လေးမောင်
ကျားတို့ပရိယာယ်
ရေနက်ကြီးစခန်းမှာ သိပ်ဝေးလှသည်တော့မဟုတ်။ ပဲခူးရိုးမထဲသို့ဝင်ပြီး သားကောင်များပစ်ခတ်ကြတော့မည့် မုဆိုးများအဖို့ တစ်ထောက်နားစခန်းဖြစ်သည်။ ထိုစခန်းပတ်ဝန်းကျင်တွင်လည်း သားရဲ ပေါသလို ကျေးငှက်တို့ ပေါများသောနေရာ ဖြစ်သည်ကအမှန်။
အိမ်ခြေသုံးဆယ်ခန့် ဖြစ်သည့်အတွက် တောဝင်တောထွက်ပစ္စည်းများ စုံလင်စွာရနိုင်သောနေရာမို့ စီးပွားရေးအချက်အချာလည်း ကျပေမည်။ ထိုမှတစ်ဆင့် အထက်ကိုဆက်တက်လျှင် ငရုတ်ကောင်း၊ ဆင်စွယ်ပတ္တလား၊ နခြံ၊ တောင်ထန်းပုံ၊ ညောင်ပင်ပွင့်၊ မဟာမြိုင်ကို လူကွဲမှတစ်ဆင့် စိန်တောင်အောက်ခြေ တောနက်ကြီးအတွင်းပိုင်းဆီသို့။
အမှန်က မဟာမြိုင်ဟု ခေါ်ဆိုလိုက်လျှင် လုံလောက်မှု ပြည့်စုံမှု ရှိသော်လည်း ထိုဝန်းကျင်ရှိ လူများက နံနက်လင်းအရုဏ်တွင် ပေါ်ထွက် လာသော နေမင်း၏အလင်းရောင်ကြောင့် စိန်တောင်ကြီးတွင် ကပ်ငြိနေသော မြိုင်စိန်များက ပြိုးပြိုးပြက်ပြက်နှင့် ပြန်လည်၍ရောင်ပြန်ဟပ်မှုကြောင့် ထာဝစဉ်မြင်တွေ့နေကြရသော တောသူတောင်သားတို့က စိန်တောင်ဟု အမည်သညာမှည့်လိုက်သည့်အတွက် ထိုအမည်တွင်သွားရခြင်းပင်။
ရေနက်ကြီးစခန်းမှ စိန်တောင်ရှိရာဆီသို့ တစ်ပြန့်တစ်ပြော ကျယ်ဝန်းနက်ရှိုင်းလှသော ပဲခူးရိုးမတောကြီးဖြစ်သည်မို့ ထိုရိုးမအတွင်း သစ်ရိုင်းပင်တို့ကလည်း မသေးလှ။
ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ကညင်၊ ဘန့်ပွေး၊ နဘဲ၊ သစ်မွှေးနှင့် အခြားအမည်ပေါင်းများစွာသော အပင်ကြီးတို့အပြင် တောငှက်ပျောပင်တို့ကလည်း ပေါက်ရောက်နေကြသဖြင့် သားကောင်တို့မှာ ပေါချင်းတိုင်း ပေါများနေကြသည်။
ကြွက်နွယ်တော၊ ဒေါင့်ဒလောင်တော၊ ထမသိုင်းတော၊ ဗီးဇတ်တော၊ ကပ်စေးနှဲတော၊ နဘူးတော၊ ဒမငယ်၊ နွယ်ပေါက်၊ ရေငန်း၊ ကိုင်းတောကြီးတို့ကလည်း သားကောင်များ ပုန်းခိုနားနေ၊ အိပ်စက်အနား ယူရန် အားဖြည့်ထားပြီး ဝါးပိုးဝါးတော၊ ဝါးနွယ်ကြခတ်၊ ဝါးဖယောင်း၊ ထီးရိုး၊ တစ်ပင်တိုင်၊ ဝါးယား၊ ကြသောင်းနှင့် ဝါးသပွတ်တောတို့ကလည်း ထပ်မံပြီး နက်ရှိုင်းသောတောကြီး၏ သဘာဝအလှကို ပီပြင်ရန် အားဖြည့်ပေးထားပြန်သေးသည်။
နက်ရှိုင်းကျယ်ဝန်းလှသော ရိုးမကြီးအတွင်း မှီတင်းနေထိုင်ကြသော သားကောင်ပေါင်းစုံတို့အတွက် သောက်သုံးရေကလည်း ကျောက်ပြန့်အိုင်ကြီးများထဲတွင် ရှိနေကြပြန်သေးသည်။
တောနေသတ္တဝါများအဖို့ စားစရာ၊ အိပ်စက်နားခိုစရာနှင့် သောက်စရာများ ပြည့်စုံနေလျှင် လုံလောက်ပြီမို့ ထိုနေရာတွင် ပေါချင်တိုင်း ပေါများနေသည်က အဆန်းတော့မဟုတ်ပေ။
ကျွန်တော်က ပန်းကန်ပြားအတွင်းမှ ငှက်ငနွားကြော် နှိုက်ယူဝါးစားနေရင်းမှ အဖန်ရည်ကို မော့ချလိုက်သည်။ နွေ၏နံနက်ခင်းဆိုပေမယ့် ရိုးမကြီးအတွင်းမို့ အအေးဓာတ်တို့က လွှမ်းမိုးဆဲ။ ပတ်ဝန်းကျင်မှ ချေဟောက်သံအချို့၊ တောကြက်တွန်သံ၊ မျောက်အော်သံ၊ ဘုတ်အီသံများကို ကြားနေရသည်။
ကျေးငှက်များကလည်း သူ့အုပ်စုနှင့်သူ စားပင်များရှိရာဆီသို့ ပျံသန်းသွားလာနေကြသည်။
ကျွန်တော့်အကြည့်တို့က ညပိုင်း မီးထိုး၍ ရှာဖွေပစ်ခတ်ရရှိထားကြသော ဆတ်ကြီးနှစ်ကောင်၊ ဒရယ်တစ်ကောင်နှင့် ချေသုံးကောင်တို့ကို ဘောင်းဘီတိုကလေးများနှင့် အရေချ၊ ခုတ်ထစ်လှီးဖြတ်နေကြသော အဖွဲ့သားများထံအရောက်…
“ဒီတောကို ပိုင်ဆိုင်တဲ့ အဘိုးတို့များ သားသမီးတွေကိုချစ်တော့ အပေးအကမ်း အားကြီးရက်ရောတာပဲနော် ဘိုလေး”
ဉာဏ်ကျယ်က အရက်ခွက်ကိုမော့ပြီး ငှက်ကြော်ကိုစားနေရင်းမှ ဆိုလာသည်။
ဘာကိုမှ ပြန်မပြောမိ။
ညဘက် နှစ်ဆိုင်းခွဲလျက် မီးထိုးရှာရင်း ပစ်ခတ်ကြသဖြင့် ယခုရရှိထားပြီးသော အကောင်များမှာ သူတို့အဖွဲ့ ရှာဖွေပစ်ခတ်ထားကြသော အကောင်များပင် ဖြစ်သည်။
ငှက်ဖျားအခံကလည်းရှိနေပြီး ရုံးလုပ်ငန်းများနှင့် အတန်ငယ် ပင်ပန်းလာသဖြင့် ညဘက်မီးထိုးပြီး အမဲလည်ပစ်သည့်ကိစ္စကို ကျွန်တော်က မလိုက်။ စခန်းတွင်သာ အနားယူနေလိုက်ပြီး နံနက်မိုးသောက် အလင်းရောက်သည့်အခါမှသာ တောပုန်းချောင်းပစ်ခြင်း ပြုလုပ်မည်မို့ ယခုရရှိထားပြီးသော သားကောင်တို့၏ အခြေအနေနှင့် အတွေ့အကြုံကို ကျွန်တော်မသိ။
သားကောင်တို့ကို အရေချ၊ ခုတ်ထစ်လှီးဖြတ်၍ ဆားနှင့် ယမ်းစိမ်းများနှင့်နယ်ကာ နေလှန်းနိုင်ရေး၊ ချေးခါးထုတ်ယူနိုင်ရေးတို့ကို ဘကြီးကောင်းကိုယ်တိုင် ဦးစီး၍ အဖွဲ့သားများ၊ ရွာခံများနှင့် တက်ညီ လက်ညီ လှုပ်ရှားဆောင်ရွက်နေမှုများကို ငြီးငွေ့စွာထိုင်ကြည့်နေရင်းမှ လက်စွဲတော်နှစ်လုံးပြူးသေနတ်ကို ဆွဲယူလိုက်ကာ စခန်း၏ နောက်ကျောဘက်ဆီရှိ လူသွားလမ်းကျဉ်းကလေးအတိုင်း မရမ်းချောင်းဘက်ရှိ ငရောင်၏ စိုက်ခင်းများဆီသို့ လျှောက်လှမ်းလိုက်မိပေတော့သည်။
(ငရောင်ဆိုသည်မှာ သျှောင်ကြီးဗွေနှင့် ရွာခံမုဆိုးတစ်ဦးပင်)
ကြည်လဲ့ပြာစင်သည့် ကောင်းကင်အောက်မှ ရိုးမကြီး၏ နံနက်ခင်း။
နံနက်ခင်း၏ နှင်းစက်ကြွင်းကလေးများနှင့် တလဲ့လဲ့ဖြစ်ပေါ် နေသော စိမ်းစိုလန်းဆန်းနေသည့် ပဲခူးရိုးမအတွင်း ရေနက်ကြီးတစ်ခွင တစ်ပြင်လုံး စိမ်းစိုတောင်တန်းကြီးကို ခြုံငုံကြည့်နေလိုက်ရင်းမှ မြေညီလမ်းကျဉ်းကလေးအတိုင်း ဆက်၍ လျှောက်လှမ်းနေလိုက်မိသည်။
ကျွန်တော်၏ စိတ်အစဉ်တွင် ရှေ့၌ လှမ်း၍တွေ့မြင်နေရသော တစ်ပြန့်တစ်ပြော သစ်ရွက်စိမ်းစိမ်းကြီးများကဲ့သို့ လန်းဆန်းမြူးကြွသွားခဲ့သည်။ ကြည်နူးရိပ်သမ်းသော နှင်းစက်ကလေးများ၏ အတို့အထိကြောင့်လည်း ဖြစ်သလို မြေသင်းနံ့ကလေးတို့၏ ရနံ့များကိုလည်း အထိုက်အလျောက်ရနေပေသည်။
ယခုကဲ့သို့ ရရှိခံစားနေရသော မြေသင်းနံ့ကလေးအပေါ် လက်စွဲတော် နှစ်လုံးပြူးသေနတ်ကိုကိုင်ရင်း ကြွကြွရွရွကလေး လျှောက်လှမ်းနေရသည်ကိုပဲ ကျွန်တော်က အနှစ်သက်ဆုံးဖြစ်သည်။
စခန်းကထွက်ခဲ့ပြီး လေးဆယ့်ငါးမိနစ်သာသာခန့်ကြာမှ တောင်ခါးပန်းခင်ကြောတစ်ခုဆီ ရောက်လာခဲ့သည်။ ရှေ့တွင် အင်တိုင်းတောပြုန်းကို လှမ်းတွေ့နေရသည်။
ရှေ့သို့ ဆက်မသွားသေးဘဲ အသာရပ်လျက် တော၏အခြေအနေနှင့် သားကောင်၏ အခြေအနေတို့ကို လှမ်းမျှော်အကဲခတ်လိုက်သည်။
မြေပြင်တွင် ဆတ်နှင့် ဝက်တို့၏ ခြေရာများအပြင် ယုန်ချေးများကိုလည်း လတ်လတ်ဆတ်ဆတ် တွေ့မြင်နေရပြီ မဟုတ်လား။
ကျွန်တော်က အသင့်ကိုင်ဆောင်ထားသော သေနတ်၏ မောင်းထိန်းခလုတ်ကို လက်မနှင့်အသာဖိ၍ ရှေ့သို့ တွန်းပို့လိုက်ပြီး တွေ့မြင်ရပါက အသင့်ပစ်ခတ်တော့မည် အနေအထားမျိုးနှင့် ရှေ့ဆီတွင် လှမ်းမြင်နေရသော အင်တိုင်းတောပြုန်းကလေးဆီသို့ မျက်စိလျင်လျင်၊ နားပါးပါး ထားရင်း တစ်လှမ်းချင်း တိုးကပ်လိုက်မိသည်။
တောသည် ဆိတ်ငြိမ်လျက်ရှိ၏။ ခါတွန်သံ၊ ချေဟောက်သံ၊ ဒရယ်သံတို့အပြင် ကျေးငှက်သာရကာတို့၏ အသံများကိုပင် မကြားရ။
ပကတိငြိမ်သက်လျက်ရှိသော်လည်း လက်ယာဘက်ဝါးကောက်တောကြီး၏ အလယ်လောက်ဆီမှ သံပြတ်နှင့် တွန်သံပေးနေကြသော တောကြက်ဖတစ်ကောင်၏ အသံသည်သာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေသည်။
ကျွန်တော်က သေနတ်ကို အသင့်ကိုင်ဆောင်ရင်း လူသွားလမ်းကျဉ်းကလေးအတိုင်း တစ်လှမ်းချင်းလျှောက်လှမ်းနေရင်း လူနံ့ရ သွားသဖြင့် ရှောင်ထွက်သွားခဲ့ပြီးသော ခြေရာဝိုင်းဝိုင်းကလေးကို သစ်လွင်လတ်ဆတ်စွာ ထပ်မံတွေ့မြင်လိုက်ရပြန်သည်။ ထိုခြေရာကို ကောက်လိုက်လျက် လိုက်သွားရာ ဝါးတစ်ရိုက်ခန့်အကွာအရောက်တွင် ခေတ္တရပ် နားလိုက်ကာ ပတ်ဝန်းကျင်ကို ထပ်မံလေ့လာအကဲခတ်လိုက်မိပြန်သည်။
အရှေ့ဆီတွင် သစ်ခုတ်သမားများ၏လက်ချက်ကြောင့် ခုတ်ဖြတ်ထားပြီး သစ်ကိုင်း၊ သစ်ခက်များ စုပြုံလျက်ရှိပြီး သစ်ရွက်ခြောက်တို့ စုပုံလျက် ဆူးရစ်ချုံနွယ်များနှင့် ရှုပ်ထွေးနေကာ ဘေးဘက်တွင် တောချုံတန်းပါးကလေးများနှင့်အတူ မင်းကတော်ညှပ်ကြီးပင်များ၊ ထိကရုံးပင်များနှင့် မြက်ခင်းတို့က ဟိုတစ်ကွက်၊ သည်တစ်ကွက် တွေ့ မြင်နေရသည်။
သားကောင်ခြေရာကိုသာ ကောက်၍ လိုက်လာခဲ့ရသည်။ ယခုအချိန်အထိတိုင် ဘာကိုမှပင် မမြင်မတွေ့ရသေး။
ကျွန်တော်က သွားလက်စကို ခေတ္တရပ်နားလိုက်ရင်း အနီးစပ်ဆုံးရှိ ကျစ်စာခဲတစ်လုံးကို ကောက်ယူ၍ ရှေ့တူရူရှိ ချုံတောကြီးအတွင်းဆီသို့ ပစ်ပေါက်ကြည့်လိုက်သည်။
အစာကောက်နေသော တောကြက်မတစ်ကောင်က ကတော်သံ ညံအောင်ပေးရင်း တထိတ်တလန့်ပျံသန်းပြေးထွက်သွားသည်မှအပ တောသည် လှုပ်ရှားမှုမရှိ။ ပကတိအေးဆေးငြိမ်သက်စွာ။
တိတ်ဆိတ်နေသောဝန်းကျင်ဝယ် သားကောင်အမှန်ပင် ရှိနေနိုင်ကြောင်းကို တွေ့မြင်ခဲ့ရသော ခြေရာအရ အသိတရားနှင့် ပီတိဖြာလျက် ရှေ့ကိုအာရုံစိုက်ပြီး တစ်လှမ်းချင်းလှမ်းနေရာမှ…
“ရှေ့ကြည့် … ရှေ့ကြည့်”
မလွှပင်ကြီး၏ ကိုင်းဖျားထက်ဆီမှ ပြည့်ကျိုးငှက်ငယ်တစ်ကောင်၏ အမှတ်မထင်အော်ဟစ်လိုက်သံကြောင့် တစ်စုံတစ်ရာထူးခြားမှုက ရှိလာတော့မည်ဟူသော အသိတစ်ရပ်က တတ်သိနားလည်ထား သော မုဆိုးပညာရပ်နှင့်ပေါင်းကာ သိလိုက်မိပေသည်။
အန္တရာယ်ပေးနိုင်လောက်သည့် သားကောင်ကြီးတစ်ကောင်ကောင်နှင့် မကြာမီ ရင်ဆိုင်ကြုံတွေ့ရတော့မည့်အငွေ့အသက်နှင့် အတိတ်နိမိတ်တို့ ပြသနေသယောင်။
ထိုစဉ် …
“ပိညှပ်… ပိညှပ်… ပိညှပ်”
တောကြက်ပေါက်စလေးတစ်ကောင်က မိခင်ကြက်မကြီးနှင့် ကွဲကွာသွားသဖြင့် အသံပေးလျှင် မိခင်ပျောက်ရှာဖွေနေသော အော်သံကို အတိုင်းသားကြားလိုက်ရသည်။
အသံကြားလိုက်ရာဆီသို့ လှမ်းကြည့်လိုက်တော့ အကောင်ကို မတွေ့မမြင်ရသော်လည်း သစ်ကိုင်းသစ်ရွက်တို့ စုပုံထားသော သစ်ရွက်ခြောက်များအောက်မှ ပုန်းခိုရင်း မိခင်ပျောက်၍ အသံပေးရှာနေသည့်ပုံမျိုး။ မိခင်ကြက်မမှာ သူတို့အနီးဆီသို့ စောစော ပိုင်းက လူသားရန်သူရောက်လာသဖြင့် ရင်သွေးငယ်ကို ထားခဲ့ကာ ဘေးလွတ်ရာ အဝေးဆီသို့ ပြေးလွှားရှောင်ပုန်းသွားခဲ့သည်ဟု အထင်ရှိခဲ့သော ကျွန်တော်က တောကြက်ပေါက်ကလေး၏ အော်မြည်သံကို သိပ်ဂရုမထားတော့ဘဲ လူကိုအန္တရာယ်ပေးမည့် သားကောင်ကြီးကိုသာ အရအမိ လိုက်လံရှာဖွေနေလိုက်မိသည်။
“ရှပ်… ရှပ်… ရှပ်”
သစ်ရွက်ခြောက်များအား ဖွနင်းလာသံသဲ့သဲ့ကို သင်ဂဒူပင်ကြီးအောက်ခြေပိုင်း သပွတ်သိမ်အရှုပ်တောချုံကြီး၏နောက်ကွယ်မှ ကြားလိုက်ရသဖြင့် အမှတ်မထင် အသံကြားရာဆီသို့ လျင်မြန်စွာကြည့်လိုက်မိသည်နှင့်အတူ ရိပ်ခနဲတွေ့လိုက်ရသောအရာအား ဒိုင်းခနဲပစ်ခတ်လိုက်ပြီး ဖြစ်သွားပေတော့သည်။
အမှတ်မထင်တွေ့လိုက်ရသော သားကောင်မှာ သေနတ်သံကြီးနှင့်အတူ ဝေါင်းခနဲမြည်ဟည်းမတတ် နက်ကျောကျယ်လောင်စွာ တစ်ချက်ဟိန်းလိုက်ပြီး ခါးတစ်ပိုင်းကို လူးလွန့်ရင်း နောက်ကျွမ်းပစ်လျက် အင်တိုင်းတောပြုန်းကို အကာအကွယ်ယူကာ နောက်ကျောဘက်ဆီသို့ ပြေးလွှားရှောင်ပုန်း ပျောက်ကွယ်သွားပေတော့သည်။
ရုတ်တရက်တွေ့မြင်လိုက်ရသော သားကောင်ကို လျှပ်တစ်ပြက် ထိုးပစ်ပစ်လိုက်ရသည်မို့ ထိချက်က ပိုင်နိုင်တိကျမှု သိပ်မရှိလှ။ သေနတ်သံကြီးကိုသာ တောကြီးတစ်ခွင်လုံး ဖုံးလွှမ်းသွားပေသည်။
အမှတ်မထင် တွေ့မြင်လိုက်ရသော သားကောင်မှာ အဝါရောင်တွင် နက်မှောင်နေသော အစင်းတန်းကြီးများ ရောထွေးထားသည့်အပြင် ကြောက်ခမန်းလိလိ ကျယ်လောင်စွာဟိန်းလိုက်သံကြီးကြောင့် ဟင်းမျိုး (ခ) ကျားကြီးတစ်ကောင်မှန်း သိလိုက်ရသည်။
တောသည် ချောက်ချားဖွယ်ရာကောင်းလောက်အောင် ပြန်လည်ငြိမ်သက်သွားခဲ့ပြန်သည်။ သစ်ရွက်သစ်ခက်အချို့ကို လေညင်းကလေးတို့က ပွတ်သပ်ဝှေ့ယမ်းလိုက်ကြသဖြင့် တိုးတိုးလေး တေးဆိုနေကြသယောင် ရှိနေသည်။
ကြောက်စိတ်တို့ကြောင့် နဖူးပြင်မှ အလိုလိုထွက်ပေါ်လာသော ဇောချွေးတို့ကို ညာလက်ခုံနှင့် သပ်ချလိုက်ရင်း ပြေးထွက်သွားပြီဖြစ်သော သားကောင်ကြီးနောက်သို့ ချုံနွယ်တောကြီးအတွင်းမှ တိုးထွက်ကာ ကြည့်လိုက်မိသည်။
အရေပျော့သော ကျားလိုသတ္တဝါမျိုးအဖို့ ယခုပစ် လိုက်သော ခြောက်လုံးကျည်ကြီးအား ပစ်ခတ်လိုက်ရသည့်နေရာတွင် အနည်းငယ်ယိုင်နဲ့သွားမှုကြောင့် ထိမှန်သွားခဲ့ပုံရသည်။ သို့သော် တစောင်းအနေအထားမျိုးကို ပစ်ခတ်လိုက်ရခြင်းဖြစ်၍ ထိချက် ပိုင် မပိုင်ကို သံသယဖြစ်ရသည်။ လက်ပြင်နောက်ဆိုလျှင် နှလုံးသားဖြတ်ဖောက်သွားနိုင်သည်။
သေနတ်တွင်းမှ ပစ်ပြီးသား ကျည်ခွံကိုထုတ်၍ ကျည်သစ်တစ်တောင့်ကို ပြောင်းရင်းသို့ ထိုးထည့်လိုက်ပြီး ဇက်ကိုစေ့၍ မောင်းထိန်းခလုတ်ကို ရှေ့သို့တွန်းပို့ကာ အခြေအနေကို စောင့်ဆိုင်းကြည့်နေ လိုက်မိသည်။
ပြီးတော့မှ သားကောင်ကြီး၏ အခြေအနေကို ဆက်လက် လေ့လာရပေဦးမည်။
“ဝူး … ဝူး … အူး”
နောက်ကျောဘက်ဆီမှ အဖွဲ့သားတို့၏ အချက်ပေးခေါ်သံ ကြားသဖြင့် လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က မုဆိုးကြီး ဦးကောင်းအပြင် ရွာခံမုဆိုးများဖြစ်ကြသော ကိုဦး၊ ယဉ်ကြိုင်နှင့် အေး သောင်းတို့လေးဦး သေနတ်များကိုယ်စီ ကိုင်ဆွဲလျက် သေနတ်သံမကြားမီကတည်းက စိတ်မချသဖြင့် လိုက်လာခဲ့ကြသည့်ပုံ။
သူတို့မျက်နှာများကလည်း ဘာကောင်ကို ပစ်လိုက်တာတုန်းဟူသော အမေးမျိုးဖြင့် သိလိုစိတ် ပြင်းပြနေသည့်ပုံစံမျိုး။
ကျွန်တော်က နှုတ်ခမ်းတွင် လက်ညှိုးနှင့်တို့ပြလိုက်ရင်း စကားမပြောကြရန် အချက်ပြလိုက်တော့ အားလုံးသဘောပေါက်ပြီမို့ သူတို့အကြည့်များက လက်ညှိုးညွှန်ပြထားရာဆီသို့။
မုဆိုးလုပ်ငန်းဆိုတာကလည်း သားကောင်များကို ပစ်ခတ်ပြီးတိုင်း သားကောင်၏ အနေအထား၊ ပစ်မှတ်၊ ထိချက်ကျည်သွားရာလမ်းကြောင်းတို့ကို ကြည့်ရှုသုံးသပ်ဆင်ခြင်ရမှာက ထုံးစံ။
ဒီအချက်ကိုလည်း အဖွဲ့သားအားလုံးက သဘောပေါက်ထားကြပြီး မဟုတ်ပါလား။
ယခုပင် ကျွန်တော်ပစ်ခတ်ရသော သားကောင်က နေရာတွင် ပုံမသွားသည့်အတွက် ပစ်ခတ်လိုက်ရမှု၊ သားကောင်ဒဏ်ရာရရှိမှု၊ မရှိမှု အခြေအနေတို့ကို တိကျစွာ ဆုံးဖြတ်နိုင်ရေးအတွက် လေ့လာကြရ ပေဦးမည်ဆိုတာကို အဖွဲ့သားတို့က သိရှိထားပြီးကြသည်မို့ ယခုရှောင်တိမ်းသွားခဲ့သော သားကောင်ကြီး ပုန်းခိုရာသို့ အသင့်ပစ်ခတ်ကြတော့ရန် အနေအထားမျိုးနှင့် ရင်ဘောင်တန်းလျက် တစ်လှမ်းချင်း တိုးကပ် သွားနေကြရာမှ ရုတ်တရက် လှမ်းလက်စခြေလှမ်းများကို ပြန်လည်ရုတ်သိမ်းလိုက်ကြမိပေသည်။
တွေ့မြင်လိုက်ကြရသော မြင်ကွင်းတွင် နီစွေးသောအစွန်းအစက်များက ဟိုတွင်တစ်စက် ဒီတွင်တစ်စက်။ လက်ညှိုးနှင့် တို့သပ်ကြည့်လိုက်တော့ လက်ဆတ်သော သွေးနီစတို့တွင် အမြှုပ်များ ရောထွေးလျက်။
ကျည်ခဲလုံးများက အသားပျော့ကို ဖောက်ထွင်းသွားပြီးလျှင် အဆုတ်ကို ဖြတ်ဖောက်သွားပုံရသည်။
သွေးနီစ အစက်အပြောက်တို့က ကုန်းနိမ့်ပိုင်း လျှိုစောင်းဘက်ဆီသို့ လမ်းညွှန်ပြနေ၏။
ကျွန်တော်တို့ငါးဦးသား သွေးနီစများရှိရာ ဂူဝကို လှမ်း၍ အကဲခတ်နေလိုက်စဉ်တွင် …
“ဥုံ ဖွဖွ … ဥုံ ဖွဖွ”
လူအော်လိုက်သံမျိုးကဲ့သို့ ပီသစွာဖြင့် တောလုံငှက်ငယ်တစ်ကောင်က ဝါးသပွတ်ချုံနွယ်တောကြီးအတွင်းဆီမှ တိုးထွက်၍ တထိတ်တလန့်အသွင်မျိုးနှင့် ပျံသန်းပြေးထွက် အော်မြည်သံကြီးနှင့်အတူ မြေပြင် တွင် အသိုက်ဝင်သော တစ်တီတူးမောင်နှံတို့ကလည်း “တစ်တီတူး … တစ်တီတူး” ဟု ဆူညံစွာ အော်မြည်သံပေးရင်း အဝေးဆီသို့ ပျံသန်းသွားပေသည်။
ကျွန်တော်တို့က သားကောင်ကြီး ဝင်ရောက်သွားရာ ဂူပေါက်ကို စူးစိုက်ကြည့်နေကြရင်းမှ ဒဏ်ရာရရှိထားပြီးကြသော သားကောင်တို့မည်သည် ကြီးသည်ငယ်သည်မဟူ လူကို ပြန်လည်တုံ့ပြန်မှု ပေးနိုင်သည့် အန္တရာယ်ကို ပိုမိုသတိထားကြရန် ကျွန်တော်က အဖွဲ့သားတို့ကို ပြောပြနေမိသည်။
သားကောင်ခိုအောင်းရာ ဂူပေါက်ရှေ့ပတ်လည်ကုန်းမြင့်ပိုင်းတွင် ကျွန်တော်တို့ငါးဦးက အသင့်ပစ်ခတ်ကြတော့ရန် အနေအထားမျိုးနှင့် ဝိုင်းပတ်လျက် မုဆိုးဒူးထောက် နေရာယူလိုက်ကြပြီး ဂူကြီးအတွင်း ဆီမှ သားကောင်၏ လှုပ်ရှားမှုအခြေအနေကို ငံ့လင့်နေလိုက်ကြပေသည်။
“အဟွတ် … အဟွတ် … အဟွတ်”
“တရိန် … တရိန်”
တိတ်ဆိတ်ငြိမ်သက်နေသော ဝန်းကျင်နှင့် ကျွန်တော်တို့ ဦးနှောက်ကို အလုပ်ပေးလိုက်သည်က လူတစ်ဦး ချောင်းဆိုးသံမျိုးနှင့် မရှေးမနှောင်း ထပ်ဆင့် ထွက်ပေါ်လာသည့် ဆတ်တစ်သံတို့ပင်။
အသံလာရာဆီကို မျှော်မှန်းကြည့်လိုက်တော့ ဂူအတွင်းဆီမှ ဖြစ်နေကြောင်း ခန့်မှန်းလိုက်မိသလို ကျွန်တော်၏ အတွေးများလည်း ထွေပြားသွားပြန် သည်။
ကျွန်တော် လျှပ်တစ်ပြက် ပစ်ခတ်လိုက်ရသော သားကောင်မှာ ဟင်းမျိုး (ခ) ကျားသတ္တဝါမှန်း အမြင်ရော ဟိန်းဟောက်လိုက်သော အသံအရပါ အမှန်ပင်။
ယခု ဒဏ်ရာရ သားကောင်ကြီးကို သွေးစက်ခံ လိုက်ခဲ့ကြရာ ဂူကြီးအတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေသည်ကလည်း အသေအချာပင်။
ယခု ဂူကြီးအတွင်းဆီမှ ထွက်ပေါ်လာနေသည့်အသံ က လူတစ်ဦး ချောင်းဆိုးသံမျိုးနှင့် မရှေးမနှောင်း ဆတ်တစ်သံ။
အသိတရားတို့ ဝေဝေဝါးဝါးမို့ ကွဲပြားစွာသိရှိနိုင်စေရန် ဘကြီးကောင်းထံ လှမ်းကြည့်ရင်း အဖြေကိုရှာလိုက်တော့ အသံမပေးရန်နှင့် အသင့်ပစ်ခတ်ရန် အချက်ပြနေသဖြင့် သေနတ်ဒင်ကို ပခုံးတွင် ကောက်ရင်း စောင့်စားနေလိုက်မိပေသည်။
ငါးမိနစ် … ဆယ်မိနစ် … ဆယ့်ငါးမိနစ်။
ထူးခြားမှုမရှိသည့်အပြင် ဂူဝ၏ ဟိုမှာဘက် အရှုပ်တောချုံပုတ်ကြီးအတွင်းဆီမှ တောကြက်ဖငယ်တစ်ကောင်က သွဲ့ပျောင်းသောအသံနှင့် တွန်သံပေး၍များပင် နေသေးသည်။
ရွာခံမုဆိုး ကိုဦးက မောင်ယဉ်ကြိုင်ကို လှမ်းကြည့်လိုက်ပြီး မျက်စိမှိတ်၍ မေးဆတ်ပြလိုက်တော့ မောင်ယဉ်ကြိုင်က အနီးစပ်ဆုံး ဂဝံကျစ်စာခဲတစ်လုံးကို ကောက်ယူ၍ ဂူပေါက်ကြီးအတွင်းဆီသို့ အားကုန်ပစ်သွင်းလိုက်ပေတော့သည်။ ခဲလုံးကြီးသည် ဂူပေါက်ကြီးအတွင်း တန်းဝင်၍ ကွဲကြေသွားသံများတို့နှင့်အတူ …
“အာဝူး … ဝေါင်း”
ဝမ်းခေါင်းသံကြီးပေးလျက် ဂူပြင်သို့တိုးထွက်လာပြီး တွေ့မြင်လိုက်ရသော လူသားမုဆိုးငါးဦးထဲမှ မည်သူ့ကို အရင်ဆုံး စတင်ကိုက်ခဲ ကလဲ့စားချေရမည်ကို ချိန်ဆနေစဉ်အတွင်း. . .
“ဒိုင်း… ဒိုင်း… ဒိုင်း… ဒိုင်း”
သေနတ်ပေါက်ကွဲသံက တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော တောကြီးတစ်ခွင်လုံးကို ဖုံးလွှမ်းသွားပေတော့သည်။ သေနတ်သံတို့ကြောင့် တွန်သံပေးနေသော တောကြက်ဖငယ်ပင် အဝေးဆီသို့ တထိတ်တလန့် ပျံပြေးထွက်သွားပေတော့သည်။
ဟင်းမျိုးကြီးမှာ သေနတ်ဒဏ်ရာများကြောင့် မြေပြင်သို့ ပစ်ကျသွားပြီး လူးကာလွန့်ကာနှင့် ကျုံးထလိုက်ကာ လျှပ်တစ်ပြက် အနီးကပ် လူသားရန်သူကို တန်ပြန်တိုက်ခိုက် ကလဲ့စားချေသွားရန်အတွက် ဂူအတွင်းသို့ ခဲနှင့်ပစ်လိုက်ပြီး ဟင်းမျိုးကြီးထွက်အလာတွင် ငေးကြောင်လျက် ရပ်ကြည့်နေသော မောင်ယဉ်ကြိုင်ကို ခုန်အုပ်ကိုက်ခဲလိုက်သည်မို့ သူကိုင်ဆောင်ထားသော နှစ်လုံးပြူး၏ (၉) လုံးကျည်က ဒိုင်းခနဲ မြည်ဟိန်းပေါက်ကွဲသွားသည်။
မာန်စွယ်အဖွေးသားပေါ်အောင် ဖြဲထားသော ပါးစပ်ကြီးအတွင်းမှ မြေတုန်ဟည်းမတတ် ညည်းတွားအော်ဟစ်လိုက်ရင်း မြေပြင်တွင် ဘေးတိုက်အသွင်မျိုးနှင့် တဆတ်ဆတ် အကြောဆွဲကာ သူ၏လျှာကြီးကို တစောင်းကိုက်ရင်း ငြိမ်သက်သွားပေတော့ သည်။
“ဝူး. . . ပစ်လှချည်လား။ ဘာကောင်မို့ ဒီလောက် မညှာမတာ ဝိုင်းပစ်နေကြတာလဲ။ လွန်လွန်းအားကြီးတယ်”
နောက်ကျောဆီမှ သေနတ်များကိုယ်စီကိုင်လျက် ကျွန်တော်တို့ထံ ပြေးလိုက်လာကြသော အဖွဲ့သားများအတွင်းမှ ဉာဏ်ကျယ်၏ ကျယ်လောင်သောအသံ။
သေနတ်ကို ခါးချိုးလျက် ပစ်ခတ်ပြီးသော ကျည်ခွံများကိုထုတ်ကာ အသစ်ထည့်နေသော အေးသောင်း၏ နောက်ဘက်သို့ လှည့်ကြည့်လိုက်ရင်း ပြန်ဖြေကြားလိုက်ပုံက. . .
“ဒီမှာ နင့်ပထွေးက ဒဏ်ရာကြီးနဲ့ ဂူထဲဝင်ပုန်းနေပြီး ငြိမ်ငြိမ်မနေဘဲ တို့ကို ချောင်းဆိုးသံ ဆတ်တစ်သံနဲ့ မျှားခေါ်နေလို့ ဝိုင်းပြီးသမလိုက်ကြရတယ်။ ဒီကြားထဲ မောင်ယဉ်ကြိုင်တောင် ကံကြီးပေလို့ကွ”
အေးသောင်းက ဉာဏ်ကျယ်ကို ပြန်နှက်လိုက်သည်။
ပြူးပြူးပျာပျာ အသွင်တို့နှင့် အနီးသို့ ရောက်လာကြသော အစ်ကိုကြီးဦးသိန်းလွင်၊ ဉာဏ်ကျယ်၊ မွန်၊ အာလူးနှင့် ကုလားကြီးသန်းညွန့်တို့ ငါးဦးသားမှာ အသက်ကင်းမဲ့နေပြီဖြစ်သော ကျားကြီး၏ ကြောက်မက်ဖွယ်ရာ မျက်လုံးကြီးများ၊ ချွန်ထက်သောသွားစွယ်ကြီးများနှင့် လျှာကြီးကို တစောင်းကိုက် ခဲထားသောပါးစပ်ကြီး၊ တုတ်ခိုင်သန်မာသော ကိုယ်လုံး၊ တုတ်ခိုင်သန်စွမ်းသော ခြေနှင့် လက်တို့ကို ကြည့်လိုက်သလို တဆတ်ဆတ်နှင့် ကြောက်ဒူးတုန်ပြီး ငူငူကြီးရပ်နေသော မောင်ယဉ်ကြိုင်ကို အပြန်အလှန် အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေလိုက်ကြရင်း လတ်တလော တွေ့မြင်လိုက်ရသော မြင်ကွင်းအပေါ် ဟိုက်ခနဲ အာမေဍိတ်သံ ပြိုင်တူထွက်သွားကြပေတော့သည်။
ထိုမြင်ကွင်းကြောင့် ကျွန်တော့်တွင် အတွေးတို့က ဝင်လာမိ၏။ ဉာဏ်ကျယ်ပြောလိုက်သော စကားတို့ကိုလည်း ပြန်လည်ကြားယောင်နေလိုက်မိပေတော့သည်။
“ဒီတောကို ပိုင်ဆိုင်တဲ့ အဘိုးတို့များ သားသမီးတွေကိုချစ်တော့ အပေးအကမ်း အားကြီးရက်ရောတာပဲနော် ဘိုလေး” တဲ့။ ။
(မှတ်ချက်- ထိုအရပ်တွင် သားကောင်သည် လျှာတစောင်းကိုက်ပြီး အသက်ပျောက်ပါက နောက်ထပ် သားကောင်များများရဦးမည့် အတိတ်နိမိတ်ဟု ယူဆကြသည်။ အမှန်လည်း ထိုနိမိတ်ပြအတိုင်း ရခဲ့ပေသည်။)
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized