ဖိုးကျော့
ကပိုင်တောက ချေဟောက်သံ
“ကျော်ဝရေ ဝေး … ကျော်ဝ”
“ဗျိုး. … ဘကြီး”
“ငါ့လခွေး- ဘကြီး လုပ်မနေနဲ့၊ ရေကျနေပြီဟ”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
“အေး- မင်း မြန်မြန်လှေဆိပ်သွားလိုက်၊ လမ်းကြုံတာပဲ ဟိုကောင် ကြီးစိန်ကိုလည်း ဝင်နှိုးသွားပါဦးဟ။ သာအောင်ကြီးကိုတော့ ငါပဲခေါ်သွားလိုက်မယ်ကွ။ ထင်းခုတ်လိုက်မယ်ဆိုတဲ့ ကောင်တွေကလည်း ဝီရိယနည်းပါးလိုက်ကြတာ။ တစ်ယောက်ပြီးတစ်ယောက် ငါပဲ လိုက်နှိုးနေရတယ်”
ဖျစ်တောက်ဖျစ်တောက်နှင့် ဦးအောင်တိုင် အိမ်ရှေ့က ထွက်သွားသံကို ကြားလိုက်ရသည်။
ကျော်ဝသည် ချက်ချင်းအိပ်ရာက လူးလဲထပြီး လှော်တက်နှင့် ညဉ့်ဦးကပင် အဆင်သင့်ပြင်ဆင်ထားသော အဝတ်ထုပ်ကို ကောက်ဆွဲကာ အိမ်က ထွက်လာသည်။
ကြီးစိန်တို့အိမ်ရှေ့အရောက်မှာ ကြီးစိန်ကို ခေါ်ကြည့်၏။ သူ့မိန်းမက သွားနှင့်ပြီပြောသဖြင့် ရွာပြင်သို့ မပြေးရုံတစ်မည် သုတ်ခြေတင်လာသည်။
ရွာပြင်ရောက်တော့ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်၏။
ခုနစ်စဉ်ကြယ်က ဦးစောက်ပြောင်းပြန် ကင်းမြီးကောက်ထောင်နေသည်။ မနက်သုံးနာရီခန့်ရှိလောက်ပြီဆိုသည်ကို အတွေ့ အကြုံအရ ချက်ချင်း သိလိုက်သည်။
ပြားတောချောင်းကမ်းပါးရှိ သူတို့လှေနားအရောက်မှာ လှေထဲမှ လူသံတွေကို ကြားရသည်။ ကြီးစိန်နှင့် သာမောင်တို့ကား သူ့ထက်စော၍ လှေပေါ်ရောက်နှင့်နေကြပြီ။
“ဟေ့ကောင်၊ ရေကျစပြုနေပြီကွ။ အဘအောင်ကော”
“ဘကြီးက ငါ့လာနှိုးပြီး သာအောင်ကြီးကို သွားနှိုးဦးမယ်ဆိုပြီး ထွက်သွားတာပဲကွ။ ခု သာအောင်ကြီးက လှေပေါ်ရောက်နှင့်နေတော့ လာပါလိမ့်မယ်။ ငါ့ကိုတောင် ထင်းခုတ်လိုက်မယ်ဆိုပြီး ဝီရိယနည်းရသလားလို့ ဆူသွားသေးတယ်”
“ဟား ဟား ဟား”
“ဟား ဟား ဟား”
ကျော်ဝ၏စကားကို ကြီးစိန်နှင့် သာအောင်ကြီးတို့က ရယ်လိုက်ကြသည်။
“ဒီလူကြီးက စိတ်မြန်ကိုယ်မြန်သမားနော်။ သူနဲ့လိုက်ရင် ဝီရိယရှိမှ ကြိုးစားနိုင်မှကွ။ အဲဒါကြောင့် ငါတော့ ညက အိပ်တောင် ကောင်းကောင်းမအိပ်ရဲခဲ့ဘူး။ တစ်ရေးနိုးကတည်းက လှေပေါ် ဦးဆုံးရောက်နေတာ”
သာအောင်ကြီး၏စကားအဆုံးမှာပင် ဦးအောင်တိုင် ရောက်လာသည်။
“ကဲ- လုပ်ကြ၊ တို့ ဒီရေကျစနဲ့လိုက်သွားရင် နောက်တစ်ရေ မတက်ခင် သံသမားကြီးကို ရောက်မှာပဲ”
ဦးအောင်တိုင်မှာ နှစ်စဉ်နှစ်တိုင်း သွားနေလာနေကျ ဖြစ်သဖြင့် ဒီရေအတက်အကျကိုလည်း ခရီးအကွာအဝေးနှင့် ချိန်ဆနိုင်သူ ဖြစ်သည်။ ထို့ကြောင့် ယခု သံသမားကြီးဘက် ကပိုင်ထင်းခုတ်ရန် အသွားတွင် ဦးအောင်တိုင်က ခေါင်းဆောင်လူကြီး ဖြစ်သည်။
ကပိုင်ထင်းတွေမှာ ယခုအခါ မြို့ကြီးများ၌ ဈေးကောင်းရောင်းနေရသည်။ ထို့ကြောင့်လည်း သူတို့သည် အနောက်ရိုးမတောင်ခြေရှိ ရေငန်ရောက် ကပိုင်ဗျိုက်တောထဲတွင် ကပိုင်သားထင်းခုတ်ရန် သူတို့ရွာအောက်ရှိ ဓနိချောင်းမှ လှေကြီးတစ်စင်းနှင့် သံစိုက်မြစ်ပေါက်ဘက် ထွက်လာကြသည်။
… … … …
ရွာအောက်ရှိ ဓနိမော်ချောင်းမှ စထွက်လာစဉ်က လှော်တက်ကို အားကိုး၍ လှော်ခတ်ကာ ထွက်လာကြသော်လည်း သစ်ဆိုင်ပြူးတော၊ ပြာတောများ ဆုံး၍ သံစိုက်မြစ်ပေါက်ထဲ ရောက်လာသည်နှင့် လေက တဖြူးဖြူးတိုက်ခတ်လာသည်။
ထိုအခါ သူတို့သည် ခြုံစောင်များနှင့် ရွက်တစ်ရွက် လွှင့်ကြသည်။ ဒီရေအကျမှာ လေကလည်း ရွက်ထည်ကို ပင့်ပေးနေရာ လှေမှာ သံစိုက်မြစ်ထဲ တရိပ်ရိပ်ပြေးနေသည်။ လှော်တက်ကို သုံးယောက်သား ချွေးတလုံးလုံးနှင့် လှော်ခတ်ရန်မလိုတော့။
ထို့ကြောင့် ပဲ့ကိုင် ဦးအောင်တိုင်ကလွဲလျှင် ကျော်ဝ၊ ကြီးစိန်တို့မှာ နံနက်စာ ထမင်းဟင်းကို လှေပေါ်မှာပင် ချက်ပြုတ်ကြသည်။ သာအောင်ကြီးကတော့ သူ့ဝါသနာအတိုင်း ယူလာသော ငါးမျှားချိတ်တွင် ငါးစာတပ်ပြီး သံစိုက်မြစ်ထဲ ငါးမျှားတန်းချ ဆွဲလာ၏။
“ဟေ့ကောင်၊ ဒီလောက် ဒီရေအကျနဲ့ လှေပြေးနှုန်းမြန်နေတာ မင်းငါးမျှားချိတ်ထဲ ဘယ်ငါးလာဟပ်မှာပဲ။ ငရုတ်သီးလာထောင်းစမ်း”
“ခင်ဗျားမသိပါဘူး၊ တစ်ခါတစ်ခါ လူတစ်ရပ်လောက်ရှိတဲ့ ကသပေါင်းကြီးတွေတောင် ဒီလိုသွားရင်းလာရင်း ကျွန်တော်တို့ ရဖူးလို့ပါဗျ”
“အေး ဒါဆိုလည်း သံသမားကြီးမရောက်ခင် တစ်ကောင်လောက်တော့ ရအောင်မျှားကွာ။ သံသမားကြီးရောက်လို့မှ ကသပေါင်းတစ်ကောင်မှ မရရင် ညနေ မင်းတစ်ယောက်တည်းပဲ ထမင်းဟင်း ချက်တော့နော်”
“အေး သာအောင် ထမင်းဟင်းချက်တော့ မင်းတို့က ရောက်ရောက်ချင်း ကြက်ပစ်၊ ငှက်ပစ်ထွက်ကြမလို့လား။ ငါ ခုတင်ကပင် ပြောထားပါတယ်နော်။ သံသမားကြီးဘက်က တောနက်သလို နတ်လည်းကြီးတယ်။ အထူးသဖြင့် ကြောင်တစ်ရာတောနဲ့လည်း ဆက်နေတော့ မင်းတို့ ဟိုကိုရောက်ရင် ကြောင်ကိုတော့ ဘယ်လောက်လွယ်လွယ်တွေ့တွေ့ မပစ်မိဖို့ သိပ်အရေးကြီးတယ်”
“ဘာဖြစ်လို့လဲ ဘကြီး”
ပဲ့ကိုင်နေရာက သူတို့ပြောဆိုနေကြသံကို ကြားသဖြင့် တောမှာ တောင်မှာ ရှောင်ရန်၊ ဆောင်ရန်တွေကို ကြိုတင်ပြောလာသော ဦးအောင်တိုင်အား ကျော်ဝက လှမ်းမေး၏။
“နတ်ကြီးလို့ပေါ့ကွ”
“ဘယ်လိုနတ်ကြီးလဲ ဘကြီး၊ ကျွန်တော်တို့ကိုလည်း ခုကတည်းက ပြောထားပါဦး”
ကပိုင်ထင်းခုတ်ရင်း ကြက်၊ ငှက်၊ တောကြောင်များ တွေ့လျှင်လည်း ဟင်းစားပစ်ရန် ဝါးပြောင်း၊ လေးခွကိုယ်စီပါလာကြသော ကြီးစိန်က ဦးအောင်တိုင်ကို လှမ်းမေးသည်။
“ကြောင်တစ်ရာတောအကြောင်း မင်းတို့ မကြားဘူးကြသေးကိုး”
“ဟုတ်ကဲ့၊ မကြားဘူးပါလား အဘ”
“မင်းကို လူကြီးတွေက မပြောထားမိတာက မင်း သံသမားကြီးဘက် အရင်က ထင်းခုတ်မရောက်ဘူးလို့လား”
“အနောက်ရွာက လူမောင်ကြီးတို့အဖွဲ့နဲ့တော့ တစ်ခါရောက်ဖူးပါတယ် ဘကြီးအောင်၊ သူတို့ကတော့ ဘာမှမပြောကြပါလား”
“မင်းတို့ လူငယ်တွေချည်းဆိုတော့ မသိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ ဒီမှာ ငါပြောမယ်။ ကပိုင်ထင်းပေါတဲ့ သံသမားကြီးဟာ ကြောင်တစ်ရာတောနဲ့ ဆက်နေတယ်။ အဲဒါကြောင့် ခု မင်းတို့ သံသမားကြီး ရောက်ရင် ဘယ်နေရာမှာ အလွယ်တကူ ကြောင်တွေ့တွေ့ မပစ်မိဖို့သိပ်အရေးကြီးတယ်”
“ပစ်ရင်ကော ဘကြီး”
“အေးပါ ၊ အဲဒါ ငါပြောမလို့ပါဟ။ ကျော်ဝ … မင်း လှေရွက်ကြိုးကို အနောက်ဘက် နည်းနည်းရွှေ့ချည်လိုက်။ လေငန်းစောင်းတိုက်လာပြီ”
“ဟုတ်ကဲ့”
ဟုပြောပြီး ကျော်ဝက လှေရွက်ကြိုးကို ရွှေ့ချည်လိုက်သည်။ ယခု လှေရွက်ထည်ဖြစ်နေသော လူလေးယောက်၏ စောင်လေးထည်မှာ သံသမားကြီးကိုရောက်လျှင် တစ်ထည်စီ ပြန်ဖြုတ်ပြီး ခြုံကြရမည့် စောင်များဖြစ်သည်။
“အဲဒီ ကြောင်တစ်ရာတောဆိုတာ အင်မတန် နတ်ကြီးတယ်။ တို့ ငယ်ငယ်တုန်းက ဦးပေါ်စ ဆိုတဲ့ ထင်းခုတ်အဖွဲ့ခေါင်းဆောင်ဟာ သံသမားကြီးတောထဲမှာ ကြောင်တစ်ကောင်ကို အလွယ်တွေ့တာနဲ့ ဝါးပြောင်းနဲ့ပစ်တာ တစ်ကောင်က နှစ်ကောင်၊ နှစ်ကောင်က လေးကောင်၊ လေးကောင်က ရှစ်ကောင်၊ အဲသလို ကြောင်တစ်ရာလောက်ကို ဖြစ်လာတယ်တဲ့။
အမှန်ကတော့ တစ်စုံတစ်ခု အမှားအယွင်းရှိလို့ တောမှောင့်တဲ့သဘောပေါ့။ အဲဒါကြောင့် ခုထိ သံသမားကြီးဘက်က ကပိုင်တောထဲမှာ ကြောင်တွေ့ပေမယ့် ဘယ်လူမှ မပစ်ဝံ့ကြတော့ဘူး။ အဲဒါကြောင့် ခု မင်းတို့လည်း ကြောင်တွေ့ပေမယ့် ဘယ်လူမှ မပစ်ရဘူးနော်”
“ဟုတ်ကဲ့ အဘအောင်၊ တခြား အကောင်ပလောင်တွေတော့ ပစ်လို့ရတယ် မဟုတ်လား”
“တခြား အကောင်ပလောင်တွေတော့ ပစ်လို့ရပါတယ်။ ဘာသံမှ မကြားဖူးပါဘူး။ ကြောင်တစ်ခုတော့ မင်းတို့ ရှောင်ကြပေါ့ကွာ”
“ဟုတ်ကဲ့၊ယ စိတ်ချပါ အဘအောင်”
သည်လိုနှင့် ဦးအောင်တိုင် ဦးဆောင်သော ကပိုင်ထင်းခုတ်အဖွဲ့သည် သံသမားကြီးဘက် ဆက်လက်ရွက်လွှင့်လာကြလေသည်။
“ကဲ ဟိုရှေ့က မြင်နေရတဲ့ ငါးဟောက်ချောင်းပေါက်ကို တို့ဝင်ရမယ်။ မင်းတို့ ရွက်ကိုရုပ်လိုက်ကြတော့”
ပဲ့ကိုင်ကြီး အမိန့်အတိုင်းပင် ကျော်ဝ၊ ကြီးစိန်နှင့် သာအောင်ကြီးတို့သည် လှေရွက်ကို ရုပ်ချလိုက်ကြသည်။ သို့သော် လှေသွားနှုန်းက ချက်ချင်း ရပ်မသွားသေး။ အရှိန်နှင့် တဖြည်းဖြည်း သံစိုက်မြစ်၏ ငါးဟောက်ချောင်းပေါက်ဘက် ရွေ့လျားလာနေ၏။
ပဲ့ကိုင်ကြီး ဦးအောင်တိုင်သည် လှေဦးကို သူတို့ဝင်ရမည့် ငါးဟောက်ချောင်းဝသို့ လှည့်ပေးလိုက်သည်။ လှေသွားနှုန်းမှာ သိသိသာသာ လျော့ကျသွားပြီး ဖြစ်သဖြင့် တရွေ့ရွေ့သာ ငါးဟောက်ချောင်းဝဘက် သွားနေသည်။
“ကဲ သာအောင်ကြီး၊ လေနတ်သားက မင်းတို့ကို တစ်လှည့် တာဝန်ယူကြပါဦး ဆိုပါလား ဟဲ …ဟဲ”
ငါးဟောက်ချောင်းကို ရောက်သည်နှင့် ဦးအောင်တိုင်က သူ့လူများကို အရွှန်းလေးနှင့် ပြောလိုက်၏။
သံစိုက်မြစ်ထဲတွင်မူ ရေကျအတိုင်း ရွက်လွှင့်လာကြသဖြင့် လှေထိုး လှေလှော်သားတွေမှာ အနားရလာကြသော်လည်း ယခုအခါ ရေကလည်း ပြန်တက်လာစပြုရာ သူတို့မှာ ဒီရေအတက်နှင့် ငါးဟောက်ချောင်းဝထဲ ၀င်ကြရန် ကျော်ဝ၊ ကြီးစိန်နှင့် သာမောင်ကြီးတို့မှာ လှော်တက်တွေကို ကိုယ်စီကိုင်လိုက်ကြရပြန်သည်။
ငါးဟောက်ချောင်းမှာ ချောင်းကျဉ်းသလို အကွေ့အကောက်တွေလည်း များသဖြင့် ဦးအောင်တိုင်က လှေပဲ့ကို သတိနှင့် ထိန်းကိုင်လာရ၏။ ချောင်းကမ်းနှစ်ဖက်ရှိ ကပိုင်ဗျိုက်တောထဲမှ ဘုတ်အီသံများကိုလည်း ပြတ်တောင်းပြတ်တောင်း ကြားလာရသည်။
သည်လိုနှင့် ဦးအောင်တိုင်တို့အဖွဲ့သည် သူတို့လှေဆိပ်ထားကြရမည့် ချောင်းကမ်းဘေးနားကို ညနေငါးနာရီလောက်မှာ ရောက်လာကြသည်။ ဒီရေအတက်အကျတွင် လှေငြိမ်အောင် ဆိုက်ကပ်ထားနိုင်သော နေရာကိုရွေးကာ လှေဆိုက်ကြသည်။
ယနေ့ညနေတွင် ညနေစာထမင်းကို သံစိုက်မြစ်ထဲက ရလာသော ငါးနှင့် သာအောင်ကြီးက လှေပေါ်၌ပင် ချက်နေသည်။
ဦးအောင်တိုင်သည် သူတို့ တစ်လကိုးသီတင်း ထမင်းဟင်း ချက်စားကြရမည့်နေရာနှင့် ညဉ့်အိပ်ညဥ့်နေ နေနိုင်သော နေရာကို သတ်မှတ်ရန် လှေပေါ်က ဦးဆုံးဆင်းလာ၏။ သူ့နောက်မှ ကြီးစိန်နှင့် ကျော်ဝတို့က ဓားမကိုယ်စီယမ်း၍ လိုက်တက်လာကြသည်။
ဆိုက်ကပ်ထားသော သူတို့လှေနားရှိ စန့်လက်ခါးပင်ကြီး တစ်ပင်ရင်းကို ဦးအောင်တိုင်က နေရာသတ်မှတ်လိုက်သည်။ ပါးစပ်ကလည်း
“မြစ်စကား မြစ်ပျောက်၊ ချောင်းစကား ချောင်းပျောက်၊ တောစကား တောပျောက်၊ တောင်စကား တောင်ပျောက်”
ဟု ထုံးစံအတိုင်း အယူအဆအစွဲအလမ်းစကားများကို ဖျစ်ကောက်ဖျစ်တောက် ရွတ်ဆိုနေသည်။
ဤသည်ကို ကြီးစိန်က ကျော်ဝအား –
“ဟေ့ကောင် နောက်ဆို မင်းက ဦးစီးဦးဆောင်လုပ်ရမယ့်လူဆိုတော့ မင်းဘကြီး မဟုတ်ကဟုတ်က ဘာတွေရွတ်ဖတ်သရဇ္ဈာယ်လုပ်နေလဲ နားသွားနားထောင်ထားလေကွာ”
ဟု တီးတိုးနောက်သည်။
ထိုအချိန်မှာပင် ဦးအောင်တိုင်က သူတို့နှစ်ယောက်ဘက် ဖျတ်ခနဲ တစ်ချက်လှည့်ကြည့်ပြီး
“ဟေ့ကောင်တွေ ဒီနေရာ ဘေးကင်းရန်ကွာ နေရာဆို” ဟု မေး၏။
“ဟုတ်ကဲ့ခင်ဗျား၊ ဒီနေရာ ဘေးကင်းလို့ ရန်ရှင်းပါတယ်။ တောပိုင်ကြီး တောင်ပိုင်ကြီးများက ကျွန်တော်တို့ကို ခွင့်ပြုပြီးသားနေရာပါ”
ဦးအောင်တိုင်၏ ခပ်တည်တည်အမေးကို ကြီးစိန်နှင့် ကျော်ဝတို့က ပြိုင်တူပြန်ဖြေလိုက်ကြသည်။
“အေးအေး ဒါဆို ဒီနေ့ ဒီအချိန်ကစပြီး ငါတို့ ဒီနေရာမှာ စခန်းချလိုက်ပြီ။ တောကို တောင်ကို အစိုးရသော တောပိုင်၊ တောင်ပိုင်များ ကြားပါ၊ သိပါ၊ တိုင်တည်ပါတယ်။ ခလုတ်မထိ ဘေးမရှိအောင် မစ, စောင့်ရှောက်တော်မူကြပါ”
လက်ထဲက ဓားမနှင့် စန့်လက်ခါးပင်ကြီးကို သုံးချက်ခုတ်၍ ကြေညာလိုက်သည်။
ပြီးတော့မှ သူတို့လိုသလောက် တစ်ဖက်ယပ် ယာယီတဲလေးကို စန့်လက်ခါးပင်ကြီး ခြေရင်း၌ ထိုးကြသည်။ ဤတဲလေးမှာ သူတို့ ကပိုင်ထင်း ခုတ်နေကြသော ကာလတစ်လျှောက်လုံး မိမိပိုင် အိမ်သဖွယ် နေကြရမည့် နေရာ ဖြစ်လေသည်။
သို့သော် ဤနေ့ညတော့ တဲထိုးမပြီးသေးသဖြင့် လှေပေါ်၌သာ အိပ်ကြရပေဦးမည်။
လှေပေါ် တစ်ညအိပ်ကြရသည်မှာ ဒီရေတက်ကျချိန် လှေလူး၍ ကောင်းကောင်းမအိပ်ကြရ။
နွေလဟုဆိုသော်လည်း ရိုးမတောင်ခြေရှိ ကပိုင်ဗျိုက်တော နှင်းနှင့် အအေးဒဏ်ကိုတော့ လှေပေါင်းမိုးအောက်တွင် ပို၍ ခံနိုင်ကြသည်။ သူတို့ ဖြစ်သလို ဆောက်လုပ်ထားကြသော တစ်ပိုင်းတစ်စ တဲရှေ့တွင် နှစ်ဆယ့်လေးနာရီလုံးလုံး နေ့ရောညပါ မီးမသေနိုင်သော ထင်းတုံးကြီးအခြောက်တွေကို လိုက်ရှာကောက်ပြီး မီးဖိုကြီးတစ်ဖိုကိုလည်း ဖိုထားကြရသည်။ မီးဖိုအပြီးမှာ မိုးကလည်း ချုပ်ပြီးဖြစ်သဖြင့် ညနေစာကိုစားရန် လှေပေါ်ကို တက်လာကြလေသည်။
သူတို့သည် နောက်နေ့နောက်နေ့တွေမှာတော့ ယခု ဆောက်လုပ်ထားခဲ့ကြသော တဲထဲ၌ပင် အိပ်ကြပေတော့မည်။ သို့သော် တစ်စုံတစ်ခု အကြောင်းကြောင်းကြောင့် အ,ကာလ ညအခါ၌ သူတို့တဲနားဝန်းကျင်မှ တောကောင်(ကျား) စသည် မြည်သံကြားလျှင်တော့ လှေပေါ်ပြန်တက်ပြီး လှေကို ကမ်းကခွာကာ ရေလယ်မှာ ကျောက်ချ သွားအိပ်ကြရမည် ဖြစ် လေသည်။
….. …. …. ….
ဦးအောင်တိုင်တို့အဖွဲ့ ကပိုင်တောထဲ ထင်းလာခုတ်နေကြသည်မှာ နှစ်ပတ်ပင် ကျော်လာခဲ့ပြီ။ ကပိုင်ထင်းများမှာလည်း အတော်အသင့် ရနေကြလေပြီ။ နောက်ထပ် တစ်ပတ်ကျော်ကျော် ခုတ်လိုက်ကြလျှင် လှေကြီးတစ်စင်းစာ ကပိုင်ထင်းများကို ရ၍ ရွာပြန်အိမ်ပြန်ကြရန်သာ ရှိတော့သည်။
ထို့ကြောင့် ဤနေ့၌လည်း သူတို့သည် ကပိုင်ထင်းများကို တက်ညီလက်ညီ အားကြိုးမာန်တက် ခုတ်လျက်ရှိကြသည်။ ထိုစဉ် သူတို့ ယာယီတဲအထက်နားရှိ တောထဲမှာ ချေတစ်ကောင် ဟောက်သံကို စကြားကြရသည်။ အချိန်မှာ သူတို့ နေ့လယ်စာစားပြီး ထင်းစတင်ပြန်ခုတ်ကြချိန်၌ ဖြစ်သည်။
အမှန်က ယခုလို သူတို့တဲနှင့် နီးနီးကပ်ကပ်သာ မဟုတ်သော်လည်း အတော်ဝေး အတော်လှမ်းသော တောတောင်တစ်နေရာရာမှ ချေဟောက်သံများကိုမူ နှစ်ရက်ခြား တစ်ခါ၊ သုံးရက်ခြားတစ်ခါ ဆိုသလိုတော့ သူတို့ ကြားနေကျဖြစ်သည်။ ထို့ကြောင့်လည်း ပထမကြားစက မည်သူမျှ ဂရုမစိုက်ကြ။ သူတို့၏ အလုပ်ကိုသာ ဆက်လုပ်မြဲ လုပ်နေလိုက်ကြ၏။
သို့သော် နောက်တော့ သူတို့ သတိမထား၍ မရတော့။ ချေဟောက်သံက ထူးခြားလာသည်။ ချေဟောက်သံမှာ အတော်ဝေးဝေး ရောက်သွားလိုက် သူတို့တဲနားဘက် ပြန်ရောက်လာလိုက်နှင့် အကြိမ်အခါ မနည်းတော့။
ပြီး ချေဟောက်သံမှာ သာမန်လန့်၍ အော်ဟောက်ပြေးသံနှင့်လည်း မတူဘဲ မကြုံစဖူး ထူးကဲသလိုရှိလှသည်။
ချေဆိုသော သတ္တဝါတွေမှာ အလွန်ကြောက်ရွံ့တတ်သော တိရစ္ဆာန်ဖြစ်လေရာ ကြောက်လန့်လျှင် အော်ဟောက်ပြီး တစ်ချိုးတည်း ထွက်ပြေးသွားတတ်ကြသည်။
ယခုမူ ထိုသို့မဟုတ်။ ချေဟောက်သံမှာ ဝေးသွားလိုက်၊ နီးလာလိုက်နှင့် သူတို့တဲဝန်းကျင်တွင် တဝဲလည်လည် ဖြစ်နေသည်။ ထို့ကြောင့် ဦးအောင်တိုင်က
“မင်းတို့ ဒီချေတစ်ကောင် ဟောက်နေသံကို သတိထားမိကြလား”
ဟု မေးလာသောအခါ အားလုံး သတိထားမိကြကြောင်း ပြန်ပြောလိုက်ကြသည်။
“အေးကွ၊ ဒီကနေ့ ဒီချေတစ်ကောင် ဟောက်နေတာ ထူးတယ်ဟေ့။ တစ်ခါမဟုတ် နှစ်ခါမဟုတ် ငါတို့တဲနဲ့လည်း နီးနီးလေးထိ လာလာဟောက်နေတာ သွားကြည့်ကြဦးမှ ထင်တယ်”
“ဟုတ်တယ် ဘကြီး၊ ဒီချေ ကျွတ်တန်းဝင်ချင်လို့ ကျွန်တော်တို့ကို လာချွတ်ဖို့ ခေါ်နေပြီနဲ့တူတယ်။ သွားကြည့်ကြရအောင်”
စကားပြောလျှင် တောမှာ တောင်မှာဟု မဆင်ခြင်၊ အမြဲ အပြောင်အပြက်မပြောတတ်သော ကြီးစိန်ကို ဦးအောင်တိုင်က မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်သည်။
“မင်းတို့ ကြားကြတဲ့အတိုင်းပဲ၊ စောစောက တစ်ခါဝေးသွားပြီး တစ်ခါ တို့တဲနားဘက် ရောက်လာပြန်ပြီ။ ကဲ လာကြ သွားကြည့်ကြရအောင်။ သတိဝီရိယတော့ ထားကြကွ”
ဦးအောင်တိုင် ရှေ့ဆုံးမှ တဲရှိရာဘက် တက်လာသည်။ ကျော်ဝ၊ ကြီးစိန်နှင့် သာအောင်ကြီးတို့ကလည်း နောက်က တန်းစီ၍ လိုက်လာကြသည်။
သူတို့တဲနားရောက်လာကြ၏။ ချေဟောက်သံကို တဲ၏အရှေ့ဘက် တောထဲမှ နီးနီးကပ်ကပ် ကြားနေရသည်။ ထို့ကြောင့် သူတို့လေးယောက်သည် တဲထဲမှ ဝါးပြောင်း၊ ဒူးလေးနှင့် လှံတို့ကိုယူကာ ချေဟောက်နေသံ ကြားရာဘက်သို့ ခြေသံလုံလုံနှင့် အသံတိတ် ရင်ပေါင်တန်း တက်လိုက်လာကြသည်။
ထိုသို့ လိုက်လာကြရင်း သူတို့ရှေ့ သုံးလေးလံလောက်အကွာ ချုံစအနားတစ်ခုအရောက်မှာ ရှူးခနဲ လေမှုတ်သံလိုလို အသံတစ်ခုကို ကြားလိုက်ကြရပြီး ချေက အော်ဟောက်ထွက်ပြေးသွားသည်။
ရှူးခနဲ အသံနှင့် ဤတစ်ခါ ချေဟောက်အော်မြည်ထွက်ပြေးသွားသံမှာ ယခင်က ကြားခဲ့ကြရသော အသံနှင့်စာလျှင် ပို၍ အထိတ်တလန့်နိုင်လွန်းလှသည်။
အသံမှာ ဆက်တိုက်လိုလို မပီမသ ဖြစ်သွားပြီး နောက်မှ တဖြည်းဖြည်း ဝေးပြီး ပုံမှန်ဟောက်သံလို ပြန်ဖြစ်သွားသည်။
ရှူးခနဲ အသံနှင့် ချေဟောက်ထွက်ပြေးသွားသံကိုသာ ကြားလိုက်ကြရသော်လည်း ဦးအောင်တိုင်တို့အဖွဲ့က ချေ၏ အကောင်အထည်ကိုကား မည်သူမျှ မမြင်လိုက်ကြရ။
ထို့ကြောင့် သူတို့သည် ရှူးခနဲ လေမှုတ်လိုက်သံလိုလို ကြားလိုက်ကြရသော တောင်လမုချုံနားကို တစ်ယောက်နှင့်တစ်ယောက် လက်ညှိုးညွှန်ပြ၍ ခြေသံလုံလုံနှင့် တစ်လှမ်းချင်း ချဉ်းကပ်လာကြသည်။
ထိုအချိန်မှာပင် စောစောက အော်ဟောက်ထွက်ပြေးသွားသော ချေဟောက်သံမှာ ဝေးနေရာမှ သူတို့လက်ရှိရောက်နေရာသို့ နီးလာပြန်သည်။ သူတို့လေးယောက်သည် ခုနေချိန်တွင် ချေဟောက်သံထက် တောင်လမုချုံကိုသာ အလေးထားဝိုင်းကြည့်၍ တစ်လှမ်းချင်း ချဉ်းကပ်လာနေကြ၏။
“ရှီး”
သာအောင်ကြီး၏ ပါးစပ်မှ သတိပေးလိုက်သံကြောင့် အားလုံး၏ လှမ်းလာနေကြသော ခြေလှမ်းတွေ ချက်ချင်းတုံ့သွားကြသည်။ သာအောင်ကြီးက သူကိုင်လာသော နှစ်လံကျော်ရှည် ဝါးပြောင်းနှင့် တောင်လမုချုံထဲ ထိုးပြလိုက်သည်။ ကျန်လူသုံးယောက်မှာ ရုတ်တရက် မှင်တက်မိသွားကြ၏။
တောင်လမုချုံထဲတွင် ခွေနေသော မြွေကြီးမှာ နည်းနည်းနောနော အပုံကြီးမဟုတ်။ လူကြီးတစ်တောင်သာသာ မြင့်သည်။
လူလေးယောက် အံ့အားသင့်ပြီး ခြေလှမ်းရပ် ငေးကြည့်နေကြချိန်တွင် ချေဟောက်သံက သူတို့နှင့် နီးသထက်နီးလာသည်။ ထိုအခါမှ ယခု အော်ဟောက်နေသော ချေကို ဤမြွေကြီးညှို့ထားမှန်း လူတွေက သိသွားကြသည်။ ထို့ကြောင့် ဦးအောင်တိုင်က သူ့လူများကို နီးစပ်ရာ သစ်ပင်များ၌ ချက်ချင်း ကပ်မြှောင်နေရာယူ စောင့်ကြည့်ကြရန် လက်ဟန်ပြ လိုက်သည်။ သူကိုယ်တိုင်လည်း ပျဉ်းမပင်တစ်ပင်နား ချက်ချင်းကပ်သွား ပြီး မြွေကြီး၏အခြေအနေလှုပ်ရှားမှုတို့ကို ပုန်းကြည့်နေလိုက်သည်။
စောစောက ဟောက်နေသော ချေသည် ဟောက်ရင်းနှင့်ပင် မြွေကြီး၏ ဦးခေါင်းနားရောက်လာ၏။ ထိုအခါ မြွေကြီးသည် ချေကို ခေါင်းနှင့် အားယူထိုးအောင်းပစ်လိုက်သည်။ ချေခမျာ တစ်ပြန်နှစ်ပြန် လိမ့်ထွက်သွားကာ သံစဉ်ပျက်လောက်အောင် အော်ဟောက်ပြီး ဝေးဝေးသို့ ထွက်ပြေးသွားသည်။
ထိုအခါ အခွေလိုက်ဖြစ်နေသော မြွေကြီး၏ အပုံအနေအထားလည်း ပျက်သွားသည်။ ကရွတ်ခွေလို အပုံလိုက် ခွေစုနေရာမှ တစ်ကိုယ်လုံး စန့်စန့်ကြီး ဖြေထွက်လာသည်။ အမြီးဖျားကိုလည်း မြေပြင်တွင် တဖုတ်ဖုတ် ရိုက်ခတ်လာသည်။
ထိုအချိန်မှာပင် စောစောက မြွေကြီးခေါင်းနှင့်တိုးဝှေ့ခွေ့ဆောင့်လိုက်သဖြင့် လဲပြိုအော်ဟောက်ထွက်ပြေးသွားသော ချေသည် မြွေကြီးပါးစပ်၊ ဦးခေါင်းရှေ့သို့ ပြေးရောက်လာပြန်၏။
ချေမှာ ပြေးသွားလိုက်၊ ပြန်ပြေးလာလိုက် လုပ်နေရ၍လားမသိ။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
ဤတစ်ခါ စန့်စန့်ကြီးလုပ်နေသော မြွေကြီးသည် သူ့ကိုယ်လုံးကြီးကို ကျုံ့၍ အားယူမာန်သွင်းလိုက်သည်မှာ အလယ်ပိုင်းချက်အထက်ရှိ အကြေးခွံ၊ အရေအခွံအပြင်လွှာများ အရောင်တလက်လက်ထကာ ခေါင်းပိုင်းသို့ လှိုင်းတွန့်ပမာ စီတက်လာကြသည်။
သူ့ပါးစပ်နား ရောက်လာသော ချေကို ထိုးဆောင့်ဝှေ့ကွေ့ပစ်လိုက်သည်မှာလည်း ချေမှာ သုံးလေးပတ် လိမ့်ထွက်သွားသည်။
ချက်ချင်း လန့်ဖျပ်အော်ဟောက် ထပြေးသော်လည်း ခြေကျိုးလက်နာဖြစ်သွား၍လားမသိ။ ယခင်တစ်ခေါက်လို ဝေးဝေးသို့ မပြေးနိုင်တော့။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ ကြောက်လွန်း၍ အော်ဟောက်သံကလည်း သံစဉ်မပီမသ ဖြစ်နေသည်။
မြွေကြီးပါးစပ်နားသို့ အစားခံရန် တုန်တုန်ချည့်ချည့် မြည်ညည်းလာနေသောချေကို နောက်မှ လှံနှင့်ပြေးထိုးဖမ်းသတ်ရန် ကြီးစိန်က လှံရွယ်၍ အချက်ပြသည်ကို ဦးအောင်တိုင်က တားထားလိုက်၏။
တောမှာ တောင်မှာ သူတစ်ပါးအစားအစာကို မနှောင့်ယှက်ကောင်းဘူးဟုများ ဦးအောင်တိုင်က တားထားသလားအထင်နှင့် ကြီးစိန်မှာ ပြန်ငြိမ်နေလိုက်ရသည်။
ထိုအချိန်မှာပင် မမြွေကြီးသည် သူ့ပါးစပ်နားရောက်နေသော ချေကို ရုတ်တရက် ထိုးကိုက်လိုက်ကာ ချေတစ်ကိုယ်လုံးကိုလည်း သူ့ကိုယ်လုံးနှင့် လိမ်ကျစ်ထွေးလုံး၍ ဖမ်းချုပ်ထားလိုက်၏။ ဤတစ်ခါတော့ ချေမှာ ဘယ်လိုမှ ပြေးထွက်မသွားနိုင်တော့ဘဲ မြွေကြီး၏ ကိုယ်နှင့်သာ လုံးတွေးပါနေလေသည်။
“ဟေး … ဟေး”
လူငယ်သုံးယောက်က ချက်ချင်း ချေနှင့်မြွေကြီးတို့ လုံးထွေးနေကြရာသို့ ပြေးထွက်လိုက်ကြရန် မတ်တတ်ထရပ်လိုက်ကြစဉ် ဦးအောင်တိုင်က တဟေးဟေးနှင့် ဟန့်တားထားလိုက်ရပြန်၏။
အစာငမ်းဖမ်းနေသော မြွေကြီးမှာ လူတွေကို လုံးဝ ဂရုမစိုက်ဘဲ ချေ၏ တစ်ကိုယ်လုံးကိုသာ သူ၏ကိုယ်လုံးနှင့် မိမိရရ လိမ်ကျစ်ထွေးလုံးနေသည်။ ချေမှာ ယခုအခါ လုံးဝ ဟောက်သံမပြုနိုင်တော့ဘဲ ညည်းညူရုံသာ သံရှည်ဆွဲ၍ တအီးအီး ညည်းညူနိုင်တော့သည်။
မြွေကြီး၏ အားယူလိမ်ကျစ် မြေ၌ အမြီးခတ်သံ၊ ချေတစ်ကိုယ်လုံး၏ အရိုးအဆစ်များ ဖြိုးဖြိုးဖြောက်ဖြောက် ကျိုးကြေသံအဆုံးမှာ ချေညည်းညူသံက လုံးဝ တိတ်သွားသည်။ သို့သော် မြွေကြီးကမူ ချေတစ်ကိုယ်လုံးကို ပယ်ပယ်နယ်နယ် လိမ်ကျစ်ရစ်ပတ်နေတုန်း။
“ဘ … ဘကြီး၊ ဒီစပါးကြီးမြွေကို မြန်မြန်သတ်ကြရအောင်ဗျ။ ဒါမှ ချေသားစားရ….”
ဦးအောင်တိုင်နား ချက်ချင်း ပြေးကပ်လာပြီး ကျော်ဝက ပြော၏။ ကျော်ဝ၏စကားကို ဦးအောင်တိုင်က လက်မခံ။ လက်ကာပြ၍သာ တားထားသည်။
“မင်းတို့ ခဏနေကြပါဦး၊ ဒီလိုအဖြစ်မျိုး ငါ့တစ်သက် တစ်ခါမှ မကြုံဘူးလို့ပါ။ မင်းတို့လည်း ဒီအဖြစ်မျိုး ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ ခဏကြည့်နေကြပါဦး”
ဦးအောင်တိုင်က လေသံကြားရုံမျှ တီးတိုးပြော၍ သူ့လူသုံးယောက်ကို ထိန်းသိမ်းသည်။ သို့သော် လူငယ်သုံးယောက်မှာ မြွေကြီးကို သတ်ချင်၍ အံ့တကြိတ်ကြိတ် ဖြစ်နေကြသည်။
မကြာပါချေ၊ မြွေကြီးသည် ညက်ညက်ကြေသွားအောင် လုံးထွေးလိမ်ကျစ်ထားသောချေကို စ၍ မျိုတော့၏။ မြွေကြီးလိမ်ကျစ်ရစ်ပတ်ထား၍ ဖွဲအိတ်ပမာ ညက်ညက်ကြေနေသော ချေကို ဘယ်အပိုင်းက စမျိုလိုက်မှန်းပင် သူတို့ သတိမထားမိလိုက်ကြ ဖြစ်သွားသည်။
တဖြည်းဖြည်းနှင့် နောက်ဆုံး ခြေထောက်နှစ်ချောင်း မြွေပါးစပ်အပြင်ဘက်၌ တန်းလန်းကြီး ဖြစ်နေတော့မှ ကြီးစိန်က ဘာမပြော ညာမပြောနှင့် မြွေကြီးကို လှံနှင့် ပြေးထိုးလိုက်သည်။
ဦးအောင်တိုင်ကလည်း ရုတ်တရက် မှင်တက်မိသွားပြီး တားချိန်မရလိုက်တော့။ ကြီးစိန်က မြွေကြီးကို လှံနှင့်ပြေးထိုးနေစဉ် ကျော်ဝနှင့် သာအောင်ကြီးတို့ကလည်း မြွေကြီးကို ပြေးရိုက်သတ်ပုတ်လိုက်ကြသည်။
မြွေကြီးမှာ နည်းနည်းနောနော စပါးကြီးမြွေမဟုတ်။ လူကြီးပေါင်လုံးခန့်ရှိ၏။
ချေကိုမျိုတုန်းက ဖြည်းဖြည်းချင်း မျိုခဲ့သော်လည်း ကြီးစိန်က လှံနှင့်ထိုး၊ ကျော်ဝနှင့် သာအောင်ကြီးတို့က ဖိရိုက်လိုက်ကြသောအခါ ချေသေကောင်ကို ဖြုတ်ခနဲ ချက်ချင်း အန်ထွေးထုတ်ပစ်လိုက်သည်။ ပြီး အမြီးတယမ်းယမ်းနှင့် လူတွေကို လိုက်ရိုက်သည်။
သို့သော် ချက်ကောင်းကို လှံ နှစ်ချက် သုံးချက် ထုတ်ချင်းပေါက် စူးထားသည့်အပြင် နောက်ဆုံးလှံချက်ကို ကြီးစိန်ကလည်း ဝက်ထိုးသလို မြေပေါက်ထောက် ထိုးထားလိုက်ရာ မြွေကြီး၏ အမြီးရိုက်ချက်မှာ အားမရှိတော့ပေ။
ထို့ကြောင့် ဦးအောင်တိုင်ကပါ မြွေအမြီးကြီးကို ဖမ်းဆွဲဆုပ်ကိုင်ထားလိုက်နိုင်သည်။
“ဟာ ဘယ်လိုမှ စားဖို့မကောင်းတော့ဘူးဗျ။ အတွင်းသားတစ်ကိုယ်လုံး ညက်ညက်ကြေပြီး ဖွဲအိတ်လိုဖြစ်သွားပြီ”
မြွေပါးစပ်ထဲက အန်ထုတ်ပစ်လိုက်သော ချေသေကောင်ကို အားရပါးရ ကိုင်မြှောက်ကြည့်လိုက်သော သာအောင်ကြီးက ချေကို မြေပြင်ပေါ် ပြန်ပစ်ချလိုက်ပြီး ညည်းပြော ပြောလိုက်သည်။
သာအောင်ကြီး ပြောသည်မှာ အမှန်ဖြစ်သည်။ ချေတစ်ကိုယ်လုံးမှာ သရက်သီးအမှည့်ကို အကြိမ်ကြိမ်ဆုပ်နယ်ထားသလို ပျော့စိနေလေပြီ။
“ကျွန်တော် ပြောတုန်းကသာ ချေကိုလှံနဲ့ ထိုးဖမ်းထားလိုက်ကြရင် ဒီနေ့ ကျွန်တော်တို့ ချေသားဟင်း ကောင်းကောင်းစား …”
“ဟာကွာ မင်းကလည်း ချေသားစားရဖို့လောက်ပဲ ပြောနေတာကိုး။ ချေသားမစားရတော့လည်း ခု မင်းတို့ စပါးကြီးမြွေသည်းခြေ ရကြမှာပဲ မဟုတ်လား”
သူ့အား အပြစ်တင်သလို ပြောလာသော ကြီးစိန်အား ဦးအောင်တိုင်က နောက်ဆုံး နှစ်သိမ့်စကား ပြောကြားလိုက်ရလေသည်။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized