°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)

စုံတောမြိုင်ရွာမှာ မဂျမ်းဘုံဆိုရင် ကလေးကအစ ခွေးအဆုံးမသိတဲ့သူမရှိ ဘာကြောင့်သိရလဲဆိုတော့ မဂျမ်းဘုံက ရွာမှာနေ့ပြန်တိုးပေးစားတယ် ရွာကလူတွေဆိုတာကလည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့အခြေအနေတွေမို့ မဂျမ်းဘုံနဲ့ လွတ်ကင်းတယ်ဆိုတာမရှိကြဘူး။

မဂျမ်းဘုံဆိုတာကလည်း အလွန်ဆုံးရှိ အသက်၄၀စွန်းစွန်းလေးပေါ့။ ရုပ်ကတော့ ရွက်ကြမ်းရေကျိုဆိုပေမယ့် ကိုယ်လုံးကိုယ်ပေါက်ကတော့အလွန်လှသဗျ။ ဒါပေမယ့် မဂျမ်းဘုံရဲ့ ပါးစပ်ကိုကြောက်လို့ဘယ်သူမှမကပ်ရဲဘူး။

မဂျမ်းဘုံရဲ့မိဘတွေက လယ်ဧကပေါင်းများစွာပိုင်တဲ့သူဌေးတွေဖြစ်တဲ့အတွက် သူတို့သေတဲ့အခါမှာတော့ ပိုင်ဆိုင်သမျှပစ္စည်းတွေကို မောင်နှမနှစ်ယောက်ဖြစ်တဲ့ အမဖြစ်သူမဂျမ်းဘုံနဲ့ မောင်ဖြစ်သူ မြင့်မောင်တို့ခွဲယူခဲ့ကြတယ်။

မဂျမ်းဘုံကတော့ မောင်ဖြစ်သူယူတဲ့မိန်းမကိုမကြည်ဖြူတဲ့အတွက် မင်္ဂလာဆောင်ပြီးတဲ့အချိန်ကစပြီး စကားမပြောတော့ပေ။

မြင့်မောင်ကလည်း သူရထားတဲ့အမွေတွေနဲ့ ရွာမှာ လူချမ်းသာတစ်ယောက်အဖြစ်နေပြီး ပိုင်ဆိုင်တဲ့လယ်တွေကိုသူရင်းငှားတွေနဲ့ ထွန်ယက်လုပ်ကိုင်နေတာ အဆင်ပြေတယ်လို့ပြောလို့ရတယ်။

မဂျမ်းဘုံကတော့ ဘယ်သူ့ကိုမှမယုံတဲ့အတွက် ယောင်္ကျားလဲမယူ၊ လှူလဲမလှူပဲ ငွေကိုသာတစ်စိုက်မတ်မတ်ရှာခဲ့တယ်။ မဂျမ်းဘုံနေတဲ့အိမ်နဲ့ခြံက တော်တော်ကျယ်တယ်။ မိဘတွေရှိစဉ်က စိုက်ပျိုးခဲ့တဲ့ သီးပင်စားပင်တွေက ခြံဝင်းထဲမှာ အပြည့်ပဲ။

ရွာထဲက လူငယ်လူလတ်ပိုင်းတွေက မဂျမ်းဘုံအလစ်ကိုစောင့်ပြီး ခြံထဲကသီးနှံတွေကို ခိုးစားကြတယ်။ မမိရင်တော့ဘာမှမဖြစ်ပေမယ့် မိသွားတဲ့အခါမှာတော့ ဖေကိုင်မေကိုင်တုတ်ပြီး ဆဲခံရပြီသာမှတ်လိုက်။

မဂျမ်းဘုံက သူပိုင်တဲ့ပစ္စည်းတွေကို ဘယ်တော့မှ အိမ်မှာမထားဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့အိမ်ခိုးခံထိလို့ အတွင်းပစ္စည်းတော်တော်များများပါသွားတယ်။ အဲဒါကြောင့် သူပိုင်တဲ့ပစ္စည်းတွေကိုအိမ်မှာမထားတော့ပဲ တစ်နေနေရာမှာ ဖွက်ထားတယ်လို့ ရွာကလူတွေပြောကြတယ်။ ဘယ်နေရာမှာ ဖွက်ထားတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြဘူး။

တစ်နေ့ ဟိုဘက်ရွာကနေအကြွေးတောင်းပြီးပြန်အလာ ပူလို့ဆိုပြီးရေချိုးရာကနေ အပူရှပ်ပြီး ရုတ်တရက်ဆုံးသွားတယ်။

ဆုံးတဲ့သူကလဲ ဆုံးသွားပြီမို့ ပေးစရာရှိသူတွေကလည်း ပျော်လို့ရွှင်လို့ ၊ တစ်ချို့ကလဲ မဂျမ်းဘုံရဲ့ကောင်းကြောင်းတွေပြောဆိုနေရင်း အလောင်းမြေချဖို့ ကိစ္စလုပ်နေကြတယ်။

ရွာတွေရဲ့ဓလေ့အရ အလောင်းကို အိမ်ပေါ်မှာမတင်ပဲ အိမ်ရှေ့မှာစင်ရိုက်ပြီးအ‌ခေါင်းထဲထည့်ထားရတယ်။ ညဘက်ရောက်တော့ အ‌သုဘစောင့်တဲ့သူတွေကဝိုင်းဖွဲ့ထိုင်ပြီး စကားစမြည်ပြောနေတဲ့အချိန်

” ဝုန်း ဂလုန်း ဖြောင်း” ဆိုတဲ့အသံက အိမ်အနောက်ဘက်ခြံထဲကနေ ထွက်လာခဲ့တယ်။

ကြားလိုက်ရတဲ့အသံကြောင့် အသုဘစောင့်နေတဲ့သူတွေ လန့်ဖြန့်သွားပြီး

” မဂျမ်းဘုံ လာတာလားမသိဘူး”

အဖွဲ့ထဲမှာ သရဲအကြောက်တတ်ဆုံးဖြစ်တဲ့ ကိုငယ်ရဲ့စကားကြောင့် အသုဘစောင့်နေတဲ့သူတွေ ရီလိုက်ကြတယ်။

” ဟားဟား ကိုငယ် မင်းကတော့ ကြောက်တတ်တာလွန်ရော အဲဒါအိမ်နောက်ဘက်က သစ်ကိုင်းကျိုးကျတာကွ သေတဲ့သူက သေပြီးလို့ဘယ်ဘဝရောက်နေပြီလဲမသိဘူး သိပ်လဲအစွဲအလမ်းမထားစမ်းပါနဲ့ကွာ”

အသုဘစောင့်နေကြတဲ့သူတွေရဲ့စကားကြောင့် ကိုငယ်စိတ်သက်သာရာရသွားပြီး

” ကိုမြင့်မောင် အခု ခင်ဗျားအစ်မလဲဆုံးပြီဆိုတော့ ဒီအိမ်နဲ့ခြံကို ခင်ဗျားပိုင်ပြီပေါ့”

ကိုငယ်ရဲ့စကားကြောင့် ကိုမြင့်မောင်က

” ကျုပ်မယူပါဘူး အခု ရွာမှာ ဘုန်းကြီးကျောင်းမြေမရှိသေးဘူးဆိုတော့ ဒီအိမ်နဲ့မြေကို ဘုန်းကြီးကျောင်းအတွက်လှူမလို့စိတ်ကူးထားတယ် အစ်မဖြစ်သူအတွက်လဲ ကုသိုလ်ရတာပေါ့ဗျာ”

ကိုမြင့်မောင်ရဲ့ စကားကြောင့် အသုဘစောင့်နေတဲ့သူတွေ အံ့ဩဝမ်းသာဖြစ်သွားကြတယ်။

‘ ကောင်းလိုက်တာဗျာ”

“ဒါမျိုးမှအလှူလို့ခေါ်တာ”

” ဒီထက်မကစီးပွားတက်ဦးမှာပါဗျာ”

ကိုမြင့်မောင်ကိုကောင်းချီးဩဘာပေးသံတွေနဲ့ဆူညံသွားတဲ့အချိန်

” ဝုန်း ဂလွမ်း “

” ဟာ အလောင်းစင်ကြီး ကျိုးကျပြီ ရိုက်တဲ့ကောင်တွေသေချာခိုင်အောင်မရိုက်ဘူး ပြဿနာပဲ”

ဘကြီးထွန်းမြင့်က ဆူငေါက်ရင်း အလောင်းသင်ရှိရာဘက်ကို ကမန်းကတမ်းထပြေးသွားလိုက်တယ်။

အလောင်းစင်ပြိုကျတဲ့အသံကြောင့် အိမ်နားနီးချင်းတွေထွက်လာကြပြီး

” လုပ်ကြပါဦး အလောင်းစင်ပြိုတာ နမိတ်မကောင်းဘူး မဂျမ်းဘုံကလဲ စိတ်ကြမ်းလူကြမ်းနဲ့အေ ဒုက္ခတော့ရောက်တော့မှာပဲ”

ဘကြီးထွန်းမြင့်အလောင်းစင်နားရောက်တော့

မျက်လုံးကြီးပြူးကာ ပါးစပ်ထဲမှာလဲ ကူးတို့ခမတ်စေ့ကိုကိုက်ထားတဲ့ မဂျမ်းဘုံအလောင်းကိုမြင်လိုက်ရတယ်။

ဘကြီးထွန်းမြင့်လိုမကြောက်တတ်တဲ့သူတောင် အနောက်နည်းနည်းဆုတ်သွားပြီး

” မြင့်မောင် မင်းအစ်မကိုရေချိုးပေးတော့ မျက်လုံးပွင့်နေလား”

” မပွင့်ဘူးဘကြီး မျက်လုံးကစုံမှိတ်နေတာ အခုမှဘယ်လိုဖြစ်လို့ ပွင့်လာလဲမသိဘူး သူ့အိမ်ကိုများစိတ်မချလို့လား”

မြင့်မောင်စကားကို ဘကြီးထွန်းမြင့်ဘာမှမပြောတော့ပဲ အလောင်းကိုနေရာတကျပြန်ထားပြီး ပြိုကျနေတဲ့စင်ကိုသစ်သားနဲ့ထပ်ပိုးရိုက်ခိုင်းလိုက်တယ်။

အလောင်းစင်ကိစ္စပြီးလို့ အိမ်ပေါ်ရောက်တော့ စင်ရိုက်တဲ့နေရာမှာပါတဲ့ ကိုစံထူးက

” ဘကြီးထွန်းမြင့်”

“ဟေ ဘာတုန်း”

” ခုနက အလောင်းကိုပင့်တော့ တော်ရုံနဲ့ပင့်မရဘူး အပေါ်ကနေ တစ်ယောက်ယောက်တက်ထိုင်ထားသလိုလေးနေတယ်”

” ဟုတ်လား မင်းတို့စိတ်ထင်လို့နေမှာပါ “

” နောက်တစ်ခုရှိသေးတယ် ကျွန်တော်တို့နေ့လည်က အခေါင်းစင်ရိုက်တော့ သေချာရိုက်ခဲ့တာ အခုကျိုးတဲ့နေရာကိုကြည့်တော့ ခြေထောက်နဲ့ကန်ချိုးထားသလိုဖြစ်နေတယ် သူ့အလိုလိုကျိုးတာမဖြစ်နိုင်ဘူး”

” အိမ်း မင်းပြောတာငါသဘောပေါက်တယ် အခုအိမ်မှာလူတွေရှိနေတယ် အခြားလူတွေကြောက်လန့်ကုန်လိမ့်မယ် မြေချပြီးမှ ဘာဆက်ဖြစ်လဲကြည့်ကြတာပေါ့”

ဘကြီးထွန်းမြင့်စကားကြောင့် ကိုစံထူး ဘာမှဆက်မပြောတော့ပဲ ပန်းကန်ထဲမှာထည့်ထားတဲ့ ပဲကြီးလှော်ကိုယူကာ ဝါးနေလိုက်တယ်။

နောက်နေ့အလောင်းမြေချတော့ ရွာဓလေ့အတိုင်း အလောင်းဆော့ကြတယ်။(အလောင်းဆော့တယ်ဆိုတာက သေလူကို နောက်ဆုံးခရီးမှာပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဘေးဘက်လေးတန်ဝါးလုံးတွေနဲ့ချည်ပြီး လှုပ်ရမ်းတာကိုပြောတာဖြစ်ပါသည်)

အလောင်းကိုထမ်းဆော့ရင်း သုဿာန်ကို သွားတဲ့အချိန်

” စံထူး အလောင်းကတစ်ဖြေးဖြေးလေးလာလိုက်တာ ငါ့ပခုံးမခံနိုင်တော့ဘူး”

“အေး ဟုတ်တယ် သုဿာန်အဝင်ရောက်ခါနီးလေ ပိုလေးလာသလိုပဲ ငါလဲပခုံးတွေကျိန်းနေပြီ”

စံထူးလည်း ဘေးကနှစ်ယောက်ကိုကြည့်လိုက်တော့ သူတို့လဲမသက်မသာဖြစ်နေဟန်ကိုတွေ့လိုက်ရတယ်။

” လူချိန်းမယ်ဟေ့ အလောင်းထမ်းမယ့် ကာလသားတွေ ဒီနားလာခဲ့”

အသုဘပို့တဲ့ထဲမှာ အပျိုလေးတွေပါတော့ အလောင်းထမ်းတာတောင် မနိုင်ဘူးဆိုပြီး ကဲ့ရဲ့မှာစိုးလို့ ကြိတ်မှိတ်ထမ်းနေတဲ့အချိန် ဘကြီးထွန်းမြင့်ရဲ့ စကားကိုကြားတော့ စံထူးဝမ်းသာသွားတယ်။

” ဟေ့ မရပ်ကြနဲ့ လမ်းလျောက်နေရင်း လဲကြ “

စံထူးလည်း အလောင်းစင်ကို အခြားကာလသားတွေကိုပေးပြီးဘေးကနေလိုက်သွားခဲ့တယ်။ သုဿာန်ရောက်တော့ အစိမ်းသေဖြစ်တဲ့အတွက် မီးသင်္ဂြိုလ်ပြီး ပြန်လာခဲ့ကြတယ်။

ညဘက်ရောက်တော့ အသုဘစောင့်တဲ့ကာလသားတွေကို မြင့်မောင်က ကြက်တစ်ကောင်နဲ့ ဘူးသီးတစ်လုံးပေးလို့ ချက်စားဖို့ပြင်နေတဲ့အချိန် ဘေးကို ပခုံးလေးပွတ်ပြီး ရောက်လာတဲ့ ရေထမ်းသမားလှကျော်ကိုတွေ့လိုက်ရတယ်။

” ဟေ့ကောင်လှကျော် ပခုံးတစ်ကိုင်ကိုင်နဲ့ ဘာဖြစ်နေတာလဲ”

” ဘာဖြစ်ရမလဲ နေ့လည်က ကိုစံထူးတို့နဲ့ အလောင်းစင်ထမ်းတယ်လေ အလောင်းစင်က သုဿာန်အဝင်လဲရောက်ရော မတရားလေးလာတယ် ကျုပ်လဲရောက်ခါနီးပြီမို့ အံကြိတ်ထမ်းခဲ့ရတာ ကိုစံထူးတို့ထမ်းတာကျတော့ ဘာမှလဲမဖြစ်ဘူး”

လှကျော်စကားကိုကြားတော့ စံထူး မနာချင်ယောင်ဆောင်ပြီး

” မင်းလိုရေထမ်းနေကျကောင်က ဒီလောက်လာနုနေတယ် ငါတို့ထမ်းတာကျဘာမှမဖြစ်ပါဘူး”

” မသိတော့ဘူးဗျာ ထူးဆန်းတာတော့အမှန်ပဲ အခုကြက်ချက်ဖို့အမွှေးနှုတ်ပေးရမလား”

” အေး ကောင်းတာပေါ့ မင်းကအမွှေးနှုတ်ထား ငါထမင်းအိုးတည်လိုက်မယ်”

စံထူးကပြောပြောဆိုဆို မီးဖိုချောင်ဘက်ထွက်သွားလိုက်တယ်။

လှကျော်လဲ ကြက်ကိုအမွှေးနှုတ်ရင်း ဗိုက်ထဲက တစ်ချက်တစ်ချက် ရစ်လာလို့ လုပ်လက်စကြက်‌ကိုချပြီး အိမ်သာရှိရာဘက်ကို ထွက်ခဲ့လိုက်တယ်။

ရွာအိမ်တွေမို့ အိမ်သာက အိမ်ရဲ့အနောက်မလှမ်းမကမ်းမှာ ထားတဲ့အတွက် အိမ်သာရောက်ဖို့ ခြေလှမ်းနှစ်ဆယ်လောက်လျောက်ကြရတယ်။

လှကျော်လဲ ဗိုက်ကိုလက်နဲ့ဖိရင်း လရောင်ကိုအားကိုးကာလျောက်လာရင်း အိမ်သာအရှေ့ရောက်တော့ တံခါးဆွဲဖွင့်လိုက်တဲ့အချိန်

” အောင်မလေး သ သ သရဲ သရဲ သရဲ ဂစ်ဂစ်ဂစ်”

လှကျော် အော်သံနဲ့အတူ တက်သွားတယ်။

လှကျော်အော်သံကြားတော့ အိမ်ပေါ်ကလူတွေပြေးဆင်းလာပြီး ပွေ့ချီကာ နှိပ်နယ်ပေးလိုက်တော့မှ သတိပြန်လည်လာတယ်။

” လှကျော် ဒီလောက်ထိဖြစ်အောင်မင်းဘာမြင်လို့လဲ “

ဘကြီးထွန်းမြင့်ရဲ့အမေးကိုမဖြေနိုင်သေးပဲ

” ရေ ရေ တိုက်ကြပါ “

ဘေးကလူတွေလဲ ရေတစ်ခွက်ခပ်ပေးပြီးတိုက်လိုက်တော့မှ

” အိမ်သာတက်ချင်လို့ အိမ်သာတံခါးကိုဆွဲဖွင့်လိုက်တာ အိမ်သာထဲမှာ ငုတ်တုတ်ထိုင်ပြီး ကျွန်တော့်ကိုကြည့်နေတဲ့ မဂျမ်းဘုံကိုမြင်လိုက်ရတယ် မဂျမ်းဘုံဒီမှာရှိနေတယ်”

” လှကျော်စိတ်ထိန်းစမ်း စံထူး ဒီကောင်ကိုအိမ်ပြန်ပို့လိုက်တော့ သူတော်တော်ကြောက်နေတယ်”

စံထူးလဲလှကျော်ကို တွဲပြီး အိမ်ပြန်ပို့ကာ မဂျမ်းဘုံအိမ်ဘက်ပြန်လာတဲ့အချိန် နှာခေါင်းထဲမှာ အပုတ်နံ့တွေရလာခဲ့တယ်။ စံထူးလဲ လမ်းဘေးမှာခွေးတွေများသေနေလားဆိုပြီးလိုက်ကြည့်ပေမယ့် ဘာမှမရှိ။

အဲဒီအချိန် ပခုံးပေါ်ကို ရေတွေစိုရွှဲနေတဲ့ လက်တစ်ဖက်ကျလာခဲ့တယ်။ စံထူးလဲ မရဲတရဲနဲ့ အနောက်လှည့်ကြည့်လိုက်တော့ မဂျမ်းဘုံရဲ့ဖောယောင်နေတဲ့မျက်နှာကိုတွေ့လိုက်ရပြီး ကြက်သေသေသွားတဲ့အချိန်

” ငါ ကြက်သားစားချင်တယ် ” ဆိုတဲ့အသံအက်အက်ကြီးကိုပါထပ်ကြားလိုက်ရတော့ စံထူး ကြောက်လန့်တကြား သုတ်ခြေတင်ကာပြေးပါလေရော။

” ဘကြီးထွန်းမြင့် ဟောဟဲ ဟောဟဲ ဘကြီး”

လှေကားပေါ်ကို လေးဘက်ထောက်တက်လာတဲ့ စံထူးကိုမြင်တော့ အိမ်ပေါ်မှာရှိနေတဲ့သူတွေက ဆင်းလာပြီး

” လာပြန်ပြီ နောက်တစ်ကောင် ဘာဖြစ်လာရတာလဲ”

” မဂျမ်းဘုံ ကျွန်တော်အနောက်မှာပါလာတယ် သူ့မျက်နှာကြီးက ဖူးယောင်ပြီးကြောက်ဖို့ကောင်းလိုက်တာ ကျွန်တော်မနေရဲတော့ဘူး ကျွန်တော်ကိုအိမ်ပြန်ပို့ပေးပါ အီး ဟီး ဟီး”

အခြေအနေတွေက တစ်ဖြေးဖြေးဆိုးလာတာမို့ ဘကြီးထွန်းမြင့်က မြင့်မောင်ကိုခေါ်ကာ

” မြင့်မောင် ဒီအိမ်ကိုလောလောဆယ် ပိတ်ထားလိုက်တော့ မင်းအစ်မရက်လည်ကျရင် ဟိုဘက်ရွာက သံဃာငါးပါးပင့်ပြီး ဆွမ်းသွပ်ပေးလိုက် သူကတော့ရက်မလည်ချင်း ကျွတ်မှာမဟုတ်ဘူး”

ဘကြီးထွန်းမြင့်ရဲ့စကားကို မြင့်မောင်က စောဒကမတက်တော့ပဲ အိမ်ကိုချက်ချင်းသော့ပိတ်ကာ ထွက်လာခဲ့လိုက်တယ်။

အိမ်ထဲကနေ ထွက်လာတဲ့အချိန်မှာပဲ ခြံအနောက်ဘက်ကနေ တဟားဟားနဲ့အော်ရီသံကြားလို့ အကုန်သုတ်ခြေတင်ပြေးကြပါလေရော။

အဲဒီနေ့ကစပြီး မဂျမ်းဘုံအိမ်ရှေ့ကဖြတ်ရင်တောင် မျက်စောင်းမထိုးရဲကြတော့ဘူး။ ညဘက်တွေဆိုလဲ အိမ်ထဲမှာ လှုပ်ရှားသွားလာနေတဲ့အသံတွေ၊ ခြံထဲမှာလမ်းလျောက်နေတဲ့ မဂျမ်းဘုံကိုရွာသားတွေတွေ့ရတယ်။

မြင့်မောင်လည်း ရက်လည်ဆွမ်းသွပ်တဲ့နေ့မှာ အိမ်ကိုဖွင့်လိုက်တော့ အိမ်ထဲမှာ လူတစ်ယောက်နေထားသလိုသန့်ရှင်းနေတာကို ထူးဆန်းစွာမြင်လိုက်ကြရတယ်။

ဆွမ်းသွပ်အမျှဝေပြီးတော့ အိမ်ကိုသော့ပိတ်ထားလိုက်ကြတယ်။ ဒီလိုနဲ့ရက်တွေလတွေကြာတဲ့အထိ အိမ်ထဲမှာအသံဗလံတွေကြားနေရသေးတယ်။ လူမနေတာကြာတဲ့အတွက် ခြံထဲမှာပေါက်နေတဲ့အပင်တွေကနေသီးတဲ့အသီးတွေက မြေကြီးပေါ်မှာ ပြန့်ကျဲနေခဲ့တာကိုမြင်တဲ့ ရွာသားတစ်ချို့ကဝင်ကောက်ချင်ပေမယ့် မဂျမ်းဘုံကိုကြောက်လို့ ဘယ်သူမှမဝင်ရဲဘူး။

ဒီလိုနဲ့မဂျမ်းဘုံခြံထဲကိုအသီးဝင်ခူးရဲရင် ဘယ်လောက်ပေးမယ် ဆိုပြီးလောင်းကြေးတစ်ခု ပေါ်လာခဲ့တယ်။ တစ်နေ့မှာတော့

” စံထူး မင်းနဲ့လှကျော်ကို ဂျမ်းဘုံကခြောက်တယ်ဆိုတာတကယ်လား”

ရွာချဉ်ဖတ်မှတ်ကြီးရဲ့စကားကြောင့် ထန်ရည်သောက်နေတဲ့စံထူးက

” မင်းမယုံရင် သူ့ခြံထဲညဘက်ဝင်ကြည့်ပါလား ခြောက်မခြောက်သိရမှာပေါ့”

” ဟားဟားဟား ဂျမ်းဘုံဆိုတာ ငါ့ရဲ့အချစ်ဦးကွ ငါဝင်ရင်သူခြောက်မှာမဟုတ်လောက်ဘူး”

မှတ်ကြီးကစကားပြောပြီး ထန်းရည်တစ်ခွက်ကိုမော့သောက်လိုက်တယ်။

” အဲဒါဆို မင်းသူ့ခြံထဲက ဒူးရင်းဩဇာသီးခူးခဲ့နိုင်ရင် ဒီထန်းတောမှာတစ်ပတ်အတွင်း ကြိုက်သလောက်သောက် ငါရှင်းမယ် အေး မခူးခဲ့နိုင်ရင် ငါတို့သောက်သမျှ မင်းရှင်းရမယ်”

” စိမ်လိုက်လေ ငါကအစထဲယုံကိုမယုံတာ ဒီည ဆယ်နာရီ သူ့ခြံထဲကိုဝင်ပြီး ဒူးရင်းဩဇာသီးခူးခဲ့မယ် မင်းတို့မယုံရင် အဝေးကနေကြည့်နေ ငါတကယ်သွားမသွားသိရအောင် ငါ့ခေါင်းမှာ ခေါင်းစွပ်မီးတပ်သွားပေးမယ် “

စံထူးနဲ့ မှတ်ကြီးတို့ရဲ့ အလောင်းအစားကို ထန်းတောတစ်ခုလုံးစိတ်ဝင်စားသွားကြတယ်။ စံထူးနဲ့တူတူကြုံခဲ့ရတဲ့သူတွေကတော့ မှတ်ကြီးဘယ်လိုဘယ်ပုံထွက်ပြေးမလဲဆိုတာပြောနေကြသလို မှတ်ကြီးဘက်ကလူတွေကလည်း ထန်းရည်အဝသောက်ရမယ့်အခွင့်အရေးကိုလက်မလွှတ်တာမှန်ကြောင်းထောက်ခံနေကြတယ်။

ညဘက်ရောက်တော့ မှတ်ကြီးက ခေါင်းမှာစွပ်တဲ့မီးကိုတပ်ပြီး မဂျမ်းဘုံအိမ်နားသွားနေတာကို စံထူးတို့အဝေးကနေကြည့်နေလိုက်တယ်။

မှတ်ကြီးက အရက်ကိုမူးနေအောင်သောက်ထားတော့ စိတ်ကကြွနေတဲ့အချိန်

” ခြံထဲတော့ရောက်ပြီ ဟိုကောင်တွေပြောတဲ့ဒူးရင်းဩဇာပင်ကဘယ်နားမှာတုန်း” တစ်ယောက်ထဲရေရွတ်ပြီး ဒူးရင်းဩဇာပင်လိုက်ရှာနေစဉ်

” ဟိုမှာတွေ့ပြီ ဘယ်သူမှမခူးလို့ထင်တယ် မှည့်နေတာပဲ လာထားတစ်လုံး”ဆိုပြီး အညှာကနေခြွေလိုက်ပြီး လုံချည်ခါးပေါင်စထဲ ထည့်လိုက်တယ်။

“တော်ပြီ တစ်လုံးပဲခူးမယ် မနက်ဖြန်ထန်းရည်အဝသောက်ရပြီဟေ့ ဟီးဟီး”

မှတ်ကြီးလဲ ဒူးရင်းဩဇာအပင်အောက်ကနေ ထွက်လာတဲ့အချိန်

” မှတ်ကြီး အပင်မှာအသီးတွေအများကြီးလေ ထပ်ခူးပါဦး”ဆိုတဲ့အသံကြီးကြားလိုက်ရတယ်။

“ဘယ်သူလဲကွ ငါ့ဘာသာခူးချင်သလောက်ခူးမယ် အမိန့်လာပေးမနေနဲ့”

” ဟီးဟီးဟီးအဟက်အဟက်အဟက် ငါ့ခြံထဲကိုငါ့အခွင့်မရှိပဲဝင်သေးတယ် ငါ့ကိုများဘာကောင်မထင်နေလဲ ဟေ့”

ဝမ်းခေါင်းသံကြီးနဲ့ပြောတာကိုကြားလို့ မှတ်ကြီး အပင်ပေါ်မော့လိုက်ကြည့်လိုက်တော့ အပင်ခွကြားမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဂျမ်းဘုံကိုတွေ့လိုက်ရတယ်။

မျက်နှာတစ်ခုလုံးပုတ်ပွနေပြီး အရည်တွေယိုကျနေတဲ့ ဂျမ်းဘုံက မဲနက်နေတဲ့သွားတွေပေါ်အောင်ရယ်လိုက်ပြီး

” မှတ်ကြီး လာခူးစမ်းပါ ဟားဟား”

အဲဒီအချိန်မှတ်ကြီး လုံချည်တောင်မနိုင်ပဲ ခြံထဲကနေပြေးပါလေရော။

အဲဒီနေ့ဖြစ်ခဲ့တာတွေကြောင့် မှတ်ကြီးခုနှစ်ရက်လောက်ဖျားသွားခဲ့တယ်။ အဖျားပျောက်တဲ့အချိန်မှာတော့ စံထူးတို့သောက်ထားတဲ့ထန်းရည်ဖိုးကိုထပ်ရှင်းရပြန်ရော။

ဒီလိုနဲ့မဂျမ်းဘုံအိမ်ဝိုင်းထဲကိုနောက်ထပ်ဘယ်သူမှမဝင်ရဲကြတော့ဘူး။

မြင့်မောင်လည်း အစ်မဖြစ်သူအိမ်ကို ဘုန်းကြီးကျောင်းမြေအဖြစ်လှူဖို့စိတ်ကူးထားပေမယ့် အခုလိုအဖြစ်တွေကြောင့် မလှူဖြစ်သေးပဲ လယ်ယာကိစ္စတွေနဲ့အလုပ်ရှုပ်နေခဲ့တယ်။

တစ်ရက်မှာတော့ မြင့်မောင်အိမ်အောက်မှာ ရေနွေးသောက်နေစဉ် ခြံထဲကို ယောဂီအင်္ကျီဝတ် လူငယ်သုံးယောင်ဝင်လာတာကိုတွေ့လိုက်တယ်။ ဘယ်သူ့ကိုမှမမေးမမြန်းပဲဝင်လာတဲ့လူငယ်သုံးယောက်ကိုမြင်တော့ မြင့်မောင်က

“ဘာကိစ္စရှိလို့လဲ”

မြင့်မောင်ရဲ့စကားကို အရပ်မြင့်မြင့်အသားလတ်လတ်လူက

” ဒီရွာမှာ ဘုန်းကြီးကျောင်းမြေလှူဖို့စီစဉ်ပြီးကာမှ အကြောင့်အခုထိအလှူအထမမြောက်သေးဘူးလို့ကြားလို့ဝင်လာခဲ့ဝာာပါ”

” ဟုတ်တယ် ကျုပ်ကအဲဒီအိမ်ရဲ့ပိုင်ရှင်ပါ အစ်မဖြစ်သူဆုံးပြီးထဲက ဘယ်သူမှအိမ်ထဲခြံထဲမဝင်ရဲတော့ဘူး “

မြင့်မောင်ရဲ့စကားကိုကြားတော့ ဖျင်ကြမ်းယောဂီအင်္ကျီဝတ်ထားတဲ့လူငယ်က

” ဒါဆို ကျုပ်တို့ကူညီပေးပါ့မယ် အဲဒီအိမ်ထဲမှာတန်ဖိုးကြီးပစ္စည်းတွေများကျန်ပါသေးလား”

” တန်ဖိုးကြီးပစ္စည်းတွေတော့မကျန်တော့ဘူး ဘာများဖြစ်လို့လဲ”

” အဲဒါဆို ကျုပ်တို့ကိုအိမ်သော့လေးပေးပါလား ကျုပ်တို့က အလှုအထမမြောက်အောင် ‌မြေမှာစွဲနေတဲ့ပုဂ္ဂိုလ်ကိုနှင်ထုတ်ပေးပါ့မယ်”

” ခင်ဗျားတို့က ပယောဂကုတဲ့ဆရာတွေလား”

မြင့်မောင်ရဲ့စကားကြောင့် သုံးယောက်ထဲမှာ ဥပဓိရုပ်အကောင်းဆုံးလူငယ်က

” ကျုပ်တို့က ခုနှစ်ရက်သားသမီးတွေကို ကူညီပေးနေတဲ့သူတွေပါ အခုကိစ္စအဆင်ပြေရင် ဘုန်းကြီးကျောင်းမြေနေရာရမယ်ဆိုလို့ အခမဲ့လာကူညီတာပါ “

” ဒါဆိုအဆင်သင့်လိုက်လေဗျာ ကျုပ်အိမ်သော့ပေးမယ် ခဏလေးစောင့်”

မြင့်မောင်က ပြောပြီးတာနဲ့အိမ်ပေါ်ခဏတက်သွားပြီး ပြန်ဆင်းလာတဲ့အချိန် လက်ထဲမှာ သော့တွဲတစ်တွဲပါလာခဲ့တယ်။

” ဒါကအိမ်သော့ ဒါက ခြံသော့ပါ ရွာလူကြီးတွေနဲ့ အိမ်နီးနားချင်းတွေကိုလဲကျုပ်ပြောထားပေးပါ့မယ် ကျန်တာဘာများလိုအပ်ပါသေးလဲ”

” ထွေထွေထူးထူးတော့မလိုပါဘူး မနက်ဖြန်မနက် အိမ်ကိုတရော်ကင်မွန်းပေးဖို့နဲ့ မြေအနည်းငယ်လှန်ဖို့ပဲလိုပါတယ်”

” မနက်ဖြန်ကျရင် အိမ်မှာရှိနေတဲ့ ကျုပ်အစ်မက ဘယ်သူ့ကိုမှအနှောက်အယှက်မပေးတော့ဘူးပေါ့”

မြင့်မောင်ရဲ့အမေးကို လူငယ်က ဘာမှပြန်မဖြေပဲ ပြုံးရုံသာပြုံးပြကာ ခြံထဲကနေပြန်ထွက်သွားခဲ့တယ်။

လူငယ်သုံးယောက်လည်း မြင့်မောင်ပြောတဲ့အိမ်ရှေ့ကိုရောက်တော့ အရင်မဝင်သေးပဲ လူမနေတာကြာပြီဖြစ်တဲ့အတွက် အိမ်နဲ့ခြံကိုစွန့်ခွာသွား‌တဲ့ အိမ်စောင့်နတ်နဲ့ခြံစောင့်နတ်ကို ပင့်ဖိတ်လိုက်တယ်။

ပင့်ဖိတ်ပြီးတော့ ခြံတခါးကိုဖွင့်ကာ အထဲကိုဝင်လာခဲ့လိုက်တယ်။ အိမ်တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ အထဲကနေ အလွန်တရာအော်ဂလီဆန်စရာကောင်းတဲ့အပုတ်နံ့က ဆီးကြိုနေခဲ့တယ်။

” ဆရာ အိမ်ကအခြေအနေတော်တော်ဆိုးတာပဲ”

” ဒါကြောင့်လဲ ဘယ်သူမှမနေရဲတာကိုး အရင်နေခဲ့တဲ့အိမ်ရှင်က ဒီအိမ်နဲ့မြေကိုစွဲနေတဲ့စိတ်ကြောင့် သေပြီးတာဝောာင် ဘဝမကူးနိုင်ရှာဘူး အလွန်သနားစရာကောင်းတဲ့ ဘဝတွေပါလား”

အောင်မြတ်သာက စိတ်မကောင်းဖြစ်တဲ့လေသံနဲ့ပြောပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။

” ဆရာ အိမ်ထဲမှာ လူနေထားသလိုပဲနော် သန့်ရှင်းနေတာပဲ လူမနေတာကြာပီဆိုပေမယ့် ဖုန်တွေ အမှိုက်တွေလဲမရှိဘူး”

” ဒါကတော့ သေသူရဲ့စိတ်က သူ့အိမ်ကိုစွဲနေတဲ့အတွက် သာမန်လူတွေလို လုပ်ကိုင်နေတာလဲဖြစ်နိုင်တယ် အခြေအနေကိုစောင့်ကြည့်ရမှာပဲ “

အောင်မြတ်သာလည်း အိမ်ပေါ်ရောက်တာနဲ့ ဘုရားကျောင်းဆောင်ပေါ်က ဘုရားဆင်းတုတော်ကိုဆေးကြောသန့်စင်ပြီး ခြံထဲမှာပေါက်နေတဲ့ ရွက်လှပန်းအနုလေးတွေကိုချိုးကာ ပန်းဆပ်ကပ်လိုက်တယ်။

ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ်ပြီးတဲ့အချိန်မှာ အလင်းရောင်က မှောင်စပြုနေပြီမို့ ဖယောင်တိုင်အမွှေးတိုင်ပူဇော်ပြီး ဆရာတပည့်သုံးယောက် ဘုရားဝတ်ပြုကာ တရားထိုင်‌ခဲ့ကြတယ်။

တရားထိုင်နေတဲ့အချိန်မှာ လှေကားပေါ်ကို လူတစ်ယောက် ခြေဆောင့်ပြီးတက်လာတဲ့အသံကိုကြားလိုက်ရတယ်။ ခြေသံကအောင်မြတ်သာတို့ နောက်ကျောဘက်ရောက်တော့ ခဏငြိမ်သွားပြီး သိပ်မကြာခင်မှာ တောက်ခတ်သံနဲ့အတူ မိန်းမတစ်ယောက်ရဲ့ ဆဲရေးတိုင်းထွာသံကိုအတိုင်းသားကြားလိုက်ရတယ်။

အောင်မြတ်သာတို့လည်း ဘုရားရှိခိုး တရားထိုင်ပြီး အမျှတန်းပေးဝေခါနီးအချိန်ရောက်တော့ လှေကားကနေ ပြန်ဆင်းသွားတဲ့အသံကိုထပ်ကြားရပြန်ရော။

အမျှအတန်းဝေပြီးလို့ ဘုရားစင်အရှေ့မှာ ဆရာတပည့်တွေထိုင်နေတုန်းရှိသေးတယ် အိမ်နောက်ဘေးအခန်းထဲကနေ အိုးခွက်ပန်းကန်တွေ တဝုန်းဝုန်းနဲ့ ကျကွဲတဲ့အသံကိုကြားတော့ သက်ခိုင်က

” ဆရာ အိမ်ထဲမှာ ဘာမှမရှိပဲ အိုးခွက်ပန်းကန်သံတွေကကြားနေရတယ် ဒီအိမ်မှာနေတဲ့ အမျိုးသမီးက ကျွန်တော်တို့‌မနေနိုင်အောင် ခြောက်လှန့်နေတာဖြစ်မယ်”

” ဟုတ်တယ် သူက ငါတို့မနေနိုင်အောင် ခြောက်လှန့်နေတာ တောက်ရ ဘုရားစင်ရှေ့မှာ စည်းတားပြီး လွယ်အိတ်ထဲက ရေဘူးကိုယူလာပေးပါ”

တောက်ရလည်း အောင်မြတ်သာပြောတဲ့အတိုင်း ဘုရားစင်အရှေ့မှာစည်းချလိုက်ပြီး လွယ်အိတ်ထဲက သောက်ရေဘူးကို အောင်မြတ်သာဆီပေးလိုက်တယ်။

အောင်မြတ်သာက ရေဘူးကိုကိုင်ပြီး

” ကျွန်ုပ်သည် ဒီလောကထဲရောက်သည့်အချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ မတရားပြုလုပ်ခဲ့သည်မရှိပါ ကိုယ်၏လောဘစိတ်ဖြင့်လည်း အပ်တိုတစ်ချောင်းမှယူငင်ခဲ့သည်မရှိပါ မေတ္တာစေတနာအရင်းခံပြီး ခုနှစ်ရက်သားသမီးများ၏ အကျိုးကိုသာကူညီဆောင်ရွက်ပေးခဲ့ပါသည် ဤသစ္စာစကားမှန်ကန်ပါက ဤရေနဲ့ထိသည့် သူသည် လူကောင်းစင်စစ်ဧကန်ဖြစ်ပါက စိမ့်စမ်းရေတစ်မျှအေးမြရပြီး မကောင်းမှုပြုလုပ်သူဖြစ်ပါက ငရဲမီးတစ်မျှ ပူလောင်ရပါစေ” ဆိုပြီးသစ္စာဆိုကာ ရေဘူးကို အရှေ့မှာချလိုက်တယ်။

အောင်မြတ်သာလည်း ရေမန်းဘူးကြမ်းပြင်ပေါ်ကျတာနဲ့တစ်ပြိုင်နက်

” ဤအိမ်နဲ့ခြံသည် သုရားသားတော်သံဃာတွေအတွက်ရည်စူးထားတဲ့နေရာဖြစ်လို့ ဤအိမ်နဲ့ခြံထဲကိုဝင်လာသူမှန်သမျှအား ရုပ်ဖြင့်ဖြစ်စေ အသံဖြင့်ဖြစ်စေ အနံ့ဖြင့်ဖြစ်စေ အနှောက်အယှက် ပေးနေသူ ကျုပ်၏အရှေ့သို့ အခုချက်ချင်းရောက်စေ” ဆိုပြီးအမိန့်ပြန်လိုက်တာနဲ့ အိမ်ခေါင်မိုးထုပ်တန်းပေါ်ကနေ ဇောက်ထိုးဆင်းလာတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

‌ဆံပင်ဖားလျားချပြီးဇောက်ထိုးဆင်းလာတဲ့ မိန်းက တောက်ရစည်းတားထားတဲ့နေရာကိုရောက်တော့ ရှေ့ဆက်မတိုးတော့ပဲ ကျောပေးထိုင်ကာ

” ငါ့ကိုခေါ်တာ ဘာလုပ်ဖို့လဲ”

“သင့်ကိုနားဝင်အောင်ပြောဆိုဖို့ ခေါ်ရခြင်းဖြစ်တယ် သင်ဟာလူ့ဘဝကနေအခြားဘဝတစ်ခုကိုရောက်နေပြီဖြစ်ပေမယ့် ဘာကြောင့် ဒီအိမ်နဲ့ခြံကိုစွဲလမ်းတပ်မက်နေရတာလဲ”

အောင်မြတ်သာစကားကိုကြားတော့ ကျောပေးထိုင်ထားတဲ့ မိန်းမက

” ဒါငါ့အိမ် ငါ့မိဘတွေက အမွေပေးထားတာ ငါဘယ်ဘဝရောက်ရောက် ဒီမှာပဲနေမယ် နင်တို့ကိုငါခြောက်လှန့်တာ ဘာလို့ကြောက်ဟန်မပြတာလဲ အရင်လူတွေတုန်းကဆို ဒီအချိန်ပြေးပြီ”

” ကျုပ်တို့ဟာ သင်သိထားတဲ့သာမန်လူတွေနဲ့ မတူတာကိုရောသတိထားမိပါသလား သင်ကိုကျုပ်ခေါ်လိုက်တဲ့အချိန် သင်ဘာကြောင့်ကျုပ်အရှေ့ရောက်လာရတာလဲ”

” အို မလာလို့ဘယ်ရမလဲ နင်ခေါ်တဲ့အချိန် ငါ့တစ်ကိုယ်လုံးမီးဟပ်သလိုပူလောင်နေလို့ ငါဆင်းလာတာ”

“ဒါဆို ကျုပ်တို့ပညာအစွမ်းကို သင်သိပြီထင်ပါတယ် ကျုပ်တို့အခုသင့်ကို နာကျင်အောင်လဲမလုပ်ဘူး ပူလောင်အောင်လဲမလုပ်ဘူး သင်ကျုပ်တို့ပြောတာနာခံပေးပါ”

” ငါ့အိမ်နဲ့ခြံထဲကနေတော့ မထွက်သွားခိုင်းနဲ့ ငါဒီနေရာမှာပဲနေမယ် “

” သင့်ကိုလဲမနှင်ထုတ်ပါဘူး သင်ဒီအိမ်ခြံထဲမှာနေလို့ရအောင် ကျုပ်တို့ကူညီပါ့မယ် သင်ကလဲ ဒီနေရာကို ဘုန်းကြီးကျောင်းကိုလှူဖို့သဘောတူပေးပါ”

” ဘုန်းကြီးတွေကိုလှူလိုက်ရင် ငါ့ကိုဒီနေရာကနေမောင်းထုတ်လိမ့်မယ် ငါမသွားဘူး”

” သင့်ကိုမောင်းမထုတ်ဘူးဆိုတာ ကျုပ်တို့သစ္စာသမာဓိနဲ့တိုင်တည်ပါတယ် ကတိလဲပေးတယ် သင်သာ ဤနေရာဤဌာနကိုရောက်လာတဲ့ ‌လူကောင်းတွေအပေါ် မခြောက်လှန့်ပါဘူးဆိုတဲ့ကတိပေးပါ “

” နင်တို့ရဲ့အစွမ်းကိုငါမနိုင်လို့ အလျော့ပေးလိုက်တာနော် ငါဒီနေရာမှာအမြဲနေရအောင် လုပ်ပေး နင်တို့တောင်းတဲ့ကတိကိုပေးမယ် နောက်တစ်ခုပြောချင်တာက ဒီနေရာကိုရောက်လာမယ့် ဘုန်းကြီးက သီလသမာဓိနဲ့ပြည့်စုံမှ ငါဖယ်ပေးမယ်”

” သင်စိတ်ချပါ သင်စိတ်ကျေနပ်‌အောင် စီစဉ်ပေးထားပါတယ် သင်ဒီဘဝကနေရော မကျွတ်လွတ်ချင်ဘူးလား”

” ငါစိတ်တိုင်းကျတဲ့ဘုန်းကြီးဖြစ်ရင် ငါသိမ်းထားတဲ့ပစ္စည်းတွေကိုလှူပြီး သာဓုခေါ်မယ် အခုတော့ငါစောင့်ကြည့်ဦးမယ် “

” ကောင်းပြီ သင်ကို ခြံထဲမှာပေါက်နေတဲ့ သရက်ပင်ပေါ်မှာနေရာပေးပါမယ် သင်အဲဒီနေရာမှာပဲနေပါ “

” နင်တို့မို့လို့ ငါငြိမ်ခံလိုက်တာနော် ဟင်းဟင်း ငါသွားတော့မယ်” လို့ပြောပြီး အိမ်ပေါက်ဝကနေ ကျောပေးကာဆင်းသွားခဲ့တယ်။

အောင်မြတ်သာတို့လည်း ဒီတစ်ခါ ပြေပြေလည်လည်အောင်မြင်သွားတဲ့အတွက် ကျေနပ်သွားပြီး ဘုရာစင်ရှေ့မှာပဲ ညအိပ်တည်းခိုခဲ့ကြတယ်။

ညသန်းခေါင်အချိန်ရောက်တော့ ခြံရှေ့မှာ ငိုနေတဲ့အမျိုးသမီးတစ်ဦးရဲ့အသံကိုကြားလိုက်ရတယ်။

မနက်ရောက်ဝောာ့ အိမ်ပိုင်ရှင်ကိုမြင့်မောင်ကို အကျိုးအကြောင်းပြောပြပြီး အိမ်အနှံ့ခြံအနှံ့ကို တရော်ကင်မွန်းတွေဖြန်းခိုင်းခဲ့တယ်။ ကိုမြင့်မောင် တရော်ကင်မွန်းဖြန်းပြီးတဲ့အချိန်မှာတော့ လူငယ်သုံးယောက်ကို အစအနပင်မတွေ့ရတော့ပေ။

မြင့်မောင်လည်း အိမ်နဲ့မြေကို ဘုန်းကြီးကျောင်းအဖြစ်ရေစက်ချလှုပြီး တစ်လလောက်အကြာမှာတော့ မြို့နယ်ကနေ ကျောင်းထိုင်ဆရာတော်တစ်ပါးချပေးခဲ့တယ်။

ဆရာတော်ရဲ့အနေအထိုင်အပြောအဆို သီလသိက္ခာတွေကြောင့် ခြောက်လှန့်သံတွေမကြားရတော့ပဲ အခုဆို စာသင်တိုက်အဖြစ်တောင် တိုးတက်နေခဲ့ပြီ။

ကျောင်းထိုင်ဆရာတော်အသစ်ပြောင်းလာပြီး သုံးနှစ်အကြာမှာတော့ သိမ်ဆောက်ဖို့မြေတူးရာကနေ မဂျမ်းဘုံမြုပ်နှံထားတဲ့ ရွှေငွေပစ္စည်းတွေကိုရရှိခဲ့တယ်။

ဆရာတော်ကတော့ မဂျမ်းဘုံရဲ့အလှူပွဲဆိုပြီး မိန့်ခဲ့တယ်။ သိမ်ဆောက်ပြီးတော့ အလှူရှင်အမည်မှာ

ကျောင်းဒကာမကြီးမဂျမ်းဘုံဆိုပြီး ကမ္ဗည်းထိုးပေးခဲ့တယ်။ သိမ်ရေစက်ချပွဲရောက်တော့ မဂျမ်းဘုံကိုရည်စူးပြီး အမျှအတန်းပေးဝေတဲ့အချိန် ဘုန်းကြီးကျောင်းဘေးက သရက်ပင်ပေါ်ကနေ သရက်သီးတွေ တစ်ဖြုတ်ဖြုတ်ကြွေကျနေတာကိုလဲ ထူးဆန်းစွာမြင်တွေ့ခဲ့ရတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းထဲမှာ စာအံသံ ဘုရားစာရွတ်ဆိုသံတွေနဲ့သာ ဖုံးလွှမ်းခဲ့တယ်။

မဖိတ်ခေါ်ပဲရုတ်တရက်ရောက်လာပြီး ရုတ်တရက်ပျောက်ကွယ်ခဲ့တဲ့ လူငယ်သုံးယောက်‌အကြောင်းကတော့ စုံတောမြိုင်ရွာမှာပုံပြင်သဖွယ် ကျန်ရစ်ခဲ့ပါတယ်။

+++++++++

စုံတော်မြိုင်ရွာကနေ ရုတ်တရက် ပျောက်သွားတဲ့ အောင်မြတ်သာတို့ကူညီခဲ့တဲ့ အကြောင်းအရာတွေအများကြီးရှိခဲ့ပါတယ်။

အဲဒီထဲကမှ လူဘဝမှာဆိုးသွမ်းပြီးသေရာကနေသေပြီး တိရိစ္ဆာန်ဘဝကိုရောက်၊ တိရိစ္ဆာန်ဘဝမှာလဲ လူ့ဘဝကလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကိုခံစားပြီး နောက်ဆုံးဘဝမှာအောင်မြတ်သာနဲ့တွေ့ခဲ့ရာကနေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လေးဘုံအပါယ် ဆိုတဲ့ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။🙏