July 31, 2025
Uncategorized

ကောင်းကင်ဝေးဝေး

မောင်ခြိမ့်

ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်း၍ ခပ်ကြမ်းကြမ်း ပြေးဝင်လာသော လေကလေးကြောင့် ငါးကန်ပေါင်များပေါ်ရှိ ဝက်မလွတ်ငှက်ပျောပင်များ၊ ဒန့်သလွန်ပင်များ၊ ပေါက်ပန်းဖြူပင်များသည် လေတိုက်ရာသို့ ယိမ်းနွဲ့သွားလိုက်၊ ပြန်၍ ထောင်မတ်လာလိုက်နှင့် ယိမ်းကသလို ကြည့်၍ကောင်းသေးတော့သည်။

တစ်မျှော်တစ်ခေါ် လှမ်း၍ကြည့်လျှင် ဖွေးဖွေးလက်လက် ရေပြင်ကို တစ်ဧက၊ နှစ်ဧက စသဖြင့် ကန့်၍၊ ပိုင်း၍ မွေးမြူထားသော ငါးမွေးကန်များသည် ရှုမဆုံးနိုင်အောင် ရှိနေသည်။

ကန်စောင့်တဲကလေးများသည် တစ်လုံးနှင့်တစ်လုံး တစ်ခေါ် အကွာအဝေးတွင် သီးခြားတည်ရှိနေကြသည်။

နံနက်ခင်း နေထွက်တပြူခန့်သာ ရှိသေးသဖြင့် ထိုကန်စောင့်တဲကလေးများသည် စိမ်းစိမ်းစိုစို ငှက်ပျောတောများကြားတွင် တိတ်ဆိတ်စွာ ငြိမ်သက်နေသည် ထင်ရ၏။ သေသေချာချာ ဂရုစိုက်၍ ကြည့်လျှင်မူ ထမင်းဟင်း ချက်ပြုတ်ရာ မီးဖိုချောင်မှ ပေါ်ထွက်လာသော မီးခိုးတန်းကလေးများသည် တွန့်ခေါက်ခွေလိပ်ကာ ဟိုးကောင်းကင်က တိမ်မျှင်များဆီ လူးလွန့်ပြေးတက်နေသည်ကို တွေ့နေရသည်။

ဖြတ်သန်းတိုက်ခတ်လာသော လေထဲတွင် ငါးညှီနံ့သင်းသင်းကို ခံစားနေရသည်။

အကောင်ဖောက်ကန်၊ အသားတိုးကန်၊ မျိုးငါးများသီးသန့်ကန်တို့ကို ဖြတ်သန်း၍ ခရီးနှင်လာရသော ကြောင့်ပင်။

ရေနည်းသည့် ငါးကန်များအတွင်းသို့ လိုအပ်သော ရေအတိမ်အနက်ရစေရန် ချောင်းကလေးအတွင်းမှ ရေများ စက်ဖြင့် မောင်း၍တင်နေသဖြင့် ကူဘိုတာ စက်သံ တထိုင်းထိုင်းသည် ကွင်းပြင်အနှံ့ ပျံ့လွင့်နေတော့သည်။

ချောင်းကမ်းဘေးနှင့် မလှမ်းမကမ်း ငါးကန်၏ တာတမံပေါ် တွင် ဓနိမိုး၊ ထရံကာ တဲကလေးတစ်လုံးနှင့် သွပ်မိုးသွပ်ကာ အစာဂိုထောင်ကလေးတစ်လုံး ရှိ၏။

ဂိုဒေါင်ကလေး၏ တံစက်မြိတ်အောက်တွင် တားပိုက်များနှင့် ယင်းလိပ်များ၊ ကွန်များ၊ တောင်း များပုံကာ ထပ်ကာရှိသည်။

ဂိုဒေါင်နှင့် ခပ်လှမ်းလှမ်း ကန်ပေါင်ပေါ်တွင်တော့ မြေလွတ်စိုက်ပျိုးထားသော ဘူးခင်းနှင့် ရွှေဖရုံခင်းများ ရှိလေသည်။ သန်မာထွားကျိုင်းသော ဘူးညွန့်၊ ဖရုံညွန့်များသည် နှာမောင်းကြီးများ တထောင်ထောင်နှင့် မြက်ပင်များပေါ် တွားသွားနေကြသည်။

ဖွံ့ထွားအောင်မြင်သော ဘူးသီးများသည် စင်မရှိသဖြင့် တွဲလွဲခို၍ မနေနိုင်ကြဘဲ မြေပြင်တွင် တုံးလုံးလှဲ၍ အနားယူနေကြသည်။

ညိုမသည် ထို ဘူးခင်းထဲ ဆင်း၍ ဘူးညွန့်များဖြတ်ရန် ဘူးကျွတ်သီးကလေးများခူးရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုထက်ထိ ဘူးတစ်ညွန့်၊ ဘူးကျွတ်တစ်လုံးသော်မှ မခူးမဖြတ်ရသေး။

ဘူးညွန့်များ ဖရုံနွယ်များကြားတွင်ရပ်၍ ဟိုး . . . ခပ်လှမ်းလှမ်းတွင် ကွေ့ကောက်စီးဆင်းနေသော ချောင်းရိုးကလေးဆီသို့ လှမ်း၍ငေးမောနေမိသည်။ ညိုမ၏ အာရုံထဲတွင် ထိုချောင်းကွေ့ကလေးအတိုင်း မောင်းနှင်ဝင်ရောက်လာတတ်သည့် ငါးစာများ သယ်ဆောင်လာမည့် ပဲ့ထောင်စက်လှေကလေးကို မြင်ယောင်လျက် ရှိသည်။

နှစ်ပတ်လျှင် တစ်ခါ ဒါမှမဟုတ် သုံးပတ်လျှင် တစ်ခါ ထို ငါးစာလာပို့သော စက်လှေကလေးနှင့် ပါလာတတ်မြဲဖြစ်သော “ဦး” ကို ညိုမ တမ်းတလွမ်းဆွတ်နေမိပြီ။

အခုတစ်လော စက်လှေနှစ်ခေါက် ငါးစာလာပို့သွားပြီးပြီ။ ဦး ကတော့ ပါမလာခဲ့။ အိမ်မဲ၊ ကျောင်းကုန်းဘက်က ငါးကန်တွေဆီ သွားနေသလိုလို၊ ညောင်တုန်းဘက်က ကန်တွေကို သွားဖော်နေသလိုလိုနှင့် မရေမရာ သတင်းစကားသာ ပါလာခဲ့သည်။

ဦး၏ လူယုံကလည်း သည့်ထက် ဘာမှပို၍ မေးမရခဲ့။

ယခုလည်း ငါးစာတွေ ကုန်လုပြီ။ မနေ့ညနေကတောင် အဖေက

“ငါးစာတွေ အတော်နည်းနေပြီဟေ့။ သည် တစ်ရက်နှစ်ရက်အတွင်းရောက်မှ အလျဉ်မီမယ်၊ ဆန်လည်း ကုန်တော့မယ်”

ဟု ပြောနေသံ ကြားရသေး၏။

အဖေကတော့ သူတာဝန်ယူထားသည့် ကန်ထဲက ငါးတွေအတွက်ပဲ အမြဲတမ်း ဦးစားပေးနေတတ်သည်။ လူစားဖို့ ဆန်ဆီတွေကိုတော့ အမေက သတိပေးနိုင် လွန်းလို့ဟုလည်း ညိုမ တွေးမိသေးသည်။

အဖေ့အတွက် အရေးအကြီးဆုံး အချက်တွေထဲမှာ ညိုမ သိသလောက် သူ့ငါးတွေ အစာဝဖို့၊ ရေရဲ့ချဉ်ငန်ဓာတ်တွေ အမြဲတမ်း စံချိန်စံညွှန်းနဲ့ ကိုက်ညီနေဖို့၊ သူ့ငါးတွေ တစ်နေ့ထက်တစ်နေ့၊ တစ်ပတ်ထက် တစ်ပတ် အကောင်ကြီးကာ အသားတိုးလာဖို့၊ အသေအပျောက် မရှိဖို့၊ ခိုးဝှက်ဖမ်းဆီးတာ မခံရဖို့ဆိုတာတွေပဲ ဖြစ်နေတတ်သည်။

မကြာမကြာလည်း ပြောတတ်သေး၏။

“အဖေတို့က ဆင်းရဲတယ်သမီးရဲ့။ ပညာလည်း မတတ်ဘူး။ ဥစ္စာလည်း မရှိဘူး။ အဖေတို့မှာ ရှိတာဆိုလို့ ရိုးသားမှုနဲ့ သစ္စာတရားပဲ ရှိတယ်။ သူဌေးလေးက အဖေတို့ကို ယုံလို့ သိန်းပေါင်းများစွာတန်တဲ့ ငါးကန်တွေကို အပ်ထားတာ အယိုအဖိတ်၊ အလေအလွင့်၊ အပျက်အစီး မရှိအောင် စောင့်ရှောက်ရမှာက အဖေတို့ တာဝန်ပဲ”

အမေကတော့ အဖေ့ကွယ်ရာတွင် “ကိုသစ္စာကြီး” ဟု ငေါ့တော့တော့ ခေါ်တတ်၏။

ညိုမ၏ အတွေးတွေအမျှင် တန်းနေစဉ်မှာပင်-

“ဟဲ့ … ညိုမ၊ သည်ကောင်မလေးနဲ့တော့ ခက်နေပြီ။ ဘူးညွန့်ကလေး လေးငါးညွန့်နဲ့ ဘူးကျွတ်သီးကလေးတွေ ခူးခိုင်းလိုက်တာ ဘယ်ဆီရောက်နေတယ် မသိပါဘူး။ တော်ကြာ သူ့အဖေ ကိုသစ္စာကြီး ငါးစာကျွေးကအပြန် ဟင်းမချက်ရသေးလို့ကတော့ ခက်မယ်။ ညိုမရေ ဟေ့ … ညိုမ”

ဟု အမေ တဲထဲက ဟစ်လိုက်သံကို ကြားလိုက်ရတော့မှ သတိပြန်ဝင်လာကာ-

“လာပြီ အမေရေ … လာပြီ။ ဒီမှာ ဘူးကျွတ်သီးကလေးတွေ ရှာနေလို့”

ဟု အသံပေးပြီး နီးစပ်ရာ ဘူးညွန့် လန်းလန်းကြီးလေးငါးညွန့်နှင့် ဘူးကျွတ်သီး ဟုတ်တာရော ဘူးသီးအကောင်းကလေးများကိုပါ လက်လှမ်းမီရာ ကောက်၍ခူးကာ တဲဆီ ပြန်ခဲ့တော့သည်။

“ညည်းနှယ်အေ … ဘူးညွန့်ကလေး ခူးခိုင်းလိုက်ပါတယ်၊ ပေါ်ကို မလာတော့ဘူး။ ညည်းအဖေက ကြော်ချက်ကလေး စားချင်တယ်၊ ချက်ထားစမ်းပါဆိုပြီး မှာသွားတာအေ့။ သူ့ခမျာ မိုးမလင်းခင် ကတည်းက ငါးကန်တွေအနှံ့ အစာကျွေးနေရတာ၊ ဆာရှာမှာပေါ့။ ဟဲ့ … ဟဲ့၊ ဒါက ဘူးသီးအကောင်းကလေးတွေပါလား။ ဘူးကျွတ်မှ မဟုတ်တာ။ မရူးမကောင်းနဲ့ ဒီကောင်မလေးနဲ့တော့ ခက်နေပြီ”

ညိုမ တဲထဲမှ ထွက်လာတော့ မအေလုပ်သူ၏ မြည်တွန်တောက်တီးသံက ဝေး၍ ကျန်ခဲ့သည်။

အငယ်ဆုံးသမီးထွေးလေးမို့ မိဘနှစ်ပါး အချစ်ပို အလိုလိုက်ခဲ့သဖြင့် ညိုမတစ်ယောက် ဆိုးနွဲ့ချင်တိုင်း ဆိုးနွဲ့နေခဲ့၏။

တဲနှင့် ခပ်လှမ်းလှမ်း ကန်ပေါင်ပေါ်မှနေ၍ ဝဲယာလှည့်ကာ ဖအေဖြစ်သူကို ရှာကြည့်သည်။

ဟိုး … ခပ်ဝေးဝေးမှာ ပျပျကလေး တရွေ့ရွေ့သွားနေတာ အဖေ့ငါးစာကျွေးသည့် လှေကလေး ထင်ပါရဲ့။

အဖေ အသက်ခြောက်ဆယ် ကျော်ခဲ့ပြီ။ သားသမီးခြောက်ယောက်မွေးခဲ့ပြီး ငါးယောက်က အိမ်ထောင်ခွဲခဲ့ကြလေပြီ။ အငယ်ဆုံး နွားအိုနောက်ကျသားလေး ညိုမတစ်ယောက်သာ ကျန်တော့၏။

မိဘရင်ခွင်တွင် ခိုလှုံအားမွေးခဲ့ကြပြီး အတောင်အလက်စုံသော ငှက်များပမာ အသိုက်ဟောင်းကို စွန့်ခွာသွားကြလေပြီ။ ကိုယ်ပိုင် အသိုက်အမြုံတွင် ပျော်ပါးနေကြပြီ။

ဘဝတူ ရေလုပ်သားများသာ ဖြစ်ကြသဖြင့် မိအိုဖအိုကြီးအား ကျေးဇူးတုံ့လှယ် မဆပ်နိုင်ခဲ့ကြ။ ထိုအခါ အိုမင်းသောအရွယ်ကို မညှာနိုင်ဘဲ တတ်ကျွမ်းရာ တံငါအလုပ်နှင့်ပင် အသက်မွေးနေကြရဆဲပင်။

“အို. . . ညိုမရဲ့အိပ်မက်တွေသာ အကောင်အထည်ပေါ်စမ်းပါစေ။ အဖေနဲ့ အမေကို ညွန့်နေအောင် ထားပြမယ်”

ဟု တစ်ယောက်တည်း ပြောရင်း အဖေ့လှေကလေး ရွေ့လျားရာသို့ ကရုဏာမျက်ဝန်းများဖြင့် လိုက်၍ ငေးနေမိတော့သည်။

ကန်တစ်ကန်လျှင် တစ်ဧက၊ နှစ်ဧကခန့် ကျယ်သော ငါးကန်များသည် ဟိုးအဝေးတွင် မှော်ဆရာ၏ အင်းကွက်ကလေးများပမာ ညီညီညာညာ စီစီရီရီဖြင့် ကြည့်၍ပင် ကောင်းနေသေးတော့သည်။

လင်းလက်သော နေခြည်သည် အတားအဆီးမဲ့သော ငါးကန်ရေပြင်ကို မညှာမတာ ကျဆင်းနေသဖြင့် ရေလှိုင်းဂယက်လေးများသည် ရွှေရောင်တောက်ပနေကြသည်။

ပစ်ချထားသော ဖဲကြိုးကလေးတစ်ခုလို ကွေ့ကောက်ဝေ့ဝိုက်ကာ စီးဆင်းနေသော ချောင်းကလေးသည် နေခြည်အောက်တွင် ငိုက်မြည်းနေသည် ထင် ရသည်။

ဦးတောကျော်တစ်ယောက် နံနက်ဝေလီဝေလင်းကတည်းက တစ်ကန်ပြီးတစ်ကန် ငါးများကို အစာကျွေးလာခဲ့သည်မှာ ဆွမ်းခံပြန်ချိန်သို့ ရောက်ခဲ့ပြီ။ တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေပြီ။

ထို့ကြောင့် လှေကလေးပေါ်တွင်ပင် မတ်တတ်ရပ်ကာ ခါးဆန့်ရသည်။

နံနက်စောစောကတည်းက ထမင်းလှော်နှင့် ရေနွေးကြမ်းသာ ဖြည့်ထားသောဝမ်းသည် ဟာနေပြီ။ ခါးကို တဂျွတ်ဂျွတ်မြည်အောင် လှည့်၍ချိုးရင်း ဘေးဘယ်ညာ ဝေ့ဝဲကာ ကြည့်၏။

ကန်ပေါင်ပေါ်တွင် မိုးကုန်ခါနီးတုန်းက စိုက်ထားခဲ့သော ငှက်ပျောပင်ကလေးများသည် ရွက်နုစိမ်းဝါကလေးတွေနှင့် လှနေကြလေသည်။

ကန်ပေါင်ပေါ်တွင် စီတန်းနေကြသော ဒန့်သလွန်ပင်ပျိုကလေးတွေပင် အပွင့်ဖြူဖြူများ ပန်နေကြပြီ။

အမြီးနှစ်ခွနှင့် ငှက်တော်ကလေးနှစ်ကောင်သည် အပင်ပေါ်မှာနားလိုက်၊ ပုစဉ်းကလေးများကို လိုက်၍လိုက်၍ ထိုးသုတ်လိုက်နှင့် အလုပ်များနေ ကြလေသည်။

ယခင်တုန်းက သည်မြေတစ်ခွင်သည် လူသူအသွားအလာ အရောက်အပေါက် နည်းလှသော ရေနက်ကွင်းကြီးဖြစ်၏။ ဗျိုက်တော ကိုင်းတောကြီး ဖြစ်၏။ ကျူပင်၊ ကိုင်းပင်၊ ခရာပင်၊ ညံဖော့ပင်များ၊ တောထနေသော ကွင်းရိုင်းကြီးဖြစ်၏။ မြွေပါးကင်းပါး ရန်ကြောင့် အသွားအလာမရှိခဲ့သော နေရာပင်။

ထိုနေရာကိုပင် စက်စွမ်းအား၊ လူစွမ်းအား၊ ငွေအား၊ အတတ်ပညာစွမ်းပကားတို့ဖြင့် ပေါင်းစပ်ဖန်တီးလိုက်သောအခါ သန့်ရှင်းကျယ်ပြန့်သော ကွင်းပြင်တစ်နံတစ်လျားတွင် ငါးမွေးကန်များ ဖြစ်ထွန်းလာတော့၏။ ထိုကွင်းကြီးကပင် နှစ်စဉ် ငါးပိဿာချိန်ပေါင်း သိန်းသောင်းမက မွေးထုတ်၍ ပေးနိုင်ခဲ့ပေပြီ။

ငါး၊ ပုစွန်ဖမ်းသည့် တံငါလုပ်ငန်းဆိုတာ တော်တော်နိမ့်ကျသေးသိမ်သော လုပ်ငန်းဟု ယခင်တုန်းက ယူဆခဲ့ဖူးကြသည်။ ယခုတော့ သိန်းပေါင်းများစွာ ရင်းနှီးနိုင်သော စီးပွားရေးသမားများ၊ ကုမ္ပဏီကြီးများ ဝင်ရောက်၍ ထိုတံငါလုပ်ငန်းတွင် အင်နှင့်အားနှင့် ရင်းနှီးမြှုပ်နှံလာကြသောအခါ ထိုအရပ်နေ ရွာနေပြည်သူများက အထူးအဆန်းဖြစ်ကာ အံ့ဩခဲ့ကြပါသေး၏။

သို့သော် နှစ်နှစ်၊ သုံးနှစ်အကြာမှာပင် ဖြစ်ထွန်းအောင်မြင်လာသော အကျိုးစီးပွားများကို မြင်တွေ့လာရသောအခါမှ သဘောပေါက်ကြတော့၏။

ထိုငါးကန်ကြီးများတွင် ကန်စောင့်သူ၊ အစာကျွေးသူ၊ ဖမ်းဆီးပေးရသူ ပိုက်သမား၊ ကွန်သမား စသည့်လုပ်ငန်းများ လုပ်ကိုင်ရန် ဒေသခံ တံငါများသည် ဝင်ရောက်လုပ်ကိုင်လာရတော့၏။

သူတို့အား ခေတ်မီနည်းစနစ်များနှင့် ရင်းနှီးကျွမ်းဝင် အောင် လေ့လာသင်ကြားပေးလိုက်ရုံနှင့် ငါးကန်များအတွက် ကျွမ်းကျင်သော အလုပ်သမားများ ဖြစ်လာကြတော့၏။

လှေကလေးကို တဲဆီသို့ ပြန်၍ လှော်ခတ်လာရင်း အစာဂိုဒေါင်ထဲတွင် ငါးစာ သိပ်မကျန်တော့ကြောင်း သွား၍ တွေးမိသေး၏။ မသကာ နှစ်ရက်စာထက် မပိုနိုင်တော့။

သည်ကနေ့တော့ မြို့က အစာပို့မည့် စက်လှေကလေး ရောက်လာမည်ဟု သူ မျှော်လင့်ထားသည်။

အသားတိုးမွေးထားသော ကန်သုံးကန်က ငါးတွေဖော်ချိန်တန်နေပြီ။ သည်တစ်ခေါက် ငါးစာလာပို့လျှင် တစ်ကောင်လျှင် (၈ဝ)သား၊ (၉ဝ)သားခန့် ရှိနေကြပြီ။

သူဌေးလေး ပါလာပါစေဟုလည်း ဆုတောင်းမိသေး၏။ သို့မှသာ ကန်ဖော်ဖို့ အစီအစဉ်တွေ လုပ်ရတာ အဆင်ပြေလိမ့်မည်။

သူဌေးလေးသည် သဘောသကာယကောင်းပြီး ဦးတောကျော်တို့ မိသားစုအား ဂရုတစိုက်ရှိလှသည်။ သူ့အတွက် ကွမ်းဆေး လက်ဖက်ကအစ သူ့ဇနီး မခင်မေအတွက် ဆန်၊ ဆီ စသည့် မီးဖိုချောင်သုံးပစ္စည်းများပါ ဝယ်လာပေးလေ့ ရှိလေသည်။

သမီးကလေးကိုလည်း ညီမလေး ညီမလေးနှင့် ခင်ခင်တွယ်တွယ်ရှိကာ အဝတ်အစားကအစ ဆွဲကြိုးကလေးများပါ ဝယ်ပေးသေး၏။

ညိုမကလည်း မောင်ဖွားအစ်ကိုများနှင့် အတူမနေရသည်ဖြစ်၍ သူဌေးလေးအပေါ် အစ်ကိုအရင်းသဖွယ် နွဲ့ဆိုးဆိုးကာ တွယ်တာလျက်ရှိသည်။

ယနေ့နံနက် ထမင်းဝိုင်းတွင် ညိုမတစ်ယောက် ထမင်းမစားနိုင်၊ ထမင်းဝိုင်းတွင် အာရုံမရှိ၊ ချောင်းကလေးဘက်ဆီမှ စက်လှေသံကိုသာ နားတစွင့်စွင့် ရှိသည်။ ဒါကိုပင် အမေက…

“ဘာလဲ … ဟင်းမကောင်းလို့လား။ ညနေကျ ရွာထဲဘက် ဟင်းစားသွားရှာပေးလိုက်စမ်းပါတော်”

ဟု ဦးတောကျော်ကို ပြောနေသေးသည်။

“ဟော … ပဲ့ထောင်သံ ကြားတယ်။ ကျွန်မတို့အတွက် အစာလာပို့တဲ့ စက်လှေပဲ ဖြစ်မယ်”

ပြောရင်းက ညိုမ တစ်ယောက် ထမင်းဝိုင်းက ထ၏။ အဖြစ်သည်းနေသော သမီးကို မအေက မျက်စောင်းထိုး၍ ကြည့်သည်။

မကြာခင်မှာပင် သူဌေး၏ လူယုံ ကိုစံတင် တဲရှေ့ရောက်လာပြီး

“အဘရေ … အစာတွေ ပါတယ်ဗျို့။ အဘအတွက် သတင်းလည်း ပါတယ်”

ဟု ပြောရင်း တဲအတွင်း ဝင်လာသည်။

တစ်အိမ်သားလုံးက စိတ်ဝင်စားစွာ နားစွင့်နေကြစဉ်မှာပင် ကိုစံတင်က စကားဆက်သည်။

“သူဌေးလေး မလာအားဘူး အဘရဲ့။ အဲဒါ အခု ဖော်ရမယ့် ကန်တွေကို အဘနဲ့ ကျွန်တော်ပဲ ဦးစီးပြီး ဖော်ထားပါတဲ့။ အဲဒါကြောင့် ကျွန်တော်လဲ အဘတို့ဆီမှာ ကြာကြာနေရလိမ့်မယ်။

အဘကိုလဲ မှာတယ်။ အားလုံး သူ စိတ်ချပါရစေတဲ့”

“ဘာဖြစ်လို့ မလာအားတာလဲကွ။ ကန်ဖော်တာကတော့ မင်းနဲ့ ငါ ရှိရင် ဖြစ်တာပါပဲ။ ငါတို့က သူ့ကို လာစေချင်တာကွ”

“ကျွန်တော့်ကို ပြောတာတော့ အညာဘက်တက်ပြီး ပဲမျိုးစုံ သွားဝယ်မယ် ပြောတာပဲ။ အဲသည်မှာ တော်တော်ကြာမယ်တဲ့။ ဝယ်လို့ပြီးရင်လဲ နိုင်ငံခြားပို့ဖို့ လုပ်စရာတွေ ရှိသေးသတဲ့။ အဲဒါကြောင့် သည်ကငါးကန်တွေကို ကြီးကြပ်ဖို့ ကျွန်တော့်ကို ထားခဲ့တာပဲ။ အဘလဲရှိတော့ သူ စိတ်ချပုံ ရပါတယ်”

“အင်း အံ့ဩစရာတော့ ကောင်းသဟေ့။ ငွေကြေးအများကြီး ရင်းနှီးထားတဲ့ သည်ငါးကန်တွေကို သူမို့လို့ စိတ်ချလက်ချ ထားရက်တယ်”

ဦးတောကျော်၏ စကားကို နားထောင်ရင်း ကိုစံတင်က သဘောကျစွာ ရယ်လေသည်။ ပြီးမှ …

“အဘကလဲ ခက်ပါဘိတော့။ သူ့အနေနဲ့ သည်လောက်ငွေကြေးကို ဘယ်ဂရုစိုက်မလဲ အဘရဲ့။ သောင်းချီပြီး ချမ်းသာတဲ့ သူပဲဟာ”

ဟုပြောပြီး ရေနွေးကြမ်းတစ်ခွက် ငုံ့သောက်ရင်း

“ညိုမအတွက်လဲ အဝတ်အစားတွေ ဝယ်ပေးလိုက်ပါတယ်ဗျာ။ စက်လှေထဲမှာ ပါခဲ့လေရဲ့”

ခေါင်းငုံ့ကာ နားထောင်နေသော ညိုမက ဘာမှ ဝင်မပြောဘဲ ငြိမ်သက်စွာ ရှိနေဆဲပင်။

“ဘာကွ … သောင်းချီပြီး ချမ်းသာတယ် ဟုတ်လား။ မင်း သောင်းဂဏန်းက ဘာများ ထူးဆန်းသလဲကွ။ သည်မှာရှိတဲ့ ငါးကန်တွေက သိန်းလေးငါးဆယ်မက တန်တယ်လို့ မင်းတို့ပဲ ပြောပြီးတော့”

ကိုစံတင်က ဦးတောကျော်ကို ကရုဏာသက်စွာ တစ်ချက်ကြည့်လိုက်ရင်း

“ကျွန်တော်ပြောတဲ့ သောင်းဂဏန်းဆိုတာ သိန်းပေါင်းသောင်းနဲ့ချီပြီး ချမ်းသာတာကိုပြောတာ အဘရဲ့။ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ အတူနေလာတာဆိုတော့ သူဌေးအကြောင်း ကျွန်တော် အသိဆုံးပဲ။ ဘယ်ဟာမဆို သူစိတ်ဝင်စားရင် ခဏပဲ။

အခုလုပ်နေတဲ့ ငါးမွေးမြူရေး ဆိုပါတော့။ အခု သူ ငြီးငွေ့သွားပြီ၊ စိတ်မဝင်စားတော့ဘူး။

ပင်လယ်ထဲမှာ စက်လှေတွေနဲ့ ငါးဖမ်းတဲ့လုပ်ငန်းတွေ၊ ဆီအုန်းခြံနဲ့ ရော်ဘာလုပ်ငန်းတွေ၊ အို. . . သူလုပ်ခဲ့တာတွေမှ အများကြီးပဲ။ အဲသည်လုပ်ငန်းတွေလဲ ခဏပဲ စိတ်ဝင်စားခဲ့တာပဲ။ နည်းနည်းကြာလာရင် ဘာကိုပဲဖြစ်ဖြစ် သူ စိတ်မဝင်စားတော့ဘူး”

“ဟော အခုလဲကြည့်။ ပဲမျိုးစုံတင်ပို့တဲ့ အလုပ်ကို စိတ်ဝင်စားပြီး အညာဘက် တက်သွားပြန်ပြီ။ အင်း . . . ဒါလဲ ခဏပဲ နေမှာပါဗျာ”

“ဪ . . . ငွေကြေးချမ်းသာတဲ့သူများကျတော့လဲ ဘာကိုပဲလုပ်လုပ် တင့်တယ်တာပေါ့လေ။ လုပ်လဲ လုပ်နိုင်ကြပေတာကိုး”

ဦးတောကျော်က ခပ်လေးလေး မှတ်ချက်ချသည်။

အနားတွင်ထိုင်ကာ တစ်ချိန်လုံး ငြိမ်သက်စွာ နားထောင်နေသော ညိုမတစ်ယောက် အရာရာကို သဘောပေါက် နားလည်သွားခဲ့ပြီ။ အသာထကာ တဲအတွင်းရှိ သူမအခန်းကလေးထဲသို့ ဝင်၍သွားသည်။ အိပ်ရာကလေးပေါ်တွင် ထိုင်ရင်း တဲပြတင်းပေါက်ကလေးမှ တစ်မျှော်တစ်ခေါ် ကျယ်ပြန့်လှသော ကွင်းပြင်ကြီးဆီ ငေးမောရင်း မျက်ရည်တို့ အသွယ်သွယ်စီး၍ ကျသည်။

အရာရာသည် ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီ။ သံတိုင်နှင့် ဆောက်ခဲ့ခြင်း မဟုတ်သော ညိုမ၏ စိတ်ကူးယဉ် ဗိမာန်ကြီး တစ်စစီ ကြေမွပြိုလဲသွားခဲ့လေပြီ။

“ဟုတ်မှာပါပဲ။ ဦးအတွက် ညိုမဆိုတာ ရိုးသွားပြီပေါ့နော်။ နောက်ထပ် အသစ်အသစ်တွေနောက် လိုက်နေတဲ့ ဦးတို့လို ပြည့်စုံချမ်းသာနေတဲ့ သူတွေအတွက်ကတော့ ရိုးသားမှုတို့၊ သစ္စာတရားတို့၊ ချစ်ခြင်းမေတ္တာတို့ဆိုတာ အိပ်မက်ထဲတောင် ထည့်ပြီး မက်ခဲ့ဖူးမှာ မဟုတ်ပါဘူး။ တန်ဖိုးလဲထားမယ့်သူတွေ မဟုတ်ပါဘူး။ ညိုမတို့ အတွက်သာ သစ္စာတရားတို့၊ ရိုးသားမှုတို့၊ ချစ်ခြင်းမေတ္တာတို့ ဆိုတာ ညိုမတို့ရဲ့အသက်ဆိုလဲ ဟုတ်တာပဲ၊ ဘဝဆိုလဲ ဟုတ်တာပါပဲ”

ခေါင်းအုံးအောက်က ဦး လစဉ်ဝယ်ပေးခဲ့သော ဆေးကတ်ကလေးကို အသာဆွဲထုတ်လိုက်သည်။ ဆေးကတ်ကလေးကို ကြည့်ရင်း ဦးပြောခဲ့သော စကားတို့ကို နားတွင် ကြားယောင်နေသေး၏။

“ညိုမကိုလေ တကယ်ချစ်တယ်ဆိုတာ ယုံပါ ညိုမရယ်။ ညိုမကို ဦး လက်ထပ်မယ်။ ညိုမရော ညိုမရဲ့ အဖေနဲ့ အမေကိုပါ တင့်တင့်တယ်တယ် ထားမှာပါညိုမရဲ့။ အခုလောလောဆယ်တော့ အချိန်မကျသေးဘူးလေ။ ဒါကြောင့် ဒီဆေးကတ်ကလေးကိုယူ ထား။ တစ်နေ့တစ်လုံးသောက်နော်။ နောက် အတူတူနေတဲ့အခါကျတော့မှ”

ညိုမ ဆက်၍ မတွေးနိုင်တော့။ အင့်ခနဲ ကြိတ်၍ ရှိုက်သံကလေးတစ်ချက် ပေါ်ထွက်လာသည်။

ပြတင်းပေါက်မှ တိုးဝင်လာသော ကွင်းလေကလေးသည် ညိုမ၏ ဆံနွယ်များကို တို့ထိကျီစယ်လျက်ရှိသည်။

လှိုင်းတဖျပ်ဖျပ် ကခုန်နေသော ငါးကန်များသည် တစ်တန်နှင့်တစ်ကန် ထိစပ်လျက် ကွင်းပြင်ကျယ်ကြီးတစ်လျှောက် ရှုမဆုံးအောင် ဝေး၍ ဝေး၍ သွားကာ ဟိုး အဝေးဆုံးတစ်နေရာတွင် ပြာလွင်သော မိုးကုပ်စက်ဝိုင်းနှင့် ထိစပ်လျက်ရှိနေသည် ထင်ရတော့သည်။

ငွေဗျိုင်းဖြူတစ်အုပ်သည် ထို မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ကာ ပျံသန်းနေကြသည်။

တိမ်မျှင်တိမ်ဆိုင်တို့သည် ကောင်းကင်လေဟုန်စီးလျက် ခရီးနှင်နေကြသည်။

မိုးကုပ်စက်ဝိုင်းဆိုသည်မှာ တကယ်တော့ ဘယ်သောအခါမှ မြေပြင်နှင့် ဆုံတွေ့နိုင်ခြင်း မရှိကြောင်းကို တစ်ချိန်ချိန်မှာတော့ ညိုမတစ်ယောက် နားလည်လာနိုင်ပေလိမ့်မည်။

– ပြီး –

​စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *