ထောင်မှူးကြီးသိန်းဝင်း
ကျည်ဆန်နှစ်တောင့် ပြဿနာ
( ၁ )
ကျွန်တော်ဟာ လူတော်တစ်ယောက်မဟုတ်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ကို အမြဲကြိုးပမ်းနေသူပါ။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံး လုံခြုံအောင် ထိမ်းပါတယ်။ တစ်ခါတစ်ရံ အပေါင်းအသင်းတွေနဲ့ဆုံရင်တော့ သောက်ဖြစ်ပါတယ်။ ဒါပေမဲ့ မလွန်စေရပါဘူး။ ဆေးလိပ်လည်း မသောက်၊ ကွမ်းလည်း မစားတတ်ပါဘူး။
ကျွန်တော် ဝါသနာပါတာက ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်တဲ့ အလုပ်ပါပဲ။ ကျွန်တော်ငယ်စဉ်ကတည်းက လေးခွကိုင်ခဲ့ပြီး ကြီးလာတော့ သေနတ်ကိုင်တယ်။ ဒါပေမဲ့ အကောင်ပလောင်ကို ပစ်ဖို့မဟုတ် ဘူး။ အပင်ပေါ်က သစ်သီးနဲ့ ပစ္စည်းလေးတွေကို လက်တည့်စမ်းတာပါ။ (Target Shooting) လို့ ခေါ်မယ်ထင်ပါရဲ့။
ဘွဲ့ရတော့ အကျဉ်းဦးစီးဌာနကိုဝင်တယ်။ တပ်သားအဆင့်နဲ့ ဝင်ရတာ။ လေးငါးနှစ်ကြာမှ ထောင်မှူးဖြစ်တယ်။ အင်းစိန်ထောင်နဲ့ ရုံးချုပ်အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းစခန်း၊ ကော့သောင်း ဆီအုန်းစခန်းတွေရောက်တော့လည်း ကျွန်တော့်မွေးရာပါဗီဇက ထကြွနိုးကြားပြန်တယ်။
ငယ်စဉ်ကတည်းက လောက်လေးခွနဲ့ လေသေနတ်ကို သွားလေရာ အမြဲတမ်းဆောင်သွားတတ်တော့ တောထဲတောင်ထဲရောက်တာနဲ့ ပစ်ချင်ခတ်ချင်စိတ် ပေါ်ပေါက်လာပြန်တယ်။
ဒါကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်းစခန်း (မအူပင်ဆိပ်)ရောက်တော့ လွတ်လွတ်လပ်လပ်နဲ့ ထင်တိုင်းကျဲတော့တာပေါ့။
မအူပင်ဆိပ်စခန်းက ပဲခူးချောင်းအနီး ဇီးတောကြီးရွာ တစ်ဖက်ကမ်းတောစပ် လယ်ကွင်းထဲမှာ တည်ထားတာ။ ဒါကြောင့် ညနေ နေဝင်တာနဲ့ တောထဲကထွက်လာပြီး လယ်ကွင်းထဲမှာ မြူးတူးကြတဲ့ ယုန်၊ တောကြောင်၊ ချေ၊ ဆတ်၊ တောဝက်က အလွန်ပေါတာ။
တစ်နေ့တော့ တပည့်ဖြစ်သူ တင်သောင်းက ပြောလာတယ်။
“ဆရာ ကျွန်တော်တို့လည်း တောစခန်းမှာ အမဲသားနဲ့ ဘဲဥပဲ စားနေရတော့ တစ်ခါတစ်ရံ တောကောင်သားလေးများ စားရအောင် ဆရာရယ်။ ကျွန်တော်က သာယာဝတီဘက်က လယ်သမားမျိုးရိုးဆိုပေမဲ့ မုဆိုးအလုပ်လည်း တတ်ပါတယ်။
ဒါကြောင့် တစ်ညလောက် လယ်ကွင်းတောစပ်မှာ အကောင်ပလောင်လေး ဘာလေး ရှာရအောင် ဆရာရယ်။ ကျွန်တော်က လေးခွကိုင်မယ်၊ ဆရာက လေသေနတ်ကိုင်ပေါ့။ ရိတ်သိမ်းပြီးစ လယ်ကွင်း ထဲမှာ အကောင်ပလောင် အလွန်ပေါတယ်ဆရာ”
“ဘာကောင်တွေပေါလို့လဲ တင်သောင်းရဲ့။ ငါက လေသေနတ်ပဲ ပစ်တတ်တာ။ တော်ကြာ သားကောင်ကြီးနဲ့တိုးရင် ဟုတ်ပေ့ဖြစ်နေဦးမယ်”
“ဒီအချိန် စပါးရိတ်သိမ်းပြီးစဆိုတော့ လယ်ကွင်းထဲမှာ စပါးနှံတွေ ကျန်ခဲ့တတ်တယ် ဆရာ။ အဲဒါကို လာစားကြတဲ့ မြေဝပ်ငှက်၊ ယုန် နဲ့ တောကြွက်ကြီးတွေကို တောကြောင်ဖားကြီးတွေက ချောင်းမြောင်း ပြီး လာစားတတ်တယ်။ ကျွန်တော်တို့က မီးထိုးပြီး ပစ်ရုံပဲ။ နောက်ပြီး တောစပ် ဝါးရုံပင်တွေအပေါ်မှာ ကြက်တွေလည်း အိပ်တန်းတက်ကြတယ် ဆရာ”
“အေး … အဲဒါဆိုရင်လည်း စခန်းပတ်ဝန်းကျင် လည်ကြတာပေါ့။ ငါက အကောင်ပလောင်တွေကို ပစ်လေ့တော့ မရှိဘူး”
“ဟင်းစားက ပြတ်နေပြီဆရာ။ တစ်ခါတစ်ရံလည်း ယုန်သား၊ တောကြောင်သား၊ တောကြက်သားလေးများလည်း စားရအောင်ပါ။ ကျွန်တော် စခန်းပတ်ဝန်းကျင်ကို မုဆိုးမျက်စိနဲ့ လေ့လာပြီးပါပြီ။ ကျိန်းသေ ရကိုရပါစေမယ် ဆရာ။
ကျွန်တော်က လေးခွကိုင်မယ်၊ မီးထိုးမယ်။ ဆရာ ကပစ်ပေါ့။ အကောင်ငယ်တွေကိုတော့ ကျွန်တော့်တာဝန်ပဲ ထားပါ”
“အေး … အေး ၊ အဲဒါဆိုရင်လည်း ညကျထွက်ကြတာပေါ့။ အခုတော့ မပစ်တာကြာတဲ့ ငါ့ လေသေနတ်ကို ဝါရှာလဲပြီး ပြောင်းတိုက်ရဦးမယ်။ မင်းလည်း လောက်စလုံးလေး ဘာလေး စုထားဦး။ လိုရ မယ်ရ ငှက်ကြီးတောင်တစ်ချောင်းလည်း ဆွဲခဲ့ပေါ့။ သောက်ရေဘူးပါ မမေ့စေနဲ့”
“စိတ်ချပါ ဆရာ။ ကျွန်တော် ပြည့်စုံအောင် စီစဉ်ထားပါ့မယ်”
ညနေစောင်းတော့ ကျွန်တော်တို့ ဆရာတပည့် ညစာကို စောစောစားကြပြီး နေဝင်သည်နှင့် စခန်းမှထွက်လာကြသည်။ စခန်းပတ်ဝန်းကျင်တွင် လယ်ကွင်းကြီးက တစ်ပြန့်တစ်ပြော ကျယ်ဝန်းလှသည်။ စပါးရိတ်သိမ်းပြီးစဖြစ်၍ ရိုးပြတ်နံ့က သင်းပျံ့နေသည်။
ပဲခူးချောင်းဘက်မှ တိုက်ခတ်လာသော လေနုအေးကလေးက စိမ့်ခနဲ အေးသွားသည်။ ဖေဖော်ဝါရီလကုန်ပိုင်းဖြစ်၍ ဆောင်းကုန်ပြီး ဖြစ်သော်လည်း နွေမရောက်သေး။ ဆောင်းအကုန် နွေအကူး စပ်ကူး မတ်ကူးကာလ ဖြစ်ပေသည်။
လယ်ကွင်းထဲ၌ ပလူကောင်များကို ထိုးသုတ်စားရင်းဝဲနေသော မြေဝပ်ငှက်များကို တွေ့ရသည်။ မြေဝပ်ငှက်များက လူမကြောက်။ ကျွန်တော့်ကိုပင် တိုက်မိတော့မလို ကွေ့ဝိုက်ပျံသန်းနေကြသည်။
ထိုစဉ် တပည့်ကျော်တင်သောင်းက မြေဝပ်ငှက်များအား လေးခွဖြင့်ပစ်သည်။
(Fly Shot) ပစ်ခြင်းဖြစ်သော်လည်း လက်တည့်လှသော တင်သောင်းက တစ်ချက် တစ်ကောင်ပင်။ ပစ်မလွဲ။
ငှက်သေများအား ကျွန်တော် ကောက်ယူကြည့်တော့ တစ်ကောင်လျှင် (၁၀)ကျပ်သား (၁၅) ကျပ်သားခန့်ရှိသည်။ ပိန်လှသည်။
လေးငါးကောင်ရတော့ ကျွန်တော်က …
“တော်ပြီ တင်သောင်း။ မင်းငှက်တွေက ပိန်တော့ အရိုးစူးလိမ့်မယ်။ ဝဝအကောင် ရှာစမ်းပါကွာ”
“အချိန်စောသေးလို့ပါ ဆရာ။ ဒီတစ်ခါတော့ ဆရာ့အလှည့်ပဲ။ ကျွန်တော် မီးထိုးပေးမယ်။ မီးအောက်ကိုဝင်ပြီး ပစ်တော့ဆရာ”
“အေး … အေး၊ ကောင်းပြီ စိတ်ချ။ ငါ့လက်အကြောင်းကိုလည်း ပြရသေးတာပေါ့ကွာ”
ကျွန်တော်တို့ ဆရာတပည့် လယ်ကွင်းထဲမှ တောစပ်ဘက်သို့ ထွက်ခဲ့ကြသည်။
တောစပ်မှ အိပ်တန်းတက် ကြက်ဖများတွန်သံကို ကြားရသည်။ အလင်းရောင်မှာ လုံးဝ ပျောက်ကွယ်သွားပြီး အမှောင်ဖုံးလာသည်။ လရောင်က မထွက်သေးပါ။
လယ်ကွင်းနှင့် တောစပ်အကြားရောက်တော့ တင်သောင်းက ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီးကို မိုးပေါ်ထောင်ထိုးပြီး အောက်သို့ တဖြည်းဖြည်းဆွဲချလာသည်။ မြေပေါ်သို့ မီးအလင်းရောင်ကွက်ကျလာ သည်နှင့် တောချုံများအတွင်းမှ တောယုန်များ ပြေးလွှားထွက်ခွာလာကြပြီး မီးကစားကြသည်။
“ဆရာ … ကျွန်တော့်အနီးကို တဖြည်းဖြည်းဆွဲခေါ်လာမယ်။ ပိုင်ရင် ပစ်ပေတော့။ တောယုန်တွေကကြီးတော့ ကိုယ်လုံးကို မပစ်နဲ့ ၊ ခေါင်းကိုပစ်”
ဟု တင်သောင်းက တိုးတိုးလေးပြောသည်။
ထို့ကြောင့် ကျွန်တော် မီးအောက်တွင် မုဆိုးဒူးထောက်ထိုင်ချပြီး လေသေနတ်ဖြင့် အသင့်ချိန်ထားလိုက်သည်။
မကြာပါ။ တောယုန်အုပ်ကြီး မီးကစားရင်း ကျွန် တော်တို့နှင့် တဖြည်းဖြည်း နီးလာသည်။ ပိုင်သည်နှင့် ကျွန်တော် ပစ်လေတော့သည်။
“ဖန်း …”
တစ်ကောင်ကျသွားသည်။ ယုန်များ ထိတ်လန့်သွားစဉ် ကျွန်တော် ဒုတိယအချက် ပစ်ပြန်သည်။
“ဖန်း …”
ထိသည်။ သို့သော် သေချာဟန်မတူ။ တောယုန်အုပ်ကြီး ချုံထဲသို့ ဝင်ပြေးတော့သည်။
“သွားပါပြီကွာ။ တစ်ကောင်ပဲရတယ်၊ လွတ်သွားပြီ”
“ကိစ္စမရှိဘူးဆရာ။ ချုံထဲမှာ သေနေလိမ့်မယ်။ တောယုန်တွေက အသက်နေနည်းတယ်။ ခေါင်းထိရင်တော့ တစ်ခါတည်းကျတယ်။ လာပါ ဆရာ၊ ချုံထဲသွားကြည့်ရအောင်”
ကျွန်တော်တို့ ချုံထဲဖြဲ၍ မီးထိုးကြည့်တော့ တောယုန်ကြားကြီးတစ်ကောင် လဲသေနေသည်ကို တွေ့ရသည်။ တစ်ပိဿာခန့် အလေးချိန်ရှိပေမည်။ ယုန်နှစ်ကောင်ပေါင်းတော့ နှစ်ပိဿာခန့်ဖြစ်သည်။
ထိုစဉ် တင်သောင်းက တောစပ်ဘက်လှည့်၍ မီးထိုးလိုက်ရာ ပျဉ်းကတိုးပင်ကြီးပင်စည်အခြေတွင် မျက်လုံးစိမ်းစိမ်းတစ်စုံကို မီးရောင်အောက်၌ မြင်လိုက်ရသည်။ ကျွန်ုပ် အချိန်မဆိုင်းတော့ပါ။ မျက်လုံး ကြားသို့ ပစ်ထည့်လိုက်တော့သည်။
“ဖန်း …”
“ညောင်” ဟု အော်ကာ ခုန်ထွက်သွားသည်။ တောကြောင်ကြီး ဖြစ်ပေသည်။
ကျွန်တော်တို့ ဆက်လိုက်ကြရာ ပျဉ်းကတိုးပင်ကြီးအနောက်ဘက် ကျွန်းပင်ကြီးအရင်းတွင် တခွီးခွီးအော်ကာ လူးလိမ့်နေသည့် တောကြောင်ကြီးအား ပစ်ခတ်၍ ဇာတ်သိမ်းပေးရပြန်သည်။
“ဖန်း …”
တောကြောင်ကြီးမှာ ကြောင်ဝံပိုက်အမျိုးအစား၊ အကောင်ကြီး သည်။ သုံးလေးပိဿာခန့်ရှိပေလိမ့်မည်။
“ဆရာ … လာဘ်ဦးကောင်းတယ်။ အနီးအနား ဆက်လည်ကြရအောင်။ ကျွန်တော် ကြက်အိပ်တန်းကို တွေ့ထားတယ်”
ကျွန်တော်တို့ တောစပ်ဝါးရုံတန်းဘက်သို့ သွားကြသည်။ ဝါးရုံပင်ကိုင်းပေါ်မှ တောကြက်ဖကြီးတစ်ကောင်ကိုတွေ့၍ တင်သောင်းက မီးထိုးပေးသည်။ ကျွန်တော်က ပစ်ပြန်သည်။
“ဖန်း”
“အွတ်”
“ဘုန်း”
တောကြက်ဖကြီး ပြုတ်ကျလာသည်။
တင်သောင်း က ကောက်ကိုင်ပြီး လက်နှိပ်ဓာတ်မီးကို ကျွန်တော့်အား ပေးသည်။
“ဆရာရှေ့က ဝါးရုံက ကြက်မတွေအိပ်တဲ့ ဝါးရုံဆရာ။ သေနတ်နဲ့ အဆင်မပြေဘူး။ ကျွန်တော် လေးခွနဲ့ပစ်မယ်။ ဆရာက မီးထိုးပေး”
“အေး … အေး”
ကျွန်တော် ဓာတ်မီးကို လက်ပြောင်းယူလိုက်သည်။ ဝါးရုံပင်အောက် ရောက်သည်နှင့် မီးထိုးကြည့်ရာ ဝါးရုံပင်ကိုင်းတက်များအပေါ်၌ တောကြက်မများ တန်းစီ၍ အိပ်တန်းတက်နေကြသည်။ မီးရောင်ကို မြင် တော့ ခေါင်းထောင်လှုပ်ရှားလာကြသည်။
တင်သောင်းက အစွန်းတွင် နားနေသော အကောင်များကို အလျင်အမြန် ပစ်ချသည်။
“ဖောက် … ဖောက် … ဖောက်” နှင့် သုံးလေးကောင်ကျမှ ကြက်မအုပ်ကြီး လန့်ပျံပြေးတော့သည်။
ထိုနေ့ညက သားကောင်များထမ်းကာ ပျော်ရွှင်စွာဖြင့် စခန်းသို့ ပြန်လာခဲ့ကြသည်။
စခန်းရောက်တော့ ညဆယ်နာရီခန့်ပင် ရှိသေးသည်။ တပည့်ကျော် တင်သောင်းက ညလယ်စာချက်ပြီး ကျေးရွာမှ မုဆိုးလက်ရာ ထမင်း ဟင်းက မြိန်လှသည်။
ထိုညက အိပ်ရာဝင်တော့ (၁၂)နာရီပင် ထိုးလုပြီ ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် ညကရှိထားသော တောကောင်သားများအား အပေါင်းအသင်း ထောင်မှူးများနှင့် ဝန်ထမ်းအချို့အား ဝေပေးသည်။ နီးစပ်ရာ ရဲဘက်များကိုလည်း ဟင်းချက်၍ ကျွေးသည်။
သို့သော် ကျွန်တော်နှင့် အဆင်မပြေသည့် စခန်းတာဝန်ခံ ထောင်ပိုင်ကိုတော့ တစ်စွန်းတစ်စမျှ မပေးပါ။
ယင်းထောင်ပိုင်သည် လောဘကြီးပြီး အလွန်မျက်နှာလိုက်သူ ဖြစ်သည်။ စခန်းတွင်း ရနိုင်သမျှ ငွေ ဝင်ပေါက်အားလုံးကိုလည်း သူက ချုပ်ကိုင်ထားသည်။
သူ့ကို မထောက်ပံ့နိုင်သူ အရာရှိဝန်ထမ်းများကို ချောင်ထိုးထားသည်။ သူ့အထက်အရာရှိကြီးများကိုတော့ အမြဲတမ်းထောက်ပံ့သည်။ ထို့ကြောင့် ကျွန်တော်တို့က သူ့အား အထက်ဖားအောက်ဖိဟု နောက်ကွယ်တွင် နာမည်ပြောင်ပေးထားပါသည်။
ထို့ကြောင့်လည်း သူက ကျွန်တော်တို့လို အရာရှိပေါက်စနှင့် ဝန်ထမ်းများ သက်သာရာအလုပ်များအား ပြောင်းလဲမပေးတော့။ အမြဲတမ်း ရှေ့တန်းလိုက်ရသည်။ ကျည်မပါသော ရိုင်ဖယ်သေနတ်ဟောင်း ကြီးကိုထမ်းကာ တောရှင်း၊ ငုတ်ထုတ်၊ မီးရှို့(ကျွန်းခွေသည်) ရသည်။ အလုပ်မှာ ဤလိုရာသီတွင် အလွန်ပင်ပန်းသည်။
ဝန်ထမ်းတချို့ အပူရှပ်ပြီး ဖျားနာ၍ သေဆုံးရသည်ပင် ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ဖက်ကလည်း မကျေနပ်ပါ။ ကျွန်တော်တို့ဖက်က အကွက်ကောင်း ချောင်းနေသလို သူကလည်း စောင့်ကြည့်နေသည်။
✿✿✿ ✿✿✿ ✿✿✿
(၂)
ကျွန်တော်နှင့် တင်သောင်းက တစ်ပတ် တစ်ခါခန့် ညမီးလည်ကြရာ အမြဲတမ်းလည်း အကောင်ပလောင်များ ရတတ်သည်။ ထို့ကြောင့် တင်သောင်းက နောက်ပိုင်းတွင် သူ့ကို ကြိုတင်မှာထားသူများအား ရောင်းချရာ ဝင်ငွေရလာတတ်သည်။
ထို့ကြောင့် ကျွန်တော်တို့ ဆရာတပည့် တစ်ပတ်တစ်ခါ မဟုတ်တော့ဘဲ ညစဉ် ညမီးလည်ကြရာ ဝင်ငွေ အတော်လေးမှန်ပြီး စုမိဆောင်းမိဖြစ်လာသည်။
သို့သော် ကျွန်တော်တို့ ညမီးလည်ကြစဉ် ချေ၊ ဆတ်၊ တောဝက် စသောအကောင်ကြီးများကို မြင်တွေ့ခဲ့ရသော်လည်း လေသေနတ်ကလေးဖြင့် မပစ်နိုင်ခဲ့။ ရှောင်ရှားခဲ့ရသည်။
ကျွန်ုပ်တွင် ရိုင်ဖယ်သေနတ်ကြီးနှင့် ကျည်(၅)တောင့် ရှိပါသည်။ သို့သော် စခန်းတာဝန်ခံ အမိန့်မရဘဲ ပစ်ခွင့်သုံးခွင့် မရပါ။
အလုပ်ပိတ်ရက်တစ်နေ့တွင် ကျွန်တော်နှင့် တပည့်ကျော် တင်သောင်းတို့ မနီးမဝေးရှိ ကညင်ပင်စခန်းသို့ သွားလည်ကြသည်။ ကျွန်တော်နှင့် အပတ်စဉ်တူ ထောင်မှူးမြင့်မောင်က ကညင်ပင်စခန်းတွင် ‘ထောက်’ ထောင်မှူးဖြစ်နေသည်။ သူ၏ အထက်အရာရှိ ထောင်မှူးကြီး ရွှေစင်ကလည်း အလွန်သဘောကောင်းလှသည်။
ထိုနေ့က ကျွန်တော်တို့အား နေ့လယ်စာကောင်းစွာကျွေးသည့်အပြင် မုဆိုးလုပ်နေသော ကျွန်တော့်အား အမဲကြီးပစ်ရန် ရိုင်ဖယ်ကျည်နှစ်တောင့်ကို စွန့်ကြဲလိုက်သေးသည်။
ထို့ကြောင့် ထိုနေ့က ကညင်ပင်စခန်းမှ စောစောပြန်ကြပြီး ကျွန်တော့်အား လုံခြုံရေးအတွက် ထုတ်ပေးထားသော ရိုင်ဖယ်သေနတ်ကြီးအား ဖြုတ်၍ အသေအချာ တိုက်ချွတ်ပါသည်။ ဒသမ ၃ဝ၃ အမေရိကန်ရိုင်ဖယ်သေနတ်ကြီးဖြစ်၍ ရိုးရှင်းပါသည်။
ကျွန်တော်က စစ်သင်တန်းဆင်းဖြစ်သဖြင့် လက်နက်ငယ် ဖြုတ်ခြင်း၊ တပ်ခြင်း၊ တိုက်ချွတ်ခြင်းကို ကျွမ်းကျင်ပါသည်။
ညမှောင်တော့ ကျွန်တော်တို့ ဆရာတပည့် အသင့်ဖြစ်နေပါပြီ။ သို့သော် စခန်းတာဝန်ခံက ညဘက်တွင်လည်း အရေးပေါ်ခေါ်တတ်သဖြင့် ညဉ့်နက်အောင်စောင့်ကြရသည်။ ထို့ကြောင့် ည(၉)နာရီကျော်မှ ထွက်ဖြစ်တော့သည်။
ထို့နောက်ညက လဆုတ်ရက်ဖြစ်သဖြင့် လက အတော်နှင့် မထွက်။ လက်နက်ကြီးယူလာသော ညကျခါမှ လယ်ကွင်းထဲ၌ တောယုန်ကြီးများကို မကြာခဏတွေ့ရသည်။ လက်နက်နှင့် သားကောင်မမျှသဖြင့် မပစ်တော့။ တောစပ်ရောက်တော့လည်း တောကြောင်နှင့် တောကြက်ဖများကို တွေ့ရသည်။ ကျွန်တော် မပစ်ပါ။
ကျွန်တော်တို့ ဆရာတပည့် နေ့လယ်ကတည်းက ကြည့်ခဲ့သော စမ်းချောင်းရှိရာ ဂုံမင်းလျှိုသို့ ဦးတည်သွားရောက်နေကြခြင်း ဖြစ်သည်။ သို့တွင် ယခုလို နွေဦးပေါက်ရာသီတွင် ရေသောက်ဆင်းကြသော တောကောင်ခြေရာများကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
လျှိုကြီးအစပ် ကုန်းစောင်းရှိ ပျဉ်းမပင်ကြီးအခြေတွင် နေရာယူလိုက်ကြတော့သည်။ အပေါ်စီးက အမြင့်ဖြစ်သော်လည်း လေအောက်ကဖြစ်သည်။
လကလေးရေးရေးထွက်လာ၍ လျှိုကြီးနှင့် စမ်းချောင်းကို လရောင်ဖြင့် မှုန်ပျပျ မြင်နေရသည်။ သားကောင်သံကို မကြားရသေး။ ထို့ကြောင့် ကျွန်တော်တို့ နားနားနေနေ စောင့်ဆိုင်းနေကြရသည်။
ည (၁၀)နာရီကျော်ခန့်တွင် စမ်းချောင်းဘက်မှ “အူးအူး အစ်အစ် ဂတ်ဂတ်” ဟူသော တောဝက်အုပ်အသံကို ကြားရသည်။ “ပလပ် ပလပ်” နှင့် ရေသောက်သံကို ကြားနေရသည်။
ထို့ကြောင့် ကျွန်တော့်ရိုင်ဖယ်ကြီးအား မောင်းကြိတ်တင်လိုက်သကဲ့သို့ တင်သောင်းကလည်း (၅)တောင့်ထိုး လက်နှိပ်ဓာတ်မီးအား အသင့်ပြင်ဆင်နေသည်။ ကျွန်တော်တို့ အသင့်ဖြစ်သည်နှင့် တင်သောင်း က မီးထိုးသည်။
မျက်လုံးစိမ်းစိမ်းဖြင့် တောဝက်အုပ်မှာ (၆)ကောင်ခန့်ဖြစ်သည်။ အစွယ်ကြီးကွေး၍ နောက်ပြန်လှည့်နေသော ဝက်တောင်းကြီးက စမ်းချောင်းနဖူးတွင် စောင့်ကြည့်နေသည်။
ကျွန်တော်တို့က အမြင့်နေရာကောင်းသဖြင့် အချိန်မဆိုင်းတော့ဘဲ ကျွန်တော် ဝက်၏ မျက်လုံးနှစ်လုံးကြားသို့ ပစ်ထည့်လိုက်သည်။
“ဒိုင်း”
ဝက်သိုးကြီးမှာ ကျည်ဆန်က ဦးနှောက်ဖောက်သွား၍ တုန့်ခနဲ ဖင်ထိုင်လျက်လဲသည်။
စိတ်ချရသော အနေအထားကြောင့် ကျွန်တော် အလျင်အမြန် မောင်းတင်ပြီး စမ်းချောင်းအတွင်းမှ တက်ပြေးလာသော ဝက်မတမ်းမတစ်ကောင်ကိုလည်း ပစ်ချလိုက်ပြန်သည်။
“ဒိုင်း”
ဝက်မတမ်းမလည်း စမ်းချောင်းအတွင်းသို့ ပစ်ကျသွားပြန်သည်။ ကျွန်တော် အရေးပေါ် မောင်းတင်လိုက်ပြန်ပါသည်။ ထိုစဉ် တင်သောင်းက …
“ဆရာ ကျည်ဆန်ကုန်ပြီ မဟုတ်လား”
“အေး … ကညင်ပင်စခန်းက သူငယ်ချင်းပေးလိုက်တဲ့ ကျည်ဆန် (၂)တောင့်တော့ ကုန်ပြီ။ တို့စခန်းက အရေးပေါ်သုံးဖို့ ပေးထားတဲ့ ကျည်ဆန်(၅)တောင့်ပါ လိုရမယ်ရ ထည့်လာတာ”
“တော်သေးတာပေါ့။ ကျွန်တော်က စိုးရိမ်နေတာ ဆရာ”
“မစိုးရိမ်နဲ့ တင်သောင်းရေ … ငါက တွက်ပြီးသား။ အရေးပေါ်အတွက် ကြိုတင်ဆောင်ထားရတယ်။ ကံကောင်းလို့ ဝက်သိုးကြီးက တစ်ချက်ကြီးတည်း လဲတာ။
ကဲ … ဘယ်လိုသယ်ကြမလဲ။ မင်း စခန်းကိုပြန်နှင့်။ ဖိုကြီးက ညမီးရဲဘက်တွေကို ထမ်းဖို့ခေါ်လာခဲ့”
“ဆရာတစ်ယောက်တည်း နေရဲလို့လား။ အတူပြန်ကြရအောင် ဆရာ”
“ဘာလဲ မင်းတစ်ယောက်တည်း မပြန်ရဲဘူးလား။ ငါက ဒီမှာ တောဝက်သေတွေကို ဝင်စားတတ်တဲ့ တောခွေးတွေကို စောင့်ကြည့်ရဦးမယ်။
သွား… သွား… မြန်မြန်သွား မြန်မြန်ပြန်လာခဲ့။ ဓာတ်မီးပါ ယူသွား။ ဒီမှာ ငါတစ်ယောက်တည်း နေရဲတယ်”
“ဟုတ်ကဲ့ဆရာ”
တင်သောင်းပြန်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သည်။ သေနတ်သံကြောင့် တောမှာ တိတ်ဆိတ်နေသည်။ တောခြင်ကြီးများကတော့ ကျွန်တော့်အား ဝိုင်းဝန်းနှိပ်စက်နေသည်။ အသံထွက် မည်စိုး၍ မရိုက်ရဲ။ အသာသာ ပွတ်သပ်ချနေရသည်။
✿✿✿ ✿✿✿ ✿✿✿
( ၃ )
နာရီဝက်ခန့်ကြာသော် စမ်းချောင်းဘက်မှ ရေသောက်သံ ကြားရသည်။ လရောင်ကြယ်ရောင်အောက်တွင် ကျွန်တော် သေချာကြည့်တော့ ခြောက်စထောင် ဆတ်ဖားကြီးဖြစ်သည်။
အမဲလိုက်ဓာတ်မီးက မရှိ။ ထို့ကြောင့် ဆတ်ဖားကြီးလက်ပြင်ကို မှန်းဆ၍ ပစ်လိုက်ရသည်။ ဆတ်ဖားကြီးစမ်းချောင်းထဲသို့ ပြုတ်ကျသွားသည်။
“ဒိုင်း …”
“ဝုန်း”
သို့သော် ဆတ်ဖားကြီးက ပြန်ကုန်းထပြီး စမ်းချောင်းထဲမှဝတက်လာပြန်သဖြင့် ဒုတိယအကြိမ် ပစ်ခတ်ရပြန်သည်။
“ဒိုင်း …”
“အူး… ဘုန်း …”
ထိုစဉ် တင်သောင်းတို့အဖွဲ့ ရောက်လာကြသည်။
“ဆရာ … ဘာကောင်ပစ်တာလဲ နှစ်ချက်တောင်”
“ဆတ်ဖားကြီးကွာ။ မှောင်ထဲမှာ ပစ်ရတော့ ချက်ကောင်းမမှန်လို့ ထင်ပါရဲ့။ ကုန်းထလာလို့ လွတ်သွားမှာ စိုးရိမ်တာနဲ့ နှစ်ချက်ပစ်ရတာ”
တင်သောင်းက ဓာတ်မီးထိုးကြည့်ပြီး..
“ဆရာရေ ရဲဘက်ကြီးက (၄)ယောက်ပဲရတာ။ ကျွန်တော်တို့ နှစ်ခေါက်ပြန်ထမ်းရတော့မှာပဲ။ ကဲ .. အခုတစ်ခေါက် ဝက်အသေနှစ်ကောင်ကို ထမ်းပြန်မယ်”
“အေး … အေး ၊ မြန်မြန်သွား မြန်မြန်ပြန်ခဲ့ကြ”
“ဟုတ်ကဲ့ ဆရာ”
ကျွန်တော်တို့ မနက်(၃)နာရီခန့်မှ စခန်းသို့ ပြန်ရောက်ခဲ့ကြသည်။ ဝက်နှစ်ကောင်အား ရဲဘက်နှင့် ဝန်ထမ်းဖို့ အပ်ပြီး အသားရိက္ခာအဖြစ် ကျွေးရန် လှူလိုက်သည်။ ကလီစာများကိုတော့ ချက်ပြုတ်ပြီး ကျွန်တော်တို့ စားကြသည်။
ညလယ်စာ မဟုတ်တော့။
ကျွန်တော်တို့ စားသောက်ပြီးတော့ နှိုးခရာမှုတ်၍ ရဲဘက်ကဝန်ထမ်းများ အလုပ်ဆင်းရန် အိပ်ရာမှထကြပြီဖြစ်သည်။
ကျွန်တော်တို့လည်း ဆက်မအိပ်နိုင်တော့။ လုပ်ငန်းသွားရန် ပြင်ဆင်ရပါပြီ။
နောက်တစ်နေ့မနက်တွင် နောက်တန်းတပ်ကြပ်ကြီးက ကျွန်တော့်အား လာသတိပေးသည်။ ကျည်ဆန်လျော့နေမည်ဖြစ်၍ ကြိုတင်ရှာဖွေ ဖြည့်တင်းထားရန်နှင့် ထောင်ပိုင်က ကျည်ဆန်စစ်ဆေးမည်ဟု ကြိမ်းမောင်းနေကြောင်း သတင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော် လုပ်ငန်းခွင်မှ ခေတ္တလစ်၍ ကညင်ပင်စခန်းသို့ပြေးရသည်။
သူငယ်ချင်း ထောက်ထောင်မှူးမြင့်မောင်က လိုအပ်နေသော ကျည်ဆန်နှစ်တောင့်အပြင် အပိုဆောင်း၍ (၃)တောင့် ထပ်ပေးလိုက်သေးသည်။ ကျွန်တော် ရှေ့တန်းတပ်ခွဲတွင် ဟန်မပျက် ပြန်နေသည်။
အလုပ်သိမ်း၍ စခန်းပြန်ရောက်တော့ ကျွန်တော့်အား အဖွဲ့နှင့် စစ်ဆေးသည်။ သို့သော် ကျွန်တော်က စခန်းမှပေးထားသော ကျည်ဆန်ငါးတောင့်ကို တင်ပြနိုင်သဖြင့် ကျွန်တော့်ကို အရေးမယူနိုင်ပါ။
ကျွန်တော်ကလည်း တစ်ကွက်ကျွေးပြီး နှစ်ကွက်စားသော အလုပ်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ကျွန်တော်က ဆတ်ဖားကြီးအား အကောင်လိုက်ရောင်းလိုက်ရာ ငွေငါးသောင်းခန့်ရသည်။ ထိုအချိန်က ငွေမှာ တန်ဖိုးအတော်ရှိသေးသည်။
ကျွန်တော်စောင့်ဆိုင်းနေသောနေ့မှာ မကြာမီ ရောက်လာသည်။ ကြာသပတေးနေ့တိုင်း စခန်းရှိ ဝန်ထမ်းရဲဘက်များအား အသားကျွေးရသည်ဖြစ်သော်လည်း ယခုအပတ် ဝန်ထမ်းကိုသာကျွေး၍ ရဲဘက်များကိုတော့ အသားမကျွေးပါ။
ကျွန်တော် ပစ်ခတ်၍ရသော တောဝက်သားဟင်းဖြင့် အသားကျွေးပြပြီး ရသော ငွေသိန်းဂဏန်းခန့်ကို ထောင်ပိုင်က ရိက္ခာ (ထောက်) ထောင်မှူးဖြင့် ပေါင်းပြီး အပျောက်ရိုက်ပြီး ဖြစ်သည်။
ထို့ကြောင့် ကျွန်တော် ထောက်တာဝန်ခံထောင်မှူးအောင်မင်းနှင့် သွားတွေ့သည်။ ကျွန်တော့်ကိုမြင်သည်နှင့် အောင်မင်းမှာ ပျာယာခတ်နေသည်။
“သူငယ်ချင်း ကိုအောင်ခိုင် …လာ … လာ။ ကျွန်တော် ခင်ဗျားဆီ လာတော့မလို့ပဲ။ ဒီနေ့ အလုပ်သိမ်းတာ စောတယ်နော်”
“ခင်ဗျား ဘာကြောင့် ကျွန်တော့်ဆီ လာမှာလဲ”
“အသားကျွေးတဲ့ကိစ္စလေ။ ထောင်ပိုင်က ဒီအပတ် အသားဝယ်မကျွေးရတဲ့အတွက် ရတဲ့ငွေကို ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ သူရယ် သုံးပုံခွဲယူမယ်လို့ပြောတယ်။ ရော့ … ဟော့သည်မှာ ခင်ဗျားရဲ့ဝေစု။ သုံးသောင်းကျော်တယ်”
“မလိုချင်ဘူး။ ကျွန်တော် တောဝက်သားကျွေးတာက စခန်းကိုလှူတာ။ ခင်ဗျားတို့ မနက်ဖြန် စခန်းကို အသားကျွေးပါ။ မကျွေးရင် ကျွန်တော် ရုံးချုပ်ကို တိုင်မယ်”
“မလုပ်ပါနဲ့ ကိုအောင်ခိုင်ရယ်။ နောက်ဆုံးတော့ ကျွန်တော်ပဲ ထိမှာ။ ထောင်ပိုင်က ကျွန်တော့်ကိုပဲ အပြစ်ပုံချမှာ။ ကျွန်တော် ရှယ်ယာ မယူတော့ပါဘူးဗျာ။ ခင်ဗျားပဲ ယူလိုက်ပါတော့နော် … ကိုအောင်ခိုင်”
“မရဘူး … ဘယ်သူမှ မယူရဘူး။ ကျုပ်လည်း တစ်ပြားမှ မယူဘူး။ ဝန်ထမ်းနဲ့ ရဲဘက်တွေ သနားစရာ။ အလုပ်က ဘယ်လောက်ပင်ပန်းသလဲ ခင်ဗျားအသိ။ ကျုပ်က ခေါင်းပုံဖြတ်တဲ့ အပူစာကို မစား ဘူး။ မနက်ဖြန် အသားကျွေးဖို့ ခင်ဗျား ထောင်ပိုင်ကို သတင်းပို့ပြီး စီစဉ်ပါ။ မကျွေးရင်တော့ ကျုပ်အကြောင်း ကောင်းကောင်းသိစေရမယ်။ ဒါပဲ။
အောက်နှင့် အထက် သဘောညီလျှင်တော့ ပြဿနာမဖြစ်နိုင်ပါ။ တောစခန်းမှ ဝန်ထမ်းနှင့် ရဲဘက်များမှာ တစ်ပတ်တစ်ခါ အသားစားရလျှင်ပင် ကျေနပ်ကြပါသည်။ ကျွန်တော်က အသားသွင်းသူသဘော နှင့် ဝေမျှစားလျှင်လည်း ပြဿနာမဖြစ်နိုင်ပါ။
ယခုတော့ အောက်လက်ငယ်သားများအား ဆက်ဆံရေးညံ့ဖျင်းသော စခန်းတာဝန်ခံ ထောင်ပိုင်အတွက် ကျွန်တော် ပညာပေးလိုက်ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် စခန်း၌ အမဲသားကျွေးပါသည်။ တစ်ပတ်တည်း နှစ်ကြိမ်အသားစားရ၍ ရဲဘက်နှင့် ဝန်ထမ်းများ ဝမ်းသာပျော်ရွှင်နေကြသည်။
စခန်းတာဝန်ခံထောင်ပိုင်ကတော့ ကျွန်တော့်အပေါ် မည်သို့ တုံ့ပြန်မည်ဆိုသည်ကို စောင့်ကြည့်ရပေဦးမည်။ ။
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized