ချင်းတောင်ကင်းမောင်
ကိုယ်နားလည်ပါတယ် မေ
မဟော်လောင်းရွာကလေး၏ နံနက်ခင်းသည် နေခြည်နုနု ပက်ဖျန်းထားသဖြင့် လှပသာယာနေပါသည်။
ကျွန်တော် ပြေးဝင်သွားတော့ “မေ”သည် သူတို့၏အိမ်ကပြင်ကလေး၌ ဂျပ်ခုတ်ရက်နေပါသည်။ သူသည် ဗယ်ဘက်လက်၌ ကိုင်ထားသော နှပ်သွားကို ခဏပြန်ချလိုက်ပြီး ကျွန်တော် ကို ပျာပျာသလဲကြည့်ကာ–
“ဟဲ့… ဖေလင်း အလန့်တကြားနဲ့၊ ဘာတွေ အရေးကြီးလာလိုလဲ”
ကျွန်တော်က အိမ်ထဲသို့ မျက်စိတချက် ကြည့်လိုက်ယင်း….
“ရှူး…. နင့်အမေ ရှိသလား”
“မေ”က နားမလည်နိုင်သော မျက်နှာဖြင့် …
“ ဟင့်အင်း…. မရှိဘူး၊ ဘာဖြစ်လိုလဲ”
ကျွန်တော်က ခဏစဉ်းစားပြီးမှ….
“နင့်အမေကိုတော့ ပြန်မပြောနဲ့ဦးဟာ၊ ဟိုလေ… ဝီဘောက်ကို ကျားကိုက်လို”
မေသည် “ဟင်” တလုံးသာ အာမေဍိတ် ပြုနိုင်ပါသည်။ သူ့မျက်နှာကလေးသည် နီရဲသွားသည်။
“ဝီဘောက်” ဆိုသည်မှာ မေနှင့် သူ့အမေပိုင် နွားနောက်ထီးကလေး၏ နာမည်ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ “ဆင်ဖြူ” ဖြစ်သည်။
ကျွန်တော်တို့ ချင်းအမျိုးသားများသည် နွားနောက်များကို အမြတ်တနိုးဖြင့် နာမည်ခန့်ခန့်ထည်ထည် ကလေးများ မှည့်တတ်ကြပါသည်။ နွားနောက်ထီးအဖြူဆိုလျှင် ဝီဘောက် (ဝါ) ဆင်ဖြူ၊ အနက်ဆိုလျှင် ဝီလဲ (ဝါ) ဆင်မည်း၊ နွားနောက်မဆိုလျှင် သုန်တီး (ဝါ) တောင်တော်ရှင်မ စသည်ဖြင့် ဖြစ်ပါသည်။
မေ၏ ချင်းနာမည်မှာ “မံ” ဖြစ်ပါသည်။ သို့သော် ကျွန်တော်တိုရွာ၌ လာရောက်တာဝန်ထမ်းဆောင်သော အလယ်တန်းကျောင်းအုပ် ဦးစံလွင်က
“နင်တို့နာမည်က အခေါ်ရခက်ပါတယ်။ ခေါ်ရလွယ်အောင် မြန်မာလို မှည့်ပေးမယ်”
ဆိုပြီး သူ့ကို မဝင်းမေ ဟု မှည့်သည်။ ချင်းနာမည် “မံ” နှင့် နီးစပ်အောင်ဟု မှည့်ခြင်းဖြစ်သည်။ ကျွန်တော့်နာမည်မှာ ချင်းလို “ဖေလိန်း” ဖြစ်ပါသည်။ ဒါကို ဆရာက မြန်မာဆန်ဆန် “ဖေလင်း”ဟု ခေါ်ပါသည်။
“အမေ သိယင်တော့ ဒုက္ခရောက်တော့မှာပဲ”
မေက ဂျပ်ခုတ်ကို ခါးမှချွတ်ယင်း ပြောသည်။
“အေးပေါ့… ငါလဲ ဒါပဲ စိုးရိမ်နေတယ်”
“နွားကလေးက သေပြီလား……”
“ဟ… ကျားကိုက်ပါတယ်ဆိုမှ နာတာရှည်လား မေးနေပြန်ပြီ။ မသေပဲ ခံနိုင်ရိုးလားဗျာ…”
“ဒီအတိုင်းဆိုယင် အမေက နင့်ကို နွားနောက် ထိန်းခိုင်းတော့မှာ မဟုတ်ဘူး”
“နွား မထိန်းရုံဆို တော်သေးတာပေါ့။ ခုတော့ ငါ ရည်မှန်းထားတဲ့ အဆောက်အအုံလေး ပြိုကွဲရတေံမယ်”
မေသည် ဘာမျှ မပြောပဲ အတန်ကြာ ငိုင်နေပါ သည်။ သူ့မျက်နှာကလေးသည် ခါတိုင်းလိုပင် လှပ နေပါသည်။ ပါးရဲ မထိုးသဖြင့် အသားကလေးက ဝင်းဝါသည်။ နက်မှောင်သော ဆံကေသာကို တပတ်လျှို ထုံးထားရာ ဆံမြိတ်စများသည် ကျောပေါ်၌ အုပ်လိုက် ကျနေသည်။ အပြာရောင် သင်တိုင်းကလေးနှင့် အနက်ရောင် ထဘီကလေးသည် သူမ၏ အချိုးအဆစ်ပြေပြစ်ဖြိုးမောက်သော ကိုယ် လုံးကလေးကို အထင်းသား ပေါ်လွင်စေလျက် ရှိပါ၏။
မေနှင့် ကျွန်တော်သည် သက်တူရွယ်တူလောက်ပင် ရှိကြမည်။ သူက ကျွန်တော့်ထက် သုံးလသာ ငယ်သည်။ ဤရွာမှာ မွေး၊ ဤရွာမှာ ကြီးပြင်းလာသော ကစားဖော် ကစားဖက်များ ဖြစ်၍လည်း အထူးခင်မင် ရင်းနှီးကြသည်။ တယောက်၏ စိတ်ကို တယောက်က သိသဖြင့် ခိုက်ရန်ဖြစ်သည်ဟူ၍ပင် တခါမျှ မရှိဖူးကြပါ။
ကျွန်တော်တို့၏ ရွာ၌ ကျောင်းဖွင့်ခွင့်ရ၍ နှစ်ယောက်သား ကျောင်းနေကြတော့လည်း တတန်းပြီး တတန်း နှစ်စဉ် အတူအောင်လာခဲ့ကြသည်။ သို့သော် ကျွန်တော်တို့မှာ အသက် ဆယ့်တနှစ်ရှိမှ ကျောင်းနေကြသည်မို့ သတ္တမတန်းအောင်သည့် အချိန်တွင် အပျိုဖြန်း လူပျိုဖြန်းဘဝသို ရောက်မှန်းမသိ ရောက်ခဲ့ကြပါပြီ။
ဤအချိန်တွင် မေ၏ အဖေ ဦးလိန်းအောင်မှာ အူရောင်ငန်းဖျားရောဂါဖြင့် ရုတ်တရက် ကွယ်လွန် သွားပါသည်။ သည်တော့လည်း မေ၏ အမေဖြစ်သူ ဒေါ်ရှိန်းပိုင်က…
“မိန်းကလေးကို စာသင်ပေးတာ သူများကောင်းစားဖို့ ဖြစ်နေတယ်”
ဟု ဆိုပြီး ကျောင်းနုတ်လိုက်ပါတော့သည်။ သူ့အနေနှင့် မုဆိုးမ ဖြစ်လာ၍ အားငယ်တာလည်း တကြောင်းပါမည်။ သို့သော် အဓိကမှာတော့ ဒေါ်ရှိန်းပိုင်သည် အလွန်စစ်စီသူ ဖြစ်သည်။ အချို့ကတော့ သူ့ကို မယ်ကပ်စေးဟုပင် ခေါ်ကြပါ၏။
သို့သော် ပြောစမှတ်ပြုလောက်အောင် ကပ်စေးနည်းသူတော့ မဟုတ်ပါ။ အသုံးနှင့် အဖြုန်းကို ဂရုစိုက်လွန်းသည်ဟု ပြောလျှင် ပို၍ မှန်မည်ဖြစ်ပါသည်။
တကယ်တော့ သူသည် မေ့ကို ကျောင်းဆက်ထားမည်ဆိုက ထားနိုင်သော အင်အားရှိပါ၏။ ဦးလိန်းအောင်မှာ မိဘထံမှ အမွေအတော်များများလည်း ရလိုက်သည်။ သူကိုယ်တိုင်ကလည်း ကြံရည်ဖန်ရည် ရှိသည်။
သူ့ဇနီး ဒေါ် ရှိန်းပိုင်ကလည်း စီးတဲ့ရေ ဆည်တဲ့ ကန်သင်းကို ထိန်းသိမ်းနိုင်သည့် အရည်အချင်း ရှိသည်။ ထို့ကြောင့် ဤဒေသမှာတော့ ချောင်ချောင် လည်လည် နေနိုင်သော မိသားစုများ ဖြစ်ကြပါ၏။
ဦးလိန်းအောင် ကွယ်လွန်သည့်အချိန်တွင် နွားနောက် နှစ်ဆယ့် တကောင်၊ တောင်ယာမြေ ဆယ့်သုံးကွက်၊ ရွှေနားပန် အရန်သုံးဆယ်ခန့် ကျန်ခဲ့လေသည်။
ကျွန်တော်ကတော့ ထိုသို့မဟုတ်ပါ။ ကျွန်တော့်အဖေသည် ကျွန်တော် သုံးနှစ်သားကပင် ကာလဝမ်းရောဂါဖြင့် ဆုံးသည်ဟု သိရသည်။ ထိုစဉ်ကတော့ ကျွန်တော်တို့ရွာတွင် တိုက်နယ်ဆေးရုံ မရသေးပါ။လူတွေကလည်း ကျန်းမာရေးပညာကို နားမလည်။
တဖန် ကျွန်တော့်အား ဆက်လက်ကျွေးမွေးပြုစုလာသော အမေမှာလည်း ကျွန်တော် ငါးတန်းအရောက်တွင် အဆုတ်ရောဂါဖြင့် နာတာရှည် မမာမကျန်းဖြစ်ရာမှ ကွယ်လွန်သွားပြန်ပါသည်။ အမေ့ရောဂါကတော့ တောင်ယာလုပ်ရလွန်း၍ အဆုတ်ထဲ၌ မြေမှုန့်များ ပြည့်နေသည်ထင့်။ သည်ရောဂါမျိုးက သည်နယ်မှာ မရှားပါ။
အမေ့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရသဖြင့် သူ ကွယ်လွန်ချိန်တွင် အမွေ မည်မည်ရရ မထားခဲ့နိုင်ပါ။ ကျွန်တော့်မှာ အမေရှိစဉ်ကပင် ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ဖြင့်သာ ကျောင်းနေခဲ့ရ၏။
တကယ်တော့ အမေဆုံးစဉ်က ကျွန်တော် ကျောင်းထွက်ဖို့ ကောင်းပါသည်။ သို့သော် ကျွန်တော် မထွက်လို။ မထွက်လိုသည့် အကြောင်းကလည်း “မေ”ကို ကျွန်တော် များစွာ ခင်တွယ်မိသောကြောင့်ပင် ဖြစ်သည်။ သာမန် ခင်တွယ်ရုံမျိုး မဟုတ်။ ဘဝတသက်တာအတွက် ရည်မှန်းထားသည်။
အကယ်၍ ကျွန်တော် ကျောင်းထွက်လိုက်ပါက သူ့ထက် အဆင့်နိမ့်သွားမှာ သေချာသည်။ ခုခေတ်မှာ က ရှေးကလို အမဲပစ်တတ်ရုံနှင့်လည်း မလုံလောက် တော့။ ပညာ အသင့်အတင့် တတ်သူကိုမှ မိန်းကလေးများက စောင်းငဲ့၍ ကြည့်လာကြသည်။
မေ့ထက် ပညာရည်အဆင့် နိမ့်သွားသည်နှင့်အမျှ ဒေါ်ရှိန်းပိုင်ကလည်း ဘယ်နည်းနှင့်မျှ ပေးစားမည် မဟုတ်။
အဘယ့်ကြောင့်နည်း။
ဒေါ်ရှိန်းပိုင်သည် နှယ်နှယ်ရရ မိန်းမ မဟုတ်ပါ။ အလွန် စိတ်ထက်သည်။ တခါက သူ့ ခင်ပွန်းသည် ဦးလိန်းအောင် အခြားကောင်မလေးတယောက်နှင့် ရည်ငံသည်ဟု သတင်းပေါက်ကြားသွားရာ ဒေါ်ရှိန်းပိုင်မှာ ယမ်းပုံမီးကျ ဖြစ်တော့သည်။
သူသည် ကောက်သိမ်းပြီးစ စပါးအပြည့် ထည့်ထားသော ယာတဲကို မီးတင်ရှို့ခဲ့ကာ မိဘရပ်ထံ ပြန်ပြေးလေသည်။ သည်တော့လည်း ဦးလိန်းအောင်ကသာ ဒူးထောက်အညံ့ခံကာ အောင်တမန်များလွှတ်၍ ပြန်ခေါ်ခဲ့ရ၏။ မယားငယ် မယူတော့ပါဘူးဟုလည်း အောင်တမန်များ ရှေ့တွင် ကတိပြုခဲ့ရသည်။ ဦးလိန်းအောင်သည် သူ ထိုင်ဆို ထိုင် ၊ ထဆို ထ ဖြစ်ခဲ့ရ၏။
ဦးလိန်းအောင် ကွယ်လွန်သောအခါ ဦးလိန်းအောင်၏ တူများက ဦးလိန်းအောင်၏ မြေယာ၊ နွားနောက်များကို စီမံခန့်ခွဲရန် စိုင်းပြင်းလာကြသည်။ ဒေသထုံးစံမှာလည်း လူတယောက်သေလျှင် သူ့မိန်းမ၌ ပြောရေးဆိုခွင့် မရှိတော့။ သားယောက်ျား ရှိလျှင် သား၊ သားယောက်ျား မရှိလျှင် ကျန်ဆွေမျိုး (ယောက်ျား) များကသာ ပြောဆိုခန့်ခွဲပိုင်ခွင့် ရှိသည်။
“သေစရာရှိလျှင် ယောက်ျားက သေရသည်၊ ပြောစရာရှိလျှင်လည်း ယောက်ျားက ပြောရမည်”
ဟူသော ထုံးစံရှိသည်။
သို့သော် ဒေါ်ရှိန်းပိုင်မှာမူ ဦးလိန်းအောင် ယ၏ ဆွေမျိုးများကို လုံးဝ အကပ်မခံ
“ထိရဲယင် လာထိကြည့်၊ ထဘီနဲ့ ရိုက်လွှတ်မယ်”
ဟု ကြုံးဝါးသူ ဖြစ်သည်။ ထဘီနှင့်ရိုက်၍ မရလျှင်လည်း အိမ်ကို မီးတင်ဦးမည့်အစား။ အာဂ မိန်းမပင်။ သည်တော့လည်း ယောက်ျားများက မတတ်သာ ခပ်ခွာခွာ ကြည့်နေကြရလေသည်။
ကျွန်တော်သည် ဒေါ်ရှိန်းပိုင်၏ နွားနောက်မကြီး တကောင်ကို အငှားထိန်းကျောင်းရပါသည်။ ချင်းထုံးစံအရ ယခု ပထမနှစ် မွေးသည့် နွားကလေးကို ပိုင်ရှင်သို့ ပြန်အပ်ရမည်။ ဒုတိယနှစ် မွေးလျှင် ကျွန်တော်ပိုင်ရမည်။ တတိယနှစ် မွေးလျှင် ပိုင်ရှင် ပြန်အပ်ရမည်။
သို့သော် ယခုမူ နွားကလေးကို ကျွန်တော် ပြန်မအပ်နိုင်မီပင် ကျားကိုက်သွားလေပြီ။ မွေးမွေးချင်း ပြန်အပ်ခဲ့ပါမူ ကျွန်တော့်တာဝန်ကျေပြီ။ ဘာမျှ ပြောစရာမရှိ။ ကျားကိုက်လျှင်လည်း သူတို့လက်ထဲ ကိုက်တာဖြစ်၍ ကျွန်တော်နှင့် မဆိုင်တော့။
သို့သော် နွားအပ်သည် ဆိုသည်မှာ-
“ဒါ ခင်ဗျားယူတော့”
ဟု ပါးစပ်ဖျားတွင် အပ်၍ ရသည်မဟုတ်။ အမဲသားဟင်း၊ ငါးဟင်း စသည်တို့ဖြင့် ထမင်းတည်ခင်း ကျွေးမွေးပြီး အပ်ရသည်။ ခေါင်လည်း ထိပ်ပေးရသည်။
အမဲသားဟင်း မတတ်နိုင်သော ကျွန်တော်မှာ ချောင်းထဲ၌ ငါးရှာ၍ ကျပ်တင်ရဆဲ ဖြစ်၏။ ခေါင်ချက်ထားသည်မှာလည်း မရင့်သေး။ ထိုသို့ ကြာနေစဉ်မှာပင် ကျွန်တော့်လက်ထဲ၌ နွားကလေး ဆုံးပါးရခြင်း ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် သုံးနှစ်ကျောင်း၍ နွားကလေးတကောင် ရမည့်နေရာ၌ လေးနှစ် ကျောင်းမှ ရနိုင်ပေတော့မည်။ တနှစ်စီ ဝေးသွားတော့သည်။
ဒေါ်ရှိန်းပိုင် အဖို့မှာလည်း ယခုနှစ် ရမည့် နွားကလေး ကို နောက်တနှစ်ကျမှ ရတော့မည်ဖြစ်၍ ဘယ်နည်းနှင့်မျှ ကျေနပ်နိုင်မည် မဟုတ်။ မကျေနပ်ရုံ မက ကျွန်တော့်ကိုပင် သားမက်လောင်းအဖြစ်မှ ကန်ချပေတော့မည်။
“အေး… နင်သိတဲ့ အတိုင်း ငါလဲ အမေ့ကို ကြောက်ရတာပဲ။ ဒါပေမယ့် ငါ ပြောကြည့်ပါဦးမယ်လေ။ တခုရှိတာက ကျန်နွားတွေ ကျားရန်က အေးဖို့လိုတယ်။ ဒီကျားကို သတ်နိုင်ယင်တော့ အမေ စိတ်ပြေကောင်း ပြေမယ်။ အမေ့သဘောကိုလဲ နင်သိတယ် မဟုတ်လား”
မေသည် ဤသို့ပြောယင်း အိမ်ကပြင်ထရံ၌ ချိတ်ဆွဲ ထားသော တိရစ္ဆာန်ခေါင်းခြောက်များကို ကြည့်၏။ အပေါ်ဆုံး၌ ဖြူများ၊ ယုန်များ၊ သင်းခွေချပ်များက တတန်း၊ အောက်က ချေများ၊ ဆတ်များ၊ တော ဆိတ်များက တတန်း၊ သူ့အောက်ကမူ တောဝက်များ၊ ဝက်ဝံများ၊ ပြောင်၊ စိုင်များက တတန်း၊ သူ့အောက်မှာတော့ နတ်ပွဲ၌ သတ်ဖြတ်ပူဇော်ထားသော နွားများ၊ ကျွဲများ၊ နွားနောက်များကို ကြီးစဉ်ငယ်လိုက် လှပစွာ စီတန်းချိတ်ဆွဲထားသည်။
ဤခေါင်းခြောက်များသည် ဘိုးစဉ်ဘောင်ဆက် ဘေးလက်ထက်မှစ၍ ယခု ဦးလိန်းအောင်၏ ခေတ်အထိ သတ်ဖြတ်လာခဲ့သော ခေါင်းခြောက်များ ဖြစ်သည်။ ဤခေါင်းခြောက်များက အမျိုး အနွယ်၏ သတ္တိနှင့် ဝီရိယ ဂုဏ်ရောင်ကို ထွန်းပြောင်စေသည်။
(ကျားတို့ ဝံပုလွေတို့ကိုမူ အိမ်၌ ချိတ်ဆွဲသော ထုံးစံ မရှိပါ။ ရွာထိပ် တောစပ်ရှိ သစ်ပင်ဖျားတွင် ချိတ်ဆွဲလေ့ ရှိကြသည်။)
ဒေါ်ရှိန်းပိုင်သည် အိမ်ရှိ တိရစ္ဆာန်ခေါင်းခြောက်များကို အမြဲပင် ဖုတ်ဖက်ခါခြင်း၊ ဆေးသုတ်ခြင်း၊ ဝက်စွယ် ချေစွယ်များကို ပြောင်လက်အောင် တိုက်ချွတ်ခြင်းဖြင့် တသသ ထိန်းသိမ်းမွမ်းမံလေ့ရှိသည်။
မေသည် တိရစ္ဆာန်ခေါင်းခြောက်များဆီမှ မျက်နှာကို ခွာလိုက်ယင်း—
“အမေက ခဏခဏ ပြောတယ်။ လှတာ မစားရ ဘူး။ အလုပ်လုပ်မှ စားရမယ်တဲ့။ အလုပ်လုပ်တယ် ဆိုရာမှာလဲ ယောက်ျားအလုပ်နဲ့ မိန်းမအလုပ် မတူ ဘူးတဲ့။ ရှေးလူကြီးတွေ စကားရှိတယ် ဆိုပဲ။
ယောက်ျားတို့အချင်း စစ်တိုက် အမဲလိုက်။ မိန်းမတို့အချင်း အိမ်တွင်းမှုလုပ် ယာခုတ် ပေါင်းထိုး တဲ့။ ခုခေတ်မှာတော့ တမျိုးနဲ့ တမျိုး စစ်တိုက်တာ မရှိတော့ဘူးပေါ့။ အမဲလိုက်တာပဲ ရှိတော့တယ်။ သည်တော့ ယောက်ျားကလေးမှန်ယင် သတ္တိ ဗျတ္တိ ရှိရမယ်။ ဝံတို့ ကျားတို့ကို သတ်ရဲရမယ်တဲ့…”
ဤတွင် ကျွန်တော်က ပြုံးလျက်–
“ကျွန်တော့်လဲ ပြောသေးတယ် မဟုတ်လား။ ဒီကောင်ဟာ သတ္တိမှ ရှိရဲ့လားတဲ့။ ချေလေး ဆတ်လေးတောင် သတ်တယ်လို့ မကြားဖူးပါလားတဲ့”
“ဟဲ့ နင့်ကို ဘယ်သူ ပြောတာလဲ……”
“ ဒီလိုပဲ ကြားရတာပေါ့ မေရာ။ နာမည်တော့ မဖော်ပါရစေနဲ့”
“အေး… ဒါတော့ ငါ မကြားမိဘူး။ ဒါပေမယ့် နင်အခု ကျားကြီးသာသတ်ယင်လေ သူ သိပ်ဝမ်းသာမှာပဲ … သိလား။ ငါလဲ သူ့ ကို ကြည့်ပြောပါဦးမယ်။ နင့် အပေါ် သူ စိတ်မဆိုးအောင်ပေါ့။ ပြီးတော့ နင့်ဆီ အကြောင်းပြန်ပါ့မယ်။ နင်ကကော အထွေအထူး စဉ်းစားမနေနဲ့။ ဒီကျားကြီးကို သတ်နိုင်အောင်သာ ခုကတည်းက ပြင်ထား၊ ကြားလား”
xxx xxx xxx
နွားကလေး အကိုက်ခံရသည့်နေရာသည် တောင်စောင်း ဖြစ်သော်လည်း၊ အနည်းငယ် ပြေလျောလျော ရှိသည်။ ကျားသည် နွားကလေး၏ နောက်ခြေထောက် အနည်းငယ်သာ စားသွား၏။ ကျားများသည် နွားကိုက်လျှင် မည်သည့်အခါမျှ ချီမသွား။ နေရာတွင်သာ ထားပစ်ခဲ့မြဲ ဖြစ်၏။ သို့သော် သူတို့သည် ကိုက်သတ်ထားသော အကောင်ကို အလဟဿ ထားရိုးထုံးစံ မရှိ။ သူတို့ ပြန်၍ ဆာလာသည့်အချိန်၊ ညအမှောင်လည်း ကျလာသည့် အချိန်တွင် ပြန်လာကြမြဲ ဖြစ်၏။
ကျွန်တော်တို ဒေသမှာတော့ ကျားကို လင့်စင်ထိုး၍ စောင့်သော အလေ့အထ မရှိလှပါ။ လေးမြားများကိုသာ ထောင်ထားတတ်၏။ သာမန် ငွေ လေးမြားများကို အားမရသောအခါ၌မူ ဧရာမ လေးကိုင်းကြီးတွင် ဝါးချွန်ပြားတခုကို ထောင်ထားတတ်ကြ၏။ ဝါးပြား ဆိုသော်လည်း အထင်သေးရန် မဟုတ်။ ပေါ့ပါး သောကြောင့် အရှိန်ပြင်းစွာ ပျံနိုင်သည်။ အဖျားကိုမီးမြိုက်ပြီးမှ ချွန်ထားသောကြောင့်လည်း တော်ရုံ သားကောင်ဆိုလျှင် ထုတ်ချင်းခပ် ပေါက်နိုင်သည်။
နောက်ပိုင်းမှာတော့ သံညှပ်များနှင့် သေနတ်များ ပေါ်လာသောကြောင့် မြားနှင့် ဝါးချွန်ကို သိပ်မသုံးကြတော့။ သံညှပ်မှာ ကြီးမားလေးလံလှ၏။ ထို့ ကြောင့်က အစိုးရက ရွာတိုင်းသို့ ထုတ်မပေး။ ကျားအပေါများဆုံး ရွာများလောက်သာ ရွေးပြီး ထုတ်ပေးသည်။
ကျွန်တော့်မှာ သေနတ် ကိုယ်ပိုင် မရှိပါ။ သို့သော်
ဘကြီးလောထန်းထံမှ နှစ်လုံးပြူးသေနတ် ငှားလာ သည်။ ကျွန်တော်သည် နွားသေကောင် အနေအထား နှင့် ကျားခြေရာအနေအထားများ သေချာကြည့်ပြီးနောက် သေနတ်ထောင်မည့်နေရာကို ရွေးသည်။
သေနတ်ကို ကျားခြေရာကြောင်းမှ ဝါးတရိုက်ခန့် အကွာ တောင်ဆုပ်ခန့် မြင့်သော ခွနှစ်ချောင်းစိုက်၍ တင်ထားသည်။ ကြိုးဖြင့် ခွတွင် သေချာတုပ်ထားသည်။ သေနတ်ပြောင်းသည် ကျားခြေရာကြောင်းဆီသို့ ချိန်ထား၏။ ပြီးလျှင် ကျားဝင်လာမည့် လမ်းကြောင်းကိုဖြတ်၍ မြင်းမြီးနှင့် တူသော “မချုမ်ရွှီ” ခေါ် ဂုန်လျှော်ကြိုးငယ် အနက်ကို သွယ်တန်းလာသည်။ ကြိုးဖျားကို သေနတ်ဒင်ပေါ်ရှိ ဝါးကွင်းတခုတွင် သွား၍ တပ်ထားသည်။ ဝါးကွင်းမှာ သေနတ်နောက်နား၌ စိုက်ထားသော ညွှတ်ကိုင်းမှ ကြိုးဖြင့် ဆက်ထား၏။
ညွှတ်ကိုင်းကြိုးမှာ ဝါးကွင်းခလုတ်မှတဆင့် သေနတ်အောက်ရှိ မောင်းခလုတ်တွင် သွား၍ ချည်ထားသည်။
အားလုံး ပြီးစီးသောအခါ သေနတ်မောင်းကို အသင့် တင်ထားခဲ့လေသည်။ ကြိုးတန်းကို ကျားတိုး သည်နှင့် တပြိုင်နက် ခလုတ်ပြုတ်ကာ သေနတ်ပေါက်မည် ဖြစ်၏။
xxx xxx xxx
ထိုညတွင် ကျွန်တော်သည် သေနတ်သံကို နားစွင့်ယင်း တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။ မျက်စိကြောင်ပြီး ထွေရာလေးပါး တွေးနေမိသည်။ နွားအကြောင်း၊ ကျားအကြောင်း၊ ပြီးတော့ မေနှင့် မိမိ၏ ရှေ့ရေး။ ဒါတွေ စဉ်းစားတော့ ဒေါ်ရှိန်းပိုင်၏ ရုပ်ပုံလွှာက ဝင်လာပြန်သည်။ နာမည်နှင့်လိုက်အောင် အလုပ်ပိုင် သည့် မိန်းမ။ အပြောပိုင်သည့် မိန်းမ။
သူက “ရုပ်လှတာ မစားရ၊ အလုပ်လုပ်မှ စားရမည်”ဆိုပါလား။ အလုပ် ဆိုရာ၌လည်း မိန်းမအလုပ် မလိုချင်။ ယောက်ျားကလေးဆိုလျှင် ကျားကျားလျားလျား ရှိရမည်တဲ့။
ကျွန်တော့်မှာက ယောက်ျားအလုပ် မိန်းမအလုပ်ဟု ရွေးမနေနိုင်သည့် ဘဝ။ တကောင်ကြွတ် တမျက်နှာမို့ ကိုယ်ကိုယ်တိုင်မောင်းထောင်း ဆန်ပြာရသည့် အခါများလည်း ရှိသည်။
သို့သော် ညနေက မေ ရောက်လာပြီး အကြောင်းပြန်ကြားလာသည်။ ကျန်နွားနောက်များပါ ကျားစာ ဖြစ်မည်ကို အမေက သိပ်စိုးရိမ်သည်တဲ့။ ကျားကိုသာ သတ်နိုင်ပါက “ဆင်ဖြူ”အတွက် သူ ဘာမျှ မပြောလိုပါတဲ့။ ဒါတွင်မက မေက သတင်းထူးကလေး တခုကိုပါ ယူဆောင်လာသည်။
သတင်းထူး ကလေးကတော့ အခြားမဟုတ်ပါ။
“ကျားကိုသာ သတ်စမ်းပါစေ။ ညည်းတို့လိုချင်တဲ့အတိုင်း ဒီလထဲမှာ လက်ထပ်ပေးမယ်”
ဟု ပြောသည်တဲ့။
ကျွန်တော်သည် ဤသတင်းကို ကြားတော့ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ အမှန်ကို ဝန်ခံရမည်ဆိုလျှင် ကျားကိုတော့ ကျွန်တော် ကြောက်ပါ၏။ သို့သော် ဖြစ်ချင်ရာဖြစ်၊ ဒေါ်ရှိန်းပိုင်၏ စကားက ကျွန်တော့်အား အရာရာကို ရင်ဆိုင်နိုင်သော ခွန်အားများ ပေးအပ်လိုက်ပါပြီ။
ဘယ်အချိန်က အိပ်ပျော်သွားသည်မသိ။ သေနတ်သံကြားမှ ကျွန်တော် လန့်နိုးလာသည်။ အရှေ့ဆီကလား ဘာလား မဝေခွဲတတ်။ အရှေ့ကဆိုလျှင်တော့ ကျွန်တော့်သေနတ်ပဲ ဖြစ်ရမည်။ သို့သော် အိမ်တွင် မေးဖို့ မြန်းဖို့ မည်သူမျှ မရှိ။
ည၌ သွားကြည့်လျှင် မတော်တဆ ကျားနာနှင့် တိုးက ခက်မည်။ ကျားသည် ည၌ မြင်သည်။ လူက မမြင်။ ထို့ကြောင့် မိုးစင်စင်လင်းမှပင် ထွက်လာခဲ့ရသည်။
ကျွန်တော်သည် ထုံးစံအတိုင်း ကိုယ်ပေါ်တွင် စောင် နှစ်ထပ် စလွယ်သိုင်း၍ လွှမ်းပတ်ထားပါသည်။ ခါးပတ်တခုကို ပတ်ပြီး ခါးပတ်တွင် ဓားမြှောင်တလက် ချိတ်ထားလိုက်သည်။ လှံတချောင်းကို ထမ်း၍ အဖော်မွန် “ခေါမ်ဘောက်” (ဝါ) ဂုတ်ကျားကို ခေါ်ဆောင်လာခဲ့ပါသည်။
ကျွန်တော်သည် ဒေါ်ရှိန်းပိုင် ချီးမွမ်းသည့်အတိုင်းပင် ချေတကောင်မျှ သတ်ခဲ့ဖူးသူ မဟုတ်ပါ။ သို့သော် ယုန်တို့၊ ဖြူတို့ကိုမူ လိုက်ဖူးပါ၏။ ထိုသို့ လိုက်ရာတွင် ဂုတ်ကျားသည် များစွာ အကူအညီပေးခဲ့၏။ သူ၏ စွမ်းဆောင်မှုကြောင့်ပင် ကျွန်တော်သည် ဖြူနှင့် ယုန် အတော်များများကို ရခဲ့ဖူးပါသည်။ ရသည့် အခါတိုင်းလည်း သူ့ကို ကျွန်တော် မမေ့။ အသားကောင်းများကို ခွဲဝေပေးခဲ့မြဲ ဖြစ်၏။
သေနတ်ထောင်သည့် နေရာသို့ ရောက်ခါနီးသော် ဂုတ်ကျားကို ကျွန်တော် ဆွဲထားသည်။ ကြိုးတန်း တိုးမိမည်စိုး၍ ဖြစ်၏။ သို့သော် သေချာစွာ ကြည့်လိုက်သောအခါ ကြိုးတန်းအတွက် မစိုးရိမ်မိတော့ပါ။ ညွတ်ကိုင်းသည် မိုးသို့ ထောင်နေသဖြင့် သေနတ်မောင်း ပြုတ်ပြီးကြောင်း သေချာပြီ။
ဂုတ်ကျားကို ကျွန်တော် လွှတ်လိုက်ရာ တဟုန်ထိုး ပြေးသွားပါသည်။ သူသည် မြေကြီးကို နမ်းလိုက်၊ အမြီးနှန့်လိုက်၊ ဟိုသည်ပြေးလိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေသည်။
ခုထိ ကျားသံ မကြားရပုံထောက်သော် ကျားသည် သေပြီး၍သော်လည်းကောင်း၊ ထွက်ပြေး၍သော် လည်းကောင်း ဖြစ်မည်။ ထို့ကြောင့် ကျွန်တော်လည်း စိတ်ချလက်ချပင် ချဉ်းကပ်သွားပါ၏။
နွားသေကောင်ကို မနေ့ကအတိုင်းပင် တွေ့ရ၏။ ထပ်စားထားပုံ မရပါ။ ကြိုးတန်းတည့်တည့်တွင် မြက်ပင် ချုံပင်များ ကြေမွနေသည်။ တလံကွာမှာတော့ သွေးအိုင်များ တွေ့ရ၏။ ပြီးတော့ သွေးစများသည် အရှေ့ဘက်သို့ တစက်စက်ကျသွားသည်။ မြေကြီးပေါ်၌လည်း တွေ့ရ၏။ သစ်ရွက်များပေါ်၌လည်း တွေ့ရ၏။
ကျားကြီး မသေ။ အရှေ့ဆီ ဒဏ်ရာဖြင့် ရွှေ့သွားကြောင်း သေချာပြီ။
ကျွန်တော်သည် လှံကို ချထားခဲ့သည်။ သေနတ်ကိုသာဖြုတ်၍ ကျည်မနှစ်တောင့် ထပ်ထိုးပြီး လိုက်သွားပါသည်။
ဂုတ်ကျားကတော့ ရှေ့သို့ ခပ်သုတ်သုတ် ထွက်သွား၏။ သူသည် ကျားနံ့ရလေ ဟောင်လေ ဖြစ်နေသည်။ ကျားသေနှင့် တွေလျှင်တော့ တော်ပါ၏။ အရှင်နှင့် တိုးမိလျှင်မူ မသက်သာ။
သို့သော် ဤမျှ သွေးထွက်သည့် ကျားမှာ လှုပ်နိုင်တော့မည် မဟုတ်။
ကိုက်တရာခန့် သွားမိသည့်အခါ၌မူ ခွေးဟောင်သံ သည် ပို၍ မြန်လာသည်။ လေးငါးခြောက်ခါ ဆက်တိုက် ဟောင်လိုက် ပြန်ရပ်လိုက်၊ တခါတရံ ဂိန်ကနဲ မြည်လိုက် ဖြစ်သည့်ပြင် ကျားညည်းသံကြီးကိုပင် ကြားရသောကြောင့် ကျားနှင့် ခွေးတို့ တွေ့ကြပြီဟု သိလိုက်ရသည်။
ကျွန်တော်သည် နောက်ပြန်လှည့်၍ ရွာသားများ ခေါ်ရန် စိတ်မကူးတော့။ ကျားကြီးကို အဝေးသို့ မရောက်နိုင်မီ အပြီးဇာတ်သိမ်းပစ်ရန် သန္နိဋ္ဌာန် ချထားလိုက်ပါသည်။ သို့မဟုတ်ပါက ကျားကြီး လွတ်ချေဦးတော့မည်။
ကျွန်တော်သည် သေနတ်ကို အသင့်ချိန်ရွယ်ပြီး ချဉ်းကပ်သွားသည်။
ထိုခဏ၌ ခွေးသည် ရုတ်တရက် နောက်ကြောင်း ပြန်ပြေးလာသည် ။ကျားကြီး လိုက်လာချေပြီ။ အထင်နှင့် အမြင် ကွာခြားလှဘိခြင်း။
ကျွန်တော်သည် ကျားကြီး လှုပ်နိုင်တော့မည်မဟုတ်ဟု အထင်သေးခဲ့မိသည်။ ယခုတော့ တဟုန်ထိုး ခုန်ပျံလာချေပြီ။ ကျွန်တော်သည် မမျှော်လင့်သည့် မြင်ကွင်းကြောင့် ခပ်အမ်းအမ်းဖြစ်နေရာမှ ချက်ချင်း သတိရကာ သေနတ်ကို မောင်းဖြုတ်လိုက်သည်။
သို့သော် ကျားကြီးမှာ ဘေးတိုက်မဟုတ်ပဲ တည့်တည့်ဝင်လာခြင်း ဖြစ်သဖြင့် ပစ်မှတ်က ကျဉ်းသွား သည်။ ကျွန်တော် ယမ်းတောင့်မှာလည်း ခြောက်လုံး ကျည်၊ ကိုးလုံးကျည်ဆိုပါက တချို့မထိ တချို့ ထိဦးမည်။ ယခုတော့ တလုံးတည်းသော ကျည်မ ဖြစ်သဖြင့် ပစ်မှတ်လွဲသွားပြီ။
ကျွန်တော်သည် ဘေးသို့ ချက်ချင်းလှဲပစ်လိုက်သည်။ ကျားသည် ကျွန်တော့်ကို မအုပ်လိုက်ဖြစ်ပါ။ သို့သော် ညာလက်ဖြင့် ဖမ်းဆွဲပါတော့သည်။ ကျွန်တော် စောင်နှစ်ထပ် ပတ်ထား၍သာ တော်တော့သည်။ ကျားလက်သည်းမှာ အသားသို့ မရောက်။ စောင်ကိုသာ ကုတ်မိသည်။
ကျားနှင့် တွေ့တွေ့ချင်း ကျွန်တော် သတိချပ်လိုက်သည့်အရာကား ကျားပါးစပ်နှင့် လုံးဝ အကပ်မခံရန်ပင် ဖြစ်သည်။
ကျွန်တော်သည် ကျားလည်ပင်းကို လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်ပြီး ဖျစ်ညှစ်ထားလိုက်သည်။ တွန်းလည်း တွန်းထုတ်ထားလိုက်သည်။ သေနတ်မှာ ဘယ်ရောက်မှန်း မသိတော့။ ကျားသည် ကျွန်တော်၏ ကျောပြင်ကို ဖမ်းကိုင်ထားသည်။ ပြီးတော့ မြေကြီးပေါ် လှဲချလိုက်ပါသည်။
စောစောက ဟောင်လိုက် ပြေးလိုက် ဖြစ်နေသော ဂုတ်ကားသည် ကျွန်တော့်အဖြစ်ကို မြင်သော် ကျား၏ နောက်ကျောကို တဟုန်ထိုး ဝင်ကိုက်သည်။ ပြီးတော့ နောက်သို့ ပြန်ခုန်သွားပါသည်။ ဤသို့ ဝင်ကိုက်လိုက် ခုန်ထွက်လိုက် လုပ်နေသော်လည်း ကျားက သူ့ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် ထင်ပုံ မရပါ။ ကျွန်တော်ကိုချည်း ခဲနေပါသည်။
ကျွန်တော်သည် ကျားကို ကြာကြာ တွန်းမထားနိုင် ပါ။ လက်မောင်းများ ညောင်းလာသည်။ ထို့ကြောင့် ကျွန်တော်သည် ကျားကို ရင်ဘတ်ချင်းအပ်ပြီး ဝင်ဖက်လိုက်ရပါသည်။ မျက်နှာကိုတော့ ကျား၏ပခုံးနောက်သို့ ဝှက်ထားရ၏။ ပြီးတော့ သူ့ကို ဘေးသို့လှဲချကာ အပေါ်စီး ယူလိုက်ရပါသည်။ အပေါ်စီးရခိုက် သူ့ကို ဗယ်လက်ဖြင့် ဖိထားပြီး ညာလက်ဖြင့် ဓားမြှောင်ကို ဆွဲထုတ်၍ ထိုးပါသည်။
သို့သော် ကျားက တအားရုန်းလိုက်ရာတွင် ကျွန် တော့်ဓားမြှောင်လည်း လွင့်စဉ်သွားသည်။ ကျွန်တော်လည်း ကျားအောက်သို့ ပြန်ရောက်သွားပါသည်။
သိုနှင့်ပင် သူနှင့် ကျွန်တော်သည် အပေါ်နှင့်အောက် အပြန်ပြန် အလှန်လှန် ရောက်ယင်း လုံးထွေးနေကြတော့သည်။
ဂုတ်ကျားကတော့ ကျားကို မနားတမ်း ကိုက်ပါ၏။ သူ့ပါးစပ်မှ ကျားမွေးများ ပြန်လည် ထွေးပစ်သည်ကိုပင် ရိပ်ကနဲ မြင်လိုက်ရပါသည်။
ဤအတိုင်း ကြာရှည်သွားနေ၍ မဖြစ်။ ကျွန်တော် သည် အပေါ် စီး ပြန်ရခိုက် သူ့ရင်ဘတ်ပေါ် ခွထိုင်ယင်း ဗယ်လက်ဖြင့် သူ့လည်ပင်းကို ဖိထားပါသည်။ညာလက်ဖြင့် သူမျက်ခွက်ကို တအား ထိုးပါသည်။ အမှန်တော့ ထိုးမိထိုးရာ ထိုးခြင်း ဖြစ်ပါသည်။ သူ့မျက်လုံးပင် ပိတ်ပါစေတော့ဟု ရည်ရွယ်ပါသည်။
သို့သော် မထိရောက်လှပါ။ ကျွန်တော့်လက်သာ ကျားသွားနှင့် တခါတခါ ခိုက်မိသောကြောင့် ချက်ချင်း ပြန်ရုပ်ရပါသည်။
ဗယ်လက် ညောင်းလာသော် ညာလက်ဖြင့် ဆက်ဖိ၍ ဗယ်လက်ဖြင့် သူ့မျက်လုံးကို ဖိထောင်းပြန်ပါသည်။ သို့သော် တကြိမ်၌ လက်ညောင်း၍ ဆတ်ကနဲ ခေါက်အသွားတွင် သူက ကျွန်တော့်အား ပြန်လှဲချကာ မျက်နှာကို တချက် ကုတ်ပစ်လိုက်ပါတော့သည်။ ကျွန်တော်သည် မျက်နှာ ပူကနဲ ဖြစ်သွား၏။
ထို့ကြောင့် သူ့ကို ချက်ချင်း ပြန်ဖက်ကာ လုံးရပြန်ပါသည်။ ကျွန်တော့်မျက်နှာတွင် သွေးများ ယိုစီးလာချေပြီ။ မျက်စိထဲတွင်ပင် သွေးများ ဝင်လာ၏။ ကျွန်တော်သည် စိတ်ထဲ၌ ထင့်ကနဲ ဖြစ်သွား သည်။ ရုပ်ပျက် ဆင်းပျက် ဖြစ်ရတော့မည်လော။
ဂုတ်ကျားကတော့ ကျားကို ကိုက်၍ ကောင်းတုန်း၊ ဖဲ့၍ ကောင်းတုန်း၊ ဆွဲ၍ ကောင်းတုန်းပင်။ ကျားက လည်း မခေပါ။ ကျွန်တော်သာ လက်မောင်းများ ညောင်းလာသည်။ သေနတ်ဒဏ်ရာ ရထားသော ကျားမှာမူ အင်အား မကုန်ခန်းသေး။ မွှေ့အား သန် တုန်း၊ ရိုက်အားပြင်းတုန်း၊ ဆောင့်အား ကောင်းတုန်း ပင်။
ကျွန်တော့်မှာ ကျောက်တုံး ကျောက်ခဲများပေါ် တွင် ဖန်တရာတေအောင် အဆောင့်ခံရသောကြောင့် ကျွန်တော့်ခေါင်းတွင် အဖုအထစ် အပေါက်အပြဲမည်မျှ ရှိပြီဟုပင် မခန့်မှန်းနိုင်တော့ပါ။ ကြာတော့ ခေါင်းပင်လျှင် မူးမိုက်လာသည်။
ထို့ထက် အဆိုးဆုံးမှာကား ကျားပါးစပ်သည် ကျွန်တော် မျက်နှာနှင့် နီးသည်ထက် နီးလာခြင်းပင်။ ကျားခေါင်းကို တွန်းထုတ်ထားသော ကျွန်တော် လက်များသည် ချည့်နဲ့ ပျော့ခွေလာလေပြီ။ မျက်လုံးတဘက်ကလည်း သွေးများဖုံးအုပ်လာသဖြင့် လုံးဝ မမြင်ရတော့။
သည်တခါတော့ သွားပြီဟု ကျွန်တော် စိတ်နှလုံး တုန်းတုန်းချမိပါသည်။ မကြာမီ ကျား၏ ကိုက်ဝါးခြင်းကို ခံရတော့မည်တကား။
ထိုခဏတွင် ကျားသည် မမျှော်လင့်ပဲ တအား အော်ယင်း နောက်သို့ ပက်လက်လန်ကျသွားပါသည်။ ကျွန်တော်ပင် အံ့ဩမိ၏။ သေချာကြည့်လိုက်ရာ ခွေးက ကျား၏ ဝှေးစေ့ကို မလွတ်တမ်း အသေအလဲ ကိုက်ဆွဲထားကြောင်း တွေ့ရ၏။
ကျားကလည်း မနေပါ။ ခွေး၏ လည်ဂုတ်ကို တကျွတ်ကျွတ် ကိုက်ဝါးနေပါသည်။ ကျွန်တော်သည် စောစောက လွင့်ကျသွားသော ဓားကို ပြန်ကောက်၍ ကျား၏ အရှိုက်ကို နှစ်ချက်ဆင့်ထိုးလိုက်ပါသည်။
ထို့နောက်မှာတော့ ကျားလည်း စန့်သွားပြီ။ ဂုတ်ကျားမှာလည်း ခြေဖျား လက်ဖျားများ တဆတ်ဆတ်ခါနေသည်ကို တွေ့ရတော့၏။
နှစ်ကောင်လုံး ဇီဝိန်ချုပ်ကြလေပြီ။ ကျွန်တော့်မှာလည်း မြော့မြော့သာ ကျန်တော့၏။
ဤအထဲမှာပင် ကျွန်တော်သည် ကျား၏ ကပ်ပယ်အိတ်ကို စမ်းကြည့်ရာ ဝှေးစေ့နှစ်ခုလုံး မွမွကြေနေသည်ကို တွေ့ရပါ၏။
ဂုတ်ကျားကား ကျွန်တော့်ကို အသက်ပေး၍ ကယ်ခဲ့ သည်တကား။
ကျွန်တော့်မှာ တကိုယ်လုံး နာကျင်သဖြင့် မဟန်နိုင်သည့် ကြားမှပင် ရွာဆီသို့ ပြန်လှမ်းလာခဲ့သည်။ စောစောက ပူကနဲ ဖြစ်သွားသော မျက်နှာမှာလည်း ယခုမှပင် နာမှန်းသိရတော့၏။ သွေးများလည်း ပါးစပ်ထဲသို့ပင် ဝင်လာသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် ကြိုးစား၍ လှမ်းခဲ့၏။ မတ်စောက်သော ကမ်းပါး စောင်းတွင် တက်ရသည်ကား သေလုနီးပါး အပန်းကြီးလှတော့၏။
xxx xxx xxx
ကျွန်တော် သတိရလာအခါ ထမ်းစင်ပေါ်၌ ရောက် နေကြောင်း တွေ့ရပါသည်။ ကျွန်တော့်အား ရွာသား များက ထမ်းလာကြသည်။
သူတို့၏ စကားသံများကို အိပ်မက်လိုသာ ကြားရပါ၏။ သူတို့သည် သေနတ်သံနှင့် ခွေးဟောင်သံ ကြား၍ လာကြည့်ရာမှ ကျွန်တော် မူးမေ့၍ လဲနေသည်ကို တွေ့သွားကြခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော့်အား တိုက်နယ်ဆေးရုံသို့ ယူဆောင်သွား ကြပါသည်။ ဆေးရုံမှာ ဆယ့်ခြောက်ခုတင်ဆံ့ ဆေးရုံဖြစ်သည်။ ၁၉၆၅-ခုနှစ်ကရရှိခြင်း ဖြစ်၏။လက်ထောက် ဆရာဝန်တဦး၊ ဆေးစပ်ဆရာတဦးနှင့် သူနာပြုဆရာမ၊ ဝမ်းဆွဲဆရာမများ ရှိကြပါသည်။ ဆရာဝန်သည် ကျွန်တော့်အား ထုံဆေးထိုးပေးပါသည်။ သည့်နောက်မှာတော့ လူသုံးလေးယောက်က ကျွန်တော့်ကို ချုပ်ကိုင်ထားသည်။ ပြီးတော့ ဆရာဝန်က ကျွန်တော့်မျက်နှာမှ ဒဏ်ရာကို ချုပ်ပေးလေသည်။
ထုံဆေးထိုးသည်ဟုသာ ဆိုသည်။ နာလိုက်သည့် ဖြစ်ခြင်း။ တော်တော်ကြာကြာ ခံရပါသည်။
သည့်နောက်မှာတော့ ဆေးထည့်၍ ပတ်တီးစည်းပေးကြသည်။ ဆရာဝန်သည် ဘာဆေးမှန်းမသိ ထပ်ထိုးပေးပြန်ပါသည်။ ကျွန်တော်သည် မကြာမီမှာပင် မှေးကနဲ ဖြစ်လာ၏။
xxx xxx xxx
“သက်သာပြီလား…”
မှေးထားသော မျက်စိကို ဖွင့်၍ ကြည့်လိုက်ရာ ဘကြီးလောထန်းသည် ကျွန်တော့်ခုတင်ဘေး၌ ရပ်နေပါသည်။ နံနက်ခင်း နေရောင်ခြည် ပြတင်းပေါက်မှနေ၍ အခန်းတွင်း ထိုးဝင်လာသည်ကို တွေ့ရ၏။
ကျွန်တော်သည် မျက်နှာတခုလုံး ပတ်တီးအစည်းခံရသဖြင့် စကားများများ ပြောချင်စိတ် မရှိပါ။ ကျွန်တော် ညာဘက် မျက်စိမှာ ပတ်တီး၏ ဖုံးအုပ်ခြင်း ခံနေရ၏။
ဘကြီးလောထန်းသည် ကျားကို ညက ကျွန်တော့်ကိုယ်စား အောင်ပွဲခံပေးထားကြောင်း အားရပါးရ ပြောနေပါသည်။ ဝက်ထီးကြီးတကောင် သတ်ရာ ရွာသားအတော်များများကလည်း ခေါင်တလုံးစီ ယူလာပြီး ကူညီကြသဖြင့် အတော်ပင် သိုက်မြိုက်ကြောင်း ပြောပါသည်။ ကျွန်တော့်အားလည်း ယခုအချိန်မှ စ၍ ကျားသတ်သည့် ဂုဏ်ပုဒ်ကို ရပြီဖြစ်ကြောင်း၊ထိုဂုဏ်မျိုးမှာ လူတိုင်းယှဉ်၍ ရစကောင်းသည့် ဂုဏ်မဟုတ်ကြောင်း၊ တို့အမျိုးတွေ ဂုဏ်တက် လာပြီဖြစ်ကြောင်းဖြင့်လည်း ပြောနေပါလည်။
ဒေသ ထုံးစံအရ ကျားသတ်သူသည် ပဲရင်း ပဲပုပ် မစားပဲ ရှောင်ကြဉ်ရသဖြင့် ယင်းတို့ကို တနှစ်အတွင်း မစားမိအောင် ဆင်ခြင်စေလိုကြောင်းဖြင့်လည်း သတိပေးနေပါသည်။
“အဲဒီ ကျားကို ကျွန်တော်ရတာ မဟုတ်ပါဘူး ဘကြီး…”
ဘကြီးသည် ကျွန်တော့်အား နားမလည်နိုင်သော မျက်နှာဖြင့် ကြည့်နေပါသည်။
“ဟုတ်ပါတယ်။ အဲဒီကျားဟာ ဂုတ်ကျားသာ မကိုက်ယင် သေမှာ မဟုတ်ပါဘူး”
ဘကြီး၏ မျက်နှာသည် ရှုံ့တွသွားပါသည်။ အတော် ပင် မကျေမနပ် ဖြစ်ပုံရပါသည်။
“ထွီ … ဘာဂုတ်ကျားလဲ၊ မင်းပစ်တာ မင်းရတာ ပဲပေါ့။ နောက်ပြီး ငါ့သေနတ်နဲ့ ပစ်တာ မဟုတ်လား။ ဟို … မင်းဓားမြှောင်မှာလဲ သွေးတွေ တွေ့ရပါတယ်ကွာ”
“အခု ဂုတ်ကျားကို ဘယ်မှာထားကြသလဲ ခင်ဗျာ”
“ဟ… ဘယ်မှာ ထားရမလဲ။ တောမှာ သေတာ တောမှာ ပစ်ထားခဲ့တာပေါ့”
“ဟာ… ဒါတော့ မကောင်းဘူး။ ဂုတ်ကျားဟာ ကျွန်တော့်အသက်သခင်ပါဗျာ။ သူ့ကို ရွာပြန်ယူချင် တယ်။ ခေါင်နဲ့ အစားအစာနဲ့ မသာစံပြီးမှ မြေမြှုပ် သင်္ဂြိုဟ်ချင်ပါတယ်”
ဘကြီး၏မျက်နှာသည် မသတီသည့်ဟန်ဖြင့် မဲ့ရွဲ့ နေပါသည်။ ကျွန်တော်က ဆက်ပြောပါသည်။
“ကျွန်တော့်သဘောကတော့ ကျားကို အောင်ပွဲမခံရချင်နေပါစေ၊ ဂုတ်ကျားကိုတော့ ဂရုတစိုက် သင်္ဂြိုဟ် ချင်ပါတယ်”
ဘကြီးကမူ “အဓိပ္ပာယ်မရှိသည့် အလုပ်” ဟု ဆိုသည့်အလား ပြောင်ချော်ချော် ကြည့်နေရာမှ……
“အေးလေ… မင်းက လုပ်ချင်တယ်ဆိုတော့လဲ မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်ပေါ့။ မင်း နေကောင်းအောင်သာနေ”
ထိုခဏ၌ မိန်းမကြီးတယောက် အခန်းတွင်းသို့ ဝင်လာပါသည်။ ဒေါ်ရှိန်းပိုင်ပင် ဖြစ်ပါ၏။
ဤတွင် ဘကြီးလောထန်းက…
“အေး… မင်းကို ပြောရဦးမယ်။ ဒေါ်ရှိန်းပိုင်နဲ့ သမီးလဲ ညက ခေါင်တလုံး ယူလာကြတယ်ကွ”
“ကျေးဇူးတင်ပါတယ်… ခင်ဗျာ”
ကျွန်တော်က လေးစားစွာပြုံးပြယင်း ဤသို့ ပြောရာ ဒေါ်ရှိန်းပိုင်က…
“ဒါများ ပြောစရာမလိုပါဘူး။ မင်းအတွက်သာ တို့က စိတ်မကောင်းဖြစ်ရတာပါ။ မင်း နေကောင်းအောင်သာနေနော်။ နွားကလေးအတွက်လဲ ဘာမှ စိတ်စနောင့်စနင်း မဖြစ်နဲ့။ ကျားရန်ကအေးတာ တို့ ဝမ်းသာပါတယ်။ ဒါနဲ့ မင်း ဝမ်းသာအောင် တခုပြော ရဦးမယ်။ နွားနောက်မကို မင်း လေးနှစ်ကျောင်းဖို့ မလိုတော့ပါဘူးကွယ်။ ဒီနှစ်ပါ သုံးနှစ်ပဲ ထားလိုက် ပါ့မယ်။ သေသွားတဲ့ နွားကလေးအစား မင်းကို နွားကလေးတကောင် ပေးလိုက်ဦးမယ်။ ဒေါ်ဒေါ် ကတော့ နောက် နှစ်နှစ်မွေးတဲ့အခါမှ ယူပါတော့ မယ်။ ဒီမှာ မင်းအတွက် ထမင်းလာပိုတာ။ အဒေါ် တောင်ယာသွားဖို့ ရှိနေလို့ ပြန်လိုက်ပါဦးမယ်နော်။
အော် ဒါနဲ့ နွားကလေးကို မင်း ဆေးရုံဆင်းတော့မှပဲ လာအပ်ပါတော့မယ်ကွယ်။ ခုခေတ် တန်ဖိုးနဲ့ မသေး ပါဘူး။ လေးရာလောက်တန်မှာပါ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့”
ဒေါ်ရှိန်းပိုင်သည် အပြင်သို့ ပြန်ထွက်သွားပါသည်။ ကျွန်တော်သည် စိတ်ထဲ၌ မတင်မကျဖြစ်နေသော ကိစ္စတခုကို လှမ်းမေးလိုက်ပါသည်။
“ဒေါ်ဒေါ် … မေ တယောက်ကော လိုက်မလာဘူး လား ခင်ဗျာ”
“အော် သူလား၊ ငှက်ဖျားပြန်မိလိုကွဲ့ ။ မလာနိုင်ဘူး”
ဒေါ်ရှိန်းပိုင်သည် တံခါးဝမှနေ၍ ဤသို့ပြောခဲ့ပြီးနောက် ထွက်သွားပါသည်။ ထိုအခါမှ ဘကြီးလောထန်း က သူထုံးစံအတိုင်း မဲ့မဲ့ရွဲ့ရွဲ့ဖြင့်-
“အလကားပြောတာ၊ ဘယ်ကလာ ငှက်ဖျားမိရမလဲ၊ ညကတောင် အကောင်းပကတိလာသေးတာပဲ”
ကျွန်တော်သည် နားမလည်နိုင်အောင် ဇဝေဇဝါ ဖြစ်သွားရပါ၏။
xxx xxx xxx
ဆေးရုံရောက်သည်မှာ ယနေ့ပါဆိုလျှင် ငါးရက်ရှိလာပြီ။ ကျွန်တော့်မှာ အတော်နေကောင်းထိုင်သာ ရှိလာပါပြီ။ အိပ်ရာမှထကာ ထိုင်လိုက် လမ်းလျှောက်လိုက် လုပ်နိုင်ပါပြီ။ သို့သော် ပတ်တီးများ မဖြေရသေးသဖြင့် ဆေးရုံမှာပဲ ဆက်နေရပါသေးသည်။
ကျွန်တော့်မှာ ကိုယ်က နေကောင်းလာသော်လည်း စိတ်ကမူ တစုံတခု စဉ်းစားကာ မကြည်မသာ ဖြစ်နေပါသည်။
မေသည် ယနေ့ထိ တခေါက်မျှ မရောက်လာပါ။ ခဏတဖြုတ် ဖြစ်ဖြစ်တော့ လာကြည့်ဖို့ ကောင်းပါ သည်။ တကယ်ပဲ ငှက်ဖျားမိနေ၍လား။
ဆေးရုံသို့ ရောက်လာသူများကို မေးကြည့်တော့လည်း သူ့ကို မတွေ့ရကြောင်း မရေမရာသာ ပြောကြပါသည်။
ကျွန်တော် နားမလည်နိုင်ပါ။ ငှက်ဖျားမိသည်ထားဦး ငှက်ဖျားဆိုသည်မှာ သူ ဖျားချိန်ကျမှ ပြန်ဖျားတတ် သည်။ သည်ကြားထဲ လာ၍ မရပါလား။ ခုတော့ မေသာ မရောက်လာသည် မဟုတ်၊ သူအမေ ဒေါ်ရှိန်းပိုင်ပင်လျှင် တခါမျှ မပေါ်လာတော့ပါ။
အော်… သူ ပထမတခေါက် လာတာပင် စေတနာရှိ၍ လာခြင်းမှ ဟုတ်ရဲ့လား။ မလာမကောင်း၍ ဝတ်ကျေတမ်းကျေ လာခြင်းပေလား။ သူက နွားက လေးတကောင် ပေးပါမည်တဲ့။ တန်ဖိုးလည်း မသေးပါ။ လေးရာကြီးများတောင် တန်သည်တဲ့။
အရာရာကို ငွေနှင့် ကြေးနှင့်သာ တန်ဖိုးဖြတ်လိုသူပါ တကား။ ဘာတွေ အပြောင်းအလဲ ဖြစ်ကုန်ပြီနည်း။
မည်သို့ပင် ရှိစေ၊ ကျွန်တော်ကတော့ မေ့ကို မျှော်နေဆဲ၊ လွမ်းနေဆဲပါ။
xxx xxx xxx
ယနေ့သည် ရှစ်ရက်မြောက်သောနေ့၊ ခေါင်းနှင့် မျက်နှာမှ ပတ်တီးဖြေပေးကြပါပြီ။ သို့သော် ဆေးရုံက မဆင်းရသေး။ လက်နှင့်ခြေထောက်များ အဆစ်လွဲသဖြင့် ကျောက်ပတ်တီး စည်းထားရဆဲ ဖြစ်သည်။
ကျွန်တော်သည် မျက်နှာမှ အမာရွတ်ကို ကြည့်ချင် သည်။ အမာရွတ် မကြီးပါစေနှင့်ဟုလည်း ဆုတောင်းမိပါသည်။ ထိုအခိုက် သူနာပြုဆရာမကလေးတယောက် အနားသို့ရောက်လာသဖြင့် မှန်တချပ် တောင်းပါသည်။
“မှန်မရှိဘူးရှင့်။ ဘာလဲရှင်မျက်နှာ ကြည့်ချင်လို လား။ မျက်နှာ ဘာမှမဖြစ်ပါဘူးဟယ်။ အမာရွတ်က ရေးရေးကလေးရယ်”
ဆရာမလေး တကယ်ပြောတာပေပဲလား။ တကယ် ပြောတာဆိုလျှင်တော့ ဝမ်းသာရမည်ပင်။ ကျွန်တော် သည် မျက်နှာကို စမ်းမည်လုပ်သော်လည်း လက်ဝါးနှစ်ဘက်စလုံး ကျပ်စည်းထားသဖြင့် စမ်း၍ မရပါ။
အော် ငယ်ငယ်ကတည်းက ခင်မင်ရသော တယောက်ကတော့ ခုထိ လာကြည့်ဖော် မရပါလား။ အဖျားပဲ ကြီးနေလို့လား။ သူ့အမေ၏ သံကွန်ချာအောက်မှာပဲ အအုပ်ခံနေရပြီလား။
ထိုအခိုက် ဆေးရုံ အလုပ်သမားက သံလင်ဗန်းကလေးတချုပ်ဖြင့် ထမင်းဟင်း လာပို့ပါသည်။ ကျွန်တော်သည် လင်ဗန်းပေါ်မှ ထမင်းပန်းကန် ဟင်း ပန်းကန်များကို ခေါင်းရင်းရှိ ဗီရိုငယ်ပေါ် တင်ထား လိုက်သည်။ သံလင်ဗန်း၏ နောက်ကျောသည် ပြောင်လက်တောက်ပနေပါ၏။
ကျွန်တော်သည် ပို၍ ပြောင်လက်အောင် စောင်စဖြင့် ပွတ်တိုက်လိုက်ပါ သည်။ ပြီးလျှင် နေရောင်ခြည်ကိုမျက်နှာပြု၍ သံလင်ဗန်း ကြေးမုံပြင်ပေါ်သို့ ကြည့်လိုက်သည့်အခါမှာတော့ ကျွန်တော့်ရင်သည် ထိတ်ကနဲ ဖြစ်သွားပါသည်။ သံလင်ဗန်းသည် ကျွန်တော့်လက်မှ လွတ်ကျပြီး သမံတလင်းပေါ်သို့ ချွမ်ကနဲ ကျသွားပါသည်။
ကျွန်တော့်ဘဝကား ဆုံးပါးလေပြီ။
ကျွန်တော့် ညာဘက် အောက်မျက်ခမ်းသည် အတော်စုတ်ပြဲသဖြင့် ပြန်မစေ့နိုင်ပဲ မျက်လုံးမှာ ပြူးထွက်နေပါသည်။ ညာဘက်မျက်ခမ်းအစွန်ဘက်မှနေ၍ နှာခေါင်းဖျားအထိမူ ဓားလွယ်ခုတ် အမာရွတ်ကြီးက ဓားခုတ်ရာကြီးသဖွယ် ထင်းထင်းကြီး ပေါ်နေပါသည်။
ထိုအခါမှ မေ တယောက် အဘယ့်ကြောင့် ကျွန်တော် ထံ မရောက်သည်ကို နားလည်လိုက်ပါသည်။ သူလာချင်ဦးတော့ သူ့အမေက လွှတ်မည် မဟုတ်ပါပေ။
“လှတာ မစားရ… အလုပ်လုပ်မှ စားရမည်” ဟူသော ဒေါ် ရှိန်းပိုင်ကား သူ့အယူအဆကို ပြောင်းပြန် လှန်လိုက်ပြီတကား။
ကျွန်တော်သည် မည်သူ့ကိုမျှ အပြစ်မတင်ပါ။ သူတို့၏ စိတ်ဝယ် မည်သို့ ရှိလိမ့်မည်ကို ကျွန်တော် ကောင်းစွာ ကိုယ်ချင်းစာမိပါ၏။
ကျွန်တော် အားလုံးကို ခွင့်လွှတ်ပါသည်။
ကျွန်တော်သည် မေထံ ရည်စူး၍ စကားတလုံးကို တိုးတိုး ဆိုလိုက်ပါ၏။
“ကိုယ်နားလည်ပါတယ် မေ”
ရှုမဝ ရုပ်စုံမဂ္ဂဇင်း ၊ April ၊ 1983
– ပြီး –
စာရေးသူ – ချင်းတောင်ကင်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေ
Uncategorized