အောင်မြတ်သာနှင့်လေးဘုံအပါယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
မိုးအကုန်ဆောင်းအကူးရာသီဖြစ်တဲ့အတွက် ထီပလုံးရွာအနောက်ဘက်ထန်းတောထဲမှာ လူတွေစည်ကားနေကြတယ်။
” ချက်စူရေ ဟိုဘက်ဝိုင်းက ထန်းရည်တစ်မြူတဲ့ မြန်မြန်သွားချပေးလိုက်”
ထန်းတောပိုင်ရှင် ကိုတာတီးလည်း လက်မလည်အောင်ရောင်းနေရတဲ့အတွက် မျက်နှာကြီးက မှိုရသလို စပ်ဖြဲဖြဲဖြစ်နေတဲ့အချိန်
” ကိုတာတီး လယ်ကြွက်ကြော်တစ်ပွဲထပ်ပေးဗျို့ “
ထန်းပင်အောက်ကနေ လှမ်းအော်လိုက်တဲ့အသံကြောင့် ကိုတာတီး ကောက်ရိုးတဲထဲဝင်ပြီး ဟင်းအိုးကိုလှန်ကြည့်လိုက်တယ်။
” ဟာ အဲဒါမှ ပြဿာနာပဲ လယ်ကြွက်ကြော်တွေ အခုတစ်လောရောင်းအား ကောင်းနေပါလား အခုလဲမနက်ထဲက တစ်မေးထဲမေးနေကြတဲ့ ကြွက်ကြော် ဟင်းးး ညနေကျရင် ဘိုကံဆီသွားပြီး အကူအညီတောင်းရတော့မှာပဲ”
တစ်ယောက်ထဲညဉ်းညူရင်း တဲအပြင်သို့ထွက်ခဲ့လိုက်တယ်။
” ဒီနေ့တော့ လယ်ကြွက်ကြော်ကုန်သွားပြီဗျို့ စားချင်ရင်မနက်ဖြန် ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီနဲ့သေချာကြော်ထားပေးပါ့မယ် မနက်ဖြန်ဒီလိုမကုန်စေရဘူး စိတ်ချ”
ကိုတာတီးလည်း ညနေထန်းရည်ဆိုင်ပိတ်တော့ ဘိုကံရှိရာဆီသို့ထွက်လာခဲ့လိုက်တယ်။
” ကိုတာတီး ဘယ်တုန်းဗျ ဒီနေ့ထန်းရည်ရောင်းကောင်းတယ်ကြားတယ်နော် “
လာနေကြဖောက်သည်ဖြစ်တဲ့ခွေးပုရဲ့စကားကြောင့် ကိုတာတီး ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
” အေးပေါ့ကွ ဒီအချိန်က ရောင်းအားကောင်းတယ်လေ မင်းငါ့ဆိုင်မလာတာကြာနေပြီနော် “
” လာချင်တာပေါ့ဗျ ကျုပ်မှာအခုတစ်လောဝင်ငွေနည်းနေတာ ဒါကြောင့်မလာတာပါ ပိုက်ဆံရတာနဲ့လာခဲ့မယ်”
” အေး နည်းနည်းပါးပါးဆို အကြွေးနဲ့ပေးထားပါမယ်ကွ ဒါနဲ့ ဘိုကံတစ်ယောက်ကိုတွေ့မိသေးလား”
” ကိုဘိုကံလား နေ့လည်ကတော့ တီကောင်တွေတူးပြီး ငါးသွားဖမ်းမယ်ပြောတာပဲ ရွာနောက်အင်းဘက်သွားလှည့်ကြည့်ပါလား”
“အေးအေး ငါသွားကြည့်လိုက်ဦးမယ် ကျေးဇူးပဲဟေ့”
ကိုတာတီး ရွာအနောက်ဘက် အင်းဆီရောက်တော့ မလှမ်းမကမ်းမှာ ငါးထိုင်မြှားနေတဲ့ဘိုကံကိုမြင်လိုက်ရတယ်။
“ဟေ့ ဘိုကံ ငါးတွေအတော်ရနေပြီလား”
” ကိုတာတီး လာထိုင်လေ ငါးတွေကတော့အစုံပဲဗျို့ ဟင်းစားလိုချင် တစ်ကောင်နှစ်ကောင်ယူသွားလေ”
” တော်ပီ တော်ပီ အခုလာတာ ငါးလာယူတာမဟုတ်ဘူး မနက်ဖြန် လယ်ကြွက်တွေရသလောက်ဖမ်းပေးစမ်းပါကွာ ငါ့ထန်းတောထဲလာတဲ့လူတွေက လယ်ကြွက်ပဲမေးနေကြလို့”
” ဘယ်လောက်ယူမလို့လဲ “
” ရသလောက်ကွာ ဘယ်လောက်ရရ အကုန်ယူမယ် ဈေးလဲမနည်းစေရဘူး”
” အဲဒါဆိုစိတ်ချလိုက်တော့ မနက်အာရုံတက်ချိန် ခင်ဗျားဆီလာပို့ပေးမယ် “
” အဲဒါဆိုလဲ ငါသွားပြီ ဘိုကံရေ”
———
ညအချိန်က တစ်ဖြေးဖြေးနက်လာတာနဲ့အမျှ လယ်ကွင်းထဲမှာရှိတဲ့ ပိုးကောင်ပိုးမွှားတို့ရဲ့ အော်မြည်သံတွေက ကျယ်သထက်ကျယ်လာခဲ့တယ်။
“ဝုတ် ဝုတ် ဝုတ် ဂီး ဂီး
ဂရူး ဂရူး ဂီး”
” နက်ကျော် ဟိုဘက်မှာတစ်ကောင် လိုက်ကိုက်စမ်း ဖြူမ နင်ဘက်မှာတစ်ကောင်ပြေးနေပြီ”
ကြွက်လိုက်ခွေးနှစ်ကောင်နဲ့ အလုပ်ရှုပ်နေတဲ့ ဘိုကံက လယ်ကြွက်တွေကို မျက်စိလျှင်လျှင်နဲ့ လိုက်ကြည့်ရင်း လယ်ကြွက်တွေထည့်ထားတဲ့ ပလိုင်းအိတ်ကို လက်နှင့်အသာစမ်းလိုက်တယ်။
” နက်ကျော် နဲ့ ဖြူမရေ နောက်ထပ် ဆယ်ကောင်လောက်ရရင် တော်ပီဟေ့ လုပ်ထားစမ်း”
ခွေးနှစ်ကောင်က သခင်စကားကို နားလည်တဲ့အလား အားကြိုးမာန်တက် ပြေးလွှားနေကြတယ်။
နောက်တစ်နေ့မနက်မှာတော့ ကိုတာတီးရဲ့ လယ်တောထဲမှာ လယ်ကြွက်ကြော်မြည်းလိုက် ထန်းရည်လေးသောက်လိုက်နဲ့ ဇရက်မင်းစည်းစိမ်ခံစားနေကြသူအများအပြားကိုတွေ့မြင်ကြရတော့တယ်။
++++++
ရွာထဲမှာ ဘာအလှူလုပ်လုပ် ဘိုကံမပါမဖြစ်။ရွာအလှူတွေမှာ ဝက်တွေကြက်တွေကို အကောင်လိုက်သတ်ပြီးမှ လှူတဲ့အတွက် ဝက်တွေ ကြက်တွေကိုသတ်ဖို့က ဘိုကံတာဝန်။ သူကလည်း ဒီလိုအလုပ်တွေကို လုပ်ဖို့ကျေကျေနပ်နပ်ကြီးခံယူထားတယ်။ ဘိုကံပြောနေကျစကားတစ်ခွန်းက “တိရိစ္ဆာန်ဆိုတာလူချွတ်မှကျွတ်တာတဲ့”
ဒီလိုနဲ့လအနည်းငယ်အကြာ ဘိုကံသေပြီဆိုတဲ့ သတင်းက တစ်ရွာလုံးပျံ့သွားခဲ့တယ်။အကောင်းပဂတိလူတစ်ယောက်က ရုတ်တရက်သေပြီဆိုေတာ့ဘာအကြောင်းကြောင့်သေရတယ်ဆိုတာကို လူအများကသိချင်နေကြတယ်။
” ဘိုကံသေတာ ဦးနှောက်သွေးကြောပြတ်တာပါ ဒီရောဂါက အချိန်မရွေးနေရာမရွေး ဖြစ်တတ်တယ် အရင်ထဲကသူ့မှာ သွေးတိုးတဲ့အခံလဲရှိမယ်ထင်တယ် ဒါကြောင့် သေတာပါ “
ကျန်းမာရေးမှူးရဲ့စကားကြောင့် ရွာသူရွာသားအားလုံး ငြိမ်သွားခဲ့ပြီး ရုတ်တရက်သေစေနိုင်တဲ့ရောဂါကိုကြောက်လန့်သွားကြတယ်။
တစ်ရက်နှစ်ရက်အတွင်းမှာတော့ဘိုကံအကြောင်းပြောဖြစ်ကြပေမယ့် တစ်ပတ်ဆယ်ရက်လောက်ကြာမှာတော့ ဘိုကံအကြောင်းကို မည်သူမျှ မပြောကြတော့ပေ။
” ကိုမြင့်ကျော် အိမ်မှာ နွားပေါက်တစ်ကောင်မွေးတယ်တဲ့”
” ဟုတ်လား သူ့နွားမက ဇီးမတင်တာကြာပီလေ”
“အဲဒါကြောင့်အံ့ဩနေတာပေါ့ အခုမွေးတဲ့နွားက ချစ်စရာလေး “
“ကိုမြင့်ကျော်တော့ ဝမ်းသာနေပြီပေါ့”
ဇီးမတင်တဲ့နွားမကြီးကနေ သားပေါက်တစ်ကောင်မွေးတဲ့အတွက် ကိုမြင့်ကျော် မျက်နှာကြီးက တစ်ပြုံးပြုံးနဲ့ဖြစ်နေတယ်။
နွားပေါက်လေးတစ်ဖြေးဖြေးနဲ့ အရွယ်ရောက်လာတော့ အနည်းငယ်ဆိုးတဲ့ဘက်ကိုလိုက်လာခဲ့တယ်။ လူတွေကိုလိုက်ခွေ့လို့ လျော်ရတာတွေလည်းများနေပြီ။ ကလေးတွေသူ့အရှေ့မှာ ဆော့ရင်လဲ လိုက်ခွေ့၊ ဘုန်းကြီးတွေဆွမ်းခံကြွရင်လဲ လိုက်ခွေ့ဆိုတော့ ကိုမြင့်ကျော် စိတ်ပျက်လာခဲ့တယ်။ဒါပေမယ့် ငယ်ငယ်လေးထဲက မွေးလာခဲ့တဲ့ သံယောဇဉ်ကြောင့် မရောင်းရက်ပဲ အနွံတာခံကာ မွေးမြဲတိုင်းမွေးမြူခဲ့တယ်။
ဈေးသည်တွေအစ သံဃာတော်တွေအဆုံး ကိုမြင့်ကျော်အိမ်ရှေ့ဆိုရင်ဘယ်သူမှ မဖြတ်ရဲကြ။ နွားပေါက်လေးကလည်း တစ်ဖြေးဖြေး ဆိုးလာခဲ့တာ နောက်ဆုံးမှာ သားသတ်ရုံကိုရောင်းဖို့အထိ ဆုံးဖြတ်ခဲ့ရတယ်။
ငယ်ငယ်ထဲကမွေးလာတဲ့ နွားပေါက်လေးကို သားသတ်ရုံကိုမရောင်းပြန်ရင်လဲ ရွာကလူတွေက တစ်ခုခုလုပ်တော့မှာကိုမြင့်ကျော် သိနေခဲ့တယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ သားသတ်ရုံကို ရောင်းလိုက်ရတယ်။ အဲဒီညမှာ ကိုမြင့်ကျော် အိမ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ ရင်ဘတ်ကြီးဟက်တက်ကွဲနေပြီး ခေါင်းတစ်ခုလုံးကြေနေတဲ့ ဘိုကံကိုမြင်လိုက်ရတယ်။
” မြင့်ကျော် မင်းငါ့ကို လုပ်ရက်တယ်ဟာ ဘာလို့ငါ့ကိုသားသတ်ရုံပို့တာလဲ “
” မင်း ဘိုကံမဟုတ်ဘူးလား မင်းကသေတာကြာပြီလေ ငါမင်းကိုဘာလုပ်လို့လဲ”
” မင်းငါ့ကိုသားသတ်ရုံကိုပို့တယ် အခုသူတို့ငါ့ကိုရက်ရက်စက်စက်သတ်လိုက်ပြီ ငါအခုသွားဖို့နေရာမရှိဘူး မင်းဆီလာပြန်နေမယ်”
” ဒါဆိုနွားပေါက်က မင်းလား “
” အေး ငါပြန်လာခဲ့မယ် ဒီတစ်ခါ ငါ့ကိုသားသတ်ရုံမပို့နဲ့တော့”
အိမ်မက်ကလန့်နိုးလာတော့ အိမ်အပြင်ဘက်မှာ ခွေးတွေအူနေတာကို သတိထားမိလိုက်တယ်။ အိမ်မက်မက်ပြီး ဆယ်ရက်လောက်အကြာမှာတော့ ဘယ်ကမှန်းမသိတဲ့ ခွေးမတစ်ကောင် ကိုမြင့်ကျော်ခြံထဲကိုဝင်လာခဲ့တယ်။ ဘယ်လိုမောင်းထုတ်ထုတ်မသွားတဲ့နောက်ဆုံး အိမ်အောက်မှာ နေရာတစ်ခုလုပ်ပေးလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ခွေးမကြီးဆီကနေ ခွေးသားလေး နှစ်ကောင်ပေါက်ခဲ့တယ်။ နှစ်ကောင်ထဲမှာ တစ်ကောင်က ခေါင်းမှာ အစင်းကြောင်းတွေပါလာတာကိုမြင်တော့ ကိုမြင့်ကျော် အိမ်မက်ကိုသတိရသွားတယ်။
ကိုမြင့်ကျော်လဲ ဒီခွေးကဘိုကံဝင်စားတာဆိုပြီး သေချာဂရုစိုက်ပေးခဲ့တယ်။ ခွေးနာမည်ကိုလဲ ဘိုကံလို့ပဲပေးခဲ့တယ်။ ဘိုကံဆိုတဲ့ခွေးလေးက အရင်ဘဝကလိုပဲ ဆိုးတယ်လို့ပြောရမယ်။ သူ့အစာ သူ့နေရာကိုကိုမြင့်ကျော်ကလွဲပြီး ဘယ်သူမှထိမရဘူး။ သူနဲ့တူတူမွေးထားတဲ့ မဲလုံးတောင် သူ့အနားကပ်မရဘူး။ တစ်ဖြေးဖြေးနဲ့အရွယ်ရောက်လာတော့ ဘိုကံက တစ်ရွာလုံးမှာရှိတဲ့ခွေးတွေရဲ့ ခေါင်းဆောင်ဖြစ်လာတယ်။ ဘိုကံက သူ့ကိုစတာဖြစ်ဖြစ် နာအောင်လုပ်တာဖြစ်ဖြစ် လုပ်ရင် လုပ်တဲ့သူကိုမှတ်ထားပြီး လစ်တာနဲ့ ပြန်ကိုက်တတ်တယ်။
ကိုမြင့်ကျော်လဲ ဘိုကံကြောင့် လိုက်ရှင်းရတာတွေများလာတော့ တုတ်နဲ့မနာတနာလေးရိုက်လိုက်မိတယ်။ အဲလိုရိုက်တဲ့အတွက် ကိုမြင့်ကျော်ကိုပြန်ကိုက်မလို့ လုပ်သေးတယ်။ ဒါပေမယ့် ဘေးမှာရှိတဲ့သူတွေက ဘိုကံကို ဝိုင်းရိုက်ပြီး မောင်းထုတ်လိုက်တဲ့အတွက် ကိုမြင့်ကျော်အိမ်ထဲကနေ ထွက်ပြေးသွားခဲ့တယ်။
အဲဒီအချိန်ကစပြီး ဘိုကံကိုရွာထဲမှာမတွေ့ရတော့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရွာထဲက ကြက်တွေဘဲတွေ ပျောက်ချင်းမလှပျောက်ကုန်တယ်။ တစ်ရက်ကိုတစ်ကောင်နှုန်း၊ တစ်ခါတစ်လေ တစ်ရက်ထဲနှစ်ကောင်။
အဲလိုပျောက်ပျောက်လာတော့ ရွာထဲကလူတွေ ပုန်းပြီးစောင့်ဖမ်းကြတယ်။ ရွာသားတွေစောင့်ဖမ်းပြီးဆိုရင် မပျောက်တော့ဘူး။ လေးငါးဆယ်ရက်စောင့်ဖမ်း ကြက်တွေလဲမပျောက်ဘူး တရားခံလဲမမိဘူး။
တစ်ရက်လောက်မစောင့်နဲ့ အဲဒီနေ့ပျောက်ပြီသာမှတ်ပေတော့။ ဒီလိုနဲ့အတင့်ရဲလာတာ ကြက်တွေ ဘဲတွေကနေ ဆိတ်တွေ ဝက်ပေါက်တွေအထိကိုဝင်ဆွဲတတ်လာတယ်။ တရားခံကိုလဲဖမ်းမရသေးတဲ့အတွက် ရွာသားတွေအားလုံး ကြိတ်မနိုင်ခဲမရတွေဖြစ်လာကြတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဟိုဘက်ရွာကို နွားပျောက်သွားရှာတဲ့ ကလေးတစ်ယောက်က
” ဦးမြင့်ကျော် ဦးမြင့်ကျော်”
” သာဂိ ဘာတုန်းဟ”
” ဘိုကံကို ဟိုဘက်ရွာသွားတဲ့လမ်းမှာတွေ့ခဲ့တယ်”
“ဟေ ဟုတ်လား သေရောသေချာလို့လား”
“သေချာပါတယ်ဗျာ သူ့ခေါင်းမှာအစင်းကြောင်းတွေကအစပါတာ ဘိုကံမှ ဘိုကံပါဗျာ ဒါပေမယ့် သူ့ပုံစံက ကြောက်စရာကြီး အရင်ကဘိုကံနဲ့မတူတော့ဘူး “
” လွှတ်ထားလိုက်ပါသာဂိရာ သူ့ဘဝနဲ့သူ နေပါစေ”
“လွှတ်ထားလို့မရဘူးဗျ သူနေတဲ့နေရာနားမှာ ကြက်မွှေးတွေဘဲမွှေးတွေအပြင် ဝက်ခေါင်းအရိုးတွေပါတွေ့ရလို့”
” ဟေ အဲဒါတကယ်လား “
“တကယ်ပေါ့ မယုံရင် ရွာထဲကလူတွေနဲ့သွားကြည့်မလား ကျွန်တော်ခေါ်သွားပေးမယ်”
ကိုမြင့်ကျော်တို့လည်း ရွာထဲကလူတွေနဲ့သွားကြည့်တော့ သာဂိပြောတဲ့အတိုင်းတွေ့လိုက်ရတယ်။
ရွာသားတွေလည်း ဘိုကံကိုလိုက်ရှာပေမယ့် အစအနတောင်ရှာမတွေ့ခဲ့ဘူး။ ဘိုကံလက်ချက်မှန်းသိသွားကြတဲ့ရွာသားတွေက တွေ့တာနဲ့ရိုက်သတ်ဖို့စောင့်နေကြတယ်။
ဘိုကံကလဲ လူဘဝကလာတာမို့လို့ ပါးရည်နပ်ရည်ရှိရမယ်လို့ပြောရမယ် သူ့ကိုရန်ရှာမယ်ဆိုတာသိလို့ ရွာထဲလဲမဝင်အစအနတောင်ရှာမတွေ့အောင် ခြေရာဖျောက်နိုင်ခဲ့တယ်။
ရွာသားတွေလဲ ကြက်၊ဝက်၊ဘဲတွေမပျောက်တော့ ဘိုကံကိုလဲမေ့သွားကြတယ်။ ဒီလိုနဲ့ လအနည်းငယ်ကြာတော့ ညဘက်ဆယ်နာရီလောက်ဆိုရင် ရွာထိပ်မှာ ကျယ်လောင်စွာအူနေတဲ့ ခွေးအူသံကို တစ်ရွာလုံးကြားလိုက်ရတယ်။
ခွေးအူသံက ညစဉ်ညတိုင်း ဆယ်နာရီထိုးတာနဲ့ ရွာထိပ်ကနေ အူပါလေရော။ ထူးဆန်းတာတစ်ခုက ရွာထိပ်ကခွေးအူသံကြားတာနဲ့ ရွာထဲမှာရှိတဲ့ ခွေးတွေကပါ လိုက်အူကြတာပဲ။
ရွာသားတွေလဲ ခွေးအူသံတွေကြားလို့ ရွာအပြင်ကိုထွက်ကြည့်တိုင်း ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့ရ။ ရွာသားတွေအိမ်ထဲကထွက်တာနဲဘ ခွေးအူသံက တိတ်သွားခဲ့တယ်။
ဒီလိုနဲ့ တစ်လနီးပါးလောက်ကြာတဲ့အခါ ရွာထဲကို ဓါးမြတွေဝင်ခဲ့ကြတယ်။ တစ်ရွာလုံးတိတ်ဆိတ်နေတာကိုအခွင့်ကောင်းယူပြီးဝင်လာတဲ့ဓါးမြတွေက လယ်ပိုင်ရှင်ဦးကောင်းအိမ်ပေါ်ကိုတက်ဖို့အလုပ် ရွာအပြင်ကနေရုတ်တရက်ထွက်လာတဲ့ ခွေးအူသံကြောင့် အိမ်အောက်ကအမှောင်ရိပ်ထဲကိုဝင်ပုန်းလိုက်ကြတယ်။
ရွာထိပ်ကခွေးအူသံအပြင် ရွာထဲမှာရှိတဲ့ခွေးတွေပါအူတဲ့အသံကြောင့် အိမ်ထဲမှာရှိနေကြတဲ့ လူတွေကခွေးတွေကိုမောင်းထုတ်ဖို့ထွက်အလာ ဓါးမြအဖွဲ့တွေနဲ့ထိပ်တိုက်တိုးကြပြီးဓါးမြအဖွဲ့လဲ ရွာသားတွေရဲ့ဖမ်းဆီးတာကိုခံလိုက်ကြရတယ်။
အဲဒီတော့မှ ရွာသားတွေလဲ ညတိုင်းညတိုင်း လာအူနေတဲ့သဘောတရားကိုသိခဲ့ကြတယ်။ ရွာမှာတစ်ခုခုဖြစ်တော့မယ်ဆိုရင် ရွာအပြင်ကနေ ခွေးအူသံကိုကြားရတယ်။ ဒါပေမယ့် ဘယ်ခွေးကအရင်အူတာလဲဆိုတာကိုတော့ အခုထိမသိခဲ့ရပေ။
ဒီကိစ္စတွေဖြစ်ပြီး လေးလလောက်အကြာမှာတော့ ရွာထဲကို လူငယ်တစ်ယောက်ရောက်လာခဲ့တယ်။ မျက်နှာစိမ်းလူငယ်က ဘယ်သူ့ကိုမှမကြည့်ပဲ လယ်ပိုင်ရှင်ဦးကောင်းရဲ့အိမ်ပေါ်ကို တက်သွားခဲ့ကြတယ်။
အိမ်ပေါ်ရောက်တော့
” ဦးကောင်းဆိုတာ ဒီကမိတ်ဆွေလား”
“ဟုတ်ပါတယ် သင်ကဘယ်လဲ စပါးပွဲစားတွေလား”
“ကျုပ်ကခရီးသွားပါ ဒီအိမ်မှာရတနာဝင်ကိန်းရှိတာမြင်လို့ ဝင်ပြောရတာပါဒီအိမ်ကို မကြာခင် ရတနာတစ်ပါးရောက်လာလိမ့်မယ် သူကပဲ ဒီရွာတိုးတက်အောင်လုပ်လိမ့်မယ် သူကပဲ ဒီရွာကို သာသနာထွန်းကားအောင်လုပ်ပေးလိမ့်မယ် ဒါကြောင့် လာမယ့် သီတင်းကျွတ်လပြည့်နေမှာ အိမ်လှေကားရင်းကိုဖွင့်ထားပါ သူလာပါလိမ့်မယ်”
ဦးကောင်းလည်း လူငယ်ရဲ့ထူးဆန်းတဲ့စကားကြောင့်
” ကျုပ်တို့အတွက်ရတနာဆိုတာ ဘာများပါလဲ”
” သင်အခု အသက်၄၀ကျော်တဲ့ထိ လိုအပ်တာဘာရှိခဲ့လဲ သင်လိုအပ်တာကသင့်ဆီရောက်လာမှာပါ”
“ကျုပ်တို့လိုအပ်တာဆိုလို့သားသမီးရတနာပဲလိုတာပါ”
” သင်လိုရာဆန္ဒပြည့်စေရပါမယ် သင်တို့ဆီရောက်လာမယ့်သူကလူဘဝမှာဆိုးသွမ်းခဲ့ဖူးတယ် အကုသိုလ်ကံကြောင့် အပ္ပါယ်လေးဘုံမှာကျင်လည်ခဲ့ရတယ် သူ့ရဲ့နောက်ဆုံးဘဝမှာ သူတော်စင်တစ်ပါးနဲ့တွေ့ပြီး အကျင့်ဆိုးတွေကိုပြင်ဆင်နိုင်ခဲ့တယ် သင်တို့အိမ်ကိုဓါးမြလာတိုက်တဲ့အချိန် သူပဲကူညီပေးခဲ့တာ”
” သူဆိုတာက “
” သင်တို့ရွာသားတစ်ယောက်ဖြစ်ခဲ့တဲ့ ဘိုကံကိုမှတ်မိဦးမယ်ထင်ပါတယ် သူအခုသေလုဆဲဆဲဖြစ်နေပြီ သူ့ရဲ့အတိတ်ဝဋ်ကြွေးတွေကြေချိန်တန်တဲ့အတွက် သင်တို့ဆီအလည်လာလိမ့်မယ် ကောင်းမွန်စွာကြိုဆိုပေးလိုက်ပါ”
ဉီးကောင်းလည်း လူငယ်လေးရဲ့ စကားကြောင့် ကြောင်တောင်တောင်ဖြစ်နေခဲ့ပြီး သတိရတဲ့အချိန်အိမ်အောက်ကိုလှမ်းကြည့်လိုက်တော့ ခုနကလူငယ်ကိုမတွေ့ရတော့ဘူး။
သီတင်းကျွတ်လပြည့်နေ့ရောက်တော့ ဦးကောင်းရဲ့မိန်းမဖြစ်သူ မရီးစိန်က ထူးဆန်းတဲ့အိမ်မက်ကိုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ ရွှေရောင်ခြုံထည်ကိုခြုံထားတဲ့ခွေးတစ်ကောင်က ဘုရားခန်းထဲမှာဝင်အိပ်နေတယ်။ ဘယ်လိုမောင်းထုတ်ထုတ်မသွားတဲ့အတွက် မရီးစိန်က အိမ်ခန်းထဲကနေ အပြင်ကိုပြန်လှည့်အထွက် ရွှေရောက်ခြုံထည်ခြုံထားတဲ့ ခွေးက ပတပ်ရပ်ထရပ်လိုက်ပြီး
” အမေ သားကိုနေခွင့်ပေးပါ သားရဲ့မိုက်ပြစ်တွေကိုဆေးကြောခွင့်ပေးပါ”ဆိုပြီးပြောတဲ့အသံကြားလို့လှည့်ကြည့်လိုက်တဲ့အခါ ရွှေရောင်ခြုံထည်ကိုပခုံးကနေ ခြေဖျားအထိရောက်အောင်ခြုံထားတဲ့ ဘိုကံကိုမြင်လိုက်ရတယ်။
မရီးစိန်တစ်ယောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြက်သေသေသွားပြီး
” နင် နင် ဘိုကံမဟုတ်လား နင်သေတာကြာပီလေ မလာနဲ့ မလာနဲ့”
မရီးစိန်အော်ပြောပြီးအနောက်ကိုအလှည့် အဝတ်သေတ္တာကိုခလုပ်တိုက်ပြီးလဲကျသွားတဲ့အချိန် ဘိုကံက မရီးစိန်ရဲ့ ဗိုက်ထဲကို ခုန်ဝင်လိုက်တာကိုမြင်လိုက်ရတယ်။
အိမ်မက်မက်ပြီး နှစ်လလောက်ကြာတော့ မရီးစိန်ကိုယ်ဝန်ရလာခဲ့တယ်။ အသက်လေးဆယ်ကျော်မှရတဲ့ကိုယ်ဝန်ဖြစ်လို့ အဖက်ဖက်ကဂရုစိုက်ခဲ့ကြပေမယ့် ဘိုကံဝင်စားတယ်ဆိုတဲ့အတွေးက ဦးကောင်းတို့လင်မယားကို စိုးမိုးနေပြန်တယ်။
မွေးလာတဲ့ကလေးက အရင်လိုပဲဆိုးဦးမလား ဒါမှမဟုတ် ရုတ်တရက်ရောက်လာပြီးပျောက်သွားတဲ့လူငယ်ပြောသလို ထူးချွန်တောက်ပမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ရင်း ရာသီပြက္ခဒိန်တွေကို ကုန်လွန်စေခဲ့တယ်။
မရီးစိန်ကိုယ်ဝန်နေ့စေ့လစေ့ရောက်တော့ တနင်္ဂနွေနေ့ မနက်အာရုဏ်တက်ချိန်မှာ မီးဖွားခဲ့တယ်။
သားယောင်္ကျားလေးလဲဖြစ် အိမ်မက်ကလဲမက်ထားတော့ ကလေးသုံးလပြည့်တဲ့နေ့မှာ အဓိပတိဖွား တနင်္ဂနွေသားကို မောင်အေးချမ်းလို့နာမည်ပေးခဲ့တယ်။
မောင်အေးချမ်း စကားပြောတတ်ခါစ သုံးနှစ်အရွယ်ရောက်တော့ အသားငါးတွေလုံးဝမစားတော့ဘူး။ မိဘဖြစ်သူတွေက အဟာရရှိအောင် အတင်းကျွေးရင် လိမ့်ပြီးအော်ငိုတော့တာပဲ။ သူစိတ်လိုတဲ့အချိန်တွေဆိုရင် အတိတ်ဘဝက ဘယ်သူ့ကြက်ကိုစားခဲ့တယ်၊ ဘယ်သူ့ဘဲကိုစားခဲ့တယ်ဆိုတာပြောပြီး သူ့အဖေကို လျော်ခိုင်းခဲ့တယ်။
မောင်အေးချမ်း အသက်၇နှစ်ရောက်တော့ ရွာဦးဘုန်းကြီးကျောင်းမှာ ကိုးနဝင်းစေတီထီးတော်တင်ပွဲနဲ့ကြုံခဲ့ရတယ်။ ထီးတော်တင်ပွဲမှာ ဆရာတော်က မောင်အေးချမ်းကိုကြည့်ပြီး
” အေးချမ်း မင်း ကိုရင်ဝတ်ချင်လား”
” ဝတ်ချင်တာပေါ့ဘုန်းဘုန်းဘုရား ဒါပေမယ့်အခုမဝတ်သေးဘူး တောထဲမှာယူစရာတစ်ခုကျန်နေသေးတယ် အဲဒါရပြီးတာနဲ့ကိုရင်အပြီးဝတ်တော့မယ်”
” ဟေ မင်းကတောထဲမှာ ဘာသွားယူမှာတုန်း”
” အရင်တုန်းက တောထဲမှာနေတဲ့အချိန် ဟောဒီလိုလက်နှစ်ဖက်နဲ့တူးပြီးမြှုပ်ထားတဲ့အရာတစ်ခုရှိတယ် အဲဒါသွားယူမလို့”
မောင်အေးချမ်းက ခြေဟန်လက်ဟန်နဲ့လုပ်ပြတာကိုမြင်တော့ ဆရာတော်က
” ကာလသားတွေ မောင်အေးချမ်းလေးလုပ်ချင်တာ ကူလုပ်ပေးလိုက်ကြဦး တွေ့လား ကာလသားတွေက မင်းလုပ်ချင်တာကူပေးမယ်တဲ့”
” အဲဒါဆို ထီးတင်ပွဲပြီးရင် တောထဲသွားမယ် ပစ္စည်းရလာတာနဲ့ ဆရာတော်ကျောင်းကိုအကြီးကြီးဆောက်ပေးမယ်”
ဆရာတော်လဲကလေးသဘာဝပေါက်ကရပြောတယ်ထင်ပြီးရယ်နေလိုက်တယ်။ ထီးတင်ပွဲပြီးတော့ ကာလသားသုံးယောက်၊ဦးကောင်း၊ မောင်အေးချမ်းတို့တွေ တောထဲကိုထွက်သွားကြတယ်။
ညနေခင်းနေဝင်ရီတစ်ရောရောက်တော့ တောထဲသွားတဲ့သူတွေပြန်ရောက်လာကြတယ်။ ဆရာတော်က မောင်အေးချမ်းကိုမြင်တော့
” အေးချမ်း မင်းသွားယူတာပါလာရဲ့လား”
” မပါဘူးဘုရား တောထဲမှာနေတဲ့ မမတစ်ယောက် ကသူသိမ်းထားတယ်ပြောတယ် ညကျရင်ဆရာတော်ဆီလာပေးမယ်ပြောတယ် နောက်တော့သူမှာလိုက်သေးတယ် ကျောင်းအနောက်တံခါးကိုဖွင့်ထားပေးပါတဲ့ ည၁၂နာရီထိုးတာနဲ့လာမယ်တဲ့”
ဆရာတော်လဲ အဲဒီနေ့ညက မောင်အေးချမ်းကိုခေါ်ထားပြီး ကျောင်းအနောက်တံခါးကိုဖွင့်ထားလိုက်တယ်။ ည၁၂နာရီထိုးတော့ ဇီဇဝါပန်းအနံ့တွေ တစ်ကျောင်းလုံးမွှေးထုံသွားတယ်။
မကြာခင် ကျောင်းအနောက်ဘက်အပေါက်ကတက်လာတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။ မောင်အေးချမ်းက အမျိုးသမီးကိုမြင်တော့ ရယ်ပြလိုက်တယ်။
အမျိုးသမီးက ဆရာတော်တဲ့မလှမ်းမကမ်းမှာထိုင်ပြီး
” ဆရာတော်သိမ်ဆောက်မယ်ဆိုလို့ မောင်အေးချမ်းပိုင်တဲ့ပစ္စည်းတွေလာလှူတာပါဘုရား “
” အေး သာဓု သာဓု သာဓုပါကွယ် ဒကာမလေးက မောင်အေးချမ်းနဲ့ဘယ်လိုသိတာလဲ”
” သူ့အတိတ်ဘဝက ဆရာဖြစ်သူခေါ်လာလို့သိတာပါ သူဒီဘဝရောက်အောင် လမ်းမှန်ပို့ပေးခဲ့တဲ့သူလဲမကြာခင်ဒီကိုရောက်လာပါလိမ့်မယ် “
” ဘုန်းကြီးတစ်ခုသိချင်တာက မောင်အေးချမ်းကိုလမ်းမှန်ရောက်အောင်ပို့ပေးခဲ့သူနဲ့ ဘယ်လိုဆုံခဲ့လဲဆိုတာကိုပဲ”
” အဲဒါကတော့ပြောရရင်အရမ်းရှည်ပါတယ်ဘုရား အတိုချုံးပြောရရင် မောင်အေးချမ်းဒီရွာကနေထွက်သွားပြီးနောက်ပိုင်း အခြားရွာတွေမှာလည့်ပတ်ကျက်စားခဲ့ပါတယ် သူ့ရဲ့ထူးခြားတဲ့အစွမ်းကြောင့်ရောက်တဲ့နေရာတိုင်းမှာ သူ့ကိုဘယ်သူမှမလှန်နိုင်ပါဘူး အဲဒီလိုလျောက်သွားနေရင်း ဘုံးကဘွေဆိုတဲ့ရွာကိုရောက်လာခဲ့တယ် အဲဒီအချိန် ဘုံးကဘွေရွာမှာ မလုပ်သင့်တဲ့အမှုကိုလုပ်ခဲ့လို့ရပ်ရွာပါထိခိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေတဲ့အချိန် အောင်မြတ်သာလို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကလဲ ဘုံးကဘွေရွာကိုဖြတ်သွားတာနဲ့ကြုံကြိုက်ခဲ့ပါတယ် အဲဒီပုဂ္ဂိုလ်ကပဲ ပြဿနာကိုဖြေရှင်းပေးခဲ့တယ် သူဖြေရှင်းပေးတဲ့အချိန်မှာ မောင်အေးချမ်းကိုလဲ အမြင်မှန်ရအောင် လမ်းပြပေးနိုင်ခဲ့လို့ အခုလိုဘဝကိုရောက်ခဲ့ရတာပါ အခုပစ္စည်းတွေကလဲ လွန်ခဲ့တဲ့သုံးဘဝက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေပါ သူ့ရဲ့ဆန္ဒအတိုင်း တပည့်တော်မက သိမ်းဆည်းထားပေးတာပါ အခု ဆရာတော်ကိုလှူဒါန်းပြီးပြီမို့ တပည့်တော်မကိုခွင့်ပြုပါဦး” လို့ပြောပြီး ဆရာတော်ကိုကန်တော့ကာ ကျောင်းအနောက်ပေါက်ကနေပြန်ဆင်းသွားခဲ့တယ်။
ဆရာတော်လဲ မောင်အေးချမ်းပိုင်ပစ္စည်းတွေ သိမ်ဆောက်လုပ်ဖို့အတွက်သုံးပြီး ရေစက်ချတဲ့နေ့မှာပဲ မောင်အေးချမ်းကို ကိုရင်ဝတ်ပေးခဲ့တယ်။ မောင်အေးချမ်းကိုရင်စဝတ်တဲ့နေ့မှာတော့ ယောဂီဝတ်စုံဝတ်လူငယ်တစ်ယောက်လူအများကြားထဲမှာ လှုပ်ရှားသွားလာနေတာကို ရွာဦးဆရာတော်သတိထားမိလိုက်တယ်။
မောင်အေးချမ်းတစ်ဖြစ်လဲ ကိုရင်အိန္ဒကကတော့ လောကီလောကုတ္တရာစာပေများကိုသင်ကြားရင်းခုအခါမှာတော့ ကျောင်းထိုင်ဆရာတော်ဦးအိန္ဒာစာရအဖြစ် သီတင်းသုံးလျက်ရှိပါတယ်။
နောက်ဝတ္တုမှာတော့ ဘိုကံ(ခ)မောင်အေးချမ်း(ခ)ဦးအိန္ဒာစာရကိုအမြင်မှန်ရအောင်လမ်းမှန်ပို့ပေးခွင့်ရခဲ့တဲ့ ဝတ္တုလေးကိုစောင့်မျှော်ပေးပါဦး။
မလုပ်သင့်မလုပ်အပ်တဲ့အရာကို အတ္တတစ်ခုထဲရှေ့တန်းတင်ပြီးလုပ်ခဲ့မိလို့ တစ်ရွာလုံးဒုက္ခရောက်ကြတဲ့ဝတ္တုလေးပါ။
ဝတ္တုနာမည်က “အောင်မြတ်သာနှင့် ဘုံးကဘွေရွာ”တဲ့