++++++++++++++++++++++++++

နေက ဦးခေါင်းတည့်တည့်ပေါ်ရောက်နေပြီမို့ တောက်ထိန်နဲ့ ဖိုးဝတို့နှစ်ယောက်သားရဲ့ ခြေလှမ်းတွေ နှေးကွေးလာသလို စိတ်ထဲကနေလဲ မကျေမချမ်းမှုတွေဖြစ်လာခဲ့တယ်။

“ တောက်စ်.. အခုချိန်ထိ ဟင်းစားဆိုလို့ တောကြက်တစ်ကောင်တောင်မရသေးဘူး၊ ဒီပုံစံအတိုင်းဆိုရင် ညကင်းစောင့်တဲ့အခါ ငတ်ပီ ထင်ပါတယ်”

တောက်ထိန်စကားကြောင့် ဖိုးဝက လေးခွကို ခါးကြားထိုးလိုက်ပြီး

“ ဟင်းစားမရတော့လဲ ဦးဘလုံအိမ်က ကြက်သွားခိုးကြတာပေါ့ကွာ”

“ မင်းမေကလွှား အခုထိ စိတ်မှတ်မရှိသေးဘူးလား၊ ဒီတစ်ခါသူ့ခြံထဲက ကြက်ပျောက်လို့ကတော့ မင်းရောငါရော ထိပ်တုံးကပြေးမလွတ်ဘူးကွ”

“ ဒါဆို ဘယ်လိုလုပ်ကြမလဲ… အခုတောင် နေမွန်းတည့်နေပြီ၊ ဗိုက်လဲဆာနေပြီကွ”

“ ရှေ့နားတစ်ဖြတ်လောက်သွားကြည့်ရအောင်လား၊ အဲဒီတော့မှ ဘာမှမတွေ့ရင်တော့ ပြန်ကြတာပေါ့”

“ ရောက်မှတော့မထူးတော့ပါဘူး သွားကြတာပေါ့”

နှစ်ယောက်သား ‌လေးခွထဲကို လောက်စာလုံးထည့်ပြီး ခြေသံလုံလုံနဲ့ ရှေ့ကိုတက်သွားခဲ့ကြတယ်။

“ ကွတ် ကွတ် ကွတ်”

ရုတ်တရက်ကြားလိုက်ရတဲ့ ငှက်အော်သံကြောင့် ဖိုးဝက နှုတ်ခမ်းနားကိုလက်နဲ့တေ့ပြီး

“ ကြက်မရလဲ ငှက်ပစ်ပြီးပြန်ကြရအောင်ကွာ” လို့တိုးတိုးပြောကာ သရက်ပင်ပေါ်မှာနားနေတဲ့ ငှက်ကို လေးခွနဲ့ပစ်လိုက်ပါလေရော။

“ ဖောက်”

ဖိုးဝရဲ့လောက်စာလုံးက ငှက်ကိုမထိပဲ ပြွတ်သိပ်နေတဲ့ သရက်သီးတွေကိုထိသွား တာကြောင့် သရက်သီးအခိုင်လိုက်အောက်ကို ပြုတ်ကျလာခဲ့တယ်။

“ လက်ကလဲ ဆယ်နှစ်ကလေးလောက်တောင် မဖြောင့်ပါလားဟ၊ ဒီလိုမှန်းသိရင် ငါပစ်ပါတယ်”

“ ငါလဲပစ်တာပဲကွ၊ မင်းကောင်က ပစ်ခါနီးမှပြန်သွားတာတော့ မတတ်နိုင်ဘူး”

“ ငှက်မရလဲ သရက်သီးစားပြီး ပြန်ကြတာပေါ့၊ ငါတို့နှစ်ကောင်မနက်ထဲကပျောက်နေတာ အိမ်ကလူတွေသိရင် စိတ်ပူနေမယ်”

တောက်ထိန်က မြေကြီးပေါ်ကျနေတဲ့ သရက်သီးအခိုင်လိုက်ကို ကောက်ယူလိုက်ပြီး အနားမှာရှိတဲ့ မြေကမူလေးပေါ်မှာထိုင်ချ လိုက်တယ်။

“ ဟေ့ကောင် မစားခင် ဖင်ဖြတ်ဦးကွ၊ မဟုတ်ရင် မင်းပါးစပ်အစည်းလောင်နေမယ်”

“ ငါသိပါတယ်ကွ.. ဆရာမလုပ်နဲ့”

တောက်ထိန်က ခါးကြားထဲပါလာတဲ့ ဓါးမြှောင်နဲ့ သရက်သီးရဲ့ဖင်ကိုဖြတ်လိုက်ရာ ဓါးကချော်ထွက်ပြီး လက်ညိုးကိုထိမိသွားခဲ့တယ်။

“ အား…”

တောက်ထိန်က သွေးတစ်စက်စက်ကျနေတဲ့ လက်ကိုပါးစပ်နဲ့စုပ်လိုက်ပြီး

“ ဒီနေ့ကံမကောင်းဘူးဟေ့… ဟင်းစားမရတဲ့အပြင် လက်ပါဓါးထိရတယ်လို့”

“ မင်းလက်ကအတော်ထိသွားတာပဲ၊ လာကွာ ရွာကိုပဲ ပြန်ကြရအောင်”

ဖိုးဝက တောက်ထိန်ကို ဆွဲခေါ်လိုက်ရာ ဓါးထိထားတဲ့လက်ညိုးထိပ်ကနေ သွေးစအချို့ မြေကမူပေါ်ကို တတောက်တောက်ကျဆင်းသွား ခဲ့သလိုနှစ်ယောက်သား ဗျစ်တောက်ဗျစ်တောက်လုပ်ပြီး ထွက်သွားတဲ့အချိန်မှာတော့ သွေးစက်တွေက မြေကမူထဲကို တစ်ဖြေးဖြေးစိမ့်ဝင်သွားပါတော့တယ်။
++++++

“အချိန်မဟုတ်အခါမဟုတ်ပဲ တောင်ဘက်ကနေ မိုးတွေညို့လာပါလား”

စပါးခြွေ့နေရင်းပြောလိုက်တဲ့ ဦးသာကျော်စကားကြောင့် အလုပ်သမားတွေ ခေါင်းထောင်ကြည့်လိုက်ပြီး

“ မိုးတွေပဲညို့လာတာမဟုတ်ဘူးဗျ၊ လေတွေလဲပြင်းလာသလိုပဲ”

“ ဟာကွာ… ဒီအချိန်မိုးရွာရင် စပါးတွေစိုကုန်တော့မှာပဲ၊ အားလုံး မြန်မြန်သိမ်းကြတော့”

ဦးသာကျော်စကားကြောင့် အလုပ်သမားတွေလဲ စပါးတွေကို အိတ်ထဲသွပ်ပြီး ဂိုထောင်ထဲ ထည့်နေတဲ့အချိန်မှာပဲ မိုးစက်အချို့ တဖျောက်ဖျောက် ကျဆင်းလာပါတော့တယ်။

“ မြန်မြန်လုပ်ကြဟေ့… မိုးစက်တွေကျလာပြီဟ၊ အရေးအကြောင်းဆို ငနွားနှစ်ကောင်က ဘယ်ကို အလေလိုက်နေလဲမသိပါဘူး”

“ သိတဲ့အတိုင်း ရွာရိုးကိုးပေါက်လျောက်လည် နေတာဖြစ်မှာပေါ့ရှင့်၊ ဒင်းတို့နှစ်ကောင် လာပစေဦး၊ အသေရိုက်သတ်ဦးမယ်”

ညီမဖြစ်သူက စပါးတွေသိမ်းနေရင်း ကြိမ်းဝါးလိုက်တာကြောင့် ဦးသာကျော်က သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ ငါက မိတဆိုးမို့လို့ အလိုလိုက်၊ နင်က ဖတဆိုးဖြစ်လို့အလိုလိုက်တာကြောင့် အခုလို ခိုင်းစားမရတာ၊ နောက်နေ့ကစပြီး ဒင်းတို့နှစ်ကောင်ကို လယ်ထဲခေါ်လာခဲ့ရမယ်” လို့ပြောပြီး အလုပ်သမားတွေရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
++++++

အညိုးကြီးစွာရွာသွန်းနေတဲ့ မိုးရေစက်တွေက ယောင်ကြီးဗွေရွာပေါ်ကိုအရှိန်အဟုန်နဲ့ကျဆင်း နေသလို တောထဲမှာရှိတဲ့ မြေကမူလေးပေါ်ကိုလဲ အရှိန်အဟုန်နဲ့ကျဆင်းနေခဲ့တယ်။

မိုးရေစက်တွေကြောင့် မြေကမူမှာရှိတဲ့ မြေသားတွေ တစ်ဖြေးဖြေးကွာကျလာခဲ့ရာ အထဲကနေ အလျားတစ်ပေခန့်ရှိတဲ့ ကျောက်ချပ်တစ်ချပ် ထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန်မှာပဲ ရွံ့ဗွက်တွေပေနေတဲ့ ခြေထောက်တစ်ဖက်က ကျောက်ချပ်ကို ဝုန်းခနဲကန်ချိုးလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ရွာဘက်ကိုထွက်သွားခဲ့ပါတော့တယ်။

++++++++

“ မိုးကလဲ အခုလိုကျတော့ သူမဟုတ်သလိုပါပဲလား”

“ အေးကွ… နွေဘက်ကြီးမိုးရွာတာကလဲ ထူးဆန်းတယ်နော်”

“ ဟေ့ကောင် ဟေ့ကောင် ထူးဆန်းတာတွေ ဘာတွေ လုပ်မနေနဲ့ ဟိုမှာ လာနေပြီကွ”

တောက်ထိန်စကားကြောင့် ဖိုးဝက အပြင်ကိုကြည့် လိုက်ရာ ပုဆိုးကိုတိုတိုဝတ်ပြီးလမ်းလျောက်လာ နေတဲ့ ဘကြီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ မျက်နှာကသုန်မှုန်နေတာပဲ၊ အခြေအနေ မကောင်းဘူးထင်တယ်”

“ ငါလဲမသိတော့ဘူး.. မီးစင်ကြည့်ကရတော့မှာပဲ”

နှစ်ကောင်သား ခပ်တည်တည်နဲ့ သတင်းစာအဟောင်းတစ်ခုစီဆွဲယူကာ ဟိုလှန်ဒီလှန်လုပ်နေလိုက်တယ်။

“ ဟိုနှစ်ကောင် အောက်ဆင်းလာစမ်း”

ဦးသာကျော်အသံက မာနေတာမို့ နှစ်ယောက်သား အချိန်မဆွဲရဲတော့ပဲ အိမ်အောက်ကိုဆင်းလာခဲ့ လိုက်တယ်။

“ မင်းတို့မနက်က ဘယ်တွေသွားနေတာလဲ”

“ ဘယ်မှမသွားပါဘူး.. ရွာပြင်မှာပဲရှိနေတာပါ”

“ အေး… အလုပ်ဆိုရင် ဖင်နာတယ် ခေါင်းနာတယ်နဲ့၊ အလေလိုက်ဖို့ကျတော့ ပြောစရာမလိုဘူး၊ မနက်ဖြန်ကစပြီး မင်းတို့နှစ်ကောင် လယ်ထဲလိုက်ရမယ်”

“ အဖေကလဲ လယ်ထဲမှာ နေကလဲပူတာနဲ့”

“ ငါ့ကို အထွန့်မတက်နဲ့ ၊ မနက်ဖြန် နှစ်ယောက်လုံး အသင့်ပြင်ထား”

ကိုသာကျော်စကားကြောင့် တောက်ထိန်နဲ့ ဖိုးဝတို့နှစ်ယောက်လုံး အသံတိတ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
+++++

“ ဒေါင် ဒေါင် ဒေါင် ဒေါင်”

တောက်ထိန်က မီးကင်းမှာရှိတဲ့ ကားဘီးဂွေအဟောင်းကို တဒေါင်ဒေါင် ခေါက်လိုက်ပြီး ကင်းတဲအောက်ကို ဆင်းလာခဲ့ လိုက်တယ်။ ကင်းတဲအောက်မှာတော့ ဖိုးဝ၊ စိုးနောင်၊ စိန်ကုလားတို့ရှိနေပြီး သူတို့မျက်နှာကလဲ မသာမယာဖြစ်နေတာကိုသတိထားမိလိုက်တယ်။

“ ဟေ့ကောင်တွေ မင်းတို့မျက်နှာက ဘာဖြစ်နေကြတာလဲ”

“ ဘာဖြစ်ရမှာလဲ မင်းတို့ပဲ ဟင်းစားယူလာမယ်‌ပြောပြီး အခု ဘယ်မှာလဲ”

“ ငါတို့လဲ ရှာတာပဲ မရမှမရတာကွာ ဘယ်တတ်နိုင်ပါ့မလဲ”

“ မရရင်လဲ နေ့ခင်းထဲက ပြောပါလား၊ အဲလိုဆိုတစ်ခုခု စီစဉ်လို့ရတာပေါ့၊ ညကျမှ‌ ပြောတော့ ဘာမှလုပ်မရတော့ဘူး၊ တစ်ညလုံး အငတ်နေမှရတော့မယ်”

“ ငါကြံပါဦးမယ်ကွာ ခဏနေပါဦး”

တောက်ထိန်က ကင်းတဲအောက်မှာ ထိုင်ချလိုက်ပြီး အကြံထုတ်နေခဲ့တယ်။

“ စိန်ကုလား… မင်း ဖိုးလေးအိမ်မှာ ဘဲတွေမွေးထားတယ်မဟုတ်လား”

“ ဟေ့ကောင်… ခိုးရမယ့်ကိစ္စ ငါ့ကိုမပြောနဲ့၊ အရင်တစ်မှုတောင်ပြီးသေးတာမဟုတ်ဘူးကွ”

“ မင်းတို့နှစ်ကောင်ကလဲ တွေ့ရင်ကိုက်မယ်ဆိုတာ ကြီးပဲ၊ ဒီညအသားဟင်းမစားရလဲ အခြားဟာချက်စားလို့ရပါတယ်ကွ၊ မနက်က အိမ်မှာ ငါးခြောက်ရိုးတွေခုတ်ထားတာရှိတယ်၊ အဲဒါနဲ့ အာလူးနဲ့ရောလိုက်ရင် ဟင်းတစ်ခွက် ဖြစ်ပါတယ်ကွ”

စိုးနောင်စကားကြောင့် ကျန်တဲ့သူတွေ မျက်နှာဝင်းခနဲဖြစ်သွားပြီး

“ ဒါဆိုမင်းက ငါးခြောက်နဲ့အာလူးသွားယူလာခဲ့၊ ငါကတော့ ဆန်ယူလာပေးမယ်”

“ အေး… စိန်ကုလားနဲ့ ဖိုးဝက ဒီမှာစောင့်နေပြီး မီးဖိုထားလိုက်ကွာ၊ ဒါနဲ့ ကင်းတဲပေါ်မှာ ‌ဆီနဲ့အခြားပစ္စည်းတွေကျန်သေးတယ် မဟုတ်လား”

“ မနေ့က တုတ်ကြီးတို့အဖွဲ့ထားခဲ့တဲ့ဟာတွေရှိသေးတယ်”

“ အေးအေး.. ဒါဆို ခဏနေ ငါတို့ပြန်လာခဲ့မယ်”

တောက်ထိန်က ဆန်ယူဖို့အတွက် ထွက်သွားတော့ စိုးနောင်ကလဲ ငါးခြောက်ရိုးနဲ့အာလူးယူဖို့ ထွက်လာခဲ့လိုက်တယ်။
++++++

ညကား လူကြီးခေါင်းချချိန်ဖြစ်နေပြီမို့ တိတ်ဆိတ်ငြိမ်သက်နေသလို အမှောင်ထုကလဲ ကြီးစိုးနေခဲ့တယ်။

“ ရှပ် ရှပ် ရှပ်”

အိမ်ခေါင်းရင်းကနေ ဖြတ်သွားတဲ့ ခြေသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ကျော်ကွန့် တစ်ယောက် ဘေးမှာချထားတဲ့ ဓါတ်မီးကိုယူပြီး ထထိုင်လိုက်တယ်။

“ ရှပ် ရှပ် ရှပ်”

နောက်ထပ်ကြားလိုက်ရတဲ့ ခြေသံကြောင့် ကျော်ကွန့် အချိန်မဆိုင်းနေတော့ပဲ ပြူတင်းပေါက် တံခါးကိုဖွင့်ပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ နွားတင်းကုတ်ဘေးမှာရပ်နေတဲ့ လူတစ်ယောက်။

“ ဟေ့ ဘယ်သူလဲကွ…”

ကျော်ကွန့်အသံကိုမြှင့်ပြီးမေးလိုက်ပေမယ့် ရပ်နေတဲ့သူက တုပ်တုပ်ပင်မလှုပ်ပဲ ရပ်မြဲတိုင်းရပ်နေတာကြောင့် အိမ်တံခါးကိုဖွင့်ပြီး ပြေးဆင်းခဲ့လိုက်တယ်။

‌” ကိုကျော်ကွန့် ဘာဖြစ်တာလဲ”

“ လူတစ်ယောက် နွားတင်းကုပ်ဘေးမှာ ရပ်နေလို့၊ မင်းတို့မဆင်းလာနဲ့ အပေါ်မှာပဲနေ”

ကျော်ကွန့်က ရှားနှစ်သားတုတ်ကိုဆွဲယူပြီး နွားတင်းကုပ်ဘက်ကိုထွက်လာတဲ့ချိန်မှာတော့ ခုနကရပ်နေတဲ့သူကိုမတွေ့ရတော့ပေ။

“ ငါသေချာမြင်လိုက်ပါတယ်…ဒီကောင် ဘယ်ရောက်သွားပါလိမ့်”

ကျော်ကွန့်လဲ ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးလုပ်နေတဲ့အချိန် ခြံဘေးကနေဖြတ်သွားတဲ့ လူရိပ်ကြောင့် ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ

“ ဦးလေးကျော်ကွန့် ဓါတ်မီးကြီးတကားကားနဲ့ ဘာလုပ်နေတာလဲ” ဆိုတဲ့ စိုးနောင်ရဲ့အသံကို ကြားလိုက်ရတယ်။

“ ခုနက ခြံထဲကို လူကပ်လို့ကွ… မင်းက ဒီအချိန်ကြီး ဘယ်သွားမလို့လဲ”

“ ကင်းစောင့်နေရင်းဗိုက်ဆာလို့ အိမ်မှာရှိတဲ့ ငါးခြောက်ရိုးနဲ့အာလူးတွေလာယူတာ”

“ ညကြီးသန်းခေါင်သွားတာ ဓါတ်မီးလေးတော့ ဆောင်ဦးလေ၊ နောက်မှ သူခိုးဆိုပြီး မှားရိုက်ခံ နေရမယ်”

“ ဓါတ်မီးက အိမ်မှာကျန်ခဲ့လို့ ပြန်လာရင်တော့ ယူလာခဲ့လိုက်မယ်ဗျ”

“ အေးအေး… မင်းလဲသတိထားပြီးသွားဦး”

“ ဟုတ်ကဲ့ ဦးလေး”

စိုးနောင်က ကိုကျော်ကွန့်ကို နှုတ်ဆက်ပြီး အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ရှပ် ရှပ် ရှပ်”

လမ်းလျောက်နေရင်း အနောက်ကနေ ကြားလိုက်ရတဲ့ခြေသံကြောင့် စိုးနောင် ကျောတစ်ပြင်လုံးစိမ့်ခနဲဖြစ်သွားခဲ့တယ်။

“ ခြေသံကအနောက်ကနေ လိုက်လာသလိုပဲ”

စိုးနောင်က စိတ်ထဲမသိုးမသန့်ဖြစ်သွားတဲ့အတွက် လှည့်ကြည့်လိုက်ရာ အမှောင်ထုကလွဲပြီး ဘာမှမမြင်ရ။

“ ငါစိတ်ထင်တာနေမှာပါလေ… ဒီလမ်းက မျက်စိမှိတ်သွားလို့တောင်ရနေတာကို”

ကိုယ့်ကိုကိုယ်အားပေးရင်း အိမ်ဘက်ကိုခပ်သုတ်သုတ် လျောက်လာခဲ့ရာ လမ်းချိုးအရောက်မှာတော့ အေးစက်စက် လက်တစ်ဖက်က လည်ဂုတ်ကိုလာကိုင်တဲ့ အထိအတွေ့ကြောင့် အလန့်တကြားအော်ဖို့ ကြိုးစား လိုက်ပေမယ့် နောက်ထပ်အေးစက်တဲ့လက်တစ်ဖက်က ပါးစပ်ပေါ်ကို ရောက်လာခဲ့တယ်။

စိုးနောင်လဲ သူ့ကိုချုပ်ကိုင်ထားတဲ့လက်ကို ဆွဲဖယ်ဖို့ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာ ဖြစ်ခဲ့ရတယ်။

ခဏတာ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးတဲ့နောက် အခြေအနေက ပြန်လည်ငြိမ်သက်သွားခဲ့သလို ပတ်ဝန်းကျင်မှာနေတဲ့သူတွေလဲ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
++++++

“ ကိုကျော်ကွန့်… ထပါဦး”

“ ဘာဖြစ်လို့လဲ မိန်းမ.”

“ စိုးနောင် ပျောက်နေလို့ တစ်ရွာလုံး အုံးအုံးကျွက်ကျွက်ဖြစ်နေပြီတော့”

မိန်းမဖြစ်သူစကားကြောင့် ကျော်ကွန့် ဆတ်ခနဲ ထထိုင်လိုက်ပြီး

“ စိုးနောင်ကို ညကပဲတွေ့လိုက်တယ်လေ၊ ဘယ်တုန်းကပျောက်သွားတာလဲ”

“ ညက ကင်းတဲကနေထွက်သွားပြီး ပြန်မပေါ်လာတော့ဘူးလို့ပြောတယ်”

“ ဟာ… မဟုတ်သေးပါဘူး၊ ငါသွားလိုက်ပါဦးမယ်”

ကျော်ကွန့်က မျက်နှာ‌တောင်မသစ်ပဲ စိုးနောင်တို့အိမ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ တောက်ထိန်တို့အဖွဲ့နဲ့ ရွာလူကြီးအချို့ကိုမြင်လိုက်ရတယ်။

“ ရှာတွေ့ပြီလား ဦးဖိုးတီ”

“ မတွေ့သေးဘူး ကျော်ကွန့်ရ၊ တောက်ထိန်တို့ ပြောတာကတော့ အိမ်မှာ ငါးခြောက်ရိုးသွားယူမယ် ဆိုပြီးထွက်သွားတာ မိုးလင်းတဲ့ထိပြန်မရောက်လာဘူးတဲ့၊ သူ့အမေကလဲ ညက အိမ်ပြန်မလာဘူးလို့ပြောတယ်”

“ တစ်ခုခုတော့ လွဲနေပြီနော်၊ ညက စိုးနောင်ကို ကျုပ်တွေ့လို့ စကားတောင်ပြောလိုက်သေးတယ်”

“ ဘယ်အချိန်လောက်က တွေ့တာလဲ”

“ ညတော့အတော်နက်နေပြီ၊ ဘယ်သွားမလို့လဲမေးတော့ ငါးခြောက်ရိုးနဲ့ အာလူးသွားယူမလို့ဆိုပြီးပြောခဲ့သေးတာ”

ကျော်ကွန့်စကားဆုံးပြီးမကြာခင်မှာပဲ သူတို့ရှိရာကို အမောတကောပြေးဝင်လာတဲ့ စံမြတို့ညီအစ်ကိုနှစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ငစံမြတို့ ဘာဖြစ်လာကြတာလဲ”

“ ရွာ ရွာပြင်က တောထဲမှာ စိုးနောင်အလောင်းတွေ့လို့ဗျ”

“ ဟေ…”

“ မနက်က ကျုပ်တို့ တောလိုက်သွားမလို့ ထွက်လာရင်းနဲ့တွေ့တာ၊ သူ့ သူ့တစ်ကိုယ်လုံး သွေးမရှိသလို ဖြူဖျော့ပြီးသေနေတာဗျ”

“ ဒုက္ခတော့များပြီထင်တယ်… လာကြဟေ့ ရှိတဲ့သူတွေလိုက်ခဲ့ကြ၊ မင်းတို့နှစ်ယောက်က ရှေ့ကနေလမ်းပြဦး”

“ ဟုတ်ကဲ့ ဦးလေး”

ဦးဖိုးတီတို့လဲ စံမြတို့ညီအစ်ကိုခေါ်တဲ့နောက်ကို လိုက်သွားခဲ့ရာ တောတွင်းတစ်နေရာ အရောက်မှာတော့ သစ်ရွက်ခြောက်တွေပေါ်မှာ လဲကျသေဆုံးနေတဲ့ စိုးနောင်ကို စိတ်မချမ်းမြေ့ဖွယ် မြင်လိုက်ရတယ်။

“ ကျော်ကွန့်… ဒဏ်ရာဒဏ်ချက်တွေ ရှိမရှိ ကြည့်ဦး”

ကျော်ကွန့်က စိုးနောင်ရဲ့အလောင်းကို သေချာကြည့်လိုက်ပြီး

“ ဘာဒဏ်ရာမှမတွေ့ဘူးဗျ… ထူးတော့ထူးဆန်နေပြီ”

“ ဒါဖြင့် အလောင်းကို ရွာပြန်သယ်ခဲ့ကွာ၊ ဟိုရောက်မှ ဘာဆက်လုပ်မလဲ တိုင်ပင်ကြတာပေါ့”
+++++

စိုးနောင်သေတဲ့သတင်းက တစ်ရွာလုံးကိုရိုက်ခတ်သွားသလို သေစေနိုင်လောက်တဲ့ ဒဏ်ရာမရှိတဲ့အချက်ကလဲ စဉ်းစားစရာဖြစ်ခဲ့ရတယ်။

တောက်ထိန်၊ ဖိုးဝ၊ စိန်ကုလားတို့ကတော့ သူငယ်ချင်းအရင်းကြီးသေသွားတဲ့အတွက် စိတ်ထဲတနုံ့နုံ့ဖြစ်ကာ စိုးနောင်ကို ဘယ်သူသတ်လဲဆိုတာကိုဖော်ထုတ်ဖို့ ခေါင်းချင်းရိုက်တိုင်ပင်နေခဲ့ကြတယ်။

စိုးနောင်သေပြီး နှစ်ရက်အကြာမှာပဲ ရွာနီးချုပ်စပ်က လူတစ်ဦးထပ်မံသေဆုံးခဲ့ပြန်တယ်။ သေဆုံးပုံကလဲ စိုးနောင်နဲ့ထပ်တူကျနေတဲ့အတွက် ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးဆိုတာကို အားလုံး သတိပြုမိခဲ့ကြတယ်။

ဒီအဖြစ်အပျက်တွေကြောင့် အနီးအနားမှာရှိတဲ့ ရွာအားလုံး ပေါ့ပျက်ပျက်မနေရဲတော့ပဲ လုံခြုံရေးအထပ်ထပ်ချရတဲ့ထိ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဘယ်လိုပင် လုံခြုံရေးတင်းကြပ်ပစေ လူတွေကတော့ သေမြဲသေဆဲပင်။

အခုလိုဖြစ်ရပ်ကြောင့် ညနေမှောင်စပျိုးတာနဲ့ အိမ်တံခါးပိတ်မီးမှိတ်ပြီးနေရတဲ့ထိကို အခြေအနေတွေကဆိုးရွားလာခဲ့တယ်။

“ တောက်ထိန်နဲ့ ဖိုးဝ ဒါကဘယ်သွားမလို့လဲ”

“ ကင်းစောင့်သွားမလို့လေ ဘကြီး”

“ လူတွေဒီလောက်သေနေတာ မင်းတို့မို့ မကြောက်မရွံ့ကွာ၊ နှစ်ကောင်လုံး အိမ်ပေါ်ပြန်တက်စမ်း”

“ မတက်နိုင်ဘူးအဖေ၊ ဒီလူသတ်ကောင်ကို ကျွန်တော်တို့လက်နဲ့ဖမ်းမိအောင်လုပ်မှာ”

“ မင်းတို့အတော်ပြောရခက်ပါလား၊ မင်းတို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ မိနွဲ့ နင့်သားကို နင်ပြောဦး”

“ အစ်ကိုကြီးပြောတာတောင်မရတာ ကျွန်မကဘယ်လိုပြောရမှာတုန်း၊ ဒင်းတို့နဲ့တော့ စိတ်ဆင်းရဲပါတယ်အေ”

“ အဖေနဲ့ ဒေါ်လေးတို့ဘာမှစိတ်မပူနဲ့၊ ကျွန်တော်တို့နှစ်ယောက်ထဲကင်းစောင့်မှာမှ မဟုတ်တာ၊ ဖိုးဝ လာကွာ သွားကြရအောင်”

နှစ်ယောက်သား လေးခွနဲ့ဓါတ်မီးကိုယ်စီယူကာ ရွာထိပ်က ကင်းတဲရှိရာကိုထွက်သွားခဲ့ကြတယ်။ ရွာထိပ်ရောက်တော့ လူတွေ စုရုံးစုရုံးဖြစ်နေတာမို့ အနားသွားပြီးကြည့်လိုက်ရာ လူသုံးယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ကင်းတဲအောက်မှာ ပေးထိုင်ထားတာကိုမြင်လိုက်ရတယ်။

“ ဘစိုး…. သူတို့က ဘယ်သူတွေလဲ”

“ ငါလဲသေချာမသိဘူးကွ၊ ညဘက်ကြီး ရွာအပြင်မှာ လျောက်သွားနေလို့ ဖမ်းလာတာလို့ပြောတာပဲ”

“ ဘယ်သူက ဖမ်းလာတာလဲ”

“ ကျောက်ဒိုးတို့အဖွဲ့ ဖမ်းလာတာ”

“ ဒီကောင်တွေတော့ လူကြီးတွေကိုအသိမပေးပဲ လုပ်ချင်တာလုပ်ပြန်ပြီထင်တယ်”

“ ဟော ‌ ဟိုမှာ ဦးဖိုးတီတို့လာနေပြီ”

ဦးဖိုးတီနဲ့ ရွာကာလသားခေါင်းအဖွဲ့က ကင်းတဲအောက်မှာ ကြိုးတုပ်ခံထားရတဲ့ သူတွေကိုကြည့်လိုက်ပြီး

“ ကျောက်ဒိုး… သူတို့ကိုဘာလို့ကြိုးတုပ်ထားတာလဲ”

“ ကျွန်တော်တို့မေးတာ ဘာမှမဖြေလို့ ကြိုးတုပ်ပြီး ခေါ်လာတာ”

“ ဖယ်စမ်း… ငါမေးကြည့်မယ်”

ဦးဖိုးတီက ကင်းတဲအောက်မှာရှိနေတဲ့သူတွေရှေ့မှာ ထိုင်လိုက်ပြီး

“ မင်းတို့က ဘယ်သွားကြမလို့လဲ”

“ ကျောက်စရစ်ရွာကိုသွားမလို့ ဒီဘက်ကနေဖြတ်လာခဲ့တာပါ”

“ ဒီအချိန်ကြီး မကြောက်မလန့်နဲ့ အရေးကြီးကိစ္စများရှိနေလို့လား”

“ အရေးကြီးကိစ္စရယ်လို့တော့မဟုတ်ပါဘူး၊ ကိစ္စလေးတစ်ခုရှိလို့ပါ”

“ အခုရက်ပိုင်း ဒီရွာနီးချုပ်စပ်မှာ ဖြစ်နေတဲ့အရာတွေကိုမသိဘူးလား”

“ ဒါတော့ ကျုပ်တို့မသိဘူး”

“ အခုလိုကျတော့လဲ ကောင်းကောင်းမွန်မွန်ဖြေသားပဲ၊ ဟေ့ကောင် ကျောက်ဒိုး သူတို့ကိုကြိုးဖြေပေးလိုက်”

ဦးဖိုးတီစကားကြောင့် ကျောက်ဒိုးတို့အဖွဲ့က ချည်ထားတဲ့ကြိုးတွေကို ဖြေပေးလိုက်ကြတယ်။

“ ခင်ဗျားတို့ရွာက လူစိမ်းတွေဆိုရင် အခုလိုဆက်ဆံကြတာလား”

“ အထင်မလွဲပါနဲ့ဗျာ… အခုတစ်လော ရွာမှာက ထူးဆန်းတဲ့လူသေမှုတွေဖြစ်နေတော့ အားလုံးက အဝင်အထွက်ကို တင်းကြပ်နေကြတာပါ”

“ ဦးလေး… သူတို့လွယ်အိတ်ထဲကိုကြည့်လိုက်ဦး”

‌ဖြတ်ပြောလိုက်တဲ့ ကျောက်ဒိုးရဲ့စကားကြောင့် ဦးဖိုးတီက လွယ်အိတ်ကိုဟကြည့်လိုက်ပြီး

“ ဒါတွေကဘာတွေလဲဗျ”

“ ဒါက အင်းဆွဲတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေပါ”

“ အင်းဆွဲတယ်ဆိုတော့ မင်းတို့က လောကီဆရာတွေများလား”

“ ဟုတ်ပါတယ် ကျုပ်တို့က ရွာစဉ်လှည့်ပြီး ပယောဂလိုက်ကုနေတဲ့သူတွေပါ”

“ ဒီလိုဆိုရင် ကျုပ်တို့အထင်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ အခုကမှောင်လဲ မှောင်နေပြီမို့ ရွာမှာပဲတည်းလိုက်ကြပါ၊ မနက်မှ ခရီးဆက်ကြပေါ့”

“ ကျုပ်တို့အတွက် ထွေထွေထူးထူးလုပ်ပေးစရာ မလိုပါဘူး၊ ဒီကင်းတဲမှာပဲ တည်းလိုက်ပါ့မယ်”

“ ညရေးညတာ အရေးအကြောင်းဆို ကာလသားတွေကိုပြောလို့ရပါတယ်၊ မင်းတို့ကလဲ ဆရာတွေလိုအပ်တာ ကူညီပေးလိုက်ကြဦး”

“ ဟုတ်ကဲ့ပါ ဦးလေး… ကျွန်တော်တို့ လုပ်ပေးလိုက်ပါ့မယ်”

ဦးဖိုးတီစကားကြောင့် တောက်ထိန်တို့အဖွဲ့လဲ ဆရာတွေကို ကင်းတဲမှာနေရာချပေးပြီး လွတ်တဲ့နေရာမှာ ထိုင်နေလိုက်ကြတယ်။

“ ကောင်လေး ဒီနားလာဦး”

“ ကျွန်တော်ကိုပြောတာလား”

“ ဟုတ်တယ် မင်းကိုပြောတာ”

တောက်ထိန်လဲ သူ့ကိုခေါ်တဲ့အတွက် အနားကိုတိုးသွားပြီး

“ ဘာကိစ္စရှိလို့လဲဆရာ”

“ ရွာနီးချုပ်စပ်မှာဖြစ်နေတဲ့ ထူးဆန်းတဲ့လူ‌သေမှုဆိုတဲ့အကြောင်းလေး မေးချင်လို့ခေါ်လိုက်တာပါ”

“ ထူးတာတော့ထူးဆန်းတယ်ဆရာ၊ သေတဲ့သူတွေက ပြင်ပဒဏ်ရာမရှိပဲ တစ်ကိုယ်လုံး ဖြူစွတ်ပြီးသေသွားကြတာ၊ သူတို့အလောင်းကို ရင်ခွဲကြည့်တော့လဲ ခန္ဓာကိုယ်ထဲမှာ သွေးဆိုလို့ တစ်စက်တောင်မကျန်ဘူးလို့ပြောတယ်”

“ သေတဲ့သူတွေရဲ့မျက်နှာကရော ဘယ်လိုပုံစံဖြစ်နေလဲ”

“ မျက်လုံးပြူးပြီး တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံစံ ဖြစ်နေတာလို့ပြောတယ်၊ ကျွန်တော်တို့လဲ ဘယ်သူလက်ချက်ကြောင့်ဖြစ်လဲဆိုတာ စောင့်ကြည့်နေပေမယ့် အခုထိ တရားခံကိုမသိရသေးဘူးဆရာ”

“ ဒီလိုလူသေမှုတွေမဖြစ်ခင် ရွာမှာထူးထူးခြားခြား ဖြစ်ပျက်ခဲ့တဲ့အရာတွေရှိလား”

“ အဲလိုတော့မရှိဘူးဆရာ”

“ တောက်ထိန်… ထူးခြားတာရှိတယ်လေကွာ၊ ဟိုနေ့က နေပူရာကနေ ချက်ချင်းမိုးကြီးလေကြီး ကျတာက ထူးခြားတာပေါ့”

“ ဒီလိုအချိန်ကြီး မိုးကြီးလေကြီးကျတယ် ဟုတ်လား၊ ကျုပ်တို့လဲ ဒီအနီးနားကရွာမှာရှိနေပေမယ့် မိုးရွာတာကို မသိလိုက်ဘူးနော်”

“ ဟုတ်တယ်ဆရာ… အခြားရွာတွေမှာမရွာပဲ၊ ကျွန်တော်တို့တစ်ရွာပဲ ကွက်ပြီးရွာတာလို့ပြောကြတယ်”

“ ဒီပုံစံအတိုင်းဆိုရင် အမှားတစ်ခုခုလုပ်မိပြီ ထင်တယ်၊ ကောင်လေးတွေ မင်းတို့ရွာလူကြီးနဲ့ မနက်ကျရင် ပေးတွေ့လို့ရလား”

“ဦးဖိုးတီကတော့ ရွာမှာပြောပြီးဆိုပြီးပဲ၊ မနက်ကျရင် ဆရာတို့ကို သူ့အိမ်ခေါ်သွားပေးပါ့မယ်”

“ အေးအေး… မင်းတို့လဲ လုပ်စရာရှိတာ လုပ်ကြဦး”

“ ဟုတ်ကဲ့ ဆရာ၊ ဒါဆို ကျွန်တော်တို့ ရွာထဲဘက် လှည့်ကြည့်လိုက်ဦးမယ်”

တောက်ထိန်တို့ထွက်သွားတော့ ကင်းတဲပေါ်ကျန်နေတဲ့ လူသုံးယောက်က ခေါင်းချင်းဆိုင်လိုက်ပြီး

“ ဆရာ… ဟိုကောင်လေး ပြောတဲ့ပုံဆိုရင် လူလူချင်းသတ်တာမဖြစ်နိုင်ဘူးနော်”

“ မင်းပြောတာဖြစ်နိုင်ပေမယ့် တစ်ထစ်ချတော့ပြောလို့မရသေးဘူး၊ ဒါပေမယ့် သိနိုင်တာတစ်ခုတော့ရှိတယ်…”

“ဘာများလဲဆရာ”

“ နယ်ပိုင်ကွင်းပိုင်တွေကို ခေါ်ပြီးမေးရင်တော့ အဖြေတစ်ခုထွက်လာမယ်ထင်တာပဲ”

“ ရွာသားတွေရှိနေတာ အဆင်ပြေပါ့မလားဆရာ”

“ အဆင်ပြေအောင်လုပ်ရမှာပေါ့”

ဆရာဖြစ်သူက လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်လိုက်ပြီး အပေါ်ကနေ ဖယောင်းတိုင်ထွန်းကာ နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။

မကြာခင်အချိန်မှာပဲ ကင်းတဲလှေကားပေါ်ကို တဒုန်းဒုန်းနဲ့တက်လာတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။

ထူးဆန်းတာက တဲပေါ်တက်လာတဲ့လူကို ကင်းသမားတွေတစ်ယောက်မှမမြင်ကြတာပဲ။

“ သင်ရောက်လာပြီလား…”

“ ဆရာ ကျုပ်ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ”

“ အခုဒီရွာအနီးတစ်ဝိုက်မှာဖြစ်ပျက်နေတာတွေက ဘယ်သူ့ကြောင့်လဲ၊ ဒီကိစ္စတွေကို သင်သိတယ် မဟုတ်လား”

“ သိပါတယ်၊ ဒါပေမယ့် လုပ်တဲ့သူကို အရင်က မမြင်ဖူးဘူး”

“ သင်တို့နယ်ထဲမှာ အခုလိုသောင်းကျန်းနေတာ ဒီတိုင်းထိုင်ကြည့်နေရသလား”

“ သူ့ကို ဘယ်သူမှတားလို့မရဘူးဆရာ၊ ရွာကြီးချုပ်ကတော်တောင် သူလာရင် ခေါင်းထောင်ပြီးမကြည့်ရဲတာမို့ ကျုပ်တို့လို ကွင်းပိုင်အဆင့်က ဘာများပြောနိုင်မှာလဲ”

“ ဒီကောင်ပုံစံက ဘယ်လိုရှိလဲ”

“ မူရင်းပုံစံက ခန္ဓာကိုယ် လူကြီးတစ်ဖက်စာလောက်ရှိတယ်၊ နှုတ်ခမ်းအပြင်ကိုကော့တက်နေတဲ့ အစွယ်လဲရှိတယ်၊ အသားအရည်က ဆင်သားရည်လို ဗျစ်ထူပြီးကြမ်းတမ်းတယ်၊ နီရဲပြီး ပြူးကျယ်တဲ့မျက်လုံးလဲရှိတယ်ဆရာ၊ ဒါပေမယ့် သူ့ရဲ့ထူးခြားချက်က သာမန်လူတစ်ယောက်လို ဖန်ဆင်းနိုင်တာပဲ”

“ ဒါဆို သေသွားတဲ့လူတွေကိုယ်မှာ သွေးတစ်စက်မှ မကျန်ခဲ့တာက သူ့လက်ချက်လား”

“ ဟုတ်တယ်ဆရာ… သူက တိရိစ္ဆာန်‌တွေရဲ့ သွေးကိုမစုပ်ပဲ လူ့သွေးကိုပဲစုပ်ယူစားသုံးတာပါ၊ လူတစ်ယောက်ရဲ့သွေးကိုစုပ်ပြီးတာနဲ့ သူ့ရဲ့အစွမ်းကလဲ ပိုတိုးလာတာကို သတိထားမိတယ်၊ အခုဆို သာမန်လူတွေနဲ့တောင် ရောထွေးပြီးနေနေမလားမသိဘူး”

“ သင်ပြောတဲ့အတိုင်းဆိုရင် သိပ်ကိုစိုးရိမ်စရာ ဖြစ်သွားပြီ၊ သူက ဘယ်လိုနေရာတွေမှာ အများဆုံး နေတတ်လဲ”

“ သူက ညဘက်မှ ထွက်ပြီး ရွာစဉ်လှည့်နေပတ်နေတာဆိုတော့ ဘယ်နေရာ သွားမလဲဆိုတာ မသိဘူးဆရာ”

“ ‌ဒီလောက်ဆို ကျုပ်တို့ဘာလုပ်သင့်တယ်ဆိုတာ သိပြီမို့ သင်လဲ ကိုယ့်နေရာကိုယ်ပြန်လို့ရပါပြီ”

ဆရာဖြစ်သူရဲ့ စကားအဆုံးမှာ တဲပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့သူက ခြေသံပြင်းပြင်းနဲ့ အောက်ကိုဆင်းသွားခဲ့တယ်။
+++++++

မနက်မိုးလင်းတော့ တောက်ထိန်နဲ့ ဖိုးဝတို့ ပြန်ရောက်လာပြီး ဆရာသုံးယောက်ကို ဦးဖိုးတီအိမ်ရှိရာခေါ်ဆောင်သွားခဲ့တယ်။

“ ဒါက ဦးလေးဖိုးတီအိမ်ပဲဆရာ… ဦးလေးရေ ဆရာတွေလာတယ်ဗျို့”

တောက်ထိန်အော်သံကြောင့် ဦးဖိုးတီအိမ်အောက်ကိုဆင်းလာပြီး

“ ဆရာတို့ ခရီးဆက်ကြတော့မလို့လား”

“ မဟုတ်ဘူးဗျ… ဦးဖိုးတီနဲ့တိုင်ပင်စရာရှိလို့လာခဲ့တာ”

“ ဘာကိစ္စများလဲဆရာ”

“ အခုရွာမှာကြုံတွေ့နေရတဲ့ကိစ္စကို ‌ဖြေရှင်းဖို့အတွက် ဦးဖိုးတီရဲ့ အကူအညီလိုနေပါတယ်”

“ ကျုပ်အကူအညီဟုတ်လား… ရွာအတွက်ဆို ကျုပ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ်၊ ကျုပ်ဘာလုပ်ပေးရမလဲပြော”

“ လူသတ်ကောင်ကို ဖော်ထုတ်ဖို့အတွက် သတ္တိကောင်းတဲ့ လူငယ်ဆယ်ယောက်လောက် လိုတယ်”

“ ဆယ်ယောက်က မနည်းဘူးလား၊ အဲဒီထက်ပိုလဲ ကျုပ်ရှာပေးနိုင်ပါတယ်”

“ ဆယ်ယောက်ဆိုရပါပြီ”

“ ဒါနဲ့လေ ဆရာတို့က လူသတ်သမား ဘယ်သူဆိုတာသိပြီမို့လား”

“ ကျုပ်တို့အတွေ့အကြုံနဲ့ ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အကူအညီ‌ကြောင့်လူသတ်သမားက ဘယ်သူဆိုတာ
သိခဲ့ရပါပြီ”

“ ဘယ်သူလဲဆရာ…လူသတ်ကောင်က ဒီရွာထဲက‌ပဲလား၊ ဒါမှမဟုတ် အခြားရွာကလား”

ဆရာဖြစ်သူက ဦးဖိုးတီကို ဖြစ်ကြောင်းကုန်စင်ပြောကြလိုက်ရာ

“ ကျုပ်က ဒီလိုဖြစ်ရပ်တွေကို အယုံအကြည်မရှိပေမယ့်၊ အခုဖြစ်ပျက်နေတာနဲ့ ဆက်စပ်စဉ်းစားမယ်ဆိုရင် အများကြီး တိုက်ဆိုင်နေတာပဲ၊ ဆရာတို့က အခုလိုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အတွေ့အကြုံပိုများတော့ ဘယ်လိုလုပ်ရမလဲဆိုတာသိမှာ၊ ဒါဖြင့် ညနေစောင်းတာနဲ့ လူဆယ်ယောက်ရှာပြီး လာပို့ပေးပါ့မယ်”

“ တစ်ခုရှိတာက အဲဒီလူဆယ်ယောက်လုံး လူသတ်ကောင်ကိုမမိခင်အချိန်ထိ ကံငါးပါးကို ‌စောင့်ထိန်းရလိမ့်မယ်၊ ဒီလိုမှမဟုတ်ပဲ ဖောက်ဖျက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင် အန္တရာယ်ရှိနိုင်တယ်”

“ ကျုပ်သေချာရှင်းပြပြီး လိုက်နာမယ်ဆိုမှ ဆရာတို့ဆီခေါ်လာပေးပါ့မယ်”

“ ဦးလေးဖိုးတီ… အဲဒီဆယ်ယောက်ထဲမှာ ကျွန်တော်ရယ်၊ဖိုးဝရယ်၊ စိန်ကုလားရယ်ပါမှ ရမယ်နော်၊ စိုးနောင်ကိုသတ်တဲ့ကောင်ကို ကျွန်တော်တို့ကိုယ်တိုင်ဖမ်းမှာဗျ”

“ မင်းတို့က ကံငါးပါးကို ‌ထိန်းသိမ်းနိုင်လို့လား”

“ ဒီကောင်ကိုဖမ်းဖို့ဆိုရင် ငါးပါးတင်မဟုတ်ဘူး၊ ဆယ်ပါးဆိုလဲထိန်းမှာဗျ”

တောက်ထိန်စကားကြောင့် ဆရာဖြစ်သူက သဘောကျစွာပြုံးလိုက်ပြီး တည်းခိုရာ ကင်းတဲရှိတဲ့ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
++++

ညနေရောက်တော့ ဦးဖိုးတီက လူငယ်ဆယ်ယောက်နဲ့အတူ ကင်းတဲကိုရောက်ချလာခဲ့တယ်။

“ ဆရာ့ကိုအပ်ခဲ့ပြီနော်၊ ဒီကောင်တွေကို ကြိုက်သလိုဆုံးမလို့ရတယ်”

“ ဦးဖိုးတီကိုယ်တိုင်ရွေးထားတာဆိုတော့ အဆင်ပြေမှာပါ၊ ကဲ အခုမင်းတို့က ဒီရွာရဲ့ တာဝန်အရှိဆုံးလူငယ်တွေဖြစ်သွားပြီ၊ မင်းတို့ရဲ့အကူအညီမပါပဲ လူသတ်ကောင်ကို ဖမ်းမိမှာမဟုတ်သလို၊ ငါ့အကူအညီမပါပဲ လူသတ်ကောင်ကို ဖမ်းနိုင်မှာမဟုတ်ဘူး၊ ဒီတော့ မင်းတို့နဲ့ငါတို့နဲ့က ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်သွားပြီ၊ မင်းတို့ဖမ်းရမယ့် လူသတ်ကောင်က ပရလောကနဲ့သက်ဆိုင်နေတာကြောင့် မင်းတို့ကိုယ်တွေမှာ လိုအပ်တဲ့အစီအရင်တွေ စီရင်ရလိမ့်မယ်၊ ဒီအစီအရင်တွေက မင်းတို့ရဲ့ သီလအပေါ်မူတည်ပြီး အစွမ်းပြပုံချင်း ကွာလိမ့်မယ်”

“ ဟုတ်ကဲ့ပါဆရာ… လူသတ်ကောင်က လူပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ်၊ ဘီလူးပဲဖြစ်ဖြစ် ကျွန်တော်တို့ရအောင်ဖမ်းမှာ”

“ အခုကစပြီး မင်းတို့သောက်ရမယ့် အင်းတွေကို ဒီကဆရာနှစ်ယောက်က စီရင်ပေးလိမ့်မယ်၊ အားလုံး အင်္ကျီချွတ်လိုက်ကြ”

မောင်ကောင်းနဲ့ ခွန်းလှလဲ ရွာခံလူငယ်ဆယ်ယောက် အတွက်လိုအပ်တဲ့ အင်းစမ‌တွေကို ချက်ချင်းစီရင်ကာ သောက်သုံးစေခဲ့သလို ဆရာဖြစ်သူကလဲ ဒီဗ္ဗစက္ခုအင်းကိုစီရင်ကာ မျက်လုံးတွေမှာကွင်းစေခဲ့တယ်။

တောက်ထိန်တို့အဖွဲ့ကတော့ အင်းမြို၊ အင်းကွင်းပြီးချိန်ကစလို့ ဖင်တကြွကြွဖြစ်ကာ မိုးချုပ်မယ့်အချိန်ကိုစောင့်နေခဲ့ကြတယ်။
++++++

ညရဲ့အမှောင်ရိပ်က တစ်ဖြေးဖြေးနက်လာတာနဲ့အမျှ ကင်းတဲအောက်မှာ ရှိတဲ့သူတွေရဲ့ မျက်လုံးတွေကလဲ အရောင်တလက်လက်ဖြစ်လာခဲ့တယ်။

“ ဆရာ… သူတို့ကို ဒိဗ္ဗစက္ခုအင်းကွင်းထားပေးတာ ဆိုတော့ အခြားပရလောကသားတွေကိုမြင်မိရင် မလိုလားအပ်တာတွေဖြစ်လာနိုင်တယ်နော်”

မောင်ကောင်းက အတွေးထဲပေါ်လာတဲ့အကြံကိုပြောပြလိုက်ရာ ဆရာဖြစ်သူက အနောက်ကိုလှည့်ကြည့်ပြီး

“ ဒီအတွက်မပူပါနဲ့ သက်ဆိုင်ရာ နယ်ပိုင် ကွင်းပိုင်တွေကို အကူညီတောင်းပြီး ပရလောကသားတွေကို ထိန်းသိမ်းခိုင်းထားပါတယ်၊ ဒါကြောင့် အခုထိ ဘယ်သူမှထူးခြားတာ မမြင်ရသေးတာပါ”

“ တော်ပါသေးရဲ့ဗျာ… ဒါကြောင့် ဆရာရှိရင် ဘာမဆိုရင်ဆိုင်ရဲတာ”

မောင်ကောင်းနဲ့ အောင်မြတ်သာတို့စကားပြောနေတဲ့ အချိန် တောက်ထိန်ရောက်လာပြီး

“ ဆရာ… ကျွန်တော်တို့စောင့်နေတာ အတော်ကြာနေပြီ ဘာမှထူးခြားတာ မတွေ့သေးဘူး”

“ ဒီကောင်က ရွာစဉ်လှည့်နေတာဆိုတော့ အခြားရွာတွေဘက်များသွားနေလားမသိဘူးနော်”

“ အချိန်မကျသေးတာမို့ ခဏစောင့်လိုက်ပါဦး”

အောင်မြတ်သာက ကြယ်တွေစုံလင်နေတဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း ပြောလိုက်တာကြောင့် တောက်ထိန်တို့အဖွဲ့ ငြိမ်သွားခဲ့တယ်။

ညကိုးနာရီထိုးခါနီးမှာတော့ အောင်မြတ်သာက လရောင်ကျနေတဲ့မြေကွက်လပ်မှာ စားပွဲတစ်လုံးကိုချပြီး မိုင်းကိုင်စက္ကူတစ်ရွက်ကို ဖြန့်ခင်းလိုက်တယ်။ လရဲ့အလင်းရောင်က စက္ကူပေါ်ကို တိုက်ရိုက်ကျနေတဲ့အချိန် ပိတ်ဖြူဝတ်အဖိုးအိုရုပ်ပုံပါတဲ့ အင်းဆွဲကညစ်ကို ထုတ်လိုက်ပြီး စမအက္ခရာတွေကို ပန်းချီဆွဲသလိုရေးဆွဲလိုက်ရာ လက်နှစ်ဖက် မြောက်ထားတဲ့ဘီလူးရုပ်ဘေးမှာ လှံကိုင်ထားတဲ့ နတ်သားလေးယောက်ရပ်နေတဲ့စမတစ်ခု ပေါ်ပေါက်လာခဲ့တယ်။

စမဆွဲနေတဲ့အချိန်မှာလဲ နှုတ်ကနေ ဂါထာတစ်ပုဒ်ကို ဌာန်နဲ့မာန်နဲ့ရွတ်ဖတ်နေခဲ့သလို ငွေမျှင်ရောင်အဆင်းရှိတဲ့ လဓါတ်ကလဲ စမအက္ခရာတွေထဲ စိမ့်ဝင်နေတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။

ဆယ့်ငါးမိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ ရေးဆွဲထားတဲ့ စမပေါ်ကို လက်ဝါးနဲ့အုပ်ပြီး အင်းနှိုးဂါထာရွတ်ဆိုလိုက်ရာ စက္ကူပေါ်မှာရှိတဲ့ စမအက္ခရာတွေ တစ်လုံးချင်းလေပေါ်ပျံတက် လာပြီး အသွားကိုးခုပါတဲ့ လှံတံအဖြစ်ပြောင်းလဲ သွားခဲ့တယ်။

ငွေမျှင်ရောင်တလက်လက်တောက်ပနေတဲ့ လှံတံက သံလိုက်အိမ်မြှောင်လို အရပ်လေးမျက်နှာလှည့်နေရင်းကနေ အနောက်မြောက်အရပ်ဆီအရောက်မှာတော့ တုံ့ခနဲရပ်သွားပြီး တဆတ်ဆတ်လှုပ်ရမ်းနေခဲ့တယ်။

“ အခုကစပြီး လှံပျံသွားတဲ့နောက်ကို လိုက်ကြရမယ်၊ သူက မင်းတို့ငါတို့ကို လူသတ်ကောင်ရှိတဲ့အရပ်ကိုခေါ်ဆောင်သွားလိမ့် မယ်”

“ ဆရာ… ကျွန် ကျွန်တော်တို့ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်”

ဖိုးဝက ပါးစပ်အဟောင်းသားနဲ့ပြောလိုက် တာကြောင့် အောင်မြတ်သာက ပါးလွှာတဲ့နှုတ်ခမ်းဖျားလေးတွန့်အောင်ပြုံးလိုက်ပြီး

“ မင်းတို့စောင့်ထိန်းထားတဲ့သီလရယ်၊ ဒိဗ္ဗစက္ခုအင်း အစွမ်းကြောင့်အခုလိုမြင်နေရတာပဲ၊ အမြင်မှားတာ မဟုတ်ပါဘူး”

“ ကျွန်တော်တို့ လူသတ်ကောင်နဲ့တွေ့ရင် ဘာလုပ်ရမလဲဆရာ”

“ မင်းတို့ကို သိမ်ကိုးခုဝင်ထားတဲ့ ပရိတ်ကြိုးတစ်ကြိုးစီပေးထားမယ်၊ လူသတ်ကောင်ကိုတွေ့ပြီဆိုတာနဲ့ သူ့ရဲ့ထွက်ပေါက်မှန်သမျှကို မင်းတို့အချင်းချင်းဝန်းရံပြီး ပိတ်ထားရမယ်၊ ပိတ်ထားတဲ့အခါမှလဲ ပရိတ်ကြိုးကို လက်နဲ့မြဲနေအောင်ကိုင်ထားရမယ်၊ မင်းတို့ လုပ်နိုင်ပါ့မလား”

“ လုပ်နိုင်ပါတယ်ဆရာ… ဒီကောင်တော့ ဒီညပြေးမလွတ်စေရဘူး”

“ ဒါဖြင့် လှံပျံသွားတဲ့နောက်ကို လိုက်ကြရအောင်၊ မောင်ကောင်းနဲ့ ခွန်းလှက သူတို့ရဲ့အနောက်ကနေ လိုက်ခဲ့ကြ၊ အားလုံးလူစုမကွဲစေနဲ့”

အောင်မြတ်သာက စကားဆုံးတာနဲ့ လက်သီးဆုပ်ထားတာကို ဖြန့်လိုက်ရာ လှံပျံက အနောက်မြောက်အရပ်ကို ရွေ့လျားသွားခဲ့တယ်။
++++++

“ သန်းအောင်နဲ့ ဝတုတ်က ရွာအနောက်ဘက်ကို စောင့်ကြည့်ဖို့မမေ့နဲ့ဦး”

“ စိတ်ချပါ ကိုကူးရဲ့၊ ကျုပ်တို့အဖွဲ့အခုပဲသွားလိုက်မယ်”

ဘန့်ဘွေးရွာရဲ့ ကာလသားခေါင်းဆောင် ကိုကူးက သူ့အဖွဲ့တွေကို လက်ညိုးထိုးပြီး အမိန့်ပေးနေခဲ့တယ်။ အဖွဲ့မှာပါတဲ့လူတွေကလဲ တုတ်တွေ၊ ဓါးတွေကိုင်ဆောင်ပြီး ရွာရဲ့လုံခြုံရေးကို စောင့်ကြပ်နေသလို၊ အိမ်မှာကျန်ခဲ့တဲ့ ယောင်္ကျားသားတွေကလဲ ဓါတ်မီးကိုယ်စီနဲ့ ခြံထဲမှာ လှည့်ပတ်သွားလာနေကြတယ်။

အခုလိုလုံခြုံရေးတင်းကြပ်နေတဲ့အကြောင်းက မကြာသေးခင်ရက်ကမှ သူတို့ရွာသားတစ်ယောက် သေသွားခဲ့တာကြောင့်ပဲ၊ အခြားရွာတွေမှာ
လူတွေ တစ်ယောက်ပြီးတစ်ယောက် သေနေတဲ့သတင်းကိုကြားပေမယ့် အမှုမဲ့အမှတ်မဲ့ နေလာခဲ့ရာကနေ ကိုယ့်ရွာက လူတစ်ယောက် သေဆုံးချိန်မှာတော့ ဘယ်သူမှသွေးအေးအေးနဲ့ မနေရဲကြတော့ပေ။

အခုလဲ ရွာအနောက်ဖက်လမ်းကို သွားဖို့ သန်းအောင်နဲ့ဝတုတ်က သူတို့အဖွဲ့သားတွေကို လူစစ်နေခဲ့တယ်။

“ ‌မောင်အုံးနဲ့ စိုးလွင်ပါရင် ဆယ်ယောက်နော်”

“ ဟုတ်တယ် ကိုဝတုတ်၊ ကျွန်တော်တို့အဖွဲ့က ဆယ်ယောက်ပါတယ်”

“ မင်းတို့အားလုံး ဓါတ်မီးတွေပါတယ်မဟုတ်လား”

“ ပါပါတယ်‌ဗျ”

“ လမ်းမှာ အပေါ့အပါးသွားတာကအစ တစ်ယောက်ထဲမသွားမိစေနဲ့၊ တစ်ခုခုကိုတွေ့ရင်လဲ ဇွတ်မလိုက်ကြနဲ့ ကြားလား”

“ ဟုတ်ကဲ့ ကြားပါတယ်”

သန်းအောင်နဲ့ ဝတုတ်က ပါလာတဲ့သူတွေကို သတိပေးပြီးတာနဲ့ ရွာအနောက်လမ်းဘက်ကို ထွက်လာခဲ့လိုက်တယ်။

“ ငမျိုး… ရွာအနောက်ဖက်မှာနေတဲ့ ဦးဘအောင်တို့မိသားစုကို ရွာထဲကိုပြောင်းပေးပြီးပြီလား”

“ နေ့ခင်းထဲက သူတို့မိသားစုကို ရွာထဲရွေ့ထားတယ်”

“ အေးအေး… ရွေ့ထားတယ်ဆိုလဲပြီးတာပါပဲ”

သန်းအောင်က လမ်းလျောက်နေရင်း ကိုဘအောင်အိမ်ရှိတဲ့ဘက်ကိုဓါတ်မီးနဲ့ အမှတ်မထင် ထိုးကြည့်လိုက်ရာ အိမ်ရှေ့မြေကွပ်လပ်မှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကိုမြင်တွေ့သွားခဲ့တယ်။

“ ဦးဘအောင်တို့အိမ်ရှေ့မှာ လူရိပ်တွေ့တယ်”

“ ကျွန်တော်လဲတွေ့လိုက်တယ်၊ ဓါတ်မီးအရောင်မြင်တာနဲ့ အနောက်ဖက်ကိုပြေးဝင်သွားတာဗျ”

“ အဲဒီဘက်ကိုသွားကြရအောင်၊ တုတ်တွေအသင့်ကိုင်ထားနော်၊ တွေ့တာနဲ့ရိုက်တာရိုက်”

သန်းအောင်နဲ့ ဝတုတ်တို့ဦးဆောင်တဲ့အဖွဲ့က ဦးဘအောင်အိမ်ရှိရာဘက်ကို ခပ်သုတ်သုတ် ထွက်လာခဲ့ကြတယ်။

အိမ်ရှေ့ရောက်တော့ လူနဲ့တူတာဆိုလို့ ဘာဆိုဘာမှမတွေ့ရတဲ့အတွက် ဓါတ်မီးနဲ့ ထိုးကြည့်ပြီးလိုက်ရှာနေတဲ့အချိန် အဖွဲ့ထဲမှာပါတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဆန့်ငင်ဆန့်ငင် ဖြစ်ပြီး လေပေါ်ကိုမြောက်တက်သွားခဲ့တယ်။

“ အောင်ဘု… အောင်ဘု ဘာဖြစ်တာလဲ”

“ ဆွဲကြဦးဟ…”

အကောင်အထည်မမြင်ရပဲ လေပေါ်မြောက်တက်နေတဲ့အောင်ဘုက ခဏလေးအတွင်းမှာပင် တစ်ကိုယ်လုံးဖြူဖျော့လာပြီး မျက်ဖြူလန်ကာ အောက်ကို ပြုတ်ကျလာခဲ့တယ်။

“ အောင်ဘု အောင်ဘု… သတိထားဦး”

သန်းအောင်က ‌ပျော့ခွေနေတဲ့ အောင်ဘုကိုဆွဲထူလိုက်တဲ့အချိန် တစ်ကိုယ်လုံး အေးစက်နေတာကိုသတိထားမိခဲ့တယ်။

“ အသက် အသက် ရှိသေးလား ကြည့်ပါဦး”

“ အသက်မရှုတော့ဘူးကွ… ချီးထဲမှပဲ…”

သန်းအောင်က စိတ်မကောင်းစွာရေရွတ်နေတဲ့အချိန် လေချွန်သံလိုအသံတစ်ခုနဲ့အတူ သူတို့ဆီပြေးလာနေတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

“ မင်းတို့ကဘယ်သူတွေလဲ”

“ ကျွန်တော်တို့က လေသာကုန်းရွာသားတွေပါ၊ လူသတ်ကောင်ဒီမှာရှိနေသေးတယ် အားလုံး သတိထားကြ”

“ ရွာသားတွေအားလုံး စည်းထဲဝင်ကြ”

မောင်ကောင်းက ရွာသားတွေကို စုခိုင်းလိုက်ပြီး စည်းတစ်ခုထဲကိုထည့်ထားလိုက်တယ်။

“ ဆရာ လှံပျံက ဒီနားမှာလှည့်ပတ်ပျံနေပါလား၊ ဒီပုံဆိုရင် ဒီကောင်ရှိနေမှာသေချာတယ်”

ခွန်းလှစကားကြောင့် အောင်မြတ်သာက လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကို ထုတ်ယူကာ လုံးချေလိုက်ပြီး လှံပျံရှိရာကိုတောက်ထုတ်လိုက်ရာ စမအက္ခရာတွေတစ်လုံးစီလွင့်ထွက်သွားခဲ့သလိုစမတစ်လုံးချင်းစီကနေလဲငွေမျှင်ရောင်အလင်းတန်းတွေ ဖြန့်ကျက်ကျလာခဲ့တယ်။

“ ဆရာ… အိမ်ခေါင်မိုးပေါ်မှာ ငုတ်တုတ်ထိုင်နေတယ်ဗျ”

တောက်ထိန်ရဲ့စကားကြောင့် အပေါ်ကိုမော့ကြည့်လိုက်ရာ နီရဲနေတဲ့မျက်လုံးပြုံးကြီးနဲ့ စည်းဝိုင်းထဲက လူတွေကို ကြည့်နေတဲ့ လူသတ်ကောင်ကို မြင်လိုက်ရတယ်။

“ နည်းတဲ့ကောင်ကြီးမဟုတ်ဘူးဗျ… ပါးစပ်မှာလဲ သွေးတွေနဲ့ပါလား၊ ဆရာ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

“ ပရိတ်ကြိုးစကို တစ်ယောက်တစ်ဖက်စီကိုင်ပြီး အိမ်ကိုဝိုင်းလိုက်တော့”

အောင်မြတ်သာစကားကြောင့် တောက်ထိန်တို့အဖွဲ့လဲ ပရိတ်ကြိုးစကို တစ်ယောက်တစ်စစီကိုင်ပြီးအိမ်ကို ဝိုင်းလိုက်ကြတယ်။

“ ပရိတ်ကြိုးက ဆွဲသလောက်ရှည်ထွက်လာတယ်ဟ၊ မြန်မြန်လေး ဝိုင်းကြ”

ဖိုးဝက အသံကုန်အော်ဟစ်ရင်း ပါလာတဲ့သူတွေနဲ့အတူ အိမ်ကို ဝန်းရံလိုက်ကြတယ်။

အိမ်ခေါင်မိုးပေါ်မှာထိုင်နေတဲ့‌အကောင်ကလဲ ခန္ဓာကိုယ်တစ်ဖြေးဖြေးပူလာတာသတိထားမိတဲ့အတွက် အပေါ်ကနေခုန်ချပြီး ထွက်ပြေးဖို့ကြိုးစားပေမယ့် ပရိတ်ကြိုးနဲ့ထိတာနဲ့ အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

“ အားလုံး လက်မလွှတ်ကြနဲ့၊ သူအနားကပ်လို့မရဘူး”

မောင်ကောင်းက တောက်ထိန်တို့ကိုသတိပေးရင်း အောင်မြတ်သာနဲ့အတူ စည်းဝိုင်းထဲကို ဝင်လာခဲ့လိုက်တယ်။

ဘန့်ဘွေးရွာသားတွေကတော့ အခုလိုနဖူးတွေ့ဒူးတွေ့ တွေ့တော့ ဘာမှမလုပ်ရဲတော့ပဲ စည်းဝိုင်းထဲကနေ မျက်စိသူငယ်နားသူငယ်နဲ့ ရပ်ကြည့်နေခဲ့ကြတယ်။

အစွယ်ဖွေးဖွေး မျက်လုံးပြူးပြူးနဲ့အကောင်က အောင်မြတ်သာတို့ဝင်လာတာမြင်တော့ တစ်တောင်လောက်‌ရှည်တဲ့လျာကို ထုတ်ကာ အော်ဟစ်ရင်း အနားကိုပြေးဝင်လာခဲ့တယ်။

“ မောင်ကောင်း ပရိတ်ကြိုးနဲ့လည်ပင်းစွပ်လိုက်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းက အသင့်ယူလာတဲ့ပရိတ်ကြိုးနဲ့လည်ပင်းကို စွပ်ချလိုက်ရာ သေးငယ်တဲ့အပ်ချည်မျှင်ကြိုးထဲကနေ ဟုန်းဟုန်းထနေတဲ့ မီးတောက်တွေပေါ်ထွက်လာခဲ့တယ်။

“ အင်းစောင့်တွေ ဒီကောင်ကိုလှုပ်မရအောင် ချုပ်ထား”

အောင်မြတ်သာရဲ့အမိန့်သံအဆုံးမှာ ဘယ်ကနေရောက်လာမှန်းမသိတဲ့ လူလေးယောက်က ပြေးလွှားနေတဲ့အကောင်ရဲ့ ခြေထောက်တွေကို သံကြိုးတွေနဲ့ပစ်ဖမ်းပြီး ဆွဲထားခဲ့ကြတယ်။

“ ငါ့ကိုလွှတ်စမ်း… လွှတ်ပေး”

‌ဗလုံးဗထွေးအော်ဟစ်ရင်းရုန်းကန်နေတဲ့အရှိန်ကြောင့် အင်းစောင့်တွေရဲ့ ခန္ဓာကိုယ်ပါ ယိမ်းထိုးကုန်တယ်။

“ ဆရာ… ဒီကောင်က ဘာလဲဗျ၊ အင်းစောင့်တွေတောင် မနည်းထိန်းနေရပါလား”

“ လူသွေးတွေသောက်ပြီး သန်မာနေတာကိုး၊ ဒီလိုဆိုတော့လဲ သူ့ထက်ပိုကြမ်းတဲ့ အင်းစောင့်တွေဆင့်ခေါ်ရမှာပဲ”

အောင်မြတ်သာက နှုတ်ကနေ တတွတ်တွတ်ရွတ်ပြီး မြေကြီးကိုလက်ညိုးထိုး လိုက်ရာ တစ်ကိုယ်လုံးမီးစွဲလောင်နေတဲ့ မြေဖုတ်ဘီလူးလေးကောင် မြေကြီးကိုခွဲပြီး ထွက်လာခဲ့ကြတယ်။

“ ဒီမိစ္ဆာကောင်ကို တုပ်တုပ်လှုပ်မရအောင် သင်တို့ရဲ့အစွမ်းနဲ့ချုပ်ထားလိုက်ကြ”

အမိန့်စကားသံအဆုံးမှာပဲ မြေဖုတ်ဘီလူးလေးကောင်က ရုန်းကန်နေတဲ့ကောင်ရဲ့ လက်တွေခြေတွေကို ဖမ်းချုပ်ပြီး ထိန်းထားလိုက်ကြတယ်။

“ တောက်ထိန်တို့မှာရှိတဲ့ပရိတ်ကြိုးကို စုပြီး သူ့လည်ပင်းမှာချိတ်ပေးလိုက်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ တောက်ထိန်တို့ကိုင်ထားတဲ့ပရိတ်ကြိုးတွေကို တစ်ခုထဲဖြစ်အောင်ထပ်ပြီး ချုပ်ခံထားရတဲ့ကောင်ရဲ့လည်ပင်းမှာ ချိတ်ဆွဲပေးလိုက်တယ်။

“ တစ်ရွာပြီးတစ်ရွာ ဒုက္ခပေးနေတဲ့ကောင် အခုတော့ ဘာတတ်နိုင်သေးလဲ”

တောက်ထိန်က အားရတဲ့လေသံနဲ့ပြောပြီး ခပ်လှမ်းလှမ်းကနေကြည့်နေခဲ့တယ်။

“ သင်က ဘယ်ကနေရောက်လာတဲ့ကောင်လဲ”

အောင်မြတ်သာစကားသံကြောင့် မြေကြီးပေါ်လဲကျနေတဲ့ကောင်က ခေါင်းမော့ကြည့်ပြီး

“ ငါကဒီနယ်ကို အပိုင်စားရထားတဲ့သူပဲကွ၊ ဒီနယ်မှာနေတဲ့သူတိုင်းကို ငါပိုင်တယ်”

“ ဒီကာလမှာ အပိုင်စားရတဲ့နယ်ဆိုတာမရှိဘူး”

“ ရှိတယ်ဟေ့ … ငါ့ကို ဒီနယ်မှာနေတဲ့သူတိုင်းကိုစားနိုင်တယ်ဆိုပြီး
ကျောက်စာကမ္မည်းနဲ့အပိုင်စားပေးခဲ့တာ”

“ သင့်ကိုဘယ်သူကအပိုင်စားပေးခဲ့တာလဲ”

“ ‌ဒီနယ်မြေတွေကိုပိုင်တဲ့ ရေမြေ့သခင်ကိုယ်တိုင် အပိုင်စားပေးခဲ့တာကွ”

“ ရေမြေ့သခင်ခေတ်ဆိုတာ ကုန်လွန်ခဲ့တာကြာရောပေါ့၊ ကြားကာလတွေမှာ သင်ဘယ်ကိုရောက်နေခဲ့လို့ အခုမှပေါ်လာရတာလဲ”

“ ဒါတွေငါမသိဘူး… လူသွေးသောက်ချင်တယ်၊ ငါ့ကိုလွှတ်ပေးစမ်း”

“ သင့်ကိုဒီအတိုင်းလွှတ်ပေးလို့တော့မရဘူး၊ သူ့ရဲ့သမိုင်းကြောင်းကိုသိတဲ့ ကုဝေရနတ်မင်းကိုတိုင်တည်ပြီး အကူအညီတောင်းရတော့မှာပဲ”

အောင်မြတ်သာက အထက်ဆရာကြီးတွေကိုအာရုံပြုကာ ခွင့်ပြုမိန့်တောင်းခံလိုက်ပြီး ကုဝေရနတ်မင်းကို တိုင်တည်လိုက်တယ်ဆိုရင်ပဲ တစ်ကိုယ်လုံးအစိမ်းရောင်အဆင်တန်ဆာကို
ဝတ်ဆင်ထားတဲ့ နတ်သားတစ်ပါး ကောင်းကင်ယံမှာပေါ်ပေါက်လာခဲ့တယ်။

“ သင်က ကုဝေရနတ်မင်းလွှတ်လိုက်တဲ့ အထောက်တော်နတ်သားများလား”

“ ဟုတ်ပါတယ်… သင့်ရဲ့ တိုင်တည်မှုကြောင့် နတ်မင်းကြီးက ကျွန်ုပ်အားစေလွှတ်လိုက်ခြင်း ဖြစ်ပါတယ်”

“ ဒါဆိုရင် ကြမ်းကျုတ်ရက်စက်တဲ့ အပြစ်သားက ဒီအရပ်ဒေသကိုအပိုင်စားရတဲ့သူဟုတ်မဟုတ် ကြည့်ပေးပါ”

အောင်မြတ်သာစကားကြောင့် အထောက်တော်နတ်သားက မြေကြီးပေါ်လဲကျနေတဲ့သူကို စူးစိုက်ကြည့်လိုက်ပြီး

“ သူက ဝတ္တရအမည်ရှိတဲ့ ယက္ခဘီလူးပဲ၊ သူတို့မျိုးနွယ်တွေက ရက်စက်ကြမ်းကျုတ်တဲ့အတွက် နတ်မင်းကြီးက လူတွေနေထိုင်တဲ့အရပ်ဒေသကို သွားလာခွင့် ပိတ်ပင်ထားတာကြာရောပေါ့၊ ဒါကိုဘယ်လိုကြောင့် လူ့ဘုံကိုရောက်နေပါလိမ့်”

အထောက်တော်နတ်သားက စကားပြောနေရင်း ခေတ္တမျှစဉ်းစားလိုက်ကာ

“ ဒီအပြစ်သားက လူ့ပြည်ကို ထွက်ပြေးပြီး ပုန်းရှောင်နေရာကနေ တောလည်ထွက်လာတဲ့ ရေမြေ့ရှင်ဘုရှင်တစ်ပါးကို ဖမ်းစားခြောက်လှန့်ခဲ့တာပဲ၊ ဒါကြောင့် ဘုရင်က သူ့အသက်ကိုလွှတ်ပေးရင် ဒီတစ်နယ်လုံးအပိုင်စားပေးမယ်ဆိုပြီး ကမ္ဗည်းကျောက်စာနဲ့အပိုင်စားပေးခဲ့တာပဲ၊ နယ်တစ်ခုလုံးအပိုင်စားရသွားတဲ့ ဝတ္တရက သူ့ပိုင်နက်ထဲဝင်တဲ့လူသားမှန်သမျှကို သတ်ဖြတ်စားသောက်ခဲ့သေးတယ်၊ သို့ပေမယ့် လောကီပညာပိုင်းမှာ တစ်ဖက်ကမ်းခတ်တတ်မြောက်တဲ့ ရသေ့တစ်ပါးနဲ့အတွေ့မှာတော့ သူ့နေရာမှာပဲ ပြန်ပြီး ချုပ်နှောင်ခံခဲ့ရတယ်၊ ဒါပေမယ့် ရသေ့ကြီးက သူ့အပေါ်သက်ညှာတဲ့အနေနဲ့ စနေသားယောင်္ကျားရဲ့ သွေးစက်သင့်ကမ္ဗည်းကျောက်စာပေါ်ကျပါက ပြန်လည်လွတ်မြောက်လိမ့်မယ်လို့ပြောခဲ့တယ်၊ ဝတ္တရရဲ့ကံတရားက ကောင်းချင်တော့ ရသေ့ကြီးပြောသွားတဲ့အတိုင်းဖြစ်လာတော့တာပဲ”

“ အသင်နတ်သားပြောတဲ့အတိုင်းဆိုရင် သူ့ကိုလူ့ဘုံမှာထိန်းသိမ်းဖို့ခက်လိမ့်မယ်”

“ ဒီအတွက် စိုးရိမ်ပူပန်မှုမရှိပါနဲ့၊ နတ်မင်းကြီးရဲ့အမိန့်နဲ့သူ့ကို ကျုပ်ကိုယ်တိုင်ခေါ်ဆောင်သွားပေးပါ့မယ်၊ ဟဲ့ ဝတ္တရ သင့်အပြစ်သင်သိတယ်မဟုတ်လား”

အထောက်တော်နတ်သားရဲ့ ဟိန်းဟောက်သံကြောင့် ဝတ္တရခေါင်းတောင်မဖော်ရဲပဲ ဝပ်ဆင်းနေခဲ့တယ်။

“ ငရဲမီးတောက်တွေနဲ့ မြိုက်ခံရတာတောင် ညဉ်းညူသံမထွက်တဲ့သူက အခုကျတော့လဲ သခင်နဲ့တွေ့တဲ့ကြောင်တစ်ကောင်လို ဖြစ်သွားပါလား”

အောင်မြတ်သာက ဝတ္တရဆိုတဲ့ ဘီလူးကိုကြည့်ကာ တီးတိုးပြောလိုက်တဲ့အချိန် အထောက်တော် နတ်သားရဲ့လက်ထဲကနေ ဆူးခက်တွေပါတဲ့ ကြိုးတစ်ချောင်းထွက်လာပြီး ဝတ္တရရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ခေါ်ဆောင်သွားခဲ့တယ်။

အရာအားလုံးပြီးဆုံးသွားချိန်မှာတော့ အောင်မြတ်သာတို့နဲ့အတူ အသက်မဲ့နေတဲ့ခန္ဓာကိုယ်တစ်ခု၊ကြောက်လန့်နေတဲ့လူတစ်စုသာကျန်ရစ်ခဲ့ပါတော့တယ်။
++++++

အောင်မြတ်သာတို့လဲ လေသာကုန်းရွာမှာ တစ်ပတ်လောက်နေခဲ့ပြီး ဂိုဏ်းတော်ပညာမျိုးစေ့ ချပေးခဲ့ကြတယ်။

အဲဒီထဲမှာ တောက်ထိန်တို့ညီအစ်ကိုနှစ်ယောက်ပါဝင်ခဲ့ပြီး နောက်နှစ်ပေါင်း လေးဆယ်ခန့်အကြာမှာတော့ ဆရာကြီး၊ ဆရာလေးဆိုတဲ့နာမည်နဲ့ ထင်ပေါ်ကျော်ကြားတဲ့ ဆရာနှစ်ဆူဖြစ်လာခဲ့ပါတော့တယ်။
+++++

အောင်မြတ်သာတို့ လေသာကုန်းရွာကနေ ထွက်လာတဲ့လမ်းမှာ ဦးဘိုးခိုင်ဆိုတဲ့လူတစ်ဦးနဲ့ ခင်မင်ခဲ့ကြတယ်။

ခင်မင်မှုကနေအစပြုပြီး ရွာကိုလိုက်လာရာကနေ တစ်ရွာလုံးကိုပြုစားထားတဲ့ မိန်းမတစ်ယောက်ကို ဆုံးမဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ခေါင်းပြတ်စုန်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)