“ဟေ့ကောင် ဘမိုး ထစမ်း.. ထစမ်းလို့ ငါပြောနေတယ်လေ”
မာဆတ်မာဆတ် ခက်ထန်ထန်လေသံကြောင့် အိပ်ပျော်နေတဲ့ ဘမိုး မျက်လုံးကို လက်ခုံနဲ့ ပွတ်သပ်ရင်းနှိုးလာခဲ့တယ်။ ညဦးပိုင်းကသောက်ထားတဲ့ တောအရက်တန်ခိုးကြောင့် အမြင်အာရုံ တွေဝေဝါးနေတဲ့အတွက် အရှေ့မှာရပ်နေတဲ့လူရိပ်သဏ္ဍာန်လိုလိုအရာကို သေချာကြည့်လိုက်ရာ အပေါ်ပိုင်းအင်္ကျီဗလာကျင်းပြီး ခါးထောင်းကိုမြောက်နေအောင်ကျိုက်ထားတဲ့ အသက်ငါးဆယ် အရွယ်လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ခင်ဗျားက ဘယ်သူလဲ ဘာကြောင့် ကျုပ်အိပ်နေတာကို လာနှိုးရတာလဲ”
“ တိတ်စမ်း စကားမများနဲ့ ငါခေါ်တဲ့အနောက်ကိုပဲလိုက်ခဲ့ ဝူးဝူးဝါးဝါးလုပ်လို့ကတော့ ဂုတ်ချိုးသတ်ပစ်မှာ”
ရက်စက်ကြမ်းကြုတ်တဲ့မျက်နှာထားနဲ့ ပြောလိုက်တဲ့အသံကြောင့် ဘမိုးတစ်ယောက် အနည်းငယ်ကြောက်လန့်သွားပြီး ခါးထောင်းကျိုက်ထားတဲ့လူကြီးခေါ်ရာနောက်ကို လိုက်ပါသွား ခဲ့ရတယ်။
ခါးထောင်းကျိုက်ထားတဲ့လူကြီးက အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြားတွေထဲကနေ ကွေ့ဝိုက်သွားလာရင်း ရွာအနောက်ဘက် လယ်ကွင်းစပ်မှာပေါက်နေတဲ့ ဝါးရုံတောနားကို ရောက်တော့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
“ ဟေ့ကောင် ဘမိုး ငါဘယ်သူလဲဆိုတာ သိလား”
“ ဟာ ကျုပ်ကဖြင့် အခုမှမြင်ဖူးတာကို ဘယ်လိုသိမှာလဲ”
“အေး မင်းမသိရင်မှတ်ထား ငါက မင်းရဲ့အတိတ်ဘဝက ဖခင်ပဲ ငါ့နာမည်က တွတ်နီလို့ ခေါ်တယ်”
“ ဒါဖြင့်လဲ ကျုပ်ကိုဘာလို့ဒီခေါ်လာတယ်ဆိုတာအရင်ပြောဦးလေ ခင်ဗျားက ကျုပ်အဖေလို့ ပြောတိုင်း ကျုပ်ကယုံရမှာလား”
ဘမိုးစကားကြောင့် ခါးထောင်းကျိုက်ထားတဲ့လူကြီးက ဟက်ဟက်ပက်ပက်ရယ်မော လိုက်ပြီး
“ ဘမိုး ဘမိုး အရင်ဘဝက ဘုကန့်လန့်တွေလုပ်ခဲ့လို့ မင်းရောငါပါ အသတ်ခံခဲ့ရပြီးပြီ အခုလဲ မင်းဝသီက ဒီအတိုင်းကျန်နေပါလား။ ကဲကဲ…ဒီနေ့ကစပြီး မင်းငါခိုင်းတဲ့ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်ပေးရမယ်။ အောင်မြင်ရင် မင်းဘဝတစ်ဆစ်ချိုးပြောင်းလဲသွားနိုင်တဲ့ ပစ္စည်း တစ်ခုကိုရမယ်”
“ ကျုပ်က ဘာကိစ္စလုပ်ရမှာလဲ ပြောမှာဖြင့် မြန်မြန်ပြောစမ်းပါဗျာ”
“ အေး မင်းလုပ်ရမယ့် ကိစ္စက…..”
လယ်ထဲဆင်းချိန်ဖြစ်တဲ့အတွက် တောင်သာရွာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ရွာထဲမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကတော့ နေ့လည်နေ့ခင်း တစ်ရေး တစ်မောအိပ်စက်အနားယူနေတဲ့အချိန် လူနှစ်ယောက်က ခိုးကြောင်ခိုးဝှက်နဲ့ အိမ်တစ်အိမ်ရဲ့ အနောက်ရေကပြင်နားကို ချဉ်းကပ်လာခဲ့ကြတယ်။
“ဘမိုး မင်းဟာက ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ဟ မင်းသာလူရိပ်လူခြေ ကြည့်ထား”
ဘမိုးစကားကြောင့် ကြွက်သိုးရဲ့မျက်လုံးတွေက ဘေးဘီဝဲယာကို ကျီးကန်း တောင်းမှောက် လိုက်ကြည့်ရင်း
“သွား…. ဝင်တော့ ငါကြည့်ထားပေးမယ်”
ကြွက်သိုးစကားအဆုံးမှာ ဘမိုးက ရေကပြင်ရှိတဲ့ဘက်ကို ခပ်သုတ်သုတ်လျောက်သွားခဲ့ တယ်။ ခဏကြာတော့ ဘမိုးပြန်ရောက်လာပြီး
“ဒီတစ်ခုတော့ အောင်မြင်ပြီ နောက်တစ်အိမ်ဆက်သွားကြရအောင်”
ဒီလိုနဲ့ ဘမိုးနဲ့ ကြွက်သိုးတို့နှစ်ယောက် ရွာထဲမှာရှိတဲ့ အိမ်သုံးအိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ပြီး မိမိတို့လိုချင်တဲ့ပစ္စည်းကို ခိုးယူခဲ့ကြတယ်။
ညဘက်ရောက်တော့ ဘမိုးဆီကို ဦးတွတ်နီထပ်ပြီးရောက်လာခဲ့တယ်။
“ ဘမိုး ငါခိုင်းထားတာ လုပ်ပီးပီလား”
“ ဟာကွာ ဒီလူကြီးက ကျုပ်အိပ်ချိန်ဆိုလာပြီ…. ခင်ဗျားပြောထားတဲ့ပစ္စည်းတွေ အိမ်အနောက်ကတန်းမှာရှိတယ် ယူသွားဗျာ”
“ ငါက ဒီပစ္စည်းတွေကို ထိကိုင်လို့မရဘူးကွ ဒါကြောင့် မင်းယူထားတဲ့ပစ္စည်းတွေကို ကိုင်ပြီး ငါ့အနောက်ကလိုက်ခဲ့”
ဒီတစ်ခါမှာတော့ ဘမိုးတစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပဲ စိတ်ညှို့ခံထားရတဲ့ သူတစ်ဦးလို ဦးတွတ်နီခေါ်တဲ့နောက်ကိုလိုက်ပါသွားခဲ့ရာ ဝါးရုံပင်နားရောက်တော့
“ ဟေ့လူ ကျုပ်က ခင်ဗျားခိုင်းလို့သာလုပ်ခဲ့ရတာ ဒီပစ္စည်းတွေကို ဘယ်မှာသုံးမလို့လဲ”
“ မင်း မသိရင်အသာနေစမ်း ….”
ဦးတွတ်နီရဲ့ဟိန်းဟောက်မှုကြောင့် ဘမိုးအနည်းငယ်စိတ်တိုသွားပြီး
“ အားနေ ခင်ဗျားစိတ်ကြီးပဲ ကျုပ်ကိုတော့ အကျိုးအကြောင်းပြောပြသင့်တာပေါ့”
“ အေး အခုမင်းယူလာတဲ့ပစ္စည်းသုံးခု နာမည်ကို တစ်ခုချင်းရွတ်ကြည့်စမ်း”
“ ဒီရေလဲလုံချည်က ဦးဘမြတို့အိမ်ကယူခဲ့တာ။ ဒီ ဓါးမက ဦးလူမောင်တို့အိမ်က ယူခဲ့တာ။ ဒီလက်နှီးစုတ်က ဒေါ်ရင်စိန်တို့အိမ်ကယူခဲ့တာ ဒါပဲမဟုတ်လား။ ထူးထူးဆန်းဆန်း အစုတ်အပဲ့ ပစ္စည်းတွေကျုပ်ကိုများခိုးခိုင်းရတယ်လို့”
ဘမိုးက လက်ထဲကိုင်ထားတဲ့ ပစ္စည်းသုံးခုကို မြေကြီးပေါ်ပစ်ချလိုက်တဲ့အချိန် “ဖြောင်း”ဆိုတဲ့အသံနဲ့အတူ အနောက်ဘက်ကိုလည်ပြီးဆင်းသွားခဲ့တယ်။
“ဟေ့လူ ကျုပ်ကိုဘာလို့ရိုက်တာလဲ ကျုပ်ပြောတာမမှန်လို့လား”
“ ခွေးမသား ဒီပစ္စည်းတွေက ငါမသေခင် သုံးစွဲခဲ့တဲ့ အရာတွေ။ မင်းကတော့ သတ်ခံထိပြီး တာနဲ့ ဘာစွဲလမ်းစိတ်မှမရှိလို့ လူဘဝပြန်ရောက်နေပေမယ့် ငါကတော့ ငါ့ပစ္စည်းတွေကို စွဲလမ်းတဲ့ စိတ်ကြောင့်အခုထိမကျွတ်လွတ်သေးဘူးဟ”
ဦးတွတ်နီက လဲကျနေတဲ့ ဘမိုးကိုကြည့်လိုက် သူ့အသုံးအဆောင်တွေကို ကြည့်လိုက်နဲ့ ဒေါသအိုးပေါက်ကွဲနေတဲ့အချိန် ဝါးရုံတောထဲကနေ ဝါးဆစ်ပေါက်သံအချို့ကိုကြားလိုက်ရတယ်။
“ ဘမိုး ထစမ်း မြန်မြန်ထ”
“ဘာဖြစ်ပြန်ပီလဲဗျာ”
“မင်း စကားမများနဲ့ ခဏနေရင် ဝါးရုံတောထဲကနေ ငုံးဥအရွယ်အလုံးတစ်လုံး ဒီနားတစ်ဝိုက်မှာ ကွေ့ပတ်ပျံနေလိမ့်မယ် အဲဒါကိုရအောင်ဖမ်းစမ်း”
ဦးတွတ်နီစကားကြောင့် ဘမိုး မျက်လုံးတွေက ဝါးရုံတောထဲကိုရောက်သွားခဲ့တယ်။ ခဏကြာတော့ လက်မောင်းလုံးလောက်ရှိတဲ့ ဝါးလုံးအဆစ်ကနေ ဖောက်ထွက်ပြီး အပြင်ကိုပျံလာတဲ့ အလုံးတစ်လုံးကို မြင်လိုက်ရတယ်။
“ဘမိုး မိအောင်ဖမ်း အဲဒါ ဝါးအမြူတေလို့ခေါ်တယ်ကွ ဒီအမြူတေရရင် မင်းတစ်သက် ဘာမှမလုပ်ပဲထိုင်စားလို့ရပြီ”
ဦးတွတ်နီစကားကြောင့် ဘမိုးလဲ ခါးထောင်းကို မြောက်နေအောင်ကျိုက်ကာ ပျံသန်းနေတဲ့ ဝါးအမြူတေကို အသဲအသည်လိုက်ဖမ်းပါလေရော။ အမြူတေကလဲ ဝါးရုံပင်တစ်ဝိုက်မှာ ပိတုန်း တစ်ကောင်လိုလစ်ခနဲ လစ်ခနဲ့ ပျံပြေးနေရင်း ဘမိုးရှိတဲ့ဘက်ကို ရောက်လာခဲ့တယ်။
“‌ဟေ့ကောင် ငါ့လုံချည်နဲ့အုပ်ပြီးဖမ်းလိုက်တော့ မြန်မြန်လေး”
ဘမိုးလဲ ရတဲ့အခွင့်အရေးကိုအလွတ်မခံပဲ လုံချည်ကိုအမြန်ကောက်ယူကာ ဝါးအမြူတေကို လှမ်းအုပ်ပြီးဖမ်းလိုက်တယ်။
“အောင်ပြီကွ အောင်ပြီ ဘမိုး မင်းလုံချည်ထဲက အမြူတေကိုစမ်းကြည့်စမ်း”
“ရှိတယ်ဗျ အထဲမှာလှုပ်နေတယ် ကျုပ်ဘာဆက်လုပ်ရမလဲ”
“ လုံချည်ထဲလက်နှိုက်ပြီး အမြူတေကိုယူလိုက် မင်းလက်ထဲရောက်တာနဲ့ ဒီပစ္စည်းက မင်းအပိုင်ဖြစ်သွားပြီ”
ဦးတွတ်နီစကားကြောင့် လုံချည်ထဲမှာပြေးနေတဲ့ ဝါးအမြူတေကို လက်နဲ့စမ်းပြီး ဖမ်းယူလိုက်တယ်။
“ ဟားဟား ဘမိုး ဘမိုး အခုချိန်ကစပြီး မင်းက ကာယသိဒ္ဓိပြီးမြောက်တဲ့လူတစ်ယောက် ဖြစ်သွားပြီ ငါလဲအတိတ်ဘဝက မင်းအပေါ်တာဝန်မကျေခဲ့တာကို အခုပြန်ကုစားနိုင်ပြီကွ”
“ ဒါနဲ့ ဒီပစ္စည်းသုံးခုကို ခိုးခိုင်းတာ ကျုပ်ကို အမြူတေပေးချင်လို့လား”
“ မင်းပြောတာလဲမှန်သင့်သလောက်မှန်တယ် ဒီအမြူတေက အရမ်းစွမ်းတဲ့အတွက် မထိုက်တဲ့သူလက်ထဲရောက်ရင် အလိုလိုပျောက်သွားရော အခုမင်းက ငါ့လုံချည်နဲ့ဖမ်းလို့သာ ရခဲ့တာ”
“ ဒီလုံချည်က ဘာတွေများစွမ်းနေလို့လဲ ကျုပ်ကြည့်တာတော့ သာမန်လုံချည်လိုပဲ”
“ ဟေ့ကောင်ရ ဒီအမြူတေကို ငါရတဲ့အချိန်တုန်းက မင်းခိုးလာတဲ့ပစ္စည်းတွေအားလုံးက ငါ့ကိုယ်ပေါ်မှာရှိတယ် ရှင်းရှင်းပြောရရင် ဒီပစ္စည်းတွေမှာ ငါ့ရဲ့အငွေ့သက်တွေ ကျန်နေသေးတယ်လို့ ဆိုလိုတာ”
“ဒါဆို ဒီအမြူတေက ခင်ဗျားပိုင်ခဲ့တာပေါ့”
“သိပ်ဟုတ်တာပေါ့ အဲဒီတုန်းက မင်းကဆယ်ကျော်သက်ပဲရှိသေးတာ ငါနဲ့မင်း ဝါးခုတ်လာရင်း ဝါးဆစ်ပိတ်ထဲကနေဖောက်ထွက်နေတဲ့ အမြူတေကိုတွေ့ခဲ့ရတယ်။ ဒါပေမယ့် ငါနဲ့ မထိုက်ဘူးလို့ပြောရမယ်။ အမြူတေကိုရလို့ ကိုင်ရုံပဲရှိသေး ဒီနားမှာအရင်က ကြီးစိုးခဲ့တဲ့ ကွန်မြူနစ်တွေနဲ့ပက်ပင်းတိုးတော့တာပဲ။ ငါကလဲသူတို့နယ်မြေကို အရဲစွန့်ပြီးဝါးလာခုတ်တဲ့အတွက် အစိုးရသတင်းပေးဆိုပြီး ဖမ်းမလို့လုပ်တဲ့အချိန် မင်းက ကြားထဲကနေ အကြောက်အလန့်မရှိ ဝင်ထိုး လို့ ဒီနေရာမှာ မင်းအရင်သေခဲ့ရတာ။ ငါလဲ မင်းသေတာမြင်တော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ် နေတဲ့အချိန် ကွန်မြူနစ်ထဲမှာပါလာတဲ့လူတစ်ယောက်က ငါ့လည်မြိုက ဝါးအချွန်နဲ့ထောက်ပြီး စစ်ဆေးမေးမြန်းပါလေရော”
“ဟာ ဝါးအချွန်နဲ့ထောက်ပြီးမေးတာလောက်ကတော့ ခင်ဗျားရုန်းနိုင်မှာပါ အဲချိန်တုန်းက ဝါးအမြူတေလဲရထားတာပဲကို”
“ အေး မင်းပြောတာလဲဟုတ်တယ် ဒီကောင်တွေကိုင်ထားတဲ့ လုပ်သေနတ်တွေ၊ ဝါးချွန်တွေ လောက်ကတော့ ငါလွတ်အောင်ပြေးနိုင်မယ်ဆိုပြီး ရုန်းလိုက်တာ ဝါးချွန်က လည်မြိုထဲကို စွပ်ခနဲ ဝင်သွားတော့တာပဲ”
“မဖြစ်နိုင်တာ အမြူတေရှိနေတာ ဘယ်လိုသတ်လို့ရမှာလဲ”
“ နင့်မေကလွှား အဲခွေးသူတောင်းစားကိုင်ထားတဲ့ ဝါးချွန်က လူသေတွေကိုမီးသင်္ဂြိလ်တဲ့ တံစူးဝါးကြီးဟ ငါလဲသေပြီးတော့မှ အဲဒီအကြောင်းကိုသိတာ ငါသေတော့ ဝတ်ထားတဲ့ အဝတ်တွေကိုချွတ်ယူပြီး အလောင်းကိုဒီတိုင်းထားခဲ့တာ။ ဝါးအမြူတေကလဲ သူတို့နဲ့မထိုက်လို့ ထင်ပါတယ် ငါလဲသေရော လက်ထဲကနေ ဒီဝါးတောထဲကို စွတ်ခနဲခုန်ဝင်သွားတာ”
“ဒါဖြင့် ခင်ဗျားက ကျုပ်ရဲ့အတိတ်ဘဝကအဖေပေါ့”
“အေးပေါ့ဟ ဒီလောက်ပြောနေတာတောင် နားမလည်သေးဘူးလား”
“ဟာဗျာ ခင်ဗျားက သိနေတာတောင် အခုမှကျုပ်ကိုလာခေါ်တယ် အစထဲက ဒီနေရာမှာ ဝါးအမြူတေရှိတယ်ဆိုပြီးလာပြောလို့ရနေတာကို”
ဘမိုးစကားကြောင့် ဦးတွတ်နီပါးစပ်ကနေ အယုတ္တအနတ္တတွေ တန်းစီပြီးထွက်လာခဲ့တယ်။
“ ဒီကောင်တော့ ငါလုပ်ရင်သေတော့မယ် အမြူတေဆိုတာက လိုချင်တဲ့အချိန် ယူလို့ရတယ်များထင်နေတာလား ဒီနေ့ ဒီညစန်းနက္ခတ်နဲ့တိုက်ဆိုင်မှ အပြင်ကိုထွက်လို့ရတာ”
“ ဒီအမြူတေက ဘယ်လိုစွမ်းတာလဲ။ ကျုပ်က ဘယ်လိုသုံးရမလဲဆိုတာ တစ်ခါထဲပြောပြ ပေးခဲ့ဦး”
“ ဒီသကောင့်သားကတော့ စကားအတော်ရှည်တာပဲ ငါလဲ ငါ့စွဲလမ်းနေတဲ့ပစ္စည်းတွေ ပြန်ရပီမို့ လွတ်ရာကျွတ်ရာကိုသွားရတော့မယ်။ မသွားခင်ဘယ်လိုသုံးရမလဲဆိုတာ ငါပြောပြခဲ့မယ်။ မနက်မိုးလင်းတာနဲ့ ဒီအမြူတေကိုကိုင်ပြီး ထန်းတောကိုသွား။ ပြီးရင် မင်းခေါင်းနဲ့ ထန်းပင်ကို ပြေးတိုက်ကြည့်။ မနာမကျင်ဘူးဆိုရင် မင်းကာယသိဒ္ဓိမြောက်ပြီ”
“ ဒါဆိုရင် ဘမိုးက ဒီတစ်ခွင်မှာ လက်မထောင်လို့ရပြီပေါ့”
“ လက်မထောင်တာလဲ ကြည့်ထောင်ဦး ငါ့လို တံစူးဝါးနဲ့တွေ့မှ ဟုတ်ပေ့ဖြစ်နေမယ် ကဲကဲ မကြာခင် အရုဏ်တက်တော့မယ်ဆိုတော့ မင်းလဲပြန်လိုက်ဦး ငါလဲ အခုမှစိတ်အေးရတော့တယ်”
ဦးတွတ်နီက စကားအဆုံးမှာ ဘမိုးရဲ့ ပခုံးကိုလက်ဝါးနဲ့ပုတ်ကာ နှုတ်ဆက်ရင်း ပျောက်ကွယ် သွားတာမြင်တော့
“ ဟေ့လူ ဟေ့လူ အဲလိုမသွားနဲ့ဦးလေ ကျုပ် ..ကျုပ်….”
ဘမိုးအသံက ပြောနေရင်း လည်ချောင်းဝမှာ ပျောက်ကွယ်သွားခဲ့တယ်။
“ ဘမိုး ဟာ ဒီကောင်တော့ မူးမူးရူးရူးနဲ့ ဘာတွေထအော်နေလဲမသိပါဘူး”
ဘေးကနေ ခြေထောက်နဲ့ကန်ပြီးပြောလိုက်တဲ့အသံကြောင့် ဘမိုး အိပ်ပျော်နေရာကနေ လန့်နိုးလာခဲ့တယ်။
“ ဟင် ကြွက်သိုး… ဦးတွတ်နီရော … သူဘယ်ရောက်သွားတာလဲ”
“ နင့်မေကလွှား ညထဲက မင်းနဲ့ငါ ဒီဇရပ်မှာအိပ်နေတာ ဘယ်က ဦးတွတ်နီ ပေါ်လာတာလဲ”
“ မဟုတ်ဘူးထင်တယ်နော် ညက ငါအိပ်တာ ငါ့အိမ်မှာပါ”
“ သွားပြီ မင်း ရူးသွားပြီ ရူးတာမှ ပိုးစိုးပက်စက်ကိုရူးတာ ပြန်စဉ်းစားစမ်း မင်းလို အုတ်ကြား မြက်ပေါက် ကလေကဝက ဘယ်အိမ်မှာသွားအိပ်မှာလဲ နေစရာအိမ်မရှိလို့ တွေ့ကရာဇရပ်မှာ လိုက်အိပ်နေခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ”
“ အေး ဟုတ်သားဟ ဒါဆိုငါအိမ်မက်မက်နေတာဖြစ်မယ် ဒါနဲ့ မနေ့က ငါတို့ခိုးလာတဲ့ ပစ္စည်းတွေရော”
“ ဟိုမှာလေ ဇရပ်ထောင့်မှာပုံထားတာမမြင်ဘူးလား အရေးတကြီးခိုးတယ်ဆိုလို့ တန်ဖိုးကြီး ပစ္စည်းများလားလို့ ဓါးမအပဲ့တစ်ခေျာင်း၊ ရေလဲပုဆိုးတစ်ထည်နဲ့ လက်နှီးစုတ်တစ်ခုကို ခိုးလာရတယ်လို့ကွာ”
ဘမိုးလဲ ကြွက်သိုးစကားကြောင့် ချေးအထပ်ထပ်ကပ်နေတဲ့ ဆံပင်ဘုတ်သိုက်ကို လက်နဲ့ တစ်ဗြစ်ဗြစ်မြည်အောင်ကုတ်လိုက်ပြီး
“ ဒါဆို ငါအိမ်မက်မက်နေတာပေါ့ ဟုတ်လား”
“တယ် မင်းမယုံရင် မင်းစောက်ခွက်ကို ငါထိုးပြရမလား”
ကြွက်သိုးရဲ့ဘုကန့်လန့်စကားကြောင့် ဘမိုး ပက်လက်အိပ်နေရာကနေ မှောက်လျက်အိပ် လိုက်တဲ့အချိန် ရင်ဘတ်တစ်နေရာမှာ ခိုးလိုးခုလုဖြစ်နေတာကြောင့် ညာဘက်လက်ကို ရင်ဘတ်အောက်ထည့်ပြီးစမ်းကြည့်လိုက်ရာ ငုံးဥအရွယ်အလုံးတစ်လုံးကို ကိုင်မိသွားခဲ့တယ်။ ဘမိုးလဲ ရုတ်တရက်ထထိုင်လိုက်ပြီး အိတ်ကပ်ထဲမှာရှိနေတဲ့အရာကို ထုတ်ကြည့်လိုက်ရာ ဖန်ဂေါ်လီ လုံးကဲ့သို့ ခေျာမွတ်လုံးချောနေတဲ့ ဝါကျင်ကျင်အလုံးတစ်လုံးကိုမြင်လိုက်ရတယ်။
“ ကြွက်သိုးရေ ကြွက်သိုး”
ဘမိုးအော်သံကြောင့် ဇရပ်အောက်က ရေအိုးစင်ကရေနဲ့မျက်နှာသစ်နေတဲ့ ကြွက်သိုးက ဘုကြည့်ကြည့်ပြီး
“နင့်မေကလွှားမို့ ဒီလောက်အော်နေရတာလား မင်းနဲ့ငါက ဆယ်ပေတောင်မဝေးတဲ့ဟာကို တိုးတိုးပြောလဲကြားပါတယ်”
“ အဲဒါတွေနောက်မှထား မင်းနဲ့ငါ ထန်းတောထဲသွားကြရအောင်”
“ ဟေ့ကောင် ဒီအချိန် ထန်းတောမဖွင့်သေးဘူးလေ ငါတို့ယူထားတဲ့ အကြွေးတွေလဲ အတော်များနေပြီ သွားချင်ရင် မင်းတစ်ယောက်ထဲသွား ငါတော့မလိုက်ဘူး”
“ အာ ဒီကောင်ကတော့ …. လိုက်မှာသာလိုက်ခဲ့စမ်းပါ မင်းကိုထူးဆန်းတာတစ်ခု စမ်းပြမယ်”
“အေးပါကွာ ထန်းတောပိုင်ရှင် ဦးမြင့်ကြည်ရဲ့တဲကို မီးမရှို့ရင်ပြီးတာပါပဲ”
ဘမိုးက မျက်နှာတောင်မသစ်တော့ပဲ ထန်းတောရှိတဲ့ဘက်ကို ခြေလှမ်းကျဲကြီးနဲ့ ထွက်သွားခဲ့တယ်။
“ဟေ့ကောင် မင်းရူးနေလား ထန်းပင်ကို ခေါင်းနဲ့ပြေးဆောင့်ရင် မင်း‌ခေါင်းကွဲမှာပေါ့”
“မင်းအသာနေစမ်းပါကွာ ငါလုပ်တာကိုပဲကြည့်နေ”
ကြွက်သိုးလဲ ဘယ်လိုမှတားမရတဲ့အဆုံး ထန်းတောအလယ်မှာ ထိုင်ချပြီး မေးထောက်ကာ ကြည့်နေခဲ့တယ်။
“ ကျား…… ဘမိုးတဲ့ဟေ့”
“ ဒုန်း ခွပ် ခွပ်”
အရှိန်နဲ့ပြေးဆောင့်လိုက်တဲ့အသံကြောင့် ထန်းပင်အဖျားထိပ်မှာရှိနေတဲ့ အကိုင်းခက်တွေ လှုပ်ရမ်းသွားတာကို ကြွက်သိုးမြင်လိုက်ရတယ်။
“ ကြွက်သိုး ကြွက်သိုး……. ဒီကိုလာကြည့်စမ်း”
ဘမိုးခေါ်သံကြောင့် ကြွက်သိုး ထိုင်နေရာကနေထလာပြီး
“ ငါ့ကိုခေါ်သေးတယ်ဆိုတော့ အခြေနေကောင်းသေးတယ် မင်းခေါင်းဘာဖြစ်သွားသေးလဲ”
“ ငါ လုံးဝမနာဘူး ကြွက်သိုး…. ငါကာယသိဒ္ဓိအောင်ပြီကွ”
ကြွက်သိုးကတော့ ဘမိုးပြောသမျှကို ပါးစပ်လေးဟပြီး အံ့သြနေတုန်း
“ကျား….. ဒုတ် ခွပ်”
“ဟေ့ကောင် တကယ်မနာတာလား မင်းကြည့်ရတာ ငါတောင်ခေါင်းကြိမ်းတယ်”
“တကယ်မနာဘူးဟ ဒီမှာကြည့်ပါလား ပွန်းပဲ့ရာတောင်မရှိဘူး”
“အေး ဟုတ်တယ် ဘမိုးရေ မင်း ကာယသိဒ္ဓိပေါက်အောင် ဘာများလုပ်ခဲ့တာလဲ”
“ ဟားဟား ဒါကတော့ ပြောလို့မဖြစ်ဘူး ဒီနေ့ကစပြီး ဇမ္ဗူတစ်ခွင်မှာ ငါလိုလူရှိသေးပါရဲ့လား”
ဘမိုးရဲ့ကျယ်လောင်စွာရယ်မောလိုက်တဲ့အသံအဆုံးမှာ ထန်းရည်ရောင်းတဲ့တဲထဲကနေ
“ ဘယ်ခွေးမသားတွေ ငါထန်းတောထဲ စောစောစီးစီးလာသောင်းကျန်းနေတာလဲ”
“ ဘမိုးရေ မင်းကာယသိဒ္ဓိပြီးတာကနောက် ဦးမြင့်ကြည်ရဲ့ လေးခွက ငါ့လာမှန်မှာဟ လစ်ကြရအောင်”
ကြွက်သိုးစကားကြောင့် ဘမိုးလဲ ရယ်နေတဲ့အသံကိုရပ်လိုက်ပြီး ထန်းတောထဲကနေ ထွက်သွားခဲ့ကြတယ်။

ဝါးအမြူတေပိုင်ဆိုင်ထားတဲ့ဘမိုးကတော့ ဘာအလုပ်မှ မယ်မယ်ရရမလုပ်တတ်တဲ့အတွက် ဟိုကြက်ဝိုင်းသွားလိုက်၊ ဒီဖဲဝိုင်းသွားလိုက်နဲ့အချိန်ဖြုန်းနေတဲ့အချိန် အစွမ်းအစပြရမယ့် နေ့တစ်နေ့ ကိုရောက်လာခဲ့တယ်။
“ ဘပု မင်းဒီနေ့ လောင်ကြေးဖွင့်ဦးမှာလား”
“ဖြေးဖြေးပေါ့ကွာ စခန်းကြီးရွာဘက်ကလူတွေ စျေးဖွင့်တာစောင့်ကြပါဦး”
“ တိုက်တိုင်းအောင် ဘက်ကနေ ကြေးစဖွင့်မယ် နှစ်လေးတစ်လေးကြောတယ်”
“ အိုးဟိုး ငါတို့တောင်သာရွာရဲ့ ငယ်မွေးခြံပေါက် ခွပ်တိုင်းအောင်ကတော့ ရင်ကိုမခုန်တာ လောင်းကြေးအဆုံးထိ လိုက်မယ်”
တောင်သာရွာနဲ့ စခန်းကြီးရွာရဲ့ အလယ်စားကျက်မြေမှာ နှစ်ဖက်ရွာသားတွေ လှုပ်လှုပ်ရွရွ ဖြစ်နေသလို တိုက်ကြက်ဖနှစ်ကောင်ကလဲ တစ်ကောင်နဲ့တစ်ကောင် အသေအကြေခွပ်ကြမယ့် ဟန်တွေပြင်နေခဲ့ကြတယ်။
“လက်ရှောင် လက်ရှောင် ဝိုင်းထဲရောက်လို့ရှိရင် သေသေရှင်ရှင် ဘယ်သူမှ ဝင်မကောက်နဲ့ ဝိုင်းပြင်ထွက်မှကောက်ကြနော်”
“ချမှာသာ ချစမ်းပါကွ တိုက်တိုင်းအောင်တဲ့နော် မအောင်ရင် ဟင်းအိုးထဲ ထည့်ပစ်မယ်”
“ ကလွတ် ကလွတ် ဖလပ် ဖလပ် “
“ တိုက်တိုင်းအောင်ကွ ချထည့်လိုက်စမ်း ဟိုဘက်ကကောင် အလုံးပိတ်သွားအောင် ခွပ်ထည့် လိုက်စမ်း”
“ ခွပ်တိုင်းအောင်တဲ့ကွ ဖေ့သားကြီး ကြိတ်ထား လည်ဆံမွေးကို ဆွဲပြီး မျက်နှာကို တက်ခွပ် လိုက်စမ်း လုပ်ထား လုပ်ထား”
နှစ်ဖက်ရွာသားတွေက အသံကုန်တဲ့ထိ အော်ဟစ်အားပေးနေခဲ့ကြတယ်။ အားပေးနေရင်း တစ်ဖက်နဲ့တစ်ဖက် မခံထိမခံသာပြောပြီး ထိကပါး ရိကပါးလုပ်နေတဲ့အချိန် စခန်းကြီးရွာဘက်က ခွပ်နေတဲ့ကြက်က တောင်သာရွာဘက်က ကြက်ခွပ်လိုက်တဲ့အရှိန်ကြောင့် လည်ထွက်သွားပြီး စည်းဝိုင်းအပြင်ကိုရောက်လုရောက်ခင်ဖြစ်နေတဲ့အချိန်
“ ဟေ့ကောင် မောင်တိုး မင်းဘာလုပ်တာလဲ ကြက်က စည်းဝိုင်းထဲကနေ မထွက်သေးဘူးလေ”
“ အပြင်ကိုရောက်နေတာ မင်းမမြင်ဘူးလား”
“ ဟာ ဒီကောင်တွေတော့ စညစ်ပီ‌ မင်းတို့ရှုံးမှာကြောက်နေရင် အစထဲက မလာကြနဲ့”
“ မင်း ဘာစကားပြောလိုက်တာလဲ”
“ ဟာ ချကွာ ရိုက်ကွာ”
တစ်ဖက်နဲ့တစ်ဖက် ဝေးဝါးနဲ့တောခြောက်ရင်း တကယ်တွယ်ကြတဲ့အဆင့်ထိ ရောက်သွားကြတယ်။
ဘမိုးနဲ့ကြွက်သိုးလဲ နဂိုထဲက လက်စလက်နရှိတဲ့သူတွေဖြစ်တဲ့အတွက် ရန်ပွဲမှာဝင်ပါရင်း ရရာနဲ့ထုနှက်ကြပါလေရော။ တစ်ရွာနဲ့တစ်ရွာအလျော့မပေးပဲ ထိုးသတ်နေတဲ့အချိန် စခန်းကြီးရွာသားတစ်ယောက်က ခါးကြားထဲမှာထိုးထားတဲ့ ဓါးမြောင်နဲ့ ဘမိုးကို လှမ်းတွတ်လိုက်တဲ့ အချိန်
“ ဟိုကောင်တွေ ဓါးနဲ့ထိုးတယ်ဟေ့ ဘမိုး ဘမိုး”
စခန်းကြီးရွာကလူတွေလဲ ဓါးနဲ့ထိုးပီးတာနဲ့ ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။
“ ဘမိုး မင်းဘာဖြစ်သွားသေးလဲ”
“ ဘာဖြစ်ရမှာလဲ အကောင်းတိုင်းရှိသေးတယ်လေ ငါမသေပါဘူးဟ”
“ မင်းကို ဓါးနဲ့ထိုးတာ ငါကိုယ်တိုင်မြင်လိုက်တယ်လေ ထိုးတဲ့ကောင်တောင် ကြောက်ပြီး ထွက်ပြေးသွားတာ မင်းက သွားဖြဲပြီးရယ်နိုင်သေးတယ်နော်”
“ဟဲဟဲ ဘမိုးကို ဓါးနဲ့လာထိုးရင် ဓါးကျိုးသွားရုံပဲရှိမှာပေါ့”
“ မင်းကတော့ တကယ့်ကို အာဂလူပဲဟေ့”
ဒီလိုနဲ့ဘမိုးသတင်းက တောင်သာရွာအပြင် အနီးနားမှာရှိတဲ့ရွာတွေဆီကိုပါပျံ့နှံ့သွားခဲ့တယ်။ နောက်တစ်ရက်မှာတော့ ဘမိုးကို ဓါးနဲ့ထိုးသွားတဲ့ စခန်းကြီးရွာက တာဝန်ရှိသူတွေ လာရောက် တောင်းပန်ခဲ့ကြတယ်။ ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာတော့ အရင်က ဘမိုးကို မခေါ်မပြောပဲ မျက်နှာ လွှဲခဲ့ကြတဲ့သူတွေတောင် လမ်းမှာတွေ့ရင် အရေးတယူနှုတ်ဆက်လာခဲ့ကြတယ်။
ဘမိုးအကြောင်းကို နားစွန်နားဖျားကြားမိတဲ့ ရွာခံလူမိုက်တွေကလဲ သူ့ဘက် ကိုယ့်ဘက် ပါအောင် အရက်၊ ထန်းရည်၊ စားကောင်းသောက်ဖွယ်တွေနဲ့ စည်းရုံးကြပါလေရော။ ဘမိုးကတော့ ဘယ်သူ့ဘက်ကမှတရားဝင်မပါပဲ လှည့်ပတ်စားသောက်ကာ ယောင်ခြောက်ဆယ်ပုံစံနဲ့ နေထိုင် ခဲ့တယ်။
တောင်သာရွာမှာ ဘမိုးရှိနေတဲ့အတွက် အခြားရွာကလူတွေအနေနဲ့ လောင်းကစားဝိုင်းတွေ မှာတောင် ထိကပါးရိကပါးပြောဆိုခြင်းမရှိခဲ့ကြဘူး။ နောက်ပိုင်းမှာတော့ ဘယ်ရွာမှာ လောင်းကစား ဝိုင်းဖြစ်ဖြစ် ဘမိုးကို ပွဲကြည့်ပရိတ်သတ်အနေနဲ့ တကူးတက လာရောက်ခေါ်ဆောင်ခဲ့ကြတယ်။ ဘမိုးအကြောင်း မသိပဲရမ်းကားတဲ့ လူတွေကတော့ ကျိုးရင်ကျိုး မကျိုးရင် ကွဲပြဲပြီးပြန်သွားရတဲ့ အကြောင်းကလဲ ငါးလဆိုတဲ့အတောအတွင်း ထိထိရောက်ရောက် ပျံ့နှံ့ခဲ့တယ်။ နေ့တိုင်းနီးပါး ချိန်းပွဲရှိတဲ့အတွက် ဘမိုးရဲ့လက်ထဲ ငွေသီးလာခဲ့တယ်။ ကြွက်သိုးကလဲ ဘမိုးရဲ့အနောက်ကိုလိုက်ပြီး ကပ်မြောင်စားသောက်နေခဲ့သလို ဘမိုးရဲ့လျှို့ဝှက်ချက်က ဘာလဲဆိုတာကို စုံစမ်းနေခဲ့တယ်။
တစ်နေ့မှာတော့ ဘုကန့်လန့်ရွာဘုရားပွဲ အေးချမ်းစွာပြီးစီးတဲ့ အထိမ်းအမှတ်အနေနဲ့ ဘမိုးတို့ကို ဝိုင်းတစ်ဝိုင်းထောင်ပေးခဲ့တယ်။ ဘုရားပွဲကာလအတွင်း စိတ်တိုင်းကျမသောက်ခဲ့ရတဲ့ ဘမိုးတစ်ယောက် အရက်ကိုအတိုးချသောက်ခဲ့ရာ အတော်လေးကို မူးပြဲတဲ့ထိဖြစ်သွားခဲ့တယ်။ ဘမိုး မူးလာတော့ ကြွက်သိုးက
“ဘမိုး မင်းကို ဓါးနဲ့ထိုးလို့လဲမရ တုတ်နဲ့ရိုက်လို့လဲမရဘူးဆို အဲဒါဟုတ်လား”
“ အေ့ ဟေ့ကောင် ကြွက်သိုး ဘမိုးကို အဲလိုလာစမ်းရင် အကုန်မသာပေါ်ကုန်မှာပေါ့”
“ မဖြစ်နိုင်ဘူး မင်းကို နိုင်တဲ့တစ်နည်းတော့ရှိကိုရှိရမယ် ဘာလဲ မင်းက ဝက်မာန်စွယ် ဆောင်ထားတယ်ဆိုပြီး လူပါးဝနေတာလား”
“ထွီ ဝက်မာန်စွယ်က ငါ့မှာရှိတဲ့အရာလောက်အစွမ်းထက်ပါ့မလား ကြွက်သိုးရာ”
“ဒါဖြင့် မင်းမှာအဆောင်ကောင်းကောင်းတစ်ခုတော့ရှိတယ်မဟုတ်လား”
“ ဒါက ငါ့ရဲ့အတိတ်ဘဝက အဖေဖြစ်သူပေးခဲ့တာ ငါနဲ့ထိုက်လို့ရတာလို့လဲပြောတယ် နေပါဦးမင်းက ဘာလို့ ဒီကြောင်းတွေမေးနေတာလဲ”
“ မင်းနဲ့ငါနဲ့က လည်ပင်းဖက်ပေါင်းလာတဲ့ကောင်လေကွာ မင်းမှာရှိတဲ့အရာ ငါလဲသိထား သင့်တာပေါ့”
“ အေး ဟုတ်တယ် မင်းက ငါ့အရင်းနှီးသုံး သူငယ်ချင်းကြီး ပြောမနာဆိုမနာကြီး ဟုတ်တယ် မလား”
“ဒါပေါ့ ငါကမင်းသူငယ်ချင်းအရင်းကြီးလေ အော် ဘမိုး ငါကြားဖူးတာကတော့ ဒီလို အဆောင်မျိုးရှိတဲ့သူတွေက မီးနေသည်အိမ်တို့ ထဘီတန်းအောက်တို့သွားရင် အစွမ်းပြယ်တယ်တဲ့ မင်းရောအဲလိုကြားဖူးလား”
“ အာ အဲဒါတော့ ငါမသိဘူး ငါ့လို ကာယသိဒ္ဓိပြီးတဲ့သူတွေကို သတ်လို့ရတဲ့နည်းတော့ သိတယ်”
ဘမိုးစကားကြောင့် ကြွက်သိုးလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အနားမှာအရက်ထိုင်သောက်နေ တဲ့သူတွေကို တစ်ချက်စောင်းငဲ့ကြည့်လိုက်တယ်။
“လုပ်စမ်းပါဦး ငါတို့လဲဗဟုသုတရတာပေါ့”
“ဒီမယ်ကြွက်သိုး ဘယ်လောက်ပဲစွမ်းတဲ့သူဖြစ်ဖြစ် အလောင်းကောင်တွေမီးရှို့တဲ့အခါ သုံးတဲ့ ဝါးနဲ့ထိုးသတ်ရင် တမလွန်ကို ကြွကြတာကြီးပဲတဲ့”
“ မင်းပြောပြဖူးတဲ့အရာတွေထဲမှာ ဒီညပြောတဲ့ဗဟုသုတက အဓိပ္ပါယ်အရှိဆုံးပဲဟေ့ ရော့ကွာ နောက်တစ်ခွက်”
ဘမိုးလဲ ကြွက်သိုးကမ်းပေးတဲ့ အရက်ခွက်ကိုယူကာ တစ်ရှိန်ထိုးမော့ချပြီးတဲ့နောက်မှာတော့ လောကကြီးနဲ့အဆက်ပြတ်သွားခဲ့တယ်။
“အား ကျွတ် ကျွတ်”
ခေါင်းတစ်ခုလုံး ပုရွတ်ဆိတ်အုံထဲထိုးထည့်ထားရသလို တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ ဒဏ်ကြောင့် နားထင်နှစ်ဖက်ကို လက်နဲ့ဖိရန်လုပ်လိုက်တဲ့အချိန် လက်နှစ်ဖက်က လှုပ်မရဖြစ်နေလို့ ကြည့်လိုက်တော့ လျော်ကြိုးနှစ်ချောင်းနဲ့တင်းကြပ်စွာစည်းနှောင်ထားတာကိုမြင်လိုက်ရတယ်။
“ဘမိုး ဘမိုး မင်းအသက်မသေချင်ရင် မင်းဆီမှာရှိတဲ့ အဆောင်ပစ္စည်းကို ငါတို့ကိုပေး”
အရက်နာကျနေတဲ့ဘမိုးက အသံကြားတဲ့ဘက်ကို ခေါင်းငဲ့ပြီးကြည့်လိုက်ရာ သူတစ်ခါမှ မမြင်ဖူးတဲ့ လူလေးယောက်ကိုမြင်လိုက်ရတယ်။ သူတို့ရဲ့ဘေးမှာတော့ ဘမိုးကို ကြည့်နေတဲ့ ကြွက်သိုးကိုပါ တစ်ပါထဲမြင်လိုက်ရတယ်။
“ ကြွက် ကြွက်သိုး မင်း မင်း ငါ့ကိုသစ္စာဖောက်တာလား”
“ ဘမိုးရယ် မင်းကိုငါသံယောဇဉ်ရှိလို့ သူတို့သတ်မယ်ဆိုတာတောင် မသတ်ပါနဲ့ဆိုပြီး တောင်းပန်ထားရတာ… မင်းမှာရှိတဲ့ပစ္စည်းကို ထုတ်ပေးလိုက်ပါ သူတို့ကလဲ မင်းကြည်ကြည်ဖြူဖြူ ပေးမယ်ဆိုရင် တစ်ဝမ်းတစ်ခါးပူစရာမလိုတဲ့ငေွကိုလဲပေးမှာပါတဲ့”
“ထွီ မင်းတို့လိုကောင်တွေရဲ့စကားကို ငါမယုံဘူး သတ္တိရှိရင် ငါ့ကိုကြိုးဖြေပေးစမ်း”
“ ဘမိုး မင်းခေါင်းမမာနဲ့ကွာ ဟိုမှာ ထောင်ထားတဲ့ဝါးကိုကြည့်စမ်း အဲဒီဝါးက တံစူးဝါးလို့ခေါ်တယ် မင်းပဲပြောခဲ့တယ်လေ တုတ်ပြီး ဓါးပြီးတဲ့သူတွေကို တံစူးဝါးနဲ့ပဲသတ်နိုင်တယ် ဆို”
“ခွေးမသား ကြွက်သိုး ငါလွတ်လာရင် မင်းကိုအသေသတ်မှာ”
“ဘမိုး ငါနောက်တစ်ခေါက်ထပ်မပြောဘူး မင်းမှာရှိတဲ့အဆောင်ကို ထုတ်ပေးမလား ငါတို့ မင်းကိုသတ်ပြီး ယူရမလား”
“လာသတ်လေ ငါ့ကိုလာသတ်လေ ငါသေတာတောင် မင်းတို့ကို မပေးဘူး”
“ကဲ ဒါဖြင့်လဲ မင်းမသေခင် လိုချင်တဲ့ဆုကိုတောင်းဖို့ အချိန်တစ်မိနစ်ပေးမယ် အချိန်ပြည့်လို့မှ မင်းဘက်ကလက်မခံဘူးဆိုရင်တော့….”
ကြွက်သိုးစကားအဆုံးမှာ ဘမိုးက
“ ငါက ဒီနေ့ဒီအချိန်ထိ ဘယ်သူ့အပေါ်မှာမှ မယုတ်မာခဲ့ဘူးဘူး ငါ့မှာရှိတဲ့ပစ္စည်းကို အသုံးပြုပြီး ဘယ်သူ့ကိုမှ မတရားမလုပ်ခဲ့ဘူးဘူး ဒီစကားကြောင့် မင်းတို့ကို ငါ့လက်နဲ့သတ်ရပါစေ သား”
“ ကြွက်သိုး မင်းကောင်က စကားတယ်များတာပဲ ငါတို့လဲအချိန်မရှိဘူး လက်စသတ်ပြီး ပစ္စည်းကိုရှာရအောင်”
“ ဘမိုးနဲ့ကျုပ်နဲ့က ငယ်ပေါင်းကြီးဖော်တွေဖြစ်လို့ သူသေတာကို ကျုပ်မကြည့်ချင်ဘူး ခင်ဗျားတို့လုပ်စရာရှိတာလုပ်ကြ ကျုပ်ရှောင်ပေးမယ်”
ကြွက်သိုးက နောက်ဆုံးအနေနဲ့ ဘမိုးကို တစ်ချက်ကြည့်လိုက်ပြီး မလှမ်းမကမ်းကိုထွက်သွား ကာ မြင်းပျံဆေးပေါ့လိပ်ကို မီးညှိဖွာရှိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်နေခဲ့တယ်။ ခဏနေတော့ ဘမိုးရှိတဲ့ဘက်ကနေ နာကျင်စွာအော်ဟစ်လိုက်တဲ့အသံအချို့ကို ကြားလိုက်ရတယ်။ ကြွက်သိုးလဲ အသံတွေိတိတ်ဆိတ်တဲ့အထိ ဆေးလိပ်ကို တစ်ရှိုက်မက်မက်ဖွာနေရင်း သူ့ဆီ လမ်းလျောက်လာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတယ်။
“ဘယ်လိုလဲ ကိုထိန် လက်စသတ်လိုက်ပြီလား”
ကြွက်သိုးမေးတဲ့စကားကို အနောက်မှာရပ်နေတဲ့လူက ဘာမှပြန်မပြောပဲငြိမ်နေတာကြောင့် ဆေးလိပ်တိုကိုပစ်ချပြီး လှည့်ကြည့်လိုက်ရာ သွေးအလူးလူးပေနေတဲ့ တံစူးဝါးကိုကိုင်ပြီး သူ့ကို စူးစိုက်ကြည့်နေတဲ့ ဘမိုးကိုမြင်လိုက်ရတယ်။
“ဟင် ဘ..ဘ…ဘမိုး မင်း မသေသေးဘူးလား”
“ခွေးတိရိစ္ဆာန်ကောင် မင်းက ငါ့သားကို သတ်ပြီးဝါးအမြူတေကို လုဖို့ကြိုးစားတယ်ပေါ့လေ”
မျက်လုံးတွေနီရဲနေပြီး အံတစ်ကြိတ်ကြိတ်ဖြစ်နေတဲ့ဘမိုးရဲ့အသံကြောင့် ကြွက်သိုးလန့်ဖြန့် သွားပြီး
“ဘ..ဘ.မိုး ငါ့ကိုခွင့်လွှတ်ပါကွာ သူတို့က ငါ့ကိုအကျပ်ကိုင်လို့ ငါလုပ်လိုက်ရတာပါ ငါတောင်း ပန်ပါတယ် ငါ့ကိုမသတ်ပါနဲ့”
“ ငါက ဘမိုး မဟုတ်ဘူး ငါ့နာမည်က တွတ်နီ”
“ ဟုတ် ဟုတ် ကျွန်တော် တောင်းပန်ပါတယ် မသတ်ပါနဲ့နော်”
“ လူယုတ်မာ နင်က သေကိုသေရမယ်”
ဘမိုးတစ်ဖြစ်လဲ ဦးတွတ်နီက ကြွက်သိုးကို တံစူးဝါးနဲ့ထိုးသတ်ဖို့ဟန်ပြင်လိုက်တဲ့အချိန်
“ရပ်လိုက်စမ်း လက်ထဲက တံစူးဝါးကိုချထားလိုက်” ဆိုတဲ့အသံက ဘိစပ်ခြုံဘေးကနေ ထွက်ပေါ်လာခဲ့တယ်။
ဦးတွတ်နီလဲ အသံကြားရာဘက်ကိုကြည့်လိုက်တော့ ယောဂီဝတ်စုံကိုဝတ်ထားတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။
“ မင်းတို့က ဘယ်သူတွေလဲ ဒီကောင်ကို ငါသတ်ကိုသတ်ရမယ် ငါ့ကိုမတားကြနဲ့”
“ စိတ်ကိုထိန်းပါ ဦးတွတ်နီ ခင်ဗျားရဲ့သားအပေါ်စွဲလမ်းတဲ့စိတ်ကြောင့် ကျွတ်လွတ်မယ့်ဘဝကိုတောင် မရွေးချယ်ခဲ့တာကျုပ်တို့သိပါတယ် အခုသင့်လက်ထဲက ဝါးကိုချထား လိုက်ပါ”
လူငယ်သုံးယောက်ထဲကမှ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် ဦးတွတ်နီ လက်ထဲကိုင်ထားတဲ့တံစူးဝါးကို ပစ်ချလိုက်ပြီး
“ ဒီဆရာတွေကြောင့် မင်းသက်သာသွားတယ်မှတ်ပါ နောက်တစ်ခါ ငါ့သားအရှေ့မှာ ဘယ်တော့မှမပေါ်လာပါစေနဲ့ မင်းကိုထပ်တွေ့တာနဲ့ တွေ့တဲ့နေရာငါသတ်မှာ”
ဦးတွတ်နီစကားအဆုံးမှာ ကြွက်သိုးလဲ ဖိနပ်တောင်မနိုင်ပဲ တစ်ချိုးထဲလစ်ပြေးပါလေရော။
“ ကျုပ်တို့အချိန်မှီလာဖို့ကြိုးစားခဲ့ပေမယ့် လမ်းခရီးမှာ အနှောက်အယှက်တစ်ခုကြုံနေရလို့ ခင်ဗျားကိုတားဖို့မမှီလိုက်ဘူး အခုခင်ဗျားက လူနှစ်ယောက်ကို သတ်လိုက်ပြီ ဒီအပြစ်ကို ပြန်ပေးဆပ်ရမယ်ဆိုတာ သိရဲ့လား”
“ကျုပ်သိတယ် ကျုပ်သားကို ကာကွယ်ဖို့အတွက် အခြားဘဝကိုတောင်မသွားနိုင်တာ ဒီအပြစ်လောက်ကတော့ ကျုပ်ခံနိုင်ပါတယ် ဒါပေမယ့် တစ်ခုတော့ ကျုပ်ကိုကူညီပါ”
“ပြောပါ ကျုပ်တို့ဘာကူညီရမလဲ”
“ကျုပ်သားက ဆိုးတယ် မိုက်တယ်ဆိုပေမယ့် သူတစ်ပါးကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ခဲ့ဘူး သူ့ကိုဒီအရပ်ဒေသကနေအခြားတစ်နေရာကိုခေါ်ဆောင်သွားပါ”
“ကျုပ်တို့အခုလာတယ်ဆိုတာကလဲ သင့်သားကို လက်ရှိဘဝကနေလွတ်မြောက်အောင် ကူညီပေးဖို့လာခဲ့တာပါ ဒီအတွက်စိတ်မပူပါနဲ့”
“ ဆရာတို့ဆီက အခုလိုကြားရတော့ ကျုပ်စိတ်အေးပါပြီ သူ့မှာရှိတဲ့ပစ္စည်းကိုတော့ ဆရာတို့ အစွမ်းနဲ့သိမ်းဆည်းခြင်းမလုပ်ပါနဲ့ ဒီပစ္စည်းတစ်ခုပဲ ကျုပ်သူ့ကိုပေးနိုင်ခဲ့တာ”
“ ကျုပ်တို့အနေနဲ့သူ့ကိုနားဝင်အောင်ဖျောင်းဖျပြီး လိမ်မာအောင်ဆုံးမပေးပါမယ် သင်ရဲ့ စွဲလမ်းစိတ်ကိုလဲ ဒီမှာဖြတ်တောက်လိုက်ပါတော့”
“ကောင်းပြီ ဒါဖြင့်ကျုပ်သွားတော့မယ် ကျုပ်သားသတိရလာရင် ကျုပ်အကြောင်းဘာမှ မပြောပြပါနဲ့”
ဦးတွတ်နီက သူမှာလိုတဲ့အရာတွေကို တစ်ခုချင်းမှာပြီး ထွက်သွားတဲ့အချိန်မှာတော့ ဘမိုး သတိပြန်ရလာခဲ့တယ်။
“ ကျုပ် ဘယ်ဘဝကိုရောက်နေတာလဲ ခုနက ကျုပ်ကို တံစူးဝါးနဲ့ထိုးသတ်ခဲ့ကြတာ မဟုတ်လား”
“ မဟုတ်ဘူးဘမိုး သင့်ကိုထိုးသတ်ခဲ့တဲ့ တံစူးဝါးက ကြခတ်နဲ့လုပ်ထားတာမဟုတ်လို့ သင့်အပေါ်ဘာထိခိုက်မှုမှမရှိခဲ့ပါဘူး”
“ဒါဆို ကျုပ်မသေဘူးပေါ့ ကြွက်သိုး ဟိုခွေးကောင် ကြွက်သိုး ဘယ်ရောက်သွားလဲ”
“သူလဲ နောင်တရပြီး လွတ်ရာကျွတ်ရာကို ထွက်ပြေးသွားပါပြီ သင်အခုကျုပ်တို့နောက်ကို လိုက်ခဲ့ပါ ဒီမှာဆက်နေရင် လူသတ်မှုနဲ့သင့်ကိုလာဖမ်းကြလိမ့်မယ်”
“ကျုပ်က ဘယ်သူ့ကိုမှမသတ်ဘူးလေ ဘာကြောင့်ကျုပ်ကိုလာဖမ်းမှာလဲ”
“သင်မသတ်တာကို ကျုပ်တို့သိပေမယ့် အခြားသူတွေမသိကြဘူးလေ ဒါကြောင့် သင်မလုပ်ပဲ အဖမ်းခံမလား ကျုပ်တို့နဲ့လိုက်ခဲ့မလား”
“ကျုပ်အဖမ်းတော့မခံနိုင်ဘူး ခင်ဗျားတို့နောက်ကိုလိုက်ခဲ့မယ်”
“ကောင်းပြီ သက်ခိုင်နဲ့တောက်ရက ဘမိုးကိုခေါ်ပြီး ကိုးနဝင်းဆုတောင်းပြည့်စေတီမှာ စောင့်နေပါ”
“ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ခေါ်သွားလိုက်ပါမယ်”
သက်ခိုင်နဲ့တောက်ရက ဘမိုးကိုခေါ်ပြီး ထွက်သွားတဲ့အချိန် အောင်မြတ်သာက အနောက်တောင်ဘက်မှာရှိတဲ့ တောအုပ်ထဲကို တစ်ယောက်ထဲဝင်သွားခဲ့တယ်။
“ချလွင် ချလွင်”
လေတိုက်တိုင်း တစ်ချွင်ချွင်မြည်နေတဲ့ ဆည်းလည်းသံလေးတွေက ကြားရသူရဲ့ရင်ထဲကို အေးမြစေခဲ့တယ်။ မကြာခင် စေတီရဲ့အနောက်ဘက်မုခ်ကနေ လူတစ်ယောက်တက်လာတာကို ဘမိုးမြင်လိုက်ရတယ်။
“ဟော ဆရာတောင် ပြန်ရောက်လာပြီ အခြေအနေတွေဘာဖြစ်သွားတာလဲဆရာ”
“သူတို့က ငါပြန်လာတာကိုကြိုတင်ရိပ်မိနေတဲ့ပုံပဲ ဘမိုး မင်းအရက်သောက်ချင်လား”
“အမှန်တိုင်းပြောရရင် ကျုပ်အရက်အရမ်းသောက်ချင်နေတာ ကျုပ်လက်တွေကို ကြည့်ပါလား တုန်တုန်ရီရီတောင်ဖြစ်နေပြီ”
“ကောင်းပြီ အရက်သောက်မယ်ဆိုရင် မင်းမှာရှိတဲ့ဝါးအမြူတေကို ငါတို့သိမ်းရလိမ့်မယ် မင်းဘဝကို အရက်ရဲ့ကျေးကျွန်အဖြစ် ဖြတ်သန်းမလား ဒီအမြူတေကိုအသုံးပြုပြီး ဘဝကို အကျိုးရှိရှိဖြတ်သန်းမလား”
“ ဟာ ကျုပ်ပစ္စည်းက ကျုပ်မပေးပဲ ခင်ဗျားတို့ဆီဘယ်လိုရောက်မှာလဲ အရင်ကလဲ ဒီပစ္စည်းကိုဆောင်ပြီး သောက်လာခဲ့တာပဲလေ”
“ ဟုတ်တယ် အရင်ကတော့ ဟုတ်ချင်ဟုတ်မယ် အခုတော့မရတော့ဘူး မင်းအရက်သောက်ဖို့ ဒီကနေခြေတစ်လှမ်းခွာလိုက်တာနဲ့ ဝါးအမြူတေကိုဆုံးရှုံးပီသာမှတ်လိုက် ပေတော့”
ဘမိုးလဲ သူ့ကိုစူးစိုက်ကြည့်ပြီး အတည်အတန့်ပြောနေတဲ့လူကိုမြင်တော့ ဆက်သွားရမလား ရပ်နေရမလားဝေဝါးနေတဲ့အချိန် လုံချည်အပေါ်ထိပ်မှာ ထည့်ချုပ်ထားတဲ့ ဝါးအမြူတေက တစ်ဆတ်ဆတ်တုန်လာနေတာကို သတိထားမိခဲ့တယ်။
“ဘယ်လိုလဲ ဘမိုး မင်းပစ္စည်းက မင်းဆီမှာမနေချင်တော့ဘူးနဲ့တူတယ်”
“ကျုပ် ကျုပ် ဒီပစ္စည်းကိုလဲမဆုံးရှုံးချင်ဘူး ဒါပေမယ့် အရက်မသောက်ရရင် ကျုပ်သေလိမ့်မယ်”
“မင်း မသေပါဘူး လောလောဆယ် ဒီဆေးမြစ်ကို ငုံထားလိုက် သက်သာသွားလိမ့်မယ်”
ဘမိုးက သူ့ကိုကမ်းပေးတဲ့ အနီရောင်ဆေးမြစ်ကိုပါးစပ်ထဲထည့်လိုက်တဲ့အချိန် တုန်ရီနေတဲ့ ခန္ဓာကိုယ်က ရုတ်တရက်ငြိမ်သက်သွားခဲ့တယ်။ မင်းအရက်သောက်ချင်စိတ်ဖြစ်လာတဲ့အခါ ဒီဆေးမြစ်ကိုပြန်ငုံထားလိုက်။ စိတ်ငြိမ်သွားပြီဆိုရင်တော့ ထုတ်ပြီးသိမ်းထားပါ။ ဒါဆိုရင် မကြာခင် အရက်ပြတ်သွားလိမ့်မယ်”
ဘမိုးလဲ လက်တစ်ဆစ်လောက်ရှိတဲ့ဆေးမြစ်ကို ငုံပြီး သူဘာလုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချသွားနိုင်တဲ့ဟန်နဲ့
“ကျုပ် ဒီပစ္စည်းကိုအသုံးချပြီး တန်ဖိုးရှိအောင်နေပါ့မယ် အခုကာလက ကျုပ်အတွက် အရမ်းခက်ခဲတဲ့ကာလဖြစ်လို့ ဒီမှာပဲဆက်နေခွင့်ပြုပါ”
“ကောင်းပါပြီ တောက်ရက ဘမိုးကို အဖော်ပြုပြီး ဒီမှာနေခဲ့ပါ သက်ခိုင်ကတော့ မပြီးပြတ် သေးတဲ့ကိစ္စကိုဖြေရှင်းဖို့ ငါနဲ့လိုက်ခဲ့ပါ”
“စိတ်ချပါဆရာ ဆရာတို့ပြန်ရောက်တဲ့အထိ သူ့ကိုသေချာကြည့်ရှုထားပါ့မယ်”
တောက်ရကအဆုံးမှာ သက်ခိုင်နဲ့ဆရာဖြစ်သူတို့ စေတီပေါ်ကနေ ပြန်ဆင်းသွားခဲ့ကြတယ်။ မပြီးပြတ်သေးတဲ့ကိစ္စဆိုတာက ဘာများဖြစ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် အဆောင်ယောင်ဂမုန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)