°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
အောင်မြတ်သာတို့ လေးကျွန်းဘုရားစံအိမ်တော်ကနေ နာဂဝီသတောင်တန်းပေါ်ကိုခရီးဆက်ခဲ့ကြတယ်။ နောဂဝီသတောင်တန်းလို့ခေါ်ဆိုရတဲ့ အကြောင်းက နဂါးတစ်ကောင်ရဲ့ ကိုယ်ခန္ဓာအတိုင်း တောင်ကြောကြီးက ရစ်ပတ်ခွေနေလို့ပဲဖြစ်တယ်။ နာဂဝီသတောင်တန်းတစ်လျောက်မှာတော့ စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းငယ်တွေက သူ့နေရာနဲ့သူ တည်ရှိနေကြတယ်။
အောင်မြတ်သာတို့ နာဂဝီသတောင်တန်းပေါ်ကို ရောက်တော့ အချိန်လင့်နေပြီ။ အဲဒီအတွက် တောင်တန်းရဲ့ အစွန်းလေးမှာတည်ထားတဲ့ စေတီလေးမှာ ညအိပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ စေတီရဲ့ရင်ပြင်တော်ပေါ်ကို လှဲကျင်းပြီး တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်နေတဲ့ အချိန် စေတီပေါ်ကို အကျႌအစိမ်းဝမ်းဆက်ဝတ်ထားတဲ့ အမျိုးသမီးလေးယောက်တက်လာတာကို မြင်လိုက်ရတယ်။
အမျိုးသမီးလေးယောက်တက်လာတဲ့အချိန် စေတီတစ်ခုလုံး အမွှေးရနံ့တွေကြိုင်လှိုင်သွားတယ်။ အမျိုးသမီးတွေက စေတီငယ်လေးကို ပန်း၊ရေချမ်း၊ဆီမီး ပူဇော်နေတာကိုမြင်တော့ အောင်မြတ်သာက သာဓုသုံးကြိမ်ခေါ်ဆိုလိုက်တယ်။
အောင်မြတ်သာရဲ့သာဓုခေါ်ဆိုသံကိုကြားတော့ အမျိုးသမီးငယ်တွေက အ့ံသြတဲ့အမူအယာနဲ့ အောင်မြတ်သာကိုလှမ်းကြည့်ပြီး
“အသင်က မြနန်းတို့ကိုမြင်တွေ့ရတာလား
မြနန်းတို့ကအသင့်ကိုမမြင်ဖူးလို့ထင်မှတ်ထားတာ”လို့ပြောတော့ အောင်မြတ်သာက
“သင်တို့ကို မြင်ရပါတယ် ၊ သင်တို့ရဲ့ ကုသိုလ်ကောင်းမှုအစုကိုလဲ အသိမှတ်ပြုလို့ သာဓုခေါ်လိုက်တာပါ အသင်တို့က အမြဲတမ်းဒီစေတီလေးကို လာရောက်ကြတာလား”
“အမြဲတမ်းတော့မဟုတ်ပါ နှစ်ရက်ခြား သုံးရက်ခြားတော့လာတတ်ပါတယ် ၊ မြနန်းတို့က ဒီတောင်တန်းပေါ်မှာပဲ နေကြတာ၊ အသင်တို့ကရော ဘယ်ခရီးကိုဆက်ကြမလို့လဲ”
“ကျုပ်တို့က တာဝန်တစ်ခုနဲ့ခရီးထွက်လာတာပါ ၊ အခုကအချိန်လဲလင့်နေပြီမို့ ဒီစေတီမှာညအိပ်တည်းခိုမလို့ပါ”
“အသင်တို့က သာမန်လူတွေမဟုတ်ဘူးဆိုတာသိပါတယ်၊ မြနန်းရဲ့ညီအမတွေနဲ့ မိတ်ဆက်ပေးပါမယ်
ဒါက မြနန်းရဲ့ ညီမမြစိမ်းတဲ့၊ ဟိုဘက်နှစ်ယောက်ကတော့ မြနန်းတို့မောင်နှမရဲ့အထိန်းတော်နှစ်ယောက်ပါ၊ သူတို့က မြနန်းတို့ဘယ်သွားသွားအမြဲပါတယ်”
“ဟုတ်ပါပြီ ကျုပ်နာမည်က အောင်မြတ်သာပါ၊ ဒီဘက်တစ်ယောက်က သက်ခိုင်၊ ဒီဘက်ကတော့ တောက်ရလို့ခေါ်တယ်”
“ကိုသက်ခိုင်နဲ့ကိုတောက်ရ မြနန်းတို့ဆီလိုက်မလည်ချင်ဘူးလား ခ်ခ်”
မြနန်းဆိုတဲ့အမျိုးသမီးက သက်ခိုင်နဲ့ တောက်ရကို မထိတထိပြောလိုက်တော့ လူပျိုသိုးကြီးနှစ်ယောက် မျက်နှာတစ်ဖြေးဖြေးနီတက်လာခဲ့တယ်။
အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီ
“သက်ခိုင်နဲ့တောက်ရ မင်းတို့လိုက်ချင်လိုက်သွားလေ ရောက်တုန်းရောက်ခိုက် အတွေ့အကြုံရတာပေါ့”လို့ပြောတော့ သက်ခိုင်က
“မဟုတ်တာဆရာရယ် ကျွန်တော်တို့မလိုက်ပါဘူး၊
ဒီကအမိတို့ကစနေတာနေမှာပါ”လို့ရီကျဲကျဲပြောတော့ မြနန်းဆိုတဲ့အမျိုးသမီးက
“အသင်တို့လိုက်ချင်ရင် မြနန်းတို့က ကြိုဆိုနေပါတယ်နော်၊ နောက်နေ့တွေလဲ မြနန်းတို့ ဒီဘုရားမှာ စောင့်နေမယ်၊ ခုတော့အချိန်နောက်ကျနေပီမို့ ပြန်လိုက်ဦးမယ်”လို့ပြောပြီး သက်ခိုင်နဲ့တောက်ရတု့ိကို လက်ပြနှုတ်ဆက်သွားကြတယ်။
အမျိုးသမီးလေးယောက်ပြန်သွားတော့အောင်မြတ်သာက သက်ခိုင်ကိုကြည့်ပြီး
“ဒီအမျိုးသမီးတွေကဘာတွေလဲသိလား”လို့မေးတော့ သက်ခိုင်က
“ဥစ္စာစောင့်တွေနေမှာပေါ့ဆရာရယ်၊ ဝတ်ထားစားထားတာ ကြည့်ပြီးခန့်မှန်းလို့ရပါတယ်”လို့ပြောတော့ အောင်မြတ်သာက
“မင်းပြောတာလဲမှန်ပါတယ်၊ သူတို့က နေ့ခံညစံဝေမာနိကပြိတ္တာမလေးတွေပဲ”
“ဗျာ ဟုတ်လို့လားဆရာ”
“မင်းမယုံရင် အခုငါတို့တာဝန်ပြီးလို့ပြန်တဲ့အခါ မင်းတို့ကိုလက်တွေ့ပြမယ်၊ ခုတော့ လုပ်စရာရှိတာ လုပ်ပြီးနားကြတော့”
သက်ခိုင်တို့လဲ မိမိတို့လုပ်စရာရှိတဲ့ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ အင်းကွက်ရေးဆွဲခြင်းများ လုပ်ပြီး အိပ်စက်ခဲ့တယ်။
မနက်မိုးသောက်တာနဲ့ ဆရာတပည့်တွေ စိတ္တသုခဘုန်းကြီးကျောင်းရှိရာကို ခရီးဆက်ထွက်ခဲ့ကြတယ်။ အာရုံတက်ချိန်ဖြစ်တဲ့အတွက် နေအလင်းရောင်က မှိန်ပျပျလေးသာလင်းနိုင်သေးတယ်။
အောင်မြတ်သာတို့လဲ တောင်ပေါ်လမ်းအတိုင်း ဖြေးဖြေးခြင်းလျောက်လာခဲ့တာ တောင်တန်းတစ်နေရာအရောက်မှာတော့ တောင်နံရံကြီးတစ်ခုက လမ်းအလယ်ကိုကန့်လန့်ခံပိတ်နေတာတွေ့လိုက်ရတယ်။
သက်ခိုင်က ကန့်လန့်ခံနေတဲ့ တောင်နံရံကိုမြင်တော့
“ဆရာ ဒီနေရာက ဘယ်လိုဖြစ်တာလဲ လမ်းလဲမရှိတော့ဘူး အရှေ့မှာပိတ်နေပီ”
“သက်ခိုင် အရှေ့မှာလမ်းရှိတယ် ငါတို့ကိုမမြင်အောင် တမင်တကာပိတ်ထားတာ သေချာပြန်ကြည့်ပါဦး လမ်းပေါ်မှာပိတ်နေတာ ဘာလဲဆိုတာ”
သက်ခိုင်လဲ ဆရာပြောတဲ့စကားကြားတော့ တောင်နံရံကိုသေချာကြည့်လိုက်တာ တောင်နံရံမဟုတ်တော့ဘူး အမွှေးအမျှင်တွေ ထူထပ်နေတဲ့ ခြေထောက်တစ်ဖက် ဖြစ်နေတာကိုမြင်လိုက်ရတယ်။ သက်ခိုင်လဲ အမြင်အာရုံတွေကိုစုစည်းပြီးကြည့်လိုက်တော့ တောင်တန်းအပေါ်ကကုန်းမြင့်ကိုမေးတင်ပြီး ခြေထောက်ကိုချအိပ်နေတဲ့ သဘက်တစ်ကောင်ကို မြင်လိုက်ရတယ်။
တောင်တစ်လုံးလောက်ကြီးမားတဲ့သဘက်ကြီးကိုမြင်တော့ သက်ခိုင်နဲ့တောက်ရ မျက်လုံးပြူ းသွားတယ်။ တစ်သက်တစ်ကိုယ်ဒီလောက်ကြီးတဲ့ သဘက်မျိုးမမြင်ဖူးတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် အောင်မြတ်သာက တဘက်ကြီးရဲ့ခြေထောက်ကို ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်။
ခဲလုံးနဲ့ပစ်ပေါက်လိုက်တဲ့အရှိန်က ဘယ်လောက်မှ မရှိပေမယ့် သဘက်ကြီးက သူ့ရဲ့လက်ကြမ်းကြမ်းနဲ့ ခြေထောက်ကိုကိုင်ပြီး လူးလဲထလာတယ်။
သဘက်ကြီးက အောင်မြတ်သာကိုမြင်တော့ မတ်တပ်ရပ်လိုက်တာ သဘက်ကြီးရဲ့မျက်နှာကိုမမြင်ရတော့ဘူး၊ ဘယ်လောက်ကြီးတယ်ဆိုတာခန့်မှန်းကြည့်ကြ။
အောင်မြတ်သာက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ပြီး
“ဒီလိုပုံစံနဲ့ ငါ့အရှေ့ကိုမလာနဲ့ ဘဝကူးပြောင်းတုန်းက ပုံစံအတိုင်းလာ အဲလိုဆိုရင် ကူညီပေးမယ်”လို့လှမ်းပြောလိုက်တယ်။
အောင်မြတ်သာစကားအဆုံးမှာ သဘက်ကြီးရဲ့ ကိုယ်ကတစ်ဖြေးဖြေး သေးသေးလာပြီး နောက်ဆုံး
ဖျင်ကြမ်းအကျႌဝတ်ပြီး၊ တောင်ရှည်ပုဆိုးစည်းထားတဲ့ လူအဖြစ်ပြောင်းသွားတယ်။
အောင်မြတ်သာက ထိုသူကိုကြည့်ပြီး
“သင်က ဒီနေရာကိုဘာကြောင့်ပိတ်ထားတာလဲ အရင်ကရော ဒီနေရာမှာပဲအိပ်တာလား”
“မနက်အလင်းရောင်မပေါ်ခင်အထိ ဒီနေရာမှာပဲနေတယ် ဒီနေရာက ငါသေခဲ့တဲ့နေရာ ဒါကြောင့်ဒီနေရာမှာပဲ ငါနေတာ”
“အခုသင်ကျုပ်ကိုပြောစရာရှိတယ်ဆိုတာ ဘာများလဲ ကျုပ်တို့ဘာလုပ်ပေးရမလဲ သင်က ဒီလိုဘဝရောက်နေတာ နှစ်ပေါင်းဘယ်လောက်ကြာသွားပီလဲ”
“ကျုပ်ဒီမှာရောက်နေတာ နှစ်၂၀၀ကျော်သွားပီ လွန်ခဲ့တဲ့နှစ်၂၀၀က ဒီနေရာက တောနက်ကြီးတစ်ခုဖြစ်ခဲ့တယ် ကျုပ်ကဒီတောကိုအမှီပြုပြီး ခရီးသွားတွေကို လုယက်ခဲ့တဲ့တောပုန်းတစ်ယောက်ပဲ နောက်ဆုံး မြို့စားမင်းရဲ့စစ်တပ်လက်ချက်နဲ့ ဒီနေရာမှာ သေခဲ့တယ် ဒါကြောင့် ကျုပ်ရဲ့မကောင်းမှုတွေကြောင့် ဒီဘဝရောက်နေတာ ကျုပ်လွတ်မြောက်ဖို့က နောက်ထပ်နှစ်ပေါင်းများစွာ ကျန်သေးတယ် သင်တို့အမျှတန်းဝေတဲ့အခါ ကျုပ်ကိုလဲ ဝေပေးပါလို့ပြောချင်ပါတယ်”
“ကောင်းပြီ ကျုပ်တို့အမျှတန်းဝေတဲ့အခါ သင့်ကိုခေါ်ပါမယ် အခုလောလောဆယ် ကျုပ်တို့ စိတ္တသုခဘုန်းကြီးကျောင်းကိုသွားရမှာမို့ အသင်လမ်းဖယ်ပေးပါ” လို့ပြောလိုက်တော့ သဘက်ကြီးက
“စိတ္တသုခ ဘုန်းကြီးကျောင်းက ဒီတောင်ရဲ့အောက်ဘက် တောင်စောင်းလေးမှာတည်ထားတယ် အရင်ကျောင်းထိုင်ဘုန်းကြီးက အောက်လမ်းအတတ်တွေတတ်တဲ့ အတွက် အစီအရင်လုပ်ခိုင်းတဲ့သူတွေနဲ့ ကျောင်းက တော်တော်လေး စည်ကားခဲ့တယ် သူသေသွားတော့ သူ့နေရာကိုရောက်လာတဲ့ ကျောင်းထိုင်ဘုန်းကြီးတွေ နေမရလောက်အောင် အခြောက်အလှန့်ကြမ်းခဲ့တယ် အသင်တို့ သတိထားကြပါ “လို့မှာပြီး မျက်စိရှေ့က ပျောက်ကွယ်သွားတယ်။
အောင်မြတ်သာတို့လဲ ဘုန်းကြီးကျောင်းရှိရာ ဆက်ထွက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းကိုရောက်တော့ ကျောင်းတံခါးကြီးက သော့ခတ်ထားတာကို တွေ့လိုက်ရတယ်။ အောင်မြတ်သာတို့လဲ ဘေးဘီဝဲယာကို လိုက်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ တဲလေးထိုးပီး နေနေတဲ့ အဖိုးတစ်ယောက်ကိုမြင်လိုက်ရတယ်။ အဖိုးအိုကို မြင်တော့သက်ခိုင်က တဲအနားသွားပြီး
“အဘိုး ဒီကျောင်းက ဘာလို့ပိတ်ထားတာလဲ စာသင်သားသံဃာတော်တွေသီတင်းမသုံးကြတော့ဘူးလား”
“ဘယ်သူမှမနေရဲကြတော့ဘူး လာနေတဲ့ ကျောင်းထိုင်တွေရော စာသင်သားတွေရော နှစ်ရက်မခံဘူး ပြန်ပြေးကြတာ ဘယ်သူမှမနေရဲလို့ ခုလိုပိတ်ထားတာကိုပဲ ကြည့်ပါ”
“ဒါဆို ကျွန်တော်တို့ ဒီညဒီမှာတည်းလို့ရမလားအဖိုး ကျွန်တော်တို့က ခရီးသွားတွေပါ နေစရာမရှိလို့ အကူအညီတောင်းတာပါ”
“မောင်ရင်တို့နေရဲရင် နေကြပေါ့ တစ်ညလောက်တော့ ရမှာပါ ဒီညမှာတစ်ခုခုတွေ့မြင်ရင်တော့ မကြောက်လန့်ကြနဲ့နော် ဒီကျောင်းရဲ့ အရင်ကျောင်းထိုင်က မကျွတ်ပဲကျောင်းကိုစွဲနေတာ မောင်ရင်တို့ကိုစိတ်ပူလို့ ပြောတာ”
“ကျေးဇူးတင်ပါတယ်အဖိုး ကျွန်တော်တို့က မကြောက်တတ်ပါဘူး ခုလိုနားခွင့်ပေးတာကိုပဲကျေးဇူးတင်နေပါပီ”
“ဟိုဒေါင့်မှာထောင်ထားတဲ့ တံမျက်စည်းလဲ ယူသွား အထဲရောက်ရင် လှဲကျင်းပြီး အဆင်ပြေသလိုနေကြ”
အောင်မြတ်သာတို့လဲ အဖိုးအိုကိုခွင့်တောင်းပြီး ကျောင်းအခန်းထဲကိုဝင်လာခဲ့လိုက်တယ်။ မဖွင့်ပဲထားထားတာ ဘယ်လောက်ကြာမှန်းမသိတဲ့အတွက် ပင့်ကူအိမ်တွေ၊ ဖုန်မုန့်တွေက နေရာလပ်မရှိအောင် ပြည့်နှက်နေတယ်။ ဘုန်းကြီးကျောင်းအထဲမှာတော့ အခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ်။ တစ်ညတာအိပ်ဖို့ သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ ဘုရားခန်းအရှေ့ကနေ ဖြတ်ပြေးသွားတဲ့ အရိပ်တစ်ခုကို သက်ခိုင် တွေ့လိုက်ရတယ်။
မသိချင်ယောင်ဆောင်ပြီး အခန်းထဲကဖုန်တွေ အမှိုက်တွေကိုလှည်းထုတ်နေလိုက်တယ်။ သန့်ရှင်းရေးလုပ်ပြီးသွားတော့ ပြူ တင်းပေါက်တွေကို လေဝင်လေထွက်ကောင်းအောင် ဖွင့်ထုတ်လိုက်တယ်။
ပြတင်းပေါက်ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျောင်းအနောက်ဘက်ကနေ ပြတင်းပေါက်ထဲကို ခဲလုံးသေးသေးလေးတွေ ဝင်လာခဲ့တယ်။ အစကတော့ တစ်လုံးစ နှစ်လုံးစကနေ တစ်ဖြေးဖြေး ခဲလုံးတွေက များလာတယ်။
အောင်မြတ်သာက ခဲလုံးတွေကိုကြည့်ပြီး
“ငါတို့ကိုကြိုဆိုနေပြီထင်တယ် အရင်ဘုန်းကြီးက ဒီကျောင်းကို ဘယ်သူမှနေမရအောင် ပုဏ္ဏကတိုက်ခဲ့သေးတာပဲ”လို့ပြောလိုက်တော့ သက်ခိုင်က
“ဒါဆို အခုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာ”
“အခုတော့ ဘုရားရှိခိုး မေတ္တာအရင်ပို့ထားလိုက်မယ် ကျောင်းစောင့်နတ်တွေမရှိတာကြာပီဆိုတော့ အရင်ရှိခဲ့တဲ့ ကျောင်းစောင့်နတ်တွေကို ပြန်ပင့်ဖိတ်ရဦးမယ် မင်းတို့လဲလုပ်စရာရှိတာလုပ်ထားကြ “
အောင်မြတ်သာက သက်ခိုင်ကိုမှာစရာရှိတာမှာပြီး ဘုရားကျောင်းဆောင်အဟောင်းလေးရှေ့မှာထိုင်လိုက်တယ်။ အောင်မြတ်သာဘုရားစင်ရှေ့ထိုင်တဲ့အချိန်မှာ သက်ခိုင်နဲ့ တောက်ရက အောင်မြတ်သာအနောက်မှာ ဝင်ထိုင်လိုက်ပြီး ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ စည်းချခြင်း၊ အင်းကွက်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့တယ်။
အဲလိုပြုလုပ်နေတဲ့အချိန်မှာ အောင်မြတ်သာတို့ အနောက်ဘက်မှာ ပြေးလွှားနေတဲ့အသံ၊ ချောင်းဟန့်တဲ့အသံ၊ တောက်ခတ်တဲ့အသံတွေကို အတိုင်းသားကြားနေရတယ်။
အောင်မြတ်သာတို့လဲ မိမိတို့လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်တယ်။ အဲဒီအချိန် သင်္ကန်းကိုခေါင်းမြီးခြုံထားပြီး ကျောင်းလှေကားဝကနေ တက်လာတဲ့ သူတစ်ယောက်ကို အောင်မြတ်သာအာရုံထဲကနေ လှမ်းမြင်လိုက်ရတယ်။ သင်္ကန်းကိုခြုံထားတဲ့သူက အောင်မြတ်သာတို့အနားကိုကပ်လာပြီး သက်ခိုင်ရဲ့ လည်ပင်းဆီကိုလက်လှမ်းလိုက်တယ်ဆိုရင်ပဲ ဘုရားမရှိခိုးမှီက ချထားတဲ့ စည်းကြောင့် လက်က သက်ခိုင်လည်ပင်းကို မထိပဲ အနောက်ကိုလွင့်ထွက်သွားတယ်။
သက်ခိုင်နဲ့တောက်ရလည်း ပတ်ဝန်းကျင်ကို အမှတ်မထားဘဲ မိမိတို့လုပ်ရမယ့်အလုပ်ကိုဆက်လုပ်နေလိုက်တယ်။ သက်ခိုင်တို့ဂရုမစိုက်လေလေ အနောက်မှာ ပိုကြမ်းလာလေလေဖြစ်လာတယ်။
နံရံကိုလက်သီးနဲ့ထိုးတဲ့အသံတွေ၊ အံကြိတ်သံတွေ၊ ညီးညူ သံတွေအပြင် ထုပ်တန်းပေါ်ကို ကုတ်တွယ်တက်နေတဲ့အသံတွေကို အောင်မြတ်သာတို့မကြားကြားအောင် အနောက်ကနေလုပ်နေခဲ့တယ်။
အောင်မြတ်သာတို့လည်း ဂရုမစိုက်ပဲ မိမိလုပ်စရာရှိတာဆက်လုပ်နေခဲ့တာ အမှုကိစ္စအားလုံးပြီးဆုံးလို့ အမျှအတန်းဝေတဲ့အချိန်ရောက်တော့ ကျောင်းပေါ်ကနေ ဝရုန်းသုန်းကား ပြေးဆင်းသွားကြတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။
အမျှအတန်းဝေတော့ လမ်းမှာတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက်ရည်စူးပြီး.ပေးဝေခဲ့တယ်။ အမျှဝေပီးတဲ့အချိန် အောင်မြတ်သာက အနောက်လှည့်ပြီး
“ဒီကောင်တွေတကယ်မလွယ်ဘူး သာမန်လူတွေမနေနိုင်တာလဲမပြောနဲ့ နေ့ခင်းကြောင်တောင် ဒီလိုခြောက်လှန့်တာကိုပဲကြည့်တော့ အခု မင်းတို့က တံခါးပေါက်တွေမှာ အင်းစမတွေလိုက်ဆွဲထားတော့ အင်းစမဆွဲပီးတဲ့အချိန် ငါတို့လုပ်ငန်းစကြမယ်”
သက်ခိုင်တို့လဲ တံခါးပေါက်မှန်သမျှ အင်းကွက်တွေ လိုက်ဆွဲနေလိုက်တယ်။ အင်းကွက်ရေးဆွဲတဲ့အချိန် အခန်းထဲကနေ အလုအယက်ပြေးဆင်းကြတဲ အသံတွေအပြင် အင်းကွက်ကိုထိမိလို့ နာကျင်စွာအော်ဟစ်နေကြတဲ့ အသံတွေကိိုကြားလိုက်ရတယ်။
အင်းကွက်တွေရေးဆွဲပြီးချိန်မှာတော့ အောင်မြတ်သာက ” ပွင့်တော်မူပြီးသော ဘုရားရှင်တို့၏အမိန့်တော် ၊ အထက်ဆရာကြီးများရဲ့အမိန့်တော် ဘိုးတော်သိကြားမင်းရဲ့အမိန့်တော် လောကပါလကိုစောင့်ကြပ်နေတဲ့ နတ်မင်းကြီးလေးပါးရဲ့ အမိန့်တော် ငါအောင်မြတ်သာ၏ အမိန့်တော်ကြောင့် ဒီဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မကောင်းဆိုးဝါး နာနာဘာဝ ပြိတ္တာအပေါင်းတို့ ဒီကျောင်းဝင်းထဲကနေ အပြင်ကိုတစ်လှမ်းမှ မထွက်ကြနဲ့ ကျောင်းဝင်းစည်းကို ကျော်လွန်ပါက ငရဲမီးထက်အဆတစ်ရာပိုတဲ့အပူရှိန်ကြောင့် ပြာအတိကျပါစေ ငါခေါ်တဲ့သူမှန်ရင် ဒီကျောင်းပေါ်ကိုတက်လာခွင့်ပြုတယ် လူစားထိုးပီးဟန်ဆောင်လာပါက ထိုက်သင့်တဲ့အပြစ်ဒဏ်ခံစားစေရမယ် “လို့အမိန့်ပြန်ပြီး မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်။
ကွမ်းတစ်ယာညက်လောက်ကြာတော့ မျက်လုံးဖွင့်ပြီး
“အနောက်တောင်ထောင့် ကျွန်တိုင်အောက်မှာ မြုပ်ထားတဲ့ အစီအရင်ထဲက ပုဂ္ဂိုလ်ငါ့ရှေ့အခုချက်ချင်းရောက်စေ”လို့အမိန့်ပြန်လိုက်တာနဲ့ လှေကားရင်းကနေ တက်လာတဲ့ခြေသံပြင်းပြင်းကို ကြားလိုက်ရတယ်။
ခြေသံကြားရာကို ကြည့်လိုက်တော့ လူအရိုးကို ပခုံးပေါ်ထမ်းပြီး ဝင်လာတဲ့သူကိုတွေ့လိုက်ရတယ်။ အဝေးကနေကြည့်လိုက်တော့ လူနှစ်ရပ်ခန့်မြင့်ပြီး တစ်ကိုယ်လုံးရွ့ှံဗွက်တွေပေနေတာကိုမြင်လိုက်ရတယ်။ဘုရားခန်းအရှေ့ ဆယ်ပေလောက်အကွာရောက်တော့ အောင်မြတ်သာက
“သင်ဘယ်သူလဲ ဘာကြောင့်သာသနာနယ်မြေမှာ သင်နေထိုင်ရသလဲ”လို့မေးတော့
“ငါ့ကိုဒီမှာနေခိုင်းထားတာ ဒီကျောင်းကို လူစိမ်းတွေဝင်ရင် ခြောက်လှန့်ဖို့ စေခိုင်းထားတာ ငါအရင်က ဒီတောင်ရဲ့အရှေ့ဘက်က သချႋ ုင်းမှာနေတာ ငါ့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”
“သင်ကိုခေါ်ရတာက သင်နဲ့ဒီနေရာကမအပ်စပ်ဘူး ဒါကြောင့် သင့်နေရာသင်ပြန်သွားဖို့ပြောရတာပဲ သင့်ကိုခိုင်းစေထားတဲ့ အချုပ်အနှောင်တွေကိုလည်း ဖယ်ရှားပေးမယ် သင်နေရာသင်ပြန်မှာလား”
“ကျုပ်နေရာကျုပ်ပြန်မယ် အစီအရင်တွေကိုသာ ဖယ်ရှားပေး”
“ကောင်းပြီ သင်ပြန်လို့ရပြီ “လို့ပြောလိုက်တော့ လူအရိုးထမ်းထားတဲ့ပုဂ္ဂိုလ်က ကျောင်းအနောက်ဘက်ပေါက်ကနေ ပြန်ဆင်းသွားတယ်။ ပြန်ဆင်းသွားတာနဲ့တစ်ပြိုင်နက် ကျောင်းဆောင်ကြီးက ငလျင်လှုပ်သလို ခါယမ်းလာတယ်။
အောင်မြတ်သာလဲ ထိုင်ရာကမထပဲ
“ဦးလာဘ သင်ရှိနေတာ ကျုပ်သိတယ် သင့်အခုချက်ချင်း ကျုပ်အရှေ့လာရောက်စေ လာရောက်တဲ့အခါ မျက်နှာမူပြီးမလာရ ကျောပေးပြီးသာ လာရမယ်”လို့ပြောပြီး ကြမ်းပြင်ကို ပုတ်လိုက်တယ်ဆိုရင်ပဲ လှေကားပေါ်ကို တစ်စုံတစ်ယောက်ခုန်ချလာတဲ့အသံကြားလိုက်ရတယ်။ ခြေသံက လှေကားထိပ်မှာတင်ပျောက်သွားပြီး ဘယ်ကနေထွက်လာမလဲဆိုတာ စောင့်ကြည့်နေတုန်း
ဘုရားခန်းအရှေ့ကနေ ရိပ်ခနဲ ဖြတ်ပြေးသွားတဲ့ အရိပ်တစ်ခုကိုတွေ့လိုက်ရတယ် ရိပ်ခနဲတွေ့လိုက်ရတယ် ဆိုပေမယ့် အနောက်မှာလွင့်နေတဲ့ သင်္ကန်းစကိုမြင်တော့ အောင်မြတ်သာက
“သင်ကိုကျုပ်မြင်နေရတယ် သင်ချောက်လို့ ကြောက်မယ့်သူတွေထဲမှာ ကျုပ်တို့မပါဘူး သင်အရှေ့ကိုလာခဲ့ပါ မလာသေးဘူးဆိုရင် ကျုပ်တို့ဆွဲခေါ်ရလိမ့်မယ်”လို့ပြောတော့လဲ မထီမဲ့မြင်လုပ်ပြီး ပေါ်မလာခဲ့ဘူး။
သင်္ကန်းစကိုသာ ထုပ်တန်းပေါ်ရိပ်ခနဲမြင်လိုက် ကျောင်းခန်းတစ်ခုနဲ့တစ်ခု ရိပ်ခနဲခုန်ကူးသွားလိုက်လုပ်နေတယ်။ အောင်မြတ်သာလဲ ဘာစကားမှထပ်မပြောတော့ပဲ လွယ်အိတ်ထဲက အပ်ချည်ကြိုးတစ်ချောင်းကို ထုတ်ကာ မန်းလိုက်တယ်။
အောင်မြတ်သာမန်းပြီးတာနဲ့ အပ်ချည်ကြိုးကို လက်က လွှတ်လိုက်တယ်ဆိုရင်ပဲ အပ်ချည်ကြိုးကထုပ်တန်းအပေါ်ကို မြှားတစ်စင်းလို ပျံထွက်သွားခဲ့တယ်။ အပ်ချည်ကြိုးပအစလဲအကုန် လူတစ်ယောက်ထုပ်တန်းပေါ်ကနေ ဘုတ်ခနဲ ပြုတ်ကျလာတယ်။
အောင်မြတ်သာကြည့်လိုက်တော့ တစ်ကိုယ်လုံး အပ်ချည်မျှင်တွေနဲ့ရစ်ပတ်ခံထိထားတဲ့ သင်္ကန်းဝတ်ပုဂ္ဂိုလ်တစ်ဦးကိုမြင်လိုက်ရတယ်။ သင်္ကန်းဝတ်ထားတဲ့သူက အောင်မြတ်သာကို ကျောပေးပြီး
“ငါ့ကိုဘာလုပ်ဖို့ဖမ်းတာလဲ ငါ့ဘာသာဒီမှာနေတာ မင်းတို့နဲ့ဘာဆိုင်လဲ”
“သင်ဒီကျောင်းကိုလာတဲ့သူတိုင်းကို ခြောက်လှန့်နေတယ်ပြောလို့ သင့်ကိုဆုံးမဖို့လာခဲ့တာပဲ သင်ဟာ မြင့်မြတ်တဲ့ရဟန်းဘဝကိုမှမထောက် ယုတ်ည့ံတဲ့အောက်လမ်းစဉ်ကိုကျင့်သုံးခဲ့တယ် ဒီနေရာဟာ သာသနာတော်ထွန်းကားမယ့်နယ်မြေဖြစ်လို့ သင်ဒီနေရာနဲ့မအပ်စပ်ဘူး သင်ဒီကနေ ကြည်ကြည်ဖြူ ဖြူ ထွက်သွားမလား ကျုပ်တို့သင့်ကိုမောင်းထုတ်ရမလား”
“ဟားဟားဟား ငါကဒီကျောင်းကိုဆောက်ခဲ့တာ ဒီကျောင်းစဆောက်ထဲက အစီအမံတွေလုပ်ပီးသား ငါ့ကျင့်စဉ်အောင်မြင်ခါနီးမှာ လွဲချော်ခဲ့လို့ ငါဒီလိုဘဝရောက်နေတာ နောက်ဆို မြေလျှိ ုးပြီးမိုးပျံလို့ရတယ် ငါ့သဘောနဲ့ငါဘယ်တော့မှ မထွက်သွားဘူး ငါ့ကိုနှင်ထုတ်နိုင်ရင်တောင် ငါ့ဆန္ဒနဲ့ငါထွက်သွားမှာမဟုတ်ဘူး”
“ကောင်းပြီလေ သင်က ကျုပ်ကိုစိန်ခေါ်တော့လဲ သာသနာအတွက် သင့်ကိုနှင်ထုတ်ရတော့မှာပေါ့”
အောင်မြတ်သာစကားဆုံးမှာ ချည်ထားတဲ့ အပ်ချည်ကြိုးထဲကနေ အလင်းရောင်တွေဖြာထွက်လာခဲ့တယ်။ အပ်ချည်ကြိုးမျှင်တွေက တစ်ဖြေးဖြေးသေးသေးလာပြီး တစ်ကိုယ်လုံးကိုရစ်ပတ်ကာ ကျောင်းပေါက်ဝဆီကို ဆွဲခေါ်သွားတယ်။
သင်္ကန်းဝတ်နဲ့ပုဂ္ဂိုလ်က အတင်းရုန်းကန်ရင်း အပ်ချည်ကြိုးမျှင်ခေါ်ဆောင်ရာနောက်ကို ပါသွားတယ်။ ကျောင်းပေါက်ဝနားအရောက်မှာတော့ ချည်ထားတဲ့အပ်ချည်ကြိုးတွေ ဖြောင်းခနဲ ပြတ်ထွက်ပြီး သင်္ကန်းဝတ်နဲ့သူလဲ လှေကားအပေါ်ကနေ အောက်ကိုပြေးဆင်းပါလေရော။
သက်ခိုင်က လွတ်သွားမှာစိုးလို့ ထလိုက်ဖို့အပြင် အောင်မြတ်သာက လက်ကာပြတော့မှ သက်ခိုင်ပြန်ထိုင်လိုက်တယ်။ သင်္ကန်းဝတ်နဲ့သူလဲ လှေကားပေါ်က အဆင်း လှေကားဝမှာကပ်ထားတဲ့ အင်းနှစ်ချပ်ကနေ အလင်းတန်းနှစ်တန်းပေါ်လာပြီး သင်္ကန်းဝတ်သူရဲ့ ကိုယ်ကိုရစ်ပတ်ထားလိုက်တယ်။
အလင်းတန်းတွေရစ်ပတ်ခံထိထားတဲ့အချိန် လှေကားပေါ်မှာရှိနေတဲ့အင်းချပ်နှစ်ချပ်ဆီကနေလဲ အလင်းတန်းတွေထပ်ထွက်လာခဲ့တယ်။ ကျားပါးစပ်အင်း(နာနာဘာဝတွေကိုခေါ်ပြီးပြန်ထွက်မရအောင်စီရင်ထားတဲ့အင်း)လို့ခေါ်တဲ့ ကပ်ထားတဲ့အင်းတွေက သင်္ကန်းဝတ်နဲ့သူကို ပြေးမရအောင် ချုပ်ထားတဲ့အချိန် ဘေးပတ်ပတ်လည်မှာ မီးတောက်မီးလျှံတွေတောက်လာခဲ့တယ်။မီးတောက်တွေရဲ့အပူရှိန်ကြောင့် လူးလွန့်နေတဲ့အချိန် အောင်မြတ်သာက အင်းတစ်ချပ်ကို လက်ဝါးနဲ့အုပ်ပြီး တစ်စုံတစ်ယောက်ကိုပင့်ဖိတ်လိုက်တယ်။
အောင်မြတ်သာပင့်ဖိတ်လို့အပြီးမှာတော့ မြေကြီးထဲကနေ ခွေးနက်ကြီးတွေထွက်လာပြီး သင်္ကန်းဝတ်ထားတဲ့သူရဲ့ လည်မြိုကိုကိုက်ကာ မြေကြီးထဲပြန်ဝင်သွားကြတယ်။ အဲဒီဖြစ်ရပ်ကိုမြင်တော့ သက်ခိုင်က
“ကုသိုလ်ကောင်းမှုအနည်းငယ်လုပ်ခဲ့တဲ့အရှိန်ကြောင့် ငရဲကိုတန်းမသွားရတာ နောင်တရမယ်မရှိဘူး အခုတော့ ငရဲကိုသွားပေဦးတော့”လို့ရေရွတ်လိုက်တယ်။
အောင်မြတ်သာလဲ ကျောင်းပေါ်မှာရှိတဲ့အခန်းတိုင်းကို သေချာစစ်ပြီး မကောင်းတဲ့အတိုက်အခိုက်တွေမရှိဘူးဆိုမှ ကျောင်းအောက်ကိုဆင်းလာခဲ့တယ်။ ကျောင်းအောက်ရောက်တော့ မြေကြီးပေါ်မှာ အင်းစမ၁၆ကွက်ကိုရေးလိုက်တယ်ဆိုရင်ပဲ ကျောင်းဝင်းထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေအကုန်အလုအယက် ကျောင်းပြင်ကိုထွက်ပြေးသွားကြတာ မြင်လိုက်ရတယ်။
ကျောင်းဝင်းထဲမှာရှိတဲ့ခွေးတွေကလဲ ထွက်ပြေးသွားတဲ့ နာနာဘာဝတွေနောက်ကိုလိုက်ပြီး ထိုးဟောင်နေတယ်။ ခဏကြာတော့ ခွေးဟောင်သံတွေရပ်သွားတော့မှ အောင်မြတ်သာက
“ငါတို့အတွက် နောက်တာဝန်တစ်ခုလာနေပြီ”လို့ပြောပြီး ဘုန်းကြီးကျောင်းအနောက်ဘက်တောင်ကို လက်ညိုးထိုးပြလိုက်တယ်။
သက်ခိုင်လဲ အောင်မြတ်သာ ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ မဲနက်နေတဲ့မိုးတိမ်တွေအောက်မှာ ရှိနေတဲ့တောင်တစ်လုံးကိုတွေ့လိုက်ရတယ်။
“ဆရာ အဲဒီတောင်ကဘာဖြစ်လို့လဲ ကျွန်တော်တို့တာဝန်ကရောဘာများလဲ”
“ငါတို့တာဝန်က ဇော်ဂျီတစ်ပါးကိုကူညီရမယ် သူဖိုဝင်နေတဲ့အချိန် ငါတို့်ကသူ့ဘေးဝန်းကျင်ကို စောင့်ရှောက်ရမယ် အဲဒီအချိန်မှာ ဇော်ဂျီဖိုဝင်သားကို လာရှာမယ့် အောက်လမ်းဆရာတွေလဲရှိမယ် အထက်ဆရာတွေကတော့ ဒီဇော်ဂျီကိုစောင့်ရှောက်ဖို့ တာဝန်ပေးလိုက်ပြီ”
“ဇော်ဂျီဖိုဝင်တယ်တယ်ဆိုတာ ကြားဖူးတယ် အတိအကျတော့မသိဘူး”
“ဇော်ဂျီဖိုဝင်တယ်ဆိုတာကဖိုဝင်မယ့်ဇော်ဂျီက လူသူမရောက်တဲ့တောနက်ကြီးထဲမှာ သူတို့စီမံထားတဲ့ ဆေးသုံးလုံးကို မြောင်းတစ်ခုတူးပြီး နေရာချထားရတယ် ဖိုဝင်နေတဲ့အချိန် ဇော်ဂျီတွေရဲ့ ကိုယ်က အသားတုံးတစ်ခုလို ဖြစ်တည်နေတယ်၊ ခုနက မြောင်းထဲမှာထည့်ထားတဲ့ ဆေးသုံးလုံးက မိုးရွာတဲ့အချိန် လိမ့်ကျလာပြီး အသားတုံးကို လာထိမှ အောင်မြင်မှာ၊ အသားတုံးကိုမထိပဲ အကြောင်းတစ်ခုခုကြောင့် လွဲချော်သွားရင် အဲဒီအသားတုံးအတိုင်းပဲရှိနေတော့တယ်။ ဇော်ဂျီပြန်မဖြစ်တော့ဘူး၊ သားရဲတိရိစ္ဆာန်၊ ဖိုဝင်သားရှာတဲ့အောက်လမ်းပညာသည်တွေကြောင့် တော်ရုံတန်ရုံတောတောင်တွေမှာ ဖိုမဝင်တတ်ကြဘူး၊ အခုက အရေးကြီးတဲ့အနေအထားမို့လို့ မြင်နေရတဲ့တောင်မှာ ဖိုဝင်လိမ့်မယ်၊ သူဖိုအောင်တဲ့အခါ သာသနာအတွက် အကျိုးပြုနိုင်မယ့်သူဖြစ်လို့ ငါတို့ကိုစောင့်ရှောက်ဖို့တာဝန်ပေးလိုက်တာပဲ”
အောင်မြတ်သာစကားအဆုံးမှာတော့ သက်ခိုင်နဲ့တောက်ရရဲ့အတွေးတွေက လှမ်းမြင်နေရတဲ့ တောင်ဆီ ရောက်သွားတော့တယ်။ အောင်မြတ်သာတို့လဲ ဘုန်ယကြီးကျောင်းကထွက်လာတော့ ကျောင်းနဲ့မလှမ်းမကမ်းမှာလာတုန်းကတွေ့တဲ့ တဲအိမ်နဲ့အဖိုးအိုကိုမတွေ့ရတော့ဘူး။
အောင်မြတ်သာက ဘာမှမပြောပဲဆက်ထွက်သွားပေမယ့်သက်ခိုင်ကတော့ သိချင်စိတ်ကိုထိန်းမရပဲ
“မနက်ကတွေ့တဲ့တဲရောအဖိုးအိုရော ဘယ်ပျောက်သွားလဲမသိဘူး”လို့ရေရွတ်တာကိုကြားတော့ အောင်မြတ်သာက
“သူပိုင်တဲ့တောင်ပဲ ကြိုက်တဲ့နေရာသူနေမှာပေါ့”လို့ပြောတော့မှ အဖိုးအိုက တောစောင်နတ်ဖြစ်တာကို သက်ခိုင်သဘောပေါက်တော့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ နာဂဝီသတောင်တန်းကို ဖြေးဖြေးချင်းကျောခိုင်းခဲ့ကြတော့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ ဖိုဝင်မယ့်ဇော်ဂျီကို ဘယ်လိုကူညီကြမလဲ၊ ဖိုဝင်တဲ့အချိန် ဘာအနှောက်အယှက်တွေပေါ်လာမလဲ၊ ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ အောင်မြတ်သာနှင့် ဖိုဝင်ဇော်ဂျီဆိုတဲ့ ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။