°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)

အမှောင်ထုကြီးစိုးနေတဲ့ညအချိန်က နန်းတွင်းတစ်ခုလုံးကိုအုပ်ထားသည့်အချိန် အဆောင်တော်တွေအရှေ့မှာ ထွန်းထားတဲ့ ဆီမီးတိုင်လေးတွေရဲ့ အလင်းရောင်မှုန်ဝါးဝါးက ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်။ အလင်းရောင်ထွက်ပေါ်လာပြီး မရှေးမနှောင်းအချိန်မှာတော့

” အား ကျွတ် ကျွတ်
နာလိုက်တာ မိခင်နှောင်းရယ်
ငါမွေးတော့မယ်ထင်တယ်
သမားတော်မြန်မြန်သွားပင့်ချေဦး”

“အရှင်မ ခဏလေးသည်းခံတော်မူပါဦးဘုရား
အကျွန်တော်မျိုးမ ယခုပဲ သွားပင့်ပါ့မယ်
မယ်ခင် အသင်က အရှင်မအနားမှာပဲနေနေနော်
ငါပြန်လာခဲ့မယ်”

နန်းတွင်းသူ ခင်နှောင်းလဲ အရှေ့နန်းဆောင်ထဲကနေ ကပျာကယာထွက်ပြီး သမားတော်တွေနေတဲ့ အဆောင်တော်ဘက်ကို ခပ်သုတ်သုတ် ထွက်သွားလိုက်တယ်။

များမကြာမီ နန်းတွင်းတစ်ခုလုံး ကညင်တိုင်ဆီမီးရောင်တွေနဲ့ လင်းထိန်သွားတယ်။

“ဘဝရှင်မင်းတရားကြီး ကြွလာပီဟေ့” ဆိုတဲ့အသံကြောင့် နန်းတွင်းသူ နန်းတွင်းသား မူးမတ်စစ်သည်တွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

ထီးဖြူကိုစောင်းပြီး ရာဇအိနြေ္ဒရေအပြည့်နဲ့ လျောက်လှမ်းလာတဲ့မင်းတရားကြီးက အရှေ့နန်းဆောင်ရှေ့မှာရပ်လိုက်တော့ နန်းဆောင်ထဲကနေ သမားတော်ချုပ်ဦးစက္က ပြေးထွက်လာခဲ့တယ်။

“ဟဲ့ ငစက်က
မိဖုရားအခြေအနေဘယ်လိုရှိလဲ”

“မှန်လှပါ အရှင်မင်းတရားကြီး
မိဖုရားကြီးက များမကြာမီ ‌မီးဖွားတော့မှာဖြစ်လို့ စိုးရိမ်ကြောင့်ကြတော်မပူပါနဲ့ဘုရား ကျွန်တော်မျိူးတို့သမားတော်တွေအနေနဲ့ အစွမ်းကုန်ကြိုးစားပြုစုလျက်ရှိပါတယ်ဘုရား”

“အိမ်း အရင်သားတော် သမီးတော်တွေ မွေးတုန်းက ဒီလောက်စိတ်ပူတော်မမူဘူးကွဲ့ ဒီနေ့မှ ငါ့ရင်တွေ တော်တော်ပူပန်နေရပါလား မောင်မင်းတို့ လုပ်စရာရှိတာ လုပ်ကြပါလေ ငါကိုယ်တော် ဒီနန်းဆောင်အရှေ့ကပန်းခြံမှာ စောင့်တော်မူနေမယ်”

မင်းတရားကြီးလဲ မိဖုရားခေါင်ကြီးမီးဖွားမယ့်အချိန်ကိုစောင့်ဆိုင်းနေတဲ့အချိန်

“အူဝဲ အူဝဲ အူဝဲ”

ရုတ်တရက်ကြားလိုက်ရတဲ့ကလေးငိုသံကြောင့် မင်းတရားကြီးမတ်တပ်ထရပ်လိုက်မိတယ်။

“ဟဲ့ ငသင် အခြေအနေသွားထောက်ကြည့်စမ်း
မိဖုရားကြီးရော ကလေးရော ကျန်းမာပါလေစ”

မင်းတရားကြီးရဲ့အတိုင်ပင်ခံအမတ်ကြီးဦးဖိုးသင်လဲ နန်းဆောင်အရှေ့သွားပြီး အခြေအနေကိုသွားမေးပြီးပြန်အလာ

“အရှင်ဘုရား
မိဖုရားကြီးက သားရတနာတစ်ပါးကို ဘေးအန္တရာယ်ကင်းစွာမီးရှူးသန့်စင်တော်မူပါတယ်ဘုရား မိဖုရားကြီးရော မင်းသားငယ်လေးပါ ဘေးကင်းကြောင်းပါဘုရား”

“ဟူး အခုမှပဲ သက်ပြင်းချနိုင်တော့တယ် သမားတော်တွေကို ပိုးပဝါတစ်အုပ်နဲ့ ဆန်းတစ်တင်းစီ ဆုတော်အဖြစ်ပေးတော်မူမယ် မနက်အာရုံတက်ရင် သားတော်ငယ်ကို အမည်သမုတ်ဖို့အတွက် သင့်ရာစီမံကြပေတော့”

“အမိန့်တော်မြတ်အတိုင်းပါဘုရား”

မနက်အာရုံတက်ချိန်ရောက်တာနဲ့ နန်းတွင်းတစ်ခုလုံး အုံ့အုံ့ကျွက်ကျွက်နဲ့ လှုပ်ရှားနေကြလေတော့တယ်။

ညီလာခံစတဲ့အချိန်ရောက်တော့

“မူးမတ်အပေါင်းတို့ ယမန်နေ့ညမှာ‌မီးရှူးသန့်စင်ခဲ့တဲ့ မင်းသားငယ်အတွက် သင့်ရာအမည်သညာကို တွက်ချက်ပြီး ငါကိုယ်တော်ထံလျောက်တင်စမ်း”

မင်းတရားကြီးရဲ့စကားအဆုံးမှာတော့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က
“မှန်လှပါဘုရား
မင်းသားငယ်လေးရဲ့မွေးဇာတာကိုတွက်ချက်ကြည့်တဲ့အခါ မင်းသားငယ်လေးမှာ တစ်ပါးသူနဲ့မတူတဲ့ သွင်ပြင်လက္ခဏာတွေကိုတွေ့ရှိရကြောင်းပါဘုရား”

“ဟေ ဘယ်လိုလက္ခဏာတွေတုန်း မဆိုင်းမတွ အမြန်လျောက်တင်စမ်း”

“မှန်လှပါဘုရား
မင်းသားငယ်လေးရဲ့ နဖူးအလယ်မှာ လေးထောင့်အင်းစမပုံသဏ္ဍာန် အမှတ်အသားပါလာကြောင်းပါဘုရား “

“ဟဲ့ အဲလိုပါလာတော့ ဘာဖြစ်မတုန်း အစအဆုံး မရပ်တန့်ပဲလျောက်တင်စမ်း”

“မှန်လှပါဘုရား မင်းသားငယ်လေးရဲ့ ဇာတာက မင်းဖြစ်ရင် ဇမ္ဗူတစ်ခွင်မှာ ‌ဘယ်တိုင်းပြည်ကမှ မော်ဖူးမရဲအောင် ဘုန်းတန်ခိုးကြီးမားပါလိမ့်မယ်ဘုရား သို့ပေသော်ညား မင်းသားလေးရဲ့ဇာတာမှာ လမ်းကြောင်းနှစ်ခုပေါ်ပေါက်နေကြောင်းပါ ပထမလမ်းကြောင်းက ယခုဘဝမှာမင်းဖြစ်လျှင် ဘုန်းတန်ခိုးအလွန်ကြီးမားနိုင်ပြီး ဒုတိယလမ်းကြောင်းက သက်တော်သုံးဆယ်မပြည့်ခင် မနာလိုသူတွေရဲ့ အကောက်ကြံမှုကိုခံရနိုင်ပါတယ် ဘုရား”

ပုဏ္ဏားတို့ရဲ့လျောက်တင်မှုအပြီးမှာတော့ မင်းတရားကြီးက
“မင်းသားလေးရဲ့နာမည်ကို စင်္ကြာမင်းသားလေးလို့ ပေးတော်မူမယ် မင်းသားလေးကို အနောက်ဘက်တစ်ခရိုင်အပိုင်စားပေးမှာဖြစ်လို့ ‌အနောက်စင်္ကြာမင်းသားလေးလို့ခေါ်တွင်စေကြ မင်းသားလေးရဲ့ လုံခြုံရေးကိုတော့ နဒ္ဒရော်ဓါးအဖွဲ့က လိုက်လံစောင့်ရှောက်စေ “

မင်းတရားကြီးစကားအဆုံးမှာတော့
“မှန်လှပါ အရှင်မင်းတရားကြီးရဲ့ အမိန့်ကိုနာခံလျက်ရှိကြောင်းပါဘုရား”ဆိုတဲ့အသံတွေက နန်းဆောင်ထဲကနေ အပြင်ကိုလျှံထွက်လာခဲ့တယ်။

“တောက်
မကျေနပ်နိုင်ဘူးအမတော်
ငါ့ကိုကျတော့ဖခမည်းတော်က သေးငယ်တဲ့မြို့တစ်မြို့ကိုပဲပေးတယ် အခုမှမွေးတဲ့ ညီတော်ကိုကျတော့ အနောက်ခရိုင်တစ်ခုလုံးပေးတယ် ဒါကတရားမျှတမှုရှိတယ်လို့ဆိုနိုင်မလား”

“သိဒ္ဒိ သင့်စကားက ဘာအဓိပ္ပါယ်လဲ
ဖခမည်းတော်က သင့်အတွက်လဲစီစဉ်ထားတာရှိလိမ့်မပေါ့ ယခုက သင်ညီတော်အပေါ် သင်မကောင်းကြံနေတာလား မယ်တော်ကမွေးတဲ့ စင်္ကြာမင်းသားလေးက သင့်ရဲ့ညီတော် ငါ့ရဲ့မောင်တော်လေ ညီအကိုအချင်းချင်း သင်ဘာလို့ အခုထဲက စိတ်ဝမ်းကွဲနေရတာလဲ”

“အိုကွာ ကျုပ်မသိဘူးအမတော်
ဒီကလေးက ကျုပ်ဘုရင်ဖြစ်မယ့် အခြေအနေကို အနှောက်အယှက်ပေးလာနိုင်တယ် သူ့ကို ကျုပ်လုံးဝမနှစ်မြို့ဘူး”

“သိဒ္ဒိ တော်စမ်း
နင့်စကားကိုဒီမှာတင်ရပ် ဘေးလူတွေကြားရင် နင်ဒုက္ခရောက်လိမ့်မယ် သွားတော့ “

အရှင်ခင်မြတ်ဘုရားရဲ့စကားအဆုံးမှာတော့ သိဒ္ဒိ နန်းဆောင်ထဲကနေအပြင်ကိုထွက်လာခဲ့လိုက်တယ်။
++++++++

“ဆရာ ဆရာ”
ဘေးကနေ ခေါ်တဲ့အသံကြောင့် အောင်မြတ်သာ မှိတ်ထားတဲ့မျက်လုံးအစုံကိုဖြေးညှင်းစွာဖွင့်လိုက်တယ်။

“ဆရာဒီလိုပဲထိုင်နေတာ တစ်နေ့နဲ့တစ်ညရှိနေပီ ဘာတွေများအရေးထူးလို့လဲဆရာ”

သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက

“အရင်အတိတ်ဘဝကဖြစ်စဉ်တွေကိုပြန်လည်သုံးသပ်နေတာပါ အတိတ်ဘဝကဘာတွေဖြစ်ခဲ့လဲဆိုတာသိရမှ ဒီကိစ္စကို ထိထိရောက်ရောက် ကူညီနိုင်မှာ ဆရာသမားတွေရဲ့ခွင့်ပြုချက်ကိုရတယ်ဆိုတော့ ဒီကိစ္စက သာသနာအတွက် အကျိုးရှိစေမယ့်ကိစ္စလို့ထင်မိတယ် ဒါပေမယ့်…..”

“ဒါပေမယ့် ဘာဖြစ်လဲဆရာ “

“အခုထိတော့ ငါတို့ကူညီရမယ့်သူရဲ့ ကောင်းကွက်ကိုမတွေ့ရသေးဘူး ခြငေ်္သ့နှစ်ကောင်ဘုရားမှာ မြင်ခဲ့ရတဲ့ အမျိူးသမီးရဲ့စိတ်ထားကိုတော့ အနည်းငယ်သိမြင်ခဲ့ရတယ်”

“ဒါတော့ဒါပေါ့ဆရာရယ် အခုလောလောဆယ် တောက်ရပြင်ထားတဲ့ ညစာကိုစားပြီးမှ ပြန်သုံးသပ်ပါလား”

သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက ခေါင်းလေးကိုဆတ်ပြလိုက်တယ်။ ညစာစားပြီးတော့ လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ဇရပ်မှာ ထိုင်ပြီး မျက်လုံးအစုံကို မှိတ်လိုက်တယ်ဆိုရင်ပဲ

“မူးမတ်တို့ ငါတို့ရဲ့တိုင်းပြည်ကို ကျူးကျော်ရန်စမဲ့ တစ်ခြားတိုင်းတစ်ပါးသားတွေ ဘယ်နေရာမှာ စခန်းချနေကြသလဲ”

“မှန်လှပါအရှင်မင်းကြီး ရန်သူတွေက တောင်ဘက် ဂန္ဓမာမြို့အလွန်က ကွင်းပြင်မှာစခန်းချနေကြောင်း အထောက်တော်များထံမှ သိရှိရပါတယ်ဘုရား”

“ဒါဆို ငါတို့နယ်နိမိတ်ကိုရောက်ဖို့သိပ်မလိုတော့ဘူး ရှင်သိဒ္ဓိရှိလား”

“ရှိကြောင်းပါ ဖခမည်းတော်”

“စင်္ကြာမင်းသားလေးရော”

“စင်္ကြာမင်းသားလေးက နန်းဆောင်မှာပဲရှိပါသေးတယ်ဘုရား”

“တယ် ဒီလောက်အရေးကြီးငယ်ရှိနေတာကို ဘောက်မဲ့ကြောင့် နန်းတွင်းညီလာခံကိုမလာရတာလဲ သိဒ္ဓိ သင့်ညီတော်ကို သွားခေါ်ချေ”

ရှင်သိဒ္ဓိလဲ ခမည်းတော်ရဲ့စကားအဆုံးမှာ ဓါးလွတ်ကိုမြှောက်အရိုအသေပေးပြီး စင်္ကြာမင်းသားလေးရဲ့ နန်းဆောင်ရှိရာကို ထွက်လာခဲ့တယ်။

နန်းဆောင်တံခါးကိုအတင်းတွန်းဖွင့်ပြီးဝင်လာတဲ့အသံကြောင့် စာကြည့်စားပွဲရှေ့မှာထိုင်နေတဲ့ စင်္ကြာမင်းသားလေး မျက်လုံးကိုတစ်ချက်လှပ်ကြည့်လိုက်တယ်၊ ပြီးတော့ ဘာမှမဖြစ်သလို မိမိလုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်တယ်။

“စင်္ကြာမင်းသား ဒီအချိန်က သင်အေးအေးလူလူနေရမယ့်အချိန်မဟုတ်တော့ဘူး သင့်အနေနဲ့ ကလောင်ကိုချပြီး ဓါးကိုစွဲကိုင်ရတော့မဲ့အချိန်ရောက်နေပြီ”

“နောင်တော် ကျုပ်ကအဲလိုတွေမလုပ်ချင်ဘူး ခမည်းတော်ကိုပြောပေးပါ ကျုပ်ဒီအင်းစမတွေပဲရေးနေချင်တယ် လူသတ်တဲ့လက်နက်ကို ကျုပ်မကိုင်ချင်ဘူး”

“တောက် သင်က မင်းသားတစ်ယောက်မဖြစ်သင့်ဘူး အခုလိုတိုင်းပြည်အကျပ်အတည်းဖြစ်နေချိန် သင်ကဒီဘာမဟုတ်တဲ့ စာလုံးတွေနဲ့အချိန်ကုန်နေတယ် သင့်အပေါ်အားထားခဲ့တဲ့ ခမည်းတော်ရဲ့ စိတ်ကိုသင်ကိုယ်တိုင်ရိုက်ချိုးလိုက်တာပဲ”

ထိုအခါ စင်္ကြာမင်းသားလေးက
“နောင်တော်က ဒီထီးနန်းကိုလိုချင်နေတာ ကျုပ်သိပါတယ် ကျုပ်က ဒီလိုရှုပ်ထွေးပွေလီတဲ့နန်းတွင်းရေးရာကိုလဲ မမက်မောဘူး နောင်တော်စိတ်ပူတေယ်မမူပါနှင့် “

စင်္ကြာမင်းသားလေးစကားကြားတော့ ရှင်သိဒ္ဓိမျက်နှာတစ်ချက်လက်ခနဲဖြစ်သွားတယ် ပြီးတော့မှမျက်နှာကြောကိုပြန်ထိန်းပြီး

“သင့်စကားအတိုင်း ခမည်းတော်ကိုပြန်လျောက်တင်ပေးမယ် သင့်ကံစီမံရာအတိုင်း သင်လိုက်ကပေတော့”

စကားအဆုံးမှာ ရှင်သိဒ္ဓိ ချာကနဲပြန်လှည့်ထွက်သွားတယ်။

စင်္ကြာမင်းသားလေးရဲ့စကားက မင်းတရားကြီးကို ဒေါသထွက်သွားစေခဲ့တယ်။ ဒါပေမယ့် စင်္ကြာမင်းသားလေးရဲ့ခေါင်းမာမှုကိုသိတော်မူတဲ့ မင်းတရားကြီးက ဘာမှထပ်မပြောတော့ပဲ ရှင်သိဒ္ဓိကို နောက်တော်ပါးထားပြီး ရှေ့တန်းစစ်မျက်နှာကို ထွက်ဖို့ပြင်ဆင်ပါတော့တယ်။
++++++++

တိုက်ပွဲကပြင်းထန်ပြီး ကြိမ်းဝါးသံ အော်ဟစ်သံတွေက ကမ္ဘာပျက်လုမတတ် ကျယ်လောင်စွာထွက်ပေါ်နေတဲ့ စစ်မျက်နှာပြင်မှာတော့ လက်တစ်ဖက်မှာ လှံတို ၊ ကျန်လက်တစ်ဖက်မှာ ဓါးလွတ်ကိုစွဲကိုင်ပြီး ရန်သူတွေကို ချေမှုန်းနေတဲ့ မင်းတရားကြီး၊ ဘေးမှာတော့ ဓါးလွတ်နှစ်ချောင်းကို ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရှင်သိဒ္ဓိ။

“ဖခမည်းတော်သတိထား”

ရှင်သိဒ္ဓိရဲ့စကားသံမဆုံးခင်မှာပဲ မင်းတရားကြီးရဲ့ ဘယ်ဘက်ရင်အုံထဲကို ရန်သူ့မြှားတစ်စင်း ထိုးဝင်လာခဲ့တယ်။ အရှိန်ပြင်းလွန်းတဲ့မြှားတံက မင်းတရားကြီးရဲ့ရင်ဘတ်ကိုထုတ်ချင်းပေါက်သွားခဲ့တယ်။ ထိုမြှားတံကပင် မင်းတရားကြီးရဲ့ အသက်ကိုနှုတ်ယူသွားခဲ့တယ်။

“ဆုတ်ကြ ပြန်ဆုတ်ကြ
မြို့ရိုးရောက်တဲ့ထိဆုတ်ကြ”

တပ်မှူးတွေရဲ့ အော်သံကြောင့် ရှင်သိဒ္ဓိ လက်ထဲကဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လေးတိလေးကန်ခြေလှမ်းတွေနဲ့အတူ အနောက်ကိုပြန်ဆုတ်ခဲ့ရတယ်။ မင်းတရားကြီးရဲ့ ကိုယ်ခန္ဓာကိုတော့ သစ္စာခံရဲမက်တွေက အသက်စွန့်ပြီးပြန်သယ်လာခဲ့ကြတယ်။

ရန်သူတွေက မင်းတရားကြီးကျသွားတယ်ဆိုရင်ပဲ အားတက်ပြီး မြို့ရိုးထိတိုင်အောင် ဆက်လက်တိုက်ခိုက်ခဲ့ကြတယ်။

“အမတော် နန်းစဉ်ပစ္စည်းတွေမြန်မြန်သိမ်း ကျုပ်တို့ပြေးမှရတော့မယ် “

“မယ်တော်ရော မယ်တော် ကျန်နေခဲ့မယ်”

“စိတ်မပူနဲ့ မယ်တော်ကို စစ်သူကြီးမဟာသီဟသူရကိုခေါ်ထုတ်ခိုင်းထားပြီးပြီး”

“စင်္ကြာမင်းသားလေးရော သူကိုရောဘယ်သူ ခေါ်သွမှာလဲ “

“ဒီသူရဲဘောကြောင်တဲ့ကောင်အကြောင်း မပြောနဲ့ သူက နန်းတော်ထက် သူ့ရဲ့အက္ခရာတွေကိုပိုချစ်တဲ့သူ သူသေသေရှင်ရှင် ဂရုမစိုက်နိုင်ဘူး တပ်မှူးနန္ဒ သင်ကအမတော်ကိုခေါ်ပြီး လက်ပံရွာထိပ်က ညောင်ပင်နားမှာစောင့်နေ ကျုပ်လိုက်လာခဲ့မယ်”

ရှင်သိဒ္ဓိရဲ့စကားကို ကြားတော့ တပ်မှူးနန္ဒက မင်းသမီးကိုခေါ်ပြီး နန်းတော်ဆောင်ကြားထဲကနေ ထွက်သွားခဲ့တယ်။ ရှင်သိဒ္ဓိလဲ နံရံမှာထောင်ထားတဲ့ ဓါးလွတ်ကိုစွဲကိုင်ပြီး နန်းရင်ပြင်ကိုထွက်လာတဲ့အချိန်မှာတော့ ရန်သူတွေက နန်းတွင်းထဲထိတိုင်ရောက်နေခဲ့ပီ။

“ကျား ကျား ထိုးဟ ခုတ်ဟ တစ်ယောက်မှမထွက်ပြေးစေနဲ့ “

ရန်သူတွေရဲ့အသံတွေက နန်းတော်တစ်ခုလုံးဖုံးလွှမ်းသွားခဲ့တယ်။

“ဟိုမှာ ဒီနန်းတော်ရဲ့မင်းသား လိုက်ကြ လိုက်ကြ”

ရှင်သိဒ္ဓိကိုမြင်ပြီးပြေးဝင်လာတဲ့ ရန်သူကို ချွန်မြနေတဲ့စိန်စီငှက်ကြီးတောင်ရဲ့ ဓါးဦးကဆီးကြိုလိုက်တယ်။
“စွပ်”
“အင့်”

တရစပ်ဝင်လာတဲ့ ဓါးတွေကို ပင့်ရင်း ရိုက်ရင်း ရှောင်ရင်း ရှင်သိဒ္ဓိ အနောက်ကိုတစ်ဖြေးဖြေး ဆုတ်လာခဲ့တယ်။ အနောက်ကိုဆုတ်ရင်း နန်းတွင်းတံခါးနဲ့ခလုပ်တိုက်ပြီးလဲအကျ ရှင်သိဒ္ဓိရင်ဘတ်တည့်တည့်ကို ဓါးဦးအချွန်တစ်ခု ဝင်လာတဲ့အချိန်

“ချလွင် ချွင်”ဆိုတဲ့အသံနဲ့အတူ ရန်သူဓါးဘေးကိုချော်ထွက်သွားတယ်။

ရှင်သိဒ္ဓိလဲ ဘေးကိုကြည့်လိုက်တော့ ဓါးနှစ်လက်ကို ကိုင်ထားတဲ့စင်္ကြာ်မင်းသားလေးကိုတွေ့လိုက်တယ်။

“နောင်တော် ထွက်ပြေးတော့ ညီတော် ဟန့်တားထားမယ် “လို့ပြောပြီး ရန်သူအုပ်ထဲဝင်ကာ ဓါးနှစ်လက်နဲ့ ခုခံပါလေရော။

ရှင်သိဒ္ဓိလဲ အံ့ဩခြင်းများစွာနဲ့ ငေးကြည့်နေတဲ့အချိန်
“နောင်တော် ပြေးတော့ အမတော်ကိုပြောပေးပါ ညီတော်တစ်နေ့အရောက်ပြန်လာခဲ့မယ်လို့”

ရှင်သိဒ္ဓိမျက်လုံးအိမ်တစ်ခုလုံး မျက်ရည်တွေပြည့်လာပြီး သွေးတွေဆူပွက်လာတယ်။ သူရဲဘောကြောင်တယ်လို့ထင်ရတဲ့ ညီဖြစ်သူရဲ့ လုပ်ရပ်ကိုမြင်လိုက်ရတော့ ရှင်သိဒ္ဓိမနေသာပဲ ဘေူမှာကျနေတဲ့ ဓါးကိုကောက်ကိုင်ပြီး ညီတော်စင်္ကြာမင်းသားလေးရှိရာကို ခုန်ဝင်သွားခဲ့တယ်။

ရှင်သိဒ္ဓိမြင်လိုက်ရတာက စင်္ကြာမင်းသားလေးရဲ့ ဓါးချက်တွေက ရန်သူရဲ့အသက်အန္တရာယ်ဖြစ်လောက်တဲ့နေရာတွေကို မထိတာပဲ။

ရှင်သိဒ္ဓိရဲ့လက်ထဲက ဓါးက ရန်သူ့ခန္ဓာကိုယ်တွေထဲကို ပြေးဝင်သွားခဲ့ပေမယ့် ရန်သူတွေရဲ့ဓါးချက်တွေကလည်း ရှင်သိဒ္ဓိရော စင်္ကြာမင်းသားလေးရဲ့ ကိုယ်ခန္ဓာထဲကိုရော ဝင်ရောက်လာခဲ့ကြတယ်။

နောက်ဆုံးမြင်လိုက်ရတာကတော့ ရန်သူ့ရဲ့ဝင်းလက်နေတဲ့ဓါးဦးချွန်တစ်ခု။

++++++++++

အောင်မြတ်သာမျက်လုံးဖွင့်ကြည့်လိုက်တော့ မနက်အာရုဏ်တက်ခါနီးနေပြီ။ အောင်မြတ်သာလဲ ကိုယ်လက်ဆန့်တန်းပြီး စင်္ကြန်လျောက်နေလိုက်တယ်။ သိပ်မကြာခင်မှာ တောက်ရနဲ့သက်ခိုင်တို့ အောင်မြတ်သာအနားကိုရောက်လာခဲ့တယ်။

သက်ခိုင်နဲ့တောက်ရက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
“ဆရာ ညနက်တုန်းက ဆရာအနားမှာ မိန်းမတစ်ယောက်လာထိုင်ငိုနေတယ်ဆရာ”

“အမတော် ဖြစ်မှာပေါ့ သူတို့အကြောင်းတွေပြန်သုံးသပ်နေတဲ့အချိန် အတိတ်ကိုပြန်သတိရပြီး ငိုကြွေးတာဖြစ်လိမ့်မယ်”

“ဒါဆို ဆရာက သူ့ကိုပေးထားတဲ့ကတိကို ဘယ်တော့အကောင်အထည်ဖော်မလဲဆရာ”

“အခုအာရုဏ်တက်တော့မယ်ဆိုတော့ နေ့ခံညစံပုဂ္ဂိုလ်တွေဝဋ်ကြွေးပေးဆယ်ရမယ့်အချိန်ရောက်တော့မယ် အလင်းရောင်အစပျိုးတာနဲ့ အကောင်အထည်ဖော်မယ် မင်းတို့နှစ်ယောက်ကဒီဇရပ်မှာပဲစောင့်နေကြ “

“ဟုတ်ကဲ့ဆရာ ကျွန်တော်တို့စောင့်နေပါ့မယ်”

အောင်မြတ်သာလဲ သက်ခိုင်တို့ကိုဘာမှဆက်မပြောတော့ပဲ တစ်ယောက်ထဲဇရပ်ဘေးက လမ်းကြားထဲကို တိုးဝင်သွားခဲ့တယ်။

လူပြတ်တဲ့နေရာရောက်တော့ အောင်မြတ်သာက
မျက်လုံးကိုစုံမှိတ်လိုက်တဲ့အချိန် ဘေးမှာပေါက်နေတဲ့ သရက်ပင်နှစ်ပင်ရဲ့အလယ်ကနေ ဝင်ပေါက်တစ်ခုပေါ်လာခဲ့တယ် ။

အောင်မြတ်သာလဲ ပေါ်လာတဲ့ဝင်ပေါက်ထဲကို ဝင်လိုက်တဲ့အခါမှာတော့ အလွန်တရာလှပတဲ့ ရွာအတင်လမ်းလေးတစ်ခုကိုမြင်လိုက်ရတယ်။ ရွာရဲ့ထိပ်မှာတော့ ရွှေရောင်ဆေးတစ်မျိုးနဲ့ရေးထားတဲ့ နာမည်တစ်ခုကိုတွေ့လိုက်ရတယ်။

နာမည်က
” မဉ္ဇူသကနတ်ရွာ”
နာမည်ကိုမြင်တော့အောင်မြတ်သာ ပြုံးလိုက်မိတယ်။

ရွာဆိုင်းဘုတ်ကိုကျော်ပြီး ရွာထဲကိုခြေလှမ်းစဝင်လိုက်တာနဲ့ ရွာစည်းရိုးထဲကနေ အသားနီနီ အရပ်မြင့်မြင့်ပုဂ္ဂိုလ်နှစ်ဦး ရုတ်တရက်ပေါ်လာခဲ့တယ်။ ထိုပုဂ္ဂိုလ်နှစ်ဦးက အောင်မြတ်သာကိုကြည့်ပြီး

“သင် ဒီရွာထဲကိုဝင်လို့မရဘူး
ဒီရွာက သေလွန်ပြီးသားလူတွေပဲဝင်လို့ရတယ်
သင်လာရာလမ်းအတိုင်းပြန်လှည့်ပါ”

လူနီနီကြီးရဲ့စကားကိုကြားတော့ ‌အောင်မြတ်သာက

“ကျုပ်ကဒီရွာထဲကိုရောက်နေတဲ့ အတိတ်ဘဝက အကိုတော်ဖြစ်သူကိုလာခေါ်တာပါ သူက နောင်ပွင့်မယ့်ဘုရားကိုလှူဒါန်းရမဲ့ရတနာပစ္စည်းတွေကို စောင့်ကြပ်နေရတဲ့သူ သင်တို့ကျုပ်ကိုဝင်ခွင့်မပြုဘူးဆိုရင် သင်တို့ပါအပြစ်ခံရလိမ့်မယ် “

အောင်မြတ်သာစကားကိုကြားတော့ လူနီနီကြီးနှစ်ယောက်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
“သင်ပြောတဲ့စကားက မှန်ကန်ကြောင်း သက်သေတစ်ခုပြပါ ကျုပ်တို့ယုံကြည်ရင်သင့်ကိုဝင်ခွင့်ပြုမယ်”

လူနီနီကြီးတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ကောင်းပီ သင်တို့ကိုကျုပ်သက်သေပြမယ် သင်တို့ရွာထဲမှာရှိတဲ့ ကျောက်ခဲတစ်လုံးကို ကျုပ်လက် ပေါ်တင်လိုက်ပါ”

“ရော့ ဒီမှာခင်ဗျားပြောတဲ့ကျောက်ခဲတစ်လုံး”လို့ပြောပြီးအောင်မြတ်သာလက်ပေါ်တင်လိုက်တယ်။
ထိုအခါအောင်မြတ်သာက

“ကျုပ်သည် ဤရွာအားဆိုးကျိုးသက်ရောက်စေရန်လာခဲ့ခြင်းမဟုတ်ပါ သာသနာအတွက် စောင့်ကြပ်နေရသူအားအသိစိတ်ပြန်ဝင်အောင် ဆုံးမရန် လာရောက်ခြင်းဖြစ်ပါသည် ဤသစ္စာစကားမှန်ကန်ခဲ့ပါက ကျွန်ုပ်၏လက်တွင်းမှကျောက်ခဲအား မည်သူမှမ၍မရပါစေသား” လို့အဓိဌာန်ပြီး လူနီနီနှစ်ယောက်အား ယူခိုင်းရာ တစ်ယောက်မှမ၍မရကြ။

အဲဒီတော့မှ အောင်မြတ်သာကိုရွာထဲပေးဝင်ကြတယ်။ရွာထဲရောက်တော့ လူနီနီနှစ်ယောက်က
“သင်အမှုကိစ္စကိုနေမဝင်ခင်အပြီးပြတ်လုပ်ပါ သင်ပြောတဲ့လူက ရွာအလယ်က ဘုံခုနှစ်ဆင့်ရှိတဲ့နန်းဆောင်မှာနေပါတယ်”

အောင်မြတ်သာလဲ လူနီနီနှစ်ယောက်ပြောတဲ့ နန်းဆောင်အပေါ်ကိုတက်လာခဲ့တယ်။ နန်းဆောင်တစ်ခုလုံး စားသောက်ဖွယ်ရာများပြန့်ကျဲနေပြီး နန်းဆောင်ရဲ့အပေါ်ထပ် သလွန်ပေါ်မှာတော့ မူးပြီးအိပ်ပျော်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်။

အောင်မြတ်သာလဲ အိပ်ပျော်နေတဲ့လူရဲ့နဖူးပေါ်ကို ဘေးမှာရှိနေတဲ့ရေတကောင်းထဲကရေနဲ့လောင်းချလိုက်တော့ အိပ်ပျော်နေတဲ့လူက ရုတ်တရက်ထထိုင်လိုက်တယ်။ မျက်လုံးကိုလက်နဲ့ပွတ်ပြီး အောင်မြတ်သာကိုမြင်တော့

“ဟင် စင်္ကြာမင်းသား သင် သင် မသေသေးဘူးနော်”

“သတိထားပါ ရှင်သိဒ္ဓိ ကျုပ်ဟာအတိတ်ဘဝက စင်္ကြာမင်းသားဖြစ်ခဲ့ပေမယ့် ယခုဘဝမှာတော့ သင်နဲ့မည်သို့မှမတော်စပ်ပါဘူး သင်အသိတရားရပါတော့ သင်ရောက်နေတဲ့နေရာက နတ်ဘုံနတ်နန်းလို့သင်ထင်နေပါသလား”

အောင်မြတ်သာရဲ့စကားကိုကြားတော့

“အသင် ဘာတွေဘာပြော‌နေတာလဲ ကျုပ်ဒီနတ်ဘုံမှာပျော်မွေ့တယ် ဒီမှာပဲကျုပ်နေမယ် အသင်က စင်္ကြာမင်းသားမကလို့ ဘာပဲဖြစ်နေဖြစ်နေ ကျုပ်ဂရုမစိုက်ဘူး”

“သင်က ကိုယ့်တာဝန်ကို ကိုယ်မေ့နေတာကိုး သင်နဲ့အမတော်တို့စောင့်ထိန်းနေတဲ့ရတနာပစ္စည်းတွေကိုသတိမရဘူးလား နောင်ပွင့်မယ့်ဘုရားကိုရော သင်သတိမရဘူးလား”

အောင်မြတ်သာစကားကိုကြားတော့ ရှင်သိဒ္ဓိနည်းနည်းတွေဝေသွားတယ် ပြီးတော့မှ

“ကျုပ်ဒီနေရာမှာပဲနေမယ် ဟိုမှာအမတော်ရှိနေတာပဲ ကျုပ်ဘေးမှာရှိတဲ့နတ်သမီးလေးတွေနဲ့ပဲ ကျုပ်နေမယ် သင်ပြန်ပါတော့”

အောင်မြတ်သာက ရှင်သိဒ္ဓိကိုကြည့်ပြီး ပြုံးလိုက်ကာ

“သင်က အမှောင်ဖုံးနေတာကိုး သင်အမြင်တွေမှားနေတာသက်သေပြရမယ့်အချိန်ရောက်လာပြီ သင်ဒီစာရွက်ကိုမျက်လုံးမှာပွတ်ပြီးရင် သင်သိလာလိမ့်မယ်”လို့ပြောပြီး အင်းစာရွက်တစ်ရွက်ကို ကမ်းပေးလိုက်တယ်။

ရှင်သိဒ္ဓိလဲ ပေးတဲ့စာရွက်ကိုမျက်လုံးမှာပွတ်လိုက်တယ်ဆိုရင်ပဲ ခမ်းနားတောက်ပနေတဲ့နန်းဆောင်ကြီးက ဘုန်းကြီးကျောင်းအပျက်ကြီးဖြစ်သွားတာကိုမြင်လိုက်ရတယ်။

ဘေးမှာရှိနေတဲ့ စားကောင်းသောက်ဖွယ်တွေက ပိုးလောက်တစ်ဖွားဖွားကျနေတဲ့ နောက်ချေးတွေဖြစ်နေတာကိုမြင်တော့မှသတိပြန်ဝင်လာပြီး

“ကျုပ် ကျုပ်ဘယ်ရောက်နေတာလဲ
ဒါ ဘယ်နေရာလဲ”

“ဒီနေရာက နေ့ခံညစံရတဲ့ ဝေမာနိကပြိတ္တာဘုံပဲ အတိတ်ဘဝကသင်နဲ့တော်စပ်ခဲ့ဖူးတဲ့သံယောဇဉ်ကြောင့် သင့်ကိုသတိလာပေးတာပါ သင့်ရဲ့အမတော်ကသင့်ကိုစောင့်မျှော်နေတယ် “

“ကျုပ်ရဲ့ မိဖုရားတွေကရော”

“အိမ်း သင်ဒီလောက်ထိစွဲလမ်းနေရင် သူတို့ရှိတဲ့နေရာကျုပ်ခေါ်သွားမယ် ဒါမှသင်သိလာလိမ့်မယ်”လို့ပြောပြီး အိမ်အနောက်ကို ခေါ်သွားလိုက်တယ်။

အိမ်အနောက်လဲရောက်ရော ကယ်ပါ ယူပါ တဆာဆာနဲ့အော်ဟစ်နေတဲ့အသံတွေကို ရှင်သိဒ္ဓိအရင်ကြားလိုက်ရတယ်။

အသံကြားရာကိုအနီးကပ်ကြည့်လိုက်တော့ ရဲရဲတောက်နေတဲ့ သံရည်ပူတွေကြားထဲမှာ ကူးခတ်ပြီး အော်ဟစ်နေကြတဲ့ မိန်းမပျိုလေးတွေကိုတွေ့တော့

“ဒါ ဒါ ကျုပ်ရဲ့ကိုယ်လုပ်တော်တွေပဲ သူတို့က ငရဲခံနေရတာလား”

“ဟုတ်တယ် သင်ယခုလိုဆက်နေမယ်ဆိုရင် သင်လဲဒီလိုခံစားရမှာပဲ သင့်နေရာကိုသင်ပြန်သွားပြီး တရားဓမ္မနဲ့မွေ့လျော်ပါ နောင်တော်”

“သင် ကျုပ်ကိုဘယ်လိုခေါ်လိုက်တယ်”

“ဟုတ်ပါတယ် သင်ကအတိတ်ဘဝက ကျုပ်ရဲ့နောင်တော်မို့လို့ နောင်တော်လို့ခေါ်ရတာပါ “

“ကျုပ်မှတ်မိပြီ သင်နဲ့ကျုပ်ရန်သူ့ဓါးချက်နဲ့ သေတဲ့အချိန် ကျုပ်စိတ်စွဲရာအမတော်ဆီကိုရောက်သွားတယ် ဒါပေမယ့် အမတော်လဲ ရန်သူ့လက်ကမလွတ်ပဲ ကွယ်လွန်ခဲ့ပေမယ့် သူ့ကိုကာကွယ်ခဲ့တဲ့ စစ်သူကြီးမဟာသီဟသူရကတော့ လွတ်မြောက်သွားခဲ့တယ် စစ်သူကြီးက အမတော်ရဲ့ဆန္ဒအတိုင်း နန်းစဉ်ရတနာတွေကို စေတီတည်ပြီးဌာပနာပေးခဲ့တယ် စစ်သူကြီးရဲ့အမျိုးအဆွေတွေအားလုံးက ဒီဘုရားမှာအလုပ်အကျေွးပြုကြတယ် “

“နောင်တော်အသိစိတ်ပြန်လည်ပြီလား “

“ကျုပ်သတိတစ်ချက်လွတ်ပြီး သာယာမှုနောက်ကိုလိုက်ခဲ့မိတယ် အမတော်ကိုဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး”

“အမတော်က နောင်တော်ပြန်လာမဲ့အချိန်ကိုစောင့်မျှော်နေတာပါ ယခုပဲအမတော်ဆီပြန်သွားလိုက်ပါ “

“သင်က သင့်ရဲ့ရည်မှန်းချက်ကို ယခုဘဝမှာရောက်အောင်လှမ်းနိုင်ခဲ့တာမို့ ကျုပ်လေးစားမိပါတယ် ကျုပ်တို့လဲနောင်ပွင့်မယ့်ဘုရားကိုစောင့်ရင်း သင့်ဆီပြန်လာခဲ့ပါမယ် ကျုပ်သွားတော့မယ်”

နှုတ်ဆက်ပြီးထွက်သွားတဲ့ ရှင်သိဒ္ဓိကိုကြည့်ပြီး အောင်မြတ်သာ သာဓုသုံးကြိမ်ခေါ်လိုက်မိတယ်။
အောင်မြတ်သာလဲ ဇရပ်ဆီကိုပြန်ရောက်တော့ သက်ခိုင်နဲ့ တောက်ရကိုမတွေ့ရတော့ဘူး။အဲဒီအချိန် ဇရပ်ခေါင်မိုးပေါ်ကနေ ကြောင်တစ်ကောင်ခုန်ချလာတာကိုမြင်လိုက်ရပြီး မြေကြီးပေါ်ရောက်တော့ လူတစ်ယောက်ဖြစ်သွားတယ်။

ထိုသူက အောင်မြတ်သာကိုမြင်တော့
“ဆရာ ကျုပ်က ကြောက်နက်မှော်ကိုအောင်ထားတဲ့သူတစ်ယောက်ပါ ဒီဇရပ်မှာဆရာရှိနေတယ်ကြားလို့ လာခဲ့တာပါ ဒီရောက်တော့ ဆရာကိုမတွေ့ပဲ ဆရာတပည့်နှစ်ယောက်ကိုပဲတွေ့လို့ အကူအညီတစ်ခုတောင်းလိုက်ပါတယ် “

‌”သင်ဘယ်လိုမျိုးကြုံနေရလို့လဲ”

“ကျုပ်အောင်ထားတဲ့ ကြောင်နက်မှော်က အောက်လမ်းအတတ်ပညာနဲ့စီရင်ထားတာပါဆရာ လပြည့်လကွယ်နေ့ရောက်ရင် စီရင်ထားသူခိုင်းသမျှကိုလုပ်ပေးရပါတယ် ဆရာကို ဖြစ်ကြောင်းကုန်စင် သေချာပြောပြပါ့မယ် အခုလောလောဆယ် ဆရာတပည့်နှစ်ယောက်ကို ကျွန်တော်ကြောင့် ဒုက္ခရောက်နေတဲ့အမျိုးသမီးတစ်ဉီးကို ကယ်တင်ပေးဖို့ အကူအညီတောင်းထားပါတယ်”

အောင်မြတ်သာလဲ ထိုသူပြောသမျှ နားထောင်ပြီး
“သင်က မကောင်းတဲ့အကျင့်ကိုမကြိုက်တဲ့အတွက် သင့်စိတ်ဓါတ်ကိုလေးစားမိတယ် သင်အတွက် ကျုပ်တို့ကူညီနိုင်သမျှ ကူညီပါ့မယ် သင်စိတ်မပူပါနဲ့”

ထိုစဉ် ဇရပ်ဘေးနားက သရက်ပင်ပေါ်ကနေ ကြောင်နက်တစ်ကောင် ခုန်ချပြီး ပြေးသွားတာကိုအောင်မြတ်သာလှမ်းမြင်လိုက်တယ်။

ကြောင်နက်မှော်အောင်တဲ့သူက ဘာကြောင့် အောင်မြတ်သာစီရောက်လာတာလဲ?
သူ့ကိုစီရင်ပေးတဲ့သူကရော ဘာတွေများစွမ်းသလဲ?
ဘယ်လိုတွေခိုင်းစေသလဲ?
အောင်မြတ်သာတို့ကရော ကြောင်နက်မှော်သွင်းပေးတဲ့ဆရာကိုဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲ?ဆိုတာကိုတော့ အောင်မြတ်သာနှင့်ကြောင်နက်မှော်ဆိုတဲ့ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်
မေတ္တာဖြင့်မျှဝေသည်။🙏