°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)

အောင်မြတ်သာတို့လည်း ရှေးဟောင်းပစ္စည်းဆိုင်ရှင် ပေးခဲ့တဲ့ မှန်ချပ်ကိုယူပြီး ဆက်ထွက်ခဲ့ကြတယ်။

“သက်ခိုင်ရေ အရှေ့က ဇရပ်မှာခဏနားကြရအောင်”

“ဟုတ်ကဲ့ဆရာ”

သက်ခိုင်နဲ့တောက်ရက ဇရပ်အတွင်းမှာရှိနေတဲ့ ဖုန်နဲ့အမှိုက်တွေကို လှဲကျင်းပြီး

“ဆရာ ဒီမှာတော့ လတ်တလောနေလို့ရသွားပြီ ကျွန်တော်တို့ဒီမှာဘယ်လောက်နေရမှာလဲ”

“အခြေအနေကိုကြည့်ပြီးဆုံးဖြတ်ရမှာပဲ ခုနက ယူခဲ့တဲ့ မှန်ကို အရှေ့မှာထောင်ထားလို်က်”

သက်ခိုင်လည်း ယူလာတဲ့မှန်ကို အောင်မြတ်သာအရှေ့မှာ ထောင်လိုက်တယ်။ မှန်အသားက တော်တော်လေးက ထူပြီး မှန်ဘောင်ကိုလည်း သေချာအနုစိတ်ပုံဖော်ထားတာတွေ့ရတော့ သက်ခိုင်က

“ဆရာ ဒီမှန်က သာမန်လူတွေသုံးတာတော့မဖြစ်နိုင်ဘူး သူဌေးမျိုးနွယ်တွေ ဒါမှမဟုတ် ဘုရင်အနွယ်တွေ သုံးတဲ့ဟာပဲဖြစ်ရမယ်”

“ဘယ်သူပဲသုံးခဲ့ သုံးခဲ့ ဒီမှန်ရဲ့ရာဇဝင်ကိုအရင်သိမှရမယ် ရှေးဟောင်းဆိုင်ပိုင်ရှင်ပြောတဲ့စကားအရ ဒီမှန်ထဲမှာ မိန်းကလေးတစ်ယောက်ရှိတယ်လို့သိရတယ် ဒါကြောင့် တကယ်ရှိမရှိစမ်းကြည့်ရအောင်”

သက်ခိုင်လည်း အောင်မြတ်သာစကားဆုံးတော့ မှန်ကိုမလဲကျအောင် နေရာချပြီး ဘေးမှာဝင်ထိုင်လိုက်တယ်။

မှန်ကိုနေရာချပြီးတော့ အောင်မြတ်သာကမှန်ချပ်အရှေ့တည့်တည့်မှာ တင်ပလ္လင်ခွေထိုင်ပြီး မှန်ကိုစူးစိုက်ကြည့်နေတဲ့အချိန် မှန်ထဲကပုံရိပ်ထဲမှာ မိန်းကလေးတစ်ယောက်ပုံပေါ်လာခဲ့တယ်။

မှန်ထဲမှာမြင်ရတဲ့မိန်းကလေးက ဆရာအနောက်မှာ ကျောပေးပြီး ထိုင်နေတယ်။ သက်ခိုင်လဲ မှန်ထဲမှာမြင်ရတာကို အပြင်မှာကြည့်လိုက်တော့ အောင်မြတ်သာအနောက်မှာ ဘယ်သူမှမရှိ။

အောင်မြတ်သာက မှန်ချပ်ထဲက မိန်းကလေးကို ကြည့်ပြီး
“အမိ ကျုပ်ဘက်ကိုလှည့်ပြီးပြောလို့ရပါတယ် ကျုပ်တို့ကူညီနိုင်တယ်ဆိုရင် ကူညီပေးပါ့မယ်”

အောင်မြတ်သာစကားဆုံးတော့ မှန်ထဲကမိန်းကလေးက တစ်ဖြေးဖြေးအရှေ့ကိုလှည့်လာခဲ့တယ်။ သက်ခိုင်တို့လည်း စိတ်ဝင်တစားကြည့်နေကြတာပေါ့။ မိန်းကလေးကအရှေ့ဘက်ကိုလှည့်ပြီး မျက်နှာကိုလက်ဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင် ငိုပါလေရော။

“အမိ ဘာဖြစ်လို့ငိုတာလဲ ကျုပ်တို့က သင့်ကိုရန်ပြုမယ့်သူတွေမဟုတ်ဘူး သင့်ကိုကူညီပေးကြမယ့်သူတွေပါ ဒါကြောင့် သင်ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ် ဒါမှကျုပ်တို့သင့်ကိုကူညီလို့ရမှာ”

အောင်မြတ်သာစကားဆုံးတော့ ငိုနေတဲ့မိန်းကလေးက အုပ်ထားတဲ့လက်ကိုဖယ်လိုက်တဲ့အချိန် အရမ်းကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတာကို အောင်မြတ်သာတို့ဆရာတပည့်တွေမြင်လိုက်ကြရတယ်။

မှန်ထဲကမိန်းကလေးက မျက်ရည်စတွေကိုသုတ်ပြီး
“ကျွန်မဝမ်းသာလွန်းလို့ငိုတာပါ အခုလိုစကားပြောခွင့်ရဖို့ နှစ်၃၀လောက်စောင့်ခဲ့ရတယ် အခုတော့ ကျွန်မလွတ်အောင်လုပ်ပေးမယ့်သူတွေနဲ့တွေ့ရပြီ”

“အမိကဘယ်လိုဖြစ်လို့ ဒီမှန်ထဲကိုရောက်နေတာလဲ “

“ဒီအကြောင်းတွေပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်၃၀ကအဖြစ်အပျက်တွေကိုပြန်ပြောရမယ်”

“ကောင်းပြီလေ ကျုပ်တို့နားထောင်ပါမယ် “

——–

လွန်ခဲ့သောနှစ်ပေါင်း ၃၀အချိန်

“စန္ဒကူးရေ သမီး ဒေါ်လေး ယူလာတာလေး လာကြည့်ဦး သမီးနဲ့လိုက်မယ်ထင်တယ်”

အမျိုးသမီးကြီးတစ်ယောက်ရဲ့ ခေါ်သံကြောင့် အခန်းထဲမှာစာအုပ်ဖတ်နေတဲ့ မိန်းမငယ်တစ်ယောက် အပြင်ကိုပြေးထွက်လာခဲ့တယ်။

“ဟယ် ဒေါ်လေး ဒီဂါဝန်လေးက လှလိုက်တာ ဒေါ်လေးဘယ်ကဝယ်လာတာလဲ”

“ဒေါ်လေးဝယ်လာတာမဟုတ်ဘူးကွဲ့ သမီးအဖေ ပို့ပေးလိုက်တာ သူ့သမီးလေးဝတ်ဖို့တဲ့ “

“ဖေဖေက ဘာလို့ပြန်မလာသေးတာလဲ အမြဲတမ်းအလုပ်ကိစ္စနဲ့အချိန်ကုန်နေတယ်”

“လာမှာပေါ့သမီးရယ် အခုကအလုပ်များနေလို့ နောက်လဆိုသမီးဖေဖေပြန်လာတော့မှာပါ”

မိန်းမကြီးရဲ့စကားကြောင့် စန္ဒကူးမျက်နှာမှာ အပြုံးတွေပွင့်လာပြီး

“ဒါဆိုနောက်လ ဖေဖေနဲ့တွေ့ရတော့မှာပေါ့ ဟေး ပျော်လိုက်တာ”

အခန်းထဲကိုခုန်ပေါက်ဝင်သွားတဲ့ စန္ဒကူးကိုကြည့်ပြီး အမျိုးသမီးကြီး သက်ပြင်းချလိုက်မိတယ်။

နောက်တစ်လလောက်ကြာတော့

“သမီးရေ စန္ဒကူး အဖေပြန်လာပြီ”

“ဟာ ဖေဖေ တကယ်ပြန်လာတာပေါ့လေ ဒါဆို ဒီတစ်ခေါက်အိမ်မှာအကြာကြီးနေမှာလား”

သမီးဖြစ်သူရဲ့စကားကြောင့် ဦးထွန်းဝေ မျက်နှာတစ်ချက်ပျက်သွားတယ်။

“သမီးရယ် အဖေက နယ်တကာလိုက်သွားပြီး ရှေးဟောင်းပစ္စည်းတွေလိုက်ဝယ်နေရတာလေ အကြာကြီးတော့နေလို့မရဘူး အဖေဒီတစ်ခါကိစ္စပြီးရင် သမီးနဲ့အမြဲတူတူနေမယ်နော် သမီးကိုမိတ်ဆက်ပေးရဦးမယ် ဒါက ဦးလှရွှေတဲ့ အဖေနဲ့အလုပ်တူတူလုပ်တဲ့မိတ်ဆွေပေါ့ ဦးလှရွှေ ဒါကျွန်တော်သမီးစန္ဒကူးတဲ့ သူ့အမေဆုံးပြီးထဲက ကျွန်တော်ညီမနဲ့ပဲနေလာတာ “

“အကိုကြီး ဧည့်သည်ကိုအိမ်ထဲခေါ်ဦးလေ”

ညီမဖြစ်သူရဲ့စကားကြောင့် ဆင်ဝင်အောက်မှာရပ်ပြီး စကားပြောနေတဲ့ ဦးထွန်းဝေအိမ်ထဲကိုဝင်လာလိုက်တယ်။ ညဘက်ထမင်းစားပြီးတော့ ဦးထွန်းဝေနဲ့ ဦးလှရွှေတို့နှစ်ယောက်သား ခြံထဲမှာလမ်းလျောက်ရင်း

“ကိုရွှေ ဒီတစ်ခေါက် ကျုပ်တို့လုပ်ရမှာက အရမ်းအန္တရာယ်များမယ်နော် အဲဒီဘုရားမှာက အစောင့်တွေအရမ်းများတယ်ပြောတယ်”

“မင်းကလဲကွာ ဒီတစ်ခါအချီကြီးရမှာကွ ဒီတစ်ခါပြီးရင် နောက်ဘယ်တော့မှဒီလို်လုပ်တော့ဘူးကွာ ငါကတိပေးပါတယ်”

“ကျုပ်ကတော့လန့်နေတယ် ဒါပေမယ့် ရမယ့်ဟာတွေကအခုခေတ်ဈေးနဲ့ဆို သိန်းပေါင်းများစွာရမှာနော်”

“အေးပေါ့ကွ အဲဒါကိုပြောတာ အရဲစွန့်လိုက်စမ်းပါကွာ”

“ဒါဆိုလဲ လုပ်ကြတာပေါ့ အခြေအနေကရှင်းတယ်မလား”

“အဲဒီအတွက်စိတ်မပူပါနဲ့ ငဝေရာ ငါအားလုံးစီစဉ်ပြီးပြီ မင်းသဘောတူရင် နောက်အပတ်စမယ်”

နှစ်ယောက်သားစကားပြောပြီးတော့ အိပ်ခန်းအသီးသီးကိုဝင်ကာ အိပ်စက်လိုက်ကြတယ်။

“စန္ဒကူးရေ သမီး အဖေတို့သွားတော့မယ်”

ဦးထွန်းဝေရဲ့ခေါ်သံကြောင့် မနက်စာစားနေတဲ့ စန္ဒကူးဧည့်ခန်းထဲကိုပြေးထွက်လာတယ်။

“ဖေဖေကလဲ ရောက်တာနှစ်ရက်မပြည့်သေးဘူး ခရီးကထပ်ထွက်ရတော့မှာလား”

“ဟုတ်တယ်သမီးရေ အဖေကနားချင်တာပေါ့ ငါ့သမီးလေးနောင်ရေးလဲရှိတော့ အဖေကြိုးစားချင်ပါသေးတယ် ဒီအလုပ်ပြီးရင် အဖေမသွားတော့ဘူးနော် ကတိပေးတယ် “

“တကယ်နော် ဒီအလုပ်ပြီးလို့ ဖေဖေထပ်လုပ်ရင် ဖေဖေနဲ့စကားမပြောဘူး”

“ဟုတ်ပါပြီဗျာ ဖေဖေတို့သွားတော့မယ် နှင်းဝေရေ သမီးလေးကို ဂရုစိုက်ဦးနော်”

“စိတ်ဖြောင့်ဖြောင့်သာသွား ကိုကြီး နောက်ဆံမတင်းနေနဲ့ “

“အေးပါ သွားပြီနော်”

လက်ပြနှုတ်ဆက်ထွက်ခွာသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ကျောကို စန္ဒကူးထိုင်ကြည့်နေခဲ့တယ်။

တစ်လလောက်အကြာမှာတော့ မိုးချုပ်သန်းခေါင်အချိန် ဦးထွန်းဝေပြန်ရောက်လာတယ်။

“ဒေါက် ဒေါက် ဒေါက်”

“နှင်းဝေ နှင်းဝေ တံခါးဖွင့်ဦး”

“အကိုကြီး ဘယ်လိုဖြစ်လို့ ညကြီးအချိန်မတော်ပြန်လာရတာလဲ”

“ငါနောက်မှပြောပြမယ် သမီးလေးရော “

“အိပ်နေပြီလေ ဘာဖြစ်တာလဲအကိုကြီးရယ် အကိုကြီးပုံကြည့်ရတာ မသက်သာလိုက်တာ”

“ငါပြောတာသေချာနားထောင် ငါ့နောက်ကို ရဲမက်တွေလိုက်နေတယ် ဒီအထုပ်ကို နင်သိမ်းထား ငါတစ်ပတ်အတွင်းပြန်မလာခဲ့ရင် ဒီအထုပ်ကိုရောင်းလိုက်ကြားလား “

“အကိုကြီး စိတ်ထိန်းဦးလေ ဘယ်ကရဲမက်တွေလဲ ဒီခေတ်ကြီးထဲမှာ ရဲမက်တွေမှမရှိတော့တာ ဧကန်န ပုလိပ်တွေလိုက်နေတာလား”

“နင်စကားအရစ်ရှည်တာပဲ ပုလိပ်တွေလိုက်တာမဟုတ်ဘူး ဓားတွေ လှံတွေကိုင်ထားတဲ့ ရဲမက်တွေလိုက်နေတာ ငါအချိန်မရဘူး ကိုလှရွှေတောင် သူတို့သတ်လို့သေပြီ ငါသွားတော့မယ် ငါမှာတာမမေ့နဲ့”

လက်ထဲအထုပ်ထိုးပေးပြီး အိမ်ထဲကနေထွက်ပြေးသွားတဲ့ အကိုဖြစ်သူကိုမြင်တော့ ဒေါ်နှင်းဝေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။

“ဒေါ်လေး ဘာဖြစ်တာလဲ ခုနက ဖေဖေအသံကြားလိုက်ရလို့”

“ဘာ ဘာမှမဖြစ်ပါဘူးသမီးရယ် သမီးဖေဖေက သမီးအတွက် ဒီအထုပ်လေးလာပေးသွားတာ သူအလုပ်မပြီးသေးလို့ ပြန်ထွက်သွားတယ် နောက်နှစ်ရက်လောက်ဆို ပြန်ရောက်လာမယ်နော် ပြန်အိပ်တော့သမီး”

“ဟုတ်လားဒေါ်လေး အထုပ်ထဲဘာတွေပါလဲ ကြည့်ရအောင် “

စန္ဒကူးက ဒေါ်နှင်းဝေလက်ထဲကအထုပ်ကိုရုတ်တရက်ဆွဲလုလိုက််တယ်။
“ဟဲ့ ကလေးမ ပြောရဆိုရတယ်ခက်သကိုး “

“ဟာ ဒေါ်လေး ရွှေတွေ လက်ဝတ်ရတနာတွေအများကြီးပဲ “

“ဟင် ဒါဆို ဒါဆို “

“ဒေါ်လေး.ဘာဖြစ်နေတာလဲ ဒေါ်လေးကြည့်ရတာ ဒီလောက်များတဲ့ရတနာတွေတွေ့ပြီး အပျော်လွန်နေတာမလား”

“အဲဒါက ဟိုဒါ “

“ရပြီ သမီးအတွက်ပေးလာတဲ့ပစ္စည်းတွေကို သေချာကြည့်ရမယ် “

စန္ဒကူးလည်း အိတ်ထဲကပစ္စည်းတွေကို တစ်ခုချင်းကြည့်နေတုန်း

“ဒေါ်လေး ဒီမှန်လေးကလှလိုက်တာ လက်ရာတော်တော်မြောက်တာပဲ သမီးကြိုက်တယ် ဒါလေးကိုအခန်းထဲယူသွားမယ်နော် ကျန်တာတွေဒေါ်လေးသိမ်းထားလိုက်”

ပြောပြောဆိုဆိုနဲ့ မှန်ချပ်ကိုယူပြီး အိပ်ခန်းထဲ ပြေးဝင်သွားတဲ့ စန္ဒကူးကိုကြည့်ပြီး ဒေါ်နှင်းဝေ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။

မနက်မိုးလင်းတော့

“ဒေါ်လေး ဖေဖေက သမီးတို့အတွက် ရတနာတွေအများကြီးရှာထားတာပဲနော်”

“အင်း ဟုတ်မှာ”

“ဒေါ်လေးမျက်နှာကလဲ ဘာဖြစ်နေတာလဲ သွေးမရှိတဲ့ပုံကြီး ဖြူ ဖျော့နေတာပဲ”

“မဟုတ် မဟုတ်ပါဘူး ညက အပျော်လွန်ပြီး အိပ်မရလို့ပါသမီးရယ် မနက်စာစားပြီးရင် လုပ်စရာရှိတာ လုပ်နေဦး ဒေါ်လေးဈေးသွားလိုက်ဦးမယ်”

“ဟုတ်ကဲ့ဒေါ်လေး သမီးစာဖတ်နေမယ်”

ဒေါ်နှင်းဝေလည်း ဈေးဆွဲခြင်းယူပြီး အိမ်နားက ဈေးကိုထွက်သွားလိုက်တယ်။ ဒေါ်နှင်းဝေဈေးသွားတော့ စန္ဒကူးလည်း အိပ်ခန်းထဲမှာ စာအုပ်ဖတ်နေစဉ်

“ဟိုကောင် ငမိုက်သားကို လိုက်ရှာစမ်း တွေ့တဲ့နေရာအသေသတ်ပစ် “

အိမ်အောက်ထပ်ကနေ အသံတွေကြားတော့ စန္ဒကူး ဖတ်လက်စ စာအုပ်ကိုချပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့တယ်။

“ခုနက အသံသေချာကြားလိုက်ပါတယ် အိမ်နားက ကလေးတွေဆော့နေတဲ့အသံများလား မဟုတ်ပါဘူးလေ ငါပဲနားကြားမှားတာလား”

“သမီး အိမ်အောက်ထပ်မှာ တစ်ယောက်ထဲ.ဘာလုပ်နေတာလဲ”

“ဟော ဒေါ်လေးတောင် ဈေးကပြန်လာပြီ ခုနက အိမ်အောက်ကနေ အသံတွေကြားလို့ လာဆင်းကြည့်တာ”

စန္ဒကူးစကားကြားတော့ ဒေါ်နှင်းဝေမျက်နှာပျက်သွားတယ်။
“သမီးက ဘယ်လိုအသံကြားတာလဲ”

“လူတစ်ယောက်ကိုလိုက်ရှာနေတဲ့အသံပဲ မိန်းကလေးတစ်ယောက်စကားပြောနေတဲ့အသံကြားရတာ”

“သမီး သမီးစိတ်ထင်လို့နေမှာပါ စာအုပ်တွေဖတ်ပြီး နားကြားမှားတာဖြစ်မယ်”

“အင်း ဟုတ်မယ်နော် ဒါဆိုအပေါ်ပြန်တက်တော့မယ်”

လှေကားပေါ်ကနေတက်သွားတဲ့ စန္ဒကူးကိုကြည့်ပြီး

“ဟုတ်တယ် ညကလဲ ငါကိုယ်တိုင်ကြားရတယ် အကိုကြီးယူလာတဲ့ပစ္စည်းတွေက ဘာတွေလဲ အဲဒီပစ္စည်းတွေကြောင့် အခုလိုတွေဖြစ်လာတာလား အကိုကြီးကိုစောင့်ရမှာပဲ တစ်ပတ်ပြည့်လို့ပြန်မလာရင် ဒီပစ္စည်းတွေကိုသွားရောင်းတော့မယ်”

ဒေါ်နှင်းဝေ တစ်ယောက်ထဲပြောရင်း မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ်။

ညကား တစ်ဖြေးဖြေးနက်သထက် နက်လာခဲ့တယ်။ ပိုးကောင်လေးတွေရဲ့အော်မြည်သံ တစ်ချက်တစ်ချက် စုတ်ထိုးတတ်တဲ့ အိမ်မြောင်တွေရဲ့စုတ်ထိုးသံ၊ နာရီလက်တံရဲ့ အချိန်ကိုက်ရွေ့လျားသံတွေက လွဲပြီး အိမ်တစ်ခုလုံးတိတ်ဆိတ်နေခဲ့တယ်။

” လာခဲ့ လာခဲ့ ငါ့နောက်ကို လိုက်ခဲ့ “

အသံက စန္ဒကူးရဲ့အခန်းထဲကနေ တိုးညှင်းစွာထွက်ပေါ်လာခဲ့တယ်။

ကြားလိုက်ရတဲ့အသံကြောင့် အိပ်ပျော်နေတဲ့စန္ဒကူးလဲ နိုးလာပြီး ကြည့်လိုက်တော့ မှန်ချပ်ထဲမှာ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“လာလော့ လာလေလော့ ဒီထဲကိုဝင်လာခဲ့”

စန္ဒကူးလည်း စိတ်ညှို့ခံထားရတဲ့လူတစ်ယောက်ပမာ ခေါ်ဆောင်ရာဆီကို ထလာခဲ့တော့တယ်။ မှန်အရှေ့လဲရောက်ရော

“လက်ဆန့်လိုက် လက်ကိုဆန့်လိုက် ချစ်သမီး သင်ဒီနေရာထဲကိုဝင်လာခဲ့လော့”

စန္ဒကူးလဲ အသိစိတ်ကင်းမဲ့နေတဲ့ သူတစ်ယောက်ပမာ မှန်ချပ်ထဲကနေ လှမ်းခေါ်နေတဲ့ မိန်းမဆီကို လက်ကမ်းပေးလိုက်တယ်။ ထူးဆန်းတာက စန္ဒကူးလက် မှန်အရှေ့ရောက်လုရောက်ခင်လေးမှာ မှန်ထဲကနေ လက်တစ်ဖက်ထွက်လာပြီး စန္ဒကူးကို ဆွဲခေါ်လိုက်တယ်။
အဲဒီအချိန်သတိပြန်ဝင်လာပြီးကြည့်လိုက်တော့ ကုတင်ပေါ်မှာ မလှုပ်မယှက်ငြိမ်သက်နေတဲ့ သူ့ရဲ့ကိုယ်ခန္ဓာကိုမြင်လိုက်ရတယ်။

“ငါဘယ်ရောက်နေတာလဲ ကုတင်ပေါ်မှာငါလေ ငါဒီနေရာကိုဘယ်လိုရောက်နေတာလဲ”

စိတ်ရှိလက်ရှိအော်ဟစ်လိုက်ပေမယ့် အသံကထွက်မလာခဲ့ဘူး တစ်စုံတစ်ခုက သူအရှေ့မှာပိတ်ထားသလို ဘဲဥပုံဘောင်ထဲက ရုန်းလို့မရခဲ့ဘူး။အဲဒီအချိန် အခန်းထဲဝင်လာတဲ့ ဒေါ်လေးကို တွေ့လိုက်ရတယ်။

“ဒေါ်လေး သမီးဒီမှာ ဒီဘက်မှာ ဒေါ်လေး “
ဘယ်လောက်ပဲအော်အော် ဒေါ်နှင်းဝေမကြားရဘူး။ ခဏနေတော့ ကုတင်ပေါ်က စန္ဒကူးရဲ့ကိုယ်ခန္ဓာကို ဖက်ပြီးငိုနေတဲ့ ဒေါ်လေးကိုမြင်လိုက်ရတယ်။

“ငါ ဘယ်ရောက်နေတာလဲ ငါ့ကိုဒီထဲဘယ်သူထည့်ထားတာလဲ ငါ့ကိုပြန်လွှတ်ပေး အီးဟီးဟီး”

“ဟားဟားဟားဟား”

ခြောက်ကပ်စွာကြားလိုက်ရတဲ့အသံကြောင့် စန္ဒကူး ဘေးဘီဝဲယာကိုလိုက်ကြည့်လိုက်တယ်။ အဲဒီအချိန် ကုတင်ဘေးမှာ မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

ထိုမိန်းမက စန္ဒကူးရှိရာမှန်ဘက်ကို ကြည့်ပြီး
“သင်တို့တစ်မိသားစုလုံး ကျိန်စာသင့်ခဲ့ပြီ သင့်ဖခင်ဟာ မကြံကောင်းမစည်ရာအလုပ်ကို လုပ်ခဲ့တဲ့အတွက် သူ့ကိုလဲဒဏ်ခတ်တဲ့အနေနဲ့ သေဒဏ်ပေးလိုက်ပြီ သင်ကတော့ ငါအမြတ်တနိုးတန်ဖိုးထားတဲ့ စက္ခုတာရာ ကြေးမုံကိုသိမ်းယူထားတဲ့အတွက် သင့်ကိုလည်း ဒဏ်ခတ်ထားတာဖြစ်တယ် သင်ကသေဆုံးသွားပြီ သင်အခုမြင်နေရတာက သင့်အလောင်းပဲ သင့်ရဲ့ဝိညာဉ်က ဒီမှန်ထဲမှာ ထာဝရနေသွားရတော့မယ် သင်ဖခင်ရဲ့ အကျိုးဆက်ကို သင်ခံစားရတာမို့ သင်အပြစ်တင်မယ်ဆိုရင် သင့်ဖခင်ကိုအပြစ်တင်ပါ “

“ငါဘာလုပ်မိလို့လဲ ငါကိုလွှတ်ပေး ငါ့ကိုလွှတ်ပေး”

“ဟားဟားဟား သင်ဒီထဲကနေ ဘယ်တော့မှလွတ်မှာမဟုတ်ဘူး ဒါပေမယ့် သင်ကိုလူတစ်ယောက်ကတော့ ကယ်နိုင်မယ် သူကိုယ်တိုင်ပဲသင့်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မယ် သူသင့်ဆီရောက်လာမယ့်နေ့ကို စောင့်နေပေတော့ “

“ငါဘယ်အချိန်ထိ ဒီလိုနေရမှာလဲ ငါလွတ်မြောက်အောင်ဘာလုပ်ပေးရမလဲ “

“သင်လွတ်မြောက်စေချင်ရင် သင့်ဖခင်ခိုးယူသွားတဲ့ ငါတို့နန်းစဉ်ရတနာတွေကို နေရာတကျလာပြန်ထားပေး “

“ငါတို့ဆီမှာရှိတာ ပြန်ယူသွားလိုက်လေ ငါ့ကိုဒီထဲကလွှတ်ပေးပါတော့”

“နန်းစဉ်ပစ္စည်းတွေက ငါတို့ပြန်ယူလို့မရဘူး သင်ကိုကူညီမယ့်သူကပဲလာပြန်ထားပေးရလိမ့်မယ် အဲဒါမှသင်ဒီထဲကနေလွတ်မြောက်မယ်”

“ဒါဆို ငါ့ကိုကူညီမယ့်သူကို ဘယ်လိုသိနိုင်မလဲ “

“သင့်ကိုကူညီမယ့်သူက ဒီမှန်ချပ်ကိုကိုင်လိုက်တာနဲ့ မှန်မှာအက်ကြောင်းတစ်ခုထင်လာလိမ့်မယ် အဲဒီလူလာတဲ့အထိ သင်စောင့်နေပေတော့”

“သင်ဘယ်သူလဲ သင့်နာမည်ဘယ်လိုခေါ်လဲ”

“ငါ့နာမည် ထိပ်တင်ခေါင်”
…….

သက်ခိုင်လည်း မှန်ချပ်ထဲက မိန်းကလေးပြောတဲ့စကားကိုကြားတော့

“ဒါဆို အမိရဲ့ဖခင်က ဒီရတနာပစ္စည်းတွေကို ဘယ်ကယူခဲ့တာလဲ”

“အဲဒါတော့မသိဘူး မှန်ချပ်ထဲရောက်ပြီးထဲက အိမ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာမသိတော့ဘူး”

“ဒါဆို.ဘယ်အချိန်မှာစသိတာလဲ”

“ဆရာတို့မလာခင် တစ်ရက်က ကျွန်မကို မှန်ထဲထည့်ခဲ့တဲ့မိန်းမရောက်လာခဲ့တယ် သူ့ပစ္စည်းတွေပြန်ရအောင် လုပ်ပေးမယ့်သူတွေရောက်လာပြီ ထတော့တဲ့ နင်ဒီထဲရောက်နေတာ နှစ်၃၀ရှိပြီလို့ပြောတယ်”

“ဒါဆို ရှေးဟောင်းပစ္စည်းရောင်းတဲ့သူကိုအိမ်မက်ပေးတာ အမိမဟုတ်ဘူးပေါ့”

“ကျွန်မကမှန်ထဲကနေတောင် ထွက်မရတာ ဘယ်လိုအိမ်မက်ပေးရမှာလဲ အခုဆရာတို့ကိုမြင်ရတော့ ဝမ်းသာပြီးငိုမိတာပါ”

မိန်းကလေးရဲ့စကားကိုကြားတော့ သက်ခိုင်က
“ဆရာ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ”

“ဒီအကြောင်းအရာတွေက တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်နိုင်ဘူး တစ်ခြားသူတွေကူညီလို့ရနိုင်တဲ့အခြေအနေမှာ ငါ့ကိုစောင့်ခိုင်းတယ်ဆိုထဲက အကြောင်းတစ်ခုခုတော့ရှိရမယ် မှန်ချပ်ထဲကမိန်းကလေးနေခဲ့တဲ့အိမ်နေရာကိုအရင်သွားရအောင်”

“အမိနေခဲ့တဲ့အိမ်နေရာကိုမှတ်မိလား”

“မှတ်မိတယ် ………မြို့ ဘရောင်းစင်လမ်း အိမ်အမှတ်၅၈ “

မိန်းကလေးရဲ့စကားကိုကြားတော့ သက်ခိုင်က
“ဟာ ဒါဆို ဒီမြို့ထဲကပဲပေါ့ ဒါနဲ့ဆရာမှန်ချပ်ကိုရောသယ်လာခဲ့ရမလား”

“သယ်လာခဲ့လိုက် ဒါကအရေးကြီးတယ်”

အောင်မြတ်သာတို့လည်း ရှေ့မှီနောက်မှီလူကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ဘရောင်းစင်လမ်းကိုရောက်ခဲ့တယ်။ လက်ရှိမှာတော့ ဘရောင်းစင်လမ်းမဟုတ်တော့ပဲ နှင်းဆီခိုင်လမ်းအဖြစ် နာမည်ပြောင်းထားတာကို သိလိုက်ရတယ်။

အောင်မြတ်သာတို့လည်း မိန်းကလေးပြောတဲ့ အိမ်အမှတ်ကိုလိုက်ရှာရင်း စက်ဘီးစီးလာတဲ့လူတစ်ယောက်နဲ့တွေ့လို့မေးကြည့်ရာ

“အိမ်အမှတ် ၅၈ဆိုတာ ချိတ်ပိတ်ထားတဲ့အိမ်ဖြစ်မယ်”

“ဘာလို့ချိတ်ပိတ်ထားတာလဲဗျ”

သက်ခိုင်လှမ်းမေးလိုက်တော့ စက်ဘီးနဲ့လူက

“ဒီအိမ်ထဲမှာ လူသေမှုတွေဖြစ်ခဲ့တယ် ရုတ်တရက်ထူးဆန်းစွာသေကြတာလို့ ကျုပ်အဖေပြောတာကြားဖူးတယ်”

“ခုလိုပြောကြားပေးတာကျေးဇူးတင်ပါတယ်”

“ဒါနဲ့မိတ်ဆွေတို့က အဲဒီအိမ်ကိုမေးပြီး.ဘာလုပ်မလို့လဲ အဲဒီအိမ်ဘက်ကိုယောင်လို့မသွားနဲ့နော် သရဲအရမ်းခြောက်တာ”

“သတိပေးတာကျေးဇူးပါဗျာ “

“ကျုပ်လဲအလုပ်ရှိလို့သွားလိုက်ဦးမယ်”

အောင်မြတ်သာတို့လည်း မိန်းကလေးနေခဲ့တဲ့ အိမ်ရှေ့ကိုရောက်တော့ မှန်ချပ်ထဲကနေ ငိုသံသဲ့သဲ့ကို ကြားလိုက်ရတယ်။

အောင်မြတ်သာတို့လည်း အိမ်ကိုကြည့်လိုက်တဲ့အချိန်

“ဖေဖေ ဟိုမှာ ဖေဖေနဲ့ ဒေါ်လေး သူတို့ရှိသေးတယ် အိမ်ပေါ်မှာ အိမ်ပေါ်မှာ”

မှန်ထဲကနေကြားလိုက်ရတဲ့အသံကြောင့် သက်ခိုင် အိမ်အပေါ်ထပ်ကိုလိုက်ကြည့်လိုက်တယ်။ အရိပ်အယောင်နဲ့တူတာဆိုလို့ဘာမှမတွေ့ရ။ နွယ်ပင်တွေရစ်ပတ်နေတဲ့ အိမ်အိုဟောင်းတစ်ခုပဲတွေ့ရတယ်။

“ဆရာ အထဲကိုဝင် အထဲမှာသူတို့ရှိနေတယ်”

အောင်မြတ်သာလဲ မှန်ထဲကမိန်းကလေးပြောတဲ့အတိုင်း အိမ်ထဲကိုဝင်ခဲ့လိုက်တယ်။ ကျွန်းသစ်တွေနဲ့ဆောက်ထားတဲ့အိမ်ဖြစ်တဲ့အတွက် အပြင်ပိုင်းသာ ဆွေးမြေ့နေသယောင်ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ မပျက်စီးသေးတာကိုလည်း တွေ့လိုက်ရတယ်။

“ရှပ် ရှပ် ရှပ်”

လမ်းလျောက်နေတဲ့ခြေသံက အိမ်အပေါ်ထပ်ကနေ ထွက်ပေါ်လာတယ်။

“ဖေဖေ ဒေါ်လေး သမီးစန္ဒကူးလေ သမီးပြန်လာပြီလေ “

ထိုအခုအောင်မြတ်သာက
“အမိပြောတာကိုသူတို့မကြားရဘူး သူတို့ကြားရအောင်လုပ်ဖို့လိုမယ် “

“ကူညီပေးပါဆရာ ကျွန်မမေးစရာတွေရှိလို့ပါ “

မိန်းကလေးရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ဤအိမ်အတွင်းရှိပုဂိ္ဂုလ်အပေါင်း ငါ့ရှေ့သို့အခုရောက်စေ အရာအားလုံးကိုမြင်နိုင်စေ ကြားနိုင်စေ ဆိုင်ရာပုဂ္ဂိုလ်များ သူတို့ရဲ့အမြင်တွေအကြားတွေကို ခေတ္တဖွင့်ပေးဖို့မေတ္တာရပ်ခံပါတယ်”

အောင်မြတ်သာစကားအဆုံးမှာတော့ အိမ်ပေါ်ထပ်ကနေ လေးဘက်ထောက်ဆင်းလာတဲ့ ယောကျၤားတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူ့အနောက်မှာတော့ ဇက်ကျိုးနေတဲ့မိန်းမတစ်ယောက်။

“ဖေဖေ ဒေါ်လေး သမီးလေ စန္ဒကူးလေ”

“သ သမီး သမီး “

“စန္ဒကူး ငါတို့ကိုမြင်ရလား”

“မြင်ရတယ် ဒီကဆရာတွေအစွမ်းကြောင့် ဖေဖေနဲ့ ဒေါ်လေးတို့ သမီးအသံကိုကြားရတာ”

လေးဘက်ထောက်ဆင်းလာတဲ့ယောကျၤားရဲ့ ခြေထောက်နှစ်ဘက်လုံး ပြတ်နေပြီး ခေါင်းကနေ ဦးနှောက်တွေ ထွက်နေသလို အနောက်ကနေလိုက်လာတဲ့ မိန်းမရဲ့ လည်ပင်းဟာလည်း လိမ်ချိုးထားသလို ကျိုးနေတာမြင်လိုက်ရတော့ အောင်မြတ်သာက

“သင်တို့အဖြစ်ကိုပြောပြပါ ဒါမှသင်တို့မိသားစုကျွတ်လွတ်အောင် လုပ်ပေးလို့ရမယ်”

အောင်မြတ်သာစကားကိုကြားတော့ လေးဘက်ထောက်သွားနေရတဲ့ ယောကျၤားက

“ကျုပ်မှားခဲ့တယ် မကြံစည်သင့်တာကို ကြံစည်ခဲ့တာ ဒီမြို့ရဲ့အစွန်မှာရှိတဲ့ ရှေးဟောင်းစေတီတစ်ခုထဲကနေ ဌာပနာပစ္စည်းတွေကို ဖောက်ယူမိခဲ့တယ် ဒီပစ္စည်းတွေက ကျိန်စာတိုက်ထားတယ်ဆိုတာမသိခဲ့ဘူး ဒီပစ္စည်းတွေကို ထိမိတဲ့သူတိုင်း အသေဆိုးနဲ့သေရမယ်ဆိုတဲ့ ကျိန်စာအတိုင်း ကျုပ်အသေဆိုးနဲ့သေခဲ့တယ် ကျုပ်မသေခင် ကျုပ်အနောက်ကို မိန်းမတစ်ယောက်အမြဲလိုက်ပြီး ခြောက်လှန့်ခဲ့တယ် ကျုပ်အိမ်မှာနေရင် သမီးသိမှာစိုးလို့ အပြင်မှာပုန်းနေဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် ကျုပ်မလွတ်ခဲ့ဘူး ကျုပ်အိမ်ကနေ ထွက်လာတဲ့ညမှာပဲ ကားတိုက်ခံခဲ့ရတယ် ကျုပ်သေတော့ကျုပ်ဝိညာဉ်ကို သူတို့ဖမ်းထားတယ် ကျုပ်ကိုနှိပ်စက်ကြတယ် ကျုပ်ညီမဖြစ်သူကိုပေးထားတဲ့ရတနာပစ္စည်းတွေထဲက မှန်ချပ်ကိုယူမိတဲ့ သမီးလေးကိုလဲ သူတို့ကျိန်စာတိုက်ခဲ့ကြတယ် ကျုပ်ညီမကိုလဲ အဲဒီပစ္စည်းတွေကို ရောင်းဖို့ကြိုးစားလို့ တိုက်ပေါ်ကနေ တွန်းချပြီးသတ်ခဲ့တယ် ကျုပ်တို့လွတ်အောင်ကူညီပေးကြပါ”

“ဒါဆို ရတနာပစ္စည်းတွေကဒီအိမ်မှာပဲလား”

“ဟုတ်တယ် အိမ်အနောက်ဘက် ရေတွင်းဘေးမှာ မြုပ်ထားတယ် “

“ခဏလေး ရတနာပစ္စည်းတွေထဲမှာ ဒီမှန်ချပ်လဲပါတာပေါ့ ဒါဆိုဒီမှန်ချပ်က ဘယ်လိုလုပ်ပြီး ရှေးဟောင်းပစ္စည်းဆိုင်ကိုရောက်နေရတာလဲ”

“ဒီမှန်ချပ်က သူတို့ရတနာပစ္စည်းတွေကို လာပို့ပေးမယ့်သူအတွက် လမ်းပြမြေပုံတဲ့”

“ဒါဆို ဒီမှန်ချပ်ကိုယူလာတဲ့ကျုပ်ကို သူတို့ဆီလာစေချင်တဲ့သဘောပဲ “

“ကျုပ်အမှားအတွက် အပြစ်မရှိတဲ့သူတွေ ဒုက္ခရောက်ကြရတယ် ကျုပ်တို့လွတ်ချင်ပြီ ကျုပ်တို့ကို ကူညီပေးကြပါ”

” ဒီရတနာပစ္စည်းတွေကို ဘယ်မှာရှိနေလဲ”

အောင်မြတ်သာကမေးတော့ ဇက်ကျိုးနေတဲ့မိန်းမက
“ကျွန်မ ကျွန်မမြုပ်တာပါ ရေတွင်းဘေးမှာ မှတ်တိုင်တစ်ခုစိုက်ထားတယ် အဲဒီနေရာကိုတူးပါ”

ဇက်ကျိုးနေတဲ့မိန်းမရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“သက်ခိုင်နဲ့ တောက်ရ သူတို့ပြောတဲ့နေရာကိုသွားတူးကြည့် ရတဲ့ပစ္စည်းတွေယူလာခဲ့ကြ”.

သက်ခိုင်နဲ့တောက်ရလည်း ရေတွင်းရှိတဲ့နေရာကိုသွားကြတယ်။ အချိန်အနည်းငယ်ကြာတော့

“ဆရာ ဒီမှာ ဂုံနီအိတ်နဲ့ထည့်ထားတဲ့ပစ္စည်းတွေရလာပြီ”

“ဒါဆို ကျုပ်တို့ဒီပစ္စည်းတွေကို ဘယ်နေရာမှာသွားထားပေးရမလဲ”

“မြို့အပြင်ခြငေ်္သ့နှှစ်ကောင်စေတီမှာသွားထားပေးပါ သူတို့အဲမှာနေတယ်”

“ကောင်းပြီ သင်တို့ဒီမှာပဲစောင့်ပါ ကျုပ်တို့ဒီပစ္စည်းတွေပြန်ပေးပြီးတာနဲ့ သင်တို့ကိုလွှတ်ပေးဖို့ပြောပေးပါ့မယ် ဒီမှန်ချပ်ကိုတော့ ယူသွားမယ်”

အောင်မြတ်သာတို့လည်း ရတနာပစ္စည်းထုပ်ကိုယူပြီး မြို့ပြင်ခြငေ်္သ့နှစ်ကောင်စေတီရှိရာကိုထွက်လာခဲ့ကြတယ်။ မြို့ပြင်အစပ်လဲရောက်ရော

“ဆရာ ဟိုမှာခြငေ်္သနှစ်ကောင်စေတီ”

တောက်ရရဲ့အော်သံကြောင့် အောင်မြတ်သာ လှမ်းကြည့်လိုက်တယ်။

“သက်ခိုင်း ရတနာပစ္စည်းထုပ်ကိုအောက်ချလိုက်”

“ဟုတ်ကဲ့ဆရာ”

သက်ခိုင်ရတနာပစ္စည်းထုပ်ကိုအောက်ချလိုက်တာနဲ့ အောင်မြတ်သာက

“သင်တို့ပစ္စည်းတွေလာပြန်ပေးပါတယ် သင်တို့အပြစ်ဒဏ်ခတ်ထားတဲ့မိသားစုကိုပြန်လွှတ်ပေးလိုက်ပါလို့ ကျုပ်မေတ္တာရပ်ခံပါတယ် “

အောင်မြတ်သာစိတ်ထဲကနေ မေတ္တာရပ်ခံလိုက်တဲ့အချိန် သက်ခိုင်လက်ထဲမှာ ကိုင်ထားတဲ့ မှန်ချပ်က ရုတ်တရက်ကွဲထွက်သွားပြီး မှန်ထဲကနေ မိန်းကလေးတစ်ယောက် အပြင်ကိုထွက်လာခဲ့တယ်။

ထိုအချိန်
“မောင်တော်ကိုစောင့်နေတာ နှစ်ပေါင်းများစွာကြာရောပေါ့ “ဆိုတဲ့အသံကြားလို့ကြည့်လိုက်တာ စေတီပေါ်ကနေ တစ်လှမ်းချင်းဆင်းလာတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

တစ်လှမ်းချင်းဆင်းလာတဲ့မိန်းမက
“သူ့ဖခင်ရဲ့လုပ်ရပ်ကြောင့် သူ့ကိုဒဏ်ခတ်ပြီး မောင်တော်ကိုစောင့်မျျှော်နေခဲ့တာ အခုမောင်တော်က ကျွန်တော်မျိုးမဆီကို နန်းစဉ်ရတနာတွေနဲ့ ပြန်ရောက်လာပြီဆိုတော့ သူတို့ဘဝတွေလွတ်ငြိမ်းခွင့်ရတော့မယ် “

“ရှင် ရှင် ကျွန်မကို မှန်ထဲခေါ်သွားတဲ့မိန်းမ”

“သင်တို့ဘဝ ကျွတ်လွတ်သွားပြီဖြစ်လို့ မကြာခင်ဘဝတစ်ပါးကိုပြောင်းရွေ့လို့ရပြီ သင့်ဖခင်ကတော့ သူ့ရဲ့အပြစ်ဒဏ်တွေကို ငရဲမှာပြန်ခံစားရလိမ့်မယ် သင်တို့လွတ်မြောက်သွားပြီ ချစ်သမီး ဟိုမှာသင့်ရဲ့အရီးတော်စောင့်နေတယ် “

အမျိုးသမီးညွန်ပြရာနေရာကိုကြည့်လိုက်တော့ အိမ်အိုကြီးထဲမှာတွေ့လိုက်ရတဲ့ ဇက်ကျိုးနေတဲ့အမျိုးသမီးကို စေတီရဲ့မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။ အမျိုးသမီးက အောင်မြတ်သာတို့ကို ပြုံးပြပြီး စန္ဒကူးကို လက်ပြနှုတ်ဆက်ကာ တစ်ဖြေးဖြေးပျောက်ကွယ်သွားတယ်။

စန္ဒကူးဆိုတဲ့မိန်းကလေးလည်း အောင်မြတ်သာတို့ကို လက်အုပ်ချီကန်တော့ပြီးတဲ့အချိန် ကိုယ်ခန္ဓာကနေ အခိုးငွေ့တွေထွက်လာပြီး လေထဲကိုလွင့်ပျံပျောက်ကွယ် သွားတယ်။

ထိုအခါအောင်မြတ်သာက
“သင်ကဘယ်သူလဲ ဘာကြောင့် ဒီလိုကျိန်စာတွေနဲ့ ဘုရားပစ္စည်းတွေကိုဌာပနာခဲ့တာလဲ”

“စိတ်ဆိုးတော်မမူလိုက်ပါနဲ့မောင်တော်
မောင်တောင်နှမတော်ကိုမမှတ်မိတာလား သေချာကြည့်စမ်းပါဦး”

အမျိုးသမီးရဲ့စကားကိုကြားတော့ အောင်မြတ်သာရဲ့ မျက်လွှာနှစ်ခုက တစ်ဖြေးဖြေးအောက်ကိုကျလာခဲ့တယ်။
မျက်လွှာပိတ်လိုက်တာနဲ့ အာရုံထဲမှာ အတိတ်က ပုံရိပ်တွေ တစ်ရိပ်ရိပ်မြင်ယောင်လာတယ်။

ပုံရိပ်တွေထဲမှာတော့လူသုံးဦးရဲ့ပုံကိုမြင်လိုက်ရတယ်။ ထိုလေးယောက်ပုံတွေက
” သျောင်တစ်စောင်းထုံးပြီး ထိုးကွင်းမှင်ကြောင်အပြည့်လက်ထဲမှာလည်း ဓားနှစ်လက်ကိုကိုင်ပြီး ရပ်နေတဲ့လူတစ်ယောက်”
“ဦးခေါင်းကနေ ခြေမအထိရှည်လျားနေတဲ့ ဆံပင်တွေကို ဖြီးသင်နေတဲ့အမျိုးသမီးတစ်ယောက်”
“ပရပိုက်ပေါ်မှာကညစ်တံကိုင်ပြီး အင်းစမတွေကိုရေးဆွဲနေသူတစ်ယောက်”

အမြင်အာရုံတွေထဲမှာမြင်လိုက်ရပြီမို့ အောင်မြတ်သာမျက်လွှာကိုပင့်တင်လိုက်တယ်။

“မောင်တော် သိပီမလား အမတော်တို့ မောင်တော်ကိုစောင့်နေရတာ”

“ဘဝချင်းခြားနေပြီ ဒါပေမယ့် ကျုပ်ကူညီနိုင်မယ့်အရာဆိုရင် ကူညီပါ့မယ် အသင်ပြောပါ”

“ယတိတ်ဘဝက မောင်တော်က အကျွန်တော်မျိုးမရဲ့ မောင်အရင်းဖြစ်ခဲ့သော်လည်း နန်းမှုရေးရာကိုစိတ်မပါပဲ အင်းစမတွေကိုသာစိတ်ဝင်စားခဲ့တယ် ဒါပေမယ့် အကျွန်တော်မျိုးမရဲ့ အကိုတော် မောင်တော်ရဲ့ယခင်ဘဝက အကိုတော်ကတော့ တပ်မက်မှုလောဘတွေကြောင့် အခု အသူရကာယ်ဘုံကိုရောက်နေရပါတယ်”

အမျိုးသမီးရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“သင်ကျုပ်ကိုဒီနေရာရောက်အောင်ခေါ်ဖို့အတွက် ရတနာပစ္စည်းတွေကို ကျိန်စာတိုက်ပြီး စီရင်ခဲ့တယ်လား”

“မောင်တော်က တစ်နေ့နေ့မှာ အစွမ်းထက်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာ ယုံကြည်ခဲ့မိပါတယ် သို့ပေမယ့် အချိန်မတန်ခင် ကွယ်လွန်ခဲ့တဲ့ မောင်တော်ကို ပြန်တွေ့ရဖို့ ဒီနည်းလမ်းပဲရှိပါတယ် မောင်တော်ရဲ့ အကိုတော်ကို လမ်းမှန်ပြန်ရောက်အောင် ဆုံးမပေးပါလို့ တောင်းဆိုပါရစေ”

“အသူရကာယ်ဘုံကို ရောက်သွားတယ်ဆိုတာက သေလွန်ပြီးတဲ့အချိန်မှာရောက်သွားတာလား အဲလိုဆိုရင် သူ့ဝဋ်ကြွေးကုန်မှ ပြန်လို့ရလိမ့်မယ်”

“မဟုတ်ပါမောင်တော် အသူရကာယ်ဘုံက မိန်းမပျိုတစ်ယောက်ကိုစွဲလမ်းမိပြီး ဒီနေရာ ဒီဌာနေကို စွန့်သွားတာပါ မောင်တော်ရဲ့ အကိုတော်က ဒီစေတီမှာ စောင့်နေရတဲ့သူပါ သူ့ကိုလမ်းမှန်ရောက်အောင် ပြနိုင်မယ့်သူက မောင်တော်ပဲရှိတာမို့ ဒီကိုရောက်အောင် ဖန်တီးယူခဲ့တာပါ”

“ကျုပ်ရဲ့အထက်ဆရာတွေရဲ့ခွင့်ပြုမိန့်ရရင် ကျုပ်ကူညီပေးပါ့မယ် ဒါဟာ ကျုပ်ရဲ့တာဝန်ထဲမှာမပါရင်တော့ အတိတ်ဘဝက ဘာပဲတော်စပ်ခဲ့တော်စပ်ခဲ့ ကူညီလို့မရပါဘူး”

အောင်မြတ်သာလည်း အထက်ဆရာများ၏ အမိန့်ကို ခေတ္တစောင့်ဆိုင်းနေလိုက်ပြီး မျက်တောင်ဆယ်ခတ်မျှအချိန်ကြာတော့
“ကျုပ်ကူညီခွင့်ရတယ် သင်တို့က အတိတ်ဘဝက ကျုပ်နဲ့မောင်နှမတွေဖြစ်ခဲ့တာကြောင့်တော့မဟုတ်ဘူး အကိုတော်က သာသနာအတွက် အကျိုးရှိနိုင်မယ့်သူ ဖြစ်နေတဲ့အတွက် ကျုပ်ကူညီရခြင်းဖြစ်တယ်”

“ဝမ်းသာလိုက်တာမောင်တော်ရယ် မောင်တော်ရဲ့ ကျင့်ကြံစွမ်းအားကို ယုံကြည်ပါတယ် “

“သင့်အနေနဲ့ ဘယ်သူ့ကိုမှလှည့်ဖျားပြီး မချုပ်နှောင်ဘူးဆိုတဲ့ကတိပေးပါ”

“အမတော်ကတိပေးပါတယ် မလုပ်တော့ပါဘူး လုပ်ခဲ့ပါက သာသနာအဆက်ဆက်မကျွတ်မလွတ်ရပါစေနဲ့”

အောင်မြတ်သာလည်း အတိတ်ဘဝကတော်စပ်ခဲ့တဲ့ အမတော်ဖြစ်သူကိုဆုံးမပြီး ခြငေ်္သ့နှစ်ကောင်စေတီကို ဦးတိုက်ကာပြန်ထွက်ခွာခဲ့တယ်။

…..
အောင်မြတ်သာအနေနဲ့
အတိတ်ဘဝက အကိုတော်ကို ဘယ်လိုဆုံးမမလဲ
အတိတ်ဘဝကရော မောင်နှမသုံးယောက် ဘယ်လိုဇာတ်ကြောင်းတွေရှိခဲ့ကြလဲ
အကိုတော်ဖြစ်သူရောက်နေတဲ့ အသူရကာယ်ဘုံဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်အသူရကာယ်ဘုံဆိုတဲ့ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။🙏