အောင်မြတ်သာနှင့်မုဆိုးထိုင်စေတီ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
“ကိုထွန်း ရှင်မထသေးဘူးလား အချိန်ကိုလဲကြည့်ဦး နေကထန်းတစ်ဖျားကျော်နေပီ”
“အေးပါ ငါထပါပီ ညကနည်းနည်းသောက်လိုက်မိလို့ မထနိုင်ဖြစ်သွားတာ”
“ရှင့်မလဲ ဒီသောက်တာနဲ့ပီးနေတာပဲ နေ့သောက် ညသောက် အလုပ်ဆိုရင်မလုပ်ချင်ဘူး ဟင်းရွက်တွေခူးလာတာ လာကူစည်းပေးဦး”
မသိန်းရဲ့ဗျစ်တောက်ဗျစ်တောက် စကားကိုတွေမကြားချင်ယောင်ဆောင်ပြီး ကိုထွန်း မျက်နှာထသစ်လိုက်တယ်။ မျက်နှာသစ်ပြီးတော့ ခြင်းတောင်းထဲမှာထည့်ထားတဲ့ ဟင်းရွက်တွေကို အမျိုးတူရာ စုကာ နှီးနဲ့ထိုင်စည်းနေလိုက်တယ်။
“မသိန်း ဟင်းရွက်တွေက နည်းလှချည်လား”
“နည်းမှာပေါ့ ကျုပ်ကမိန်းမသားလေ မနက်လင်းချိန်ကျမှထသွားရတာ ရှင်က တစ်ဖြဲနှစ်ဖြဲအိပ်နေပြီး ကူမှမလုပ်တာ ကျုပ်မလဲ အိမ်အတွက်ပူရ ချက်ရပြုတ်ရ မနက်ကျရင် ဟင်းရွက်ထခူးရနဲ့ အားရတယ်ကိုမရှိဘူး ရှင့်ကိုကျွန်မယူထားတာ အားကိုးရမယ်ထင်လို့ယူထားတာ အခုလိုမှန်းသိရင် မယူခဲ့ပါဘူးတော်”
“ပြောမိတာကိုကငါမှားတာ ငါလဲနိုင်သလောက် ကူလုပ်ပေးတာပဲ ဟိုတစ်နေ့ကဆို တောထဲသွားထင်းရှာပေးတာပဲ ရွာမှာကြုံရာကျပန်းဆိုလဲဝင်လုပ်တာပဲလေ “
“အမလေး ရှင်လုပ်တာနဲ့ ရှင်သောက်တာ ပြန်စဉ်းစားကြည့်ဦး ရတာက တစ်ပဲခြောက်ပြား ပြန်သောက်ဖို့ပေးရတာကပိုများနေတယ်”
“နားငြီးတယ်ကွာ ပွစိပွစိနဲ့ ဟင်းရွက်တွေသေချာစည်းဦး “
“ပြောလိုက်ရင်ဒီအတိုင်းပဲ ဟွန့်”
လင်မယားနှစ်ယောက် ဟင်းရွက်စည်းနေရင်း စကားနာထိုးနေတာကိုမြင်တဲ့ ဘေးအိမ်က ဒေါ်သန်းလှက
“ဟိုလင်မယား စကားများမနေကြနဲ့ ညနေကျရင် ရွာဦးဆရာတော်က တစ်ရွာလုံးလာခဲ့ဖို့ခေါ်ထားတယ် မေ့မနေနဲ့ဦး ဆရာတော် အကြောင်းသိတယ်မဟုတ်လား “
“ဟုတ်သား အရီးလေးရေ ဒီငမူးကိုပြောနေရင်းနဲ့မေ့တော့မလို့ ညနေသွားဖြစ်အောင်သွားမယ် အရီးလေး ကိုထွန်း ရှင်လဲညနေလိုက်ရမယ် ထန်းတောထဲသွားပီး မူးမနေနဲ့ ရှင်မလိုက်ရင် ဆရာတော်ကို တိုင်ပြောမှာ”
“အေးပါ မသိန်းရာ ငါ့နားတွေလဲပူလှပီ လုပ်စရာရှိတာပြီးအောင်လုပ် ခဏနေ ဟင်းရွက်တွေလိုက်ပို့ရတော့မယ် လေကြောကရှည်နေတယ်”
ကိုထွန်းနဲ့မသိန်းတို့လင်မယားရဲ့ နိစ္စဓူဝတေးသံသာတွေကိုကြားနေရတဲ့ ဒေါ်သန်းလှက ပြုံးပြီးအိမ်ထဲပြန်ဝင်သွားတယ်။
“ဟဲ့ ကပ္ပိယကြီး ရွာသားတွေ စုံပြီလား”
“တင်ပါ့ဘုရား ငထွန်းတို့လင်မယားမရောက်သေးဘူးဘုရား”
“ဒီလောက် သေသေချာချာမှာထားတာတောင် မသန်းလှ နင်သူတို့ကိုမပြောခဲ့ဘူးလား”
“သေချာပြောခဲ့ပါတယ်ဘုရား ဒီလင်မယား သေချာပြောထားတာတောင် နောက်ကျနေတယ်”
ထိုစဉ်ကပ္ပိယကြီးက
“အရှင်ဘုရား ဟိုမှာရောက်လာပြီ”
ကျောင်းပေါ်ကိုကုတ်ချောင်းချောင်းနဲ့တက်လာတဲ့ လင်မယားကိုမြင်တော့ ဆရာတော်က
“ဟိုလင်မယား ဘာလို့နောက်ကျနေတာလဲ မြန်မြန်လာကြ”
ကိုထွန်းတို့လင်မယားလည်း ဆရာတော်အရှေ့ဝင်ထိုင်လိုက်ပြီး ဦးချလိုက်တယ်။
“အခုလိုခေါ်ရတာက တစ်ခြားတော့မဟုတ်ဘူး လပြည့်လကွယ်နေ့တွေမှာ ဥပုဒ်သီလယူကြတဲ့ ယောဂီဆောင်က နှစ်တွေကြာလာတော့ တစ်ဖြေးဖြေးယိုင်လာပြီ ဒါကြောင့် ရွာသူရွာသားတွေအနေနဲ့ နိုင်သလောက်လေး သစ်ဝါးတွေရှာပေးဖို့ပြောချင်တယ် “
“တင်ပါ့ ဘုရား ဒါကတော့လုပ်ပေးရမှာပေါ့ ရွာသူရွာသားတွေအားလုံးလဲသဘောတူကြတယ်မဟုတ်လား”
” တူပါတယ်ဘုရား ကုသိုလ်ရေးပဲဟာ အချိန်ရရင် ရသလို တောထဲသွားပြီး သစ်ဝါးရှာပေးပါ့မယ် ဘုရား”
“အိမ်း ကောင်းလေစွ ကောင်းလေစွ ဒါနဲ့
လက်သမားကိစ္စကိုတော့ ရွာမှာအမြဲတမ်းဆောက်နေကြဖြစ်တဲ့ ဖိုးသာလှတို့အဖွဲ့ကပဲ တာဝန်ယူလိုက်ကြ “
“တင်ပါ့ဘုရား တပည့်တော်တို့အဖွဲ့ တာဝန်ယူပြီး ပြင်ဆောက်ပေးပါမယ် သစ်ဝါးတွေရတာနဲ့ လုပ်ငန်းစပါ့မယ်”
ဆရာတော်ရဲ့ဩဝါဒကိုနာခံပြီး အိမ်ပြန်ရောက်တော့
“ကိုထွန်း ကျုပ်တို့ဘဝက မရှိလို့မလှူ မလှူလို့မရှိဆိုသလိုဖြစ်နေပြီ ဒီတစ်ခါတော့ ကျုပ်တို့လုပ်အားနဲ့ ကုသိုလ်ယူကြရအောင် ရှင့်သဘောကရော”
“ကောင်းတာပေါ့ ကုသိုလ်ရေးပဲဟာ ငါက အရက်နည်းနည်းပါးပါးသောက်တယ်ဆိုပေမယ့် အသိတရားမခေါင်းပါးသေးပါဘူး”
“ဒါဆိုကျုပ်တို့ သဘက်ခါလောက် တောထဲသွားရအောင် နိုင်သလောက်ခုတ်ထစ်ပြီး သယ်လာကြရအောင် တော်လဲ ပုဆိန်ကိုသွေးထားဦး “
“အေးပါမိန်းမရယ် ငါလုပ်ထားလိုက်မယ် လောလောဆယ် ထန်းတောထဲသွားဖို့ ပိုက်ဆံလေးနည်းနည်းလောက်”
“အလုပ်ကမလုပ်ရသေးဘူး ပိုက်ဆံကအရင်တောင်းနေတယ် ရော့ ရော့ အရမ်းမူးအောင်မသောက်လာနဲ့ဦး မူးလာရင် တံခါးပိတ်ထားမှာ”
“မသောက်ပါဘူးဟ ထမင်းစားကောင်းရုံလောက်ပဲ”
ပိုက်ဆံအနည်းငယ်ကိုင်ပြီး အိမ်ပေါ်ကဆင်းသွားတဲ့ ယောင်္ကျားဖြစ်သူကိုကြည့်ပြီး မသိန်း သက်ပြင်းတစ်ချက်ချလိုက်တယ်။
ကိုထွန်းဆိုတာကလဲ အရက်၊ထန်းရည်သောက်ချင်သောက်မယ် မိန်းမအပေါ် ဆဲတာဆိုတာ ရိုက်နှက်တာမရှိဘူး ကြုံရာကျပန်းဝင်လုပ်မယ် ရတဲ့ပိုက်ဆံမိန်းမကိုပေးမယ် ပေးတယ်ဆိုပေမယ့် သူ့အတွက်အရက်ဖိုးတော့ချန်ထားသေးတာ ။ မရှိရင် မိန်းမဆီကတောင်းမယ် ဒါကလည်း ကိုထွန်းတို့လင်မယားရဲ့နေ့စဉ်ဖြစ်နေကျ ပုံမှန်အလုပ်တစ်ခု။
“မသိန်း ထတော့ အာရုံတက်နေပြီ မသိန်း ထတော့လို့”
” ရှင်ဒီနေ့ဝိရိယတယ်ကောင်းနေပါလား”
“ဘာကြောင့်လဲတော့မသိဘူး ငါ့စိတ်တွေတက်ကြွနေတယ် မျက်နှာသစ်ပြီးရင် ထမင်းထုပ်ထုပ်လိုက်ဦး နေမထွက်ခင်သွားမှ လူမပင်ပန်းမှာ ငါအိမ်ရှေ့မှာစောင့်နေမယ်”
ဝိရိယကောင်းနေတဲ့ ယောင်္ကျားဖြစ်သူကိုကြည့်ပြီး မသိန်းတစ်ယောက်အံ့ဩနေတယ်။ မသိန်းလည်းအိပ်ရာထ မျက်နှာသစ်ပြီး ထမင်းထုပ်ထုပ်ကာ အိမ်ရှေ့ထွက်လာတော့ ကိုထွန်းက အသင့်ဖြစ်နေပြီ။
“မသိန်း တောထဲသွားရင် ငါ့နာမည်မခေါ်နဲ့နော်”
“အေးပါ ကျုပ်သိပါတယ် “
“မင်းက မေ့တတ်လို့ သတိပေးတာပါ “
လင်မယားနှစ်ယောက် စကားတစ်ပြောပြောနဲ့ လျောက်လာခဲ့တာ အလင်းရောင်ရတဲ့အချိန် တောစပ်ကိုရောက်လာခဲ့တယ်။
“ကိုထွန်း တောအစပ်လောက်မှာ ဘာမှရှိမှာမဟုတ်ဘူး ရွာနဲ့နီးတော့အကုန်ကုန်သလောက်ဖြစ်နေပြီ ကျုပ်တို့ဟိုဘက်တောကို သွားရင်ကောင်းမလား”
“သစ်ကျုတ်တောလား “
“ဟုတ်တယ်လေ အဲဒီဘက်ဆိုရင် သစ်ဝါးတွေပိုရနိုင်တယ် နည်းနည်းဝေးတော့ ရွာကလူတွေလဲမသွားဘူးလေ”
“မသိန်း ဖြစ်ပါ့မလား တောကနက်တယ်နော် ငါလဲတစ်ခါမှမရောက်ဖူးဖူး”
” ယောင်္ကျားဖြစ်ပြီး ကြောက်နေပြန်ပီ ကျုပ်တို့က ကုသိုလ်ရေးလုပ်ဖို့သွားတာ နတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်မှာပေါ့ မသိဘူး ကျုပ်အဲဒီတောကိုပဲသွားမယ်”
“ဟူး မယ်မင်းကြီးမသဘောပါဗျာ သွားစေသတည်း”
“တော် ကျုပ်ကို လာမစနဲ့နော်”
“ဟား ဟား မစပါဘူး မယ်မင်းကြီးမရယ်”
လင်မယားနှစ်ယောက်ရဲ့ စနောက်တဲ့အသံ၊ ရယ်မောတဲ့အသံလေးတွေက တောစပ်တစ်လျောက် လွင့်ပျံ့သွားခဲ့တယ်။
နောက်ထပ်နှစ်နာရီလောက် လမ်းလျောက်ပြီးတဲ့အချိန် သစ်ကျုတ်တောစပ်ကိုရောက်လာခဲ့တယ်။
လင်မယားနှစ်ယောက် တိုးရင်းတိုးရင်း တောကတစ်ဖြေးဖြေးနက်လာခဲ့တယ်။
“ကိုထွန်း ကျုပ်ပြောတာမမှန်ဘူးလား ဟင်းရွက်ပင်တွေလဲပေါမှပေါ သစ်ပင်တွေလဲအများကြီး ဟိုဘက်လျှိုမှာဆိုရင် ဝါးပင်တွေကစိမ်းစိုနေတာပဲ ကျုပ်တို့လာရကျိုးနပ်ပီတော့”
မသိန်းလဲပြောပြောဆိုဆို လွယ်ထားတဲ့ ခြင်းထဲကို အနီးနားမှာတွေ့တဲ့ဟင်းရွက်တွေကိုခူးပြီးထည့်လိုက်တယ်။
“မသိန်း”
“ဘာတုန်းတော့ “
” ငါတို့က သစ်ဝါးတွေခုတ်တာက ဟုတ်ပါပြီ ဘယ်လိုသယ်ကြမလဲ”
“တော်ကလည်း ဉာဏ်နည်းလိုက်တာ ခုတ်ပြီး တစ်နေရာမှာပုံထားမယ် နောက်နေ့တွေနိုင်သလောက်လာသယ်ပေါ့ အလကား ဖြုတ်ဦးနှောက်နဲ့လူ ဘာမှမသိဘူး”
ကိုထွန်းတစ်ယောက် ရယ်ကျဲကျဲလုပ်ပြီး အနေတော်သစ်လုံးတွေကို ခုတ်လှဲနေလိုက်တယ်။
“ကိုထွန်း ဒီမှာလာကြည့်ဦး မြန်မြန်”
“ဟေ ဘာဖြစ်တာတုန်း “
“ဟိုမှာတွေ့လား စေတီပျက်တစ်ဆူ”
“အေးဟ ဒီလိုတောထဲမှာ စေတီတစ်ဆူရှိမယ်လို့ ဘယ်သူကထင်မိမှာလဲ လာ သွားကြည့်ရအောင်”
လင်မယားနှစ်ယောက်စေတီပေါ်ရောက်တော့
“စေတီက ဟောင်းနွမ်းနေပြီနော် ဒါကကျုပ်တို့နဲ့ထိုက်လို့ ဖူးရတာပဲ “
လင်မယားနှစ်ယောက် စေတီကို ဦးချကန်တော့ပြီးတဲ့အချိန်
“သာဓု သာဓု သာဓု”
သာဓုခေါ်သံကြားလို့ကြည့်လိုက်တော့ တဘက်ကိုခေါင်းမှာပတ်ထားတဲ့အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရတယ်။
“ငါ့မြေးတို့က ဒီကိုဘာလာလုပ်ကြတာလဲ”
အဖိုးအိုမေးတဲ့စကားကိုကြားတော့ မသိန်းက ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်တယ်။
“သာဓု သာဓု သာဓု ဒီလိုကုသိုလ်က နည်းတာမဟုတ်ဘူး နောက်ပြီး မြေးတို့က ဒီဘုရားကို ရေစက်ပါလို့ဖူးရတာ”
“အဖိုးက ဘယ်မှာနေတာလဲ ဒီလူမရောက်တဲ့တောမှာတစ်ယောက်ထဲနေတာလား”
“အဖိုးက ဒီတောရဲ့ဟိုဘက်မှာ နေတာ အားတဲ့အချိန်တွေဆို ဒီစေတီမှာ တရားလာထိုင်ဖြစ်တယ်”
“အဖိုး ဘာစားပြီးပြီလဲ ကျွန်မတို့မှာ ထမင်းထုပ်တွေပါတယ် အဖိုးအတွက်တစ်ထုပ်လှူခဲ့မယ် ကျန်တဲ့တစ်ထုပ်ကို ကျွန်မတို့လင်မယားစားလို့ရပါတယ်အဖိုး”
အဖိုးအိုလည်း ဘာမှမပြောပဲနေပြီး မသိန်းတို့လင်မယားရဲ့အလှူကိုလက်ခံလိုက်တယ်။
“အဖိုး ကျွန်မတို့လဲ လုပ်စရာရှိသေးလို့ ပြန်ခွင့်ပြုပါဦး နောက်မကြာမကြာလာခဲ့ပါ့မယ်”
“အေးအေး လမ်းကြုံရင်ဝင်လာခဲ့ကြပေါ့ အဖိုးကဒီမှာအမြဲလိုလိုရှိတယ်”
လင်မယားနှစ်ယောက်လည်း စေတီနဲ့ အဖိုးအိုကိုကန်တော့ပြီး သစ်ခုတ်နေတဲ့နေရာကို ပြန်လာခဲ့လိုက်တယ်။
ပြန်ရောက်တော့ ခုတ်စရာရှိတာခုတ် စုစရာရှိတာစုပြီးတဲ့အချိန်
” ဗျို့ နောင်ကြီး”
ယောင်္ကျားတစ်ယောက်ရဲ့အသံက ဝါးတောရဲ့အနောက်ကနေထွက်လာခဲ့တယ်။
” ဘယ်သူလဲမသိဘူး ကျုပ်တို့ဘာကူညီပေးရမလဲ”
ကိုထွန်းရဲ့စကားကိုကြားတော့ လူငယ်က
“ကျုပ် လမ်းပျောက်နေလို့ဗျ တောထဲမှာလည်နေတာ နှစ်ရက်ရှိပြီ ခုနက နောင်ကြီးတို့အသံကြားလို့ လာကြည့်တာ”
“မိတ်ဆွေက ဘယ်ကိုသွားမလို့လည်း “
“ကျုပ်က နေရာအတည်တကျတော့မရှိဘူး ခြေဦးတည့်ရာသွားနေတာ အခုအပြင်ရောက်ရင် ကျုပ်အဖို့ရပြီ “
“အဲဒါဆိုစိတ်မပူနဲ့ ကျုပ်တို့နေ့လည်စောင်းဆိုပြန်ကြမယ် ကျုပ်တို့နဲ့လိုက်ခဲ့ပေါ့ အိမ်မှာထမင်းလေးဘာလေးစားပြီး တစ်ညတည်းလိုက်ပါဦး ပြီးမှ မိတ်ဆွေအလိုရှိရာဆက်သွားပေါ့”
“ရေကန်အသင့်ကြာအသင့်ပေါ့ဗျာ အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်”
ကိုထွန်းတို့လင်မယားလည်း ခုတ်ပီးတဲ့သစ်ဝါးတွေကိုထမ်းနိုင်သလောက်ထမ်းပြီး လာရာလမ်းအတိုင်းပြန်ထွက်ခဲ့ကြတယ်။ လမ်းတစ်ဝက်ရောက်တော့ ဗိုက်ဆာတာနဲ့ ကျန်နေတဲ့ထမင်းထုပ်ကို လင်မယားနှစ်ယောက် စားမလို့လုပ်တဲ့အချိန်
“မိတ်ဆွေ ထမင်းစားပါဦးလား”
“ကျုပ်မစားတော့ဘူး နောင်ကြီးတို့နဲ့မတွေ့ခင် တောငှက်ပျောတစ်ဖီးခူးစားခဲ့သေးတယ် ဒီမှာသုံးလုံးတောင်ကျန်သေးတယ် “ဆိုပြီး လွယ်အိတ်ထဲက တောငှက်ပျောသုံးလုံးကိုထုတ်ပေးတယ်။
ကိုထွန်းတို့လည်း ထမင်းထုပ်ကိုနှစ်ယောက်ခွဲစားရင်း ထမင်းထုပ်မကုန်သေးဘူး လင်မယားနှစ်ယောက်လုံး ဗိုက်ပြည့်သွားတယ်။
“မသိန်း ငါဒီနေ့ ထမင်းစားနည်းသလိုပဲ ဘာမှမစားရသေးပဲဗိုက်တင်းနေပြီ”
“ဟုတ်တယ်တော့ ကျုပ်လဲဗိုက်တင်းနေလို့ အံ့ဩနေတာ”
လင်မယားနှစ်ယောက်ပြောနေတာကို လူငယ်က မကြားချင်ယောင်ဆောင်ပြီး သစ်ဝါးတွေချည်ထားတဲ့ကြိုးတွေကို ပိုတင်းအောင် လိုက်စီးနေတယ်။
ထမင်းစားပြီးတဲ့အချိန်
“နောင်ကြီးတို့သယ်ရတာလေးနေရော့မယ် ကျုပ်ကူသယ်ပေးမယ် “ဆိုပြီး သစ်နဲ့ဝါးရောစည်းထားတဲ့ အစည်းကိုစွေ့ကနဲကောက်ထမ်းလိုက်တယ်။
လင်မယားနှစ်ယောက်မပြီး ပခုံးပေါ်တင်ရတဲ့ အရာကို ပေါ့ပါးစွာမထမ်းလိုက်တဲ့လူငယ်ကိုကြည့်ပြီး ကိုထွန်းအံ့ဩသွားတယ်။
“အဲလောက်ထိ မကြည့်ပါနဲ့ဗျ ကျုပ်က ငယ်ငယ်ထဲက ဒီလိုအလုပ်တွေလုပ်လာခဲ့လို့ ကျင့်သားရနေတာပါ ဆက်သွားကြရအောင်”
လာရာလမ်းအတိုင်းပြန်လာခဲ့တာ ညနေနေမစောင်းခင်ရွာထိပ်ကိုရောက်လာခဲ့တယ်။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ပါလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ကာ ထမင်းစားလိုက်ကြတယ်။
ညဘက်အိပ်နေရင်း ညသန်းခေါင်လောက်ကျတော့ မသိန်း လန့်နိုးလာတယ်။
“ကိုထွန်း ထစမ်းပါဦး ကျုပ်အိမ်မက်မက်လို့တော့”
“ဘာအိမ်မက်လဲ “
“အိမ်မက်ထဲမှာ ကျုပ်က နန်းဝတ်နန်းစားအဝတ်အစားနဲ့ မနက်က ဖူးခဲ့ရတဲ့စေတီနားမှာ ထိုင်နေတာ”
“မင်းဟာကလည်း စိတ်စွဲပြီးမက်တာဖြစ်မှာပါ “
“မဟုတ်ဘူး စိတ်စွဲပြီးမက်တာမဖြစ်နိုင်ဘူး ဘာလို့ဆိုတော့ ကျုပ်အိမ်မက်စမက်တဲ့အချိန် စေတီကတည်နေတုန်းရှိသေးတယ် တစ်ဖြေးဖြေးနဲ့ စေတီကရုပ်လုံးပေါ်လာတာ ကျုပ်တို့ရုပ်ရှင်ကြည့်ရင် ခွေရစ်သလိုလေ အဲလိုပေါ်လာတာ စေတီက အရမ်းသပ္ပါယ်ဖို့ကောင်းတာ ကျုပ်အဲဒီစေတီကို ပြန်တည်ချင်လိုက်တာ ကိုထွန်းရယ်”
“ဟူး ငါတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာလေ ငါလဲပြန်တည်ချင်တာပေါ့ ဒီနေ့စဖူးထဲက ငါ့စိတ်ထဲဖြစ်သေးတယ် ငါတို့အခြေအနေနဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ ပြန်အိပ်လိုက်တော့ မနက်ကျရင် ရွာကျောင်းကိုသစ်တွေဝါးတွေသွားပို့ရဦးမယ်”
မသိန်းလည်း ဖြစ်ချင်တဲ့ဆန္ဒကိုမြိုသိပ်ပြီး ပြန်အိပ်လိုက်တယ်။ မနက် ကိုထွန်းတို့နိုးလာတော့ ဧည့်သည်လူငယ်လေးမရှိတော့ပဲ သူအိပ်ခဲ့တဲ့နေရာမှာတော့ ငှက်ပျောသီးသုံးလုံးကျန်ခဲ့တယ်။
မသိန်းလည်း ကျန်ခဲ့တဲ့ ငှက်ပျောသီးသုံးလုံးကို အုပ်ဆောင်းနဲ့အုပ်ပြီး ရွာဦးကျောင်းဆီကို ထွက်လာခဲ့လိုက်တယ်။
ကျောင်းရောက်တော့ ပါလာတဲ့ သစ်တွေဝါးတွေကိုနေရာချပြီး ဆရာတော်ဆီကိုသွားဖို့အလုပ်
“ဟိုလင်မယား မနေ့က နင်တို့သစ်သွားခုတ်ပြီးပြန်လာတော့ မသိန်းကအရှေ့ကနေသွားတယ် ငထွန်းက အနောက်မှာတစ်ယောက်ထဲ စကားတွေပြောပြီးသွားနေတာ အဲဒီကိစ္စကို မနေ့ထဲကမေးချင်နေတာ အချိန်မရလို့”
“ဟာ ကပ္ပိယကြီးကလည်း ကျုပ်တစ်ယောက်ထဲပြောတာမဟုတ်ပါဘူး တောထဲမှာလမ်းပျောက်နေတဲ့လူတစ်ယောက်ကိုခေါ်လာတာပါ ကျုပ်သူနဲ့စကားပြောနေတာပါဗျာ ကပ္ပိယကြီးကအသက်ကြီးပီဆိုတော့ အမြင်တွေဝါးနေတာဖြစ်မယ်”
“ဟေ့ကောင် ငထွန်း ငါအဲလောက်ထိ မဖြစ်သေးဘူး ငါမြင်တာမင်းကိုပဲမြင်တာ မယုံရင် ဖိုးသာလှတို့ကိုမေးကြည့် သူတို့လဲတွေ့တယ်”
“အဲဒါတော့ကျုပ်လဲမသိဘူး ဘာတွေလာပြောနေလဲမသိဘူး”ဆိုပြီး ကျောင်းပေါ်တက်လာခဲ့လိုက်တယ်။
ကျောင်းပေါ်ရောက်တော့ ဆရာတော်ကိုဦးချပြီးတဲ့အချိန်
“မသိန်း နင်တို့မနေ့က သစ်ကျုတ်တောဘက်သွားသေးလား”
“သွားတယ်ဘုရား အဲဒီဘက်မှာ သစ်ဝါးပေါလို့ ဆရာတော်ရည်ရွယ်ထားတာလေး ဖြစ်မြောက်အောင် သွားလိုက်တာ”
ဆရာတော်က တစ်ခုခုကိုစဉ်းစားပြီး
“နင်တို့ ထူးဆန်းတာဘာမြင်ခဲ့သေးလဲ”
“ထူးထူးဆန်းဆန်းတော့ မမြင်ပါဘူး ဒါပေမယ့် စေတီပျက်တစ်ဆူကိုတော့ ဖူးခဲ့ရတယ်”
“ဟေ ဟုတ်လား အဲဒီစေတီက ရင်ပြင်လေးဘက်လေးတန်မှာ အရံစေတီလေးဆူစီရှိတယ်မဟုတ်လား “
“တင်ပါ့ အရှင်ဘုရားက ရောက်ဖူးလို့လား”
“ဟဲ့ ငထွန်း နင်တို့ကံတော်တော်ထူးတာပဲ အဲဒီစေတီက သာမန်လူတွေမမြင်ရဘူး ခုနက ကပ္ပိယကြီးနဲ့ပြောနေတာကြားလိုက်ရတယ် မနေ့က တောထဲကနေ ဧည့်သည်တစ်ယောက်ပါလာတယ်ဆို”
“တင်ပါ့ဘုရား ညက အိမ်မှာတည်းပြီး မနက်ကျတော့မရှိတော့ဘူး ဒါနဲ့အရှင်ဘုရားက စေတီအကြောင်းသိလို့လား”
” အဲဒီစေတီကို တစ်ခေါက်ပဲရောက်ဖူးတယ် ကိုရင်ဘဝတုန်းက အရင်ဆရာတော်ကြီးနဲ့မျက်စိလည်ပြီးရောက်ဖူးတာ ရွာနီးချုပ်စပ်က လူကြီးတွေပြောတာကတော့ အလောင်းစည်သူမင်းကြီးဟာ တိုင်းခန်းလှည့်လည်ရင်း သစ်ကျုတ်တောကိုရောက်လာခဲ့တယ် သစ်ကျုတ်တောမှာ တောကစားရင်း မုဆိုးတစ်ယောက်ထိုင်နေတဲ့ပုံစံဖြစ်နေတဲ့ သဘာဝကျောက်တုံးတစ်ခုကိုတွေ့တော့ စေတီတည်ချင်တဲ့စိတ်တွေ အရမ်းပြင်းပြခဲ့တယ် အဲဒါနဲ့ ပါလာတဲ့ အခြွေအရံတွေနဲ့ စေတီတစ်ဆူတည်ခဲ့တယ် ရှေ့မှီနောက်မှီလူကြီးတွေပြောတာကတော့ လူတစ်ရစ်နတ်တစ်ရစ်တည်ကြတယ်လို့ပြောတယ် မူးမတ်စစ်သည်တွေက မနက်ကျရင်စေတီတည်တယ် နတ်ကောင်းနတ်မြတ်တွေက ညဘက်မှာစေတီကိုတည်ကြတယ် စေတီတည်ပြီးတဲ့အချိန် အလောင်းစည်သူမင်းကြီးက သူ့ရဲ့အခြွေအရံတွေထဲ တစ်ချို့ကို စေတီတော်ကိုလှူခဲ့တယ် ဘွဲ့တော်ကိုလည်း မုဆိုးထိုင်စေတီလို့ မှည့်ခေါ်ခဲ့တယ် စေတီထဲမှာ ပတ္တမြားမျက်ရှင်ကို ငှာပနာထားတယ်လို့လဲ ဆိုစမှတ်ရှိခဲ့တယ် မနေ့က မင်းတို့တွေ့ခဲ့တဲ့ပုဂ္ဂိုလ်က သာမန်လူမဟုတ်လောက်ဘူး မင်းတို့အတွက် တစ်ခုခုထူးတော့မယ်ထင်တယ်”
“အခုထိတော့မထူးသေးဘူး အရှင်ဘုရား တစ်ခုမေးချင်တာက စေတီကိုဘာလို့ မပြုပြင်ပဲ ထားရတာလဲ”
“ဟဲ့ ငထွန်း မုဆိုးထိုင်စေတီဆိုတာ ဖူးချင်တိုင်း ဖူးလို့မရဘူး ကိုယ့်နဲ့ထိုက်မှ ဖူးရတာ မင်းတို့ဖူးရတာ ပဌာန်းဆက်ပါလို့ ရေစက်ရှိလို့ဖူးရတာ ဘုန်းကြီးဆိုရင် ကိုရင်ဘဝတုန်းက တစ်ခါပဲဖူးရတယ် အဲဒီနောက်ပိုင်းလိုက်ရှာသေးတယ် ရှာလို့မတွေ့တော့ဘူး အရင်ကဆို တို့ရွာကို သိုက်တူးသမားတွေ ခဏခဏလာတယ် လာသမျှအကုန် ပြေးရတာကြီးပဲ ဘယ်သူမှစေတီကိုမတွေ့ရဘူး “
“ဒါဆိုတပည့်တော်တို့ကံထူးလို့ပေါ့နော်”
“အေးပေါ့ မင်းတို့လင်မယားကံထူးလို့ဖူးရတာ”
“ဒီနေ့ကစပြီး သစ်ဝါးရှာချင်ရင် အနီးအနားမှာပဲရှာ သစ်ကျုတ်တောကိုမသွားနဲ့တော့ ကြားလား”
“တင်ပါ့ဘုရား “
လင်မယားနှစ်ယောက်လည်း ဆရာတော်ကိုကန်တော့ပြီး ပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ မသိန်းတစ်ယောက် ဗိုက်ဆာတာနဲ့ အုပ်ဆောင်းအောက်က ငှက်ပျောကိုစားဖို့ယူလိုက်ရာ
“ကို..ကိုထွန်း လာ..ကြည့်ဦး”
“မသိန်း ဘာဖြစ်လို့လဲ”
“ငှက်ပျောသီးက ရွှေတောင့်ကြီးဖြစ်နေတယ် သုံးလုံးစလုံး ရွှေချောင်းတွေဖြစ်နေတယ် ကျုပ်တို့ချမ်းသာပြီ ကျုပ်တို့ချမ်းသာပြီတော်ရေ “
“ဟုတ် ဟုတ်ပါ့မလား ငါ အိမ်မက်မက်နေတာလား “
“တကယ်ရွှေချောင်းကြီးပါတော် ကျုပ်တို့ချမ်းသာပြီ ဒါ ဒါ ဟိုလူငယ်လုပ်ပေးတာ “
“မသိန်း ဒီကိစ္စဘယ်သူမှသိလို့မရဘူး တိုးတိုးတိတ်တိတ်နေ ဒီရွှေချောင်းတွေကို ဆန်အိုးထဲထည့်ထား ကြားလား”
မသိန်းတို့လင်မယားလည်း အပျော်လွန်ပြီး အဲဒီညက အိပ်မပျော်ဘူးဖြစ်နေတယ် မနက်အာရုံတက်ခါနီးရောက်တော့ မှေးခနဲဖြစ်သွားတဲ့အချိန်
” ထကြတော့ ကျုပ်ပြောတာကိုနားထောင်ကြ”ဆိုတဲ့အသံကြောင့် လင်မယားနှစ်ယောက် လန့်နိုးလာတယ်။အသံကြားရာကြည့်လိုက်တော့ အိမ်ကိုပါလာတဲ့လူငယ်ကိုတွေ့လိုက်ရတယ်။ လူငယ်က လင်မယားနှစ်ယောက်ကိုကြည့်ပြီး
” သင်တို့ရဲ့အတိတ်ကံကြောင့် ယခုပစ္စည်းကိုရတာဖြစ်တယ် ဒီပစ္စည်းကို ထုခွဲရောင်းချပြီး သင်တို့ဖြစ်ချင်တဲ့ဆန္ဒကိုအကောင်အထည်ဖော်ကြပါ သင်တို့မုဆိုးထိုင်စေတီကို ထပ်ပြီးဖူးချင်တယ်ဆိုရင် သီလငါးပါးကိုလုံအောင်စောင့်ထိန်းကြ တပေါင်းလပြည့်နေ့ဆိုရင် မုဆိုးထိုင်စေတီကို ထီးတော်အသစ်တင်ဖို့ရှိတယ် သင်တို့နှစ်ဦးထဲ လပြည့်နေ့မတိုင်ခင် စေတီရှိရာလာခဲ့ပါ တစ်စုံတစ်ရာအနှောက်အယှက်ပေါ်လာခဲ့ရင် ဒီစာရွက်ကိုထုတ်ပြလိုက်ပါ” လို့ပြောပြီး ရုတ်တရက်ပျောက်ကွယ်သွားတယ်။
လင်မယားနှစ်ယောက်လုံး ကြောင်တောင်တောင်ဖြစ်နေပြီးမှ သတိပြန်ဝင်လာတယ်။ လက်ထဲမှာတော့ လူငယ်ပေးတဲ့စာရွက်တစ်ရွက်ကိုဆုပ်ကိုင်လို့။
“ကိုထွန်း ပြောသွားတာကြားလား ငါးပါးသီလကို လုံအောင်စောင့်ထိန်းတဲ့”
“အေးပါ ငါအရက်မသောက်တော့ပါဘူး ဒီပစ္စည်းတွေကို မြို့တက်ရောင်းတဲ့အခါ နှစ်ခုကိုပဲရောင်းပြီး ကျန်တဲ့တစ်ခုကို ထီးတော်တင်တဲ့အခါ ဌာပနာထည့်လိုက်ရင်မကောင်းဘူးလား”
“ကောင်းတာပေါ့ ကျုပ်လဲသဘောတူတယ်”
အဲဒီနေ့ကစပြီး ကိုထွန်းတို့လင်မယားနှစ်ယောက် နေ့ချင်းညချင်းချမ်းသာလာခဲ့တယ်။ ရွာကတော့ကိုထွန်းမိဘတွေဆီကအမွေရတယ်လို့သိထားကြတယ်။ အရင်အိမ်နေရာမှာတော့ အခုဆိုရင် ပျဉ်ထောင်အိမ်တစ်လုံးဖြစ်နေခဲ့ပြီ။တစ်ညမှာတော့
အိမ်ပေါ်ကိုတဒုန်းဒုန်းတက်လာတဲ့ ခြေသံတွေကြောင့် အိပ်ပျော်နေတဲ့လင်မယားနှစ်ယောက် လန့်နိုးလာတယ်။
“ဆွဲထုတ်လာစမ်း
ဒီလင်မယားကို”
“ရှင် ရှင်တို့က “
“စကားမရှည်နဲ့ နင်တို့အမွေရထားတဲ့ပစ္စည်းတွေ ဘယ်မှာလဲ အော်မယ်မကြံနဲ့နော် ဒီမှာတွေ့လား ဓါးဦးကနင်တို့ဗိုက်ထဲဝင်သွားမယ်”
“ကိုထွန်း ရှိတာထုတ်ပေးလိုက်လေ “
“ထုတ်ပေးရင် ငါတို့ရည်မှန်းချက်တွေပျက်သွားမှာပေါ့ “
“ဟိုလင်မယား စကားကြောရှည်မနေနဲ့ အချိန်မရှိဘူး ရှာစမ်း တစ်အိမ်လုံးကိုရှာစမ်း”
မျက်နှာဖုံးစွပ်ထားတဲ့လူလေးယောက်က အိမ်ထဲမှာရှိသမျှ ပစ္စည်းတွေကို မွှေနောက်ရှာနေပေမယ့် ငွေနဲ့တူတာဆိုလို့ ဘာမှမတွေ့။
“ဆရာ ဘာမှမတွေ့ဘူး ဒီလင်မယားဘယ်မှာဖွက်ထားလဲမသိဘူး”
“မပြောရင်သတ်ပစ်လိုက်တော့ကွာ ရွာသားတွေနိုးလာရင် ဒုက္ခရောက်ကုန်မယ် နောက်ဆုံးအကြိမ်မေးမယ် ပစ္စည်းတွေဘယ်မှာလဲ”
“သတ်တော့မသတ်ပါနဲ့ဗျာ ပစ္စည်းတွေက ထန်းခေါက်ဖာထဲမှာရှိတာအကုန်ပါပဲ”
“ဟေ့ကောင်တွေ ထန်းခေါက်ဖာထဲမှာတဲ့ မင်းတို့ဘယ်လိုရှာကြတာလဲ “
“ဆရာ ဒီမှာကြည့် ထန်းခေါက်ဖာထဲမှာ မီးသွေးခဲတွေနဲ့စာရွက်အလွတ်တွေပဲတွေ့တယ်”
ကိုထွန်းတို့လင်မယားအံ့ဩသွားတယ် သူတို့မ့င်နေရတာက ရွှေတိုရွှေစတွေနဲ့ ပိုက်ဆံတွေ ဓါးပြတွေမြင်နေရတာက မီးသွေးခဲနဲ့ စာရွက်အလွတ်တွေ အဲဒီအချိန်
“ညောင် ညောင် ညောင်”
ကြောင်အော်သံက အိမ်ခေါင်မိုးပေါ်ကနေ ထွက်လာခဲ့တယ်။ အစကတော့ ကြောင်အော်သံက သိပ်မကျယ်ပေမယ့် တစ်ဖြေးဖြေးနဲ့ ကြောင်အော်သံက ကျယ်လောင်လာတယ်။
“ဟေ့ကောင်တွေ အပြတ်ရှင်းလိုက်တော့ ထွီ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘူး”
ဓါးပြတွေလဲဘာမှမရတော့ စိတ်တိုပြီး လင်မယားနှစ်ယောက်ကိုဓါးနဲ့ထိုးဖို့ရွယ်လိုက်တဲ့အချိန်
“ဟေ့လူတွေ ခင်ဗျားတို့မရှက်ဘူးလား သူတစ်ပါးပစ္စည်းကိုအချောင်လိုချင်နေတာ”
အသံကြားလို့ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
” ဘယ်ကကောင်လဲ
ရှုပ်တယ်ကွာ အားလုံးကို ရှင်းပစ်လိုက်တော့”လို့ပြောလိုက်တာနဲ့ ကျန်တဲ့သူတွေက ဓါးနဲ့ပြေးထိုးပါလေရော။
ရုတ်တရက်ပေါ်လာတဲ့လူငယ်က မထင်မှတ်ထားလောက်အောင် လျင်မြန်တဲ့အရှိန်နဲ့ ဓါးပြတွေကို တိုက်ခိုက်ပါလေရော။
ကိုထွန်းတို့လင်မယားကြည့်နေရင်း ဓါးပြတွေတစ်ယောက်ပြီးတစ်ယောက်လဲကုန်တယ်။ အဲဒီတော့မှ သတိဝင်ပြီး
“ဓါးပြဗျို့ ဓါးပြ လာကြပါဦး ဓါးပြတိုက်နေလို့”
ကိုထွန်းရဲ့အော်သံကြောင့် ရွာကင်းကျနေတဲ့ကာလသားတွေ အပြေးအလွှားရောက်လာကြတယ်။ ကာလသားတွေရောက်တဲ့အချိန်မှာတော့ ကြမ်းပြင်ပေါ် လူးလိမ့်နေတဲ့ ဓါးပြတွေကိုပဲတွေ့လိုက်ပြီး ရုတ်တရက်ရောက်လာတဲ့ လူကတော့ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ဓါးပြတွေရဲ့မျက်နှာတွေမှာတော့ ကြောင်ကုတ်ထားသလို အစင်းရာတွေက အထင်းသား။
အဲဒီအချိန်ကစပြီး ကိုထွန်းတို့လင်မယားအိမ်ကို ဘယ်သူမှမနှောက်ယှက်ရဲတော့ပေ။ လပြည့်နေ့မရောက်ခင်တစ်ရက်အလိုမှာ ကိုထွန်းတို့တစ်အိမ်လုံးမွှေးကြိုင်နေခဲ့တယ်။ နောက်နေ့မနက်အာရုံတက်ချိန်မှာတော့ လင်မယားနှစ်ယောက် ဌာပနာပစ္စည်းနဲ့ စာရွက်ကိုကိုင်ပြီး မုဆိုးထိုင်စေတီရှိရာ ထွက်လာခဲ့ကြတယ်။
သစ်ကျုတ်တောထဲကိုစဝင်တဲ့အချိန်မှာပဲ သစ်ပင်ပေါ်ကနေ
“ညောင် ညောင်”ဆိုတဲ့ကြောင်အော်သံကိုကြားလိုက်ရတယ်။
“မသိန်း ကြောင်အော်သံကြားရပြန်ပြီ ဟိုတစ်လောကဓါးပြတိုက်တုန်းကလဲကြားရတယ် “
“မကောင်းတဲ့အရာတော့မဟုတ်လောက်ပါဘူး ကျုပ်တို့ကိုကူညီခဲ့သေးတာပဲ”
လင်မယားနှစ်ယောက် တစ်ဖြေးဖြေးဆက်ထွက်လာခဲ့တာ အရင်တစ်ခါက သစ်ခုတ်ထားတဲ့နေရာကိုရောက်ရော
“ဝေါင်း ဝေါင်း”ဆိုတဲ့အသံနဲ့အတူ ကျားတစ်ကောင်က တောထဲကနေခုန်ထွက်လာပြီး လမ်းကိုပိတ်ထားပါလေရော။
“မသိန်း ဒါအိမ်မက်ထဲမှာပြောသလို အနှောက်အယှက်များလား ဒါမှမဟုတ် ငါတို့ကိုမကောင်းတဲ့သူတွေလို့ထင်နေတာလားမသိဘူး ဟိုစာရွက်ပြလိုက် အိမ်မက်ထဲမှာပြောထားတယ်လေ စာရွက်ထုတ်လိုက်”
မသိန်းလည်း လွယ်အိတ်ထဲက စာရွက်ကိုထုတ်ပြီး ထောင်ပြလိုက်ရော လမ်းပိတ်ထားတဲ့ကျားက အမြီးကုတ်တာ တောထဲပြန်ပြေးဝင်သွားတယ်။ မုဆိုးထိုင်စေတီအနားလည်းရောက်ရော အလွန်တရာသင်းပျံ့တဲ့ ရနံ့တွေက ကြိုင်ပြီးထွက်လာခဲ့တယ်။
“မသိန်း လူတွေ အများကြီးပဲ ဘယ်ကလူတွေလဲ “
” ကျုပ်လဲဘယ်သိပါ့မလဲ နန်းဝတ်နန်းစားတွေနဲ့လဲပါတယ် ယောဂီဝတ်တွေလဲပါတယ် အဖြူဝမ်းဆက်နဲ့သူတွေလဲပါတယ် ကျုပ်တို့ဘယ်နားသွားနေရမလဲ”
လင်မယားနှစ်ယောက် တီးတိုးပြောနေတဲ့အချိန်
“ရောက်လာကြပြီလား ဒီဘက်ကိုလာကြ”လို့ပြောတဲ့အသံကြားလို့ကြည့်လိုက်ရာ အိမ်ကိုအလည်ခေါ်ခဲ့ဖူးတဲ့လူငယ်ဖြစ်နေတယ်။ လူငယ်က ပိတ်ဖြူစင်ကြယ်ကိုဝတ်ထားပြီး သူ့အနောက်မှာတော့ ဓါးပြတွေလာတိုက်တဲ့ညက ကူညီပေးသွားတဲ့သူကိုတွေ့လိုက်ရတယ်။
“လူတွေအများကြီးပဲနော် ဒီလောက်လူများမယ်လို့မထင်ထားဘူး”
မသိန်းရဲ့စကားကိုကြားတော့ ပိတ်ဖြူဝတ်လူငယ်က
“ဒါတွေက သာမန်လူတွေမဟုတ်ဘူး နောက်တော့သိလာမှာပါ ဟိုမှာအတိတ်ဘဝက အမျိုးအနွယ်တွေကိုနှုတ်ဆက်လိုက်ပါဦး”လို့ပြောလို့ကြည့်လိုက်တာ နန်းဝတ်နန်းစားနဲ့လူတွေကိုတွေ့လိုက်ရတယ်။
“ကိုထွန်း ကျုပ်ဒီလူတွေကိုသိသလိုပဲ”
“အေး ငါလဲရင်းနှီးနေတယ် မြင်ဖူးသလိုပဲ”
” အနှောင်း ငါတို့ကိုမသိတော့ဘူးလား ငါတို့ကဒီနေရာမှာတူတူနေလာခဲ့ကြတာလေ”
” ရောင်းရင်းကြီး ကျုပ်တို့ကိုမေ့နေပြီလား သင်တို့လူ့ပြည်ကိုသွားတော့ ကျုပ်တို့ကသတိရနေတာ”
ကိုထွန်းနဲ့မသိန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးကြောင်နေတဲ့အချိန်
“ထီးတော်တင်ပြီးဟေ့ သွားဖူးကြရအောင်”ဆိုတဲ့အသံနဲ့အတူ စေတီနားမှာ အကုန်ပြည့်သွားတယ်။
“ကိုထွန်း ဟိုမှာကြည့် စေတီမှာတွေ့ခဲ့တဲ့အဖိုးမဟုတ်လား”
“အေး ဟုတ်တယ် ငါတို့ပုဂ္ဂိုလ်ထူးတွေကို ဖူးရပီထင်တယ်”
အဲဒီအချိန်
“ဌာပနာပစ္စည်းလှူဒါန်းလို့ရပြီ”ဆိုတဲ့အသံကြားတာနဲ့ များစွာသောလူအုပ်ကြီးက မိမိတို့ဆီမှာပါလာတဲ့ ရတနာပစ္စည်းတွေကိုချွတ်ကာ ဌာပနာ ထည့်ကြပါလေရော။
ကိုထွန်းတို့လင်မယားလည်း လွယ်အိတ်ထဲမှာပါလာတဲ့ငှာပနာပစ္စည်းကိုထုတ်ကာ လှူဒါန်းလိုက်တယ်။
စေတီတော်ရဲ့ဌာပနာပိတ်ပြီး ထီးတော်တင်တဲ့အချိန် သာဓုခေါ်သံတွေက တောတစ်ခွင်လုံး ပဲထင်သွားတော့တယ်။ သာဓုခေါ်သံဆုံးတာနဲ့ မုဆိုးထိုင်စေတီရဲ့ စိန်ဖူးတော်ကနေ ရောင်စဉ်တွေဖြာထွက်လာပါရော။
ကိုထွန်းတို့လင်မယားလည်း မျက်လုံးမှိတ်ကာ ဦးဘယ်နှစ်ကြိမ်ချမိနေမှန်းမသိခဲ့ဘူး။ မျက်လုံးပြန်ဖွင့်ကြည့်တဲ့အချိန်မှာတော့ စေတီတော်ကို မတွေ့တော့ပဲ ဝါးပင်တွေထူထပ်စွာပေါက်နေတဲ့ ဝါးရုံတောတစ်ခုကိုပဲတွေ့လိုက်ရတယ်။
ကိုထွန်းတို့လင်မယားလည်း သူတော်စင်တွေသာဖူးမြင်ရတဲ့ မုဆိုးထိုင်စေတီရဲ့ထီးတော်တင်ပွဲကနေပြန်လာတဲ့နေ့ကစပြီး ဝတ်ဖြူစင်ကြယ်နဲ့လူငယ်ကိုရော၊ စေတီတော်မှာနေတဲ့အဖိုးကိုရော၊ ကြောင်အော်သံကြားရင်ရောက်လာတတ်တဲ့ လူငယ်ကိုရောထပ်မတွေ့ရတော့ပေ။
ထိုသုံးယောက်က
အောင်မြတ်သာ၊ ဖိုးအောင်လံ၊ နက်ကျော်တို့ဆိုတာ စာဖတ်သူတွေသိလောက်မယ်ထင်ပါတယ်။
လေးစားစွာဖြင့်
ဇေယန(ရာမည)