အောင်မြတ်သာနှင့်မီးတောက်ဘပြုံး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
အောင်မြတ်သာတို့ဆရာတပည့်တွေ ခုနှစ်ရက်သားသမီးတွေကို ဒုက္ခပေးနေတဲ့ ပညာရှင်တွေကိုနယ်တကာလှည့်ပြီးနှိမ်နင်းလာခဲ့တာ အခုဆို သစ်ပုတ်ပင်ဆိုတဲ့ရွာလေးက်ုရောက်လာခဲ့တယ်။
” မင်းဆွေ မင်းလယ်တွေဒီနှစ်အထွက်မကောင်းဘူးဆို”
” ဟုတ်တယ်ကွာ ဒီနှစ်မှ ဘယ်လိုဖြစ်လဲမသိပါဘူး အရင်းတောင်ကျေပါ့မလားဆိုတာစိတ်ပူနေတာ”
” မင်းဒီနှစ်ထွန်ချတဲ့အချိန် ဘပြုံးကိုမပူဇော်ခဲ့ဘူးလို့ငါကြားတယ် အဲဒါဟုတ်လား”
“အေးလေကွာ အရင်နှစ်တွေထဲက ငါ့လုပ်အားနဲ့ ငါကြိုးစားလာခဲ့တာ အခုကျမှ ဆေးဆရာလိုလို နတ်ဆရာလိုလိုလူရဲ့စကားကိုငါက လိုက်လုပ်ရမှာလား”
” မင်းနဲ့တော့ခက်ပီ အခုဆိုတစ်ရွာလုံးက ဘပြုံးကိုပူဇော်ပသနေကြရတာ မင်းလယ်ဒီနှစ်အထွက်မကောင်းတာ ဘပြုံးကိုမူဇော်လို့ဆိုပြီး ရွာထဲကလူတွေပြောနေကြလို့ ငါကမေးကြည့်တာပါ “
“ငါကတော့ အယုံအကြည်မရှိဘူး ဘုရားတရားသံဃာနဲ့သူတို့ရဲ့ လမ်းစဉ်ကိုလိုက်နေတဲ့သူကိုပဲငါကယုံကြည်တာ အခုမင်းပြောတဲ့ဘပြုံးဆိုတဲ့သူကို မင်းရောမြင်ဖူးလို့လား သူ့အကြောင်းသတင်းဖွနေတဲ့ ဆေးဆရာဓါတ်ဆရာလိုလိုကောင်ရဲ့စကားကိုပဲတစ်ရွာလုံးကယုံကြည်နေကြတာ ငါဘာဖြစ်ဖြစ်ကွာ အဲဒီလူအကြောင်းင့ါကိုမပြောနဲ့”
မင်းဆွေရဲ့ မာထန်တဲ့စကားသံကြောင့် တင်လှငြိမ်သွားတယ်။
” အေးပါကွာ မင်းမကြိုက်ဘူးဆိုလဲငါမပြောတော့ဘူး ငါ့လယ်ဘက်ခဏသွားဦးမယ် မင်းလဲနေရိပ်ရင် လယ်ထဲဆင်းဦး စိတ်ဓါတ်ကျပြီးထိုင်မနေနဲ့”
“အေးပါ မင်းအရင်သွားလိုက် ငါခဏနေလိုက်လာမယ်”
ရွာအပြင်လယ်ကွင်းစပ်မှာပေါက်နေတဲ့ ကုက္ကိုပင်အောက်မှာ စကားပြောနေကြတဲ့လယ်သမားနှစ်ယောက်ရဲ့ အသံကိုကြားတော့ သက်ခိုင်က
” ဆရာ ဘပြုံးဆိုတဲ့သူက ဘယ်လိုတွေများအစွမ်းထက်နေလဲတော့မသိဘူး သူ့ကိုလူတော်တော်များများ ကိုးကွယ်နေကြသလိုပဲ”
သက်ခိုင်စကားကြောင့်အောင်မြတ်သာက လယ်ကွင်းပြင်တွေဘက်ကိုကြည့်ပြီး
” ငါလဲသူ့ကိုရှာနေတာ အခုထွက်လာတဲ့ရွာမှာဖြစ်တဲ့ပြသာနာကလဲ သူပဲလုပ်ထားတာ အခုသူ့အကြောင်းတစ်စွန်းတစ်စကြားရပီဆိုတော့ သူရှိတဲ့နေရာလိုက်ကြရုံပေါ့”
” ဒါဆို ခုနက ပြောတဲ့လယ်သမားဆီသွားမေးကြည့်ရင်မကောင်းဘူးလား”
” သူ့ဆီမေးရင်တော့ အနည်းငယ်သိလောက်မယ်ထင်တယ် မင်းသွားမေးကြည့် ငါကအခြေအနေကိုစောင့်ကြည့်ဦးမယ်”
အောင်မြတ်သာရဲ့အခွင့်ရသည်မို့ သက်ခိုင်လဲ ကုက္ကိုပင်အောက်မှာထိုင်နေတဲ့ လယ်သမားဆီကိုထွက်ခဲ့လိုက်တယ်။
” ကျွန်တော်ခဏထိုင်မယ်နော်”
သက်ခိုင်ရဲ့စကားကိုကြားတော့ ခမောက်ကိုယပ်တောင်သဖွယ်ယပ်ခတ်နေတဲ့ လူက
” ရပါတယ် ထိုင်ပါ ဒီအပင်က ကျုပ်ပိုင်တဲ့အပင်မှမဟုတ်တာ”
စကားစမြည်ပြောကြည့်တော့ အဆင်ပြေနိုင်တဲ့အခြေအနေမို့ သက်ခိုင်က စကားဦးသန်းလိုက်တယ်။
” မိတ်ဆွေခုနကပြောနေတဲ့စကားတွေကို နားစွန်နားဖျားတော့ကြားလိုက်တယ် ဒီနှစ်လယ်တွေအထွက်မတိုးတာ ဘပြုံးဆိုတဲ့သူကိုမပူဇော်လို့ဆို”
သက်ခိုင်စကားကြောင့် ခမောက်နဲ့ယပ်ခပ်နေတဲ့သူက ဘုကြည့်ကြည့်လိုက်ပြီး
” ခင်ဗျားကရော သူ့လူပဲလား ဒါဆိုကျုပ်ကိုအဲဒီအကြောင်းထပ်မပြောနဲ့”
” ဟာဗျာ ကျုပ်ကသူ့လူမဟုတ်ပါဘူး ကျုပ်တို့ကခရီးသွားတွေပါ ဟိုဘက်အရိပ်အောက်မှာထိုင်နေတာက ကျုပ်ရဲ့ဆရာ ခုနက ခင်ဗျားတို့ပြောနေတဲ့စကားတွေကိုကြားလို့လာမေးကြည့်တာ ကျုပ်တို့ကူညီနိုင်ရင်လဲကူညီလို့ရအောင်ပါ”
သက်ခိုင်စကားကိုကြားတော့ခမောက်ကိုင်ထားတဲ့သူက ခမောက်ကိုပြန်ဆောင်းလိုက်ပြီး
” ခင်ဗျားတို့က အထက်လမ်းဆရာတွေလား”
“ဘာဖြစ်လို့အဲလိုမေးတာလဲ”
” ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဝတ်ထားတဲ့အင်္ကျီတွေကယောဂီအင်္ကျီတွေဖြစ်နေတာရယ် လက်ထဲပတ်ထားတဲ့ပုတီးရယ်ကိုမြင်လို့မေးလိုက်တာပါ”
” ဟုတ်ပါတယ် ကျုပ်တို့က အခကြေးငွေမယူပဲ နယ်လှည့်ပြီး လူတွေကိုကူညီနေတဲ့သူပါ”
“ဒါဆိုကျုပ်နည်းနည်းတော့စိတ်ချသွားပြီ အခုကျုပ်ဖြစ်နေတာကို ပြောပြမယ် ကျုပ်က ဘပြုံးဆိုတဲ့သူကိုမယုံဘူးဗျ ဒါပေမယ့် တစ်ရွာလုံးကတော့ယုံကြတယ် ယုံလောက်တဲ့အကြောင်းကလဲရှိနေကြတာကိုး”
“ဟင် ဘယ်လိုအကြောင်းတွေရှိခဲ့လို့လဲ”
” ကျုပ်တို့လယ်လုပ်တဲ့နေရာက အရင်ဖုန်းဆိုးတောကြီးလို့ပြောတယ် မကောင်းဆိုးဝါးနာနာဘာဝတွေလဲ အရမ်းပေါတယ် ဒီနေရာကိုအရင်က သင်္ချိုင်းလုပ်ဖို့စီစဉ်ခဲ့ဖူးတယ် ဒါပေမယ့် ရွာရဲ့အထက်ဘက်မှာ ဆည်ဆောက်ဖို့လုပ်တော့ ဒီဘက်ကိုလယ်ယာမြေအဖြစ်ပေးခဲ့တာ ကျုပ်ကဒီရွာကိုရောက်တာ သိပ်မကြာသေးဘူး အလွန်ဆုံးရှိ သုံးနှစ်လောက်ပဲရှိဦးမယ် ကျုပ်စရောက်တော့ ဒီနေရာမှာစပါးစစိုက်တာပဲ ဒါပေမယ့် မမြင်အပ်တဲ့အရာတွေနှောက်ယှက်လို့ စပါးကောင်းကောင်းမစိုက်နိုင်ကြဘူး အဲဒီအချိန် ရွာထဲကို ဆေးဆရာလိုလို ဓါတ်ဆရာလိုလိုလူတစ်ယောက်ရောက်လာတယ် သူကဒီရွာကလူတွေအဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး ဖုန်းဆိုးတောထဲစပ်မှာ အစီအမံတွေလုပ်ခဲ့တယ်”
” ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာ သိလား”
” အဲဒီအချိန်ကျုပ်က လယ်မြေလုပ်ဖို့ ဖုန်းဆိုးတောကိုစရှင်းနေတဲ့အချိန် ကျုပ်မှတ်မိသလောက် အနီရောင်အရုပ်လေးတွေကို သက်ဆိုင်ရာလယ်ကွက်တွေထဲမှာမြှုပ်ခဲ့တယ် ကျုပ်လယ်မှာမြှုပ်ဖို့လုပ်တော့ ကျုပ်လက်မခံခဲ့ဘူးလေ အဲဒီအချိန်မှာ ကျုပ်လယ်လုပ်တဲ့နေရာက မြေမကောင်းဘူး ဘာမှစိုက်မရတဲ့နေရာဆိုပြီးချန်ခဲ့တာကိုကျုပ်ကရတာ အဲဒီဆေးဆရာလုပ်ပေးတဲ့လယ်တွေအကုန်လုံး အနှောက်အယှက်တွေမရှိပဲ လယ်ကောင်းကောင်းလုပ်လို့ရသွားတယ် “
” ဒါဆိုခင်ဗျားလယ်ကိုရော မမြင်အပ်တဲ့အရာတွေက မနှောက်ယှက်ဘူးလား”
” ကျုပ်ဆီမှာ ပရိတ်ရေတစ်ပုလင်ရှိတယ် ကျုပ်ဒီရွာကိုပြောင်းလာတော့ မိဘတွေက ထည့်ပေးလိုက်တာ ကျုပ်ကအဲဒီပရိတ်ရေတွေကို အကုန်ဖြန်းပစ်တာ ကျန်တာကိုတော့ ပွားပြီး အိမ်ကဘုရားကျောင်းဆောင်မှာထားတာပေါ့ အဲဒီနှစ်ကျုပ်တော်တော်လုပ်လိုက်ရတယ် လူလဲပင်ပန်းတာမှပြောမနေနဲ့ စပါးထွက်တော့ ကျုပ်လယ်က သူများလယ်တွေနီးပါးအထွက်ကောင်းခဲ့တယ် လယ်တွေရိတ်တော့ ရလာတဲ့စပါးထဲက သုံးပုံတစ်ပုံကို ဆေးဆရာဆိုသူကိုပေးရတယ် ဘာလို့ပေးလဲလို့မေးတော့ သူလုပ်ပေးလို့စပါးအထွက်တိုးတာဆိုပြီး ရွာကလူတွေကယုံထားကြတာကိုး ကျုပ်ကတော့မယုံပေါင်ဗျာ အဲဒီဆေးဆရာက ရလာတဲ့စပါးတွေကို မြေကွက်လပ်မှာပုံပြီး သူ့ဆရာဘပြုံးကိုပူဇော်တာ “
” ဒါနဲ့ သူ့ဆရာက ဒီရွာကိုလာဖူးလား”
” မနှစ်စပါးထွက်တဲ့အချိန်ရောက်ဖူးတယ် သူကစပါးတွေကို ကြည့်ပြီး သူ့ကိုနှစ်တိုင်းထွက်တဲ့စပါးရဲ့သုံးပုံတစ်ပုံပေးရင် ဒီထက်မက အထွက်တိုးမယ်ဆိုပြီး ပြောခဲ့တာ သူကတောထဲမှာနေသလိုလို ခရီးထွက်သလိုလိုလုပ်နေတဲ့အချိန် သူ့တပည့်ဖြစ်သူကပဲ စီမံနေတာ အခုဆို ရွာထဲမှာ အိမ်တစ်လုံးတောင်သူ့တပည့်အတွက်ဆောက်ထားပေးလေရဲ့ တစ်ရွာလုံးဘပြုံးဆိုတဲ့သူကိုယုံနေတဲ့အချိန် ကျုပ်ကတော့မယုံဘူး ဖြစ်ချင်တော့ မနှစ်က ပရိတ်ရေပုလင်းလွတ်ကျပြီး အကုန်ဖိတ်ကုန်တယ် လယ်လုပ်တော့ စပါးခင်းပတ်လည်ကို ပရိတ်ရေမဖြန်းခဲ့ရဘူး အဲလိုမဖြန်းဖြစ်ခဲ့ရာကနေ အခုစပါးအထွက်တော်တော်လေးကိုလျော့ခဲ့တာ”
” ဘာကြောင့်အထွက်လျော့တာလဲ အရင်ကသုံးတဲ့မြေဩဇာမသုံးလို့လား”
” ကျုပ်အရင်အတိုင်းပဲသုံးတာ ဒါပေမယ့် စပါးတွေက မမြည့်ခင် မကုန်နွမ်းပြီးသေကုန်တယ် ကျုပ်လဲထူးဆန်းလို့ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် ရွာထဲကလူတွေက ဘပြုံကိုမပူဇော်လို့ဖြစ်တာဆိုပြီး ပြောတော့ကျုပ်လဲ ဓါးကြိမ်းကြိမ်းပြီး နောက်တစ်ခါထပ်ပြောရင် ကျုပ်အဆိုးမဆိုနဲ့လို့ပြောထားတာ”
သက်ခိုင်က ခမောက်ဆောင်းထားတဲ့လယ်သမားရဲ့စကားကိုကြားတော့
” အခုလယ်တွေအငယကုန်ရိတ်ပြီးပြီးလား”
” အကုန်မရိတ်ရသေးဘူး တစ်ကွက်ပဲရိတ်ရသေးတယ် “
” အဲဒါဆို မရိတ်နဲ့ဦး ကျုပ်တို့ရိတ်ဆိုမှ ရိတ် ခင်ဗျားစပါးတွေအထွက်မလျော့စေရဘူး”
” အဲဒါဆိုလဲ ကျုပ်မရိတ်သေးဘူး ခင်ဗျားတို့ပြောတဲ့အတိုင်းနေကြည့်လိုက်ဦးမယ်”
“တစ်ခုတော့ကျုပ်တို့ကိုကူညီ “
” ကျုပ်ဘာကုညီရမလဲဆိုတာပြောပါ တတ်နိုင်ရင်လုပ်ပေးပါ့မယ်”
” အခုကျုပ်တို့ ဆေးဆရာဆိုတဲ့လူနဲ့တွေ့ချင်တယ် သူ့အိမ်နေရာကိုပြပါ နောက်တစ်ခုက ကျုပ်တို့ခင်ဗျအိမ်မှာလိုက်တည်းပါရစေ”
” အဲဒါကတော့ ကိစ္စမရှိဘူး ကျုပ်ပြန်ရင်လိုက်ခဲ့ကြ နေဖို့စားဖို့စိတ်မပူနဲ့ ကျုပ်နေသလို ကျုပ်စားသလိုစားရမယ်”
သက်ခိုင်လဲ အခြေအနေကိုသိရပြီမို့ အောင်မြတ်သာဆီပြန်သွားကာအကျိုးအကြောင်းပြောပြလိုက်တယ်။
အောင်မြတ်သာက သက်ခိုင်ပြောတဲ့စကားကို မငြင်းဆန်ပဲ ရွာထဲကိုလိုက်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ ရွာထဲကိုလျောက်လာပြီး ါကဲခတ်နေတဲ့အချိန်
” ဟိုမှာမြင်နေရတဲ့အိမ်က ဆေးဆရာအိမ် အဲဒီအိမ်ကရွာခံတွေဆောက်ထပေးတာ သူ့ခြံထဲမှာ ကြောက်စရာကောင်းတဲ့အရုပ်တွေအပြင် နတ်ရုပ်တွေလဲရှိတယ်”
အောင်မြတ်သာတို့လဲ ဆေးဆရာဆိုသူရဲ့အိမ်ကို အပြင်ကနေလှမ်းကြည့်ပြီး လယ်သမားကြီးအိမ်ရှိရာဆက်လက်ထွက်လာခဲ့ကြတယ်။
အိမ်ပေါ်ရောက်တော့
” စိတ်လွတ်ကိုယ်လွတ်နေကြပါ ခင်ဗျားတို့က အထက်လမ်းသမားတွေဆိုတော့ ဘုရားခန်းထဲနေကြပေါ့ ဒါကကျုပ်မိန်းမပါ သားသမီးကတော့မထွန်းကသေးဘူး”
လယ်သမားကြီးရဲ့စကားအဆုံးမှာ မိန်းမဖြစ်သူက ပြုံးပြပြီး
” ကိုယ့်အိမ်လိုသဘောထားကြပါ ညဘက်ထမင်းစားချိန်လာခေါ်ပါ့မယ်”
အောင်မြတ်သာတို့လဲ အိမ်ရှင်လင်မယားရဲ့ ဧညါ့ဝတ်ကျေမှုကိုအပြုံးနဲ့တုန့်ပြန်လိုက်ပြီး ဘုရားခန်းထဲကိုဝင်လာခဲ့လိုက်ကြတယ်။
ဘုရားခန်းထဲရောက်တော့ သက်ခိုင်က
” ဆရာ ဒီကိစ္စကိုဘယ်ဝောာ့ စလုပ်မလဲ”
” လူတွေသိလို့မရတဲ့အတွက် ညဘက် လူခြေအိပ်ချိန် အကုန်ရှင်းရမယ် လိုအပ်တဲ့အင်းစမတွေကိုအခုညထဲကရေးထားပါ”
အောင်မြတ်သာရဲ့နှုတ်ထွက်စကားကိုကြားရတာမို့ သက်ခိုင်နဲ့တောက်ရက မိမိတို့လုပ်ရမဲ့ကိစ္စတွေကို လုပ်ဖို့ လွယ်အိတ်ကိုကောက်ကိုင်လိုက်ကြတယ်။
အိမ်ရှင်လင်မယားကျေွးမွေးတဲ့ညစာကိုစားပြီးချိန်မှာတော့ အောင်မြတ်သာက ဘုရားစင်ရှေ့မှာထိုင်ပြီး သမထရှုမှတ်ပါလေရော။
ရွာဓလေ့ဖြစ်တဲ့အတွက် အမှောင်ထုအနည်းငယ်ကြီးစိုးချိန်မှာတော့ တစ်ရွာလုံးအပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်သွားတယ်။ အဲဒီအချိန် အောင်မြတ်သာ မျက်လုံးအစုံက ဖြတ်ခနဲပွင့်လာပြီး
” သက်ခိုင်နဲ့တောက်ရ အဆင်သင့်ဖြစ်ရင် ထွက်မယ်”
အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင်က
” အားလုံးအဆင်သင့်ဖြစ်ပါပြီ “လို့ပြောပြီး လွယ်အိတ်ကိုကောက်လွယ်လိုက်တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ အိမ်ပေါ်ကဆင်းလာချိန်မှာတော့ တစ်ရွာလုံးမည်သူမှ လမ်းပေါ်မရှိကြတော့ပေ။
” ငါတို့ဆေးဆရာအိမ်ကိုအရင်သွားမယ် ဟိုရောက်ရင် အိမ်ပတ်လည်ကို အင်းကွန်ခြာနဲ့အုပ်ထားကြ ဒါမှ ဘယ်လိုအသံဖြစ်ဖြစ် ရွာထဲကလူတွေမကြားမှာ “
သက်ခိုင်ကအောင်မြတ်သာစကားကို နားလည်သည့်ပုံစံနဲ့ခေါင်းငြိမ့်ပြလိုက်ပြီး ဆေးဆရာအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
ဆေးဆရာအိမ်ရှေ့ရောက်တော့
” ဆရာ ခြံထဲမှာ ဟိုဟိုဒီဒီသွားနေကြတဲ့ အရိပ်မဲမဲတွေတွေ့တယ်”
” သူလဲ သူ့အိမ်ကိုအစောင့်ချထားတာပေါ့ ဒါကြောင့် ကွန်ခြာအင်းကိုပတ်လယ်လိုက်ချလိုက်ပါ”
သက်ခိုင်တို့လဲ ကွန်ခြာအင်းကိုအိမ်ပတ်လည်ချပြီးတဲ့အချိန်မှာတော့ အိမ်ပေါ်ကနေ ဖယောင်းတိုင်မီးအလင်းရောင်ပေါ်ထွက်လာခဲ့တယ်။ မီးအလင်းရောင်နဲ့အတူ
” ညနေထဲက ကျုပ်ကသိလို့ အရင်ကထက် အစောင့်တွေပိုချထားတာ ကျုပ်အိမ်ဝိုင်းထဲကိုခြေတစ်လှမ်းတောင်ချဖို့စိတ်မကူးနဲ့ “
အိမ်ပေါ်ကနေ ထွက်လာတဲ့အသံကြောင့် အောင်မြတ်သာက
” ကျုပ်ကသင်ကိုတွေ့ဖို့လာတာမဟုတ်ဘူး သင့်ဆရာဘပြုံးနဲ့တွေ့ဖို့လာတာ သူအခုဘယ်မှာရှိနေလဲ”
” ဘပြုံးကိုလူတိုင်းတွေ့လို့ရတယ်ထင်နေတာလား ခင်ဗျားတို့အသက်ရှင်ချင်သေးရင် ဒီညတွင်းချင်းရွာကနေထွက်သွားပါ မထွက်သွားဘူးဆိုရင်တော့ မနက်ဖြန်မနက် ခင်ဗျားတို့ရော ခင်ဗျားတို့ကိုခေါ်လာတဲ့သူရော သေစေရမယ်”
” လေလုံးကထွားလှချည်လား ကျုပ်တို့ကလဲ ဒီည အပြီးသတ်ရှင်းမလို့လာတာပါ မနက်ဖြန်မနက်ရောက်ရင် ခင်ဗျားကိုတစ်ရွာလုံးက ရွံမုန်းကြတော့မှာ ကဲ အခု ခင်ဗျားမှာ ရွေးချယ်စရာနှစ်ခုရှိတယ် ပထမတစ်ခုက သာမန်ဆေးဆရာအဖြစ်ရွာမှာဆက်နေမလား ဒါမှမဟုတ် ခင်ဗျားရဲ့ဇာတိမှန်ကို ရွာသားတွေကိုအသိပေးလိုက်ရမလား”
” ခင်ဗျားတို့ပြောလဲရွာသားတွေကယုံမှာမဟုတ်ဘူး ဒါကြောင့်ခင်ဗျားရဲ့အပေးအယူကိုလက်မခံနိုင်ဘူး”
” ဒါဆို အိမ်ဝိုင်းထဲမှာ မွေးထားတဲ့ နာနာဘာဝတွေကို ရွာသားတွေမြင်အောင်ပြရတော့မှာပေါ့ သက်ခိုင် တစ်ရွာလုံးနိုးအောင်လိုက်နှိုးခဲ့ ပြီးရင်ဒီကိုခေါ်လာ သူ့ရဲ့သရုပ်အမှန်ကို ငါတို့ပြရမယ်”
အောင်မြတ်သာရဲ့စကားကြောင့် ဆေးဆရာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
” အသေသတ်ကြစမ်း ဒီလူတွေအသက်ရှိတာမမြင်ချင်ဘူး “လို့အမိန့်ပေးလိုက်တာနဲ့ အိမ်ဝိုင်းထဲမှာရှိတဲ့ နာနာဘာဝတွေက အောင်မြတ်သာတို့ရှိရာခြံအပြင်ဘက်ကိုပြေးထွက်လာကြတယ်။
ဒါပေမယ့် သက်ခိုင်နဲ့တောက်ရ ချထားတဲ့စည်းကိုမကျော်နိုင်ပဲ အိမ်ဝိုင်းထဲကိုနောက်ပြန်လှကျသွားတယ်။
” အော် လက်စသတ်တော့ ကျုပ်ကိုစည်းနဲ့ချုပ်ထားတာကိုး ကျုပ်ပညာက ခင်ဗျားတို့လောက်မစွမ်းပေမယ့် ကျုပ်ဆရာကိုတော့ခင်ဗျားတော့ယှဉ်နိုင်မှာမဟုတ်ဘူး ကျုပ်ကိုကြိုက်တာလုပ်လိုက်ကြ ခင်ဗျားတို့ကလက်ဦးမှုရသွားပြီပဲ ကျုပ်သေရမှာမကြောက်ဘူး”
” ကျုပ်တို့ကသင့်ကိုလဲမသတ်ဘူး ကျုပ်တို့တွေ့ချင်တာသင့်ရဲ့ဆရာပါ သင်တို့အချင်းချင်းအဆက်အသွယ်ရှိတယ်ဆိုတာလဲကျုပ်သိတယ် ကျုပ်ထက်သင့်ဆရာကပိုစွမ်းတယ်လို့ထင်ရင် သင့်ဆရာကိုခေါ်လိုက်ပါ ကျုပ်တို့ထက်မစွမ်းဘူးဆိုရင်တော့ သင့်ပညာတွေကိုယူပြီးကျုပ်တို့ပြန်မယ် “
အောင်မြတ်သာရဲ့ရိသဲ့သဲ့စကားကြောင့် ဆေးဆရာရဲ့စိတ်တွေပေါက်ကွဲထွက်လာပြီး
” အို အဖသခင် သင့်အား စော်ကားသူတွေ ကျုပ်ဆီကိုရောက်ရှိနေကြပြီ အဖသခင်ရဲ့ပညာအစွမ်းနဲ့ ဤသူတွေကိုဆုံးမပေးပါ “လို့ပြောပြီး လက်ဝါးနှစ်ခုကိုရိုက်လိုက်တယ်ဆိုရင်ပဲ လက်ဝါးထဲက မီးတောက်သေးတစ်ခုက ကောင်းကင်ပေါ်ကိုပျံတက်သွားတယ်။
ကောင်းကင်ပေါ်ပျံတက်သွားတဲ့မီးတောက်သေးက လေပေါ်မှာဝဲပျံနေပြီး သိပ်မကြာခင် မီးတောက်သေးကနေ တစ်ဖြေးဖြေးကြီးလာခဲ့တာ စကောဝိုင်းတစ်ခုလောက်ဖြစ်သွားတယ်။
စကောဝိုင်းလောက်ရှိတဲ့မီးတောက်ကြီးက ကောင်းကင်ပေါ်မှာဝဲပျံနေရာကနေ အောင်မြတ်သာတို့ရှိရာကိုတစ်ဟုန်ထိုးဆင်းလာခဲ့တယ်။
အောင်မြတ်သာက အပေါ်ကနေကျလာတဲ့ မီးတောက်ကိုမြင်တော့ လက်နဲ့ပုတ်ထုတ်လိုက်ရာ မီးတောက်အလုံးကြီးက လမ်းကြောင်းလွဲသွားပြီး အောင်မြတ်သာတို့နဲ့မလှမ်းမကမ်းကိုရောက်သွားတယ်။
မြေကြီးပေါ်ကျလာတဲ့မီးတောက်ထဲကနေ နှုတ်ခမ်းမွေးကားကားနဲ့လူတစ်ယောက်ထွက်လာပြီး
” ကျုပ်ကဘယ်သူများလဲလို့ လတ်စသတ်တော့ဟိုဘက်ရွာမှာ သစ်စုန်းကိုသတ်လိုက်တဲ့ဆရာတပည့်တွေဖြစ်နေပါလား”
(သစ်စုန်းအကြောင်းကိုဖတ်မယ်ဆိုရင်တော့ အောင်မြတ်သာနှင့်သစ်စုန်းအတိုက်ဝတ္တုမှာဖတ်ရှုလို့ရပါတယ်)
” ကျုပ်တို့ကလဲသင့်ကိုတွေ့ချင်လို့ တကူးတကလာခဲ့တာ ဘာကြောင့်သင်ကပုန်းနေရတာလဲ”
” အဟက်အဟက် ကျုပ်ကပုန်းရအောင် သင်တို့ပညာကဘယ်လောက်များစွမ်းနေလို့လဲ ခဏလေး ကျုပ်ဆေးလိပ်သောက်ဦးမယ်”
နှုတ်ခမ်းမွေးနဲ့လူက အိပ်ကပ်ထဲကနေ ဆေးပြင်းလိပ်တစ်လိပ်ကိုထုတ်ပြီးပါးစပ်မှာတေ့လိုက်တယ်။ ပြီးတော့ လက်ဖျောက်တစ်ချက်တီးလိုက်တာ လက်ထိပ်ကနေ မီးတောက်တစ်ခုထွက်လာခဲ့တယ်။
လက်ထိပ်ကနေထွက်လာတဲ့ မီးတောက်နဲ့ ဆေးလိပ်ကိုမီးညှိလိုက်ပြီး
” ကျုပ်နာမည်က ဘပြုံးလို့ခေါ်တယ် ဒီနယ်တစ်ဝိုက်မှာတော့ မီးတောက်ဘပြုံးဆိုရင် မသိတဲ့သူမရှိသလောက်ပဲ ရွာနီးချုပ်စပ်ကပညာသည်တွေကလဲ ကျုပ်ကိုမနိုင်လို့ ရွာစားအဖြစ်ပေးထားတာ ဒီလောက်ဆို သင်တို့ကျုပ်အဆင့်ကိုသိလောက်ပြီထင်ပါတယ်”
ဘပြုံးရဲ့စကားကိုကြားတော့ အောင်မြတ်သာက မျက်နှာလွှဲကာပြုံးလိုက်ပြီး
” မီးညွန့်စားတဲ့စုန်းတစ်ယောက်က သူ့ပညာကိုအရမ်းအထင်ကြီးလွန်းမနေဘူးလား သင်တို့အဆင့်ဆိုတာ ကျုပ်တို့ခြေဆေးတဲ့ရေလောက်တောင် မစွမ်းဘူးဆိုတာ သင်တို့မသိလေသလား”
အောင်မြတ်သာရဲ့စကားကြောင့် ဘပြုံးမျက်နှာရုတ်တရက်ခက်ထန်သွားပြီး
” မီးတောက်ဘပြုံးဘာလဲဆိုတာ သိရအောင် စမ်းကြည့်လိုက်လေ “လို့ပြောပြီး လက်ဖဝါးထဲကနေ မီးတောက်မီးလျှံတွေကို အောင်မြတ်သာဆီလွှတ်ထုတ်လိုက်တယ်။
ရဲရဲနီတဲ့မီးတောက်တွေက အောင်မြတ်သာအရှေ့လဲရောက်ရော တစ်ခုခုနဲ့ခံလိုက်သည့်အလား ဘေးကိုကွင်းသွားတယ်။
” အော် သင်လဲမခေသူပဲကိုး ကျုပ်ရဲ့မီးတောက်တွေက အစပဲရှိပါသေးတယ် အခုထပ်ပြီးခံစားလိုက်ဦး”လို့ပြောပြီး မြေကြီးကိုလက်ဖဝါးနဲ့ရိုက်လိုက်တယ်ဆိုရင်ပဲ အောင်မြတ်သာရပ်နေတဲ့မြေကြီးထဲကနေ မီးတောက်မီးလျှံတွေထွက်လာပြီး တစ်ကိုယ်လုံးကိုဖုံးသွားခဲ့တယ်။
” ဟားဟားဟား အခုတော့သင်ဘယ်လိုရုန်းထွက်မလဲ သင်ကိုယ်ကိုစွဲလောင်နေတဲ့မီးတောက်တွေ ငြိမ်းအောင်လုပ်စမ်း ဘပြုံးကိုလာစမ်းလို့ဘယ်ရမလဲ အကုန်သေချင်းဆိုးနဲ့သေကုန်မယ်”
သက်ခိုင်တို့နှစ်ယောက်ကတော့ မလှမ်းမကမ်းကနေ အောင်မြတ်သာဘယ်လိုလုပ်မလဲဆိုတာကြည့်နေတဲ့အချိန်
” ဘေးကနှစ်ကောင် မင်းတို့အလှည့်ရောက်ပြီ တစ်ကိုယ်လုံးမီးကျွမ်းပြီးသေကြစမ်း”
မီးတောက်ဘပြုံးက ပြောရင်းဆိုရင်း သက်ခိုင်တို့ဆီကို မီးတောက်တွေနဲ့လှမ်းပစ်လိုက်တယ်။ လေကိုခွင်းပြီးဝင်လာတဲ့မီးတောက်တွေကို သက်ခိုင်က လေထဲမှာတင် ဆွဲယူပြီးဘေးကိုလှမ်းပစ်လိုက်တာမြင်တော့ ဘပြုံးမျက်လုံးပြူးသွားတယ်။
အဲဒီအချိန်
” ဘပြုံး သင့်အစွမ်းက ဒါအကုန်ပဲလား သင့်မီးတောက်က ကျုပ်ရဲ့ခြေသလုံးမွှေးတွေကိုတောင်လောင်အောင်လုပ်နိုင်စွမ်းမရှိဘူး အခုသင့်အလှည့်ရောက်ပြီ”
မီးတောက်တွေထဲကနေ ထွက်လာတဲ့ အောင်မြတ်သာရဲ့စကားသံအဆုံးမှာ ဘပြုံးရဲ့ခြေထောက်အစုံကို မြေကြီးထဲကနေ လှမ်းဆွဲလိုက်တဲ့ လက်တွေကိုမြင်လိုက်ရတယ်။
“လွှတ်စမ်း မြေဘုတ်ဘီလူးတွေ ငါခြေထောက်ကိုလွှတ်စမ်း”
“ကဲ သင်မီးတောက်တွေ သင့်ဆီရောက်လာတော့မယ် သင်ပညာနဲ့သင်စူးစေ”လို့ပြောလိုက်တာနဲ့ အောင်မြတ်သာကိုယ်မှာစွဲလောင်နေတဲ့ မီးတောက်တွေက ချက်ချင်းဆိုသလို ဘပြုံးရဲ့ကိုယ်ဆီကိုစွဲကပ်ပြီးလောင်ကျွမ်းပါလေရော။
” အား အား ခင်ဗျားတို့ကို ကျုပ်မနိုင်ဘူး အရှုံးပေးတယ် ကျုပ်ကိုယ်ပေါ်ကမီးတောက်ကိုငြိမ်းပေးပါ”
” ဒီလိုလွယ်လွယ်နဲ့တော့ငြိမ်းပေးလို့မရဘူး ခင်ဗျားပညာတွေကျုပ်ဆီအပ်ပါ ဒါဆိုအသက်ကိုချမ်းသာပေးမယ် “
” ကျုပ်ကိုအရင်လွှတ်ပေးပါ ပညာတွေလဲအပ်ပါမယ် ဒီလိုလဲမလုပ်တော့ဘူး”
“ဒါဆို သင်ပညာတွေအကုန်အန်ထုတ်ပါ ပညာတွေကုန်တာနဲ့သင့်ဆီကမီးတောက်တွေငြိမ်းသွားလိမ့်မယ်”
အောင်မြတ်သာစကားအဆုံးမှာ ဘပြုံးရဲ့ပါးစပ်ထဲကနေ မီးကျွမ်းနေတဲ့အသားတုံးကိုးတုံးထွက်ကျလာခဲ့တယ်။ဒါပေမယ့် ဘပြုံးကိုယ်ပေါ်စွဲနေတဲ့မီးတောက်တွေက မငြိမ်းသွားပဲကျန်နေတယ်။
” ဘပြုံး ခင်ဗျားတစ်ခြားသူကိုလိမ်လို့ရမယ် ကျုပ်ကိုလိမ်မရဘူး ခင်ဗျားပညာတွေမကုန်သေးဘူး ဒီတစ်ခါလိမ်ရင် ကျုပ်အဆိုးမဆိုပါနဲ့”
အောင်မြတ်သာရဲ့ မာန်ပါတဲ့စကားအဆုံးမှာ ဘပြုံးခေါင်းငိုက်စိုက်ကျသွားပြီး ပါးစပ်ထဲကနေ နောက်ထပ်အသားတုံးတစ်တုံးကျလာခဲ့တယ်။
အဲဒီအချိန်မှ ကိုယ်မှာစွဲနေတဲ့မီးတောက်တွေငြိမ်းသွားပြီး ခြေထောက်ကိုစွဲထားတဲ့လက်တွေလဲပျောက်သွားတယ်။
“ကျုပ်မှားသွားတယ် နောက်ထပ်မလုပ်တော့ပါဘူး ပညာတွေလဲအကုန်အန်ထုတ်ပြီးပါပြီ ကျုပ်တို့ဆရာတပည့်ကိုလွှတ်ပေးပါ”
” ကျုပ်ခင်ဗျားတို့ကိုလွှတ်ပေးမယ် ရွာသားတွေရဲ့လယ်ထဲမှာမြုပ်ထားတဲ့အရာတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ သင်ကိုယ်တိုင် ပြောခဲ့ပါ”
” လယ်တွေရဲ့ မြောက်ဘက်ကန်သင်းစွန်းမှာ ဆံပင်ချည်နဲ့ပတ်ထားတဲ့အရုပ်တစ်ရုပ်ဆီရှိတယ် အဲဒီအရုပ်တွေကိုဖော်ပြီးမီးရှို့လိုက်ပါ “
” သင့်စကားအမှန်ဖြစ်ပါစေ ကျုပ်ကိုလိမ်ညာခဲ့မယ်ဆိုရင် သင်တို့ဘယ်နေရာရောက်ရောက် ကျုပ်လက်ကလွတ်မယ်မထင်ပါနဲ့ အခုဒီညတွင်းချင်း ရွာကနေထွက်သွားပါ မနက်ရောက်တာနဲ့ခင်ဗျားတို့ဆရာတပည့်နှစ်ယောက်ကို မမြင်ရပါစေနဲ့”
အောင်မြတ်သာစကားအဆုံးမှာ အိမ်ဝိုင်းကိုတားထားတဲ့စည်းတွေကွန်ခြာတွေပျောက်သွားပြီး အိမ်ထဲမှာပိတ်မိနေတဲ့ နာနာဘာဝတွေလဲ ခြေဦးတည့်ရာထွက်ပြေးသွားကြတယ်။
အောင်မြတ်သာတို့လဲ ဆေးဆရာအိမ်ရှေ့ကနေတည်းခိုရာအိမ်ဘက်ကိုထွက်လာခဲ့ကြတယ်။ မိုးလင်းတော့ ဆေးဆရာကိုရွာထဲမှာမတွေ့ရတော့ဘူး။
အောင်မြတ်သာတို့လဲ ရွာသားတွေကို အသေးစိတ်ရှင်းပြပြီး လယ်ကန်သင်းရိုးထောင့်တွေမှာမြုပ်ထားတဲ့အရာတွေကို တူးဖော်စေတဲ့အခါမှာတော့ ဆံပင်ချည်တွေနဲ့ပတ်ထားတဲ့ ပုံစံမျိုးစုံအရုပ်တွေကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာတို့တည်းခဲ့တဲ့လယ်သမားပိုင်တဲ့လယ်ကွက်ကိုတူးတဲ့အခါမှာတော့ အိတ်အနက်ရောင်နဲ့ထည့်ထားတဲ့မြေသားမှုန့်တွေအပြင် ဆံပင်ချည်ထုံးတစ်ခုကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ တွေ့သမျှပစ္စည်းတွေကို မီးရှို့ခိုင်းလိုက်တယ်။ မီးရှို့ပြီးတဲ့အချိန်မှာတော့ ရွာသားတွေအားလုံး အောင်မြတ်သာတို့ဆရာတပည့်တွေကို ကျေးဇူးတင်ကြောင်းပြောပြီး အိမ်မှာရှိတဲ့အသီးအနှံတွေနဲ့ ကန်တော့ကြတယ်။
အောင်မြတ်သာတို့က ပေးတဲ့လက်ဆောင်တွေကို ရွာသားတွေထံပြန်ပေးခဲ့ပြီး သစ်ပုတ်ပင်ရွာကနေ ပြန်ထွက်လာခဲ့ကြတယ်။
လယ်သမားကြီးကတော့ အောင်မြတ်သာတို့ကို ရွာအပြင်ထိလိုက်ပို့ရင်း
” ကျုပ်လယ်ကိုတူးတော့ထွက်လာတော့မြေက ဘာမြေလဲ “
” အဲဒါသုဿာန်မြေလို့ခေါ်တယ် ဘယ်လောက်စီးပွားတက်တဲ့အိမ်ဖြစ်ပါစေ ဘယ်လောက်စိုက်ပျိုးဖြစ်ထွန်းတဲ့မြေဖြစ်ပါစေ သုဿာန်မြေထည့်လိုက်ရင် အကုန်ပျက်စီးသွားကြတယ် ဒီနှစ်လယ်အထွက်နှုန်းလျော့ကျပေမယ့် နောက်နှစ်ပြတ်ကောင်းလာတော့မှာပါ ဒါနဲ့ ဘုရားကျောင်းဆောင်ပေါ်မှာ ရေမန်းတစ်ဘူးတင်ခဲ့တယ် လိုအပ်သလိုသုံးပါ”လို့်မှာပြီး ခရီးဆက်ခဲ့ကြတယ်။
အောင်မြတ်သာတို့သစ်ပုတ်ပင်ရွာကနေ ထွက်လာပြီးနောက် မြေကိုစွဲပြီးမကျွတ်ဖြစ်ကာ တစ်ရွာလုံးနေမရအောင်ခြောက်လှန့်နေတဲ့သရဲကိုဆုံးမခဲ့ပုံကိုတော့ အောင်မြတ်သာနှင့်မြေစွဲသရဲဆိုတဲ့ဝတ္တုလမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။