+++++++++++++++++++++++++++++++++
(ဝတ္တုပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသာဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်)
သာယာငြိမ့်ညောင်းသော နတ်စောင်းသံ၊ ချိုသာသော တေးသီချင်းသီဆိုသံတွေကြားထဲမှာ တောက်ပြောင်သစ်လွင်တဲ့ နတ်ဝတ်နတ်စားတွေ ဝတ်ဆင်ထားတဲ့ နတ်သူငယ်အချို့ ပျော်ရွှင်စွာ ကခုန်ပျော်မြုးနေကြတယ်။
အချို့နတ်သူငယ်အချို့ကား အင်မတန်ချောမောလှပတဲ့ နတ်သမီးပျိုတွေကို ဘယ်ညာခြံရံပြီးကခုန်ပျော်ပါးနေကြသလို အချို့ကြတော့လဲ ချိုရီပြင်းတဲ့အရသာရှိတဲ့ သူရာတကောင်းတွေကို ကိုင်ဆောင်ပြီး စိတ်လွတ်ကိုယ်လွတ် ကခုန်နေကြတယ်။
မျက်စိတစ်ဆုံးကခုန်ပျော်ပါးနေကြတဲ့ နတ်သူငယ်တွေရဲ့အလယ်မှာတော့ မြစိမ်းရောင်သလွန်တစ်ခုရှိနေပြီး သလွန်ပေါ်မှာတော့ ဥပဓိရုပ်ခန့်ညားတဲ့ အသက်၂၅နှစ်အရွယ် နတ်တစ်ပါးက ညှင်သာငြိမ့်ညောင်းတဲ့ နတ်စောင်းသံကို နားထောင်ရင်း လောကစည်းစိမ်ကို ခံစားနေရင်း ရုတ်တရက်ထထိုင်ကာ
“ ဒီဗျက်စောင်းကို အလယ်သူ တီးခတ်နေတာသလဲ” ဆိုပြီးမေးလိုက်တဲ့အတွက် သလွန်ဘေးမှာ ရပ်နေတဲ့ နတ်သူငယ်တစ်ပါးက ခန္ဓာကိုယ်ကို အနားကပ်လိုက်ပြိး
“ အရှင်မင်းကြီး စိတ်ဘဝင်မကျလို့ပါလားဘုရား”
“ ဘယ်နှယ့် ဘဝင်မကျရမှာလဲ… ဒီဗျက်စောင်းသံကြောင့် ငါရဲ့စိတ်တွေ ကြည်လင်လာခဲ့တာကြောင့် ဆုတော်လာဒ်တော် ချီးမြှောက်ဖို့ မေးတာကွယ့်”
“ အကျွန်တော်မျိုးသိသလောက်ကတော့ အဆိုပါဗျက်စောင်းကို တီးခတ်နေသူက မဟာသမုဒ္ဒရာရေပြင်ထက်မှာ ဗိမ္ဗာန်ဖွဲ့နေတဲ့ နတ်စစ်သူကြီးယုဂန္ဓာရဲ့ သမီးတော် မယ်သျှင်ဝဏ္ဏ ဖြစ်ပါတယ်ဘုရား”
“ မယ်သျှင်ဝဏ္ဏဟုတ်လားကွယ့်…”
သလွန်ပေါ်မှာထိုင်နေတဲ့ နတ်မင်းက ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်ကိုတည့်မတ်အောင်ထိန်းပြီး ထရပ်လိုက်တဲ့အချိန် မလှမ်းမကမ်းမှာ ပေါက်နေတဲ့ အဖြူရောင်ပန်းပွင့်အချို့ကို မြင်တွေ့လိုက်ရတယ်။
“ ဟဲ့ အသင်နတ်သား… မလှမ်းမကမ်းမှာပေါက်နေတဲ့ ပန်းပွင့်က ဘာပန်းများတုန်း”
“ သခွပ်ပန်းပါဘုရား”
“ ဘယ်လို ဘယ်လို …. ငါစံမြန်းရာ ဗိမ္မာန်မှာ အဘယ်တုန်းက သခွပ်ပန်းပွင့်ဖူးတုန်း၊ ငါမှတ်မိသလောက် အရောင်အသွေး ရဲရဲနီနေတဲ့ ကသစ်ပန်းတွေပဲ ပွင့်တာမဟုတ်လား”
သလွန်ပေါ်ကနေ လေသံမာမာနဲ့မေးလိုက်တဲ့ အသံကြောင့် ဘေးမှာခစားနေတဲ့ နတ်သားရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ထိတ်လန့်တဲ့ အရိပ်အယောင်တွေပေါ်လာပြီး
“ ကျွန်တော်မျိုးတို့ ယခုစံမြန်းတဲ့ နေရာကိုရောက်ရှိနေခဲ့တာ ကြာခဲ့ပါပြီဘုရား၊ ရဲရဲနီဖူးပွင့်တဲ့ကသစ်ပန်းရှိတဲ့ နေရာကို အရှင့်ရဲ့ ခမည်းခမက်ဖြစ်သူ သိကြားရာဇာက သိမ်းပိုက်ထားခဲ့တာကိုမေ့လျော့နေသလားဘုရား” လို့လျောက်တင်လိုက်ရာ သူရာရစ်မူးနေတဲ့ နတ်သားရဲ့မျက်နှာပေါ်မှာ ခက်ထန်မှုဆိုတဲ့ ပုံရိပ်တွေ အထင်းသားပေါ်လာပြီး လက်ထဲကိုင်ထားတဲ့ သူရာတကောင်းကို ပစ်ထုတ်လိုက်ပါတော့တယ်။
“ ဟဲ့ ရာဇိန္ဒ… အခုချက်ချင်း စစ်ချီခရာမှုတ်စမ်း၊ ငါတို့ရဲ့ နယ်မြေကို စစ်ထိုးဖို့ ချက်ချင်းပြင်ဆင်စေ”
“ အမိန့်တော်အတိုင်းပါဘုရား”
ရာဇိန္ဒဆိုတဲ့ နတ်သူငယ်က အမိန့်ရတာနဲ့ ခါးကြားမှာ ထိုးထားတဲ့ခရာကိုထုတ်ယူပြီး မှုတ်လိုက်ရာ သူရာယစ်မူးနေတဲ့ နတ်သူငယ်တွေအားလုံး တရုန်းသုန်းကားဖြစ်ကုန်ကြတယ်။
“ စစ်ချီခရာမှုတ်နေပြီ… စစ်အင်္ဂါရပ်တွေပြင်ကြစမ်း”
နတ်စစ်သူကြီးတွေရဲ့ အထိတ်အလန့်အော်ဟစ်သံနဲ့အတူ မရေမတွက်နိုင်တဲ့ နတ်စစ်သည်တွေအားလုံးရဲ့ ခန္ဓာကိုယ်မှာ စစ်ထွက်ချပ်ဝတ်တန်ဆာတွေပေါ် လာပြီး လက်ထဲမှာလဲ မိမိကျွမ်းကျင်ရာ လက်နက်တွေ အလိုအလျောက်ပေါ်လာခဲ့တယ်။
အဲဒီအချိန် ခက်ထန်တဲ့မျက်နှာထားရှိတဲ့ နတ်မင်းကြီးက
“ အကျွန်ုပ်ရဲ့ နောက်လိုက်စစ်သည်အပေါင်းတို့… အခုချိန်က သူရာယစ်မူးရမယ့်အချိန်မဟုတ် တော့ဘူး၊ အကျွန်ုပ်တို့ရဲ့ မူလနယ်မြေဖြစ်တဲ့ တာဝတိံသာကို ပြန်လည်ရယူဖို့အချိန်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်တယ်၊ ဒါကြောင့် စစ်အင်္ဂါရပ်တွေကိုဖွဲ့စည်းပြီး ထိုးစစ်ဆင်ကြလော့” လို့ မြွက်ကြားလိုက်ရာ သူရာမူးယစ်နေကြတဲ့ နတ်စစ်သည်တွေက တမဟုတ်ချင်း စစ်သွေးစစ်မာန်ထကြွကာ ဆင်မြင်းဗိုလ်ပါ အစုံပါတဲ့ စစ်တပ်ကိုဖန်ဆင်းကာ ခြတိုင်ကို ခြတွေတက်သလို တာဝတိံသာကို တက်ကြပါတော့တယ်။
ဌာန်မာန်အပြည့်နဲ့ အော်ဟစ်ကြုံးဝါးရင်း စစ်ချီလာတဲ့ အသူရာနတ်စစ်သည်တွေရဲ့အသံကို ကြားတဲ့ သိကြားမင်းကလဲ သူ့ရဲ့လက်ရုံးစစ်သည်တွေကို စုစည်းကာ သမုဒ္ဒရာပြင်ကိုဆင်းပြီး တိုက်ပါလေရော။
နတ်စစ်သည်တို့ရဲ့ကြုံးဝါးသံ၊ အော်ဟစ်သံ၊ လက်နက်ချင်းထိသံတွေက မဟာသမုဒ္ဒရာရေပြင်အထက်မှာ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။
ရက်ပေါင်းများစွာ သဲသဲမဲမဲတိုက်ခိုက်နေတဲ့အချိန်အတွင်း အသူရာနတ်မင်း ကိုင်ဆွဲတဲ့ ရတနာခြယ်တင်းပုတ်နဲ့ သိကြားနတ်ကိုင်စွဲတဲ့ ဝရဇိန်လက်နက်တို့ ထိပ်တိုက် ထိတွေ့တဲ့အချိန် ဝရဇိန်လက်နက်ထိပ်ဖျားကနေ အဖျားစလေးတစ်ခု ပဲ့ကြွေလွင့်ထွက်သွားခဲ့တယ်။
သိကြားနတ်လဲ ဝရဇိန်လက်နက်ပဲ့ကြွေတာသိတာနဲ့ ဆက်လက်ရင်မဆိုင်ရဲတော့ပဲ မာတလိနတ်သား မောင်းနင်တဲ့ ဝေဇယန္တာရထားကို စီးနင်းကာ ထွက်ပြေးရတဲ့ အခြေအနေကို ရောက်လာခဲ့တယ်။
သိကြားနတ်ပြေးတာကိုသိတဲ့ အသူရာနတ်တွေကလဲ နောက်ကနေ ညာသံပေးပြီး လိုက်ကြရာ ဝေဇယန္တရထားရဲ့ လျှင်မြန်တဲ့အရှိန်ကြောင့် ဂဠုန်ငယ်တွေနေတဲ့ လက်ပံကိုင်းတို့ ကျိုးပြတ်ပြီး သမုဒ္ဒရာထက်သို့ ပြုတ်ကျကုန်တယ်။
သိကြားနတ်လဲ ဂဠုန်ငယ်တွေရဲ့ ကြောက်လန့်တစ်ကြားအော်ဟစ်သံတွေကိုကြားတဲ့အတွက် မဆိုင်တဲ့ ဂဠုန်ငယ်တွေ သေကြေမှာကို မလိုလားတဲ့ သိကြားနတ်က ရထားမှူး မာတလိနတ်သားကို နောက်ပြန်လှည့်ခိုင်းကာ အသူရာနတ်တွေကိုရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
အသူရာတို့လဲ စစ်ရှုံးပြီးထွက်ပြေးတဲ့ သိကြားနတ်ရဲ့ ရထားပြန်လှည့်လာတာကိုမြင်တော့ အခြားစကြဝဠာက စစ်ကူတွေကိုခေါ်ပြီး ပြန်လှည့်လာတယ်လို့ အထင်မှားကြောက်ရွံ့ကာ အသူရာပြည်ကိုပြန်ပြေးကြကုန်တယ်။
သိကြားနတ်လဲ အသူရာတို့ပြန်ပြေးတာကိုမြင်တဲ့အတွက် အံ့ဩကြီးစွာဖြစ်ပြီး မိမိစံမြန်းရာ တာဝတိံသာကို ချက်ချင်းပြန်တက်ခဲ့ကြတယ်။
သိကြားနတ်လဲ အသူရာတို့ရဲ့ အထင်မြင်လွဲမှားစွာ ထွက်ပြေးမှုကြောင့် စစ်ပွဲကိုအနိုင်ရလိုက်ပေမယ့် ပဲ့ကြွေသွားတဲ့ဝရဇိန်လက်နက်ထိပ်ဖျားအပိုင်းအစ ကိုမူ ပြန်မတွေ့ခဲ့ပေ။
အသူရာနတ်တို့ကလဲ သိကြားနတ်ရဲ့ ဝရဇိန်လက်နက်အပိုင်းအစ ပဲ့ကြွေတာကိုသိတဲ့အတွက် လက်ရွေးစင် နတ်စစ်သည်တွေကို စေလွှတ်ပြီး ရှာဖွေနေခဲ့သလို သိကြားနတ်ကလဲ မိမိအားထားရတဲ့ နတ်စစ်သည်တွေကို စေလွှတ်ပြီး လိုက်ရှာစေခဲ့တယ်။
သို့ပေမယ့် ဝရဇိန်လက်နက်အပိုင်းအစကိုကား မည်သူမှ ပြန်မတွေ့ခဲ့ကြပေ။
+++++++
ခိုက်ခိုက်တုန်အောင် ချမ်းအေးလွန်းတဲ့ ခံစားချက်ကို မြိုသိပ်ရင်း ဇရပ်ဆီကိုပြန်လာတဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့ကို ကြည့်ပြီး အောင်မြတ်သာ ခေါင်းကိုဖြေးညှင်းစွာ ခါယမ်းလိုက်တယ်။
“ မင်းတို့ ဘယ်ကနေ ပြန်လာကြတာလဲ”
ရုတ်တရက်ထွက်လာတဲ့အသံကြောင့် နှစ်ယောက်လုံး ပြာသလဲလဲဖြစ်သွားပြီး လက်ညိုးတွေက ဟိုဟိုဒီဒီလိုက်ထိုးကုန်တယ်။
“ နှစ်ယောက်လုံး ဇရပ်ပေါ်တက်ခဲ့ကြ”
အသံက အရင်ထက်မာထန်နေတာမို့ နှစ်ယောက်လုံး စောဒကမတက်ရဲတော့ပဲ ဇရပ်ပေါ်ကို တက်လာခဲ့လိုက်တယ်။
“ ဆရာ… ကျွန်တော်တို့….”
“ မင်းတို့ ဘယ်သွားလဲ ဘာလုပ်တယ်ဆိုတာ ငါအကုန်သိတယ်၊ အခု ငါတို့အတွက် အရေးကြီးတာဝန်တစ်ခုပေါ်လာနေပြီ”
“ ဘယ်လိုတာဝန်မျိုးလဲဆရာ”
“ ခုနက အဖြူရောင်အလင်းတန်းကြီး ကောင်းကင်ကနေ ထိုးကျလာတာ မင်းတို့မြင်ခဲ့တယ် မဟုတ်လား”
“ ကျွန်တော်တို့မြင်ခဲ့ပါတယ်၊ အဲဒါက အရေးကြီးတယ်ဆိုတဲ့ တာဝန်နဲ့ပတ်သတ်နေလားဆရာ”
“ ဟုတ်တယ်… မင်းတို့မြင်ခဲ့တဲ့ အလင်းတန်းက သာမန်အလင်းတန်းမဟုတ်ဘူး၊ အဲဒီအလင်းတန်းက နှစ်ပေါင်းများစွာထဲက ပျောက်ဆုံးနေတဲ့ ဝရိဇိန်လက်နက်အပိုင်းအစတစ်ခုပဲ”
“ ဝရဇိန်လက်နက်ဆိုတာ သိကြားမင်းစွဲကိုင်တဲ့ လက်နက်မဟုတ်လား၊ ဒီလို လက်နက်ရဲ့ အပိုင်းအစက ဘယ်လိုကြောင့် ကမ္ဘာမြေပေါ်ကိုကျလာတာလဲ”
“ မင်းတို့နားလည်အောင်ပြောရရင် အသူရာနဲ့ သိကြားစစ်ဖြစ်တော့ ဝရဇိန်လက်နက်အပိုင်းစလေးတစ်ခု လွှင့်ထွက်ခဲ့တယ်။ လက်နက်အပိုင်းအစလေးက စကြာဝဠာထဲမှာ နှစ်ပေါင်းများစွာ လွင့်မျောနေရင်း အခုအခါမှာတော့ ငါတို့နေတဲ့ မြေပေါ်ကို ကျရောက်လာခဲ့ပြီ၊ ဒီလက်နက်အပိုင်းအစရဲ့ အစွမ်းကအလွန်ကြီးတဲ့အတွက် လိုချင်သူတွေ အများကြီးရှိနေကြတယ်။ အဲဒီထဲမှာ အသူရာနတ်မင်းရဲ့ ကျေးကျွန်တွေလဲပါတယ်”
“ ဒါဆို ကျွန်တော်တို့တာဝန်က ဒီလက်နက်အပိုင်းအစကို လိုက်ရှာပေးရမှာလား”
“ ဟုတ်တယ် မောင်ကောင်း၊ ခုနကပဲ ဆရာတော်ကိုယ်တိုင်ကြွလာပြီး ဝိဇ္ဇာချုပ်အစည်းအဝေးမှာ ငါတို့ကိုရွေးချယ်ခဲ့တယ်လို့ မိန့်ခဲ့တယ်”
“ အဲဒီလက်နက်အပိုင်းအစက အခုဘယ်မှာရှိနေတာလဲဆိုတာ သိပြီလားဆရာ”
“ ဒီမြေပေါ်ကိုကျလာတာတယ်ဆိုတာပဲ သိရသေးတယ်၊ ဘယ်အရပ်ဒေသမှာကျတယ်ဆိုတာ စုံစမ်းနေတုန်းပဲ”
“ ဒါဆို ကောက်ရိုးပုံထဲအပ်ပျောက်ရှာသလို ဖြစ်နေမှာပေါ့”
“ ဒီအတွက် စိတ်မပူပါနဲ့… လက်နက်အပိုင်းအစ ရှိနိုင်မယ့်နေရာတွေကို စုံစမ်းထောက်လှမ်းနေတဲ့ သူတွေဆီကနေ မကြာခင် သတင်းကြားရတော့မှာပါ၊ ငါတို့က သတင်းရတာနဲ့ ရှာဖွေတာကိုစရမှာမို့ အသင့်ပြင်ထားကြပါ”
“ ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်တို့ အသင့်ပြင်ထားလိုက်ပါမယ်”
မောင်ကောင်းတို့လဲ သိမ်းစရာရှိတာကို သိမ်းဆည်းနေတဲ့အချိန် အောင်မြတ်သာက ကောင်းကင်ယံမှာ တောက်ပနေတဲ့ ကြယ်တာရာအစုတွေကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့တယ်။
အရုဏ်တက်လင်းအားကြီးချိန်အရောက်မှာတော့ ဇရပ်အောက်ခြေမြေသားက လှိုင်းတံပိုးလို တွန့်လာပြီး အထဲကနေ မုတ်ဆိတ်ကျင်စွယ်တွေ ရှည်ကျနေတဲ့ လူတစ်ယောက် ခုန်ထွက်လာခဲ့တယ်။
“ မြေလျှိုးမိုးပျံ ဘိုးထွန်းဇံပါလား… ဘယ်ကနေ ကျုပ်တို့ဆီရောက်လာတာလဲ”
“ ဒီကိုပဲ တမင်လာတာ အမောင်ရေ… ဝရဇိန်လက်နက်အပိုင်းအစကိုရှာတွေ့ပြီဆိုတဲ့ အကြောင်းသတင်းလာပေးတာ”
“ အပိုင်းအစက ဘယ်နေရာကို ကျသွားတာလဲဗျ”
“ မင်းနဲ့ငါ စတွေ့ခဲ့တဲ့ ဆင်တောင်ရဲ့အနောက်ဘက် တောထဲကိုကျသွားတာပဲ အမောင်ရေ”
“ ဟင်… ဒါဆို ခရီးအတော်ဝေးတာပဲ၊ နောက်ထပ် ဘာသတင်းတွေထူးသေးလဲ”
“ ထူးတာတော့ ထူးတယ်၊ အထက်ဝိဇ္ဇာကြီးတွေပြောပုံအရဆိုရင် အသူရာပြည်က လက်ရွေးစင်နတ်စစ်သည်တွေလဲ ဒီကိုဆင်းလာကြတယ်ဆိုပဲ”
“ သိကြားမင်းရဲ့ စစ်သည်တွေရော မလာကြဘူးလား”
“ သူတို့က လူသားတွေရဲ့ အနံ့ကိုမခံနိုင်လို့ လူ့ပြည်မှာ အကြာကြီးမနေနိုင်ဘူးလေ၊ ဒါကြောင့် ဝိဇ္ဇာကြီးတွေကို အကူညီတောင်းပြီးမင်းတို့ငါတို့ကို လိုက်ရှာခိုင်းတာပေါ့”
“ တာဝန်ပေးလာတော့လဲ လုပ်ပေးရတာပေါ့ဗျာ၊ ဒါနဲ့ ဘိုးထွန်းဇံကို အကူညီတစ်ခုတောင်းရဦးမယ်”
“ ဘာအကူအညီတောင်းမှာလဲ၊ တတ်နိုင်ရင် ကူညီပေးပါ့မယ်”
“ ကျုပ်အတွက်တော့ မဟုတ်ပါဘူး၊ ကျုပ်တပည့်နှစ်ယောက်အတွက်ပါ၊ အခုခရီးက လမ်းလျောက်သွားလို့လဲမရ၊ ယာဉ်နဲ့သွားလို့လဲ မရဆိုတော့ ဘိုးထွန်းဇံရဲ့ မြေလျှိုးမိုးပျံ ဓါတ်လုံးတွေကို ခဏငှားချင်လို့ပါ”
အောင်မြတ်သာစကားကြောင့် ဘိုးထွန်းဇံ အင်တင်တင်ဖြစ်သွားပြီး
“ ဖြစ်ပါ့မလား အမောင်ရေ… ငါ့ဓါတ်လုံးတွေက သီလ သမာဓိမခိုင်ပဲကိုင်ရင် အစွမ်းတွေပျောက်ကုန်မှာနော်”
“ ကျုပ်က မသေချာပဲ ခွင့်တောင်းပါ့မလားဗျာ၊ သုံးနိုင်တဲ့အရည်အချင်းရှိလို့ အကူညီတောင်းတာပါ”
“ အမောင်ကိုယ်တိုင် အာမခံနေတော့လဲ ပေးရတော့မှာပေါ့၊ သေသေချာချာတော့ ကိုင်ကြနော်”
ဘိုးထွန်းဇံက လည်ပင်းမှာဆွဲထားတဲ့ အိတ်ရှုံ့ထဲကနေ အရောင်တဖိတ်ဖိတ်တောက်နေတဲ့ အလုံးနှစ်လုံးကို ထုတ်ကာ ကမ်းပေးလိုက်ပြီး
“ ဒီဓါတ်လုံးကိုငုံပြီးရင် မြေလျှိုးချင်ရင် မြေလျှိုးဂါထာရွတ်၊ မိုးပျံချင်ရင် မိုးပျံဂါထာရွတ်ရမှာနော်၊ ဂါထာတွေကိုတော့ ကျုပ်ရေးခဲ့ပေးမယ်” လို့ပြောကာ ဂါထာနှစ်ပုဒ်ကို ရေးပေးခဲ့တယ်။
အောင်မြတ်သာ ဂါထာစာရွက်ကိုယူလိုက်တဲ့ချိန်မှာတော့ ဘိုးထွန်းဇံက မြေကြီးကိုဖနောင့်နဲ့ပေါက်ကာ လေပေါ်ပျံတက်ပြီး ပျောက်ကွယ်သွားပါတော့တယ်။
++++++++
“ မောင်အဂ္ဂရေ… အရုဏ်တက်တော့မယ်ကွ၊ အခုထိ မထသေးဘူးလား”
အိမ်ရှေ့ကနေ အော်လိုက်တဲ့ ဖခင်ဖြစ်သူအသံကြောင့် စောင်ခြုံကာကွေးနေတဲ့ အဂ္ဂတစ်ယောက် လူးလဲထလိုက်တယ်။
“ ထပြီ အဖေရေ… ဒိနေ့က စည်တော်ကြီးရွာဈေးကိုပဲ ပို့ရမှာမဟုတ်လား”
“ ဟုတ်တယ်သား… မင်း မနေ့က ခုတ်ထားတဲ့ ငှက်ပျောခိုင်တွေ လှည်းပေါ်တင်ပြီးပြီလား”
“ မတင်ရသေးဘူး အဖေ… တင်တာက မြန်ပါတယ်၊ မျက်နှာသစ်ပြီးသွားတင်လိုက်မယ်”
အဂ္ဂက အိမ်နောက်ဖေး ကျောက်စည်ထဲက ရေနဲ့မျက်နှာသစ်ပလုပ်ကျင်းပြီး ငှက်ပျောတောရှိတဲ့ဘက်ကို ဝင်လာခဲ့လိုက်တယ်။
သီချင်းလေးအေးအေးနဲ့ ဝင်လာတဲ့ အဂ္ဂတစ်ယောက် ငှက်ပျောတောအတွင်းဘက်အရောက်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စိုက်ထားတဲ့ ငှက်ပျောပင်အချို့က မီးလောင်ထားသလို ဖြစ်နေလို့ပဲ။
အဂ္ဂလဲ အံ့ဩစွာနဲ့ မီးလောင်ခံထားရတဲ့ ငှက်ပျောပင်တွေနားကို တိုးကပ်သွားတဲ့အချိန်မှာတော့ တစ်ထွာသာသာရှိတဲ့ လခြမ်းပုံသဏ္ဍာန် ကျောက်ခက်တစ်ခုက ငှက်ပျောပင်ထဲမှာ စိုက်ဝင်နေတာမြင်လိုက်ရတယ်။
“ ဒါက ဘာကြီးလဲ… ထူးဆန်းလိုက်တာ”
အဂ္ဂလဲ ပင်စည်မှာစိုက်နေတဲ့ အရာကို ဆွဲနှုတ်လိုက်တဲ့အချိန် ဆံပင်မွှေးတွေထောင်တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဓါတ်လိုက်သလို ကျင်တက်သွားခဲ့တယ်။
“ အမလေး… ကျင်တယ်ဟ”
ရုတ်တရက်မို့ ကိုင်ထားတဲ့အရာကို လွှတ်ချလိုက်ပြီး လက်ကိုခါယမ်းလိုက်တယ်။ ခဏနေတော့ သိချင်စိတ်ပိုလာတဲ့အတွက် ငှက်ပျောရွက်တစ်ရွက်ခူးပြီး အသာလေး ကောက်ကိုင်လိုက်တယ်။
“ ဒီလိုကျတော့လဲ ဘာမှမဖြစ်ဘူးဟ၊ ဒီကျောက်က ထူးဆန်းလိုက်တာ”
အဂ္ဂလဲတစ်ယောက်ထဲ ရေရွတ်ပြီး ခုတ်ထားတဲ့ ငှက်ပျောခိုင်တွေကို လှည်းပေါ်တင်ကာ စည်တော်ကြီးရွာဈေးဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဈေးထဲရောက်တော့ ဆိုင်တွေမှာ ငှက်ပျောခိုင်တွေချပြီး ငွေတွေသိမ်းဖို့စောင့်နေတဲ့ အချိန် အသက်လေးဆယ်အရွယ် လူနှစ်ယောက် သူ့ကိုစိုက်ကြည့်နေတာ သတိထားမိခဲ့တယ်။
အစကတော့ အမှုမဲ့အမှတ်မဲ့နေလိုက်ပေမယ့် လူစိမ်းတွေက သူသွားတဲ့နောက်ကို တကောက်ကောက်လိုက်နေတာကြောင့် ငွေတွေထည့်ထားတဲ့ အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လှည်းပေါ်တက်ကာ မောင်းထွက်ခဲ့လိုက်တယ်။
ဈေးကနေထွက်လာပြီး စည်တော်ကြီးရွာအကျော် ကွင်းစပ်ကိုရောက်တဲ့ချိန်မှာတော့ လူကြီးနှစ်ဖက်စာလောက်ကြီးမားတဲ့ စိန်ပန်းပင်အောက်မှာ ဈေးမှာမြင်လိုက်ရတဲ့လူနှစ်ယောက် ထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။
အဲဒီအချိန် လှည်းကိုဆွဲထားတဲ့ နွားနှစ်ကောင်က ရုတ်တရက်ထအော်ပြီး ကြောက်လန့်တစ်ကြား ရုန်းကန်ပါလေရော။
စိန်ပန်းပင်အောက်က လူနှစ်ယောက်လဲ အဂ္ဂအဖြစ်ကိုမြင်တော့ မရယ်မပြုံးတဲ့မျက်နှာနဲ့ ထရပ်လိုက်ပြီး နွားလှည်းနားကို တိုးကပ်လာခဲ့တယ်။
“ ဟေ့ ကောင်လေး… မင်းမနက်က ထူးဆန်းတဲ့ပစ္စည်းတစ်ခုရထားတယ်မဟုတ်လား”
အဆက်စပ်မရှိမေးလိုက်တဲ့ စကားကြောင့် အဂ္ဂ မျက်မှောင်ကျုံ့လိုက်ပြီး
“ ဘာပစ္စည်းလဲဗျ… ကျုပ်မှာ ဘာမှမရှိဘူး”
“ မင်းက လူလိမ်ပဲ၊ ငါတို့က မင်းဆီက လုယူမယ့်သူတွေမဟုတ်ဘူး၊ တန်ရာတန်ကြေး ပေးပြီးဝယ်မှာ”
မျက်နှာစိမ်းလူနှစ်ယောက်က လွယ်အိတ်ထဲကနေ ဝင်းအိနေတဲ့ ရွှေတုံးတွေထုတ်ပြလိုက်တာကြောင့် အဂ္ဂ မျက်လုံးတွေဝင်းလက်လာခဲ့တယ်။
“ ဟေ့ကောင်လေး… ဒီရွှေတုံးတွေက မင်းတစ်သက်လုံးရှာတာတောင် ရမှာမဟုတ်ဘူးနော်၊ စိတ်ကူးမလွဲနဲ့”
“ ခင်ဗျားတို့ တကယ်ပေးမှာလား”
“ ပေးမှာပေါ့ကွ… မင်းရထားတဲ့ ပစ္စည်းသာ အရင်ထုတ်ပြစမ်းပါ”
အဂ္ဂလဲ လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ကျောက်အစွယ်ကိုထုတ်ပြလိုက်ရာ မျက်နှာစိမ်းလူနှစ်ယောက် ဟန်ပင်မဆောင်နိုင်ပဲ ရှေ့ကိုတိုးလာခဲ့တယ်။ အဲဒီအချိန်
“ ကလေးကို လိမ်ညာပြီး အချောင်လိုချင်တဲ့ ကောင်တွေပါလား” ဆိုတဲ့အသံက ဘေးမှာရှိနေတဲ့ သရက်ပင်ခွကြားကနေ ထွက်ပေါ်လာခဲ့တယ်။
“ ဟေ့ကောင်လေး… သူတို့က မင်းကိုလိမ်မလို့ကွ၊ ငါပြမယ် ဒီမှာကြည့်”
သရက်ပင်ခွကြားမှာ ထိုင်နေတဲ့သူက မြေကြီးပေါ်ကို ဘုတ်ခနဲခုန်ချပြီး မြေကြီးမှာပုံထားတဲ့ ရွှေတုံးတွေက်ု လက်နဲ့သပ်ချလိုက်ရာ ဝင်းအိနေတဲ့ ရွှေတုံးတွေကနေ နွားချေးခြောက်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
“ တောက်… ငါတို့အကြံကို ဖျက်စီးတဲ့ကောင်၊ မင်းဘယ်သူလဲ”
“ ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ မင်းတို့ နှစ်ယောက်လုံး သွေးပွက်ပွက်အန်ပြီး မသေချင်ရင် ခုချက်ချင်းထွက်သွားကြ”
သရက်ပင်ပေါ်ကနေ ဆင်းလာတဲ့သူက လေသံမာမာနဲ့ပြောပြီး စိုက်ကြည့်လိုက်တဲ့ချိန် မျက်လုံးထဲကနေ အခိုးငွေ့တွေထွက်လာခဲ့တယ်။
ဒီအဖြစ်ကို အဂ္ဂက မသိပေမယ့် ရှေ့မှာရပ်နေတဲ့ လူနှစ်ယောက်ကတော့ မျက်စိမျက်နှာပျက်ကာ
“ ဆ ဆ ရာ ကြီး မှန်းမသိလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာ ခွင့်လွှတ်ပေးပါ၊ ဒီပစ္စည်းကိုလဲ မယူရဲတော့ပါဘူး”
“ အေး… မင်းတို့ကိုယ့်နေရာကိုယ်ပြန်ကြတော့၊ ဒီကလေးကို ထပ်ပြီးနှောက်ယှက်ရင် ငါ့အဆိုး မဆိုနဲ့”
မျက်နှာစိမ်းလူနှစ်ယောက်လဲ အဂ္ဂဘေးမှာရပ်နေတဲ့ သူရဲ့စကားကြောင့် ခေါင်းကိုမော်တောင်မကြည့်ရဲပဲ ခပ်သုတ်သုတ်ထွက်သွားခဲ့ကြတယ်။
“ ဦးလေးက ဘယ်သူလဲဟင်… ဒီလူတွေက ဦးလေးကိုဘာလို့ကြောက်ကြတာလဲ”
“ ဦးလေးနာမည်က မောင်ခလို့ခေါ်တယ်၊ ဦးလေးက သူတို့လို လူလိမ်လူညာတွေကို ဖော်ထုတ်ပေးတဲ့သူပဲ”
“ သူတို့က ကျွန်တော်ဆီမှာရှိတဲ့ ပစ္စည်းကို ဘာလို့ လိုချင်နေကြတာလဲ၊ ဒီပစ္စည်းက ဘယ်လိုအသုံးဝင်လို့လဲ”
“ မင်းဆီမှာရှိတဲ့ပစ္စည်းက အရမ်းရှားပါးပြီး နှစ်တစ်ထောင်မှာ လူတစ်ယောက်ရဖို့ ခက်ခဲတယ်ကွ၊ အချို့ကျတော့လဲ မိုးကြိုးသွားလို့ အလွယ်ခေါ်ကြတယ်လေ”
“ ကျွန်တော်က ငှက်ပျောတောထဲမှာတွေ့လို့ ကောက်ယူလာတာ၊ ဒီလိုရှားပါးမှန်းလဲ မသိဘူးဗျ၊ ဒါနဲ့လေ ဒီပစ္စည်းက ရောင်းလို့ကောရလား”
“ သိပ်ရတာပေါ့… မင်းကရောင်းချင်လို့လား”
မောင်ခက အဂ္ဂမျက်လုံးကို အကဲခတ်ပြီး စကားတောက်လိုက်တယ်။
“ ကျွန်တော်စဉ်းစားလိုက်ဦးမယ်၊ တကယ်လို့ ကျွန်တော်ရောင်းချင်တယ်ဆိုရင် ဦးလေးနဲ့ဆက်သွယ်မယ်လေ”
“ မင်း ရောင်းချင်တယ်ဆိုရင် ဆင်တောင်ဘေးက ကိုးပင်ကွေ့ရွာကိုလာခဲ့၊ ရွာမှာ မောင်ခလို့မေးရင် လူတိုင်းသိတယ်”
“ ကိုးပင်ကွေ့ရွာကိုတော့ တစ်ခါမှမရောက်ဖူးဖူး၊ ကျွန်တော်ရောင်းချင်တယ်ဆိုရင် ဦးလေးဆီ သေချာပေါက်လာခဲ့မယ်”
“ အေးအေး…ငါလဲ မင်းလာတာကိုစောင့်နေမယ်၊ အခုတော့ မင်းကို အိမ်ထိလိုက်ပို့ပေးပါ့မယ်”
“ ရပါတယ်ဗျာ၊ ဒီလမ်းက ကျွန်တော်အမြဲသွားနေကြပါ”
“ ဒါဖြင့်လဲ ဂရုစိုက်သွား ကောင်လေး”
မောင်ခက အဂ္ဂကို နှုတ်ဆက်ပြီး လက်ပြနှုတ်ဆက်ကာ နေကျန်ရစ်ခဲ့ပါတော့တယ်။
+++++
အအေးဓါတ်တွေ စိမ့်ထွက်နေတဲ့ ကျောက်ဂူတစ်ခု တွင်းမှာတော့ တွန့်လိမ်ကောက်ကွေးနေတဲ့ ဆံပင်ကို ကျောလယ်လောက်ထိဖြန့်ထားတဲ့ လူတစ်ယောက် တင်ပလ္လင်ခွေထိုင်နေခဲ့ပြီး သူ့အရှေ့မှာတော့ ကြောက်ရွံ့တဲ့မျက်နှာထားနဲ့ ထိုင်နေတဲ့ လူနှစ်ယောက်ရှိနေခဲ့တယ်။
“ မင်းတို့က ငါ့ကို ကျော်ပြီး မိုးကြိုးသွားကို ယူဖို့ကြံစည်ရဲတယ်ပေါ့လေ”
“ မဟုတ်ပါဘူးဆရာကြီးရယ်… ကျွန်တော်တို့က..”
“ တိတ်စမ်း… မင်းတို့က ငါ့နယ်မြေထဲမှာလဲ နေသေးတယ်၊ ငါ့ကို မလိမ့်တပတ်လုပ်ဖို့လဲကြိုးစားတယ်၊ ဒီတော့ မင်းတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုပေးရလိမ့်မယ်၊ မယ်ရှင် ရှိလားဟေ့…”
“ ရှိပါတယ် ဆရာကြီး”
“ ဒီနှစ်ကောင်ကို ပညာနှုတ်ပြီး ချောက်ထဲပစ်ချလိုက်”
“ နောက်မလုပ်ရဲတော့ပါဘူး ဆရာကြီးရယ်၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ”
လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူနှစ်ယောက်က အသံနက်ကြီးနဲ့အော်ဟစ်နေတဲ့အချိန် မယ်ရှင်ဆိုတဲ့ သဘက်မကြီးက နှစ်ယောက်လုံးကို ဆွဲကာခေါ်ဆောင်သွားခဲ့တယ်။
“ ဆရာကြီး… ဒီကောင်လေးဆီမှာ မိုးကြိုးသွားရှိနေတာသိလျက်နဲ့ ဘာလို့လွှတ်ပေးလိုက်တာလဲ”
“ ငဘိုးခင်… မင်းက ဒီပစ္စည်းကို သာမန် မိုးကြိုးသွားလို့ထင်နေတာလား”
“ သူက သာမန်မိုးကြိုးသွားမဟုတ်ဘူးလား ဆရာကြီး”
“ သာမန်မိုးကြိုးသွားဆိုရင် ငါကိုယ်တိုင် ထွက်ပြီး ယူပါ့မလား၊ ဟော ပြောရင်းဆိုရင်း ရောက်လာကြပြီထင်တယ်”
ဆံပင်ဖားလျားချထားတဲ့လူက ပြာပြာသလဲလဲနဲ့ထပြီး ဂူအပြင်ဘက်ကို ကြည့်လိုက်ရာ တစ်ကိုယ်လုံး ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ ဂန္ဓဗ္ဗနတ်တစ်ပါး ဦးခေါင်းထက်မှာ ပေါ်လာခဲ့တယ်။
“ အရှင်နတ်မင်း…ကြွရောက်လာပါပြီလား”
“ ဟဲ့ မောင်ခ… ငါ ရှာခိုင်းထားတဲ့ ရတနာကို ရှာတွေ့ပြီလား”
“ ရှာတွေ့ကြောင်းပါအရှင်… သို့ပေမယ့် ကျွန်တော်မျိုး ထိကိုင်နိုင်စွမ်းမရှိတာကြောင့် မယူဆောင်လာနိုင်ကြောင်းပါ”
“ ဒီရတနာက သင်မဆိုထားနှင့် ငါတောင် ထိကိုင်လို့မရဘူး၊ ရတနာပစ္စည်းရှိတဲ့အရပ်ကို အတိအကျလျောက်တင်စမ်း”
“ ရတနာပစ္စည်းက ဆင်တောင်အနောက်ဘက်၊ငှက်ပျောတောရွာက အဂ္ဂဆိုတဲ့လူငယ်လက်ဝယ်ရှိနေပါတယ်အရှင်”
“ ဒီသတင်းကို အသူရာနတ်စစ်သူကြီးထံ ပြန်လည်လျောက်တင်လိုက်ဦးမယ်၊ ရတနာပစ္စည်းရခဲ့ရင် သင့်ပိုင်နက်ကို ဆယ်ယူဇနာကနေ ယူဇနာတစ်ရာအထိ အပိုင်စားပေးမယ်ဟဲ့”
( မှတ်ချက်။ တစ်ယူဇနာကို ၁၃မိုင်နှုန်းဖြင့် တွက်ချက်ပါသည်)
“ ဝမ်းမြောက်လှကြောင်းပါအရှင်”
ဂန္ဓဗ္ဗနတ်လဲ သတင်းကောင်းကြားလိုက်တာမို့ အချိန်မဆိုင်းတော့ပဲ ကောင်းကင်ခရီးနဲ့ ပျံသန်းထွက်ခွာသွားပါတော့တယ်။
+++++++
“ ဝေါ့ ဝေါ့ ဝေါ့”
ဆင်တောင်အောက်ခြေမှာ တဝေါ့ဝေါ့နဲ့ ထိုးအန်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်ပြီး အောင်မြတ်သာ ခေါင်းကိုခါယမ်းလိုက်တယ်။
“ နောက်တစ်ခါ မြေကျောရှုံ့ပြီးမသွားရဲတော့ဘူးဗျာ”
အန်နေရင်းပြောလိုက်တဲ့ မောင်ကောင်း စကားကြောင့် အောင်မြတ်သာက ပြုံးလိုက်ပြီး
“ ဘာဖြစ်လို့လဲ မောင်ကောင်း”
“ ဘာဖြစ်ရမလဲဆရာရယ်၊ ခေါင်းတွေမူးပြီး လူကချာချာလည်ထွက်သွားတာပဲ”
“ ရော့ ဒီဆေးပြာစားထားလိုက်၊ ခဏနေ သက်သာသွားလိမ့်မယ်”
အောင်မြတ်သာက ငွေရောင်ကျုတ်နဲ့ထည့်ထားတဲ့ ပြာအချို့ကို မောင်ကောင်းနဲ့ ခွန်းလှလက်ဝါးထဲ ထည့်ပေးလိုက်တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ ဆေးပြာကိုပါးစပ်ထဲ ပက်ထည့်လိုက်တဲ့အချိန် ကောင်းကင်ထက်ကနေ မျက်စိကြိမ်းမတတ်အလင်းရောင်နဲ့အတူ စစ်ထွက်အဆင်တန်ဆာကို ဝတ်ဆင်ထားတဲ့ နတ်သားနှစ်ပါးပေါ်လာခဲ့တယ်။
“ အစ်ကို ဆရာ့ကိုကြည့်လိုက်ဦး”
ခွန်းလှစကားကြောင့် မောင်ကောင်း လှည့်ကြည့်လိုက်ရာ နတ်သားနှစ်ပါး ခန္ဓာကိုယ်ကထွက်တဲ့ ရွှေရောင်အလင်းဓါတ်တွေက အောင်မြတ်သာကိုယ်ကထွက်တဲ့ အဖြူရောင်အလင်းဓါတ်တွေကို မတိုးဖောက်နိုင်ပဲ လနဲ့နေ အလင်းရောင်ချင်းပြိုင်သလိုဖြစ်နေခဲ့တယ်။
နတ်သားနှစ်ပါးက အောင်မြတ်သာကိုမြင်တော့ လက်မှာကိုင်ထားတဲ့ အသွားရှစ်မြှောင့်ပါတဲ့ လှံကို အောက်ချလိုက်ပြီး
“ အသင်က အထက်ဝိဇ္ဇာကြီးတွေ တာဝန်ပေးအပ်ထားတဲ့ သူ ဟုတ်ပါသလား”
“ ဟုတ်ပါတယ်၊ ဝရဇိန်လက်နက်အပိုင်းအစကိုရှာဖို့ ကျုပ်ကိုတာဝန်ပေးထားပါတယ်”
“ ဒါဆို သင်တို့ရောက်တာနောက်ကျနေပြီ”
“ ဘာကြောင့်ပါလဲ အသင်နတ်သား”
“ အသူရာနတ်တွေက ဂန္ဓဗ္ဗနတ်တွေကို ခိုင်းစေပြီး ရတနာကိုဦးစွာရှာခိုင်းခဲ့ကြတယ်၊ အခုဆို ရတနာရှိတဲ့နေရာကို ရောက်တောင် ရောက်နေလောက်ပြီ”
“ အသင်နတ်သားစိတ်ပူလွန်နေပြီထင်တယ်၊ ကျုပ်တို့ဒီမြေကိုစနင်းထဲက ဂန္ဓဗ္ဗနတ်တွေရဲ့ စွမ်းအင်ကိုရော၊ အသူရာနတ်တွေရဲ့ စွမ်းအင်ကိုရော ခံစားမိတာမရှိသေးဘူး”
“ ဒါဖြင့်ရင် ကျုပ်တို့အစွမ်းနဲ့ လှည့်ပတ်ကြည့်ရှုလိုက်ပါဦးမယ်၊ ရတနာပစ္စည်းတွေ့ရင် ခရုသင်းမှုတ်ပြီး အချက်ပြလိုက်ပါမယ်”
“ ကောင်းပါပြီအသင်နတ်သား”
နတ်စစ်သည်နှစ်ပါးထွက်သွားတော့ မောင်ကောင်းက မျက်မှောက်ကျုံ့ပြီး
“ ဝရဇိန်လက်နက်ဆိုတာ ဘယ်လိုမျိုးလဲဆရာ”
“ ဝရဇိန်လက်နက်ဆိုတာ အသွားလေးခု နှစ်ဖက်ပါတဲ့ လက်နက်တစ်မျိုးပဲ၊ သာမန်အချိန်တွေဆိုရင် အသွားလေးခုက ကြာဖူးသဏ္ဍာန်လိုငုံနေတတ်ပြီး တိုက်ခိုက်တော့မယ်ဆိုရင် ကြာပွင့်လိုပွင့်ထွက်လာတတ်တယ်”
“ အခုလိုက်ရှာနေတဲ့အပိုင်းအစဆိုတာက အသွားရှစ်ခုထဲက ပဲ့ထွက်သွားတာပဲဖြစ်ရမယ်၊ သိကြားမင်းရဲ့ လက်နက်ကိုတောင် ပဲ့ကြွေအောင်လုပ်နိုင်တဲ့ အသူရာနတ်တွေက အစွမ်းတော်တော်ကြီးတာပဲနော်”
“ အသူရာနတ်တွေထဲမှာ ဝေပစိတ္တိအသူရာ၊ ဝိနိပါတိကအသူရာ၊ ကာလကဉ္စိကအသူရာဆိုပြီး သုံးမျိုးရှိတယ်၊ အဲဒီထဲမှာ ဝေပစိတ္တိအသူရာက တာဝတိံသာမှာရှိတဲ့နတ်တွေနဲ့ အစွမ်းချင်းတူကြတယ်၊ ဝိနိပါတိကအသူရာတွေက စတုမဟာရာဇ်၊ တာဝတိံသာနတ်တွေလောက် တန်ခိုးမကြီးကြဘူး၊ ထူးခြားတာက ဒီအသူရာတွေက တိဟိတ်ပဋိသန္ဓေနေလို့ရပြီး မဂ်ဖိုလ်ကိုရအောင်လဲ ကျင့်ကြံနိုင်ကြတယ်၊ ကလကဉ္စိကအသူရာကတော့ ပြိတ္တာအသူရာမျိုးပဲ၊ သူ့ကိုအသူရကာယ်ဘုံထဲမှာ ထည့်သွင်းရေတွက်လို့လဲရတယ်၊ နေ့စံညခံ ပြိတ္တာတွေက ကလကဉ္စိကအသူရာမျိုးနွယ်တွေပဲ”
“ ဒါဆို အခု လူ့ပြည်ဆင်းလာတဲ့ အသူရာဆိုတာ ဝေပစိတ္တိအသူရာတွေပေါ့”
“ သေချာတာပေါ့ မောင်ကောင်းရ၊ ဒါကြောင့် သိကြားမင်းက ငါတို့ကို ကူညီပေးဖို့ သူ့ရဲ့ နတ်စစ်သည်တွေကို စေလွှတ်ထားတာပဲ”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ခွန်းလှ နားလည်စေရန်ရှင်းပြနေတဲ့အချိန် အရှေ့ဘက်စူးစူးကနေ ခရုသင်းမှုတ်သံကြားလိုက်ရတယ်။
“ ရှာတွေ့ပြီထင်တယ်… မင်းတို့မှာရှိတဲ့ ဓါတ်လုံးကိုငုံလိုက်တော့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ ဓါတ်လုံးကိုငုံပြီး မြေလျှိုးဂါထာကိုရွတ်လိုက်ရာ ခန္ဓာကိုယ်က မြေကြီးထဲကို နွံနစ်သလိုကျွံဝင်သွားပြီး လျောစီးသလို ရွေ့လျားသွားခဲ့တယ်။
မျက်တောင်ဆယ်ချက်လောက်ခတ်ပြီးချိန်မှာတော့ လက်တစ်ဖက်က လက်ကောက်ဝတ်ကိုဖမ်းဆွဲတာခံလိုက်ရပြီး မြေကြီးပေါ်ကို တိုးထွက်လာခဲ့တယ်။
မြေပြင်ပေါ်ရောက်လို့ကြည့်လိုက်တော့ ပျဉ်အိမ်လေးတစ်လုံးရှေ့မှာ လူနှစ်ယောက် မေ့လဲနေပြီး ကောင်းကင်ယံမှာတော့ ဆူးတင်းပုတ်ကိုင်ထားတဲ့ နှစ်နှစ်ပါးနဲ့ အသွားရှစ်မြောင့်ပါလှံတံကိုင်ထားတဲ့ နတ်နစ်ပါး စီးချင်းထိုးနေတာမြင်လိုက်ရတယ်။
ကောင်းကင်ယံမှာ အပြင်းအထန်တိုက်ခိုက်တဲ့ နတ်သားလေးပါးရဲ့ လက်နက်ချင်း ပွတ်တိုက်သံ၊ ကြိမ်းဝါးအော်ဟစ်သံတွေက တိမ်တိုက်တွေကြားထဲကနေ ထွက်ပေါ်နေခဲ့တယ်။
“ ဆရာ… အသူရာနတ်တွေ ထပ်ဆင်းလာပြီဗျ”
ခွန်းလှက အထိတ်တလန့်အော်ပြီးလက်ညိုးထိုးပြ လိုက်တာကြောင့် အောင်မြတ်သာ မော့ကြည့်လိုက်ရာ ဦးခေါင်းသုံးလုံးပါတဲ့ ဆင်၊ ဆွတ်ဆွတ်ဖြူနေတဲ့ မြင်းပျံတွေကိုစီးကာ ဆင်းလာတဲ့ အသူရာနတ်တွေကိုမြင်လိုက်ရတယ်။
“ တာဝတိံသာက နတ်စစ်သည်တွေ မရောက်လာသေးဘူးနဲ့တူတယ်၊ ဘယ်လိုလုပ်ကြမလဲဆရာ”
“ မင်းတို့အောက်မှာစောင့်နေကြ၊ ငါသွားပြီး ကူညီလိုက်မယ်”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို မြေပြင်မှာထားပြီး လေပေါ်ကိုပျံတက်သွားခဲ့တယ်။
အသူရာနတ်စစ်သည်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရတဲ့ တာဝတိံတာနတ်စစ်သည်နှစ်ပါးရဲ့ နဖူးပြင်ကနေ ချွေးစတွေ စို့တက်လာခဲ့တယ်။
နတ်တို့ရဲ့သဘောအရ ချွေးထွက်ခြင်းဖြစ်ပေါ်ပါက မကြာခင်နတ်သက်ကြွေရတော့မယ်ဆိုပေမယ့် နတ်စစ်သူကြီးနှစ်ပါးကတော့ ရှိသမျှခွန်အားနဲ့ အသူရာနတ်တို့ကို ခုခံတိုက်ခိုက်နေခဲ့တယ်။
အဲဒီအချိန် နတ်နှစ်ပါးရဲ့အလယ်မှာ ယောဂီဝတ်စုံဝတ်ထားတဲ့ အောင်မြတ်သာရဲ့ ခန္ဓာပေါ်လာပြီး ဆူးတင်းပုတ်နဲ့ ထိလုထိခင်ဖြစ်နေတဲ့
နတ်နှစ်ပါးကို ဆွဲဖယ်လိုက်တယ်။
အသူရာနတ်တွေလဲ အောင်မြတ်သာကိုမြင်တော့ ရုတ်တရက် အံ့အားသင့်သွားပြီး တုံ့ဆိုင်းသွားတဲ့အချိန် လည်ပင်းမှာဆွဲထားတဲ့ ပုတီးစိပ်ကိုချွတ်ကာ ခါယမ်းလိုက်တယ်ဆိုရင်ပဲ သီထားတဲ့ ပုတီးလုံးတွေပြုတ်ထွက်ကာ အောင်မြတ်သာနဲ့တစ်ထေရာထဲတူတဲ့ ကိုယ်ပွားတွေ ဖြစ်ပေါ်လာခဲ့တယ်။
အသူရာနတ်အချို့က အောင်မြတ်သာနဲ့ နတ်စစ်သူကြီးနှစ်ပါးကို တိုက်ခိုက်ဖို့ ဝန်းရံထားချိန်မှာပင် အခြားအသူရာနတ်တွေက အိမ်ပေါ်မှာမေ့လဲနေတဲ့ အဂ္ဂနားကို ထိုးဆင်းလာခဲ့ကြတယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ အသူရာနတ်တွေ ဆင်းလာတာမြင်တော့ ကွန်ခြာအင်းသုံးပြီး ကာကွယ်ဖို့ပြုလုပ်ပေမယ့် ဆူးတင်းပုတ်နဲ့ ရိုက်ဖျက်တာကိုခံလိုက်ရတယ်။
အဲဒီအချိန် မြေကြီးတွေက ရေလှိုင်းလို တလိမ့်လိမ့်တက်လာပြီး အထဲကနေ ဘိုးထွန်းဇံ ဝုန်းခနဲခုန်ထွက်လာခဲ့တယ်။
“ ဟေ့ကောင်လေးတွေ ဒီလိုနတ်တွေနဲ့ ရင်ဆိုင်တဲ့အခါ သိကြားစမကို သုံးရတယ်ကွ” လို့ အော်ပြောကာ လက်နှစ်ဖက်ကို ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်တယ်။
ဘိုးထွန်းဇံရဲ့ လက်ဝါးနှစ်ဖက်ထိသံနဲ့အတူ လေတံပိုးတွေ ဆင့်ကဲဆင့်ကဲထွက်ပေါ်လာပြီး အသူရာနတ်တွေ အနောက်ကို အနည်းငယ် လွင့်ထွက်သွားခဲ့တယ်။
မောင်ကောင်းတို့လဲ ဘိုးထွန်းဇံစကားကြောင့် ယခင်က ရေးဆွဲထားဖူးတဲ့ သိကြားစမကို ထုတ်ယူကာ လက်နဲ့ရိုက်လိုက်တယ်ဆိုရင်ပဲ စမထဲမှာပါတဲ့ အက္ခရာလေးတွေက တစ်လုံးချင်း လွင့်ထွက်သွားပြီး အိမ်ပတ်ပတ်လည်မှာ ဝေ့ဝိုက်ပျံသန်းနေခဲ့တယ်။ အတန်ကြာအောင် ပျံသန်းပြီးချိန်မှာတော့ စမအက္ခရာတွေ ပေါင်းစည်းသွားပြီး လက်ယာကခရုသင်း၊ လက်ဝဲက သားမြှီးယပ်ကိုကိုင်ထားတဲ့ သိကြားမင်းပုံတူပေါ်ပေါက်လာခဲ့တယ်။
သိကြားစမကနေဖြစ်ပေါ်လာတဲ့ ပုံတူက အနားရောက်လာတဲ့အသူရာတွေကို သားမြှီးယပ်နဲ့ရိုက်ထုတ်နေခဲ့သလို အောင်မြတ်သာရဲ့ကိုယ်ပွား၁၀၈ယောက်ကလဲ အသူရာနတ်တွေရှေ့ဆက်မတိုးအောင် ဟန့်တားပေးနေခဲ့တယ်။
အဲဒီအချိန် ကောင်းကင်ယံကနေ ခရုသင်းမှုတ်သံ၊ အောင်စည်အောင်မောင်းတီးသံတို့နဲ့အတူ မရေမတွက်နိုင်အောင် များပြားတဲ့ နတ်စစ်သည်တွေဆင်းလာပါတော့တယ်။
အသူရာနတ်တွေလဲ တာဝတိံသာနတ်စစ်သည်တို့ရဲ့ ကြုံးဝါးသံ၊ စစ်ချီသံတွေကြောင့် ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်လာပြီး မိမိတို့ဘုံဗိမ္ဗာန်ရှိရာ မဟာသမုဒ္ဒရာအောက်ကို ပြေးဆင်းကြကုန်တယ်။
အသူရာနတ်တို့ပြေးတာမြင်တော့ တာဝတိံသာနတ်စစ်သည်တို့လဲ ညာသံပေးပြီး နောက်ကလိုက်ဖို့အလုပ် ကျယ်လောင်တဲ့ခရုသင်းသံနဲ့အတူ ဧရာ၀ဏ်ဆင်ကိုစီးထားတဲ့ နတ်တို့ပြည့်ရှင်သိကြားမင်းပေါ်လာခဲ့တယ်။
အလားတူ ကောင်းကင်ယံမှာ သင်္ကန်းကို ညီညာစွာဝတ်ရုံထားတဲ့ ရဟန်းတော်တစ်ပါးပေါ်လာပြီး အောင်မြတ်သာကို ပြုံးပြီးကြည့်နေခဲ့တယ်။
သိကြားမင်းလဲ ရဟန်းတော်ကိုမြင်တော့ ဆင်ပေါ်ကနေဆင်းပြီး ကန်တော့လိုက်တဲ့အချိန် ဆင်းဦးကင်းမှာတင်ထားတဲ့ ဝရဇိန်လက်နက်က တဆတ်ဆတ်လှုပ်ခါလာတာကိုမြင်လိုက်ရတယ်။
ဒါကိုမြင်တဲ့ ရဟန်းတော်က သိကြားမင်းကိုကြည့်ပြီး
“ သူ့ရဲ့အစိတ်အပိုင်းကို ဒကာသိကြားမင်းကိုယ်တိုင် ပြန်လည်တပ်ဆင်ပေးလိုက်ပါ”လို့မိန့်တော်မူခဲ့တယ်။
သိကြားမင်းလဲ ဆရာတော်စကားကြောင့် ဝရဇိန်လက်နက်ကို ကိုင်ပြီးမြှောက်တင်လိုက်ရာ လေတိုးသံတစ်ချက်နဲ့အတူ ကျောက်အစွယ်အပိုင်း စလေးက အိမ်ခေါင်မိုးကို ဖောက်ပြီး ပဲ့နေတဲ့နေရာမှာ သံလိုက်ကပ်သလို ကပ်နေခဲ့တယ်။
အဲဒီအချိန်မှာပဲ ဝရဇိန်လက်နက်တစ်ခုလုံး အဖြူရောင်လျှပ်စီးတွေ တစ်လက်လက်ထလာပြီး မွဲခြောက်ခြောက်ကျောက်သားအရောင်ကနေ ဝင်းအိနေတဲ့ရွှေရောင်လက်နက်အဖြစ်ပြောင်းလဲ သွားခဲ့တယ်။
အဲဒီအချိန် အောင်မြတ်သာဘေးမှာရပ်နေတဲ့ နတ်စစ်သူကြီးနှစ်ပါးက ဖျတ်ခနဲပျောက်ကွယ်သွားပါတော့တယ်။
ဆရာတော်ကတော့ ပျောက်ကွယ်သွားတဲ့ နတ်စစ်သူကြီးနှစ်ပါးကိုကြည့်ပြီး
“ ဒကာကြီးနှစ်ယောက်က နတ်ပြည်ကနေ နတ်သက်ကြွေပြီး လူ့ပြည်မှာ ညီအစ်ကို တစ်ဝမ်းကွဲအဖြစ်ပြန်ဝင်စားလိမ့်မယ်၊ သူတို့နှစ်ယောက်ရဲ့ ကုသိုလ်ကံ၊ အတိတ်ကံတွေကြောင့် လူ့ဘဝရောက်တဲ့အခါမှာလဲ သာမန်လူတွေထက် ထူးခြားတဲ့အမြင် အာရုံတွေ ရကြပြီး လူသားတွေကို စွမ်းစွမ်းတမံ ကူညီကြလိမ့်မယ်” လို့ မိန့်တော်မူခဲ့တယ်။
သိကြားမင်းးကလဲ ဆရာတော်မိန့်ကြားချက်ကို ကြာတော့ ကြည်နူးစွာဖြင့် ခြေဖမိုးကိုဦးခေါင်းနဲ့ထိကာ ပူဇော်ကန်တော့ပြီး နတ်ပြည်ကိုပြန်လည်ကြွသွားခဲ့တယ်။
သိကြားမင်း ပြန်ကြွသွားတော့ ဆရာတော်က အောင်မြတ်သာ၊မောင်ကောင်း၊ ခွန်းလှတို့ဆီကြွလာပြီး အောင်မြတ်သာရဲ့နဖူးမှာ နဝင်းစမ၊ မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ နဖူးမှာ လေးလုံးစမတို့ကိုရေးဆွဲချီးမြှင့်ပေးကာ မဟာမြိုင်တောရှိရာအရပ်ကို ကောင်းကင်ခရီးဖြင့် ပြန်လည်ကြွချီသွားပါတော့တယ်။
ဒီအဖြစ်ကိုမြင်တဲ့ ဘိုးထွန်းဇံက ကွမ်းဂျိုးတက်နေတဲ့သွားတွေပေါ်အောင် ရယ်လိုက်ပြီး
“ ပြည်တော်ဝင်ခရီးသည်တွေထဲမှာ နဝင်းစမချီးမြှင့်ခံရတာဆိုလို့ မင်းပဲရှိသေးတယ်ကွ” လို့ဝမ်းသာအားရပြောပါလေရော။
အောင်မြတ်သာတို့လဲ ဘိုးထွန်းဇံကို ကျေးဇူးတင်ကြောင်းပြောပြီး ယူထားတဲ့ ဓါတ်လုံးနှစ်လုံးကိုပြန်ပေးကာ ဆင်တောင်ကနေ ထွက်လာခဲ့ပါတော့တယ်။
အောင်မြတ်သာတို့ ဆင်တောင်ကို ကျော်လွန်ပြီးချိန်မှာတော့ သတိမေ့မျောနေတဲ့ အဂ္ဂတို့သားအဖ ပြန်နှိုးလာခဲ့ကြတယ်။ နိုးလာတဲ့ချိန်မှာတော့ သူ့တို့ဘေးမှာ ရွှေငွေရတနာတွေအပြည့်ပါတဲ့ ယွန်းသေတ္တာတစ်လုံးရှိနေပြီး သေတ္တာပေါ်မှာတော့ ဝရဇိန်လက်နက်ပုံစံကို ရေးထွင်းထားတာကိုမြင်လိုက်ရတယ်။ သို့ပေမယ့် ရေးထွင်းထားတဲ့ပန်းပုက ဝရဇိန်လက်နက်ပုံဆိုတာကို သားဖနှစ်ယောက်လုံး မသိခဲ့ကြပေ။
+++++
အောင်မြတ်သာတို့ ဆင်တောင်ကနေ ထွက်လာပြီး တစ်လလောက်အကြာမှာတော့ မယ်ဇလီရွာကို ရောက်လာခဲ့ကြပြီး ရွာရှိဘုန်းကြီးကျောင်းမှာ သံဃာတော်တွေ သီတင်းသုံးမရအောင် သောင်းကျန်းနေတဲ့ နာနာဘာဝတစ်ကောင်ကို ဆုံးမခဲ့ကြရသေးတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ကျောင်းစောင့်သရဲကြီးဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)