန်ကလဲ ကျော်သွားတာမို့ ခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

အောင်မြတ်သာက အကျော့ရဲ့ လှုပ်ရှားနေတဲ့ခန္ဓာကိုယ်ကိုကြည့် ပြီး တစ်စုံတစ်ခုကိုတွေးမိဟန်နဲ့ လာရာလမ်းအတိုင်း ပြန်လှည့်သွားလိုက်တယ်။ သူ့အနောက်မှာတော့ အကျော့က ကြောက်လန့်တကြားနဲ့ ခပ်သုတ်သုတ်လိုက်ပါလာခဲ့တယ်။
++++++++
” ကျော်ဆု….”
အုတ်ဖိုထဲမှာအလုပ်ရှုပ်နေတဲ့အချိန် ဝင်ပေါက်နားကနေ တုန်ခါနေတဲ့အသံနဲ့ခေါ်တာကြောင့် လှည့်ကြည့်လိုက်တယ်။

” ဝက်သိုး ဝင်ခဲ့လေကွာ… ငထင်ရောမပါဘူးလား”

” အကျော့ အကျော့ … ”

ကျော်ဆုရင်ထဲထိတ်ခနဲ​ဖြစ်သွားပြီး ဝက်သိုးပခုံးကိုကိုင်ကာ
” အကျော့ … ဘာ​ဖြစ်လို့လဲ… ဒီနေ့ အသုဘချတယ်မဟုတ်လား”

” အကျော့ အကျော့ ပြန်သတိရလာလို့ကွ”

” ဟင် ဘုရား ဘုရား… ဟေ့ကောင် ဝက်သိုး မင်းတကယ်ပြောနေတာလား ၊ ငါ့ကိုမနောက်နဲ့နော်”

” တကယ်ပြောတာ … အုန်းသီးခွဲတဲ့ချိန် သတိပြန်ရလာတာ”

ဝက်သိုးစကားဆုံးတာနဲ့ ကျော်ဆုတစ်ယောက် ၃ဖာလုံလောက်ဝေးတဲ့ သုဿာန်ကို တရကြမ်းပြေးလာခဲ့လိုက်တယ်။ သူရင်ထဲ ဗလောင်ဆူနေပြီး အနောက်ကနေ လှမ်း​ခေါ်တဲ့ ဝက်သိုးရဲ့ အသံက ကြားတစ်ချက် မကြားတစ်ချက်။

ကျော်ဆုတစ်ယောက် လမ်းတစ်လျောက်လုံး ချွေးသီးချွေးပေါက်တွေကျတဲ့အထိ ပြေးရင်း သုဿာန်ကိုရောက်လာခဲ့တယ်။ ဟိုရောက်တော့ အကျော့က ဇရပ်ထောင့်လေးမှာ နွမ်းလျစွာထိုင်နေတာကိုမြင်လိုက်ရတယ်။

” အကျော့…”

ကျော်ဆုခေါ်သံကိုကြားတော့ အကျော့က ခေါင်းကိုစောင်းငဲ့ကြည့်ပြီး မသိသလိုဟန်နဲ့ မျက်နှာလွှဲသွားခဲ့တယ်။

” အကျော့ … ငါလေ ကျော်ဆုပါဟ”

အကျော့က ကျော်ဆုစကားကို ဂရုမစိုက်ဟန်နဲ့ ထီမထင်တဲ့မျက်နှာပြုကာ
” ငါ အေးဆေး နေချင်တယ်… မနှောက်ယှက်နဲ့ သွားကြ”

” ငါ နင့်ကိုတောင်းပန်ချင်လို့ပါဟာ… ငါ လေ”

” ဟိုကောင်.. နင့်ကို ထွက်သွားလို့ပြောနေတာ မကြားဘူးလား”

အကျော့က စိတ်မရှည်တဲ့ဟန်နဲ့ အနားမှာရှိတဲ့ ကြေးစည်ထုတဲ့ဘုနဲ့ကောက်ပစ်လိုက်ရာ ကျော်ဆုတစ်ယောက်မနည်းရှောင်လိုက်ရတယ်။

မကြာခင် ရွာထဲကလူတွေပြန်ရောက်လာပြီး အလောင်းစင်ကိုဖျက်ကာ အကျော့ကို ရွာထဲပြန်ခေါ်သွားခဲ့တယ်။
++++++
အချိန်က ညသန်းခေါင်အချိန်
” ဆရာတင့်.. ဒီလိုလုပ်တာအဆင်ပြေပါ့မလား”

” မလုပ်လို့ရရိုးလားကွ… ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်တာ မြို့ပေါ်ကရဲတွေသိသွားလို့ အလောင်းကိုတောင်း မီးမ​ပေးရှို့တာလေ၊ ငါတို့ကမြေမြုပ်လိုက်တယ်ထားဦး… ပြန်ဖော်ပြီးစစ်ရင် မင်းလုပ်ထားတာတွေအကုန် ပေါ်ကုန်မှာပေါ့ နွားရဲ့”

ကျော်ကွန့်က ဆရာတင့်စကားကို မလွန်ဆန်နိုင်ပဲ ခေါင်းငိုက်စိုက်ကျကာ ငြိမ်သက်နေခဲ့တယ်။

” ဒါဆို အကျော့ ကို ဒီတိုင်းလွှတ်ထားလိုက်ရမလား”

” မင်း ဘာသာ မသိကျိုးနွံပြုပြီးနေနေ … နောက်တစ်လလောက်ကြာရင် သွင်းထားတဲ့ဖုတ်ကောင်က အလိုလိုထွက်ပြီး သေသွားလိမ့်မယ်”

” အားကိုးပါတယ်ဆရာကြီးရယ်… ဒါကြောင့်လဲ ဆရာတင့်ဆိုပြီး ဒီနယ်တစ်ကြောမှာ ဟိုးဟိုးကျော်နေတာ”

ကျော်ကွန့်က ဆရာတင့်ကိုမြှောက်ပင့်ပြောဆိုပြီး အိတ်ထဲပါလာတဲ့ ငွေစက္ကူတစ်ထပ်ကို ချကာ ကန်တော့ပြီးပြန်လာခဲ့လိုက်တယ်။
+++++
” ဆရာလေးကို ကျုပ်မပြောဘူးလား… ဒီကောင်မလေးက သေလူပါလို့”

” အဖိုး … တစ်ခုခုကြိုသိနေတယ်မဟုတ်လား… ”

” ကျုပ်သိပေမယ့် ပြောလို့မရဘူးဆရာလေး.. ဒါကိုဆရာလေးကပိုသိမယ်ထင်ပါတယ်”

” အချိန်အတိုင်းတာတစ်ခုထိတော့ ထပ်စောင့်ရဦးမှာပေါ့… ဒီကြားထဲမှာတော့ ဒီမိန်းကလေးကို ရွာစည်းရိုးတစ်လျောက်သွားလာလို့ရအောင် ခွင့်ပြုပေးစေချင်တယ်”

” ဒီလောက်ကတော့ ကျုပ်မသိကျိုးနွံပြုပေးနိုင်ပါတယ်ဆရာ… ကျန်တဲ့အပိုင်းကတော့ ဆရာတို့လုပ်ဆောင်ရမယ့်ကိစ္စတွေအများသားနော်”

ရွာတော်ရှင်က အောင်မြတ်သာကိုပြောပြီး ပျောက်ကွယ်သွားတဲ့အချိန်
” ဆရာ… ကျွန်မ ကိုယ်ထဲပြန်ဝင်မရခဲ့ရင်တောင် လူမဆန်တဲ့လုပ်ရပ်ကျူးလွန်တဲ့သူတွေကိုတော့ ဒုက္ခပေးချင်တယ်”

” အမိ … ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အမိကိုယ်တိုင်အသိဆုံးဖြစ်တာမို့ သူတစ်ပါးအသက်မသေဘူးဆိုရင် စိတ်ဆန္ဒအတိုင်းလုပ်ဖို့ခွင့်ပြုပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ အကျော့ရဲ့ နာကျဉ်းတဲ့မျက်လုံးတွေက ရွာဘက်ကို စူးစိုက်​ကြည့်လျက်။
+++++
” အမေ… ဝက်သားဟင်းစားချင်တယ်”

အကျော့ရဲ့ စကားသံကြောင့် မသန်းတစ်ယောက် ဝမ်းသာအားရနဲ့
” သမီး စားချင်ရင်အမေချက်ကျွေးမှာပေါ့ … ခဏလေးစောင့်ပေး”

မသန်းက နလန်ထူစသမီးဖြစ်သူစားဖို့အတွက် မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ ဝက်သားငါးဆယ်သားပြေးဝယ်ကာ ချက်ပေးခဲ့တယ်။

အရင်က ထမင်းစားရင် ကြောင်စာလောက်ပဲစားတဲ့ အကျော့က အခုနောက်ပိုင်း လူနှစ်ယောက်သုံးယောက်စာလောက်အထိကို စားလာခဲ့တယ်။ အမေဖြစ်သူကတော့ သမီးဖြစ်သူ စားသောက်ကောင်းနေတာကိုကြည့်ပြီး သဘောတခွေ့ခွေ့ပေါ့။

ဒီလိုနဲ့ တစ်နေ့ကျတော့
” အမေ… ဒီနေ့ အမဲသားဟင်းစားချင်တယ်”

” ဒီနေ့တော့ မချက်ကျွေးနိုင်ဘူးသမီးရယ်.. ခုရက်ပိုင်း အလုပ်လဲသိပ်မရှိတာ သမီးအမြင်ပဲမဟုတ်လား၊ ရှိတဲ့ ငါးဟင်းလေးနဲ့ပဲဲစားလိုက်နော်”

” ဒီမယ်အမေ… ခေါင်းရင်းတစ်အိမ်ကျော် အရီးဒွေးလှတို့အိမ်မှာ အမဲရွတ်တွေချက်တယ်၊ နည်းနည်းသွားတောင်းပေးပါလား”

” အို… သမီးကလဲ ရှိတာလေးနဲ့ပဲစားလိုက်ပါ.. နောက်နေ့အမေချက်ကျွေးပါမယ်”

” လုပ်ပါအမေရယ်… သမီးစားချင်တယ်လို့ပြောရင် သူတို့ပေးမှာပါ နော် နော်”

မသန်းလဲ သမီးဖြစ်သူစကားကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဒွေးလှတို့အိမ်ဘက်ထွက်လာခဲ့လိုက်တယ်။

” ဒွေးလှရေ.. ဒွေးလှ”

” ဝေ့ အသန်း… တစ်ယောက်ထဲလား.. အကျော့လေးရော မပါဘူးလား”

” မပါဘူး ဒွေးလှရေ… ဒါနဲ့ အိမ်မှာ အမဲရွတ်ဟင်းချက်တာလား”

” ဟုတ်တယ်လေ… ဒီမနက် ဟိုဘက်ရွာမှာအမဲပေါ်လို့ အရွတ်တွေပေးလာတာ… အသန်းက ဘယ်လိုသိတာလဲ”

” အကျော့ပေါ့… သူက ဒွေးလှတို့အိမ်မှာ အမဲရွတ်ချက်တယ် သွားတောင်းပေးပါဆိုလို့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ထွက်လာတာ”

” နင့်သမီး အကျော့က သေရွာပြန်လာပြီး အမြင်တွေများရနေတာလားပဲ ”

ဒွေးလှက ရီရီမောမောပြောပြီး အမဲရွတ်တစ်ပန်းကန်ထည့်ပေးလိုက်တယ်။

အကျော့ကလဲ တစ်နေ့တစ်ခြား အသားဟင်းမှမစားရရင် အမေဖြစ်သူကို မျက်နှာထိမျက်နှာထားနဲ့ ဆူဆောင့်ပြီး ရန်စောင်တဲ့အထိဖြစ်လာခဲ့တယ်။ ရွာထဲကလူတွေကတော့ ပြုတ်ကျတဲ့အရှိန်ကြောင့် ခေါင်းထိတာကနေ စိတ်ပါပြောင်းသွားတယ်လို့ထင်ပြီး အကျော့ ဘာပြောပြော စိတ်မဆိုးပဲ နားလည်ပေးခဲ့ကြတယ်။
+++
တစ်ည
အချိန်က သန်းခေါင်ယံ
ကိုကျော်ကွန့်တစ်ယောက် ခွေးဟောင်သံတွေအဆက်မပြတ်ကြားနေတဲ့အတွက် အိပ်ယာကနေထပြီး တံခါးကိုဆွဲဖွင့်ကြည့်လိုက်တယ်။

အဲဒီအချိန် အုတ်ဖိုဘက်ကနေ လူတစ်ယောက် လာနေတာကိုလှမ်းမြင်လိုက်တဲ့အတွက် သူခိုးများဖြစ်မလားဆိုပြီး အိမ်နံရံမှာထောင်ထားတဲ့ တုတ်ကိုကိုင်ကာ ထွက်ကြည့်လိုက်ရာ…
” ဟင် မိန်းမတစ်ယောက် ဖုတ်ပီးသားအုတ်တွေကိုခေါင်းပေါ်ရွက်ပြီးသွားနေတာပဲ၊ ဘယ်သူများဖြစ်မလဲ … အုတ်ဖိုမှာနေတဲ့ တင်တင်လှများလား”

ကိုကျော်ကွန့်လဲ စိတ်ထဲမသင်္ကာတာနဲ့ လူရိပ်မြင်တဲ့နေရာကိုအနားတိုးပြီးကြည့်တဲ့ချိန် အုတ်ရွက်ထားတဲ့ မိန်းမက အနီးနားက သစ်ပင်နောက်ကိုဝင်ကာပျောက်ကွယ်သွားခဲ့တယ်။

” ဟင်… ဘယ်သူမှလဲမရှိပါဘူး…ငါအမြင်တွေမှားတာများလား”
ကျော်ကွန့်တစ်ယောက် ကျောထဲစိမ့်ခနဲဖြစ်သွားပြီး လှည့်ထွက်ဖို့အလုပ်
” ဖရောက် ဖရောက်”
ကျောကုန်းကိုရွံ့စေးအချို့နဲ့ ပစ်တာကိုခံလိုက်ရတယ်။

” ဟေ့ ဘယ်သူလဲကွ… ခိုးကြောင်ခိုးဝှက် လုပ်မနေနဲ့.. ထွက်လာစမ်း”

တုတ်ကိုဝင့်ကာ ကြိမ်းဝါးလိုက်တဲ့အချိန်
” ဟက်ဟက် ဟီးဟီး… ”

မိန်းမတစ်ယောက်ရဲ့ ခနဲ့တဲ့တဲ့ ရယ်သံက အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တယ်။

” ဒီအသံငါကြားဖူးသလိုပဲ… အကျော့ အကျော့ များလား”

” ဟီးဟီး အဟီး အဟက်.. ”

ကျောအနောက်ကနေ နီးကပ်စွာကြားလိုက်ရတဲ့အသံကြောင့် ဆတ်ခနဲလှည့်ကြည့်လိုက်ရာ ညိုမဲနေတဲ့မျက်ကွင်း၊ ပိန်ချုံးနေတဲ့အသားအရည်နဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ အကျော့ကိုမြင်လိုက်ရတယ်။

” နင် နင် … သေ သေသွားပြီမဟုတ်လား… သွား သွား ငါ့အနားမလာနဲ့”

ကျော်ကွန့်တစ်ယောက် သွေးပျက်စွာနဲ့ လှည့်ပြေးဖို့အလုပ် သစ်မြစ်နဲ့ခလုပ်တိုက်မိပြီး နောက်ပြန်လဲကျသွားခဲ့တယ်။

” နင် … နင် ကြောက်နေပီမလား… ငါ့ကို နင်ဘယ်လို ယုတ်မာခဲ့လဲ… ခုတော့ နင် သေမှာကိုကြောက်နေတာလား”

အကျော့က အနီးနားမှာရှိနေတဲ့ အုတ်ကျိုးတစ်ခုကို ကောက်ကိုင်ပြီး ကျော်ကွန့်အနားကို တစ်ဖြေးဖြေး တိုးကပ်လာခဲ့တယ်။

” အား… မလာနဲ့ .. သွား သွားစမ်း ငါ့အနားမလာနဲ့”

ကျော်ကွန့်တစ်ယောက် မျက်လုံးကိုစုံမှိတ်ပြီး အော်ဟစ်နေတဲ့ချိန်

” ဆရာ … ဆရာ … သတိထားပါဦး ”

ပခုံးကိုကိုင်လှုပ်ပြီး ပြောလိုက်တဲ့အသံကြောင့် ကျော်ကွန့်တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ တပည့်ကျော်ဖြစ်သူ ကျော်ဆုကိုမြင်လိုက်ရတယ်။

” ဆရာ… ညကြီးသန်းခေါင် တစ်ယောက်ထဲ ကယောင်ကတမ်းတွေအော်နေလို့ ထွက်ကြည့်တာ၊ ဘာများဖြစ်လို့လဲ”

” ဟို ဟို ဘာမှ မဖြစ်ပါဘူး… ဒီတိုင်းလန့်သွားတာပါ”

ကျော်ဆုလဲ ဆရာဖြစ်သူကို အိမ်ထဲလိုက်ပို့ပြီး တန်းလျားကိုပြန်လာခဲ့လိုက်တယ်။ အိပ်တဲ့နေရာရောက်တော့ အကျော့ရဲ့ မျက်နှာကိုမြင်ပီး သက်ပြင်းရှည်တစ်ချက်ကိုချကာ မျက်စိကိုကြိုးစားမှိတ်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ အကျော့ရဲ့ ကြောက်လန့်တကြား အော်ဟစ်အကူညီတောင်းနေတဲ့ ပုံရိပ်က မတွေးပဲဝင်ရောက်လာခဲ့တယ်။
+++++
” ငါးဟင်း မစားချင်ပါဘူးဆို … အားနေ ဒါပဲချက်နေတယ်”

ထမင်းပန်းကန်ကို ဆူဆူဆောင့်ဆောင့် ပစ်ချရင်းပြောလိုက်တဲ့အသံကြောင့် မီးဖိုထဲရေနွေးအိုးတည်နေတဲ့ မသန်းတစ်ယောက် မျက်နှာပျက်သွားခဲ့တယ်။

” သမီးရယ် … အမေ နေမကောင်းလို့ ဈေးမရောင်းနိုင်လို့ပါ… ဒီနေ့တော့ ရှိတာလေးနဲ့စားလိုက်နော်”

” ပြောလိုက်ရင်ဒီအတိုင်းကြီးပဲ… အသားဟင်းစားချင်ပါတယ်ဆို မချက်ပေးဘူး… မရှိရင်တော့ ရှိတာစားရမှာပဲ”

အကျော့က ထမင်းပန်းကန်ကိုပစ်ချပြီး အိမ်ထရံမှာထိုးထားတဲ့ဓါးမကိုယူကာ အိမ်အောက်ကိုဆင်းသွားခဲ့တယ်။

” သမီး… ဘာလုပ်မလို့လဲ”

” ဖယ်စမ်းပါ… ကျုပ်ဘာသာဘာလုပ်လုပ်”

အကျော့က မိခင်ဖြစ်သူကို အတင်းဆောင့်တွန်းပြီး အိမ်အောက်မှာမွေးထားတဲ့ ကြက်တစ်ကောင်ကိုဖမ်းကာ တောင်ပံကိုခြေထောက်နဲ့နင်းပီး လည်လှီးလိုက်တယ်။

” ကျော့လှယဉ် … နင် နင် ရက်စက်လှချည်လား”
” ဘာဖြစ်လဲ… ငါစားချင်လို့ ငါသတ်တာ နင်နဲ့မဆိုင်ဘူး”

မသန်းက သူ့ကိုနင်နဲ့ငါနဲ့ပြောနေတဲ့ သမီးဖြစ်သူကြောင့် စိတ်တိုသွားပြီး ပါးရိုက်လိုက်မိတယ်။

” နင် ငါ့ကိုရိုက်တယ်ပေါ့လေ… နင် နင်”

အကျော့က မျက်ထောင့်နီနဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး လည်ပင်းကိုညှစ်ထားလိုက်တယ်။

” သေစမ်း အဖွားကြီး… ငါ့ကို ရိုက်တဲ့ကောင်မ သေ သေ”

အကျော့ရဲ့ လက်က မသန်းရဲ့လည်ပင်းကိုမလွှတ်တမ်းညှစ်ထားတဲ့အချိန်

” လက်ကို လွှတ်လိုက်စမ်း….” ဆိုတဲ့အသံထွက်လာခဲ့တယ်။

အကျော့က အသံကြားတော့ လှည့်ကြည့်လိုက်ရာ ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရပြီး ညှစ်ထားတဲ့လက်တွေကို လျော့လိုက်တယ်။

” ဟိုကောင် နင်က ဘာကြောင့် အမိန်လာပေးနေတာလဲ ငါ့ခြံထဲကထွက်သွားစမ်း”

” အိမ်း… ဘယ်လောက်ဟန်ဆောင်ဆောင် ဗီဇကပြလာတာပဲလား… ”

” ထွီ…. ငါ့ကို တရားသံနဲ့လာပြောမနေနဲ့ နားကြားပြင်းကပ်တယ်”

” သင်အခု အသားဟင်းစားချင်နေတယ်မဟုတ်လား… ”
” အေး ဟုတ်တယ် …”

” အရီးက ဒီငွေကိုယူပြီး အမဲသားတစ်ပိဿာဝယ်ချက်ပေးလိုက်ပါ၊ ဒီကြက်ကိုတော့ အခြားအိမ်ပေးလိုက်တော့”

မျက်နှာစိမ်းလူက အိတ်ထဲကငွေအချို့ကိုထုတ်ပေးလိုက်ရာ မသန်းက မဝံ့မရဲနဲ့လှမ်းယူပြီး သားသတ်အိမ်ရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

” ဘယ်လိုလဲ သူများကိုယ်ထဲဝင်နေရတာ သဘောမှကျရဲ့လား”

” နင် ဘာတွေပြောနေတာလဲ… ဟမ်”

” ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့… နင့်ကိုအခုချက်ချင်းကိုယ်ထဲကနေ ထုတ်လို့ရတယ်၊ ကိစ္စတစ်ခုရှိနေသေးလို့သာ မထုတ်ပဲထားထားတာ သိပ်ပြီးရောင့်တက်မနေနဲ့”

” ဟီးဟီးဟက်ဟက်… နင်က ငါ့ကိုသိနေတဲ့ပုံပဲ”

” ဒီနေ့ကစပြီး နောက်သုံးရက်အတွင်း နင်စားချင်စာစားလို့ရအောင် ငါစီစဉ်ပေးမယ်၊ ဒီအတောတွင်း ကျော့လှယဉ်ရဲ့မိခင်ဖြစ်သူကို ဘာမှလုပ်ဖို့စိတ်မကူးနဲ့၊ နင့်ကြောင့် တစ်ခုခုဖြစ်ခဲ့ရင် တစ်ကိုယ်လုံး ပြာမှုန်တောင်မရပဲ ပျောက်ကွယ်အောင်လုပ်ပစ်မယ်”

မျက်နှာစိမ်းလူရဲ့ တည်ငြိမ်တဲ့လေသံကြောင့် အကျော့မျက်နှာငုံ့ကြသွားပြီး ဆတ်ခနဲကောက်လှည့်ကာ အိမ်ပေါ်တက်သွားခဲ့တယ်။
+++++
” ကျော်ဆု.ရေ… ကျော်ဆု”

တန်းလျားအပြင်ကနေ ခေါ်တဲ့အသံကြောင့် အိပ်ပျော်နေတဲ့ကျော်ဆုတစ်ယောက် လန့်နိုးလာခဲ့တယ်။ ဘေးကိုကြည့်လိုက်တော့ အခြားအလုပ်သမားတွေက အိပ်မောကျနေပြီမို့ မနှိုးတော့ပဲ တန်းလျားအပြင်ကိုချောင်းကြည့်လိုက်တဲ့ချိန်

” ဟင် အကျော့… ခေါင်းမှာလဲသွေးတွေနဲ့ပါလား… ဘယ်လိုဖြစ်လာတာလဲ”

ကျော်ဆုတစ်ယောက် ကမန်းကတမ်းနဲ့ အပြင်ကိုထွက်လာခဲ့ရာ အကျော့ကိုမတွေ့ရတော့ပေ။

” ခုနက ဒီနားမှာရပ်နေတာမြင်လိုက်ရပါတယ်၊ ဘယ်ရောက်သွားတာပါလိမ့်”

” နင် နင် မြင်လိုက်တယ် မဟုတ်လား…”

ကျောအနောက်ကနေ ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် ကျော်ဆု ကိုယ်ကနေ ကြက်သီးမွှေးညှင်းတွေထလာ​ပြီး လှည့်ကြည့်လိုက်ရာ ဦးခေါင်းထက်ကနေ သွေးတွေစီးကျနေတဲ့ အကျော့ကိုမြင်လိုက်ရတယ်။

” နင် နင် ဘယ်လိုဖြစ်လို့ ”

” နင် မြင်လိုက်တယ် မဟုတ်လား… လူယုတ်မာကျော်ကွန့် ငါ့ကို….”
အကျော့အသံက လည်ချောင်းဝမှာ နစ်ဝင်သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးပါလေရော။

” အကျော့… နင် ညကြီးသန်းခေါင် ဘယ်လိုထွက်လာတာလဲ… ဟိုနေ့က နင့်အိမ်သွားတော့ ငါ့ကိုအတင်းမောင်းထုတ်လို့ နင့်ကိုလာမတွေ့ဖြစ်တာပါ”

” နင် ငါမေးတာဖြေ… နင်ဖြစ်ကြောင်းကုန်စင် အကုန်မြင်လိုက်တယ်မဟုတ်လား”

” အကျော့ရယ်… တစ်ဖက်ကကြည့်ရင် ငါတစ်ဖက်သတ်ချစ်ရတဲ့သူ… တစ်ဖက်ကကြည့်ရင် ငါ့အပေါ်ကျေးဇူးရှိတဲ့သူ၊ ငါ ရူးချင်တယ်ဟာ”

” နင် ယောင်္ကျားမဟုတ်ဘူးလား… အမှန်တရားကို ဘာလို့ချမပြနိုင်ရတာလဲ”

” နင် နင်ပြန်ရှင်လာတော့ … ငါ ကြောက်လန့်ပီး မျက်နှာချင်းမဆိုင်ရဲတာ”

” နင်သိအောင်ပြောရရင် ငါကိုယ်ထဲပြန်ဝင်လို့မရသေးဘူး… အခုငါကိုယ်ထဲရောက်နေတဲ့သူက သုဿာန်က နာနာဘာဝကောင်ပဲ”

” ဟင်… နင် ဘာပြောလိုက်တာလဲ… ”

” အေး… နင်ငါ့အတွက် သတ္တိရှိပေးစမ်းပါ ကျော်ဆုရယ်”

အကျော့စကားကြောင့် ကျော်ဆုတစ်ယောက် အနည်းငယ်စဉ်းစားလိုက်ပြီး
” ငါရင်ဆိုင်မယ် … နင်ဘယ်လိုလုပ်​စေချင်လဲပြော”

” အခုချက်ချင်း… ရွာပြင်က ဇရပ်ကိုသွားပါ.. ဇရပ်ပေါ်မှာ ယောဂီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ရှိတယ်။ သူကနင်ဘာလုပ်ရမယ်ဆိုတာကိုပြောပြပေးလိမ့်မယ်”

” အေး ငါ ခုသွားမယ်… နင်ပြောတဲ့အတိုင်း ငါသတ္တိရှိပေးမယ်စိတ်ချ”

ကျော်ဆုက လုံချည်ကိုခပ်တိုတိုပြင်ဝတ်ပြီး ကြည့်လိုက်တော့ အကျော့ကိုမတွေ့ရတော့ပဲ အုတ်ဖုတ်ကွင်းထဲကနေ ထွက်လာတဲ့ ခွေးအူသံအချို့ကိုသာကြားလိုက်ရတယ်။
++++++
” ဆရာလေး … ဒီကောင်ကို မောင်းထုတ်လိုက်ပါ​တော့ဗျာ၊ ကြာလာရင် ရွာနာတော့မှာ”

တောင်ရှည်ပုဆိုးကိုခါးထောင်းကျိုက်ထားပြီး ကွမ်းတမြုံမြုံစားနေတဲ့ ရွာတော်ရှင်စကားကြောင့် အောင်မြတ်သာက ရွာဘက်ကိုလှမ်းကြည့်လိုက်တယ်။

” ကျုပ်သိပါတယ် အဖိုး… ဒီကိစ္စရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ဖြစ်ရပ်တစ်ခုကိုဖော်ထုတ်ဖို့ကြိုးစားနေတာကြောင့် အချိန်လေးအနည်းငယ်ကြာနေတာပါ”

” ဟိုကောင်က စားချင်တာတွေ စားပြီး အကောင်ကြီးလာမှာစိတ်ပူလို့ပါ… ဆရာလေး”

” ဟော ခြေသံကြားတယ်… အဖိုးခဏရှောင်ပေးပါဦး”

အောင်မြတ်သာစကားကြောင့် ရွာတော်ရှင်အဖိုးက ဇရပ်ဘေးကသစ်ပင်နောက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

ခဏနေတော့ လုံချည်တိုတိုဝတ်ပြီး ခပ်သုတ်သုတ်လျောက်လာတဲ့ လူတစ်ယောက် ဇရပ်ပေါ်တက်လာပြီး
” အကျော့ လွှတ်လိုက်တဲ့သူပါ… ကျုပ်ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါဦး”

” အင်း… မင်းလုပ်ရမှာက အကျော့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို လူကြားထဲရှင်းပြပေးဖို့ပဲ”

” ဒါဆို အကျော့ ဝိဉာဉ်အစစ်က ကိုယ်ထဲပြန်ဝင်လို့ရမှာလား”

” ဟုတ်တယ်… ဝိဉာဉ်ချင်းချိန်းပြီးတာနဲ့ ကျော်ကွန့်ကိုတစ်ခါထဲဖမ်းရမှာမို့ မင်းဘက်က သစ္စာရှိဖို့လိုမယ်”

” စိတ်ချပါ… ဒီတစ်ခေါက်တော့ အကျော့ပေါ် သစ္စာမဖောက်တော့ပါဘူး… နောက်ထပ်ကျွန်တော် ဘာလုပ်ရမလဲဆရာ”

” မနက်မိုးလင်းတာနဲ့ မြို့တက်ပြီး သက်ဆိုင်ရာလူကြီးတွေကို ခေါ်လာပေးပါ”

” ဟုတ်ကဲ့ဆရာ… ကျွန်တော် မနက်အရုဏ်တက်တာနဲ့ မြို့ပေါ်တက်သွားပါမယ်”

အောင်မြတ်သာလဲ ကျော်ဆုကိုပြောပြီးတာနဲ့ ပြန်လွှတ်လိုက်ပြီး အရုဏ်တက်တဲ့ချိန်ကိုစောင့်ဆိုင်းနေခဲ့တယ်။
++++++
” အမေ … အမေ… တံခါးဖွင့်ပေးပါဦး”

အိမ်ရှေ့ကနေ လှမ်းခေါ်တဲ့အသံကြောင့် မသန်းတစ်ယောက် နိုးလာပြီး ထကြည့်လိုက်ရာ အံတကြိတ်ကြိတ် တောက်တခတ်ခတ်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့ အကျော့ကိုမြင်လိုက်ရတယ်။

” အသံက အိမ်ရှေ့ကနေလာတာပါ… ဒီကောင်မလေးက ဘာလို့ဒေါသထွက်နေရတာလဲ”

မသန်းတစ်ယောက် စိတ်ထဲကရေရွတ်ပြီး တံခါးဖွင့်ဖို့အလုပ်
” မဖွင့်နဲ့ အထဲပေးမဝင်နဲ့ … သူတို့ကိုပေးမဝင်နဲ့လို့ငါပြောနေတယ်နော်”

မျက်ထောင့်နီကြီးနဲ့ ပြောနေတာကြောင့် မသန်း ခဗျာလန့်​ဖြန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်။

” အမေ… သမီး ကျော့လှယဉ်လေ… တံခါးဖွင့်ပေးပါဦး”

” သမီး သမီးအသံပါလား… ဒီမှာလဲ အကျော့က ရှိနေတာ ဘာတွေဖြစ်နေတာလဲ”

မသန်းလဲမထူးတဲ့အဆုံးတံခါးကိုဆွဲဖွင့်လိုက်ရာ ယောဂီဝတ်လူတစ်ယောက် အိမ်ထဲဝင်လာပြီး ဒေါသထွက်နေတဲ့ အကျော့ရဲ့ ခေါင်းကိုလက်ဝါးနဲ့ ဖိကိုင်ထားလိုက်တယ်။

” လွှတ်စမ်း… ငါ့ကိုလွှတ်စမ်း… ”

ယောင်္ကျားသံ ချက်ချင်းပြောင်းသွားတာကြောင့် မသန်းတစ်ယောက် အံ့ဩသွားပြီး အိမ်ထောင့်ကိုကပ်သွားခဲ့တယ်။

” အချိန်တန်ပြီ ငါ့ကောင်… ခုလိုလိမ်လည်စားသောက်နေရတာ တော်လောက်ရောပေါ့”

” လွှတ်စမ်း… ငါ့ကိုလွှတ်…”

” အသားမနာချင်ရင် ကိုယ်ထဲကထွက်ပြီး သုဿာန်ကိုပြန်တော့”

အောင်မြတ်သာက အကျော့မူရင်းကိုယ်ရဲ့ ငယ်ထိပ်ကို လက်ဝါးနဲ့ခပ်ဆတ်ဆတ်ပုတ်လိုက်တဲ့အချိန် အစွယ်တကားကား အမွှေးစုတ်ဖွားနဲ့ကောင်က အိမ်အပြင်ကိုပြေးထွက်သွားသလို တံဆက်မြိတ်အောက်မှာရပ်နေတဲ့ အကျော့ရဲ့ ဝိဉာဉ်က ကိုယ်ထဲကို စွေ့ခနဲဝင်ကပ်လာခဲ့တယ်။

” အမိ… အမိ…. သတိထားပါဦး… အရီး သူ့ကို ဆွဲထူပြီး ဇက်ကြောကိုခပ်နာနာလေး နှိပ်ပေးပါ”

မသန်းလဲ တစ်ခါမှမမြင်ဖူးတဲ့လူရဲ့စကားကို မလွန်ဆန်နိုင်ပဲ အကျော့ရဲ့ဇက်ပိုးကို နှိပ်နယ်ပေးခဲ့ရာ တအင်းအင်းနဲ့ သတိပြန်ရလာခဲ့တယ်။

” အမေ… အီး ဟီး ဟီး…”

” သမီး… ကျော့လှယဉ်လား”

” ဟုတ်ပါတယ် အရီး… အရင်ရှိနေတဲ့သူက ဒီမိန်းမကလေးရဲ့ကိုယ်ထဲကို မှီခိုဝင်ရောက်ပြီး ပူးကပ်စားသောက်နေတာ… ”

” အိုး… ဒါကြောင့် မပြောဖူးတဲ့စကားတွေပြော၊ မပြုမူသင့်တဲ့အပြုအမူတွေပြနေခဲ့တာကိုး… ကံသီပေလို့သာပဲ ဟင်း”

” ဒီထက်အရေးကြီးတာတစ်ခုက… ဒီမိန်းကလေးကို နစ်နာအောင်လုပ်ခဲ့တဲ့သူကို အပြစ်ပေးဖို့ပဲ၊ အရီးနဲ့ မိန်းကလေးက ရွာလူကြီးတွေခေါ်ပြီး အုတ်ဖိုကိုလိုက်လာခဲ့ပါ”

အောင်မြတ်သာစကားကို မသန်းတစ်ယောက် နားမလည်တဲ့ဟန်နဲ့ ကျော့လှယဉ်ကို ကြည့်လိုက်မိတယ်။

” ဟုတ်တယ်အမေ… ဆရာပြောသလိုလုပ်ပေးပါ၊ သမီး ခုလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာ နောက်မှ ရှင်းပြပေးပါမယ်၊ အဓိကက ဟိုလူယုတ်မာကို ဖမ်းဖို့ပဲ”

” ဘာတွေဖြစ်ပျက်ခဲ့တာလဲ သမီးရယ်.. အမေဖြင့် စိတ်တွေပူလိုက်တာ”

မသန်းရဲ့စကားအဆုံးမှာ အကျော့ရဲ့ မျက်ခမ်းစပ်ကနေ မျက်ရည်ပူတွေ အိခနဲကျဆင်းလာခဲ့တယ်။
++++
” မီးဖိုထဲကို ထင်းတွေထပ်ဖြည့်ဦးလေ… ဒီအရှိန်နဲ့ ဘယ်လိုရမလဲ”
ကိုကျော်ကွန့်က အလုပ်သမားတွေကို အော်ပြောရင်း မြေကြီးတူးတဲ့ဘက်ကိုထွက်လာခဲ့ချိန် ရဲယူနီဖောင်းဝတ်ထားသူအချို့နဲ့ကွင်းထဲကိုဝင်လာတဲ့ ကျော်ဆုကိုမြင်လိုက်ရတယ်။

” ဟေ့ကောင် ကျော်ဆု… မင်း တစ်မနက်လုံး ဘယ်တွေလျောက်သွားနေတာလဲ.. နောက်ပြီး ဒီလူတွေက.. ဘယ်သူတွေလဲ”

” ဆရာ ကျွန်တော်အပေါ်ကျေးဇူးရှိခဲ့တာတွေကို နောက်မှပြန်ဆပ်ပါ့မယ်… ”

” မင်း… ဘာတွေပြောနေတာလဲ.. ”

” လူယုတ်မာကြီး… ခုတော့ ရှင်က ဘာမှမသိတော့ဘူးပေါ့လေ”

ရုတ်တရက်ထွက်လာတဲ့ အကျော့အသံကြောင့် ကျော်ကွန့်တစ်ယောက် တုန်လှုပ်သွားခဲ့တယ်။

” မင်း.. မင်းက ဘယ်လိုဖြစ်ပြီး သတိပြန်ရ”

” ခုမှကြောက်နေ​ပြီလား… ရှင်ဘာတွေလုပ်ခဲ့တယ်ဆိုတာ မြို့စခန်းထဲရောက်မှ ရှင်းပြပေတော့”

” ငါက ဘာလုပ်လို့လဲ.. နင်ဘာသာ အုတ်ကျင်းထဲကျပြီး မေ့သွားတာလေ”

” ဆရာ… အဲဒီညက အကျော့ကို လိမ်ခေါ်ပြီး အုတ်ဖိုအနောက်ဘက်မှာ မတော်မတရားပြုကျင့်ခဲ့တာကို ကျွန်တော်ဖွင့်ပြောလိုက်ပြီ”

ကျော်ဆုစကားကြောင့် ကျော်ကွန့်မျက်စိမျက်နှာပျက်သွားခဲ့တယ်။

” မတော်မတရားကျင့်တယ်… လက်မခံတော့ ခေါင်းကို အုတ်ကျိုးပိုင်းနဲ့ ထုပြီး သတိလစ်သွားတော့မှ မြေကျင်းထဲပစ်ချပြီး သူ့ဘာသာကျသယောင်ဖန်တီးတယ်… ဒါတွေရဲ့အပြစ်တွေကို သင်ပြန်ခံရမှာ၊ နောက်တစ်ခုက ကာယကံရှင်ရဲ့ကိုယ်ထဲကို မကောင်းတဲ့နာနာဘာဝကောင် ကိုယ်စားထည့်ခဲ့တာပဲ”

ဘယ်ချိန်ကနေ ဘယ်လိုရောက်နေမှန်းမသိတဲ့ ယောဂီဝတ်လူရဲ့စကားကြောင့် အုတ်ဖိုမှာရှိနေတဲ့ သူတွေအပြင် မြို့ပေါ်ကတာဝန်ရှိသူတွေပါ လည်ပြန်လှည့်ကြည့်ခဲ့ကြတယ်။

” ကဲ ကဲ … အရာရှိမင်းတို့လဲ လုပ်စရာရှိတာ ဆက်လုပ်ကြပါ… မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာ ကျော်ကွန့်လဲသိပြီလို့ ထင်ပါတယ်”

အောင်မြတ်သာက ခေါင်းငိုက်စိုက်ကျနေတဲ့ ကျော်ကွန့်ကို စောင်းငဲ့ကြည့်ပြီး အုတ်ဖိုထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
++++
တစ်ပတ်ခန့်အကြာ…
” ရွှီး.. ရွှီး… ရွှီး…”

တရားထိုင်နေရင်း ကြားလိုက်ရတဲ့ မြွေတွန်သံကြောင့် အာရုံခံပြီးကြည့်လိုက်ရာ လက်ကောက်ဝတ်လုံးခန့်ရှိတဲ့ မြွေဟောက်တစ်ကောင်က ပါးပျဉ်းထောင်ပြီး စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

” ထွက်သွား… ငါတို့အသိုက်မြုံကနေထွက်သွားစမ်း”

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် မြွေဟောက်ကြီးက ရုတ်ချည်းဆိုသလို အနီးနားက ခြုံပုတ်ထဲလျောခနဲတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာမြင်လိုက်ရတဲ့ မြွေဟောက်နဲ့ ကြားလိုက်ရတဲ့အသံက ဘာတွေဆက်စပ်မှုရှိမလဲဆိုတာကိုတော့ အောင်​မြတ်သာနှင့်မြွေဟောက်သိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)