“ မလွတ်တဲ့အကိုင်းတွေ အကုန်ခုတ်ချပစ်ဟေ့”
ကိုလှသန်းစကားကြောင့် သစ်ပင်ပေါ်တက်ဖို့လုပ်နေတဲ့ ကာလသားတွေအားလုံး မျက်လုံးတွေပင့်ပြီး ကြည့်လိုက်ကြတယ်။
“ အပင်တွေကအမြင့်ကြီးပဲဗျ၊ ဓမ္မာရုံဆောက်ဖို့အတွက်ဆိုရင် အကုန်နီးပါးလောက် ခုတ်ရလိမ့်မယ်”
“ အေးပေါ့ကွ မလွတ်ရင်တော့ ခုတ်ရမှာပဲလေ”
“ ဒါဆိုလဲပြီးတာပါပဲဗျာ… ဟေ့ကောင်တွေ အပင်ပေါ်တက်ကြတော့”
ကာလသားခေါင်းဆောင် ဖိုးပွစကားကြောင့် ကျန်တဲ့သူတွေအားလုံး သစ်ပင်သစ်ကိုင်းပေါ်ကို တက်သွားခဲ့ကြတယ်။
“ ဖိုးပွရေ… မနှင်းဆီခြံထဲက ထွက်နေတဲ့ အကိုင်းပါ ခုတ်ချလိုက်ဦး”
“ ခုတ်ပါမယ်ဗျ… ဒီဘက်က အကိုင်းတွေအရင်လုပ်ရဦးမယ်”
“ အေးအေး… ညနေကျရင် အလှူရှင်တွေလာကြမှာဆိုတော့ တစ်မနက်ထဲနဲ့ အပြီးလုပ်လို့မှီပါ့မလား”
“ စိတ်မပူပါနဲ့… မွန်းတည့်ချိန်လောက်ဆို ပြီးပါတယ်ဗျ”
ဖိုးပွက သစ်ခုတ်ဓါးတစ်လက်နဲ့ အကိုင်းတွေချိုင်ရင်း လှမ်းပြောလိုက်တာကြောင့် ကိုလှသန်း စိတ်အေးသွားပြီး ကျိုးပဲ့ကျနေတဲ့ သစ်ကိုင်းတွေကို သယ်ထုတ်နေခဲ့လိုက်တယ်။
မရမ်းကုန်းရွာဆိုတာက ယခင်က ထန်းပင်တန်းရွာနဲ့ တစ်ရွာထဲဖြစ်ခဲ့ပြီး နှစ်ကာလကြာလာတာနဲ့အမျှ ရွာနေလူထု ထူထပ်လာတာကြောင့် မြို့နယ်ကနေ နှစ်ရွာခွဲထွက်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် ရွာခံလူတွေကတော့ သူ့ရွာကိုယ့်ရွာလို့မခွဲခြားပဲ အလုပ်ရှိရင် ဝိုင်းကူလုပ်ကြတဲ့ဓလေ့ကတော့ အခုထိရှိနေကြဆဲ။ ထန်းပင်တန်းရွာမှာတော့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းတွေ ရှိပေမယ့် မရမ်းကုန်းရွာမှာတော့ ဘာမှမရှိသေးတဲ့ အတွက် အလှူရှင်တွေက တရားပွဲတွေလုပ်လို့ရအောင် ဓမ္မာရုံတစ်ရုံဆောက်ပေးမယ်ဆိုလို့ ရွာသားတွေ အကုန်တက်ကြွနေခဲ့ကြတယ်။
အခုလဲ မြေနေရာလှူထားတဲ့ ကိုလှသန်းက သူ့ခြံထဲမှာရှိတဲ့ သစ်ပင်တွေခုတ်ထွင်နေတာကို ကိုယ်တိုင်ကိုယ်ကျဝင်ရောက်လုပ်အားပေးနေခဲ့ တယ်။ ရွာသားတွေအားလုံး တက်ညီလက်ညီ လုပ်ခဲ့ကြရာ မွန်းတည့်ချိန်အရောက်မှာတော့ အတန်သင့်ရှင်းလင်းသွားပြီး မျက်စိပသာဒကျ သွားခဲ့တယ်။
“ အခုလိုဆိုတော့လဲ ငါ့ခြံက ကျယ်သားပဲဟေ့”
“ ကိုလှသန်းက ခြံက နေရာလဲကောင်း၊ အရိပ်လဲကောင်းဆိုတော့ အလှူရှင်တွေ သဘောကျမှာဗျ”
“ အေးကွာ… ဓမ္မာရုံသာပြီးလို့ကတော့ အငြိမ့်ငှားပြီး အောင်ပွဲခံလိုက်မှာကွ”
“ အငြိမ့်ငှားရင် အာတာလွတ်ရွာမှာ လာကသွားတဲ့ မြူနှင်းအလင်္ကာဇာတ်ကိုငှားနော်”
“ ဟေ့ကောင် ပေသီး… မင်းမလဲ အားနေ အဲဒီမင်းသမီးအကြောင်းပဲပြောနေ၊ ဟိုဘက်မှာ သစ်ကိုင်းတွေပစ်ဖို့ကျန်သေးတယ်ကွ”
ကာလသားခေါင်းဖိုးပွစကားကြောင့် ပေသီးက ရယ်ကျဲကျဲလုပ်ပြီး သစ်ကိုင်းတွေစုပုံထားတဲ့ ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
“ ကိုလှသန်း… ကျွန်တော်ပြောစရာရှိလို့”
“ အေး… ပြောလေ ဖိုးပွ”
“ ဟိုလေ… မဟော်ဂနီပင်မှာ အစောင့်တွေဘာတွေများရှိသလားလို့”
“ မင်း ခုနကတက်ခုတ်တဲ့အပင်လား”
“ ဟုတ်တယ်ဗျ”
“ ဘာဖြစ်လို့လဲ ဖိုးပွရဲ့”
“ ကျွန်တော် သစ်ကိုင်းတွေချိုင်နေတဲ့အချိန် အနောက်ကနေ တောက်ခတ်သံလိုလို အံကြိတ်သံလိုလိုကြားရလို့”
“ မင်း စိတ်ထင်တာဖြစ်မှာပါကွာ”
“ စိတ်ထင်တာမဟုတ်ဘူး ကိုလှသန်းရဲ့ တကယ်ကြားရတာ၊ တကယ်ဆို အပင်တွေဘာတွေ ခုတ်ရင် ကန်တော့ပွဲပေးပြီးမှခုတ်ရတာမဟုတ်လား၊ အခု ဘာမှမလုပ်တော့ အစောင့်တွေစိတ်ဆိုးနေတာ များလားမသိဘူး”
“ မင်းကလဲ အယူသည်းလိုက်တာကွာ၊ ငါတို့က ကောင်းဖို့အတွက်လုပ်နေတာပဲ၊ နောက်ပြီး မင်းတို့ကိုခိုင်းတာကငါလေ၊ သူတို့စိတ်ဆိုးရင် ငါ့ကိုဆိုးမှာပေါ့၊ စိတ်ထဲထားမနေနဲ့၊ ညကျရင် မင်းတို့အတွက် စီစဉ်ထားတာရှိတယ်၊ လာခဲ့ကြဦး”
“ ဘာစီစဉ်ထားတာလဲ ကိုလှသန်းရဲ့”
“ မင်းတို့လုပ်အားပေးအဖွဲ့အတွက် ကြက်သားနဲ့ဘူးသီးချက်ကျွေးမလို့လုပ်ထားတာ”
“ ဒါပဲလားဗျ… ဟိုဟာဒီဟာလေးရော မပါဘူးလား”
“ ပါတာပေါ့ကွ… မင်းတို့အတွက် တောအရက်တစ်ဖာမှာထားပေးပါတယ်ကွ”
“ ဟဲဟဲ… ဒါဆိုရင်တော့ ပြည့်စုံတာထက် ပိုသွားပြီဗျို့၊ ကျွန်တော်ကောင်တွေကို သတင်းသွားပေးလိုက်ဦးမယ်”
ဖိုးပွက ဝမ်းသာအားရနဲ့ ပြောပြီးကာလသားတွေရှိရာဘက်ကိုထွက်သွားခဲ့လိုက်တယ်။
++++++
ညက အမှောင်ဘက်ကို တစ်ဖြေးဖြေး ဖြတ်ကျော် ဝင်ရောက်လာတာနဲ့အမျှ ကိုလှသန်းရဲ့ ခြံအနောက်ဘက်ကနေ ကြက်သားနဲ့ဘူးသီးဟင်းနံ့က မွှေးပျံ့စွာ ထွက်လာခဲ့တယ်။
“ အစ်မရေ ဟင်းမကျက်သေးဘူးလားဗျ၊ အနံ့က တော်တော်စွဲဆောင်နေပြီ”
“ ခဏနေကျက်တော့မှာပါဟ… အိမ်ကြက်ဆိုတော့ နူးအောင်ပိုတည်နေရလို့ပါ”
“ ဟဲဟဲ ကျွန်တော်ကစတာပါဗျ၊ အေးဆေးချက်အစ်မရေ”
“ ဖိုးပွရေ… မင်းကောင်တွေကို သိပ်မသောက်ဖို့ ပြောပေးဦး၊ ထမင်းမစားနိုင်ပဲ နေလိမ့်မယ်”
“ ဒါတော့မပူနဲ့ ကိုလှသန်းရေ၊ ဒီကောင်တွေက ဘယ်လောက်မူးမူး ထမင်းတော့ ရအောင်စားတဲ့ ကောင်တွေဗျ”
“ ဒါဆိုလဲ ပြီးတာပါပဲ၊ ချက်ထားတာတွေ အလဟသဖြစ်မှာဆိုးလို့ပြောတာ”
“ မဖြစ်စေရဘူး စိတ်ချ၊ ဒါနဲ့ တောအရက်ကို ဘယ်ကမှာတာလဲကိုလှသန်း”
“ ချက်ဖောင်းကိုမှာလိုက်တာလေ၊ ဘာဖြစ်လို့လဲ”
“ ကောက်ညှင်းနံ့သင်းသင်းလေးနဲ့ဆိုတော့ သောက်ရကောင်းလို့ပါဗျာ”
“ သူ့ဦးလေးရွာကနေ ယူလာတာလို့ပြောတာပဲ၊ အော် ညနေကလာတဲ့ အလှူရှင်တွေပြောတာတော့ ဒီလကုန်လောက် ဓမ္မာရုံဆောက်မယ်တဲ့”
“ မြန်လှချည်လားဗျ၊ အခုပဲ လဝက်ကျိုးနေပြီဟာကို”
“ ဟုတ်တယ်၊ သူတို့လဲ လကုန်ပြီးတာနဲ့ မြို့တက်မှာဆိုတော့ သူတို့ရှိတဲ့အချိန် ပန္နက်ရိုက်ခဲ့ချင်တယ်ဆိုလို့လေ”
“ ဘယ်လိုဖြစ်ဖြစ်ဗျာ… မကြာမီအချိန်လေးအတွင်းမှာ ကျုပ်တို့ရွာအတွက် ဓမ္မာရုံလေးတစ်ရုံရတော့မှာပေါ့ဗျာ”
ဖိုးပွက ဝမ်းသာအားရနဲ့ပြောပြီး အရက်ခွက်ကို ကောက်ယူလိုက်တဲ့အချိန် ကျယ်လောင်တဲ့ တောက်ခတ်သံတစ်ချက်ကို ကြားလိုက်ရတယ်။
“ ဘာသံလဲဟ… မှုံကြီးတို့ ငထွေးတို့ ကြားလိုက်လား”
“ ကြားတယ်ဗျ… တောက်ခတ်သံလိုအသံမျိုးပဲ”
“ ကျွန်တော်တို့လဲကြားလိုက်တယ်၊ အသံက ခြံအပြင်ကနေလာသလိုပဲ”
“ ထားလိုက်ပါကွာ… တစ်ခါတစ်လေ သစ်ကိုင်းတွေကျိုးခါနီးလဲ တောက်ခတ်သံလို အသံမျိုးထွက်တတ်ပါတယ်”
ကိုလှသန်းစကားကြောင့် ဖိုးပွတို့ဘာမှဆက်မပြောတော့ပဲ အခြားအကြောင်းအရာတစ်ခုကိုပြောနေခဲ့လိုက်တယ်။
“ ကိုလှသန်းရေ… ဟင်းကျက်ပီနော်၊ ထမင်းစားမယ့်သူရှိရင် လာစားလို့ရပြီ”
“ အေးအေး… ငါပြောလိုက်မယ်၊ ဖိုးပွရေ မင်းတို့ထဲက ထမင်းစားမယ့်သူရှိရင် မင်းတို့အစ်မဆီသွားကြနော်”
“ အချိန်လဲနှောင်းနေပြီဆိုတော့ ထမင်းစားလိုက်တာပဲကောင်းပါတယ်၊ မဟုတ်ရင် ဒီကောင်တွေ ထမင်းစားကြမှာမဟုတ်ဘူး”
ဖိုးပွက အရက်ဝိုင်းမှာထိုင်နေတဲ့သူတွေကို လက်စသတ်ခိုင်းပြီး ဟင်းအိုးရှိရာ ခြံအနောက်ဘက်ကိုဝင်သွားခဲ့လိုက်တယ်။
“ မိသိန်းရေ ငါ့အတွက် ထမင်းတစ်ပန်းကန်ထည့်ပေးပါဦး”
“ ကျွန်တော်အတွက်ရောနော် ကိုကြီးဖိုးပွ”
အနောက်ကနေလိုက်ဝင်လာတဲ့ ကျော်ဘက ဖိုးပွကိုလှမ်းပြောပြီး ဟင်းအိုးမွှေနေတဲ့ မိသိန်းအနားမှာရပ်နေလိုက်တယ်။
“ ဟဲ့ မိသိန်း… ထမင်းနဲ့ဟင်းတွေထည့်ပေးလိုက်ဦးလေ၊ ဟင်းအိုးက မွှေတာများရင် အသားတွေပျော်သွားလိမ့်မယ်”
အစ်မစိန်နုက ငါးပိရည်နဲ့တို့စရာပန်းကန်တွေကို ပြင်နေရင်း လှမ်းပြောလိုက်ပေမယ့် မိသိန်းက တုပ်တုပ်ပင်မလှုပ်ပဲ ယောက်ချိုဇွန်းနဲ့ ဟင်းအိုးကို ထပ်မွှေနေခဲ့တယ်။
“ မိသိန်း… ငါပြောနေတာကြားလား”
“ မိသိန်းဆိုတာ ဘယ်သူလဲ… ငါ့နာမည် မိသန်း မဟုတ်ဘူး”
ရုတ်တရက် ယောက်ချိုဇွန်းကို ပစ်ထုတ်လိုက်ပြီး အသံနက်ကြီးနဲ့အော်လိုက်တာကြောင့် ဘေးမှာရပ်နေတဲ့ ဖိုးပွနဲ့ ကျော်ဘလို့ လန့်ဖြန့်သွားခဲ့တယ်။
“ ဟေ့ ဟေ့ ဘာဖြစ်ကြတာလဲ”
“ မိ မိသိန်းဘာဖြစ်နေလဲမသိဘူး”
ကိုလှသန်းက မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အံတကြိတ်ကြိတ်ဖြစ်နေတဲ့ မိသိန်းအနားကို ကပ်သွားတဲ့အချိန်
“ ငါ့အနားမလာနဲ့ သွားကြစမ်း… သွားကြစမ်း” လို့အော်ပြီး မီးဖိုအောက်မှာရှိနေတဲ့ မီးခဲကိုကောက်ကိုင်ကာ လူတွေဘက်ကို ပစ်ထည့်လိုက်တယ်။
“ မီးခဲနဲ့ပစ်တယ်ဟ… အနားမကပ်ကြနဲ့”
“ ကိုလှသန်း… ဒီကလေးမ အပမှီနေတာများလား၊ သူ့မျက်လုံးတွေက နီရဲနေတာပဲနော်”
“ ခဏနေပါဦး… ငါသေချာအောင် မေးလိုက်ပါဦးမယ်၊ ဟဲ့ မိသိန်း နင်ဘာဖြစ်နေတာလဲ”
“ ငါ့နာမည် မိသိန်းမဟုတ်ဘူး”
“ ဒါဆိုနင်ကဘယ်သူလဲ”
“ ငါဘယ်သူဖြစ်ဖြစ် နင်သိဖို့မလိုဘူး”
“ ဒါဖြင့် ကလေးမကို ဘာလို့ပူးကပ်နေတာလဲ၊ စားချင်သောက်ချင်တယ်ဆိုရင်လဲ ကျွေးပါ့မယ်”
“ ငါက စားချင်လို့ ပူးကပ်တာမဟုတ်ဘူးဟေ့၊ နင်တို့ကိုမကျေနပ်လို့ နှောက်ယှက်တာ”
“ မကျေနပ်အောင် ကျုပ်တို့ဘာအမှား လုပ်ထားမိလို့လဲ၊ အမှားရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
“ ဟင်းဟင်း…. နင်တို့တောင်းပန်လဲ ငါကမကျေနပ်ဘူး၊ နင်တို့အားလုံး ညိုစံအကြောင်း သိစေရမယ်ဟေ့”
မိသိန်းက ဝမ်းခေါင်းသံကြီးနဲ့အော်ပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးကို လက်နဲ့နှိုက်ကာ မျက်နှာတွေ ခန္ဓာကိုယ်တွေမှာ သုတ်လိမ်းနေတာ မြင်လိုက်ရတယ်။
“ ဟေ့ဟေ့… တစ်ခုခုလုပ်ကြပါဦး”
“ ကျွန်တော်တို့လဲ မလုပ်တတ်ဘူးလေ၊ သူ့ပုံစံက ကြောက်စရာကြီးဗျ”
“ ဒုက္ခပါပဲ… မိန်းမရေ အိမ်ပေါ်က ဘုရားကျောင်းဆောင်မှာ ပရိတ်ရေဘူးရှိတယ်မဟုတ်လား၊ သွားယူလာခဲ့”
ကိုလှသန်းစကားကြောင့် မိန်းမဖြစ်သူ အိမ်ပေါ်ကိုပြေးတက်သွားပြီး ပရိတ်ရေဘူးကို ယူဆင်းလာခဲ့တယ်။
“ ပေးစမ်း… ငါ့ကို”
ကိုလှသန်းက ပရိတ်ရေဘူးကိုဖွင့်ပြီး မိသန်းကိုပက်လိုက်ရာ ဆားနဲ့ထိတဲ့ တီကောင်လို တွန့်လိမ်သွားခဲ့တယ်။
“ ကလေးမ ကိုယ်ထဲကနေ ထွက်စမ်း… မဟုတ်ရင် ပရိတ်ရေနဲ့ထပ်ဖြန်းမှာနော်”
“ ဟီးဟီး အဟက်အဟက်…ငါပူလောင်ပေမယ့် နင်တို့အပျော်တွေ ပျက်စီးအောင်လုပ်ရတာကို ကျေနပ်တယ်… နောက်ထပ်လဲ ငါက နင်တို့ကို ထပ်ပြီးနှောက်ယှက်နေမှာပဲ ဟက်ဟက်ဟက်”
မိသန်းက ခွက်ထိုးခွက်လှန်ရယ်ပြီး မြေကြီးပေါ်ကို ပျော့ခွေသွားခဲ့တယ်။
“ အပမှီတာ ထွက်ပြီထင်တယ်၊ သူ့ကိုဆွဲထူကြဦး”
“ မိသိန်း မိသိန်း… သတိထားဦး”
ဖိုးပွက မိသိန်းကိုပွေ့ထူပြီးလှုပ်နှိုးလိုက်တော့မှ အိပ်ပျော်ရာကနေ နိုးလာတဲ့သူလို မျက်လုံးအပြူးသားနဲ့လိုက်ကြည့်နေခဲ့တယ်။
“ ကလေးမလေး သတိရပြီလား၊ သူ့ကို ရေမန်းတိုက် လိုက်ဦး”
“ မိသိန်း… ပရိတ်ရေလေးသောက်လိုက်”
“ ကြီးမေ… ကျွန်မ ကျွန်မ ဘာဖြစ်သွားတာလဲဟင်၊ တစ်ကိုယ်လုံးလဲ ဟင်းတွေပေနေပါလား”
“ နင့်ကိုအပမှီသွားတာ၊ နေရင်းထိုင်ရင်း ဘယ်လိုဖြစ်တာလဲမိသန်းရယ်”
“ ကျွန်မ မှတ်မိတာက ကြီးမေ ဟင်းအိုးမွှေခိုင်းလို့ မွှေနေတဲ့အချိန် ပခုံးကိုလက်နဲ့လာပုတ်တာ၊ လက်ကြီးက ဖြူဖတ်ဖြူလျော်ကြီး မသိရင် လူသေကောင်လက်လိုပဲ၊ ကျွန်မလဲ လန့်ပြီးအော်ဖို့လုပ်ပေမယ့် အသံမထွက်တော့ဘူး၊ အဲဒီနောက်ပိုင်းဘာမှမသိတော့တာပဲ”
“ တော်သေးတာပေါ့ကွယ်…ကိုလှသန်း တော်လဲ တော့်လူတွေကို ပြန်ခိုင်းလိုက်တော့၊ ဒီညက အပျော်ကနေအပျက်ဖြစ်သွားပြီ”
“ အေးပါ မိန်းမရယ်… ဖိုးပွတို့ကိုလဲအားနာလိုက်တာ”
“ ရပါတယ်ဗျာ… စိတ်ထဲထားမနေပါနဲ့၊ အားလုံး ပြန်ကြရအောင်”
ဖိုးပွတို့အဖွဲ့ပြန်သွားတော့ ကိုလှသန်းလဲ အိမ်မှာရှိတဲ့သူတွေနဲ့ သိမ်းစရာရှိတာသိမ်းပြီး အိပ်ယာဝင်ခဲ့လိုက်တယ်။
“ မီးဗျို့ မီး မီး မီး”
အရုဏ်တက်ခါနီး ကြားလိုက်ရတဲ့အသံကြောင့် ကိုလှသန်း လန့်နိုးလာခဲ့တယ်။
“ မီးလောင်နေတယ်ဗျို့…. လာကြပါဦး”
အသံက ခေါင်းရင်းသုံးအိမ်ကျော်ကနေ ထွက်လာတာကြောင့် အိပ်ယာကနေ ကမန်းကတမ်း ထပြီးကြည့်လိုက်ရာ ကျော်ဘတို့အိမ်ကနေ မီးတောက်တွေထွက်ပေါ်နေတာမြင်လိုက်ရတယ်။
“ ကျော်ဘတို့အိမ်မီးလောင်နေလို့… လုပ်ကြပါဦး”
“ ရေနဲ့ဖြန်းကြဦးဟ… ဟေ့ ဟေ့ မောင်တင်တို့ ခိုင်မြင့်တို့ လာကြဦးဟေ့”
ကိုလှသန်းက အလန့်တကြားအော်ဟစ်ရင်း အိမ်နောက်ဖေးမှာရှိတဲ့ ရေပုံးကိုဆွဲယူကာ ပြေးထွက်သွားခဲ့တယ်။
ရွာခံလူတွေညီညွတ်တာရယ် မီးကလဲမများတာကြောင့် မီးဖိုချောင်တစ်ဝက်သာ လောင်ကျွမ်းခဲ့တယ်။
အားလုံးပြီးဆုံးချိန်မှာတော့ ကိုလှသန်းက ကျော်ဘရဲ့မိဘတွေဆီသွားပြီး
“ ဘယ်လိုဖြစ်ကြတာလဲဗျာ”
“ ကျွန်မတို့တစ်အိမ်လုံးလဲ အိပ်ပျော်နေကြတာ၊ ဘယ်ကနေ စလောင်မှန်းမသိပါဘူး”
“ မီးဖိုချောင်ကနေ လောင်တာဆိုတော့ မီးကြွင်းမီးကျန်တွေကနေ စလောင်တာဖြစ်မယ်”
“ မဟုတ်ရပါဘူးတော်… ညနေက ထမင်းလဲမချက်ပါဘူး၊ မီးလဲမသုံးပါဘူး”
“ ဒါဖြင့် တစ်ယောက်ယောက်ကများ ရှို့သွားတာလား”
“ ဒါတော့ မပြောတတ်တော့ပါဘူး ကိုလှသန်းရယ်၊ ကိုယ့်ရွာမှာ ဘယ်သူမှ ဒီလိုလုပ်မှာတော့မဟုတ်ဘူး”
“ ဟင်း… ကိုယ်လဲမျက်မြင်မတွေ့ရဘူးဆိုတော့ ပြောရခက်နေတယ်၊ ဘာပဲဖြစ်ဖြစ် ရွာမှာ မီးကင်း ထားဖို့တော့လိုနေပြီ”
“ ကိုလှသန်း… ကျွန်တော်ပြောစရာရှိလို့”
“ အေး… ပြောလေ မောင်ကြီး ဘာကိစ္စလဲ”
“ ကျော်ဘတို့အိမ်မီးလောင်တာက ဘယ်သူမှရှို့တာ မဟုတ်ဘူး၊ သူ့ဘာသာသူ ထလောင်တာ”
မောင်ကြီးစကားကြောင့် ကိုလှသန်းရော ဘေးမှာ ရှိတဲ့သူတွေအားလုံး အံအားသင့်ကုန်ကြတယ်။
“ သူ့ဘာသာသူထလောင်တယ်ဆိုတာ ဘာကိုပြောတာလဲ”
“ ကျွန်တော် ဒီမနက် လယ်ထဲဆင်းဖို့ မျက်နှာသစ်နေတဲ့အချိန် ကျော်ဘတို့ မီးဖိုဆောင်ကနေ မီးတောက်ကြီးထွက်လာတာ၊ မီးကြွင်းမီးကျန်တို့ ရှို့မီးတို့ဆိုရင် အငွေ့အရင်ထွက်ရမှာမဟုတ်လား၊ အခုက ဟုန်းခနဲ မီးထတောက်တာဗျ”
“ မင်းဟာက သေချာလို့လား”
“ သေချာပါတယ်ဗျာ၊ ကျွန်တော်က လိမ်ပြောစရာလား”
“ ကျွန်မတို့လဲ မောင်ကြီး လာအော်လို့ နိုးလာကြတာ၊ နောက်ဆို သားမိတွေ မီးထဲပါနိုင်တယ်”
“ ဒါဆိုရင် ထူးတော့ထူးဆန်းနေပြီ၊ ငါဒီမှာ နေတဲ့ တစ်လျောက် အခုလိုအဖြစ်မျိုး မကြုံဖူးဘူး”
ကိုလှသန်းစကားကို ကျန်တဲ့သူတွေက ဟုတ်မှန်ကြောင်းထောက်ခံခဲ့ကြတယ်။ ဒီလိုနဲ့ မရမ်းကုန်းရွာရဲ့ အရုဏ်တက်ချိန်လေးက ဆူညံစွာနဲ့ စတင်ခဲ့ပါတော့တယ်။
+++++++
“ ကိုလှသန်း… ဘာလုပ်နေလဲဗျ”
“ ဖိုးပွပါလား… ဝင်လာလေကွာ အခါးရည်လာသောက်ဦး”
ဖိုးပွက အိမ်အောက်ကခုံမှာ ဝင်ထိုင်လိုက်ပြီး ရေနွေးပန်းကန်လုံးကိုကောက်ကိုင်လိုက်တယ်။
“ ဘာကိစ္စရှိလို့လဲ ဖိုးပွ”
“ ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ၊ ဓမ္မာရုံဆောက်မယ့်ကိစ္စက အနောက်ဆုတ်သွားတယ်”
“ ဟေ… ဘာဖြစ်လို့လဲ”
“ မနေ့က အလှူရှင်လင်မယား လေဖြတ်ပြီး ပါးတစ်ခြမ်းရွဲ့သွားတယ်လေ”
“ ဟာ… အကောင်းကြီးကနေ ဘယ်လိုဖြစ်သွားတာလဲ”
“ ညအိပ်တော့ အကောင်းတဲ့ မနက်နိုးလာတော့ ပါးတစ်ခြမ်းရွဲ့ပြီး စကားမပြောနိုင်တော့ဘူး”
“ ဘယ်တတ်နိုင်ပါ့မလဲကွာ… ငါတို့နဲ့မထိုက်ဘူးလို့ပဲ ယူဆရတော့မှာပေါ့”
“ ကျွန်တော်တော့ အဲလိုမထင်ဘူး ကိုလှသန်း”
“ မင်းက ဘယ်လိုထင်လို့လဲ”
“ ကျွန်တော်တို့ ဓမ္မာရုံဆောက်ဖို့လုပ်ထဲက တစ်ခုပြီး တစ်ခုဖြစ်နေတာ သတိထားမိလား”
“ အင်း မင်းပြောမှ စဉ်းစားမိတယ်၊ ဒါတွေက ဓမ္မာရုံဆောက်တာနဲ့ ပတ်သတ်နေလို့လား”
“ ကျွန်တော်စိတ်ထင်တာကိုပြောပြတာပါ၊ ကျွန်တော်တို့ တတ်သိနားလည်တဲ့ဆရာတွေနဲ့ တွက်ချက်ကြည့်ရင်မကောင်းဘူးလား”
“ မင်းမှာဆရာအသိတွေရှိလို့လား”
“ အာတာလွတ်ရွာမှာတော့ အကြားအမြင်ဆရာ တစ်ယောက်တော့ရှိတယ်၊ သူ့ဆီသွားမေးရင် ကောင်းမလားလို့”
“ ဒါမျိုးတွေ ငါကအယုံအကြည်မရှိပေမယ့် မင်းမေးချင်တယ်ဆို ငါလိုက်ပေးမယ်လေ”
“ ကျွန်တော်လဲယုံတယ်လို့တော့မဟုတ်ပါဘူးဗျာ၊ သူ့ဆီသွားရင် အကူအညီတစ်ခုခုများ ရမလားလို့ပါ”
“ မင်းကဘယ်အချိန်သွားမှာလဲ”
“ နေ့လည်လောက်သွားမယ်လေ၊ ကျွန်တော် လာခေါ်ပါ့မယ်”
“ အေးအေး… ငါအသင့်ပြင်ထားလိုက်မယ်”
++++++
ရေနံချေးသုတ်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံး အတွင်းမှာတော့ ဖြူဖွေးနေတဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ လူကြီးတစ်ယောက် ကျောက်သင်ပုန်းတစ်ချပ်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ သူ့အရှေ့မှာတော့ ကိုလှသန်းနဲ့ ဖိုးပွတို့က ငြိမ်သက်စွာထိုင်နေပြီး ပြောလာမယ့် စကားကို နားစွင့်နေခဲ့ကြတယ်။
“ အိမ်း… အဘမြင်တာကတော့ မင်းတို့ကို အနှောက်အယှက်ပေးနေတဲ့သူရှိတယ်”
“ အဲဒီသူက ဘယ်သူလဲဆိုတာ သိလို့ရမလားအဘ”
“ အဘ အာရုံထဲမြင်တာကတော့ အသားဖြူဖြူ အရပ်မြင့်မြင့် လူတစ်ယောက်ပဲ၊ ဒါပေမယ့် သူ့မှာ သာမန်လူတွေရဲ့အငွေ့အသက်တွေမမြင်ရဘူးကွယ့်”
“ သူက ဘာကြောင့်နှောက်ယှက်နေရတာလဲအဘ”
“ ဒါတော့ အဘမပြောတတ်ဘူး၊ သူ့ပုံစံက စိတ်ဆိုးဒေါသထွက်နေတယ်၊ မင်းတို့အနေနဲ့ ဒီရက်ပိုင်းထဲမှာ ဘာတွေလုပ်ခဲ့မိသေးလဲ”
“ ဒီရက်ပိုင်းထဲမှာတော့ ဓမ္မာရုံဆောက်ဖို့ မြေနေရာရှင်းခဲ့တာပဲရှိတာ”
“ မြေနေရာရှင်းတာက ဘယ်လိုမျိုးလဲ၊ မြက်တွေခြုံ့တွေကိုရှင်းခဲ့တာလား”
“ မဟုတ်ဘူးအဘ… ဓမ္မာရုံဆောက်ဖို့ မလွတ်တဲ့ သစ်ပင်သစ်ကိုင်းတွေခုတ်ခဲ့တာအဘ”
“ မင်းတို့ အပင်တွေခုတ်တုန်းက ကန်တော့ပွဲ ပေးခဲ့တာမျိုး၊ တောင်းပန်ခဲ့တာမျိုးရှိလား”
“ အဲလိုတော့ မရှိခဲ့ဘူး”
“ အင်း… ငါထင်တာမမှားဘူးဆိုရင် မင်းတို့ကို ဒုက္ခပေးနှောက်ယှက်နေတဲ့သူက အဲဒီအပင်မှာ နေတဲ့သူပဲဖြစ်ရမယ်”
“ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပေးပါဦး”
“ မင်းတို့ခုတ်ခဲ့တဲ့နေရာမှာ ကန်တော့ပွဲပေးပြီး ပြန်တောင်းပန်လိုက်ပါ၊ ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်”
“ ဟုတ်ကဲ့ပါအဘ၊ ကျွန်တော်တို့ ပြန်ရောက်တာနဲ့ လုပ်လိုက်ပါ့မယ်”
“ အေးအေး… လုပ်ဖြစ်အောင်လုပ်လိုက်ကြနော်”
“ ဟုတ်ကဲ့ပါအဘ”
ကိုလှသန်းတို့လဲ အာတာလွတ်ရွာကနေ ပြန်ရောက်တာနဲ့ ကန်တော့ပွဲတစ်ပွဲပြင်ပြီး ဓမ္မာရုံဆောက်မယ့် နေရာကိုထွက်လာခဲ့လိုက်တယ်။
“ ကိုလှသန်းက ခြံပိုင်ရှင်ဆိုတော့ ကိုယ်တိုင် တောင်းပန်လိုက်တာပိုကောင်းမယ်”
“ အေးအေး… ငါတောင်းပန်လိုက်ပါမယ်”
ကိုလှသန်းက ကန်တော့ပွဲကို ခုံပေါ်တင်ပြီး မသိလို့လုပ်မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန် နေတဲ့အချိန် တင်ထားတဲ့ ကန်တော့ပွဲကို တစ်ယောက်ယောက်က ကန်ချလိုက်သလို မြေကြီးပေါ်လွင့်ထွက်သွားခဲ့တယ်။
“ ကို ကိုလှသန်း… အခြေအနေမကောင်းဘူး ထင်တယ်၊ ဘယ် ဘယ်လိုလုပ်ကြမလဲ”
“ ငါလဲ မပြောတတ်တော့ဘူး…”
ကိုလှသန်းနဲ့ ဖိုးပွတို့လဲ ပြုတ်ကျသွားတဲ့ ကန်တော့ပွဲကိုကြည့်ပြီး ချောက်ချားနေတဲ့အချိန် သစ်ပင်ထက်ကနေ တောက်ခတ်သံ၊ ကြိမ်းဝါးသံတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။
“ ပြန်မှဖြစ်မယ်ထင်တယ်၊ ဆက်နေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်”
ဖိုးပွတို့လဲ အခြေအနေကိုရိပ်စားမိတာကြောင့် ကန်တော့ပွဲကိုမကောက်နိုင်တော့ပဲ ပြန်ပြေးလာခဲ့ကြတယ်။
++++
“ ကိုလှသန်း… မျက်နှာလဲမကောင်းပါလား၊ ဘာဖြစ်လာတာလဲ”
အိမ်ပေါ်တက်တက်ချင်းမေးလိုက်တဲ့ မိန်းမဖြစ်သူ စကားကြောင့် ခေါင်းကိုခါယမ်းလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။
“ ကျွန်မ ထင်တော့ထင်သား… အခုတော့ ဘယ်လိုလုပ်ကြမလဲ”
“ ငါလဲ စဉ်းစားမရသေးဘူး၊ ဒီလိုအဖြစ်မျိုး တစ်ခါမှလဲမကြုံဖူးတော့ ဘာလုပ်ရမှန်းကိုမသိတာ”
ကိုလှသန်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး ဆေးလိပ်သောက်ဖို့ မီးညှိလိုက်တဲ့အချိန်
“ ဒုန်း ဒုန်း ဒုန်း” ဆိုတဲ့အသံနဲ့အတူ အိမ်ခေါင်မိုးပေါ်ကို ခဲလုံးတွေကျလာခဲ့တယ်။
“ ဘာဖြစ်တာလဲဟ”
“ ခဲ ခဲတွေ ခေါင်မိုးပေါ်ကျလာတာ”
ကိုလှသန်းလဲ အိမ်အပြင်ထွက်ကြည့်လိုက်ရာ အဖြူရောင်ခဲလုံးတွေ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျလာတာမြင်လိုက်ရတယ်။
“ ဒုန်း ဒုန်း ဒိုင်း ဒိုင်း” အသံတွေကြောင့် အိမ်နားနီးချင်းတွေထွက်လာပြီးကြည့်လိုက်တော့ လက်သီးဆုပ်အရွယ်ခန့်ရှိတဲ့ ကျောက်စရစ်ခဲတွေက ပစ်တဲ့သူမမြင်ရပဲ အိမ်ပေါ်ကို ကျနေတာကြောင့် အကုန်ထိတ်လန့်ကြကုန်တယ်။
ခဲလုံးတွေက နာရီဝက်လောက်ထိကျပြီးတော့ ပြန်လည်ငြိမ်သက်သွားခဲ့တယ်။
“ ရပ်သွားပြီထင်တယ်… အိမ်ပေါ်တက်ကြည့်ရအောင်”
“ ကျွန်မမတက်ရဲဘူး ကြောက်တယ်”
“ ဒါဆိုလဲ ငါတက်ကြည့်လိုက်မယ်၊ အောက်မှာခဏနေခဲ့ဦး”
ကိုလှသန်းက အိမ်နီးချင်းယောင်္ကျားလေးတွေနဲ့ တက်ကြည့်တော့ အိမ်ပေါ်မှာ ဖုန်တွေပေနေတဲ့ ခြေရာအချို့ကိုမြင်လိုက်ရတယ်။
“ ဒါကဘာတွေလဲ… နည်းတဲ့ခြေရာကြီးမဟုတ်ပါလား”
“ ခြေရာတစ်ခုခုက တစ်ထွာလောက်ရှိနေတယ်ဗျ၊ အမလေးလေး ဒီပုံအတိုင်းဆိုရင် အကောင်ကြီးမယ့်ပုံပဲ”
ကိုလှသန်းတို့ ကြောက်ကြောက်လန့်လန့်နဲ့ လိုက်ကြည့်ရင်း အိမ်ခန်းဝကိုရောက်လာခဲ့တယ်။
“ ကိုလှသန်း… ဟို ဟိုမှာ မီးခိုးတွေ ထွက်နေပါလား”
“ ဘယ်မှာလဲဟ”
“ ဟိုမှာလေ လျော်မယ့်အဝတ်တွေ ထည့်ထားတဲ့ ခြင်းထဲကနေ ထွက်နေတာ”
ကိုလှသန်းလဲ မောင်ကြီးလက်ညိုးထိုးပြတဲ့ နေရာကိုကြည့်လိုက်တဲ့အချိန် မီးတောက်တစ်ခုက ဟုန်းခနဲထတောက်လာခဲ့တယ်။
“ မီးထလောင်တယ်ဟ… မြန်မြန်ငြိမ်းကြဟေ့”
မောင်ကြီးက အော်ဟစ်ရင်း လိုက်ကာကိုဆွဲဖြုတ်ကာ မီးလောင်တဲ့အဝတ်ပုံကိုရိုက်ပြီးငြိမ်းသတ်လိုက်တယ်။
အဝတ်ပုံမီးငြိမ်းတော့ အိမ်ရှေ့ကြမ်းပြင်ကနေ မီးတောက်တစ်ခု ဟုန်းခနဲထတောက်ပါလေရော။
မီးတောက်တွေက ဟိုနေရာတောက်လိုက် ဒီနေရာ တောက်လိုက်နဲ့ဖြစ်နေတာကြောင့် ရွာထဲမှာရှိတဲ့သူတွေအားလုံး ရေပုံးကိုင်ပြီး စောင့်ကြရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။
ညသန်းခေါင်အချိန်ရောက်တဲ့ထိ မီးတောက်တွေ တောက်လောင်ပြီးချိန်မှာတော့ နဂိုအတိုင်းပြန်ဖြစ် သွားပြီး ဘာမှထပ်မဖြစ်တော့ပေ။
“ ဒီပုံစံအတိုင်းဆိုရင် လူတွေစောင့်မှပဲရတော့မယ်၊ မဟုတ်ရင် တစ်အိမ်လုံး မီးလောင်သွားလိမ့်မယ်”
“ ဘယ်တတ်နိုင်ပါ့မလဲ စောင့်အိပ်ကြတာပေါ့၊ ကိုလှသန်းမိန်းမကိုတော့ ကျွန်တော်အိမ်မှာ ပေးအိပ်လိုက်တော့၊ မဟုတ်ရင် အကြောက်လွန်ပြီး ရှော့ဖြစ်သွားလိမ့်မယ်”
ကိုလှသန်းလဲ မိန်းမဖြစ်သူကို မောင်ကြီးအိမ်မှာထားပြီး ပြန်ထွက်လာတဲ့အချိန် ဖိုးပွတို့လူစု အလန့်တကြားပြေးလာတာမြင်လိုက် ရတယ်။
“ ကိုလှသန်း… ရွာထဲမှာလဲ ပြဿနာတက်နေပြီ”
“ ဟေ… ဘာပြဿနာလဲကွ”
“ ဟိုနေ့က မဟော်ဂနီပင်ပေါ်တက်တဲ့ ကောင်လေးတွေအားလုံး သတိလစ်ကုန်လို့ဗျ”
“ ငါလဲအတော်စိတ်ညစ်သွားပြီ ဖိုးပွရာ၊ အခုဘယ်လိုလုပ်ကြမလဲ”
“ အခုက သူ့ဘက်ကို မကူညီနိုင် ကိုယ့်ဘက်သူမကူညီနိုင်ဖြစ်နေကြပြီ”
“ မင်းက ကောင်လေးတွေကို ဂရုစိုက်လိုက်ဦး၊ ငါလဲ ဒီမှာလက်လွှတ်လို့မရဖြစ်နေတယ်”
“ အချိန်ကလဲ ညကြီးသန်းခေါင်ဆိုတော့ ဘာလုပ်ရမှန်းကိုမသိတော့တာ”
ဖိုးပွနဲ့ ကိုလှသန်းတို့ စိတ်ပျက်လက်ပျက်နဲ့ပြောနေတဲ့အချိန် လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ လူသုံးယောက် လူအုပ်ကြားထဲကနေ တိုးထွက်လာခဲ့တယ်။
“ ဖိုးပွ ဒါက မင်းအသိတွေလား”
“ မဟုတ်ဘူး ကိုလှသန်း… ကျွန်တော်လဲအခုမှမြင်ဖူးတာ”
“ ဒါဆို ခင်ဗျားတို့ကဘယ်သူတွေလဲဗျ၊ ရွာမှာလဲမမြင်ဖူးပါဘူး”
“ ကျုပ်တို့က ခရီးသွားတွေပါ၊ ခရီးထွက်လာရင်း မိုးချုပ်သွားလို့ ရွာထိပ်က ဇရပ်မှာတည်းနေရာကနေ ဆူဆူညံညံအသံကြားလို့ ရွာထဲဝင်လာခဲ့တာ”
“ ဒါဆိုလဲ ပြီးတာပါပဲ၊ ကျုပ်တို့က လူစိမ်းတွေဆိုလို့ မေးလိုက်တာပါ”
“ ရပါတယ်ဗျာ၊ ဒါနဲ့ ခင်ဗျားအခုဖြစ်နေတဲ့အရာကို ကျုပ်တို့ဖြေရှင်းနိုင်ပါတယ်၊ ခွင့်ပြုခဲ့မယ်ဆိုရင်ပေါ့ဗျာ”
“ ခင်ဗျားတို့က ဘယ်လိုဖြေရှင်းပေးမှာလဲ၊ အခုဘာတွေဖြစ်နေလဲဆိုတာရောသိရဲ့လား”
“ သိတာထက်မြင်နေရတာလို့ပြောရင်ပိုမှန်မယ်၊ အခုခင်ဗျားအိမ်ခေါင်မိုးပေါ်မှာ လူတစ်ယောက်ခွထိုင်နေတာကိုမြင်နေရတယ်”
လူစိမ်းသုံးယောက်ထဲက ဆံပင်ရှည်ရှည်၊ မျက်နှာသွယ်သွယ်၊ အရပ်မြင့်မြင့်လူက အိမ်ပေါ်ကိုမော့ကြည့်ကာ ပြောလိုက်တော့ ကိုလှသန်း အံ့ဩသွားခဲ့တယ်။
“ ခင်ဗျားတို့က မြင်နေရတာလား”
“မြင်နေရတယ်ပဲ ဆိုပါတော့ဗျာ”
“ ဒါဆို ရွာထဲမှာ မေ့လဲသွားတဲ့ကလေးတွေကရော ဘယ်ကြောင့်ဖြစ်တာလဲ”
“ သူ့လက်ချက်ကြောင့်ဖြစ်တာပဲ၊ အချိန်မှီမကုဘူးဆိုရင် ကံနိမ့်နေတဲ့ကလေးတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်”
“ ဒါဆိုလဲ အချိန်မှီကုပေးပါဦးဗျာ၊ ကျုပ်တို့ဘက်က ဘာလုပ်ပေးရမလဲ”
“ မေ့လဲနေတဲ့လူတွေအားလုံးကို ဒီနေရာဆီခေါ်လာပေးပါ၊ ကျန်တာကျုပ်တို့ဆက်လုပ်သွားပါမယ်”
ဖိုးပွတို့လဲ ချက်ချင်းပင် သတိလစ်နေတဲ့ သူတွေအားလုံးကိုခေါ်ဆောင်ဖို့ ထွက်သွားခဲ့ကြတယ်။
ခရီးသွားဧည့်သည်တွေလဲ ကိုလှသန်းအိမ်ရှေ့က မြေကွက်လပ်ကို သန့်ရှင်းအောင်လှည်းကျင်းပြီး စည်းဝိုင်းတစ်ခုကို ခပ်ကျယ်ကျယ် ဝိုင်းထားလိုက်တယ်။ ပြီးတာနဲ့ အရှေ့အရပ်ကိုမျက်နှာမူပြီး ဂါထာတစ်ပုဒ်ကို တစ်မိနစ်ခန့်ရွတ်ဖတ်နေခဲ့ရာ ကိုလှသန်းအိမ်ကြီးက လူတစ်ယောက်လှုပ်ခါနေသလို ယိမ်းထိုးလှုပ်ရှား လာခဲ့တယ်။
“ အိမ်ကြီးက လှုပ်နေပါလား”
“ ဟုတ်ပါ့တော် လေမတိုက်ပဲ ယိမ်းထိုးနေတာက ထူးဆန်းလိုက်တာ”
ကြည့်ရှုနေသူတွေရဲ့အသံက ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာခဲ့တယ်။
“ ခေါင်မိုးပေါ်ခွထိုင်နေသူက အိမ်ကို ဆွဲခါနေတာကြောင့် အခုလိုဖြစ်နေတာပါ”
“ ဆရာ… အိမ်ပေါ်ခွထိုင်နေတဲ့သူက ဘယ်သူဆိုတာ သိလား”
“ ကျုပ်မြင်ရတာကတော့ အသားအရည်ဖြူဖတ်ဖြူလျော်နဲ့ လူတစ်ယောက်ပဲ၊ သူ့ရဲ့ခန္ဓာကိုယ်က နွားနို့ရောင်လိုဖြူဖျော့နေပေမယ့် မျက်နှာက နီရဲနေတယ်၊ ဘယ်သူဆိုတာကတော့ ခဏနေသိရမှာပါ”
“ ဟိုးမှာ ရောက်လာကြပြီ လမ်းဖယ်ပေးကြဦး”
ရွာသားတွေရဲ့အော်သံကြောင့် ကိုလှသန်း လှမ်းကြည့်လိုက်ရာ သတိလစ်မေ့မျောနေတဲ့ လူငယ် လေးယောက်ကို ချီပိုးလာကြတဲ့ ကိုဖိုးပွတို့ လူစုကိုမြင်လိုက်ရတယ်။
“ အားလုံးကို စည်းထဲထည့်လိုက်ကြ”
ကိုဖိုးပွလဲ ပါလာတဲ့သူတွေကို စည်းဝိုင်းထဲထည့်လိုက်တဲ့အချိန် မတ်တပ်ရပ်နေတဲ့ ဧည့်သည်တွေထဲက နှစ်ယောက်က စည်းရဲ့ဘေးမှာ နေရာယူလိုက်ကြတယ်။
“ ရွာသားတွေအားလုံး စည်းဝိုင်းခြံစည်းရိုးအပြင်မှာ နေပေးကြပါ၊ ဒီလိုမှမဟုတ်ပဲ စည်းထဲဝင်မိရင် ဒီကလေးတွေကို ကုသလို့ရမှာမဟုတ်ဘူး”
“ ဟေ့ ဟေ့ အားလုံးအပြင်ထွက်ကြ၊ ဘယ်သူမှအထဲမဝင်ကြနဲ့”
ကိုလှသန်းက ခြံထဲမှာရှိနေတဲ့သူတွေကို အပြင်ထွက်ခိုင်းခဲ့သလို သူကိုယ်တိုင်လဲ ခြံပြင်ကို ထွက်သွားခဲ့တယ်။
“ ဆရာ… ကျွန်တော်တို့စကြတော့မလား”
“ ခေါင်မိုးပေါ်က ကောင်ကို ဘယ်မှသွားမရအောင် ချုပ်ထားပြီးပြီဆိုတော့ စကုကြတာပေါ့”
ဆရာဖြစ်ဟန်သူတဲ့သူက တပည့်နှစ်ယောက်ကို ပြောပြီးတာနဲ့ အိမ်အောက်မှာရှိတဲ့ သောက်ရေအိုးထဲကရေကို ခပ်ယူမန်းမှုတ်ကာ စည်းထဲကိုပက်ဖြန်းလိုက်တယ်။
သတိလစ်မေ့မျောနေတဲ့လူတွေက ရေမန်းနဲ့ထိတဲ့အချိန်မှာပဲ မျက်လုံးအပြူးသားနဲ့ ငုတ်တုတ်ထထိုင်လိုက်ကြတယ်။
ဒါကိုမြင်တဲ့ ဆရာဖြစ်သူက ငုတ်တုပ်ထိုင်နေတဲ့ သူတွေကိုလက်ညိုးထိုးပြီး
“ ဒီလိုဖြစ်အောင် လုပ်တဲ့သူ အခုချက်ချင်း ဝင်လာခဲ့စမ်း၊ အမိန့်အာဏာစက်ကို အာခံရင်ပဲဖြစ်ဖြစ်၊ မလေးမစားလုပ်ရင်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်တစ်ခုလုံး ပြာပူအတိဖုံးပြီး ပူလောင်ခံစားစေ” လို့အမိန့်ပေးလိုက်ရာ ငုတ်တုတ်ထိုင်နေတဲ့ သူတွေထဲက တစ်ယောက်က တစ်ကိုယ်လုံးတုန်ရီလာခဲ့တယ်။
“ ရောက်လာပြီလားဟေ့”
“ ရောက်ပြီဟေ့… ငါ့ကိုခေါ်တာ ဘာကိစ္စလဲ”
“ ဒီရွာမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို သင်လုပ်ထားတာမဟုတ်လား”
“ ဟုတ်တယ် ငါလုပ်ထားတာ”
“ သင်က ဘယ်သူလဲ၊ ဘာကြောင့် အခုလိုလုပ်ရတာလဲ”
“ ငါဘယ်သူလဲဆိုတာ နင်သိဖို့မလိုဘူး၊ သူတို့အားလုံးကို သတ်ချင်လို့လုပ်တာ”
“ သင်ဘယ်သူဆိုတာသိရမှ ကျုပ်လုပ်ပေးနိုင်တာ လုပ်ပေးလို့ရမှာပေါ့၊ အခုချက်ချင်း အာဏာစက်မသုံးခင် ဖြေစမ်း၊ မဟုတ်ရင် သင့်ကို နာကျင်အောင် လုပ်ရလိမ့်မယ်”
“ ငါ့နာမည်က ညိုစံပဲဟေ့၊ ဒင်းတို့တွေ ငါဗိမ္ဗာန်ရှိတဲ့ အပင်ကို ခုတ်လို့ အခုလိုလုပ်ရတာပဲ”
“ လက်စသတ်တော့ သင်က ရုက္စစိုးတစ်ယောက်ပဲ၊ သူတို့ကမသိလို့လုပ်မိတာကို ခွင့်လွှတ်ပေးလိုက်ပါ”
“ ခွင့်မလွှတ်နိုင်ဘူးဟေ့… အားလုံးကို အသေဆိုးနဲ့ သေအောင်လုပ်ပစ်မှ ငါကျေနပ်မယ်”
“ တယ်… ငါ့အရှေ့မှာ လူသတ်ဖို့ကို ထမင်းစား ရေသောက်ပြောနေပါလား၊ အမိန့်ပြန်ပြီး နှင်ထုတ်လိုက်ရရင်ဖြင့်တော့ နေစရာပါပျောက်သွားမယ်”
ဆရာဖြစ်သူစကားကြောင့် ဝင်ပူးနေတဲ့သူက မျက်နှာလွှဲပြီး ကိုလှသန်းတို့ရှိရာဘက်ကို မျက်ထောင့်နီနဲ့စိုက်ကြည့်နေခဲ့တယ်။
“ ငညိုစံ… နင့်စိတ်မပြေသေးတာကိုငါသိတယ်၊ သူတို့ဘက်ကလဲ မသိလို့လုပ်မိတာမဟုတ်လား၊ ဒါကြောင့် ခွင့်လွှတ်ပေးလိုက်၊ ထပ်ပြီး ခေါင်းမာနေရင်တော့ နင့်ထိုက်နဲ့နင့်ကံပဲ”
“ တောက်စ်… နင့်ကြောင့် သည်းခံလိုက်တာနော်၊ မဟုတ်ရင် ဒင်းတို့အားလုံး အသေပဲ”
“ ဟေ့ကောင် နင့်အဆင့်နဲ့များ ငါတို့ဆရာကို နင်နဲ့ပြောရတယ်ပေါ့လေ”
“ မောင်ကောင်း… သူအဆင်ပြေသလိုပြောပါစေ၊ အချို့တွေက အစိမ်းသရဲဘဝကနေ လာတာမို့ သူတို့ရဲ့စိတ်သန္တာန်က ကြမ်းတမ်းတတ်တယ်၊ ဒါကို ငါတို့က ဗွေယူလို့မရဘူး”
“ ဆရာကလဲဗျာ… ဒီလောက်ရိုင်းစိုင်းတဲ့ကောင်ကို မှတ်လောက်အောင်လုပ်ပေးသင့်တာ”
“ ဒါက နောက်မှလုပ်လို့ရပါတယ်၊ အခုက ရွာသားတွေ ဘေးကင်းဖို့အရေးကြီးတယ်”
“ ဆရာပြောတာမှန်တယ် အစ်ကိုရ၊ ဒီကောင်ကို နောက်မှ အေးဆေးခေါ်လို့ရပါတယ်၊ အခုတော့ စိတ်လျော့လိုက်ပါဦး”
“ အင်းပါကွ… ငညိုစံရေ မင်းနဲ့ငါ နောက်မှတွေ့ကြတာပေါ့”
မောင်ကောင်းဆိုတဲ့သူက ခပ်မဲ့မဲ့ပြုံးပြီး လက်ပိုက်ကာရပ်နေခဲ့လိုက်တယ်။
“ ကဲ ငညိုစံ… သင့်စိတ်ပြေစေဖို့ ဘယ်လိုလုပ်ပေးရမလဲ”
“ ငါနေတဲ့အပင်အောက်မှာ ဘာမှမလုပ်ဖို့ပြောပေး၊ ဒါဆို ခွင့်လွှတ်ပေးမယ်”
ငညိုစံ စကားကြောင့် ဆရာဖြစ်သူက ရွာသားတွေဘက်ကိုကြည့်ပြီး
“ ခင်ဗျားတို့က သူ့အပင်အောက်မှာ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”
“ ရွာအတွက် ဓမ္မာရုံဆောက်ဖို့ လုပ်ထားတာပါ၊ အဓိကကတော့ ဝါတွင်းကာလမှာ တရားပွဲလုပ်ချင်တာလဲပါတာပေါ့ဗျာ”
“ ငညိုစံ…. နင်က ဓမ္မာရုံဆောက်တာကို မနှစ်သက်ဘူးလား”
“ ဟုတ်တယ် ငါမကြိုက်ဘူး၊ ဒါကြောင့် ဓမ္မာရုံဆောက်မယ့်သူတွေကိုမထနိုင်အောင် လုပ်ထားတာ”
“ ဒီလိုဆိုရင်တော့ ကျုပ်သက်ညှာမပေးနိုင်ဘူး၊ ဒါကြောင့် သင့်ကိုရွေးချယ်စရာနှစ်ခုပေးမယ်၊ တစ်ခုက ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေး နေမလား၊ တစ်ခုက ရွာကနေထွက်သွားချင်လား”
“ ငါ့အပင်မှာငါနေတာကို နင်တို့မောင်းထုတ်လို့ ရမလား၊ ရရင် မောင်းထုတ်ကြည့်လေ”
“ သင်က အခုထိ စိတ်ကြီးဝင်နေတုန်းကိုး၊ ဒီလိုဆိုတော့လဲ ကျုပ်ဘာလဲဆိုတာပြကသေးတာပေါ့”
ဆရာဖြစ်သူက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ စိုက်ကြည့်ပြီး ငညိုစံကို လက်ညိုးထိုးလိုက်ရာ အလျှံညီးညီးတောက်လောင်နေတဲ့ ကြိုးတွေတစ်ကိုယ်လုံးကိုရစ်ပတ်သွားခဲ့တယ်။
“ ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ… ဒီသကောင့်သားကို သူနေတဲ့အပင်အောက်မှာ လှုပ်မရအောင် ချုပ်နှောင်ထားကြစမ်း၊ ရိုင်းစိုင်းတဲ့စိတ်တွေ ပျောက်ပြီးအမြင်မှန်ရမှ ချုပ်ထားတာကို လွှတ်ပေးစေ” လို့အမိန့်ပြန်လိုက်ရာ မြေကြီးထဲကနေ အနီရောင်အသားအရည်ရှိတဲ့ လူနှစ်ယောက်ပေါ်လာပြီး ငညိုစံကို ခြေထောက်ကနေ တရွတ်တိုက်
ဆွဲခေါ်သွားခဲ့တယ်။
“ မောင်ကောင်း… စည်းထဲမှာရှိတဲ့သူတွေကို ရေမန်းတိုက်လိုက်ဦး”
ဆရာဖြစ်သူက မောင်ကောင်းဆိုတဲ့တပည့်ကို ရေမန်းတိုက်ဖို့ပြောပြီး ခြံအပြင်ကို ထွက်လာခဲ့လိုက်တယ်။
“ ဓမ္မာရုံဆောက်မယ့် မြေနေရာက ဘယ်သူပိုင်တာလဲ”
“ ကျွန်တော်ပိုင်တဲ့မြေပါဆရာ”
“ ဒါဆိုရင် မနက်ဖြန် မိုးလင်းတာနဲ့ ခြံထဲမှာ ပရိတ်တရားနာဖို့ လုပ်ပါ၊ တရားနာတဲ့အခါ ခြံထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေကို အမျှအတန်းပေးဖို့ မမေ့ပါနဲ့”
“ သေချာလုပ်ပါ့မယ်ဆရာ၊ အမျှအတန်းလဲ ပေးပါ့မယ်”
“ နောက်နောင် သစ်ပင်ကြီးငယ်တွေ ခုတ်တဲ့အခါ ဆိုင်ရာပုဂ္ဂိုလ်တွေဆီကနေ ခွင့်တောင်းပြီးမှ ခုတ်ပါ၊ ငါပိုင်တဲ့ခြံ ငါကြိုက်တာလုပ်နိုင်တယ်ဆိုတဲ့ အစွဲကိုလဲ ဖျောက်စေချင်တယ်။ အချို့ပုဂ္ဂိုလ်တွေက ဒီလုပ်ရပ်မျိုးကို သည်းခံကြပေမယ့် အခုလို စိတ်ရိုင်းတဲ့ပုဂ္ဂိုလ်တွေကတော့ ခွင့်မလွှတ်တတ်ကြဘူးလေ”
“ ကျွန်တော်လဲ ကောင်းတာလုပ်တဲ့အတွက် ဒါမျိုးတွေမလိုအပ်ဘူးထင်ခဲ့တာ၊ အခုတော့ အတော်ကိုကြောက်သွားပြီဆရာရယ်”
“ သင်ခန်းစာပေါ့ဗျာ… အချို့အရာတွေက မှန်တယ်ထင်တိုင်းလုပ်မရတာတွေရှိတယ်၊ ကိုယ်က ကံမြင့်နေချိန်မို့ ဘာမှမဖြစ်ပေမယ့် နိမ့်တဲ့သူတွေကတော့ မြင်တဲ့အတိုင်းဖြစ်လာတာပဲ”
“ ဒါနဲ့လေဆရာ… ဓမ္မာရုံဆောက်ပေးဖို့ပြောထားတဲ့ သူတွေ ရုတ်တရက်စကားပြောမရတဲ့ထိ ဖြစ်သွားတာကရော သူ့လက်ချက်ပဲလား”
“ အဲလိုအဖြစ်လဲရှိနေခဲ့တာလား”
“ ဟုတ်တယ်ဆရာ… ရုတ်တရက်ကြီး လင်မယားနှစ်ယောက်လုံး ပါးစပ်ရွဲ့သွားခဲ့တာ”
“ ပယောဂကြောင့်ဆိုရင်တော့ ကျုပ်တို့အခုပေးတဲ့ ရေမန်းကိုတိုက်လိုက်တာနဲ့ ချက်ချင်းပျောက်ကင်းမှာပါ”
“ ဟုတ်ကဲ့ပါဆရာ… ဆရာတို့ရောက်လာတာ ကျုပ်တို့အတွက် ဘုရားပေးတဲ့ဆုပါပဲဗျာ၊ ဆရာတို့တည်းဖို့အတွက် ရွာထဲမှာ စီစဉ်လိုက်ပါမယ်”
“ နေပါစေဗျာ ကျုပ်တို့ရွာပြင်မှာပဲ နေပါရစေ၊ ရွာပြင်မှာက ပိုအေးချမ်းပါတယ်”
“ ဆရာ… ရေမန်းတွေတိုက်ပြီးပါပြီ”
“ အေးအေး… ပိုတဲ့ရေမန်းကို ရွာသားတွေမျှယူဖို့ပေးခဲ့လိုက်ပါ”
ကိုလှသန်းလဲ သူ့ကိုကမ်းပေးတဲ့ ရေမန်းခွက်ကိုယူလိုက်ချိန်မှာတော့ ဆရာသုံးယောက်ရဲ့ ခြေလှမ်းတွေက ရွာပြင်ကို ဦးတည်ထွက်သွားခဲ့ပါတော့တယ်။
+++++++
အအေးဓါတ်က ညနက်လာတဲ့အမျှ ပိုပြီးအေးစိမ့်လာသလို မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ ခြေလှမ်းတွေကလဲ သွက်လာခဲ့တယ်။
“ အစ်ကို… ဖြစ်ပါ့မလား၊ ဆရာသိရင် ဆူခံထိနေမယ်နော်”
“ ဖြစ်ပါတယ်ကွ၊ ဆရာက အရုဏ်တက်မှ တရားဖြုတ်မှာ၊ ငါတို့သွားတာ မသိလောက်ပါဘူး”
နှစ်ယောက်သား အအေးဓါတ်ကို အံတုရင်း မရမ်းကုန်းရွာထဲကို ဝင်လာခဲ့ကြတယ်။
“ ဟိုရှေ့က ခြံထင်တယ် သွားကြည့်ရအောင်”
မောင်ကောင်းက ခြံထဲမဝင်ခင် လည်ပင်းကိုဆန့်ကြည့်လိုက်ရာ မဟော်ဂနီပင်အောက်မှာ မီးလောင်ကြိုးတွေနဲ့ ရစ်ပတ်ခံထားရတဲ့ ငညိုစံကိုမြင်လိုက်ရတယ်။
“ ဒီခြံပဲကွ… အထဲဝင်ရအောင်”
မောင်ကောင်းတို့လဲ ခြံထဲကို ခပ်သုတ်သုတ်ဝင်လာခဲ့ရာကနေ
မဟော်ဂနီပင်အောက် ရောက်တော့ ခြေလှမ်းတွေကိုရပ်လိုက်ကြတယ်။
“ ငါ့ဆရာကို မခန့်လေးစားလုပ်တဲ့ကောင် ကဲဟာ”
မောင်ကောင်းက မီးလောင်ကြိုးတွေနဲ့ တုပ်နှောင်ခံထားရတဲ့ ငညိုစံရဲ့ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။
“ အမလေး… ကြောက်ပါပြီဗျ၊ မသိလို့ပြောမိတာပါ၊ ခွင့်လွှတ်ပေးကြပါဗျာ”
“ ဘာအခုမှ ကြောက်ပါပြီလဲ ဟမ်… ခွန်းလှ မင်းလဲခေါက်စမ်း”
မောင်ကောင်း စကားကြောင့် ခွန်းလှလဲ ငညိုစံရဲ့ ခေါင်းကို ဒေါက်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။
“ အေး … အဲလိုမှပေါ့ကွ၊ နောက်ဆို ငါ့တစ်ယောက်ထဲဆူခံရမှာ၊ အခုဆို ဆူခံထိလဲ မင်းရောငါရောတူတူ ထိမှာ၊ ညီအစ်ကို ဆိုတာ အဲလိုဖြစ်နေရမယ်ကွ”
မောင်ကောင်းစကားကြောင့် ခွန်းလှမျက်နှာ ရှုံ့မဲ့သွားပြီး
“ ဒီလိုဆိုလဲ နောက်တစ်ချက်လောက် ထပ်ခေါက်လိုက်ဦးမယ်” လို့ပြောကာ ငညိုစံရဲ့ ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်ချပြီး ပြန်ထွက်လာခဲ့လိုက်တယ်။
နှစ်ယောက်သား ရယ်ရယ်မောမောနဲ့ ဇရပ်ဆီကို ပြန်လာခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ အလင်းတန်း တစ်ခုကိုမြင်လိုက်ရတယ်။
မိုးကြိုးပစ်သလို ကျဆင်းလာတဲ့ အလင်းတန်းက ဘာများဖြစ်မလဲ၊ မောင်ကောင်းနဲ့ ခွန်းလှတို့နဲ့ ဘာတွေပတ်သတ်နေမလဲဆိုတာကိုတော့ အောင်မြတ်သာနဲ့ ဝရဇိန်လက်နက်သိကြားစက်ဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)