“တိုက်နီနီအောက်မှာ ငါ့ကိုမြုပ်ထားတယ်…ကယ်ကြပါဦး.. ငါ့ကိုကယ်ကြပါဦး” ဆိုတဲ့အသံက တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့နားထဲကို စူးရှစွာဝင်ရောက်လာခဲ့တယ်။

အောင်မြတ်သာနည်းတူ အင်းစမတွေရေးဆွဲနေတဲ့ သက်ခိုင်နဲ့တောက်ရတို့မျက်နှာမှာလဲ အံ့ဩမှုတွေကအထင်းသား။

ညနှစ်ချက်တီးအချိန်လောက်ရောက်တော့ တရားဖြုတ်ပြီးထလာတဲ့အောင်မြတ်သာက
“ မင်းတို့ဆွဲထားတဲ့အင်းတွေအကုန်သုံးမရဖြစ်တာရောသိကြလား”

“ ဗျာ ဘယ်လို သုံးမရတာလဲဆရာ”

“ ခုနက မင်းတို့အာရုံထဲမှာ မိန်းမတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကိုကြားမိခဲ့တယ်မဟုတ်လား”

“ ဟုတ်ပါတယ်ဆရာ ကြားမိပါတယ်”

“ အေး အဲဒီအချိန် မင်းတို့စီရင်နေတဲ့အင်းရဲ့ဘောင်ကို တားနေချိန်မဟုတ်လား”

“ ဟုတ်ပါတယ်ဆရာ..”

“ တောက်ရ …အင်းပေါက်တဲ့လက္ခဏာရှစ်ပါးကို ရွတ်ပြစမ်း”

အောင်မြတ်သာစကားကြောင့် တောက်ရက ဇက်ကိုပုလိုက်ပြီး

“ အင်းဘောင်မထိ၊ အင်းကွက်မညီ၊ အင်းဘောင်လေးထောင့်အတိုအရှည်မညီ၊ အင်းဘောင်တားချိန်စိတ်မငြိမ်၊ အင်းချစဉ်မန္တာန်မရွတ်မိ၊ အင်းစမအင်းဘောင်ကိုထိ၊ အင်းအတွင်းမျဉ်းအစွန်းပို၊ အင်းစမခေါင်းငိုက်တိုရှည်မညီပါဆရာ”

“ ခုနက ရှစ်ချက်ထဲမှာ မင်းတို့ကဘယ်အချက်မှာညိခဲ့ကြလဲ”

“ဟိုလေ ဟို.. အင်းဘောင်တားတဲ့အချိန်စိတ်မတည်ငြိမ်ဆိုတဲ့အချက်မှာညိခဲ့ပါတယ်”

“ ဟုတ်တယ် …ဒီအမှားက ဘာမှမဟုတ်ဘူးလို့အချို့တွေထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမယ့် ငါတို့အတွက်ကတော့ အရမ်းအရေးကြီးတဲ့အချက်ပဲ။ ဒီအင်းစမကိုသုံးပြီး လုပ်ရမယ့်ကိစ္စတွေလဲရှိလို့ အစကနေပြန်ဆွဲဖို့ပြောချင်တယ်”

“ ဟုတ်ကဲ့ဆရာ ကျွန်တော်တို့အမှားအတွက် အသစ်ပြန်ဆွဲပါ့မယ်”

သက်ခိုင်နဲ့တောက်ရတို့ အင်းစမတွေပြန်ဆွဲနေတဲ့အချိန် အောင်မြတ်သာက တရားထိုင်နေရင်းကြားလိုက်ရတဲ့ အကြောင်းအရာကိုအာရုံခံကြည့်လိုက်ရာ သွားမှာကွမ်းဂျိုးတွေအပြည့်နဲ့မိန်းမတစ်ယောက်က အူလှိုက်သည်းလှိုက်ရယ်မောနေတာမြင်တွေ့ခဲ့ရတယ်။
+++++

မနက်လင်းအားကြီးအချိန်ရောက်တော့ ကိုယ်လက်သန့်စင်ပြီးပြန်လာတဲ့အောင်မြတ်သာကို တောက်ရက ဆီးကြိုရင်း

“ ညက ကြားရတဲ့အသံကို ဆရာဘယ်လိုထင်မိလဲ”

“ အင်း အတိအကျပြောရရင် ငါမြင်တဲ့ပုံရိပ်နဲ့ ကြားရတဲ့အသံကြားထဲမှာ ကွဲလွဲမှုအချို့ရှိတယ်လို့ထင်မိတယ်။ ဒါတွေကိုအတည်ပြုဖို့ အလင်းရောင်အစပျိုးတာနဲ့ မြို့ထဲသွားကြတာပေါ့”

“ ဆရာ ဒီမှာကြည့်ပါဦး”

သက်ခိုင်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ရာ ဆံပင်ဘုတ်သိုက်နဲ့အရူးတစ်ယောက်က အံကိုကြိတ်လက်သီးကိုဆုပ်ကာ ရန်ပြုမယ့်ဟန်ကိုမြင်လိုက်ရတယ်။

“ ဆရာ သူ့ပုံစံကြည့်ရတာ မူမမှန်ဘူးနော်”

သက်ခိုင်စကားမဆုံးခင်မှာပဲ အရူးက အုတ်နီခဲတစ်လုံးကို ကိုင်ကာ အောင်မြတ်သာတို့ဆီကို ပြေးဝင်လာခဲ့တယ်။

အောင်မြတ်သာကတော့ အနည်းငယ်တောင် ထိတ်လန့်တဲ့ဟန်မပြပဲ လွယ်အိတ်ထဲကနေ နနွင်းရွက်ပုံစံရှိတဲ့အပင်တစ်ပင်ကိုထုတ်ပြလိုက်ရာ အရူးကောင်မှာ ငယ်သံပါအောင်အော်ပြီး အမှောင်ထုထဲကိုပြေးဝင်ပျောက်ကွယ်သွားခဲ့တယ်။

အဲဒီတော့မှ သက်ခိုင်နဲ့တောက်ရတို့သက်ပြင်းချနိုင်ပြီး
“ ခုနက အရူးထွက်ပြေးအောင် ဘာလုပ်လိုက်တာလဲဆရာ”

“ ဘာမှမလုပ်ဘူးလေ ဒီအပင်ပဲပြလိုက်တာ”

“ ဒါကဘယ်လိုအပင်မျိုးလဲဆရာ..သူ့အရွက်က နနွင်းရွက်လိုပဲနော်၊ နောက်ပြီးအမြစ်ကလဲ ဖြူဖွေးနေတာပဲ”

“ ဒီအပင်ကို ဂမုန်းဖြူလို့ခေါ်တယ်… လွန်ခဲ့တဲ့နှစ်တွေတုန်းက တောထဲမှာအဓိဌာန်ဝင်ရင်းတွေ့ခဲ့လို့ လိုကာမယ်ကာသိမ်းထားလိုက်တာ”

“ ဂမုန်းဖြူကဘာအစွမ်းတွေရှိလို့လဲဆရာ”

“ ပြောရရင်တော့ ဒီဂမုန်းဖြူက သိဒ္ဓိဝင်တဲ့အထဲပါတယ်။ သူရူးတွေ၊ ဘီလူးသဘက်ပူးသူတွေက ဂမုန်းဖြူကိုမြင်ရင် ထွက်ပြေးကြရတာပဲ။ နောက်ပြီး ဖုမ္မသိမ်၊ အကျော်၊ စမ္မာ၊ ကရမက်၊ ကတိုး၊ သနတ်ထော်၊ ကတ္တုကမည်းတို့ကိုဆတူရောကြိတ် အတောင့်လုပ်ပြီး ဂဝံလက်ယှက်ရုပ်ထုထု၊ ပြီးရင်အရုပ်ရဲ့ဝမ်းဗိုက်ထဲမှာ ဓာတ်တော်ကိုဌာပနာထည့်ပြီးအလုံပိတ်၊ အပြင်ကနေ သစ်စေးသားရိုးမံ၊ ရွှေချပြီး ဂုဏ်တော်တစ်ထောင်စုတ်၊ အဲဒါပြီးရင်တော့ ရွှေကြုတ်၊ ငွေကြိုတ်ထဲမှာထည့်ပြီးငုံသာထားပေတော့”

“ အဲလိုငုံထားတော့ဘာဖြစ်မှာလဲဆရာ”

“ ဘာဖြစ်ရမလဲ ငုံထားတဲ့သူက ရှိန်းဆာယာကိုယ်ပျောက်တာပေါ့ကွ၊ ဒါပေမယ့် တစ်ထောင်ပြည့်အောင်စုတ်ရမယ့် ဂါထာကိုတော့ ငါလဲမသိဘူးကွ ဟက်ဟက်”

အောင်မြတ်သာက သက်ခိုင်ပခုံးကိုပုတ်ကာပြောလိုက်ပြီးကိုင်ထားတဲ့ ဂမုန်းဖြူကိုလွယ်အိတ်ထဲထည့်ကာ မြို့ထဲဘက်ကိုထွက်သွားခဲ့တယ်။

သက်ခိုင်နဲ့တောက်ရတို့ကလဲ အောင်မြတ်သာပြောပြတဲ့ အစီအရင်အကြောင်းကို တွေးရင်းအနောက်ကနေ လိုက်လာခဲ့ကြတယ်။ ဒီလိုနဲ့ အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်စျေးတစ်ခုကိုရောက်တော့ မုန့်စိမ်းပေါင်းကို မြိန်ယှက်စွာစားနေတဲ့ အရူးတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဆရာ ဟိုမှာထိုင်နေတာ ကျွန်တော်တို့ကိုရန်ပြုတဲ့အရူးမဟုတ်လား”

“ ဟုတ်သား… ရော့ကွာ ညကမစားဖြစ်ခဲ့တဲ့ ဇီးထန်းလျက်လေးကျွေးလိုက်ပါဦး”

အောင်မြတ်သာစကားကြောင့် တောက်ရက ယိုင်တိယိုင်တိုင်တဲပေါ်မှာထိုင်နေတဲ့အရူးဆီကိုသွားပြီး ဇီးထန်းလျက်တစ်ထုပ်ကိုကမ်းပေးလိုက်တယ်။

“ သူစားပြီးလို့ လေးနာရီကြာတဲ့အခါ မရပ်မနားအန်လာလိမ့်မယ်၊ အန်လို့ဝပြီဆိုရင် ငါ့ဆီခေါ်လာခဲ့ကြ”

သက်ခိုင်တို့လဲ အောင်မြတ်သာပြောသလို အရူးသွားတဲ့နောက်ကိုလိုက်ကြည့်ရာ ဇီးထန်းလျက်စားပြီးလေးနာရီအကြာမှာ တစ်ဝေါဝေါနဲ့ထိုးအန်ပါလေရော။

အတန်ကြာအန်ပြီးတော့မှ လမ်းမပေါ်ပစ်လဲကျသွားတဲ့အချိန် ဆွဲထူပြီးအောင်မြတ်သာဆီခေါ်လာခဲ့လိုက်တယ်။

“ ဆရာ ဒီလူအန်တဲ့ထဲမှာ လက်သီးဆုပ်လောက်ရှိတဲ့ အသားတုံးတစ်တုံးပါလာတယ်”

အန်ဖတ်တွေနဲ့ညစ်ပတ်နေတဲ့အရူးကို သန့်ရှင်းရေးလုပ်နေရင်းပြောလိုက်တဲ့ တောက်ရစကားကြောင့် အောင်မြတ်သာက ပါးချိုင့်နှစ်ဖက်ခွက်နေအောင်ပြုံးလိုက်ပြီး

“ ပါဆို.. ဒီလူက အစာအပင်းထည့်ခံထားရတာကိုး”

“ ဗျာ..”

“ ဒါကြောင့် ချဗူးသံနဲ့လင်းတရိုးသွေးလို့ရတဲ့အရည်ကို ဇီးထန်းလျက်နဲ့လုံးပြီးကျွေးလိုက်တာ”

“ ကျွန်တော်ကြားဖူးတယ်ဆရာ ချဗူးသံနဲ့လင်းတရိုးသွေးပြီးတိုက်ရင် အပင်းနုရင်အန်ပြီး ရင့်တဲ့အခါ စအိုကနေကျတယ်ဆို”

“ ဟုတ်တယ် ဒီလူကိုယ်ထဲရှိနေတဲ့အပင်းက နုလို့ အန်ထွက်လာတာ…ကဲကဲ သန့်ရှင်းရေးလုပ်ပြီးရင် သူ့ကိုမေးစရာလေးရှိလို့ခေါ်ခဲ့ပါဦး”

သက်ခိုင်နဲ့တောက်ရလဲ ကိုယ်မှာပေနေတဲ့အန်ဖတ်တွေကိုသန့်ရှင်းပေးပြီး အောင်မြတ်သာအရှေ့ကိုခေါ်လာခဲ့လိုက်တယ်။

“ ဘယ်လိုလဲ သတိရလာပြီလား”

“ မင်းတို့ကဘယ်သူတွေလဲ … မေစိန်နဲ့ဘာပတ်သတ်မှုရှိလဲ”

“ ဘယ်ကမေစိန်လဲ ကျုပ်တို့က ခင်ဗျားကိုကယ်ပေးခဲ့တဲ့သူတွေပါ”

“ မလိမ်နဲ့ ငါ့ကိုမလိမ်နဲ့ နင်တို့က မေစိန်နဲ့ပေါင်းပြီး ငါတို့မိသားစုကိုဒုက္ခရောက်အောင်လုပ်ခဲ့တာမဟုတ်လား”

“ ခင်ဗျားနဲ့တော့ခက်ပြီ…ကျုပ်တို့က သူတစ်ပါးဒုက္ခရောက်နေတာမြင်ရင်ကူညီတဲ့ဘက်ကပါဗျာ။ အခုချိန်ထိ ဘယ်သူကိုမှဒုက္ခမပေးခဲ့ဘူးဘူး”

ဆံပင်ဘုတ်သိုက်နဲ့အရူးက အောင်မြတ်သာကို ခြေဆုံးခေါင်းဆုံးကြည့်လိုက် နေလောင်ဒဏ်ကြောင့်ရှုံ့တွမဲခြောက်နေတဲ့သူ့ခန္ဓာကိုယ်ကိုကြည့်လိုက်နဲ့ အံ့ဩနေတာမြင်တော့

“ စိတ်ဝေဒနာကိုနှစ်ပေါင်းများစွာခံစားလာရတဲ့အချိန်တွေမှာ အတော်ဒုက္ခရောက်ခဲ့မှာပဲနော်” လို့ သနားဂရုဏာသက်စွာရေရွတ်လိုက်တယ်။

“ ကျုပ်ဘယ်လိုဖြစ်လို့ အခုလိုပုံစံဖြစ်သွားရတာလဲ.. မြနှင်း… မြနှင်းရော “

“ မြနှင်းဆိုတာက ဘယ်သူလဲ”

“ ကျုပ်ချစ်သူမြနှင်းလေ… သူ..သူ အိမ်မှာရှိနေသေးလား”

“ အဲဒါတော့ ကျုပ်တို့မသိဘူး… ဒါနဲ့ ခင်ဗျားပြောတဲ့ထဲမှာ မေစိန်ဆိုတဲ့နာမည်ကြားလိုက်မိသလိုပဲ”

“ မေစိန် … မေစိန်… အား ကျုပ်ခေါင်းတွေကိုက်လာသလိုပဲ”

ဆံပင်တွေကိုလက်နဲ့ထိုးဖွပြီးပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာက အိတ်ထဲကနေ ဇီးကင်းခန့်ရှိတဲ့ဆေးလုံးတစ်လုံးကိုထုတ်ကာ ပါးစပ်ထဲထိုးထည့်ပေးလိုက်တယ်။

“ သူအခုမှ သက်သာခါစဆိုတော့ အနားယူပါစေဦး”

အောင်မြတ်သာလဲ သုံးလေးရက်ကြာတဲ့အထိ အရူးပျောက်ဆေးတော်ကိုဇီးကင်းခန့်ကျွေးရာ တစ်ဖြေးဖြေးသက်သာလာခဲ့ပြီး အတိတ်ကဖြစ်ရပ်အချို့ကိုပါ မှတ်မိလာခဲ့တယ်။
+++++++

“ ခင်ဗျားက ပယောဂကုတဲ့ဆေးဆရာလား”

ကျောဘက်ကနေထွက်လာတဲ့အသံကြောင့် ဆီစိမ်စက္ကူတွေကိုခေါက်နေတဲ့အောင်မြတ်သာက သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး

“ ခင်ဗျားတောင် အတော်ကောင်းသွားပြီကိုး…”

“ ကျုပ်မေးတာပဲဖြေပါ…ခင်ဗျားကပယောဂကုတဲ့ဆေးဆရာလား”

“ ဆိုပါတော့ဗျာ… ဘာဖြစ်လို့လဲ”

“ လူရဲ့အူအသည်းကိုစားတဲ့ စုန်းကိုမြင်ဖူးလား”

ရုတ်တရက်မေးလိုက်တဲ့စကားကြောင့် အောင်မြတ်သာက စွန်ရဲလိုစူးရှတဲ့မျက်လုံးနဲ့ ရပ်နေတဲ့သူကိုကြည့်လိုက်ပြီး

“ သင်ဒီလိုမေးတယ်ဆိုထဲက အကြောင်းတစ်ခုရှိရမယ်။ သင်ပြောချင်တာရှိရင် ကျုပ်ကိုပွင့်ပွင့်လင်းလင်းပြောပါ”

“ ထားလိုက်ပါတော့ဗျာ…. အခုကျွန်တော်လဲ နေကောင်းပြီဆိုတော့ ဒီကနေထွက်သွားပါ့မယ်”

“ ခင်ဗျားနေကောင်းပြီလို့ ဘယ်သူပြောလဲ… ကျုပ်တိုက်တဲ့ဆေးကို တစ်လပြည့်အောင်သောက်မှ ရူးသွမ်းအောင်ထည့်ထားတဲ့အပင်းပျောက်ကင်းမှာနော်”

“ ခင်ဗျားတို့ကျုပ်နဲ့ရှိနေရင် ဒုက္ခရောက်လိမ့်မယ်”

“ ဟက်ဟက် ကျုပ်တို့ကလဲ နာမကျန်းဖြစ်နေတဲ့လူတစ်ယောက်ကိုလက်လွတ်စပယ်မပစ်ထားတတ်ဘူးဗျ။ ဒါကြောင့် ခင်ဗျားအနေနဲ့ ကျုပ်တို့အပေါ်ယုံကြည်တဲ့စိတ်ထားပြီးတိုင်ပင်မယ်လို့ မျှော်လင့်ပါတယ်”

အောင်မြတ်သာစကားကြောင့် ဆံပင်ဘုတ်သိုက်နဲ့လူက ထိုင်ချလိုက်ပြီး
“ ကျုပ်နာမည်က စိုင်းနောင်လို့ခေါ်တယ်…ခင်ဗျားနာမည်ကရော..”

“ ကျုပ်တို့ကိုယုံကြည်ပေးလို့ဝမ်းသာပါတယ် ကိုစိုင်းနောင်။ ကျုပ်နာမည်က အောင်မြတ်သာပါ”

“ ခင်ဗျားက ကျုပ်အပေါ်ဆေးကုပေးထားတာဆိုတော့ လေးစားသမှုနဲ့ဆရာလို့ပဲခေါ်ပါမယ်”

“ ရပါတယ် အဆင်ပြေသလိုခေါ်ပါ”

“ ကျုပ်မိဘတွေက ရှမ်းပြည်ဘက်ကစော်ဘွားအနွယ်ဝင်တွေပါ၊ အမေကတော့ ကျုပ်ငယ်ငယ်ထဲက ဆုံးသွားခဲ့တယ်။ အဖေကတော့ နှစ်လတစ်ခါ သုံးလတစ်ခါဆိုသလို အလုပ်ကိစ္စနဲ့ခရီးထွက်တတ်တယ်။ ကျုပ်အသက်နှစ်ဆယ်လောက်မှာတော့ အဖေမိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာခဲ့တယ်။ သူ့နာမည်က မေစိန်တဲ့။ရှင်းရှင်းပြောရရင် နောက်မိန်းမပေါ့ဗျာ။ ဒါကိုကျုပ်က လက်မခံပဲ ခါးခါးသီးသီးငြင်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဖေယူလာတဲ့မိန်းမက ကျုပ်နဲ့ရွယ်တူလောက်ဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်ရဲ့အထင်သေးမှုတွေကိုကျုပ်မခံနိုင်ဘူး။ ဒါပေမယ့် အဖေကတော့ အားလုံးရဲ့ဆန္ဒကိုလစ်လျှူရှုပြီး အဲမိန်းမကိုအရူးအမူးဖြစ်ခဲ့တယ်။ ဘယ်လောက်ထိအဲဒီမိန်းမအပေါ်ရူးသွပ်လဲဆိုရင် ထမင်းစားရင်တောင် သူကိုယ်တိုင်ခူးခပ်ကျွေးတာဗျ။ ကျုပ်ကလဲဒီမြင်ကွင်းတွေကိုမမြင်ချင်လို့ အိမ်မှာမကပ်ပဲအပြင်မှာပဲအချိန်ကုန်ခဲ့တယ်။ တစ်နေ့မှာတော့ စံပယ်ပန်းရောင်းတဲ့ မြနှင်းဆိုတဲ့မိန်းကလေးကိုတွေ့ပြီး မေတ္တာမျှခဲ့ကြတယ်။ ကျုပ်ကလဲ အဖေပိုင်တဲ့ပစ္စည်းတွေထဲက အချို့တစ်ဝက်တောင်းပြီး မြနှင်းနဲ့တစ်အိုးတစ်အိမ်ထူထောင်ဖို့ရည်ရွယ်ခဲ့တယ်။ တစ်နေ့ မြနှင်းကိုအိမ်ခေါ်ပြီး ထမင်းဖိတ်ကျွေးဖို့ ပြောတဲ့အတွက် ကျုပ်လဲ သဘောရိုးထင်ပြီး ခေါ်လာခဲ့လိုက်တယ်။ မှတ်မှတ်ရရ အဲဒီနေ့က မိုးတွေရွာနေခဲ့တယ်”

စိုင်းနောင်က စကားပြောနေရင်း အံကိုခပ်တင်းတင်းကြိတ်လိုက်ပြီး အဝေးတစ်နေရာကိုငေးကြည့်နေခဲ့ရာကနေ သက်ပြင်းရှည်တစ်ချက်ချပြီး

“ အဲဒီထမင်းဝိုင်းက အဖေနဲ့လက်ဆုံစားခဲ့တဲ့ နောက်ဆုံးအကြိမ်ဖြစ်ခဲ့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ အဖေကအိပ်ယာပေါ်မှာ ရောဂါလက္ခဏာမပြပဲသေနေခဲ့တယ်။ အဖေသေတော့ မေစိန်က ကျုပ်ကို နည်းအမျိုးမျိုးနဲ့မြူစွယ်ပြီး သူ့ဘက်ပါအောင်စည်းရုံးခဲ့တယ်။ ကျုပ်ကလဲ မြနှင်းကလွဲပြီး ဘယ်သူမှမချစ်နိုင်တာမို့ ပြစ်ပြစ်ခါခါပြောပြီးမောင်းထုတ်ခဲ့တယ်။ အဲဒီနေ့ကစပြီး ကျုပ်သတိရတစ်ချက်မရတစ်ချက်ဖြစ်ခဲ့တာပဲ။ နောက်ဆုံးသတိရတဲ့အချိန်မှာဆိုရင် ဆံပင်ဖားလျားချထားတဲ့မေစိန်က အိမ်မှာအလုပ်လာလုပ်တဲ့မိန်းမတစ်ယောက်ရဲ့ရင်ကိုခွဲပြီး အူအသဲတွေကိုအစိမ်းလိုက်စားနေတာ၊ သူ့ပုံစံက မြင်နေကျပုံစံလိုမဟုတ်ပဲ အဖွားကြီးတစ်ယောက်အတိုင်း အသားအရည်တွေပါတွဲကျနေတာ”

“ ခင်ဗျားပြောတဲ့ပုံအရ အဲဒီမိန်းမက အတော်ခရီးရောက်နေတဲ့စုန်းမပဲ။ သူ့ကိုဖမ်းနိုင်ဖို့ဆိုတာ သာမန်လူတွေအဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး”

“ ကျုပ်သိချင်တာက မြနှင်းအကြောင်းပဲ… သူရှိနေသေးလား… “

“ အဲဒါတော့ကျုပ်တို့လဲမသိဘူး … ခင်ဗျားသိချင်ရင်တော့ ခေါင်းကဆံပင်ကိုအရင်ရှင်းမှရမယ်…ဒီပုံအတိုင်းဆိုရင် ခင်ဗျားကိုမှတ်မိမှာမဟုတ်ဘူး”

++++++

နောက်တစ်နေ့ နေ့လယ်ရောက်တော့ ကတ်ကြေးတစ်လက်နဲ့ဆံပင်တွေကိုထိုင်ဖြတ်နေတဲ့ စိုင်းနောင်ကိုမြင်လိုက်ရတယ်။

“ ဆရာ ဆရာ…”

“ ပြန်ရောက်လာကြပီလား…လာလေကွာ”

“ ဟိုလူနေခဲ့တဲ့ အိမ်ကအတော်ကို အခြေအနေဆိုးတယ်လို့ပြောတယ်”

“ ဘယ်လိုအခြေအနေဆိုးတာလဲ ..”

“ ရက်ကြီးခါကြီးနေ့တွေဆိုရင် အိမ်ထဲကနေ မိန်းမတစ်ယောက်ရဲ့ ငိုသံတွေရော ရယ်သံတွေကိုပါကြားရတယ်လို့ပြောကြတယ်”

တောက်ရစကားကြောင့် ဆံပင်ညှပ်နေတဲ့ စိုင်းနောင်ရောက်လာပြီး

“ ကျုပ်သတိမရခင်အချိန်ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြနှင်းနဲ့တွေ့ပြီးမေးကြည့်ပါဦးမယ်”

“ ဒါဖြင့်လဲ မြနှင်းဆိုတဲ့မိန်းကလေးနေတဲ့ဆီကို သွားကြတာပေါ့”

အောင်မြတ်သာက စိတ်အရမ်းတက်ကြွနေတဲ့ စိုင်းနောင်ရဲ့အကြိုက်ကို အလိုက်သင့်မျောလိုက်ပေးခဲ့တယ်။
+++++

ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ ညနေခင်းစျေးလေးက တစ်စတစ်စပိုပြီးစည်ကားလာခဲ့သလို စျေးသည်တွေရဲ့အသံကလဲ တစ်ဖြေးဖြေးကျယ်လောင်လာခဲ့တယ်။

“ အစ်မရေ တစ်ဆိတ်လောက်ဗျ”

မုတ်ဆိတ်ကျင်စွယ်နဲ့ဆံပင်တွေညှပ်ပြီးစ စိုင်းနောင်ကို ကန်စွန်းရွက်ရောင်းနေတဲ့မိန်းမကြီးကမမှတ်မိပဲ ကြောင်အမ်းအမ်းနဲ့ကြည့်ကာ

“ ဘာယူမလို့လဲရှင့်”

“ စျေးဝယ်ဖို့မဟုတ်ဘူးဗျ မြနှင်းဆိုတဲ့အမျိုးသမီးနေတဲ့အိမ်ကို မေးချင်လို့ပါ”

“ မြနှင်းဟုတ်လား ဒီနာမည်တော့မကြားဖူးဖူးကွယ့်… အစ်မတို့ကလဲ စျေးလာရောင်းတာမကြာသေးတော့မသိတာဖြစ်မယ်။ ဟိုဘက်က ပန်းရောင်းတဲ့ ဒေါ်ဖွားမေကိုမေးကြည့်ပါလား…သူကတော့သိမယ်ထင်တယ်”

စိုင်းနောင်လဲ စျေးသည်မိန်းမကြီးစကားကြောင့် ပဝါတဘက်နွမ်းကိုခေါင်းမှာပတ်ထားတဲ့ပန်းသည်အဖွားအိုရှိရာကိုထွက်သွားပြီး

“ အရီး ဒီနားမှာ နေတဲ့ မြနှင်းဆိုတဲ့အမျိုးသမီးကိုသိလား”

“ မြနှင်းဆိုတာက ဦးဖိုးမြသမီးကိုပြောတာလား”

“ ဟုတ်တယ် ဟုတ်တယ် ဦးဖိုးမြသမီးကိုပြောတာ”

“ အဲဒီကလေးမ ပျောက်သွားတာ ဆယ်နှစ်လောက်ရှိရောပေါ့… “

“ ဟင် သူကဘယ်လိုပျောက်သွားတာလဲ… တစ်နယ်ဆစ်ကျေးကိုများပြောင်းသွားလို့လား”

“ မဟုတ်ဘူးလူလေးရဲ့… မြို့ထဲကလူတွေကတော့ သူ့ချစ်သူကိုသွားရှာရင်းပျောက်သွားတာလို့ပြောကြတာပဲ”

ပန်းသည်အဖွားအိုစကားကြောင့် စိုင်းနောင် ဘာမှဆက်မပြောတော့ပဲ ခဏငြိမ်သက်သွားပြီး

“ အခုလိုပြောပေးလို့ကျေးဇူးတင်ပါတယ်အရီး။ ခွင့်ပြုပါဦး”

စိုင်းနောင်က တစ်ခုခုကိုစဉ်းစားရင်း စျေးအပြင်ဘက်ကိုထွက်သွားခဲ့တယ်။

“ ဘယ်လိုလဲ …ခင်ဗျားပြောတဲ့ မြနှင်းကိုရှာတွေ့ခဲ့လား”

အကြော်တဲထဲမှာထိုင်နေရင်း လှမ်းမေးလိုက်တဲ့ အောင်မြတ်သာစကားကြောင့် စိုင်းနောင်က ခေါင်းကိုခါရမ်းလိုက်ပြီး

“ သူကျုပ်ကိုသွားရှာရင်း ပျောက်သွားတယ်ပြောတယ်။ ဒီပုံဆိုရင် ကျုပ်နေတဲ့မြို့ကိုပြန်သွားမှဖြစ်မယ်”

“ ဒီညတော့ အချိန်မမှီလောက်တော့ဘူး။ သွားချင်ရင် မနက်ဖြန်မနက်စောစောထသွားကြတာပေါ့”

“ ဟူးးးး”

စိုင်းနောင်က သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး အရင်ကမြနှင်းနေခဲ့တဲ့နေရာလေးကို လှည့်ကြည့်လိုက်တယ်။
+++++++

မြင်းလှည်းပေါ်မှာအလှဆင်ထားတဲ့ ခြူသံလေးတွေက မြို့လမ်းမတစ်လျောက် သာယာစွာထွက်ပေါ်လာခဲ့တယ်။

“ ကိုယ့်ဆရာတို့က တိုက်နီနီကိုဘာသွားလုပ်ကြမှာလဲ…”

မြင်းလှည်းသမားက မြင်းဇက်ကြိုးကိုဆွဲရင်းမေးလိုက်တဲ့စကားကြောင့် စိုင်းနောင်က

“ ဘာမှတော့မဟုတ်ပါဘူး… ရှေးဟောင်းအိမ်ဆိုတော့ စာရေးဖို့အတွက်အထောက်အကူဖြစ်အောင်လေ့လာတဲ့သဘောပါ”

“ ဟာ စာရေးချင်တာနဲ့များအဲဒီအိမ်ကိုသွားရတယ်လို့။ ကျုပ်တို့မြို့ခံတွေတောင် ညနေစောင်းရင် တိုက်နီနီရှေ့ကဖြတ်မမောင်းရဲဘူး”

“ ဘာဖြစ်လို့လဲဗျ”

“ ဘာဖြစ်ရမလဲ…အဲဒီတိုက်ထဲမှာ သရဲခြောက်တယ်လို့ပြောကြတယ်။ ကျုပ်အသိထဲကတစ်ယောက်ဆိုရင် ညနေဘက် မြင်းလှည်းမောင်းရင်း အိမ်ရှေ့ကနေဖြတ်သွားတာကို ဗိုက်ဟောင်းလောင်းပွင့်နေတဲ့မိန်းမတစ်ယောက်ခြံထဲကနေလှမ်းခေါ်တာဗျ။ အဲကောင်လဲ တစ်ပတ်လောက် ကြောက်ပြီးဖျားတာ မနည်းကုလိုက်ရတယ်”

မြင်းလှည်းသမားစကားကြောင့် အောင်မြတ်သာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။

“ ကျုပ်တို့ကအဲလိုအတွေ့အကြုံမျိုးလိုချင်တာ… အဆင်သင့်လိုက်လေဗျာ”

“ ခင်ဗျားတို့နဲ့တော့ ဒုက္ခပါပဲ… ကဲကဲ ကျုပ်ဒီနားအထိပဲလိုက်ပို့လို့ရမယ်..ဒီကနေဆို နည်းနည်းပဲလမ်းလျောက်ဝင်ရမှာ”

မြင်းလှည်းဆရာစကားကြောင့် အောင်မြတ်သာတို့လှည်းပေါ်ကနေဆင်းလိုက်ပြီး ပိုက်ဆံအချို့ကမ်းပေးကာ ထွက်လာခဲ့လိုက်တယ်။

လူသွားလူလာမရှိတဲ့လမ်းဖြစ်တဲ့အတွက် အမှိုက်သရိုက်နဲ့ သစ်ရွက်ခြောက်တွေက လမ်းတစ်လျောက်ဖွာလန်ကျဲနေခဲ့တယ်။

“ ဒီနေရာက အရင်ကသိပ်လှတဲ့နေရာပေါ့ဗျာ…လမ်းဘေးတစ်လျောက်ကျုပ်အဖေစိုက်ခဲ့တဲ့ စိန်းပန်းပြာပင်တွေပွင့်တဲ့အချိန်ဆို တစ်မြို့လုံးကလူတွေလာကြတာ”

စိုင်းနောင်က အတိတ်ကအကြောင်းအရာတွေကို သတိရမိတဲ့ဟန်နဲ့ပြောနေတဲ့အချိန် အောင်မြတ်သာက

“ အခုချိန်အိမ်ထဲဝင်ဖို့မသင့်သေးဘူး… ခင်ဗျားအတွက်လဲ လုပ်ပေးစရာရှိသေးတယ်။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် အပြင်ကနေအကဲခတ်ကြည့်တာပေါ့”

“ ဆရာတို့သဘောပဲလေ…ဒီမြို့မှာကျုပ်အသိအချို့လဲရှိသေးလို့ လိုအပ်တာရှိရင်ပြောပါ”

“ ဒါဖြင့် ဒီမြို့မှာ အိုးလုပ်တဲ့အိမ်ဘယ်နားရှိနိုင်လဲ”

“ အိုးလုပ်တဲ့အိမ်ဆိုရင်တော့ မြို့ထဲကိုပြန်သွားရမယ်။ အဲဒီမှာ အိုးဖုတ်တဲ့ရုံတွေရှိတယ်”

“ ဒါဖြင့် ခင်ဗျားက အိုးထိန်းစက်မှာကပ်နေတဲ့ မြေကြီးတွေယူလာခဲ့ပေးပါ၊ သက်ခိုင်က ဝက်အမြှီးမှာကပ်နေတဲ့မြေကြီးကို ရသလောက်ခြစ်ယူလာခဲ့၊ တောက်ရကတော့ ပံ့သကူကြွက်စုတ်သွေးနဲ့ဥသျှစ်ပွင့်ကို ရအောင်ရှာလာခဲ့ပါ”

“ ဆရာမှာတဲ့ပစ္စည်းတွေက ထူးဆန်းလိုက်တာ။ အဲဒါတွေနဲ့ဘာလုပ်မလို့လဲ”

စိုင်းနောင်ရဲ့စကားကြောင့် အောင်မြတ်သာက တိုက်နီနီဘက်ကိုကြည့်ပြီး

“ ညနေကျရင် အဖြေသိပါလိမ့်မယ်။ ပြောတဲ့အတိုင်းသာယူလာခဲ့ပေးပါ”

သက်ခိုင်နဲ့တောက်ရကတော့ တစ်ခုခုထူးတော့မယ်ဆိုတာသိတဲ့ဟန်နဲ့ အသီးသီးလမ်းခွဲကာထွက်သွားခဲ့ကြတယ်။ စိုင်းနောင်ကတော့ တိုက်နီနီရှိရာဘက်ကိုတစ်ချက်လှည့်ကြည့်ရင်း မြို့ထဲဘက်ကိုထွက်သွားခဲ့တယ်။
++++++

ထမင်းအိုးသုံးလုံးချက်လောက်ကြာတော့ စိုင်းနောင်က မြေကြီးတစ်ထုပ်နဲ့ပြန်ရောက်လာခဲ့တယ်။

“ ဆရာ အိုးထိန်းစက်မှာကပ်နေတဲ့မြေကြီးတွေတော့ရလာပြီ။ ဒါနဲ့ ကျုပ်သူငယ်ချင်းတွေဆီကနေ သိခဲ့တာ တစ်ခုရှိတယ်”

“ ဘာတွေသိခဲ့လဲပြောပါဦး”

“ လပြည့်လကွယ်နေ့တွေဆိုရင် ကျုပ်အိမ်ထဲကနေ ဖယောင်းတိုင်မီးအလင်းရောင်တွေထွက်နေတတ်တယ်ပြီး အရုဏ်တက်ချိန်ဆိုရင် အလိုလိုပျောက်သွားတယ်တဲ့။ တစ်ခါတစ်လေ အိမ်ပြူတင်းပေါက်မှာ မြနှင်းနဲ့တူတဲ့မိန်းမတစ်ယောက်ထွက်ထွက်ရပ်နေတတ်တယ်လို့ပြောတယ်”

“ ဒါဆို တိုက်ဆိုင်လိုက်တာ ဒီနေ့က ပြာသိုလကွယ်နေ့ပဲလေ။ ဒါနဲ့ ခင်ဗျားအိမ်ထဲဝင်လို့ စုန်းကဝေတွေ နာနာဘာဝတွေမြင်ပြီးလန့်ရင်ဘယ်လိုလုပ်မလဲ”

“ ကျုပ်အဲလောက်ထိသွေးမကြောင်ပါဘူး။ မြနှင်းက ဘာကြောင့် ဒီအိမ်မှာရှိနေတာလဲပဲစဉ်းစားမရတာ။ မဟုတ်မှလွဲရော ဟိုမိန်းမက မြနှင်းကို….”

စိုင်းနောင်စကားမဆုံးခင်မှာပဲ သက်ခိုင်နဲ့တောက်ရတို့ပြန်ရောက်လာပြီး

“ ဆရာမှာထားတာတွေတော့ရလာပြီ… တောက်ရကတော့ ကြွက်စုတ်အသေကိုငါးစျေးတန်းထဲမှာ ခွေးပါးစပ်ထဲကနေ လုလာရလို့ တစ်ကိုယ်လုံပေကျံနေတာပဲ”

သက်ခိုင်စကားကြောင့် တစ်ကိုယ်လုံးဗွက်တွေနဲ့ပေရေနေတဲ့တောက်ရက ရယ်ကျဲကျဲလုပ်ပြီး

“ ဒီအသေကောင်ကိုရဖို့ ခွေးသုံးကောင်နဲ့အပြိုင်လုခဲ့ရတာ။ အခုတော့ ကိုယ်လက်သန့်စင်ဖို့လိုပြီ”

“ ဒါဖြင့်အရှေ့လမ်းဆုံမှာရေကန်တစ်ခုရှိတယ်။ ကျုပ်လိုက်ပြပေးမယ်လေ”

စိုင်းနောင်က တောက်ရကိုခေါ်ပြီးထွက်သွားတဲ့အချိန် အောင်မြတ်သာက

“ ဝက်အမြှီးကနေခွါလာတဲ့မြေကြီး၊အိုးထိန်းစက်မှာကပ်နေတဲ့မြေကြီး၊ ကြွက်စုတ်သွေးနဲ့ ဥသျှစ်ပွင့်ကို ဆတူထည့်ပြီး ကြိတ်ထားလိုက်”

“ ဆရာ ဒါတွေက ဘာလုပ်ဖို့လဲ”

“ ညနေအိမ်ထဲဝင်တဲ့အခါ စိုင်းနောင်ရဲ့မျက်လုံကိုကွင်းပေးဖိုလေ၊ ဒါမှ အိမ်ထဲမှာရှိတဲ့နာနာဘာဝတွေကိုသူမြင်နိုင်မှာ”

“ ဒါများဆရာရယ် ကျွန်တော်တို့ပညာမတတ်ခင်ကကွင်းပေးတဲ့ ဆေးမြစ်ရှိနေတာကို”

“ မတူဘူးသက်ခိုင်… မင်းတို့ကိုကွင်းပေးတဲ့ဆေးမြစ်က ငါတို့ဂိုဏ်းဝင်တွေကိုပဲသုံးခွင့်ပြုထားတယ်။ အဲဒီဆေးမြစ်အစွမ်းက နာနာဘာဝတွေတင်မကပဲ အခြားအောက်နတ်တွေကိုပါမြင်နိုင်တဲ့အစွမ်းရှိတယ်”

သက်ခိုင်လဲအဲတော့မှသဘောပေါက်ပြီး လုပ်စရာရှိတာတွေကိုပြန်လုပ်ခဲ့တယ်။
+++++

ညနေစောင်းတော့ သက်ခိုင်က သွေးထားတဲ့အရာကို စိုင်းနောင်ရဲ့မျက်လုံးမှာကွင်းပေးပြီး အိမ်ထဲကိုဝင်လာခဲ့ကြတယ်။

မပြုမပြင်ပဲပစ်ထားခဲ့တဲ့ တိုက်အိမ်နီနီကြီးက တက်ချင်တိုင်းတက်နေကြတဲ့နွယ်ပင်တွေ၊ အလေ့ကျပေါက်နေတဲ့ ညောင်ပင်ငယ်လေးတွေနဲ့ အကျည်းတန်နေခဲ့တယ်။

အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ အိမ်အိုကြီးအထဲမှာတော့ လင်နို့ချေးအနံ့တွေအပြင် အခြားညှီစို့စို့အနံ့တွေက အော်ဂလီဆန်ချင်စရာကောင်းနေခဲ့တယ်။

“ အခုထိတော့ ဘာမှမမြင်ရသေးဘူးနော်ဆရာ”

စိုင်းနောင်စကားကြောင့် အောင်မြတ်သာက အိမ်အနှံ့ကိုကြည့်လိုက်ပြီး

“ ပညာသည်စက်တစ်ခုကိုခံစားမိနေတယ်။ အဲဒီအရာက အိမ်ရဲ့ကြမ်းခင်းအောက်ကနေလာနေသလိုပဲ”

“ မြေအောက်ခန်း…. မြေအောက်ခန်းထဲကများလား”

“ ဒီအိမ်မှာ မြေအောက်ခန်းရှိခဲ့လား”

“ ရှိတာပေါ့ဆရာ… အဖေက အရေးကြီးပစ္စည်းတွေကို မြေအောက်ခန်းထဲမှာပဲသိမ်းတတ်တာ။ အဲဒီနေရာကို ဘယ်လိုသွားရလဲကျုပ်သိတယ်”

စိုင်းနောင်က သွက်လက်စွာနဲ့ အိမ်အနောက်ဘက်ကိုဝင်သွားပြီး ဆွေးမြေ့နေပီဖြစ်တဲ့ ဆတ်ချိုတစ်ခုကိုလှည့်လိုက်ရာ ကြမ်းခင်းတစ်ခုနေရာရွေ့သွားပြီး လူတစ်ကိုယ်ဝင်လို့ရတဲ့အပေါက်တစ်ခုပေါ်လာခဲ့တယ်။

“ ဟင် အထဲမှာ မီးအလင်းရောင်တွေထွက်နေပါလား”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက အပေါက်ဝမှာရပ်လိုက်ပြီး

“ လက်စသတ်တော့ မြေအောက်ခန်းမှာ အစီအရင်လုပ်နေတာပါလား..ဒါကြောင့် အိမ်ပေါ်မှာ ဘာကိုမှမမြင်ရတာကိုး”

“ ဒါဆို မြေအောက်ခန်းမှာ ….”

တောက်ရစကားမဆုံးခင်မှာ မြေအောက်ခန်းထဲကနေ ဝမ်းခေါင်းသံနဲ့အော်ရယ်လိုက်တဲ့အသံတစ်ခုထွက်လာခဲ့တယ်။

“ ငါတို့ရောက်နေတာသိသွားပြီ .. သတိထားကြ”

အောင်မြတ်သာက သတိပေးရင်း မြေအောက်ခန်းထဲကိုဆင်းလာလိုက်ရာ ကြယ်ပုံစံထွန်းထားတဲ့ဖယောင်းတိုင်မီးတွေကိုမြင်လိုက်ရတယ်။

“ အဟီးအဟီး ဟက်ဟက်… စိုင်းနောင် စိုင်းနောင် ငါကသနားလို့မသတ်ပဲလွှတ်ပေးလိုက်တာ..အခုတော့နင်က ဆရာပေါက်စတွေပါခေါ်လာပြီပဲ”

ခြောက်ကပ်ကပ်အသံက အလုံပိတ်ဖြစ်နေတဲ့မြေအောက်ခန်းထဲမှာဟိန်းခနဲဖြစ်သွားခဲ့တယ်။

“ မြနှင်း မြနှင်း…. ဒေါ်မြတ်သူ….”

စိုင်းနောင်က အခန်းထောင့်မှာ ရပ်နေတဲ့မိန်းမနှစ်ယောက်ကိုမြင်ပြီး ဆက်သွားမလို့လုပ်တဲ့အချိန် အောင်မြတ်သာက လှမ်းဆွဲပြီး

“ သတိထား စိုင်းနောင်… သူတို့ဝမ်းဗိုက်တွေကိုကြည့်လိုက်ဦး”

စိုင်းနောင်လဲအောင်မြတ်သာစကားကြောင့် ဝမ်းဗိုက်နေရာကိုကြည့်လိုက်ရာ အူတွင်းကလီစာတွေဘာမှမရှိပဲ သွေးတစ်တောက်တောက်ကျနေတာကိုမြင်လိုက်ရတယ်။ အဲဒီအချိန် စက်ဝိုင်းသဏ္ဍာန်မီးတောက်တွေထွက်ပေါ်လာပြီး အလယ်မှာကျောပေးထိုင်နေတဲ့ မိန်းမတစ်ယောက်ရုပ်ပုံပေါ်လာခဲ့တယ်။

“ နင် နင် မေစိန် မဟုတ်လား… စုန်းမ နင်ဟာစုန်းမပဲ”

စိုင်းနောင်ရဲ့အော်သံကြောင့် ကျောပေးထိုင်ထားတဲ့မိန်းမက ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး

“ နင့်အဖေတောင် ငါ့လိုစုန်းမကို ရူးမတတ်ချစ်ခဲ့တာပဲ တကယ်ဆို နင်က ငါ့သားပါ စိုင်းနောင်ရယ် ဟက်ဟက်”

“ တိတ်စမ်း အခုနင်ကြောင့်သေခဲ့ရတဲ့သူတွေအတွက် ငါကိုယ်တိုင်သွေးကြွေးပြန်ယူမယ်… နင့်ကိုငါသတ်မယ်”

စိုင်းနောင်က ဒေါသတစ်ကြီးအော်ပြီး မီးတွေတောက်နေတဲ့စည်းဝိုင်းထဲကိုပြေးဝင်ဖို့အလုပ် သက်ခိုင်က လှမ်းဆွဲကာ

“ စိတ်ထိန်းစမ်း… ဒီထဲဝင်သွားတာနဲ့ ခင်ဗျားပါသေသွားလိမ့်မယ်”

“ အဟက်အဟက် ဘယ်ဆိုးလို့တုန်း ပယောဂဆရာလေးရဲ့ပညာကလဲမသေးပါလား…. ဒါနဲ့ နင်တို့နဲ့ငါ့ကြားမှာ ဘာရန်ငြိုးမှမရှိပဲ ဒီအမှိုက်ကောင်ကိုဘာလို့ကူညီရတာလဲ၊ အော် သိပြီ ဟိုတစ်နေ့က ဒီကောင်မငါလုပ်ခိုင်းတဲ့အစီအရင်ကိုပြီးအောင်မလုပ်ပဲ နင်တို့ဆီအကူအညီလှမ်းတောင်းခဲ့တာမဟုတ်လား”

ဆံပင်ဖားလျားချပြီးကျောပေးထားတဲ့မိန်းမရဲ့စကားကြောင့် အောင်မြတ်သာက
“ သင်ကအတော်ကိုရက်စက်တဲ့သူပဲ… အပြစ်မရှိတဲ့သူတွေကိုသတ်ရုံမက သူတို့ရဲ့ဝိဉာဉ်တွေကိုပါ ဖမ်းထားတဲ့အတွက် ကျုပ်အနေနဲ့ ဆုံးမရုံကလွဲပြီးအခြားလမ်းမမြင်မိဘူး”

“ ဆရာတွေရဲ့စကားက ကျောချမ်းစရာပဲ…ဒါပေမယ့် ငါကနင်တို့ခြောက်တိုင်းမကြောက်တတ်ဘူးဟဲ့”

ရုတ်တရက်အော်ပြောရင်း လှည့်ကြည့်လိုက်ရာ အိုမင်းရွတ်တွနေတဲ့မျက်နှာက မီးရောင်အောက်မှာ ကြောက်မက်ဖွယ်အတိ။

“ ဟိုကောင်မနှစ်ကောင် ငါအမိန့်မရပဲ အိမ်ထဲဝင်လာတဲ့ သူတွေကို အခုချက်ချင်းမောင်းထုတ်လိုက်စမ်း”

မီးတောက်တွေထဲကနေအော်ပြောလိုက်တဲ့ အသံကြောင့် အခန်းထောင့်မှာရပ်နေတဲ့ မြနှင်းနဲ့ ဒေါ်မြတ်သူတို့ရဲ့မျက်လုံးတွေ အနီရောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာတို့ဆီပြေးဝင်လာခဲ့တယ်။ ဒါပေမယ့် အနားမရောက်ခင်မှာပဲ သက်ခိုင်တို့အသင့်ပြင်ထားတဲ့ တန်ပြန်အင်းစာမိပြီး အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

“ နင်တို့ပညာကလဲမခေဘူးပဲ… ဒီတစ်ခါငါ့ရဲ့ ပညာကိုမြည်းကြည့်စမ်း”

မီးတောက်ထဲမှာဆောင့်ကြောင့်ထိုင်ရင်း လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ရာ မီးတောက်တွေက အပြာရောင်အဖြစ်ပြောင်းသွားပြီး အောင်မြတ်သာတို့ပတ်လည်မှာအရှိန်အဟုန်နဲ့ တောက်လောက်နေခဲ့တယ်။

“ ငါ့ရဲ့မီးကကြိုးကျင့်စဉ်အောက်မှာ ပြာမှုန့်အဖြစ်ရောက်စေ”လို့အသံနက်နဲ့အော်ရင်း မီးတောက်တွေကို လက်နှစ်ဖက်နဲ့ထိန်းချုပ်ထားလိုက်တယ်။

အောင်မြတ်သာကတော့ ပတ်လည်ဝိုင်းနေတဲ့ မီးတောက်တွေကြားထဲကို သုံးကွက်အင်းတစ်ချပ်ပစ်ထည့်လိုက်ပေမယ့် မီးလျှံတွေကိုမကျော်နိုင်ပဲ ပြာဖြစ်သွားခဲ့တယ်။

“ အားလုံး စည်းထဲကနေအပြင်မထွက်မိစေနဲ့”လို့ပြောရင်း လွယ်အိတ်ထဲကနေ တစ်ထွာလောက်ရှိတဲ့ မိုင်းကိုင်စက္ကူတစ်ရွက်ကိုထုတ်ကာ မီးတောက်ထဲပစ်ထည့်လိုက်တယ်။

မိုင်းကိုင်စက္ကူမီးထဲရောက်တာနဲ့ စက္ကူထဲမှာပါတဲ့ရုပ်ပုံတွေထဲကနေ ဥသဘက်၊ ထိန်နတ်၊ ကြက်နတ်၊ စမ္ပေယျနတ်၊ ဘုမ္မဇိုဝ်း၊ ရုက္ခစိုဝ်း၊အဿမုက္ခီ၊ ကုမ္ဘဏ်ဘီလူး၊လေကြမ်းနတ်၊အာကာသဇိုင်း၊လေးကျွန်းမယ်တော်၊မာတရာ၊ ဆေးစုန်းနတ်၊ တောဘီလူးတို့ခုန်ထွက်လာခဲ့ကြတယ်။

သက်ခိုင်ကတော့ ခုန်ထွက်လာတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အံ့ဩနေတဲ့အချိန် အောင်မြတ်သာက
“ အစီအရင်မှာပါတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဆိုးသွမ်းမိုက်မဲနေတဲ့ အမိုက်မကို ခေါင်းငိုက်စိုက်ကျတဲ့အထိ ဆုံးမစေ”လို့အမိန့်ပြန်လိုက်ရာ စမ္ပေယျနတ်က နဂါးအသွင်ပြောင်းပြီး မီးတောက်ထဲထိုင်နေတဲ့ မိန်းမကိုရစ်ပတ်ချုပ်နှောင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန် တောဘီလူးကလဲ လက်ထဲကိုင်ထားတဲ့ ညောင်ညိုသားတင်းပုတ်ကိုဝင့်ကာ ပြေးဝင်သွားခဲ့တယ်။

မီးတောက်တွေကိုအကာအကွယ်ယူပြီး မခန့်လေးစားလုပ်နေတဲ့ မိန်းမက ဒီတစ်ခါတော့ အံ့ဩထိတ်လန့်မှုနဲ့ မတ်တပ်ထရပ်လိုက်ပြီး တင်းပုတ်ကိုဝင့်ကာပြေးလာတဲ့ တောဘီလူးရဲ့မျက်နှာကို လက်ပြန်ရိုက်ချပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ စမ္ပေယျနတ်ကလဲ အမြှီးနဲ့ရစ်ပတ်ပြီး ထွက်ပြေးဖို့ကြိုးစားတဲ့မိန်းမကိုချုပ်ထားလိုက်ရာ စက်ကြိုးစီးဟန်ပြင်နေတဲ့မိန်းမ ဟန်ချက်ပျက်ပြီး အောက်ကိုပြုတ်ကျလာခဲ့တယ်။

အဲဒီအချိန် ထဘီရင်လျားနဲ့လေးကျွန်းမယ်တော်က ရုန်းမရဖြစ်နေတဲ့ မိန်းမရဲ့ပါးပြင်ကို လက်ဝါးနဲ့ဘယ်ပြန်ညာပြန်ရိုက်ပါလေရော။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ထွက်ပြေးမရအောင် အထပ်ထပ်ပိတ်ဆို့ထားတာမြင်တော့ မနေသာတော့ပဲ

“ ကြောက်ပါပြီ… မထီမဲ့မြင်မလုပ်တော့ပါဘူး၊ အမလေး တောဘီလူးရယ် ငါ့ကိုမထုနှက်ပါနဲ့တော့… မယ်တော်ကြီးကိုလဲ ကြောက်ပါပြီ … အမလေး သေရပါချည်ရဲ့”

“ ကဲ လေးကျွန်းမှော်အစီအရင်ထဲပါတဲ့ ပုဂ္ဂိုလ်များ ရိုက်နှက်တာရပ်ပြီး ဘေးကနေရံပြီးစောင့်ကြပ်ကြ”

“ အမလေး ကျွတ် ကျွတ်… “

“ အခုကစပြီး ကျုပ်မေးတာအမှန်တိုင်းဖြေပါ… မဟုတ်မမှန် လီဆယ်ဖြေရင်တော့ ခုနကထက် အဆတစ်ရာပြင်းထန်အောင်ရိုက်နှက်ခိုင်းမယ်”

“ ဖြေပါ့မယ် ဖြေပါ့မယ် ကြောက်လှပါပြီရှင်”

“ ဒီအိမ်ရှင်ကို သင်ပဲသတ်ခဲ့တာမဟုတ်လား”

“ ဟုတ်ပါတယ် ကျွန်မသတ်ခဲ့မိပါတယ်”

“ သူကသင့်အပေါ် မကောင်းတာဘာတွေလုပ်ခဲ့လို့ သတ်ရတာလဲ”

“ ဘာမှမလုပ်ပါဘူးရှင် သူပိုင်တဲ့ပစ္စည်းတွေကိုမက်မောလို့သတ်ခဲ့မိတာပါ”

“ ဒီအိမ်ကအလုပ်သမားနဲ့ စိုင်းနောင်ရဲ့ချစ်သူကိုရော ဘာအတွက်ကြောင့်သတ်ခဲ့ရတာလဲ”

“ အိမ်ဖော်မိန်းမက ကျွန်မပညာအဆင့်တက်နေတာကိုမြင်မိလို့သတ်ခဲ့တာပါ၊ ဟိုကောင်မလေးကိုတော့ မနာလိုစိတ်နဲ့သတ်ခဲ့တာပါ”

“ မနာလိုရအောင် သူကသင့်ကိုဘာလုပ်နေလို့လဲ”

“ အဟင့်အဟင့် အဲဒါတွေအကုန်လုံးက ဒီကောင်ကြောင့်ဖြစ်တာ…”

“ ဟာ ဒီစုန်းမတော့ ဘာလို့ငါ့ကြောင့်ဖြစ်ရမှာလဲ”

စိုင်းနောင်ရဲ့စကားကြောင့်အောင်မြတ်သာက လက်ကာပြပြီး

“ စိတ်ထိန်းပါ စိုင်းနောင်…. ကဲ ဘာကြောင့် မနာလိုဖြစ်တာလဲ ဝေ့လည်ကြောင်ပတ်တော့မလုပ်နဲ့နော်”

“ ကျွန်မကသူ့ကိုသံယောဇဉ်ရှိပေမယ့် သူက အခြားမိန်းကလေးတစ်ယောက်ကိုပဲစွဲလမ်းနေတာမို့ သတ်ခဲ့မိတာပါ”

“ သင်အတော်ရက်စက်တဲ့မိန်းမပဲ… အခုမှတော့ အသက်ပြန်ရှင်အောင်လုပ်လို့မရတော့ဘူး..ဒါပေမယ့် သင်ထိန်းချုပ်ထားတဲ့သူတို့နှစ်ယောက်ရဲ့ဝိဉာဉ်ကိုအခုချက်ချင်းပြန်လွှတ်ပေးပါ”

အောင်မြတ်သာစကားကိုမလွန်ဆန်နိုင်တဲ့ စုန်းမက ပါးစပ်ကနေဂါထာတစ်ခုကိုမန်းမှုတ်ပြီး လက်မှာပတ်ထားတဲ့လက်စွပ်ကိုချွတ်ပြီးဖနောင့်နဲ့ပေါက်လိုက်တဲ့အချိန် အခန်းထောင့်မှာ လဲကျနေတဲ့ မိန်းမနှစ်ယောက်ရဲ့ကိုယ်က အခိုးငွေ့တွေဖြစ်ပြီးပျောက်ကွယ်သွားခဲ့တယ်။

“ သင့်ကိုတော့ဒီအတိုင်းထားလို့မဖြစ်ဘူး… သစ္စာရေတိုက်ပြီးပညာတွေကိုဖျက်ဆီးပစ်ရမယ်”

“ နင်ကငါ့ကို လက်ခုပ်ထဲကရေဆိုပြီး အနိုင်ကျင့်တာလား…မေစိန်တဲ့ တစ်စိန်ထဲရှိတယ် လူပဲအသေခံမယ် ပညာတော့မစွန့်ဘူးဟေ့” လို့အော်ပြီး ရင်ဘတ်မှာဆွဲထားတဲ့ကြုတ်ထဲကအရည်ကိုသောက်မလို့လုပ်တဲ့အချိန်

“ ဆိုင်ရာပိုင်ရာတွေလက်ကိုလှုပ်မရအောင်ချုပ်ထားကြ” ဆိုတဲ့အသံနဲ့အတူ လက်နှစ်ဖက်ကလှုပ်မရဖြစ်သွားခဲ့တယ်။

“ သင် ဒီလိုသေလို့မဖြစ်ဘူး သင်ကျူးလွန်ခဲ့တဲ့အပြစ်တွေကိုပေးဆပ်ဖို့ကျန်သေးတယ်။ သက်ခိုင် သူ့ကို ပညာဖျက်အင်းတိုက်လိုက်”

သက်ခိုင်က ၃၆ကွက်ပါတဲ့ပညာဖျက်အင်းကို ပြာချပြီးရေနဲ့ဖျော်နေတဲ့အချိန် အောင်မြတ်သာက

“ လေးကျွန်းမယ်တော်က ဒီမိန်းမရဲ့ပါးစပ်ကို စေ့မရအောင်လုပ်ထားပေးပါ” လို့ပြောလိုက်တော့ ပါးစပ်က တစ်ဖြေးဖြေးပွင့်ထွက်လာခဲ့တယ်။

သက်ခိုင်လဲ ပညာဖျက်အင်းကိုပါးစပ်ထဲလောင်းထည့်လိုက်ရာ ခဏနေတော့ ညိုပုတ်ပုတ်အသားတုံးတွေအပြင် နံဟောင်နေတဲ့အရည်တွေအန်ကျလာခဲ့တယ်။

ကိုးကြိမ်တိတိအန်ထုတ်ပြီးတဲ့အခါမှာတော့ ပညာတွေမရှိတော့ပဲ သာမန်လူဖြစ်သွားတဲ့မေစိန်ကို လက်ပြန်ကြိုးတုပ်ပြီး အခန်းထောင့်မှာပစ်ထားခဲ့တယ်။

အောင်မြတ်သာလဲ လေးကျွန်းမှော်အစီအရင်မှာပါတဲ့ပုဂ္ဂိုလ်တွေကိုပြန်လည်ပို့ဆောင်ပြီးတဲ့နောက်မှာတော့ မြေအောက်ခန်းအတွင်းရှာကြည့်ရာ အရိုးကျနေပြီဖြစ်တဲ့ မိန်းကလေးအလောင်းနှစ်လောင်းအပြင် ကျွန်းသေတ္တာနဲ့ထည့်ထားတဲ့ရတနာအချို့ကိုရှာတွေ့ခဲ့တယ်။

နောက်တစ်နေ့မနက်ရောက်တော့ စိုင်းနောင်ကကြိုးတုပ်ထားတဲ့မိန်းမကို အာဏာပိုင်တွေလက်ထဲအပ်ပြီး သူလုပ်ထားတဲ့ပြစ်မှုတွေကိုပါဝန်ခံစေခဲ့တယ်။ ဒီကိစ္စတွေပြီးတော့ သူချစ်ရတဲ့မြနှင်းရဲ့အလောင်းနဲ့ အိမ်ဖော်မိန်းမအလောင်းကိုကို ကျနစွာသင်္ဂြိုလ်ပေးခဲ့တယ်။

စိုင်းနောင်လဲ အမှုကိစ္စ၊ အသုဘကိစ္စနဲ့အလုပ်များနေတဲ့အချိန် အောင်မြတ်သာတို့ကတော့ မြို့လေးကနေပျောက်ချင်းမလှပျောက်သွားခဲ့ကြတယ်။
+++++++

အောင်မြတ်သာတို့လဲ စိုင်းနောင်ကိုကူညီပေးပြီးတဲ့နောက် အညာဒေသဘက်ကိုခရီးဆက်ခဲ့ကြတယ်။ အညာဒေသဘက်ရောက်တော့ ရွာတစ်ရွာမှာ တစ်အိမ်ထဲ လူသုံးယောက် ရှေ့ဆင့်နောက်ဆင့်သေတဲ့အကြောင်းကြားလို့ ခရီးသွားဟန်လွဲသွားကြည့်တဲ့အခါ ရွာ(၇)ရွာင်္သချိုင်းမြေ၊ မုဆိုးမ(၇)အိမ်ကမြေ၊ မီးနေသည်(၇)အိမ်မှပြာနဲ့တိုက်ထားတဲ့ အစီအရင်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ရွာလုံးကျွတ်အတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)