#စာရေးဆရာ -ဇေယန(ရာမည)

အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေရှိတတ်ကြတယ်။

အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေထွက်လာခဲ့တယ်။

ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့
“ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ”

အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက

“ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်”

“ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်”

“ ဘာဖြစ်ရမလဲဗျာ ကျုပ်တို့ရွာက လူငယ်နှစ်ယောက်က အရှေ့တောင်ကြောမှာရှိတဲ့ကျောက်ဖားရုပ်နှစ်ရုပ်ကို နေရာရွေ့ခဲ့မိတယ်လေ”

“ ဆိုစမ်းပါဦး နေရာရွေ့တော့ဘာဖြစ်မှာလဲဗျ”

“ နေရာရွေ့လိုက်တော့ တောင်ပေါ်မှာရှိတဲ့ အစောင့်တွေက ကျုပ်တို့တစ်ရွာလုံးကို ရေမြုပ်အောင်လုပ်ကြတော့မယ်လေ။ ဒီလိုနေရာရွေ့ခဲ့လို့ ကျုပ်တို့ဘေးကရွာဆိုလဲ တစ်ရွာလုံး မြေကြီးအောက် ရောက်ကုန်တာ”

ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာတို့သုံးယောက်လုံး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့ဩသွားပြီးမှ ဟန်မပျက်နေလိုက်ကြပြီး
“ ဒီရွာရဲ့ သူကြီးအိမ်ကဘယ်မှာလဲ ပြောပြပါလား”

“ သူကြီးလဲ အခုချိန်ဆိုရှိလောက်မယ်မထင်ဘူးဗျ၊ ရွာမျက်နှာဖုံးလူတွေက လှည်းတွေနွားတွေနဲ့မနေ့ထဲက ပြောင်းပြေးကြကုန်တာ၊ အခုဆို ကျုပ်တို့လို ဆင်းရဲသားနင်းပြားတွေပဲကျန်တော့တာ”

ရွာခံလူက စိတ်ပျက်စွာပြောဆိုပြီး လှည့်ထွက်ဖို့အလုပ်

“ ခင်ဗျားတို့အခုဘယ်ကိုသွားကြမလို့လဲ”

“ ဒီလိုပဲ ခြေဦးတည့်ရာသွားရတော့မှာပေါ့၊ ဖြစ်လာပြီပဲ မတတ်နိုင်တော့ပါဘူးဗျာ”

“ ဟာဗျာ ခင်ဗျားတို့က သွားစရာမရှိနေစရာမရှိနဲ့ ဒုက္ခရောက်တော့မှာပဲ။ ဒီလိုလုပ် အခုရွာမှာကျန်တဲ့သူတွေအားလုံး ဘယ်မှမသွားကြနဲ့။ ခင်ဗျားတို့ရွာဘာမှမဖြစ်အောင် ကျုပ်တို့အစွမ်းကုန်ကူညီပေးမယ်”

အောင်မြတ်သာစကားကြောင့် ရွာခံလူက မယုံတဲ့မျက်လုံးနဲ့ကြည့်ပြီး

“ မဖြစ်နိုင်တာဗျာ ၊ ဘယ်ကမှန်းမသိတဲ့လူရဲ့စကားကို ကျုပ်တို့နားမထောင်နိုင်ပါဘူး”

“ ဟင်း ခင်ဗျားတို့နဲ့တော့ခက်ပြီ၊ လွန်ခဲ့တဲ့နှစ်ရက်က ခင်ဗျားမိန်းမမွေးထားတဲ့ကြက် ခိုးရောင်းပြီး ရတဲ့ပိုက်ဆံကိုဖဲရိုက်လိုက်တယ်မဟုတ်လား”

“ ဟင် ဒီကိစ္စကို ခင်ဗျားတို့ဘယ်လိုသိတာလဲ”

“ နောက်ပြီး ဟိုဘက်ရွာမှာရှိတဲ့ မိန်းမပျက်လှခင်နဲ့ ခင်ဗျားနဲ့…”

“ ဟိုးထားဆရာ ဟိုးထား ဒီလောက်ဆို ကျုပ်ယုံပြီ၊ တကထဲ အနောက်ကနေများ လိုက်ကြည့်ထားသလားမှတ်ရတယ်”

“ ဒီစကားတွေ ခင်ဗျားမိန်းမမသိစေချင်ရင် အခုကျန်တဲ့သူတွေဘယ်မှမသွားဖို့ လိုက်အော်ပြောပေးပါ”

အောင်မြတ်သာစကားကြောင့် ရွာခံလူက ကုပ်ချောင်းချောင်းနဲ့ထွက်သွားပြီး လိုက်အော်ရာ မကြာခင် အောင်မြတ်သာတို့ရှိတဲ့ဘက်ကို ကျန်နေတဲ့သူတွေအားလုံးရောက်လာခဲ့တယ်။

ရွာခံလူတွေထဲမှာ အနည်းငယ်လူရည်လည်ဟန်ရှိတဲ့ လူတစ်ယောက်က
“ ခင်ဗျားတို့ကဘာသိလို့ ကျုပ်တို့ကိုမပြောင်းဖို့ပြောရတာလဲ၊ ခင်ဗျားစကားနားထောင်ပြီး ရွာကလူတွေအားလုံး ဒုက္ခရောက်ကုန်မယ်ဗျ”

“ အဲဒီအတွက် စိတ်မပူပါနဲ့ ကျုပ်တို့ဆရာတပည့်တွေ ဒီရွာကိုအစွမ်းကုန်ကူညီမယ်လို့ ကတိပေးပါတယ်”

“ တောင်စောင့်နတ်တွေထက် ခင်ဗျားတို့ကပိုအစွမ်းထက်တယ်လို့ပြောချင်နေတာလား ထွီ အလကားလူတွေ သက်သက်အချိန်ပုတ်တယ်”

ကန့်လန့်တိုက်ပြီးပြောလိုက်တဲ့ ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာ မချိပြုံးလေးကို မသိမသာပြုံးကာ ပစ္စည်းတွေပုံထားတဲ့ဘက်ကိုထွက်သွားပြီး ဓါးတစ်လက်နဲ့ ကြက်တစ်ကောင်ကို ဆွဲယူလာလိုက်တယ်။

“ဒီမှာ ဓါးတစ်လက်နဲ့ကြက်တစ်ကောင်ရှိတယ်၊ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီကြက်လည်ပင်းကို ပြတ်အောင်လှီးနိုင်ရင် ဟောဒီငွေတွေကိုရမယ်”လို့ပြောပြီး လွယ်အိတ်ထဲကနေ ငွေစက္ကူအထပ်လိုက်ကိုထုတ်ယူကာပစ်ချပေးလိုက်တယ်။

အထပ်လိုက်ပုံကျသွားတဲ့ ငွေတွေကိုမြင်တော့ ရွာသားတွေအားလုံးရဲ့မျက်လုံးတွေဝင်းလက်သွားပြီး

“ ဒီကြက်လောက်ကို ကလေးတောင်လှီးလို့ရတယ်”

“ ဟုတ်ပီလေ ခင်ဗျားတို့ကြက်ရဲ့လည်ပင်းကို ပြတ်အောင်မလှီးနိုင်ရင် ကျုပ်ပြောတဲ့အတိုင်းလိုက်နာရမယ်၊ အကယ်လို့ပြတ်ခဲ့တယ်ဆိုရင် ဒီငွေကိုလဲရမယ်၊ ကျုပ်တို့လဲ ရွာကနေထွက်သွားမယ် …ဒါပေမယ့် သုံးခါပဲလှီးလို့ရမယ်နော် ဘယ်လိုလဲ”

“ ရတယ်လေ စိမ်လိုက်”

အောင်မြတ်သာက ပြောရင်းဆိုရင်း ကြက်ရဲ့လည်ပင်းထဲမှာ အင်းစမတစ်ရွက်ကိုကြိုးနဲ့ချည်ပြီး သတ်မယ့်သူရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။

သတ်မယ့်သူကလဲ ကြက်ရဲ့တောင်ပံနှစ်ခုကို ခြေထောက်နဲ့နင်းပြီး လည်ပင်းကိုဓါးနဲ့လှီးချလိုက်တယ်။

“ ဟင် ဘယ်လိုဖြစ်တာလဲ လည်ဆံမွှေးတစ်ပင်တောင် မပြတ်ပါလား”

ကြက်လည်ပင်းကိုလှီးတဲ့သူက ဓါးသွားကိုလက်ညိုးနဲ့ဖိပြီး ဆွဲကြည့်ရာ
“ ဓါးကလဲထက်နေရဲ့သားနဲ့ ဘာလို့မပြတ်ရတာလဲ”

တစ်ယောက်ထဲရေရွတ်ရင်း ဒုတိယအကြိမ်ဖြတ်ရာမပြတ်၊ တတိယအကြိမ်ဖြတ်တော့လဲ မပြတ်တာမြင်တော့ လူတွေအားလုံးအောင်မြတ်သာကို ယုံကြည်သွားခဲ့ပြီး

“ ဆရာကောင်း သမားကောင်းကို မယုံကြည်ဖြစ်ခဲ့တာ ကျူပ်တို့ကိုခွင့်လွှတ်ပေးပါ၊ အခုကစပြီး ဆရာပြောတဲ့အတိုင်းလိုက်နာပါ့မယ်” လို့ပြောခဲ့ကြတယ်။

ရွာမှာကျန်ခဲ့တဲ့သူတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ ဒီအချိန်ကစပြီး ကိစ္စမပြီးတဲ့အချိန်ထိရွာသူရွာသားတွေအားလုံး စုစုစည်းစည်းနေရမယ်၊ ရွာအပြင်ကိုထွက်မယ်ဆိုရင် ကျုပ်ကိုပြောပီးမှသွားပါ၊ မပြောပဲသွားလို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ကျုပ်လဲမတတ်နိုင်ဘူး၊ အခုကျုပ်တွေ့ချင်တဲ့သူက ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူပဲ၊ သူတို့က ဒီလူအုပ်ထဲမှာရှိလား”

“ ရှိ ရှိပါတယ်ဆရာ … ဟို ငနာနှစ်ကောင် နင်တို့ကို ဆရာခေါ်နေတယ်လေ အမြန်သွားကြ”

လူအုပ်ထဲကနေပြောလိုက်တဲ့အသံကြောင့် အသက်၁၆နှစ်အရွယ်လူငယ်နှစ်ဦး အရှေ့ကိုထွက်လာခဲ့တယ်။

“ မင်းတို့က ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူတွေလား”

အောင်မြတ်သာစကားကိုကြားတော့ လူငယ်နှစ်ယောက်ကက မျက်နှာသေလေးတွေနဲ့
“ ကျွန်တော်တို့က မှိုလိုက်ရှာရင်း အဲဒီတောင်ပေါ်ရောက်သွားတာ၊ မှိုတွေကလဲ အဲကျောက်တုံးဘေးပတ်ပတ်လည်မှာပေါက်နေတာနဲ့ တွန်းဖယ်လိုက်မိတာပါ၊ တမင်တကာရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး”

“ မင်းတို့ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်းသိပါတယ်၊ ကဲကဲ ဒီနှစ်ယောက်ကိုတော့ ငါတို့နဲ့တူတူထားမှဖြစ်မယ်၊ သက်ခိုင် မင်းက သူတို့နှစ်ယောက်ကို မဆိုင်သူတွေမနှောက်ယှက်ရအောင် လိုအပ်တဲ့အစီအရင်တွေလုပ်ထားပေးလိုက်ကွာ၊ တောက်ရ ကတော့ ငါနဲ့လိုက်ခဲ့”

အောင်မြတ်သာက သက်ခိုင်ကို မှာစရာရှိတာမှာပြီး ရွာအပြင်ကိုထွက်သွားခဲ့တယ်။ ရွာအပြင်ကိုရောက်တော့ တောင်တွေရှိတဲ့ဘက်ကိုစူးစိုက်ကြည့်နေတဲ့အချိန် လက်ယာဘက်နံဘေးကနေ ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ပေါင်တစ်ခုလုံးထိုးကွင်းမှင်ကြောင်တွေအပြည့်နဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။

ထိုလူကြီးကို အောင်မြတ်သာမြင်တော့

“ သင်က ဘယ်သူလဲ”

“ ကျုပ်က ဒီကွင်းကိုအပိုင်စားရထားတဲ့ ကွင်းပိုင်ကြီးမိုးမှောင်ပါ၊ ဆရာစိတ်ထဲကနေ ကျုပ်ကိုခေါ်နေလို့ အခုလို ကိုယ်ထင်ပြရခြင်းဖြစ်ပါတယ်”

“ သင်ကိုခေါ်ရတာက ဒီရွာရဲ့အခြေအနေကို မေးကြည့်ချင်လို့ပါ၊ သင်ရော ဘာတွေသိထားသေးလဲ”

“ တောင်ပေါ်မှာနေတဲ့ သိုက်စောင့်တွေက ဒီရွာကို အတော်ဒေါသထွက်နေကြတယ်၊ တစ်ရွာလုံးကိုလဲ ရေနှစ်သတ်မယ်လို့ ကြိမ်းဝါးနေတယ်ဆရာ”

“ သူတို့က ဘာကြောင့် ဒီလောက်ထိ ဒေါသထွက်နေကြရတာလဲ”

“ ဒီလိုပါဆရာ ရွာထဲက ကလေးတွေ နေရာရွေ့လိုက်မိတဲ့ ကျောက်ဖားနှစ်ကောင်က ဒီဒေသ တစ်ကြောမှာရှိတဲ့ သိုက်တွေ ပစ္စည်းတွေရွေ့ပြောင်းတဲ့အခါသုံးတဲ့ ခလုပ်တစ်ခုလို့သိရပါတယ်။ အခု ကျောက်ဖားတွေက နေရာရွေ့သွားတော့ အထဲမှာရှိတဲ့လမ်းကြောင်းတွေရော ရေစီးကြောင်းတွေပါပြောင်းသွားပြီး အချို့သိုက်ပိုင်ပစ္စည်းတွေဆိုရင် နတ်နဂါးတွေပိုင်တဲ့ ရေအောက်ကို ရွေ့ပြောင်းကုန်ပါတယ်။ ဒီအတွက်ကြောင့် ရွာကိုဒုက္ခပေးမယ်လို့ကြိမ်းဝါးနေတာပါ”

“ ဒီလောက်အရေးကြီးတဲ့အရာကို သာမန်လူတွေမြင်အောင်ထားမိတဲ့သူတို့အပြစ်ကိုရော ထည့်မပြောကြဘူးလား”

“ အဲ အဲဒါတော့ ကျုပ်လဲမသိဘူးဆရာ”

“ ဒီလောက်သိရတာပဲ သင့်ကိုကျေးဇူးတင်နေပါပြီ၊ သင်လဲ သွားလိုရာသွားနိုင်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ကွင်းပိုင်ကြီးက လက်အုပ်ချီကာ မြေကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ ဒီပုံအတိုင်းဆိုရင် ပြောင်းလဲနေတဲ့ လမ်းကြောင်းတွေတည့်အောင်လုပ်ပေးရမှာပေါ့”

“ ဒါကတော့ ငါတို့လဲလုပ််ပေးလို့မရနိုင်ဘူး၊ ကိုယ့်တာဝန်ကို မကျေပြွန်ပဲပေါ့ဆတဲ့ကိစ္စကို မသိနားမလည်တဲ့ရွာခံလူထုအပေါ်ပုံချတာတော့ လက်သင့်မခံနိုင်ဘူး”

“ ဒါဆိုရင် ကျွန်တော်တို့က ဒီရွာကနေပြီး သိုက်စောင့်တွေကို ရင်ဆိုင်ရမယ်လို့ပြောချင်တာလားဆရာ”

“ ဟုတ်တယ် တောက်ရ။ ဒီကောင်တွေက ရွာကိုငြိုးပြီး ဒုက္ခပေးကြတော့မယ်။ ဟော ပြောရင်းဆိုရင်း တောင်ဘက်မှာမိုးတွေညို့လာနေပြီ၊ ရွာထဲကိုအမြန်ပြန်ကြရအောင်”

အောင်မြတ်သာတို့ရွာထဲကိုရောက်တော့ သက်ခိုင်က ကြောက်လန့်နေကြတဲ့ ရွာခံလူထုတွေကို အားပေးစကားပြောရင်း လူငယ်နှစ်ယောက်ရဲ့ကျောပြင်မှာ တန်ပြန်စမအချို့ကိုရေးဆွဲပေးနေတာမြင်လိုက်ရတယ်။

“ အားလုံးမကြောက်ကြနဲ့ ဒီရွာဘာမှမဖြစ်အောင် ကျုပ်တို့ကာကွယ်ပေးပါ့မယ်”

အောင်မြတ်သာရဲ့ ဩဇာအပြည့်ပါတဲ့အသံကြောင့် ရွာသားတွေအားလုံး ကြောက်စိတ်တွေပပျောက်ကာ ငြိမ်သက်သွားခဲ့တယ်။

“ ဒီမိုးကိုတားဖို့အတွက် ရှစ်ကွက်အင်းဖိုခနောက်ဆိုင်အလယ်မှာ အင်းဖယောင်းတိုင်သုံးတိုင်ထွန်းရမယ်၊ ငါမိုးတားနေတဲ့အချိန် ရွာထဲမှာဘာသံပဲကြားကြား ထွက်မကြည့်ကြဖို့ မင်းကပဲတာဝန်ယူပေးကွာ”

“ စိတ်ချပါဆရာ ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ ဘယ်သူမှအပြင်မထွက်အောင်လုပ်လိုက်ပါမယ်”

အောင်မြတ်သာလဲ လူအုပ်အလယ်မှာထိုင်ပြီး ရှစ်ကွက်အင်းသုံးကွက်ကိုဖိုခနောက်ဆိုင်ဆွဲကာ ဖယောင်းတိုင်သုံးတိုင်ထောင်ပြီး မီးထွန်းလိုက်တဲ့အချိန် တောကြောတွေဘက်ကနေ ကျယ်လောင်တဲ့အသံနက်တွေ ထွက်ပေါ်လာခဲ့တယ်။

အင်းဖယောင်းတိုင်တွေကနေထွက်လာတဲ့ အလင်းတန်းတွေက အပေါ်ကိုတက်သွားပြီး တစ်ရွာလုံးကို စက်ဝိုင်းသဏ္ဍာန်ဖုံးအုပ်ကာ အကာအကွယ်ပေးထားတာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ကြရတယ်။

“ ခင်ဗျားတို့ ဘာမှမကြောက်နဲ့၊ ဘာအသံကြားကြား ထွက်မကြည့်နဲ့၊ ဒီလိုမျိုးလောက်ကတော့ ကျုပ်တို့ဆရာက ကျွမ်းကျွမ်းကျင်ကျင်ထိန်းလို့တတ်ပါတယ်”

တောက်ရက ရွာသားတွေမကြောက်အောင် အားပေးစကားပြောနေတဲ့အချိန် ကောင်းကင်တစ်ခုလုံး မိုးတွေအုံ့မှိုင်းလာပြီး နေ့ခင်းကြောင်တောင်ကနေ အလင်းရောင်မရှိတဲ့ညအချိန်လိုဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အောင်မြတ်သာထွန်းထားတဲ့ အင်းဖယောင်းတိုင်က ထွက်တဲ့အလင်းရောင်က ရွာသားတွေနေတဲ့ ဓမ္မာရုံကိုအလင်းဓါတ်အပြည့်အဝပေးထားနိုင်ခဲ့တယ်။

“ ဝုန်း ဝရော ဝရော “

မိုးစက်ပေါက်တွေမကျပေမယ့် အရှိန်အဟုန်နဲ့တိုက်ခတ်လာတဲ့လေပြင်းတွေကြောင့် သစ်ပင်ကြီးငယ်အချို့ ပြိုလဲကျတဲ့အသံကိုအထဲကနေ ကြားနေခဲ့ရတယ်”

ရွာသားတွေလဲ ကိုယ့်မိသားစုကိုတင်းနေအောင်ဖက်ထားရင်း ကြောက်စိတ်တွေကိုအာခံနေတဲ့အချိန် တံခါးပေါက်နားမှာနေတဲ့ မိန်းမတစ်ယောက်က ရုတ်တရက်ထငိုပြီး အပြင်ကိုထွက်ပြေးဖို့အလုပ် အခြေအနေကိုအကဲခတ်နေတဲ့ တောက်ရက လျင်မြန်စွာပြေးဖမ်းပြီး နဖူးကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့မှ သတိပြန်ဝင်လာခဲ့တယ်။

“ မိငယ် ဟဲ့ မိငယ် နင်က ဘာထလုပ်တာလဲ”

လူအုပ်ထဲကနေလှမ်းပြောလိုက်တဲ့အသံကြောင့် မိငယ်ဆိုသူက

“ ဟို ဟို အပြင်မှာလေတွေတအားတိုက်နေပြီး သစ်ပင်တွေကျိုးကျနေတဲ့အသံကြားလို့ တံခါးပေါက်ကနေချောင်းကြည့်လိုက်တာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့မိန်းမ တစ်ယောက်က လက်ပြပြီးခေါ်တာ၊ အဲဒါကိုမြင်ပြီး ဘာမှမသိတော့ဘူး”

“ သိုက်စောင့်တွေက အမိတို့ကို သွေးဆောင်ဖျားယောင်းဖို့ကြံနေကြတာ၊ သတိလွတ်တာနဲ့ ဒုက္ခရောက်နိုင်တယ်ဆိုတာ မမေ့ကြနဲ့”

အောင်မြတ်သာစကားကိုကြားတော့ တစ်ရွာလုံးကြောက်ရွံံ့မှုတွေပြင်းစွာဖြစ်ပေါ်လာခဲ့တယ်။

“ သက်ခိုင်နဲ့တောက်ရ မင်းတို့နှစ်ယောက်က အင်းဖယောင်းမီးမငြိမ်းအောင် ဂရုစိုက်ပြီး ရွာခံလူတွေကို စောင့်ရှောက်ထားကြပါ”

“ မဟုတ်မှလွဲရော ဆရာ တစ်ယောက်ထဲ တောင်ပေါ်ကိုသွားမို့လား”

“ ဟုတ်တယ်သက်ခိုင် ဒီပြဿနာက ထိုင်ပြီးဖြေရှင်းနေလို့ ပြီးသွားမှာမဟုတ်ဘူး၊ ကျောက်ဖားနှစ်ကောင်ကို ရည်ရွယ်ချက်မရှိပဲ နေရာရွေ့ခဲ့တယ်ဆိုတာကို သက်သေပြဖို့ ငါ သွားရမယ်”

“ ဒီကောင်လေးနှစ်ယောက်ကိုရော ဘာလုပ်ရမလဲဆရာ”

“ သူတို့ကို ငါနဲ့အတူခေါ်သွားမယ်၊ မင်းတို့နှစ်ယောက် သတိထားရမှာက အင်းဖယောင်းတိုင်မငြိမ်းစေဖို့ပဲ”

အောင်မြတ်သာလဲ သက်ခိုင်တို့ကိုမှာကြားပြီး ပြဿနာစတည်ရာ လူငယ်နှစ်ယောက်ရဲ့လက်ကိုဆွဲကာ ရွာပြင်ကိုထွက်သွားခဲ့တယ်။

“ ဆရာ ဆရာ မိုးတွေက ကျွန်တော်တို့ရွာအပေါ်မှာပဲ ညို့နေတာနော်”

“ သူတို့က မင်းတို့ရွာကို ဒုက္ခရောက်အောင်လုပ်မှာဖြစ်တဲ့အတွက် အခုလိုဖြစ်နေတာပဲ၊ ဒါနဲ့ မင်းတို့နာမည်က ဘယ်လိုခေါ်လဲ”

“ ကျွန်တော်နာမည်က ရန်မခလို့ခေါ်ပါတယ်၊ သူ့နာမည်ကတော့ သူရလို့ခေါ်တယ်ဆရာ”

“ အေး မင်းတို့နှစ်ယောက်ကို အထူးမှာချင်တာက တောင်ပေါ်ရောက်တဲ့အခါ ငါ့ရဲ့ခါးမှာချည်ထားတဲ့ ယောဂီတဘက်ရဲ့အစွန်းနှစ်စကို မြဲနေအောင်ကိုင်ထားပါ၊ လက်ကနေလွတ်တာနဲ့ မင်းတို့အတွက်အန္တရာယ်ရှိတယ်၊ နောက်ပြီး အခုသွားမယ့်နေရာက မင်းတို့တစ်သက် တစ်ခါမှမမြင်ဖူးတဲ့အရာတွေကိုမြင်ရမှာလဲဖြစ်တယ်၊ ဘယ်လိုလဲ လိုက်ရဲရဲ့လား”

“ ဆရာရယ် ကျွန်တော်တို့နှစ်ယောက်က အဲလိုမျိုးတွေမကြောက်တတ်လို့ ဘယ်သူမှမသွားရဲတဲ့ တောင်ပေါ်ကိုတက်လာခဲ့တာ၊ သူနဲ့ကျွန်တော်နဲ့က စွန့်စားရတာဝါသနာပါတယ်ဗျ”

“ကောင်းတယ် မင်းတို့ရဲ့အတွင်းစိတ်က ရဲရင့်တယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ကဲ အခု တောင်ပေါ်ကိုဘယ်လမ်းက သွားရတယ်ဆိုတာ လမ်းပြပေတော့”

“ စိတ်ချဆရာ ဒီတောင်ပေါ်ကို သူနဲ့ကျွန်တော် သုံးကြိမ်ထက်မနည်းရောက်ဖူးတယ်၊ အဲ ပြောရဦးမယ်ဆရာ အရင်အခေါက်တွေလာတုန်းက အဲဒီကျောက်ဖားနှစ်ကောင်ကို မတွေ့မိဘူး”

“မင်းတို့လာတဲ့အချိန်နဲ့ ကျောက်ဖားနှစ်ကောင်ပေါ်တဲ့အချိန်တိုက်ဆိုင်သွားတာလဲဖြစ်နိုင်ပါတယ်”

အောင်မြတ်သာလဲ လူငယ်လေးနှစ်ယောက်နဲ့ စကားတွေပြောရင်းတက်လာခဲ့တာ ကျောက်ဖားနှစ်ကောင်ရှိတယ်ဆိုတဲ့ တောင်ရဲ့နယ်နမိတ်ထဲကိုဝင်လာခဲ့တယ်။

“ ဆရာ ဒီတောင်အစပ်က ကျွန်တော်တို့ပြောတဲ့တောင်ပဲ”

“ စကားတစ်ပြောပြောနဲ့လျောက်လာခဲ့တာ ရောက်မှန်းတောင်မသိလိုက်ဘူး။ကဲ အခုကစပြီး တဘက်ရဲ့အစနှစ်ဖက်ကိုမလွှတ်တမ်းကိုင်ထားပေတော့။ ဘာတွေ့တွေ့ ဘာမြင်မြင် လက်ကိုမလွှတ်မိစေနဲ့ဦး”
အောင်မြတ်သာစကားကိုလူငယ်နှစ်ဦးက ခေါင်းငြိမ့်ပြကာ တဘက်ရဲ့အစွန်းနှစ်စကိုဆုပ်ကိုင်ထားလိုက်တယ်။

“ မင်းတို့တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်က ဘယ်နားမှာလဲ”

“ ဆက်သွားရဦးမယ်ဆရာ။ အရှေ့တစ်ကွေ့ ကျောက်တောင်ကမူဘေးရောက်မှ တွေ့မှာဗျ”

အောင်မြတ်သာတို့လဲ ကျဉ်းမြောင်းတဲ့လူသွားလမ်းအတိုင်းလျောက်လာခဲ့တာ ကျောက်တောင်ပေါ်မှာ ထူးဆန်းစွာတည်ရှိနေတဲ့ မြေသားလမ်းတစ်ခုကိုတွေ့လိုက်ရတယ်။

“ ဒီမြေတွေပေါ်မှာ လက်တစ်ဝါးလောက်ရှိတဲ့ မှိုတွေပေါက်တာလေဆရာ။ အခုတောင် မှိုလက်ကျန်တွေရှိနေသေးတယ် တွေ့လားဆရာ”

ရန်မခရဲ့စကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ မြေနီလမ်းဘေးတစ်လျောက်မှာ ထိုးထွက်နေတဲ့ မှိုပွင့်ငယ်လေးတွေကိုမြင်လိုက်ရတယ်။

“ ဆရာ ဆရာ ကျောက်ဖားနှစ်ကောင် မရှိတော့ဘူးဗျ”

သူရ ရဲ့အလန့်တကြားအော်ပြောတဲ့အသံကြောင့် အောင်မြတ်သာက

“ မင်းတို့တွေ့ခဲ့တဲ့နေရာဆိုတာ သေချာရဲ့လား”

“ သေချာတာပေါ့ဆရာရယ် ဒီကျောက်ချပ်ကြီးဘေးမှာ ဖားပြုတ်နဲ့တူတဲ့ကျောက်တုံးနှစ်တုံး တစ်ဖက်တစ်ချပ်စီရှိနေတာ အဲဒီဘေးမှာလဲ မှိုတွေဖွေးသီနေတာပဲ၊ ရန်မခက အဲကျောက်ဖားကို တွန်းပြီး မှိုနှုတ်ခဲ့တာ”

သူရရဲ့စကားကြောင့် ရန်မခက ရယ်ကျဲကျဲလုပ်ပြီး
“ ကျွန်တော်လဲ အခုလိုဖြစ်မယ်မှန်းမသိလို့ တွန်းလိုက်တာ ကျောက်ဖားရုပ်လဲကျပြီး ခြေတစ်ဖက်ကျိုးသွားသေးတယ်။ အခုတော့ အစအနတောင်မရှိတော့ပါလား”

“ မင်းတို့နှစ်ယောက်တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်ကို သိုက်စောင့်တွေဖွက်ထားလိုက်ပြီထင်တယ်”

အောင်မြတ်သာက စကားပြောနေရင်း ပြောင်လက်ချောမွတ်နေတဲ့ ကျောက်နံရံပေါ်ကို အင်းချပ်တစ်ချပ်ကပ်ပြီး လက်ဝါးနဲ့ရိုက်ထည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချပ်မှာရှိတဲ့ မြေသားတွေပွထလာပြီး အထဲကနေ ကျောက်ဖားနှစ်ကောင်တိုးထွက်လာခဲ့တယ်။

“ ဟာ … ဘယ်လိုဖြစ်လို့ ဒီနှစ်ကောင်က မြေကြီးအောက်ရောက်သွားခဲ့တာလဲ”

သူရက အံ့ဩစွာရေရွတ်လိုက်တဲ့အချိန် ကျောက်ဖားနှစ်ကောင်က အသက်ဝင်လာသလို လှုပ်ရှားလာခဲ့တယ်။

“ ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့တွေ့တုန်းကလဲ အဲလိုလှုပ်လာလို့ ထွက်ပြေးခဲ့ရတာ။ အခုလဲ ထပ်လှုပ်လာတယ်ဆရာ”

လှုပ်ရှားနေတဲ့ကျောက်ဖားနှစ်ကောင်ကိုမြင်တော့ အောင်မြတ်သာက အနောက်ကိုအနည်းငယ်ဆုတ်လိုက်ပြီး လက်ညိုးနဲ့စည်းတစ်ခုကိုတားကာ

“ သိုက်စောင့်ပုဂ္ဂိုလ်များအနေနဲ့ ကျုပ်တို့ကိုရန်သူလို့မသတ်မှတ်ဖို့ဦးစွာမေတ္တာရပ်ခံချင်ပါတယ်။ ကျုပ်အခုလာတာက ဒီကလေးနှစ်ယောက် မသိပဲလုပ်ခဲ့တဲ့အမှုကို ကျေအေးပေးဖို့ လာရောက်တောင်းပန်ခြင်းဖြစ်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ချောမွတ်နေတဲ့ ကျောက်ချပ်ကြီးက “ ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ထက်ခြမ်းပွင့်ထွက်သွားပြီး အထဲကနေ ကျောက်စိမ်းတောင်ဝှေးကိုင်ထားတဲ့ ဖိုးသူတော်တစ်ပါးထွက်လာခဲ့တယ်။

“ သင်ခေါ်လာတဲ့သူနှစ်ယောက်ကြောင့် ကျုပ်တို့စောင့်ကြပ်နေတဲ့ပစ္စည်းတွေ ဆုံးရှုံးကုန်တဲ့ကိစ္စ ဘယ်လိုပြန်လုပ်ပေးမလဲ”

မျက်နှာထားတင်းတင်းနဲ့မေးလိုက်တဲ့ ဖိုးသူတော်ရဲ့စကားကို အောင်မြတ်သာက အပြုံးမပျက်ပဲ
“ သင်တို့ကပစ္စည်းတွေက ဘယ်လိုဆုံးရှုံးသွားခဲ့တာလဲ”

“ ကျုပ်တို့သိုက်မှာရှိတဲ့ပစ္စည်းတွေ အခြားနေရာရွေ့ပြောင်းနေတဲ့အချိန် ဒီလက်ဆော့တဲ့ ကောင်တွေကြောင့် ပစ္စည်းရွေ့တဲ့လမ်းကြောင်းပြောင်းပြီး အခြားသိုက်တွေထဲရောက်သွားခဲ့လို့ ကျောက်သံပတ္တမြားအပြည့်ပါတဲ့ သေတ္တာ ၇၈လုံးဆုံးရှုံးခဲ့ရတယ်”

“ သူတို့ကလဲ တမင်တကာရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်တဲ့အပြင် လုပ်ခဲ့မိတာတွေကို တောင်းပန်ဖို့လာခဲ့ပြီပဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရှေးရှုပြီး သည်းခံခွင့်လွှတ်ပေးလိုက်ပါဗျာ”

“ ဒီအတိုင်းတော့ ခွင့်မလွှတ်နိုင်ဘူး၊ သူတို့နှစ်ယောက်အနေနဲ့ ဒီသိုက်ကိုစောင့်မယ်ဆိုရင်တော့ ခွင့်လွှတ်ပေးမယ်”

“ ဒါတော့မဖြစ်နိုင်ဘူး … ရည်ရွယ်ချက်မရှိပဲလုပ်ခဲ့တဲ့ ကလေးတွေရဲ့ဝိဉာဉ်ကိုဒီမှာစောင့်ကြပ်ဖို့ ကျုပ်အနေနဲ့ လုံးဝခွင့်မပြုနိုင်ဘူး”

“ဟားဟား ဒါဖြင့်လဲ သင်တို့သုံးယောက်လုံး အတူတူစောင့်ပေတော့ဟေ့”

ဖိုးသူတော်က အသံနက်ကြီးနဲ့ကြိမ်းဝါးရင်း ကျောက်စိမ်းတောင်ဝှေးကို ကျောက်ဖျာပေါ်ဆောင့်ချလိုက်ရာ တောင်ရဲ့အမြင့်ပိုင်းကနေ ရေလှိုင်းလုံးတွေတဝေါဝေါနဲ့ဆင်းလာခဲ့တယ်။

ရေလှိုင်းလုံးတွေက အရှိန်နဲ့ဆင်းလာပြီး အောင်မြတ်သာတို့ကို တောင်ပေါ်ကနေလွင့်စင်ကျအောင်လုပ်ပေမယ့် တားထားတဲ့စည်းကိုထိုးဖောက်မရပဲဖြစ်နေခဲ့တယ်။

ဖိုးသူတော်လဲ အခြေအနေမဟန်မှန်းသိတော့ သိုက်ထဲကိုပြန်ဝင်ပြီးကျောက်တံခါးကိုပိတ်တဲ့ဂါထာကိုအဆက်မပြတ်ရွတ်ပါလေရော။

ဒါပေမယ့် အောင်မြတ်သာက စိတ်ထဲကနေ နှုတ်ကိုပိတ်ထားတဲ့အတွက် ဖိုးသူတော်ရဲ့ပါးစပ်ကနေ ဘာအသံမှထွက်မလာခဲ့ဘူး။

“ ဘယ်လိုလဲ သူတော် သင့်ဂါထာကို အသံထွက်အောင် ရွတ်ပါဦး”

ဖိုးသူတော်လဲ အဲဒီတော့မှ ကြောက်လန့်တကြား ဂူထဲကိုဝင်ပြေးပါလေရော။ အောင်မြတ်သာတို့လဲ ပွင့်နေတဲ့ဂူပေါက်ထဲကို ဝင်ကြည့်လိုက်တဲ့အချိန် ဟင်းလင်းပြင်ဖြစ်နေတဲ့ လှိုဏ်ဂူတစ်ခုကိုမြင်လိုက်ရတယ်။ လှိုဏ်ဂူထဲမှာတော့ နွမ်းခြောက်နေတဲ့ပန်းအချို့တွေအပြင် ဟောင်းနွမ်းနေတဲ့ သလွန်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီပစ္စည်းတွေကို ဘယ်သူတွေသုံးခဲ့တာလဲ ဆရာ”

ရန်မခရဲ့စကားကြောင့် အောင်မြတ်သာက ပန်းခြောက်တစ်ခုကိုကောက်ယူကြည့်လိုက်ပြီး

“ သူတို့တွေ သိုက်ပြောင်းကုန်ကြပီကိုး…ဒါကြောင့် ဖိုးသူတော်က ငါတို့ကိုအချိန်တွေဆွဲနေခဲ့တာပဲ”

အောင်မြတ်သာက တစ်ယောက်ထဲရေရွတ်ရင်း တစ်ခုခုကို သတိရသွားဟန်နဲ့ အပြင်ကိုထွက်ကြည့်လိုက်ရာ ထုံးကျောက်ရွာဘက်မှာ လျှပ်စီးတဝင်းဝင်းလက်နေတဲ့အပြင် မိုးသားတွေလဲ ပိုပြီးမဲမှောင်နေတာကိုမြင်လိုက်ရတယ်။

“ ငါတို့အတွက်အချိန်သိပ်မရှိတော့ဘူး…သူတို့ပြောင်းတဲ့နေရာကိုအမှီလိုက်မှရမယ်၊ မင်းတို့နှစ်ယောက်လုံး တဘက်အစကိုမလွတ်စေနဲ့” လို့မှာပြီး ဂူထဲကိုဆက်ဝင်လာခဲ့ရာ ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့ ဂူပေါက်ကိုးခုကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ ချက်ချင်းဆိုသလို လွယ်အိတ်ထဲကနေ နီညိုရောင်သစ်ရွက်တစ်ရွက်ကိုထုတ်ပြီး လေပေါ်ပစ်တင်လိုက်တဲ့အချိန် သစ်ရွက်က အလယ်မှာရှိတဲ့ဂူပေါက်ထဲကို လှစ်ခနဲဝင်ရောက်သွားခဲ့တယ်။(သစ်ရွက်အမည်က သူယောင်ရှာဂမုန်းဖြစ်တယ်ဆိုတာ နောက်မှသိခဲ့ရပါတယ်)

“ ဒီဂူပေါက်က သူတို့သွားခဲ့တဲ့နေရာပဲ..”လို့ရေရွတ်ရင်း အထဲကိုလျောဆင်းလိုက်ရာ ပြောင်ချောနေတဲ့အထိအတွေ့နဲ့အတူ အောက်ကိုထိုးကျသွားခဲ့တယ်။

ရန်မခနဲ့သူရတို့လဲ ရင်ထဲဟာခနဲဖြစ်သွားတဲ့ခံစားချက်ကို မထိန်းထားနိုင်ပဲ အသံကုန်အော်ဟစ်ရင်း ဂူပေါက်ထဲလျောဝင်သွားခဲ့ကြတယ်။ သိပ်မကြာခင်အချိန်မှာပဲ လျောကျလာတဲ့အရှိန်ကလျော့လာပြီး မီးအလင်းရောင်အချို့ကို မြင်တွေ့လိုက်ရတယ်။

အလင်းရောင်နဲ့နီးကပ်လာလေလေ အရှိန်ကလျော့လေလေဖြစ်လာခဲ့တာ နောက်ဆုံးမှာလုံးဝရပ်တန့်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အရှိန်ကုန်သွားတဲ့ဂူပေါက်ထဲကနေ အပြင်ကိုထွက်လိုက်ရာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

“ ဟိုးအနောက်မှာရပ်နေတာ ဖိုးသူတော်မဟုတ်လား ဆရာ”

သူရက အောင်မြတ်သာ အနားကိုကပ်ပြီးပြောလိုက်တဲ့အချိန်

“ ဟိုသကောင့်သားနှစ်ယောက် နင်တို့က ငါတို့ပိုင်ပစ္စည်းတွေကိုဆုံးရှုံးအောင်လုပ်ခဲ့တဲ့အပြင် အခုလဲ သိုက်ဆရာက်ိုပါခေါ်လာခဲ့တာပေါ့လေ”

ဆံပင်ကိုဖားလျားချထားပြီး ရွှေအိုရောင်ထိုင်မသိမ်းဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့စကားကြောင့် ဘေးမှာရပ်နေကြတဲ့သူတွေအားလုံး အံတကြိတ်ကြိတ် တောက်တခတ်ခတ်နဲ့ အောင်မြတ်သာတို့ကို စူးစိုက်ကြည့်နေခဲ့တယ်။

“ သင်တို့ ကျုပ်ကိုအထင်မှားနေကြပီ … ကျုပ်ကသိုက်ဆရာတစ်ယောက်မဟုတ်သလို ဒီကလေးနှစ်ယောက်ကလဲ သင်တို့ထိခိုက်အောင် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး”

အောင်မြတ်သာစကားအဆုံးမှာ အနောက်မှာရပ်နေတဲ့ ဘိုးသူတော်က ဆံပင်ဖားလျားချထားတဲ့မိန်းမအနားကိုကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောဆိုနေတာမြင်လိုက်ရတယ်။

“ တောက် ရာရာစစ ဒင်းတို့ကများ ငါတို့အပြစ်ပေးတဲ့ရွာကို ကာကွယ်ပေးတယ်တဲ့လား… လာကြစမ်း ဒီသုံးယောက်ကို သွေးစိမ်းရှင်ရှင်ကျအောင် အရေခွံဆုတ်ပြီး တံခါးဝမှာစောင့်ခိုင်းလိုက်”

ဆံပင်ဖားလျားချထားတဲ့မိန်းမရဲ့စကားအဆုံးမှာ အမှောင်ထုထဲကနေ ယောဂီလုံချည်အစုတ်ကိုဝတ်ထားပြီး ဇက်ကျိုးနေတဲ့ လူအပါအဝင် ကြောက်မက်ဖွယ်အဆင်းရှိတဲ့ နာနာဘာဝတွေထွက်လာခဲ့တယ်။

“ အောက်လမ်းဆရာဘသိန်းနဲ့အပေါင်းအပါများ ဒီသကောင့်သားတွေကို ဂုတ်ချိုးသတ်ပြီးသင်တို့နေရာတွင်အစောင့်အဖြစ်ထားရှိစေ” လို့အမိန့်ပေးလိုက်တာနဲ့ အောင်မြတ်သာတို့ဆီကို လက်ဆန့်တန်းကာပြေးဝင်လာခဲ့တယ်။

အောင်မြတ်သာကတော့ ပုံပျက်ပန်းပျက်အတ္တေဘောတွေကိုမြင်တွေ့နေကျမို့မကြောက်လန့်ပေမယ့် ရန်မခနဲ့ သူရကတော့ မျက်လုံးကိုစုံမှိတ်ကာ တဘက်ကိုတင်းကြပ်စွာ ကိုင်ထားခဲ့တယ်။

“ သင်တို့အားလုံးရဲ့စိတ်တွေကြမ်းတမ်းရိုင်းစိုင်းကုန်နေပါလား ကျွတ် ကျွတ်”

အောင်မြတ်သာက စိတ်မသက်သာဟန်နဲ့ စုတ်သပ်လိုက်ပြီး ပြေးဝင်လာကြတဲ့ နာနာဘာဝတွေကို ဘယ်လက်နဲ့ လက်ပြန်ရိုက်ထုတ်လိုက်ရာ အနောက်ကိုဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။

“ ကျုပ်ဒီကိုလာတာ ဘယ်သူကိုမှထိခိုက်နာကျင်အောင် လုပ်ဖို့မဟုတ်ဘူး။ ဒါကို သင်တို့က ဘာကြောင့်ရန်လိုချင်နေရတာလဲ”

အောင်မြတ်သာစကားကို ဆံပင်ဖားလျားချထားတဲ့မိန်းမက ဘာမှပြန်မပြောပဲ အံကိုကြိတ်ပြီး
“ နင်လာတာ အဲဒီရွာအတွက်မဟုတ်လား… သူတို့ကိုခွင့်လွှတ်စေချင်ရင် အခုခေါ်လာတဲ့နှစ်ယောက်ကို ငါ့ဆီအပ်ခဲ့”

“ သူတို့ကိုလဲ သင်တို့ဆီမအပ်နိုင်သလို ၊ ရွာကိုလဲ အထိခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျုပ်မေတ္တာထားပြောနေတဲ့အချိန် နောက်ဆုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် မိတ္တနဲ့စိတ္တဆိုတဲ့သူကြွယ်ညီနောင်ကို ပြန်အသက်သွင်းရလိမ့်မယ်”

မိတ္တနဲ့ စိတ္တဆိုတဲ့နာမည်ကိုကြားတော့ ရှိနေတဲ့သူတွေအားလုံး မျက်စိမျက်နှာပျက်သွားခဲ့ကြပြီးမှ ဟန်မပျက်ပြန်နေလိုက်ပြီး

“ သူတို့သေသွားတာ နှစ်ပေါင်းရာချီနေပြီ။ ဒါကို သင်ကဘယ်လိုသိနေတာလဲ…”

“ ကျုပ်ဘယ်လိုသိတယ်ဆိုတာထက် သင်တို့ကိုခေါင်းမဖော်ရဲအောင် ထိန်းချုပ်ခဲ့တဲ့ သူကြွယ်ညီနောင်ရဲ့ မျက်လုံးတွေကိုပြန်ခံစားကြည့်လိုက်စမ်း”လို့ပြောပြီး ရန်မခနဲ့ သူရတို့ရဲ့ဇက်ပိုးကို လက်နဲ့ဖိကိုင်လိုက်ရာ နှစ်ယောက်လုံး ဒူးထောက်ခွေကျသွားခဲ့တယ်။

“ ကိုးင်္သချိုင်းသံဓားနှစ်လက်ရဲ့အရှင်သခင်၊ ရွာကြီးလေးဆယ်ကိုအုပ်စိုးခဲ့တဲ့ သူကြွယ်ညီနောင်၊ မျက်လုံးချင်းစိုက်ကြည့်ရုံနဲ့ တစ်ဖက်လူသိမ်ငယ်သွားရတဲ့အထိဖြစ်ခဲ့တဲ့ ညို့မျက်လုံးပိုင်ရှင် နှစ်ယောက် ခေတ္တနိုးထလာစေသား” လို့ပြောပြီး ဇက်ကိုလွှတ်လိုက်ရာ ခေါင်းငိုက်စိုက်ကျနေတဲ့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံးခေါင်းထောင်လာပြီး အရှေ့မှာရပ်နေတဲ့သူတွေကို စူးစိုက်ကြည့်ပါလေရော။

“ မဖြစ်နိုင်ဘူး ဟအင်း ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီအကြည့်တွေကိုပိုင်ဆိုင်တဲ့သူတွေက သေသွားတာ နှစ်ရာချီနေပြီမဟုတ်လား”

“ ဟုတ်တယ် သူတို့သေသွားတာ နှစ်ပေါင်းရာချီနေခဲ့ပေမယ့် သူတို့ရဲ့စိတ်ဝိဉာဉ်တွေက မသေဆုံးပဲ လေလွင့်နေခဲ့တယ်။ ဒီကလေးနှစ်ယောက်သာ သာမန်လူတွေဖြစ်ခဲ့ရင် ကွယ်ဝှက်ထားတဲ့ ကျောက်ဖားညီနောင်ကို မြင်တွေ့ရပါ့မလား”

အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက ဒူးထောက်ထိုင်ချလိုက်ပြီး

“ သခင်လေးတို့နှစ်ယောက်အပေါ် အပြစ်တွေအများကြီးလုပ်ခဲ့ပါတယ်။ ဆရာ သူတို့ကို ပြန်သတိရအောင်မလုပ်ပါနဲ့။ သူတို့သတိရရင် ကျွန်တော်မျိုးမတို့ကို သတ်လိမ့်မယ်”

“ အခုသင်တို့ ထုံးကျောက်ရွာပေါ်မှာပြုလုပ်ထားတဲ့ အစီအရင်တွေကိုဖယ်ရှားပေးရင် ကျုပ်အနေနဲ့ မှတ်ဉာဏ်အချို့ကိုဖျောက်ဖျက်ပေးပါ့မယ်”

အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက
“ ရွာကိုဘာဒုက္ခမှမပေးတော့ဘူးလို့ ကတိပေးပါတယ်”

“ ကောင်းပါပြီ နောက်ဆုံးတစ်ခု အနေနဲ့ ညီနောင်နှစ်ပါးအသုံးပြုခဲ့တဲ့ ကိုးင်္သချိုင်းဓါးနှစ်လက်ဘယ်မှာရှိတယ်ဆိုတာ သင်သိလိမ့်မယ်ထင်ပါတယ်”

“ သခင်လေးတို့သေတော့ သူတို့ကိုဓါးနှစ်လက်နဲ့အတူမြေမြုပ်ပေးခဲ့ပါတယ်။ အုတ်ဂူရဲ့ဘေးမှာတော့ မဉ္ဇူသကပန်းပင်တစ်ပင်စိုက်ထားပါတယ်”

“ သင်တို့ရဲ့ဆုံးရှုံးသွားတဲ့ပစ္စည်းတွေဟာ နောင်ပွင့်မယ့်ဘုရားကိုလှူမယ့်သိုက်ထဲရောက်သွားတာမို့ အလဟသမဖြစ်ခဲ့ဘူးဆိုတာသိထားပါ။ အခုတော့ သူတစ်ပါးဆီက အဓမ္မသိမ်းပိုက်ထားခဲ့တဲ့ပစ္စည်းတွေကို သံသရာအဆက်ဆက် စောင့်ကြပ်ပြီးနေရစ်ခဲ့ပေတော့”

အောင်မြတ်သာစကားကိုဆံပင်ဖားလျားနဲ့မိန်းမက ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျကာ နားထောင်နေခဲ့တယ်။ အဲဒီအချိန် ရန်မခနဲ့ သူရတို့နှစ်ယောက်က “ ကျား”ဆိုတဲ့အသံနဲ့အတူ လက်ခမောင်းထခတ်ရင်း သတိလစ်မေ့မျောသွားခဲ့တယ်။

သတိပြန်ရလာတော့ ရွာကိုပြန်ရောက်နေပြီဖြစ်တဲ့အပြင် သူတို့ဘေးမှာဝိုင်းအုံနေတဲ့ ရွာခံလူအချို့ကိုမြင်လိုက်ရတယ်။

“ သတိရလာကြပြီလား နင်တို့နှစ်ယောက် သတိလစ်နေတာ သုံးရက်နဲ့သုံးညရှိပြီ”

“ ဆရာ ဆရာတို့ရော”

“ ဆရာတွေက အခြားကိစ္စရှိလို့ဆိုပြီး ရွာကထွက်သွားကြတယ်။ နင်တို့နိုးရင် ဒီစာလေးပေးလိုက်ပါဆိုပြီးမှာခဲ့တယ်”

ရန်မခနဲ့ သူရလဲ မိဘတွေလက်ထဲကစာကိုလုယူလိုက်တဲ့အချိန်

“ ဘာမှဖတ်မနေနဲ့ စာရွက်အလွတ်ကြီးပေးထားခဲ့တာ”

မိဘတွေဖတ်တဲ့အချိန် စာရွက်အလွတ်ဆိုပေမယ့် ရန်မခနဲ့ သူရတို့ဖတ်တဲ့အချိန်မှာတော့ စာရွက်ထဲမှာ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ချို့ရေးထားတာကိုမြင်လိုက်ရတယ်။

ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်မြောက်နေ့မှာတော့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံး ရွာကနေ ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ကြတယ်။

++++++++++

လူကြီးငါးဖက်စာလောက်ရှိတဲ့ မဉ္ဇူသကပန်းပင်ကြီးအောက်မှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့လူသုံးယောက် ငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်။

ပန်းပင်ကြီးဘေးမှာတော့ ရေညှိတွေအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံး။

အုတ်ဂူနှစ်လုံးရဲ့ကမ္မည်းတိုင်မှာ အတွန့်အတက်တွေပါတဲ့ ရှေးဟောင်းမြန်မာစာအရေးအသားနဲ့ရေးထားတဲ့ နာမည်နှစ်ခု။
+++++++++++
ကဲ…
စာဖတ်ပရိတ်သတ်များအနေနဲ့ နောက်အပတ်မှာတော့ အောင်မြတ်သာနှင့်မိတ္တစိတ္တဆိုတဲ့ဝတ္တုကိုစောင့်မျှော်အားပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)