အောင်မြတ်သာနှင့်မိစ္ဆာဖမ်းစားလူငယ်များ

သီတင်းကျွတ်ရာသီရောက်လာပြီမို့ ကိုမျိုးတို့ဆိုင်းအဖွဲ့တွေ မအားရအောင် အလုပ်တွေဆက်နေခဲ့တယ်။ စိတ်ရင်းစေတနာကောင်းပြီး စေတနာပါပါလုပ်ပေးတတ်တဲ့အတွက် ဆိုင်းဝိုင်းငှားလိုတဲ့သူတွေက ကိုမျိုးဆိုင်းဝိုင်းကိုပဲ အလုအယက်ငှားရမ်းကြတယ်။

နှစ်ဆယ်ကျော်လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဆိုင်းဝိုင်းထဲမှာ ကိုမျိုးကခေါင်းဆောင်အဖြစ်တာဝန်ယူထားရတယ်။ အခုလဲ စိန်တစ်လုံးရွာရှင်ပြုအလှူပြီးလို့ ဆိုင်းဝိုင်းပစ္စည်းတွေ သိမ်းဆည်းပြီး နောက်ထပ်ပွဲငှားထားတဲ့ ပဇင်းရွာဘက်ကိုသွားဖို့ တာဆူနေကြတယ်။

” အောင်ကြီးရေ ပစ္စည်းတွေသေချာစစ်ကြည့်ဦး “

” အေးပါဟ ငါသေချာစစ်ပြီးပြီ အားလုံးစုံနေပြီ ဆိုင်းဝိုင်းကားလာရင် ဆက်ထွက်လို့ရပြီ”

” အေးအေး ဆိုင်းဝိုင်းကားကလဲအခုထိမရောက်သေးဘူး ပဇင်းရွာမှာကညဘက်နတ်ပွဲလုပ်မှာဆိုတော့ ပစ္စည်းတွေပြန်ဆင်ဖို့အချိန်မမှီမှာစိုးရိမ်မိတယ်”

ကိုမျိုးက ပြောလက်စစကားအပြီးမှာ ဖက်ကြမ်းဆေးလိပ်ကိုဖွာကာ ကားလာမဲ့ဘက်ကို ငေးကြည့်နေလိုက်တယ်။ မကြာခင် ဖုန်တစ်ထောင်းထောင်း ထအောင်မောင်းလာတဲ့ ဆိုင်းဝိုင်းကားကိုမြင်လိုက်ရတယ်။

” အဖွဲ့သားတွေ ကားလာပြီဟေ့ ပစ္စည်းတွေစုံအောင်တင်ကြဦး”

ကိုမျိုးကလှမ်းအော်ပြီး ပတ်မတစ်ခုကိုကားပေါ်ကောက်တင်လိုက်တယ်။ တစ်နာရီလောက်ကြာတော့ ကားပေါ်မှာဆိုင်းဝိုင်းပစ္စည်းတွေနေရာချပြီးသလောက်ဖြစ်သွားတယ်။

” လူတွေအပေါ်တက်ကြတော့ အောင်ကြီး မင်းလဲအနောက်ကတွယ်မလိုက်နဲ့ အပေါ်ကပဲတက်ထိုင်”

” အေးပါကွာ ကားကထွက်လို့မရသေးဘူး
လူတစ်ယောက်လိုနေသေးတယ်”

အောင်ကြီးစကားကြောင့် ကိုမျိုးလူတွေကိုလိုက်ကြည့်ပြီး

” လှဆွေကျန်နေတာလား “

“အေး ဟုတ်တယ် ခုနက ရွာထဲခဏသွားမယ်ဆိုပြီးထွက်သွားတယ် “

ကိုမျိုးလဲ မန်ကျီးပင်အောက်မှာ ဖိနပ်ကိုခုထိုင်လိုက်ပြီး လှဆွေကိုစောင့်နေလိုက်တယ်။ ခဏကြာတော့ ကျွတ်ကျွတ်အိတ်အမဲထုပ်လေးကိုဆွဲပြီးလှ‌ဆွေပြန်လာတာကိုမြင်လိုက်ရတယ်။

” လှဆွေ လက်ထဲကဘာအထုပ်ကြီးလဲ “

” လမ်းမှာ နည်းနည်းပါးပါးသောက်လို့ရအောင် ပါဆယ်ဆွဲလာတာ”

” ဟာဗျာ ခင်ဗျားနဲ့တော့ခက်တာပဲ အခုသွားမဲ့ ပဇင်းရွာကိုရောက်ဖို့ ကုလားမတောင်ကိုဖြတ်ရမယ် ကုလားမတောင်ကနတ်ကြီးတယ်ဗျ အမှားလုပ်တာနဲ့ အားလုံးဒုက္ခရောက်မှာ ခင်ဗျားလဲသိသိကြီးဗျာ”

ကိုမျိုးရဲ့စကားကြောင့် ကားပေါ်မှာ‌ထိုင်နေကြတဲ့ ဆိုင်းအဖွဲ့သားတွေက လှဆွေကိုလှမ်းကြည့်လိုက်တယ်။

” အေးပါငမျိုးရာ ကုလားမတောင်မရောက်ခင် ဒါကကုန်ပါပြီ နည်းနည်းလေးပဲဟာကို ဟိုကောင်တွေကားပေါ်တက်တော့ လင်ကွင်းတီးတဲ့မြင့်စန်း မင်းမတက်သေးပဲဘာလုပ်နေတာလဲ”

လှဆွေက ငမျိုးကိုရှောင်ထွက်ပြီး ကားနားမှာရစ်သီရစ်သီလုပ်နေတဲ့ကလေးတွေကို လှမ်းဟောက်လိုက်တယ်။

ခဏကြာတော့ ကိုမျိုးတို့ဆိုင်းကားက ပဇင်းရွာဘက်ကိုထွက်သွားခဲ့ကြတယ်။ တစ်နာရီလောက်မောင်းပြီးတဲ့အချိန်

“လှဆွေ မင်းလက်ကျန်ဖြတ်ပြီးပြီလား”

” ကုန်ပြီ မရှိတော့ဘူး အိတ်ကိုတောင်လွှင့်ပစ်လိုက်ပြီ”

လှဆွေက ပြောပြောဆိုဆို သူ့လက်နှစ်ဖက်ကိုခါပြလိုက်တယ်။ ကိုမျိုးက အရက်မရှိတော့တဲ့အတွက် ဘာမှဆက်မပြောတော့ပဲ ဆိုင်းပစ္စည်းတွေလိမ့်မကျအောင်ထိန်းထားတဲ့ကြိုးကိုကိုင်ထားလိုက်တယ်။

ဒါပေမယ့် လှဆွေရဲ့အင်္ကျီအိတ်ကပ်ထဲမှာ အမဲခြောက်ကြောက်တစ်ဖတ်ကျန်နေတာကိုတော့ လှဆွေရော ကိုမျိုးရော သတိမထားမိခဲ့ကြဘူး။

ကုလားမတောင်ကနတ်ကြီးတယ် ကြမ်းတယ်ဆိုတာ ပဇင်းရွာတစ်ခုလုံးကလက်ခံထားကြတယ်။ ကုလားမတောင်လို့ခေါ်ရတဲ့အကြောင်းက အိန္ဒိယနိုင်ငံမှာညီအစ်ကိုချင်းနန်းလုပြီး အကိုဖြစ်သူကိုညီဖြစ်သူကသတ်ခဲ့တယ်။ အကိုဖြစ်သူရဲ့မိန်းမက နောက်လိုက်အနည်းငယ်နဲ့ မြန်မာနိုင်ငံဘက်ကိုထွက်ပြေးလာရင်း အခုကုလားမတောင်လို့ခေါ်တွင်ရမဲ့နေရာမှာ ခိုအောင်းနေခဲ့တယ်။ ဒါကိုညီဖြစ်သူကသိတော့ လက်ရွေးစင်ကိုယ်ရံတော်တွေကိုလွှတ်ပြီး လက်စဖျောက်ခိုင်းခဲ့တယ်။ နောက်ဆုံးမှာ ပုန်းနေတဲ့ကုလားမင်းသမီးကိုတွေ့ပြီး သတ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ‌ကုလားမတောင်လို့ခေါ်ခဲ့ကြတယ်။ တောင်ပေါ်ထင်းရှာမှိုရှာကြတဲ့ဒေသခံတွေကတော့ တောငိပေါ်တက်ရင် အရက်၊အမဲသား၊ဝက်သားတွေမယူသွားကြဘူး။ ယူသွားရင် တစ်ခုမဟုတ်တစ်ခုဖြစ်ကြရတယ်။

” ကုလားမတောင်ပေါ်စတက်ပြီးဟေ့ လက်ရန်းတွေကိုကိုင်ထားကြ”

ကားသမားရဲ့အော်သံကြောင့် ကြောင်းကိုစဉ်းစားနေတဲ့ကိုမျိုးသတိပြန်ဝင်လာတယ်။

” အားလုံးသေချာကိုင်ထားကြ ကားက ဂီယာကြီးနဲ့တက်ရမှာ ကျော်တင့်က ဂျမ်းတုံးကိုအသင့်ပြင်ထား ဂီယာမနိုင်ရင် ဆင်းခု‌ ကြားလား”

” ဟုတ်ကဲ့ ကိုမျိုး”

ကားက တစ်အိအိနဲ့ ကုလားမတောင်ပေါ်ကိုတက်လာခဲ့တယ်။ တောင်ကအကွေ့အကောက်မများပေမဲ့ အတော်မတ်တယ်။ ကုလားမရေချိုးတဲ့လျှိုနေရာရောက်တော့ ကားကရုတ်တရက်ခါရမ်းသွားတယ်။

” ကားဘီးပေါက်ပြီထင်တယ် သေချာကိုင်ထားကြ”

ကားသမားရဲ့အော်သံအဆုံးမှာ ကိုမျိုးခေါင်းတစ်ခုလုံးချာချာလည်သွားပြီး ဦးခေါင်းနဲ့တစ်ခုခုဆောင့်မိတာကိုနောက်ဆုံးသိလိုက်ရကာ လောကကြီးနဲ့ခဏအဆက်အသွယ်ပြတ်သွားခဲ့တယ်။
+++++++++++

ညနေစောင်းနေပြီ ဆိုင်းဝိုင်းကားမလာသေးတဲ့အတွက် နတ်ကတော်မပန်း စိတ်ဂနာမငြိမ်ဖြစ်လာတယ်။

” မိကြည်မ လုပ်ပါဦး ဆိုင်းဝိုင်းကားက အခုထိမလာသေးဘူး ဘာများဖြစ်လို့လဲမသိဘူး”

” မမကလဲ ကိုမျိုးတို့ဆိုင်းနဲ့လက်တွဲလာတာ အခုမှမဟုတ်တာ သူတို့ကကတိတည်ပါတယ် ခဏစောင့်ကြည့်ပါဦး”

မိကြည်မရဲ့စကားကြောင့် မပန်း အိမ်ပေါ်ပြန်တက်သွားပြီး နတ်ရုပ်တွေရှေ့မှာ ခရားရေလွှတ်သလိုတစ်တွတ်တွတ်ပြောနေတာမြင်လိုက်ရတယ်။

နတ်ကနားပွဲကိုလာကြတဲ့အနယ်နယ်အရပ်ရပ်ကဧည့်သည်တွေကတော့ ကားလာရာအရပ်ကိုဖင်တကြွကြွနဲ့မျှော်နေကြတဲ့အချိန်

” မပန်း မပန်း မပန်းရှိလား”

ကျွတ်နေတဲ့လုံချည်ကိုလက်တစ်ဖက်နဲ့ဆွဲပြီး အမောတကောပြေးလာတဲ့ လှကြည်ကိုမြင်တော့

” ဟဲ့အကောင် လှကြည် ဘာဖြစ်တာလဲ”

လှကြည်က မောနေတာမို့ ရုတ်တရက်မဖြေသေးပဲ

” ဟောဟဲ ဟောဟဲ ကိုမျိုး ကိုမျိုးတို့ ဆိုင်းကားမှောက်လို့ “

လှကြည်စကားက မပန်းရဲ့နားထဲကို ကန့်လန့်ဖြတ်ဝင်သွားခဲ့တယ်။

” အမလေးလေး ဘာဖြစ်သွားသေးလဲ အခြေအနေဆိုးလား”

” အခြေအနေကတော့ ဆိုးတယ်ပြောတယ် ဆိုင်းပစ္စည်းတွေအတော်များများလဲပျက်စီးကုန်ပြီတဲ့”

” အခုသူတို့ဘယ်မှာလဲ”

” ကိုသိန်းမြင့်တို့က ကားနဲ့ရွာကိုအလာမှာလမ်းဘေးထိုးကျနေတာမြင်လို့ လူတွေကိုကားပေါ်တင်လာတယ် အခုရွာကျန်းမာရေးဆေးခန်းမှာ”

” ဟယ် မြို့ကိုဘာလို့မခေါ်သွားကြတာလဲ ဘုရားဘုရား ဘာမှမဖြစ်ပါစေနဲ့”

” ဟာဗျာ မြို့ကိုခေါ်သွားရင် လမ်းမှာတင်အားလုံးသေကုန်မှာပေါ့ ရွာနဲ့မြို့ဘယ်လောက်ဝေးလဲ သိသိကြီး”

” ဟုတ်ပါပြီ သကောင့်သားရယ် အခုဆေးခန်းကိုလိုက်သွားရအောင် ဘုရားသခင်ကယ်တော်မူပါ ကိုယ်တော်ကြီး ကိုယ်တော်လေးကယ်တော်မူပါ အတွင်းသုံးဆယ့်ခုနှစ်မင်း၊ အပြင်သုံးဆယ့်ခုနှစ်မင်းကယ်တော်မူပါ ဘာမှမဖြစ်ကြပါစေနဲ့”

မပန်းက တစ်တွတ်တွတ်ရွတ်ရင်း ဆေးခန်းကိုလိုက်သွားခဲ့တယ်။ ဆေးခန်းရောက်တော့ သွေးသံတရဲရဲနဲ့ထိုင်‌နေတဲ့သူကထိုင် သတိလစ်နေတဲ့သူက သတိလစ်နေကြတာကိုမြင်လိုက်ရတယ်။

ရွာကကျန်းမာရေးမှူးနဲ့ သူနာပြုတွေကတော့ အတတ်နိုင်ဆုံးကြိုးစားပြီး ပြုစုနေကြတယ်။

“ဆရာ အခြေအနေဘယ်လိုနေလဲ”

” ပွန်းပဲ့ကြတာကများတယ် တစ်ချို့ကတော့ ခေါင်းတွေကွဲကြတယ် အသက်သေတာတော့မရှိပါဘူး”

” တော်ပါသေးရဲ ဘုရားသိကြားတွေမပါစေ ဘာမှမဖြစ်ကြပါနဲ့”

မပန်းက ပြောပြောဆိုဆို ဆေးခန်းထဲကအပြင်ပြန်ထွက်လာတဲ့အချိန် ဆေးခန်းအပြင်ဘက်သစ်ပင်အောက်မှာထိုင်နေတဲ့ ဆိုင်းအဖွဲ့သားတစ်ယောက်ကိုတွေ့လိုက်ရတယ်။

” ဟဲ့ နင် လင်းမြိုင်မဟုတ်လား နင်ဘာမှမဖြစ်ဘူးနော်”

” နည်းနည်းပါးပါးပွန်းပဲ့ရုံပါပဲ အထဲကလူတွေရော ဘယ်လိုနေသေးလဲ “

” အသက်တော့မစိုးရိမ်ရဘူးလို့ပြောတယ် အိမ်ကလူတွေကိုရောအကြောင်းကြားပီးပီးလား”

” အကြောင်းကြားထားပီးပီ လိုက်လာကြမယ်ပြောတယ်”

မပန်းလဲ လင်းမြိုင်ကိုအားပေးစကားပြောပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ ဒီညလုပ်မဲ့နတ်ကနားပွဲပျက်သွားပေမယ့် လူတွေဘာမှမဖြစ်ဘူးဆိုတော့ စိတ်အနည်းငယ်သက်သာသွားခဲ့တယ်။

တစ်ရက်နှစ်ရက်လောက်ကြာတော့ ကောင်းသင့်တဲ့သူတွေပြန်ကောင်းလာပေမဲ့ ကိုမျိုးတို့ကတော့ သတိပြန်မလည်လာခဲ့ဘူး။
++++++++

“မပန်းကို တောင်သခင်မဝင်ပူးလို့တဲ့ “

” ဟုတ်လား သွားကြည့်ရအောင် ဆိုင်းသမားတွေဘာအမှားလုပ်ခဲ့လဲမသိဘူးအေ”

ပဇင်းရွာထဲကလူတွေအားလုံးနီးပါး မပန်းအိမ်ရှေ့ကိုစုပြုံရောက်လာခဲ့တယ်။

ကုလားမဝင်ပူးနေတဲ့မပန်းက ကြမ်းပြင်ကိုလက်နဲ့ထုပြီး
” ဟင်းဟင်း ငါ့ကိုမထီလေးစားလုပ်တဲ့သူတွေ အကုန်ဒုက္ခရောက်နေပြီမဟုတ်လား”

“အမိုက်မဲတွေကိုခွင့်လွှတ်ပေးပါ သခင်မကိုတောင်းပန်ပါတယ်”

မပန်းရဲ့ဘေးမှာအမြဲနေတဲ့ ညွှန့်တင်က သိသလောက်မှတ်သလောက်ပြောလိုက်တယ်။

” မရဘူးဟေ့ ငါ့ကိုစော်ကားတဲ့ကောင်တွေ ငါ့ခြေမနဲ့ပဲထိုးလွှတ်လိုက်တာ အခုခံလိုက်ရပြီမဟုတ်လား ငါသူတို့ဝိဉာဉ်တွေကို ဖမ်းထားတယ် တစ်ဘဝလုံးမသေမရှင်နဲ့ဖြစ်စေရမယ့်ဟေ့”

မျက်လုံးပြူးပြီးပြောနေတဲ့မပန်းကိုမြင်တော့ ညွှန့်တင်အနားမကပ်ရဲအောင် လန့်သွားခဲ့တယ်။

” ငါပြန်မယ် ငါ့ကိုစော်ကားရင်ဘယ်လိုဖြစ်မယ်ဆိုတာ မြင်ကြတယ်မလား နောက်ထပ်ငါ့ကိုမလေးမစားမလုပ်ကြနဲ့” လို့ပြောပြီးတဲ့အချိန် မပန်း အရုပ်ကြိုးပြတ်သလိုလဲကျသွားတယ်။

ညွှန့်တင်က လဲကျသွားတဲ့မပန်းကိုပွေ့ချီပြီး ဇက်ကြောကိုနှိပ်ပေးလိုက်တော့မှ သတိပြန်ရလာတယ်။

” ညွှန့်တင် ငါ့ကိုရေတစ်ခွက်အမြန်ပေးစမ်း”

ညွန့်တင်က ရေအိုးထဲက ရေတစ်ခွက်အမြန်ခပ်ပေးလိုက်တယ်။
မပန်းက ရေကိုအငမ်းမရသောက်လိုက်ပြီး နဖူးပေါ်ကချွေးတွေကိုလက်နဲ့သုတ်ကာ

” ကိုမျိုးတို့ကို ကုလားမတောင်မှာဖမ်းထားတယ် ဒါကြောင့်သတိပြန်မရဖြစ်နေတာကိုး”

” ဘယ်လိုလုပ်ကြမလဲမပန်း”

” ငါ့ဆရာတစ်ယောက်တော့ရှိတယ် သူ့ကိုအကူအညီတောင်းရမှာပဲ”

” ဆရာမြင့်ကိုပြောတာလား “

” ဟုတ်တယ် သူ့ကိုပင့်ပြီး အခြေအနေမေးရမှာပဲ တောင်သခင်မက အရမ်းစိတ်ဆိုးနေတာ ငါချော့လဲရမှာမဟုတ်ဘူး “

” မနက်ဖြန် သွားပင့်ခိုင်းလိုက်မယ် မပန်းပင့်ခိုင်းတယ်ဆိုရင် ဆရာကလာမှာပါ”

မပန်းက ညွှန့်တင်စကားကို ကြားပြီး အသာခေါင်းညိမ့်ပြလိုက်တယ်။

+++++++

နောက်တစ်နေ့ ညနေရောက်တော့

” မပန်း ဆရာမြင့်ကြွလာပြီ”

” ဆရာ ကြွပါ နေ့လည်ထဲက ဆရာကိုစောင့်နေတာ”

အရပ်ပုပု သေးသေးညှက်ညှက်ဖြစ်တဲ့ ဆရာမြင့်က သူ့ရဲ့လွယ်အိတ်ကို ချွတ်ပြီး ဘုရားစင်ရှေ့ဝင်ထိုင်လိုက်တယ်။

” ကဲ မိပန်း ဘာတွေဖြစ်ကြလို့လဲ ဟိုတစ်နေ့က ကားမှောက်တဲ့ကိစ္စလား”

” ဟုတ်တယ်ဆရာ အခုတောင်သခင်မက အရမ်းစိတ်ဆိုးပြီး ဆိုင်းသမားအချို့ရဲ့ဝိဉာဉ်ကိုဖမ်းထားတယ် သူတို့ဖြစ်ရတာ ကျွန်မရဲ့ပယောဂမကင်းလို့ ဆရာကိုအကူညီတောင်းရတာပါ”

မပန်းရဲ့စကားကြောင့် ဆရာမြင့်ခဏစဉ်းစားလိုက်ပြီး

” ကျုပ်တောင်သခင်မကိုပင့်ပြီး နိုင်သလောက် မေတ္တာရပ်ခံကြည်ပေးမယ် မပန်းဘုရားကိုအာရုံပြုထား”

ဆရာမြင့်က မပန်းကိုပြောပြီးဘုရားစင်ဘက်လှည့်ကာ ဘုရားရှိခိုးလိုက်ပြီး

” ကုလားမတောင်တစ်ခွင်ကိုအပိုင်စားရတဲ့ တောင်သခင်မ ငါ၏ရှေ့မှောက်ကို အမြန်ရောက်စေ” လို့အမိန့်ပေးလိုက်တာနဲ့ အရှေ့မှာထိုင်နေတဲ့မပန်း၏ကိုယ်တစ်ဆတ်ဆတ်တုန်လာပြီး

” ဆရာ ငါ့ကိုခေါ်ပြီးဘာလုပ်ဖို့လဲ”

” တောင်သခင်မ သင်ရောက်လာပြီလား သင့်ကိုခေါ်ရတာက အခြားအကြောင်းတော့မဟုတ်ဘူး သင်အခုဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးဖို့မေတ္တာရပ်ခံမလို့ပါ”

” ဟက်ဟက် ငါကိုမ‌စော်ကားပဲဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့တာ ဆရာလဲသိတာပဲ အခုလူရိုင်းတွေက ငါမကြိုက်တာကိုလုပ်တယ် ဒါကြောင့်ငါခွင့်မလွှတ်နိုင်ဘူး သူတို့ကိုအသေသတ်လိုက်လို့ရပေမယ့် ငါမသတ်ဘူး တစ်သက်လုံးဒီလိုဘဝမျိုးဖြစ်အောင်ပဲငါထားမှာ”

” ဒါဆို သင်က ကျုပ်စကားကိုတောင် မနာခံတော့ဘူးပေါ့”

” ဆရာစွမ်းတာလဲ ငါသိတယ် အခုကိစ္စက ငါမမှားဘူး ငါမှားနေရင် ဆရာဆုံးမလို့ရတယ် အခုငါမမှားတဲ့အတွက်ဆရာမှာဆုံးမပိုင်ခွင့်မရှိဘူး ဆရာပညာက အောက်လမ်းပယောဂလောက်ကိုပဲ ဆုံးမနိုင်တာလေ ငါ့ကိုဆုံးမချင်ရင် ငါအမှားလုပ်တာကိုစောင့် ဟားဟားဟား”

လူအများရဲ့ရှေ့မှာ အရှက်ခွဲခံလိုက်ရတဲ့အတွက် ဆရာမြင့်စိတ်တိုသွားပြီး

” ဒီကောင်မ ငါ့ကိုစော်စော်ကားကား အာခံနေပါလား တစ်ကိုယ်လုံးလှုပ်မရအောင် ကြိုးနဲ့တုပ်လိုက်စမ်း”

ဆရာမြင့်ရဲ့အမိန့်ပေးသံအဆုံးမှာ တောင်သခင်မ ခန္ဓာကိုယ်ရုတ်တရက်တောင့်သွားပြီး အရှေ့ကိုငိုက်နေတဲ့ ခါးကရုတ်တရက်မတ်သွားခဲ့တယ်။

” အော် ဆရာက ငါ့ကို ချုပ်မလို့ပေါ့လေ ငါပြောပီးပီနော် ငါအမှားမလုပ်ဘူးလို့ ငါအမှားမလုပ်ပဲ ငါ့ကိုဒီလိုလုပ်တယ်ပေါ့ဟေ ဟားဟား‌ တောင်သခင်မတဲ့ဟေ့” လို့အော်ပြီး ရုန်းထွက်လိုက်ရာ ကိုယ်မှာချည်ထားတဲ့ကြိုးတွေ ပြတ်ထွက်ကုန်တာကိုဆရာမြင့်မြင်တွေ့လိုက်ရတယ်။

” ငါဒေါသမထွက်ချင်ဘူး ဆရာကိုထိခိုက်အောင်လုပ်မရတာလဲသိတယ် ဒါပေမယ့် ဆရာလဲ ငါ့ကိုအမိန့်ပေးလို့မရဘူး အရင်က ငါအမှားလုပ်ခဲ့တဲ့အချိန် ဆရာငါ့ကိုဒီကြိုးနဲ့ချည်ပြီးဆုံးမခဲ့တာ မှတ်မိနေသေးတယ် အခုတော့ဆရာချည်မရတော့ဘူးလေ ဘာကြောင့်လဲသိလား အဲဒါငါဘက်ကမမှားလို့ပဲ ငါပြန်တော့မယ် “

(ဆရာမြင့်အသက်ငယ်တဲ့အချိန် တောင်သခင်မကိုပညာချင်းပြိုင်ကာအနိုင်ယူခဲ့တဲ့ဝတ္တုကိုအလျဉ်းသင့်ရင်ဖော်ပြပေးသွားပါမယ်)

တောင်သခင်မက ပြောပြီးတာနဲ့ မပန်းရဲ့ကိုယါကနေခွာပြီး ထွက်သွားခဲ့တယ်။ ဆရာမြင့်လဲ အရင်ကလောက်ကျင့်ကြံနိုင်စွမ်းမရှိတဲ့အတွက် စွမ်းအားတွေကျနေပြီဆိုတာသိလိုက်ရတယ်။

မပန်းက သတိရလာတော့

“ဆရာ အခြေအနေဘာထူးလဲ”

” တောင်သခင်မကို အရင်က ငါဘယ်လိုအနိုင်ယူခဲ့လဲနင်သိမှာပါ အခုက သူ့အပိုင်စားနယ်ထဲမှာဖြစ်နေတာရယ် ဆိုင်းသမားတွေကအမှားလုပ်မိခဲ့တာတွေကြောင့် သူ့ကိုဖျောင်းဖျလို့မရခဲ့ဘူး။ သတ္တဝါတစ်ခုကံတစ်ခုပေါ့ကွယ်။

ဆရာမြင့်က ပြောပြီးတာနဲ့လွယ်အိတ်ကိုလွယ်ကာ အိမ်ပေါ်ကပြန်ဆင်းသွားခဲ့တယ်။
++++++
ဆရာမြင့် ပြန်သွားပြီး သိပ်မကြာခင်မှာပဲ
” အိမ်ရှင်တို့ရှိလား”

“ရှိတယ် ရှိတယ် ဘယ်သူတွေလဲ”

“ကျုပ်တို့က ပယောဂကုတဲ့ဆရာတွေပါ ခုနက အိမ်ပေါ်မှာကုနေတဲ့ အရာတွေအားလုံးကိုလဲမြင်လိုက်ပါတယ်”

” ဆရာတို့က စမ်းကြည့်ဦးမလို့လား”

” ခွင့်ပြုမယ်ဆိုရင် ကုပေးချင်ပါတယ် “

” ကုမယ်ဆိုလဲဆရာတို့သဘောပါ ဒီနယ်တစ်ဝိုက်မှာနာမည်ကြီးဖြစ်တဲ့ဆရာမြင့်တောင် မနိုင်လို့လိုက်လျော့သွားတာဆိုတော့ နည်းနည်းတော့ ခက်မယ်နော်”

“ရပါတယ် ရရင်အမြတ် မရရင်အရင်းပေါ့ဗျာ”

” ဒါဆိုဘုရားစင်ရှေ့ကိုကြွပါ”

မပန်းက ဘုရားစင်ရှေ့မှာနေရာလုပ်ပေးလိုက်တော့ ဧည့်သည်တွေက အလိုက်သင့်ဝင်ထိုင်လိုက်တယ်။

” ဒါနဲ့ဆရာတို့နာမည်လေးတွေသိခွင့်ရမလား”

” နာမည်ထက် လူနာတွေပျောက်ဖို့ကအဓိကကျတယ်မဟုတ်လား နာမည်ဆိုတာ ပညတ်ချက်တစ်ခုပါပဲ “

မပန်းရဲ့စိတ်ထဲမှာဝောာ့ တော်တော်ကြီးကျယ်တဲ့ဆရာတွေပဲလို့တွေးလိုက်တယ်။

” ဒီကအစ်မကြီးက ကျုပ်တို့ကို ကြီးကျယ်တယ်လို့များထင်နေတာလား”

မပန်းရုတ်တရက်ပါးစပ်အဟောင်းသားဖြစ်သွားတယ်။

” မဟုတ် မဟုတ်ပါဘူးရှင်”

ပယောဂကုမဲ့ ဆရာကပျာပျာသလဲလဲငြင်းလိုက်တဲ့မပန်းကို တည်ကြည်လေးနက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး

” အစ်မက နတ်ဝင်သည်ဟုတ်ပါသလား”

” ဟုတ်ပါတယ် ကျွန်မအကူအညီလိုလို့လား”

” အကူအညီလိုတာထက် ဖြစ်ပျက်နေတာတွေကိုမြင်စေချင်ရုံသက်သက်ပါ ဒါမှကျုပ်တို့အပေါ်အမြင်ရှင်းမှာ”

” ကျွန်မဘာလုပ်ပေးရမလဲ”

” အစ်မက လိပ်ပြာလှတော့ ပုဂ္ဂိုလ်တွေကိုအာရုံထဲမြင်ရမှာပါ ဒါကြောင့် အိမ်ထဲကိုဘယ်သူမှမဝင်ရအောင် အိမ်တံခါးပိတ်ထားပေးပါ”

မပန်းလဲ အိမ်တံခါးကိုထပိတ်လိုက်ပြီး ပြန်ထိုင်လိုက်တယ်။

” ကဲ ကျုပ်တို့မကြာခင်စတော့မယ် ဘုရားကိုအာရုံပြုထားပါ အာရုံပြုထားတဲ့အချိန် မြင်ရတဲ့အမြင်ကိုပြောပါ”

မပန်းလဲ ဘုရားရှိခိုးပြီး အာရုံပြုထားလိုက်တယ်။ မပန်းရဲ့မျက်လုံးကိုပိတ်ထားပေမယ့် အာရုံထဲမှာတော့ တစ်အိမ်လုံးကိုမြင်လိုက်ရတယ်။

ပယောဂကုမဲ့ဆရာတွေက ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ပြီး ထိခြင်းငါးပါးနဲ့ကန်တော့လိုက်တယ်။ ဘုရားကန်တော့ပြီးတာနဲ့ နှုတ်ကနေ တစ်ခုခုရွတ်လိုက်ပြီး လက်ဝါးကိုဖြန့်ချလိုက်တယ်။

လက်ဝါးဖြန့်ချပြီးစက္ကန့်ပိုင်းလောက်အကြာမှာ ဘေးနားမှာ ထိုင်နေတဲ့ တောင်သခင်မကိုမြင်လိုက်ရတယ်။ အရင်က သာမန်အဝတ်အစားနဲ့ပဲမြင်ဖူးပေမယ့် အခုတစ်ခါမှာတော့ ဆာရီအပြည့်အစုံဝတ်ထားတာကိုမြင်လိုက်ရတယ်။

တောင်သခင်မက ဘုရားကျောင်းဆောင်အရှေ့မှာထိုင်နေတဲ့ ဆရာတွေကိုကြည့်ပြီး

” ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ “

” သင်ကိုခေါ်တာက ဖမ်းထားတဲ့လူငယ်တွေကိုလွှတ်ပေးဖို့တောင်းဆိုမလို့ပါ”

” တောက် လာပြန်ပီ နောက်တစ်ယောက် ငါ့ကိုနိုင်အောင်လုပ်ရင် နင်တို့ခိုင်းတဲ့အတိုင်းလုပ်ပေးမယ်”

” ကျုပ်တို့က အနိုင်လဲမလိုချင်ဘူး နာကျင်အောင်လဲမလုပ်ချင်ဘူး ဒါကြောင့်မေတ္တာရပ်ခံတာပါ”

” ငါလဲထပ်ပြောမယ် မလွှတ်ပေးနိုင်ဘူး နင်တို့ပြောစရာကုန်ရင်ငါပြန်မယ်”

တောင်သခင်မက ရုတ်တရက်ထပြီး အိမ်တံခါးကိုသွားတဲ့အချိန်

” ဖုန်း “ဆိုတဲ့အသံနဲ့အတူ အိမ်ထဲကိုပြန်လွှင့်ထွက်သွားတယ်။

” သင်ကိုကျုပ်ခေါ်ထားတဲ့အတွက် ကျုပ်မပြန်ခိုင်းမချင်းသင်ပြန်လို့မရဘူး”

“လဲကျနေတဲ့တောင်သခင်မက ဆာရီကိုသေချာပြန်ပြင်ဝတ်လိုက်ပြီး

” နင်တို့ကလဲ မခေဘူးပဲ ငါကလဲ မလုပ်ဘူးဆိုမလုပ်ဘူး ငါ့ကိုဒေါသထွက်အောင်လာမလုပ်ကြနဲ့”

တောင်သခင်မအော်လိုက်တဲ့အသံအဆုံးမှာ မျက်လုံးတွေနီရဲလာပြီး ပါးစပ်ကနေ အစွယ်တွေထွက်လာခဲ့တယ်။

” သင်ဟာ တောင်သခင်မ အယောင်ဆောင်ထားတဲ့ ဘီလူးမပဲ တောင်သခင်မရဲ့စိတ်ကအရမ်းနူးညံ့တယ် သင့်ကိုစတွေ့ထဲက တောင်သခင်မမဟုတ်ဘူးဆိုတာအတပ်သိတယ် ဒါကြောင့် သင့်ဇာတိရုပ်ပေါ်လာစေဖို့ ဆွလိုက်တာ “

” အဟီးဟီး အဟက်ဟက် သိတော့လဲ မှတ်ထားပေါ့ နင်တို့လဲအသက်ရှင်ရက်ပြန်သွားရမယ်မထင်နဲ့ “

တောင်သခင်မအယောင်ဆောင်ဘီလူးမက ဝတ်ထားတဲ့ဆာရီစနဲ့အောင်မြတ်သာတို့ဆီကိုပစ်လွှတ်လိုက်တယ်။

ဆာရီစက အောင်မြတ်သာတို့နဲ့တစ်လံအကွာရောက်တော့ မီးထတောက်ကာ ပြာအပြစ်ပြောင်းသွားတယ်။

အဲဒီအခါပယောဂကုတဲ့ဆရာက

” သင်နဲ့အချိန်ဖြုန်းဖို့ ကျုပ်တို့လာတာမဟုတ်ဘူး သင့်ကိုဆုံးမပြီးတောင်သခင်မကို ပြန်ခေါ်ဖို့လာတာ ကဲ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေ ဒီအမိုက်မကို လှုပ်မရအောင်ဖမ်းချုပ်ထားကြ ကျုပ်မေးစရာတွေရှိတယ်”

ပယောဂဆရာစကားအဆုံးမှာ ဆာရီဝတ်ဘီလူးမရဲ့ကိုယ်ဆီကို ရွှေရောင်ကြိုးတွေရောက်လာပြီး ရစ်ပတ်ထားလိုက်တယ်။

ဘီလူးမကသူ့မှာရှိတဲ့ခွန်အားနဲ့ ဖျစ်ညှစ်ရုန်းပေမယ့် ကြိုးကပြတ်ထွက်မသွားပဲ တင်းသထက်တင်းလာခဲ့တယ်။

” ဂိုဏ်စောင့်ပုဂ္ဂိုလ်များ ဒီဘီလူးမဝန်မခံမချင်း ဖမ်းထားတဲ့လူတွေကိုမလွှတ်ပေးမချင်း ရောရုဝငရဲမီးနဲ့ မြှိုက်စေ”

ပယောဂဆရာရဲ့အမိန့်ပေးစကားအဆုံးမှာ ဘီလူးမတစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လောင်ပါလေရော။

” အား သေပါပြီး ပူလိုက်တဲ့ငရဲမီး “ဆိုပြီးအော်ကာထပြေးဖို့အလုပ် အနောက်မှာစောင့်နေတဲ့ပုဂ္ဂိုလ်တွေက လှံနဲ့ဆောင့်ထိုးချလိုက်တဲ့အတွက် ပြေးမရတော့ပဲ ကြမ်းပေါ်မှာလူးလိမ့်နေပါရော။

” သင်အရှုံးပေးပြီလား “

” မပေးဘူး ဘယ်တော့မှမပေးဘူး အား ပူတယ် ပူတယ်”

“တယ်လဲခေါင်းမာတာပဲ ယမမင်းရဲ့ အစောင့် ငရဲခွေးသုံးကောင်နဲ့ကိုက်သတ်စေ အရိုးတွေပေါ်တဲ့အထိကိုက်စေ မသေစေနဲ့ အသားကုန်ရင် အသားသစ်ပြန်ဖြစ်စေ”

ပယောဂဆရာနဲ့အမိန့်စကားသံအဆုံးမှာ အိမ်ပြူတင်းပေါက်ကနေခုန်ဝင်လာတဲ့ ခွေးနက်သုံးကောင်ကိုမြင်လိုက်ရတယ်။

မျက်လုံးတွေထဲကနေ မီးတောက်တွေထွက်နေတဲ့ ငရဲခွေးသုံးကောင်က ကြမ်းပေါ်မှာလူးလိမ့်နေတဲ့ ဘီလူးမကိုအငမ်းမရကိုက်ဖြတ်ပါလေရော။

ငရဲခွေးတွေရဲ့အစွယ်တွေကြောင့် ဗိုက်ထဲကနေ အူတွေအခွေလိုက်ထွက်လာပေမယ့် မသေပဲ အော်ဟစ်နေတာမြင်တော့ မပန်းပျို့အန်ချင်သလိုဖြစ်လာတယ်။

ငရဲခွေးတွေစိတ်ကြိုက်ကိုက်ဖြတ်စားသောက်လို့ ခန္ဓာသုံးခုလောက်ကုန်တဲ့အချိန်ကျမှ

” တော်ပါတော့ အရှုံးပေးတယ် ငါမခံစားနိုင်ဘူး ငါတကယ်နာကျင်နေပြီ အမလေး တော်ပါတော့”

‌အရှုံးပေးတယ်ဆိုတဲ့အသံကြားတာနဲ့ ကိုက်နေတဲ့ခွေးနက်ကြီးတွေက ဆက်မကိုက်တော့ပဲရပ်လိုက်ပြီး ပျောက်ကွယ်သွားကြတယ်။

” ကဲအမှန်တိုင်းဖြေစမ်း တောင်သခင်မကို ဘယ်မှာဖမ်းထားလဲ”

” ကုလားမတောင်အောက်ခြေ ဂူထဲမှာဖမ်းထားတယ် “

” ဒီကိစ္စကိုဘယ်သူခိုင်းတာလဲ အမှန်တိုင်းမပြောရင် အရင်ကထက်ပိုနာကျင်ရမယ်မှတ်ပါ”

” မလိမ်ပါဘူး အမှန်တိုင်းပြောပါမယ် ငါက သခင်မရဲ့ ကျေးကျွန်တစ်ယောက်ပါ သခင်မနဲ့ငါတို့ကိုသတ်ခဲ့တဲ့သူက သခင်မ မကျွတ်မလွတ်ဖြစ်နေတာသိလို့ နန်းတွင်းက အစီအရင်တွေလုပ်တဲ့သူတွေစေလွှတ်ပြီး ဖမ်းခိုင်းခဲ့တယ် သခင်မကိုတောင်ထဲကထွက်အောင်လုပ်ပေးရင် သခင်မနေရာငါ့ကိုအစားပေးမယ်ဆိုလို့ ငါလုပ်ခဲ့တာ “

” ဒါဆို လူတွေကိုခြောက်စားလှန့်စားလုပ်နေတာ နင်ပေါ့”

” ဟုတ်တယ် ငါကဒီတောင်ရဲ့သခင်မနေရာကိုယူထားတာကြာပြီ “

” သခင်မလွတ်အောင် ဘယ်လိုလုပ်ရမလဲ အမှန်တိုင်းပြောပါ”

” သခင်မကိုဖမ်းထားတဲ့ နေရာမှာ နန်းတွင်းအောက်လမ်းဆရာ ၉ယောက်ကိုသတ်ပြီး အစောင့်ထားထားတယ် သူတို့ရဲ့ပညာကိုကျော်နိုင်မှ သခင်မနေတဲ့ဂူကိုရောက်မယ် ဂူတံခါးကိုဖွင့်ရင်လဲ အတားအဆီးတွေကိုကျော်နိုင်မှရမယ် ဘယ်လိုအစီအရင်တွေလုပ်ထားလဲငါမသိဘူး ငါသိတာဒါအကုန်ပဲ”

” ကောင်းပြီ အခုသင်ဖမ်းထားတဲ့ လူတွေကိုအရင်လွှတ်ပေးပါ “

” ငါ့ကိုအရင်လွှတ်ပေးရင် ငါလွှတ်ပေးမယ် “

” သင့်ကိုလွှတ်ပေးလို့မရသေးဘူး သခင်မလွတ်မှသင့်ကိုလွှတ်ပေးမယ် သင့်အရှင်သခင်မကိုယ်တိုင်သင့်အပြစ်ကိုစီရင်လိမ့်မယ် သင်ဖမ်းထားတဲ့လူတွေကိုမလွှတ်ပေးရင် သင်ထပ်ပြီးနာကျင်ရလိမ့်မယ်”

ပယောဂဆရာရဲ့စကားကိုကြားတော့ အစွယ်ဖွေးဖွေးနဲ့ဘီလူးမ ခဏစဉ်းစားလိုက်ပြီး

” ငါလွှတ်ပေးလိုက်ပြီ ငါ့ကိုနာကျင်အောင်ထပ်မလုပ်ပါနဲ့တော့”

” ဂိုဏ်စောင့်ပုဂ္ဂိုလ်များ ဒီအယောင်ဆောင်ကိုဖမ်းချုပ်ထားကြဦး ငါအမိန့်ရမှလွှတ်ပေးစေ” လို့အမိန့်ပေးလိုက်တာနဲ့ အယောင်ဆောင်ဘီလူးမရော အစောင့်တွေရောပျောက်ကွယ်သွားတယ်။

အဲဒီအချိန်
” သင်မျက်လုံးဖွင့်ကြည့်လို့ရပြီ”ဆိုတဲ့အသံကြားလို့ ဖွင့်ကြည့်လိုက်တာ ပယောဂကုတဲ့ဆရာတွေကိုတွေ့ရမယ့်အစား သူ့ဘေးမှာအုံနေတဲ့ လူတွေကိုမြင်လိုက်ရတယ်။

” ညွန့်တင် ပယောဂဆရာတွေရော”

” ဘယ်ကပယောဂဆရာတွေလဲ ဆရာမြင့်ပြန်သွားတော့ မပန်းမူးလဲသွားတာ အခုမှသတိပြန်ရလာခဲ့တာလေ”

” ဟင် ဒါဆို ငါအိမ်မက်မက်တာလား ကိုမျိုး ကိုမျိုးတို့ရော သတိရပီလား”

” ခုနကပဲ အားလုံးသတိပြန်ရလာလို့ ထူးဆန်းတယ်ဆိုပြီးပြောနေကြသေးတယ် မပန်း ဆရာမြင့်ကအရမ်းစွမ်းတာပဲနော် “

ညွန့်တင်စကားကိုကြားတော့ မပန်း ခေါင်းကိုအသာညိမ့်လိုက်ပြီး စိတ်ထဲကနေ
” ဆရာမြင့်ထက် အဆပေါင်းများစွာပိုစွမ်းတဲ့ဆရာကိုမြင်ခဲ့ရတာ ငါကလွဲပြီးဘယ်သူကသိမှာလဲ” ဆိုပြီးရေရွတ်လိုက်တယ်။

မပန်း ကြုံခဲ့မြင်ခဲ့တဲ့ဆရာတွေက အောင်မြတ်သာတို့ဆိုတာ စာဖတ်သူတို့သိကြတယ်မဟုတ်လား။ အခုနောက်ဝတ္တုမှာတော့ အောင်မြတ်သာတို့ တောင်သခင်မကိုဘယ်လိုကယ်တင်မလဲ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် တောင်သခင်မဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)