July 31, 2025
Uncategorized

ကျားနက်နှင့် တောကောင်

မြဝဇီ
ကျားနက်နှင့် တောကောင်

(၁)

အချိန်မှာ နံနက် (၅) နာရီတိတိရှိလေသည်။ ကျွန်ုပ်နှင့်မုဆိုး ကိုတင်တို့သည် မျှင်ဝါးတောင်မှ သံဘိုသစ်ထုတ်လုပ်ရေး စခန်းသို့ ရောက်ခဲ့ကြသည်။ သံဘိုသစ်ထုတ်လုပ်ရေးစခန်းသည် တိုးချဲ့သော စခန်းသစ်ဖြစ်ပြီး အလုပ်သမား (၁၅) ဦးနှင့် ကျွဲအကောင်ရေ (၁၅) ကောင် ရှိလေသည်။

ကျွန်ုပ်ကို ရောက်သွားသောအခါ ကျွဲခေါင်းကြီး ဦးဖိုးမိတ်က ဝမ်းသာအားရ ဆီးကြိုကြသည်။

သံဘိုသစ်ထုတ်လုပ်ရေးစခန်းတွင် လွန်ခဲ့သော (၂) ရက်ခန့်က ကျားနက်ကြီးတစ်ကောင် ဝင်ရောက် သောင်းကျန်းကာ ကျွဲတစ်ကောင်ကို ဆွဲသွားခဲ့သည်။ သို့သော် ထိုကျွဲမှာ မသေဘဲ ဒဏ်ရာအကြီးအကျယ်ရကာ ဆေးကုနေရလေသည်။

“ကဲ ဗိုလ်လေးရေ၊ ညက အဲဒီ ကျားနက်ကြီး ရောက်လာသေးတယ်။ ကျွန်တော်တို့ အစောင့်တွေကြောင့် ကျားနက်ကြီး ပြန်ပြေးသွားရတယ်။ အလုပ်သမားတွေလဲ အပြင်ကိုတောင် မထွက်ရဲကြဘူး”

ကျွဲခေါင်းကြီး ဦးဖိုးမိတ်၏ စကားကြောင့် ဒဏ်ရာရသော ကျွဲနှင့် စခန်းတစ်ခုလုံးကို စစ်ဆေး ကြည့်ကာ….

“ဦးဖိုးမိတ်ရေ ခင်ဗျားတို့ဆီ လာတဲ့ ကျားနက်ဟာ ကျားနက်တော့ မဖြစ်နိုင်ဘူး။ အမွေးနက်တွေ များလို့ ဖြစ်ပါလိမ့်မယ်။ ဘာမှတော့ မပူပါနဲ့ ၊ ကျုပ်တို့ ဒီစခန်းမှာ သုံးရက်လောက် စခန်းချနေဦးမယ်”

ကျွန်ုပ်သည် ထိုသို့ပြောကာ ကိုတင်နှင့် အတူ ပျဉ်ထောင်ယာခင်းသို့ ထွက်ရန် လာခဲ့တော့သည်။

အချိန်မှာ နံနက် (၁၀) နာရီခန့် ရှိလေသည်။

ပျဉ်ထောင်ယာခင်းမှာ တစ်ချိန်က ယာလုပ်သော်လည်း ယခု မလုပ်သည်မှာ အတော်ပင် ကြာခဲ့ပြီ ဖြစ် သည်။

ကျွန်ုပ်တို့သည် ကင်ပွန်းနှင့် ဇင်ပွန်းပင်ဆီသို့ ခြေထောက်ကို ဖွဖွနင်းကာ ချဉ်းကပ်သွားခဲ့ကြပါသည်။ ဇင်ပွန်းပင်အောက်တွင် ဒရယ်ဖိုကြီးတစ်ကောင်နှင့် ဒရယ်မ နှစ်ကောင်ကို တွေ့ရလေသည်။ သူတို့သည် အစာစားကာ ရှိနေကြလေသည်။

ကျွန်ုပ်သည် ကိုတင်အား လက်ပြလျက် ကျွန်ုပ်၏ အမဲကြီးပစ်ရိုင်ဖယ်ဖြင့် ဒရယ်ဖိုကြီးအား လက်ပြင်ဆီသို့ ထိုးချိန်ကာ ပစ်ချလိုက်သည်။

“ဒိုင်း”

ကော်ဒိုက် ယမ်းငွေ့များသည် ထောင်းခနဲ ထကာ သွားလေသည်။ ကျွန်ုပ် ပစ်လိုက်သော ဒရယ်ဖိုကြီးမှာ လဲကျတော့ကာ အသက်ပျောက်နေခဲ့လေသည်။

ထိုနေ့အဖို့ ကျွန်ုပ်တို့သည် အမဲပစ်ရန် မဖြစ်တော့ဘဲ ဒရယ်ဖိုကြီးကို ဆွဲ၍ သံဘိုသစ်ထုတ်လုပ်ရေးစခန်းသို့ ပြန်ခဲ့ကြလေသည်။

ကျွန်ုပ်တို့မှာ ထူးကြီးမြို့တွင် စခန်းချထားသော စစ်ရဲတပ်ရင်း (၂၂) မှ တပ်ခွဲတစ်ခွဲဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်က မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းမှ လာရောက်တိုင်ကြားချက်အရ တပ်စိတ်တစ်စိတ်ကို ခေါ်၍ မျှင်ဝါးတောင်သို့ တက်လာခဲ့လေသည်။

မျှင်ဝါးတောင်တွင် တပ်စိတ်ကိုထားခဲ့ပြီး ဌာနေမုဆိုးဖြစ်သော ကိုတင်ကို ခေါ်၍ သံဘိုသစ်ထုတ်လုပ်ရေး စခန်းသို ထွက်လာခဲ့လေသည်။ ကိုတင်မှာ မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းတွင် အလုပ်သမားတစ်ဦးဖြစ်သည်။ သို့သော် သူသည် လူကြီးတစ်ယောက် ဖြစ်သဖြင့် အလုပ်သမားများကို စီမံခန့်ခွဲနေသူ ဖြစ်သည်။

ကျွန်ုပ်တို့လည်း သံဘို သစ်ထုတ်လုပ်ရေးစခန်းသို့ ရောက်သောအခါ ဒရယ်ဖိုကြီးကို ဖျက်၍ ချပြတ်ထားလေသည်။

မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းတွင် ကျန်ရစ်ခဲ့သော တပ်ကြပ် သာထူး ခေါင်းဆောင်သော ရဲဘော်များကို သံတိုစခန်းသို့ ခေါ်ခဲ့လေသည်။ တပ်ကြပ်သာထူး ခေါင်းဆောင်သော တပ်စိတ်မှာ စစ်သည် (၉) ယောက် ဖြစ်လေသည်။

ထိုနေ့တွင် ဒရယ်အသားနှင့် တခြားဟင်းလျာများကို ကျွေးမွေးကာ ရဲဘော်များကိုလည်း စနစ်တကျ နေရာချထားပေးလေသည်။

တောကောင် ကျားနက်သည် သံဘိုစခန်းသို့ လာဦးမည်သာ ဖြစ်သည်။ ကျွန်ုပ် ရောက်သော သံဘိုစခန်းတွင် စနစ်တကျ ရဲဘော်များကို နေရာချထားပေးပြီး ဖြစ်သဖြင့် ကျွန်ုပ်နှင့် မုဆိုး ကိုတင်ကိုသည် စကားတပြောပြောနှင့် အချိန်ကို စောင့်လျက် ရှိနေလေသည်။

(၂)

ညသည် ကျွန်ုပ်ကို စောင့်နေသည့် အတိုင်း ရောက်ခဲ့လေသည်။

ထိုနေ့ညတွင် ထုံးစံအတိုင်းမီးဖိုများကို ဖိုထားရာ ကျွန်ုပ်သည် ကင်းများကို တစ်နာရီ တစ်ခေါက်မျှ လှည့်၍ စစ်ခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့သည် ဦးမိတ်၏အိမ်တွင် ရေနွေးကြမ်းကို သောက်၍ ဆတ်သားခြောက်ကို မြည်းကာ ရှိနေသည်။

သံဘို သစ်ထုတ်လုပ်ရေးစခန်းမှာ စခန်း အမှတ် (၁) ဖြစ်သဖြင့် စခန်းဖွင့်သည်မှာလည်း မကြာသေးချေ။ စခန်းတစ်ခုလုံးကို သစ်တိုင်များ ကာ၍ စည်းရိုးပြုလုပ်ထားလေသည်။

အချိန်မှာ ညဉ့် ( ၁ဝ) နာရီခန့်ရှိပြီး အလွန်ပင် အေးမြလှလေသည်။ ရာသီမှာ ဆောင်းရာသီဖြစ်၍ မိုးမှာ တစ်ခါတစ်ခါ ရွာတတ်လေသည်။

ဦးမိတ်က ကျွန်ုပ်အား ပြောလိုက်လေသည်။

“ဗိုလ်လေး … ဒီအချိန်လောက်ဆိုရင် ဒီအကောင်ကြီးဟာ လာနေကျပဲ။ ဒီနေ့ညတော့ မလာသေးဘူး”

“စိတ်သာချပါ … လာချိန်ကျရင် လာမှာပါ”

မကြာခင် ဝါးလက်ခေါက်သံ (၁၁) ချက် ပေါ်ထွက်လာလေသည်။

ဦးမိတ်သည် သူ့လူများကို အထူးသတိပေးလျက် ရှိလေသည်။

“ဟိတ် … သာရင် မအိပ်နဲ့ နော်။ မင်းတို့ ဝီရိယထားပြီး စောင့်ကြ”

“စိတ်သာချပါ၊ တို့ မအိပ်ပါဘူး”

ကျွဲခေါင်းကြီး၊ ကျွန်တော်၊ ဦးမိတ်၏ ပြောသံ ဆိုသံများကို ကြားနေလေသည်။

သို့နှင့် အချိန်သည် တဖြည်းဖြည်း ကုန်ခဲ့လေသည်။

“ဒေါင် … ဒေါင်”

ဝါးလက်ခေါက်သံ နှစ်ချက်တိတိ ပေါ်လာပြီးနောက် အသံများသည် ငြိမ်သွားခဲ့ပြန်သည်။

ထိုအချိန်မှာပင် ဖုတ်ခနဲဟူသော အသံကို ကြားရပြီး လူတစ်ယောက်၏အော်သံ ပေါ်ထွက်လာသည်။

“ဟဲ့ကောင်ကြီးဟေ့ …ဟဲ့ကောင်ကြီး”

“ငနက်ကြီးဗျို့ … ငနက်ကြီး”

ထိုအသံနှင့်အတူ မီးရောင်များ ဟိုမှ ဒီမှ ပေါ်ထွက်လာလေသည်။

ကျွန်ုပ်နှင့် မုဆိုး ကိုတင်ကို၊ ရဲဘော်ထူးညွန့်တို့သည် လက်နက်ကိုယ်စီဆွဲကာ အောက်သို့ ဆင်းခဲ့ကြသည်။

ကျွန်ုပ်တို့ ဓာတ်မီးကိုထိုးကာ လာခဲ့စဉ် …

“ဗိုလ်လေးရေ … အရှေ့ဘက်မှာ”

ကင်းသမားတစ်ယောက်က အော်၍ ပြောလိုက်သည်။

ကျွန်ုပ်တို့ အရှေ့ဘက်သို့ လိုက်ရာတွင် ကျွဲများထားသော ကျွဲရုံနေရာမှ နှာခေါင်းမှုတ်သံ “ရှူးရှူး” ဟူသော အသံများကို ကြားနေရသည်။

ကျားနက်ခေါ် ငနက်ကြီးမှာ ကျွန်ုပ်တို့ ရောက်လာသဖြင့် ၎င်းသည် ရုတ်တရက် ထိုနေရာမှ ထွက်ခွာသွားလေသည်။

ကျွန်ုပ်က ငါးထောင့်ထိုး လက်နှိပ်ဓာတ်မီးဖြင့် ကိုတင့်ကို ငနက်ကြီး သွားသည့်လမ်း ဖမ်း၍ ထိုးခိုင်းလိုက်လေသည်။

ငနက်ကြီးမှာ မီးရောင် သူ၏ ကိုယ်ပေါ်သို့ ထိုးမိလိုက်သည်နှင့် ၎င်းသည် ပါးစပ်ကို ပြဲ၍ ကျွန်ုပ်တို့ထံ ဝေါင်းခနဲ အော်ကာ ပြေးလာလေသည်။

ကျွန်ုပ်က အမဲကြီးပစ် ရိုင်ဖယ်ဖြင့် ဆင့်၍ နှစ်ချက် ပစ်လိုက်သည်။

“ဒိုင်း … ဒိုင်း”

သေနတ်သံများ ဟိန်း၍ သွားလေသည်။ ယမ်းငွေ့များလည်း ထောင်းခနဲ ထသွားလေသည်။

သို့သော် ကျွန်ုပ် ပစ်လိုက်သော တောအမဲ ငနက်ကြီးမှာ ချက်ကောင်းကို မထိဘဲ လွဲသွားသဖြင့် ထိသွားသော်လည်း တစ်ချက်တည်း မသေဘဲ ထွက်ပြေးသွားတော့သည်။

ကျွန်ုပ်တို့ ကြည့်လိုက်သောအခါ သွေးစများကို တွေ့ရပြီး တောကောင်ကြီးကို မတွ့ရတော့ချေ။

“ဟာ လွတ်သွားပြီး … လိုက်လေ”

“ထိတော့ သွားတယ်၊ အထိ မနာဘူးဗျ”

ကိုတင်က ပြောလိုက်သည်။

“ကျွန်တော်တို့ သူ့နောက်ကို ညတွင်းချင်း ဆက်လိုက်ရင် မကောင်းဘူးလား”

ကျွန်ုပ်နှင့်ပါလာသော ရဲဘော်လေးက အကြံပေးလိုက်သည်။

ကျွန်ုပ်က…

“မိုးလင်းမှပဲ သွားကြည့်ကြမယ်”

ကျွန်ုပ်က ထိုသို့ပြောရင်း ဦးမိတ်၏ အိမ်သို့ ပြန်လာခဲ့သည်။ ဦးမိတ်နှင့် ရွာသားများမှာ မီးပုံကြီးတစ်ပုံ ဖို၍ ကျွန်ုပ်တို့အား စောင့်ကြိုနေကြလေသည်။

ကျွန်ုပ်က နံနက်မိုးလင်းမှပင် ငနက်ကြီး နောက်သို့ လိုက်မည်ဟု ပြောပြလိုက်သည်။

“ဒီကောင်ကြီး တော်တော် အထိနာသွားတယ်။ ခင်ဗျားတို့ အကောင်ကြီးကတော့ ကျုပ်လက်ချက်နဲ့ သေမှာပဲ။ ဒီညတော့ အေးအေးသာ အိပ်ကြပေတော့။ ဘာမှ မပူကြနဲ့”

ကျွန်ုပ်က ထိုသို့ပြောရင်း အိမ်ပေါ်သို့ တက်ခဲ့ပါသည်။

ဦးမိတ်သည် ထိုအခါမှ ဝမ်းသာအားရဖြင့် အိမ်ပေါ်သို့ တက်လာခဲ့လေသည်။

မည်သို့ဖြစ်စေ ကျွန်ုပ်တို့မှာ အိပ်မရဘဲ နံနက် ( ၄ ) နာရီထိုးသည်အထိ အချိန်ကုန်သွားလေသည်။

(၃)

နံနက် ( ၅ ) နာရီထိုးသည်နှင့် ဒဏ်ရာရသွားသော ငနက်ကြီးနောက်သို့ လိုက်ရန် ရဲဘော်များကို ခေါ်၍ ထွက်ခဲ့လေသည်။ ရဲဘော်များနှင့်အတူ မုဆိုး ကိုတင်နှင့် ရွာသားတစ်ယောက်လည်း ပါလာသည်။

ကျွန်ုပ်ကို သွေးစက်ခံ၍ လိုက်သွားရာ ငနက်ကြီးမှာ မမြချောင်းကို ဖြတ်ပြီး တောတိုးသွားပေသည်။

ကျွန်ုပ်တို့လည်း ဆက်၍ လိုက်ခဲ့သည်။ သို့သော် ငနက်ကြီး၏ သွေးစက်လည်း ပျောက်၊ အရိပ်အခြည်လည်း မတွေ့ရတော့ချေ။

ထိုအခိုက် မိုးအတော်လင်းလာပြီ ဖြစ်သဖြင့် ဆူညံသော တောတိုးသံများကို ကြားရလေ၏။

ကျွန်ုပ်တို့လည်း တော၏အခြေအနေကို ကြည့်၍ တောင်ကုန်းတစ်ခုတွင် ခေတ္တ စခန်းချလိုက်သည်။

အမှတ်မထင် ရဲဘော်တစ်ဦးမှာ နောက်ဖေးသွားရာမှ အားခနဲ အော်သံကို ကြားရလေသည်။ ထိုရဲဘော်၏ အော်သံကြောင့် ကျွန်ုပ်တို့ လိုက်သွားရာ ငနက်ကြီးကို တွေ့ရတော့သည်။

ငနက်ကြီးမှာ ဒဏ်ရာနှင့် ဝါးရုံချုံထဲတွင် ပုန်းအောင် နေရာက ရဲဘော်ကျော်ဝေ နောက်ဖေးသွားရာ ထိုနေရာတွင် ဆုံမိပြီး ငနက်ကြီး၏ ခုန်အုပ်ခြင်းကို ခံရလေတော့သည်။

ကျွန်ုပ်မှာ ချက်ချင်းပင် ပါလာသော လက်နက်ကြီးဖြင့် မနားတမ်း ရှေ့လက်ပြင်ဆီသို့ ပစ်ချလိုက်လေသည်။

“ဒိုင်း”

ကော်ဒိုက်ယမ်းနံ့များ ထောင်းခနဲ ထသွားလေသည်။

ငနက်ကြီးမှာ ထိုနေရာတွင် စင်းစင်းသေ၍ ကျွန်ုပ်တို့လည်း သံဘိုသစ်ထုတ်လုပ်ရေးစခန်းသို့ ပြန်ခဲ့သည်။

ငနက်ကြီး၏ ကိုယ်လုံးမှာ အနက်ကြောင်းများက များပြီး အဝါ အနည်းငယ်သာ ရှိလေသည်။

သူသည် တစ်ကိုယ်တော်စွန့်စားပြီး အမဲလိုက်သော ကျားရိုင်းတစ်ကောင်သာ ဖြစ်လေသည်။ လုံးပတ်မှာ အမြီးနှင့် ခေါင်းအထိ ( ဂ) ပေခွဲသာ ရှိသဖြင့် ကျားလတ်တစ်ကောင်ဟု ကျွန်ုပ်တို့ သတ်မှတ်လိုက်သည်။

ထိုနေ့မှာပင် ကျောက်အိုးရွာမှ လူတစ်စု ရောက်လာပြီး သူတို့ရွာတွင် တောကောင်ကြီးများ ဝင်ရောက် သောင်းကျန်းနေသဖြင့် နှိမ်နင်းပေးရန် ခေါ်လေသည်။

ကျွန်ုပ်တို့ မနားရဘဲ နံနက်စာစားပြီးနောက် ကျောက်အိုးရွာသို့ လာခဲ့လေသည်။

ကျောက်အိုးရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး ရွာစည်းရိုး မရှိဘဲ တစ်အိမ်ချင်း ခြံစည်းရိုးများသာ ရှိကြသည်။

ကျွန်ုပ် ရောက်သွားသောအခါ တောကောင်ကြီးများ လက်ချက်ကြောင့် ရွာသားတစ်ဦး သေဆုံးပြီး ရွာသားတစ်ဦးမှာ ဒဏ်ရာရကာ အင်္ဂပူဆေးရုံသို့ ပို့ထားရလေသည်။

ကျွန်ုပ်တို့ ရောက်သွားသောအခါ ထိုတောကောင်ကြီးများနောက်သို့ ချက်ချင်းဆက်၍လိုက်ရန် မဖြစ်ဘဲ ရွာတွင် ကင်း သုံးကင်းခွဲ၍ ချထားရလေသည်။ တစ်ကင်းလျှင် ရဲဘော် သုံးယောက်စီ ချထားပြီး ကျွန်ုပ်မှာ ရွာခေါင်းကြီး ဦးတိုး၏ အိမ်တွင် စခန်းချနေရလေသည်။
ကျွန်ုပ်နှင့်အတူ မုဆိုး ကိုတင်လည်း ပါရှိလာလေသည်။ သူ့တွင် ဒသမ ( ၃ဝ၃) အင်္ဂလိပ်ရိုင်ဖယ်တစ်လက် ပါရှိလာကာ ကျွန်ုပ်နှင့်အတူ ရွာတွင် စခန်းချနေလေသည်။

ရွာခေါင်းကြီးဦးတိုးမှာ မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းတွင် ဆင်ဦးစီးအဖြစ် လုပ်ခဲ့ပြီးမှ အငြိမ်းစားယူနေသော အလုပ်သမားဟောင်းကြီးတစ်ဦး ဖြစ်လေသည်။

ကျွန်ုပ်တို့ ရောက်သောအချိန်တွင် ကျားကိုက်သော ရွာသားမှာ ခေါင်းနှင့် လက်ဖျံ၊ ခြေထောက် အနည်းငယ်သာ ရပြီး မြေမြှုပ်ပစ်လိုက်ရလေသည်။

ရွာသားများမှာ ကျွန်ုပ်တို့ ရောက်လာသဖြင့် အလွန် အားတက် ဝမ်းသာနေကြလေသည်။

ထိုနေ့ညတွင် ကျွန်ုပ်တို့မှာ မအိပ်ကြဘဲ တောကောင်ကြီးများကို စောင့်နေရလေသည်။ ထိုနေ့ ညတွင် ခပ်ဝေးဝေးဆီမှ တောကောင်ကြီးများ၏ အော်သံကို ကြားနေရလေသည်။

ကျွန်ုပ်သည် သတိဝီရိယရှိစွာဖြင့် ကင်းသမားများအား သေချာစွာ စောင့်ကြည့်ရန် မှာကြားပြီးနောက် ရွာခေါင်းကြီး ဦးတိုး၏အိမ် ပြန်လာခဲ့လေသည်။

ည (၁ဝ) နာရီခန့် ရှိသော အချိန်တွင် တောကောင်ကြီးများ၏ အသံကို ရွာနှင့် မလှမ်းမကမ်းတွင် ကြားရကာ ပျောက်သွားပြန်လေသည်။

ကွမ်းတစ်ယာညက်ခန့် ကြာသောအခါတွင် တောကောင်ကြီးများ ရွာနားသို့ ရောက်လာကာ ကျွန်ုပ်နေသော တောခေါင်းကြီးအိမ် တောကောင်ကြီးတစ်ကောင် ကပ်လာလေသည်။

ကျွန်ုပ်က မီးထိုး၍ ကြည့်ရန် ပြောလိုက်သည်နှင့် ကိုတင်က လက်နှိပ်ဓာတ်မီးကို မီးဖွင့်လိုက်သည်။ သို့သော် ရိပ်ခနဲ ပျောက်သွားချိန်တွင် နောက်ထပ် ရွာအရှေ့ ရဲဘော်ထွန်းညို ကင်းမှ သေနတ်ပစ်သံကို ကြားလိုက်ရလေသည်။

“ဒိုင်း … ဒိုင်း … ဒိုင်း”

ရဲဘော်ထွန်းညိုတို့မှာ တောကောင်ကြီး တစ်ကောင်ကို ပစ်လိုက်သော်လည်း မသေဘဲ ဒဏ်ရာနှင့် လွတ်မြောက်သွားလေသည်။

နံနက် မိုးလင်းသောအခါ ကျွန်ုင်က တပ်သားများ ခေါ်၍ တောတိုးကာ တောကောင်ကြီးများကို ရှာဖွေခဲ့လေသည်။

ကျွန်ုပ်နှင့်အတူ ရွာသားနှစ်ယောက် ပါရှိလာလေသည်။

ပစ်လိုက်သော တောကောင်မှာ တစ်မိုင်ခန့်မျှတောင် မသွားနိုင်ဘဲ သေနတ်ဒဏ်ရာကြောင့် လဲကျသေဆုံးနေသည်ကို တွေ့ရလေသည်။ ထိုအကောင်မှာ အထီး မဟုတ်ဘဲ အမဖြစ်ကာ လည်ပင်းအောက်တွင် ထိမှန်ထားလေသည်။

ထိုအချိန်မှာပင် ဝေါင်းခနဲ ဝေါင်းခနဲ ဟူသော တောတိုးသံများ ပေါ်ထွက်လာကာ ဆင်များ၏ အော်သံကို ကြားရလေသည်။

ကျွန်ုပ် ကြည့်လိုက်သောအခါ ဆင်မကြီး ခေါင်းဆောင်သော အကောင်နှစ်ဆယ်ခန့် ဆင်အုပ်တစ်အုပ်ကို တွေ့ရလေသည်။

ဆင်ရိုင်းများသည် ကျွန်ုပ်တို့ရောက်ရှိနေသော တောအတွင်းသို့ ရောက်ရှိကာ ကျွန်ုပ်တို့အား ကြည့်နေသည်ကို တွေ့ရလေသည်။

ကျွန်ုပ်တို့မှာ ထွက်မပြေးနိုင်၊ ရှေ့သို့ မတိုးနိုင် ရှိနေကြစဉ် ဆင်မကြီးက နှာမောင်းမြှောက်ကာ အူးခနဲ အော်လိုက်လေသည်။ ထိုအော်သံနှင့်အတူ ဆင်များသည် ကျွန်ုပ်တို့ဆီသို့ ဝေါခနဲ ဦးတည်ကာ ပြေးလာလေသည်။

ကျွန်ုင်က ရှေ့ဆုံးမှ ပြေးလာသော ဆင်အုပ်ခေါင်းဆောင် ဆင်မကြီးကို အမဲကြီးပစ်ရိုင်ဖယ်ဖြင့် မျက်စိ အပေါ် နဖူးပြင်သို့ ပစ်ထည့်လိုက်လေသည်။

ဆင်မကြီးမှာ အူးခနဲ တစ်ချက်အော်ပြီး လဲကျကာ အသက်ပျောက်သွားလေသည်။ ကျန်သော ဆင်များမှာ တောတွင်းသို့ တဝုန်းဝုန်းနှင့် ထွက်ပြေးကြလေ
သည်။

ရဲဘော်တစ်ယောက်ကလည်း ဆင်တစ်ကောင်ကို ပစ်ခတ်လိုက်သဖြင့် ရရှိလိုက်လေသည်။

ဆင်များကို ရွာသားများ အကူအညီဖြင့် ထိုနေရာတွင် ဖျက်လိုက်ကြပြီး ကျားသေကိုယူ၍ ပြန်ခဲ့ကြလေသည်။

ကျောက်အိုးရွာတွင်မက ရွာနီးပတ်ဝန်းကျင် ရွာများကိုလည်း ဆင်သားများကို ဝေငှပေးလိုက်လေသည်။

ထို့နောက် ကျွန်ုပ်တို့သည် ကျောက်အိုးရွာသူရွာသားများအား နှုတ်ဆက်၍ မျှင်ဝါးတောင်သို့ ပြန်ခဲ့ကြလေသည်။

သို့သော် မျှင်ဝါးတောင်သို့ မပြန်မီ နတ်ရေကန်ရွာမှ အကူအညီတောင်းသဖြင့် လိုက်ရပြန်လေသည်။

နတ်ရေကန်ရွာတွင် ဦးဖိုးလှ ခေါင်းဆောင်သော ရွာသားများက ကျွန်ုပ်တို့အား ကြိုဆိုပြီး တောဆင်များ၏ ဖျက်ဆီးသောင်းကျန်းပုံကို ပြောပြသည်။

တောဆင်ရိုင်းများသည် နတ်ရေကန်ရွာသို့ ညတစ်ခေါက် မနက်တစ်ခေါက် လာ၍ ဖျက်ဆီးကြသည်ဟု ပြောလေသည်။

နတ်ရေကန်ရွာတွင် တစ်ညနေရန် ဆုံးဖြတ်လိုက်လေသည်။

ကျွန်ုပ်တို့ ရောက်သွားသော အချိန်မှာ ညနေ (၃) နာရီခန့် ဖြစ်လေသည်။

ကျွန်ုပ်သည် ရွာခြံစည်းရိုးဝန်းကျင်တစ်လျှောက် လိုက်လံကြည့်ရှုကာ ရဲဘော်များကို နှစ်စုခွဲ၍ ကင်းချလျက် တည်းခိုမည့်အိမ် ပြန်ခဲ့သည်။

ထိုနေ့ညမှာ လသာပြီး တောတောင်များလည်း အလွန်သာယာလှပေသည်။ သန်းခေါင်ယံအချိန်သို့ ရောက်သည်နှင့် တောဆင်ရိုင်းများ၏ အသံကို ကြားရလေသည်။

ကျွန်ုပ်တို့သည် သတိဝီရိယရှိစွာဖြင့် ပစ်ကွင်းကောင်းမည့်နေရာ ရွေးချယ်လိုက်ကာ ဆင်ရိုင်းများကို စောင့်နေကြလေသည်။

တောဆင်ရိုင်းများ၏ တောတိုးသံများမှာ တဖြည်းဖြည်းနှင့် နီးကပ်လာကာ ရွာ၏တောင်ဘက် ကုန်းလမ်းပေါ်သို့ ရောက်လာကြသည်။

ကျွန်ုပ်နှင့် မုဆိုးကိုတင်တို့သည် ရဲဘော်နှစ်ယောက်နှင့်အတူ ရှေ့သို့ တိုးသွားကြသည်။ အသံများ ပျောက်သွားပြီး မကြာမီ တန်းစီ၍ တောဆင်ရိုင်းများကို တွေ့လိုက်ရလေသည်။

တောဆင်ရိုင်းအုပ်သည် ပထမ ကျွန်ုပ်တို့ကို မမြင်ဘဲ နောက်မှ တွေ့သွားလေသည်။

စွယ်စုံ ဆင်ရိုင်းကြီးတစ်ကောင် ဦးစီးသော ဆင်အုပ်ပင် ဖြစ်သည်။
ကျွန်ုပ်က သူတို့၏ တိုက်ခိုက်ခြင်းကို စောင့်မနေတော့ဘဲ အမဲကြီးပစ် ရိုင်ဖယ်ဖြင့် စွယ်စုံဆင်ရိုင်းကြီး၏ မျက်စိနှင့် နားရွက်ကြား ပစ်ချလိုက်လေသည်။

“ဒိုင်း” ဟူသော အသံနှင့်အတူ ကော်ဒိုက်ယမ်းနံ့များက ထောင်းခနဲ ထသွားလေသည်။ စွယ်စုံဆင်ရိုင်းကြီးမှာ ထိုနေရာတွင် ခွေညွှတ်လဲကျကာ အသက်ပျောက်သွားလေသည်။ ကျန်သော တောဆင်ရိုင်းများက တောတိုးကာ ထွက်ပြေးကြလေသည်။

“နောက်တစ်ခါ ဒီနေရာကို ဆင်ရိုင်းတွေ လာမှာမဟုတ်တော့ဘူး၊ စိတ်သာချပါ”

ကျွန်ုပ်က ပြောခဲ့ရသည်။

ထိုညတွင်းချင်းပင် စွယ်စုံဆင်ကြီး အသားကို ဖျက်၍ ယူလိုက်လေသည်။ ကျွန်ုပ်တို့က အစွယ်ကို ယူခဲ့လေသည်။

မျှင်ဝါးတောင်တစ်ကြောတွင် သောင်းကျန်းဆိုးသွမ်းနေသော တောကောင်များမှာ အတော်ပင် ငြိမ်အေးသွားကြပြီ ဖြစ်သည်။

ကျွန်ုပ်တို့ ရဲဘော်များလည်း နောက်တစ်နေ့တွင် မျှင်ဝါးတောင်စခန်း ပြန်ခဲ့ကြပါတော့သည်။

စပယ်ဦး မြန်မာဝတ္ထုတို မဂ္ဂဇင်း
အမှတ် ၆၁

– ပြီး –

စာရေးသူ – မြဝဇီ

Leave a Reply

Your email address will not be published. Required fields are marked *