July 31, 2025
Uncategorized

ကျားတရားစီရင်ခန်း

မောင်သိက္ခာ

(၁)

လင့်စင်ပေါ်မှနေ၍ ကျွန်တော်၏ ဒသမ ၃ဝ၃ အမှတ် ၁၊ နံပါတ် ၄ အမျိုးအစား အမေရိကန်ရိုင်ဖယ်သေနတ်ကို ဘယ်ဘက်မျက်စိမှိတ်၍ အသေအချာ ချိန်လိုက်သည်။

ဟုတ်ပြီ။

ပစ်မှတ်အတွက် ရွေးချယ်ထားသော သားကောင်၊ ရိုင်ဖယ်ပြောင်းဖျားမှ ချိန်သီး၊ ကျွန်တော့်မျက်စိအနီးမှ နောက်ချိန်ပေါက်၊ သုံးနေရာစလုံး တစ်ဖြောင့်တည်း တစ်တန်းတည်း ဖြစ်နေပြီ။ လုံခြုံရေးသော့ဖြစ်သည့် မောင်းထိန်းခလုတ်ကိုလည်း ဖွင့်ပြီးပြီ။

သေနတ်ခလုတ်ကို ဆွဲညှစ်လိုက်ရန်သာ လိုတော့၏။

ခလုတ်ဆွဲလျှင် စိတ်အေးအေးထား၍ ညင်ညင်သာသာ ဆွဲမှသာ ရည်မှန်းချက်ပစ်မှတ်ကို ကွက်တိ မှန်ပေလိမ့်မည်။ အလောသုံးဆယ် ခလုတ်ဆွဲမိလိုက်ပါက မသိမသာကလေး ပြောင်းဝလှုပ်ခါသွားခြင်းဖြင့် ကျည်လမ်းကြောင်း ပြောင်းသွားမည်။ သားကောင်ကို ချက်ကောင်းမထိနိုင်။ လွဲသွားနိုင်သည်။

ကျင့်သားရပြီးသော ကျွန်တော့်လက်ကိုမူ ကျွန်တော်က စိတ်ချပြီးသား။ အလေးချိန် ကိုးပေါင် သုံးအောင်စသာရှိသော အမေရိကန်ရိုင်ဖယ်က ကျွန်တော် ပစ်နေကျ၊ လက်စွဲ။

သို့သော် ခက်ခဲနေသည်မှာ ပစ်မှတ်က တစ်ခု မဟုတ်၊ နှစ်ခု ဖြစ်နေသည်။

ပစ်မည့်သူက ကျွန်တော် တစ်ယောက်တည်း။

ကျွန်တော် ကိုင်ထားသော လက်နက်ကလည်း တစ်ပြိုင်တည်း ဆက်တိုက်ပစ်ခတ်နိုင်သော ခေတ်မီ အော်တိုမက်တစ် လက်နက်မဟုတ်။ ပစ်မှတ်နှစ်ခုကို တစ်ချိန်တည်း မပစ်နိုင်။

အနည်းဆုံး နှစ်လုံးပြူးသေနတ်ဆိုလျှင်ပင် ခလုတ်နှစ်ခုကို တစ်ခုပြီး တစ်ခု ဆက်တိုက်ဆွဲနိုင်သေးသည်။
ယခုတော့ တစ်ချက်ပစ်ပြီးသည်နှင့် မောင်းတစ်ချက် ထိုးရဦးမည့် အမေရိကန်ရိုင်ဖယ်။

မှိုင်းညို့ညို့ တောင်ပြာတန်းထိပ်မှ တံစဉ်ကွေး လခြမ်းကလေး ထွက်စပြုနေပြီ။ ဘော်ငွေလရောင်မှာ ဝေသီအုံ့ဆိုင်းနေသော ဆီးနှင်းထုကို ပင်ပန်းတကြီး ထိုးဖောက်နေရသည်။ မြင်ကွင်းမှာ မှုန်ဝါးဝါးမျှသာ။

ပေါင်တစ်ချောင်းမှာ ယခင်ကတည်းက ကိုက်စားထားပြီးသဖြင့် ခြေလက် စုစုပေါင်းမှ သုံးချောင်းသာ ကျန်တော့သော နွားပေါက် အသေကောင်ကလေးမှာ မျက်စိပသာဒ အမြင်မလှပတော့။

နွားကလေးလည်ပင်းတွင် ကျားကိုက်ထားသော ဒဏ်ရာမှ တစိမ့်စိမ့်ထွက်ကျခဲ့ရသည့် သွေးစိမ်းရှင်ရှင်မှာ ယခုတော့ ညိုညစ်ညစ်ဖြစ်နေပြီ။ နွားသေကောင်ပေါ်မှ ယင်းမည်းရိုင်းတစ်အုပ်သည် ဝုန်းခနဲ ထပျံသွားကြသည်။

ကျားကိုက်ခံရရှာသော နွားသေကောင်ကလေးကို တစ်ဖန် ပြန်လည်လာရောက်၍ စားမည့် သတ္တဝါမှာ ကျားတစ်ကောင်မျှသာဟု ကျွန်တော် မျှော်မှန်းထားခဲ့၏။

ယခုတော့ ကျွန်တော် မျှော်မှန်းသလို မဟုတ်။

ကျားနှစ်ကောင် ဖြစ်နေသည်။

သူတို့၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ကျား တစ်ကောင်က အထီး။ ကျားတစ်ကောင်က အမ။

ကျွန်တော် အသေအချာ ပစ်နိုင်မည်က တစ်ကောင်သာ။

သည်တော့ ရွေးချယ်ရမည်။

တစ်ကောင်ကိုတော့ သေနတ်ကျည်တစ်တောင့် တစ်ချက်တည်းဖြင့် သေကွင်းချက်ကောင်းကို မှန်အောင် ပစ်နိုင်သည်။ ကျွန်တော့်လက်ကို ကျွန်တော် သံသယမရှိ။

သို့သော် ကျန်တစ်ကောင်က သေနတ်သံကြားလိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်နေတော့မည် မဟုတ်။

နောက်တစ်ကောင်အတွက်မှာမူ ကမန်းကတန်း လျှပ် တစ်ပြက် အမြန်ပစ်ခတ်နည်းဖြင့် ကျည်ထိုးပစ်ရတော့မည်မို့ ကမ္မဿကာ သဘောသာ ထားရချိမ့်မည်။

ချက်ကောင်းကို မှန်မည်၊ မမှန်မည် မသိ။ ကျားအထီးကို ပထမ ပစ်ရန် ကျွန်တော် ရွေးချယ်လိုက်​၏။

ကျားမသည် နွား အသေကောင်ကလေး အနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာနေကြသည်။

ကျားထီးမှာမူ ခပ်လှမ်းလှမ်းနေရာမှ ငြိမ်သက်စွာဖြင့် ကျားမကို ကြည့်နေ၏။

ကျားမက ရွေ့လျားနေသော ပစ်မှတ်ရှင်။

ကျားထီးက ငြိမ်သက်နေသော ပစ်မှတ်သေ။

ပစ်မှတ်သေက ပစ်မှတ်ရှင်ထက် ချက်ကောင်းကို ထိမှန်အောင် ပစ်ခတ်ရန် သေချာသည်။

ကျွန်တော်၏ ရွေးချယ်မှု မမှား။

ကျားထီး၊ သေနတ်ပြောင်းဖျားမှ ချိန်သီး၊ နောက်ချိန် ပေါက်၊ သုံးနေရာ တစ်တန်းတစ်ဖြောင့်တည်း ညီနေပြီ။

အသက်ကို ခေတ္တအောင့်၊ ရင်မခုန်ရန် သတိပြု။ သေနတ်ဒင်ကို လက်မောင်းရင်းနှင့် ရင်အုပ် အထက်အကြား ညှပ်ရိုးအောက်နားတွင် အသာဖိကပ်ပြီး ခလုတ်ကို ဖြည်းဖြည်းချင်း ဆွဲညှစ်လိုက်သည်။

ပထမဆင့် ခလုတ်၊ ပြီးတော့ ဒုတိယဆင့် ဒိုင်းခနဲ မြည်ဟည်းသံနှင့်အတူ ဝေါင်းခနဲ နာကြည်းစွာအော်ဟစ်ကာ ကျွမ်းပစ်လဲကျသွားသော ကျားထီးကြီးကို ကျွန်တော် အချိန်ယူပြီး ကြည့်မနေအား။

သေနတ်မောင်းတံကို ညာလက်ဖြင့် နောက်သို့ အမြန် ဆွဲကာ အမြန်ပင် ပြန်၍ မောင်းထိုးလိုက်သည်။

ပစ်ပြီး ရိုင်ဖယ်ကျည်ခွံကလေးသည် ဘေးသို့ လွင့်ထွက်သွားသလို သေနတ်ပြောင်းအောက်ရှိ ကျည်အိမ်အတွင်းမှ ကျည်ဆန်အသစ်တစ်တောင့် ပြောင်းအတွင်းသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက်။

သေနတ်သံနှင့် ကျားထီးကြီး၏ အော်သံကြောင့် ဝေခွဲမရသောဟန်ဖြင့် အလန့်တကြား တောစပ်သို့ လျင်မြန်စွာ ဆုတ်ခွာသွားနေသော ကျားမကြီးကို ကြာရှည်ချိန်နေရန် မဖြစ်တော့။

ကမန်းကတန်း လျှပ်တစ်ပြက်နည်းဖြင့်ပင် ထိုးပစ်သာ ပစ်လိုက်ရ၏။

ဒုတိယအကြိမ် သေနတ်သံနှင့်အတူ ဒေါသတကြီး အော် ဟစ်လိုက်သော ကျားမကြီးအသံကို ကြားလိုက်ရ၏။

ကျားမကြီးမှာ ကိုယ်နေဟန်ထား ဒယိမ်းဒယိုင်ဖြင့် တောစပ်တွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို သေနတ်ပြောင်းဝမှ လူးလွန့်ထွက်နေသော မီးခိုးပြာလဲ့လဲ့အကြားမှ မြင်လိုက်ရ၏။

သေနတ်သံမှာ ဟိန်း၍ ထွက်မလာ။ ခပ်အုပ်အုပ်အသံမို့ ကျားမကြီးကို ထိမှန်သွားမှာ သေချာသည်။
လရောင်က ထိန်ထိန်သာနေပြီ။

ကျားထီးကြီးမှာမူ သေနတ်ထိမှန်သော နေရာ၌ ငြိမ်သက်စွာ လဲလျောင်းနေသည်။ အသက်ရှိတော့ဟန် မတူ။

ရွာတွင်းရှိ နွားများ၊ ဝက်များကို မကြာခဏ ဒုက္ခပေးနေသော ကျားထီးကြီးကား နိဂုံးချုပ်ချေပြီ။

သေနတ်သံကြားသဖြင့် ကျားထီးကြီး၏ ဇာတ်သိမ်းခန်းကို ကြည့်ရှုရန် ဂျာဝမ်ရွာမှ ရွာသားများ မီးတိုင်ကိုယ်စီဖြင့် ကျွန်တော့်ဆီကို ချီတက်လာနေကြပေပြီ။

မထီစွပ်ရွာမှာ ကျန်ရစ်ခဲ့သော ကျွန်တော့်သူငယ်ချင်း နော်လွန်းလည်း သည်သတင်းကို ကြားလျှင် ဝမ်းသာအားရ ပြေးလာပေလိမ့်မည်။

(၂)

မလိခမြစ်သည် ငြိမ့်ငြိမ့်ကလေး စီးဆင်းနေ၏။

မလိခ မြစ်နံဘေးမှ မချမ်းဘောမြို့ကလေး။

ကျွန်တော်၏ ဇာတိရပ်တွင် ကျွန်တော် အခြေတကျနေရပေတော့မည်။ မချမ်းဘောမြို့သည် ကျွန်တော်၏ ဇာတိ။ ကျွန်တော်၏ ချက်မြှုပ်။

တစ်နယ်ပြီး တစ်နယ်ပြောင်း၍ တစ်တောဝင် တစ်တောင်တက်နှင့် နေခဲ့ရသော လူဝင်မှုကြီးကြပ်ရေး အရာရှိဘဝမှ ကျွန်တော် အငြိမ်းစားယူလိုက်ပြီ။

မိအို ဖအို နှစ်ပါး၏ နွေးထွေးသော ရင်ငွေ့ကို ပြန်လည် ခိုလှုံခွင့်ရပြီ။

ဇာတိရပ် မချမ်းဘောသို့ ပြန်ရောက်သည်မှာ မကြာ သေး။

ဇာတိရပ်တွင် အေးအေးဆေးဆေးနေပြီး နိုင်ငံတော်မှ ပေးထားသော အငြိမ်းစားလစာသည် ကျွန်တော်၏ စားဝတ်နေရေးအတွက် လုံလောက်ပါသည်။

သို့သော် ဝါသနာဆိုသည်မှာ အခက်သား။

ရိုင်ဖယ်သေနတ်တစ်လက်ကို လိုင်စင်ဖြင့် ကိုင်ထားမိပါသေးသည်။

အပျင်းပြေ အမဲလိုက်ရင်း ကျွန်တော်၏ ပိုနေသော အချိန်များကို ကုန်ဆုံးသွားစေရန် သေနတ်တစ်လက်တော့ လိုသေးသည် မဟုတ်ပါလား။

တစ်ရက် နှစ်ရက်အတွင်း အမဲပစ် တစ်ခေါက်တော့ ထွက်ဦးမည်။

ဂူဘား ရိပ်သာဘေးမှ ကျောက်တုံးပေါ်တွင် ထိုင်ရင်း တငြိမ့်ငြိမ့် စီးနေသော မလိခမြစ်၊ ဟိုအဝေးမှ ပြာညို့ညို့ မှုန်မှိုင်းဝေသီနေသော ရေခဲတောင်ကြီးများကို ကျွန်တော် အမှတ်မထင် ငေးကြည့်နေမိ၏။

“ဟေး ဒေးဗစ် … ဒေးဗစ်”

မမျှော်လင့်ဘဲ ကျွန်တော့်အမည်ကို ခေါ်လိုက်သံကြောင့် ကျွန်တော် နောက်သို့ လှည့်ကြည့်လိုက်မိသည်။

“ဟာ … နော်လွန်း”

ကျွန်တော် ဝမ်းသာအားရ နော်လွန်းကို ပြေးဖက်လိုက်မိ၏။

မြစ်ကြီးနား အထက်တန်းကျောင်းမှာ နေစဉ်ကတည်းက နော်လွန်းသည် ကျွန်တော်၏ အခင်မင်ဆုံးသော ကျောင်းနေဖက် သူငယ်ချင်း။

ရန်ကုန်တက္ကသိုလ်ရောက်တော့လည်း အတူတူ။

လုပ်ငန်းခွင်ကို အသီးသီးဝင်လိုက်ကြတော့မှ ကွဲကွာသွားလိုက်သည်မှာ ယနေ့အထိ။

သူက မြို့ပိုင်။ ကျွန်တော်က လူဝင်မှုကြီးကြပ်ရေး အရာရှိ။

တစ်ဦးနှင့်တစ်ဦး မတွေ့ရသည်မှာ ကြာပြီ။

ဟော … ယခု မမျှော်လင့်ဘဲ မချမ်းဘောမှာ ပြန်ဆုံကြရပြန်ပြီ။

“ဟေ့ကောင် နော်လွန်း၊ မင်း ဒီဘက်မှာ တာဝန်ကျနေသလား … ဟေ”

“မဟုတ်ဘူး သူငယ်ချင်း၊ ငါ အငြိမ်းစားယူလိုက်တာပဲ နှစ်နှစ်ရှိလေပြီ။ အခု ငါ မထီစွပ်ရွာမှာပဲ အခြေချနေတယ်လေကွာ။ ဒါထက် မင်းကကော”

“ငါလည်း အငြိမ်းစားပဲ နော်လွန်း။ အခု မချမ်းဘောမှာ ပြန်ပြီး နေတယ်လေ”

“ဟာ … ဝမ်းသာတယ်ဟေ့၊ တို့သူငယ်ချင်းနှစ်ယောက် ပြန်ဆုံကြရတာ ဝမ်းသာလိုက်တာကွာ”

“ဒါထက် မင်းက သားမယားနဲ့ဆိုတော့ စားသောက်ဖို့ ဘာဆက်လုပ်နေသလဲ … ဟ”

“ငါ့မိဘတွေ ကျန်ခဲ့တဲ့ မြေကွက်မှာ ဂရိပ်ဖရုပင်နဲ့ ဝါရှင်တန်ပင်တွေ စိုက်ထားတယ်။ ပြီးတော့ တောင်ယာလည်း လုပ်တယ်ကွာ။ ငါ့ အငြိမ်းစားလစာဆိုရင် တို့မိသားစု ကောင်းကောင်းလောက်ပါတယ်”

“ဒါထက် မင်းအိမ်သားတွေ အားလုံး နေကောင်း …”

“ဟေ့ကောင် ဒေးဗစ်။ နေကောင်းတာ မကောင်းတာတွေ မေးမနေနဲ့။ ငါ နက်ဖြန် မထီစွပ်ကို ပြန်မယ်။ မင်း တစ်ပါတည်း ငါနဲ့လိုက်ခဲ့ရမယ်”

ကျွန်တော် အမဲပစ်ထွက်ရန် မူလကတည်းက ကြံရွယ်ထားသည်မို့ အခန့်သင့်လိုက်လေ။

“မင်းတို့ဘက်မှာ တောကောင်တွေ အတော်ကလေးများ ရှိသေးသလားကွ နော်လွန်း”

“ဟာ … မင်းပြောမှ ငါ သတိရတော့တယ်။ မင်းမှာ သေနတ်ရှိသေးလား”

“အေး … လိုင်စင်နဲ့ကိုင်တဲ့ ရိုင်ဖယ်တစ်လက်တော့ ရှိသေးတယ်လေ”

“အတော်ပဲဟေ့ … မင်းသေနတ် ယူခဲ့။ ငါတို့ဆီမှာ ပြဿနာတစ်ခု ပေါ်နေတယ်ကွ”

“ဘာပြဿနာလဲ”

“ဒီလိုဟေ့ … ငါနေတဲ့ မထီစွပ်ရွာနဲ့ ဆယ်မိုင်ကျော်လောက် ဝေးတဲ့ ဂျာဝမ်ရွာနဲ့ ချခွာဒမ်းရွာတွေမှာ ကျားသောင်းကျန်းနေတယ်။ ဟိုရွာဝင်ပြီး ဝက်ဆွဲသွားလိုက်၊ ဒီရွာဝင်ပြီး နွားဆွဲသွားလိုက်နဲ့၊ နွားတွေ ဝက်တွေ သေတာ မနည်းတော့ဘူး”

“ကျားကို ဘယ်သူမှ လိုက်မသတ်ကြတော့ဘူးလား”

“ကျားဆိုတော့ ရွာသားတွေအားလုံးလိုလိုက ကြောက်နေကြတယ်။ ရွာသားတွေမှာရှိတဲ့ လက်နက်ကလည်း ဓား၊ လှံ၊ ဒူးလေးနဲ့ တူမီးသေနတ်မို့ စိတ်မချရဘူး။ ပြီးတော့ အဲဒီအရပ်မှာနေတဲ့ လူမျိုးစုအများက တောင်ယာ အေးအေးဆေးဆေး လုပ်စားနေတဲ့ ရဝမ် အမျိုးအနွယ် ဒန်ဆာလူမျိုးစုတွေလေ။ ဒန်ဆာလူမျိုး မိန်းမတွေက လီဆူလူမျိုးလို သင်တိုင်းဝတ်ကြ တာ မင်းသိပါတယ်”

“အေးပါ၊ ငါလည်း ကချင်တောင်ပေါ်သားပဲ။ ဒန်ဆာ လူမျိုးကို မသိဘဲ နေပါ့မလား။ သူတို့စကားလည်း နည်းနည်းပါးပါး နားလည်ပါတယ်။

ဒါပေမဲ့ သူတို့ရွာတွေကို ငါ မရောက်ဖူးသေးတော့ မင်းပဲ လမ်းပြပေး၊ မိတ်ဆက်ပေးပေါ့”

“စိတ်ချ သူငယ်ချင်း … စိတ်ချ။ ငါ့မှာလည်း ဝက်နဲ့ နွားတွေက ရှိနေတော့ ဒီကျားသေမှ စိတ်ချရမှာပေါ့ ဒေးဗစ်ရာ”

ဤသို့ဖြင့် ကျွန်တော်နှင့် နော်လွန်း ဂျာဝမ်ရွာနှင့် ချခွာဒမ်းရွာများသို့ ရောက်ခဲ့ရသည်။ ရွာသားများနှင့် သိကျွမ်းခဲ့ရသည်။
ကျားနောက်ကို ခြေရာကောက် လိုက်နေရသည်ပင် ရက်အတော်ကြာခဲ့ပြီ။

တစ်နေ့က ဂျာဝမ်ရွာမှ နွားပေါက်ကလေးတစ်ကောင် ကို ကျားဆွဲသွားသည်။ ရွာပြင် တောစပ်တွင် ပေါင် တစ်ပေါင် စားပြီး နွားသေကို ထားခဲ့သည်။

သည်ကျား ဘယ်သို့မျှ မနေနိုင်။ ဤနေရာသို့ တစ်ဖန်လာရောက်၍ သူဆွဲသွားသော နွားပေါက်ကလေးကို စားဦးမည်မှာ မုချ။

ကျွန်တော် လင့်စင်ထိုး၍ ကျားကိုစောင့်ရင်း ယခု အသေပစ်သတ်နိုင်ခဲ့သည်။

နော်လွန်းကိုတော့ သူ့အိမ်ရှိရာ မထီစွပ်ရွာမှာပင် နေစေခဲ့သည်။ သူပါလာလျှင်လည်း အပိုသက်သက်။

နက်ဖြန် နော်လွန်းထံ ကျားကို အသေပစ်နိုင်ပြီဖြစ် ကြောင်း သတင်းကောင်းပါးရပေဦးမည်။

သို့သော် ကျွန်တော့် ပစ်ခတ်မှုမှာ ရာနှုန်းပြည့် အောင်မြင်သည်ဟု မပြောနိုင်ပါ။

ကျားထီးကို ပစ်သတ်နိုင်ခဲ့သော်လည်း ကျားမမှာ မသေ။ ဒဏ်ရာနှင့် လွတ်မြောက်သွားသည် မဟုတ်ပါလား။

(၃)

မထီစွပ်ရွာမှ မချမ်းဘောသို့ ပြန်ခဲ့သည်မှာ နှစ်လ ကျော်ပြီ။

ဟော … မမျှော်လင့်ဘဲ ယနေ့ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့်အိမ် တံခါးဝမှာ နော်လွန်းတစ်ယောက် မားမားရပ်လို့ ရောက်လာပြန်ချေပြီ။

“ဟေ့ကောင် နော်လွန်း၊ ဘယ်လို ဘယ်လို မျက်စိလည်လာသလဲကွ”

“မျက်စိလည်လာတာ မဟုတ်ဘူး ဒေးဗစ်၊ မင်းဆီကို တမင်သက်သက် အခစား ဝင်ရတာကွ”

“ဘာကြောင့်”

“ဘာကြောင့်ရမလဲ။ မင်းပစ်ခဲ့လို့ ဒဏ်ရာရသွားတဲ့ ကျားမကြီးက ပြဿနာစခဲ့တာလေ”

“ဘယ်လိုပြဿနာစတာလဲ၊ ရှင်းပါဦးဟ”

“ဒီလိုဟေ့ … မင်းပစ်လိုက်လို့ ဒဏ်ရာရသွားတဲ့ ကျားမကြီးဟာ အခု ရွာသားတွေရဲ့ နွားတို့၊ ဝက်တို့ကို အလစ်ဝင်ဆွဲစားနေတာ အရင် နှစ်ကောင်ရှိတုန်းကထက်တောင် ပိုဆိုးနေတယ်”

“ဟေ …”

“အဲ … မင်းက ဟေ … လုပ်မနေနဲ့။ အခုတော့ နွားတို့၊ ဝက်တို့တွင် အားမရတော့ဘူး ထင်တယ်။ ထင်းခွေတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် လိုက်ချောင်းတာ။ ကံကောင်းလို့ မသေတယ်။ တော်ကြာ လူသားစားမိရင် အရသာတွေ့ပြီး ပိုဆိုးလာမယ်”

“ဟာ … ဖြစ်မှ ဖြစ်ရလေကွာ”

“ဒီကိစ္စတွေ အားလုံးဟာ မင်းအပေါ်မှာ အပြစ်လုံးလုံးကျနေပြီ ဒေးဗစ်”

“ဘာ … ဘာကွ … ငါ့အပြစ်။ ငါနဲ့ ဘယ်လိုဆိုင်သွားရတာလဲ နော်လွန်းရ၊ ရှင်းပါဦးဟ”

“အေး … ရှင်းဖို့လင်းဖို့ မင်းဆီကို တမင်သက်သက် လာတာပဲဟာ။ မင်းက အခု သောင်းကျန်းနေတဲ့ ကျားမကြီးရဲ့ လင်တော်မောင် ကျားထီးကြီးကို ပစ်သတ်လိုက်လို့တဲ့”

“အင်း”

“ကျန်ရစ်ခဲ့ရှာတဲ့ မုဆိုးမ ကျားမကြီးဟာ လူတွေအပေါ် မှာ အတော်စိတ်နာပြီး သူ့လင်အတွက် ကလဲ့စားချေနေတာတဲ့”

“ဟောဗျာ”

“အဲဒါကြောင့် လင်တော်မောင် ကျားထီးကြီးကို ပစ်သတ်မိခဲ့တဲ့ မင်းဟာ ဒီတာဝန်တွေအားလုံးကို ယူရမတဲ့”

“ဟာ … ဟာ … ဟာကွာ”

“မင်းကို သူတို့ရွာသားတွေက ရဝါရှား (လျော်ကြေး တောင်း) ကြမတဲ့။ အဲဒါကြောင့် အခု မင်းကို လာခေါ်တာလေ”

“ဟာ … ငါဘာလုပ်ရမလဲ နော်လွန်းရာ။ မင်း ကြံပါဦးကွာ။ ငါက စေတနာကောင်းနဲ့ ပစ်ပေးခဲ့တာကို”

“ဟဲ … ဟဲ … ဟဲ … အခုမှ ဘာကြောက်နေရတာလဲ။ ဟိုရောက်မှ ဒီကိစ္စကို ငါရှင်းပါ့မယ်။ မင်းသာ ငါနဲ့ ဆက်ဆက်လိုက်ခဲ့ပါ။ သူတို့စိတ်ကျေနပ်အောင် မင်းကိုယ်တိုင်လိုက်လာပြီး ဒီကျားမကြီးကို အသေပစ်သတ်ပေးပါဦးကွ။ ဒါမှ ကိစ္စငြိမ်းမှာ”

“အမှန်က ဒီကျားမကြီးဟာ ဒဏ်ရာရထားတော့ ကောင်းကောင်း မသန်တော့ဘူးနဲ့ တူပါတယ် နော်လွန်းရာ။ တောကောင်တွေကို ပင်ပင်ပန်းပန်း ရှာမစားနိုင်တော့ဘူး။ ဒီတော့ အလွယ်ဖမ်းလို့ရတဲ့ နွားတို့၊ ဝက်တို့ကို အလစ်ဆွဲနေနေတာပါကွာ”

“ဘာမှ ဆင်ခြေပေးမနေနဲ့ ဒေးဗစ်။ ဒီကျားမကြီးကို မမိ မိအောင် အသေပစ်သတ်ပေးရမှာတော့ မင်းတာဝန်ပဲကွ။ ကျားမကြီးသေမှ အေးမယ့် ဇာတ်လမ်းဟေ့”

“အေးပါကွာ”

ဤသို့ဖြင့် နော်လွန်းနေထိုင်ရာ မထီစွပ်ရွာသို့ ရိုင်ဖယ်ကိုဆွဲ၍ ဒုတိယအကြိမ် ခရီးထွက်ရပြန်ချေပြီ။

(၄)

နော်လွန်း၏ နေအိမ်အတွင်းရှိ မီးပုံကြီးဘေးတွင် ဂျာဝမ်ရွာနှင့် ချခွာဒမ်းရွာမှ ဒန်ဆာလူမျိုး ရွာသားများ စုံစုံညီညီ ရောက်ရှိနေကြပါချေပြီ။

တရားခံမှာကား မျက်နှာငယ်ကလေးနှင့် ကျွန်တော် ငမိုက်သား။

တရားလို ဒန်ဆာများကို အပြစ်မှ ခွင့်လွှတ်ပါစေကြောင်း အကျိုးအကြောင်းပြ၍ လျှောက်လဲမည့် ပုဂ္ဂိုလ်ကြီးကတော့ အခြားမဟုတ်။ ကျွန်တော့်သူငယ်ချင်း မြို့ပိုင်ဟောင်းကြီး နော်လွန်း။

အရက်သောက်တတ်သော ပရိသတ်အချို့က အရက်သောက်နေကြ၏။ မသောက်တတ်သူ အချို့က ပျားရည်ကို ရေနွေးနှင့် ဖျော်၊ ပြောင်းဖူးပေါက်ပေါက်ပွင့် ရော၍ အဆာပြေ အချမ်းပြေ စားသောက်နေကြသည်။

ဧည့်ဝတ်ပြုသူက နော်လွန်း ကတော်။

“အဟမ်း … အဟမ်း”

နော်လွန်းက ချောင်းဟန့်ကာ သူ၏ လျှောက်လဲချက်ကို စလိုက်သည်။ ဆူညံလှုပ်ရှားနေသော ပရိသတ် ငြိမ်သက်သွား၏။

“လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့်သူငယ်ချင်း ဒေးဗစ်ဟာ ကျားတစ်ကောင်ကို အသေပစ်သတ်ပြီး တစ်ကောင်ကို ဒဏ်ရာရသွားစေခဲ့တယ် မဟုတ်လား”

“ဟုတ်ပါတယ် … ဟုတ်ပါတယ်”

“အဲဒီလို ပစ်သတ်ရတာဟာ ခင်ဗျားတို့ နွားတွေ ဝက်တွေကို လာလာစားနေလို့ စေတနာကောင်းနဲ့ ကျားကို ပစ်သတ်ခဲ့ရတာ မဟုတ်လား”

“ဟုတ်ပါတယ် … စေတနာကောင်းနဲ့ပါ”

ရိုးသားသော ရွာသားများက ဤအချက်ကိုလည်း မငြင်း။

နော်လွန်းက သူ့စကားကို ဆက်လိုက်သည်။

“ဒါနဲ့များဗျာ … အခုတော့ ကျွန်တော့်သူငယ်ချင်းအပေါ် ဘာကြောင့်များ အပြစ်ဖြစ်နေရပါလိမ့်”

ဂျာဝမ် ရွာသားတစ်ဦးက ထရပ်လိုက်သည်။
“ဒီလိုပါ နော်လွန်း။ အခု ဒဏ်ရာရတဲ့ ကျားမကြီး သောင်းကျန်းနေတာ ခင်ဗျားသူငယ်ချင်းက သူ့လင် ကျားထီးကြီးကို ပစ်သတ်လိုက်လို့ ကျားထီးကြီး သေဆုံးသွားရတယ်။ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ မုဆိုးမ ကျားမကြီးက ကျုပ်တို့ လူတွေကို မုန်းတီးနာကြည်းသွားတယ်။ သူ့လင် ကျားထီးအတွက် ကျုပ်တို့ တစ်တွေကို ကလဲ့စားလိုက်ချေနေတယ်။

ဒီကိစ္စတွေ အားလုံးဟာ လင်ဖြစ်သူ ကျားထီးကို သတ်ပစ်ခဲ့တဲ့ ခင်ဗျားသူငယ်ချင်း ဒေးဗစ်အပေါ်မှာ တာဝန်မရှိလို့ ဘယ်သူ့အပေါ်မှာ တာဝန်ရှိရမလဲဗျ။ ဒါကြောင့် ကျုပ်တို့နစ်နာသမျှအတွက် လျော်ကြေးတောင်းရမှာပေါ့”

ချခွာဒမ်းတစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်တို့ နွားတွေ ဝက်တွေ သေဆုံးရတာ နော်လွန်း သူငယ်ချင်း ဒေးဗစ်အပေါ်မှာပဲ တာဝန်ရှိနေပါတယ်။ မဟုတ်ကြဘူးလား ဟေ့…”

“ဟုတ်တယ်… ဟုတ်တယ်။ တာဝန်ရှိတာပေါ့”

ပရိသတ် အချို့ကလည်း ထပ်ဆင့် ထောက်ခံလိုက်ကြသည်။

နော်လွန်းက သူ့စကားကို ဆက်လက်ပြောလိုက်သည်။

“ဘာဖြစ်လို့ တာဝန်ရှိတာလဲ”

“သူ့လင် ကျားထီးကြီးကို ပစ်သတ်လို့လေ”

“ကောင်းပြီ။ သေသွားတဲ့ ကျားထီးကြီးဟာ အခုသောင်းကျန်းနေတဲ့ ကျားမကြီးရဲ့ ခင်ပွန်းသည် လင်ဖြစ်ကြောင်း ခင်ဗျားတို့ သက်သေသာဓက အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်ကြရဲ့လား”

“ဟာ … ဟာ … ဒါက အရှင်းကြီးပဲ။ သူတို့ လင်မယားမို့ အတူတူ စုံတွဲလာကြတာပေါ့”

ပရိသတ်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

“လင်မယားမဟုတ်ဘဲ မောင်နှမ၊ သားအမိ၊ သို့မဟုတ် ကျားသတ္တဝါအချင်းချင်း မိတ်ဆွေသူငယ်ချင်းမို့ အတူတူလာကြတာကော မဖြစ်နိုင်ဘူးလား”

ထိုအခါ ဒန်ဆာတစ်ယောက်က ထ၍-

“ဘာပဲဖြစ်ဖြစ် လင်မယားဖြစ်ဖို့က ပိုများပါတယ်”

“ကဲ … ခင်ဗျားတို့ ပြောသလို လင်မယားမဖြစ်ဘဲ နွားသေတစ်ကောင်ကို အတူလာစားတဲ့ မိတ်ဆွေကော မဖြစ်နိုင်ဘူးလား။ နွားကို လာဆွဲတုန်းက ကျားနှစ်ကောင် လာဆွဲတယ်လို့ ဘယ်သူ့ထံမှ ပြောသံမကြားခဲ့ရဘူး။ ဘယ်သူမှလည်း မမြင်ဘူး မဟုတ်လား”

“မြင်တော့ မမြင်ကြရဘူးပေါ့ဗျာ”

နော်လွန်းက ပြုံးရွှင်သောမျက်နှာနှင့် သူ့စကားကို ဆက်လိုက်သည်။

“စုံတွဲအတူသွားတိုင်း လင်မယားဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်လောက်နဲ့တော့ ဘယ်လုံလောက်ပါ့မလဲဗျာ။ ဥပမာ သူတို့ ဘယ်တုန်းက ဘယ်အချိန်က အကြင်လင်မယားအဖြစ် ညားကြတယ်၊ ဘယ်သူတွေရှေ့မှာ မင်္ဂလာဆောင်ကြတယ်ပေါ့ဗျာ။ ဟဲ … ဟဲ … ဟဲ”

“ဟာ … ဒါတော့ … ဒါတော့၊ ဟား… ဟား… ဟား…”

ပရိသတ်များ ဘယ်သို့ဖြေရမှန်းမသိတော့။ တွေဝေကုန်ကြသည်။ ရယ်မောကြသည်။

နော်လွန်းက ကျွန်တော့်လို သေနတ်မပစ်တတ်သည်မှာ မှန်ပါ၏။ သို့သော် ယခုလို သူ့စကားပရိယာယ် နောက်သို့ ပရိသတ် တကောက်ကောက်ပါလာအောင် လျှောက်လဲချက်မျိုးကား ကျွန်တော်သာဆိုလျှင် ဘယ်သို့မျှ အတွေးပေါက်လိမ့်မည် မထင်ပါ။ ကျွန်တော် ဉာဏ်မမီသော တင်ပြချက်ပါတကား။

တင်းမာမှုများကား လျော့ပါးသွားပါပြီ။

ကျွန်တော် နော်လွန်းကို ကျေးဇူးတင်လှပါသည်။

“ဒီတော့ အမျိုးမျိုးတွေးနိုင်တာမို့ ကျားထီးကြီးကို ပစ်သတ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ဒေးဗစ်အပေါ် ခင်ဗျားတို့ လျော်ကြေးတောင်းမယ့်ကိစ္စကို ကျေးအေးပေးပါလို့ ကျွန်တော် တောင်းပန်ချင်ပါတယ်ဗျာ။

သူပစ်ခဲ့လို့ ဒဏ်ရာရသွားတဲ့ ကျားမကြီးကို အသေပစ်သတ်လို့ မရမချင်း ဒေးဗစ်ကိုလည်း ခင်ဗျားတို့ရွာတွေက မပြန်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်။ ကျေနပ်ကြတယ်မဟုတ်လားဗျာ”

ရွာသားများ တစ်ဦးနှင့်တစ်ဦး တိုင်ပင်နှီးနှောသံများ
ဆူညံသွားသည်။ အတန်ကြာမှ –

“ကျေနပ်ပါတယ် … ကျေနပ်ပါတယ်”

သြဘာလက်ခုပ်သံများ သောသောညံသွားသည်။

ကျွန်တော်ကား ဤကျားနာမကြီးကို မသေမချင်း လိုက်လံပစ်သတ်ရပေဦးမည်။

ကျွန်တော်၏ လက်စွဲတော် အမေရိကန် ရိုင်ဖယ်ကို ရွှင်လန်းတက်ကြွသောစိတ်ဖြင့် ဆွဲကိုင်လိုက်မိပါတော့သည်။

မိုးဝေမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၁

(ဆရာမောင်သိက္ခာ​၏ ဆားတစ်ပွင့်ဝတ္ထုတိုစု စာအုပ်မှ ကူးယူဖော်ပြပါသည်။ ဆားတစ်ပွင့်ဝတ္ထုတိုစု စာအုပ်သည် ဆရာမောင်သိက္ခာ ၁၉၈၀ ကျော် ကာလများတွင် မြဝတီ၊ မိုးဝေ နှင့် အခြားမဂ္ဂဇင်းများထဲတွင် ရေးသားခဲ့သော စုစည်းပီး ပြန်မထုတ်ရသေးသော ဝတ္ထုတိုများကို စုပီး ပထမဆုံးအကြိမ် ပြန်လည်ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်လေးအားလည်း စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသဖြင့် စာအုပ်လေးအား ဝယ်ယူအားပေးကြဖို့ ဆရာမောင်သိက္ခာ မိသားစုနှင့် ထုတ်ဝေသူကိုယ်စား တိုက်တွန်းအပ်ပါသည်ခင်ဗျာ)
– ပြီး –

စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *