ရေးသားသူ…ဇေယန(ရာမည)
” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”
ဟဲ့ အရူးသာကောင်း နင့်မလဲ တစ်နေ့တစ်နေ့ ဒီတဘောင်ပဲ ရွတ်နေတော့တာပဲ..
လာ လာ ထမင်းနဲ့ဟင်းလာယူ..
…..
သူကတော့ ဒင်းကင်းရွာမှာ မသိတဲ့သူမရှိတဲ့ အရူးသာကောင်းပဲ..
သူကရူးပေမယ့် မရိုင်းဘူးဗျ
ကျုပ်တို့ ငယ်ငယ်ထဲက သူရောက်နေတာ
ခုဆိုရင်.ကျုပ်တောင် အသက်၃၀ပြည့်တော့မယ်
ငယ်ငယ်ကဆို အရူးသာကောင်းလာရင် ကလေးတွေပျော်ကြတယ်..
ဘာဖြစ်လို့လဲဆိုတော့ သူကကျုပ်တို့စားချင်တဲ့ အသီးမှန်သမျှ ခူးပေးတာကိုး
…..
ဒါနဲ့ ကျုပ်တို့ရွာရဲ့ တဘောင်စကားကို အရူးသာကောင်းက အမြဲလိုလိုရွတ်နေတတ်တယ်
ကျုပ်ရဲ့အဖိုးတွေပြောဖူးတာက ဒီတဘောင်သာမှန်ရင် ကျူပ်တို့ရွာချမ်းသာပီတဲ့..
ဒါပေမယ့် ခုထိမချမ်းသာသေးပါဘူးဗျာ
တစ်နေ့လုပ်မှတစ်နေ့စား ကာယလုပ်သားတွေမို့လို့ တဘောင်စကားကို ယုံတစ်ဝက်မယုံတစ်ဝက် ဖြစ်နေရတယ်။
……
တဘောင်မှာပါတဲ့ ဘုရားကုန်းဆိုတာတော့ ကျုပ်သိတယ်ဗျ
ဘုရားကုန်းဆိုတာ ကျုပ်တို့ရွာအနောက်က တောင်ကုန်လေးတစ်ခုပဲ။
အရင်ကတော့ နာမည်တောင်မရှိတဲ့ကုန်းလေးပေါ့
ကျုပ်မှတ်မိသလောက် ကျုပ်အသက်၁၆နှစ်လောက်မှာ ဘုရားတည်ဖို့ဆိုပြီး လူတစ်စုရောက်လာဖူးတယ်။
အဲတုန်းက တဘောင်စကားမှန်ပီပေါ့..
ဘုရားကုန်းပေါ်သာ ဘုရားတည်ပြီးရင် ကျုပ်တို့ချမ်းသာမယ်ဆိုတဲ့.နမိတ်အတည်ဖြစ်ပြီဆိုလို့ ပျော်နေကြတာ။
ဘုရားတည်မယ့် အဖွဲ့ကိုလဲ လိုလေသေးမရှိ ပြုစုရတာကအမော..
ဘုရားတည်မယ့်သူတွေကလဲ ဘုရားကုန်းပေါ်မှာ နေရာတွေရွေး.
မြေတွေတူး
ပနက်တွေဘာတွေရိုက်ပြီး
အောက်ခံကို.အုတ်ဘောင်စချပါလေရော..
…..
ဘယ်ပြောကောင်းမလဲ ကျုပ်တို့ရွာသားတွေက အလှူဆို လက်မနှေးတတ်ကြဘူးလေ
ဘုရားဌာပနာဆိုပြီး နားကပ်ချွတ်လှူတဲ့သူနဲ့
လက်ကောက်ချွတ်လှူတဲ့သူနဲ့
ဌာပနာခွက်မှာ.ရတနာပစ္စည်းတွေ ရက်အနည်းငယ်.အတွင်းပြည့်သွားတာ
…..
မှတ်မှတ်ရရ
ဦးသံလှ အိမ်အနောက်မှာ ဝက်ပေါ်တဲ့နေ့
ဌာပနာပစ္စည်းတွေကော
ဘုရားတည်မယ့်သူတွေပါ
ပျောက်ချင်းမလှပျောက်ကုန်ပါလေရောဗျာ
…..
ဖွတ်ထွက်မှတောင်ပို့မှန်းသိတော့
အားလုံးကုန်ပီ
မွဲသထက်မွဲကြရင်း
ဘုရားကုန်းပေါ်က အောက်ခံအုတ်ခုံလေးသာ.အမှတ်တရကျန်တော့တာပဲဗျို့..
…..
ဒီလိုနဲ့ ၅နှစ်လောက်ကြာတော့
ဘုရားတည်မယ့်အဖွဲ့တစ်ဖွဲ့.ရောက်ချလာပါလေရော
ဒီတစ်ခါတော့ ဒင်းကင်းရွာသားတွေ ပါးနပ်ပီလေ
ဘယ်သူမှအရောမဝင်ဘူး
ခပ်တည်တည်ပဲနေကြတာ
…..
ဘုရားတည်မယ့်အဖွဲ့ကလဲ.အရင်အဖွဲ့နဲ့မတူဘူးဗျ
ရွာသားတွေဆီက.ဘာမှအကူညီမတောင်းတာ
အဲဒါနဲ့ကျုပ်လဲ.တောထဲထင်းခွေသွားရင်း
တစ်စေ့တစ်စောင်း.အကဲခတ်ကြည့်တာပေါ့..
အဲတော့မှ ကျုပ်သိတာက
ဒီအဖွဲ့က.တကယ်ဘုရားတည်မယ့်အဖွဲ့ပဲ
ဒါမယ့်.ကျုပ်လဲရွာကိုမပြောရဲဘူးဗျ
တစ်ခါသေဖူး.ပျဉ်ဖိုးနားလည်ဆိုသလို မသိမသာပဲ အကဲခတ်နေတာ..
…..
ဒီအဖွဲ့လဲ.အောက်ခံအုတ်ပုံတောင်မပီးပါဘူးဗျာ
မြေနေရာကြမ်းတယ် အနှောင့်အယှက်တွေရှိတယ်.ဆိုပြီး ပြေးကြပါလေရော..
အဲဒီလိုနဲ့ ကျုပ်တို့ရွာအနောက်က ဘုရားကုန်းပေါ်ကို ဘယ်သူမှမလာတော့တာ ဒီနေ့အထိပဲဗျို့..
….
အခုလဲ.သူကြီးအိမ်မှာ ဘုရားတည်မယ့်သူတွေ ရောက်နေတယ်ကြားလို့ သွားကြည့်လိုက်ဦးမယ်..
သူကြီးအိမ်ရှေ့ရောက်တော့
လူတွေစုရုံးစုရုံးနဲ့ ဖြစ်နေကြပီ.
ဟေ့ကောင် ငတို .
မြန်မြန်လာကြည့်.
ဒီတစ်ခါ.ဘုရားတည်မယ့်သူတွေက လူငယ်တွေကွ
ဟင်.. ဟုတ်လား.ကိုရင်ကြက်တော
…..
ကျုပ်လဲ သူကြီးအိမ်ဘေးက.သရက်ပင်ပေါ် တက်ပြီး ကြည့်လိုက်တော့.
သူကြီးအိမ်ရှေ့ကွပ်ပစ်မှာ ထိုင်နေတဲ့ လူငယ်နှစ်ယောက်..
နှစ်ယောက်လုံးယောဂီဝတ်စုံနဲ့ဆိုတော့ ရုတ်တရက်ကြည့်လိုက်တာ ရသေ့လိုလို.ဘာလိုလိုပေါ့ဗျာ.
…..
ကိုရင်ကြက်တော
ဒီလူငယ်တွေက ဘုရားတည်မှာလား
အေးလေ.
သူတို့ကသူကြီးဆီမှာခွင့်တောင်းနေတာ
….
ဖြစ်ပါ့မလားဗျာ
လူတွေကဖြင့် ငယ်ငယ်လေးတွေ
နောက်ပီး ဘုရားကုန်းကလဲ.နာမည်ကြီးပါဘိသနဲ့
…..
ဟေ့ကောင် ငတို
မင်းတို့ရွာတဘောင်မှတ်မိတယ်မလား
ပြန်ရွတ်စမ်း.
မှတ်မိတာပေါ့ဗျ
ဒီလိုလေ.
” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”
အေး. အဲဒီမှာ အရွယ်ကငယ်ငယ် အစွမ်းထက်တယ်ဆိုတဲ့စကားက ဒီလူငယ်နှစ်ယောက်ကို ပြောတာမဖြစ်နိုင်ဘူးလား
….
အာဗျာ
ကိုရင်ကြက်တောက အယုံလွယ်နေပြန်ပီ
ဟေ့ကောင် ငါလဲယုံတယ်မပြောပါဘူးကွာ
တဘောင်အရ တိုက်ဆိုင်နေလို့ လူတွေဒီလောက်များနေတာပေါ့..
….
ငါတို့အလုပ်က စောင့်ကြည့်ဖို့ပဲ..
မင်းရော ငါရော ဒီလူငယ်နှစ်ယောက်ကို စောင့်ကြည့်ရမယ်..
ထိုစဉ်..
ရွာသူရွာသားအပေါင်းတို့
ဒီနေ့ ကျုပ်ခေါ်ရတဲ့အကြောင်းက
ဒီလူငယ်နှစ်ယောက်က ကျုပ်တို့ရွာအနောက်ဘက် ဘုရားကုန်းပေါ်မှာ စေတီတည်ချင်လို့တဲ့.
ရွာသူရွာသားတွေအနေနဲ့ ဘာများပြောချင်ပါသလဲ
…..
အိုတော်..
တည်ချင်ရင်တည်ပေါ့
ကုသိုလ်တောင်ရသေးတယ်
ကျုပ်တို့ဆီတော့အလှူမခံနဲ့
လှူစရာလဲ မရှိတော့ဘူး
စားဖို့တောင်အနိုင်နိုင်
ကျုပ်တို့အနေနဲ့ ပါဝင်နိုင်တာဆိုလို့ လုပ်အားပဲရှိတယ်
…….
ကဲ.အားလုံးသဘောတူကြလား
ရွာသားတွေထံမှ.ဘာသံမှမထွက်လာတော့
အဲဒါဆို သဘောတူတယ်လို့ယူဆလိုက်မယ်
…..
သူကြီးလဲ ရွာသားတွေကို ပြန်ခိုင်းလိုက်ပြီး
တက်ပု မင်းက ငတိုကိုသွားခေါ်
ငါခိုင်းစရာရှိလို့..
…..
ထိုစဉ်
သူကြီး ကျုပ်ဒီမှာပါဗျ
ခုနထဲကရောက်နေတာ
…
အေး.ဒါဆိုအတော်ပဲ
မင်းက ဒီက လူငယ်နှစ်ယောက်ကို လိုအပ်တာရှိရင် ကူညီပေးလိုက်ဦး
ဒါက ငတိုတဲ့
မွေးထဲက.လက်တစ်ချောင်းတိုနေလို့ ငတိုလို့ခေါ်တာ.
…..
ငတို
ဒါက ဆရာအောင်မြတ်သာတဲ့
ဒါက သက်ခိုင်
…
တွေ့ရတာဝမ်းသာပါတယ်ဆရာတို့.
ထိုအခါ အောင်မြတ်သာဆိုတဲ့ဆရာက
ကျုပ်ကိုပြုံးပြတယ်ဗျ။
ကျုပ်လဲ အခုမှအနီးကပ်ကြည့်ရတာ
တော်တော်ချောသကိုးဗျ
နှာတံလေးကဖြောင့်စင်းနေတာပဲ
မျက်လုံးမျက်ခုံးကပြောစရာမလိုအောင် ကြည့်ကောင်းတာ..
မျက်လုံးတွေဆိုရင် တစ်လက်လက်တောက်နေတာ
အကြည့်တွေကလဲ စူးရှသဗျ
……
နောက်တစ်ယောက်ကတော့
မှုန်တေတေနဲ့ ကျုပ်ကိုကြည့်တာ
ကျုပ်လဲ ဘယ်ကစပြောရမှန်းမသိတော့
ဆရာတို့ ဘယ်မှာအိပ်မှာလဲ..
…..
ကျုပ်တို့ ဘုရားကုန်းပေါ်မှာပဲ အိပ်မှာ
ဒီက မိတ်ဆွေအနေနဲ့ အပန်းမကြီးဘူးဆိုရင် ကျုပ်တို့နဲ့လိုက်ခဲ့ပါလား
ကျုပ်တို့လဲ အဖော်ရတာပေါ့
….
သြဇာအပြည့်ပါတဲ့အသံကြီးရဲ့အောက်မှာ.ကျုပ်မငြင်းနိုင်ခဲ့ဘူး
ဘယ်လိုခေါင်းငြိမ့်မိသွားလဲ.မသိတာ
….
နောက်ဆုံး ကျုပ်တို့ဘုရားကုန်းပေါ်ရောက်သွားတော့..
ဘုရားပျက်နားမှာ တဲတစ်လုံးကိုတွေ့လိုက်ရတယ်
ကျုပ်မနက်ထင်းခွေလာတုန်းက ဒီတဲကိုမတွေ့ပါဘူး
ဘယ်သူတွေလာဆောက်ထားပါလိမ့်
ကျုပ်စိတ်ထဲတွေးနေတုန်းရှိသေး
…..
ဒီကမိတ်ဆွေတွေ ဆောက်ထားပေးတာနေမှာ
အမ်.
ကျုပ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်
ကျုပ်စိတ်ထဲတွေးနေတာ.ဒီလူဘယ်လိုလုပ်သိလဲပေါ့
နောက်မှ တိုက်ဆိုင်တာနေမှာလို့ သဘောထားလိုက်တယ်
……
မိုးချုပ်တော့ .
ကျုပ်နဲ့ သက်ခိုင်ဆိုတဲ့လူက ထမင်းချက်တာဝန်ကို ယူရတယ်
အောင်မြတ်သာဆိုတဲ့ လူငယ်ကတော့ ဘုရားပျက်အရှေ့မှာ တရားထိုင်နေတာ ငြိမ်နေတာပဲ..
….
ဒီလိုနဲ့ ကျုပ် လေ့လာကြည့်တော့
ဒီလူငယ်နှစ်ယောက်မှာ ပိုက်ဆံဆိုတာလဲ မတွေ့ဘူး..
ရွာကထည့်ပေးလိုက်တဲ့ ဆန်အချို့ရယ် အသီးအနှံတစ်ချို့ရယ်ပဲတွေ့ရတယ်
ဒါနဲ့ ဘယ်လိုများ ဘုရားတည်မလဲပေါ့
….
ကျုပ်လဲ မနက်ဆို ရွာထဲဆင်း
ညနေဆို ဘုရားကုန်းပေါ်တက်နဲ့ အလုပ်ရှုပ်နေတယ်
ကျုပ်သတိထားမိတာက အောင်မြတ်သာဆိုတဲ့ လူငယ်က ဘုရားကုန်းပေါ်စရောက်ထဲက တရားထိုင်နေတာကိုပဲ တွေ့ရတယ်
…..
ကျုပ်ကိုလဲ.ဘာမှမပြောတော့ဘူး
သူ့တပည့်လုပ်တဲ့သူကိုလဲ.ဘာမှမပြောဘူး
ကျုပ်လဲ ထမင်းစားပြီး ကျောဆန့်လိုက်တာ
ဘယ်လိုအိပ်ပျော်သွားလဲမသိဘူး
….
ကျုပ်အိပ်ပျော်နေတုန်း
ဆင်အော်သံကြားလိုက်ရတယ်
ကျုပ်လဲ လန့်နိုးလာပြီး
ဒီနားမှာ ဆင်လဲမရှိပဲ.ဘာလို့ဆင်အော်သံ.ကြားလဲဆိုပြီး ထရံပေါက်ကနေ ချောင်းကြည့်လိုက်တော့.
ဘုရားကုန်းပေါ်ကို ဆင်ဖြူတစ်ကောင်တက်လာတာဗျ…
ဆင်ကတစ်ကိုယ်လုံးဖြူစွတ်နေတာ
အစွယ်နှစ်ချောင်းဆိုလဲ အရှည်ကြီးပဲ
ဆင်ပေါ်မှာတော့ လူတစ်ယောက်ထိုင်လာတာ.တွေ့လိုက်ရတယ်
……
ထိုဆင်က ဘုရားပျက်အရှေ့ရောက်တော့ ခေါင်းဝပ်ပေးလိုက်တယ်.
ဆင်ဦးကင်းပေါ်က လူကဆင်းလာပြီး တရားထိုင်နေတဲ့ အောင်မြတ်သာကို အရိုအသေပေးတာ
….
ကျုပ်ဖြင့် ကိုယ့်မျက်လုံးတောင်.ကိုယ်မယုံနိုင်လို့ လက်နဲ့ပွတ်ကြည့်ရတယ်
ဆင်ပေါ်ကဆင်းလာတဲ့သူက လည်ပင်းမှာ.ပုတီးကုံးတွေဆွဲထားတာ
အသက်လဲကြီးနေပီ
ထိုအဘိုးကြီးက အောင်မြတ်သာဆိုတဲ့ လူငယ်ကို စကားပြောတာတွေ့ရတယ်
ဘာတွေပြောလဲတော့ ကျုပ်လဲမကြားရဘူး
နောက်တော့ ဆင်ပေါ်ပြန်တက်ပြီး တောင်အောက် ဆင်းသွားတာကို မြင်လိုက်ရတယ်
….
ကျုပ်လဲ ဟိုတွေးဒီတွေးနဲ့ အိပ်လိုက်တာ
မနက်နောက်ကျမှနိုးတယ်
အိပ်ယာနိုးတော့..
ဒီကမိတ်ဆွေကို အကူညီတောင်းစရာလေးရှိလို့ပါ
ဆိုပြီး အောင်မြတ်သာက ပြောတယ်
….
ကျုပ်လဲ ကူညီနိုင်ရင် ကူညီမယ်ပေါ့ဗျာ
ဘာကူညီရမလဲပြောတော့..
ကျုပ်ကို ဆန်၁ဘူးနဲ့ပံသကူအသား ၁ပိဿ ာ ဝယ်ခိုင်းတာ
ပိုက်ဆံကို သူ့လွယ်အိတ်ထဲကနေ ထုတ်ပြီးပေးတော့ ကျုပ်ရူးချင်သလိုလိုဖြစ်သွားတယ်
….
ဘာလို့လဲဆိုတော့ အဲဒီလွယ်အိတ်ကို ကျုပ်ပဲလွယ်ပြီးတောင်ပေါ်တက်လာတာ
အိတ်ထဲပါတာဆိုလို့ ဆီစိမ်းစက္ကူအနည်းငယ်ရယ်
အဝတ်အစားတွေပဲပါတာ
အခုမှ ဘယ်လိုပိုက်ဆံရလာလဲ စဉ်းစားလို့မရဘူး
…..
ကျုပ်လဲ ရွာထဲဆင်းပြီး ဆန်၁ဘူးနဲ့အသားတွေ ဝယ်လာခဲ့လိုက်တယ်
…..
ဆန်နဲ့အသားတွေရလာတော့
ကျုပ်ကိုချက်ခိုင်းတယ်
ကျုပ်လဲ သေချာချက်ပြီး ထမင်းအိုးနားထိုင်နေလိုက်တယ်
…..
ကဲကဲ..
အချိန်ကျပီ
တို့တွေအလှူတစ်ခုလုပ်ကြစို့ဆိုပြီး
ထူးထူးဆန်းဆန်းစကားတွေပြောတယ်
….
ကျုပ်လဲ
ဘာအလှူလုပ်မှာတုန်းလို့မေးတော့
အောင်မြတ်သာက
ဒီနေရာမှာနေထိုင်ကြတဲ့ သတ္တဝါတွေအားလုံးကို ကျွေးမွေးမယ့်အလှူပါ.
အခုကျုပ်တို့ဘုရားတည်ဖို့ သူတို့ပိုင်တဲ့နေရာမှာ နေရတယ်။
သူတို့ကိုခွင့်ပြုဖို့ မေတ္တာရပ်ခံရတယ်
တစ်ဦးမေတ္တာ တစ်ဦးစေတနာပေါ့ဗျာ
…..
ကဲ.
ခုနက ချက်ထားတဲ့ တစ်ဘူးချက်အိုးနဲ့
အသားဟင်းအိုး ယူခဲ့လို့ရပီ
ကျုပ်လဲ ဟင်းအိုးနဲ့ထမင်းအိုးကို ယူလာခဲ့လိုက်တယ်
ထိုအခါ.အောင်မြတ်သာက
မနက်က.ကျုပ်ခုတ်ထားတဲ့ ငှက်ပျောရွက်တွေကို ချခင်းပြီး
တစ်ဘူးအိုးထဲက ထမင်းတွေကို.အပုံလိုက်.အပုံလိုက် နေရာချပါလေရော
ထူးဆန်းတာက ခူးထားတဲ့ငှက်ပျောဖက်တွေသာ.ကုန်သွားတယ်
တစ်ဘူးအိုးထဲက ထမင်းက မကုန်တာပဲ
ဟင်းတွေလဲ ဒီအတိုင်းပဲ
ငှက်ပျောဖက်ပေါ်ပုံထားတဲ့ ထမင်းပုံတွေက မရှိဘူးဆို လေးငါးဆယ်လောက်ရှိတယ်..
ကျုပ်လဲ ဒီလူငယ်က သာမန်လူမဟုတ်ဘူးဆိုတာ သိလိုက်ပီ..
…..
ထမင်းတွေလဲပုံပြီးရော
မနက်နေမွန်းတည့်နေပီ
ထိုအခါအောင်မြတ်သာက
ဒီနေရာဒီဌာနေမှာ နေထိုင်ကြတဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်များအားလုံးပင့်ဖိတ်ပါတယ်
ကျုပ်တည်ခင်းဧည့်ခံသော စားဖွယ်များကို စိတ်တိုင်းကျသုံးဆောင်နိုင်ပါတယ်
တစ်ခုမေတ္တာရပ်ခံချင်တာကတော့ မိမိတို်ရဲ့ မူလရုပ်သွင်အမှန်နဲ့မလာပဲ လူတိုင်းတွေ့မြင်လို့ရတဲ့ ပုံစံမျိုးနဲ့သာ လာကြပါလို့ ထပ်လောင်းပြောကြားလိုပါတယ်။
အစားအသောက်များသုံးဆောင်တဲ့နေရာမှာလည်း
တစ်ယောက်နဲ့တစ်ယောက် ရန်စောင်စောင်းမြောင်းခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်…
အခုချိန်ကစပြီး သုံးဆောင်နိုင်ပါပီ
……
အဲလိုခေါ်လိုက်တယ်ဆိုရင်ပဲ
အနောက်လျှိုထဲကနေ တက်လာကြတဲ့ တောဝက်အုပ်တွေ
ဂျီအုပ်တွေ အိုဗျာ
သတ္တဝါအစုံပဲ
သူအုပ်စုနဲ့သူ စနစ်တကျစားနေကြတာ
စားပြီးတဲ့အခါ အလျှိုလျှိုပြန်သွားကြတာ တကယ့်ကို အံံ့မခန်းပါပဲဗျာ
…..
ကျုပ်ကတော့ ကုန်တဲ့ထမင်းတွေဟင်းတွေလိုက်ဖြည့်ပေးရတဲ့တာဝန်ကိုယူရတယ်
မြေပြင်ပေါ်က သတ္တဝါတွေပြီးတော့
လေပေါ်က သတ္တဝါတွေကိုလဲ ခုနကလို ခေါ်ပြန်တယ်
လာကြတဲ့ငှက်တွေ
အမျိုးကိုစုံလို့
ကျုပ်တောင်ကြည့်ကောင်းလို့ကြည့်နေရင်း ထမင်းထည့်ဖို့တောင်မေ့တယ်
နေ့လည်လောက်ကျတော့ အလှူလုပ်တဲ့အမှုပြီးမြောက်သွားတယ်
…….
ကျုပ်လဲဗိုက်တော်တော်ဆာနေပီ
အဲဒါနဲ့ ဘေးက အင်ဖက်တစ်ရွက်ခူးပြီး တစ်ဘူးအိုးထဲက ထမင်းနဲ့ဟင်းကိုရောချကာ လွေးတော့တာပဲ
ကျုပ်စားပီးတာတောင် တစ်ဘူးအိုးထဲက ထမင်းနဲ့ဟင်းကမကုန်သေးတာတော့ ထူးဆန်းတယ်
……
ကျုပ်လဲစားပီးရော
ကျန်တဲ့ထမင်းနဲ့ဟင်းတွေကို ဖက်နဲ့ထုပ်ပြီး ရွာသားတစ်ယောက်ကိုပေးဖို့ပြောတယ်
တစ်ခုထူးဆန်းတာက သူကိုယ်တိုင် ဖက်နဲ့ထုပ်မှ ထမင်းနဲ့ဟင်းကုန်တာပဲ
…..
နောက်တစ်နေ့မှာ
ဘုရားစတည်တော့တာပဲ
ဘုရားစတည်တော့ လိုအပ်တဲ့ပစ္စည်းမှန်သမျှ အလှူရှင်အလိုလိူရောက်လာတာ
ကျုပ်တို့ရွာကမဟုတ်တဲ့အလှူရှင်တွေ
လာလှူတဲ့သူတွေကိုလဲ တစ်ခါမှမမြင်ဖူးဖူး
သူတို့ကစကားလဲမပြောကြဘူး
ဘုရားတည်တဲ့အလုပ်သမားတွေကိုလဲ အဲဒီအလှူရှင်တွေကပဲ ခေါ်လာပေးတာ
……
ကျုပ်တို့ရွာသားတွေက ကုသိုလ်လိုချင်လို့ အနည်အကျဉ်းကူလုပ်တာတော့ရှိတာပေါ့ဗျာ.
သူကြီးကလဲအမိန့်ထုတ်ထားတာကိုး
တစ်အိမ်တစ်ယောက်မလုပ်မနေရတဲ့
…..
ဘုရားကုန်းပေါ်မှာ လုပ်အားပေးသူတွေ စည်ကားချက်ကတော့ ပြောမနေနဲ့
လူတွေနဲ့ဥစ္စာစောင့်တွေဆိုတာ ရောထွေးနေတာ
ကျုပ်ကို ဘယ်လိုသိလဲမေးကြမယ်ဆိုတာသိတယ်
ကျုပ်သိတာပေါ့..
ဆရာအောင်မြတ်သာက.ကျုပ်ကိုမှာထားပီးသား
အလုပ်လုပ်တဲ့နေရာမှာ အရိပ်မထွက် ချွေးမထွက်ရင် အဲဒါလူမဟုတ်ဘူးတဲ့
……
ကျုပ်လဲ လုပ်နေရင်း တစ်စေ့တစ်စောင်း အကဲခတ်ကြည့်တော့ ဟုတ်သဗျ
တစ်ချို့တွေက အရိပ်မပေါ်ဘူး
တစ်ချို့တွေက ချွေးလုံးဝမထွက်ဘူး
ရွာသူရွာသားတွေကတော့ တစ်ခြားရွာကလူတွေ ထင်နေကြတာ
ကိုယ့်ရွာကလူတွေမှာတော့ ချွေးတစ်လုံးလုံးနဲ့ လုပ်ကြတာ
……
အချိန်ကား ၁လပြည့်လို့ ၂ထဲရောက်လာခဲ့တယ်
စေတီကတော့ ရုပ်လုံးပေါ်လာခဲ့ပြီ
အဲမှာပြဿ နာစတွေ့တာပဲ
စေတီစတည်ထဲက လုပ်အားပေးလာကြတဲ့ သူတွေ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမလာကြတာပဲ
ဗုဒ္ဓဟူးနေ့ဆိုရင် ရွာသူရွာသားတွေနဲ့ပဲ လုပ်ကြရတာ
…..
ကျုပ်လဲ ဆရာအောင်မြတ်သာကိုမေးတာပေါ့
ဘာလို့မလာကြလဲဆိုတော့
ဗုဒ္ဓဟူးနေ့တိုင်း သူတို့လောကသားတွေရဲ့ ညီလာခံရှိတယ်တဲ့
အဲဒါကြောင့် မလာတာလို့ပြောတယ်
…..
နောက်ဆုံး စေတီကလဲပီးတော့မယ်
လူတွေကလဲ မျှော်လင့်ချက်တွေနဲ့ ဝမ်းသာနေကြတယ်
အားကြိုးမာန်တက်လုပ်ကိုင်နေရင်း
ရွာထဲက ဒေါ်မဲစိန်ကိုယ်ထဲ တစ်စုံတစ်ယောက် ဝင်ပူးပါလေရော..
မျက်လုံးကြီးတွေဆိုတာ.ပြူးထွက်နေတာ
ဘုရားတည်လုပ်အားပေးနေကြတဲ့လူတွေ ကြောက်လန့်တကြားပြေးကြတာ
အဲဒီထဲကျုပ်လဲပါတယ်
အဲဒီနေ့က မှတ်မှတ်ရရ ဗုဒ္ဓဟူးနေ့ဗျ
……
အဲမှာ ဆရာအောင်မြတ်သာက
အခုရောက်လာတာ.ဘယ်သူပါလဲ
ထိုအခါ မမဲစိန်က ငါကွ ဒီတောင်ကိုအပိုင်စား ရထားတဲ့ နတ်စည်တော်ဆိုတာငါပဲ
ငါပိုင်တဲ့နယ်မြေမှာ.ငါမရှိတုန်း ဒီလိုလုပ်တာ ငါ့ဆီကခွင့်မတောင်းပဲ လုပ်တာ..
မကျေနပ်ဘူးဟေ့
……
ထိုအခါ.အောင်မြတ်သာက
မဟုတ်သေးဘူး နတ်စည်တော်
ကျုပ်က ကုသိုလ်ကောင်းမှုအတွက် ဆောင်ရွက် တာပါ
တစ်ခြားရည်ရွယ်ချက်တွေလုံးဝမပါဘူး
နတ်စည်တော်အနေနဲ့ နားလည်ပေးစေလိုပါတယ်
ကျုပ်ဒီစေတီကိုမတည်ခင်မှာ အားလုံးကို ခွင့်တောင်းပါတယ်
နတ်မင်းကြီးလေးပါးကအစ
နတ်မြတ်နတ်ကောင်းအပေါင်းကို တိုင်တည်ပီး တည်တာပါ
သင့်ကိုလဲ ပင့်ဖိတ်ပါတယ်
သင်က.ဘယ်လိုအကြောင်းကြောင့် မသိဖြစ်နေရတာလဲ
……
ကျုပ်မသိဘူး
ကျုပ်ကိုအသိမပေးလို့ နှောင့်ယှက်မယ်ဆိုပြီးလာတာ
ကဲ နတ်စည်တော်
သင်မယုံကြည်ဖြစ်နေတာ
ကျုပ်သိပါတယ်
သင့်ရဲ့အုပ်ချုပ်သူနတ်မင်းကို သင်ကိုယ်တိုင်မေးကြည့်ပါ
သင့်ကိုသူတို့ပြောဖို့မေ့လျော့နေတာဖြစ်မယ်
သင်လဲ စိတ်ကိုလျော့ပါ
သင်ရဲ့ဒေါသစိတ်ကြောင့် သင်အကုသိုလ်ဖြစ်နေပီ
……
သင်.နတ်သဘင်အစည်းအဝေး တက်နေတဲ့ အချိန်မို့လို့ သင်မသိတာဖြစ်လိမ့်မယ်
သင်ကိုလဲ အမျှအတန်းပေးဝေမှာပါ
သင်အမှူးရှိတဲ့ ပုဂ္ဂိုလ်များအားလုံးကို ရည်စူးပြီး ရေစက်ချအမျှဝေပါမယ်
သင်ရဲ့ဗိမ္မာန်ကိုပြန်ပါတော့လို့ ပြောလိုက်တာ
မမဲစိန်လဲ.နေရာမှာတင် အရုပ်ကြိုးပြတ်လဲပါလေရော
…….
၂လတိတိ ပြည့်တဲ့နေ့မှာ
ကျုပ်တို့တစ်ရွာလုံး.ဝတ်ကောင်းစားလှတွေနဲ့
အနောက်ဘက်တောင်ကုန်းပေါ်ကို ချီတက်ဖို့ တာဆူနေပီ
…..
ဒီနေ့က စေတီထီးတင်ပွဲနေ့လေ
ကျုပ်တောင် ယောပုဆိုးနဲ့အကျႌအဖြူ.ကို ကျကျနန ဝတ်ထားတာ
စေတီရဲ့ ဘွဲ့တော်ကို
ရန်အောင်မြင်စေတီလို့ သမုတ်ခဲ့တယ်
…..
ထီးတင်ပွဲမှာ ဘယ်ကနေဘယ်လိုရောက်လာတဲ့ လူတွေလဲတော့မသိပါဘူးဗျာ
ဘုရားကုန်းအပြည့်ပဲ
ဆရာအောင်မြတ်သာက သူ့လွယ်အိတ်ထဲကနေ ရွှေမိုးငွေမိုးတွေကျဲချတာ..
ပိုက်ဆံတွေဆိုတာ လေအဝှေ့မှာ ဖလပ်ဖလပ်နဲ့
ကျုပ်တောင်ဝင်လုလို့ လုံချည်အသစ်လေးပြဲခဲ့ သေးတယ်
……..
ထီးတင်ရေစက်ချပွဲလဲပြီးရော
တော်တော်ပန်းကုန်ပီ
ကျုပ်လဲ အိပ်ချလိုက်တာ
တစ်ရေးထဲပဲ
မနက်မိုးလင်းလို့
ကျုပ်နိုးတော့..
ဆရာအောင်မြတ်သာကော
သူ့တပည့်ကိုပါမတွေ့ရတော့တာပဲ
……
ကျုပ်အိပ်တဲ့ဘေးမှာတော့..
ရွှေရောင်အိတ်လေးတစ်ခု
အထဲကိုဖွင့်ကြည့်လိုက်တော့
စာတစ်စောင်နဲ့ ရွှေဒင်္ဂါး၁၀ပြားတိတိ
……
ကျုပ်လဲ ဘုရားရှိခိုးပြီး
ရွာထဲကိုဆင်းလာခဲ့လိုက်တယ်
ရွာထဲရောက်ကော
တစ်ရွာလုံးထကနေတာကို.အထူးအဆန်းမြင်လိုက်ရတယ်
…..
ဟေ့ကောင်.ငတို
ငါတို့ရွာချမ်းသာပီဟ
တဘောင်စကားအရမ်းမှန်တယ်
မနက်မိုးလင်းလို့ အိ်မ်တံခါးဖွင့်လိုက်တာ.အိမ်တိုင်း အိမ်တိုင်း.ရွှေဒင်္ဂါးတွေရကြတယ်
…..
ကိုရင်ကြက်တောက.ဘယ်လောက်ရလဲ
ငါက ၅ပြားတောင်ရတယ်
ကျန်တဲ့သူတွေလဲ ၅ပြားစီရကြတယ်
….
တစ်ရွာလုံးပျော်နေကြတဲ့အချိန်
ကျုပ်စိတ်မကောင်းဖြစ်နေရတယ်
စာကိုဖွင့်ဖတ်လိုက်တော့
” လူဆိုတာ ရေစက်ရှိလို့ ဆုံကြရတယ်”
“လူဆိုတာ ရေစက်ကုန်ရင် ခွဲခွာရတယ်”
“ဘာသာသာသနာအကျိုး.သယ်ပိုးနိုင်ပါစေ” ဆိုတဲ့ စာသားလေးကိုတွေ့တော့ ကျုပ်မျက်ရည်တွေ ကျလာခဲ့တယ်။
ကျုပ်ရဲ့နှုတ်ခမ်းအစုံကနေ တစ်စုံတစ်ခုရွတ်ဆိုနေမိတယ်..
အဲဒါကတော့
” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”
လေးစားစွာဖြင့်
ဇေယန(ရာမည)