ဥာဏ်ကြီးမောင်တို့သားအဖ (ဝတ္ထတို)
နုနုရည် – အင်းဝ

( ၁ )

ရွှံ့ရောင်ရေပြင်ပေါ်မှာ နှင်းထုကို ဖောက်ထွင်းလာတဲ့ နေရောင်က တလက်လက် တောက်ပနေတယ်။ ကျုံးဟောင်းကြီးထဲမှာ မည်းတူးနွမ်းညစ်နေတဲ့လူတွေ လှုပ်လှုပ်ရွရွ ဖြစ်စပြုပြီ။ ရေပုံးတွေ၊ ဂေါ်ပြားတွေ၊ သံဒယ်ဝိုင်းတွေ ကိုယ်စီနဲ့ ရွှံ့နစ်ထဲက ရွှေမှုန်ရွှေစ၊ ကျောက်မှုန်ကျောက်စလေးတွေကို အငမ်းမရ ရှာနေကြသူတွေ၊ ရွှံ့ရေအေးအေးထဲမှာ ခြေသလုံးတ၀က် စိမ်ထားရပေမယ့်လည်း ဆောင်းအအေးဒဏ်ကို နည်းနည်းမှ မခံစားရသလို သံဒယ်ဝိုင်းကိုပဲ အဆက်မပြတ် လှည့်နေကြတယ်။

မျှော်လင့်ချက်တွေ စူးရှနေတဲ့ မျက်လုံးအစုံနဲ့ သံဒယ်ဝိုင်းရဲ့ အလယ်ဗဟိုကိုဘဲ အာရုံစိုက်ကြည့်နေကြတယ်။ ရင်ထဲမှာလည်း တတွတ်တွတ် ဆုတောင်းကြရင်းပေ့ါ။ ကံကောင်းရင် ပါလာမယ့်ကျောက်ကလေးတပွင့်ဟာ အချိန်ကြာမြင့်စွာ သူတို့ခံစားခဲ့ရတဲ့ ဆင်းရဲတွင်းနက်လှတဲ့ ဘ၀ကို ပြောင်းလဲကယ်တင်ပစ်နိုင်တယ်လေ။

ရွှေမှုန်ရွှေစလေးတွေကလည်း လယ်လုပ်၊ ကပ်ခုတ်၊ သင်ဖြူးရက်၊ သံသပိတ်ထုဆိုတဲ့ ရိုးရာအလုပ်တွေထက် ထမင်းပို၀နိုင်တယ်။ ရေပူဒဏ်၊ ရေအေးဒဏ်၊ နေပူဒဏ်တွေကြောင့် ကိုယ်ခန္ဓာတွေ မည်းညစ်ဖောသွပ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်လာတာကတော့ တပိုင်းပေါ့။ ထားပါတော့။ ဒါတွေကို ဘေးချိတ်ထားလိုက်တော့ ရုပ်လှဖို့ထက် ဗိုက်၀ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။

နေရောင်ပွင့်လာတာနဲ့အမျှ ကျုံးထဲမှာ လူတွေ ပိုများလာပြီ။ ကျုံးတံတားအိုလေးပေါ်မှာလည်း လူတွေနဲ့ ပြည့်လာပြီ။ ရွှေ၀ယ်သူ၊ ကျောက်၀ယ်သူတွေနဲ့ ရွှေကျင်တာကို လာကြည့်သူတွေ။ စူပါကပ်ဟွန်းသံ၊ စက်ဘီးဘဲလ်သံ၊ ကျုံးဘေးက အကြော်သည်
မုံ့သည်လေးတွေရဲ့အသံတွေဟာ ရောထွေး ဆူညံနေတယ်။ ဟော …. ရွှေကျင်ကိရိယာ တန်ဆာပလာအပြည့်အစုံနဲ့ လူတအုပ် ကျုံးထဲကို ဆင်းလာကြပြန်ပြီ။

” ဥာဏ်ကြီးမောင်တို့သားအဖတောင် လာပြီပဲ”

”ဟော …. ဆရာတို့သားအဖ လာပြီ”

ဆင်းလာတဲ့လူအုပ်ကို ရွှံ့နှစ်ရေထဲ အရင်ရောက်နှင့်နေတဲ့ လူတချို့က လှမ်းနှုတ်ဆက်ကြတယ်။ လူအုပ်ထဲမှာ ဥာဏ်ကြီးမောင်တို့သားအဖကို မေးစရာမလိုပဲ သိနိုင်တယ်။ အရောင်လွင့်ပုဆိုးစိမ်း ဆင်တူ၀တ်ထားတဲ့ ဆယ့်နှစ်နှစ်အရွယ် ကလေး
တယောက်နဲ့ ခပ်ရွယ်ရွယ်လူတယောက်။ စျေးပေါပေါ၊ ကိုင်းနက်နက် ပါဝါမျက်မှန်နဲ့ ဖျင်ဖြူအင်္ကျီအိတ်ထောင်ထဲမှာ သုံးကျပ်တန်ဘောလ်ပင်အကျားလေးထိုးထားပြီး သံပုံးချိတ်ထားတဲ့ ဂေါ်ပြား
တလက်ကို ပခုံးမှာ ထမ်းထားတဲ့ ဥာဏ်ကြီးမောင်အဖေဟာ ကျောင်းဆရာတယောက်မှန်း မြင်ရုံနဲ့သိသာနိုင်တယ်။ ဒါပေမယ့် အသားအရေကတော့ သူတို့သားအဖလည်း သူများတကာတွေလိုပဲ မည်းခြောက်ခြောက် မွဲညစ်ညစ်နဲ့။

ရွှံ့ရေထဲကနေ အော်ခေါ်နေကြတဲ့ သူငယ်ချင်းတွေဆီကို လှစ်ခနဲ ပြုံးပြနှုတ်ဆက်လိုက်တဲ့ ဥာဏ်ကြီးမောင်ကို သူ့အဖေက ငုံ့ကြည့်လိုက်တယ်။ သူ့သားကို လူတကာက ချစ်ခင်စေတဲ့အပြုံး၊ အရပ်ကလေးက ပုတက်တက်၊ မျက်နှာလေးဟာ ဖိုး၀ရုပ်လေးလို ပြည့်ပြည့်ဝိုင်းဝိုင်းလေး။ နေလောင်နေတဲ့ အသားမည်းမည်းလေးနဲ့ မလိုက်အောင် ပြုံးလိုက်မှဖြင့် သွားကလေးတွေက ဖြူဖွေးညီညာလို့။ ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေကလည်း စာတော်တဲ့သားကို သည်အပြုံးလေးကြောင့် ပိုချစ်ကြပြန်ရော။

ပုဆိုးလေးကို ခါးတောင်းမြှောင်နေအောင် ကျိုက်ပြီး ကျုံးထဲကို ပြေးဆင်းမလို့ ဥာဏ်ကြီးမောင် ဟန်ပြင်တုန်း ကျုံးတံတားအိုဘက်ဆီက စက်ဘီးဘဲလ်သံလေးတခု တလွင်လွင်မြည်လာတယ်။ ဥာဏ်ကြီးမောင်ပြောတဲ့ ”တီးတောင် ……တီးတောင် ” ဆိုတဲ့ အသံတမျိုးလေးနဲ့ မြည်တတ်တဲ့ မောင်ဗမာစက်ဘီးဘဲလ်သံလေး။ သားအဖနှစ်ယောက်လုံး ခေါင်းတွေ ကျုံးတံတားဘက်ဆီ ချာခနဲ လည်သွားကြတယ်။

ကျုံးတံတားဘေး ညောင်ပင်ခြေမှာ သစ်လွင်တောက်ပနေတဲ့ မောင်ဗမာ စက်ဘီးကလေး၊ နီညိုရောင်ကတ္တီပါစွပ် ဖင်ထိုင်ခုံ၊ နီညိုရောင်ကတ္တီပါစ စွပ်ထားတဲ့ ဘားတန်း၊ နီညိုရောင် လက်ကိုင်လေးနှစ်ဖက်။ ပြီးတော့ ဘဲလ်လေးကို အဆက်မပြတ်တီးနေတဲ့ ပိုင်ရှင်ကလေး။ တို့သားအဖကို အမြဲတမ်း ခြောက်လှန့်နေကျ နီညိုရောင် စက်ဘီးတစ္ဆေကလေးကို ဘာမမှတ်မိစရာရှိလို့လဲ သားရယ်။

ဥာဏ်ကြီးမောင်ကို သူ့အဖေ လှမ်းကြည့်တော့ စက်ဘီးတစ္ဆေကို မမြင်သလို လှစ်ခနဲပြုံးရင်း ရွှံ့ရေထဲကို ဥာဏ်ကြီးမောင် ပြေးဆင်းသွားပြီ။ မညာနဲ့သားရေ။ မင်း စက်ဘီးကို မြင်ပါတယ်။ မမြင်ယောင်နေပေမယ့် ဟန်မဆောင်တတ်သေးတဲ့ မင်းအပြုံးလေး မဲ့နေတာကိုလည်း အဖေ သိပါတယ်။ မညာပါနဲ့ သားရယ်။

( ၂ )

” တို့သားအဖမှာ တယောက်နဲ့တယောက် မညာကြေးဟေ့လို့ အဖေ အမြဲတမ်းပြောပေမယ့် သား အမြဲတမ်းညာတယ်။ အဖေစိတ်ချမ်းသာအောင် ညာရရှာတဲ့ သားရဲ့မျက်လုံးတွေကို မြင်တိုင်း အဖေ့ကိုယ်အဖေ မုန်းမိတယ်။ ဒေါသဖြစ်မိတယ်။ အားနွဲ့တဲ့ မိန်းမသားတယောက်နဲ့ လူမမယ်ကလေး သုံးယောက်ရဲ့၀န်ကိုတောင်မှ မထမ်းနိုင်တဲ့ ယောက်ျားတယောက်ဟာ ရှက်စရာကောင်းလှတယ်သားရယ် “

” တခါတလေတော့လည်း ကုန်သည် လယ်လုပ် ဓားမခုတ်အဖြစ်နဲ့ ပင်ပန်းမှာစိုးပြီး မရှိမဲ့ ရှိမဲ့ကြားထဲက ပညာသင်ပေးခဲ့တဲ့ သားရဲ့ အဘိုးအဘွား၊ အဖေ့ရဲ့ အဖေအမေတွေကို စိတ်ဆိုးမိတယ်။ သူတို့ရဲ့တဦးတည်းသောသားလေး မပင်ပန်းတာလဲ မှန်ပါရဲ့။ သူတို့ဖြစ်စေချင်တဲ့ ကျောင်းဆရာလည်း ဖြစ်တာ မှန်ပါရဲ့။ ဒါပေမဲ့ သူတို့ဖြစ်မှာစိုးတဲ့ ကုန်သည်လယ်လုပ်ဓားမခုတ်တွေလောက် ထမင်းမ၀ဘူးဆိုတာ မင်းအဘိုးအဘွားတွေကို အဖေ သိစေချင်လိုက်တာသားရယ် “

” ကိုယ့်ကျောင်းဆရာအလုပ်ကလေးကို အဖေမြတ်နိုးပါတယ်။ မွန်မြတ်တဲ့အလုပ်။ ”နာ သုံးနာ ” နဲ့လုပ်ရတဲ့အလုပ်မို့လို့လည်း ပိုပြီး မြတ်နိုးစရာ၊ ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့အတန်းကို မြန်မာစာသင်တဲ့ ဆရာဦးထွန်းလွင်ပြောသလို ဝါသနာ၊ စေတနာ၊ အနစ်နာတင်မက အဆင်မပြေမှုတွေနဲ့ ရင်နာရတာပါပေါင်းပြီး နာလေးနာနဲ့ လုပ်နေရတော့ ဘယ်ပျော်စရာကောင်းတော့မလဲ “

” ဒါပေမဲ့သားရယ် သားကိုတော့ ပျော်စေချင်တယ်။ သားဘဝလေးကိုတော့ ပျော်စရာကောင်းစေချင်တယ်။ သား အမြဲတမ်းပျော်နေအောင် အဖေလုပ်ပေးချင်တယ်။ ဒါဟာ သား ”အူဝဲ” ဆိုပြီး လူ့လောကကြီးထဲကို ရောက်ပါပြီဆိုကတည်းက ထားခဲ့တဲ့ အဖေ့ ဆန္ဒပါ သားရယ်။ သားဦးမို့လို့လဲ အဖေ့သားကြီးကို ရူးမတတ် အဖေချစ်ခဲ့ရတယ်။ အဖေတင်မဟုတ်ဘူးနော်။ သားအမေလည်း သားကို ချစ်လိုက်တာ အရူးအမူးပါဘဲ။ ခုချိန်မှာ စီးပွားရေး မပြေလည်လို့ သားအမေက သားကို ကပ်ခုတ်ဖို့၊ ကပ်ရက်ဖို့ ခဏခဏ ကျောင်းထွက်ဖို့ ပြောတာကို အမေက ငါ့ကို မချစ်လို့လားလို့ သားထင်နေတယ်မဟုတ်လား “

” မဟုတ်ပါဘူး သားရယ်။ သူ့ခမျာလည်း မိသားစုငါးယောက်စားအိုးကို အဖေ့မူလတန်းဆရာလစာလေး သုံးရာကျော်နဲ့ ထိန်းထားလို့ မရတော့တဲ့အဆုံးမှာ အိမ်မှာနေရင်း တနေ့ ငါးကျပ်၀င်၊ ခြောက်ကျပ်၀င် ကပ်ပေါက်၊ ကပ်ရက် အလုပ်ကလေး လုပ်တော့ ကလေးနှစ်ယောက်နဲ့ ကသီလင်တဖြစ်ရော။ ဒါတောင် မစားလောက်ပဲ အကြွေးတွေ ပတ်လည်ဝိုင်းလို့။ ဒီတော့ ဘာပဲဖြစ်ဖြစ် ခိုင်းစားလို့ရနေပြီဖြစ်တဲ့ သားကို သူအားကိုးတော့တာပေါ့ “

” အမေ့ကို အပြစ်မတင်ချင်ပါနဲ့ သားရယ်။ သူလည်း လေးတန်းနဲ့ ကျောင်းထွက်လိုက်ရတဲ့ ရွာထဲကအခြားမိန်းမတွေထဲက တယောက်ပဲလေကွယ်။ နောက်ပြီးတော့ အဖေတို့ရွာထဲမှာ အဖေတယောက်ကလွဲရင် အားလုံးက ကုန်သည်လယ်လုပ်၊ ကပ်ခုတ်တဲ့သူတွေချည်း ဖြစ်သလို သားတို့အရွယ်တွေဆိုလည်း များသောအားဖြင့် ကျောင်းမနေကြတော့ဘူးမဟုတ်လား “

” စိတ်ချသား။ ကျောင်းနေချင်တဲ့ အဖေ့သား၊ ဘယ်တော့မှ ကျောင်းမထွက်စေရဘူး။ အဖေဟာ ကျောင်းဆရာတယောက်လေ သားရယ်၊ ကျောင်းဆရာတယောက်ရဲ့သား၊ ကျောင်းမနေရဘူးဆိုတဲ့ ရင်နင့်စရာဘ၀မျိုးကို ဘယ်တော့မှ ၊ အင်း ………. တတ်နိုင်သမျှ မရောက်စေရအောင် အဖေ တင်းခံထားမယ်။ ပြီးတော့ အဖေ့သားဟာ စာတော်တဲ့သား၊ အိုး ……. တော်တာမှ အများက အားကျရလောက်အောင် ဆရာမိဘတွေကြားမှာ အဖေ ခေါင်းမော့နေနိုင်အောင် တော်တဲ့သား။ သည်သားကို အဖေ ဘယ်လိုလုပ် ကျောင်းထုတ်ရက်ပါ့မလဲ “

” သားက အင်္ဂါသား။ နားရွက်ကလေးတွေကလည်း ကားကားနဲ့မို့ ဥာဏ်ကြီးမောင်လို့ အဖေကိုယ်တိုင် မှည့်ခဲ့တာ။ မျက်နှာလေးကလဲ ငယ်ငယ်လေးကတည်းက ချိုမှ ချို။ ဘယ်သူ့လက်ပေါ်ဖြစ်ဖြစ် ထိုးထည့် လိုက်သွားတတ်တဲ့ ကလေးလေ။ ငယ်ငယ်လေးကတည်းက လူချစ်လူခင်များတဲ့ ကလေး။ ကြီးလာတော့လည်း စာတော်တဲ့ ဥာဏ်ကြီးမောင်။ မျက်နှာချိုတဲ့ ဥာဏ်ကြီးမောင်ဆိုပြီး ရွာထဲမှာ ကျောင်းမှာ ချစ်သူခင်သူ ခေါ်ချင်တဲ့သူတွေက ဝိုင်းလို့။ ဒါကိုပဲ အဖေ့ကို ချစ်တဲ့၊ အဖေ့အလုပ်ကို အထင်ကြီးလေးစားတဲ့သားက ”သားကို ကျောင်းမှာ ခေါ်ချင်ကြတာ ဆရာ့သားမို့ဗျ၊ အဖေက ဆရာမို့” တဲ့လေ “

” သြော်… သားရယ်၊ ဒါကြောင့်မို့လည်း ရွာမူလတန်းကျောင်းမှာ သုံးတန်းတက်နေတဲ့သားက အဖေ့ကျောင်းကို အတူလိုက်ဖို့ ပူဆာတော့တာပဲ။ အဖေ့ကျောင်းက ရွာကနေ နှစ်မိုင်လောက်ဝေးတဲ့ ရွာကြီးက အလယ်တန်းကျောင်း။ ခြေကျင်လျှောက်ပြီး သား ဘယ်လိုက်နိုင်ပါ့မလဲ။ ငါးတန်းကျမှ ပြောင်းပါ သားရယ်လို့ အတန်တန်ပြောပေမယ့် ဘယ်လိုမှ မရဘူး “

” သား အဖေနဲ့တူတူ ကျောင်းသွားချင်လို့ပါ ” တဲ့။ ” သားနေတဲ့ကျောင်းမှာ သားအဖေက ဆရာဆိုတော့ ကောင်းတယ်ဗျ ” နဲ့။ အဖေ့ကျောင်းကို ဇွတ်လိုက်တာ။ ပထမ နှစ်ရက် သုံးရက် ခြေကျင်လျှောက်ရတဲ့ဒဏ်ကြောင့် သားခြေထောက်လေးတွေ ရောင်ကိုင်းလာတယ်လေ။ အဖေ ကျောပိုးခဲ့မယ်ဆိုတာတောင် တစက်ကလေးမှ အကပ်မခံဘူး။ ”သားက တောသားပဲဗျ” ဆိုပြီး ကြိတ်မှိတ်လျှောက်တဲ့ကလေး “

” သြော် ….. အဲဒီကတည်းက သားလေး ပြောခဲ့ရှာတာနော်။ အဖေမှတ်မိတာပေါ့။ အဖေတို့သားအဖကို တစီးပြီး တစီးဖြတ်ကျော်သွားနေတဲ့ ကျောင်းပြန်စက်ဘီးလေးတွေကိုကြည့်ရင်း ”အဖေ သားတို့မှာ စက်ဘီးလေးတစီးရှိရင် သိပ်ကောင်းမှာပဲနော် ” တဲ့ ။ အဖေက ခေါင်းညိတ်ပြီး မျက်နှာပျက်ပျက်နဲ့ ”တနေ့ကျ ၀ယ်မှာပေါ့သားရာ၊ သားလိုချင်သလား” လို့မေးတော့ ”သိပ်လိုချင်တာပဲ ” တဲ့။ သားမျက်လုံးလေးတွေဟာ လိုချင်မက်မောတဲ့အရှိန်နဲ့ တဖျပ်ဖျပ်တောက်ပလို့”

” အဲဒီတုန်းကတော့ သားလေးဟာ ငယ်သေးတော့ ကျောင်းဆရာဖြစ်တဲ့ အဖေရဲ့လူမွဲဘ၀အမှန်ကို ဘယ်သိပါ့မလဲနော်။ တနေ့နေ့ အဖေက တကယ်၀ယ်ပေးမယ်လို့ပဲ သား ထင်ရှာမှာပေါ့။ တကယ်တမ်းကျတော့ အဖေတို့ သိပ်ကြပ်တည်းနေတာပဲ။ အဖေ့လခလေးနဲ့ အဖေတို့မိသားစု အနိုင်နိုင် စားသောက်နေရတာ။ သားနဲ့အဖေ ကျောင်းသွားဖို့အတွက် စက်ဘီးလေးတစ်စီး ဘယ်လောက်ပဲ လိုအပ်လိုအပ် အဖေ မ၀ယ်နိုင်ပါဘူးသားရယ်။ စက်ဘီးကလေးတစ်စီးဟာ သားမမွေးခင် အဖေ ကျောင်းဆရာ စလုပ်ကတည်းက လိုအပ်ခဲ့တာ။ သားမွေးလို့ သားတောင် ကျောင်းသားဖြစ်ခဲ့ပြီ။ အဖေ မ၀ယ်နိုင်သေးပါဘူးသားရယ် “

” သည်လိုနဲ့ပဲ အဖေတို့သားအဖ ကုပ်ကုပ် ကုပ်ကုပ်နဲ့ သားလေးက လွယ်အိတ်ကလေး ခေါင်းချိတ်၊ အဖေက လက်ဆွဲအိတ်လေးဆွဲပြီး ကျောင်းသွားကျောင်းပြန်လမ်းမှာ ခြေကျင်လျှောက်နေတဲ့ မြင်ကွင်းကို ကျောင်းသားကျောင်းသူ၊ ဆရာ ဆရာမတွေ နေ့တိုင်း တွေ့နေကြရတယ်။ သားလေးကို ချစ်ခင်သနားတဲ့စိတ်နဲ့ အဖေတို့သားအဖကို စက်ဘီးတွေပေါ်ကနေ နှုတ်ဆက်သွားတတ်ကြတယ် “

”ဟော … ဥာဏ်ကြီးမောင်တို့သားအဖတဲ့ “

” ဥာဏ်ကြီးမောင်၊ ဥာဏ်ကြီးမောင်ဆိုတဲ့ နှုတ်ဆက်သံတွေကို အဖေ့သားလေးက လွယ်အိတ်ချိတ်ထားတဲ့ ခေါင်းလေးမော့ပြီး ပြုံးပြရှာတယ်။ ဒါပေမဲ့ သားအပြုံးဟာ အားငယ်ပြုံး၊ မဲ့ပြုံး။ အဖေသိပါတယ် သားရယ်။ အဲ့သည့်နှစ်က အရင်နှစ် သုံးတန်း နှစ်ကလို သားလေး စက်ဘီးကို တတွတ်တွတ် မပူဆာတော့ဘဲ နှုတ်ဆိတ်ငြိမ်သက်နေတာကိုလည်း အဖေသိတာပဲ “

” လေးတန်းရောက်တဲ့နှစ်မှာ အိမ်အခြေအနေကို သားသိနေပြီလေ။ သားအမေက သားကို ကပ်ရက်ခိုင်းဖို့ ကျောင်းထွက်ခိုင်းနိုင်လွန်းလို့ သားနဲ့အဖေက သားအမေ ကျေနပ်အောင် ညနေကျောင်းက ပြန်လာကတည်းက ဝါးတွေဖြတ်ပြီး ကပ်ပေါက်ကြရတယ်။ အိမ်မိုးကပ်ရက်ဖို့ ကပ်စာတွေကို ညဉ့်နက်တဲ့ထိ ပေါက်ကြရတယ်။ ဘက်ထရီ မီးရောင်အောက်မှာ သားဟာ ကပ်ပေါက်လိုက်၊ စာဖတ်လိုက်၊ ဖအေ့ကို လှမ်းမေးလိုက်နဲ့။ နံနက်ကျ အစောကြီးထပြီး သားအဖနှစ်ယောက် ညက ပေါက်ထားတဲ့ ကပ်စာတွေနဲ့ ကပ် ထရက်ကြတယ် “

” ကျောင်းမသွားခင် တို့သားအဖ အိမ်မိုးကပ်
လေးဆယ်ပြီးတော့ အငှားရက်ခက တစ်ဆယ် နှစ်ကျပ်နှုန်းနဲ့ ရှစ်ကျပ်စီရော။ မင်းအမေလဲ ကျေနပ်ရော။ နေ့တိုင်း ကပ်ပေါက် ကပ်ရက်ရလို့ ဓားထိရာ ဝါးရှရာတွေနဲ့ မြေဖြူကိုင်တဲ့အဖေ့လက်နဲ့ ဖောင်တိန်ကိုင်တဲ့ မင်းလက်ကလေးတွေ ကြမ်းတမ်း ပွန်းပဲ့နေတာတောင်မှ အဖေတို့မိသားစု ဘယ်လိုနေထိုင်စားသောက်ရတယ်ဆိုတာ သားသိပြီးတဲ့နောက်မှာ သားပါးစပ်က ”စက်ဘီး”ဆိုတဲ့ အသံလေး တဖြည်းဖြည်း ပျောက်သွားခဲ့တာပဲ “

” စာသင်တတ်တာကလွဲလို့ ဘာမှ မလုပ်တတ်တဲ့ အဖေက စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ သားရယ်။ ဒါပေမယ့် စာသင်တာကလွဲလို့ ဘာမှ မလုပ်တတ်တာချင်းအတူတူ စာတော်တဲ့သားဟာ သားလိုချင်တာလေးကို ရအောင် ယူနိုင်ခဲ့တယ်နော်။ အဖေသာ သားပျော်ရွှင်မှုကို ဖျက်စီးတဲ့လူ။ သားနှလုံးသား နုနုလေးကို ထိခိုက်နာကျင်အောင် လုပ်တဲ့သူပါသားရယ်။ အဖေ့ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့။ အဖေ အဲဒီနေ့ကို ဘယ်မေ့နိုင်ပါ့မလဲ “

” သားငါးတန်းအောင် ခြောက်တန်းတက်တဲ့နှစ်။ အဲဒီနှစ်က အဖေနေမကောင်းလို့ ကျောင်းမတက်နိုင်တော့ သားတစ်ယောက်တည်း ကျောင်းသွားတာ၊ ညနေစောင်းလို့ အဖေအိမ်ရှေ့မှာ ရပ်နေတုန်း ကျောင်းကပြန်လာတဲ့သားဟာ အပြေးအလွှား ၀င်လာခဲ့တာလေ။ ”အဖေ” တဲ့။ အကျယ်ကြီး အော်ခေါ်လိုက်တယ်။ မြူးရွှင်နေတဲ့အသံနဲ့….. ။ အဖေ သား ဆုရမယ်၊ ငါးတန်းအားလုံးထဲမှာ သား ပထမတဲ့ ၊ တစ်မြို့နယ်လုံးမှာ သား ပထမတဲ့ ”

” အဖေ ဘယ်လောက် ကြည်နူးပျော်ရွှင်သွားတယ်ဆိုတာကို အဖေ့ရင်ကို ခွဲပြလို့ရရင် ခွဲပြလိုက်ချင်တယ် သားရယ်။ သည်ခံစားမှုမျိုးကို သားကြီးလာလို့ သားမှာ စာတော်တဲ့သားတစ်ယောက် ရလာရင်တော့ သား နားလည်လာလိမ့်မယ်။ ကြည့်လေ ပညာရေးကိုစိတ်မ၀င်စားတဲ့ မင်းအမေတောင် မီးဖိုထဲကနေ အားရ၀မ်းသာ ပြေးထွက်လာခဲ့သေးတာပဲ။ သားကလေ အဖေ့လက်ကိုဆွဲပြီး အောင်နိုင်တဲ့ မျက်နှာလေးနဲ့ ဒီမယ် အဖေ၊ သားရမယ့်ဆုကို ဘာမှတ်သလဲ။ အဖေ မှန်းကြည့်ပါဦး။ သားရဲ့ဆရာ ဦးထွန်းလွင်က သေသေချာချာ ပြောလိုက်တာ။ သားရမယ့်ဆုက စက်ဘီးတဲ့ဗျ။ သိလား၊ မောင်ဗမာစက်ဘီးတဲ့ ”

” အို…. သားရယ်။ သိပ်ပျော်နေရှာတဲ့ သားလေးကတော့ အဖေ့မျက်နှာကို သတိမထားလိုက်ရှာပါဘူး။ မသိသားဆိုးရွား လှမ်း၀င်ပြောတဲ့ မင်းအမေရဲ့ ”မောင်ဗမာက အပြင်မှာ ဘယ်လောက်လဲ” ဆိုတဲ့စကားကို အဖေ ဒေါသတကြီး မျက်မှောင် ကုတ်ပြတာကိုလဲ သား သတိမထားမိလိုက်ရှာပါဘူး။ သူ့အမေကို သန်ဘက်ခါ ဆုပေးပွဲတက်ဖို့ သူ့အင်္ကျီနဲ့ ပုဆိုးလေးကို ဖြူဖြူလေး ဖွပ်ပေးဖို့ ပြောနေရှာတယ်။ အဖေ ဘယ်လိုလုပ် ပြောထွက်တော့မလဲ သားရယ်။ သားကို ပေးမယ့်ဆုဟာ စက်ဘီး ၀ယ်ယူခွင့် စာရွက်လေးတစ်ခုရယ်၊ စက်ဘီးလေးရဲ့ ထုတ်စျေး ငွေငါးရာကျော် အဖေ့မှာ မရှိတာရယ်၊ စက်ဘီးလေးရဲ့ အပြင်စျေးက နှစ်ထောင်နီးပါးဆိုတာရယ်၊ စက်ဘီးလေးက ရမယ့်အမြတ် တစ်ထောင်ကျော်ဟာ မင်းအမေနဲ့ နေ့တိုင်းရန်ဖြစ်နေရတဲ့ ကုန်စုံဆိုင်က အဒေါ်ကြီးရဲ့ အကြွေးတချို့တ၀က်ကို ပြေလည်သွားစေနိုင်တယ်ဆိုတာတွေရယ်ကို သားကို အဖေ ဘယ်လိုပြောရမလဲ။ သားကို အဖေ ဘယ်လိုလုပ် ရက်စက်ရပါ့မလဲ “

” ဒါပေမယ့် တကယ့်တကယ်ကျတော့ သားကို အဖေ ရက်စက်ခဲ့ရတာပဲနော်။ ဆုပေးပွဲနေ့ကို ”အဖေနဲ့သားတို့ စက်ဘီးနဲ့ကျောင်းသွားရတော့မယ် ” ဆိုတာကို ဂါထာတစ်ခုလို တတွတ်တွတ် ရွတ်နေရှာတဲ့ သားလေး ပျော်ပါစေဆိုပြီး အဖေ ဟန်ဆောင်ပျော်နေခဲ့တယ်။ သူ့အမေ လိမ်းပေးလိုက်တဲ့ သနပ်ခါးအဖွေးသားလေးနဲ့ ဆုတက်ယူနေတဲ့သားလေးကို ကြည့်ပြီး ယောက်ျားတန်မဲ့ အဖေ ငိုချချင်လိုက်တာ။ အဖေ့နားက လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေ ဝိုင်းချီးကျူးနေကြတာတွေကလည်း အဖေ့ကို တမင်လှောင်နေကြသလိုပဲ “

” ဆုပေးပွဲအပြန် လမ်းမှာ နားမလည်ရှာတဲ့သားလေးက စက်ဘီးထုတ်ယူခွင့်စာရွက်လေး တကိုင်ကိုင်နဲ့ ”အဖေ စက်ဘီးသွားယူမယ်လေ။ သွားစို့လေ”နဲ့။ အဖေတို့သားအဖ ကျောင်းပြန်လမ်းက မန်ကျည်းပင်အိုကြီးရဲ့အောက်မှာ သားကို ရက်စက်ခဲ့တာ သား မှတ်မိမှာပါနော်။ ပျော်ရွှင်တက်ကြွနေတဲ့သားက ”အဖေ မောင်ဗမာစက်ဘီးရဲ့ ကလင်လေးက အသံတစ်မျိုးလေးနော်၊ တီးတောင် ………… တီးတောင်နဲ့ မြည်တာ။ သား သိပ်ကြိုက်တာပဲ” လို့ ကောက်ခနဲပြောလိုက်တော့ ရက်စက်မလို ဟန်ပြင်နေတဲ့ အဖေ့နှုတ်တွေ ဆွံ့အသွားတယ်။ ပြီးတော့မှ သားပခုံးလေးကို ကိုင်ပြီး ”သား အဲ့ဒီစာရွက်လေးနဲ့ စက်ဘီးကို ဒီတိုင်းသွားယူလို့မရဘူး၊ ပိုက်ဆံ ငါးရာကျော် ပေးရဦးမှာ ” လို့ အဖေ ပြောလိုက်တော့ သားမျက်နှာလေး ပထမ အံအားသင့်သွားတယ်။ ပြီးတော့ မျက်နှာလေး ညှိုးသွားတယ် “

”အဖေတို့မှာ ပိုက်ဆံမရှိဘူးသား၊ အဲ့ဒီစက်ဘီး ၀ယ်ယူခွင့်ကို ရောင်းလိုက်ရင် အဖေတို့ ပိုက်ဆံနှစ်ထောင်ကျော် ရမယ်။ အဖေတို့မှာ ကြွေးတွေနဲ့ဆိုတာ ငါ့သား သိတယ်မဟုတ်လား ဆိုတဲ့စကားကို အဖေ ပြောလိုက်ရတဲ့ အချိန်ပိုင်းလေးကို အဖေ ဘယ်လို မုန်းမှန်း မသိဘူး။ သားဟာ ငိုချလိုက်မလား၊ ဘာပြောလိုက်မလဲဆိုပြီး အဖေ ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့ပေမယ့် ရက်စက်တဲ့ အဖေလုပ်သူကို သားဟာ ပြန်ပြီး မရက်စက်ခဲ့ပါဘူး။ ဥာဏ်ထက်မြက်တဲ့ သဘောပေါက်လွယ်တဲ့သားဟာ မျက်နှာလေးတစ်ချက် မဲ့ခနဲ ဖြစ်ရုံကလွဲလို့ ခေါင်းလေး ညိတ်ပြီး ”ဒါဖြင့်လဲ ရောင်းလိုက်လေ အဖေ၊ သားတို့ အရင်အတိုင်းပဲ သွားမှာပေါ့၊ ခုဆို ရေတွေကြီးတော့မှာ၊ စက်ဘီးစီးလို့လဲ ရတော့မှာ မဟုတ်ပါဘူး ”တဲ့။ သားရဲ့အသံ တိုးတိုး တုန်တုန်လေးကို အဖေ ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး သားရယ်။ သားငိုချလိုက်တာကမှ တစ်ခုခု ပြောလိုက်တာကမှ တစစ်စစ် နာကျင်နေတဲ့ အဖေ့ရင်မှာ ခံသာလိမ့်ဦးမယ် “

” သားလူညာကလေးရယ်၊ မင်းအိပ်နေတဲ့အခါမှာတော့ အဖေ့ကို မညာနိုင်တော့ပါဘူး။ ညတိုင်းလိုလို မင်းယောင်တတ်တဲ့ ”တီး …… တောင် …….. တီး ………တောင်………စက်ဘီး လာနေတယ်၊ ဘေးကို … ဘေးကို” ဆိုတဲ့ အသံမျိုးလေးတွေ။ ”အဖေ မြန်မြန်နင်းစမ်းပါ။ ဟိုမှာ မှီတော့မယ် ” ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်တဲ့ အသံမျိုးလေးတွေဟာ အဖေ့ရင်မှာ နာရတယ်ကွယ်။ သားလေးပြောသလိုပဲ နောက်ရက်တွေမှာ ရေတွေကြီးတော့ ကျောင်းသွားလမ်းတွေ ရေကျော်ပြီး စက်ဘီးတွေ သိပ်မစီးနိုင်ကြတော့ဘူး။ ဒါပေမယ့် ရွာကနေ တာလမ်းမအကူး ရေလမ်းခရီးမှာလည်း လှေမရှိတဲ့အဖေတို့သားအဖ လည်ပင်းအထိ ရေကိုကူးပြီး လာကြရတယ်။ ရေထဲမှာ ခေါင်းလေးမော့ပြီး ကူးနေတဲ့သားလေးကို အဖေ ဖေးမကူးခတ်ရင်းက စိုးရိမ်တကြီးပြောခဲ့တယ်နော်၊ ကတိပေးခဲ့တယ်နော်။ ဆုပေးပွဲအပြီးကစပြီး ငေးငိုင်နှုတ်ဆိတ်နေတတ်တဲ့ သားလေး …… စာတော်ရတာကို စိတ်နာပြီး စာမကြိုးစားတော့မှာကို ကြောက်တဲ့ ကျောင်းဆရာအဖေတစ်ယောက်အနေနဲ့ပေါ့ “

”သား .. . စာကြိုးစားနော်၊ ဒီနှစ်ထဲ ပထမရအောင် ကြိုးစား၊ သားဆုရရင် စက်ဘီးလေးကို အဖေရအောင် ထုတ်ပေးမယ်နော် …. သား ” လို့ …။ သားမျက်လုံးလေးတွေ ၀င်းလက်သွားတာကို အဖေ မမေ့ပါဘူး။
သြော်…. သားရယ်…။ သားက ကတိတည်ခဲ့တယ်နော်။ သားကြိုးစားခဲ့တယ်။ ခြောက်တန်းမှာလဲ သား ပထမရခဲ့ပြန်တယ်။ ကတိမတည်ခဲ့တာက အဖေ၊ အသုံးမကျတာက အဖေ။ အဲ့သည့်အကြောင်းကို အဖေ မတွေးချင်ဘူး သားရယ်။ အဖေ မတွေးပါရစေနဲ့တော့ “

( ၃ )

” အဖေကလဲဗျာ၊ ရွှေရဖို့ အရေးကြီးနေတဲ့ကြားမှာ ခေါ်မကြား၊ အော်မကြားနဲ့ ဘာတွေ တွေးနေပြန်ပြီလဲ မသိဘူး။ ဟင်း…. သား သိပါတယ်နော်။ အဖေ စက်ဘီးအကြောင်းတွေးနေတာ မဟုတ်လား။ ညောင်ပင်ခြေရင်းက မောင်ဗမာစက်ဘီးကလေးကို မြင်လိုက်ကတည်းက အဖေ မျက်နှာမကောင်းဖြစ်သွားတာ သားမြင်သားပဲ။ သားကတော့ ကြည့်မနေပါဘူး။ အဖေ စိတ်မကောင်းမှာစိုးလို့ မမြင်ချင်ယောင်ဆောင်ပြီး သား ရေထဲကို ဆင်းပြေးလိုက်တာ အေးရော။ ဒါတောင် ” တီးတောင် …. တီးတောင် ” နဲ့ အသံပေးနေသေးတယ်။ ဟင်း… ကလင် တီးရတာ တော်တော်ကောင်းနေတယ်နဲ့ တူတယ်။ အလကားကောင်မလေး။ သိပ်မုန်းဖို့ကောင်းတဲ့ ကောင်မလေး။ မိန်းကလေးတန်မဲ့နဲ့ စက်ဘီးကို တလွှားလွှားလုပ်ပြီး စီးနေတာပဲ။ သူစာတော်လို့ရတဲ့ စက်ဘီးများ အောက်မေ့နေသလား မသိဘူး။ အလကား သူ့အဖေက အမြတ်ပေး၀ယ်လို့ရတဲ့ စက်ဘီးများ။ အဲ့ဒါ တကယ်တမ်းမှာ ငါ့စက်ဘီး၊ ငါ့စက်ဘီး၊ ငါစာတော်လို့ရတဲ့ ငါ့ရဲ့စက်ဘီး။ ဒုတိယအကြိမ်မြောက်လေ။ မိမျိုးမျိုးရယ် နင်စီးနေတာ ငါ့စက်ဘီးဆိုတာ တစ်ကျောင်းလုံးအသိပါ။ နင်က ကြီးကျယ်မနေစမ်းပါနဲ့။ ငါ့အဖေ စိတ်မချမ်းသာအောင်လည်း ငါတို့နားမှာ တရစ်ဝဲ၀ဲ လာမလုပ်စမ်းနဲ့၊ ဟင်း…. ငါ ဟိုတစ်ခါတုန်းကလို ပညာပြလိုက်ရမလား ။ ငါ့ ဘာမှတ်တုံး “

” သူ့ကို ဂရုစိုက်မနေစမ်းပါနဲ့ အဖေရာ နော်။ သူ့ဆီကို မကြည့်နဲ့ပေါ့။ အဖေ့မျက်နှာ အဲ့လိုမျိုးဖြစ်နေရင် သားငိုချင်တယ် အဖေရ။ အဖေ့မျက်နှာ အဲ့လိုမျိုးဖြစ်နေတာ သား ခဏခဏ တွေ့ဖူးတယ်။ တွေ့တဲ့အခါတိုင်းလည်း သား အဖေ့ကို သိပ်သနားတာပဲ။ သားအဖေ့ကို ချစ်တယ်။ အမေ့ထက်ကို ပိုချစ်တယ်။ ဒါ့ကြောင့် သားငယ်ငယ်ကတည်းက အဖေ့နောက် တကောက်ကောက်လိုက်ချင်တာပေါ့။ အဖေကျောင်းသွားတော့မယ်ဆိုရင် သား ပိုလိုက်ချင်သေး။ အဖေက မျက်မှန်နဲ့ဆိုတော့ ခန့်လည်း ခန့်တယ်။ သားတို့ရွာထဲမှာ အဖေ့လိုမျိုး မျက်မှန်တပ်တဲ့လူ တစ်ယောက်မှ မရှိဘူး။ တခြားအဖေတွေနဲ့လဲ အဖေက မတူပါဘူးနော်။ သားသမီးတွေကို အဖေက မရိုက်ဘူး။ စကားပြောရင်လဲ ချိုချိုသာသာပဲ ပြောတယ်။ သားတို့အိမ်လေးဟာလည်း အဖေ့ကြောင့် အဖေဖတ်တဲ့စာအုပ်တွေ ရှိတာကြောင့် အဖေထရံမှာ ကပ်ထားတဲ့ ရှုမျှော်ခင်းပုံ၊ ပန်းပုံလေးတွေရှိတာကြောင့် ရွာထဲက တခြားအိမ်တွေနဲ့ မတူဘူး။ သားကို ရွာထဲကသားသူငယ်ချင်းတွေက အားကျကြတယ်။ အဲ့ဒါ အဖေ ကျောင်းဆရာဖြစ်လို့ပေါ့နော်။ ဒါ့ကြောင့် သားကြီးလာရင် ကျောင်းဆရာလုပ်မယ်ဆိုပြီး စာကို တအားကြိုးစားတာပေါ့ “

” ဒါပေမယ့် အမေ့ကြောင့် သား စာကြိုးစားရကျိုးမနပ်ပါဘူး အဖေရာနော်။ အမေက သားကို အဖေ့လိုလဲ စာကြိုးစားတာကို အားမပေးဘူး။ သားကို ကျောင်းချည်းပဲ ထွက်ခိုင်းနေတာပဲ။ လေးတန်းရောက်ကတည်းက ထွက်ခိုင်းပြီး ရွာထဲက တခြားလူတွေလို ကပ်ပေါက်၊ ကပ်ရက်တဲ့အလုပ် လုပ်စေချင်တာ။ ဒါပေမယ့် အဖေရာ အမေ သားကို ဘာလို့ကျောင်းထွက်စေချင်တာလဲဆိုတာကို သားသိရတော့လည်း အမေ့ကို စိတ်မဆိုးတော့ပါဘူး။ သားတို့က ဆင်းရဲတာကိုး နော် အဖေ။ အမေက ပြောတယ်။ နင့်အဖေ အလုပ်က ဥာဏ်ရှိပေမယ့် ထမင်းမ၀ဘူးတဲ့။ သား အမေ့ကို မပြောရဲလို့သာ။ အဖေ့ကို အဲ့လို မပြောစေချင်ဘူး။ အဖေဟာ ကျောင်းဆရာ။ ဘယ်လောက် သနားဖို့ကောင်းတယ်ဆိုတာ အမေ မသိလို့ ပြောတာပါ “

” ကျောင်းမှာလေ တခြားဆရာတွေ ဆေးလိပ်တထောင်းထောင်းသောက်လည်း အဖေ မသောက်ဘူး။ တခြားဆရာတွေ လက်ဖက်ရည် ထွက်သောက်လည်း အဖေ မလိုက်ဘူး။ ပြီးတော့ သားကြည့်ထားတာ ဆရာတွေထဲမှာ အဖေ့ပုဆိုးနဲ့ အင်္ကျီက အနွမ်းဆုံး၊ မကောင်းဆုံး။ အဖေ့ကို သိပ်သနားတာပဲ။ ဒါ့ကြောင့်မို့ အဖေ့ကို စက်ဘီးမပူဆာတော့တာပေါ့။ သားငယ်ငယ်တုန်းက မသိတတ်တုန်းကသာ ပူဆာမိတာပါ။ ဒါပေမယ့် သားတို့ကျောင်းသွားရင် သားသူငယ်ချင်းတွေက စက်ဘီးပေါ်ကနေ ”ဥာဏ်ကြီးမောင်ရေ” လို့ နှုတ်ဆက်သွားတဲ့အခါမျိုးမှာတော့ သိပ်၀မ်းနည်းတာပဲ။ အဖေနဲ့ သားတို့အတွက် စက်ဘီးကလေးတစ်စီးကတော့ တကယ်လိုတာပါအဖေရာနော်။ ကျောင်းနဲ့အိမ်နဲ့က အဝေးကြီးဥစ္စာ “

” ကျောင်းကနေ အိမ်ပြန်ရောက်ရင် သားရော အဖေရော မောပြီး ညောင်းနေတာပဲ။ မောတဲ့ညောင်းတဲ့ကြားထဲက အမေခိုင်းတဲ့ ကပ်ပေါက်တဲ့အလုပ်ကို သားကို ကူပြီး အဖေလုပ်ရသေးတော့ ပိုမောတာပေါ့၊ ပိုပင်ပန်းတာပေါ့။ သားဆို ကပ်ပေါက်နေတဲ့အချိန် ခဏခဏ အိပ်ငိုက်တာပဲ။ လက်ကို ခဏ ခဏ ဓားထိတယ်။ ဒါပေမယ့် ဘယ်လောက်ပဲလိုလို သားတို့မ၀ယ်နိုင်တော့လည်း ဘာတတ်နိုင်မှာလည်း အဖေရာ နော်။ အဖေရာ မတတ်နိုင်ဘူး၊ မရနိုင်ဘူး ထင်ထားပြီးတော့မှ သားလိုချင်တဲ့စက်ဘီးလေး ရမယ်ဆိုတော့ သားလေ အဟုတ်ကိုပြောတာ မိုးကြိုးပစ်၊ ဘုရားစူး၊ သား အရမ်းအရမ်း ပျော်တာပဲ။ သား အဲ့ဒါမျိုး နောက်ဘယ်တော့မှ ပျော်ရတော့မှာ မဟုတ်တော့ပါဘူး အဖေရာ။ သားက ဘာမှ မသိတာကိုး။ သားထင်တာက ဆုရမယ့် စက်ဘီးလေးကို ဆုပေးပွဲစားပွဲနားမှာ ထောင်ထားမယ် ထင်တာပေါ့ “

” မန်ကျည်းပင်အိုကြီးအောက်မှာ သားကို အဖေပြောပြရင်း ဖြစ်သွားတဲ့အဖေ့မျက်နှာကို သား မမေ့ဘူး။ သားမှန်တာပြောရရင် သိပ်၀မ်းနည်းတယ်။ ဒါပေမယ့် သား မငိုချလိုက်ပါဘူး။ အဖေ့မျက်နှာဟာ သိပ်သနားစရာကောင်းတာပဲ။ အဖေ့ မျက်မှန်အောက်က မျက်လုံးတွေထဲမှာ မျက်ရည်တွေလည်နေတယ်။ အဖေ့အသံတွေ တုန်နေတယ်။ အဖေ စိတ်ချမ်းသာသွားအောင် သား ငိုချင်စိတ်ကို ထိန်းထားလိုက်တာပေါ့။ အဖေ မသိအောင် အမှောင်ထဲကျမှ သား ငိုတာ။ အိပ်ရာထဲရောက်မှ ဘက်ထရီမီးလုံးလေးလဲ ငြိမ်းသွားမှ သားငိုတာ။ ဒါမှ သားငိုတာကို အဖေ မမြင်မှာပေါ့။ သားလေ အဲ့ဒီတုန်းက အိမ်မက်တွေလည်း ခဏခဏ မက်တာပဲ။ အိမ်မက်ထဲမှာ သားနဲ့အဖေ မောင်ဗမာ စက်ဘီးလေးနဲ့ ကျောင်းသွားကြတယ်။ အဖေက ရှေ့က နင်းလို့။ သားက နောက်ခုံမှာ စီးလို့။ သားကြိုက်တဲ့ သည်စက်ဘီး
ကလင်သံလေးကလည်း တီး … တောင်၊ တီး … တောင် နဲ့ ဆူညံလို့”

” တစ်ခါတလေကျတော့လည်း အိမ်မက်ထဲမှာ ဘယ်သူမှန်းမသိတဲ့ လူကြီးတစ်ယောက်က သားတို့ကို ပိုက်ဆံတွေပေးလို့။ ”ရော့ ပိုက်ဆံငါးရာ၊ စက်ဘီးထုတ်ဖို့” တဲ့။ အိမ်မက်ထဲမှာ သားပျော်လိုက်ရတာ။ နိုးလာတော့လည်း အလကား။ အပြင်မှာ အဲ့သည်လို ပိုက်ဆံပေးမယ့်လူ တကယ်ရှိရင် သိပ်ကောင်းမှာပဲ။ အမေရဲ့အမျိုးတွေကလည်း အလကား။ သားတို့လို ပိုက်ဆံမရှိတဲ့ လူချည်းပဲ။ ဒါပေမယ့် ဒါတွေကို သား အမေ့ကို ပြောမပြချင်ပါဘူး။ သားဘာမှ မဖြစ်သလိုဘဲ အဖေနဲ့အတူတူ အရင်ကလို ကျောင်းသွားတာပဲ။ ကျောင်းပြန်ရင်လဲ အဖေနဲ့အတူ ကပ်ပေါက်တဲ့ အလုပ်လုပ်တာပဲ။ ဒါပေမယ့် သားလေ သိပ်စကားမပြောချင်တော့ဘူး။ ကစားလဲ မကစားချင်ဘူး။ စာလဲ မကျက်ချင်ဘူး။ သားမှ မပျော်တာကိုး အဖေရ “

” အဖေကတော့ သားအကြောင်းကို မသိပဲ ကျောင်းအပြန်လမ်းတွေမှာ အရင်ကလိုပဲ သားကို ကျောင်းကအကြောင်းတွေ၊ အဖေဖတ်တဲ့စာအုပ်ထဲက အကြောင်းတွေကို ပြောပြနေတတ်တယ်။ တတွတ်တွတ် ပြောနေတဲ့ အဖေ့စကားတွေကို သားစိတ်၀င်စားရမယ့်အစား သားရင်ထဲမှာ အဖေ့ကို မေးခွန်းတစ်ခုပဲ မေးနေမိတယ်။ သားတို့ဘေးနားက ဖြတ်သွားတဲ့ စက်ဘီးတွေကို ကြည့်ရင်းပေါ့။ ”သားရဲ့ဘီးလေးကို အဖေ ဘယ်မှာရောင်းပစ်လိုက်တာလဲဟင်” လို့လေ။
ဒါပေမယ့်လေ အဖေ သားမှတ်မိတယ်။ ရေကြီးတဲ့တစ်နေ့ သားတို့သားအဖနှစ်ယောက် ကျောင်းသွားကြတုန်း အဖေက သားကို ကတိပေးတော့လည်း သား ပြန်ပျော်သွားတယ်သိလား။ အဖေက သည်ခြောက်တန်းနှစ်ဆုရရင် သားကို စက်ဘီးထုတ်ပေးမယ်တဲ့။ စာကြိုးစားတဲ့။ သား၀မ်းသာတာပေါ့။ သား စာတွေ ပြန်ကျက်ချင်လာတယ်။ ဥာဏ်ကြီးမောင်ပါတဲ့ အဖေရာ။ ဘာလို့မရရမှာလဲလို့ သား တိတ်တိတ်ကလေး ကြုံးဝါးပစ်လိုက်တယ် “

” သား ပြန်ပျော်တာမြင်တော့ အဖေ့မျက်နှာလည်း ကြည်လင်နေတာပဲ။ သား သိပ်စိတ်ချမ်းသာတာပဲ။ စာကျက်လို့လဲ သိပ်ကောင်းတာပဲ။ ကပ်ပေါက် ကပ်ရက်ရတာလဲ သိပ်ပျော်တာပဲ။ သား ဒီလောက် ပျော်နေမှတော့ ခြောက်တန်းကိုလည်း အသာလေး လွတ်လွတ်ကျွတ်ကျွတ်အောင်တာပေါ့။ အောင်တဲ့နေ့ကစပြီး သားရင်ထဲမှာ အမြဲတထိတ်ထိတ်၊ ထိတ်ထိတ်နဲ့နေတာပဲ။ သား မနှစ်တုန်းကလို ပထမရပါတော့မလား၊ မရရင် ဘယ်နှယ့်လုပ်မလဲဆိုတာက တစ်မျိုး။ တကယ်လို့ ရခဲ့ရင် အဖေ့မှာ ပိုက်ဆံငါးရာ ရှိပါ့မလားဆိုတာက တစ်မျိုး၊ သားရင်ထဲမှာ တထိတ်ထိတ်နဲ့ ဖြစ်နေတာကို အဖေသိစေချင်လိုက်တာ “

” မနှစ်ကတည်းက အဖေ၀ယ်တင်ထားတဲ့ ညောင်ရေအိုးစင်ပေါ်က ဆင်ရုပ်ပိုက်ဆံဘူးလေးကို အမေ့အလစ်မှာ သား ခဏခဏ သွား မ, ကြည့်တာ အဖေ မသိဘူးမဟုတ်လား။ တစ်နေ့တော့ ပိုက်ဆံဘူးထဲက ပိုက်ဆံယူမှုနဲ့ အဖေနဲ့အမေ စကားများကြတော့ သားလေ အမေ့ကို မမုန်းစဖူး မုန်းပစ်လိုက်တယ် သိလား။ ”နောက်တစ်ခါ ထိရဲရင် ထိကြည့်စမ်း၊ ဒါ ငါ့သားအတွက်ကွ” လို့အော်ပြောလိုက်တဲ့ အဖေ့ဒေါသဟာ သားနားထဲမှာ ချိုနေတာပဲ။ သားလေ စုဘူးလေးထဲ အဖေပိုက်ဆံထည့်နိုင်အောင် နေ့လယ်ကျောင်းဆင်းမုန့်စားဖို့ ပိုက်ဆံတောင် အမေ့ဆီ မတောင်းပါဘူး။ ဒါပေမယ့် သားက ကံမကောင်းပါဘူးအဖေရာ နော်။ အင်း… သားနဲ့အဖေလေ ပထမဆု ရပြန်ပြီဟေ့၊ စက်ဘီးစီးရတော့မယ်ဟေ့ ဆိုပြီး သားဆုရတာသိရတဲ့နေ့က ကျောင်းကနေ ပျော်ပြီး ပြန်လာကြတာနော်။ သားတို့ ပျော်လိုက်ကြတာနော်။ သားက အိမ်ပြန်လမ်းမှာ စိတ်ပူပန်ပြီး ” အဖေ့မှာ ပိုက်ဆံရှိလားဟင်” လို့မေးတော့ အဖေက မျက်နှာတစ်ချက်မပျက်ဘဲ ”ရှိတာပေါ့ကွ” တဲ့။ သားလေ တကယ်ပြောတာ ဘာမှ မတွေးမိဘူး။ ဟောသည့်လမ်းပေါ်မှာ အဖေနဲ့ငါနဲ့ စက်ဘီးတကယ်စီးရတော့မယ်ဆိုတာကိုပဲ တွေးနေမိတာ “

” အို…. သားတို့ အိမ်လည်းပြန်ရောက်ရော အိမ်မှာ ငိုနေတဲ့ ညီမလေးနဲ့ အမေ့အမျိုးတချို့ကို တွေ့ရတော့တာပဲ။ အမေ ကလေးပျက်ကျလို့ ဆေးရုံတင်လိုက်ရတယ်တဲ့။ ညီမလေးရယ်၊ အမေရယ် အမျိုးတစ်ယောက်ရယ် ဆေးရုံသွားကြပြီတဲ့။ အမေက သွေးတွေ တအားအန်နေတယ်ဆိုလား။ သွန်နေတယ်ဆိုလား။ သားနဲ့အဖေလည်း ပျာယာခတ်ပြီး ဆေးရုံလိုက်ဖို့ ပြင်ကြတော့တာပဲ။ အဖေက စိုးရိမ်တကြီးနဲ့ ”သူ့မှာ ပိုက်ဆံမရှိဘူး၊ ပိုက်ဆံ ပိုက်ဆံ ပါသွားရဲ့လား” လို့တတွတ်တွတ်ပြောရင်း မျက်လုံးက ညောင်ရေအိုးစင်ပေါ်ကို ရောက်သွားတယ်။ သားလည်း မြင်ပါတယ်။ စင်ပေါ်မှာ ဆင်ရုပ်လေး မရှိတော့ဘူး “

” ဆေးရုံသွားတဲ့လမ်းမှာ အဖေက သားလက်တွေကို ဆုပ်ထားရင်း ”မင်းအမေ ယူရတော့မှာပေါ့သားရယ်။ ပြီးတော့ ဆင်ရုပ်ထဲမှာ ပိုက်ဆံက သိပ်လည်းမရှိပါဘူး”တဲ့။ သားကတော့ တိုးတိုးလေးပဲ ပြောမိတယ်။ ”အမေ မသေပါဘူးနော် အဖေ” လို့။
သားတစ်ယောက်တည်း အဖေမပါဘဲ ဆုပေးပွဲတက်တော့လည်း သား မငိုပါဘူး။ ဆုယူပြီးဆင်းလာတော့ သားအတန်းပိုင်ဆရာမက သားကိုဖက်ပြီး မျက်ရည်ဝဲတော့လည်း သား မငိုပါဘူး။ ဒါပေမယ့် အဖေ့ကိုစောင့်နေတဲ့ အမေရှိရာ ဆေးရုံကို သားရောက်တော့မှ ”ရော့…. အဖေ၊ သားမောင်ဗမာဘီးကို မကြိုက်တော့ဘူး” ဆိုပြီး ( သားထိုးပေးနေတဲ့ စက်ဘီးထုတ်ယူခွင့် စာရွက်လေးကို ကျောခိုင်းပြီး ) မျက်ရည်တွေ တစ်ပေါက်ချင်းကျနေတဲ့ အဖေ့ကို မြင်တော့မှ သား ငိုချလိုက်တာ “

” ပြီးတော့လည်း ပြီးသွားတာပဲ အဖေရာနော်။ အဖေ စိတ်မကောင်းမဖြစ်ပါနဲ့။ အမေနေကောင်းလာတာကိုပဲ သား ၀မ်းသာတယ်။ ခုဆို သားတို့စက်ဘီးလည်း မလိုတော့ပါဘူး။ ဒါပေမယ့် သားမလိုချင်တော့ဘူးလားလို့ အဖေမေးတုန်းက မလိုချင်တော့ဘူးဆိုတာ သားညာပြောတာ။ သားလေ စက်ဘီးလေးတစ်စီးကို လိုတော့ လိုချင်ပါတယ်။ ဟော … ကြည့်စမ်း၊ ”တီးတောင်၊ တီးတောင် ” တဲ့ ။ လာပြန်ပြီ ဟိုဟာမလေး တစ်ခေါက်။ ဟင်းနော်၊ ဟိုတစ်ခါလို ငါ ပညာပြလိုက်ပြန်ရော့မယ်။ သိပ်မုန်းဖို့ကောင်းတဲ့ ဟာမလေး ”

” အဖေရယ် … သားဘီးလေးကို သည်ကောင်မလေးလိုဟာမျိုးကိုမှ သွားရောင်းတယ်။ အခြားတစ်ယောက်ကိုရောင်းရင် ပြီးရော။ ကျောင်းဆိုလည်း ကျောင်းမို့အဖေအသိပဲ။ သိပ်မော်တဲ့ ကောင်မလေး။ သားမျက်စောင်းထိုးနေတာကို အဖေမြင်လို့လားဟင်။ သားကို လှမ်းမကြည့်ပါနဲ့အဖေရယ်။ သား ဘာမှ မလုပ်ပါဘူး။ ဟိုတစ်ခါကျောင်းမှာတုန်းကတော့ သူစွာကျယ်လုပ်တာကို မခံနိုင်လို့ပါ။ အဲဒီတုန်းက သူက သားကို နေ့တိုင်းမော်ပြနေတာ အဖေရ။ သားသိသားပဲ။ သားစာတော်တာကို သူက မနာလိုဘူး။ သားစက်ဘီးလေးကို မမြင်ရရင်တော့ သား ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် သူက စက်ဘီးလေးကို တစ်နေ့တစ်မျိုး ကတ္တီပါစတွေ စွပ်စွပ်လာပြီး သားမြင်အောင် မော်ပြတော့ သား မုန်းမိတာပေါ့။ ဒီတော့ သားလည်း သူမရှိတုန်း စက်ဘီးတွေကြားထဲက သူ့ဘီးကို လေလျော့ပစ်လိုက်တာပေါ့။ လျော့ပစ်ပြီး ချက်ချင်း ထမသွားမိတာ သားမှားတာပါ။ စက်ဘီးလေးကို ငါ့ဘီးလေးဆိုပြီး သား ခဏလေးကိုင်ကြည့်နေမိလို့ ဟိုဟာမလေးနဲ့ မိသွားတာ။ ဆရာကြီးကို သွားတိုင်တော့ ဆရာကြီးက သားကို ဆုံးမတယ်။ ရိုက်လည်း ရိုက်တယ်။ တခြား ဆရာ၊ ဆရာမတွေလည်း ဘေးနားမှာရှိတယ်။ ဒါပေမယ့် သား မရှက်ပါဘူး။ ရိုက်တာလဲ မနာပါဘူး။ သားမျက်နှာကို တင်းတောင် ထားလိုက်သေး “

” ဒါပေမယ့်အဖေရယ်။ ”ဥာဏ်ကြီးမောင် ဘာဖြစ်လို့လဲ” ဆိုတဲ့ အဖေ့အသံနဲ့ ဆရာ၊ ဆရာမတွေကို တိုးဝှေ့ပြီး ရုံးခန်းထဲ၀င်လာတဲ့ အဖေ့ကိုလဲမြင်လိုက်ရော၊ သားလေ ဘယ်လို၀မ်းနည်းသွားမှန်း မသိဘူး။ မျက်ရည်တွေ တပေါက်ပေါက်ကျလာပြီး အဖေ့ကို ပြေးဖက်မိတော့တာပဲ။ သားကို အဲ့သည့်နေ့တုန်းက ရုံးခန်းထဲ လူရှင်းသွားတဲ့အထိ အဖေ အကြာကြီး ဖက်ထားခဲ့တာနော်။ အဖေက သားကို စကားတစ်ခွန်းပဲပြောတယ်။ ”အဖေ့ကိုသနားရင် နောက်မလုပ်ပါနဲ့ သားရယ် ” တဲ့။
သား အဖေ့ကို သိပ်သနားတာပေါ့။ သားမလုပ်တော့ပါဘူး။ သား သည်ကောင်မလေးကိုလည်း အရေးမလုပ်တော့ပါဘူး။ သားကို အမေကလည်း ပြောတယ်။ သားကျောင်းပိတ်တုန်း ကြိုးစားပြီး ရွှေကျင်တဲ့။ ရွှေတုံးတို့ အဖိုးတန်တဲ့ကျောက်ရရင် စက်ဘီးမပြောနဲ့ ကားတောင် ၀ယ်နိုင်တယ်တဲ့။ ဟင့်အင်း … သား ကားမလိုချင်ပါဘူး။ စက်ဘီးလေးပဲ လိုချင်ပါတယ်။ ဘုရားသိကြားမလို့ သားဒယ်ဝိုင်းထဲက ရွှံ့နှစ်တွေထဲမှာ စက်ဘီးတစ်စီးစာဖိုးရှိမယ့် ရွှေခဲလေးတစ်ခဲ ပါလိုက်စမ်းပါဗျာ။ တကယ်လို့ ဖွ… မပြောကောင်း၊ ပြောကောင်း ကျောင်းပြန်ဖွင့်တဲ့နေ့အထိ စက်ဘီးတစ်စီးဖိုး ရွှေမရခဲ့ရင်ရော သားခုနှစ်တန်းမှာ ပထမရအောင် ကြိုးစားရဦးမှာလားဟင် … အဖေ “

( ၄ )

ဆောင်းနေက ပြင်းပြင်းပူနေတယ်။ ကျုံးတံတားအိုလေးပေါ်မှာ ရွှေကျင်တာကို လာကြည့်တဲ့လူတွေ ပို…ပိုများလာသလို ကျုံးထဲက ရွှံ့ရေတွေထဲမှာလဲ လူတွေနဲ့ လှုပ်ရှားဆူညံလို့နေတယ်။

”ဥာဏ်ကြီးမောင် ၊ ဥာဏ်ကြီးမောင်”

ရွှံ့ရေထဲက ဥာဏ်ကြီးမောင်တို့သားအဖ ကျုံးတံတားပေါ်ကို လှမ်းကြည့်ကြတယ်။ တံတားပေါ်မှာ ချစ်ခင်ကြင်နာတဲ့အပြုံးတွေနဲ့ လက်ယမ်းပြနေတဲ့ ကျောင်းဆရာမလေးနဲ့ ဥာဏ်ကြီးမောင်သူငယ်ချင်းတွေ။
ဥာဏ်ကြီးမောင်က ရွှံ့စက်တွေ ပေကျံနေတဲ့ပါးလေးတွေ ဖောင်းနေအောင် ပြုံးနေတယ်။ သားဟာ ဒီလို ပြုံးထားရင် အင်မတန်ချစ်စရာကောင်းတဲ့ကလေး။ သားကို အဲလိုလေး အမြဲတမ်း ပြုံးနေစေချင်တယ်။

” အို … အရေးထဲမှာ စက်ဘီးဘဲလ်သံက မြည်လာပြန်ပြီ “

ညောင်ပင်ခြေက စက်ဘီးလေးကို သားအဖနှစ်ယောက်လုံး မမြင်ဟန်ဆောင်ကြတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။

” မညာနဲ့ သားရယ်။ မင်းမျက်လုံးတွေ စက်ဘီးလေးကို မက်မက်မောမော လှမ်းကြည့်လိုက်တာ အဖေမြင်ပါတယ်။ မျက်လုံးထဲက ဒဏ်ရာလေးတွေကိုလည်း အဖေမြင်ပါတယ်။ စိတ်ချသား။ ကျောင်းဖွင့်ရင် ဆုရအောင် ကြိုးစားဦးသားရယ်လို့ အဖေ မပြောတော့ပါဘူး။ အဖေ မညာချင်ဘူး။ အို…. ခက်လိုက်တာ။ စက်ဘီးဘဲလ်သံက မြည်လာပြန်ပါပြီ။ ”တီးတောင်၊ တီးတောင်” တဲ့… “

#နုနုရည် အင်း၀
၁၉၈၉ခုနှစ်။ ဧပြီ။