°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ-ဇေယန(ရာမည)

” အဟင့် အဟင့် ဟီး ဟီး”
အိမ်ခေါင်းရင်းထရံနားကနေ ထွက်ပေါ်လာတဲ့ငိုသံကြောင့် အိပ်မပျော်တပျော်ဖြစ်နေတဲ့ ဦးဟန်ကြည်တစ်ယောက် ငုတ်တုတ်ထထိုင်လိုက်မိတယ်။

” စံလှရေ .. အိပ်နေပီလား”

” မအိပ်သေးပါဘူး ဦးလေး၊ ဘာခိုင်းစရာရှိလို့လဲ”

” ခေါင်းရင်းမှာ လူတစ်ယောက်ငိုနေတဲ့အသံကြားလို့ ခြံစောင့်လင်မယားရန်ဖြစ်ပြန်ပီနဲ့တူတယ်၊ ထကြည့်လိုက်ဦး”

စံလှလဲ ဦးဟန်ကြည်စကားကြောင့် ပြူတင်းပေါက်တံခါးကိုဖွင့်ကြည့်လိုက်ရာ လူရိပ်လူခြေမမြင်ရပဲ ရှင်းလင်းနေတာကိုမြင်တွေ့လိုက်ရတယ်။

” ဘယ်သူမှမရှိပါဘူးဦးလေး… ဒါနဲ့ ငိုသံလဲမကြားမိပါဘူးဗျ”

” ဟေ .. ဟုတ်လား.. ငါခုနက သေသေချာချာကြားလိုက်ပါတယ်၊ မရှိရင်လဲထားလိုက်တော့၊ မနက်ကျရင် ခြံထဲသွားရမှာရှိသေးတယ်နော် စောစောအိပ်ဦး”

“ဟုတ်ကဲ့ ဦးလေး.. ခဏနေအိပ်ပါပြီ”

ဦးဟန်ကြည်လဲ စံလှကိုပြောပြီး အိပ်ရာဘေးချထားတဲ့ ကိုးလုံးပုတီးကို တစ်ဂျောက်ဂျောက်စိပ်ကာ ဂုဏ်တော်ကိုးပါးကိုပွားများနေလိုက်တယ်။
+++++++
” လှည်းပေါ်ကို ပစ္စည်းတွေသေချာတင်ကြဦး၊ ခြံထဲရောက်လို့မှ ဟိုကျန်ဒီကျန်ဖြစ်တယ်ဆို ပြန်ယူလို့ရမှာမဟုတ်ဘူး”

စံလှက အလုပ်သမားတွေကို အော်ပြောရင်း လိုတဲ့ပစ္စည်းတွေကို လိုက်စစ်နေခဲ့တယ်။ ခဏနေတော့ အိမ်ပေါ်ကနေ ဦးဟန်ကြည်ဆင်းလာပြီး

” လူစုံရင်သွားကြရအောင်… ဒီညတော့ ခြံထဲမှာအိပ်မှာမို့ ကျော်စံတို့လင်မယားနဲ့ အခြားလူတွေက အိမ်ကို​သေချာကြည့်ထားပေးဦး”

” စိတ်ချပါ ဦးလေး… ကျွန်တော်တို့သေချာကြည့်ပေးပါမယ်”

ဦးဟန်ကြည်ဆိုတာက ဒီနယ်တစ်ဝိုက်မှာ လူကုံထံစာရင်းပေါက်တဲ့ သူဌေးတစ်ဦးဖြစ်သလို သီးပင်စားပင်တွေစိုက်ထားတဲ့ခြံပေါင်းများစွာလဲပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တယ်။ ငွေကြေးဥစ္စာအတန်သင့်ပြည့်စုံသော်လည်း အိမ်ထောင်မပြုပဲ တပည့်သားချင်းတွေနဲ့သာ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်တဲ့ လူရိုးလူအေးတစ်ယောက်။ အခုလဲ ခြံထဲက ရင့်မှည့်တဲ့အသီးအနှံတွေကို ခူးယူဖို့ ကိုယ်တိုင်လိုက်ပါသွားခဲ့တယ်။
++++++
” မိန်းမရေ… ခြံအနောက်က နွားခြံကိုသွားကြည့်လိုက်ဦးနော်၊ ငါ ဝက်စာကျွေးပြီးတာနဲ့ လိုက်လာခဲ့မယ်”

ကျော်စံတစ်ယောက် ဝက်တွေကိုအစာကျွေးရင်း လှမ်းပြောလိုက်တာကြောင့် နွားစာစဉ်းနေတဲ့ မိန်းမဖြစ်သူက လုပ်လက်စအလုပ်ကိုပစ်ကာ နွားခြံဘက်ကိုထွက်သွားခဲ့တယ်။

” ဖြူမနဲ့ ညိုပြာနှစ်ကောင် ဒီနေ့နို့လဲသိပ်မထွက်ဘူး၊ နေများမကောင်းလို့လားမသိ”

မနှင်းက မနက်နွားနို့ညှစ်တဲ့ချိန် နို့မလိုက်တဲ့ နွားနှစ်ကောင်အကြောင်းကိုတွေးကာ ခြံဘက်ကိုလျောက်လာတဲ့အချိန် နွားရုံအနောက်ကိုဖျတ်ခနဲ ဝင်သွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

” သာဒွန်းလားဟေ့…. “

အိမ်မှာ တောက်တိုမယ်ရခိုင်းဖို့ ခေါ်ထားတဲ့ သာဒွန်းထင်ပြီး လှမ်းအော်လိုက်ပေမယ့် အသံမပြုတာကြောင့် နွားခြံထဲကိုမဝင်ပဲ နောက်ကျောဘက်ကို ထွက်လာခဲ့လိုက်တယ်။

” ဟိုကောင်လေး… ငါခေါ်နေတာမကြားဘူးလား၊ အလုပ်မလုပ်ချင်လို့ နွားခြံနောက်လာပုန်းနေတယ်မဟုတ်လား”

မနှင်းက ဗျစ်တောက်ဗျစ်တောက်နဲ့ပြောပြီး ခြံအနောက်ကိုလှမ်းကြည့်လိုက်ပေမယ့် လူရိပ်နဲ့တူတာဆိုလို့ ဘာမှမတွေ့တဲ့အတွက် စိတ်ထဲဇဝေဇဝါဖြစ်သွားပြီး

” ငါအမြင်မှားတာနေမှာပါ” လို့တွေးကာ လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်နေလိုက်တယ်။

” မေ့သမီးလေး ဒီနေ့ နေမကောင်းဘူးလား… နို့လဲသိပ်မထွက်ဘူးနော်”

မနှင်းက ဖြူမကို သားသမီးသဖွယ်သံယောဇဉ်ရှိတာကြောင့် ဦးခေါင်းကိုပွတ်သပ်ပြီး ချော့မြူနေတဲ့အချိန် ညှီစို့စို့ပုတ်အဲ့အဲ့အနံ့တစ်ခုက နှာခေါင်းထဲကိုစူးဝင်လာခဲ့တယ်။

” ထွီ… နံလိုက်တာတော်၊ ဘယ်အိမ်က ပုဇွန်ခေါင်းတွေ ခြံထဲလာပစ်ထည့်ထပြန်ပီလဲမသိဘူး”

ဘေးမှာရှိတဲ့ အိမ်တွေက လူလစ်ရင်လစ်သလို အမှိုက်တွေပစ်ထည့်တတ်တာမို့ မနှင်းတစ်ယောက် တောက်တစ်ချက်ခတ်ပြီး ပြန်ထွက်ဖို့အလုပ် ဝင်ပေါက်ရှေ့ကနေ မိန်းမတစ်ယောက် ဆံပင်ဖားလျားချပြီး ဖြတ်လျောက်သွားတာ မြင်လိုက်ရတယ်။

ဒီတစ်ခါတော့ အမြင်မှားတာမဟုတ်ဘူးဆိုတာသိတဲ့ မနှင်းက ချက်ချင်းဆိုသလို ထွက်ကြည့်ပေမယ့် လူနဲ့တူတာဆိုလို့ ဘာမှမတွေ့။

” ဒီခြံထဲမှာနေလာတာ ငါးနှစ်ပြည့်တော့မယ်… ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးဘူး… မနက်ဖြန် ဦးလေးပြန်လာရင် သေချာပြောပြရမယ်”

အပျိုဘဝတုန်းက ကြမ်းပေ့ဆိုတဲ့ နယ်မြေတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့မနှင်းက အခြေအနေကိုရိပ်စားမိတဲ့အတွက် နွားခြံထဲကနေ ကမန်းကတမ်းထွက်ပြီး အိမ်ရှေ့ကိုပြန်လာခဲ့လိုက်တယ်။

” ကိုကျော်စံ.. ရှင် အလုပ်ကိုခဏထားပြီး ဒီကိုလာပါဦး”

” ဘာဖြစ်လို့လဲမိန်းမရဲ့”

” လာပါဦးဆို လာလိုက်ပေါ့”

မနှင်းစကားကြောင့် ကျော်စံက ဝက်စာပုံးကိုဘေးမှာချပြီး ရောက်လာခဲ့တယ်။

” ဘာဖြစ်လို့လဲ နွားတွေ နေမကောင်းလို့လား”

” အဲဒီအကြောင်းပြောဖို့မဟုတ်ဘူး… ခုနက နွားခြံနားမှာ မိန်းမတစ်ယောက် ဆံပင်ဖားလျားနဲ့ လျောက်သွားနေတာမြင်လို့ တော့”

” ဘယ်ကမိန်းမလဲ… ငါလဲမတွေ့မိပါဘူး”

” ဒါတော့ ကျုပ်လဲဘယ်သိပါ့မလဲ… ဟိုလေ ကျုပ်ကိုသရဲခြောက်တာများလား”

” ဟားဟားဟား ငါ့မိန်းမကတော့ လုပ်ပီဟေ့.. နေ့ခင်းကြောင်တောင်ကြီးသရဲခြောက်စရာလား၊ မင်းအမြင်မှားတာနေမှာပါဟာ၊ ငါတို့ဒီမှာနေလာတာ ကြာပီ ဒီလိုတစ်ခါမှမကြုံဖူးပါဘူး”

” အဲဒါတော့ဟုတ်ပါတယ်… ဒါနဲ့ သာဒွန်းတစ်ယောက်ရော”

” အဲဒီကောင်ကို ခြံအနောက်က အမှိုက်တွေမီးရှို့ခိုင်းထားတယ်၊ နင် နွားခြံဘက်သွားတာ သူ့ကိုမတွေ့မိဘူးလား”

” ဟအင်း မတွေးမိဘူးလေ… ခါတိုင်းဆို သီချင်းလေးတစ်ကြော်ကြော်နဲ့ အလုပ်လုပ်နေတာမြင်ပြီး ဒီနေ့မှပျောက်နေလို့မေးကြည့်တာ”

” ဒီကောင် အလုပ်မလုပ်ပဲ ဘယ်သွားပြန်ပီလဲမသိပါဘူး”

ကျော်စံက စကားဆုံးတာနဲ့ ခြံအနောက်ဘက်ကိုထွက်သွားရာ မနှင်းလဲအနောက်ကနေ တစ်ကောက်ကောက်လိုက်ပါသွားခဲ့တယ်။

” ဟင်… အမှိုက်ပုံကိုမီးတောင်မရှို့ရသေးပါလား.. တောက်စ် ဒီကောင်ကို ဦးလေးနဲ့တိုင်မှရတော့မယ်”

” သေချာရှာပါဦး… အိမ်သာတွေဘာတွေတက်နေလားမှမသိတာ”

မနှင်းစကားကြောင့် ကျော်စံက အလုပ်သမားတွေအတွက် သီးသန့်ဆောက်ပေးထားတဲ့အိမ်သာရှေ့ကိုသွားပြီး တံခါးဆွဲဖွင့်လိုက်ရာ အိမ်သာထဲမှာ အမြုပ်တစီစီထွက်ပြီး သတိလစ်နေတဲ့ သာဒွန်းကိုမြင်လိုက်ရတယ်။

” ဟေ့ကောင်လေး… သတိထားစမ်း သတိထားစမ်း”

ကျော်စံက သားဒွန်းကို ဆွဲထူပြီး လှုပ်နှိုးပေမယ့် သတိပြန်မလည်လာတာကြောင့် ချက်ချင်းဆိုသလို ပွေ့ချီပြီး အိမ်ရှေ့ကိုခေါ်လာခဲ့လိုက်တယ်။

” မိန်းမ …. ဆေးဆရာသွားပင့်… မြန်မြန်”

မနှင်းလဲ ရုတ်တရက်မို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကြောင်အအဖြစ်နေရာကနေ သတိဝင်ကာ ကျန်းမာရေးမှူးအိမ်ဘက်ကို ခပ်သုတ်သုတ်ထွက်သွားခဲ့လိုက်တယ်။

ခြံထဲမှာရုတ်ရုတ်သဲသဲဖြစ်နေတာကြောင့် အနီးနားကလူတွေရောက်လာပြီး ခြေထောက်ချိုးတဲ့သူချိုး ယပ်ခတ်တဲ့သူကခတ်လုပ်လိုက်ရာ ကျန်းမာရေးမှူမရောက်လာခင်အချိန်မှာပဲ သာဒွန်းတစ်ယောက် သတိပြန်လည်လာခဲ့တယ်။ ဒါပေမယ့် အရင်ပုံစံအတိုင်း မဟုတ်တော့ပဲ အနားမှာရှိတဲ့သူတွေကို မျက်လုံးသေနဲ့ကြည့်ကာ ဒူးနှစ်ဖက်ကိုပိုက်ပီး ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ်။

ခဏနေတော့ ကျန်းမာရေးမှူးရောက်လာပြီး စမ်းသပ်ပေမယ့် ဘာမှထူးခြားတာမတွေ့တဲ့အတွက် တစ်စုံတစ်ခုကိုမြင်ပြီး လန့်သွားတာဖြစ်မယ်လို့ ကောက်ချက်ချကာ ပြန်သွားခဲ့တယ်။ ရွာထဲက တတ်သိနားလည်တဲ့သူအချို့ကတော့ ပရိတ်ရေတွေနဲ့ မျက်နှာကိုဖြန်း၊ ဦးခေါင်းကိုလောင်းချလုပ်နေတဲ့ချိန်

” နီရဲနေတဲ့ မျက်လုံးနဲ့ ကျွန်တော်ကိုစိုက်ကြည့်နေတာ၊ သူ့သူ့မျက်နှာမှာလဲ လောက်တွေတဖွားဖွားနဲ့၊ ကျွန်တော်ကြောက်တယ်… ကျွန်တော်ကြောက်တယ် အဟီးအဟီး” လို့ပြောပြီးချုံးပွဲချငိုပါလေရော။

ခဏနေတော့ ငိုတာရပ်သွားပြီး အနားမှာရှိတဲ့သူတွေကို မျက်လုံးသေနဲ့လိုက်ကြည့်နေခဲ့တယ်။

” ဒီကောင်ကို ဒီတိုင်းထားလို့မရဘူး… သူ့ဦးလေးအိမ်ပြန်ပို့မှဖြစ်မယ်၊ ဒီနေ့မှ ဦးလေးက ခြံထဲလိုက်သွားရတယ်လို့ဗျာ”

ကျော်စံက စိတ်ပျက်လက်ပျက်ရေရွတ်ရင်း သာဒွန်းကို မကြောက်ဖို့နှစ်သိမ့်နေတဲ့အချိန် သာဒွန်းရဲ့ ဦးလေးဖြစ်သူရောက်လာပြီး အိမ်ပြန်ခေါ်သွားခဲ့တယ်။
+++++++
” ကိုကျော်စံ… မနက်ကကိစ္စကို ဘယ်လိုမြင်လဲ”
ညစာထမင်းခူးနေရင်းမေးလိုက်တဲ့ မိန်းမဖြစ်သူစကားကြောင့် ကျော်စံတစ်ယောက် လက်ဆေးရေခွက်ထဲလက်နှစ်ထားရာမှ ပြန်ရုတ်လိုက်ပြီး
” ဒီကောင်လေးကံနိမ့်နေလို့ နာနာဘာဝမြင်တာဖြစ်မှာပါ၊ ဒီလိုပုဂ္ဂိုလ်တွေက ငါတို့အနီးနားပတ်ဝန်းကျင်မှာ အနည်းနဲ့အများတော့ရှိမှာပဲလေ စိတ်ထဲမထားနေနဲ့” လို့ပြောကာ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းကိုနယ်ဖတ်ကာစားနေလိုက်တယ်။

ထမင်းစားပြီးချိန်မှာတော့ အိမ်တံခါးတွေလုံမလုံစစ်ပြီး မိမိတို့လင်မယားနေတဲ့ အိမ်အောက်က အခန်းထဲကိုဆင်းလာတဲ့အချိန်
” ဒုန်း ဒုန်း ဒုန်း ဝုန်း”

” ဟာ အိမ်ပေါ်မှာ ဘာတွေပြုတ်ကျပြန်ပီလဲမသိဘူး.. နားတော့ပါမယ်ဆိုမှကွာ”

ကိုကျော်စံက စိတ်မရှည်စွာရေရွတ်လိုက်ပြီး လက်ထဲကမီးအိမ်ကိုမြောက်ကာ အိမ်တံခါးကိုဖွင့်ပြီးအထဲပြန်ဝင်လာခဲ့လိုက်တယ်။

အိမ်ထဲရောက်လို့လိုက်ကြည့်တော့ ပစ္စည်းတွေအားလုံးခြေရာလက်ရာမပျက်ပဲရှိနေတာမြင်လို့ ငါစိတ်ထင်တာနေမှာပါလို့တွေးကာ ပြန်ဆင်းဖို့အလုပ် သူ့အရှေ့တည့်တည့်မှာရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

မျက်နှာဖုံးလုမတတ်ရှည်ကျနေတဲ့ဆံပင်တွေကဖရိုဖရဲ၊ ပုတ်ပွပဲ့ကျနေတဲ့အသားအရည်နဲ့ သူ့ကိုရယ်ကျဲကျဲကြည့်နေတာမြင်တော့ ကိုကျော်စံတစ်ယောက် ဟန်ပင်မဆောင်နိုင်ပဲ ငယ်သံပါအောင်အော်ပြီး ဝရုန်းသုန်းကားထွက်ပြေးပါလေရော။ ကြောက်လန့်နေတဲ့ဇောနဲ့လှေကားထစ်တွေကို ကျော်ပြီးပြေးဆင်းမိတဲ့အတွက် ခြေချော်ပြီးအိမ်အောက်ကို ဒလိမ့်ခေါက်​ကွေးပြုတ်ကျကာ သတိလစ်သွားခဲ့တယ်။
++++++++++
” ကျော်စံ .. သတိထားဦး.. ကျော်စံ”

အသံတွေက ဝေးလာလိုက် နီးလာလိုက်ဖြစ်နေသလို ခံစားနေရပြီး ခန္ဓာကိုယ်က လေထဲလွင့်နေသလိုဖြစ်နေခဲ့တယ်။ အဲဒီအချိန် အိမ်ခေါင်မိုးအပေါ်ကနေ ဝါကျင်နေတဲ့သွားတွ ပေါ်အောင်ထိုင်ရီနေတဲ့မိန်းမတစ်ယောက်ကိုဖျတ်ခနဲတွေ့လိုက်ရတဲ့အတွက် ကျော်စံတစ်ယောက် အလန့်တကြားအော်ကာ သတိပြန်ရလာခဲ့တယ်။

သူ့ဘေးမှာတော့ ဦးလေးဟန်ကြည်အပြင် အခြားလူတွေပါ ဝိုင်းအုံနေတာကို သတိထားမိခဲ့တယ်။

” ကျော်စံ… ဘယ်လိုဖြစ်တာလဲ…”

” ဦးလေး… အိမ်ပေါ်မှာ သရဲ သရဲရှိတယ်… ဆံပင်ဖားလျားချပြီး ပုတ်ပွနေတဲ့အသားစတွေက ကြမ်းပြင်ပေါ်ကိုတစ်ဖတ်ချင်းကျနေတာ ကျွန်တော် ကျွန်တော် တစ်သက်မှာတစ်ခါမှမမြင်ဖူးဘူး”

” စိတ်အေးအေးထားစမ်း… ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းပေးပါမယ်”

” ကျွန်တော်က တော်ရုံမကြောက်တတ်တဲ့သူပါ ဦးလေးရယ်၊ အခုဟာက တကယ့်ကိုသွေးပျက်အောင် ခြောက်လှန့်တာ”

” ငါသိပါတယ်ကွာ… ခဏနေ ရွာဦးကျောင်းသွားပြီး ဆရာတော်နဲ့တိုင်ပင်လိုက်ပါမယ်၊ မင်းလဲ သက်တောင့်သက်သာနားလိုက်ဦး”

ဦးဟန်ကြည်က ကျော်စံကို အားပေးပြီး သာဒွန်းနေတဲ့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
” ကိုငယ်လေး… သာဒွန်းအခြေအနေဘယ်လိုနေသေးလဲ”

” ဟော ကိုဟန်ကြည်ပါလား.. ကျုပ်တူအခြေအနေသိချင်ရင် အိမ်ထဲဝင်ကြည့်ပါဗျာ”

ဦးဟန်ကြည်လဲ အိမ်ပေါ်ကိုတက်လာပြီးကြည့်လိုက်ရာ အိမ်ထောင့်လေးမှာ တုန်တုန်ရီရီနဲ့ ငုတ်တုတ်ထိုင်နေတဲ့ သာဒွန်းကိုမြင်လိုက်ရတယ်။

” သာဒွန်း… မင်း ဘာဖြစ်နေတာလဲ”

” သရဲမ သရဲမ ခြံထဲမှာရှိတယ်… နီရဲနေတဲ့မျက်လုံးတွေက ကြောက်စရာကြီး .. သွား သွား ငါ့အနာယမလာနဲ့ သွားကြ သွားကြ”

သာဒွန်းက ဦးဟန်ကြည်ကိုတောင် မသိတော့ပဲ ကြောက်လန့်တကြားဖြစ်နေတာမြင်တော့ စိတ်ထဲမကောင်းဖြစ်သွားပြီး အိမ်အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။

” ကိုငယ်လေး… ဒါက သာဒွန်းအတွက် လိုအပ်တာသုံးဖို့ပေးတာပါ၊ ကျုပ်ကိစ္စလုပ်ပေးနေရင်းဖြစ်သွားတဲ့အတွက် ကျုပ်မှာတာဝန်ရှိတယ်မဟုတ်လား”

” ကျေးဇူးတင်ပါတယ်ဗျာ.. ဒါနဲ့ ကျော်စံတစ်ယောက်လဲ သာဒွန်းလိုဖြစ်သွားတယ်ကြားမိလိုက်တယ်”

” ဟုတ်တယ် ကိုငယ်လေးရေ.. ဒါကြောင့် ဒီကနေပြန်ရင် ဘုန်းကြီးကျောင်းခဏဝင်ပြီးတိုင်ပင်ကြည့်ပါဦးမယ်”

ဦးဟန်ကြည်လဲ ကိုငယ်လေးကိုနှုတ်ဆက်ကာ ဘုန်းကြီးကျောင်းဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။ ကျောင်းရောက်တော့ ဆရာတော်မရှိတာမို့ တိုက်အုပ်ကိုယ်တော်လေးကိုအကျိုးအကြောင်းပြောကာ မနက်ဖြန် ပရိတ်ကမ္မဝါရွတ်ဖတ်ဖို့အတွက် လျောက်တင်ခဲ့တယ်။

တိုက်အုပ်ကိုယ်တော်လေးကလဲ အသက်ငယ်တာကတစ်ကြောင်း အခုလိုအဖြစ်မျိုးကိုစိတ်ဝင်စားတာကြောင့် ချက်ချင်းလက်ခံကာ လိုအပ်တာတွေပြင်ဆင်ထားဖို့ မိန့်ကြားခဲ့တယ်။

ဦးဟန်ကြည်လဲ အိမ်ပြန်ရောက်တာနဲ့ ပရိတ်အိုးတွေနဲ့ လှူဖွယ်ပစ္စည်းတွေကိုပြင်ဆင်ပြီး နောက်တစ်နေ့ ရောက်မယ့်အချိန်ကို အားတက်သရော စောင့်မျှော်နေလိုက်တယ်။

ညဘက်ရောက်တော့ အလုပ်သမားတွေအကုန် အိမ်ပေါ်မှာလာအိပ်ပေးကြတဲ့အတွက် ဦးဟန်ကြည်တစ်ယောက်အနည်းငယ်စိတ်သက်သာရာရခဲ့တယ်။ ဒီလိုနဲ့ ညသန်းခေါင်အချိန်ရောက်တော့

” ကျွီ…. ကျွီ”

စကားပြောနေရင်း ကြားလိုက်ရတဲ့အသံကြောင့် ဦးဟန်ကြည်အပါအဝင် အခြားသူတွေပါ ခေါင်းတွေထောင်လာခဲ့တယ်။

” ဘီဒိုကိုတွန်းနေတဲ့အသံလိုပဲ… ဘယ်နားကထွက်လာတာလဲ သတိထားမိလား”

” အိမ်ခန်းထဲကဖြစ်နိုင်တယ်ဦးလေး… အသံကအဲဒီဘက်ကထွက်လာတာ”

ဖိုးစိန်စကားကို ကျန်တဲ့သူတွေအားလုံး လက်ခံကာ ထိုင်နေရာကနေ အသာထပြီး အိမ်ခန်းထဲကိုချောင်းကြည့်လိုက်ရာ အဝတ်ထည့်ထားတဲ့ ဘီဒိုက အကောင်အထည်မမြင်ရပဲ တကျွီကျွီနဲ့ ရွေ့နေတာကိုမြင်လိုက်ရတယ်။

” ဦးလေး ဒီကိုလာကြည့်ဦး.. ဗီဒိုက သူ့အလိုလိုရွေ့နေတယ်ဗျ”

ဖိုးစိန်အသံကြောင့် အိမ်ရှေ့မှာရှိနေတဲ့သူတွေအားလုံး အခန်းထဲရောက်လာကြတဲ့ချိန်မှာတော့ ဘီဒိုက မလှုပ်ရှားတော့ပေ။

” ငါ့အိမ်က ဘယ်လိုဖြစ်တာလဲကွာ… အရင်က ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးပါဘူး”

” ဦးလေး.. ဒါက မကောင်းတဲ့ပညာနဲ့တိုက်ထားတာ ဖြစ်နိုင်တယ်နော်”

” ဟေ့ကောင်ရ.. ငါက ဘယ်သူကိုဒုက္ခပေးနေလို့ ဘယ်သူက ငါ့ကိုမကောင်းကြံရတာလဲ”

” ဒါတော့ မသိဘူးလေ ဦးလေးရယ်၊ လောကမှာ ကိုယ့်ကိုမနာလိုတဲ့သူက ရှိစမြဲမဟုတ်လား”

” ဟင်း… ဒီညတော့ မင်းတို့အားလုံးမအိပ်ကြနဲ့တော့၊ အားလုံးအိပ်နေရင် ဘာ​တွေထပ်ဖြစ်မယ် ဆိုတာတွေးလို့ရတာမဟုတ်ဘူး”

ဦးဟန်ကြည်စကားကြောင့် အဖော်လုပ်ပေးနေကြတဲ့သူတွေအားလုံး မအိပ်ကြတော့ပဲ တစ်ညလုံး စကားပြောကာ ထိုင်စောင့်နေခဲ့လိုက်တယ်။ တစ်ညလုံး အိမ်ကိုခဲနဲ့ပေါက်လိုက်၊ အပုတ်နံ့ပေးလိုက်၊ ပစ္စည်းတွေရွေ့လိုက်နဲ့ ဒုက္ခပေးနေခဲ့ရာ အရုဏ်တက်ချိန်ရောက်မှ ငြိမ်သွားခဲ့တယ်။

သံဃာတော်တွေကြွလာတဲ့အချိန်မှာတော့ အိမ်နောက်ဖေးမှာရှိတဲ့ ဒန်အိုးတွေက လေမတိုက်ပဲ ပြုတ်ကျကုန်တဲ့အတွက် ဦးဇင်းငယ်လေးတွေအကုန် မျက်စိမျက်နှာပျက်သွားခဲ့တယ်။ ဒါပေမယ့် စီစဉ်ပြီးသားမို့ လုပ်ထုံးလုပ်နည်းအတိုင်း ပရိတ်ကမ္မဝါရွတ်ဖတ်ခဲ့ရာ တစ်ဝက်လောက်အရောက်မှာတော့ အလွန်နံစော်တဲ့ တံတွေးတွေက တရားနာပရိတ်သတ်တွေအပေါ် ကျလာတဲ့အပြင် ကုလားထိုင်တွေက လူမရှိပဲ တကျွီကျွီနဲ့ရွေ့လျားလာတာကြောင့် ဦးဇင်းငယ်တွေအပါအဝင် ပရိတ်သတ်တွေပါ ထပြေးရတဲ့အဆင့်ထိဖြစ်ခဲ့ရတယ်။

လူတွေအကုန်အိမ်အောက်ရောက်ချိန်မှာတော့ ပရိတ်အိုးတွေရော လှူဖွယ်ပစ္စည်းတွေပါ ပြူတင်းပေါက်ကနေ လွှင့်ထွက်လာသလို ကျယ်လောင်တဲ့ တောက်ခတ်သံတွေကိုလဲ ကြားလိုက်ရတယ်။

တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးတဲ့ဖြစ်စဉ်ကြောင့် ဦးဟန်ကြည်ရော ရွာသားတွေပါ ထိတ်လန့်သွားခဲ့​ပြီး အိမ်မှာဆက်မနေရဲကြတော့ပေ။

ရွာသားတွေအနေနဲ့ ညဘက်တွေဆိုရင် အိမ်ထဲမှာ လမ်းလျောက်နေတဲ့မိန်းမတစ်ယောက်ကို မြင်တွေ့ကြရသလို ပစ္စည်းတွေကိုဒေါသတစ်ကြီးပစ်ချသောင်းကျန်းနေတဲ့အသံတွေကိုလဲကြားခဲ့ကြတယ်။

ဒီလိုနဲ့ နှစ်ရက်လောက်ကြာတော့ ဦးဟန်ကြည်နဲ့ စံလှတို့လဲ ဆရာတော်ကိုမြို့တက်ပြီး ပင့်ဖို့ရွာကနေ ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်ဝက်ရောက်တော့ နေကလဲတည့်နေပြီမို့ ပါလာတဲ့ ထမင်းထုပ်တွေကို အရိပ်ရသစ်ပင်အောက်မှာဖွင့်စားနေတဲ့ချိန် မလှမ်းမကမ်းလယ်ကွင်းထဲကနေ ရုတ်ရုတ်သဲသဲဖြစ်လာတာကြောင့် စံလှက ထမင်းစားနေတာကိုလက်စသတ်လိုက်ပြီး လူတွေအုံနေတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

” ပိုးထိတာအတော်ကြာနေပြီလား…”

” တစ်နာရီလောက်တော့ရှိပြီ… အခုမြို့ကိုသွားဖို့ ထမ်းဆင်နဲ့သယ်လာတာပါ”

” ဒီပုံတိုင်းဆိုရင် လူနာက မြို့မရောက်ခင် အသက်ဆုံးမှာပဲ… လူနာကို အပင်အောက်ခေါ်လာခဲ့”

ရှည်လျားတဲ့ဆံပင်ကို သေသပ်စွာစည်းနှောင်ထားတဲ့ လူက ပိုးထိလူနာကိုသစ်ပင်အောက်မှာ ချခိုင်းပြီး ခန္ဓာကိုယ်ကိုစမ်းသပ်လိုက်တယ်။

” အချိန်မှီသေးတယ်… မောင်ကောင်း… ရေတစ်ခွက် ယူလာခဲ့”

” ဆရာ ဒီနားမှာ ရေနဲ့တူတာဆိုလို့ ဘာမှမရှိဘူး… ဘယ်လိုလုပ်ရမလဲ”

လယ်ကွင်းပြင်စပ်မှာဖြစ်နေတာကြောင့် ရေအိုးစင်တစ်လုံးမှမရှိတဲ့အတွက် အခက်တွေ့နေတဲ့အချိန်

” ခဏလေး ခဏလေး ကျုပ်တို့လှည်းမှာ သောက်ရေတွေပါလာတယ်၊ ကျုပ်သွားယူပေးမယ်”

စံလှက လှည်းဆီကိုအလောတကြီးပြေးကာ ပါလာတဲ့ ရေဘူးနဲ့ခွက်ကိုယူလာပေးခဲ့တယ်။

ဆရာဖြစ်ဟန်တူတဲ့သူက ရေရတာနဲ့ ခွက်ထဲကိုထည့်ပီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကို တတွတ်တွတ်ရွတ်ဆိုတာ လက်ညိုးနဲ့မွှေနေခဲ့တယ်။ ပြီးတာနဲ့ ခေါင််််းကနေ ​ခြေဖျားအထိကို ညာဘက်လက်ဝါးနဲ့ ခပ်နာနာလေးသပ်ချလိုက်ရာ အစွယ်ပေါက်ထဲကနေ မဲညစ်ညစ်​သွေးပုတ်တွေ စီးကျလာပြီး လူနာက တအင်းအင်းနဲ့သတိပြန်လည်လာခဲ့တယ်။

” သတိပြန်ရလာပြီ သတိပြန်ရလာပြီဟ… “

လူအုပ်ကြီးရဲ့ အော်သံကိုကြားတော့ ဆရာဖြစ်သူက ခေါင်းကိုခါယမ်းလိုက်ပြီး

” မြွေဆိပ်ထွက်သွားတာမှန်ပေမယ့် အထဲမှာ တစ်ခုခုကျန်နေသေးတယ်… လူနာကို ဘယ်သူမှမထိနဲ့ဦး” လို့ပြောကာ အစွယ်ပေါက်နေရာကို လက်နဲ့အုပ်ပြီး အကြိမ်ပေါင်းများစွာသပ်ချလိုက်ရာ ဆန်စေ့နှစ်စေ့အရွယ်ရှိတဲ့ အစွယ်က အပေါက်ထဲကနေ လောက်တစ်ကောင်လို လူးလွန့်ပြီးထွက်လာခဲ့တယ်။

” ဒါ ဒါ မြွေစွယ်မဟုတ်လား… ဒီကောင်ကအထဲမှာကျန်နေတာလား”

” ဟုတ်တယ်… ပေါက်လိုက်တဲ့အချိန် အစွယ်ထိပ်ပိုင်းလေးကျိုးပြီး အထဲမှာကျန်နေတာ၊ ဒါကိုမသိပဲထလိုက်မယ်ဆိုရင် လူနာက မြွေဆိပ်တပ်တက်ပြီး အသက်အန္တရာယ်စိုးရိမ်နိုင်တယ်၊ အခုတော့ စိုးရိမ်စရာမလိုတော့ပါဘူး… လူနာကို ရေမန်းလေးတိုက်လိုက်ပါဦး”

ရေမန်းသောက်ပြီးချိန်မှာတော့ ပြာနှမ်းနေတဲ့ နှုတ်ခမ်းဖျားက သွေးရောင်အနည်းငယ်သမ်းလာပြီး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

” တော်သေးပါရဲ့ဗျာ… ဆရာနဲ့တွေ့လို့သာပဲ၊ မဟုတ်ရင် ဒုက္ခရောက်ပြီ”

” ဒီလိုလဲမဟုတ်ပါဘူးဗျာ… ဒီနေရာက ကျန်းမာရေးဌာနနဲ့ဝေးလို့ ကျုပ်က ကုပေးလိုက်တာပါ၊ ကျန်းမာရေးဌာနနဲ့ နီးတဲ့နေရာဆိုရင်တော့ ကျုပ်က အဲဒီကိုပဲသွားခိုင်းမှာ”

” ဟင်… ဘာဖြစ်လို့လဲဆရာ….”

” အချို့အရာတွေက တစ်သမတ်ထဲယုံလို့မရဘူးလေ၊ မြွေဆိပ်ဖြေဆေးရှိတဲ့ ကျန်းမာရေးဌာနနဲ့ နီးပါလျက်နဲ့ မန်းမှုတ်ပေးမယ့် ဆရာကိုလိုက်ရှာတာမျိုးက မဖြစ်သင့်ဘူးမဟုတ်လား”

ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပြောနေတဲ့သူကိုကြည့်ပြီး စံလှတစ်ယောက် သဘောကျကာ အနားကိုကပ်သွားခဲ့လိုက်တယ်။

” ဆရာတို့အချိန်ရရင် ကျုပ်တို့လှည်းဆီကို ခေတ္တကြွပေးလို့ရမလား”

” ဘာအရေးကိစ္စများရှိလို့လဲဗျ”

” ကိစ္စကတော့ ကြီးတယ်ဆရာ.. သေချာလေးပြောပြမှရမှာမို့လို့ပါ၊ ဆရာ မြွေဆိပ်ကုတာမြင်ပြီး လေးစားအားကိုးတဲ့စိတ်တွေဖြစ်လာလို့ အကူညီတောင်းမိတာပါ”

” ကောင်းပြီလေ.. ကျုပ်တို့လိုက်ခဲ့ပေးပါမယ်”
စံလှလဲ ပိုးထိလူနာရှင်တွေကျေးဇူးတင်စကားပြောပြီးတဲ့ထိစောင့်ကာ လှည်းဆီကိုခေါ်လာခဲ့လိုက်တယ်။
++++++

” ဟေ့ကောင် စံလှ… ရေတစ်ဘူးယူပြီးထွက်သွားတာ အခုမှပြန်ရောက်လာရသလား၊ မြို့ပေါ်တက်ဖို့ နောက်ကျနေပါတယ်ဆိုမှ”

” ဦးလေးကလဲ ပြောမယ်ဆိုတာကြီးပဲ… ကျွန်တော်က ဆရာတွေကိုပင့်နေလို့ နည်းနည်းကြာနေတာပါ”

” ဘယ်ကဆရာတွေလဲ… မင်း ဘာတွေလျောက်လုပ်လာပြန်တာလဲကွာ”

ဦးဟန်ကြည်စကားကြောင့် စံလှက အားတုံ့အားနာမျက်နှာနဲ့
” ဦးလေးက မသိလို့ပြောမိတာပါ ဆရာတို့ရယ် စိတ်မဆိုးကြပါနဲ့…”

” ရပါတယ်ဗျာ … စိတ်မဆိုးပါဘူး၊ ဒါနဲ့ ကျုပ်တို့ကိုပြောမယ့်ကိစ္စဆိုတာ ဘာများလဲဗျ”

စံလှလဲ ဦးဟန်ကြည်အိမ်မှာ​ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အသေးစိတ်ပြောပြလိုက်ရာ

” အရင်ကမ​ဖြစ်ခဲ့ပဲ ချက်ချင်းထ​ဖြစ်တာဆိုတော့ သာမန်အစွဲတော့မဖြစ်နိုင်ဘူး… ဒါပေမယ့် အိမ်ပိုင်ရှင်က သဘောတူညီတယ်ဆိုမှ ကျုပ်တို့လိုက်ခဲ့ပေးပါမယ်”

ဦးဟန်ကြည်လဲ အဲဒီတော့မှ စံလှခေါ်လာတာ ပယောဂကုတဲ့ဆရာတွေမှန်းသဘောပေါက်သွားပြီး

” ဆရာလေးတို့ကို မယုံလို့ပြောတာမဟုတ်ပါဘူး… ကျုပ်တို့က မြို့တက်ပြီး ဆရာတော်ကိုပင့်ဖို့စိတ်လောနေတာကြောင့် ဘယ်သူ ဘယ်ဝါဆိုတာ မမေးမိလိုက်တာပါ၊ ကျုပ်တောင်းပန်ပါတယ်ဗျာ”

” ဒါနဲ့ ရွာမှာက သံဃာတော်တွေမကျန်ခဲ့ဘူးလား… ဒီလိုဖြစ်ရပ်တွေက ပဗ္ဗာဇနိယကမ္မဝါနဲ့မောင်းထုတ်လို့ရတယ်လေ”

” ဆရာတော်ကြီးက မြို့ပေါ်ကြွသွားလို့ ကိုယ်တော်ငယ်လေးတွေနဲ့ ရွတ်တာ ဗြောင်းဆန်အောင်သောင်းကျန်းလို့ အကုန်ထပြေးကြရတယ်”

” တကယ့်ထေရ်ကြီးဝါကြီး သံဃာတွေရွတ်ရင် နတ်ဘီလူးတွေတောင် ထွက်ပြေးကြရလို့ ဝိနည်းရှောင်တဲ့ သံဃာအတော်များများက ပဗ္ဗာဇနိယကမ္မဝါစာကို မရွတ်ဖတ်ကြဘူး”

” ကမ္မဝါဆိုရင် တစ်မျိုးထဲပဲထင်နေတာ… အဲလိုမဟုတ်ဘူးလား”

” ဘယ်ဟုတ်မလဲ… အနန်တရာယိကကမ္မဝါစာနဲ့
ပဗ္ဗာဇနိယကမ္မဝါစာတွေကို လူတွေအတွက်သုံးပြီး အခြားကမ္မဝါစာတွေကိုတော့ ရဟန်းတက်တဲ့အခါ သိမ်နှုတ်သိမ်သမုတ်တဲ့အခါတွေမှာသုံးကြတယ်”

” ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ… ဆရာတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကူညီပေးပါဗျာ”

” ကာယကံရှင်ကိုယ်တိုင် လိုလိုလားလားနဲ့ ပြောလာတော့လဲ ကူညီပေးရတာပေါ့”

” ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်နာမည်က ဟန်ကြည်လို့ခေါ်ပါတယ်၊ သူကတော့ စံလှပါ”

” ကျုပ်နာမည်က အောင်မြတ်သာပါ၊ ဒီနှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်ပါတယ်”

” ဟုတ်ကဲ့ဆရာ … ဒါဖြင့် လှည်းပေါ်တက်ပါဦး”

” ဦးလေးတို့ရွာနာမည်က ဘာလဲဗျ… ကျုပ်တို့ ရှေ့ကရွာထဲခဏဝင်စရာရှိလို့ ပြီးတာနဲ့ လိုက်လာခဲ့ပါမယ်”

” ကျုပ်တို့ရွာနာမည်က ကုန်းမြင့်သာရွာလို့ခေါ်ပါတယ်၊ ဆရာလေးတို့က ဘယ်ရွာကိုသွားမှာလဲ ကျုပ်တို့လိုက်ပို့​ပေးမယ်လေ”

” ကျုပ်တို့က ယောင်ဗွေရွာကိုသွားမလို့ပါ…လိုက်ပို့လို့အဆင်ပြေပါ့မလား”

” ယောင်ဗွေရွာဆိုတာ တစ်ခါမှလဲမကြားဖူးဖူး… စံလှ မင်းရောသိလား”

” ဟအင်း အခုမှပဲကြားဖူးတာ”

” ထားပါဗျာ … ညနေ နေမဝင်ခင် ကျုပ်တို့အရောက်လာခဲ့ပါမယ်”

အောင်မြတ်သာတို့လဲ ဦးဟန်ကြည်တို့ကို နှုတ်ဆက်​ပြီး ယောင်ဗွေရွာဘက်ကို ထွက်သွားခဲ့ကြတယ်။
++++++
” ဟဲ့ … ဟဲ့… ရှူး…. ဒီကောင်ကွာပေကပ်ကပ်နဲ့”
စံံံလှက နွားဇက်ကြိုးကိုဆွဲပြီး ရွာလမ်းမထဲကို ကွေ့လိုက်တဲ့အချိန် ဝါးရုံတန်းဘေးမှာ မတ်တပ်ရပ်နေကြတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

” ဦးလေး… ဟို ဟိုမှာ ဆရာတွေရောက်နေကြပါလား… “

စံလှစကားကြောင့် ဦးဟန်ကြည်က ခေါင်းထောင်ကြည့်လိုက်ပြီးမှ လှည်းအောက်ကိုဆင်းပြီး

” ဆရာတို့ ဘယ်လမ်းကနေများ လာလိုက်ကြတာလဲ၊ မြန်လိုက်တာဗျာ”

” ယောင်ဗွေရွာက မိတ်ဆွေတွေ ဖြတ်လမ်းကနေ လိုက်ပို့​ပေးလို့ ရောက်လာကြတာပါ… ကဲ ရှေ့ကနေ ဖြေးဖြေးမောင်းသွားပါ၊ ကျုပ်တို့လိုက်လာခဲ့ပါ့မယ်”

ဦးဟန်ကြည်တို့လဲ အောင်မြတ်သာတို့ကို အံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်​ပြီး ခေတ္တတည်းတဲ့အိမ်ဘက်ကိုမောင်းထွက်လာခဲ့လိုက်တယ်။

အောင်မြတ်သာတို့လဲ လှည်းအနောက်ကနေ ခပ်ခွာခွာလိုက်လာခဲ့ရာ အိမ်တစ်လုံးရှေ့ရောက်တော့ နွားလှည်း​က တုံ့ခနဲရပ်လိုက်ပြီး

” ဒီအိမ်ပဲဆရာရေ… ကျုပ်တို့ဖြင့် အထဲမဝင်ရဲလို့ ဒီတိုင်းပစ်ထားရတာ”

” ကျုပ်တို့ဒီည ဒီအိမ်မှာပဲအိပ်လိုက်ပါမယ်”

” ဆရာလေးတို့ အဆင်ပြေပါ့မလား… စားဖို့သောက်ဖို့အတွက်က ဘယ်လိုစီစဉ်ပေးရပါ့မလဲ”

” ကျုပ်တို့က မီးလွတ်အဓိဌာန်စားနေတာမို့ အသီးအနှံအချို့ရှိရင်ရပါပြီ”

” ဒါဖြင့် ခဏနေ ကျုပ်တို့လာပို့ပေးပါမယ်၊ စံလှရေ ဆရာလေးတို့လိုအပ်တာခိုင်းဖို့ မင်းလိုက်နေပေးလိုက်ဦး”

ဦးဟန်ကြည်စကားကြောင့် စံလှမျက်နှာ ပျက်သွားတာမြင်တဲ့ အောင်မြတ်သာက
” နေပါစေဗျာ… ကျုပ်တို့သုံးယောက်နဲ့အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့” လို့ပြောကာ စေ့ထားတဲ့ခြံတံခါးကို တွန်းဖွင့်ပြီးအထဲဝင်သွားလိုက်တယ်။

ခြံထဲကိုခြေချတာနဲ့ ညှီစို့စို့သွေးနံ့က နှာခေါင်းထဲစူးခနဲဝင်လာတာကြောင့် မျက်လွှာကိုပင့်ပြီးကြည့်လိုက်ရာ ပွင့်နေတဲ့ပြူတင်းပေါက်မှာ ကျောပေးပြီးရပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့နောက်ကျောကို မြင်လိုက်ရတယ်။

မောင်ကောင်းနဲ့ခွန်းလှကတော့ ခြံပတ်ပတ်လည်ကိုလိုက်ကြည့်ရင်း တစ်နေရာအရောက်မှာတော့

” ဆရာ ခြံရောအိမ်ကိုပါတိုက်ထားတဲ့ပုံပဲ… ခြံထဲမှာလဲ အပုတ်နံ့တွေရနေတယ်”

” မောင်ကောင်းပြောတာဖြစ်နိုင်တယ်၊ ခွန်းလှက​ရော ဘယ်လိုမြင်လဲ”

” ကျွန်တော်အမြင်ပြောရရင် သွေးညှီနံ့ရော အပုတ်နံ့ပါတွဲလျက်ရတယ်ဆိုတော့ အစိမ်းတိုက်လို့မြင်မိတယ်”

အောင်မြတ်သာတို့ ခြံထဲမှာစကားပြောနေတဲ့ချိန် စံလှတစ်ယောက် ဆွဲခြင်းတစ်လုံးနဲ့ရောက်လာပြီး

” ဆရာလေးတို့စားဖို့ အသီးအနှံတွေလာပို့ပေးတာပါ၊ ဟိုလေ အိမ်ထဲမှာ ဘာမြင်လဲဆရာ”

” မိန်းမတစ်ယောက် ရှိနေတယ်လို့တော့ခံစားမိတယ်၊ ဘာဖြစ်လို့လဲ”

” မှန်လိုက်တာဆရာရယ်… သူ့ကြောင့် သာဒွန်းနဲ့ ကျော်စံတို့နှစ်ယောက် ရူးသလိုကြောင်သလိုဖြစ်နေတာ၊ ဒါပြီးရင် သူတို့ကိုလဲကြည့်ပေးပါဦးဆရာရယ်”

” ဒီကိစ္စရှင်းပြီးတာနဲ့ ကျန်တဲ့သူတွေအလိုလိုကောင်းသွားပါလိမ့်မယ်၊ သိပ်လဲစိတ်မပူပါနဲ့”

” ဟုတ်ကဲ့ဆရာ… အိမ်ပေါ်မှာတော့ ဖယောင်းတိုင်တွေ မီးခြစ်တွေလဲရှိတယ်ဆရာ၊ အိပ်ယာတွေကတော့ အိမ်ခန်းထဲမှာ ရှိပါတယ်”

အောင်မြတ်သာလဲ စံလှဆီက အသီးအနှံခြင်းကိုယူကာ ပြန်နားဖို့ပြောပြီး အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ကိုရောက်တာနဲ့ ဝုန်းဒိုင်းကျဲတဲ့အသံတွေ စတင်ကြားလိုက်ရပြီး အိမ်နံရံကိုလက်နဲ့ပုတ်တဲ့အသံတွေကိုလဲတစ်ဆက်ထဲကြားလိုက်ရတယ်။

အောင်မြတ်သာကတော့ အသံကြားတဲ့ဘက်ကို ဂရုမစိုက်ပဲ ဖုန်တွေတက်နေတဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ကာ ဖယောင်းတိုင်မီးငါးတိုင်ပူဇော်လိုက်တယ်။

ဘုရားမီးပူဇော်ပြီးတဲ့ချိန်ရောက်မှ အသံဗလံတွေငြိမ်သက်သွားပြီး အိမ်နောက်ဘေးဘက်ကိုဆင်းပြေးတဲ့ခြေသံတစ်ခုကို အရှင်းသားကြားလိုက်ရတယ်။

” ဆရာ… ဟိုကောင်ပြေးပီးထင်တယ်… ဘယ်လိုလုပ်ရမလဲ”

” လွှတ်ထားပေးလိုက်ပါဦး… ခဏနေလို့ အမိန့်ပြန်ပြီးခေါ်ရင် စကြာဝဠာတံတိုင်းအပြင်ဘက်ရောက်နေတာတောင် ရောက်အောင်လာရလိမ့်မယ်”

အောင်မြတ်သာကစကားဆုံးတာနဲ့ ဘုရားကျောင်းဆောင်ရှေ့မှာသီလခံယူပြီး မောင်ကောင်းနဲ့ ခွန်းလှတို့ကိုလဲ သီလယူစေခဲ့တယ်။ ပြီးတာနဲ့ အထက်ဆရာတွေကိုခွင့်တောင်းပြီး

” ဒီအိမ် ဒီခြံကို လူနေလို့မရအောင် ခြောက်လှန့်ဖမ်းစားနေတဲ့ ပုဂ္ဂိုလ် ကျုပ်အရှေ့ကို အကောင်အထည်လိုက်ရောက်စေ၊ အမိန့်ကို ငြင်းဆန်ခွင့်မရှိစေရ၊ ငြင်းဆန်ပြီးမလာရောက်ခဲ့သည်ရှိသော် ခန္ဓာကိုယ်တစ်ခုလုံး နေရာလွတ်မကျန်တဲ့ထိ ပူလောင်မှုကိုခံစားရစေသား” လို့အမိန့်ပြန်လိုက်ရာ အိမ်နောက်ဖေးရေကပြင်ကနေ လေးဘက်ထောက်ပြီး ဝင်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

ဆံပင်တွေက မျက်နှာကိုမမြင်အောင်ဖုံးကွယ်ထားပြီး ကောက်ကွေးနေတဲ့လက်နှစ်ဖက်ကိုလိမ်ကာ လေးဘက်ထောက်လာနေတဲ့မိန်းမက အောင်မြတ်သာ အရှေ့လဲရောက်ရော ဆတ်ခနဲထထိုင်ပြီး ကျောပေးထားလိုက်တယ်။

” နင် ဘယ်သူလဲ… အမှန်တိုင်းဖြေစမ်း”

” ငါ့ ငါ့ နာမည် ပြူးစိန်မ”

” ပြူးစိန်မဆိုရင် ဘုရားဘက်လှည့်ပြီး ဦးတိုက်”

” မတိုက်ဘူး… ငါက ဘုရားကိုမကြည့်ချင်ဘူး”

” မင်းက ဘုရားကိုတောင်မသိတဲ့ထိ မိုက်မဲနေတာကိုး… ကဲ ဆိုင်ရာက ဒီိမိန်းမကိုဆံပင်ကနေ ဆွဲကိုင်ပီး ဘုရားဘက်မျက်နှာမူအောင် လုပ်ပေးလိုက်”

အောင်မြတ်သာစကားဆုံးတာနဲ့ ဆံပင်ဦးစဖုတ်က ဆတ်ခနဲထောင်တက်သွားပြီး လည်ပင်းရိုးတွေပါ တဂျွတ်ဂျွတ်မြည်လာသလိုဖြစ်ကာ ရှေ့ကို လှည့်လာခဲ့တယ်။

” ဘုရားဦးတိုက်စမ်း… “

” မတိုက်ဘူး.. လုံးဝမတိုက်ဘူး”

” ဟူး အတော်ခေါင်းမာတဲ့သရဲမပဲ… ကဲ မတိုက်ဘူးဆိုတော့လဲ ဆင်ပိုင်က ငယ်ထိပ်ကို ခြေနဲ့နင်းပြီး ဦးတိုက်ခိုင်းလိုက်”

စကားဆုံးတာနဲ့ ဦးခေါင်းက ချက်ချင်းကြမ်းပြင်အောက်ကိုကျဆင်းလာပြီး တဒုန်းဒုန်းနဲ့ဆောင့်ပါလေရော။

” ပြူးစိန်မ… နင့်ခေါင်းကိုဆင်နဲ့နင်းတော့ မနာဘူးလား”

” နာတယ်… ဒါပေမယ့် ငါအံကြိတ်ပြီးခံထားတယ်၊ နင်တို့ရှေ့မှာ ဘယ်တော့မှ မာန်မချဘူးဟေ့”

” အတော်ကြမ်းတဲ့အစိမ်းတိုက်ပါလား… ဒါကြောင့် သာမန်ဦးဇင်းလေးတွေ ထွက်ပြေးရတာကိုး”

အောင်မြတ်သာက တီးတိုးရေရွတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချကာ

” နင်ဒီကိုရောက်တာ ဘယ်လောက်ကြာနေပီလဲ”

” မပြောဘူး.. နင်တို့မေးတာ ငါမဖြေဘူး”

” ဟင်း.. နင့်ကိုနာကျင်အောင်မလုပ်ချင်ပေမယ့်.. မလုပ်လို့မရတဲ့အခြေအနေရောက်သွားပြီ၊ အခုကစပြီး ငါမေးတာကိုအမှန်တိုင်းမဖြေရင်တော့ အသဲခိုက်တဲ့နာကျင်မှုမျိုးခံစားအောင်လုပ်ပေးမယ်၊ နင် ဒီကိုဘာရည်ရွယ်ချက်နဲ့ရောက်လာတာလဲ”

အောင်မြတ်သာမေးတာကို ဘာမှပြန်မပြောပဲ ရေငုံနှုတ်ပိတ်နေနေတဲ့ သရဲမရဲ့ကိုယ်က ရုတ်တရက် ဆတ်လနဲကော့တက်သွားပြီး လေပေါ်မြောက်တက်သွားခဲ့တယ်။

” လှံပိုင်တွေ လည်မြိုကို လှံတဲ့ဖောက်ပီး လေပေါ်ချိတ်ဆွဲထားကြ၊ ဓါးပိုင်တွေက ရင်ကိုခွဲပြီး အသဲကို မွှန်းကြစမ်း… “

ပြူးစိန်မက နာကျင်မှုဒဏ်ကို အံကြိတ်ခံပေမယ့် နောက်ဆုံးဘယ်လိုမှမခံစားနိုင်တော့ပဲ အသံနက်ကြီးနဲ့အော်ကာ

” ဒီအိမ်နဲ့ခြံကို ဘယ်သူမနေရဲအောင် လုပ်ခိုင်းထားတာဟေ့… အမလေး သေရပါချည်ရဲ့ နာရပါချည်ရဲ့”

” ဒီအိမ်ကို ဘာနဲ့တိုက်ထားတာလဲ… ပြောစမ်း”

” အိမ်နဲ့ခြံကို အစိမ်းသွေးနဲ့တိုက်ထားတာပါ… ငါ့လည်ချောင်းထဲကထွက်တဲ့ သွေးနဲ့တိုက်ထားတာဟဲ့”

” ဒီနေ့ ဒီအချိန်ကစပြီး နင်နဲ့ဒီအိမ်နဲ့က ဘယ်လိုမှမပတ်သတ်တော့ဘူး၊ ဘယ်တော့အခါမှ ဒီနေရာကိုခြေချခွင့်မရှိစေရဘူး ကြားလား”

” ငါသွားလို့မရဘူး… ငါ့ကိုခိုင်းထားတဲ့အစီအရင်ကို ဖျက်စီးမှသွားလို့ရမယ်…”

” နင့်ကိုဘယ်နေရာမှာမြုပ်ထားတာလဲပြောစမ်း”

” နွားခြံအနောက်က သရက်ပင်အောက်မှာ ရှိတယ်..”

” မောင်ကောင်းနဲ့ခွန်းလှ သရက်ပင်အောက်ကို သွားပြီး အစီအရင်ရှိမရှိ ကြည့်ပေး၊ သူလိမ်ပြောတယ်ဆိုရင် ဒီထက်ပိုတဲ့ အပြစ်ကိုပေးရလိမ့်မယ်”

မောင်ကောင်းတို့လဲ ချက်ချင်းဆိုသလို ဖယောင်းတိုင်မီးကိုယူပြီး နွားခြံနောက်ကိုထွက်သွားခဲ့လိုက်တယ်။ ခဏကြာတော့ သွေးစွန်းနေတဲ့ထဘီနဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်ပါလာခဲ့တယ်။

” ဆရာ သူပြောတာဟုတ်တယ်… ဒီအထုပ်ကိုဘယ်လိုလုပ်ရမလဲ”

” လှေကားအတက်ဆင်းမှာ ခဏထားထားဦး၊ သူ့ကိုမေးစရာရှိသေးတယ်၊ ပြူးစိန်မ နင့်ကိုဘယ်သူခိုင်းတာလဲ မှန်မှန်ဖြေ”

” ငါမသိဘူး… ငါ့ကိုဒီအိမ်နဲ့ ဒီခြံမှာနေရမယ်လို့ပြောလို့လာနေတာ၊ ကျန်တာမသိဘူး”

” ဒီနေ့ဒီအချိန်ကစပြီး နင်နဲ့ဒီနေရာကမသက်ဆိုင်တော့ဘူး… ဒါကြောင့် နင့်ကိုသင့်တော်တဲ့နေရာကိုပို့ပေးမယ်၊ နင်မသွားခင် ဖမ်းစားထားတဲ့သူတွေကို မိမွေးတိုင်းဖမွေးတိုင်းဖြစ်အောင်လုပ်ခဲ့ပေးပါ”

အောင်မြတ်သာက ပြူးစိန်မကိုပြောပြီး စိတ်ထဲကနေ တိုင်တည်လိုက်ရာ ပုတီးတစ်ကုံးကိုလည်ပင်းမှာချိတ်ထားတဲ့အဘိုးအိုတစ်ယောက် ခြံတံခါးဝရှေ့မှာ ပေါ်လာခဲ့တယ်။

” အဘိုးနဲ့နင်လိုက်သွားပေတော့… ဟိုရောက်လို့ရှိရင် သူပေးတဲ့နေရာမှာအေးအေးဆေးဆေးနေ၊ ပြဿနာရှာလို့ကတော့ နင့်ကိုငါလဲကယ်နိုင်မှာမဟုတ်ဘူး” လို့ပြောလိုက်တဲ့အချိန် ပြူးစိန်မက မျက်စိရှေ့ကနေ ပျောက်သွားပြီး အဘိုးအိုဘေးကိုရောက်သွားခဲ့တယ်။

” ဆရာ.. ဒီကိစ္စက ခုလိုကျတော့လဲ လွယ်သားပဲနော်”

” တကယ်တော့ ပြူးစိန်မက အသုံးချခံရတာ၊ သူ့ကိုဒီနေရာမှာနေဖို့ ဖန်တီးတဲ့သူတစ်ယောက်ရှိဦးမယ်၊ ဒါကလဲ အတွင်းလူထဲကပဲဖြစ်မယ်လို့ထင်တယ်”

” ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆရာ”

” ဦးဟန်ကြည်ဆီသွားပြီး တိုင်ပင်ကြတာပေါ့… လောလောဆယ် ဒီအစီရင်ကို မီးရှို့ဖျက်စီးလိုက်”

မောင်ကောင်းတို့လဲ အိမ်အောက်မှာအသင့်ရှိနေတဲ့ ရေနံဆီကို အထုပ်ပေါ်လောင်းချကာ မီးရှို့ဖျက်စီးလိုက်တယ်။ ပြီးတာနဲ့ ဦးဟန်ကြည်နေတဲ့ အိမ်ကိုသွားကာ ဆက်လုပ်ရမယ့်ကိစ္စတွေကို တီးတိုးတိုင်ပင်ခဲ့ကြတယ်။
++++++++
” ဦးလေး… အိမ်မှာဘာမှရှိတော့ဘူးဆိုတာ တကယ်လား”

” တကယ်ပေါ့ဟ… မနက်ဖြန် ငါ့အိမ်ငါပြန်ပြောင်းပီးနေတော့မှာ၊ ဒါနဲ့ သာဒွန်းနဲ့ ကျော်စံတို့ရော ဘယ်လိုနေသေးလဲ”

” ဟိုဆရာတွေပြောသလို လူကောင်းပကတိဖြစ်သွားတာ ဦးလေးရေ၊ ဟိုလေ … အဲဒီဆရာတွေ ဘယ်အချိန်ထဲ​က ပြန်သွားကြတာလဲ”

” ဒီမနက်အစောကပဲ ယောင်ဗွေရွာကိုသွားမယ်ဆိုပြီး ထွက်သွားတာပဲ၊ ဘာဖြစ်လို့လဲ”

” လာပြန်ပီ ယောင်ဗွေရွာ.. အဲဒီရွာအကြောင်း လိုက်မေးကြည့်တော့လဲ ဘယ်သူမှမသိဘူးပဲပြောနေကြတယ်”

” ဟေ့ကောင် စံလှ… ဒါမင်းအလုပ်မဟုတ်ဘူး… အိမ်ပြောင်းပြီးတဲ့အချိန်ကျရင် နွားခြံအနောက်က သရက်ပင်အောက်ကို လူတစ်ယောက်လာပြီး တစ်ခုခုကိုတူးနေလိမ့်မယ်၊ အဲဒီလူက ငါတို့အိမ်ကိုခုလိုဖြစ်အောင် လုပ်တဲ့သူပဲ၊ ဘယ်သူလဲဆိုတာ မင်းရအောင်စောင့်ဖမ်းဖို့ပြင်ထား”

” ဗျာ… နွားခြံအနောက်ကသရက်ပင်ဟုတ်လား”

” အေးလေ ဘာ​ဖြစ်လို့လဲ”

” ဘာမှမဖြစ်ပါဘူး ဒီတိုင်းပြောလိုက်တာပါ၊ ဒါနဲ့ ဆရာလေးတို့ကူညီတာ ဘယ်သူသိသေးလဲဦးလေး”

” မင်းနဲ့ငါနဲ့ပဲသိတာလေ… ဘယ်သူမှမသိဘူး၊ ဒါကြောင့် မင်းသာ သေချာအောင်စောင့်ဖမ်းစမ်းပါ… တကယ်လုပ်တဲ့သူက အဲဒီသရက်ပင်အောက်ကို လာတူးလိမ့်မယ်”

” စိတ်ချ ဦးလေး… ကျွန်တော်ရအောင်ဖမ်းပြမယ်”

စံလှက အားတက်သရောပြောပြီး အိမ်ပြောင်းဖို့ကိစ္စတွေစီစဉ်နေလိုက်တယ်။
+++++++
လူခြေတိတ်ချိန်ဖြစ်တဲ့အတွက် ခြံတစ်ခုလုံး အပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန်အမှောင်ထုကိုအားယူပြီး လူတစ်ယောက် နွားခြံနောက်ကို ခပ်သုတ်သုတ်ဝင်လာခဲ့တယ်။ ခဏကြာတော့ သရက်ပင်အောက်မှာ မြေကြီးကိုတူးဆွနေတဲ့အသံတစ်ချို့ထွက်ပေါ်လာခဲ့တယ်။

” ဟိတ် ဘယ်သူလဲ… “

ရုတ်တရက်ထွက်လာတဲ့ မီးရောင်ကြောင့် ပုဆိုးခြုံပီး တူးနေတဲ့လူက လက်မှာကိုင်ထားတဲ့ သံတူရွင်းကိုပစ်ချပြီး ထွက်ပြေးဖို့အလုပ် စံလှရဲ့လက်က ပုဆိုးကိုလှမ်းဆွဲလိုက်ရာ ဝုန်းခနဲမြေကြီးပေါ်လဲကျသွားခဲ့တယ်။

” ဟင်… မနှင်းပါလား….”

” စံလှ နင်ငါ့ကို ဘာလုပ်တာလဲ… ကယ်ကြပါဦးရှင် စံလှ ကျွန်မကို မတော်မတရားကြံစည်နေလို့”

မနှင်းအော်သံအဆုံးမှာ ဦးဟန်ကြည်ရော အခြားအလုပ်သမားတွေပါရောက်လာခဲ့ကြတယ်။

” ဦးလေး .. စံလှလေ သမီးကို အဟင့် အဟင့်”

မနှင်းက မျက်ရည်စမ်းစမ်းနဲ့ ဦးဟန်ကြည်ကိုကြည့်လိုက် ယောင်္ကျားဖြစ်သူ ကျော်စံကိုကြည့်လိုက်နဲ့အသနားခံနေတဲ့အချိန်

” ကျော်စံ … မင်း ဖြစ်ကြောင်းကုန်စင်သိပြီမဟုတ်လား၊ မင်းဘာဆက်လုပ်မှာလဲ”

” ကျွန်တော်သိပါပြီဦးလေး… ဒီကောင်မက ကျေးဇူးရှင်ကိုကျေးစွပ်တတ်မှန်းမသိခဲ့ဘူး”

” ကိုကျော်စံ ရှင်ဘာပြောနေတာလဲ…”

” မနှင်း… အမှန်တိုင်းဝန်ခံလိုက်တော့… နင် ဘာကြောင့် ဒီလိုလုပ်ရတာလဲ”

စံလှစကားကို မနှင််းက အရူးကွက်နင်းပြီး ဝေ့လည်ကြောင်ပတ်လည်ပေမယ့် နောက်ဆုံးမှာတော့ လိမ်မရမှန်းသိသွားတာကြောင့် ဒူးထောက်တောင်းပန်ပြီး
” မြို့ပေါ်က သူဌေးတစ်ယောက်က ဒီခြံကိုသဘောကျလို့ဝယ်ချင်နေပေမယ့် ဦးလေးကမရောင်းဘူးပြောလို့ ဘယ်သူမှမနေရဲပဲ ရောင်းရအောင် လုပ်မိတာပါ၊ အဲဒီသူဌေးက ခြံကိုရောင်းလို့ရှိရင် ကျွန်မတို့အတွက် လယ်ငါးဧကနဲ့နွားတစ်ရှည်းပေးမယ်လို့ပြောလို့ မကြံကောင်းမစည်ရာကြံလိုက်မိတာပါ” လို့ပြောလိုက်တဲ့အချိန် ကျော်စံရဲ့ လက်က ပါးပေါ်ကိုဖြောင်းခနဲဝင်လာခဲ့တယ်။

” ကျော်စံ စိတ်ထိန်းစမ်း… ဟိတ်ကောင်”

” ဦးလေး… ဒီကောင်မကို ကျွန်တော်ဆက်မပေါင်းနိုင်တော့ဘူး… ဟဲ့ကောင်မ နင်မနက်မိုးလင်းတာနဲ့ အထုပ်ဆွဲပြီး ငါ့ရှေ့ကထွက်သွားစမ်း”

” ကဲ ကောင်မ​လး.. နင်မနက်ရောက်တာနဲ့ ငါ့အိမ်ထဲကထွက်သွားပါ၊ နင့်ကိုဒီရွာမှာမမြင်ချင်တော့ဘူး၊ စံလှ … ကျော်စံကိုခေါ်သွားလိုက်တော့” လို့ပြောကာ အိမ်ရှေ့ကိုပြန်ထွက်လာခဲ့လိုက်တယ်။

မနက်လင်းအားကြီးချိန်ရောက်တော့ မိန်းမတစ်ယောက် အထုပ်တစ်ထုပ်ကိုပိုက်ပြီး တစ်ရွေ့ရွေ့ထွက်သွားတာကို ရွာထဲကလူအချို့မြင်တွေ့လိုက်ရတယ်။
+++++++++
အောင်မြတ်သာတို့လဲ ဦးဟန်ကြည်ကို ကူညီပေးပြီးတဲ့နောက် ယောင်ဗွေရွာကိုရောက်လာခဲ့ကြတယ်။ တကယ်တော့ ယောင်ဗွေရွာဆိုတာက နတ်ဖွက်ထားတဲ့ရွာတစ်ရွာဖြစ်​ပြီး သာမန်လူတွေအဖို့ မသိနိုင်တဲ့ရွာတစ်ရွာလဲဖြစ်တယ်။ ဒီရွာကို ဘာကြောင့်ရောက်ခဲ့လဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ကျိန်စာသင့်ရွာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)