စာရေးဆရာ -ဇေယန(ရာမည)

ကျောက်စက်ရေတွေ တစ်တောက်တောက် ကျနေတဲ့ ကျောက်ဂူတစ်လုံးထဲမှာတော့ လူတစ်ယောက်က ငြိမ်သက်စွာလှဲလျောင်းလျက်။

သူ့ရဲ့ဘေးမှာတော့ ရှည်လျားတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ အဖိုးအိုတစ်ယောက်ရှိနေပြီး အဖိုးအိုရဲ့ဖြူဖွေးသွယ်လျနေတဲ့လက်တစ်ဖက်က လှဲလျောင်းနေသူရဲ့ ရင်ဘတ်ပေါ်မှာရောက်ရှိနေခဲ့တယ်။
” အဖိုး.. သူ့အ​ခြေအနေက ဘယ်လိုရှိလဲ”
ဂူဝကနေ တစ်လှမ်းချင်းလျောက်ဝင်လာတဲ့ သူရဲ့စကားကြောင့် အဖိုးအိုက ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုအသာရုတ်လိုက်ပြီး
” အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာပဲရှိသေးတယ် လူလေး… သူ့ရဲ့စိတ်သန္တာန်က အခြားနေရာတစ်ခုမှာ ပျော်မွေ့နေတာကြောင့် မူလကိုယ်ထဲပြန်ဝင်ဖို့ ခေါ်မရဖြစ်နေတယ်”

” ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ… သူကခုချိန်သေလို့မရသေးဘူးလေ”

” လူလေးပြောတာ အဖိုးလက်ခံပါတယ်…ဒါပေမယ့် သူ့ဝိဉာဉ်ကိုပြန်ခေါ်ဖို့အတွက်ဆိုရင် မသွားသင့်တဲ့ နယ်မြေထဲကို လူလေးကိုယ်တိုင်ဝင်ရလိမ့်မယ်နော်”

” ကျွန်တော်ဝင်တာကဟုတ်ပါပြီ… သူကရော မူလအသိစိတ်ရှိနေနိုင်ပါ့မလား… နောက်ပြီး ပြန်ခေါ်လာဖို့ကရော ဘယ်လိုလုပ်ဆောင်ရမလဲ”

” ဒါကတော့ လူလေးရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ပဲမူတည်နေတယ်… ဒီနည်းလမ်းက သူ့အတွက် နောက်ဆုံးကောက်ရိုးမျှင်ပဲလေ”

” ကျွန်​တော် အတတ်နိုင်ဆုံးကြိုးစားပြီး ပြန်ခေါ်လာခဲ့​ပေးပါမယ်၊ ကျွန်တော်ပြန်မရောက်လာခင်အချိန်လေးမှာတော့ အဖိုးကပဲ သူ့ကိုစောင့်ရှောက်ထားပေးပါ”

” ဒီအတွက်စိတ်မပူပါနဲ့ လူလေး… ဒီနေရာက အပြင်လူတွေဝင်ထွက်လို့မရတဲ့နေရာမို့ စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ၊ ကျောက်ဂူရဲ့ ညာဘက်အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ လူလေးသွားလိုတဲ့ နေရာကိုရောက်သွားပါလိမ့်မယ်၊ အရာရာကို ဉာဏ်နဲ့ဆင်ခြင်ပြီး လုပ်ဆောင်နိုင်ပါစေကွယ်”

အဖိုးအိုရဲ့စကားကြောင့် အောင်မြတ်သာက ငြိမ်သက်စွာလှဲလျောင်းနေတဲ့တပည့်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်ဂူရဲ့ညာဘက်အခန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။ အခန်းဝကိုရောက်တော့ အဖြူရောင်ကျောက်သားကို တံခါးပုံစံထွင်ထားတဲ့နေရာရှေ့ရပ်လိုက်ပြီး လက်ကိုင်ကွင်းကိုဆွဲဖွင့်လိုက်ရာ အေးမြတဲ့လေထုရဲ့အငွေ့သက်နဲ့အတူ မှန်ဝါးတဲ့အခိုးငွေ့ တွေက အမြင်အာရုံကိုဖုံးလွှမ်းသွားခဲ့တယ်။

အခိုးငွေ့တွေပျောက်ကွယ်သွားချိန်မှာတော့ ကြက်ပျံမတတ်စည်ကားနေတဲ့ ဈေးတစ်ခုထဲကိုရောက်သွားပြီး ဈေးဝယ်သူ ဈေးရောင်းသူတွေက ပျာပန်းခတ်မှုလှုပ်ရှားသွားလာနေတာကိုမြင်လိုက်ရတယ်။

” တောကောင်သားတွေရမယ်နော်… ဂျီသားတွေ လတ်လတ်ဆတ်ဆတ်လေးရမယ်”

” ပျားရည်ပုလင်းတွေလဲရမယ်နော်… အစ်ကိုကြီး ပျားရည်တွေဝယ်သွားပါဦး”

ဈေးသည်တွေက ဈေးဝယ်သူတွေကို အလုအယက်ခေါ်ပြီး သူတို့ဆီမှာရှိတဲ့ပစ္စည်းတွေကို ရောင်းချနေတာကိုလဲမြင်လိုက်ရတယ်။ ဒါပေမယ့် သူတို့ဝတ်စားထားတဲ့ ပုံစံတွေက လက်ရှိခေတ်နဲ့မကိုက်ညီပဲ ရှေးဆန်နေတာကိုလဲသတိထားမိခဲ့တယ်။

” ဗျို့နောင်ကြီး… ငှက်ပျောသီးလေးဝယ်သွားပါဦး.. ဒီမနက်ပဲ ခူးလာတာ လတ်ဆတ်တယ်ဗျ”

ပခုံးကိုပုတ်ပြီးလာပြောတဲ့ လူငယ်လေး​ကြောင့် အောင်မြတ်သာ မျက်လုံးကိုဝေ့ကြည့်လိုက်ပြီး
” မင်းကငါ့ကိုမြင်ရတာလား…”

” ရော် ခက်ပြီဗျာ … ခင်ဗျားကိုမမြင်ရအောင် ကျုပ်ကကန်းနေတာမှမဟုတ်တာလေ…”

” ဒါဆိုရင် အခြားသူတွေက ငါ့ကိုဘာလို့မသိချင်ယောင်ဆောင်သွားကြတာလဲ..”

” ဟဲဟဲ… ဘာလို့လဲဆိုတော့ ခင်ဗျားကိုမမြင်လို့ပေါ့ဗျာ”

လူငယ်လေးရဲ့ ခပ်ရှုပ်ရှုပ်စကားကြောင့် အောငမြတ်သာ အနည်းငယ်ပြုံးလိုက်ပြီး ဂုတ်ကိုဖမ်းဆွဲကာ
” အမှန်တိုင်းပြောစမ်း… မင်းက ဒီပတ်ဝန်းကျင်မှာ ကျင်လည်နေတဲ့ နတ်သူငယ်မဟုတ်လား”

” အား… နာတယ်ဗျ… ဖြေးဖြေးသာသာမေးလဲရပါတယ်”

” ပြောစမ်း မင်းဘယ်သူလဲ”

” ဆရာကလဲ စိတ်ကြီးပဲ… ကျုပ်က ဟိုးရှေ့ ကသစ်ပင်မှာနေတဲ့ ရုက္ခစိုးငသင်ပါဗျာ… ဆရာ လာတာမြင်လို့ လာကြိုတာကို ခုလိုမလုပ်သင့်ပါဘူး”

အဲဒီတော့မှ အောင်မြတ်သာက ဖမ်းဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပြီး

” သင်ကဘယ်လိုကြောင့် လူငယ်တစ်ယောက်ပုံစံ ဟန်​ဆောင်ထားတာလဲ”

” ကျုပ်တို့မူလပုံစံက အိုမင်းရင့်ရော်နေပြီလေဆရာရယ်၊ တစ်ခါတစ်လေ တန်ခိုးအစွမ်းနဲ့ လူငယ်လိုနေကြည့်တာပါ၊ ဒါနဲ့ ဆရာက ဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲ”

” ကျုပ်က လူတစ်ယောက်ကို လာရှာတာပါ… အရပ်မြင့်မြင့် အသားညိုညို ရင်ဘတ်မှာဓါးထိုးခံထိထားသလိုဒဏ်ရာပါတဲ့လူတစ်ယောက်ကိုမြင်မိသေးလား”

” ရင်ဘတ်မှာ ဓါးထိုးခံထိထားတာလား ဘာလားတော့မသိဘူး… မနေ့ကတော့ ရင်ဘတ်မှာသွေးတွေရွှဲနစ်နေတဲ့လူတစ်ယောက်ကို ထမ်းစင်နဲ့သယ်သွားတာတော့တွေ့လိုက်တယ်”

” ဘယ်သူတွေကသယ်သွားတာလဲ “

” အဂ္ဂတို့အဖွဲ့သယ်သွားတာဆရာ… သူတို့က ဒီနယ်တစ်ဝိုက်မှာ အတော်ဩဇာညောင်းတယ်နော်”

” သူတို့ဘယ်နေရာမှာနေတယ်ဆိုတာ သိရင်လမ်းညွှန်ပါဦး…”

” ဒီနေရာကိုဝင်လာတာနဲ့တင် ဆရာအတွက် အရမ်းနိမ့်ကျနေပီလို့ပြောလို့ရတယ်… ဒီကောင်တွေနဲ့ အဖက်လုပ်ပြီးမဆက်ဆံပါနဲ့ဗျာ”

ရုက္ခစိုးငသင်ရဲ့စကားအဆုံးမှာ ဈေးထဲမှာရှိနေတဲ့သူတွေအားလုံးငြိမ်သက်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတာကိုမြင်လိုက်ရတယ်။

” ဟိုကောင်တွေ ရောက်လာပြီထင်တယ်… ဆရာကိုတွေ့သွားလို့မဖြစ်ဘူး တဲအနောက်မှာအမြန်ပုန်း​ေိလိုက်”

ငသင်က အောင်မြတ်သာကို တဲအနောက်ဘက်တွန်းပို့ပြီး ပြန်ထွက်လာတဲ့အချိန် လူငါးယောက်ခန့်ရှိတဲ့အဖွဲ့က ဈေးထဲကိုခပ်သုတ်သုတ်ဝင်လာခဲ့ကြတယ်။

” ဒီနေ့ကစပြီး ဧရာမြိုင်နယ်ထဲကို မျက်နှာစိမ်းတွေဝင်လာတာနဲ့ ငါ့တို့ဆီသတင်းပို့ကြ… ဘယ်သူမှ လက်ခံဖွက်ထားပေးတာမျိုးမကြားချင်ဘူး၊ ဒီအမိန့်ကိုဖောက်ဖျက်လို့ကတော့ ခွေးစာကျွေးပစ်မယ် ကြားလား”

နှုတ်ခမ်းမွှေးကားကား အရပ်မြင့်မြင့်လူရဲ့စကားကြောင့် ဈေးထဲမှာရှိနေတဲ့သူတွေအားလုံး အသံပင်မထွက်ရဲကြတော့ပဲ ငြိမ်သွားခဲ့ကြတယ်။

အဲဒီအချိန် တဲတစ်လုံးရှေ့မှာထိုင်ပြီး ငှက်ပျောသီးစားနေတဲ့ ငသင်က ရှေ့ကိုထွက်လာကာ
” မောင်အဂ္ဂ နင်တို့လာလိုက်ရင် တစ်ခါမှ အေးအေးလူလူကိုမရှိဘူး… စကားပြောတာများလို့မောရင် ငှက်ပျောသီးလေးစားသွားဦး”

” ကိုယ့်ဘာသာစားစမ်းပါ ဖိုးငသင်ရယ်… ဒါကို ကျုပ်တို့လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး၊ ဧရာမြိုင်နယ်တစ်ခုလုံးကောင်းဖို့အတွက်လုပ်နေတာ”

” အေးပါ မောင်အဂ္ဂရယ်… ဒါနဲ့ မင်းတို့ခေါင်းဆောင်တစ်ယောက်လဲမတွေ့ပါလား၊ ငါကသတိရနေတယ်လို့​ပြောလိုက်စမ်းပါဦး”

ငသင်စကားကြောင့် အဂ္ဂရဲ့ မျက်လုံးတွေ စူးခနဲဖြစ်သွားပြီး
” ကျုပ်တို့ပြောပေးလိုက်မယ်… အဖိုးကြီးလဲ ဒီနယ်ထဲလူစိမ်းဝင်လာတာနဲ့ ကျုပ်တို့ကိုသတိပေးဖို့မမေ့နဲ့ဦး”

” အေးပါကွယ်… ငါတွေ့ရင်ပြောပေးပါ့မယ်၊ ဈေးသည်တွေလဲ မင်းတို့ကိုအတော်ကြောက်နေပီမို့ ကိုယ့်နေရာကိုယ်ပြန်ကြတော့”

အဂ္ဂတို့အဖွဲ့ပြန်သွားတော့ အောင်မြတ်သာက ပုန်းနေရာကနေထွက်လာပြီး
“ဒီကောင်တွေက တယ်ဟုတ်ပါလား… ဘာတွေများ ရှိနေလို့ ဈေးသည်တွေကကြောက်လန့်နေကြတာလဲ”

” သူတို့ရဲ့ဆရာက ဒီနယ်တစ်ဝိုက်ကို အပိုင်စားရထားတာလေ.. ကျုပ်ကိုလဲ သူ့ဆရာပဲ နေရာပေးထားတာ”

” ကျုပ်ဒီနယ်ထဲကိုရောက်လာတာသူတို့သိရင် ခင်ဗျားလဲ ဒုက္ခရောက်မှာ… ဒါကြောင့် ခုချိန်ကစပြီး ကိုယ့်ဘာသာနေပါဗျာ၊ ကျုပ်အလုပ် ကျုပ်ဆက်လုပ်လိုက်မယ်”

” ကျုပ်မှာဆရာ့ကိုတားပိုင်ခွင့်မရှိပါဘူးလေ… ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်… ဒီနယ်မြေထဲရောက်လာတဲ့သူကိုပြန်​ခေါ်ချင်ရင်တော့ သူကိုယ်တိုင် လိုက်ပါအောင် စည်းရုံးနိုင်မှရမယ်၊ အတင်းအကြပ်လုပ်ရင်တော့ အပြင်မှာရှိနေတဲ့ ခန္ဓာကိုယ်က သေမှာပဲ”

ရုက္ခစိုးငသင်စကားကြောင့် အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်ပြီး
” ကြိုးစားကြည့်ရမှာပေါ့… ဒီလူက ကျုပ်အတွက် အရေးပါတဲ့သူဖြစ်နေတာကိုး” လို့ပြောကာ အဂ္ဂတို့သွားတဲ့နောက်ကို လိုက်သွားခဲ့တယ်။
+++++++
ကျွန်းလုံးတိုင်တွေနဲ့ ခမ်းခမ်းနားနားဆောက်လုပ်ထားတဲ့ အိမ်ကြီးအတွင်းမှာတော့ ပိုးသားပဝါခေါင်းပေါင်းကိုဆောင်းပြီး ဆေးတံခဲကာထိုင်နေတဲ့လူကြီးတစ်ယောက်။

သူ့အရှေ့မှာတော့ သွေးမရှိလို့ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်တစ်ခုက အေးစက်တောင့်တင်းလျက်။

” ဆရာကြီး… သူ့ကို ဆေးတိုက်လိုက်ရတော့မလား”
ကျောက်စိမ်းရောင် ဖန်ခွက်ကိုကိုင်ထားတဲ့ အဂ္ဂရဲ့စကားကြောင့် ဆေးတံကိုခဲထားတဲ့လူကြီးက ခုံစောင်းကို လက်ညိုးနဲ့ခေါက်ရင်း
” အင်း တိုက်လိုက်တော့ … သူသတိရလာတာနဲ့ ဝတ်ဆင်ပေးမယ့် အဝတ်အစားတွေရော အသင့်ဖြစ်နေပီလား”

” ဖြစ်နေပါပြီဆရာကြီး… “

” အေးအေး .. “
အဂ္ဂလဲ အမိန့်ကျတာနဲ့ ကျောက်စိမ်းရောင်ဖန်ခွက်ထဲမှာရှိတဲ့ဆေးရည်တွေကို တောင့်တင်းအေးစက်နေတဲ့ လူရဲ့ပါးစပ်ထဲကို အသာလောင်းချလိုက်ရာ စက္ကန့်ပိုင်းအတွင်း ဖြူဖျော့နေတဲ့အသားအရည်က သွေးရောင်လွှမ်းလာပြီး မေ့မျောနေတဲ့လူက သတိပြန်ရလာခဲ့တယ်။

” သတိရလာပီလား ငါ့သား… “

တည်ကြည်ခန့်ညားတဲ့ အသံကြောင့် လူးလွန့်ထလာတဲ့ လူက ခပ်ထေ့ထေ့ပြုံးကာ အနားမှာရှိနေတဲ့ ဓါးကိုဆွဲကိုင်ပြီး အဂ္ဂရဲ့လည်ပင်းပေါ်ကို တင်ထားလိုက်တယ်။

” သ သခင် လေး ကျွန်တော် အဂ္ဂ ပါဗျ…”
အဂ္ဂရဲ့အသံက ကြောက်လန့်တုန်လှုပ်နေပြီး လည်မြိုပေါ်တင်ထားတဲ့ ဓါးသွားကို မဝံ့မရဲကြည့်နေခဲ့တယ်။

” ဟား ဟား ဟား… ဒါမှ သျှင်ရဲ အစစ်ကွ… “
ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့လူကြီးရဲ့ စကားကြောင့် သတိပြန်ရလာတဲ့သူက နှုတ်ခမ်းလေးကို တွန့်ရုံပြုံးလိုက်ပြီး ဓါးကိုကျွမ်းကျင်စွာကစားကာ ဓါးအိမ်ထဲပြန်ထည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ရက်စက်မှုတွေကအပြည့်…။

” ဟူး သခင်လေးရယ် ကျွန်တော်ဖြင့်လန့်သွားတာပဲ”

” ဘာလဲ ငါမရှိတဲ့အချိန် မဟုတ်တာတွေလုပ်ထားလို့ လန့်နေတာလား”

” မ မဟုတ်ရပါဘူး သခင်လေးရယ်… ကျွန်တော်တို့က သခင်လေးမရှိတဲ့အချိန်တွေမှာ သတိရနေကြတာ… သခင်လေး ရောက်သွားတဲ့ ဘဝမှာ….”

” အဂ္ဂ….”
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် အဂ္ဂ ဘာမှဆက်မပြောရဲတော့ပဲ ခေါင်းလေးငုံ့ကာ ငြိမ်သွားခဲ့တယ်။

” မင်းတို့သခင်လေးကို အဝတ်အစားလဲပြီး အဆောင်ကိုလိုက်ပို့လိုက်… သူကြိုက်တတ်တဲ့ အရာတွေကိုလဲ အသင့်ပြင်ထားပေး ကြားလား၊ နောက်ပြီး ငါ့သားစိတ်အနှောက်ယှက်ဖြစ်စေမယ့် စကားကို လုံးဝမပြောကြနဲ့၊ ပြောတဲ့သူကို ခွေးနက်စာကျွေးပစ်မယ်”

” ဟုတ်ကဲ့ပါဆရာကြီး… ကျွန်တော်တို့သေချာမှတ်သားထားပါမယ်၊ ဟိုကောင်တွေ သခင်လေးကို အဝတ်အစားလဲပေးလိုက်”

အဂ္ဂစကားကြောင့် အနားမှာရှိနေတဲ့သူတွေက သွေးစွန်းနေတဲ့ အညိုရောင်ဝတ်စုံကို ချွတ်ယူလိုက်ပြီး ကျောက်တွေစီခြယ်ထားတဲ့ ဝတ်ရုံတစ်စုံကို လှဲလှယ်ပေးလိုက်ကြတယ်။

အဝတ်စားလဲနေတဲ့ချိန်မှာတော့ သျှင်ရဲရဲ့ မျက်နှာမှာတော့ သာယာခြင်း၊ ကြည်နူးခြင်းတွေကပြည့်နှက်နေခဲ့တယ်။
+++++++
အောင်မြတ်သာလဲ အဂ္ဂတို့ထွက်သွားတဲ့လမ်းအတိုင်း လျောက်လာခဲ့ရာ တစ်နေရာကိုရောက်တော့ အလွန်ကိုကြီးမားတဲ့ ကျင်းတစ်ခုကိုမြင်လိုက်ရတယ်။ ကျင်းပတ်ပတ်လည်မှာတော့ စိမ်းစိုနေတဲ့သစ်ပင်တွေ သဘာဝအလျောက်ပေါက်နေပြီး ကျင်းအထဲကနေ အငွေ့တလူလူထွက်နေတာကိုလဲမြင်လိုက်ရတယ်။

မကြာခင် ဈေးခြင်းတောင်းတွေရွက်ထားကြတဲ့ လူအချို့ လာနေတာကြောင့် ဆက်မသွားတော့ပဲ သစ်ပင်အကွယ်နောက်ကနေချောင်းကြည့်နေလိုက်တယ်။

” ဒါ ခုနက ဈေးမှာတွေ့ခဲ့တဲ့သူတွေပဲ… သူတို့ကဒီကို ဘာလာလုပ်ကြတာပါလိမ့်”

အောင်မြတ်သာက တီးတိုးရေရွတ်ရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့ရာ ဈေးသည်တွေက ကျင်းနှုတ်ခမ်းနားကိုရောက်တော့ ခြင်းတောင်းလေးတွေကိုသစ်ပင်တွေအောက်မှာချကာ ကျင်းထဲကို ဝုန်းခနဲခုန်ဆင်းသွားခဲ့တယ်။

မကြာခင် ကျင်းထဲကနေ အလွန်ပြင်းထန်တဲ့ မီးတောက်တစ်ခုနဲ့အတူ အမေရေ အဘရေဆိုပြီး အော်ဟစ်နေကြတဲ့အသံတွေ ကမ္ဘာပျက်မတတ်ထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် အောင်မြတ်သာက ကျင်းနှုတ်ခမ်းဝနားကိုသွားပြီးကြည့်လိုက်ရာ ပွက်ပွက်ဆူနေတဲ့ ချော်ရည်မီးတောက်တွေကြားထဲမှာ လူအချို့ကြောက်လန့်တကြား ကူးခတ်နေကြတယ်။

ပြင်းထန်ပူလောင်လှတဲ့ချော်ရည်ပူတွေက ကူးခတ်နေတဲ့လူတွေရဲ့အရိုးတွေကိုပါ အမှုန့်ဖြစ်အောင်လောင်ကျွမ်းခဲ့ပြီး ပြာမှုန်တွေကနေ ခန္ဓာကိုယ်အသစ်ပြန်လည်ဖြစ်တည်ကာ ပူလောင်ခြင်းဒဏ်ကို ဝဋ်ကြွေးမကုန်မချင်းခံစားနေရတာ စိတ်မချမ်းမြေ့စွာမြင်တွေ့လိုက်ရတယ်။

” ဒါက နေ့ခံညစံ ပြိတ္တာတွေခံစားနေရတဲ့ ငရဲပဲ… ဟင်း.. ကြောက်လန့်ဖို့ကောင်းလိုက်တာ” လို့ရေရွတ်ရင်းဆက်ထွက်လာခဲ့တာ တစ်နေရာအရောက်မှာတော့ ကြီးမားကျယ်ပြန့်တဲ့ကွင်းပြင်အလယ်မှာ နွားတစ်ကောင်စာလောက်ကြီးတဲ့ ခွေးနက်ကြီးတွေရဲ့ကိုက်ခဲစားသောက်မှုကိုခံနေရတဲ့ လူအချို့ကိုထပ်မြင်လိုက်ရတယ်။

အောင်မြတ်သာလဲ အနိဌာရုံမြင်ကွင်းတွေကို ကျော်လွန်ပြီးဆက်လျောက်လာခဲ့ရာ နတ်ဘုံနတ်နန်းတမျှ ခမ်းနားတဲ့ ဗိမ္မာန်တွင်းမှာ နတ်သမီးတစ်မျှ ချောမောလှပတဲ့ မိန်းမပျို၊ ယောင်္ကျားပျိုတွေနဲ့ ပျော်ပါးနေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

” ဟင်း … မောင်ကောင်းကတော့ ဝေမာနိကပြိတ္တာဘုံထဲရောက်နေပြီ၊ သူ့ရဲ့နဂိုစိတ်ခံက အဆိုးဘက်ရောက်ရင် ထိန်းမနိုင်သိမ်းမရ​ဖြစ်နိုင်တာမို့ ဒီလောကထဲကနေ အမြန်ဆုံးခေါ်ထုတ်မှဖြစ်တော့မယ်”

အောင်မြတ်သာက တစ်ကိုယ်ထဲရေရွတ်ရင်း တောလမ်းလေးအတိုင်းဆက်ထွက်လာခဲ့ရာ နန်းပြဿာဒ်တွေလိုခမ်းနားစွာတည်ဆောက်ထားတဲ့ အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။

” ဟိတ်ရပ်လိုက်စမ်း… ဒီနေရာက ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတဲ့နေရာမဟုတ်ဘူး”

ရုတ်တရက်ကျောအနောက်ကနေ ထွက်လာတဲ့အသံကြောင့် အောင်မြတ်သာက မျက်နှာကိုလက်နဲ့သပ်ချပြီး လှည့်ကြည့်လိုက်ရာ အဂ္ဂရဲ့တပည့်တစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဟင် ဖိုးငသင် ပါလား… ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ.. ဆရာကြီးနဲ့တွေ့မလို့လား”

ရုက္ခစိုးငသင်ရုပ်အဖြစ်ပြောင်းလဲထားတဲ့ အောင်မြတ်သာက ဟန်မပျက်နေလိုက်ပြီး
” ဟုတ်တယ် .. ဆရာကြီးနဲ့မတွေ့တာကြာတော့ ဒီဘက်ရောက်ခိုက်ဝင်လာခဲ့တာ”

” ဒါဆို ခဏစောင့်ဦး… ဆရာကြီးကိုသွားပြောပေးမယ်”

အောင်မြတ်သာလဲ ခြံတံခါးဝကိုမှ စောင့်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်နေတဲ့အချိန် လူတစ်ယောက်ပြန်ရောက်လာပြီး
” ဆရာကြီး အခုမအားသေးလို့ နောက်မှ လာတွေ့ဖို့ပြောလိုက်တယ်”

” ငါ့မှာအချိန်မရှိဘူးနော်… မင်းတို့ဆရာကြီးအတွက် တန်ဖိုးရှိမယ့်ပစ္စည်းတစ်ခုပေးစရာရှိလို့ လာပေးတာ”
အောင်မြတ်သာက စကားဆုံးတာနဲ့ ခြံထဲကိုဇွတ်ဝင်ဖို့လုပ်ရာ အနားမှာရှိနေတဲ့လူက ရှေ့ကာနေပိတ်ကာပြီး တားဆီးလိုက်တဲ့အချိန်

” မူလပြန်စမ်း…” လို့ပြောပြီး နဖူးကိုလက်ဝါးနဲ့ခပ်ဆတ်ဆတ်ရိုက်ချလိုက်တယ်။

နဖူးကလက်ဝါးနဲ့ထိတာနဲ့ တားဆီးနေတဲ့လူရဲ့ အပေါ်ယံအရည်ပြားတွေ တစ်လွှာချင်းကွာကျလာပြီး မျက်လုံးပြူးပြူး လျာတွဲလဲနဲ့ကြောက်မက်ဖွယ် မူရင်းပုံသဏ္ဌာန်ပေါ်လာခဲ့တယ်။

မူလသဏ္ဌာန်ပေါ်လာတဲ့ကောင်က ဒေါသကြီးစွာနဲ့ အောင်မြတ်သာကိုရန်ပြုဖို့ကြိုးစားခဲ့ပေမယ့် ခြေထောက်တွေက မြေပေါ်မှာ ကော်နဲ့ကပ်ထားသလို လှုပ်မရဖြစ်နေခဲ့တယ်။အဲဒီအချိန်

” ဖိုးငသင်… မင်းက အမိန့်တွေဘာတွေပြန်တတ်နေပါလား” ဆိုတဲ့အသံကြောင့် ကြည့်လိုက်ရာ အိမ်တော်ထဲကနေ အိန္ဒြေရရဆင်းလာတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ ခပ်တည်တည်မျက်နှာထားနဲ့ လိုက်ပါလာတဲ့ အဂ္ဂတို့လူစုအပြင် တန်ဖိုးကြီးအဆင်တန်ဆာကို ကျော့မော့စွာဝတ်စားထားတဲ့ မောင်ကောင်းကိုပါ တစ်ပါထဲမြင်တွေ့လိုက်ရတယ်။

” ဆရာကြီး… ဒီအဖိုးကြီး ဝင်ဝင်ရှုပ်တာ များနေပြီနော်”

အဂ္ဂစကားကို ဆေးတံခဲထားတဲ့လူကြီးက ဘာမှပြန်မပြောပဲ ..
” အဂ္ဂ … မင်းကို ငါဘယ်လိုသင်ပေးထားလဲ.. အိမ်ကိုလာတဲ့ဧည့်သည်ကိုမရိုင်းပြရဘူးလေ၊ သူလဲ ကိစ္စရှိလို့ လာတာဖြစ်မှာပါကွာ… ကဲ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲပြောပါဦး”

” ကဲ ကျုပ်က ပြဿနာအရှည်မဖြစ်ချင်လို့ တည့်ပဲပြောတော့မယ်၊ ဟိုကောင်လေးကို ကျုပ်ပြန်ခေါ်သွားချင်တယ်”

ငသင် တစ်ဖြစ်လဲ အောင်မြတ်သာက မောင်ကောင်းကို လက်ညိုးထိုးပြီးပြောလိုက်ရာ ဆေးတံခဲထားတဲ့ လူကြီးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး

” လက်စသတ်တော့ သျှင်ရဲကို လာခေါ်တဲ့သူကိုး… ကဲပါ ခင်ဗျားရဲ့ မူလရုပ်သွင်ကိုပြန်​ပြောင်းလိုက်ပါဦး”

” ဟင် ဆရာ… သူက ရုက္ခစိုးငသင်မဟုတ်ဘူးလား”

” ဘယ်ဟုတ်မလဲ အဂ္ဂရယ်… ငသင်က ငါ့အမိန့်မရပဲ ဒီနယ်မြေကို ခြေတောင်မချရဲပါဘူးကွာ၊ ဒီကောင်က ငသင်ပုံစံဖန်ဆင်းပြီးရောက်လာတဲ့သူပဲ”

” ဟုတ်ပါတယ်… ခင်ဗျားတွေးတာမှန်သားပဲ၊ ဒါဖြင့်လဲ ကျုပ်ပုံအမှန်ကိုပြန်ပြောင်းလိုက်ပါမယ်”

အောင်မြတ်သာက စကားဆုံးတာနဲ့ မျက်နှာကိုလက်နဲ့သပ်ချလိုက်ရာ ငသင်ရုပ်သွင်ကနေ မူလအောင်မြတ်သာရုပ်သွင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။

” သျှင်ရဲရေ… ဒီလူက မင်းကိုလာပြန်​ခေါ်တာတဲ့ကွာ၊ မင်းအနေနဲ့ ပြန်လိုက်သွားမလား.. ငါနဲ့အတူနေမှာလား”

ဆေးတံကို မထိတထိကိုက်ရင်း မေးလိုက်တဲ့စကားကြောင့် မောင်ကောင်းက အောင်မြတ်သာကို စိမ်းစိမ်းကြည့်ပြီး
” သူက ဘယ်သူလဲအဘ… ကျုပ်က မသိတဲ့သူနောက်ကို လိုက်သွားစရာအကြောင်းမရှိဘူးလေ” လို့ပြောလိုက်တော့

” ကဲ… မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်ကြီးရေ.. ကြားတဲ့မြင်တဲ့အတိုင်းပဲနော်၊ ဒါကြောင့် လာရာလမ်းအတိုင်းကိုပြန်ပေတော့၊ ထပ်ပြီးနှောက်ယှက်မယ်ဆိုရင် ဘိုးသာဆိုတဲ့ကျုပ်က ခုလိုဧည့်ခံမှာမဟုတ်တော့ဘူးနော်”

အောင်မြတ်သာလဲ အသိစိတ်လုံးဝပျောက်နေတဲ့ မောင်ကောင်းကို စူးစိုက်ကြည့်ပြီး အင်းနှိုးဂါထာတစ်ပုဒ်ကို ရွတ်လိုက်ရာ

” အာ့.. ငါ့ဗိုက်ထဲ ပိုးကောင်တွေပြေးနေသလို ဖြစ်နေပါလား… အဘ… ကျုပ်နေလို့အဆင်မပြေ…”

” တောက်စ်… ငါပိုင်တဲ့နေရာထိလာပြီး ငါ့သားကိုလာလုတဲ့ကောင် ဆိုင်ရာကမောင်းထုတ်လိုက်စမ်း…”

ဘိုးသာဆိုတဲ့လူကြီးက စကားကိုမာန်ပါပါနဲ့ပြောပြီး လက်နဲ့ပုတ်ထုတ်လိုက်ရာ အောင်မြတ်သာရဲ့ကိုယ်က ခြံဝင်းအပြင်ဘက်ကို ဖက်ရွက်တစ်ရွက်လို လွင့်ထွက်သွားခဲ့တယ်။

” ဟင်… ဘယ်လိုဖြစ်ရတာလဲ…”
အောင်မြတ်သာက အံ့ဩစွာရေရွတ်ရင်း ခြံထဲကိုဝင်ဖို့ကြိုးစားရာ မမြင်ရတဲ့အကာအကွယ်တစ်ခုက ဝင်မရအောင် ပိတ်ပင်ထားတာကိုကြုံတွေ့လိုက်ရတယ်။

” အဖိုးပြောတာမှန်နေတာပဲ… ကယယကံရှင်က ဒီဘက်မှာပျော်မွေ့နေပြီ… ငါဘယ်လိုလုပ်ရပါ့မလဲ”

” ရှပ် ရှပ် ရှပ်…”

ရုတ်တရက် အနောက်ဘက်ကနေ ကြားလိုက်ရတဲ့ခြေသံကြောင့် လှည့်ကြည့်လိုက်ရာ လူတစ်ဖက်စာလောက်ကြီးမားတဲ့ သစ်ပင်နောက်ကွယ်မှာ ရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” သင် ဘယ်သူလဲ… ကျုပ်ကိုတစ်ခုခုများပြောစရာရှိနေတာလား”လို့ပြောလိုက်တော့မှ စုတ်ပြတ်သတ်နေတဲ့အဝတ်အစားကိုဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ထွက်လာပြီး

” ကျွန်မကို ဒီနေရာကနေ ပြန်ခေါ်သွားပေးပါ… ကျွန်မအိမ်ကိုပဲပြန်ချင်နေတယ်.. ဒီမှာမနေချင်တော့ဘူး”

” သင်က ဝဋ်ကြွေးတွေခံစားနေရတဲ့သူလေ.. ဒါကို ဘယ်လိုလုပ်ခေါ်ထုတ်သွားရမလဲ”

” မဟုတ်ဘူး… ကျွန်မက ဒီကိုစရောက်ထဲက သူများတွေ နာကျင်မှုကိုမခံစားရသေးပါဘူး၊ ကျွန်မက မျက်စိလည်လမ်းမှားပြီး ဒီအရပ်ကိုရောက်လာတဲ့သူပါ၊ ကူညီပေးပါဦးရှင်”

အောင်မြတ်သာလဲ မိန်းကလေးရဲ့ ပုံစံကိုအကဲခတ်ပြီး လာရာဘဝကိုကြည့်လိုက်ရာ တကယ်ကိုမျက်စိလည်လမ်းမှားပြီး ရောက်လာတဲ့သူဆိုတာကိုသိလိုက်ရတယ်။

” ကျုပ်တာဝန်က ဒီအိမ်ထဲမှာရှိတဲ့ လူတစ်ယောက်ကိုပြန်ခေါ်ဖို့ပဲ၊ သူ့ကိုခေါ်ထုတ်တဲ့အချိန် သင်အနားမှာရှိနေမှဖြစ်မယ်”

” ကျွန်မ ဒီသစ်ပင်နားမှာပဲနေပါတယ်… ဒီနားရောက်ရင် မိစိမ်းလို့ခေါ်လိုက်တာနဲ့ ကျွန်မထွက်လာမှာပါ”

” ဟူး… ကျုပ်အနေနဲ့ ဒီအရပ်ဒေသမှာ ပျော်မွေ့နေတဲ့လူကို ဘယ်လိုစည်းရုံးခေါ်ထုတ်ရမလဲဆိုတာ အရင်စဉ်းစားနေတာ”

” ဟင်… သူက ပြန်မလိုက်ချင်ဘူးဖြစ်နေတာလား.. ဒါဆို ပြန်ခေါ်ဖို့အရမ်းခက်ခဲလိမ့်မယ်နော်”

မိန်းကလေးက စကားပြောနေရင်း တစ်ခုခုကိုစဉ်းစားမိဟန်နဲ့
” တစ်ခုတော့ရှိတယ် … အခုလာခေါ်တဲ့သူက အကုသိုလ်ကြွေးမရှိဘူးဆိုရင် မနက်ဖြန်ညသန်းခေါင်အချိန် အိမ်တော်မှာတစ်ယောက်ထဲကျန်ခဲ့လိမ့်မယ်၊ အဲဒီအချိန် သူကိုယ်တိုင်အပြင်ထွက်လာအောင်လုပ်နိုင်ရင် ရပီ”

” မနက်ဖြန်က လပြည့်ညမဟုတ်လား… “

” ဟုတ်တယ်လေ… ဒီအိမ်တော်ကိုပိုင်တဲ့ လူကြီးက တစ်လကို တစ်ရက် အကုသိုလ်ကြွေးခံဖို့ အနောက်ဘက်ကိုင်းတောထဲကိုသွားလေ့ရှိတယ်၊ သူသွားရင်လဲ လက်အောက်ငယ်သားတွေအကုန်လိုက်သွားရတယ်”

” ဟုတ်ပီ … ဒါက အလွန်အရေးကြီးတဲ့ သတင်းစကားပဲ… ကျုပ်ကြိုးစားပြီးခေါ်ထုတ်ကြည့်ပါမယ်၊ အမိကတော့ ဒီအနီးတစ်ဝိုက်မှာရှိနေပါစေ”

” စိတ်ချပါ ကျွန်မက ဒီနားကနေ ဘယ်မှမသွားပါဘူး… အော် ဒါနဲ့ စည်းရုံးဖို့အချိန်က သန်းခေါင်ယံအချိန်ကနေ အရုဏ်မတက်ခင်ထိပဲရမှာနော်၊ အရုဏ်တက်ချိန်ရောက်မှ သူကမလိုက်ဘူးဆိုရင် သူ့ဝိဉာဉ်က ဒီမှာပဲတစ်သက်လုံးနေသွားရလိမ့်မယ်”

” ကျုပ်သတိထားပြီး ကြိုးစားပါမယ်၊ ခုလိုကူညီပေးတဲ့အတွက် ကျုပ်တို့ထွက်တာနဲ့အမိကိုပါခေါ်ထုတ်သွားပေးမယ် စိတ်ချပါ”
အောင်မြတ်သာက မိန်းကလေးအား ကတိကဝတ်ပြုပြီး အိမ်အနီးနားမှာလှည့်ပတ်သွားလာတာ လပြည့်ညသန်းခေါင်အချိန်ကိုစောင့်ဆိုင်းနေခဲ့တယ်။
++++++
အချိန်က လပြည့်ညဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးလရောင်ကဖုံးလွှမ်းထားခဲ့သလို ညကလဲ တစ်ဖြေးဖြေးနက်လာခဲ့တယ်။

အောင်မြတ်သာကတော့ အမှောင်ထုကိုအားယူပြီး လှုပ်ရှားမှုကိုစောင့်ကြည့်နေခဲ့ရာ ညသန်းခေါင်အချိန်အရောက်မှာတော့ အိမ်တံခါးနှစ်ချပ်က အသာယာပွင့်ထွက်လာခဲ့တယ်။ မကြာမီ ဝတ်ကောင်းစားလှတွေဝတ်ဆင်ထားတဲ့ ဦးဘိုးသာအပါအဝင် အိမ်မှာရှိတဲ့အစေခံအလုပ်သမားတွေအကုန်လုံးထွက်လာခဲ့ကြပေမယ့် သူတို့မျက်နှာတွေမှာ ပျော်ရွှင်မှုအရိပ်အယောင်တွေမမြင်တွေ့ခဲ့ရပေ။

အဲဒီအချိန် ရွှေမှင်ရောင်တလက်လက်ဖြစ်နေတဲ့ စမအက္ခရာလေးလုံးက အမှောင်ထုထဲကနေ ထွက်ပေါ်လာကာ အိမ်တံဆက်မြိတ်အပေါ်စွန်းတစ်နေရာမှာ သွားကပ်နေခဲ့တယ်။

ဒါကို ဦးဘိုးသာတို့သတိမထားမိပဲ လူစုံတာနဲ့ အိမ်အနောက်ဘက်ခြံတခါးကနေ တန်းစီထွက်သွားခဲ့ကြတယ်။ လူတွေအကုန်ခြံပြင်ကိုရောက်တာနဲ့ အိမ်ပတ်ပတ်လည်နေရာကနေ အကာအကွယ်ဒိုင်းကာအချို့ထွက်ပေါ်လာပြီး တစ်အိမ်လုံးကို ထွက်ပေါက်မရှိအောင် ပိတ်လိုက်တဲ့အချိန် အောင်မြတ်သာရဲ့ တတိယမျက်လုံးရှိတဲ့နေရာကနေ သေးသွယ်တဲ့ ငွေရောင်နန်းကြိုးမျှင်တစ်ခု စူးခနဲထွက်ကာ အိမ်တံဆက်မြိတ်မှာရှိတဲ့ စမအက္ခရာတွေပေါ်မှာသွားကပ်နေခဲ့တယ်။

အိမ်ထဲကိုဆက်သွယ်ဖို့ အချိတ်ရတာနဲ့ အောင်မြတ်သာက တင်ပလ္လင်ခွေထိုင်ကာ စိတ်သန္တာန်ကို မောင်ကောင်းဆီတိုက်ရိုက်ပို့လွှတ်​နေခဲ့တယ်။

” မောင်ကောင်း… သတိကပ်စမ်း… မင်းအခုရောက်နေတဲ့နေရာက မူလအရပ်ဒေသမဟုတ်ဘူး… သတိကိုစိတ်မှာကပ်ထားစမ်း”

အောင်မြတ်သာရဲ့အသံက အိမ်ထဲမှာ မူးယစ်နေတဲ့ သျှင်ရဲနားထဲကို တိုးလျစွာဝင်ရောက်လာခဲ့တယ်။

” ဘယ်သူလဲကွ… ငါ့အနားမှာ တီးတိုးပြောနေတာ… ဟမ်”

သျှင်ရဲက ဘေးမှာချထားတဲ့ ဓါးကိုယိုင်တိယိုင်တိုင်နဲ့ ဆွဲယူပြီး ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာ သက်ရှိဆိုလို့ ဘာမှမတွေ့ရတဲ့အတွက် စိတ်ထဲမတင်မကျဖြစ်သွားပြီး ရေတကောင်းထဲမှာကျန်နေတဲ့ အရက်လက်ကျန်ကို တစ်ရှိန်ထိုးမော့ချလိုက်တယ်။

” ငါဒီနေရာမှပဲနေမယ်… ဒါက ငါ့အိမ်… ဘယ်ကောင်မှ အမိန့်လာမပေးနဲ့ကွ”

” မောင်ကောင်း… မင်းက သာမန်လူတစ်ယောက် မလုပ်နိုင်တဲ့ကိစ္စအချို့ကိုပြီးမြောက်အောင်မြင်ထားတဲ့သူလေ… ဘာလို့ စိတ်ရဲ့အမှောင်ထုဘက်ကို လိုက်ပါချင်ရတာလဲ”

အသံက တိုးလာလိုက် ကျယ်လာလိုက်နဲ့ နားမခံနိုင်အောင်ဖြစ်နေတာမို့ အနီးနားမှာရှိတဲ့အရာဝတ္တုတွေကို ရိုက်ခွဲပြီး အသံထွက်လာတဲ့ဘက်ကို လိုက်ရှာနေရင်း အိမ်အပြင်တံဆက်မြိတ်နားကိုရောက်လာခဲ့တယ်။

” အသံက ဒီနားကနေ လာတာပဲ… ဘယ်ကောင်ပြောနေတာလဲကွ… ထွက်လာစမ်း”

ဓါးတစ်ဝင့်ဝင့်နဲ့ စိတ်ထင်ရာသောင်းကျန်းနေတဲ့ မောင်ကောင်းရဲ့အကြည့်တွေက ရုတ်တရက်ဆိုသလို အိမ်တံဆက်မြိတ်ပေါ်ကိုရောက်သွားခဲ့တယ်။

” ဟင်.. ဒီ ဒီအက္ခရာတွေက ဘာတွေလဲ… ငါ ငါ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပါလား”

မောင်ကောင်းရဲ့စိတ်က ဖျတ်ခနဲဒီဘက်ဖမ်းကပ်တဲ့အချိန် …
” မင်းလက်နှစ်ဖက်ကိုကြည့်လိုက်စမ်း… မြန်မြန်လေးကြည့်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

သျှင်ရဲ တစ်​ဖြစ်လဲ မောင်ကောင်းက အသံကြားလိုက်ရတဲ့အတွက် လက်နှစ်ဖက်ကို ဖြန့်ကြည့်လိုက်ရာ တံဆက်မြိတ်ပေါ်မှာ မြင်နေရတဲ့အက္ခရာတွေက လက်ဖဝါးပေါ်မှာ ထင်းခနဲပေါ်လာခဲ့တယ်။

” အား… ငါ့ခေါင်း.. ခေါင်းထဲမှာ စူးခနဲဖြစ်လာပါလား… ငါ က ဘယ်သူလဲ.. ဒီအက္ခရာတွေက ငါ့ဆီမှာဘယ်လိုပေါ်နေရတာလဲ”

တစ်ယောက်ထဲရေရွတ်​နေတဲ့အချိန် မျက်လုံးထဲမှာ ယောဂီဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ပြုံးပြုံးကြီးရပ်ကြည့်နေတာကိုမြင်လိုက်ရတယ်။

” ငါ ငါက ဘယ်လိုဖြစ်လို့ ဒီအဝတ်အစားတွေ ဝတ်ထားရတာလဲ… ဟင် ဟိုဘက်မှာလဲ နောက်တစ်ယောက် ၊ သူကျတော့ သွေးစွန်းနေတဲ့ ဓါးတစ်လက်ကိုညာလက်မှာကိုင်ထားပါလား.. ဘယ်လက်မှာကျတော့ သေရည်အိုးနဲ့၊ အိုး သူ့ပုံစံက အတော်ကို ကြည့်လို့ကောင်းပါလား”

မောင်ကောင်းရဲ့စိတ်က မကောင်းတဲ့ဘက်ကို သာယာသွားတဲ့ချိန် ဓါးလွတ်ကိုင်ထားတဲ့ပုံရိပ်က ခန္ဓာကိုယ်ထဲကို အတင်း​ပြေးဝင်လာခဲ့တယ်။ ဒါပေမယ့် ကိုယ်ထဲမရောက်ခင်အချိန်မှာ ယောဂီဝတ်စုံဝတ်ထားတဲ့ပုံရိပ်က ကြားကနေ ဆီးခံလိုက်ရာ နှစ်ယောက်လုံး ဝါးတစ်ပြန်စာအကွာလောက်ကို လွင့်ထွက်သွားခဲ့တယ်။

” မောင်ကောင်း စိတ်ကိုပြင်စမ်း… မင်းက ဒီဘဝမှာ နစ်မွန်းရမယ့်သူမဟုတ်ဘူး… ရှေ့ဆက် မင်းကယ်တင်ရမယ့် ဘဝပေါင်းများစွာရှိသေးတယ်၊ မင်းကိုမျှော်လင့်နေကြတဲ့သူတွေရဲ့ အိမ်မက်တွေကို ဖျက်စီးတော့မလို့လား”

နားထဲကို စူးခနဲဝင်ရောက်လာတဲ့အသံကြောင့် မောင်ကောင်း လက်ထဲက ဓါးကိုလွှတ်ချပြီး နားနှစ်ဖက်ကိုလက်နဲ့ပိတ်ကာ ခေါင်းကိုတွင်တွင်ခါယမ်းလိုက်တယ်။

အလင်းစိတ်နဲ့ အမှောင်စိတ်နှစ်ခုရဲ့ အားပြိုင်မှုက သန်းခေါင်အချိန်ကနေ မနက်အရုဏ်တက်လုနီးနီးကိုရောက်လာတဲ့ထိ ကွဲကွဲပြားပြားမသိခဲ့ရတာကြောင့် အိမ်အပြင်မှာရှိနေတဲ့ အောင်မြတ်သာရဲ့ နဖူးပြင်ကနေ ချွေးစအချို့ စီးကျလာခဲ့တယ်။

” မောင်ကောင်း… အချိန်မရှိတော့ဘူး… မင်း စိတ်ကိုသေချာဆုံးဖြတ်စမ်း… ဒီအတိုင်းဆို မင်းဘဝက ဒီအိမ်တော်မှာရှိတဲ့သူတွေလို ခံစားရလိမ့်မယ်”

” မသိဘူး ငါမသိဘူး… အား… “

မောင်ကောင်းက အရူးတစ်ယောက်လို အော်ဟစ်နေရင်းကနေ ရုတ်ချည်းငြိမ်သက်သွားပြီး မျက်လုံးအစုံကပြူးကျယ်သွားခဲ့တယ်။ သူ့အရှေ့မှာမြင်နေရတာက ရဲရဲတောက်ပူလောင်နေတဲ့ မီးပင်လယ်ထဲမှာ တစ်ကိုယ်လုံးအဝတ်စားမပါပဲ ကူးခတ်အော်ဟစ်နေကြတဲ့ လူတွေ။

” ဟင် အဖေ… အဂ္ဂ … ဟာ အခြားအလုပ်သမားတွေအကုန်ပါလား… သူတို့က ဘယ်လိုဖြစ်လို့ မီးပင်လယ်ထဲကူးခတ်နေကြရတာလဲ… ကြောက်ဖို့ကောင်းလိုက်တာ”

” အခုမြင်နေရတဲ့မြင်ကွင်းက ဒီနေရာမှာဆက်နေရင် သွားရမယ့်လမ်းပဲ၊ မင်းရဲ့ ညာဘက်ကိုထပ်ကြည့်လိုက်စမ်း”

မောင်ကောင်းလဲ အသံကြားရတဲ့ ညာဘက်ခြမ်းကိုကြည့်လိုက်ရာ သာယာနာပျော်ဖွယ်ကောင်းတဲ့ ကျေးငှက်သရကာတွေရဲ့အော်မြည်သံတွေနဲ့အတူ ငြိမ်သက်စွာ တရားရှုမှတ်နေတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။ အဲဒီထဲမှာမှ ယောဂီဝတ်စုံကို သေသပ်စွာဝတ်ထားပြီး နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ထားတဲ့ လူတစ်ယောက်။

” ဟင်… အေးချမ်းလိုက်တာ… ငါ့ရင်ထဲမှာ အလိုလိုနေရင်း အေးမြမှုကိုခံစားလိုက်ရပါလား” လို့တွေးလိုက်တဲ့အချိန် အိမ်အနောက်ဘက်ခြံတံခါးက ကျီခနဲပွင့်လာခဲ့ပြီး ညှော်နံ့အချို့က နှာခေါင်းထဲတိုးဝင်လာခဲ့တယ်။

” ငွေရောင်နန်းကြိုးမျှင်ကို အခုချက်ချင်းဖမ်းဆွဲလိုက်… ” ဆိုတဲ့အသံနဲ့အတူ တံဆက်မြိတ်မှာပေါ်နေတဲ့ အက္ခရာတွေဆီကနေ ပင့်ကူမျှင်အရွယ်သာသာရှိတဲ့ ကြိုးတစ်ချောင်းကျလာခဲ့တယ်။

မောင်ကောင်းလဲ ရုတ်တရက်မို့ ကျလာတဲ့ကြိုးကိုဖမ်းဆုပ်မိလိုက်တဲ့အချိန် လူက လေဝဲဂယက်ထဲပါသလို ဖြစ်သွားပြီး လူအချို့ရဲ့မကျေမချမ်းတောက်ခတ်သံ အော်ဟစ်ကြိမ်းဝါးသံအချို့ကိုကြားလိုက်ရတယ်။

မောင်ကောင်းရဲ့ ခန္ဓာကိုယ်က နွေးခနဲအေးခနဲဖြစ်လာလိုက် ဆွဲငင်အားမရှိတဲ့လေဟာပြင်ထဲ မျောလွင့်နေလိုက်ဖြစ်ပီးမှ အေးစက်တဲ့အရာတစ်ခုကို လက်နဲ့စမ်းမိခဲ့တယ်။

” လူလေး သတိရလာပြီလား…”

နားထဲကြားလိုက်ရတဲ့အသံကြောင့် မှိတ်ထားတဲ့ မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်ရာ မုတ်ဆိတ်ကျင်စွယ်တွေဆွတ်ဆွတ်ဖြူနေတဲ့အဖိုးအိုတစ်ယောက်နဲ့အတူ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။ သူတို့ဘေးမှာတော့ တစ်ကိုယ်လုံးခြစ်ရာဗရပွနဲ့ ရပ်နေတဲ့မိန်းကလေးတစ်ယောက်။

မောင်ကောင်းလဲ သတိရတာနဲ့ ထဖို့​ကြိုးစားလိုက်ရာ ရင်ဘတ်ထဲကနေ စူးခနဲအောင့်တက်လာခဲ့တယ်။

” အလောတကြီး မထနဲ့ဦး လူလေး… မင်းအတွက် အသက်အန္တရာယ်မရှိ​တော့ပါဘူး.. စိတ်အေးအေးထားပြီး နားလိုက်ပါ” ဆိုတဲ့အသံကြောင့် အသက်ကိုပုံမှန်ရှုပြီး ပြန်လှဲနေလိုက်တယ်။

မကြာမီ အပြင်ကိုထွက်သွားတဲ့ခြေသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဆရာဖြစ်သူနဲ့အတူ လိုက်ပါသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကျောပြင်ကို ခပ်ဝါးဝါးမြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာအနေနဲ့ လမ်းကြုံခေါ်ဆောင်လာတဲ့ မိန်းကလေးကို သူရဲ့ခန္ဓာကိုယ်ထဲဘယ်လိုပို့ဆောင်ပေးမလဲ၊ ပို့ဆောင်ပေးတဲ့အချိန် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် တမလွန်ရေဆန်လမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏