July 31, 2025
Uncategorized

ကင်းဖမ်းသမား

တွင်းကြီးဝမ်းမောင်
ကင်းဖမ်းသမား

(၁)

“ဟင်”

ကင်းဖမ်းသမားကြီးငတောနှုတ်မှ မထိန်းနိုင်မသိမ်းနိုင်၍ ကင်းလာ ရောင်းရင်း ရုတ်တရက်ခုန်ထွက်သွားသော စကားလုံးတစ်လုံးထဲမျှသာ။ ဟင်တဲ့။

ဟင်ခနဲဖြစ်သွားသည့်တိုင်၊ ကုန်ဝယ်ဒိုင်ခွဲ ငသိန်းဖတ်ခိုင်းသောစာ တစ်စောင်ကို၊ မယုံကြည်နိုင်သေးဟန်ဖြင့် ထပ်မံဖတ်သည်မှာ သေသေချာချာ။

သို့

ဦးသိန်း၊ ဒေါ်ကြည်။

ချိုင့်ကြီးကျေးရွာဒိုင်ခွဲ။

ကင်းပုစွန်နှင့် ကင်းမြီးကောက်ဈေးတို့မှာ တစ်နေ့တစ်ခြား ကျဆင်းနေပါသည်။ ပို၍သာ ကျပါလိမ့်မည်။ အရောင်းအဝယ်ကို ခေတ္တရပ်ပါ။ နောက်စာမရမချင်း အရောင်းအဝယ်ပိတ်ပါ။

ဦးစံထွန်းအောင်။
ဒိုင်ချုပ်၊ စည်ပင်မြို့၊

စာကခပ်တိုတို ခပ်ရှင်းရှင်း၊ နားမလည်စရာ ဘာမှမရှိ။ နှစ်ခေါက် ဖတ်ရန်မလို။

ငတောသည် ကင်းပုစွန်နှင့် ကင်းမြီးကောက်လေးများကို ဖမ်းဆီးရမိသောနေ့တိုင်း တစ်ကောင်လျှင် ကျပ်ငါးဆယ်ဖြင့် ဒိုင်ခွဲငသိန်းထံ လာရောက်ရောင်းချပြီးမှ ဆန်လေး၊ ဆီလေး၊ ဆားလေး၊ ငါးပိလေး၊ ဟင်းချက်စရာလေး ဝယ်ယူနေကျလူဖြစ်သည်။

ယခင်က ရောင်းဝယ်ရာ၌ ဈေးအတက်အကျ၊ ကုန်ဝယ်ပိတ်မပိတ် ထူးခြားမှုဖြစ်က ကြိုတင်ကြေညာလေ့ရှိသည်။ မည်သည့်နေ့မှစ၍ ဈေးကျမည်။ ဈေးတက်မည်၊ မည်သည့်ကုန်ကို အဝယ်ဖွင့်မည်၊ အဝယ်ပိတ်မည်ဟု နှုတ်မှလည်း ကြေညာ၏။ တစ်ရပ်တစ်ရွာက သွင်းနေကျဖောက်သည်များကိုလည်း စာတစ်တန် နှုတ်တစ်တန်မှာသည်။ သည်ထုံးစံက ဒိုင်ခွဲဖွင့်ကတည်းက ထုံးစံ။

ထုံးစံကိုသိသော ငတောသည် ဘာမှ ပြောသံဆိုသံမကြားလာသောကြောင့် ခါတိုင်းကဲ့သို့ ထင်မှတ်ကာ ကုန်ရောင်းလာခဲ့သည်။ ယခင်ကကဲ့သို့ ကုန်သိမ်း ငွေချေမလုပ်ဘဲ ဒိုင်ခွဲငသိန်းက စာတစ်စောင် ထုတ်ပြပြီး ဖတ်ခိုင်းသည်။

ဟာ…. စာက အမင်္ဂလာသတင်း ယူလာသော စာ။ သူ့ဖတ်ပြီးသည့်အခါ ငတော မရှုနိုင် မရှိုက်နိုင်။

ငတောအနေဖြင့် အကောင်မျိုးစုံကို ရောင်းချနေကျလူပီပီ၊ အကောင်မျိုးစုံဝယ်ယူနေသော ဒိုင်ခွဲငသိန်းအိမ်သို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူး၏။ ယခုစာဖတ်လိုက်ရသောအခါ မိမိနှင့်သက်ဆိုင်ခြင်းမရှိတော့သောနေရာ၌ ဆက်လက်နေထိုင်မိသူကဲ့သို့ ခံစားရ၏။

ဒိုင်ခွဲငသိန်းမျက်နှာ၊ သူ့မိန်းမမျက်နှာကို ဝင်စက ပုံမှန်ပင် သူကြည့်ခဲ့သည်။ ယခုအခါ ကြည့်ရမည်ကို မဝံ့မရဲ။

ကလေးဘဝက မသုံးစွဲရတော့သော ကြေးပြားစေ့ကိုကောက်ရချိန်၌ မျှော်လင့်တကြီးဖြင့် အားရဝမ်းသာယူလာပြီး နားလည်သည့် လူကြီး မိဘကို ပြသမိသည့်အခါ ခံစားရမှုမျိုးဖြင့် ရှက်ရွံ့အားငယ်စိတ်ပျက် မိသည်။

ဒိုင်ခွဲငသိန်းသည် မြွေ၊ တောက်တဲ့၊ ပုတ်သင်ညို၊ ကင်းမြီးကောက်၊ ကင်းပုစွန်၊ လိပ် အစရှိသော ကုန်များကို ဝယ်ယူလေ့ရှိသော ဒိုင်ခွဲ။

အစကတော့ ရွာပယ် ရပ်ပယ် လုပ်မစား ကိုင်မစား ဟေးလားဝါးလား။ ဝဲ ဟုခေါ်သော နွားလဲသမားပွဲစား၊ ဆယ့်နှစ်ပွဲသမား။ သျှောင်ခြောက်ဆယ်။

ငသိန်း ကိုင်မလား၊ မြွေပွေး ကိုင်မလားမေးရင် မြွေပွေးသာကိုင် အပြောခံခဲ့ရသောလူစား။ သည်လူစားပီပီ အပြောချိုချို၊ အောက်ကျနောက် ကျခံရာ၌ လူ့သိက္ခာမရှိအောင် အောက်ကျခံသူ၊ လှီးရဖြတ်ရမည်ဆိုက လူစိတ်မရှိအောင် လှီးဝံ့ဖြတ်ဝံ့သူ။

သည်လိုလူက ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင်နားတော့ ငွေကျေး ဖြစ်စေရန် စည်ပင်မြို့ ဒိုင်ချုပ် ဦးစံထွန်းအောင်က မြှောက်စားသည်။ ဒိုင်ချုပ်၏လူယုံတော် ဒိုင်ခွဲအဖြစ် မွေးမြူကာ ဒိုင်ခွဲတံဆိပ်တပ်ပေးလိုက်သည်။ အမှန်ကတော့ အဝယ်တော်အဆင့်ပါ။

ဒိုင်ခွဲ ရပ် မရပ်၊ ဒိုင်ခွဲ လှုပ် မလှုပ်၏ ကြိုးဆွဲက ဒိုင်ချုပ်။ ဒိုင်ချုပ်က သည်အကောင်ကို သည်ဈေးဖြင့်ဝယ်၊ ဝယ်ရာမှ ရပ်၊ ရပ်ရာမှ ဝယ်ဆိုမှ ဝယ်ဝံ့၊ ရပ်ဝံ့သော အဆင့်။

ဒိုင်ချုပ်လှုပ်က ဒိုင်ခွဲလှုပ်သည်။ ဒိုင်ချုပ်ရပ်က ဒိုင်ခွဲရပ်သည်။ လှုပ်မရ။

မိုက်လိုက်တဲ့ ငသိန်း၊ အရောင်းအဝယ်ပိတ်မှာဖြင့် ခါတိုင်းလို ကြိုတင် ကြေညာပါရော့။ ကြိုတင်ကြေညာရင် ကင်းမြီးကောက်နဲ့ ကင်းပုစွန် ဖမ်းမဲ့အစား မြွေမဖမ်းရလား၊ စွန်မပစ်ရလား၊ တစ်တီတူးမဖမ်းရလား၊ ခုတော့ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ မဝယ်ဟု ရင်ဆိုင်ကြုံတွေ့လာမှ ဆီးလုပ်ရာ ရှောင်ချိန်တိမ်းချိန်မရသောနေရာ၌ ဆီးအရိုက်ခံရသလို ရိုက်ချက်နာလှသည်။

ခါတိုင်းကဲ့သို့ ရောင်းရလိမ့်နိုး မျှော်ကိုးလာခဲ့သူ ငတောသည်၊ နေပူကလာသူကို အရိပ်မှ ဆီးကန်ခံရသူလို ပက်လက်လန်လဲမကျစေရန် အားတင်းထားရသည်။ ဘာလုပ်ရမှန်း ဘာပြောရမှန်းမသိ။

ငတောအဖြစ်က ဘေးကျပ်နံကျပ်။

ထရမလို၊ ထိုင်ရမလို၊ ပြန်ရမလို၊ ဆက်နေရမလို ကြောင်တောင်တောင်။

ငတော လာရောက်ရောင်းချသော ကင်းမြီးကောက်နှင့် ကင်းပုစွန်တို့မှာ ချိုင့်ကြီးရွာနှင့် ရွာဝန်းကျင်တွင် တွေ့လေ့ရရှိသည့် ကင်းလေးမျိုးထဲမှ ကင်းနှစ်မျိုးဖြစ်သည်။ ကင်းဖမ်းသမားက ယခုလောလောဆယ် ဖမ်းနေသော ကင်းနှစ်မျိုးမှာ ထိုကင်းများသာဖြစ်သည်။

ချိုင့်ကြီးရွာဝန်းကျင်တွင် ကင်းခြေမြား၊ ကင်းပုစွန်၊ ကင်းမြီးကောက်နှင့် ကင်းပတုတ် (ကင်းဗတုတ်) ဟူသော ကင်းလေးမျိုးကို အတွေ့ များသည်

ကင်းလေးမျိုးစလုံးပင် သူ့နည်းသူ့ဟန်ဖြင့် လူကိုဘေးအန္တရာယ်ပြုလေ့ရှိသည်။ မြွေရန် ကင်းရန်ဟု မြွေနှင့်တန်းတူထား ပြောကြသည်။

ကင်းခြေများတွင် တောကြီးမြိုင်ကြီး ကင်းခြေများနှင့် ရိုးရိုးကင်းခြေများဟု ကွဲပြားသည်။ အသားစားတောကင်းခြေများကြီးများကို အလွန်တွေ့ခဲသော်လည်း ရိုးရိုးကင်းခြေများက အတွေ့ များသည်။

ရိုးရိုးကင်းခြေများသည် တစ်ထွာကျော်ကျော် တောင်ဆုပ်နီးပါးသာ အကြီးဆုံးရှိသည်။ ကင်းခြေများက အကောင်ပေါက်စဖြစ်သော်လည်း အလျားရှည်သည်။ ငယ်စဉ်ကပင်လျှင် လက်ညှိုး၊ လက်ခလယ်အရွယ်ရှိသည်။ အသက်အရွယ် အနုအရင့်အလိုက် အကောင်ခန္ဓာကိုယ်အရွယ်အစား အကြီးအသေး ကွာခြားသည်။

အရောင်မှာ ယေဘုယျအားဖြင့် အစိမ်းရင့်ရင့်၊ စိမ်းပြာရင့်ရင့်နှင့် အနီရောင် ရောစပ်နေသည်။

ငယ်စဉ်က ခေါင်းအနီ၊ အမြီးအနီ၊ ကိုယ်လုံးအရောင်က သနပ်ခါးနှစ် အရောင်၊ ကိုယ်လုံးအရှည်အလျားပေါ်၌ ကန့်လန့်ဖြတ် အတန်းဖြောင့်ဖြောင့် အနက် တန်းလေးများ၊ အကွာအဝေး မစိပ်မကျဲဖြင့် ဆယ့်ကိုးတန်းပါသည်။

ခြေချောင်းလေးများ ဝဲယာတစ်ဖက်လျှင်ဆယ့်တစ်ချောင်း၊ ဆယ့်သုံးချောင်း ပါတတ်သည်။

ငတောတို့ ခြေချောင်းလေးများ ရေတွက်ဖူးရာ အချို့ဆယ့် တစ်ချောင်း၊ အချို့ ဆယ့်သုံးချောင်းတွေ့ ဖူးသည်။

ဦးခေါင်းထိပ်တွင် ဝဲတစ်ပင်၊ ယာတစ်ပင် အမွှေးနှစ်ပင်ပါသည်။ ပါးစပ်၌ အဆိပ်ပါသော အစွယ်ရှိသည်။ ထိုအစွယ်ဖြင့် အကိုက်ခံရပါက အကိုက်ခံရသူအချို့ ပစ်လဲသည်။ နာကျင်လွန်းသဖြင့် ကုန်းအော်နေရသည်။ သွေးများယိုစီးကျသည်။ ကင်းခြေများကိုက်သောကြောင့် သေသောသူ မတွေ့စဖူး။

ကင်းပုစွန်က ဦးခေါင်းရှေ့၌ ထွက်နေသော ဝဲညှပ် ယာညှပ်ပါသည်။ ပုစွန်လုံးညှပ်နှင့် ဆင်တူသည်။ ကင်းပုစွန် ကြီးကြီးမားမားဖြစ်က ပုစွန်လုံးငယ်ငယ် ညှပ်ထက်ပင် ကင်းပုစွန်ညှပ်က ကြီးသေးသည်။ ပုစွန်လုံးညှပ်ကဲ့သို့ ကင်းပုစွန်ညှပ်က ဖွင့်နိုင်သည်။ ပိတ် နိုင်သည်။ လွှတ်နိုင်သည်။ ညှပ်နိုင်သည်။

ရန်သူကို တိုက်ခိုက်ရာတွင် ထိုဝဲညှပ် ယာညှပ်ကို ကင်းပုစွန်က အားကိုးသည်။

ကင်းပုစွန်အဆိပ်သည် အမြီး၌နေသည်။ အမြီးထိပ်မှာ ချွန်ချွန်စူးစူး မာမာထက်ထက်။ ပုံမှန်အနေအထားအရ ကင်းပုစွန်အမြီးသည် တန်းတန်းဖြောင့်ဖြောင့်။ သွားလာရာ၌လည်း ဖြောင့်ဖြောင့်တန်းတန်း။ ရန်သူကိုတိုက်ခိုက်မည့်အချိန် ရောက်မှသာအမြီးကို ပထမဆုံး စတင်ကွေးလိုက်သည်။ သူ့ညှပ်ဖြင့် မိရာဖမ်းညှပ်ထားသောနေရာကို မှီသည်အထိခန္ဓာကိုယ်ကို လှည့်ပတ်ပြင်ဆင်ပြီးမှ ကွေးထားသောအမြီးအားဆန့်ထုတ်ကာ ဆောင့်ထိုးသည်။

ကင်းပုစွန်ကိုက်သည်ဟု ပြောသော်လည်း ပါးစပ်ဖြင့်ကိုက်ခြင်းမဟုတ်။ ညှပ်ဖြင့်ညှပ်ပြီးမှ အမြီးဖြင့်ဆောင့်ထိုးခြင်းကို ကင်းပုစွန်အကိုက်ခံရခြင်း ဟု ပြောကြသည်။

ကင်းပုစွန်ကိုက်သောကြောင့်၊ လူသေသည်ဟု မကြားစဖူး၊ အမြီးဖြင့်ဆောင့်ထိုးခံရပါက ဒုန်းခနဲ အသံပေးသွားသည်အထိ မြည်ဟည်းသွားသည်ဟုထင်လိုက်ရသည်အထိ အဆိပ်အလွန်ပြင်းထန်သည်၊။ မျက်လုံးထဲ မီးပွင့်သွားသကဲ့သို့ ခံစားရပြီး အချို့ပက်လက်လန်လဲသည်။ အကောင်ကြီးလေ ကိုက်ချက်နာလေလေပင်။

ကင်းပုစွန်လက်မအရောင်မှာ အမဲရောင်ရှိသည်။ ကင်းမလက်မည်းဟုလည်း ခေါ်ကြသည်။ ကိုယ်လုံးအရောင်မှာ စိမ်းပြာရင့်ရင့်မှ အနက်ရင့်ရင့်အထိ အသက်အရွယ် အလိုက်ပြောင်းသည်။ အသက်ကြီးလာလေလေ၊ အနက်ရင့်ဘက်များလာလေလေ။

ကင်းမြီးကောက်နှင့် ကင်းပုစွန်မှာ ပုံစံတူ၊ အဆင်တူ၊ အနေအထား တူသည်။

အကောင်အရွယ်အစားနှင့်အရောင်မှာမတူ။ ကင်းပုစွန်က အရွယ်အစားများစွာကြီးသည်။ ကင်းမြီးကောက်က အရွယ်အစား များစွာငယ်သည်။

ကင်းပုစွန်ရောင်က စိမ်းပြာရင့်ရင့်၊ အနက်ရင့်ရင့်။

ကင်းမြီးကောက်အရောင်က ယေဘုယျအားဖြင့် ဝါကြံ့ကြံ့၊ ဝါဖျော့ဖျော့။

ကင်းမြီးကောက် အဖြူရောင်ကို ရှားရှားပါးပါး တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ရောဂါကြောင့် ဖြူသလား၊ ဗီဇကြောင့် ဖြူသလား၊ သဘာဝဒဏ်ကြောင့် ဖြူသလား ခွဲခြားမသိ။

ကင်းမြီးကောက်ကလည်း အမြီး၌အဆိပ်နေသည်။ ရန်သူကိုတိုက်ခိုက်ရာ၌ ကင်းပုစွန်နှင့်တူသည်။ ညှပ်ဖြင့်ညှပ်၊ အမြီးဖြင့်ထိုးသည်ကို ကင်းမြီးကောက်အကိုက်ခံရသည်ဟု ပြောကြသည်။ ကင်းပုစွန်နှင့် ကင်းမြီးကောက်တို့သည် စနစ်တကျ တိုက်ခိုက်ရာ၌ ညှပ်ဖြင့်ညှပ်၊ အမြီးဖြင့်ထိုး အဆင့်ဆင့်လုပ်သောလည်း အရေးပေါ်ကြုံတွေ့လာပါက ညှပ်ဖြင့် မညှပ်တော့။

သူတို့ အားကိုးရာ အဆိပ်ရှိသော အမြီးဖြင့်သာ ထိုးလေ့ရှိသည်။ ကင်းမြီးကောက်အကိုက်ခံရပါကလည်း ကင်းပုစွန်ကိုက်သလို၊ အဆိပ်ဒဏ်ခံရသည်။ အချို့ ဖျားသည်၊ အချို့ပေါင်မွှေးသမခုသည်ဟုခေါ် သော ပေါင်ခြေရင်းလာလာနာသည်။ အောင့်သည်။

ကင်းပတုတ် (ကင်းဗတုတ်) ကင်းခြေများကဲ့သို့ အလျားမရှည်၊ ကင်းမြီးကောက်ကဲ့သို့ ဝဲယာညှပ်မပါ၊ ပင့်ကူပုံစံ ပင့်ကူအရာင်၊ သာမာန်ပင့်ကူထက် ကင်းပတုတ်က အမွေးအမျှင်များသည်။ ကိုယ်လုံးဝသည်။

ကွမ်းသီးလုံးကို တင်ထားသည်နှင့် တူသည်။ ကင်းပတုတ်ကဲ့သို့ အမွှေးအမျှင်များသော ပင့်ကူလည်း ရှိသေးရာ စိတ်မဆိုးသေးက ပင့်ကူနှင့် ကင်းပတုတ်ကို သာမာန်လူတို့ခွဲခြားမသိ။

စိတ်ဆိုးလာက ကင်းပတုတ်သည် ဖားကြီးများမာန်သွင်းသကဲ့သို့ ဖောင်းဖောင်းကြီးဖြစ်လာသည်အထိ သူကိုယ်သူ ဆန့်ထုတ်နိုင်သည်။ သေးငယ်ရာမှ မူလခန္ဓာကိုယ်ထက် လေးငါးဆကြီးမားလာအောင်ဆန့်ထုတ်သည်။ ပူစီဖေါင်းကို လေမှုတ်သွင်းလိုက်ရာ ရုတ်တရက်ဖောင်းတက်လာသကဲ့သို့ လုပ်နိုင်စွမ်းရှိသည်။

များသောအားဖြင့် ကိုက်လျှင် ခုန်ခုန်ကိုက်သည်။ ကင်းပတုတ်ကိုက်က ဝါးနက်မြစ်ကို ဆန်ဆေးရေနှင့် သွေးလိမ်း သွေးသောက် တိုင်းရင်းမြန်မာဆေးသောက်က ပျောက်သည်။ ကင်းပတုတ်ကိုက်သည်ကို မြွေထင်မှတ်ပြီး ဆေးကုမှားက သေလေ့ရှိသည်။

ကင်းလေးကင်းနေလေ့ရှိသောနေရာများမှာ ကင်းခြေများ၊ ကင်းပုစွန်နှင့် ကင်းပတုတ်တို့က ချုံများ၊ ယာကန်သင်းဘေးများ၌ အနေများသည်။

ကင်းမြီးကောက်က လူနှင့်နီးရာ အနေများသည်။ ရွာထဲ၌ကင်းခြေများ၊ ကင်းပုစွန်၊ ကင်းပတုတ် အတွေ့ရနည်းသည်။ တောထဲ၌ ကင်းမြီးကောက်အတွေ့ရနည်းသည်။ မည်သည့်နေရာဖြစ်ဖြစ် ကင်းလေးကင်းစလုံး မနေမရှိ၊ မတွေ့ဟု ပြောမရ။ အနေများသည်ကို အထူးပြု ခွဲခြားရခြင်းဖြစ်သည်။ မည်သည့်
နေရာတွင်မဆို ကင်းလေးကင်းစလုံး တွေ့ရလေ့ရှိသည်။

လူအိပ်သောခုတင်၊ တန်းလျား၊ လူထိုင်ရာစားပွဲ ကုလားထိုင်အောက် မြေပြင်ပေါ်မှ ကင်းခြေများ၊ ကင်းပုစွန်၊ ကင်းပတုတ်ထွက်လာပြီး အကိုက်ခံရသူရှိသည်။

တောထဲ၌ရှိသော ချုံနွယ်ပိတ်ပေါင်း၊ အမှိုက်သရိုက်ကြားမှ ကင်းမြီးကောက် အကိုက်ခံရသူလည်းရှိသည်။ ထို့ကြောင့် ပုံသေပြောမရ။

ကျေးလက်ဒေသဆိုင်ရာ မြန်မာဆေးမီးတို ဓာတ်စာအယူအဆအရ၊ ကင်းခြေများကို ပြာချစွန့်ခြင်း၊ အကြေးခွံဖယ်၊ ခေါင်းဖြတ်လျက် ပြုတ်ပြီး အသားနွှာကျွေးပါက နို့စို့ကလေးသူငယ်များ အငိုလွန်သောအခါ တက်သည့်ရောဂါပျောက်သည်ဟု ယူဆကြသည်။

နို့စို့ကလေးသူငယ်တက် တက်ပါက အတက်ရောဂါပျောက်ရေးအတွက် ကင်းခြေများကို ရှာဖွေဖမ်းဆီး သတ်ဖြတ်ကြသည်မှအပ ကျန်အချိန်များတွင် ကင်းလေးကင်းစလုံးကို မည်သူမှ သီးသန့်ရှာရှာဖွေဖွေလုပ်ကာ မသတ်။ တွေ့လာသည့်အချိန်မှသာ အဆိပ်ရှိသောသတ္တဝါများဖြစ်သည့်အတွက် သတ်သည်။

မူလက ဤသို့အနေအထားရှိခဲ့ရာမှ ကင်းမြီးကောက်နှင့် ကင်းပုစွန်တို့ ဝယ်သောအခါ အသွင်ကူးပြောင်းသွားသည်။

ကင်းမြီးကောက်ကို ဝယ်သည်ဟု ကြားစက မကြားစဖူး ကြားရသဖြင့် တအံ့တဩ။ ကင်းမြီးကောက်ပါမက ကင်းပုစွန်ပါ ထက်မံဝယ်ယူပြန်ပြီဟု ထပ်မံကြားသောအခါ မကြားစဖူးကြားရ၍ အံ့ဩနေသောငတောတို့ ဟုတ်မှဟုတ်ရဲ့လားဟု သံသယဝင်မိ၏။ ဝယ်ယူကြောင်း လက်တွေ့သိမြင်လာမှ မကြုံစဖူးသည်တို့ ကြုံတွေ့လာ၍ ငတောတို့ စိတ်ဝင်စား လာသည်။

ငတောတို့သည် ပျံကျလုပ်သားများ၊ တောသမားများ။

ပျံကျလုပ်သားဟူသည် ငှားရမ်းသူရှိသော အလုပ်များကို ကြုံရာကျပန်း အငှားအရမ်း လုပ်ရသောသူ။

တောသမားဟူသည် ဝယ်ယူသူရှိသော အကောင်ပလောင်မှန်သမျှကို နည်းပေါင်းများမြောင်စွာဖြင့် ဖမ်းဆီးရောင်းချရသောသူ။ ပျံကျလုပ်သားဘဝက ရရစားစား ပြေးပြေးလွှားလွှား။ ငှားသူရှိက အလုပ်ရှိ၊ အလုပ်ရှိက ဝမ်းဝ၊ ငှားသူမရှိက အလုပ်မရှိ၊ အလုပ်မရှိက ဝမ်းမဝ၊ ဘဝမငြိမ်။

ပျံကျလုပ်ငန်းဖြင့် စားဝတ်နေရေးဖြေရှင်းမှု မလုံလောက်သောအခါ၊ ဘဝဝမ်းစာအတွက် တောလုပ်ငန်းပါ လုပ်ကိုင်လျက် ကြုံရာ ကျရာကို ဆင်းရဲပင်ပန်းကြီးစွာ လုပ်ကိုင်ဖြေရှင်းရ၏။

ထမင်းတစ်နပ်၊ အဝတ်တစ်ထည်၊ ကျောတစ်နေရာစာအတွက် နည်းပေါင်းစုံ လှုပ်ရှားရုန်းကန်ခဲ့ရသည်။

ကင်းမြီးကောက်နှင့် ကင်းပုစွန်ဝယ်ယူသည်ကို ကြုံလာသောအခါ ခါတော်မီလုပ်ငန်းကို ငတောတို့လိုက်လုပ်ကြသည်။ ကင်းမြီးကောက်နှင့် ကင်းပစွန်က ငတောတို့အဖို့ ခုမှတွေ့ ဖူးသည့်ကောင်မဟုတ်။ ယခင်ထဲ က သူဦးလျှင်သူက ကိုက်၊ ကိုယ်ကဦးလျှင်ကိုယ်က ရိုက်ခဲ့ကြသည့် အကောင်စားမျိုး။

ကင်းလေးကင်းတို့နေသည်မှာလည်း ပင်လယ် သမုဒ္ဒရာ၊ ဟိမဝန္တာတောင်မှာ မဟုတ်။ ငတောတို့ ညဘက် တောကောင် လိုက်လိုက်၊ နေ့ဖက်သားကောင် ရှာရှာ၊ လယ်ယာခွင်မှာ အငှားအရမ်းလုပ်လုပ် ကင်းလေးကင်းထဲမှ တစ်ကင်းကင်း၊ သို့မဟုတ် ကင်းနှစ်ကင်း သုံးကင်းကို တွေ့နေကျဖြစ်သဖြင့် ကြောက်စရာ၊ လန့်စရာမရှိ။

ချိုင့်ကြီးဝန်းကျင် ကဇာချုံတန်းများ၊ ချုံနွယ်များ၊ ယာကန်သင်းရိုးများတွင် ကင်းလေးကင်းကို တွေ့ ရလေ့ရှိသည်။

တွင်းကိုကြည့်လိုက်က မည်သည့်တွင်းဖြစ်သည်ဟု တန်းခနဲသိသည်။ ပုတတ်တွင်းက ဝိုင်းဝိုင်း ချောချော။ ကင်းပုစွန်တွင်းက ပြားပြား ရှည်ရှည်။ လိမ်လိမ်ကောက်ကောက်။ ကင်းပုစွန်တွင်း၌ ထုတ်ထားသောမြေစာအမှုန့်အလုံးလေးများတွေ့ရသည်။

ကင်းပတုတ် (ကင်းဗတုတ်) တွင်းမှာ အမွေးအမျှင်များရှိသည်။

ကင်းခြေမြားနှင့် ကင်းမြီးကောက်တွင်းကို ငတောတို့မတွေ့စဖူး။ တွင်း သီးသန့်ရှိ မရှိ တိတိကျကျမသိ။

ကင်းပုစွန်ကို ရှာလိုသောအခါ တွင်းကိုရင်ရှာရသည်။ ကင်းပုစွန်တွင်းက တွင်းနက်မဟုတ်။ တစ်ထွာ တစ်ညိုသာသာ တွင်းတိမ်မျှသာ ဖြစ်သဖြင့် တူးရွင်းနှင့် တူး၊ တွင်းအဆုံး၌တွေ့ လာသော ကင်းပုစွန်ကို ညှပ်ကြီးဖြင့် ဖမ်းညှပ်၊ အိတ်ထဲထည့်က အခက်အခဲမရှိ လွယ်လွယ်ပြီး၏။

တစ်ထွာနီးပါးရှိသည့် ကင်းပုစွန်ကြီးများဖြစ်မှသာ စိတ်ဆိုးအောင်ဆွ၊ ခါးကိုတုတ်ဖြင့် အသာဖိ၊ သေချာမှ ညှပ်နှင့်ဖမ်းထည့်က လွယ်လွယ်နှင့် အလုပ်ဖြစ်သည်။

ကင်းမြီးကောက်ဖမ်းရာ၌လည်း ထို့နည်းအတူပင်။ ကင်းမြီးကောက်က ကင်းပုစွန်လောက် ရန်မလို။ လူနှင့်တွေ့က ပြေးရန်သာ ကြိုးစားသည်။ လူကအပြေးမခံဘဲ ရှေ့မှဟန့်တားပေးရသည်။ ဟန့်တားခံရသည့်အတွက် ဒေါသဖြစ်ကာ အမြီးကွေးလာခိုက်၊ ဖျတ်ခနဲ ညှပ်ညှပ်ထည့်ထည့် အိတ်ထဲထည့်ရသည်။

ကင်းမြီးကောက်ရှာရာ၌ တောဖြစ်က တွင်းထဲမှာထက် ချုံကြိုချုံကြား ရွက်ကြွေအမှိုက်ကြား၊ ကန်သင်းအမှိုက်ပုံကြားနှင့် လူသူမနီးသော ဇရပ်ပျက်တန်ဆောင်းပျက်၊ ယာစောင့်တဲအိုနှင့် တောရေအိုးစင်တို့၌ အတွေ့များသည်။

ရွာထဲမှာဖြစ်က ရေအိုးစင်အနီးနေရာမျိုး နေ့အလင်းရောင်ကို ပုန်းခိုလျက် ညဘက်ထွက်ရာလွယ်သော နေရာမျိုး၊ ထရံအတွင်း တံခါးပိတ်လိုနေရာမျိုး၊ ထင်းပုံ အမှိုက်ပုံလို နေရာမျိုးမှာ ရှာရသည်။

ကင်းပုစွန်က ဆယ်ချီ ရာချီ ရနိုင်သည်။ ကင်းမြီးကောက်က ရှားသည်။ အရှာရခက်သည်။ ကောင်ရေများများလိုချင်က စိတ်ရှည်ရှည်ဖြင့် နေရာများများ၊ အချိန်ကြာကြာရှာမှ ရသည်။

ကျောပေါ်၌ သားသမီးအမြောက်အမြားကို တင်ထားသည့် ကင်းမြီးကောက်ကြည့်ပါက အကောင်ရေပေါပေါများများ တွေ့စရာဟု ထင်ရသည်။ လက်တွေ့ရှာရာ၌ ပေါပေါများများ မတွေ့။

နေ့မှာတွင်းတူး အမှိုက်ပုံရွက်ကြွေကြားရှာသကဲ့သို့ စွတ်စိုပူအိုက်သော ညများ၌ မီးထိုးရှာက ကင်းမြီးကောက်နှင့် ကင်းပုစွန်ကို တွေ့တတ်သည်။ ထွက်လာသည့် အကောင်ကိုဖမ်း၊ ပုန်းအောင်းနေသောအကောင်ကိုရှာဖြင့် နည်းနည်းချင်း စုစုလာရသည်။ ဆယ့်လေးငါးကောင် တစ်စု တစ်ဝေးထဲ ရသည်မဟုတ်။ တစ်ကောင်စု နှစ်ကောင်စုရ၏။

တောသမား ပျံကျလုပ်သားပီပီ၊ မူးစု ပဲစု ပြားစု ကျပ်စုသလို စုပြီးမှ ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ဆားတစ်ပိဿာ၊ ဟင်းလျာတစ်နပ်ချက်စာမျှသော ဝင်ငွေရှိခဲ့၏။ နည်းများမဆို ရနိုင်သမျှသော ကင်းပုစွန်နှင့် ကင်းမြီးကောက်ကို ဖမ်းဆီးရောင်း ချခြင်းအားဖြင့် ပရိယေသနဝမ်းစာကို ရက်ရှည်လစာအတွက် မရရှိခဲ့သည့်တိုင် တစ်နပ်စာ၊တစ်အိုးစာ၊ တစ်နေ့စာ ရခဲ့ပါ၏။

ဆင်းရဲသားအဖို့ ရက်ရွှေ့သွားခြင်းသည် ကြီးမားသော အထောက်အကူကြီးပင်။ ထိုသို့စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အထောက်အကူရစေရန် ဖမ်းဆီးရောင်းချလာသောအချိန်မှ ဈေးကျနေသည်၊ အရောင်းအဝယ်ပိတ်နေသည်တဲ့။

ကဲ ကျုပ် ဘယ်လိုလုပ်ပြီး ပြောရမလဲဗျာ၊ ဖြေရှင်းရမလဲဗျာဟုသာ ငတော ကုန်းအော်လိုက်ချင်သည်။

ခေတ္တပိတ်ထားသော အရောင်းအဝယ်က ကန့်သတ်ချက်မရှိ၍ မူလဖမ်းဆီးခဲ့ရာတောသို့ ပြန်လွှတ်လိုက်ရ ကောင်းမလား။

မွေးချင်လျှင် မွေး၊ လွှတ်ချင်လျှင် လွှတ်၊ ငတောကြိုက်သလို လုပ်ပိုင်ခွင့်ရှိသည်။ ဒါပေမယ့် ခုမနက်ချက်စရာဆန်ကို ဘယ်ကရမလဲ၊ ဘယ်မလဲ ဆန်ဖိုး။

မနက်ချက်စရာဆန် မရှိသေးသောကြောင့် ဆန်ဖိုးငွေခေတ္တချေးလိုက်ပါဟု ပြောပြီး၊ ဒိုင်ခွဲဆီ ကင်းမြီးကောက်များ အပ်ခဲ့ရအောင်ကလည်း ဒိုင်ခွဲက ရှစ်စပ်ကလည်နေသူ။ ကိုယ့်ကုန်က တက်ကုန်ဖြစ်နေလျှင်သာ ဒိုင်ခွဲက တဟဲဟဲဖြင့် မျက်နှာချိုသွေးမည်။

ဒိုင်ခွဲပြသော စာအလိုရ ကိုယ့်ကုန်သည် ရောင်းမစွဲ၊ ထားဈေးမတက် မထွက်မည့်ကုန်။ ကုန်အလားအလာကို ဒိုင်ခွဲက ကိုယ့်ထက်သိသည်၊ မအမန၊ မထူမထိုင်း။

ထူပူထိုင်းမှိုင်းနေသူမှာ ငတော။

ကင်းပုစွန်ရှစ်ကောင်နှင့် ကင်းမြီးကောက်သုံးကောင်၊ စုစုပေါင်း ပျှမ်းမျှဈေးဖြင့်တွက်သည့်တိုင် ငါးရာ့ငါးဆယ်ဝန်းကျင် ရနိုင်သည်ဟု စိတ်ကူးဖဲရိုက်ခဲ့၏။ အဝယ်ပိတ်သောစာက ခဲလေသမျှ သဲရေကျပါတကား၊ စိတ်ကူးဖဲရိုက် လက်တွေ့၌ အကျိုးရှိမလား။

“ကိုကြီးတော၊ လက်ဖက်သုပ်လေးဝါး၊ ရေနွေးကြမ်းသောက်၊ ချဉ်ငန်စပ်လေး … ကောင်းတယ်”

ဆန်ဖိုးအတွက် အကြံအိုက်နေသော ငတောက ရေနွေးကြမ်းလည်း မသောက်၊ လက်ဖက်လည်း မဝါး၊ ဘာစကားမှမပြော။

“စိတ်မပျက်ပါနဲ့ ကိုကြီးတောရာ၊ ကိုကြီးတော ကုန်တွေက အသေတွေမှ မဟုတ်ဘဲ။ အရှင်တွေဥစ္စာ၊ လိပ်တုန်းကလဲ ဒီလိုပိတ်တာပါပဲ၊ ဟော တစ်ရက် နှစ်ရက်နေတော့ ညာသံပေးဝယ်တာပါပဲ။ ခုလဲ ဒီသဘောနေမှာပါ။

ခုလိုင်းက ကျွန်တော်ကိုယ်တိုင်တောင် ဒိုင်ချုပ်ကြီးဟာ ဘယ်သူလဲဆိုတာ မသိရဘူး။ ဘာလုပ်ဖို့ဝယ်တယ်၊ ဘယ်ပို့တယ်လဲမသိဘူး။ သတင်းစာထဲမှာ ကင်းမြီးကောက် အလိုရှိသည်လို့ ကြေညာဝယ်နေတဲ့ဆီ ပို့တာလားလို့ ကျွန်တော် ဒိုင်ချုပ်ကို မေးဖူးတယ်။ အဲဒီနဲ့ အဆက်အသွယ်မရှိဘူးတဲ့။ တစ်ခြား ဒိုင်ချုပ်ကြီးတဲ့။

အဲဒီဒိုင်ချုပ်ကြီးဟာ မြွေ၊ တောက်တဲ့၊ ကင်းမြီးကောက်၊ ကင်းပုစွန်နဲ့ လိပ်လိုင်းမှာတော့ အကြီးဆုံးဘော့စ်တဲ့။ ဒိုင်ချုပ်ကလဲ အဲဒီ ဒိုင်ချုပ်ကြီးခိုင်းရာ လုပ်ရတယ်။ ကျွန်တော်ကလဲ ဒိုင်ချုပ်ခိုင်းတာ လုပ်ရတယ်။ ဒိုင်ချုပ်က ရပ်ခိုင်းတာကို ပြောရမှာအားနာတော့ လာရောင်းသူမှန်သမျှကို ဒီစာအရင်ပြရတယ်။ စာပြပြီးမှ ခုလို ပြောပြောလွှတ်ရတယ်။ အားနာလိုက်တာ ကိုကြီးတောရာ”

ဒိုင်ခွဲငသိန်းက ပေခပ်ရှည်ရှည်၊ လေခပ်များများ။ ငတောက တစ်ခွန်းတပါဒမှ စကားမစွက်။

ဟုတ်သည်။ ငတောအဖို့ သတင်းစာထဲမှာပါသော ကင်းမြီးကောက် အလိုရှိသည်ဟု ကြေညာပြီး ဝယ်နေသူထံသို့ပို့ပို့၊ အခြား ဒိုင်ချုပ်ကြီးဆီသို့ ပို့ပို့ အရေးမကြီး။ စိတ်လည်း မဝင်စား။ သူအရေးကြီးနေတာက ခုချက်ရမဲ့ဆန်။ မနက်စာဆန်ဖိုး ဘယ်လိုလုပ်ရှာမလဲ၊ မဟာ့မဟာ ခေါင်းထဲက မဟာ့မဟာအကြံဉာဏ်တွေ ထွက်စမ်းဟု ဖျစ်ညှစ်ထုတ်၏။

ဆန်ဖိုးရရှိစေရန် ချိုးရိုက်ပိုက်ကြီး ပေါင်ရမလား။

တောလိုက်ဓားရှည်နှင့် တောခုတ်ဓားပေါင်ရမလား။

သူ့သမီးလေးခင်မ၏ ချွတ်ပြန် ပေါင်ပြန်၊ ရွေးပြန် ဝတ်ပြန်၊ ချွတ်ပြန် ပေါင်ပြန်နှင့် ချွတ်ပေါင်ရွေး၊ ရွေးဝတ်ချွတ်ပြန် လောကဓံ၌ စုန်ဆန်ကူးခတ် နေရသော မိုးကြိုးနားကပ်လေးကို ပေါင်ရကောင်းမလား။

ဘာပေါင်ရကောင်းမလဲ စဉ်းစားနေခိုက်မှာပင် ဒိန်းခနဲ၊ ဒိန်းခနဲ အဆက်မပြတ်တီးခတ်လိုက်သော အသံတို့ကိုဆက်တိုက် စဉ်တိုက် ငတော ကြားလိုက်ရသည်။

ဆွမ်းခံ စည်တီးသံပါလား။ ဆွမ်းခံ စည်တီးချိန်ထိ ထမင်းချက်စရာ ဆန်မရှိသေး။

အချိန်ဆွဲထိုင်နေက ကိုယ့်သားမယားရော၊ ကိုယ့်သားသမီးရော ထမင်းစားရကိန်း မမြင်။

“အရောင်းအဝယ်လိုင်းပွင့်ရင်တော့ မင်းပြောကွာ၊ ငါပြန်တော့မယ်”

အိတ်လေးကို မဆွဲချင် ဆွဲချင်ဖြင့် ဆွဲကာ ငတော ပြန်ခဲ့သည်။

ရှားလိုက်တဲ့ငွေ၊ ခက်လိုက်တဲ့ ဘဝဝမ်းစာ၊ ကိုယ်ကနေနိုင်ဦး၊ ထမင်းစားချိန် ထမင်းမစားရက၊ ကမ္ဘာပျက်သလို ခြေဆောင့်ဆောင့်ငိုမည့် ကလေးနှစ်ယောက်၊ ဝမ်းဟောက်ပက်နှင့် ကျောင်းကပြန်လာမည့် လူငယ်နှစ်ယောက်။

သား မယား ယူထားပြီး ထမင်းမှ နပ်မှန်အောင်မကျွေးနိုင်တဲ့ယောက်ျား၊ တွေးမိသမျှ စိတ်ချောက်ချားဖွယ်ရာ၊ တုန်လှုပ်ဖွယ်ရာ၊ ငတောသောက က ဖုံးမရ၊ ဖိမရ။

“ကိုကြီးတော ခဏ … ခဏ”

မိကြည် တားသောကြောင့် သောကရုပ်ပုံလွှာပိုင်ရှင် ငတော ရပ်လိုက်သည်။ မိကြည်က ငတောကို တစ်လှည့်၊ သူ့ယောက်ျားငသိန်းကိုတစ်လှည့် ကြည့်သည်။

“ကိုသိန်း ကိုကြီးတောကို ရှေ့ကလူတွေလုပ်သလို လုပ်မလားလို့ မေးလိုက်ရမလား”

“ဟာ … အားနာစရာကြီး၊ ကိုကြီးတောဆိုတာ မြွေရရ၊ တောက်တဲ့ရရ၊ ကင်းရရ၊ ရသမျှ ဒို့ကိုအပ်နေတဲ့ဖောက်သည်ဟ၊ ငါတော့ မပြောရက်ဘူး၊ နင့်သဘောပဲ”

“အိုတော် ကိုယ့်ကိုကြီးတောပဲ၊ တစ်ခြားလူမှတ်လို့။ ကူညီတန် ကူညီရမှာပေါ့။ ကိုကြီးတောကြည့်ရတာငွေလိုနေတဲ့ပုံပဲ၊ ဟုတ်လား ကိုကြီးတော”

မိကြည်စကားကြောင့် ငတော ဆက်ခနဲတွန့်သွားသည်။

ချက်ချင်းပြန်မဖြေနိုင်။ ကိုကြီးတော ကြည့်ရတာ ငွေလိုနေတဲ့ပုံပဲတဲ့၊ ဟုတ်လားမိကြည်။ အဲလို နင်ပြောလိုက်တယ် မဟုတ်လား။

ငါ့ကို မှန်တစ်ချပ်လောက် ခုချက်ချင်းငှားစမ်းပါ။ ငွေလိုနေတဲ့ ငါ့ပုံကြီးကို ငါ့မှန်ထဲမှာ ပြန်ကြည့်ချင်လို့၊ တကယ်ပါဟယ်။

ပုဆိုးအဖာ၊ အင်္ကျီအပြဲကြီးက ငွေလိုနေတဲ့ပုံကို ရည်ညွှန်းနေသလား။

မျက်နှာမည်း၊ လက်မည်း၊ ဒူးမည်း၊ ပိန်ရှည်ရှည်ကြီးက ငွေလိုနေတဲ့ပုံကို ကြေညာနေလေရော့သလား။

လက်မသယ်ချင်၊ ခြေမသယ်ချင်နဲ့ ပက်ကျိရွေ့ရွေ့နေတဲ့ ခြေအစုံရယ်၊ မျက်နှာနွမ်းနွမ်းကြီးထဲက ရီဝေဝေ မျက်လုံးတွေက ခိုကိုးရာရှာမတွေ့ ကြေကွဲဟန်ပြနေတာတွေရယ်၊ ဒါတွေဟာ ငွေလိုနေတဲ့ အဓိပ္ပာယ်အဖွင့်များလား။

ဤပုံကိုကြည့်ပါ။ အဝေးကမြင်နိုင်သည်။ ငတောငွေလိုနေသည်။ ဆေးကု၍မရပါဟု ကလေးတွေဖတ်စာဖတ်သလို ဖတ်ရလောက်အောင် ငါ့ပုံကြီးက ငွေဆာနေတဲ့ ပုံကြီးများလား။ ငါငွေလိုနေတယ် ငါ့နှမမိကြည်။

တိုက်တည်ဖို့၊ ကားဝယ်ဖို့၊ ဆိုင်ကယ်ဝယ်ဖို့၊ တီဗွီဝယ်ဖို့၊ ထောင်ကျော်တန်အရက်သောက်ဖို့၊ သောင်းသိန်းချီပြီးတန်တဲ့ လက်ဝတ်လက်စားရတနာတွေဝယ်ဖို့ မဟုတ်ဘူး။ ငါဟာ အိမ်ထောင်ဦးစီး။

မယားကိုရှာကျွေးဖို့က ငါ့တာဝန်။

သားသမီးတွေကိုရှာကျွေးဖို့က ငါ့တာဝန်။

သားသမီးနဲ့ သားမယားကို ထမင်းကျွေးချိန်ရောက်လို့မှ ထမင်းမကျွေးနိုင်တဲ့ အိမ်ထောင်ဦးစီးဟာ လိပ်မဟုတ်လို့၊ လိပ်ဆိုရင် ခေါင်းတောင် ထွက်ဝံ့မှာမဟုတ်ဘူးဟု ငတောရင်ထဲမှ စကားများစွာ ပြောကြားနေ၏။ ရင်ထဲမှစကားတို့ များလွန်းနေသဖြင့် အပြင်မထွက်၊ ခေါင်းသာ ငတော ညိတ်၏။

“ကိုကြီးတော ငွေသိပ်အရေးကြီးနေရင်၊ ရှေ့ကလူတွေလို လုပ်သွားပါလား။ ကျုပ်တို့က ရှုံးလဲတစ်ကံမြတ်လဲတစ်ကံ သဘောထား၊ ကြားထဲက ဝယ်လိုက်မယ်။”

“ပြောစမ်းပါဦး မိကြည်၊ ငါသိပါရစေ”

ဝင်းအပြင်ထွက်ရန် ဦးတည်ထားသောခြေဦးကို ပြန်လှည့်ရင်း ငတောက မေးသည်။ မျှော်လင့်ရင်တို့ ဒိတ်ခနဲ ဒိတ်ခနဲ တခုန်ခုန်။

“ဈေးနှိမ်ရာတော့ ရောက်မှာနော် ကိုကြီးတော၊ ကိုကြီးတော စိတ်နိုင်ရင် တစ်ကောင်ကို အစိတ်နှုန်းနဲ့ ရောင်းချင်ရောင်းသွား၊ ဒါပဲ ကျုပ်တို့ကူညီနိုင်မယ်”

ဈေးပြည့်ရောင်းရက ငါးရာ့ငါးဆယ်။

တစ်ဝက်ဈေးရောင်းရက နှစ်ရာ့ခုနှစ်ဆယ့်ငါးကျပ်။

တစ်ဝက်ဖိုး အလဟဿဖြစ်သွားပြီ။ ဇနီးမျက်နှာ၊ သားသမီးများမျက်နှာ၊ ဆန်နှင့် ဟင်းချက်စရာ။

“လုပ်ဟာ”

လူထွင်းသည့်ခံတွင်းမှ မဟုတ်ဘဲ။

ကင်းမြီးကောက်နှင့် ကင်းပုစွန် ကျွေးမဲ့ထမင်း စားမဲ့ပါးစပ်ပဲ။

ဟယ် … လောကကြီး။

ငါ ထမင်းမငတ်။ ငါ့မိန်းမ ထမင်းမငတ်။

ငါ့သားသမီးလေးများ ထမင်းမငတ်။

ငွေသုံးရာအစိတ်တင်း ငါရခဲ့ပြီ။

(၂)

“ရခဲ့လား၊ ရခဲ့လား”

အရင်းမပါ အဖျားမပါဘဲ ဟောဟောဒိုင်းဒိုင်း မေးလာသောစကားသံ။

ရခဲ့လား၊ ရခဲ့လားတဲ့။

ရခဲ့လားဟု မေးလာသောအသံတွင် တောင့်တသံ၊ ကြောင့်ကြသံစိုးရိမ်သံ၊ အငမ်းမရသံ၊ အလောသုံးဆယ်သံ ပေါ်ပေါ်လွင်လွင်။

ရခဲ့လားဟုမေးလာသူက ငတောဇနီးမိဂျမ်း။ ငတောခေါင်းညိတ်ပြမှ မိဂျမ်း ဟင်းခနဲ သက်ပြင်းချသည်။

ငါမလာခင်က နင် သက်ပြင်းဘယ်နှစ်ခါ ချပြီးပြီလဲ ဟုမမေးရက်၊ ကြောက်လန့်မှု ဝန်ထုပ်ဝန်ပိုးကြီးကို ယခုမှပစ်ချလိုက်ရဟန်ဖြင့် မိဂျမ်းက ငတောဆီလာသည်။

နေ့မနား၊ ညမအိပ်ဘဲ ငတောနှင့်အတူလိုက်ပါကာ ကင်းရှာခဲ့ရသော ငလုံးသည် တရှူးရှူးဖြင့် ခုတင်ကြီးပေါ်အိပ်နေသည်။

အိပ်ချင်စိတ်ရှိသော်လည်း ငတောအိပ်မဖြစ်သေး၊ ထန်းပလပ်တန်းလျားနှင့် ထန်းပလပ် စားပွဲရှိရာသွားကာထိုင်သည်။ အနီးကပ်လာသူ မိဂျမ်းအား ဘာညာမပြော၊ ကင်းနှစ်ကင်းရောင်းခဲ့ရငွေကို ထိုးပေးလိုက်သည်။

ဘယ်နှကောင်လဲတော့။ ဘယ်ဈေးလဲတော့။ တက်သလား၊ ကျသလား။ တစ်ခွန်းတစ်ပါဒမှ မမေး။

ပေးလာငွေကို ရေတွက်ပြီးလျှင် ပြီးချင်း၊ ဆံထုံးကိုပြင်ထုံး၊ ထဘီတင်းတင်းဝတ်ကာ ဈေးဆွဲခြင်းဆွဲလျက် ဈေးထွက်ရန်လုပ်သည်။

“ဆန်ရော၊ ဆီရော၊ ချက်စရာပြုတ်စရာရော ဘာဆိုဘာမှ မရှိဘူးတော့။ ဈေးကွဲချိန်ရောက်ပေမယ့် ကျုပ် ပြေးလိုက်ဦးမယ်၊ ရတာဝယ်ပြီး ဖြစ်သလို ချက်စားရမှာပဲ။ စားပွဲပေါ်မှာ ရေနွေးကြမ်းအိုးကို တော့ဖို့ ခပ်ပြီး အဝတ်ပတ်ထားတယ်၊ တော်သောက်ရစ်၊ ကျုပ် ဈေးပြေးပြီ”

ပြေးပြီဆိုသော မိဂျမ်းသည် မပြေးရုံတမယ်သာသာ ခြေလှမ်းကျဲကျဲဖြင့် လွှားခနဲ လွှားခနဲ ထွက်သွားသည်။

အဝတ်စုတ်ဖုံးထားသည့် ရေနွေးကြမ်းအိုးမှ အဝတ်စုတ်ကို ဖယ်ရှား၍ ငတော ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ရင်း သူ့ဇနီးမိဂျမ်းကို လှမ်းငေးကြည့်သည်။

မိဂျမ်းလှုပ်ရှားဟန်ကိုကြည့်ရင်း သူ့အမေကို ငတောသတိရသည်။

အမေ့တုန်းကလည်း မိဂျမ်းလိုပါ။ မိန်းမသားသည် အမည်ကွဲချင်သာ ကွဲမည်။ အချိန်လွဲချင်းသာ လွဲမည်။ အမေဖြစ်လာသော မိန်းမသားသည် အမေစိတ်မွေးမြဲပါ။

ထမင်းချက်ချိန်၌ ဆန်မရှိ၊ ဆီမရှိ၊ ဟင်းချက်စရာမရှိက ရင်မှအပူပိုက်လျက် ရပ်တည်ရာမရ။ ခိုကိုးရာမရ ဖြစ်ခဲ့ရှာသော ငတော၏အမေ။ ထမင်းဟင်းချက်ပြုတ်ချိန်၌ ချက်ပြုတ်စရာမရှိသောမိန်းမ၊ ချက်ပြုတ်စရာဝယ်ယူရန် ငွေမရှိသောမိန်းမ၊ ထိုမိန်းမသည် လောကတွင် စိတ်အဆင်းရဲရဆုံး လူထဲ၌ ရှေ့ဆုံးကပါသည်ဟု ဖွင့်ပြောခဲ့သည့်အမေ။

ထိုစိတ်အဆင်းရဲရဆုံးအချိန်တွင် ငတောတို့အမေသည် ကြာကြာလည်း တစ်နေရာထဲ စွဲမထိုင်နိုင်။ ကြာကြာလည်း တစ်နေရာထဲ ရပ်မနေနိုင်။ ထထိုင်၊ ထိုင်ထ အကြိမ်ကြိမ်။ ရွာရိုးကိုးပေါက်လှည့်ကာ ဂဏှာမငြိမ်။

ရခဲ့လားဟုမေးလာသူက မိဂျမ်း၏စကားတွင်၊ အမေကဲ့သို့ ဖွင့်ဟမဝန်ခံသည့်တိုင်၊ ရွာရိုးကိုးပေါက်လျှောက်ချေးခဲ့သည့်တိုင် မရခဲ့သဖြင့်၊ ဘုတ်ထိုင်ထိုင်ကာ စိုးရိမ်သောက ဆူဝေနေကြောင်း သိသာ၏။ မိဂျမ်း သောကဗျာပါရ အားငယ်စိုးရွံ့မှုကို သူ့သက်ပြင်းချသံက ဖော်ပြနေ၏။

တီ၊ တီ၊ တီ၊ တီ။

ညင်သာသောဆိုင်ကယ်စက်သံကို ငတောမကြား။ ဆိုင်ကယ်ဟွန်းသံမှ ငတောကြား၏။ ဟွန်းသံပေးပြီး မကြာမီမှာပင်လျှင် ငတောနေထိုင်ရာသို့ ဆိုင်ကယ်စီးလာသူက ဝင်လာ၏။

ဝင်နေ ထွက်နေကျ လူရင်းချင်းဖြစ်၍ ငတော ထိုင်နေရာ တန်းတန်းမတ်မတ် ဝင်လာကာ၊ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး နှုတ်ဆက်သည်။

ငတောက ဆီးကြိုသည်။

“လာ မောင်မောင်ဦး၊ ရေနွေးကြမ်းသောက်၊ မင်းဟာ စည်ပင်နဲ့ ချိုင့်ကြီးခရီးကို ဒီအချိန်ရောက်အောင်လာတာဆိုတော့ ဘာတွေများ အရေးပေါ် လာပြန်ပလဲ။ ခါတိုင်းလာရင်နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှပါ”

“အရေးပေါ်လို့ ကိုကြီးတောရဲ့ … အရေးပေါ်လို့၊ ဒိုင်ချုပ်က ငါကိုင်တုတ် ကလော်ဆဲနေလို့”

“ဟေ”

လာနေကျ၊ ရောက်နေကျ၊ ခင်မင်ဝင်ထွက်နေကြလူပီပီ မောင်မောင်ဦးသည်၊ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်သည်။ ပြီးမှ

“မမဂျမ်း ဘယ်သွားလဲဗျ၊ ငလုံးနဲ့ ငမုံးကော”

မင်း မမဂျမ်းတော့ ချက်ကာနီး ပြုတ်ကာနီးမှာ ဘာမှမရှိတာနဲ့ ခုမှ ငွေရလို့ ဈေးပြေးလေရဲ့။ စောင်ခြုံအိပ်နေတာ ငလုံးလေကွာ။ ငမုံးက စာကြည့်နေလေရဲ့”

မောင်မောင်ဦးက ဝင်နေထွက်နေကျလူဖြစ်၍ မမြင်သူကိုမေး၏။

ဟုတ်သည်။ မောင်မောင်ဦးသည် ယခုမှ ခင်မင်သူမဟုတ်၊ အလျင်ထဲက ခင်ခင်မင်မင်။

ချိုင့်ကြီးရွာ၌ ငသိန်းဒိုင်ခွဲမဖြစ်သေးခင်က ငတောသည် မြွေပွေး၊ လင်းမြွေ၊ တောက်တဲ့နှင့် လိပ်ကို စည်ပင်မြို့ရှိ ဦးစံထွန်းအောင်ထံ သွားရောက်ရောင်းချရသည်မှာ အကြိမ်ကြိမ်။

သည်အချိန်တုန်းက ငသိန်းသည် သျှောင်ခြောက်ဆယ်၊ ရိုက်စား။ ဒိုင်ချုပ်ဦးစံထွန်းအောင်ထံ ကုန်သွားသွင်းရန် ဆော်ဩပေးသော အလံရှူး၊ အနားပြာ။

မောင်မောင်ဦးက ဒိုင်ချုပ်ဦးစံထွန်းအောင်၏ လူယုံတော် အလုပ်သမား။

တောက်တဲ့၊ လိပ် အကြီးအသေး ခွဲရသူ၊ လိပ်ကို ချိန်ရသူ။ မြွေပွေးနှင့် လင်းမြွေကို ရွေးရ ချိန်ရသူ။

မြွေနှင့် တောက်တဲ့မှာ အနာအဆာ ပါ မပါ စစ်ဆေးရသူ။ ဒိုင်ချုပ်အလုပ်သမားပီပီ ဒိုင်ချုပ်ထံပါး အမြဲနေရသူ။

ငတောက ကြိမ်ရေများစွာ၊ ကောင်ရေများစွာ ရောင်းချခဲ့သူ။ လုပ်ငန်းသဘောပတ်သက်ရာက လူချင်းသိကျွမ်း ခင်မင်ဝင်ထွက် ရှိခဲ့ကြသည်။

ချိုင့်ကြီးမှာ ငသိန်းဒိုင်ခွဲဖွင့်သည့်တိုင် သူတို့နှစ်ဦး ဆက်ဆံရေးမပျက်။ ဒိုင်ခွဲငသိန်းအိမ်သို့ ဆိုင်ကယ်ဖြင့်လာတိုင်း ရွာအဝင်လမ်း၌ရှိသူ ငတောအိမ်သို့ ဝင်ရောက်နှုတ်ဆက်ပြီးမှ မောင်မောင်ဦးသည် ငသိန်းအိမ်သို့ သွားလာနေကျ။ ထို့ကြောင့် ပြောဆိုရာ၌ ပွင့်ပွင့်လင်းလင်း။

“ဘိုးတော်ကြီး ဦးစံထွန်းအောင်က ဘာလို့ ကလော်တုတ်ဆဲနေလဲကွ၊ မင်းဆဲတာလား”

“ဘယ်ဟုတ်လိမ့်မလဲ ကိုကြီးတောရ၊ ခင်ဗျားတို့ကျေးဇူးတော်ရှင် ဒိုင်ဦးသိန်းကို ဆဲတာပေါ့ဗျ”

“တို့ကျေးဇူးတော်ရှင်လို့ မပြောပါနဲ့မောင်ရာ။ ရွှေနားတောင်းအရောင်ကြောင့် ပါးပြောင်နေလို့သာ ဆက်ဆံနေရဲတာ။ ငသိန်းဟာ သျှောင်ခြောက်ဆယ်၊ ဝဲ၊ ရိုက်စားမှန်းတို့ အသိပါ။ မချစ်သော်လဲ အောင့်ကာနမ်း၊ မနမ်းသော်လဲ ပင့်သက်ရှူနေရတာပါ”

“ခုဟာက ဒိုင်ချုပ်ဆဲတာ နည်းသေးတယ်။ ကင်းပုစွန်နဲ့ ကင်းမြီးကောက်ဈေးတွေက မကြုံစဖူးအောင်ဈေးတွေထိုးတက်၊ အဝယ်ကလည်း အရမ်းလိုက်နေလို့ ဈေးမြှင့်ဝယ်ပါ။ ရတဲ့ကုန်ကို တစ်ညသာ သိပ်ပြီးချက်ချင်းပို့ပါ၊ နည်းများမဟူ ဒိုင်ချုပ်က စရိတ်ခံပါမယ်လို့ ခေါ်ပြော၊ ကြိုတင်ငွေတွေကို ဒိုင်ခွဲတွေလိုသလောက် ချက်ချင်းထုတ်ပေးတယ်။

ငွေတွေတော့ ထုတ်သွားတာ တစ်ပတ်ရှိပြီ။ တစ်ခြားဒိုင်ခွဲတွေက ကုန်ပို့တာ နည်းသုံးခါ များငါးခါ ရှိပြီ။ ဦးသိန်းက ကုန်လည်းမလာ၊ လူလဲမဆက်၊ စာလဲမပေး၊ လူကြုံမှာလဲ အကြောင်းမပြန်ဘဲ ပေကပ်နေတယ်။

အရောင်းအဝယ်လုပ်တဲ့လူ ဒီလိုလုပ်လို့ ဘယ်ရမလဲဗျ။ ဒိုင်ချုပ်က ကုန်လာမလား၊ ငွေလာမလား၊ လူလာမလား အပြတ်မေး၊ ငါကိုယ်တိုင် မသွားတာက ဒီကလေကချေကို ပါးရိုက်မိမှာစိုးလို့ မင်းသွားစမ်း ခိုင်းတာကြောင့် စေတဲ့ကျွန် ထွန်တဲ့နွား လုပ်ခဲ့ရတာ၊ ဦးသိန်းက ဘယ်လိုလူစားလဲဗျ”

မင်းတို့ဒိုင်ချုပ်လို လူစားပါ။ အရင်းဖြတ်၊ အဖျားမြတ်ပါဟု ငတော ပြောလိုသော်လည်း အဖြေသိနေသောလူအား အဖြေပြောရန် မလိုအပ်သောကြောင့် မပြောတော့။

မောင်မောင်ဦး ပြန်သွားသည့်တိုင် ငတော ငူငူငိုင်ငိုင်။

လုပ်ရက်ပေ့ ငသိန်းရယ်၊ ဒို့လိုကောင်တွေပေါ်မှာ မင်းလုပ်ရက်တာကတော့ သူတောင်းစားခွက်ထဲက မုန့်လုစားတဲ့လူထက် ရက်စက်ရာကျပါတယ်။

တို့ကို ရိုက်စားလုပ်ချင်တာနဲ့ စာလိမ်ရေးပြတာတော့ မင်းလုပ်တာ အပိုပါပဲ။ အလကား လက်ညောင်းအောင် စာရွက်ကုန်အောင် မင်းရေးနေ။ မင်းတို့ ဦးစံထွန်းအောင်တို့ ဖြတ်ချင်တဲ့ ဈေးဖြတ်၊ ချိန်ချင်တဲ့အလေးနဲ့ ချိန်နေတာကို ဒို့ ပြောဝံ့ခဲ့ကြလို့လား၊ ပြောရဲခဲ့ကြလို့လား၊ လှန်ရဲခဲ့ကြလို့လား။ မသိလဲခံ သိလဲခံ ငွေရှိသူလုပ်ရာ ခံခဲ့ရတာ ဒို့တောသမားတွေပဲ။

မင်းက စာရွက်အကုန်မခံ၊ လက်ညောင်းမခံဘဲ၊ တစ်ကောင်မှ အစိပ်သာပေးမယ်၊ ရောင်းချင်ရောင်း၊ မရောင်းချင်နေလို့ ခပ်မာမာနဲ့ ပြောင်ဖွင့်ပြောလဲ တို့ မရောင်းဘဲ နေနိုင်မလား။

ဘယ်နေနိုင်ပါ့မလဲ၊ ထမင်းချက်ချိန်မှာ ဆန်လိုနေတာကိုး။ နေ့တွက်မကိုက်ရင် နောင်မှသာ ဒို့ တစ်ခြားဟာ ရှာလုပ်မယ်၊ ကနေ့တော့ ရောင်းရမှာပါ။

စာစောင်တွေထဲမှာ ဖတ်ရတာကို ဒို့လာလာပြောကြတယ်။ တစ်ချို့က စာစောင်ယူလာပြီး ပြကိုပြကြတယ်။

မြွေတစ်ကောင် တစ်ထောင့်ငါးရာ၊ တောက်တဲ့တစ်ကောင် တစ်ရာ့ငါးဆယ်၊ ပုတ်သင်ညိုတစ်ကောင် တစ်ရာ့ငါးဆယ်၊ ကင်းမြီးကောက်တစ်ကောင် တစ်ရာ့ငါးဆယ်၊ ကင်းပုစွန်တစ်ကောင် တစ်ရာ့ငါးဆယ် တဲ့။

မြွေအကြီးဆုံး ရှယ်ခေါ်တဲ့ လင်းမြွေမှ ရှစ်ရာဝန်းကျင်။ မြွေပွေးဆို သုံးလေးရာကျော် ဝန်းကျင်၊ တောက်တဲ့တစ်ကောင်မှ ငါးဆယ်၊ ပုတ်သင်ညိုတစ်ကောင်မှ သုံးဆယ်၊ ကင်းမြီးကောက် ငါးဆယ်၊ ကင်းပုစွန်ငါးဆယ်။ ဒါ ဒို့ရဖူးတဲ့ အမြင့်ဆုံးဈေးပါ။

ပြွမ်းအတွက်ခံရတဲ့အခါ၊ ဈေးတက်ဈေးကျ ရှိတဲ့အခါမှာ လုပ်တိုင်းခံခဲ့ရတာ ဒို့ပါငသိန်းရာ။ သိရက်သားနဲ့ ခံခဲ့ရတဲ့ ကောင်တွေပါ။

စာစောင်တွေထဲမှာပါတဲ့ မြွေထောင့်ငါးရာ၊ တောက်တဲ့၊ ပုတ်သင်ညို၊ ကင်းမြီးကောက်၊ ကင်းပုစွန် တစ်ရာ့ငါးဆယ်ဈေးဟာ တောသား ငနုံငချာဖြစ်တဲ့ ဒို့လို ငမွဲငနာတွေရတဲ့ဈေး မဟုတ်ပါဘူး။ မင်းတို့လို ဒိုင်ချုပ်လက်ပါးစေ ဒိုင်ခွဲတွေ၊ ဒိုင်ချုပ်ကြီးလက်ပါးစေ ဒိုင်ချုပ်တွေ၊ ငွေရှင်ကြီးတွေလက်ပါးစေ ဒိုင်ချုပ်ကြီးတွေပါကွာ။ ကိုယ်တိုင်ဒိုင်ချုပ်ကြီးလုပ်နိုင်တဲ့ ငွေရှင်ကြီးတွေပါကွာဟု ငတောစိတ်ထဲမှ ပြောမိသည်။

ငတောသည် ငသိန်းအပါအဝင် အားလုံးအပေါ် ဒေါသအမျက်ခြောင်းခြောင်း မထွက်။ သူ့ဘဝ သူတွေးကာသာ ဝမ်းနည်းမိ၏။ ဘဝက အောက်ဆုံးဘဝ၊ အနေအထားက နောက်ဆုံးကလူ။ အောက်ဆုံးဘဝ၊ နောက်ဆုံးမှလူသည် သူတို့၏ ဘဝသံသရာကိုစဉ်းစားမိ၏။

မရှိတော့ နေ့ရောညပါ အလုပ်လုပ်ရ၏။

ဒိုင်ချုပ်ဈေး၊ အခြားဒိုင်ခွဲဈေးကို သူတို့ မစုံစမ်း၊ စုံစမ်းရမှန်းလည်း မသိ၊ စုံစမ်းချိန်လည်းမရှိ။

ဈေးမကြိုက်လျှင် ကြိုက်ဈေးရအောင် စောင့်နေပါရောလား။

ထမင်း ချက်ချင်း ချက်ချင်နေသောအခါ ဈေးမစောင့်နိုင်၊ မရောင်းဘဲ မနေနိုင်။

မရောင်းဘဲ မနေနိုင်တော့ ပေးသမျှဈေး၊ ချိန်သမျှအလေးကို ခေါင်းညိတ်ရသည်။ ခေါင်းခါလည်ဝံ့ဆိုသင့်သည့်စကားကို မဆိုသာ။

ဒါသည်ပင် သူ့တို့ဘဝသံသရာ။

တွေးရင်း ကြေကွဲရာမှ ရင်ထဲဆို့လာသည်။ ထိုဝေဒနာကို မေ့ပျောက်စေရန် ပေါင်းထားသော ခေါင်းပေါင်းတဘက်လေးချွတ်လျက် ခုကာ၊ ထန်းပလပ်တန်းလျားပေါ် ငတော ထိုးအိပ်သည်။ တဒင်္ဂမှာတော့ ဝေဒနာက လွတ်ကရော့ဟယ် သဘောထား၏။

ငတော အိပ်တော့ပျော်ပါ၏။ အိပ်မက်ကို သူတားမရ။

ကင်းမြီးကောက်နှင့် ကင်းပုစွန်အများအပြားသည် အိပ်မက်ထဲ၌ ရောက်လာပြီး ဇွတ်ချီကာ ငတောကို တစ်နေရာသို့ ခေါ်သွား၏။ ထိုနေရာကို ပြ၏။

ဒိုင်ချုပ်ကြီး၊ ဒိုင်ချုပ်နှင့် ဒိုင်ခွဲတို့၏ များစွာသော တိုက်များ၊ ကားများ၊ ဆိုင်ကယ်များ။

ကြည့်ရင်း ကြည့်ရင်း ငတော နဖူးကြောရှုံ့ကာ ထူးဆန်းလှသဖြင့် ပြန်ပြန်ကြည့်သည်။

ဒိုင်ချုပ်ကြီး၊ ဒိုင်ချုပ်နှင့် ဒိုင်ခွဲတို့၏ တိုက်များက
ထူးပေစွ၊ ဆန်းပေစွ။ ဒီဇိုင်းပုံစံ ထွင်လွန်းပေစွ။ အံ့ဖွယ်ဘနန်း ဆန်းဆန်းကြယ်ကြယ်။

တိုက်ပုံစံက ငတောမြင်ဖူးသော တိုက်ပုံစံမဟုတ်။
မြွေပုံစံများ၊ ကားပုံစံက၊ လိပ်ပုံစံ၊ တောက်တဲ့ပုံစံများ။

ဆိုင်ကယ်အရွယ်အစား အမျိုးမျိုးကလည်း ပုံစံအမျိုးမျိုး။ ကင်းမြီးကောက်ပုံစံ၊ ကင်းပုစွန်ပုံစံ၊ လိပ်ပုံစံ၊ သင်းခွေချပ်ပုံစံ။

ရေးထားသည့် အက္ခရာများက တိုက်၊ ကား၊ ဆိုင်ကယ်မျိုးစုံမှာ စာလုံးကြီးကြီးမားမား၊ အဓိပ္ပာယ်တူ၊ ပုံစံတူ၊ အရောင်တူ၊ တစ်ညီတစ်ညာ။

ဖတ်ချင်ဇောဖြင့် ငတော ကပျာကယာ ဖတ်လိုက်သည်။ ထပ်မံ ဖတ်မိသည်။ ဖတ်ရင်းဖတ်ရင်း ရင်တလှပ်လှပ်။

စာက “တောလိုက်သမားတို့၏ ချွေးသွေးအသီးအပွင့်များ” တဲ့။ ။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်

Leave a Reply

Your email address will not be published. Required fields are marked *