အောင်ခိုင်လင်း (မော်ကျွန်း)
ဥပါဒါန်
မြစ်ရေပြင်သည် ကြည်လင်လွန်းသဖြင့် စိမ်းပြာ
ရောင်သန်းနေသည်။ ပိုမိုနက်ရှိုင်းမှုအသွင်ဆောင်
နေတော့သည်။
ရေပြင်ပေါ်သို့ ရောက်နေသော နီမောင်သည် ပတ်ဝန်းကျင်ကို တချက် ဝေ့ကြည့်သည်။ နှင်းသဲလွန်းနေသောကြောင့် ထင်သည်၊ ဝန်းကျင်တဝိုက် မှုန်မှိုင်းနေတော့သည်။
ငြိနေသော ကွန်ကို ငုပ်ဖြုတ်ရမည်ဖြစ်ရာ စဉ်းစား မနေတော့ပဲ အသက်ကို တဝကြီးရှူသွင်းလိုက်ပြီး ရေအောက်သို့ ငုပ်ဆင်းလိုက်သည်။
ရေအောက်သို့ ရောက်လာလေလေ နားထဲတွင် “ဖျစ်-ဖျစ်-ဖျစ်” ဟူသော အသံများက နားထဲ၌ ပိုမိုဆူညံလာလေလေဖြစ်၏။
ရေငန်အရပ်ပေမို့ ဝင်းလက်သော ပိုးစုန်းကြူးသဖွယ် အလင်းစက်များကို မြင်နေရသည်။
ရေအောက်သို့ ရောက်လာသောအခါ အလင်းရောင် အားနည်းလာသည်။ နားထဲမှ အသံများလည်း ပိုမိုကျယ်လောင်လာသည်။ အလေ့အကျင့်ရှိပြီးဖြစ်သူမို့သာ ဂွမ်းမဆောင်ရပဲ ထိုမျှ ခံနိုင်ခြင်းဖြစ်သည်။
အသက်အောင့်ထားချိန် ကြာလာသောအခါ ရင်ထဲမှ အောင့်လာသည်။ ကျွမ်းကျင်မှုဖြင့် ရေအောက်၌ သက်ပြန်ရှူခြင်းကြောင့် အတန်အသင့် ခံသာမှုရှိလာ၏။ ရေအောက်တွင် အချိန်အတန်ကြာသည်အထိ ဆက်လက်နေနိုင်ဦးမည် ဖြစ်သည်။
ရေအောက်မြေပြင်သို့ ရောက်သောအခါ ပတ်ဝန်းကျင်ကို တချက် ကြည့်သည်။ ဝေဝါးနေသော မြင်ကွင်းထဲတွင် မိမိထံသို့ ဦးတည်ကူးခတ်လာသော ငါးအရိပ်များကိုပင် မြင်နေရသည်။
အချို့ငါးများဆိုလျှင် အနီးရောက်ခါမှ ကွေ့ရှောင်သွားသည်။
သည်တကြိမ် ရေငုပ်ရခြင်းကို နီမောင် စိတ်မဖြောင့်ပါ။ ရင်ထဲ၌ ကပ်ငြိစွဲလမ်းမှုတခုက သူ့အား အစဉ်အမြဲ ခြောက်လှန့်လျက် ရှိနေတော့သည်။
တွေးမိတိုင်း ရင်တထိတ်ထိတ် အခုန်မြန်နေဆဲပင်။
နောက်ပြီး သည်နေရာက သူ့အတွက် နေရာသစ်။ ထို့ပြင် ထိုနေရာနှင့် ပတ်သက်ပြီး အန္တရာယ်များသော အကြောင်းများကိုလည်း ကြားဖူးထားပြီးသား ဖြစ်သည်။
သို့သော် “အဘထော်” က သည်မှာဘက်တွင် ရေလုပ်သားများ ရှောင်ကွင်းထားသော နေရာပေမို့ အထိအမိ ကောင်းနိုင်သည်ဆိုကာ ဇွတ်လာသဖြင့်သာ လိုက်လာခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ မလွှဲမရှောင်သာ လိုက်လာခဲ့ရသည့်တိုင် ရေ အောက်သို့ မဆင်းရပါစေနှင့်ဟု ကျိတ်၍ ဆုတောင်းခြင်းမှာ မပြည့်ဝပါချေ။
ယခုတော့ လှေပေါ်မှ ဖြုတ်မရသော ကွန်ချက်ကြောင့် သူ ရေအောက်သို့ ဆင်းလာခဲ့ခြင်း ဖြစ်ပါသည်။
ရေအောက်တွင် ငြိနေသော ကွန်ချက်ကို အလျင်အမြန် ရှာသည်။ တတ်နိုင်သမျှ လျင်လျင်မြန်မြန် ဖြုတ်ပစ်နိုင်ရန် ကြိုးစားသော်လည်း စိတ်စောနေသည်က တကြောင်း၊ ရေမွန်းနေသည်က တကြောင်းကြောင့် လွယ်လွယ်ကူကူ မပြုတ်ပါချေ။
သို့ကြောင့် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောထားကာ ခါးကြားထဲမှ ဓားကို နုတ်ယူလိုက်သည်။
ကွန်သားကို ဖြတ်ထုတ်ပစ်မည်။
ထိုအခိုက်မှာပင် ကူးခတ်လာသော ငါးတကောင် သည် နီမောင့်အား မြင်သည်နှင့် ပြေးကိုက်လေသည်။ လက်တဝါးသာသာအရွယ်ရှိပြီး အရွယ်နှင့်မမျှ ကြီးမားချွန်ထက်သော သွားများကြောင့် လက်မောင်းတနေရာမှ အသားတစ အကွင်းလိုက် ပြတ်ပါသွား၏။
“အား”
အခြေအနေ မကောင်းသောကြောင့် ရေပေါ်သို့ အလျင်အမြန် ပြန်တက်ရန် ကြိုးစားသော်လည်း အခွင့်မသာတော့ပါချေ။ စိမ့်ထွက်လာသော သွေးကြောင့် နောက်ထပ်ရောက်လာသော လူသားစား ငါးများက သူ၏ ကိုယ်အနှံ့ ဝင်ရောက်ကိုက်ဖြတ်ကြလေရာ ခဏချင်းမှာပင် လှုပ်ရှားမှုအားလုံး ရပ်တန့်သွားလေတော့သည်။
ခဏချင်း ရေပြင်၌ သွေးနီရောင် လွှမ်းသွားလေသည်။ တမုဟုတ်ချင်းပင် ငါးများ၏ ကိုက်ဖြတ်မှုကြောင့် သူ့တကိုယ်လုံး အရိုးစုဘဝ ပြောင်းသွားလေ
“အား … အား … ငါ့နားမလာကြနဲ့၊ သွားကြ … သွားကြ”
ရှိသမျှ ခွန်အားကို စုစည်းပြီး အသံကုန် အော်ပစ်လိုက်သည်။
သို့တိုင်အောင် အသံများက လည်ချောင်းထဲ၌ နှစ်မွန်းပျောက်ကွယ်နေဆဲပင်။
X X X
“အား”
“ဟေ့”
“သွား … သွား … ငါ့နား မလာကြနဲ့။ ငါ့နား မလာကြနဲ့”
“ဟဲ့ကောင် … ဘာဖြစ်နေတာလဲ”
တအင်အင်ဖြင့် ယောင်ယောင်ဝါးဝါး ဖြစ်နေသော နီမောင်ကို ဦးဘထော်က ခြေထောက်ဖြင့် ခပ်ဆတ် ဆတ် လှုပ်နှိုးလိုက်မှ အသေအချာ နိုးသွားတော့သည်။
“အဘထော်”
“ဘာတွေ လျှောက်အော်နေတာလဲ”
“ကျွန်တော် … ကျွန်တော် အိပ်မက် မက်နေတာပါ”
“မင်းကွာ …”
ဦးဘထော်က မကျေမနပ် ရေရွတ်ယင်း ဆေးပတ် လိပ် တလိပ်ကို မီးညှိဖွာလိုက်သည်။
နီမောင် နေရာမှ ထလိုက်ရာ လှုပ်ရှားမှုကြောင့် လှေလူးသွားသည်။ ငွေရောင် လှိုင်းဂယက်ကလေးများ ထသွားလေသည်။ အိပ်မက်အရှိန်ကြောင့် လှေအောက် လက်နှိုက်၍ မျက်နှာသစ်ရမည်ကိုပင် ခပ်လန့်လန့် ဖြစ်နေဆဲပင်။
“ဘာတွေ အိပ်မက်မက်လို့ ဒီလောက် ဖြစ်နေတာလဲကွ”
“ကျွန်တော် လူသားစားငါးတွေအကြောင်း စိတ်စွဲသွားပြီး အိပ်ပျော်သွားတာ။ အဲဒါတွေကို အိပ်မက် ပြန်မက်နေလို့ အဘ”
“ထင်သားပဲကွာ”
ဦးဘထော်က စကားမဆက်ပဲ ဆေးပတ်လိပ်ကိုသာ တွင်တွင်ဖွာနေလေရာ ဝန်းကျင်တဝိုက် မီးခိုးငွေ့များ ပျံလွင့်နေသောကြောင့် စောစောက တဖွဲဖွဲ လာရောက်ကိုက်ခဲနေသော “ပိုးလောင်း” များပင် အဝေးသို့ ပျံထွက်ပြေးကြပြီ။
“မကောင်းတဲ့ အကြောင်းအရာတခုကို စိတ်ထဲက စွဲလမ်းလက်ခံထားလို့ ကြာလာယင် ဥပါဒါန် ဖြစ်လာတတ်တယ်ကွ။ မဖြစ်နိုင်တဲ့ မကောင်းတဲ့ အကြောင်းတွေကို ရင်ထဲမှာ အကြာကြီး မထားသင့်ဘူး။ ကြာယင် လုပ်ငန်းနဲ့ ကိုယ့်ကို ပြန်ပြီး အန္တရာယ်ပေးလာနိုင်တယ်။ ဒီတော့ လူငယ်ပီပီ မဟုတ်မှန်းသိယင်၊ မဖြစ်နိုင်မှန်း သိယင် မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ”
ဦးဘထော်က အတွေ့အကြုံ ရင့်ကျက်သော ရေလုပ် သားကြီးတဦးပီပီ တွေးတွေးဆဆ သွန်သင်ညွှန်ပြ သည်။
သို့ပေသည့် နီမောင့် ရင်ထဲမှ ကပ်ငြိလျက်ရှိသော အစွဲအလမ်းတခုကတော့ ရုတ်တရက် ပျောက်မသွားပါပေ။
ထိုဥပါဒါန် အစွဲအလမ်းသည်လည်း ပူပူနွေးနွေး ကပ်ငြိလာခြင်းတော့ မဟုတ်ပါပေ။
နီမောင်တို့နေထိုင်ရာ “သကန်” ရွာ၏ မျက်နှာမူရာ မြစ်ထဲသို့ မြို့မှ သင်္ဘောတစင်း ရောက်လာသည်။
ထိုသင်္ဘောနှင့် ပါလာသူများက ဂျပန်ခေတ်အတွင်း က မြုပ်သွားသော သင်္ဘောပျက်တစင်းကို လာရှာကြသည်ဟု ဆိုပြီး သကန်မြစ်ထဲတွင် စတည်းချ ရှာဖွေကြသည်။ ရေငုပ်ဝတ်စုံများ ဝတ်ဆင်ပြီး တယောက်ပြီးတယောက် ဆင်းရှာကြသည်။
ရက်အတန်ကြာ လှည့်လည် ရှာဖွေကြသော်လည်း တွေ့သည်ဟု မကြားရပေ။
နီမောင်တို့ ရွာသားများက စိတ်ဝင်စား၍ သွားရောက် ကြည့်ရှု့သည်ကိုပင် ကြည်ဖြူကြဟန် မတူပေ။ အမူ အရာများက သူတို့အလုပ်နှင့်ပတ်သက်၍ လူသိမခံချင်သည့် သဘောပေ။
ရက်အတန်ကြာသောအခါ ထိုလူများ မြို့သို့ ခဏ ပြန်ကြသည်။ ထိုအခါ သတင်းတခု ကျန်ခဲ့လေသည်။ ထိုသတင်းကား အခြားမဟုတ်။
ရေအောက်သို့ ဆင်းငုပ်နေစဉ် လူသားစားငါးများ ရောက်လာကြပြီး ဝိုင်းဝန်းကိုက်ခဲ့ကြရာ ခဏချင်း ပင် အရိုးစုဘဝ ပြောင်းသွားသော သူတို့၏ လူတယောက်ကို မြို့ ပြန်ခေါ်သွားခြင်းပင် ဖြစ်သည်။
ထိုသတင်းကြောင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြသော သကန်ရွာသူရွာသားများ တုန်လှုပ်မှု ဖြစ်သွားကြလေသည်။
တယောက်စကား တယောက်နားဖြင့် တရွာလုံး ပျံ့နှံသွားသည်။ အစွဲအလမ်းကြီးသူများက-
“ဒီလူတွေ မြစ်ထဲလာပြီး နတ်မကြိုက်တာတွေလုပ်လို့ ဒဏ်ခတ်ခံရတာ”
ဟု မှတ်ချက်ချကြလေသည်။
အချို့ကလည်း …
“တို့တော့ ဒီမြစ်တဝိုက်မှာ ရေလုပ်ငန်းနဲ့ အသက် မွေးလာခဲ့တာ အသက်နဲ့ အမျှပါပဲ။ ရေအောက် မြေပြင်တွေမှာ ခြေရာချင်း မဆိုထားနဲ့ နှာခေါင်းရာချင်း ဆက်လှရော့မယ်။ ဒီ လူသားစားငါးမျိုး ရှိတယ်လို့ တခါမှ မကြားမိပါဘူး”
ဟု တွေးတွေးဆဆ ပြောကြသည်။
အယူသည်းသူများကလည်း-
“ဟေ့ ဟေ့ … အဲဒီလိုတော့ အပြတ်မပြောကြနဲ့ဟ။ ကုန်းနှေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ ဆိုတာပဲ။ ရေ ထဲမှာ ရှိချင် ရှိမှာပေါ့။ ဘယ်ပြောနိုင်ပါ့မလဲ။ တခါက ရွှေလီမြစ်ထဲမှာ ကျွဲသုံးကောင် တဘက်ကမ်း ဖြတ်ကူးတာ အဲဒီလိုငါးမျိုးတွေနဲ့ တိုးသွားလို့ အရိုးချည်း ကျန်ခဲ့တယ်ဆိုတဲ့သတင်း မင်းတို့ မကြားလိုက်ဘူးလား”
မည်သို့ပင်ဆိုစေ ထို သတင်းကတော့ ပျံနှံ့လျက် ပင်။ ယုံကြည်သူများရော မယုံကြည်သူများ၏ ရင်ထဲသို့ ခိုဝင်ကိန်းအောင်းနေလေတော့သည်။
ယခင်က သကန်မြစ်ထဲသို့ ရဲရဲတင်းတင်း ဆင်းဝံ့ကြ သော်လည်း ယခုတော့ တွန့်ဆုတ်နေကြသည်။ မလွှဲ မရှောင်သာ မဖြစ်မနေ ဆင်းရလျှင်သော်မှ အဖော် ကောင်းမှ ဆင်းဝံ့ကြတော့သည်။
တခါတရံ ငပူတင်း အတွတ်ခံရသည်ကိုပင် လူသားစားငါးများ ကိုက်ခံလိုက်ရသယောင် ပုံကြီးချဲ့ထွင် ပြောလာကြသည်။
အချို့ဆိုလျှင် လူအထင်ကြီးခံရလျှင် မနည်းဟု သဘောထားကာ မိမိတို့ကိုယ်တိုင် လူသားစားငါးများနှင့် တွေ့ခဲ့ရကြောင်း ချဲ့ထွင်ပြောကြသောအခါ ရိုးသားသော ရွာသူရွာသားများ၏ စိုးရွံ့မှုများ တစတစ ကြီးထွားကျယ်ပြန့်လာလေတော့သည်။
အမှန်တော့ စစ်အတွင်းမှ နစ်မြုပ်သွားသော သင်္ဘောတွင်း၌ ရတနာပစ္စည်းများ ပါသွားသည်အထင်နှင့် လာရောက်ရှာဖွေကြသော လူတစုသည် မိမိတို့ မရှိခိုက်တွင် ရွာသူရွာသားများ ဆင်းရောက်ရှာဖွေကြမည် စိုးသောကြောင့် လုပ်ဇာတ်ခင်း၍ သတင်းလွှင့်သွားခြင်းသာ ဖြစ်သည်။
သို့စေကာမူ…
(၂)
ဦးစွာ ဖူးချာကြိုးကွင်းကို လက်ကောက်ဝတ်တွင် စွပ်လိုက်သည်။ ထို့နောက် ကြိုးကို အခွေလိုက် ဗယ် လက်ဖြင့်ကိုင်သည်။ ကွန်သားတဝက်ပါ ရောကိုင်ပြီး တဝက်သားကို ဝဲဘက် တတောင်စွန်းတွင် ချိတ်ထား သည်။
ကျန်တဘက်က ကွန်သားကို ခွဲ၍ မျှကိုင်လိုက် သည်။ ခဲသီး၏ အလေးချိန် မျှ မမျှ ဆကြည့်သည်။ ကွန်ပစ်ရန် အသင့်အနေအထား ရောက်သွားသည်။
ဦးဘထော်၏ လှေလှော်ကျွမ်းကျင်မှုကြောင့် လှေ ကလေးမှာ ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးနေသည်။ ကွန်ပစ်ရာတွင် ရှေ့မှ ကွန်ကိုင်ထက် နောက်မှ လှေပဲ့ကိုင်က ပိုအရေးကြီးသည်။ ကွန်ချက် ရွေးရာတွင် သူက အဓိက ဖြစ်ပါသည်။
ကွေ့တခုအတွင်းမှ သစ်ကျတခုနား အရောက်တွင် လှေကို တုံ့ကနဲ ရပ်ပစ်လိုက်သည်။
ကွန်ချက်။
နီမောင် အားယူပြီး ကွန်ကိုလွှဲသည်။ ထို့နောက် ပစ်သည်။
၁၂-တောင်ခန့်ရှည်သော ကွန်ကြီးမှာ ဖူးချာအထိ ပွင့်ပြီး ရေပြင်ပေါ်သို့ စကောဝိုင်းသဖွယ် ကျဆင်းသွားလေရာ ရေပြင်နှင့် ခဲသီးများ ထိတွေသံမှာ သံစဉ်မညီသော ဂီတသံသဖွယ် ပေါ်ထွက်လာသည်။
ဖူးကြီးအထိ ရေထဲမြုပ်သွားသောအခါမှ လှေကို နောက်ပြန်ဆုတ်သည်။
နီမောင်က လက်ထဲမှ ရစ်ကိုင်ထားသော ကြိုးကို တခွေချင်း လျှော့ပေးသည်။
သည်နေရာ ချောက်ကောင်းသည်။ ကွန်ရော ကြိုးပါ အတောင် ၂၀-ကျော်မှ မြေပြင်သို့ ကွန်ကျသည်။ ထိုနှင့် တပြိုင်နက် ဖူးကြိုး သိမ့်ကနဲ တုန်သွားသည်။
နီမောင့်ရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားသည်။ အတိုးနှုန်းကို တွက်ဆကြည့်ရုံဖြင့် အတော်ကြီးသော ငါး တကောင် ကွန်ဖြင့် အုပ်မိထားကြောင်းတွက်ဆမိသည်။ ခဏ စောင့်ကြည်သောအခါ နောက်ထပ်တချက် တိုးပြန်သည်။
ပီတိမျက်နှာဖြင့် ဦးဘထော်ကို လှည့်ကြည့်လိုက်သည်။
“မိထားပြီလား”
ခေါင်းညိတ်ပြလိုက်သည်။
“အတော်ကြီးသလား”
“တဆယ်အထက်ရှိမယ် အဘထော်”
“ဒါဆို သတိထား၊ ကွန်ဆွဲတာ မလောနဲ့။ သိပ်မြန်ယင် လှန်ထွက်သွားလိမ့်မယ် … ကြားလား”
အပြုံးရိပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ကွန်ကို တချက် ဆကြည့်သည်။
မထူး။
နောက်တချက် ဆွဲတင်သည်။
ငါးက တိုးပြန်သည်။
ငြိမ်သည်အထိ ခေတ္တစောင့်ပြီးမှ ဆွဲသည်။ လက်ထဲတွင် လေးလေးပင်ပင် ပါလာသည်။
အသက်ရှူရန် မေ့နေသောကြောင့် ကွန်တချက်ဆွဲရန် ကြာလွန်းသည် ထင်နေမိသည်။
နောက်တချက် ဆွဲသောအခါ ကြိုးတင်းပြီး ကွန်က ပါမလာတော့။ မသေချာသဖြင့် ထပ်၍ ခပ်တင်းတင်း ဆွဲကြည့်သောအခါ လှေက ရှေ့သို့ လိုက်လာပြီး ကွန်ကြိုး တက်မလာတော့။
ကွန်ငြိနေပြီ။
ကွန်ငြိလျှင် အပေါ်မှ ဆွဲဖြုတ်မရပါက ရေထဲဆင်း ရမည်ဖြစ်သည်။
သို့ကြောင့် နီမောင် သက်ပြင်းတချက် ချပြီး လက်မှ ကိုင်ထားသော ကြိုးကို လှေဦးတုံးတွင် ရစ်ချည်လိုက်သည်။
ထို့နောက် အင်္ကျီကိုချွတ်ပြီး လက်စွဲတော်ဓားကို ခါးကြားထဲ ထိုးသွင်းသည်။ ထုံးစံအတိုင်း ရေပိုင် ချောင်းပိုင်များကို ဘေးဘယာ ဝေးကွာစေရန် စောင့်ရှောက်ပေးကြရန် စိတ်မှ ရည်မှန်းပြီး ဆုတောင်းသည်။
ရေထဲဆင်းခါနီးကျမှ ညက မြင်မက်ခဲ့သော အိပ်မက်ကို သတိပြီး ကျောထဲ စိမ့်ကနဲ ဖြစ်သွားသည်။ ရေထဲဆင်းရမည်ကိုပင် မဝံ့မရဲ ဖြစ်လာသည်။
“နီမောင် … ဆင်းတော့လေကွယ်”
ဦးဘထော်က ခပ်ဆတ်ဆတ် လှမ်းပြောလိုက်မှ “ဟုတ်ကဲ့” ဟု ဆိုကာ ရေထဲဆင်းလိုက်သည်။
ရေသည် ခါတိုင်းထက် အေးမြလေရော့သလား၊ တကိုယ်လုံး စိမ့်ကနဲ ဖြစ်သွားသည်။ အသက်ကို တဝကြီး ရှူသွင်းလိုက်ပြီး ရေထဲသို့ စတင်ငုပ်သည်။ ကွန်သားကို ကိုင်ငုပ်ခြင်းကြောင့် ရေအောက်သို့ လျင်လျင်မြန်မြန် ရောက်သွားသည်။
အောက်ခြေတွင် ကွန်သားဖြင့် မိထားသော ငါးကြီးကို စမ်းသပ်မိသည်။
ငြိနေသော ကွန်သားကို အလျင်အမြန် ရှာသည်။
စိတ်စောနေသောကြောင့် ရုတ်ခြည်း အဆင်မပြေ။ တွေ့ပြန်တော့လည်း သစ်ကျကိုင်းတက် များသောကြောင့် လွယ်လွယ်ကူကူ ဖြုတ်မရပြန်။
နီမောင် ရေအောက်တွင် အကြာကြီးမနေချင်ပါ။ မြန်မြန်ပြီး အေးရောဟု သဘောထားကာ အလျင်အမြန်ဖြုတ်ကာမှ ပိုပြီး ခက်ခက်ခဲခဲရှိနေသည်။
ထိုအခိုက် ခြေသလုံးသားဘက်မှ “စစ်” ကနဲ ဖြစ် သွားပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။ လက်ဖြင့် စမ်းကြည့်သောအခါ အသား ပါသွားကြောင်း သိလိုက်သဖြင့် ရင်ထဲ ထိတ်သွားသည်။
အရေးထဲကျမှ ကွန်ကလည်း မပြုတ်နိုင်။ ခက်ခက် ခဲခဲ ဖြုတ်နေယင်း လက်မောင်းသားကို အကိုက်ခံရပြန်သည်။
နီမောင် ဟန်မဆောင်နိုင်တော့ပါ။
ခါးထဲမှ ဓားကို အလျင်အမြန် ဆွဲထုတ်ပြီး ငြိနေ သော ကွန်သားကို ဆွဲဖြတ်၍ ရေပေါ် ပြန်တက်ခဲ့ သည်။
ရေပြင်ရောက်သည်နှင့် လှေပေါ်သို့ အလောတကြီးတက်လိုက်ရာ လှေစောင်းသွားသည်။
“ဘာဖြစ်လာပြန်တာတုံး”
“ဘာကောင်တွေလဲ မသိဘူး”
အမောသံဖြင့် ပြန်ပြောယင်း ခြေနှင့် လက်မှ ဒဏ်ရာ များကို ငုံ့ကြည့်လိုက်သည်။ ဆောက်ခုံးဖြင့် အထွင်းခံရသည့်နှယ် အကွင်းလိုက်ပါသွားသော ဒဏ်ရာများမှ သွေးတစိမ့်စိမ့် ထွက်နေသည်။
“ မင်းဥစ္စာ ငပူတင်းတွတ်ခံရတာများ အဆန်းလုပ် လို့။ ကဲ … ကွန်ဆွဲတင် … ကွန်ဆွဲတင်၊ ရေတက်တော့မယ်”
နီမောင် စိတ်လက် မကြည်မသာနှင့် ကွန်ကိုဆွဲတင် သည်။
စိတ်ထဲတွင် နောက်ကျိခြင်းနှင့် နှမြောမှုများ ရောထွေးခံစားနေရသည်။ လွတ်သွားသော ငါးကြီးနှင့် ဓားချက်ကြောင့် ကွဲသွားသော ကွန်သားများကို ရက်အတန်ကြာ အလုပ်ပျက်ခံ၍ ဖာရဦးမည်။ တရားခံမှာ မိမိ၏ ဥပါဒါန်စိတ်များဖြစ်ကြောင်း နားလည်နေမိသည်။
သို့စေကာမူ နောက်ကျခဲ့ပြီ။
လှေဝမ်းထဲမှ မိထားသော ငါးပူတင်းက သူ့အား သွားဖြဲပြနေလေသည်။
ငွေတာရီမဂ္ဂဇင်း
အမှတ် (၃၀၇)
ဇန်နဝါရီလ ၊ ၁၉၈၆
– ပြီး –