July 31, 2025

ကောင်းကင်က ရေသတ္တဝါ

ကျိုက်လတ်မိုးမြင့်
ကောင်းကင်က ရေသတ္တဝါ

ဆောင်းဦး၏နံနက်တွင် သွယ်တန်းသည့် အခိုးအငွေ့ ကလေးတွေက ဥယျာဉ်ချောင်း ရေပြင်ပေါ်၌ လူးလွန့်ယှက်သန်းနေ၏။ ရေပြင်သည် လရောင်ဆမ်းထားသဖြင့် မှန်ကူကွက်ဖော်ထားသလို လက်လက်တောက်လှပနေသည်။

ပျဉ်းမပင်ရွာကလေးသည် မိုးဘက်လုပ်ငန်းများ ပြီးသွားချိန်ဖြစ်၍ ချောင်းစပ်ကို မေးတင်ကာ အေးအေးလူလူ အိပ်စက်နေချိန်ဖြစ်သည်။

ရွာရှိလူအများလည်း နံနက်စောစောထရန် လုပ်ငန်းများ မရှိ၍ ချမ်းချမ်းနှင့် စည်းစိမ်ယူကာ ကွေးနေကြသည်။

ထိုအချိန်၌ အခြားသူများလို အိပ်စက်မနေနိုင်သော ကိုချက်ကြီးနှင့် စံကွန့်သည် ၆-ယောက်စီး ဘောက်တူပေါ်တွင် ယင်းလိပ် နှစ်လိပ်ကို တင်၍ အကိုင်ကြီး ချောင်းဝဆီသို့ ခပ်သုတ်သုတ်လှော်လာနေကြ၏။

“ရေမအီခင် ရောက်မှ ဖြစ်မယ်ကွ”

ဘောက်တူပဲ့မှ တက်မြုပ်၍ ရေပါပါ လှော်နေသော ကိုချက်ကြီးက စိုးရိမ်သံနှင့် ပြောလိုက်သည်။

“မှီပါတယ်ဗျ။ ကညင်ဝကျောင်းက တုံးခေါက်မှ ရေအီမှာပါ”

ဆေးပေါ့လိပ်ကို မီးတရဲရဲ ဖွာနေသော စံကွန့်က စိုးရိမ်စရာမရှိကြောင်း ဘောက်တူဆီသို့ လှည့်၍ စကားပြန်လိုက်၏။

ယနေ့ နံနက်ပြုလုပ်ရမည်ဖြစ်သော လုပ်ငန်းသည် အကိုင်ကြီး ချောင်းဝကို ရေမအီခင် ရောက်မှ ဖြစ်ပေ မည်။ ရေအီသည်နှင့် မြစ်လက်တက်အတွင်းသို့ ဝင်နေသော ငါးကြီးများက ပြန်ထွက်လာတတ်၏။ သူတို့ အစိုးရိမ်ရဆုံး ငါးမှာ ငပတ် ဖြစ်သည်၊ ငပတ်သည် ယင်းပိတ်ပြီးလျှင်ပင် အပြင်သို့ ခုန်ထွက်တတ်သော ငါးမျိုးဖြစ်၏။

“အကိုင်းကြီးချောင်းက ဒီနှစ် တခါမှ မပိတ်ရသေး လို့ ထိကောင်းပါရဲ့ကွာ”

တကြိမ်မျှ မပိတ်ရသေးသော ချောင်းဖြစ်၍ ငါး၊ ပုဇွန်များက စိတ်ချလက်ချ နေတတ်၏။ မကြာခဏ ပိတ်နေသော ချောင်းဖြစ်လျှင် ငါးကြီးကြီးများ သိပ် ဝင်လေ့ မရှိ။ ထိုချောင်းမျိုးတွင် ငါးနုတ်ငါးဖွဲများသာ ရနိုင်၏။

တချက်တချက် ရှေ့ဘက်ဆီမှ လေပြေကလေးက ဝှေ့ယမ်းလိုက်သည့်ခါ မျက်နှာကို ရေခဲရေနှင့် ပက် သလို စိမ့်ကနဲ အအေးဒဏ်ကို ခံစားလိုက်ရ၏။

စကားပြောရင်း လှော်လာကြရာ တဖြည်းဖြည်းနှင့် အကိုင်ကြီးချောင်းဆီသို့ နီးလာခဲ့သည်။

ပိတ်ရမည့်နေရာသို့ ရောက်လျှင် လွန်ခဲ့သည့်နေ့က စိုက်ထားသော တိုင်နှင့် ဝါးလုံးတန်းများ အတွင်းမှ ပါလာသော ယင်းကို ချ၍ ပိတ်ရန်ဖြစ်၏။ ယင်းပိတ်ရာတွင် လျင်မြန်ရန် လိုသည်။ ဖြေးဖြေး နှေးနှေးဖြစ်နေလျှင် ယင်းလိပ်ချလိုက်သည့် ရေယက်လှုပ်ရှားမှုကြောင့် အခြေရှိ ငါးတွေက ချောင်းဝသို့ ပြန်ထွက်ကာ လွတ်ကုန်တတ်သည်။

“ဘယ်နှယ်လဲဟေ့ ”

ကိုချက်ကြီးက ရေရှိန်သေ၍ ပိတ်ချိန် ကျ မကျ လှမ်းမေးလိုက်၏။

“ရေစီး မတန့်သေးဘူးဗျ”

“အေး… ဒါဖြင့် ဒီအဝကဘဲ ခဏစောင့်ရအောင်ကွာ”

ကိုချက်ကြီးက ချောင်းလက်တက်တွင်းကို မဝင်ဘဲ ဘောက်တူဦးကို ကော်ရံကြီးပင်တပင်ဆီသို့ ငဲ့၍ ကပ်ပေးလိုက်၏။ ဦးမှ စံကွန့်က ကော်ရံကြီးအလက် တွင် ဘောက်တူကြိုး ချည်လိုက်သည်။

သူတပါးအသက်ဖြင့် ဘဝရပ်တည်ရသော ကိုချက်ကြီးတို့ လုပ်ငန်းသည် မလွယ်ကူလှ။ ငါးသားပုဇွန် ရှာဖွေရာတွင် လုပ်ချင်တိုင်းလုပ်၍ မဖြစ်။ ရေမြေနှင့် ငါးကြောကို နားလည်ရသည်။ သူ့အသက်ကို လိုချင် သဖြင့် ကိုယ်အသက် တဝက်ပေးကာ အဆင်းရဲခံရ သည်။ သည်လိုမှ အဆင်းရဲမခံလျှင်လည်း အိမ်တွင် အိပ်မောကျ၍ ကျန်ရစ်ခဲ့သော ဇနီးသည် မဖွားရွှေနှင့် ခွေးပု၊ ကြွက်နီတို့ သားအမိတတွေ၏ ပါးစပ်များမှ အငတ်တေးကို မြည်ဆိုလာကြပေလိမ့်မည်။

“ဦးလေးချက် … ပိတ်ဖို့တော်ပြီဗျို့”

ဘောက်တူပေါ်မှ အိမ်သို့ပြန်ရောက်နေသော ကို ချက်ကြီး၏စိတ်သည် စံကွန့်၏ အသံကြောင့် တန့်ရပ် သွား၏။ ခါးပိုက်ထောင်ထဲမှ ကွမ်းဗူးကိုထုတ်ကာ ကပျာသုတ်သီယာ၍ ဝါးလိုက်သည်။

“အေး… ပိတ်ဖို့တော်ရင် ဝါးတန်းကို ကပ်ကြစို့”

ထိုစဉ်တွင် ကညင်ရွာ ဘုန်းတော်ကြီးကျောင်းမှ နံနက် ၄-နာရီထိုးသဖြင့် ဘုရားဝတ်ပြုရန် အုန်းမောင်းခေါက်သံကို ကြားကြရသည်။

ဘောက်တူဦးမှ စံကွန့်ကလည်း ချည်ထားသော ကြိုးကို ဖြည်လိုက်ကာ ခါးတောင်း မြောင်အောင်ကျိုက်လိုက်သည်။ ပြီးလျှင် အသင့်ချည်ရန် ယူလာ သော နှီးစည်းကို ခါးပုံစတွင် ညှပ်၍ ပုဆိုးစနှင့် လိမ်လိုက်၏။

ချောင်းပိတ်ရန် တန်းပစ်ထားသော နေရာသို့ရောက်လျှင် စံကွန့်က တဖက်ကမ်းစပ်သို့ ရေယက်မလှုပ်အောင်ဆင်း၍ ယင်းလိပ်ကို ပွေ့ချလိုက်၏။ ယင်းလိပ်တဖက်စကို ကိုချက်ကြီးက ဘောက်တူပေါ် မှနေ၍ တန်းနှင့် ကပ်တုပ်လိုက်သည်။

စံကွန့်က ရေနက်ရာ ချောင်းလယ်ဆီသို့ ယင်းလိပ်ကိုဖြန့်ကာ ရေထဲမှ တုပ်လိုက်လာ၏။ ဘောက်တူပေါ် ပါလာသည့် ယင်းလိပ်နှစ်လိပ် ဆုံးသည်နှင့် အကျယ် ဆယ့်ငါးလန်မျှ ရှိသည့် အကိုင်ကြီးချောင်းလက်တက်ကလေးကို ပိတ်မိသွားသည်။

ချောင်းပိတ်ပြီးသည်နှင့် ပြန်၍ မဖြစ်သေး။ ရေပေါ် တွင် ယင်းဖျားက တတောင့်ထွာခန့်သာ ပေါ်နေရာ ငါးခုန်ထွက်မည်ကို စိုးရ၏။ ထို့ကြောင့် ယင်းအပြင် ဘက်မှရှိသော ဘောက်တူကို ငါးခုန်ထွက်လျှင် မိနိုင်ရန် ဝင်းခံသလို ယင်းခြေတွင် ကန့်လန့်ကပ်၍ ခံထားရသည်။

“ယင်းခြေကို ငါးရောက်လာပြီ။ ခုန်လိမ့်မယ် … သတိထားနေ”

ငါးသည် ရေအီသည်နှင့် ချောင်းကျယ်သို့ထွက်ရန် ရေအောက်မှ ပြန်လာ၏။ ယင်းစပ်သို့ရောက်၍ ထွက်မလာလျှင် ခုန်ပျံလေ့ရှိသော အပေါ်ငါး ဖြစ်ကပိတ်ထားသောယင်းနှင့် အနီးငယ်ခွာကာ အရှိန်ယူပြီး ခုန်တတ်သည်။
သားငါးရှာဖွေမှုတွင် ကျွမ်းကျင်နေသော ကိုချက် ကြီးက ယင်းဖျားကို ကိုင်ထားခြင်းဖြင့် ငါးလာတိုး သည်ကို သိလိုက်၏။ ထို့ကြောင့် အတူပါလာသော စံကွန့်ကို လှမ်း၍ သတိပေးလိုက်ခြင်း ဖြစ်၏။

“ဟ… ဟ… ဖိအုပ်လိုက်”

ကိုချက်ကြီး ထင်သည့်အတိုင်းပင် တပိဿာကျော် ခန့် ငါးပတ်တကောင်က ဘောက်တူဝင်းထဲသို့ ခုန်ချ လိုက်သည်။ အသင့်ရှိနေရန် နှစ်ယောက် ကား၍ ကိုင် ထားသော ကွန်နှင့် ငါးပတ်ကို ဖိပြီး ဖမ်းလိုက်၏။

ထိုသို့ဖြင့် ယင်းဖျားနှင့် ရေ နှစ်တောင့်ထွာခန့်မျှ မရောက်မီအတွင်း ငါးပတ်သုံးကောင် ရခဲ့၏။ ရေကျ၍ နှစ်တောင်ကျော် သုံးတောင် ရှိလျှင် အတွင်းမှ ငါး အပြင်သို့ ရောက်အောင် မခုန်နိုင်တော့။ ထိုအခါမှ ရေမစစ်မီ ခေတ္တနားရန် ရွာဆီသို့ ပြန်ခဲ့ကြသည်။

+ + + +

“စံကွန့်ရေ … ရေတော်တော်လေးကျရင် မင်းသွား စောင့်နေဟေ့ ”

ကိုချက်ကြီးသည် အိမ်ဆိပ်သို့ရောက်လျှင် ဘောက်တူယူ၍ ရွာလယ်ပိုင်းအိမ်ရှိရာ ပြန်သွားသော စံကွန့်ကို လှမ်းမှာလိုက်ပြီး အိမ်ပေါ်သို့ တက်လာ၏။

“ဟဲ့ … ခွေးပုနဲ့ ကြွက်နီ ထတော့။ မိုးစင်စင်လင်းလို့ ဖအေကြီးတောင် ပြန်လာပြီ။ ဒီကောင်လေးတွေက ခုထက်ထိ မထသေးဘူး”

မဖွားရွှေက လဘက်ရည်ကြမ်းအိုးတည်နေရာမှ ထလာပြီး သားနှစ်ယောက်ကို နှိုးလိုက်သည်။

“အိပ်ပါစေကွာ …သူတို့ ဘာအလုပ်ရှိတာမှတ်လို့”

ကိုချက်ကြီးက တညလုံး အိပ်နေကြသော သားနှစ် ယောက်ကို မိဘတို့မေတ္တာဖြင့် အိပ်ရေးမဝမည်ကို စိုးရိမ်ရှာ၏။

“အို … မဟုတ်တာဘဲ၊ ဒီလို နေမြင့်မွန်းတဲ့ အိပ်တာ ဆင်းရဲတာရှည်တတ်သတဲ့တော့”

မဖွားရွှေက လူကြီးသူမတို့ထံမှ ကြားဘူးနားဝရှိထားသော စကားကို သက်သေတင်၍ ပြသည်။

“အံမာကွာ … စောစောထတိုင်း ချမ်းသာရမယ်ဆို ညလုံးပေါက် မအိပ်ဘဲ ငါ ငါးရှာခဲ့တာ တသက်လုံးပါဘဲ”

“ဟင်း… ပြောလိုက်ရင် သားတွေဘက်က ကာဆီး ကာဆီးနဲ့။ ဒါဘဲတတ်တယ်”

မဖွားရွှေက ခွင်ပေါ်မှ အကြမ်းအိုးကို ကိုချက်ကြီး ရှေ့သို့ လာချရင်း မြည်တွန်တောက်တီးနေသည်။

“ဟေ့…. ညက ထမင်းကြမ်းရှိသေးရင် ဆီဆမ်းပြီး ယူခဲ့စမ်းပါ။ ရေစစ်ရင် ငါးဖမ်းရမှာနဲ့ ထမင်းဆာနေလိမ့်မယ်”

ထိုသို့ ပြောလိုက်ပြီး ခဏကြာလျှင် ကိုချက်ကြီးသည် ဇနီးသည် မဖွားရွှေ လာချသော ဂျောက်ဂျောက်မြည်နေသည့် ငစိန်ဆန်ထမင်းကို လဖက်ရည်ကြမ်းနှင့် မျှောချနေသည်။ ငါးပုဇွန်ကို ရောင်းပြီး ရခဲ့သည့် ဈေးဘိုးဆန်ထဲမှ အကောင်းစားဆန်များကို ဆီဘိုး၊ ငရုတ်သီးဘိုးရအောင် ပြန်ရောင်းပြီး ဝယ်သူ မကြိုက်သည့် ဆန်ကြမ်းများကိုသာ စားလာရသည်မှာ ကိုချက်ကြီးဘဝအဖို့ မဆန်းတော့။

“အမေ … သူများလဲ ထမင်းစားအုံးမယ်”

မတော်တရော် လူကြီးဝတ်လုံချည်ကြီးကို ခြုံပြီး မျက်လုံးကို လက်ဖနောင့်နှင့်ပွတ်၍ အိပ်ချင်မူးတူး ထွက်လာသော ကြွက်နီက ထမင်းပူဆာလိုက်သည်။

“ထမင်းနဲလို့ ဖအေကြီး စားပါစေ။ နင်တို့ကို ငါ ချက်ကျွေးပါ့မယ်”

မဖွားရွှေက ထမင်းကြမ်း မရှိတော့သဖြင့် ချက်ပြီးမှစားဘို့ ပြောသည်။

“ကဲ… သွား… သွား၊ မျက်နှာသစ်… စားရမယ်”

ကိုချက်ကြီးက ထိုသို့ ပြောနေစဉ် အိပ်ရာထဲမှ သားအကြီး ခွေးပုကပါ ထလာပြီး မျက်နှာသွားသစ်နေ၏။

“မင်းတို့အမေဆီက ဇလုံတလုံး ယူခဲ့”

ကိုချက်ကြီးသည် ခွေးပု ယူလာသော ဇလုံထဲသို့ သူစားနေသည့် ထမင်းကို တဝက်ခွဲထည့်လိုက်ပြီး သူက စားစလက်ကို အသာရပ်၍ သားနှစ်ယောက်အား တပန်းကန်စီ စားစေသည်။

မဖွားရွှေသည် ဖခင်အနီးတွင် ထမင်းစားနေသော သားနှစ်ယောက်ကို အလိုက်မသိရကောင်းလားဟု မကျေနပ်သောအကြည့်ဖြင့် ကြည့်နေ၏။

ကိုချက်ကြီးကမူ လဘက်ရည်အကြမ်း သောက်ရင်းမှ ထမင်းစားနေသည့် သားများကို ကြည့်ကာ ကျေနပ်လျက် ပီတိတစိမ်စိမ့်ဖြာ၍ အလိုလို ပြည့်လာလေသည်။

+ + + +

“အေး … ဦးလေးချက် ရေစစ်လာပြီဗျို့၊ မဆင်းသေးဘူးလား”

ငါးဆောင်းရန် ဆောင်းကြီးတကားကားဖြင့် ဆင်းချင်နေသော ဝဲကျော်က ကိုချက်ကြီးကို ပြောလိုက်သည်။

ဆောင်းသည် ရေတိမ်တွင် ဖိအုပ်ဖမ်းဆီးရန် ဝါးကိုစိပ်၍ အချောသပ်ပြီး တကွက်နှင့် တကွက် တလက်မ ခန့် ခွာကာ တောင်းသဏ္ဌာန် အထက်ရှူး အောက်ကား ရက်လုပ်ထားသော ငါးဖမ်းကိရိယာ ဖြစ်သည်။

“နေစမ်းပါအုံးကွ၊ ခုမှ ရေဝက်သာသာ ရှိသေးတယ်။ ကွန်တောင် မဆင်းရသေးဘူး”

ချောင်းပိတ်ရာ၌ ရေဝက်သာသာရှိလျှင် ပထမ ဘောက်တူတစင်းနှင့် ယင်းခြေမှ စုနေသော ငါးပုဇွန်တို့ကို ကွန်နှင့်အုပ်၍ ဖမ်းဆီးရသည်။ ကွန်ပစ်၍ ရေအတော်စစ်မှ ချောင်းဖျားကစ၍ ဆောင်းသမားများကိုဆောင်းခိုင်ရသည်။ တန်းစီ၍ ဆောင်းသွားသော ဆောင်းသမားများနောက်မှ ဒိုင်းဝန်းသမားနှင့် လက်သမားတို့က လိုက်ရ၏။

ချောင်းတချောင်းပိတ်လျှင် ပတ်ဝန်းကျင်ရွာတွေမှ လူအများက ဖိတ်မန္တက မပြုရဘဲ တယောက်စကား တယောက်နားဖြင့် အလိုလို သိကုန်ကြ၏။ ထိုသို့ လူအုပ်များများနှင့် မွေနှောက်ကာ ရေနောက်ထအောင် ရှာဖွေမှလည်း ငါးပုဇွန်များကို ရနိုင်သည်။

အကိုင်ကြီးချောင်းက ဘေးမဲ့ချောင်းဖြစ်ရာ မဆောင်းပါနှင့်ဟု တား၍ မဖြစ်။ ထို့ကြောင့် ဆောင်းသမားများကို ဆောင်းစေကာ တပိဿာအထက် ငါးကို ချောင်းပိတ်သူကယူလျက် တပိဿာအောက်အကောင်ဖြစ်လျှင် ဆောင်းသူက ယူ၍ ငါး အရနည်းသူတို့အတွက် ပြီးမှ ဟင်းစားဝေငှပေးရလေသည်။
ကိုချက်ကြီးသည် အပြင်မှ ဘောက်တူသေးသေးတစင်းကို လူအားနှင့်မ၍ သွင်းပြီး ယင်းခြေအနီးတဝိုက်တွင် ဇနီးသည် မဖွားရွှေက ပဲ့ကိုင်ကာ အစုန်အဆန် ကွန်နှင့် လှည့်ပတ်ပစ်နေ၏။

ဆွမ်းခံထွက်ချိန်သာသာတွင် ကိုချက်ကြီးနှင့် စံကွန့်တို့နှစ်ဦး စဉ်ပိတ်ထားသော အကိုင်ကြီးချောင်း ဘေးတလျှောက်၌ ပျဉ်းမပင်ရွာနှင့် ကျီစုရွာတို့မှ ကလေး လူကြီး တော်တော်များများက စုပြုံရောက်ရှိနေကြ၏။

ဒူးဆစ်သာသာ ထဘီရင်လျား၊ သနပ်ခါးကွက်ကျားနှင့် ပလိုင်းကိုယ်စီလွယ်ကာ ဟိုမှသည်မှ ရေအစစ်တွင် ငါးဖမ်းရန် ဟန်ပြင်နေကြသော ၁၄-၅ နှစ်ရွယ် လုံမငယ်လေးတွေ၏ မျက်နှာက နံနက်ခင်းနေခြည်တွင် ရွှေရည်ဥသလို ပနံတင့်နေကြသည်။

“ဘယ်နှယ်လဲတော့ … မဆင်းရသေးဘူးလား”

ဒိုင်းဝန်းကြီးကိုင်ထားသည့် မလှခင်က လှမ်း၍ အော်လိုက်သည်။

“ဟုတ်ပါရဲ့ … ဒါနဲ့ ရေပြန်တက်လာလိမ့်မယ်”

ရေအစစ်တွင် လက်နှင့် ပုဇွန်စမ်းမည့် မိန်းမပျိုတသိုက်ဆီမှ အသံထွက်လာပြန်၏။

“ဖမ်းရမှာပေါ့ဟာ … နေကြစမ်းပါအုံး၊ နင်တို့ကလဲ … တကတဲမှဘဲ”

ကိုချက်ကြီးက ကွန်ပစ်နေရာမှ လှည့်၍ အော်ပြော လိုက်ရသေး၏။ ချမ်းချမ်းစီးစီး ဒုက္ခခံပိတ်ထားရပြီး ရသင့်သလောက် မရမည်ကိုလည်း စိုးရိမ်မိသည်။

ထိုစဉ် အတွင်း၌ပင် ကမ်းစပ်မှ တကောင်တလေ ပေါ် လာသော အမွေးစုတ်ဖွားနှင့် ပုဇွန်ထုပ်ကြီးများကို နှုတ်ခမ်းမွေး လှမ်းဆွဲသူကဆွဲ ဖြစ်နေ၏။

ကိုချက်ကြီးသည် ဆောင်းကိုယ်စီနှင့် ကာလသားအုပ်ကိုဦးဆောင်ကာ ထိန်းသိမ်းနေသော စံကွန့် ဆီသို့ လှမ်းကြည့် လိုက်သည်။

“ဟေး… စံကွန့်ရေ ၊ ဆောင်းသမားတွေကို မင်း ခေါင်းဆောင်ပြီး ချောင်းဖျားကို တက်သွား။ အဲဒီကနေ တန်းစီပြီး သေသေချာချာ စေ့စေ့စပ်စပ် ဆောင်းခဲ့ … ကြားလား၊ ငါလဲ နောက်ကလိုက်ခဲ့မယ်”

ကိုချက်ကြီးက လှမ်း၍ အမိန့်ပေးလိုက်လျှင် ဆောင်းသမားအားလုံးသည် ဝမ်းသာအူမြူးလျက် ကုန်းပေါ်မှ ချောင်းဖျားဆီသို့ ခုန်ပေါက်ထွက်သွားကြ၏။

ဆောင်းသမားတွေနောက်မှ ဒိုင်းဝန်းသမားတွေလည်း စုပြုံပါသွားကြသည်။

“ဝုန်း … ဝုန်း … ဝုန်း … ဝုန်း”

ဆောင်းသမားတွေသည် သုံးတန်း တန်း၍ ချောင်းဖျားမှ ဆောင်းလာကြသည်။ အကိုင်ကြီးချောင်းမှာ အကွေ့အကောက်တွေများရာ တတောင်ဆစ်အကွေးသို့ ရောက်လျှင် ကွေ့လွန်းသဖြင့် ရှေ့လူနှင့် နောက်လူ မမြင်ရအောင်ပင် ပျောက်ပျောက်သွား၏။

“ဘာငါးလဲ မသိဘူး၊ ငါ့ခြေထောက်ကို တိုးသွား တယ်။ ဆောင်းကြပါဟ”

ရှေ့ဆုံးတန်းမှ ဝဲကျော်က နောက်မှ ဆောင်းလိုက် လာသည့် ငွေစံတို့ကို လှမ်းအော်သည်။

ဆောင်း သဖားတွေသည် ရရှိသော ငါးများကို ပလိုင်းပါသူက ပလိုင်းထဲထည့်၍ မပါသူက သီတံဖြင့် သီထားကြသည်။

“လုပ်ပါဟ … လုပ်ပါဟ … တိုးသွားပြန်ပြီ”

တကြိမ်မျှ ပိတ်ရသေး၍ ငါးတွေက ဖွေးဖွေးလှုပ် ရသည်။ ဆောင်းသမားတွေနောက်မှ လူတွေက
လည်း ရေနောက်ထကာ မူးနောက်ပေါ်လာသည့် ပုဇွန်ထုပ်နှင့် ငါးနုပ်ငါးပွဲများကို အလုအယက် ဒိုင်းဝန်းနှင့်ခပ်၊ လက်နှင့်ဖမ်းဖြင့် ဆူညံနေကြသည်။

ယင်းသို့ ဆောင်းလာကြရင်းဖြင့် ကွေ့တကွေ့သို့ အကွေ့လိုက်တွင်မူ စံကွန့် ဆောင်းသို့ ငါးကြီးကြီးတ ကောင် တိုးတော့၏။

“ဟ … ကော်ပဟေ့ … သိပ်တိုးတာဘဲ၊ ဘာကောင်လဲ မသိဘူးကွ”

စံကွန့်က ဆောင်းကို ဖိစီးလိုက်သည်။ ပြီးလျှင် ဆောင်းအပေါ်ပေါက်မှ လက်နှိုက်၍ စမ်းလိုက်၏။

“အမယ်လေးဗျ”

“ဟကောင် … ဘာလဲကွ၊ မင်းဥစ္စာ အလန့်တကြားနဲ့”

“ဘာကောင်ကြီးလဲ မသိဘူးဗျ”

“နေစမ်းပါအုံးကွ … ဘယ်မလဲ၊ မြွေတော့ မဟုတ်နိုင် ပါဘူး”

ကိုချက်ကြီးက ပြေးလိုက်လာပြီး နှိုက်စမ်းလိုက် သည်။

ကိုချက်ကြီး ပြောသည့်အတိုင်းပင် ဆောင်းကို တိုးသည်ဆိုကတည်းက မြွေ မဖြစ်နိုင်။ မြွေဖြစ်လျှင် ဆောင်းကို ပြင်းပြင်းမတိုး။ ဆောင်းထဲတွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေတတ်၏။

ထိုသို့ အတိုးမကြမ်းလျှင် မနှိုက်သင့်က မနှိုက်ဘဲ လူလွှတ်အောင် ရှောင်၍ ဖွင့်ပေးတန် ပေးရသည်။ ဆောင်းထဲ၌ ပြော့စိစိ လှည့်ပတ်နေတတ်သော အကောင်မျိုးမှာ မြွေနှင့် ငါးရှဉ့်သာ ဖြစ်၏။

“လက်စသတ်တော့ အဆန်းကိုးကွ၊ဒီမှာကြည့်”

ကိုချက်ကြီးသည် ဆောင်းထဲမှ အကောင်ကို နှိုက်ထုတ်၍ မြှောက်ပြလိုက်ရာ ငါးမဟုတ်။ လွန်စွာ ကပ်ကပ်သပ်သပ် ကြုံကြိုက်ရသော တတောင်ဆစ်ကွေး တဖက်ကွေ့မှ အစာရှာရင်း ငုပ်လျှိုးလာသည့် အမွေးအမှင် အတောင်အလက်တွေနှင့် မည်းနက်နက် ဒင်ကျီးတကောင် ဖြစ်နေတော့သတည်း။

အင်း … ဆန်းလည်းဆန်းသည့် ကောင်းကင်က ရေ သတ္တဝါပေတကား။

– ပြီး –

စာရေးသူ – ကျိုက်လတ်မိုးမြင့်

Leave a Reply

Your email address will not be published. Required fields are marked *