အောင်မြတ်သာနှင့်အောက်လမ်းဆရာယက္ခ

#စာရေးဆရာ -ဇေယန(ရာမည)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အောင်မြတ်သာတို့လည်း အောက်လမ်းဆရာယက္ခကိုရှာဖွေဖို့ခရီးဆက်ထွက်ခဲ့ကြတယ်။ နက်ကျော်ရဲ့ပြောစကားအရတော့ ဦးယက္ခက လူမသိသူမသိတဲ့ တောနက်တစ်နေရာမှာ ရှိနေမယ်တဲ့။

အဲဒီတောရဲ့အနေအထားကိုမသိတဲ့ အောင်မြတ်သာတို့အတွက်တော့ အခက်အခဲတစ်ခုဖြစ်နေခဲ့တယ်။ အောင်မြတ်သာတို့လဲ နက်ကျော်ပြောတဲ့ သစ်ကျုတ်တောထဲကိုရှာဖွေရင်းခရီးဆက်ခဲ့ကြရာ ညနေစောင်းတော့ သစ်ကျုတ်တောစပ်ကိုရောက်လာခဲ့ကြတယ်။

နေကလည်းစောင်းနေပြီမို့ တောစပ်တစ်နေရာမှာရှိတဲ့ တဲအိမ်လေးတစ်လုံးမှာ တစ်ညတာတည်းခိုခဲ့ကြတယ်။ တဲအိမ်လေးက ဖြစ်သလိုဆောက်ထားတာကိုကြည့်ပြီး ဒီအိမ်က သစ်ထုတ်တဲ့လူတွေ ယာယီနေဖို့ ဆောက်ထားတာဖြစ်မယ်လို့ အောင်မြတ်သာတို့ တွေးမိခဲ့ကြတယ်။

ညအချိန်က တစ်ဖြေးဖြေး နက်သထက်နက်လာခဲ့တယ်။ တောအုပ်ထဲကတိုက်ခတ်လာတဲ့ လေနုအေးတွေက မလုံမခြုံဖြစ်နေတဲ့ တဲ့အိမ်လေးထဲကို ဖြတ်သန်း‌နေတော့ အောင်မြတ်သာလည်း တဲအောက်ကိုဆင်းပြီး မီးဖိုတစ်ဖိုတည်လိုက်တယ်။

အောင်မြတ်သာမီးဖိုတည်နေတဲ့အချိန် တောစပ်ထဲကနေ ခွာယက်သံတစ်ခုကိုကြားလိုက်ရတယ်။ အောင်မြတ်သာလည်း လမ်းပျောက်နေတဲ့ ကျွဲနွားတစ်ကောင်ကောင်ရဲ့ခြေသံလို့ထင်ပြီး မီးဖိုထဲကို ထင်းအနည်းငယ်ထည့်နေတဲ့အချိန် ခွာယက်သံက တစ်ဖြေးဖြေးနီးကပ်လာတယ်။

အောင်မြတ်သာလည်း အသံကြားရာနေရာကိုကြည့်လိုက်တော့ တောစပ်ထဲကနေ ကျွဲအနက်တစ်ကောင် ထွက်လာခဲ့တယ်။ ကျွဲအနက်ရဲ့အပေါ်မှာတော့ တင်ပလ္လင်ခွေဖိုင်ပြီး လိုက်လာတဲ့ အဖိုးအိုတစ်ယောက်ကို ထပ်မံတွေလိုက်ရတယ်။

အဖိုးအိုက အောင်မြတ်သာကိုမြင်တော့ ကျွဲပေါ်ကနေဆင်းလာပြီး
” ဆရာ ကျုပ်ကိုလာခွင့်ပြုပါ”

“ဝင်လာလေ ကျုပ်ခွင့်ပြုပါတယ် သင်လူကောင်းတစ်ယောက်ဆိုရင် ကျုပ်အနားကို လာလို့ရပါတယ်”

အောင်မြတ်သာလည်း အဖိုးအိုကိုမကြည့်ပဲပြောရင်း မီးဖိုထဲကိုထင်းစတွေပစ်ထည့်လိုက်တယ်။အဖိုးအိုက အောင်မြတ်သာအနားကိုကပ်လာပြီး

“ဆရာက အိမ်ပတ်ပတ်လည်ကိုစည်းချထားတော့ ကျုပ်အနေနဲ့ခွင့်အရင်တောင်းရတာပါ ကျုပ်နာမည်က ဖိုးအောင်လံလို့ခေါ်ပါတယ် ယခင်ကတော့ တောထဲက မုဆိုးထိုင်စေတီမှာ နေပါတယ် အခုက မုဆိုးထိုင်စေတီကနေ မောင်းထုတ်ခံထားရလို့ သစ်ကနက်ပင်တစ်ပင်မှာ နေနေရပါတယ်။

အောင်မြတ်သာလည်း အဖိုးအိုရဲ့စကားကြားရတော့
“အသင်က ဘာဖြစ်လို့ သစ်ကနက်ပင်မှာနေရတာလည်း သင့်ယခင်နေတဲ့နေရာမှာ ဘာတွေဖြစ်ခဲ့လို့လဲ”

“အဲဒီအကြောင်းကိုစပြောဖို့ ဆရာဆီကိုလာခဲ့တာပါ ဆရာတို့ဒီတောစပ်ကိုရောက်စထဲက ကျုပ်ဆီကို အမျိုးအမည်မသိတဲ့ လှိုင်းတစ်ခုက လာရောက်ရိုက်ခတ်ခဲ့တယ် ။ အေးမြတဲ့လှိုင်းတစ်ခုဖြစ်တဲ့အတွက် ကောင်းသောလာခြင်းဆိုတာ သိလိုက်ရပါတယ်။ ယခင်ကလည်း ဒီလိုလှိုင်းတစ်ခုရိုက်ခတ်တာခံရဖူးတယ်။ အဲဒီတုန်းကတော့ အေးမြတဲ့အရာမဟုတ်ခဲ့ဘူး ပူလောင်တဲ့လှိုင်းတစ်ခုက ကျုပ်နေတဲ့ မုဆိုးထိုင်စေတီဆီ တိုက်ရိုက် ရောက်ခဲ့ဖူးတယ်။

အောင်မြတ်သာက အဖိုးအိုရဲ့စကားကိုကြားတော့ ခေါင်းညိမ့်ပြီး
“သင်က ကျုပ်တို့ကို ကူညီဖို့ရောက်လာတာပဲ သင်ဖြစ်ခဲ့တဲ့အရာတွေကို ပြောပြပါ ကျုပ်တို့အတွက် လိုအပ်တဲ့အကူအညီဖြစ်နိုင်ပါတယ်”

အောင်မြတ်သာစကားကိုကြားတော့ အဖိုးအိုက

“ကျုပ်က ယခင်ဒီနယ်တစ်ဝိုက်မှာ လူအများရဲ့ ပူဇော်ပသခြင်းကိုခံခဲ့ရတဲ့ ဖိုးအောင်လံဖြစ်ခဲ့တယ် စပါးပေါ်တဲ့အချိန် တောလည်လိုက်တဲ့အချိန် ကျုပ်ကိုပင့်ဖိတ်ပြီး ပူဇော်ဆက်သခဲ့ကြတယ် ကျုပ်ကလည်း သူတို့တွေအပေါ် နိုင်သလောက် ကူညီဆောင်မပေးခဲ့တယ် တစ်နေ့တော့ ကျုပ်နေတဲ့တောထဲကို လူတစ်ယောက်ရောက်လာခဲ့တယ် သူ့ပုံစံက လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ကျုပ်သိတဲ့အတွက် တောထဲမဝင်ခင်မှာ ကျုပ်စီးတော်ကျွဲဖြစ်တဲ့ ငမဲလုံးနဲ့ ခြောက်လှန့်ခဲ့ပါတယ် ဒါပေမယ့် သူကငမဲလုံးကိုဒဏ်ရာရအောင်ပြန်လုပ်ခဲ့တယ် အခုကျုပ်စီးလာတဲ့ငမဲလုံးရဲ့ဂျိုကို ကျိုးသွားအောင် သူလုပ်ခဲ့တယ် သူ့ရဲ့ကျင့်စဉ်တစ်ခုပြီးမြောက်တဲ့အထိ ဒီတောထဲမှာနေမယ်ဆိုပြီးလည်းပြောခဲ့တယ် ကျုပ်ကလက်မခံတော့ ကျုပ်နေတဲ့ မုဆိုးထိုင်စေတီကိုလာပြီး ကျုပ်ကိုမောင်းထုတ်ခဲ့တယ် သူ့ရဲ့အစွမ်းကိုကျုပ်မယှဉ်နိုင်ခဲ့ဘူး ဒါကြောင့်ကျုပ်ရဲ့စီးတော်ကျွဲနဲ့အတူ သစ်ကနက်ပင်ဆီကိုပြောင်းပီးနေခဲ့ရတယ်”

အောင်မြတ်သာလည်း အဖိုးအိုစကားကိုကြားတော့
“သူက ဘာတွေအစွမ်းထက်လို့လဲ”

“ဆရာ သူကတကယ်ကိုစွမ်းတာပါ သူကတစ်ဘတစံလို့လဲပြောလို့ရတယ် အောက်လမ်းဆရာဆိုပေမယ့် ဒီတစ်ဘဝပြီးတာနဲ့ အဝီစိငရဲကိုသွားရမယ့်သူပါ ဒါကြောင့် သူ့အသက်ကို တတ်နိုင်သမျှ ဆွဲဆန့်ဖို့ မကြာခဏဆိုသလို ဒီတောထဲမှာ ကျင့်စဉ်တစ်ခုလာလာကျင့်ပါတယ် လွန်ခဲ့တဲ့ လေးနှစ်လောက်က ဟိုဘက်ရွာက ကောင်လေးတစ်ယောက်ကို ကြောင်နက်မှော်သွင်းပေးခဲ့ပြီး သူ့ရဲ့အလုပ်တွေကို ခိုင်းစေခဲ့တယ်”

အဖိုးအိုက စကားပြောပြီးတဲ့အချိန် ပတ်ဝန်းကျင်ကို မျက်စိလှည့်ကာ လိုက်ကြည့်လိုက်ပြီး

“တစ်စုံတစ်ယောက် ဒီအနားမှာရှိနေတယ် ကျုပ်တစ်ခုခုကိုခံစားနေရတယ်”

အဖိုးအိုရဲ့စကားကိုကြားတော့အောင်မြတ်သာက
“နက်ကျော် မင်းရောက်နေရင်လည်း ဆင်းလာခဲ့တော့ ခိုးကြောင်ခိုးဝှက်မနေနေနဲ့”လို့လည်းပြောလိုက်ရော ဘေးက သစ်ပင်ပေါ်ကျနေ ကြောင်နက်တစ်ကောင်ခုန်ချလာခဲ့တယ်။ တစ်ကိုယ်လုံးမဲနက်နေတဲ့ကြောင်နက်ကြီးကနေ တစ်ဖြေးဖြေးကြီးလာပြီး လူငယ်တစ်ယောက်ပုံစံဖြစ်သွားတယ်။

အောင်မြတ်သာက နက်ကျော်ကိုမြင်တော့
“လာခဲ့ကွာ ဒါက ဒီတောမှာအရင်နေခဲ့တဲ့ ဖိုးအောင်လံတဲ့ မင်းရဲ့ဆရာဖြစ်သူကြောင့် နေစရာပျောက်ခဲ့ရတဲ့သူပေါ့”

အောင်မြတ်သာစကားအဆုံးမှာတော့ ဖိုးအောင်လံက

“မင်းက ကြောင်နက်မှော်အောင်သွားတဲ့ကောင်လေးလား “

“ဟုတ်ပါတယ်အဖိုး ဖိုး‌အောင်လံဆိုတာ ကြားဖူးနေတာကြာပီ ‌ကျွဲကျောင်းရင်း လက်ဝှေ့လေ့ကျင့်ခဲ့တယ်ဆိုတဲ့ ဖိုးအောင်လံအကြောင်းကို ကျုပ်တို့ငယ်ငယ်က အိပ်ယာဝင်ပုံပြင်တစ်ခုလို ပြောနေခဲ့ကြတာ အခုလိုမြင်ဖူးလိမ့်မယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူးဖူး”

နက်ကျော်ရဲ့စကားကိုကြားတော့ ဖိုးအောင်လံက
“ဟားဟား ဒါတွေကကြာခဲ့ပါပီ အခုတော့ နေစရာပျောက်တဲ့ ဖိုးအောင်လံဖြစ်နေပီကွ “

နက်ကျော်နဲ့ ဖိုးအောင်လံရဲ့စကားကိုကြားတော့ အောင်မြတ်သာက အနည်းငယ်ပြုံးလိုက်ပြီး
“စိတ်မပူပါနဲ့ သင့်ရဲ့ ယခင်နေရာကိုပြန်ရအောင် ကျုပ်ကူညီပါ့မယ် တကယ်လို့သင့်နေရာပြန်ရရင် နက်ကျော်ကိုလည်း သင့်ဆီမှာနေခွင့်ပေးလိုက်ပါ”

အောင်မြတ်သာရဲ့စကားကြောင့် ဖိုးအောင်လံမျက်မှာပြုံးရွှင်လာပြီး
“ကောင်းတဲ့သူဆိုရင် ဘယ်သူမဆိုနေလို့ရပါတယ် ကျုပ်ကကြိုဆိုပြီးသားပါ”

နက်ကျော်လဲ ဖိုးအောင်လံကိုကန်တော့လိုက်ပြီး
“ကျေးဇူးတင်ပါတယ်အဖိုး ကျုပ်တို့ဆရာကို ကူညီပြီး အခက်အခဲတွေကိုရင်ဆိုင်ကြတာပေါ့ ဒီတောရဲ့ မြေအနေအထားကို အဖိုးကပိုသိတော့ ဆရာတို့ကို လမ်းညွှန်ပေးလိုက်ပါ ကျုပ်အနေနဲ့ နိုင်သလောက်ကူညီပါ့မယ်”

ဖိုးအောင်လံလည်း အောင်မြတ်သာကို မုဆိုးထိုင်စေတီသွားရမယ့်လမ်းကိုညွှန်ပြပြီး သန်းခေါင်လွဲအချိန်မှာ ပြန်ထွက်သွားခဲ့တယ်။ ဖိုးအောင်လံထွက်သွားပြီး မကြာခင်မှာပဲ နက်ကျော်လဲ ဘေးကသစ်ပင်ပေါ်တက်သွားပြီး ပျောက်သွားခဲ့တယ်

အောင်မြတ်သာလည်း သိသင့်သလောက်သိရပီမို့ တဲပေါ်ပြန်တက်ပြီး မိမိလုပ်စရာရှိတဲ့ အလုပ်တွေကိုလုပ်ကာ တစ်မှေးအိပ်စက်လိုက်တယ်။

မနက်ကျတော့ အောင်မြတ်သာတို့ မုဆိုးထိုင်စေတီရှိရာကို ဆက်ထွက်ခဲ့ကြတယ်။ တောက တစ်ဖြေးဖြေးနက်သထက်နက်လာခဲ့ပေမယ့် တောကောင်တစ်ကောင်တစ်မြီးမှမတွေ့ရဘူး။ တောတစ်ခုလုံးအပ်ကျသံမျှပင်မကြားရအောင် တိတ်ဆိတ်နေတော့ အောင်မြတ်သာက

” ဒါက သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူး ဖိုးအောင်လံပြောပုံအရဆိုရင် ဦးယက္ခက ငါတို့လာတာသိနေတဲ့ပုံပဲ”

အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင်က
” ကျွန်တော်တို့သတိတော့ထားရမယ် ဦးယက္ခဆိုတဲ့လူရဲ့အစွမ်းကသာမန်မဟုတ်တော့ သတိထားနိုင်မှ တော်ကာကျမယ်”

အောင်မြတ်သာတို့လည်း သတိထားပြီး မုဆိုးထိုင်စေတီရှိရာ ဖြေးဖြေးချင်းလျောက်လာတဲ့အချိန်

“ဖလပ် ဖလပ် ဖလပ်”ဆိုတဲ့အသံနဲ့အတူ မလှမ်းမကမ်း‌မှာရှိတဲ့ညောင်ပင်ကနေ လင်းနို့သုံးကောင် ပျံတက်သွားတာတွေ့လိုက်ရတယ်။ အောင်မြတ်သာလည်း လင်းနို့သုံးကောင်ကိုမြင်တော့

“ယက္ခကတော့ ငါတို့ကို အကြိုထောက်လိုက်ပြီ ခုနက လင်းနို့သုံးကောင်က သူ့ရဲ့ရှေ့ပြေးတပည့်တွေဖြစ်လိမ့်မယ် သက်ခိုင် နဲ့ တောက်ရ သတိထားကြ အန္တရာယ်ကဘယ်အချိန်ဝင်လာမလဲ ခန့်မှန်းမရဘူး”

အောင်မြတ်သာရဲ့သတိပေးစကားအဆုံးမှာ ‌သက်ခိုင်နဲ့တောက်ရ ဘေးဘီကိုပိုသတိထားပြီး တောထဲကိုဆက်ဝင်ခဲ့ကြတယ်။ ကွမ်းတစ်ယာညက်ခန့်ကြာတော့

“သက်ခိုင် အရှေ့က ကျောက်တုံးက ဖိုးအောင်လံပြောတဲ့ကျောက်တုံးပဲ အဲဒီကျောက်တုံးမှာ ဘယ်ဘက်ကိုသွားရမယ်ဆိုတဲ့လမ်းညွှန်ရှိလိမ့်မယ် သွားကြည့်လိုက်”

သက်ခိုင်လည်း အောင်မြတ်သာပြောတဲ့အတိုင်းဟုတ်မဟုတ်သွားကြည့်တော့

“ဆရာ ကျောက်တုံးမှာ မျှားပြထားတာတွေ့ရတယ် ဘယ်ဘက်ကိုမျှားပြထားတယ်”

သက်ခိုင်ရဲ့ အော်သံကြောင့် အောင်မြတ်သာက
“ဒါဆို တို့တွေဘယ်ဘက်ကိုဆက်သွားကြရအောင် နက်ကျော်ကော ပါလာရဲ့လား”

အောင်မြတ်သာရဲ့စကားသံအဆုံးမှာတော့ မလှမ်းမကမ်းသစ်ပင်ဆီကနေ ကြောင်အော်သံတစ်ချက်ကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လည်း ဖိုးအောင်လံညွှန်ပြထားတဲ့ ဘက်ကိုဆက်ထွက်ခဲ့ရာ တောနက်တစ်နေရာအရောက်မှာတော့

“ရွှီး ရွှီး ရွှီး”ဆိုတဲ့အသံ‌တွေနဲ့အတူ သစ်ပင်တွေပေါ်ကနေရော ခြုံတွေထဲကနေပါ ပေါင်းများဈွာသာမြွေတွေထွက်လာတာကိုမြင်လိုက်ရတယ်။ အရောင်မျိုးစုံ၊ အရွယ်မျိုးစုံမြွေတွေက ပါးပျဉ်းကိုယ်စီထောင်ပြီး အောင်မြတ်သာတို့ရှိရာ တစ်ရွေ့ရွေ့ကပ်လာတဲ့အချိန်

“ဂီး ဂီး ဂေါင်း ဝရောင်း”ဆိုတဲ့အသံနဲ့အတူ သစ်ပင်ပေါ်ကနေ ကြောင်နက်တစ်ကောင် ခုန်ဆင်းလာပြီး မြွေဆိုးတွေကို ကိုက်ပါလေရော ပါးစပ်နဲ့ကိုက်လိုက် ခါထုတ်လိုက်နဲ့ ဖြစ်နေတဲ့အချိန် မြွေအကောင်ပေါင်းများစွာက ကြောင်နက်ကို လှည့်ပေါက်ပါလေရော။ ကြောင်နက်ကလည်း လျင်မြန်တဲ့အရှိန်နဲ့ မြွေတစ်ကောင်ကိုကိုက်ချီပြီး သစ်ပင်ပေါ်တက်ပြေးလိုက် ပြန်ဆင်းလာပြီး ကိုက်လိုက်လုပ်နေတဲ့အချိန် ျအာင်မြတ်သာက မြေကြီးပေါ်ကို ဖနောက်နဲ့တစ်ချက်ပေါက်လိုက်ရာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တွေပေါ်ကနေ ဘယ်ကျရောက်လာမှန်းမသိတဲ့ မြွေပါတွေဆင်းလာခဲ့တယ်။ မြွေဆိုးတွေနဲ့ မြွေပါတွေရဲ့တိုက်ပွဲက ပြင်းထန်လွန်းတယ်။ မြွေဆိုတဲ့အမျိုးက မြွေပါကိုတွေ့တာနဲ့ ပြေးရပေမယ့် အခုတွေ့နေရတဲ့မြွေတွေက မြွေပါမှန်းလည်းမသိပဲ ပါူပျဉ်းတကားကားနဲ့ လှမ်းလှမ်းပေါက်နေတာက အသည်းယားစရာကောင်းလှတယ်။

မြွေပါတွေကလည်း သူတို့ရဲ့ ချွန်ထက်လှတဲ့ သွားတွေလက်သည်းတွေနဲ့ မြွေတစ်ကောင်ပြီးတစ်ကောင်ကိုသုတ်သင်နေကြတယ်။ တောတစ်ခုလုံး မြွေတွန်သံတွေ၊ မြွေပါအော်သံတွေ၊ကြောင်အော်သံတွေနဲ့ ဆူညံသွားခဲ့တယ်။မြွေပါတွေကိုက်လို့ အပိုင်းပိုင်းပြတ်နေတဲ့မြွေတွေရဲ့ကိုယ်ထဲကနေ သွေးမထွက်ပဲ အနက်ရောက်အရည်တွေထွက်လာတာကိုတွေ့တော့ အောင်မြတ်သာက

“သက်ခိုင် ဒီမြွေတွေက သာမန်မြွေတွေမဟုတ်ဘူး တိုက်မြွေလို့ခေါ်တယ် အောက်လမ်းပညာမှာအဓိကသုံးကြတဲ့ အတိုက်တစ်ခုပဲ”

သက်ခိုင်လည်း အောင်မြတ်သာစကားကိုမှတ်ထားပြီး တိုက်ပွဲကိုဆက်ကြည့်နေလိုက်တယ်။ မြွေအကောင်ပေါင်းများစွာက မြွေပါတွေလက်ချက်နဲ့ အောင်မြတ်သာတို့အနားမရောက်ပဲ အပိုင်းပိုင်းအတစ်တစ်ဖြစ်ကုန်တယ်။ သိပ်မကြာခင်မှာ မြွေပါတွေရဲ့ ကိုက်ဖြတ်မှုကို မခံနိုင်တဲ့မြွေတွေက ခြုံတွေကြားထဲအလျှိုလျှိုဝင်ပြီး ပြေးပါလေရော။

အောင်မြတ်သာလည်း မြွေကိုက်ခံထိထားတဲ့ မြွေပါတွေရဲ့အနားသွားပြီး ကိုက်ခံထိတဲ့နေရာကို လက်နဲ့သပ်ချပေးလိုက်တော့ မြွေအစွယ်ရာတွေက ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားတာ တွေ့လိုက်ရတယ်။

ဒဏ်ရာပျောက်သွားတဲ့မြွေပါတွေက ခေါင်းလေးတစ်ဆတ်ဆတ်နဲ့အောင်မြတ်သာကို အရိုအသေပေးပြီး သစ်ပင်တွေပေါ်ကိုတက်ပြေးသွားကြတယ်။ မြွေပါတွေပျောက်သွားတော့ “ညောင်”ဆိုတဲ့ အော်သံနဲ့အတူ သစ်ပင်တစ်ပင်ကနေ တစ်ပင်ဆီကို ခုန်ကူးသွားတဲ့ ကြောင်နက်ကြီးကိုတွေ့လိုက်ရတယ်။

အောင်မြတ်သာလည်း ကြောင်နက်သွားတဲ့နောက်ကနေ လိုက်လာခဲ့တာ မုဆိုးတစ်ယောက်ဒူးထောက်ထိုင်နေတဲ့ပုံဖြစ်နေတဲ့ သဘာဝကျောက်တုံးတစ်တုံးကိုမြင်တဲ့အချိန်

“ဒီနေရာက မုဆိုးထိုင်စေတီရဲ့နယ်နိမိတ်ဖြစ်လိမ့်မယ် အားလုံးသတိထားကြတော့”လို့ပြောပြီး မုဆိုးထိုင်စေတီရှိရာဘက်ကို တစ်လှမ်းချင်းလှမ်းလာခဲ့ကြတယ်။

လူသူအရောက်အပေါက်နည်းလှတဲ့နေရာဖြစ်ပေမယ့် ခြုံနွယ်တွေမရှိဖြစ်နေတဲ့ မြေကွက်လပ်ကိုမြင်တော့ အောင်မြတ်သာက

“ဒီနေရာက သူကျင့်စဉ်ကျင့်တဲ့နေရာဖြစ်မယ် ဘယ်သူမှအထဲကိုမဝင်ကြနဲ့”လို့လှမ်းမှာရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။

အဲဒီအချိန် အောင်မြတ်သာတို့အနောက်ကို ဘုတ်ခနဲခုန်ချလာတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ နက်ကျော်ဖြစ်နေတာကို တွေ့လိုက်တယ်။

“ဆရာ သတိထား ဒီနေရာက သူနေရာဖြစ်နေပီ အရှေ့ကမြေကွက်လပ်ထဲကို သူ့အခွင့်မရှိပဲဝင်တာနဲ့ ပြာကျလိမ့်မယ် ဆရာတို့မယုံရင်ကျွန်တော်ပြမယ်”ဆိုပြီး ဘေးမှာကျနေတဲ့ သစ်ကိုင်းခြောက်လေူတစ်ခုကိုကောက်ပြီး မြေကွက်လပ်ထဲပစ်ထည့်လိုက်တယ်။

သစ်ကိုင်းခြောက်က မြေကွက်လပ်ပေါ်တောင်မရောက်ခင် လေထဲမှာပဲ မီးလောင်ပြီးပြာကျသွားတာကိုမြင်တော့ တောက်ရနဲ့သက်ခိုင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။

“ဆရာတို့ ယုံပြီမဟုတ်လား သူက အရမ်းစွမ်းတာ ရွာတိုင်းမှာသူ့တပည့်တွေရှိတယ် အခုချိန်ထိ သူမပေါ်လာသေးတာပုံထောက်ရင် တစ်ခုခုကြံစည်နေတာသေချာသွားပြီ “

နက်ကျော်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“သူတို့လာနေပြီ ငါတို့ဆီကိုတစ်ခုခုရောက်လာတော့မယ်”လို့ပြောပြီးတာနဲ့ လက်ဖဝါးကိုမိုးပေါ်မြှောက်ပြီးကာလိုက်တဲ့အချိန် မုဆိုးထိုင်စေတီရဲ့ ပတ်လည်ကနေ ထန်းသီးလုံးလောက်ရှိတဲ့ ခဲလုံးတွေ အောင်မြတ်သာတို့ခေါင်းပေါ်ကိုကျလာခဲ့တယ်။

ခဲလုံးတွေကျတာတော့ အောင်မြတ်သာက
“ခဲမိုးအတိုက်နဲ့စတိုက်ပီ သက်ခိုင်က နက်ကျော်ကိုကာထားပေးလိုက် “လို့ပြောပြီး ကျလာတဲ့ခဲလုံးတွေကို လက်နဲ့ကာထားလိုက်တယ်။

ခဲလုံးပေါင်းများစွာက အောင်မြတ်သာရဲ့အပေါ်ကိုရောက်လာပေမယ့် အောင်မြတ်သာကိုမထိပဲ အပြင်ကိုပြန်လွင့်ထွက်သွားတယ်။

“ဆရာ အကောင်အထည်မမြင်ရပဲ ဒီတိုအတိုက်ခံနေရတောတော့မဟုတ်သေးဘူး ဒီလူသူရဲဘောကြောင်လှချည်လား”ဆိုတဲ့သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက

“သူ့အလှည့်ပြီးရင် ငါတို့အလှည့်ပေါ့ သူဘယ်လောက်တိုက်နိုင်မလဲကြည့်ကြတာပေါ့ကွာ”လို့ပြောပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ မြေကြီးပေါ်မှာ အင်းကွက်တစ်ကွက်ကိုရေးဆွဲလိုက်တယ်( အင်းကွက်နာမည်ကိုပြောပြခဲ့ပေမယ့် မမှတ်မိတော့တဲ့အတွက်စာဖတ်သူများအားတောင်းပန်အပ်ပါတယ် အဲဒီအင်းကွက်ဆွဲကို မြေကြီးပေါ်မှာဆွဲရင် မြေစောင့်နတ်တောင်မခံနိုင်ပဲ ထွက်ပြေးရတယ်လို့ ပြောတယ်)အောင်မြတ်သာလဲ အင်းကွက်ဆွဲပြီးတော့ နှုတ်ကဂါထာတစ်ခုကိုရွတ်လိုက်တယ်ဆိုရင်ပဲ စောနက ကျနေတဲ့ ခဲတွေရုတ်တရက်ဆိုသလို ရပ်သွားခဲ့တယ်။

ခဲလုံးတွေမကျတော့ဘူးဆိုတဲ့အချိန်မှ အောင်မြတ်သာက
” အောက်လမ်းဆရာကြီးယက္ခ သင် ယခုလိုခိုးကြောင်ခိုးဝှက်မတိုက်နေနဲ့ သင်လဲယောင်္ကျား ကျုပ်လဲယောင်္ကျား နှစ်ယောက်မျက်နှာချင်းဆိုင် ရင်ဆိုင်ရအောင် ကျုပ်ရှုံးရင် သင်စိတ်ကြိုက်လုပ်နိုင်တယ် ကျုပ်နိုင်ရင် သင့်ပညာတွေကို ကျုပ်နှုတ်မယ် သင်သဘောတူရင် ကျုပ်အရှေ့ကို လာခဲ့ပါ သင်မလာပဲ ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်တော့ ကျုပ်မသုံးချင်တဲ့အရာကို သုံးရလိမ့်မယ် “

အောင်မြတ်သာရဲ့ကြိမ်းဝါးသံအဆုံးမှာတော့ မုဆိုးထိုင်စေတီရဲ့အနောက်ကနေ ဟက်ဟက်ပက်ပက် ရီမောသံတစ်ခုကိုကြားလိုက်ရတယ်။

“ဟား ဟား ဟား အထက်လမ်းဆရာရဲ့ ကြိမ်းဝါးသံက ကြောက်စရာကြီးပါလား ကျုပ်ရဲ့ပညာကိုမသိသေးလို့ဒီလိုစကားမျိုးထွက်တယ်ထင်ပါရဲ့ အထက်လမ်းဆရာပေါက်စလေး ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်ရင် လာရာလမ်းအတိုင်းလှည့်ပြန်လိုက်ပါ သင့်ကြောင့်ကျုပ်ကျင့်စဉ်နောက်ကျသွားပြီ ဒါကြောင့်သင့်ပြန်မယ်ဆိုရင် သင့်အသက်ကိုချမ်းသာပေးမယ် သစ္စာဖောက်ဟိုကောင်ကိုတော့ ထားခဲ့”

ဦးယက္ခရဲ့စကားကိုကြားတော့ အောင်မြတ်သာက ဖြူဖွေးနေတဲ့သွားတွေပေါ်အောင်ရီလိုက်ပြီး

“သင်က သိပ်သနားဖို့ကောင်းတာပဲ သင်ကစွမ်းထက်တာလဲကျုပ်သိပါတယ် ဒါပေမယ့် သင်က ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးလွန်းတယ် ကျုပ်ဒီကိုလာတာ သင့်ပညာတွေကိုတစ်စမကျန်နှုတ်ယူဖို့လာတာ သင့်ပညာတွေမပါပဲကျုပ်မပြန်ဘူး သင်ကျုပ်အသားကိုတစ်ချက်ထိအောင်အရင်ကြိုးစားစမ်းပါ သင့်ရဲ့အစွမ်းတွေကိုကျုပ်ကြည့်ချင်တယ်”

အောင်မြတ်သာစကားကိုကြားတော့ ဦးယက္ခက
“သင်ကလူငယ်ဆိုတော့ အကြောက်တရားမရှိတာဖြစ်လိမ့်မယ် သင့်ကိုအကြောက်တရားဆိုဘာလဲ ပျပြးမယ်”လို့ပြောပြီး မြေကြီးတစ်ဆုပ်ကိုကောက်ကာ မန်းမှုတ်ပြီး ကျဲချလိုက်တယ်။

ဦးယက္ခကျဲချလိုက်တဲ့မြေကြီးမှုန်တွေအောက်ကိုရောက်တဲ့အချိန် မြေကြီးထဲက ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်ရှိတဲ့ နာနာဘာဝတွေထွက်လာခဲ့တယ်။

သာမန်လူတွေမြင်ရုံနဲ့သွေးပျက်သွားနိုင်တဲ့ အဆင်းသဏ္ဍာန်တွေရှိတဲ့နာနာဘာဝတွေက အောင်မြတ်သာတို့ဆီကို ပြေးဝင်လာတဲ့အချိန်

“ဒုန်း ခွပ် ဖြောင်း”ဆိုတဲ့အသံနဲ့အတူ နာနာဘာဝတစ်ချို့လွင့်ထွက်သွားတယ်။
သက်ခိုင်လည်း အသံကြားရာဘက်ကိုကြည့်လိုက်တော့ ခြောက်ပေကျော်တဲ့ကျွဲနက်ကြီးတစ်ကောင်က နာနာဘာဝတွေကို လိုက်ဝှေ့နေတာမြင်လိုက်ရတယ်။

‌ကျွဲနက်ကြီးကိုမြင်တော့ အောင်မြတ်သာက
“ဖိုးအောင်လံ ရောက်လာပီကိုး “လို့ပြောလိုက်တဲ့အချိန်

“ဟိုအဖိုးကြီး ကျုပ်ကိုအာခံရဲတယ်ပေါ့လေ ဒီမလောက်လေးမလောက်စားကောင်တွေကို သတ်ပီးရင် ခင်ဗျားကြီးအလှည့်ပဲ”

အသံနက်ကြီးနဲ့ပြောလိုက်တဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ကျုပ်အဆိုးမဆိုနဲ့တော့ ခင်ဗျားရဲ့ ထင်ပေါ်မှုတွေကုန်ဆုံးချိန်တန်ပီ “လို့ပြောပြီး ဦးယက္ခဆီကို အင်းစာရွက်တစ်ရွက်ပစ်ထည့်လိုက်တယ်။

အင်းစာရွက်က ဦးယက္ခရဲ့ခြေထောက်နားကိုရောက်တော့ ဆက်မသွားတော့ပဲ တန့်နေတယ်။ဒါကိုမြင်တော့ ဦးယက္ခက
“ဒီလောက်အစွမ်းနဲ့ငါ့ကိုလာမယှဉ်နဲ့ ဟားဟား”

ဦးယက္ခရဲ့လှောင်ရယ်သံကိုကြားတော့အောင်မြတ်သာက
“ခင်ဗျား အလောမကြီးပါနဲ့ အခုမှအစပဲရှိသေးတယ် အင်းကအစွမ်းမပြသေးဘူး “

အောင်မြတ်သာရဲ့စကားအဆုံးမှာတော့ ဦးယက္ခရဲ့ခြေထောက်နားမှာတန့်နေတဲ့အင်းချပ်ထဲကနေ ငွေမျှင်ရောင်ကြိုးတွေထွက်လာပြီး ဦးယက္ခတစ်ကိုယ်လုံးကို ရစ်ပတ်လိုက်တယ်။

ဦးယက္ခမျက်စိမျက်နှာပျက်သွားပြီး
“ဒါ ကဝေအချုပ်အင်းပဲ ဒီပညာရပ်ကို မင်းလို လူငယ်တစ်ယောက်ကဘယ်လိုတတ်တာလဲ မဖြစ်နိုင်ဘူး “

” မဖြစ်နိုင်ဘူးဆိုတာထက် အခုခင်ဗျားကိုယ်တိုင်မြင်နေရတာပဲမဟုတ်လား ကျုပ်ကဝေသတ်အင်း မသုံးချင်ဘူး ခင်ဗျားပညာရပ်တွေကိုစွန့်လိုက်ပါ”

“အဟက်အဟက် ဒီအချုပ်လောက်နဲ့ ငါ့ကိုသတ်မလို့လား ငါအံ့ဩတာက ဒီပညာကိုမင်းလိုလူငယ်ကတတ်လို့အံ့ဩတာပဲရှိတယ် ဟောဒီမှာကြည့်”လို့ပြောပြီး ရုန်းလိုက်ရာ ချုပ်ထားတဲ့ကြိုးတွေပြတ်ထွက်ကုန်တယ်။

“မင်းပညာနုပါသေးတယ် ငါ့ကိုကဝေအချုပ်အင်းလောက်နဲ့ဖမ်းမရဘူး ငါ့ရဲ့ပညာကိုလည်း မြည့်ကြည့်”ဆိုပြီး လက်ဖျားထိပ်ကနေ အရောင်ငါးမျိုးပါတဲ့စက်တွေလွှတ်ထုတ်လိုက်တယ်။

တလက်လက်တဖိတ်ဖိတ်တောက်ပနေတဲ့ စက်တွေက အောင်မြတ်သာဆီဝင်လာတဲ့အချိန် သက်ခိုင်က အောင်မြတ်သာအရှေ့မှာ ရှစ်ကွက်အင်းတစ်ခုဆွဲပြီး ကားလိုက်တယ်။

စက်တွေကရှစ်ကွက်အင်းနဲ့ထိတဲ့အချိန် ဘေးကိုလွင့်ထွက်မသွားပဲ ရှစ်ကွက်အင်းရဲ့အလယ်ကိုထိုးနေတာကိုသက်ခိုင်မြင်တော့

“ဘယ်လိုဖြစ်ရတာလဲ ရှစ်ကွက်အင်းနဲ့ထိတဲ့သက်မှန်သမျှ အပြင်ကိုချော်ထွက်ကုန်တာ ဒီတစ်ခါဘယ်လိုဖြစ်တာလဲ”ဆိုပြီးတွေးနေတုန်းရှိသေးတယ်။

စက်တွေက သက်ခိုင်ရဲ့ ရှစ်ကွက်အင်းအလယ်ကို ဖောက်ထွက်သွားတယ်။ ရှစ်ကွက်အင်းပျက်တာနဲ့ သက်ခိုင်လည်း အနောက်ကိုငါးပေလောက်လွင့်ထွက်သွားခဲ့တယ်။

ဦးယက္ခရဲ့စက်တွေက သက်ခိုင်အင်းကိုဖျက်ပြီးတာနဲ့ အောင်မြတ်သာဆီကို တန်းပြီးဝင်လာခဲ့တယ်။ အောင်မြတ်သာလည်း ဘာအင်းမှထပ်မဆွဲတော့ပဲ စက်တွေကိုသာစိုက်ကြည့်နေလိုက်တယ်။

အောင်မြတ်သာစိုက်ကြည့်လိုက်တဲ့အချိန် အရောင်တစ်လက်လက်တောက်နေတဲ့စက်တွေရဲ့အရောင်က တစ်ဖြေးဖြေးမှိန်လာပြီး အောင်မြတ်သာရင်ညွန့်နားရောက်တဲ့အချိန်မှာတော့ စက်တွေအရောင်လုံးဝပျောက်သွားတယ်။

ဒီတစ်ခါအံ့အားသင့်သွားတာက ဦးယက္ခ
“မဖြစ်နိုင်ဘူး ဘာအကာအကွယ်မှမရှိပဲ ငါ့ရဲ့စက်တွေက ဘာလို့ပျောက်သွားရတာလဲ အဲဒါဘာပညာလဲ ငါတစ်သက်နဲ့တစ်ကိုယ်မကြားဖူးဖူး”

ဦးယက္ခစကားကိုကြားတော့ ‌အောင်မြတ်သာက
“ကျုပ်ဘာပညာမှမသုံးလိုက်ဘူး ကျုပ်သုံးလိုက်တာက သမထစွမ်းအားလို့ခေါ်တဲ့မေတ္တာပို့ခြင်းပဲ”

“မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီစက်တွေက နတ်ဘီလူးတွေတောင်ကြောက်ရတဲ့အရာ သင့်လိုလူငယ်တစ်ယောက်က ဘာမှမဖြစ်ဘူးဆိုတော့ သင်ဘယ်သူလဲ “

“သင့်ပညာကစွမ်းပါတယ် ဒါပေမယ့်ကျုပ် ကျင့်ကြံခဲ့တဲ့အရာတွေထက်တော့သင့်ပညာမစွမ်းသေးဘူး ကျုပ်သုံးခဲ့တဲ့အရာက မေတ္တာပဲ သင့်စက်တွေက အစွမ်းထက်ပေမယ့် ကျုပ်စိတ်ကနေပို့လွှတ်လိုက်တဲ့မေတ္တာအစွမ်းကပိုစွမ်းလို့ သင်ကျုပ်ကိုထိခိုက်အောင်မလုပ်နိုင်ခဲ့တာ ဒါကြောင့် သင့်ကို ကျုပ်လမ်းပြဖို့ကြိုးစားခဲ့တာပါ သင်နားလည်မယ်ထင်ပါတယ် သင့်ပညာတွေကိုစွန့်လွှတ်လိုက်ပါတော့”

“ဟားဟား ငါ့ပညာကိုစွန့်လွှတ်ရမယ်ဟုတ်လား ငါသေရင်တောင်ငရဲကိုပျော်ပျော်ကြီးသွားမယ့်ကောင်ဟေ့ မစွန့်ဘူး နင်ငါ့ကိုနိုင်အောင်တိုက် နင့်ငါ့ကိုတရားလာမချနဲ့ “

“ကောင်းပီလေ ကျုပ်ဖောက်ပေးတဲ့လမ်းကိုသင်မဝင်ချင်မှတော့ ကျုပ်ဒီထက်ပိုပြောစရာမရှိတော့ဘူး သင်ခံနိုင်ရည်ရှိဖို့ကြိုးစားပါ”လို့ပြောပြီး မျက်လုံးစုံမှိတ်လိုက်တယ်ဆိုရင်ပဲ အောင်မြတ်သာကိုယ်ထဲကနေ ဖြူဝင်းတဲ့အလင်းရောင်တွေထွက်ပေါ်လာခဲ့တယ် ။ အလင်းရောင်တန်းတွေက တောတစ်ခုလုံးကို လင်းထိန်သွားတဲ့အချိန်

” ဟဲ့ငမိုက်သား
သင့်ခေါင်းရှစ်စိတ်ကွဲချင်သလား”ဆိုတဲ့အသံထွက်ပေါ်လာခဲ့တယ်။

ဦးယက္ခလဲအသံလာရာကိုကြည့်လိုက်တော့ ရွှေရောင်တလက်လက်တောက်ပနေတဲ့ အဝတ်အစာကိုဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုတွေ့လိုက်ရတယ်။

“သင်ဘယ်သူလဲ တစ်ခါမှသင့်ကိုမမြင်ဘူးဘူး”

“ဟဲ့ ငမိုက်သား ကျုပ်က သင့်ပညာရပ်တွေကို သိမ်းယူဖို့ နတ်တို့အရှင်သခင် သိကြားမင်းလွှတ်လိုက်တဲ့ ပဉ္ဇရူပနတ်သားပဲ သင်ဟာ မပြစ်မှားထိုက်သူကိုပြစ်မှားဖို့ကြိုးစားနေတဲ့အတွက် သင့်ကိုဒဏ်ခတ်ဖို့ အမိန့်ပါလာတယ် “

” ဒီလူငယ်ကဘယ်သူလဲ သူကဘယ်သူမို့လို့လဲ ကျုပ်မသိလိုက်ကျူးလွန်မိတာပါ ကျုပ်ကိုခွင့်လွှတ်ပေးပါ “

“သင့်အရှေ့မှာရှိနေတဲ့သူက နောင်ပွင့်မယ့်ဘုရားကိုဖူးမျှော်ဖို့စောင့်ရင်း ခုနှစ်ရက်သားသမီးတွေကိုကယ်တင်နေတဲ့ အောင်မြတ်သာတစ်ဖြစ်လဲ စင်္ကြာမင်းသားပဲ”

“ဟင် ဒါ ဒါ အသက်အငယ်ဆုံးထွက်ရပ်ပေါက်ခဲ့တဲ့ သူပေါ့ ကျုပ်မှားပီ ကျုပ်မှားခဲ့ပြီ ကျုပ်မသိလိုက်ဘူး ကျုပ်ကိုခွင့်လွှတ်ကြပါ ပညာကိုတော့မသိမ်းလိုက်ပါနဲ့”

“မရတော့ဘူး သင့်ပညာတွေကိုသိမ်းယူဖို့အမိန့်ပါလာခဲ့ပြီ သင်အမိန့်နာခံမှုမရှိပါက ဟောဒီသန်လျက်နဲ့ သင့်ခေါင်းကိုခွဲရလိမ့်မယ် “

“ကျုပ်သည် ဒီပညာကိုအသက်နဲ့လဲပြီး ကျင့်ကြံခဲ့တာဖြစ်လို့ ကျုပ်ကိုသတ်ပီးမှ ပညာတွေကိုယူလိုက်ပါ ကျုပ်ဒီအတိုင်းတော့မပေးနိုင်ဘူး”

“တယ် ပြောဆိုရတယ်ခက်ပါလား ဒီလောက်ခေါင်းမာတဲ့ကောင် သေပေရော့ “ဆိုပြီးလက်ကိုအရွယ်

“အသင်နတ်သား သင်တို့ကိစ္စကိုကျုပ်ဝင်စွက်ဖက်တာမဟုတ်ပါ သင်တို့သက်ဆိုင်ရာပုဂ္ဂိုလ်များရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျုပ်နားလည်ပါတယ် ဒီလူကိုဖမ်းဆီးပီးသင့်တင့်ရာအရပ်မှာ စီရင်ပါက ပိုသင့်မြတ်မယ်ထင်ပါတယ်”

“ကောင်းပါပြီ ဒီလူငမိုက်သားကို ဖမ်းဆီးသွားလိုက်ပါမယ် နောက်တစ်ခုပြောဖို့ရှိတာက မုဆိုးထိုင်စေတီကိုစောင့်ကြပ်ဖို့ ဖိုးအောင်လံကို တာဝန်ပေးအပ်ခဲ့တယ် ဒီလူ့ငမိုက်သားကို ဗန္ဓကခွေးနက်ကြီးမှ ဖမ်းခေါ်လာစေ”လို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ တောထဲကနေ ပြေးထွက်လာတဲ့ ခွေးနက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။

ခွေးနက်ကြီးက ဦးယက္ခကို ရုတ်တရက်ကိုက်ချီပြီး တောထဲကိုပြန်ဝင်ပြေးသွားခဲ့တယ်။ ခွေးနက်ကြီးပျောက်သွားတာနဲ့တစ်ပြိုင်နက် ပဉ္ဇရူပနတ်သားလည်း ရုတ်ချည်းပျောက်ကွယ်သွားတယ်။

အောင်မြတ်သာတို့လည်း ဖိုးအောင်လံနဲ့ နက်ကျော်တို့ကိုနှုတ်ဆက်ပြီး
“မုဆိုးထိုင်စေတီကို အသစ်ပြန်လည်မွမ်းမံဖို့ ကျုပ်တာဝန်ကျန်သေးတဲ့အတွက် ကျုပ်တို့သိပ်မကြာခင် ပြန်ဆုံကြဦးမှာပါ “လို့ပြောပြီး သစ်ကျုတ်တောထဲကနေထွက်လာခဲ့ကြတယ်။

တောထဲကနေ ထွက်လာရင်း အောင်မြတ်သာက
” မုဆိုးထိုင်စေတီကိုအသစ်ပြန်လည်မွမ်းမံဖို့ စေတီတော်နဲ့ပဌာန်းဆက်ရှိသူကိုရှာရမယ် ဒါကြောင့် ဒီရက်ပိုင်းငါ့ကိုလိုက်မရှာကြနဲ့ နောက်ငါးလကြာတဲ့အခါ ဒီစေတီမှာပြန်ဆုံကြမယ် ကိစ္စကြီးငယ်တစ်စုံတစ်ရာရှိရင် ငါလာခဲ့မယ်”လို့မှာကြားရင်း သက်ခိုင်တို့နဲ့ လမ်းခွဲလိုက်တယ်။

သက်ခိုင်တို့လည်း ဆရာဖြစ်သူရဲ့နောက်ကျောကိုငေးကြည့်ရင်း…….
++++++++++
မုဆိုးထိုစေတီပြန်လည်မွမ်းမံဖို့အတွက် အောင်မြတ်သာဘယ်လိုကူညီမလဲ။
မုဆိုးထိုင်စေတီရဲ့သမိုင်းကြောင်းကရော ဘယ်လိုစဖြစ်ခဲ့တာလဲ။
မုဆိုးထိုင်စေတီနဲ့ပဌာန်းဆက်ရှိသူတွေကရော ဘယ်သူတွေလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်မုဆိုးထိုင်စေတီဆိုတဲ့ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)