++++++++++++++++++++++++++
အောင်မြတ်သာတို့ဆရာတပည့်တွေအနေနဲ့ အုတ်ကျောင်းမှာရှိတဲ့ ကျောင်းစောင့်သရဲကို ဆုံးမပြီးတဲ့နောက်မှာတော့ လူနေထူထပ်ပြီး စည်ကားလှတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်လာခဲ့ကြတယ်။
မြိုအဝင်မှာတော့ မြင်းလှည်းဂိတ်၊ ဆိုက်ကားဂိတ်၊ အဝေးပြေးကားဂိတ်တွေက သူ့နေရာနဲ့သူရှိနေပြီး ခရီးသွားလာရန်စောင့်ဆိုင်းနေကြတဲ့ လူအချို့ကလဲ လမ်းဘေးမှာရှိတဲ့ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ စကားစမြည်ပြောရင်း မိမိသွားလိုတဲ့ယာဉ်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
အောင်မြတ်သာကတော့ မြို့ထဲကိုမဝင်ခင် အရိပ်ရတဲ့သစ်ပင်အောက်မှာ ရပ်လိုက်ပြီး မောင်ကောင်းနဲ့ ခွန်းလှကိုဘက်လှည့်ကာ
“ ဒီအချိန်ကစပြီး ငါအပါအဝင် မင်းတို့နှစ်ယောက်လုံး အဝတ်အစားတွေ အနေအထိုင်အပြောအဆိုတွေပြင်ဖို့လိုမယ်”
“ ဘာဖြစ်လို့လဲဆရာ”
“ အကြောင်းကိစ္စတစ်ခုရှိလို့ပေါ့ မောင်ကောင်းရ၊ ဒါကြောင့် ငါတို့ရဲ့ဘဝအမှန်ကို အတိုင်းအတာတစ်ခုထိ ကွယ်ဝှက်ထားရလိမ့်မယ်”
“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ သတိထား နေထိုင်ပါ့မယ်”
“ ဒါနဲ့လေ ဆရာ… ကျွန်တော်တို့က ဒီမြို့မှာ ဘယ်လောက်ကြာကြာနေရမလဲ”
“ အချိန်ကတော့ အတိအကျပြောလို့မရသေးဘူး၊ ငါ့သိသလောက်ဆိုရင် ဒီမြို့မှာ အလွန်ကိုထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု မကြာခင်ဖြစ်ပေါ်လာလိမ့်မယ်၊ ဒါကြောင့် ငါတို့က ဒီမြို့မှာ အိမ်တစ်လုံးငှားထားရမယ် ထင်တယ်”
“ အိမ်ငှားဖို့ဆိုရင် ရှေ့က လက်ဖက်ရည်ဆိုင်မှာ စုံစမ်းကြည့်လိုက်မယ်ဆရာ၊ အဲဒီမှာက လူလဲစုံတော့ သတင်းလဲစုံမှာဗျ”
“ ဒါဖြင့် ခွန်းလှက သွားပြီး စုံစမ်းလာခဲ့လေ၊ ငါတို့ ဒီမှာပဲစောင့်နေမယ်”
အောင်မြတ်သာစကားကြောင့် ခွန်းလှက ခေါင်းညိမ့်ပြပြီး မလှမ်းမကမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ဝင်သွားခဲ့လိုက်တယ်။ ခဏနေတော့ ခွန်းလှနဲ့အတူ အသက်၄၀အရွယ် ယောင်္ကျားတစ်ယောက်ပါလာခဲ့တယ်။
“ ဆရာ… ဒီလူက သူ့အိမ်နားမှာ ငှားမယ့်အိမ်ရှိတယ် လို့ပြောတယ်”
ခွန်းလှစကားကြောင့် အောင်မြတ်သာက ပါလာတဲ့သူကိုကြည့်လိုက်ပြီး
“ အိမ်က ကျုပ်တို့သုံးယောက်နေဖို့ အဆင်ပြေပါ့မလား”
“ ပြေတာပေါ့ဗျာ… အိမ်က ဈေးနဲ့လဲနီးသလို ခြံနဲ့ဝင်းနဲ့ဆိုတော့ လွတ်လွတ်လပ်လပ်နေလို့ရပါတယ်”
“ ဒါဖြင့် ကျုပ်တို့လိုက်ကြည့်မယ်လေ”
“ ရတာပေါ့… ကျုပ်အနောက်ကလိုက်ခဲ့ကြ”
ပွဲစားဖြစ်သူက ဖော်ရွေစွာပြောပြီး လက်ဖက်ရည်ဆိုင်ဘေးမှာရှိတဲ့ လမ်းကြားထဲကို ခေါ်ဆောင်သွားခဲ့တယ်။ လမ်းကြားကနေ ဆယ်မိနစ်လောက်လျောက်သွားပြီးချိန်မှာတော့ ဈေးသည်တွေနဲ့စည်ကားနေတဲ့ အခွန်လွတ်ဈေး တစ်ခုကိုမြင်လိုက်ရပြီး ဈေးရဲ့အနောက်ဘက် လမ်းသွယ်ထဲမှာတော့ အကွက်ရိုက်ထားတဲ့ မြေအချို့နဲ့ အိမ်အချို့ကိုမြင်တွေ့လိုက်ရတယ်။
“ ဆရာတို့နေရမယ့်အိမ်က ဒီအိမ်ပဲဗျ”
အောင်မြတ်သာလဲ အိမ်ကိုကြည့်လိုက်ရာ ဆေးအနီသုတ်ထားတဲ့ ပျဉ်ထောင်၊ပျဉ်ခင်းနေအိမ်တစ်လုံးကိုမြင်လိုက်ရတယ်။
“အိမ်ကတော့ မဆိုးဘူးဗျ၊ ဒါနဲ့ အိမ်ငှားခကရော ဘယ်လောက်ပြောထားလဲ”
“ ဒါကတော့ ဆရာတို့ ညှိကြပေါ့ဗျာ၊ အိမ်ကိုသဘောကျတယ်ဆိုရင် ပိုင်ရှင်ကိုခေါ်လာခဲ့ပေးပါမယ်”
“ ဟုတ်ပြီလေ.. ကျုပ်တို့ဈေးညှိကြတာပေါ့”
အောင်မြတ်သာစကားကြောင့် အိမ်ပွဲစားက ခြံဝင်းထဲမှာခေတ္တစောင့်ခိုင်းပြီး အိမ်အပြင်ကို ထွက်သွားခဲ့လိုက်တယ်။
“ ဆရာ… အိမ်လေးကတော့ နေချင်စဖွယ်လေးပဲနော်”
“ ဟုတ်တယ်၊ နောက်ပြီး ဒီနေရာလေးက တိတ်ဆိတ်တော့ ငါတို့အတွက် ပိုကောင်းတာပေါ့”
အောင်မြတ်သာတို့ စကားပြောနေတဲ့အချိန်မှာပဲ အိမ်ပွဲစားနဲ့အတူ အသက်၆၀အရွယ် မိန်းမကြီး တစ်ယောက် ခြံထဲကိုဝင်လာခဲ့ကြတယ်။
“ ဆရာမကြီး… ဒါက ကျွန်တော်ပြောတဲ့ အိမ်ငှားတွေပဲ”
အိမ်ပွဲစားစကားကြောင့် ပိုင်ရှင်မိန်းမကြီးက အောင်မြတ်သာတို့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး
“ မောင်ရင်တို့က ဘယ်လောက်ကြာကြာ နေကြမှာလဲ”
“ အလွန်ဆုံး သုံးလလောက်ပါပဲ”
“ ဒါဆို အဆင်ပြေတယ်ကွယ့်… ကြီးမေကတော့ အိမ်ငှားခကို တစ်လ သုံးထောင်သတ်မှတ်ထားတယ်”
၁၉၉၀ခုနှစ်ကာလမှာ ရွှေတစ်ကျပ်သားမှ ၁၅၈၀၀ပဲရှိတဲ့အတွက် တစ်လသုံးထောင်ဆိုတဲ့ ပမာဏက များလွန်းနေခဲ့တယ်။ ဒါပေမယ့် အောင်မြတ်သာက စောဒကမတက်ပဲ နှစ်ရာတန်အသစ်တစ်ထပ်ကို ထုတ်ယူကာ ကမ်းပေးလိုက်ပြီး
“ ရေကြည့်လိုက်ပါဦး ကြီးမေ… စုစုပေါင်း ၄၅ရွက်ရှိပါတယ်”
ဈေးမဆစ်ပဲ ငွေချေလိုက်တာကြောင့် အိမ်ပိုင်ရှင်မိန်းမကြီးမျက်နှာ ပြုံးရွှင်သွားပြီး ငွေစက္ကူတွေကို တဖျတ်ဖျတ်နဲ့ရေတွက်နေခဲ့တယ်။
“ ပြည့်တယ်နော်… အိမ်ထဲမှာတော့ ပန်းကန်ခွက်ယောက်တွေအသင့်ပဲ၊ ကိုယ့်ပစ္စည်းလို သဘောထားပြီး စည်းကမ်းရှိရှိသုံးပေါ့”
“ ဒါတော့ စိတ်ချပါ၊ ကျုပ်တို့ကြောင့် တစ်ခုခုပျက်စီးခဲ့ရင်လည်း အစားထိုးပြန်လျော်ပေးပါမယ်”
“ အေးအေး… ဒါက အိမ်သော့နော်”
အိမ်ပိုင်ရှင်က အိမ်သော့အပ်ပြီး ထွက်သွားတဲ့ချိန် အောင်မြတ်သာတို့လဲ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
အိမ်ထဲမှာတော့ ကျောက်ဆင်းတုတစ်ဆူပါတဲ့ ဘုရားကျောင်းဆောင်တစ်ခုရှိနေပြီး ဧည့်ခန်းထဲမှာတော့ ထိုင်ခုံနှစ်ခုံးနဲ့ စားပွဲတစ်လုံး ရှိနေခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အိမ်အတွင်းအပြင်ကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ဘုရားကျောင်းဆောင်မှာ ပန်း ပူဇော်ဖို့အတွက် လမ်းထိပ်က ဈေးဘက်ကိုထွက်လာခဲ့လိုက်တယ်။
ဘုရားပန်းရောင်းတဲ့ဈေးတန်းဘက်ရောက်တော့ မေမြို့ပန်းနှစ်စည်းကိုဝယ်ပြီး ပြန်လာတဲ့အချိန် ငါးဈေးတန်းဘက်ကနေ အသံနက်ကြီးနဲ့ အော်တဲ့အသံတစ်ချက်ကိုကြားလိုက်ရတယ်။
ဒီအသံကို မောင်ကောင်းနဲ့ ခွန်းလှတို့ နှစ်ယောက်လုံး ကြားလိုက်တာကြောင့် ခေါင်းကိုလှည့်ကြည့်လိုက်ပေမယ့် ဘာမှထူးခြားတာ မတွေ့ရပေ။
“ အသံနက်ကြီးနဲ့အော်သံကြားလိုက်တယ် မဟုတ်လား”
“ ဟုတ်တယ်အစ်ကို… ကျွန်တော်လဲ ကြားလိုက်တယ်”
“ အေးနော်… ဒါပေမယ့် ဘာမှလဲထူးခြားတာ မတွေ့ဘူး၊ ဈေးထဲကလူတွေလဲ ပုံမှန်ပဲ”
“ ထားလိုက်ပါအစ်ကိုရာ… အသားစိမ်း ငါးစိမ်းတန်းဆိုတော့ မမြင်မကြားအပ်တဲ့အရာတွေ ရှိကောင်းရှိမှာပေါ့၊ ဒါနဲ့ ဈေးရောက်တုန်း ဆန်နဲ့ အသီးအရွက်အချို့ဝယ်သွားရအောင်”
“ အေး… ကောင်းသားပဲ၊ အခုထဲက ဝယ်သွားတော့ ညနေ အပြင်ထွက်စရာမလိုတော့ဘူး”
နှစ်ယောက်သား ပန်းရောင်းတဲ့နေရာကနေ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
လူသွားလူလာများလှတဲ့ ဈေးအတွင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် မတိုက်မိအောင် သတိထားသွားနေရင်း မျက်နှာချင်းဆိုင်ကနေ ဆေးပေါ့လိပ်ခဲထားတဲ့ လူတစ်ယောက် မောင်ကောင်းဆီကို တည့်တည့်တိုးဝင်လာခဲ့တယ်။
ဒါကိုမြင်တဲ့ မောင်ကောင်းက ပခုံးချင်း တိုက်မိမှာစိုးတဲ့အတွက် ခန္ဓာကိုယ်ကို ဘေးစောင်းဖယ်ပြီး ဆက်လျောက်သွားတဲ့အချိန် ဆေးပေါ့လိပ်ခဲထားတဲ့သူက လမ်းလျောက်နေတာကိုရပ်လိုက်ပြီး
“ နင် ငါ့ကိုမြင်ရတယ်မဟုတ်လား” လို့မေးကာ ပြန်လှည့်လာခဲ့တယ်။
မောင်ကောင်းလဲ မျက်လုံးကိုမသိမသာဝေ့ကြည့်လိုက်တော့ ဆေးပေါ့လိပ်ခဲထားတဲ့လူက အခြားသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်ပြီးသူတို့ဆီလာနေတာကို မြင်တွေ့လိုက်တယ်။ ဒါကြောင့် ဘေးမှာရှိနေတဲ့ ခွန်းလှကိုလက်တို့ကာ သတိပေးပြီး မျက်စပစ်ပြလိုက်ရာ ခွန်းလှကလဲ သူသတိထားမိကြောင့် ခေါင်းဆတ်ပြခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ အခြေအနေကိုရိပ်မိတာကြောင့် ရှေ့ဆက်မသွားတော့ပဲ အနားမှာရှိတဲ့ ဟင်းရွက်သည်ရှေ့မှာရပ်လိုက်ပြီး ပန်းဂေါ်ဖီတစ်ထုပ်ကိုကိုင်ကာ ဈေးလှမ်းမေးလိုက်တယ်။
ဆေးပေါ့လိပ်ခဲထားတဲ့သူက မောင်ကောင်းနဲ့ ခွန်းလှတို့ဘေးကိုရောက်တော့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားမဲမဲတွေတွန့်အောင် ရယ်လိုက်ပြီး ပန်းဂေါ်ဖီပုံမှာ ငုတ်ထုတ်ထိုင်ကာ မျက်နှာချင်းဆိုင် ပြူးကြည့်နေခဲ့တယ်။
“ အစ်မရေ… ဒီဂေါ်ဖီက ဘယ်လောက်လဲဗျ”
“ ငါးကျပ်ပဲပေး မောင်လေး…”
မောင်ကောင်းက ဆေးပေါ့လိပ်ခဲထားတဲ့သူ ထိုင်နေတဲ့အောက်က ပန်းဂေါ်ဖီတစ်ထုပ်ကို ကောက်ယူပြီး လှမ်းပေးလိုက်ချိန်မှာတော့ မျက်လုံးအပြူးသားနဲ့ကြည့်နေတဲ့ သူက ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး လူတွေကြားထဲကို တိုးဝင်ထွက်သွားခဲ့တယ်။
မောင်ကောင်းတို့လဲ အိမ်ပြန်ရောက်တာနဲ့ ဒီအဖြစ်ကို အောင်မြတ်သာဆီပြောပြရာ
“ မင်းတို့ သူ့ကိုမြင်ရတယ်ဆိုတာ သိသွားသေးလား”
“ မသိဘူးဆရာ… ကျွန်တော်တို့လဲ မမြင်ချင်ယောင် ဆောင်ပြီး သာမန်လူတွေအတိုင်းပဲနေလိုက်တယ်”
“ နှစ်ယောက်လုံး တော်တယ်၊ မင်းတို့သာ သူ့ကိုမြင်ရတဲ့ပုံစံပြခဲ့ရင် ငါတို့ဒီမြို့ကိုလာတာ အချည်းနှီးဖြစ်ပြီ”
“ ကျွန်တော်တို့က ဆရာမြို့အဝင်မှာ ပြောတဲ့စကားကိုသတိရပြီး မမြင်ချင်ယောင် ဆောင်နေခဲ့တာ၊ တကယ်လို့လေ.. သူ့ကိုမြင်တဲ့အရိပ်အယောင်ပြလိုက်ရင် ဘာတွေဖြစ်လာနိုင်လဲဆရာ”
“ ငါတို့မှာအမြင်ရှိကြောင်း သိသွားပြီး ရှေ့လုပ်ငန်းစဉ်တွေမှာ အနှောက်အယှက်ဖြစ်လာနိုင်တယ်”
“ ကျွန်တော်တွေးမိသလောက်ဆိုရင် ဒီကောင်က ဈေးစောင့်ဖြစ်ဖို့များတယ်၊ ကျွန်တော်တို့ကြားရတဲ့ အသံနက်ကြီးကလဲ ဒင်းပဲဖြစ်မှာ”
“ ညနေကျရင် မြို့တစ်ပတ်လမ်းလျောက်ထွက်ကြတာပေါ့၊ အဲဒီအခါ ဘယ်သူက ဘာဆိုတာသိရလိမ့်မယ်”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှတို့ကိုပြောပြီး
ဝယ်လာတဲ့ ဘုရားပန်းကိုယူကာ အိမ်နောက်ဖေးဘက်ကို ထွက်သွားခဲ့လိုက်တယ်။
++++++
ညနေစောင်းရောက်တော့ အိမ်တံခါးကိုသော့ပိတ်ပြီး လမ်းလျောက်ရန်ထွက်လာတဲ့အချိန် ဈေးအရှေ့က အမှိုက်ပုံပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။
“ ဆရာ… ဈေးမှာတွေ့ခဲ့တာ အဲဒီကောင်ပဲ”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက မျက်လုံးကိုဝေ့ကြည့်ပြီး မသိချင်ယောင်ဆောင်ကာ လျောက်သွားခဲ့လိုက်တယ်။
အခွန်လွတ်ဈေးအကျော်ကိုရောက်တော့ ဆိုက်ကားဂိတ်တစ်ခုကိုတွေ့ရပြီး ဂိတ်ထဲမှာတော့ ဆိုက်ကားသမားအချို့ ကျားကွက်ထိုးနေတာမြင်လိုက်ရတယ်။
“ မောင်ကောင်း… ဆိုက်ကားဂိတ်ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ”
“ လေးယောက်လေဆရာ”
“ မဟုတ်ဘူး… သုံးယောက်ပဲရှိတယ်၊ သောက်ရေအိုးစင်ဘေးမှာထိုင်ကြည့်နေတဲ့သူက လူမဟုတ်ဘူး”
အောင်မြတ်သာစကားကြောင့် မောင်ကောင်း သေချာကြည့်လိုက်ရာ သောက်ရေအိုးစင်ဘေးမှာ ထိုင်နေတဲ့ လူရဲ့ခန္ဓာကိုယ်က အခြားသူတွေလို မဟုတ်ပဲ ခပ်ဖျော့ဖျော့ဖြစ်နေတာကို သတိထားမိလိုက်တယ်။
“ ဆရာ…ဒီမကျွတ်မလွတ်တဲ့သူတွေနဲ့ ကျွန်တော်တို့နဲ့ဘယ်လိုပတ်သတ်နေတာလဲ”
“ ဘာကြောင့် ဒီမေးခွန်းမေးတာလဲ မောင်ကောင်း”
“ နာနာဘာဝတွေအများကြီးရှိတဲ့ထဲမှ ကျွန်တော်တို့က သူတို့နှစ်ယောက်ကို အမြင်မဖွင့်ပဲ မြင်နေရလို့မေးကြည့်တာပါ”
“ အကျိုးရှိလို့ အကြောင်းဖြစ်လာတာပေါ့ကွာ၊ ကဲ မြို့ပြင်ဘက် နည်းနည်းထပ်သွားရအောင်”
အောင်မြတ်သာတို့ မြို့ပြင်ဘက်ရောက်တော့ ညှီစို့စို့ အသားစိမ်းနံ့က နှာခေါင်းထဲကို စူးဝင်လာခဲ့တယ်။
“ အမဲသားစိမ်းနံ့ ရတယ်ဆရာ”
“ ဟုတ်တယ် ငါလဲ အနံ့ရတယ်”
အောင်မြတ်သာက မျက်မှောင်ကျုံ့ပြီး ဟိုဟိုဒီဒီလိုက်ကြည့်လိုက်ရာ လမ်းလေးခွဆုံတဲ့ ရေမြောင်းထဲမှာ ငှက်ပျောဖက်နဲ့ ပုံထားတဲ့ အမဲသားတစ်တုံး၊ ထမင်းဖြူ၊ ထမင်းဝါ၊ ထမင်းနီ အလုံးလေးတွေကိုမြင်တွေ့လိုက်ရတယ်။
“ ညနေစောင်းမှာ ရွာစာချထားတာဆိုတော့ ဒီညတော့ မြို့ထဲမှာ တစ်ခုခုထူးတော့မယ် ထင်တယ်”
“ ဘာအကြောင်းပဲဖြစ်ဖြစ် မင်းတို့ဝင်မပါကြနဲ့ဦး၊ ကြားလား”
“ ဟုတ်ကဲ့ပါဆရာ… ဆရာခွင့်မပြုပဲ ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး”
အောင်မြတ်သာတို့လဲ မြို့ပြင်ကနေ ပြန်လာခဲ့ရာ ညီအစ်ကိုမသိတသိအချိန်မှ အိမ်ကိုပြန်ရောက်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ဆရာတပည့်သုံးယောက် ကိုယ်လက်သန့်စင်ပြီး ထိုင်နေတဲ့အချိန် မိန်းမတစ်ယောက် ဟီးဟီးဟားဟားရယ်မောပြီး အိမ်ရှေ့ကနေ ဖြတ်ပြေးသွားတဲ့အသံကိုကြားလိုက်ရတယ်။
မကြာခင်အချိန်အတွင်း ခြေရင်းနှစ်အိမ်ကျော်ကနေ ကလေးတစ်ယောက် စူးစူးဝါးဝါးငိုပါလေရော။ ကလေးငိုသံက အဆက်မပြတ်ထွက်ပေါ် လာတာကြောင့် မောင်ကောင်းက လှမ်းကြည့်လိုက်ရာ အဲဒီအိမ်ရှေ့မှာ မိန်းမတစ်ယောက် ဆံပင်ဖားလျားချပြီး ရပ်နေတာမြင်လိုက်ရတယ်။
“ ဒီမြို့က ဘာလဲဆရာ… နေရာတိုင်းမှာ သရဲတစ္ဆေတွေကြီးပါပဲလား”
“ စားရမှန်းသိလို့ လုပ်နေကြတာလေ၊ မကြာခင် ကလေးငိုတာရပ်သွားပါလိမ့်မယ် ကြည့်နေလိုက်”
အောင်မြတ်သာစကားအဆုံးမှာပင် ကလေးငိုနေတဲ့အိမ်က လူတစ်ယောက် စလောင်းဖုံးထဲမှာ ထမင်း၊ဟင်းအချို့ထည့်ပြီး ဆင်းလာတာမြင်လိုက်ရတယ်။
အိမ်ပေါ်ကဆင်းလာတဲ့လူက စလောင်းဖုံးကို လမ်းမပေါ်မှာချပြီး ဖယောင်းတိုင်တစ်တိုင်ကို ထွန်းကာ အိမ်ပေါ်ပြန်တက်သွားခဲ့တယ်။
ထူးဆန်းတာက ထိုသူအိမ်ပေါ်မရောက်ခင်မှာပဲ ငိုနေတဲ့ကလေးက ချက်ချင်းဆိုသလိုတိတ်သွားခဲ့တာပဲ။ အောင်မြတ်သာတို့လဲ စလောင်းဖုံးချထားတဲ့ နေရာကိုကြည့်လိုက်တဲ့အချိန် အိမ်ရှေ့မှာရပ်နေတဲ့ မိန်းမက စလောင်းဖုံးကိုခွထိုင်ပြီး ထမင်းနဲ့ဟင်းကို လက်နှစ်ဖက်နဲ့ကြုံးစားနေတာမြင်လိုက်ရတယ်။
“ ဆရာ… ဒီမကောင်းဆိုးဝါးတွေက ကလေးကို ငိုအောင်ခြောက်လှန့်ပြီး အစားအသောက်တွေ တောင်းစားနေတာပဲ”
“ ဟုတ်တယ် မောင်ကောင်း… မကောင်းဆိုးဝါးတွေက ကလေးငိုရင် အခုလိုစားသောက်ရမယ်ဆိုတာသိလို့ နည်းအမျိုးမျိုးနဲ့ခြောက်လှန့်နေကြတာပဲ”
“ ဆရာတော့မသိဘူးဗျာ… ကျွန်တော်တော့ လက်တော်တော်ယားနေပြီ”
“ စိတ်လျော့ပါဦး… ငါတို့လိုချင်တဲ့အခြေအနေကို မရောက်သေးတာမို့ ဘာမှစိတ်လိုက်မာန်ပါမလုပ်မိစေနဲ့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပြူတင်းပေါက်မှာရပ်ကာ ခပ်ဝေးဝေးကို ငေးကြည့်နေခဲ့လိုက်တယ်။
++++++
ညက တစ်ဖြေးဖြေး နက်လာတာနဲ့အမျှ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်ငြိမ်သက်လာခဲ့သလို အောင်မြတ်သာတို့ကလဲ ဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီး အင်းစမတွေကို စိတ်နှစ်ကာ ရေးဆွဲနေခဲ့ကြတယ်။
အင်းကွက်တွေရေးဆွဲပြီးလို့ မီးရှို့ပြာချကာ သောက်မလို့ လုပ်နေတဲ့အချိန် ခြံစည်းရိုးထဲကို ခုန်ချလာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတာကြောင့် ဆရာတပည့်သုံးယောက် အင်းပြာကို ကမန်းကတမ်းသောက်လိုက်ပြီး အသံကြားတဲ့ ဘက်ကိုနားစွင့်နေခဲ့ကြတယ်။
ခြေသံက အိမ်လှေကားရင်းထိရောက်လာပြီးကာမှ ရုတ်တရက်ပျောက်သွားတာကြောင့် သုံးယောက်သားအချင်းချင်းကြည့်လိုက်ပြီး အိမ်တံခါးကို အသာဖွင့်လိုက်တဲ့အချိန် မျက်နှာကိုအဝတ်စည်းထားတဲ့ လူသုံးယောက် ဝုန်းဆိုပြေးဝင်လာပြီး အောင်မြတ်သာရဲ့ ရင်ညွန့်ကို ကန်ချလိုက်တယ်။
ပြင်းထန်လှတဲ့ ခြေကန်ချက်ကြောင့် အောင်မြတ်သာ အနောက်ကိုလန်ကျသွားချိန်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ လည်ပင်းဆီကို အေးစက်စက်မာကျောကျောအရာတစ်ခု ကျလာခဲ့တယ်။
“ငြိမ်ငြိမ်နေစမ်း၊ အသံထွက်ရင် အသေသတ်ပစ်မယ်”
ခပ်အုပ်အုပ်ထွက်လာတဲ့အသံကြောင့် အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို ငြိမ်ငြိမ်နေဖို့ အချက်ပြလိုက်ပြီး ယိုင်လဲကျနေတဲ့ ခန္ဓာကိုယ်ကို တည့်မတ်ကာ ပြန်ထိုင်လိုက်တယ်။
“ မင်းတို့ ဘာလိုချင်လို့ ဒီလိုလုပ်တာလဲ”
“ မင်းတို့ဆီမှာ ပါလာတဲ့ ငွေတွေ အကုန်ထုတ်စမ်း”
“ ကျုပ်တို့မှာ စားသောက်ရုံလောက်ပဲပါပါတယ်၊ မယုံရင် တစ်အိမ်လုံး စိတ်ကြိုက်ရှာကြပါ”
“ အပိုတွေပြောမနေနဲ့… ဟေ့ကောင်တွေ တစ်အိမ်လုံးအနှံ့ရှာကြစမ်း”
ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် ကျန်လူနှစ်ယောက်က အောင်မြတ်သာတို့ရဲ့ လက်တွေကို ကြိုးတုပ်လိုက်ပြီး တစ်အိမ်လုံးကို ပိုက်စိပ်တိုက်ရှာပါလေရော။
“ ဘာတွေ့လဲကွ”
“ ငွေအကြွေအချို့ပဲတွေ့တယ်”
“ မဖြစ်နိုင်ဘူး… ဒီကောင်တွေမှာ ပိုက်ဆံအထပ်လိုက်ပါတယ်ဆိုတဲ့သတင်း ငါကြားထားတယ်”
ခေါင်းဆောင်ဖြစ်တဲ့လူက စိတ်မရှည်တဲ့ဟန်နဲ့ အောင်မြတ်သာရဲ့ သျှောင်ထုံးကိုဆွဲပြီး မျက်နှာကို လက်ပြန်ရိုက်ချလိုက်တယ်။
“ ဖြောင်း”
“ ခွပ်”
ပြင်းထန်လှတဲ့ အရှိန်ကြောင့် အောင်မြတ်သာရဲ့ နှုတ်ခမ်းဖျားကနေ ရဲရဲနီနေတဲ့သွေးအချို့ကျဆင်းလာခဲ့သလို မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ အသားတွေလဲ တစ်ဆတ်ဆတ်တုန်လာခဲ့တယ်။
“ အောင်မာ… မင်းတို့က ပြန်အာခံချင်တယ်ပေါ့လေ”
မောင်ကောင်းနဲ့ ခွန်းလှတို့ကို ဓါးနဲ့ထောက်ထားတဲ့ လူနှစ်ယောက်က မကျေမချမ်းရေရွတ်လိုက်ပြီး ဇက်ပိုးကို လက်ဝါးစောင်းနဲ့ ခုတ်ချလိုက်တယ်။
ပြင်းထန်လှတဲ့အရှိန်ကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ ဦးခေါင်းငိုက်စိုက်ကျကာ သတိလစ်သွားခဲ့တယ်။
“ ဟေ့ကောင်… ငါတို့ထင်တာမှားနေပြီထင်တယ်”
“ အေး… ငါလဲ မင်းလိုပဲထင်တယ်ကွ”
“ ဘယ်လိုဖြစ်ဖြစ်… ရှိတာယူပြီး ပြန်ကြရအောင်”
မျက်နှာအဝတ်အုပ်ထားတဲ့လူသုံးယောက်က လွယ်အိတ်ထဲမှာ ရှိနေတဲ့ ငွေအချို့ကိုယူကာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့ကြတယ်။
အဲဒီအချိန် အိမ်ထုပ်တန်းပေါ်ကနေ တောင်ရှည်ပုဆိုးကိုခါးတောင်းကျိုက်ထားတဲ့ လူနှစ်ယောက်ခုန်ဆင်းလာပြီး တောက်တစ်ချက်ခတ်ကာ အောင်မြတ်သာရဲ့ လက်မှာချည်ထားတဲ့ကြိုးတွေကို ဖြုတ်ပေးလိုက်ကြတယ်။
“ ခုနက ဆရာ ဘာလို့ ကျုပ်တို့ ဆင်းမရအောင် ပိတ်ထားတာလဲ”
မောင်ကောင်းနဲ့ ခွန်းလှတို့ကိုချည်ထားတဲ့ ကြိုးတွေကို ဖြုတ်ပေးနေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ မကျေမချမ်းအသံကြောင့် အောင်မြတ်သာက မထီတဲ့အပြုံးလေးပြုံးပြီး
“ မင်းတို့ဆင်းလာရင် ငါတို့ဘယ်လိုလူဆိုတာ သူတို့သိသွားမှာလေ၊ ဒါကြောင့် စိတ်ထဲကနေ အမိန့်ပေးပြီး တားလိုက်တာ၊ ကဲ အခု ကျုပ်တို့လဲ ဘာမှမဖြစ်တာမို့ သင်တို့လဲ ကိုယ့်ဗိမ္ဗာန်ကိုယ် ပြန်လို့ရပါပြီ” လို့ပြောလိုက်တော့ တောင်ရှည်ပုဆိုး ဝတ်ထားတဲ့ပုဂ္ဂိုလ်နှစ်ယောက်က အရိုအသေပေးကာ ပျောက်ကွယ်သွားခဲ့တယ်။
“ ဆရာ… ဒီကောင်တွေက ဓါးမြတွေတော့ မဖြစ်နိုင်ဘူး”
“ ဘာဖြစ်လို့ အခုလိုတွေးတာလဲ မောင်ကောင်းရ”
“ ဓါးမြတွေဆိုရင် လွယ်အိတ်ကိုသွန်ချတဲ့အချိန် ပိုက်ဆံတွေရော အင်းဆွဲထားတဲ့စက္ကူတွေပါ မြင်ရမှာလေ၊ အခုက ပိုက်ဆံတွေကိုပဲ မြင်တဲ့ပုံစံဖြစ်နေတယ်”
“ ဟုတ်တယ်ဆရာ… သူတို့ပုံစံကြည့်ရတာ တစ်မျိုးပဲ”
“ ငါ့စိတ်ထင်အရပြောရရင် ဒီလူတွေကို ခိုင်းစေတဲ့သူက ငါတို့ရှာနေတဲ့သူပဲ”
“ ဆရာ ဒီမြို့ကိုလာတယ်ဆိုတာက ဒီအချက်ကြောင့်ပဲလား”
“ ဟုတ်တယ်မောင်ကောင်း… ဒီမြို့မှာ အနေအထိုင် အလွန်သိုဝှက်တဲ့ အဆင့်မြင့်ပညာသည် တစ်ယောက် ရှိတယ်ဆိုတဲ့သတင်းကို ကြားနေတာကြာပြီ၊ အထက်ဆရာတွေကလဲ သူ့ကိုဆုံးမဖို့ လူအတော်များများကို ရွေးချယ်ခဲ့ဖူးပေမယ့် ဘယ်သူမှ သူ့ကိုရှာလို့ မတွေ့ခဲ့ကြဘူး”
“ ဘာလို့မတွေ့တာလဲဆရာ”
“ ဆရာတွေ ဒီမြို့ထဲဝင်လာရင် သူက ရှောင်ပြေးတတ်လို့ပဲ၊ ဒါကြောင့် မြို့ထဲမဝင်ခင်ထဲက ငါတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစောင့်တွေကို ခေတ္တဖယ်ထုတ်ထားခဲ့တာ”
“ ဒါကြောင့် ဆရာက မြင်တာကို မမြင်ချင်ယောင် ဆောင်ခိုင်းခဲ့တာကိုး”
“ ဟုတ်တယ် မောင်ကောင်း၊ သူ့ဘက်က ငါတို့မှာ ပညာစွမ်းရှိမရှိသိဖို့ တစ်နည်းနည်းနဲ့ စမ်းသပ်မယ် ဆိုတာ ရိပ်မိတယ်၊ အခုတော့ ငါထင်သလို ဖြစ်လာခဲ့ပြီ”
“ သူ့ဘက်က ကျွန်တော်တို့ကို တစ်ထစ်ချယုံကြည်မယ်လို့ ထင်လားဆရာ”
“ ဒီကောင်က လူပါးတစ်ယောက်မို့ အလုံးစုံတော့ ယုံမှာမဟုတ်သေးဘူး၊ ဒါကြောင့် ငါတို့က သူယုံအောင်လုပ်ရလိမ့်မယ်”
“ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆရာ”
“ မင်းတို့နှစ်ယောက်လုံး မနက်ဖြန် မနက်ရောက်တာနဲ့ ဈေးထဲကနေ ဟင်းရွက်တွေဝယ်ပြီး မြို့ထဲလှည့်ရောင်းရမယ်”
“ဗျာ… ကျွန်တော်တို့ နှစ်ယောက်က ဈေးရောင်းရမယ် ဟုတ်လားဆရာ”
“ ဟုတ်တယ်… မင်းတို့နှစ်ယောက် တစ်မြို့လုံး နေရာလပ်မရှိအောင်သွားပြီး ဈေးရောင်းရမယ်၊ ဒါမှသာ ငါတို့က သာမန်လက်လုပ်လက်စားသူတွေ လို့ တစ်မြို့လုံးထင်ကြလိမ့်မယ်၊ နားလည်အောင် ပြောရရင် သူ့ဘက်က ငါတို့ကို သာမန်လူတွေလို့ထင်မှ သူ့ပညာဗူးကို အသုံးချလာမှာ”
“ ဆရာပြောတဲ့ပုံအရ အခုရှာနေတဲ့လူက ပညာဗူးကို ခန္ဓာကိုယ်ထဲမှာ မထားပဲ လိုအပ်တဲ့ချိန်မှ ပညာဗူးသွင်းပြီး ပြုစားတတ်တဲ့ ပညာသည်လား”
“ ဟုတ်တယ် မောင်ကောင်း၊ ဒါကြောင့် သူ့ကိုအခုချိန်ထိ ဘယ်သူမှ မရိပ်မိသေးတာပဲ”
“ ကျွန်တော်ကြားဖူးတာကတော့ ဒီလိုပညာသည်တွေ ပြုစားရင် ဘယ်ဆရာမှ ကုလို့မမှီဘူးဆို”
“ ဒီလိုပညာသည်တွေက သူ့ပညာစွမ်းကို ကျော်လွန်တဲ့ဆရာတွေမရှိမှသာ ပြုစားတတ်ကြတာလေ၊ ရှိတဲ့ဆရာတွေကလဲ သူ့ပညာကိုမကျော်လွန်နိုင်တော့ သူ့စိတ်ကြိုက် လိုသလိုနှိပ်စက်တော့တာပဲ၊ ဒါကြောင့် ငါတို့က သူထွက်လာဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရလိမ့်မယ်”
“ ကျွန်တော်တို့ နားလည်ပြီဆရာ…”
“ ညလဲနက်နေပြီဆိုတော့ အနားယူလိုက်ကြဦး၊ မနက်ကျရင် တစ်ဝမ်းတစ်ခါးအတွက် ဈေးရောင်းထွက်ကြတာပေါ့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ သဘောကျစွာရယ်လိုက်ကြပါ တော့တယ်။
+++++++
မနက်ဝေလီဝေလင်းအချိန်ရောက်တော့ မောင်ကောင်းနဲ့ ခွန်းလှတို့ နိုးလာပြီး ဟင်းသီးဟင်းရွက်တွေယူရန် ဈေးဘက်ကို ထွက်လာခဲ့လိုက်တယ်။ ဈေးထဲရောက်တော့ ရွာကနေတက်လာတဲ့ ဟင်းရွက်သည်တွေဆီကနေ အသီးအရွက်တွေဝယ်နေတဲ့အချိန် လက်တွန်းလှည်း တစ်စီးကို တွန်းပြီးလာနေတဲ့ ဆရာဖြစ်သူကို မြင်တွေ့လိုက်ရတယ်။
“ ဆရာ… ဒီလက်တွန်းလှည်းက အိမ်အောက်မှာရှိတဲ့ လှည်းမဟုတ်လား”
“ အေး ဟုတ်တယ်လေ… မင်းတို့ ဈေးရောင်းတဲ့အခါ လက်တွန်းလှည်းနဲ့မှ အဆင်ပြေမှာပေါ့၊ ဘာလဲ ဟင်းသီးဟင်းရွက်တွေကို ခေါင်းပေါ်ရွက်ရောင်းချင်လို့လား”
“ မဟုတ်ဘူးလေဆရာ… ဟင်းရွက်ရောင်းတာက အဖြစ်သဘောရောင်းခိုင်းတာမဟုတ်ဘူးလား”
“ ဒီနေ့ကစပြီး ဟင်းရွက်တွေ အားလုံးကုန်မှ အိမ်ပြန်လာရမယ်၊ မင်းတို့ရောင်းရမယ့် ကုန်စိမ်းတွေကို ငါကိုယ်တိုင်ဝယ်ဖြည့်ပေးမယ်”
အောင်မြတ်သာက ဖျင်ကြမ်းလုံချည်ကို ခပ်တိုတိုဝတ်လိုက်ပြီး တောဈေးသည်တွေဘက်ကို ထွက်သွားခဲ့တယ်။
အဲဒီနေ့ကစပြီး မောင်ကောင်းနဲ့ ခွန်းလှတို့လဲ နေ့ချင်းညချင်း ဟင်းရွက်ရောင်းတဲ့သူအဖြစ်ပြောင်းသွားခဲ့သလို အောင်မြတ်သာကလဲ ဈေးထဲမှာ ဟင်းသီးဟင်းရွက် ဝယ်သူအဖြစ်ပြောင်းလဲသွားပါတော့တယ်။
မနက်အရုဏ်တက်ချိန်ကနေ နေဝင်ရီတရောအချိန်ထိ လက်တွန်းလှည်းတစ်စီးကို တွန်းပြီး မြို့ပတ်နေကြတဲ့ မောင်ကောင်းနဲ့ ခွန်းလှကို မြို့ခံတွေက လှည်းတွန်းညီနောင်လို့ နာမည်ပေးခဲ့ကြတယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတဲ့အချိန်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ မရောက်ဖူးတဲ့နေရာဆိုတာ မရှိသလောက်ဖြစ်လာပြီး လူအတော်များများနဲ့လဲ သိကျွမ်းလာခဲ့တယ်။
အဲဒီထဲကမှ ဒေါ်မေနွဲ့ဆိုတဲ့ မိန်းမကြီးကို မောင်ကောင်းနဲ့ ခွန်းလှတို့ ပိုပြီးခင်မင်ခဲ့ကြတယ်။
“ အမေကြီး… ဒီနေ့ ဘာချက်လဲဗျို့”
အိမ်ရှေ့ကနေ လှမ်းအော်လိုက်တဲ့အသံကြောင့် အထဲကနေ အသက်ခြောက်ဆယ်အရွယ်မိန်းမ တစ်ယောက်ထွက်လာပြီး
“ ဘာမှမချက်ဘူး သားရေ… မနေ့က ဘဲဥဟင်းကျန်တာနဲ့ပဲစားမလို့”
“ ဟင်းအကျန်တော့ မစားနဲ့လေဗျာ… ဒီမှာ အာလူးတွေပါတယ်၊ အမေကြီး သား လစာပို့မှ ပေါင်းပေးလို့ရပါတယ်”
မောင်ကောင်းက လှည်းပေါ်ပါလာတဲ့ အာလူးတွေကို အိတ်ထဲထည့်ပြီး ကမ်းပေးလိုက်တယ်။
“ မင်းတို့လဲ အမေကြီးကို ဟိုပေးဒီပေးနဲ့ အမြတ်တောင်ကျန်ပါ့မလား”
“ ဒီလောက်ကတော့ အရင်းမပြုတ်ပါဘူးဗျာ၊ ဟူး… ဒီနေ့မှ နေကလဲပူလိုက်တာ”
မောင်ကောင်းက လှည်းကို ဒေါ်မေနွဲ့ ခြံထဲမှာထိုးထည့်ပြီး လှေကားရင်းမှာ ထိုင်ချလိုက်တယ်။
“ ကောင်လေးတွေ မောရင် ရေသောက်ပြီး နားလိုက်ဦးလေ၊ ဒါနဲ့ ထမင်းရော စားပြီးပြီလား”
“ စားပြီးပြီဗျ… ခဏနေ ရေကန်ချောင်ဘက် ပတ်ရဦးမယ်မို့ အကြာကြီးမနားတော့ဘူး အမေကြီးရေ”
နှစ်ယောက်သား ခေတ္တအနားယူပြီး လက်တွန်းလှည်းကို တွန်းကာ ရေကန်ချောင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ရေကန်ချောင်ဆိုတာက အခြေခံလူတန်းစားတွေ အများဆုံးနေတဲ့ရပ်ကွက်ဖြစ်ပြီး ရပ်ကွက်နေလူတွေကလဲ မောင်ကောင်းတို့ ဟင်းရွက်လှည်းလာတာကိုမျှော်နေတတ်ကြတယ်။
“ ဝေ့ မရင်စန်း ဟိုနေ့က ကန်စွန်းရွက် သုံးစည်းဖိုး အကြွေးမပေးသေးဘူးလား”
“ နင့်အစ်ကို ဆိုက်ကားမထွက်နိုင်လို့ပါ အကြီးကောင်ရယ်… ထွက်တာနဲ့ပေးပါ့မယ်”
“ ပြောလိုက်ရင် ဒီလိုကြီးပဲ… ဒီနေ့လဲ အကြွေးပဲလား”
“ ဟဲဟဲ … နင့်တူမလေးတွေ ထမင်းမစားရသေးလို့ပါအေ၊ နောက်ရက် သေချာပေါက်ပေးပါ့မယ်”
“ အကြွေးမပေးနိုင်လို့ကတော့ အိမ်ကိုသိမ်းမှာနော်၊ နောက်မှ ကျုပ်တို့ကို ချစ်တီးထက်ဆိုးတယ် မလုပ်နဲ့ ဟက်ဟက်”
မောင်ကောင်းက ပြောင်စပ်စပ်လုပ်ရင်း ကန်စွန်းရွက်သုံးစီးကို ကမ်းပေးလိုက်တယ်။
“ အကြီးကောင်ရေ… အဒေါ်ကို အာလူး ငါးဆယ်သားလောက် ထည့်ပေးပါဦး၊ ဒါက အရင်လက်ကျန်အကြွေးနော်”
“ အာလူးဖိုးရောဗျ”
“ အာလူးဖိုးက နောက်ရက်မှ ပေးမယ်လေ၊ လုပ်ပါ အကြီးကောင်ရယ်.. ဒီရက်ပိုင်း အလုပ်တွေအဆင်မပြေသေးလို့ပါ”
“ ဒေါ်မဲလုံးကတော့ လုပ်ပြီဗျာ… အရင်အကြွေးပေးပြီး အာလူးကို အကြွေးထပ်ယူတော့ ဘယ်တော့မှ ကျေတော့မလဲဗျ”
မောင်ကောင်းက ဗျစ်တောက်ဗျစ်တောက်လုပ်ရင်း အာလူးငါးဆယ်သားချိန်ရင်း ကမ်းပေးလိုက်တယ်။ ဒီမြင်ကွင်းကို မလှမ်းမကမ်းကနေ ကြည့်နေတဲ့ လူသုံးယောက်က သက်ပြင်းကိုယ်စီချလိုက်ပြီး
“ ဖိုးတာ… ဒီကောင်တွေက စိတ်ရင်းတော့ ကောင်းသားပဲ”
“ ဒီကောင်တွေက သာမန်ပါပဲလို့ ငါပြောတာပဲ၊ မင်းတို့မှမယုံတာ”
“ ငါမယုံတာ မဟုတ်ဘူးကွ၊ ဟိုလူကြီးက မယုံတာ”
“ ဘယ်လူကြီးလဲ… မင်းကိုခိုင်းတာ အထီးလား အမလားသေချာရောသိလို့လား”
“ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ်ကွာ… ငါ့စိတ်ထင်ရာကိုပြောပြတာ”
“ အဲဒီနေ့က ငါလဲ လက်ဆနည်းနည်းပြင်းသွားတယ်ကွ”
“ ပြီးခဲ့တာလဲပြီးပြီ… အစမဖော်နဲ့တော့ ခဏနေ မြင်းလှည်းဂိတ်သွားဖို့ ဇက်ကြိုးချည်ကြဦး”
ဖိုးတာစကားကြောင့် ကျန်တဲ့လူနှစ်ယောက်လဲ ထိုင်ရာကနေထပြီး အိမ်အောက်မှာရှိနေတဲ့ မြင်းသုံးကောင်ကို အိမ်ပြင်ဆွဲထုတ်လာခဲ့ လိုက်တယ်။
“ ဗျို့ ကိုကြီးဖိုးတာ… မြင်းလှည်းထွက်တော့မလို့လား”
“ အေးကွ… မင်းတို့ရော ဈေးရောင်းကောင်းရဲ့လား”
“ ဈေးရောင်းကောင်းတာတော့ ပြောမနေနဲ့တော့ မနက်ဖြန် အရင်းမပြုတ်ရင်ကံကောင်းဗျို့”
မောင်ကောင်းက မထိတထိရိသဲ့သဲ့ပြောလိုက်တာကြောင့် ဖိုးတာ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
“ မင်းတို့အရင်းပြုတ်ရင် ဒီကလူတွေ အာဟာရ ပြတ်သွားမယ်ဟေ့”လို့ ပြောကာ မြင်းလှည်းဆင်နေခဲ့လိုက်တယ်။
+++++++++
လပြည့်ညဖြစ်တဲ့အတွက် အလင်းရောင်က ခြံဝင်းတစ်ခုလုံးပေါ်ကို ဖြာကျနေခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာ၊ မောင်ကောင်းနဲ့ ခွန်းလှတို့ ဘုရားကျောင်းဆောင်အရှေ့မှာ ငြိမ်သက်စွာထိုင်နေရင်း တစ်စုံတစ်ခုကို အာရုံစိုက်နားထောင်နေခဲ့ကြတယ်။
အချိန်တစ်ချက်ထိုးလောက်အရောက်မှာတော့ ကျယ်လောင်တဲ့ ငှက်ဆိုးထိုးသံတစ်ချက်နဲ့အတူ သစ်ရွက်လှုပ်ခတ်သံတွေကိုကြားလိုက်ရတယ်။
“ သူ့ပညာဗူး ပြန်သွင်းပြီထင်တယ်ဆရာ”
“ ဖြစ်နိုင်တယ်… ဒီညက လပြည့်ညဆိုတော့ ပညာဗူးသွင်းလို့အကောင်းဆုံးအချိန်ပဲ၊ ဒီရက်ပိုင်းအတွင်း မြို့ထဲမှာ ထူးခြားမှုတွေ ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်”
“ မနက်က ကျွန်တော်မြင်တာနဲ့ တိုက်ဆိုင်နေမလားမသိဘူး”
“ မင်းက ဘာမြင်လို့လဲ ခွန်းလှ”
“ အရင်က ဈေးထဲမှာ ဆေးပေါ့လိပ်ခဲပြီး လျောက်သွားတတ်တဲ့ ဈေးစောင့်ကြီးက ဒီမနက် ရေမြောင်းထဲမှာ တုန်တုန်ရီရီနဲ့ပုန်းနေတာမြင်ခဲ့ ရတယ်ဆရာ”
“ သူတို့က ဒီမြို့မှာရှိနေတာကြာပြီဆိုတော့ ထူးခြားမှုရဲ့အငွေ့အသက်ကိုခံစားမိတာလဲဖြစ်နိုင်တယ်၊ မနက်ဖြန်ကစပြီး သတိဝိရိယနဲ့ နေကြဦး”
“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့သတိထားပါ့မယ်”
မောင်ကောင်းနဲ့ ခွန်းလှလဲ ဆရာဖြစ်သူရဲ့ တပ်လှန့်မှုကြောင့် အရင်ကထက်ပိုပြီး သတိထားရတော့မယ်ဆိုတဲ့အသိက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပါတော့တယ်။
++++++
ဒီလိုနဲ့ လပြည့်ကျော်သုံးရက်နေ့အရောက်မှာတော့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ လူတွေက မြို့လယ်က ခြံဝင်းကြီးထဲမှာ လှုပ်ရှားသွားလာနေတာမြင်တွေ့လိုက်ရတယ်။
မကြာခင်အချိန်အတွင်း မြို့အဝင်လမ်းကနေ SEကားတွေတန်းစီပြီးဝင်လာတာကြောင့် မောင်ကောင်းတို့လဲ လက်တွန်းလှည်းကို ဘေးချပြီး ရပ်ကြည့်နေခဲ့လိုက်တယ်။
အဲဒီအချိန် ဘေးနားကိုမြင်းလှည်းတစ်စီး ရောက်လာတာကြောင့် လှည့်ကြည့်လိုက်ရာ ကိုဖိုးတာဖြစ်နေတာမြင်လိုက်ရတယ်။
“ ကိုဖိုးတာ… ဒီကားတန်းက ဘာလုပ်တာလဲဗျ”
“ မြို့သူဌေး ဦီးတိတ်ဟန်ရဲ့ သမီးကို စေ့စပ်တောင်းရမ်းဖို့လာကြတဲ့ သူတွေလေ၊ မင်းတို့မသိကြဘူးလား”
“ ကိုဖိုးတာပြောမှပဲသိတာဗျို့… ပိုက်ဆံရှိသားသမီးတွေများ ကံကောင်းလိုက်တာဗျာ”
“ သတို့သားဘက်က ရွှေတစ်ပိဿာ၊ ကားတစ်စီးလက်ဖွဲ့တယ်လို့ပြောတာပဲ”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ ကိုဖိုးတာစကားကြောင့် ဟင်းရွက်လှည်းဘေးမှာ မတ်တပ်ရပ်လိုက်ကာ ငေးကြည့်နေခဲ့ကြတယ်။ သတို့သားဘက်က ကားတန်းခြံထဲဝင်သွားပြီး ဆယ်မိနစ်လောက်အကြာမှာတော့ အိမ်ထဲကနေလဲ အလန့်တစ်ကြားအော်ဟစ်သံတွေထွက်ပေါ်လာခဲ့ တယ်။
“ သတို့သမီးအိမ်ထဲကနေ အော်ဟစ်သံတွေထွက်လာပါလား ဘာဖြစ်တာလဲမသိဘူး…”
ခွန်းလှက အလန့်တကြားရေရွတ်ရင်း ခြံထဲကို လှမ်းကြည့်ဖို့အလုပ်
“ ငါတို့စောင့်နေတဲ့အချိန်ရောက်ပြီ… အထဲကိုသွားကြရအောင်”ဆိုတဲ့အသံနဲ့အတူ ခြံထဲကိုဝင်သွားတဲ့ဆရာဖြစ်သူကိုမြင်တွေ့လိုက်
ရတယ်။
“ ဟေ့ ဟေ့ မင်းတို့ ဟင်းရွက်သည်တွေ ခြံထဲဘာဝင်လုပ်တာလဲ၊ အပြင်ထွက်စမ်း”
“ ကျုပ်တို့မဝင်ရင် သတို့သမီး ဒုက္ခရောက်လိမ့်မယ်”
အောင်မြတ်သာက ခပ်ပြတ်ပြတ်ပြောပြီး လူတွေရှုပ်ထွေးနေတဲ့ ဧည့်ခန်းထဲကို ဝင်လာခဲ့လိုက်တယ်။
အထဲရောက်တော့ ကြမ်းပေါ်မှာ ခြေတွေလက်တွေ ကောက်ကွေးပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ သတို့သမီးဖြစ်သူကို မြင်လိုက်ရတယ်။
ဦးတိတ်ဟန်က အောင်မြတ်သာတို့ကိုမြင်တော့ ဒေါသကြီးစွာနဲ့ထလာပြီး
“ မင်းတို့က ဟင်းရွက်သည်တွေမဟုတ်လား၊ ဘယ်လိုကြောင့် ငါ့အိမ်ထဲဝင်လာတာလဲ ချက်ချင်းထွက်သွားစမ်း”
“ ကျုပ်တို့ထွက်သွားရင် ခင်ဗျားသမီး သေရလိမ့်မယ်၊ ကျုပ်တို့ ခင်ဗျားသမီးကို ကုပေးရမလား၊ ထွက်သွားရမလားဆိုတာပြောပါ”
“ ခင်ဗျားတို့က တကယ်ကုနိုင်လို့လား၊ အဖေ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ”
“ ဈေးထဲမှာ ဟင်းရွက်ယူရောင်းနေတဲ့ ကောင်တွေကိုဘယ်လိုယုံပြီး ကုခိုင်းရမှာလဲ”
ဦးတိတ်ဟန်စကားကြောင့် အောင်မြတ်သာက ညှင်သာစွာပြုံးလိုက်ပြီး ဦးခေါင်းကို လက်နဲ့သပ်ချလိုက်ရာ ဖရိုဖရဲဖြစ်နေတဲ့ ဆံစတွေက ချက်ချင်းဆိုသလို သပ်ရပ်စွာထုံးဖွဲ့သွားပြီး ဖျင်ကြမ်းအင်္ကျီနဲ့လုံချည်ကလဲ ယောဂီရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
အဲဒီအချိန်မှာပဲ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ ဆေးစောင့်၊ အင်းစောင့်တွေကလဲ ခန္ဓာကိုယ်ထဲကို ပြန်လည်ရောက်ရှိလာပါတော့တယ်။
ရုတ်တရက်မျက်လှည့်ပြလိုက်သလို ဖြစ်သွားတဲ့မြင်ကွင်းကြောင့် ဦးတိတ်ဟန် အံ့ဩသွားပြီး
“ ကျုပ် သမီး ကို ကယ်ပေးပါဗျာ… ဘာပဲလုပ်ရ လုပ်ရ ကျုပ်လုပ်ပေးပါ့မယ်” ဆိုပြီးလေသံပြောင်းသွားခဲ့တယ်။
အောင်မြတ်သာလဲ ကုသခွင့်ရတာနဲ့ လူနာရဲ့အသက်ခန္ဓာကိုယ်တောင်းခံပြီး
“ မိမွေးတိုင်း ဖမွေးတိုင်းဖြစ်စေ”လို့အမိန့်ပြန် လိုက်ရာ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ မိန်းကလေးက ချက်ချင်းသတိပြန်လည်လာခဲ့တယ်။
အဲဒီတော့မှလူနာရဲ့ခန္ဓာကိုယ်ကို စမ်းလိုက်ရာ အောက်လမ်းအတိုက်စက်နဲ့ အပင်းအတိုက်တို့ကို ဖမ်းမိပါလေရော။
“ ဆရာ… သမီးက ဘာဖြစ်တာလဲ”
“ လူပုံလယ်အရှက်ကွဲပြီးသေကြေအောင် ပြုစားခံထားရတာပဲ”
“ အချိန် အချိန်မှီသေးတယ်မဟုတ်လားဆရာ”
“ လက်မတင်လေး အသက်နဲ့ခန္ဓာကိုချုပ်ထားနိုင်လို့သာပေါ့၊ မဟုတ်ရင် မင်္ဂလာပွဲကနေ အမင်္ဂလာပွဲဖြစ်နေလောက်ပြီ”
“ ဆရာကို အပ်ပါတယ်၊ သမီးလေးအသက်နဲ့အရှက်ကို ကယ်တင်ပေးပါဆရာရယ်”
အောင်မြတ်သာလဲ ဖခင်ဖြစ်သူစကားကြောင့်
ကာယကံရှင်ကို အရှေ့မှာထိုင်ခိုင်းပြီး ဝမ်းဗိုက်နေရာကို လက်ညိုးနဲ့မွှေ့လိုက်တဲ့အချိန်
အကျိအချွဲတွေနဲ့အတူ တဖျတ်ဖျတ် လူးလွန့်နေတဲ့ ငါးအရှင်တွေ အန်ထွက်ကျလာခဲ့တယ်။
“ အမလေး… ငါး ငါး အရှင်တွေ ထွက်လာပါလား”
“ အို… ကြောက်ဖို့ကောင်းလိုက်တာ”
ကြည့်နေတဲ့သူတွေရဲ့ အာမေဋိတ်စကားသံတွေက ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာခဲ့တယ်။
“ မောင်ကောင်း… လေးကွက်အင်းကို ပြာချပြီး အရင်တိုက်လိုက်”
မောင်ကောင်းလဲ လေးကွက်အင်းကိုပြာချပြီး လူနာကိုတိုက်လိုက်ရာ အချိန်ခဏလေးအတွင်းမှာပင် ထပ်မံပျို့တက်လာပြီး ငါးအရှင်ဆယ်ကောင်ခန့် ထပ်မံအန်ထွက်လာခဲ့တယ်။
“ မိန်းကလေး သက်သာရဲ့လား၊ ဗိုက်ထဲမှာ ဘယ်လိုနေသေးလဲ”
“ ဗိုက်ထဲမှာ တစ်ခုခုပြေးနေသလိုပဲဆရာ”
“ ဒါဖြင့် လက်အုပ်ချီပြီး ဘုရားကိုအာရုံပြုထားလိုက်”
အောင်မြတ်သာက လူနာမိန်းကလေးကို ဘုရားအာရုံပြုခိုင်းပြီး
“ ကာယကံရှင်မိန်းကလေးကို သေကြအရှက်တကွဲဖြစ်အောင် ပြုစားထားသူ၊ အခုချက်ချင်း ဝင်လာစေ၊ အမိန့်ကို မနာခံပဲ အာခံပါက ငရဲမီးထက်အဆတစ်ရာပြင်းတဲ့ မီးတောက်နဲ့မြိုက်ခံရစေသား၊ အထက်ဆရာများ၏အမိန့်၊ ငါ၏အမိန့်” လို့ပြောပြီး ကြမ်းကိုဗုန်းခနဲရိုက်ချလိုက်ရာ လက်အုပ်ချီထားတဲ့ မိန်းကလေးရဲ့ လက်ဖျားတွေ တဆတ်ဆတ်တုန်ရီ လာပြီး ခန္ဓာကိုယ်တစ်ခုလုံးလဲ ငှက်ဖျားတက်သလို တုန်ရီလာခဲ့တယ်။
အောင်မြတ်သာက လူနာကိုကြည့်ပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ လူနာရဲ့ကိုယ်ထဲကိုဝင်လာတာက ပြုစားသူမဟုတ်ပဲ ဈေးစောင့်ကြီးဖြစ်နေလို့ပဲ။
“ ငါ့ကိုတောင် လှည့်ချင်ပတ်ချင်နေတယ်ပေါ့လေ၊ ဒီလိုဆိုတော့လဲ ဒင်းဘယ်လောက်ခံနိုင်မလဲကြည့်ကြသေးတာပေါ့”
အောင်မြတ်သာက ဈေးစောင့်ကြီးဝင်ပူးနေတဲ့ လူနာကို တင်ပလ္လင်ချိတ်ထိုင်ကာ စိုက်ကြည့်နေပါတော့တယ်။ ငါးမိနစ်လောက်ကြာတော့ အိမ်တံခါးမကြီးက လေမတိုက်ပဲ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ခါယမ်းနေတာကြောင့် ပြုစားသူမနေနိုင်ပဲ ရောက်လာပြီဆိုတာကို သိလိုက်ရတယ်။ အဲဒီအချိန်တော့မှ ဈေးစောင့်ကြီးကို ဖယ်လိုက်ရာ ပြုစားထားသူချက်ချင်းဝင်ရောက်လာခဲ့တယ်။
“ ရောက်လာပြီလား”
“ အေး… ငါရောက်လာပြီဟေ့”
“ ရောက်လာရင် ဘုရားဦးတိုက်ပြီး ခေါင်းမော့ကြည့်လိုက်စမ်း”
အောင်မြတ်သာအမိန့်ပေးလိုက်ရာ ပြုစားထားသူက ကြမ်းကိုခေါင်းနဲ့သုံးချက်ဆောင့်ပြီး မျက်လုံးကိုပင့်တင်လိုက်တယ်ဆိုရင်ပဲ ဘေးမှာထိုင်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကိုမြင်ပြီး မျက်နှာပျက်သွားခဲ့တယ်။
“ မောင်ကောင်း၊ ခွန်းလှ ဝင်ပူးနေတဲ့ အစွဲကောင်ကို အာရုံခံကြည့်စမ်း၊ သူ့ကို ဒီမြို့မှာမြင်ဖူးလား”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းတို့လဲ အာရုံခံကြည့်လိုက်ရာ အစွဲကောင်က ခေါင်းကိုငုံချလိုက်တာမြင်လိုက်ရတယ်။
“ အသက်ကြီးကြီး မိန်းမ တစ်ယောက်ပဲဆရာ၊ ဒါပေမယ့် မျက်နှာမပြဖူးဖြစ်နေတယ်”
“ ဆိုင်ရာပိုင်ရာများ ဒင်းရဲ့ဆံပင်ကို ဆွဲပြီးမျက်နှာကို လှန်တင်လိုက်စမ်း”
အမိန့်စကားသံအဆုံးမှာ လူနာရဲ့ဦးခေါင်းမှာရှိတဲ့ဆံပင်ကို တစ်ယောက်ယောက်က ဆွဲတင်လိုက်သလိုဖြစ်ပြီး ခေါင်းကအပေါ်ကိုမော့တက်လာခဲ့တယ်။
“ ဟင်… သူ သူက….”
“ မင်းတို့ သူ့ကို သိလား”
“ သိတာပေါ့ဆရာရယ်… ရင်းရင်းနှီးနှီးကိုသိတာ”
မောင်ကောင်းနဲ့ ခွန်းလှစကားကြောင့် လူနာက ဒေါသတစ်ကြီးနဲ့ ကြမ်းကိုလက်ဝါးနဲ့ရိုက်ပြီး
“ တောက်စ်… ဒီလိုမှန်းသိရင် အစထဲက သတ်ပစ်တယ်ဟေ့” လို့ကြိမ်းဝါးပါလေရော။
“ ဒီမယ် … ကျုပ်အရှေ့မှာ လူသတ်ဖို့အကြောင်း စကားထပ်ဟရင် ပါးစပ်ထဲ မီးကျီခဲတွေပစ်ထည့်ပေးလိုက်မယ်၊ ပြောစမ်း ကာယကံရှင်ကို ဘာကြောင့် ပြုစားတာလဲ”
“ သေစေချင်လို့ ပြုစားတာဟဲ့”
“ ကိုယ့်သဘောနဲ့ကိုယ်လုပ်တာလား၊ အခြားတစ်ယောက်ယောက်က လုပ်ခိုင်းတာလား၊ အမှန်မပြောပဲ လိမ်ညာပြောမယ်ဆိုရင် အင်းစောင့်တွေက ဆူးကြိမ်နဲ့ရိုက်နှက်စေ”
“ ငါ့သဘောနဲ့ငါ… အင့် အမလေး”
စကားမဆုံးခင်မှာပဲ လူနာရဲ့ကျောပြင်ကော့တက်လာခဲ့တယ်။
“ ဟော…. အခုထိလိမ်ပြောနေတုန်းပါလား၊ လိမ်ပြောတဲ့ပါးစပ်ထဲ မီးကျီခဲတွေ ထိုးထည့်ကြစမ်း”
“ သူများခိုင်းတာဟေ့ သူများခိုင်းတာ”
“ သူများခိုင်းတာလုပ်ပြီးပြီဆိုရင်လဲ ကိုယ်လုပ်ထားတာကို ပြန်ယူသွား၊ ကျုပ်ပြန်စစ်လို့ မြုတစ်မှုန်စာကျန်နေတယ်ဆိုရင် ဒီထက် ပိုပြင်းထန်တဲ့ အပြစ်ကိုပေးရလိမ့်မယ်”
အောင်မြတ်သာက ပညာတွေပြန်နှုတ်ခိုင်းပြီး လူနာကိုစိုက်ကြည့်နေတဲ့အချိန် ရင်ခေါင်းနေရာက မို့တက်လာပြီး တဝေါ့ဝေါ့နဲ့ထိုးအန်ပါလေရော။ အတန်ကြာအန်ပြီးတဲ့ချိန်မှာတော့ ရင်ဘတ်ကို လက်နဲ့ဖိကာ ကုန်စင်ပြီဆိုတဲ့အကြောင်း ခေါင်းညိမ့်ပြခဲ့တယ်။
“ အပင်းတွေ အောက်လမ်းအတိုက်တွေ ကုန်ပြီဆိုရင် သင့်ပညာဗူးကို ကျုပ်သိမ်းယူရလိမ့်မယ်”
အောင်မြတ်သာက စကားဆုံးတာနဲ့ ငွေပြားနဲ့ရေးဆွဲထားတဲ့ပညာသိမ်းစမတစ်ချပ်ကိုကိုယူကာ ကာယကံရှင်ရဲ့ ဦးခေါင်းပေါ်ကို ရိုက်ချလိုက်ပါတော့တယ်။
ပညာသိမ်းစမနဲ့ ပညာဗူးကိုဆွဲယူကာ လေထဲပစ်လွှင့်လိုက်တဲ့အချိန် အနက်ရောင်အင်္ကျီဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ပေါ်လာပြီး ပညာဗူးကိုလက်အုပ်ထဲထည့်ကာ ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ပညာသိမ်းပြီးတာနဲ့ စွဲကပ်နေတဲ့ ပြုစားသူကိုဖယ်ခိုင်းကာ လူနာရဲ့ဦးခေါင်းကိုလက်နဲ့ ပုတ်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းသတိပြန်လည် လာခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့ကတော့ လူနာအတွက် လိုအပ်တဲ့ အစီအရင်တွေပြုလုပ်ပေးနေတဲ့အချိန် အောင်မြတ်သာက သတို့သားရဲ့မိခင်ဖြစ်သူကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့တယ်။
မောင်ကောင်းတို့ အစီအရင်အားလုံးပြုလုပ်ပေးပြီးချိန်မှာတော့ အောင်မြတ်သာက ဘုရားကျောင်းဆောင်ရှေ့သွားပြီး အမွှေးတိုင် တစ်တိုင်ကို ပူဇော်ခဲ့တယ်။
အမွှေးတိုင်ကနေ ပျံ့လွင့်လာတဲ့ ရနံ့နဲ့အတူက ဘာနဲ့မှမတူအောင်သင်းပျံ့နေခဲ့သလို အိမ်ထဲမှာ ရှိတဲ့သူတွေရဲ့ မျက်လုံးတွေကလဲ တစ်ဖြေးဖြေး မှေးစင်းလာခဲ့တယ်။
အမွှေးတိုင်တစ်တိုင်ကုန်ဆုံးလို့ သတိပြန်ရချိန်မှာတော့ အောင်မြတ်သာတို့ကိုမတွေ့ရတော့တဲ့အတွက် အိမ်ပြင်ကိုထွက်ပြီး မေးမြန်းရာ ဟင်းရွက်လက်တွန်းလှည်းကို တွန်းပြီး ရေကန်ချောင်ဘက်ကို ထွက်သွားတယ်ဆိုတာကိုပဲသိခဲ့ရတယ်။
ဒီလိုနဲ့ရေကန်ချောင်ဘက်မေးတော့လဲ လမ်းထိပ်မှာ ဟင်းသီးဟင်းရွက်တွေအပြည့်ပါတဲ့ လက်တွန်းလှည်းတစ်စီးသာရှိနေပြီး ဈေးရောင်းသူနှစ်ယောက်ကို မည်သူကမှ မတွေ့ခဲ့ရဘူးဆိုတဲ့သတင်းကိုသာ ကြားသိခဲ့ရတယ်။
ထိုအချိန်ကစပြီး မြို့သူမြို့သားတွေအနေနဲ့ လက်တွန်းလှည်းနဲ့ဈေးအော်ရောင်းနေတဲ့ လူငယ်နှစ်ဦးကိုဘယ်တော့အခါမှ ပြန်မတွေ့ကြတော့ပေ။
+++++++++
အောင်မြတ်သာတို့ဆရာတပည့်တွေ ရေကန်ချောင်ရပ်ကွက်ကနေ ထွက်လာပြီးချိန်မှာတော့ အထက်မြန်မာပြည်ဘက်ကို ရထားဖြင့် ခရီးဆက်ခဲ့ရာ ညောင်ဦးဘူတာကို ဆိုက်ရောက်ခဲ့ကြတယ်။
ဆရာတပည့်တွေ ညောင်ဦးကနေ ပုဂံကို ခြေလျှင်ထွက်လာခဲ့ရာ ညရှစ်နာရီခန့်မှာတော့ စိမ်းညက်စိမ်းခက်ညီအစ်မဘုရားကိုရောက်ရှိခဲ့ကြတယ်။
စိမ်းညက်စိမ်းခက်ညီအစ်မဘုရားကိုရောက်ရှိတဲ့ချိန် ဘယ်လိုမျိုးထူးခြားဆန်းကြယ်မှုတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် စိမ်းညှက်ညီအစ်မဘုရားဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေး ကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)