အောင်မြတ်သာနှင့်ပန်းကုံးရွာသူအညိုး
+++++++++++++++++++++++++++

“ အူငဲ အူငဲ အူငဲ”

ရွာထိပ်ဇရပ်မှာ ထိုင်နေရင်းကြားလိုက်ရတဲ့ ကလေးငိုသံကြောင့် အောင်မြတ်သာရဲ့ ခန္ဓာကိုယ်က အသံကြားရာဘက်ကို အနည်းငယ် လှည့်သွားခဲ့တယ်။

မကြာခင်အချိန်အတွင်း အသက်ငါးဆယ်အရွယ် မိန်းမနှစ်ယောက်ရွာထိပ်ကို ခပ်သုတ်သုတ်ထွက်လာတာမြင်လိုက်ရတယ်။

“ ကလေးက ရေမွှာမွန်းပြီး ထွက်လာတာတဲ့”

“ ဒါဆို လက်သည်နဲ့အဆင်ပြေပါ့မလား၊ ငါတော့ စိတ်ပူတယ်အေ”

“ ဒါကြောင့် ကျန်းမာရေးဆရာမလေးကို သွားခေါ်ခိုင်းတာပေါ့… မြန်မြန်လျောက်ပါဟ၊ ဆရာမလေးရော အိမ်မှာရှိပါ့ဦးမလားမသိဘူး”

မိန်းမနှစ်ယောက်ရဲ့ စကားသံအဆုံးမှာ အောင်မြတ်သာရဲ့နားထဲမှာ ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့ မိန်းမတစ်ယောက်ရဲ့အသံကို ထပ်မံကြားလိုက်ရတယ်။

“ ဒီအသံက ဘယ်ကနေ ထွက်လာပါလိမ့်”

ထင်ထင်ရှားရှားကြီး ကြားလိုက်ရတာမို့ အသံကို အာရုံခံကြည့်လိုက်ရာ ဆံပင်ဖားလျားချပြီး ကျောပေးရပ်နေတဲ့မိန်းမတစ်ယောက် ရယ်မောနေတဲ့ ဟန်ကိုမြင်တွေ့လိုက်ရတယ်။

အဆိုပါအာရုံကြောင့် အောင်မြတ်သာရဲ့ ခြေလှမ်းတွေက ရွာထဲဘက်ကို ဦးတည်သွားခဲ့ပါတော့တယ်။
++++++++

“ ဦးလေး… ဘယ်ကနေလာတာလဲဟင်”

ရုတ်တရက်လက်ကိုလာဆွဲတဲ့ ကလေးငယ်ကြောင့် အောင်မြတ်သာငုံ့ကြည့်လိုက်ရာ အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်နေပြီး နှုတ်ခမ်းတစ်ဝိုက်နဲ့ လည်ပင်းတွေမှာ သားရည်တွေစိုရွဲနေတာမြင်လိုက်ရတယ်။

“ ဦးလေးက ရွာပြင်ကနေလာခဲ့တာကွယ့်”

“ ဒါဆို ဦးလေးက သားတို့ ရွာက မဟုတ်ဘူးပေါ့”

“ အင်းပေါ့ … ဒါနဲ့ သားက ဘာလို့ ဦးလေးလက်ကို လာဆွဲတာလဲ”

ကလေးငယ်က သားရည်တွေစီးကျနေတဲ့ ပါးစပ်ကို လက်နဲ့သုတ်လိုက်ပြီး ခေါင်းကိုကုတ်ကာ

“ သား… အိမ်မပြန်တတ်လို့”

“ သားက ဒီရွာမှာပဲနေတာလား”

“ ဟုတ်တယ် ဟုတ်တယ် … သားက ဒီမှာပဲနေတာ”

“ ဒါဆို ဦးလေး မေးပြီးလိုက်ပို့ပေးပါမယ်”

အောင်မြတ်သာက ကလေးရဲ့လက်ကိုဆွဲပြီး ရွာထဲကိုဝင်လာတဲ့အချိန် ကုက္ကိုပင်အောက်မှာ ဆန်ပြာနေတဲ့ မိန်းမကြီးတစ်ယောက်က

“ ဟဲ့ မောင်အေး… ဘယ်က လူကိုခေါ်လာတာလဲ” လို့လှမ်းမေးလိုက်တယ်။

“ ကြီးဒေါ်… ဒီကလေးက အိမ်မပြန်တတ်လို့ ဆိုပြီးလာပြောနေလို့ ကျုပ်ခေါ်လာခဲ့တာ”

“ မောင်အေးကတော့လေ အိမ်ကနေ ထွက်ပြီးရင် ဘယ်တော့မှ လမ်းမမှတ်မိဘူး၊ ဒီကလေးက ရှေ့လမ်းချိုးထိပ်ကအိမ်မှာနေတာ မောင်ရင်ရဲ့”

“ ဒါဖြင့် ကျုပ်ပြန်လိုက်ပို့ပေးလိုက်ပါမယ်”

အောင်မြတ်သာလဲ မောင်အေးဆိုတဲ့ ကလေးရဲ့ လက်ကိုဆွဲကာ လမ်းချိုးလေးရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

လမ်းချိုးအကွေ့လဲရောက်ရော မောင်အေးက ဝမ်းသာအားရနဲ့အော်ဟစ်ပြီး လက်ကိုဖြုတ်ကာ အိမ်တစ်အိမ်ထဲအတင်းပြေးဝင်သွားခဲ့တယ်။

“ ဟဲ့ မောင်အေး… နင်က ဘယ်လို အိမ်ပြင်ရောက်သွားတာလဲ”

အသက်၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်က မောင်အေးကိုဆွဲခေါ်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ပေနေတဲ့ သားရည်တွေကို အင်္ကျီစနဲ့သုတ်ပေးလိုက်တယ်။ ပြီးတော့မှ အောင်မြတ်သာကိုမြင်ပြီး

“ ဒီက ဦးလေး မောင်အေးကို ပြန်လိုက်ပို့ပေးတဲ့သူလား”

“ ဟုတ်ပါတယ်… ကလေးက အိမ်မပြန်တတ်ဘူးပြောလို့ လိုက်ပို့ပေးခဲ့တာ၊ ဒါနဲ့ မိန်းကလေးက သူနဲ့ဘာတော်လဲ”

“ မောင်အေးက ကျွန်မ မောင်လေးလေ၊ အိမ်မှာ အမေက မီးဖွားနေလို့ သူ့ကို သတိလွတ်သွားတာ၊ ဒီကောင်က လူလစ်ရင် ရွာထဲလျောက်သွားတတ်တယ်လေ၊ ပြီးရင် မပြန်တတ်တော့ဘူးရှင့်”

“ ကလေးကိုကြည့်ရတာ သိပ်ပြီးမူမမှန်သလိုပဲနော်၊ ဒီအရွယ်က ကိုယ့်အိမ်ကိုမှတ်မိရမယ့်အရွယ် ရောက်နေသင့်ပြီမဟုတ်လား”

အောင်မြတ်သာစကားကို မိန်းကလေးက တစ်ခုခုပြောဖို့ဟန်ပြင်လိုက်တဲ့ချိန် အိမ်အနောက်ဖက်ကနေ ကလေးတစ်ယောက် စူးစူးဝါးဝါးအော်ငိုတဲ့အသံထွက်လာခဲ့တယ်။

“ မောင်ပိန်က ဘာဖြစ်ပြန်ပြီလဲမသိဘူး… သွားလိုက်ဦးမယ်နော်”

မိန်းကလေးက မောင်အေးရဲ့ လက်ကိုဆွဲပြီး အိမ်အနောက်ဘက်ကို ခပ်သုတ်သုတ်ဝင်သွားတာကြောင့် စကားစပြတ်သွားခဲ့တယ်။

အဲဒီအချိန် ဆေးလွယ်အိတ်ကိုဆွဲပြီး ခပ်သုတ်သုတ်လာနေတဲ့ အမျိုးသမီးနဲ့အတူ ဇရပ်ရှေ့ကဖြတ်သွားတဲ့ မိန်းမကိုမြင်လိုက်ရတယ်။

“ အရီးသန်းတို့ကလေ အရေးပေါ်မှ ကျွန်မဆီ လာတယ်၊ အစထဲက လက်သည်နဲ့မမွေးပါနဲ့လို့ ပြောထားတာကို”

သားဖွားဆရာမဖြစ်ဟန်တူတဲ့အမျိုးသမီးက ဘေးမှာပါလာတဲ့ မိန်းမကြီးနှစ်ယောက်ကို စိတ်ဆိုးတဲ့လေသံနဲ့ပြောပြီး ခြံထဲကို ဝင်သွားတာကြောင့် အောင်မြတ်သာလဲ သူကြားရတဲ့ ကလေးငိုသံက ဒီအိမ်ကနေထွက်လာတယ်ဆိုတာ သိလိုက်ရတယ်။

“ ဒီအိမ်ကငါနဲ့ ဘယ်လိုပတ်သတ်နေတာလဲ၊ မွေးကင်းစကလေးငိုသံက ဒီကနေ ရွာထိပ်ထိကြားရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ” ဆိုပြီးတွေးနေတဲ့အချိန် လမ်းကြားထဲကနေ ငယ်သံပါအောင် အော်ပြီး ပြေးထွက်လာတဲ့ ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။

ကလေးရဲ့နောက်မှာတော့ အစွယ်တဖွေးဖွေးနဲ့ မာန်ဖီပြီးပြေးလိုက်လာတဲ့ ခွေးတစ်ကောင်လဲ ပါလာခဲ့တယ်။

အောင်မြတ်သာလဲ ကလေးကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ကိုက်ဖို့ပြေးလာတဲ့ ခွေးကို လက်ဝါးနဲ့တားလိုက်တယ်ဆိုရင်ပဲ တဂီးဂီးနဲ့ မာန်ဖီနေတဲ့ခွေးက ချက်ချင်းဆိုသလို ငြိမ်သက်သွားကာ အောင်မြတ်သာရဲ့ ခြေထောက်ကို ခေါင်းနဲ့တိုးဝှေ့ပွတ်သပ်နေခဲ့တယ်။

“ အမလေးလေး တော်ပါသေးရဲ့ဗျာ… နောက်ဆို ကျုပ်တော့ ကလေးမိဘတွေကို ခြေသလုံးဖက်မတတ်တောင်းပန်ရတော့မလို့”

ရုတ်တရက်ကြားလိုက်တဲ့အသံကြောင့် ကြည့်လိုက်ရာ သားရည်ကြိုးပြတ်စတစ်ချောင်းကို ကိုင်ထားတဲ့ လူတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။

“ ခွေးက ဘယ်ကနေလွတ်လာတာလဲ”

“ ကျုပ်အပြစ်ပါဗျာ… ဒီကောင်ကို ထမင်းကျွေးဖို့ တိုင်ကနေ ဖြုတ်လိုက်တဲ့အချိန် ရုန်းပြီးထွက်ပြေး သွားတာဗျ၊ ကလေးရော ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူး… ကျုပ်ဖမ်းဆွဲလိုက်လို့တော်သေးတာပေါ့”

“ ဒီခွေးက အတော်ဆိုးဆိုးပါဗျာ၊ အပြင်ထွက်တာနဲ့ တွေ့တဲ့လူလိုက်ကိုက်နေတာပဲ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျတော့ သူမဟုတ်တဲ့အတိုင်းပဲဗျ၊ မောင်တိုး ဒီကိုလာစမ်း အိမ်ရောက်မှ မင်းနဲ့ငါတွေ့မယ်”

သားရည်ကြိုးကိုင်ထားတဲ့လူက အောင်မြတ်သာခြေရင်းမှာ ပွတ်သပ်နေတဲ့ ခွေးကို ကြိုးနဲ့ချည်နေတဲ့အချိန် ကလေးရဲ့မိဘတွေ လိုက်လာခဲ့ကြတယ်။

“ သား.. ဘာဖြစ်သွားသေးလဲ၊ ဘယ်နေရာများ ကိုက်ခံထိသေးလဲ”

“ ဘာမှမဖြစ်ပါဘူး အစ်မကြီး၊ ကလေးက လန့်ပြီး ပြေးတော့ ခွေးက နောက်ကနေလိုက်ဆွဲသလို ဖြစ်သွားတာပါ”

“ ဟဲ့ မောင်ပု… နင်ခွေးက တစ်ခါနှစ်ခါ မဟုတ်တော့ဘူးနော်၊ နောက်တစ်ခါဆို ငါတို့အဆိုးမဆိုနဲ့”

“ တောင်းပန်ပါတယ် အစ်မကြီးရယ်၊ ကျုပ်လဲ ဒီကောင်ကို သေချာထိန်းပါ့မယ်”

“ ‌နင့်ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ… လာလာ သားလေး ပြန်ကြရအောင်”

မိန်းမကြီးက အောင်မြတ်သာချီထားတဲ့ ကလေးကို ပြန်ယူကာ ထွက်သွားခဲ့တယ်။

“ ဒီကောင်က ခင်ဗျားကို အတော်ခင်တာပဲ”

မောင်ပုက အောင်မြတ်သာအနားမှာ ပွတ်သပ်နေတဲ့ ‌ခွေးကိုကြည့်ရင်းပြောလိုက်တယ်။

“ သူကလူတိုင်းကို ခင်တဲ့စိတ်ရှိပါတယ်၊ အမြင်အာရုံကြောင့်သာ ရန်လိုတဲ့စိတ်ဖြစ်လာတာ”

“ ဘယ်လို… အမြင်အာရုံကြောင့် ဟုတ်လား၊ ကျုပ်ဖြင့်တစ်ခါမှမကြားဖူးပါဘူးဗျာ”

“ ခွေးတွေရဲ့အမြင်အာရုံမှာ သဘာဝလွန်စွမ်းအင်တွေရှိကြတယ်၊ ဒါကြောင့် သာမန်လူတွေမမြင်နိုင်တဲ့ ပရလောကသားတွေကို သူတို့မြင်ကြတယ်လေ”

“ ဒီလိုဆိုတော့လဲ ဟုတ်သားပဲ၊ ဒါနဲ့ ကျုပ်ကောင်က ဘယ်လိုဖြစ်တာလဲ”

“ ခင်ဗျား ခွေးရဲ့ အမြင်အာရုံက…”

အောင်မြတ်သာစကားပြောနေတဲ့အချိန်မှာပဲ “ ဘေးကို ဘေးကို လမ်းပေါ်မှာ ပိတ်ရပ်လို့ တိုက်မိရင် တာဝန်မယူဘူးနော်” ဆိုတဲ့အသံနဲ့အတူ ဝါးတွေကို ထမ်းလာတဲ့ လူတစ်စုကိုမြင်လိုက်ရတယ်။

“ ခင်ဗျား အားရင် ကျုပ်အိမ်ကို လိုက်ခဲ့ပါလား၊ ဟိုရောက်မှအေးဆေးပြောကြတာပေါ့”

“ ရတာပေါ့ဗျာ၊ ကျုပ်က အားပါတယ်”

ဒီလိုနဲ့အောင်မြတ်သာလဲ မောင်ပုနေတဲ့အိမ်ကို ရောက်လာခဲ့တယ်။ အိမ်ရောက်တော့ မောင်ပုက ခွေးကို ချည်တိုင်မှာချည်ပြီး ရေနွေးကြမ်းဗန်းနဲ့ အောင်မြတ်သာအနားကိုလာကာ

“ ခုနကအကြောင်းလေးဆက်ပါဦးဗျ… ကျုပ်လဲစိတ်ဝင်စားတယ်”

“ ဒီလိုဗျာ… ခင်ဗျားခွေးကိုစတွေ့တော့ သူ့ပုံစံကအရမ်းကို ရန်လိုတဲ့ပုံဖြစ်နေတာ၊ ဒါနဲ့ အမြင်ကိုမူလပြန်စေလို့ အမိန့်ပေးပြီး ဟန့်လိုက်တော့ ဒီကောင်က ရန်မူတဲ့စိတ်ပျောက်သွားတာပဲ”

“ မူလပြန်စေလို့ အမိန့်ပေးတိုင်း ရန်လိုတဲ့စိတ်ပျောက်သွားတာလား၊ ကျုပ်လဲ အဲလိုအမိန့်ပေးလို့ရလားဗျ”

“ ဒါမျိုးက လူတိုင်းလုပ်ယူလို့မရဘူးလေ၊ အကျင့်တစ်ခုခုကို ကျင့်ကြံထားတဲ့သူတွေမှ လုပ်လို့ရတာ”

“ အဲဒီလိုလား… ဒါဖြင့် ရူးနှမ်းနေတဲ့သူတွေကိုရော ပျောက်အောင်ကုလို့ရလား”

“ ရူးနှမ်းတဲ့သူတွေကတော့ သူတို့ရဲ့ ဝဋ်ကြွေးကြောင့်ဆိုရင် ကုလို့မရနိုင်ဘူး၊ သူတစ်ပါးပြုစားထားတာဆိုရင်တော့ ကုလို့ရနိုင်တယ်”

“ ဒါဖြင့် ဒေါ်မိငယ်အိမ်က ကလေးတွေကို ကြည့်ပေးလို့ရမလား”

“ ကလေးတွေက ဘာဖြစ်လို့လဲ”

“ ပြောရရင် ယုံမှာတောင်မဟုတ်ဘူးဗျ၊ ဒေါ်မိငယ်တို့ မျိုးရိုးက မိန်း‌ကလေးမွေးရင် အကောင်း၊ ယောင်္ကျားလေးမွေးရင်တော့ အကုန်လုံး စိတ်ပေါ့သွပ်တဲ့သူတွေဖြစ်ကုန်ရော၊ အခုလဲ ကလေးမွေးတယ်ပြောသံကြားတယ် ဘာလေးထွက်လာလဲတော့မသိဘူး”

မောင်ပုစကားကြောင့် အောင်မြတ်သာရဲ့ အတွေးက သူ့လက်ကိုလာဆွဲတဲ့ ကလေးကိုပြေးမြင်မိသွားတယ်။

“ ခင်ဗျားပြောတဲ့ မိသားစုထဲမှာ မောင်အေးဆိုတဲ့ ကလေးတစ်ယောက်ပါတယ်မဟုတ်လား”

“ ခင်ဗျားက မောင်အေးကိုသိတာလား”

“ သိတယ်ပဲဆိုပါတော့ဗျာ၊ ခုနကတောင် အိမ်မမှတ်မိလို့ လိုက်ပို့ခဲ့ရသေးတယ်”

“ ဟုတ်တယ် ဟုတ်တယ်… သူတို့မှာ မောင်နှစ်မ ငါးယောက်ရှိကြတယ်၊ မောင်အေးက အလတ်၊ သူ့အပေါ်မှာ အစ်မနှစ်ယောက်ရှိတယ်၊ သူ့အောက်မှာ ညီတစ်ယောက်နဲ့အခု မွေးတဲ့ကလေးရှိတယ်”

“ ဒီလိုမျိုးက သူတို့မိသားစုမှာပဲဖြစ်နေတာလား”

“ ဘယ်ဟုတ်မလဲဗျ… သူတို့မျိုးရိုးမှာကိုဖြစ်နေတာ၊ ဒေါ်မိငယ်မှာ ‌မောင်နှစ်မသုံးယောက်ရှိတယ်၊ သူ့မောင်နှစ်မတွေမွေးတဲ့ ယောင်္ကျားတိုင်း အခုလို စိတ်ပေါ့သွပ်တဲ့သူတွေဖြစ်ကုန်ကြတာ”

“ ထူးဆန်းလိုက်တာ… ကျုပ်ဖြင့် ဒီလိုအဖြစ်မျိုး တစ်ခါမှမကြားဖူးဖူး”

“ အခုတော့ ကြားဖူးပြီမဟုတ်လား၊ ဟိုလေ ခင်ဗျားက ဘယ်မှာနေတာလဲ၊ ဒီရွာကတော့ ဟုတ်မယ်မထင်ဘူး”

“ ကျုပ်က ခြေဦးတည့်ရာလျောက်သွားရင်း ဆေးလိုက်ကုနေတဲ့သူလေ၊ ဒါကြောင့် အတည်တကျနေရာမရှိတာ”

“ ခင်ဗျားပုံစံကြည့်ရတာ လူကောင်း တစ်ယောက်ပုံစံပေါ်ပါတယ်၊ ဒီရွာရောက်တုန်း ကျုပ်အိမ်မှာတည်းပြီး ဆေးကုလို့ရတယ်နော်”

“ ကျုပ်ကြောင့် ခင်ဗျားမိသားစုတွေအနှောက်အယှက်ဖြစ်ပါမယ်ဗျာ၊ ကျုပ်ဘာသာရွာထိပ်မှာနေပါ့မယ်”

“ကျုပ်မိသားစုက သူ့ဆွေမျိုးတွေရှိတဲ့ရွာမှာ တစ်လလောက်သွားနေနေလို့ ကျုပ်တစ်ယောက်ထဲကျန်ခဲ့တာ၊ ရွာထဲမှာဆိုတော့ ပိုအဆင်ပြေတာပေါ့ဗျာ၊ ကျုပ်လဲ ‌အဲလိုကိစ္စတွေ စိတ်ဝင်စားတယ်”

အောင်မြတ်သာလဲ မောင်ပုရဲ့ ဖော်ရွေမှုကို အားနာတဲ့အနေနဲ့ ရွာထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့တယ်။ ညနေစောင်းရောက်တော့ မောင်ပု ချက်ကျွေးတဲ့ သီးစုံသက်သက်လွတ်ဟင်းနဲ့ထမင်းစားပြီး အိမ်ရှေ့မှာ စကားစမြည်ပြောနေတဲ့အချိန် မိန်းမတစ်ယောက်ရဲ့ ခနဲ့တဲ့တဲ့ ရယ်မောသံကို ထပ်ကြားလိုက်ရတယ်။

“ ကိုမောင်ပု… ခင်ဗျား အသံတစ်ခုခု ကြားမိလား”

“ ဘာအသံလဲဗျ… ကလေးတွေ ဆော့နေတဲ့ အသံလား”

“ မဟုတ်ဘူး… မိန်းမတစ်ယောက် ရယ်နေတဲ့အသံ”

“ မကြားပါဘူးဗျာ…ခင်ဗျားစိတ်ထင်တာနေမှာပါ၊ ဒါနဲ့လေ ကျုပ်အိမ်မှာ ဆေးကုပေးတဲ့ဆရာရှိတယ်လို့ ရွာထဲမှာ လိုက်ပြောထားတယ်နော်၊ အဲဒါ မနက်ဖြန် လူတွေလာချင်လာမှာ၊ နောက်ပြီး ပြောရဦးမယ်၊ ဒေါ်မိငယ် မွေးတာက ယောင်္ကျားလေးတဲ့”

“ ဟုတ်လား… ကလေးရော အခြေအနေ ဘယ်လိုရှိလဲ”

“ ကလေးက အခုထိတော့ ကျန်းမာသေးတယ်၊ ဒါပေမယ့် စကားပြောတတ်တဲ့အရွယ်ရင်ပဲ ဘယ်လိုလာမလဲမသိတာ”

“ ကလေးတွေက စကားပြောတတ်တဲ့အရွယ်မှ စိတ်ပေါ့သွပ်တဲ့ပုံစံဖြစ်သွားတာလား”

“ ဟုတ်တယ်ဗျ… အဲဒါကိုထူးဆန်းနေတာ”

“ ဒါဖြင့် ကျုပ်မနက်ဖြန် ကြည့်ပေးမယ်လေ၊ သူတို့ထဲက တစ်ယောက်ကို အိမ်ခေါ်လာပေးလို့ရလား”

“ ရတာပေါ့ ကျုပ်က ဒါမျိုးဆို အရမ်းကူညီချင်တာ၊ ကျုပ်ကိုယ်တိုင်ခေါ်လာပေးမယ်”

မောင်ပုက ဝမ်းသာအားရပြောပြီး ထန်းလျက်တစ်ခဲကိုယူကာ မောင်တိုးရှိတဲ့ဘက်ကို ပစ်ပေးလိုက်တယ်။
++++++

‌ဆောင်းအကုန်နွေအကူးရာသီဖြစ်တဲ့အတွက် မောင်ပု ခြံထဲမှာရှိတဲ့ ဗန်ဒါပင်အရွက်တွေက နေရာအနှံ့ကိုပြန့်ကျဲကြွေကျနေခဲ့တယ်။

အောင်မြတ်သာလဲ ရှုပ်ပွနေတဲ့ အမှိုက်သရိုက်တွေကို အုန်းလက်တံမြက်စီးတစ်လက်နဲ့လှည်းကျင်းနေတဲ့အချိန် အသက်နှစ်ဆယ်အရွယ် ယောင်္ကျားလေးတစ်ယောက်ရဲ့လက်ကိုဆွဲပြီးဝင် လာတဲ့ မိန်းမကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

သူ့အနောက်မှာတော့ မောင်ပုက ဆယ်ကျောက်သက်လူငယ်တစ်ယောက်ကို ဆွဲကာ ပါလာခဲ့တယ်။

“မကျင်… ဒါက ကျုပ်ပြောတဲ့ဆရာလေ၊ ဆရာ သူတို့က မနေ့က ကျုပ်ပြောထားတဲ့လူတွေပဲ”

“ အိမ်ပေါ်တက်ကြပါဦး၊ ကျုပ်အခုတက်လာပါ့မယ်”

အောင်မြတ်သာက တံမြက်စီးကို အိမ်အောက်မှာထားပြီး ခြေ‌လက်ဆေးကာ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ရောက်တော့ ဘုရားမှာ ဖယောင်းတိုင်၊အမွှေးတိုင်ပူဇော်ပြီး ရှေ့မှာထိုင်နေတဲ့ ယောင်္ကျားလေးနှစ်ယောက်ကို အကဲခတ်လိုက်တယ်။

နှစ်ယောက်လုံးရဲ့ ဟန်ပန်အမူအယာက စိတ်ရူးသွပ်နေတဲ့သူတွေလိုဖြစ်နေတာကြောင့် ပယောဂရှိမရှိစစ်ကြည့်ဖို့ ဦးခေါင်းကနေ လက်နဲ့သပ်ချလိုက်ရာ ပယောဂအငွေ့အသက်ဆိုလို့ မြူတစ်မှုန်တောင်မရှိတာကို သတိထားမိခဲ့တယ်။

“ ဆရာ… ကလေးတွေက သမရိုးကျဖြစ်တာလား၊ သူတစ်ပါးပြုလုပ်ထားတာလားဆရာ”

“ ကျုပ် စမ်းသပ်ကြည့်ရသလောက် ပယောဂတော့ကင်းတယ်၊ သူတို့နှစ်ယောက်က ဘာတော်စပ်လဲ”

“ ဝမ်းကွဲညီအစ်ကိုတွေပါဆရာ”

“ ယောင်္ကျားလေးတွေက ဒါအကုန်ပဲလား”

“ မဟုတ်ဘူးဆရာ၊ ယောင်္ကျားလေးစုစုပေါင်း ငါးယောက်ရှိပေမယ့် အကုန်လုံးဆို ကျွန်မလဲ မထိန်းနိုင်လို့ နှစ်ယောက်ပဲ ခေါ်လာခဲ့တာ”

“ ကျန်တဲ့ ယောင်္ကျားလေးတွေကလဲ သူတို့လိုပဲလား”

“ ဟုတ်တယ်ဆရာ… ဒီကလေးတွေက မွေးပြီးလို့ သုံးလေးနှစ်ဆိုရင် အခုလိုဖြစ်သွားတော့တာပဲ၊ ကျွန်မတို့လဲ လိုက်ပြတာ ဆရာတွေစုံနေပြီ၊ အချို့ကျတော့လဲ သိုက်ဆက်လို့ပြောတယ်၊ အချို့ကျတော့လဲ မျိုးရိုးဗီဇကြောင့် ဖြစ်တာလို့ပြောတယ်”

“ ကျုပ် ကြည့်တာတော့ သိုက်ဆက်လဲမဟုတ်ပါဘူး၊ ဒါနဲ့ အခုလိုစဖြစ်တဲ့သူထဲမှာ ဘယ်သူပထမဆုံးလဲ”

“ ဒီကောင်လေးက အရင်ဖြစ်တာဆရာ”

မိန်းမကြီးက သူ့ဘေးမှာထိုင်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေတဲ့လူငယ်ကို လက်ညိုးထိုးကာပြောလိုက်တယ်။

“ ပယောဂနဲ့ သိုက်ဆက်ဆိုရင် ကျုပ်စမ်းလိုက်တာနဲ့ သိတယ်၊ အခုကကျ ခင်ဗျားပြောသလို မျိုးရိုးကြောင့်များဖြစ်နေမလားပဲ”

“ မျိုးရိုးကြောင့်ဆိုရင် ကျွန်မတို့ အဖိုးအဖွား‌၊ အဖေအမေတွေ လက်ထက်ထဲက ဖြစ်ရမှာမဟုတ်လားဆရာ၊ သူတို့မျိုးရိုးထဲမှာလဲ အခုလိုဖြစ်တဲ့သူမျိုးမရှိဘူးဆရာ”

“ ကျုပ် ဒီကိစ္စကို သင်္ကာမကင်းတော့ဖြစ်မိတယ်၊ ဒါမို့ ဘာကြောင့် ဖြစ်တယ်ဆိုတာ ကျုပ်အဖြေရှာကြည့်ပါဦးမယ်၊ တစ်ခုခုဆို ကိုမောင်ပုနဲ့ ခေါ်ခိုင်းလိုက်မယ်နော်”

“ ဟုတ်ကဲ့ပါဆရာ… အချိန်မရွေးခေါ်လို့ရပါတယ်”

မိန်းမကြီးက အောင်မြတ်သာနဲ့ မောင်ပုကို နှုတ်ဆက်ပြီး ပြန်ထွက်သွားတဲ့အချိန် အိမ်အောက်မှာ ချည်ထားတဲ့မောင်တိုးက လမ်းမဘက်ကိုကြည့်ပြီး စူးစူးဝါးဝါးထိုးဟောင်ပါလေရော။

“ ဟဲ့ မောင်တိုး… နေ့ခင်းကြီး ဘာတွေဟောင်နေတာလဲ”

မောင်ပုက အိမ်ပေါ်ကနေလှမ်းအော်လိုက်တာကြောင့် အောင်မြတ်သာခြံပြင်ကို ကြည့်လိုက်ရာ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက် ဖြတ်လျောက်သွားတာကိုရိပ်ခနဲမြင်လိုက်ရတယ်။

“ ကိုမောင်ပု”

“ ခင်ဗျားက ဒီရွာဇာတိလား”

“ ဟုတ်တယ်လေဆရာ၊ ဘာဖြစ်လို့လဲ”

“ ဒီရွာမှာ ပရလောကနဲ့ပတ်သတ်လို့ ထူးဆန်းတာတွေများရှိခဲ့ဖူးလား”

“ သရဲတစ္ဆေတွေအကြောင်းကိုမေးတာလား”

“ ဟုတ်တယ်ဗျ၊ အဲလိုအကြောင်းအရာမျိုးပေါ့”

“ မေးတော့လဲပြောရတာပေါ့ဗျာ၊ ကျုပ်လဲ လူကြီးတွေပြောတာပြန်ပြောပြတာနော်”

“ ရပါတယ်… ကျုပ်လဲ နားထောင်ရတာပေါ့”

“ ကျုပ်တို့ရွာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ရှိခဲ့တာလို့ပြောတယ်၊ ဘုရင်ခေတ်ကဆို ဒီရွာကနေ ပန်းတွေသီပြီး ဆက်သရလို့ ပန်းသီကုန်းရွာလို့ လူသိများတယ်၊ နောက်ပိုင်းမှာတော့ ပန်းသီကုန်းက ခေါ်ရထောက်လို့ ပန်းကုန်းရွာဆိုပြီးဖြစ်သွားတာ၊ ပုဂံမြို့တည်တော့ ကျုပ်တို့ပန်းကုန်းရွာသူကြီးက လူအင်အား၁၀၀ပေးရတယ်လို့လဲ ပြောကြတယ်။ စစ်ချီထွက်တဲ့အခါမှာလဲ ‌ရွာထဲမှာရှိတဲ့ ယောင်္ကျားသားတွေထဲက အားကောင်းမောင်းသန်တဲ့သူတွေကို ရွေးထုတ်ပေးကြရတယ်။ အခုရွာထိပ်မှာ နတ်ကွန်းဆောက်ပေးထားရတဲ့အဖိုးဆိုတာ စစ်ချီထွက်ရင်း တိုက်ပွဲမှာကျတာတဲ့။ သူက သေမှန်းမသိပဲ ရွာကိုပြန်လာပြီး အိမ်သားတွေကို အ‌နံ့ပေး၊ အသံပေးလုပ်လို့ တစ်ရွာလုံး ကြောက်လန့်ခဲ့ရတယ်လို့လဲပြောကြတယ်၊ အဲဒီနောက်ပိုင်း ရွာလူကြီးတွေက သူ့အတွက်ဆိုပြီး ရွာထိပ်မှာ ထနောင်းပင်တစ်ပင်စိုက်ပေးခဲ့ကြတယ်လေ။ ထနောင်းပင်စစိုက်တော့ ရာဇမတ်နဲ့သေချာကာပြီး နန်းတွင်းက တပ်မှူးတွေကိုယ်တိုင် နေရာပေးခဲ့တာလို့လဲပြောကြတယ်။ ဒီလိုနဲ့ကြာလာတော့ သူက ရွာစောင့်နတ်လိုလိုဖြစ်လာတာပဲ”

“ ဒါဆို အဲဒီထနောင်းပင်က နှစ်အတော်ကြာပြီပေါ့”

“ ဒါပေါ့ဗျာ… ဒီနယ်တစ်ဝိုက်မှာတော့ သက်တမ်းအရင့်ဆုံးအပင်ပဲ”

“ နောက်တော့ရော ဘာတွေဖြစ်သေးလဲ”

“ ရွာစောင့်အဖိုးက ကျုပ်တို့ရွာကိုလဲ ကူညီပေးခဲ့ဖူးတယ်၊ ကျုပ်အဖိုးတွေလက်ထက်က ဒီနယ်တစ်ဝိုက်မှာ ဓါးပြတွေသောင်းကျန်းခဲ့ဖူးတယ်။ ရွာထဲကို ဓါးပြတွေလာတော့မယ်ဆိုရင် အဖိုးက အသံနက်ကြီးနဲ့ သတိပေးတတ်တယ်လို့လဲပြောတယ်”

“ အင်းပေါ့လေ ဒါကလဲ သူ့ရွာသူ့အပိုင်ဆိုတော့ ကူညီစောင့်ရှောက်ပေးတာနေမှာ၊ ဒါနဲ့သူ့မျိုးဆက်တွေကရော ဒီရွာမှာမကျန်ခဲ့ဘူးလား”

“ သူ့မျိုးဆက်က ကျုပ်အဖေတို့လူပျိုပေါက်အရွယ်ထိရှိခဲ့ဖူးတယ်
ပြောတယ်၊ သူတို့မျိုးရိုးက မြန်မာဆန်တာကို အရမ်းသဘောကျလို့ မိန်းကလေးတိုင်း ဆံပင်ကို ဒူးဆစ်လောက်ထိထားကြတယ်လေ”

“ ‌အတော့်ကို မြန်မာမှုထိန်းတဲ့မိသားစုပါလားနော်”

“ မြန်မာမှုလဲထိန်းကြသလို အရမ်းလဲအရှက်အကြောက်ကြီးကြတယ်ဗျ၊ နှမျောတာက သူတို့ရဲ့နောက်ဆုံးမျိုးဆက်က အိမ်ထောင်မကျခင်မှာပဲ အဆိပ်သောက်သတ်သေသွားခဲ့တာပဲ၊ မဟုတ်ရင် အခုချိန်ထိ သူတို့မျိုးဆက်တွေကျန်နေခဲ့ဦးမှာ”

“ ဘာလို့အဆိပ်သောက်သတ်သေသွားခဲ့တာလဲ ဆိုတာရောသိလား”

“ လူတွေကတော့ ဟိုတစ်မျိုးဒီတစ်မျိုးပြောနေကြပဲဗျာ၊ အချို့က အိမ်ကပေးစားတဲ့သူနဲ့ မယူချင်လို့ သတ်သေတယ်ပြောသလို၊ အချို့ကျတော့လဲ မဖုံးနိုင်မဖိနိုင်ဖြစ်လို့ သတ်သေသွားတယ်လို့ ပြောကြတာပဲ”

“ သနားစရာပါလားနော်၊ သူ့မှာ ဘာကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာ ကိုယ်တွေမှမသိနိုင်တာ”

“ အဲ.. ပြောရဦးမယ်၊ သူသေပြီးလို့ တစ်နှစ်လောက်အထိ လပြည့်နေ့တွေဆိုရင် အသံနက်နဲ့အော်ဟစ်သံ၊ တောက်ခတ်ကြိမ်းဝါးသံတွေကြားရတယ်လို့ပြောတယ်”

“ ရွာထဲမှာကြားရတာလား”

“ ရွာထဲမှာတော့မဟုတ်ဘူးဗျ၊ ရွာအနောက်ဘက် ကွင်းစပ်ကနေ ကြားရတာတဲ့၊ လူတွေက အသံကြားလို့ သွားကြည့်ရင် ဘာမှမတွေ့ဘူး၊ လူတွေပြန်သွားရင် အော်ဟစ်သံထပ်ကြားရပြန်ရော”

“ နောက်တော့ရော ထပ်ကြားရသေးလား”

“ မကြားရတော့တာ‌ ကြာပြီ၊ ရွာထဲကလူတွေကတော့ သူ့ကိုယ်သူသတ်သေမိလို့ နောင်တရပြီး အော်ဟစ်နေတာလို့ပြောကြတာပဲ”

“ ဒီရွာအကြောင်းရော သတ်သေသွားတဲ့ မိန်းကလေးရဲ့အကြောင်းရောက စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒါနဲ့ ညနေကျရင် ကျုပ်ရွာထိပ်ခဏ သွားမလို့ နည်းနည်းနောက်ကျမယ်နော်”

“ ရတယ်လေ ဆရာ၊ အေးအေးလူလူသွား ကျုပ်လဲ ခြံအနောက်ကစိုက်ခင်းတွေရေလောင်းဖို့ လုပ်လိုက်ဦးမယ်”

မောင်ပုထွက်သွားတော့ အောင်မြတ်သာရဲ့ ခေါင်းထဲမှာ ဝိုးဝဝါးအတွေးစတွေ စီတန်းပြီး ပေါ်လာခဲ့တယ်။

ညနေစောင်းရောက်တော့ ကိုယ်လက်သန့်စင်ပြီး ရွာထိပ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ အထက်အညာမြေဖြစ်လင့်ကစား လမ်းဘေးတစ်လျောက်စိုက်ပျိုးထားတဲ့ အရိပ်ရအပင်တွေက ထူထပ်စွာပေါက်ရောက်နေခဲ့တယ်။ ဒါကြောင့်လဲ နေရောင်ခြည်အလင်းက ရွာလမ်းမပေါ်ကို မကျရောက်နိုင်ပဲ အုံ့ဆိုင်းမှိုင်းညို့တဲ့အသွင်ကို ဆောင်နေခဲ့တယ်။

ရွာထိပ်ရောက်တော့ ထုံးအဖြူသုတ်ထားတဲ့ နတ်ကွန်းဆီကိုသွားပြီး အထဲကိုကြည့်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းပြီး တောင်ရှည်ကိုခါးတောင်းကျိုက်ထားတဲ့ဟန်ထုလုပ်ထားတဲ့ ရုပ်ထုတစ်ခုကိုမြင်လိုက်ရတယ်။ ရုပ်ထုရဲ့ဘေးမှာတော့ ပိတ်ဖြူတစ်စနဲ့ ရွှေချထားတဲ့ တောင်ဝှေးတစ်ချောင်းလည်း ရှိနေခဲ့တယ်။

အောင်မြတ်သာက နတ်ကွန်းရှေ့ရောက်တော့ ကြမ်းပြင်ကိုလက်နဲ့သုံးချက်ပုတ်လိုက်ပြီး

“ ရွာစောင့်အဖိုးအား ကျွန်ုပ်၏ မနောဖြင့် ပင့်ဖိတ်ပါသည်။ ကြွရောက်ပေးပါခင်ဗျာ” လို့ စိတ်ထဲကနေ ရေရွတ်လိုက်ရာ ထနောင်းပင်အနောက်ကနေ ပိတ်ဖြူကိုဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက် တုန်တုန်ရီရီနဲ့ထွက်လာတာကိုမြင်လိုက်ရတယ်။

“ အဖိုးကိုခေါ်တာ ဘာကိစ္စများလဲကွယ့်”

“ အဖိုးက ဒီရွာမှာ ရှိနေတာ ကြာပြီဆိုတော့ ကိစ္စလေး တစ်ခုသိချင်လို့ လာမေးတာပါ”

“ ဘာကိစ္စများလဲ လူလေး… အဖိုးက အသက်ကြီးပြီဆိုတော့ အရင်တုန်းက ဖြစ်ရပ်တွေ သိပ်မမှတ်မိတော့ဘူးနော်”

“ မကြာသေးခင်ကမှဖြစ်သွားတဲ့ အရာတစ်ခုကိုမေးမှာပါအဖိုး၊ ဒီရွာမှာ ထူးခြားတဲ့ ကိစ္စတစ်ခုရှိနေတာ အဖိုးသိလား”

“ ဘာကိစ္စလဲကွယ့်… အဖိုးသိရင်တော့ ပြောပြပါမယ်”

“ ကျွန်တော် ဒီရွာကိုစဝင်တော့ အဖိုးကို မေတ္တာပို့ခဲ့တာ ရတယ်မဟုတ်လား”

“ ရပါတယ်လူလေး…”

“ ကျွန်တော်ရွာထိပ်မှာထိုင်နေတဲ့အချိန် ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက် ရယ်မောနေတဲ့ပုံရိပ်ကိုအာရုံရခဲ့တယ်။ အဲဒီမိန်းမက ဘယ်သူလဲဆိုတာ အဖိုးသိလား”

“ လူလေးရယ်… ဒီအနီးတစ်ဝိုက်မှာက ဆံပင်ဖားလျားချပြီး လျောက်သွားနေတဲ့ ဝိဉာဉ်တွေအများကြီးရှိတယ်လေ၊ ဘယ်သူလဲဆိုတာ အဖိုးဘယ်လိုသိမှာလဲကွယ်”

“ ကောင်းပါပြီ အဖိုး၊ ဒါဆိုရင်လဲ ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ တွေ့အောင်လုပ်ရတော့မှာပေါ့၊ ကျွန်တော်ကြောင့် အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ”

အဖိုးအိုက သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ အောင်မြတ်သာရဲ့ နောက်ကျောကို ကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပါတော့တယ်။
++++++

လရောင်မှိန်ပြပြကျနေတဲ့ ညချမ်းအချိန်အခါမှာတော့ ပန်းကုန်းရွာတစ်ရွာလုံး ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။

တစ်နေကုန်ပင်ပန်းထားတဲ့ မောင်ပုကတော့ ပေါင်နှစ်ချောင်းထဲလက်ထည့်ကာ ကွေးကွေးလေးအိပ်ပျော်နေပြီး အောင်မြတ်သာကတော့ ဘုရားကျောင်းဆောင်ရှေ့မှာ တင်ပလ္လင်ခွေထိုင်ကာ သမထအစွမ်းကိုကျင့်ကြံနေခဲ့တယ်။

“ ရှပ် ရှပ် ရှပ်”

အိမ်ရှေ့ကနေ ထွက်ပေါ်လာတဲ့ ခြေသံကြောင့် အောင်မြတ်သာရဲ့စိတ်တွေ ပို့လွှတ်လိုက်ရာ လေအဝှေ့မှာ လူးလွန့်သွားတဲ့ ဆံပင်ရှည်အချို့ကို မြင်လိုက်ရတယ်။

အောင်မြတ်သာလဲ သူလိုချင်တဲ့ မြင်ကွင်းကို အာရုံခံမိပြီမို့ စိတ်ကိုအခြားမပို့တော့ပဲ ဆံနွယ်တွေနောက်ကိုလိုက်ပါသွားပါတော့တယ်။

အဲဒီအချိန် မြင်လိုက်ရတာက သနပ်ခါးပါးကွက်ကြားနဲ့ မိန်းမပျိုတစ်ယောက်၊ သူမရဲ့ ဆံပင်က ဒူးဆစ်လောက်ထိရှည်ကျနေပြီး တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသလို ခပ်ဝေးဝေးကို ငေးကြည့်နေခဲ့တယ်။

ထိုစဉ်မြင်ကွင်းက ကြည့်နေရင်း ရုတ်ချည်းပျောက်ကွယ်သွားကာ ဗလုံး‌ဗထွေး အော်ဟစ်သံတွေကို စတင်ကြားလာခဲ့ရတယ်။

“ ရှင်… မယုတ်မာနဲ့နော်၊ ကျွန်မကိုလွှတ်စမ်း”

“ နင့်ပါးစပ်ကိုပိတ်ထားစမ်း၊ နင်က ဘာကောင်မမို့ ငါ့ကို ငြင်းရတာလဲ ဟမ်”

အသံတွေက ပိုပြီးနီးကပ်လာသလို မြင်ကွင်းကလဲ ဝိုးတဝါးကနေ ကြည်လင်လာခဲ့တယ်။ အောင်မြတ်သာမြင်လိုက်ရတာက ခုနက မြင်ခဲ့တဲ့ မိန်းမပျိုကို ယောင်္ကျားတစ်ယောက်က အတင်းချုပ်နှောင်ထားတာကိုပဲ။

အချိန်က လပြည့်ညဖြစ်တဲ့အတွက် အလင်းရောင်က ကန်သင်းရိုးတစ်လျောက်ကို ဖြာကျနေခဲ့တယ်။

မိန်းမပျိုရဲ့ဆံစတွေကလဲ မြက်ခင်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး မျက်နှာပေါ်မှာလဲ ကြောက်ရွံ့တုန်လှုပ်မှုတွေ အထင်းသားပေါ်နေတာ မြင်တွေ့လိုက်ရတယ်။

မိန်းမပျိုက ရှိသမျှ ခွန်အားနဲ့ရုန်းကန်နေပေမယ့် သူ့ထက်သန်မာတဲ့လူရဲ့ လက်အောက်မှာ ဘယ်လိုရုန်းကန်နိုင်စွမ်းမရှိပဲ သတိလစ်မေ့မျောသွားတဲ့အချိန် အောင်မြတ်သာရဲ့ အမြင်အာရုံတွေက မှုန်ရီဝေဝါးလာခဲ့တယ်။

‌ထိုမြင်ကွင်းပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက် မြင်လိုက်ရတာက ရွာထိပ်က ထနောင်းပင်ကြီး။ ‌ထနောင်းပင်အောက်မှာတော့
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ မိန်းမပျိုတစ်ယောက်ရှိနေခဲ့တယ်။ ဆံပင်ကို တပတ်လျှိုထုံးထားပြီး အဝါဖျော့ရောင် အင်္ကျီနဲ့ ထဘီကိုဝတ်ဆင်ထားတဲ့ မိန်းမပျိုက သူ့လက်ထဲ ကိုင်ထားတဲ့ ‌ဘူးတစ်ဘူးကို မော့သောက်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ဆန့်ငင်ဆန့်ငင်ဖြစ်လာပြီး ပါးစပ်ကနေ အမြုပ်တွေထကာ ထနောင်းပင်အောက်မှာ လဲကျသွားပါတော့တယ်။

“ ဟီးဟီး အဟက်အဟက်”

ရုတ်တရက်ကြားလိုက်ရတဲ့ ရယ်သံကြောင့် အောင်မြတ်သာရဲ့ အာရုံပျက်လွင့်သွားပြီး မျက်လုံးအစုံက ဖျတ်ခနဲ ပွင့်ထွက်လာခဲ့တယ်။

“ အဟက်အဟက်…”

နောက်ထပ်ကြားလိုက်ရတဲ့ ရယ်သံက အိမ်ရှေ့ကနေ ထွက်လာတာမို့ အောင်မြတ်သာထကြည့်လိုက်ရာ ခြံတံခါးဝကိုကျောပေးရပ်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။

“ ဒီရယ်သံက ရွာထိပ်မှာ ကြားလိုက်ရတဲ့ ရယ်သံပဲ၊ သူဘာလို့ ငါ့ဆီလာရတာလဲ”

စိတ်ထဲကနေ တွေးပြီး အိမ်ပေါ်ကနေဆင်းဖို့အလုပ် ခြံရှေ့မှာရပ်နေတဲ့ မိန်းမက ဖျတ်ခနဲ ပျောက်ကွယ် သွားခဲ့တယ်။

“ သင် ဒီမှာရှိနေတာ ကျုပ်သိတယ်၊ အခု ထွက်လာခဲ့ပါ”

အောင်မြတ်သာက စိတ်ထဲကနေ ပြောပြီး ခြံအဝကိုအထွက် ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာက ဗြုန်းဆို အရှေ့တည့်တည်မှာ ပေါ်လာခဲ့တယ်။

မျက်လုံးကဝါထိန်နေပြီး၊ မျက်နှာတစ်ခုလုံး အက်ကွဲနေတဲ့မိန်းမက အောင်မြတ်သာရဲ့မျက်နှာနဲ့ သုံးလက်မခန့်အကွာကနေ စိုက်ကြည့်နေခဲ့တယ်။

သာမန်လူတွေဆို လိပ်ပြာလွင့်သွားနိုင်ပေမယ့် အောင်မြတ်သာက မျက်တောင်လေးတောင် မခတ်ပဲ ကြည့်နေခဲ့တယ်။

“ နင် ငါ့ကိုတွေ့တာ ဘာလို့မကြောက်တာလဲ”

“ ကျုပ်က သင့်ထက်ပိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ရင်ဆိုင်ခဲ့တဲ့သူပါ၊ ဒါကြောင့် သင့်ရဲ့ ခြောက်လှန့်မှုကို မထိတ်လန့်တော့ပါဘူး”

“ နင်က သာမန်လူမဟုတ်ဘူးပဲ အဟက်အဟက်”

“ မိန်းကလေး… သင်ဘဝမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်သိပြီးပါပြီ”

“ ဟုတ်လား… ငါ့ဘဝမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို နင်အကုန်မသိသေးပါဘူး”

“ အလုံးစုံမသိပေမယ့် အကြောင်းရင်းအချို့ကိုတော့ ကျုပ်သိထားပါတယ်”

“ ဒါဆိုရင် နင်င့ါကို လိုက်ရှာနေတာ ဘာလုပ်ဖို့လဲ”

“ သင့်ကိုမေးစရာရှိလို့ လိုက်ရှာနေတာပါ”

“ နင်က ဘာမေးမှာလဲ…”

“ကျုပ်မေးချင်တာက ဒီရွာမှာ သား ယောင်္ကျားလေး မွေးတိုင်း စိတ်ပေါ့သွပ်တဲ့ဘဝရောက်ကြရတဲ့ မိသားစုတွေကို သင်သိမှာပေါ့၊ အဲဒီယောင်္ကျားလေးတွေဖြစ်နေတာ သင်နဲ့ပတ်သတ်နေတာလား”

“ ဟုတ်တယ်… ငါနဲ့ပတ်သတ်နေတာ၊ သူတို့တစ်ဆွေလုံးတစ်မျိုးလုံးကို ငါကပဲ ရူးအောင်လုပ်ထားတာ”

“ ဘာကြောင့်လဲ… အပြစ်မရှိတဲ့ ဒီလူတွေကို ဘာကြောင့်လုပ်ထားရတာလဲ”

“ အပြစ်ရှိတယ်ဟဲ့… အပြစ်ရှိလို့ လုပ်ထားတာ၊ ဒါပေမယ့် ငါက သူတို့ကိုပြုစားထားတာမဟုတ်လို့၊ ဘယ်လောက်စွမ်းပါတယ်ဆိုတဲ့ဆရာကမှ ပျောက်အောင်မကုနိုင်သေးဘူး ဟီးဟီး”

“ ဒါတော့ ကျုပ်ရိပ်မိပါတယ်၊ သူ့တို့ကိုယ်ထဲမှာ တစ်စုံတစ်ယောက် ပြုစားထားတဲ့ အရိပ်အယောင် မရှိဘူး၊ ဒါကြောင့် သင်က သူတို့ကို တစ်ခြားသူ အကူအညီနဲ့ ကျိန်စာတိုက်ခဲ့တာမဟုတ်လား”

အောင်မြတ်သာစကားကြောင့် အဆိုပါမိန်းမရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲဖြစ်သွားပြီး ရွာထိပ်ဘက်ကို ထွက်ပြေးသွားခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာက လက်ညိုးနဲ့ထိုးပြီး
“ အင်းစောင့်များက ရောက်ရာအရပ်မှာချုပ်ထားစမ်း” လို့အမိန့်ပေးလိုက်ရာ မြေကြီးထဲကနေ အနီရောင်ကြိုးတွေကိုင်ထားတဲ့ အင်းစောင့်လေးယောက်ပေါ်လာပြီး ထွက်ပြေးသွားတဲ့ မိန်းမကို ကြိုးကွင်းနဲ့ပစ်ကာ ဖမ်းချုပ်ထားလိုက်ကြတယ်။

“ သင်ဘာလို့ ထွက်ပြေးတာလဲ၊ ကျုပ်က သင့်ကို နာကျင်အောင်လဲမလုပ်သလို အမိန့်ပေးတဲ့လေသံနဲ့တောင်ပြောနေတာမဟုတ်ဘူး”

“ ငါသိတယ်… နင်က ဘယ်လိုပုဂ္ဂိုလ်ဆိုတာ အဖိုးပြောပြလို့ ငါသိပြီးပြီ၊ ဒါကြောင့် ‌နင့်ဆီလာခဲ့တာပဲ၊ ငါထွက်ပြေးတယ်ဆိုတာက နင်ငါ့ကို ကျိန်စာပြန်ဖြေခိုင်းမှာစိုးလို့ဟေ့”

“ သင့်ရဲ့ဘဝက ဘယ်လောက် နာကျင်ခဲ့လဲဆိုတာ သင်ထက်ပိုသိတဲ့သူမရှိဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် လူဆိုတာ ဝဋ်ကြွေးရှိရင် ပြန်ဆပ်ရမယ်လို့ ဘုရားရှင်က ဟောခဲ့ပြီးသားပဲ”

“ ငါ့ကို တရားလာမချနဲ့၊ ငါဆိုတဲ့မိန်းမက ဒီဘဝကနေ မကျွတ်ချင်လို့ အမျှဝေတာတောင်မခေါ်ခဲ့ဘူးဟဲ့”

“ ဒါကလဲ သင့်ရဲ့ ကျွတ်လွတ်ချိန်မတန်သေးလို့ပါ၊ ကဲ အင်းစောင့်တွေ ဒီအမျိုးသမီးကို ရွာထိပ်က ထနောင်းပင်အောက်ကိုခေါ်သွားကြ၊ ကျုပ်အခုလိုက်လာခဲ့မယ်”

အောင်မြတ်သာစကားအဆုံးမှာ အင်းစောင့်တွေရော ချုပ်နှောင်ခံထားရတဲ့မိန်းမပါ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာလဲ အင်းစောင့်တွေပျောက်သွားတာနဲ့ အိမ်ပေါ်ကို ပြန်တက်လာပြီး အိပ်ပျော်နေတဲ့ မောင်ပုဘေးမှာ မိုင်းကိုင်စက္ကူနဲ့ထုပ်ထားတဲ့အရာတစ်ခုကိုချကာ ရွာထိပ်ကို ထွက်လာခဲ့လိုက်တယ်။

ရွာထိပ်ရောက်တော့ ထနောင်းပင်အောက်မှာ ဒူးထောက်လျက်အနေအထားနဲ့ ထိုင်နေတဲ့ မိန်းမရှိနေပြီး သူ့ဘေးမှာတော့ အင်းစောင့်လေးယောက်နဲ့ ရွာစောင့်အဖိုးက မတ်တပ်ရပ်နေခဲ့တယ်။

ရွာစောင့်အဖိုးက အောင်မြတ်သာကိုမြင်တော့ မျက်နှာငယ်လေးနဲ့အနားကပ်လာပြီး

“ ဆရာလေးရယ်… သူမကို ခွင့်လွှတ်ပေးပါ၊ ကလေးဆိုတော့ စကားအပြောမဆိုမတတ်လို့ ဆရာလေးကို ရင့်သီးတဲ့စကားတွေပြောခဲ့မိတာပါ”

“ ကျွန်တော်က သူ့ကို အပြစ်ပေးဖို့လာတာ မဟုတ်ပါဘူး၊ မသက်ဆိုင်တဲ့သူတွေကို ကယ်တင်ဖို့လာခဲ့တာပါ၊ အစောင့်တွေ သူမကိုလွှတ်ပေးလိုက်တော့” လို့ပြောလိုက်ရာ ချည်ထားတဲ့ကြိုးတွေနဲ့အတူ အင်းစောင့်တွေပါ ပျောက်ကွယ်သွားခဲ့တယ်။

“ အခုချိန်ကစပြီး ကျုပ်မေးတာကို အမှန်တိုင်းဖြေမယ်လို့ ကတိပေးမလား”

“ ဟဲ့ ကောင်မလေး ဆရာလေး မေးနေတာကို ပြန်ဖြေလေ”

ရွာစောင့်အဖိုးစကားကြောင့် မျက်နှာထားတင်းထားတဲ့ မိန်းမက ခေါင်းကို ညိတ်ပြခဲ့တယ်။

“ အဖိုး… သူဖြေရခက်နေမယ်ထင်တယ်၊ အဖိုးသာ ကျုပ်ကို ညနေကလိုမလိမ်ဘူးဆိုရင် သူအဆင်ပြေတဲ့နေရာမှာ နေပါစေ၊ ကျုပ်ခွင့်ပြုတယ်”

“ ကောင်းပါပြီ ဆရာလေး၊ အဖိုး အကုန်ပြောပြပါ့မယ်၊ ကောင်မလေး နင် တစ်နေရာရာမှာ သွားနေစမ်း”

ရွာစောင့်အဖိုးပြောလိုက်တာကြောင့် ရပ်နေတဲ့မိန်းမက မျက်နှာကို လက်နဲ့အုပ်ပြီး ရှိုက်ကြီးတငင်ငိုကာ ရွာအပြင်ဘက်ကို ထွက်ပြေးသွားခဲ့တယ်။

“ သူက ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီမိသားစုကိုကျိန်စာတိုက်ခဲ့တာလဲ”

“ အမုန်းတရားတွေပေါ့ဆရာလေးရယ်၊ သူ့ဘဝကို နင်းခြေခဲ့တဲ့သူကို မုန်းတီးတဲ့စိတ်ကြောင့် အခုလို အဖြစ်တွေဖြစ်လာခဲ့တာပဲ”

“ အဖြစ်အပျက်အချို့ကိုတော့ ကျွန်တော်သိပါတယ်၊ ဒါတွေက အခုဖြစ်နေတဲ့ မိသားစုနဲ့ ဘယ်လိုပတ်သတ်လဲဆိုတာကိုသိချင်တာ”

“ ဟိုးအရင်ချိန်တွေတုန်းက ကျုပ်တို့ရွာမှာ တစ်နှစ်တစ်ခါလုပ်တဲ့ ဘုရားပွဲရှိတယ်။ ဘုရားပွဲမှာကဇာတ်ပွဲတွေလဲသွင်းကြတယ်လေ။ဒီကောင်မလေးမှာက နှင်းမေဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ တွဲသွားတွဲလာ သူငယ်ချင်းပေါ့။ ဇာတ်ပွဲစတော့ နှင်းမေက ကိုယ်တွေပူပြီးဖျားပါလေရော။ အခြားသူတွေကလဲ ပွဲကြည့်နေတော့ ဘယ်သူမှပြန်လိုက်မပို့ချင်ကြဘူး‌။ အဲဒီမှာ ကောင်မလေးက သူ့သူငယ်ချင်းကို သူကိုယ်တိုင်ပြန်ပို့ပေးခဲ့တယ်။ ပြန်ပို့ပြီး အိမ်ပြန်တဲ့လမ်းမှာပဲ နှင်းမေရဲ့ အစ်ကိုဖြစ်သူနဲ့တွေ့ခဲ့တာပဲ။ သူငယ်ချင်းရဲ့ အစ်ကိုဆို‌တော့ အခုလိုဖြစ်မယ်မထင်ထားခဲ့ဖူးလေ၊ ဒီလိုနဲ့ သူ့ဘဝပျက်ခဲ့ရတယ်။ အစထဲက အရှက်အကြောက်ကြီးတဲ့သူဆိုတော့ ဟိုဘက်က လက်ထပ်ယူပါမယ်ဆိုတာတောင် လက်မခံပဲ သူ့လမ်းသူရွေးသွားခဲ့တာ။ သူ့ရဲ့နောက်ဆုံးအချိန် ဒီအပင်အောက်မှာငိုယိုပြီး သူတို့မိသားစုက မွေးတဲ့ သားယောင်္ကျားလေးတိုင်း မွေးပြီးတာနဲ့သေရင်သေ၊ မသေရင်ရူးပါစေလို့ ကျိန်စာတိုက်သွားခဲ့တာပဲ”

“ ဒါဆို အခုရွာထဲမှာတွေ့ရတဲ့ ကလေးတွေက သူတို့မျိုးဆက်တွေပေါ့”

“ ဟုတ်တယ်ဆရာလေး… အခုဆို မျိုးဆက်နှစ်ဆက်စာလောက်ရှိရောပေါ့”

“ ဒါဆို လူယုတ်မာကောင်က ဘာမှမဖြစ်ပဲ ဒီတိုင်းပဲနေသွားတာပေါ့”

“ သူလား ဒီအတိုင်းထားမှာ၊ ညတိုင်းညတိုင်း ဦးနှောက်ပျက်လောက်တဲ့ထိ ခြောက်လှန့်လို့ ရူးသလိုဖြစ်သွားခဲ့တယ်လေ”

“ အင်း..သူ့ရဲ့အမုန်းတရားတွေကို နားလည်လို့ရပါတယ်၊ ဒါပေမယ့် အခုခံနေရတာက မဆိုင်တဲ့သူတွေဖြစ်နေလို့ ကျွန်တော်ဝင်ပါနေရတာ”

“ နင်က ဘာလို့ဝင်ပါရတာလဲ၊ မသိသလိုနေပြီး ထွက်သွားလေ”

ရုတ်တရက်ထွက်လာတဲ့စကားကြောင့် အနောက်လှည့်ကြည့်လိုက်ရာ ခါးထောက်ကာ မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်။

“ လှနွယ်… ဆရာကို အဲလိုမပြောရဘူးလေ”

“ ထားလိုက်ပါ အဖိုး… ကျွန်တော် နားလည်အောင် ရှင်းပြလိုက်ပါမယ်၊ ဒီမယ် မိန်းကလေး… သင့်အနေနဲ့ ပြုလုပ်ခဲ့တဲ့ကျိန်စာက အခြားသူတွေအပေါ်မှာ သက်ရောက်ခဲ့ပေမယ့် အခုမွေးတဲ့ ကလေးအပေါ်မှာမသက်ရောက်အောင် လုပ်ဖို့ ကျုပ်ဒီကိုလာခဲ့တာ”

“ သူက ဘာမို့လို့ နင်က ကာကွယ်ပေးနေတာလဲ”

“ ဒီကလေးက နောင်အနှစ်လေးဆယ်ပြည့်ရင် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်မယ့် သာသနာ့အာဇာနည်တစ်ပါးဖြစ်လာလိမ့်မယ်၊ ဒီလို ကလေးကို သင်က ကျိန်စာတိုက်ပြီး ဖျက်စီးဦးမှာလား”

အောင်မြတ်သာစကားကြောင့် ခါးထောက်ကာရပ်နေတဲ့မိန်းမက ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် မျက်နှာကိုပြန်တင်းလိုက်ပြီး

“ နင် မဟုတ်တာတွေ လာမပြောနဲ့၊ ဒီလို လူယုတ်မာမျိုးရိုးက ဘယ်လိုမှ ကောင်းလာမှာ မဟုတ်ဘူး”

“ ဘုရားရှင်လက်ထက်က အလုပ်ကျွေးပြုခဲ့တဲ့ ရှင်အာနန္ဒာဆိုတာ နုစဉ်ကာလတုန်းက သူတစ်ပါးသားမယားကို ဖျက်စီးခဲ့လို့ ဘဝပေါင်းများစွာ မိန်းမမဟုတ် ယောင်္ကျားမဟုတ်ဘဝနဲ့နေခဲ့ရတယ်။ ဒါပေမယ့် နောက်ဆုံးဘဝမှာတော့ အထင်ကရ ရဟန္တာတစ်ပါး ဖြစ်ခဲ့တယ်မဟုတ်လား။ ဒီလိုပဲ လူတိုင်းက အမှားနဲ့ ကင်းတာတော့မရှိဘူး။ သင်လဲ အမုန်းတရားတွေကို သံသရာထိ မယူဆောင်သွားပါနဲ့။ ကျုပ်ပြောသင့်တာ အကုန်ပြောပြီးပြီမို့ သင့်ကျိန်စာတွေကို သင့်ကိုယ်တိုင် ဖျက်ဆီးမလား၊ အထက်ပုဂ္ဂိုလ်တွေကပေးတဲ့အပြစ်ကိုခံယူမလားဆိုတာသင်ဆုံးဖြတ်ပါ”

“ နင် နင်ပြောနေတာက အမှန်တွေဖြစ်လာမှာလား၊ ဒီကလေးက သာသနာအတွက် ထင်ရှားမယ့်သူဖြစ်လာမှာလား”

“ ကျုပ်စကားကို ကျုပ်တာဝန်ယူပါတယ်”

“ ဒါဆို ကျိန်စာကို ဘယ်လိုဖျက်စီးရမလဲ”

“ သင့်ဘက်ကသာ သင်ကျိန်ဆိုခဲ့တာကို ဖျက်ပါ့မယ်ဆိုတဲ့စကားသုံးကြိမ်တိတိပြောပေးပါ၊ ကျန်တာကို ဆိုင်ရာပုဂ္ဂိုလ်တွေဆက်လုပ်သွားပါလိမ့်မယ်”

“ ကောင်းပြီလေ ငါ့ဆန္ဒအမှန်ကိုငါပြောမယ်၊ ကျွန်မအနေနဲ့ အမုန်းတရားကိုမူတည်ပြီး သားယောင်္ကျားလေးမွေးတိုင်း ရူးသွပ်ပါစေလို့ ကျိန်ဆိုခဲ့ပါသည်။ ကျိန်ဆိုခဲ့တဲ့ ဤကျိန်စာသည် သာသနာဘောင်ဝင်ရောက်မည့် သူတွေအတွက်သာ ပယ်ဖျက်ခြင်းဖြစ်ပြီး လူ့ဘောင်မှာရှိတဲ့သူတွေအတွက် မူလအတိုင်းရှိပါစေသား” လို့ သုံးကြိမ်ပြောကာ ရွာထဲဘက်ကို ဝင်ရောက်သွားခဲ့တယ်။

အောင်မြတ်သာကတော့ ဆံပင်ဖားလျားနဲ့ ပြေးထွက်သွားတဲ့ အမျိုးသမီးကိုကြည့်ပြီး
“ အမုန်းဆိုတဲ့အရာက သံသရာအဆက်ဆက်ထိ ကြောက်ဖို့ကောင်းပါလား” လို့ ရေရွတ်လိုက်ပါတော့တယ်။
++++++

ပုဂံမြို့ဟောင်းမှာရှိတဲ့ စေတီပျက်တစ်ဆူပေါ်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ရေညှိတွေကို သံဘရပ်နဲ့ ပွတ်တိုက်နေခဲ့တယ်။

စေတီအောက်ခြေမှာတော့ ကြံတစ်ချောင်းကို စုပ်ရင်း ထိုင်နေတဲ့လူက

“ ဘေးမှာ ရေညှိတွေ ကျန်နေသေးတယ်၊ မင်းတို့အချောင်ခိုရင် ဒီစေတီမှာပဲ မိုးချုပ်သွားမှာနော်၊ နောက်မှ ရောင်တော်ဖွင့်ခိုင်းထားတဲ့စေတီမပြည့်လို့ ရက်ထပ်တိုးနေရမယ်” ဆိုပြီးပြောကာ ရယ်ကျဲကျဲ လုပ်နေခဲ့တယ်။

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ သူတို့အပြစ်နဲ့သူမို့ စောဒကမတက်ရဲပဲ ချွေးတဒီးဒီးကျတဲ့ထိ သန့်ရှင်းရေးလုပ်နေတဲ့အချိန် ထီးတော်အောက်ခြေနားမှာရှိတဲ့ အုတ်ခဲလေးတစ်လုံးက အပြင်ကို ချော်ထွက်သွားခဲ့တယ်။

“ အစ်ကို… အထဲမှာ သေတ္တာတစ်လုံးပါလား”

“ ယွန်းသေတ္တာလေးပါလား၊ ထုတ်ကြည့်စမ်း”

မောင်ကောင်းတို့လဲ သေတ္တာကို လက်ညိုးနဲ့ကလော်ပြီးကြည့်လိုက်ရာ အဖုံးပေါ်မှာ အတွန့်အတက်တွေပါတဲ့ လက်ရေးနဲ့ “ထိုက်သူယူစေ”လို့ ရေးထားတဲ့ စာအချို့ကိုမြင်လိုက်ရတယ်။

“ ထိုက်သူယူစေဆိုပါလား အထဲမှာ ဘာရှိလဲဖွင့်ကြည့်ဦး”

“ ကြပ်နေတယ်ဗျ…”

“ အံကဒီဘက်မှာလေ မင်းက ဖင်ကဖွင့်နေတော့ ဘယ်ရမလဲ…ဒီကိုပေး”

မောင်ကောင်းက သေတ္တာကို လက်သည်းနဲ့ခွာပြီး ဖွင့်လိုက်ရာ အထဲကနေ ခဲရောင်အလုံးလေးနှစ်လုံးထွက်လာခဲ့တယ်။

“ ဓါတ်လုံးနှစ်လုံးပါလား၊ ဘယ်သူတွေကများ ဒီလိုစေတီထဲ ဌာပနာထည့်သွားပါလိမ့်”

“ ဌာပနာမဟုတ်ဘူးကွ၊ ထိုက်သူယူစေလို့ ရေးထားတာ တွေ့တဲ့သူကို ယူစေချင်လို့နေမှာ”

“ အစ်ကို ယူရဲရင်ယူလေ၊ ကျွန်တော်တော့ မယူရဲဘူး”

“ ငါလဲ မယူရဲပါဘူးဟ၊ သူရေးထားတဲ့အတိုင်းပြောပြတာ”

နှစ်ယောက်သားဓါတ်လုံးနှစ်လုံးကို ကိုင်ဖူးတယ်ရှိအောင် ကိုင်ကြည့်လိုက်တဲ့အချိန်

“ ဟိုနှစ်ကောင် ဘယ်ပျောက်သွားတာလဲ၊ ဒီနှစ်ကောင်နဲ့တော့ ငါစိတ်ညစ်ပါတယ်” ဆိုတဲ့ ကြာရိုးရဲ့အသံထွက်လာခဲ့တယ်။

သူ့မျက်စိရှေ့တည့်တည့်မှာ ထိုင်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကတော့ ကိုင်ထားတဲ့ ပတ္တမြားကိုကြည့်လိုက် အချင်းချင်းကြည့်လိုက်လုပ်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပါတော့တယ်။
++++++

မောင်ကောင်းနဲ့ ခွန်းလှတို့ရသွားတဲ့ ပတ္တမြားက ဘာဖြစ်မလဲ၊ သူတို့နဲ့ရော ထိုက်တန်မလားဆိုတာ ကိုတော့ အောင်မြတ်သာနှင့် ကိုယ်ပျောက်ဓါတ်လုံး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)