မောင်မောင်မိုးအောင်
ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ကျောက်ဟင်းတစ်ခွက်
“ဆရာတာဝန်ထမ်းဆောင်ရမယ့် ကျောင်းက ဟောဒီနေရာမှာ ရှိတာ”
ကော့သောင်းမြို့နယ် ပညာရေးမှူးက မြေပုံကားချပ်ပေါ် ထောက်ပြရင်း ကျွန်တော့်ကို ဆက်၍ ရှင်းပြသည်။
“ဒီကျွန်းက ဖလော်ကာကျွန်းလို၊ ဒါက ပြာနီကျွန်း၊ ဟောဒီကျွန်းကြီးက ဇာဒက်ကြီးကျွန်းပဲ။ တွဲဖက်အလယ်တန်းကျောင်းက ဇာဒက်ကြီးကျွန်းပေါ်မှာ ရှိတယ်”
မြေပုံအရ မြန်မာပြည်တောင်ဘက်အစွန်းတွင် တည်ရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာသို့ ကျွန်တော် သွားရောက်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
“အဲဒီ ဇာဒက်ကြီးကျွန်းဟာ ပုလုံးတုံးတုံးကျေးရွာအုပ်စုမှာ ပါတယ်။ ပုလုံးတုံးတုံးကျေးရွာအုပ်စုမှာ သံကျွန်း၊ ရွှေကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဇာနီကျွန်း၊ တလွန်းရွာ၊ ကော့ညောရွာ ပါတယ်။
ဆရာသွားရမှာက တလွန်းရွာမှာရှိတဲ့ ကျောင်းပဲ။ ဆလုံရွာတွေထဲမှာတော့ အကြီးဆုံးနဲ့ လူဦးရေအများဆုံးရှိတဲ့ ရွာပဲ”
မြေပုံကိုကြည့်ပြီး ကျွန်တော် သက်ပြင်းချလိုက်မိသည်။ ဤမျှ ဝေးလံသီခေါင်၍ အသွားအလာခက်ခဲသောနေရာဒေသသို့ သွားရောက်နေထိုင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် ကျွန်တော် စိတ်လေးနေမိသည်။
“ဒီကနေ အဲဒီကျွန်းကို ပုံမှန်သွားတဲ့ သင်္ဘောတွေ စက်လှေတွေ ရှိရဲ့လား ဆရာ”
“ပုံမှန်သွားတဲ့လှေ မရှိဘူး။ အဲဒီမှာ တပ်မတော် ၆၇ က အခြေစိုက်စခန်းတစ်ခု ရှိတယ်။ နှစ်ပတ်တစ်ခါ ကျွန်းကနေ ဒီကော့သောင်းကို ဈေးလာဝယ်တဲ့လှေ ရှိတယ်။ တပ်က စီစဉ်ပေးထားတာ။ ဆရာရဲ့ နေထိုင်စားသောက်ရေးတာဝန်အားလုံးကို တပ်ကပဲ တာဝန်ယူ စီစဉ်ပေးလိမ့်မယ်။
အဲဒီမှာ ဆလုံရွာလူကြီး ဦးစတိဆိုသူရှိတယ်။ ဆလုံလူမျိုးတွေနဲ့ ပတ်သက်ပြီး ဦးစတိက ဆရာ့ကို အစစ ကူညီပေးလိမ့်မယ်။
ဒီမှာ ဆရာ့အတွက်ခန့်စာ၊ အဲဒီမှာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဆွေတင့်ရှိတယ်။ သူက ကျွန်းမှာ အခြေကျနေပြီ ဘော်လံတီယာလုပ်ပြီး ဆက်တာဝန်ထမ်းနေတာ။ ခန့်စာ သူ့ကို ပေးလိုက်ပါ။ ရောက်ရှိသတင်းပို့ကြောင်း ထောက်ခံချက်ကို နှစ်ပတ်တစ်ခါလာတဲ့ လှေကြုံနဲ့ ထည့်ပေးလိုက်လို့ရပါတယ်။
ဆရာ ဘယ်တော့သွားချင်လဲ။ သွားချင်တဲ့အချိန်ပြော။ သက်ဆိုင်ရာနဲ့ ညှိနှိုင်း စီစဉ်ပေးမယ်။ ခုမှ မေလဆန်းဆိုတော့ ကျောင်းဖွင့်ဖို့ လိုသေးတယ်”
“နှစ်ပတ်တစ်ခါလာတဲ့ လှေက ဘယ်တော့ရောက်မလဲ”
“နေဦး”
ဟု ဆိုကာ ပညာရေးမှူးက သူ့နောက်ကျောဘက်ရှိ ပြက္ခဒိန်ပေါ် လှမ်းကြည့်လိုက်သည်။
“ခုလာမယ့် စနေနေ့မှာတော့ ကော့သောင်းလာမယ်။ မနက် ကိုးနာရီလောက်ရောက်လာပြီး နေ့လယ်တစ်နာရီခွဲ ပြန်ထွက်မယ်”
“ခု စနေလာမယ့် လှေနဲ့ပဲ လိုက်သွားချင်ပါတယ်။ ဆရာ စီစဉ်ဆက်သွယ်ပေးပါ”
“ဒါဆိုလည်း ကောင်းတာပဲ။ ဇွန်လဆို မိုးကျလာမယ်။ လှိုင်း လေ ပြင်းလာမယ်။ ခုချိန် လှိုင်းသိပ်မရှိသေးဘူး။ စီစဉ်ပေးမယ်၊ နောက်ထပ် ဘာလုပ်ပေးရဦးမှာလဲ”
“ရပါပြီ ဆရာ”
“ဆရာက လူပျိုလူလွတ်ပဲ။ တလွန်းရွာက ဆလုံမလေးတွေနဲ့ တွေ့ပြီး မောင်ကြီးမပြန်နိုင် ဖြစ်နေဦးမယ်။ ကဲ … ကဲ သွားလို့ရပြီ”
xxx xxx xxx
စနေ့နံနက် ဆယ့်တစ်နာရီခန့်တွင် ကျွန်တော် ကော့သောင်း ဂျက်တီသို့ ရောက်နှင့်နေသည်။ ထင်းရှူးသေတ္တာတစ်လုံးနှင့် အိပ်ရာလိပ်တစ်လိပ်သာ ပါသည်။
တံတားပေါ်တွင် တွေ့ရသော ရေတပ်ဝတ်စုံဝတ် ရဲဘော်တစ်ဦးကို ကျွန်တော် မေးမြန်းစုံစမ်းလိုက် သည်။
“ရဲဘော်တို့လှေက ဇာဒက်ကြီးက လာတာမဟုတ်လား။ ကျွန်တော်က တလွန်းရွာမှာ တာဝန်ထမ်းဆောင်ရမယ့် ကျောင်းဆရာပါ။ ဒီမှာ ကျွန်တော့်ခန့်စာပါတယ်။ ကျွန်တော် တစ်ပါတည်း လိုက်သွားချင်လို့ပါ”
“ဩော် သိပြီ … သိပြီ၊ မနက်က ကျွန်တော်တို့ စီအို ပြောနေတာ ကြားလိုက်မိတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ကျွန်တော်နှင့် ရဲဘော်တို့ ဂျက်တီတွင် ဆိုက်ကပ်ထားသော တန်ကေးစက်လှေပေါ်သို့ တက်ခဲ့ကြသည်။ တက်မခန်းတွင် ဗိုလ်ကြီးတစ်ဦးကို အဆင်သင့် တွေ့ရသည်။ ရဲဘော်က ကျွန်တော့်ခန့်စာကို ဗိုလ်ကြီးထံ ကမ်းပေးလိုက်သည်။
“မြို့နယ်ပညာရေးမှူးရုံးက ဆက်သွယ်ပြီးသားပါ။ ဆရာ့ပစ္စည်းတွေ ဘယ်မှာလဲ”
“ဟိုတံတားပေါ်မှာ။ သေတ္တာတစ်လုံးနဲ့ အိပ်ရာလိပ်တစ်လိပ်ပဲ ပါတာ”
“ဆရာ နေပါ၊ ကျွန်တော်တို့ သယ်ပေးမယ်။ ကဲ … ကဲ သုံးလေးယောက် ဆရာ့ပစ္စည်းတွေ သွားသယ်ကြပါဦး”
မသယ်နဲ့ဟု ဆိုသော်လည်း မရပါ။ ရဲဘော်သုံးလေးဦး ကျွန်တော့်သေတ္တာနှင့် အိပ်ရာလိပ်ကို စက်လှေပေါ်သို့ သယ်ယူလာကြသည်။
“နေ့လယ်တစ်ချက်ခွဲမှ ထွက်မယ်။ ဆရာ အလုပ်ကိစ္စရှိရင် သွားလို့ရသေးတယ်”
“ဘယ်မှ မသွားတော့ပါဘူး”
“ဒါဆိုလည်း ကျွန်တော့်ဘေးမှာပဲ ထိုင်ပါ။ အောက်မှာ ပစ္စည်းတွေနဲ့ ရှုပ်နေမယ်”
နေ့လယ်တစ်နာရီသာသာခန့်တွင် ကမ်းပေါ် ဈေး ဝယ်သွားသူများ အထုပ်အပိုးများ ပစ္စည်းများဖြင့် တဖွဲဖွဲ သင်္ဘောပေါ် ပြန်လာကြသည်။
အကြပ်တစ်ဦးက စာရွက်တစ်ရွက်ကိုင်ပြီး အမည်ခေါ်ကာ လူစုံ မစုံ စစ်နေသည်ကို လှမ်းတွေ့နေရသည်။ ထိုအကြပ်က စာရွက်ကိုင်ကာ တက်မခန်းသို့ တက်လာသည်။ လူစုံကြောင်းကို ကျွန်တော့်ဘေးမှ ဗိုလ်ကြီးထံ သတင်းပို့သည်။
“လူစုံပါတယ် စီအို၊ အားလုံး ပြန်ရောက်ပါပြီ”
“လူစုံရင် ရေယာဉ်ထွက်ဖို့ ပြင်တော့”
တန်ကေးစက်လှေ တစ်နာရီခွဲတိတိတွင် ကော့သောင်းဆိပ်ကမ်းမှ ခွာခဲ့သည်။ ရေယာဉ် ပုံမှန်သာ ခုတ်မောင်းလာသည်။
ညနေ လေးနာရီခန့်တွင် ရှေ့တည့်တည့်မှ ကန့်လန့်အနေအထားနှင့် ကျွန်းတစ်ကျွန်းကို လှမ်းတွေ့ရသည်။ ကျွန်တော် လှမ်းပြီး မေးလိုက်သည်။
“ရှေ့ကကျွန်းဟာ ဖလော်ကာကျွန်းလိုကျွန်း မဟုတ်လား”
“ဟုတ်တယ် ဆရာ၊ မကြာခင် ဘယ်ဘက်ကွေ့လိုက်ရင် ဇာဒက်ကြီးကျွန်းကို မြင်ရတော့မယ်။ ဆရာ့ ဘယ်ဘက်ကို ကြည့်လိုက်ပါဦး”
ကျွန်တော်တို့ လက်ဝဲဘက်တွင် ညို့မှိုင်းနေသော ကျွန်းကြီးကို တွေ့ရသည်။
“အဲဒါ ဇာနီကျွန်းပေါ့၊ ဟိုမှာ ကျောက်ဖြူကြီးတစ်လုံး မြင်ရတယ် မဟုတ်လား။ တွေ့နေရတဲ့ ဝင်ပေါက်ကို ဆလုံတွေက ကျောက်ဖြူအော်လို့ ခေါ်ကြတယ်။ ညဘက် လသာတဲ့အချိန် အဝေးကကြည့်ရင် အဲဒီ ကျောက်ဖြူတုံးကြီးဟာ သင်္ဘောတစ်စင်း ကျောက်ချရပ်နားနေသလား ထင်ရတယ်။ ရောက်ခါစက ကျွန်တော် အဲဒီကျောက်တုံးကို သင်္ဘောလို့ အမှတ်မှားခဲ့ကြသေးတယ်”
ရေယာဉ်မှာ ရှေ့ရှိ ဖလော်ကာကျွန်းလိုကျွန်းကို ဦးတည်ခုတ်မောင်းနေရာမှ ဝဲဘက်သို့ ကွေ့လိုက်သည်။ ဖလော်ကာကျွန်းလိုကျွန်း ယာဘက်တွင် ကျန်ခဲ့သည်။ ရှေ့တွင် ဇာဒက်ကြီးကျွန်းကို ဘွားခနဲ တွေ့လိုက်ရသည်။
ကျွန်တော်တို့ ရေယာဉ် ဇာနီကျွန်းနှင့် ဖလော်ကာကျွန်းလိုကျွန်း ကြားမှ ဆက်လက်ခုတ်မောင်းလာသည်။
ဇာဒက်ကြီးကျွန်းတောင်ခြေတွင် သွပ်မိုးနေအိမ်များကို လှမ်းတွေ့ရသည်။ မလှမ်းမကမ်းကုန်းထိပ်တွင် စေတီတစ်ဆူကိုလည်း ဖူးတွေ့ရသည်။
ကျွန်တော်တို့ ရေယာဉ်ဇာဒက်ကြီးကျွန်းနှင့် တည့်တည့် ရေလယ်တွင် ကျောက်ချလိုက်သည်။ ရေယာဉ်ကျောက်ချနေစဉ်မှာပင် တဘုတ်ဘုတ်နှင့် ပဲ့ချိတ်စက်လှေများ ရောက်ရှိလာသည်။ ကျွန်တော့်အမည် ခေါ်သံလည်း ကြားလိုက်ရသည်။
“ဆရာလေးထွန်းမြင့် … ဆရာလေးထွန်းမြင့်၊ ဒီလှေပေါ် ဆင်းခဲ့ပါ။ ဆရာ့ကို လာကြိုတဲ့ လှေပါ”
အသံကြားရာသို့ ကျွန်တော် ငုံ့ကြည့်လိုက်သည်။ လှေမောင်းသူတစ်ဦးနှင့် အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ဦးကို တွေ့ လိုက်ရသည်။
“ဆရာလေး အသာနေ။ သေတ္တာနဲ့ အိပ်ရာလိပ် ကျွန်တော်တို့ ချပေးမယ်”
ရဲဘော်နှစ်ဦးက ကျွန်တော့်ပစ္စည်းများ တန်ကေးပေါ်မှ ပဲ့ချိတ်ပေါ်သို့ ချပေးကြသည်။ ကျွန်တော်တစ်ဦးတည်းကို လှေတစ်စီးနှင့် လာကြိုခြင်း ဖြစ်သည်။ ကျွန်တော် လှေပေါ်အရောက်တွင် တလွန်း ရွာဘက်သို့ မောင်းထွက်လာသည်။
“ကျွန်တော့်နာမည် ဦးစတိပါ၊ ဆလုံတွေရဲ့ လူကြီးပါ။ ဆရာလေးကို လာကြိုတာ”
“ဩော် … ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည် ထွန်းမြင့်ပါ”
ဦးစတိကို ကျွန်တော် ကြည့်လိုက်သည်။ အရပ်ခြောက်ပေနီးပါး ရှိမည်ထင်သည်။ မျက်လုံးများမှာ ကျောက်မျက်လုံးကဲ့သို့ စိမ်းဖန့်ဖန့်အရောင် ဖြစ်နေသည်။ အရပ်အမောင်းနှင့် မျက်လုံးများကြောင့် ကြောက်ရွံ့မိသလို ဖြစ်ခဲ့သော်လည်း ဦးစတိက ခင်မင်ဖော်ရွေသောအပြုံးဖြင့် ကျွန်တော့်ကို ကြိုဆိုခဲ့သည်။
မိနစ်အနည်းငယ်သာ မောင်းရသည်။ တလွန်းရွာသောင်ပြင်စပ်သို့ ရောက်လာသည်။ တန်ကေးစက်လှေ ဆိုက်ကပ်နိုင်သည့် တံတားမရှိပေ။ ဆလုံ လူမျိုး ယောက်ျားလေး သုံးလေးဦး ပြေးဆင်းလာပြီး ကျွန်တော့်ပစ္စည်းများကို ကူညီသယ်ယူသွားကြသည်။
“လှေက ဆက်သွယ်ရေးစက်နဲ့ စခန်းကို အကြောင်းကြားထားလို့ ဆရာလေးလာမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိရတာ။ ခု ပစ္စည်းတွေ သယ်သွားသူတွေဟာ ဆရာလေး တပည့်တွေပဲ”
ရှေ့မှ ကလေးများက ကျွန်တော့်ပစ္စည်းများ သယ်ယူသွားကြသည်။ ကျွန်တော်နှင့် ဦးစတိတို့ နောက်မှ လိုက်သွားကြသည်။
မြင့်မားလှသော ဇာဒက်ကြီးတောင်ထွတ်ကြီးက တလွန်းရွာလေးကို အုပ်မိုးထားပြီး ငုံ့ကြည့်နေသယောင် ရှိနေသည်။ တောင်ကြီးက တလွန်းရွာကို လေဒဏ် မိုးဒဏ်မှ အကာအကွယ်ပေးထားသည်။
ဝေးလံသီခေါင်သော ဤဒေသတွင် ဤမျှ စည်ကားနေသော ရွာနှင့် စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းများရှိနေသည်ကို ကျွန်တော် အံ့ဩမိသည်။
xxx xxx xxx
ကျွန်တော့်အတွက် သီးသန့်နေအိမ်တစ်ခန်း တပ်မှ စီစဉ်ပေးထားသည်။ ပစ္စည်းများ နေသားတကျဖြစ်ပြီးမှ သတင်းပို့ရန် ဆရာမကြီးထံ ထွက်လာခဲ့သည်။
ဆရာမကြီးအိမ်သို့ ရောက်ပြီး မြို့နယ်ပညာရေးမှူးပေးလိုက်သည့် အလုပ်ခန့်စာကို ပေးလိုက်သည်။
“ဆရာလေးက စောပြီး ရောက်လာတာပဲ။ စောစောရောက်တော့လည်း ကောင်းတာပေါ့လေ။ အရင်က မူလတန်းကျောင်းသာ ရှိခဲ့တာ။ တွဲဖက်အလယ်တန်းကျောင်းဖြစ်တာ မကြာသေးဘူး။ ကျွန်မက ဟိုအရင် မူလတန်းကျောင်းကတည်းက ဒီမှာ နေခဲ့တာ။ မူလတန်းကလေးတွေက ဆလုံလူမျိုးကလေးတွေ များတယ်။ ဆရာလေး ဆလုံစကား အသင့်အတင့်နားလည်အောင် လေ့လာထားမှ ပိုပြီး အဆင်ပြေမယ်”
“ဒီရွာမှာ စေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးခန်းတွေလည်း ရှိနေတယ်နော်”
“ဟိုကုန်းထိပ်က စေတီဟာ ကိုးတောင်ပြည့်စေတီလေ။ ဆုတောင်းပြည့်စေတီလို့ ဘွဲ့အမည်ပေးထားတယ်။ ဟိုကမ်းစပ်က အဆောက်အအုံကတော့ ဆလုံယဉ်ကျေးမှုပြတိုက်ပေါ့။ ဒါတွေ အားလုံး တည်ဆောက်ဖြစ်ခဲ့တာ နှစ်မကြာသေးဘူး။ နောက်တော့ ဆရာလေး သိလာမှာပါ။ ဆရာလေး ရောက်လာတာ ကျွန်မ သိပ်အားရတာပဲ။ ကဲ … ကဲ နားပါဦး”
ဤသို့ဖြင့် ဝေးလံသီခေါင်သော မြန်မာပြည်တောင်ဘက်စွန်းက ဇာဒက်ကြီးကျွန်းပေါ်တွင် ကျွန်တော် စတင်တာဝန်ထမ်းဆောင်ခဲ့ရသည်။
ဤကျွန်းတွင် ကျွန်တော် စိတ်အဝင်စားဆုံးမှာ ဆလုံ ယဉ်ကျေးမှုပြတိုက် ဖြစ်သည်။ ရေတပ်အခြေစိုက်စခန်းမှူး ဦးဆောင်၍ တည်ဆောက်ခဲ့ကြောင်းလည်း သိရသည်။ ဆလုံလူမျိုး မတိမ်ကော မကွယ်ပျောက်စေရန် ဆလုံရိုးရာထိန်းသိမ်းရန်နှင့် တိုင်းရင်း သားစည်းလုံးညီညွတ်မှု အဓွန့်ရှည်ရန်ဟူသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ဆလုံယဉ်ကျေးမှုပြတိုက် ဆောက်လုပ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြတိုက်အတွင်း ဆလုံတိုင်းရင်းသားရိုးရာ နတ်တိုင်၊
နတ်အိမ်၊ နတ်ဘုရား၊ ဗုံ၊ ဖျာ၊ လှေထွင်းသည့်ဓား၊ တစေးပလွေ၊ ဝါးလက်ခုပ်၊ ခက်ရင်းထည့်ခြင်း၊ ငါးထိုးစူးနှင့် ကဗန်းလှေပုံစံများ ပြသထားသည်ကို တွေ့ရသည်။
ကျွန်တော့် စားသောက်ရေးကို တပ်မှ စီစဉ်ပေးသော်လည်း ကျွန်တော့်ဆန္ဒအရ အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့သည်။
xxx xxx xxx
စာသင်ရက် များရလာသည်နှင့်အမျှ အားလုံးနှင့် ရင်းနှီးခင်မင်လာခဲ့ပြီ ဖြစ်သည်။ တပ်မှ မိသားစုဝင်ကလေးများ၊ တလွန်းရွာနှင့် ကော့ညောရွာမှ ဆလုံလေးများ အများဆုံးကျောင်းတွင် ပညာသင်ကြားနေကြသည်။
ဆရာလေး… ဆရာလေးနှင့် အားလုံး ကျွန်တော့်ကို နေရာပေး ဆောင်ရွက်ခွင့်ပြုကြသည်။
ဆလုံကျောင်းသားများနှင့် ပတ်သက်၍ အဓိက ကူညီသူမှာ ရွာလူကြီး ဦးစတိပင် ဖြစ်သည်။ ဦးစတိကျေးဇူးကြောင့်-
မှန်သည်ကို မှုန့်(ရှ်) ၊ မှားသည်ကို ဖလမ်းကပ်
အဖေကို အပေါင်း၊ အမေကို အနောင်း
သားကို အနမ်၊ သမီးကို အနှိုင်း
ယောက်ျားလေးကို ကော်၊ မိန်းကလေးကို မဲ့
နေကောင်းလားကို နလော်နီ အမော အိုင်း
ကျေးဇူးတင်ပါတယ်ကို ဗွန်း(န်) အိုး
နာမည်ဘယ်လိုခေါ်လဲ ကို နလော်အညန်းအနုလန်း
သမီးရည်းစား ကို ကော်နန်း
ရဲဘော်ကို မာတား
ယောက်ျားကို ကပ်နိုင်း ၊ မိန်းမကို ဘီနိုင်း
စသည့် ဆလုံဘာသာစကား မြန်မာအဓိပ္ပာယ်ကိုလည်း နားလည်ပြောဆိုတတ်ခဲ့ပြီ ဖြစ်သည်။
ဆရာဖြစ်သော ကျွန်တော့်ကို တပည့် ဖြစ်ကြသော ဆလုံလေးများ သင်ပေးသော ခမ်၊ ဒွပ်၊ တလွိန်း၊ ပမ့်၊ နစ်မန့်၊ နမ်(မ်)၊ ဝူကျ၊ ဝလေ့၊ ချပိုင်၊ ကပေါ့ စသည့် တစ်မှ တစ်ဆယ်အထိ ရေတွက်ပုံကို ဆလုံစကားဖြင့် ရွတ်တတ်ပြောတတ်ခဲ့ပါပြီ။
xxx xxx xxx
တစ်နေ့နံနက် ကျောင်းမသွားမီ အိမ်တွင် ကျွန်တော် ထမင်းအိုးတည်နေစဉ် ရွာလူကြီး ဦးစတိ ကျွန်တော့် အိမ်ရောက်လာသည်။ ချိုင့်တစ်လုံးလည်း ပါလာသည်ကို တွေ့ရသည်။
“ဆရာလေး … ဘာချက်နေတာလဲ”
“ထမင်းအိုး တည်နေတာ”
“ဟင်းချက်ပြီးပြီလား”
“ဟင်းတော့ မချက်ရသေးဘူး”
“ဒါဆို အတော်ပဲ၊ ဟင်းမချက်နဲ့တော့။ ဒီမှာ ဆရာလေးအတွက် ဟင်းယူလာတယ်”
“ဘာဟင်းလဲ ဦးစတိ”
“ငလိပ်ကျောက်သား ဆီပြန်ဟင်းပါ”
“ငါးလှေဝင်တာလည်း မကြားမိဘူး။ တပ်က ငါးဝေတာလည်း မရှိပါဘူး။ ဘယ်က ရတာလဲ”
“အဘွားကြီးအော်ထဲ ရှိတဲ့ မြောင်းထဲက ချိတ်လာတာတဲ့။ ကျွန်တော့်အသိ လာပို့တာ။ ဆီပြန်ဟင်းချက်ပြီး ဆရာလေးကို ပို့ပေးပါတဲ့။ စားကြည့်ပါဦး၊ စားပြီးရင် ကြိုက်သွားမယ်”
ငါးလိပ်ကျောက်သားဟင်း တစ်ချိုင့်ပေးပြီး ဦးစတိ ပြန်သွားသည်။ ဟင်းချိုင့်ကို ကျွန်တော် ဖွင့်ကြည့်လိုက်သည်။ နီရဲမွှေးကြိုင်နေသော ငါးလိပ်ကျောက်အသားတုံးဟင်းကို တွေ့ရသည်။
ကျွန်တော့်အတွက် ညမနက်စာဟင်း မချက်ရတော့ပါ။ စားကြည့်မှ လွန်စွာ အရသာရှိလှသော အသားဖြစ်ကြောင်း သိရသည်။ လတ်လတ်ဆတ်ဆတ်ဖြစ်၍ ထင်သည်။ ငါးလိပ်ကျောက်အသားမှာ ချိုနေပါ သည်။ ဦးစတိပြောခဲ့သည့်အတိုင်း ကျွန်တော် ငါးလိပ်ကျောက်ဟင်းကို အကြိုက်တွေ့သွားပါတော့သည်။
အဘွားကြီးအော်ထဲရှိ မြောင်းထဲမှ ငါးလိပ်ကျောက်ချိတ်၍ ရခဲ့သည်ဟု ဦးစတိ ပြောခဲ့သည်။ အချိန်ရသည့်တစ်နေ့ ငါးလိပ်ကျောက်ချိတ်နည်း ဦးစတိကို သင်ခိုင်းပြီး ကိုယ်တိုင် ငါးလိပ်ကျောက် ချိတ်ကြည့်ချင်သည်။
မည်သည့် ပစ္စည်းဖြင့် မည်သို့ ချိတ်ရသည်ကို ကျွန်တော် မသိသေးပါ။ ကိုယ်တိုင်ချိတ်၍ ရသော ငါးလိပ်ကျောက်ကို ကိုယ်တိုင်ဟင်းချက်ချင်သည့် ဆန္ဒဖြစ်နေမိသည်။ ဦးစတိနှင့်တွေ့မှ ကျွန်တော့်ဆန္ဒကို ပြောပြမည်ဟု စိတ်ကူးထားသည်။
xxx xxx xxx
ကျောင်းပိတ်ရက်တစ်နေ့ အေးအေးလူလူ စာဖတ်နေစဉ် အိမ်အောက်မှ ခေါ်သံကြားလိုက်ရသည်။
“ဆရာလေး … ဆရာလေး လာပါဦး။ ဆရာလေး တပည့်တစ်ယောက်ကို ထမ်းပြီး ဆေးခန်းဘက်သွားတာ တွေ့ရတယ်။ ဘာဖြစ်လို့လည်း မသိဘူး၊ ဆရာလေး သွားကြည့်ပါဦး”
ကျောင်းအုပ်ဆရာမကြီးကို အိမ်အောက်တွင် တွေ့လိုက်ရသည်။
“ဟုတ်လား ဆရာမကြီး။ ဘယ်သူပါလိမ့်၊ ကျွန်တော် ဆေးခန်း လိုက်သွားပါ့မယ်”
ကပျာကယာပင် ဆေးခန်းရှိရာဘက်သို့ ကျွန်တော် လိုက်သွားသည်။ တတိယတန်းမှ ကျွန်တော် တပည့်နှင့် သူ့ဖခင်ကို တွေ့ရသည်။
“ဘယ်လိုဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”
“အော်ထဲက မြောင်းမှာ ငါးလိပ်ကျောက်သွားချိတ်နေတုန်း ငါးလိပ်ကျောက် အထိုးခံလိုက်ရတာ”
“ခု ဘယ်လိုနေသေးလဲ”
“အဆိပ်တက်နေတုန်း ထင်တယ်။ ဆေးခန်းက ဆေးထိုးပေးပြီး အနာကို ဆေးထည့်ပေးနေတယ်”
ကျွန်တော့်တပည့်ဒဏ်ရာကို သေချာကြည့်လိုက်သည်။ ခြေမျက်စိအောက်နားတွင် ဒဏ်ရာသေးသေးလေးကို တွေ့ရသည်။
“ဖြစ်ပုံကို အသေးစိတ်ပြောပြပါဦး”
“အော်ထဲက မြောင်းမှာ ကျွန်တော် ငါးလိပ်ကျောက်ချိတ်နေတုန်း သားက ရေထဲ ဆင်းလိုက်လာတာကို ကျွန်တော် သတိမထားလိုက်ဘူး။ အော်သံကြားလို့ ကြည့်လိုက်တော့ သားက သဲပြင်ပေါ် လဲကျနေပြီး ငါးလိပ်ကျောက် အထိုးခံရတဲ့ ခြေထောက်လှုပ် လို့ မရတော့ဘူး ဖြစ်သွားတယ်။
သဲပြင်ပေါ်မှာ ရေမရှိလို့ တော်သေးတယ်၊ ရေရှိနေရင်တော့ ရေနစ်သွားနိုင်တယ်။
ကျွန်တော်လည်း မကြုံဖူးတော့ ဆေးခန်းကိုပဲ သားကို ထမ်းလာတာ”
တစ်နေ့ကပင် ဦးစတိ ငါးလိပ်ကျောက်ဟင်းလာပေး၍ ကျွန်တော် စားခဲ့သေးသည်။ ကိုယ်တိုင်သွားပြီး ငါးလိပ်ကျောက် ချိတ်မည်ဟု စိတ်ကူးခဲ့သေးသည်။ ယခု ငါးလိပ်ကျောက် အထိုးခံရ၍ ကျွန်တော့်တပည့် ဆေးခန်းရောက်နေပြီ။ ငါးလိပ်ကျောက် ချိတ်စဉ် အန္တရာယ်ရှိကြောင်း သိခဲ့ရသည်။ ဦးစတိကို မေးရဦးမည်။
xxx xxx xxx
နောက်တစ်နေ့ကျောင်းဖွင့်ရက်တွင် ငါးလိပ်ကျောက် အထိုးခံရသော တပည့်မှာ ကျောင်းမတက်နိုင်ပါ။ အနာမကျက်သေးကြောင်း သိရသည်။ ဒဏ်ရာမကြီးသော်လည်း တစစ်စစ်နာနေသည်ဟု သိရသည်။
သုံးလေးရက်ကျောက်ပျက်ပြီးမှ ကျောင်းပြန် တက်နိုင်ခဲ့သည်။ သို့သော် အနာပြည်တည်နေပြီ ဖြစ်သည်။ အနာယဉ်းနေပြီး ပြည်များလည်း တွေ့ရသည်။ ဆေးထိုး၊ ဆေးသောက်၊ ဆေးထည့်ခြင်းများ ပြုခဲ့သော်လည်း အနာမကျက်နိုင်သေးဘဲ ရှိ နေသည်။
ကျွန်တော် ဘဝင်မကျ ဖြစ်နေမိသည်။
အနာမှာ ပင်လယ်ရေနှင့် နေ့တိုင်း ထိတွေ့နေ၍ မပျောက်နိုင်ဖြစ်နေသည်လားဟု ကျွန်တော် တွေးမိသေးသည်။ ဦးစတိကို မေးကြည့်မည်ကြံသော် လည်း ဦးစတိက ရွာတွင် မရှိပေ။ ကော့သောင်းသွားနေသည်မှာ သုံးလေးရက်ရှိနေပြီး နောက်ထပ် သုံးလေးရက်ကြာမှ ပြန်ရောက်မည်ဟု သိရသည်။
ဦးစတိပြန်လာမှ ငါးလိပ်ကျောက်ထိုး၍ ဖြစ်သည့် အနာအကြောင်း မေးရမည်။
တစ်ပတ်ခန့်ကြာပြီးမှ ဦးစတိပြန်ရောက်လာသည်။ ပြန်ရောက်ရောက်ချင်း ဦးစတိ ကျွန်တော့်ဆီ ရောက်လာသည်။ ကော့သောင်းမှ မုန့်များဝယ်လာပြီး ကျွန်တော့်ကို လာပေးခြင်း ဖြစ်သည်။ ဓာတ်ခဲများလည်း ပါလာသည်။
“လာမယ့်အပတ် ကျောင်းပိတ်ရက် ဦးစတိအလုပ်အားသလား၊ ဘယ်သွားဖို့ရှိလဲ”
“အားပါတယ်၊ ဘာကိစ္စရှိလို့လဲ ဆရာလေး”
“ကျွန်တော့်ကို ငါးလိပ်ကျောက်ချိတ်နည်း သင်ပေးပါလား၊ ကိုယ်တိုင် သွားချိတ်ချင်လို့ပါ”
“ဩော် ဘာများလဲလို့။ ငါးလိပ်ကျောက် ကိုယ်တိုင်ချိတ်ချင်တာကိုး။ ကျွန်တော်နဲ့ အော်ထဲ လိုက်ခဲ့ပေါ့။ ကျွန်တော် ပြပေးမယ်။ သိပ်မခက်ပါဘူး”
ဆလုံများက လေကွယ်ရာ မိုးကွယ်ရာဒေသများကို “အော်” ဟု ခေါ်ကြသည်။ “ဂလက်” ဟုလည်း ခေါ်ကြသည်။
“ဘာနဲ့ သွားချိတ်မှာလဲ”
“ချိတ်တဲ့ပစ္စည်း ကျွန်တော် ယူခဲ့ပါ့မယ်။ ဆရာလေး စောင့်နေပါ”
“ဒါနဲ့ ကြုံတုန်း ဦးစတိကို မေးရဦးမယ်။ ငါးလိပ်ကျောက် အထိုးခံရရင် အဆိပ်တက်တတ်လား။ အထိုးခံရချင်း ပစ်လဲကျသွားတယ်ဆို။ ပြီးတော့ အထိုးခံရတဲ့ အနာကလည်း လွယ်လွယ်နဲ့ မပျောက်ဘဲ အနာယဉ်းပြီး ပြည်တည်ရင် ဘယ်လိုဆေးကုရမလဲ။ ဦးစတိ သိလား”
“ဘာဖြစ်လို့ ဒီအကြောင်းမေးရတာလဲ ဆရာလေး”
“ကျွန်တော့်တပည့်တစ်ယောက် ငါးလိပ်ကျောက်အထိုးခံရပြီး သုံးလေးရက် ကျောင်းမတက်နိုင်ဘူး။ ဆေးခန်းက သောက်ဆေး၊ ထိုးဆေး၊ ပြီးတော့ အနာကို ဆေးထည့်ပေးတယ်။ ဒါတောင် အနာ မကျက်ဘူးဖြစ်နေတယ်။ ဘယ်လိုကုရမလဲ”
“ဒါလား လွယ်ပါတယ်။ ကျွန်တော်တို့ ဆလုံတွေ မကြာခဏ ကြုံရပါတယ်။ ငါးလိပ်ကျောက် အထိုးခံရတဲ့ အဲဒီကလေးဆီ သွားကြမယ်။ ကျွန်တော် ကုပေးမယ်”
“လာ … ဒါဆို သွားကြမယ်”
ကျွန်တော်နှင့် ဦးစတိတို့ တလွန်းရွာအစွန်ပိုင်းသို့ ထွက်ခဲ့ကြသည်။ ငါးလိပ်ကျောက်အထိုးခံရသည့် ကလေးကို အဆင်သင့် တွေ့ရသည်။ ဦးစတိက အနာကို ကြည့်လိုက်သည်။
“ပင်လယ်ရေငန် ထိနေတာကိုး၊ ဘယ်ပျောက်ပါ့မလဲ။ ကဲ … အနားကို လာပါဦး”
ဦးစတိက ချာတိတ်ကို သူ့အနားသို့ခေါ်ပြီး အိမ်တွင်းသို့ လှမ်းပြောလိုက်သည်။
“ရေချိုတစ်ပုံးလောက် ယူခဲ့ပါ”
ကျွန်တော့်တပည့်၏ဖခင်က ရေပုံးတစ်ပုံးဆွဲပြီး ထွက်လာသည်။
“ရေချိုက ဘာလုပ်ဖို့လဲ”
“ကလေးရဲ့အနာက ပြည်တွေကို ရေချိုနဲ့ ဆေးပစ်ရမယ်”
ပြောပြောဆိုဆို ဦးစတိက အနာမှပြည်များကို ညှစ်ထုတ်ပြီး ရေချိုဖြင့် အထပ်ထပ်ဆေးလိုက်သည်။ ပြည်များကုန်သည်အထိ ဆေးလိုက်သည်။
“ရေချိုနဲ့ တစ်နေ့နှစ်ကြိမ်လောက် ဆေးပေးပါ။ ပင်လယ်ရေငန် မထိစေနဲ့။ ဒါဆို ပျောက်ပြီ”
“အနာက ရေငန်ထိနေလို့ မပျောက်တာလား။ ငါးလိပ်ကျောက်က ဘယ်လိုထိုးတာလဲ”
“ငါးလိပ်ကျောက်က ရေနောက်ထဲမှာ နေကြတာ။ ရေနောက်နေမှ ထွက်လာကြတာ။ ဆရာ့တပည့်က ငါးလိပ်ကျောက်ရှိတဲ့ ရေနောက်ထဲ ဆင်းသွားလို့ အထိုးခံရတာပါ”
“ဟုတ်တယ်၊ ကျွန်တော် ငါးလိပ်ကျောက်ချိတ်နေတုန်း သားက ရေနောက်ထဲ ဆင်းသွားမိခဲ့တာ။ အဲဒီမှာ ငါးလိပ်ကျောက် အထိုးခံလိုက်ရတယ်”
“ရေနောက်အောင် နှောက်လိုက်မှ ငါးလိပ်ကျောက်ကလာတာ။ သူ့အမြီးအရင်း စအိုနားမှာ ဆူးလေးရှိတယ်။ ခြေထောက်ကို သူ့အမြီးနဲ့ပတ်ပြီး နောက်ဆုတ်သလိုမျိုးနဲ့ နောက်ပြန်ထိုးလိုက်တာ။ ကျင်ခနဲ ဖြစ်သွားပြီ ထုံသွားတတ်တယ်။ အထိုးခံရတဲ့ ခြေထောက် တန်းနေပြီး ကွေးမရဖြစ်ကာ လမ်းလျှောက်လို့ မရတော့ဘူး။
လူကြီးတွေက သတိရှိပေမဲ့ ကလေးတွေကျတော့ လဲကျသွားတော့တာပဲ။ အဆိပ်ကြောင့်ဖြစ်တာ။ ငါးလိပ်ကျောက် အဆိပ်က မသေနိုင်ပါဘူး။ လဲကျသွားရင် ရုတ်တရက် မထနိုင်ဘဲ ရေနစ်သွားနိုင်တယ်။ ငါးလိပ်ကျောက် သွားချိတ်ရင် အဖော်ခေါ်သွားရတယ်”
“ငါးလိပ်ကျောက် အထိုးခံရခဲ့ရင် အဆိပ်မတက်အောင် အနာမယဉ်းအောင် ဘယ်လိုလုပ်ရမလဲ”
“ငါးလိပ်ကျောက် အထိုးခံရတာနဲ့ ဆားငန်ရေနဲ့ ဝေးတဲ့ ကုန်းပေါ်ကို အမြန်ဆုံး တွဲခေါ်လာရမယ်။ အထိုးခံရတဲ့ နေရာကို ရေချိုနဲ့ အထပ်ထပ် ဆေးကြောပစ်ရမယ်။ သွေးတွေကိုလည်း ညှစ်ထုတ်ပစ်ရမယ်။ ပြီးတော့ ရေချိုနဲ့ ထပ်ဆေး၊ ခြောက်သွားတော့မှ ကြိုက်တဲ့ဆေး ထည့်လိုက်ရုံပဲ။ ရေငန်တော့ ထိလို့မရဘူးနော်။ ဒီမှာက ရေပြည့်တာနဲ့ ရေငန်က ကုန်းပေါ်ရောက်လာပြီလေ။ ရေငန်ထိရင် အနာမပျောက်တော့ဘူး။ ယဉ်းလာပြီး ပြည်တည်လာရော။ ရေငန်မထိရင်တော့ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားမယ်”
“ဒါတွေ ခုမှ သိရတာ။ ဦးစတိ ပြောပြလို့ ဗဟုသုတရတယ်။ လာမယ့် ကျောင်းပိတ်ရက် ဦးစတိ ဆက်ဆက်လာခဲ့နော်။ ငါးလိပ်ကျောက် သွားချိတ်ဖို့ ကျွန်တော် စောင့်နေမယ်”
“ငါးလိပ်ကျောက် အထိုးခံရမှာ ဆရာလေး မကြောက်ဘူးလား”
“ဦးစတိပြောပြလို့ သိခဲ့ရပြီလေ။ အထိုးမခံရအောင် နေမှာပေါ့”
xxx xxx xxx
နောက်တစ်ရက် နှစ်ရက်တွင် ငါးလိပ်ကျောက်အထိုးခံရသော ကျွန်တော့်တပည့် အနာသက်သာလာသည်ကို တွေ့ရသည်။ လေးငါးရက်အကြာတွင် အနာလုံးဝ ပျောက်သွားပါတော့သည်။
သူ့ကတိအတိုင်း ကျောင်းပိတ်ရက်တွင် ဦးစတိ သူပိုင်လှေဖြင့် ကျွန်တော့်ဆီ ရောက်လာသည်။ ဦးစတိ ရောက်လာချိန်တွင် ရေပြည့်နေသေးသည်။
“ရေတောင်မစစ်သေးဘူး ဦးစတိ”
“လှေယူသွားမှ ဖြစ်မယ်။ နို့မဟုတ်ရင် ရေတက်တော့ ကမ်းစပ် ပြေးနေရဦးမယ်။ ဆရာလေး ကျွန်တော့်လှေနဲ့ပဲ လိုက်ခဲ့ပါ။ မကြာခင် ရေစစ်တော့မှာပါ”
“ကောင်းပြီလေ၊ ကျွန်တော် လိုက်ခဲ့မယ်”
ကျွန်တော်တို့နှစ်ဦး တလွန်းရွာအရှေ့ဘက် အဘွားကြီးအော်ထဲရှိ သောင်ပြင်ကျယ်ကြီးဘက်သို့ ထွက်ခဲ့ကြသည်။ မိနစ်အနည်းငယ်သာ မောင်းရသည်။ အော်ထဲ ရောက်လာသည်။
အော်ထဲတွင် ရေမစစ်သေးပါ။ လှေရပ်ပြီး ဦးစတိ ကျောက်ချလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် သောင်ပေါ် ရေစစ်လာပြီး လှေတစောင်းအနေအထားဖြင့် သောင်ပေါ်တင်နေသည်။
“ရေစစ်ပြီ … သွားစို့”
ဟု ဆိုကာ ဦးစတိ လှေပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော် ဦးစတိနောက်သို့ လိုက်သွားသည်။
သောင်ပြင်ပေါ်တွင် ရေအနည်းငယ်သာ ကျန်နေသည်။
ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင် ဆလုံ အမျိုးသမီးတစ်စုကို တွေ့လိုက်ရသည်။ သူတို့အနီးမှ ဖြတ်လျှောက်သွားစဉ် တစ်လံခန့်ရှည်သော ကြိုးတစ်ချောင်း ကိုယ်စီကိုင်ထားကြသည်ကို တွေ့ရသည်။ ကြိုးဝတစ်ဖက်ထိပ်တွင် အပ်ကြီးကြီးပုံစံ သံချောင်းချွန်တစ်ချောင်း တပ်ထားသည်ကိုလည်း တွေ့ရပြန် သည်။ သဲပြင်ပေါ်ကြည့်ပြီး တစ်စုံတစ်ခု လိုက်လံကောက်ယူနေသည်ကို တွေ့ရသည်။
“ဟိုက အမျိုးသမီးတွေ ဘာလိုက်ရှာနေကြတာလဲ”
“ပင်လယ်မျှော့ လိုက်ရှာကြတာ”
“လက်ထဲက ကြိုးနဲ့ အပ်လိုလို သံချွန်က ဘာအတွက်လဲ”
“ရေစစ်သွားရင် သဲပြင်ပေါ်မှာ ပင်လယ်မျှော့တွေ ကျန်ခဲ့တာ၊ တစ်ကောင်ချင်း လိုက်ကောက်ပြီး အပ်နဲ့ဖောက် ကြိုးနဲ့သီထားကြတာ။ ရေပြန်မတက်ခင်တော့ တစ်လံလောက်ကြိုး ပြည့်လုနီးပါး ရကြတာ။ မကြာခင် ဆရာလေး တွေ့ရမယ်”
“အဲဒီမျှော့တွေက စားလို့ရလား”
“စားလို့ကောင်းတာပေါ့။ ကြိုးနဲ့ သီထားအတိုင်း ခြောက်သွားအောင် နေလှမ်းရတယ်။ နဂိုက အမည်းရောင်ဖြစ်ပေမယ့် ခြောက်သွားတော့ ဖြူသွားတယ်။ စားဖို့ထက် ရောင်းဖို့ လိုက်ကောက်ကြတာ။ အများကြီး စုထားပြီး ယိုးဒယားဘက် သွားရောင်းကြတာ”
“ဩော် … ဒီလိုလား”
ကျွန်တော် သဲပြင်ပေါ် ကြည့်လိုက်သည်။ တစ်မိုက်သာသာ အရှည်ရှိ ပင်လယ်မျှော့မည်းမည်း နှစ်ကောင် သုံးကောင်ကို တွေ့လိုက်ရသည်။
“သူတို့ လိုက်ကောက်နေတာ ဒီမျှော့တွေလား ဦးစတိ”
“ဟုတ်တယ် ဆရာလေး၊ အဲဒီမျှော့တွေပါပဲ”
စကားပြောရင်း ကျွန်တော်နှင့် ဦးစတိ ရှေ့ဆက်လျှောက်သွားကြသည်။ ဦးစတိလက်ထဲတွင် သံချိတ်နှစ်ခု ပါလာသည်။ လူတစ်ရပ်ခန့် သစ်သားရိုးတပ်ထားသည်။ အဖျားတွင် သံချိတ်တပ်ထားသည်။ ငါးမွှေထိုးချိတ်သည့် သံချိတ်ပုံစံမျိုး ဖြစ်သည်။ ကောက်နေသော သံချိတ်အဖျားမှာ ချွန်ထက်နေသည်။
ရေမြောင်းတစ်ခုအနီးတွင် ဦးစတိ ရပ်လိုက်သည်။ ထိုအချိန် ရေစစ်သွားပြီ ဖြစ်သည်။ အော်အတွင်းရှိ သောင်ပြင်တွင် ရေစစ်သွားပြီဖြစ်သော်လည်း မြောင်းအတွင်း ပင်လယ်ရေ ကျန်ခဲ့သည်။
ရှည်လျားသော မြောင်းအတွင်း ရေက ခါးစောင်းမျှ အနက်ရှိနေသည်။
ဦးစတိက သူ့ကိုင်ထားသော ငါးလိပ်ကျောင်းချိတ်နှစ်ချောင်းအနက် ကျွန်တော့်ကို တစ်ချောင်းကမ်းပေးလိုက်သည်။ ပြီးနောက် ရေမြောင်းထဲ ဆင်းသွားပြီး ကြည်လင်နေသောရေကို မွှေနှောက်လိုက်သည်။
တဝုန်းဝုန်းနှင့် အတန်ကြာ မွှေနှောက်လိုက်သည်။ ရွံ့နွံများထလာပြီး ရေနောက်သွားတော့သည်။ ဆယ်ပေအရှည်ခန့် မြောင်းရေများ နောက်သွားသည်။ ရေနောက်သွားသည်နှင့် ဦးစတိ မြောင်းပေါ် အမြန်ပြန်တက်လာသည်။
“ရေနောက်သွားရင် ငါးလိပ်ကျောက်ပေါက်စတွေ ရောက်လာလိမ့်မယ်။ ပန်းကန်ပြားအရွယ်ကနေ တစ်ပေပတ်လည်လောက်ကြီးတဲ့ အကောင်တွေ တွေ့ရမယ်။ ကျွန်တော်ချိတ်သလိုသာ လိုက်ချိတ်ပေတော့”
ဦးစတိက သံချိတ်ကို ရေထဲနှစ်ပြီး မြောင်းပေါ်မှ အားဖြင့် လွှဲ၍ ချိတ်ပါတော့သည်။ ဟိုဟိုသည်သည် လွှဲ၍ ချိတ်သည်။ ရှေ့နောက် လွှဲ၍ ချိတ်သည်။
“ဟိုဘက်နားသွားပြီး ကျွန်တော်လုပ်သလိုသာ လိုက်လုပ်ပေတော့ ဆရာလေး”
ဦးစတိနည်းအတိုင်း ကျွန်တော် လိုက်လုပ်သည်။ ငါးမိနစ်ခန့် မနားတမ်း လိုက်ချိတ်သည်။
ကျွန်တော့်လက်များ ညောင်းလာသည်။ ခေတ္တနားစဉ် ဦးစတိကို လှမ်းကြည့်လိုက်သည် ပန်းကန်ပြား အဝိုင်းခန့် ငါးလိပ်ကျောက်ပေါက်စတစ်ကောင် ချိတ်တံထဲ ငြိပါလာသည်ကို တွေ့လိုက်ရသည်။
“ဦးစတိ တစ်ကောင်ချိတ်မိပြီး ကျွန်တော်တော့ မရသေးဘူး”
“လာ … ဆရာလေး။ ဟိုဘက်နား နေရာပြောင်းရအောင်”
ကျွန်တော်တို့နှစ်ယောက် ကိုက်အနည်းငယ်ဝေးသော နေရာသစ်သို့ ပြောင်းခဲ့ကြသည်။
“ရေနောက်သွားတော့ ငါးလိပ်ကျောက်ပေါက်စတွေ ဘာလို့ ရောက်လာတာလဲ”
“ချိတ်တံက ရေထဲ လှုပ်နေတော့ သူ့အစာ ထင်လို့ပေါ့။ ရေနောက်နေလို့ ရောက်လာတာက ငါးလေးတွေ ပြေးလွှားလှုပ်ရှားလို့ ရေနောက်သွားတာ ထင်ပြီး ငါးလိပ်ကျောက်တွေ ရောက်လာတာ။ ရေနောက်နေတော့ လူတွေ သူ့ရန်သူတွေ သူ့ကို မမြင်ရဘူးလေ၊ ဒါကြောင့်ပါ”
နောက်တစ်နေရာတွင် ဦးစတိက မြောင်းထဲဆင်းပြီး တဝုန်းဝုန်းနှင့် ရေနှောက်လိုက်ပြန်သည်။ ကျွန်တော်လည်း ရေမြောင်းထဲဆင်းပြီး ဦးစတိလုပ်သည့်အတိုင်း ရေကို နှောက်လိုက်သည်။ ပြီးနောက် ချိတ်ကိုကိုင်ကာ လိုက်ချိတ်သည်။
“ဒီနေရာမှာ ငါးလိပ်ကျောက် ပိုများမယ်ထင်တယ်။ လှုပ်ရှားမှုတွေ တွေ့နေရတယ်။ အားစိုက်ပြီးသာ လိုက်ချိတ်ပေတော့ ဆရာလေး”
ဦးစတိပြောသည့်အတိုင်း ကျွန်တော်လိုက်ချိတ်သည်။ ၁ဝ မိနစ်ခန့်အကြာတွင် ကျွန်တော်ချိတ်သည့်ချိတ် လေးခနဲ ဖြစ်သွားသည်။ တစ်စုံတစ်ခုနှင့် ချိတ်မိသွားပုံ ရသည်။
ကျွန်တော်ချိတ်ကို ဆွဲတင်လိုက်သည်။ ငါးလိပ်ကျောက် အသေးတစ်ကောင် ပါလာသည်။ ကျွန်တော် အလွန်ပျော်ရွှင်သွားခဲ့သည်။
ငါးလိပ်ကျောက်တစ်ကောင် ချိတ်ရ၍ ကြွားလိုက်မည်ဟူသော အတွေးဖြင့် မလှမ်းမကမ်းမှ ဦးစတိကိုလှမ်းကြည့်လိုက်သည်။ ဦးစတိက နောက်ထပ် နှစ်ကောင် ရရှိထားပြီး ဖြစ်သည်ကို တွေ့ရသည်။
နောက်ထပ် အချိန်အတန်ကြာ လိုက်ချိတ်ကြသော်လည်း မရတော့ပါ။
“ဆရာလေးက အလေ့အကျင့်မရှိသေးတော့ လက်မောင်းတွေ အောင့်နေတော့မယ်။ တော်လောက်ပြီ … ပြန်ကြစို့။ တော်ကြာ ရေတက်လာတော့မယ်”
ကျွန်တော်နှင့် ဦးစတိ လှေရှိရာဘက်သို့ ပြန်လာကြသည်။ ဦးစတိက ငါးလိပ်ကျောက်များကို အမြီးမှ စုကိုင်ကာ သယ်ယူလာသည်။
ရေပြန်မတက်သေးပေ။ လှေပေါ်မှာပင် ကျွန်တော်တို့ နားနေကြသည်။
“ဆရာလေး ငါးလိပ်ကျောက် ချိတ်တတ်သွားပြီမဟုတ်လား။ ကိုယ်တိုင်ချိတ်ပြီး ငါးလိပ်ကျောက်ဖမ်းချင်တဲ့ ဆရာလေးဆန္ဒ ပြည့်သွားပြီနော်။
နောက် ငါးလိပ်ကျောက်လာချိတ်ရင် ရေနောက်ထဲ မဆင်းမိဖို့ သတိထားနော်။ ဆရာလေးတပည့်လည်း ရေနောက်ထဲ ဆင်းမိလို့ ငါးလိပ်ကျောက် အထိုးခံရတာ။
မတော်လို့ ငါးလိပ်ကျောက် အထိုးခံရရင်လည်း ကျွန်တော်ပြောခဲ့သလို အနာကို အရင်ဆုံး ရေချိုနဲ့စင်အောင် ဆေးပါ။ နောက်မှ ဆေးထည့်ပါ။ တစ်ရက် နှစ်ရက်နဲ့ ပျောက်သွားလိမ့်မယ်”
“ဦးစတိပြောတာ ကျွန်တော်မှတ်မိပါတယ်”
ထိုစဉ်မှာပင် တဝေါဝေါနှင့် မြည်သံများ ကြားရပြီး ဒီရေတက်လာသည်။ သဲပြင်ပေါ်တွင် တစောင်းဖြစ်နေသော လှေမှာ သဲမှ လွတ်သွားပြီး တည့်မတ်သွားသည်။
ဦးစတိက ကျောက်ဆူးကြိုးကို ဆွဲပြီး ကျောက်ဆူးလှေပေါ် ပြန်တင်လိုက်သည်။
“ကျွန်တော်ချိတ်လို့ရတဲ့ ငါးလိပ်ကျောက်သုံးကောင် ဆရာလေးပဲ ယူသွားပါ”
“မယူပါဘူး၊ ကျွန်တော် တစ်ယောက်တည်းပဲဟာ။ ဒီကောင်ဆို နှစ်ရက်စာ ဖူလုံပြီ။ ဦးစတိချက်သလို ဆီပြန်ချက်မယ်”
“ဒီသုံးကောက် ဓားထက်ထက်နဲ့ အမြောင်းလိုက်ခွဲပြီးနေလှမ်းထားပေါ့။ ဆားမသုံးနဲ့။ ခွဲပြီး ပင်လယ်ရေနဲ့ ဆေးလိုက်ပါ။ သုံးရက်လောက် နေလှမ်းရင် ခြောက်ပြီး ဆားပေါ့ ငါးလိပ်ကျောက်ခြောက် စားလို့ သိပ်ကောင်းတာ။ ကော့သောင်းသွားတော့ လက်ဆောင်ပေးလို့ ရတာပေါ့”
“ဒါဆိုလည်း ကျွန်တော် ယူသွားပါ့မယ်”
ဦးစတိက ပဲ့ချိတ်စက်ကို နှိုးလိုက်သည်။ လှေမောင်း၍ရသည့် အနေအထားဖြစ်သည်။
ဒီရေအတက် မြန်လွန်းလှသည်။
“သွားလို့ရပြီ၊ ကဲ … ပြန်ကြစို့ ဆရာလေး”
ဦးစတိ ဖြည်းဖြည်းသာ မောင်းလာသည်။
ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပြီးမှ ဦးစတိ ပြန်သွားသည်။ ဦးစတိပေးသည့် ငါးလိပ်ကျောက်သုံးကောင်ကို အသာဖယ်ထားလိုက်သည်။ နောက်မှ ငါးခြောက်ခွဲမည်။
ကျွန်တော်ကိုယ်တိုင် ချိတ်၍ရသော ငါးလိပ်ကျောက် ကို ခုတ်ထစ်ပြီး အတုံးလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။ ရေချိုဖြင့် အထပ်ထပ်ဆေးလိုက်ပြီး ငရုတ်သီးထောင်းကာ ဆီပြန်ဟင်း ချက်လိုက်သည်။
တလွန်းရွာတွင် ပထမဆုံးချက်သော ငါးလိပ်ကျောက်ဟင်းတစ်ခွက် ဖြစ်သည်။