July 31, 2025
Uncategorized

ကျားဘသား ယောက်ျား

ဆင်ဖြူကျွန်းအောင်သိန်း
ကျားဘသား ယောက်ျား

(၁)

“သက်သာသွားပါပြီ သားရယ်။ ကဲ … ကဲ … သွားအိပ်ချေတော့”

မြသွယ် ရောက်မလာမီ စောစောတုန်းက အေးဆောင် အခြေအနေ ဖြစ်သည်။

ပန်းနာသည် အမေ့စကား ဆုံးရုံသာရှိသေး၏။ ဇီးတောကျောင်းမှ “တုံးကြီး” ခေါက်သံသည် တောလေကိုစီးလျက် အပြေးရောက်လာ၏။ အေးဆောင်မှာ ထိုးအိပ်ချင်ငြား အမေ့ခြေရင်းတွင် ခေါပြီး အိပ် ချင်ငြား အိပ်ချိန်မရှိတော့ပါ။

မီးခွက်ကို မီးဖိုထဲသို့ ယူလာပြီး မီးမွှေးသည်။ တရိုတသေထားသော ငါးခြောက်တစ်မြှောင်းကို ရေစိမ်သည်။ ဆန်တစ်ဆုပ် မရှိတရှိကို ရေဆေးပြီး အမေ့အတွက် ဆန်ပြုတ်အိုးတည်သည်။

ဆန်ဆေးရည် အင်တုံထဲမှ ငါးခြောက်ကို ဆည်လိုက်ချိန်တွင် “အမေ့အတွက် သည်ငါးခြောက်မှာ နောက်ဆုံးပါကလား” ဟု သတိရသည်။

“ဘယ်လိုလုပ်မတုံး။ ရွာမှာ ကြွေးဝယ်မည်လား။ ဈေးတင်လွန်းသည်။ မြို့ဈေးသို့သွားသော လူကြုံဖြင့် မှာမည်။ ဘယ်မှာတုံး ပိုက်ဆံ”

ပိုက်ဆံ ဆိုသောကြောင့် ဆရာကိုစိန်မောင်ကို အမှတ်ရ၏။

ကိုစိန်မောင်သည် တိုင်းရင်းမြန်မာဆေးဆရာဖြစ်၏။ အမေကလည်း …

“စိန်မောင်က လူသာငယ်ပေမယ့် ပညာမငယ်ဘူးဟဲ့။ သူ့ဆေးနဲ့ ငါနဲ့ အပ်စပ်တာ များတယ်”

ဟု ပြောခဲ့ဖူးသည်။

အမေ သဘောကျသော်ငြား ကိုစိန်မောင်ကို လူသုံးနည်း၏။ ကြည်မောင်ဦးကိုသာ “ဆရာ … ဆရာ”နှင့် လူသုံးများ၏။

ယခုတစ်ချီ ပန်းနာထ၍ အမေ လဲစကပင်

“ကြည်မောင်ဦးကို ပင့်ပါ အရီးသော့ရယ်။ ယူပစ်သလို ပျောက်မှာ”

အကြံပေးသူရှိငြား အေးဆောင်အမေ လက်မခံ။

“အမယ်လေးတော် … သည်နားတစ်ဝိုက်မှာ ကြည်မောင်ဦး ဆေးထိုးသတ်လို့ သေတာ တစ်ကျိပ်အောက် မလျော့တော့ဘူး။ ဒေါက်တာရမ်းကုသတ်လို့တော့ မသေပါရစေနဲ့”

သို့ဖြင့် အမေသည် ကိုစိန်မောင်ကိုသာ ပင့်၏။ ကိုစိန်မောင်ကလည်း ခြေကြွခကို ပေးသလောက်သာယူ၏။

လွန်ခဲ့သော ငါးရက်ကစပြီး အေးဆောင်မှာ ငွေကြေးပြတ်လပ်ခဲ့ပြီ။ ကိုစိန်မောင်ကို ခြေကြွခ မပေးနိုင်တော့ပါ။

ယမန်နေ့ကမူ “ကုင်္ကုမံ”ပါသော ဆေးတစ်ဖုံဖော်မှ ဖြစ်မည်။ ငွေကြေးမပြည့်စုံသေးသဖြင့် မဖော်နိုင်သေးကြောင်း ပြောသွား၏။

အေးဆောင် အကြံခက်ချေပြီ။

အေးဆောင်မှာ စင်စစ်သော်ကား လက်မဲ့လူမူမဟုတ်။ မြေပဲအတင်း ၂ဝ ခန့်နှင့် နှမ်း ၃ တင်းရှိသည်။ ရှိသော်ငြား မရောင်းရဲ။ စိုက်ချိန်ပျိုးချိန်တွင် ကုန်ကျစရိတ်အတွက် ထားရဦးမည်။ ယခုကဲ့သို့ အလုပ်အားချိန်တွင် ဖြစ်သလို ရှာဖွေစားသောက်နေမှ တန်ကာကျမည်။

ထို့ကြောင့် မည်သည့်ဘက်တွင် ရပေါက်ရလမ်းရှိမည်နည်း စဉ်းစားမရတိုင်း မြသွယ်ကို မြင်ယောင်သောအခါ နွမ်းအိုက်နေသော စိတ်သည် ချက်ချင်း ရွှင်ပျချေသည်။

(၂)

မြသွယ်တို့အိမ်မှ ခိုကြီးကြားလောက်အောင် ကျယ်လောင်သော မန်ကျည်းပင်ပေါ်က ဥပန်းကြီး တွန်သံဆုံးလျှင် ခိုကြီး တွန်၏။ အနောက်ဖျားမှ ခိုကြီး တွန်အပြီးတွင် အလယ်ပိုင်းမှ ငတော၏ ဇိမ်းကြီး တွန်သည်။ သည့်နောက်တွင်ကား ပေါက်ပေါက် လှော်ဘိအလား သူ့ထက်ငါ အလုအယက် တွန်လိုက်ကြသည်မှာ ထနောင်းနှစ်ခွတစ်ရွာလုံး သောသောညံသွားတော့သည်။

အေးဆောင်မှာ ရေစစ်စင်းခြောက်ကို တံညှပ်နှင့် ညှပ်ပြီး ပြာပူထဲ၌ ထိုးစိုက်ဆဲ အမေ့ထံမှ အသံပေါ်လာပြန်၏။

“ဟဲ့ … ဆီတွေ သိပ်မထည့်နဲ့”

ဆီထည့်ရန် ဝေးစွ ငါးခြောက်ပင် မကျက်သေးငြား အေးဆောင် ရှည်ရှည်ဝေးဝေး မဖြေပေ။

“ဟုတ်ကဲ့အမေ … ဟုတ်ကဲ့”

“ကိုအေးဆောင်ရေ”

ချစ်စရာကောင်းသော ချိုကြည်ကြည် အသံကလေး။ အေးဆောင် အပြုံးနှင့်ထသည်။ ပြေးထွက်မည်ပြုပြီးမှ ငါးခြောက်“တံညှပ်”ကို ကြပ်ခိုးစင်တွင် ထိုးပစ်ခဲ့ရသေးသည်။

“ကိုအေးဆောင်ရေ”

“လာနေပါပြီဟ”

မန်ကျည်းကိုင်းများကြားမှ လှမ်းမြင်နေရသော အရှေ့မိုးကုပ်စက်ဝိုင်းတွင် ခရမ်းရောင်ကျွန်းကလေးများ ထွန်းပေါ်နေပြီ။

အေးဆောင်က ခြံဝသို့ ပြေးလာသည်။ ထန်းလက်ခြောက်များ ပိတ်ဆို့ထားသော ခြံတံခါးဝတွင် သနပ်ခါးနံ့ သင်းနေသော မျက်နှာဝင်းဝင်းကလေး ကို မြင်နေသည်။

“မွှေးလိုက်တာဟယ်။ ရှေ့နားတိုးပါဦး”

“ဟိုနားမှာ ခင်အိတို့ ရပ်စောင့်နေသယ်။ အရီး ဘယ်နှယ့်နေသေးသတုံး”

“ရင်ကြပ်တော့ သက်သာသွားပြီဟ။ စောစောကဟာ … တုံးကြီး မခေါက်တစ်ခေါက်တုန်းက မူးလို့ ထရသေးသဟ”

ထိုးထိုးထောင်ထောင် တစ်နည်း၊ ကန့်လန့် တစ်သွယ် ပိတ်ဆို့ရံထားသော ထန်းလက်ခြောက်များကို ချိုးချိုးချွတ်ချွတ် မြည်သည်အထိ အေးဆောင်က တိုးကပ်သွား၏။ ထိုအခါ မြသွယ်က နောက်ဆုတ်၏။

“အခုကော” ဟူ၍လည်း အမေးဆက်၏။

“ကောင်းသွားပြီဟ”

အေးဆောင်က ထန်းလက်ခြောက်များကို ဆွဲဖယ်ရင်း မေးပြန်၏။

“ဒါထက် နင်တို့က ဘယ်သွားမှာမို့ ဒါလောက် အစောကြီး ထွက်လာရသတုံး”

“ကိုရင်ကြီးချောက်ဘက်မှာ နာနတ်ဖူးတွေ ထွက်နေပြီဆိုလို့ စောစောသွားမှ နေမပူခင် ပြန်နိုင်မှာလေ”

တောနာနတ်သည် သက်တမ်းပြည့်လာသောအခါ အရွက်များ၏ ထိပ်ဗွေမှ အဖုကြီး ပေါ်လာလေ့ရှိ၏။ ဒေသအခေါ်အားဖြင့် အဖူး။ သည်အရာကို စဉ်းခုတ်ပြီး ပေါင်းပြီး နာနတ်ယို နာနတ်ဆုပ်လုပ်ရန် ဖြစ်၏။

“ခင်မိအပြင် ဘယ်သူပါသေးသတုံး”

မြသွယ်က “စိုးရိမ်တတ်ရန်ကော” ဟူသော အကြည့်ဖြင့် မျက်စောင်းချီ၏။ အမှောင်မပြယ့်တပြယ်တွင် တောက်လက်၏။ အေးဆောင်၏ ရင်ထဲတွင်လည်း အေးခနဲဖြစ်၏။

“မြကြည်နဲ့ အေးသင်လည်း ပါသေးသတော့်။ တော်လည်း ထွက်ခဲ့မှာမဟုတ်လား။ အဲသည်ဘက်ပဲ လာခဲ့ပေါ့”

“နင့်ဟာက ဝေးလှသဟာ”

“ဝေးပေမယ့် ယုန်ရနိုင်သယ်တော့်။ တမြန်နေ့ကတောင် ကိုသာလှကြီး ယုန်တစ်ထုပ် ရသွားသတဲ့”

(၃)

“အေး … သည်လိုဆို လိုက်ခဲ့မယ်”

ယုန်တစ်ထုပ်ဆိုသည်မှာလည်း ဈေးကြုံဖြင့်ပင် ပေးလိုက်ဦး။ လေးငါးခြောက်ရာ ပြေးမလွတ်သည့် ရှားကုန်မဟုတ်လား။

သို့ရာတွင် အေးဆောင်မှာ “လိုက်ခဲ့မည်” ဟု မြသွယ်ကို အာမခံလိုက်ငြား အမေ့ကို အလေးအပေါ့တည်ရသေး၊ ဆန်ပြုတ်တိုက် ဆေးတိုက်ရသေး၊ သူကိုယ်တိုင်လည်း ဝမ်းပြည့်အောင် ဖြည့်ရသေးသည်။

သို့တစေ နွားစာရေ ခတ်ရ၊ နွားစာ စဉ်းရ၊ နွားကျွေးရနှင့် ဆွမ်းခံဝင်ချိန်နီးခါမှ တောလည်ရန် ထွက်လာနိုင်ခဲ့သည်။

အုံ့ပျပျနှင့် မကြည်သော မြူထုတွင်းမှ ထိုးထွက်လာရစေကာမူ နေသည် ပူလောင်လွန်းလှချေသည်။ ပဲရိုးပုံမည်းမည်းကြီးများသည် ကြည့်လေရာရာတွင် ထိုးထိုးထောင်ထောင်ဖြင့် မိုးတိုးမတ်တပ် ရှိနေကြ သည်။

လေပြင်းများသည် ယာပြင်ရှိ မြေဆီသြဇာများကို ကျုံးယူနေကြသည်။ အေးဆောင်၏အဖော် ရန်လုံသည် တငုံ့ငုံ့ဖြင့် ပါလာသည်။ သူသည် ရံဖန်တွင် အေးဆောင်၏ရှေ့က ရံခါတွင် အေးဆောင်၏ နောက်မှ ပြေးလွှားလိုက်ပါလာသည်။

အေးဆောင်၏ ပခုံးတွင် လွယ်အိတ်တစ်လုံးပါသည်။ အိတ်ထဲတွင် နွားမြီးဖြင့် လုပ်ထားသော ညွှတ် သုံးလေးဖုံ ပါသည်။ ထို့ပြင် ပလတ်စတစ်စနှင့် လောက်စာလုံးများ လောက်လေးခွ ပါသေးသည်။ လက်ထဲတွင်ကား ဆေးသားကုန်လုကုန်ခင် ဓားမတိုတစ်ချောင်းဖြင့်။

ပုတတ်များသည် မွဲခြောက်ခြောက်တစ်မျိုး၊ ဝါကျင့်ကျင့်တချို့ဖြင့် ရှားစောင်းခရိုးများကြားမှ ရွှတ်ခနဲ ရွှတ်ခနဲ ပြေးလွှားမြူဆွယ်နေကြသည်။ သည်မျှပူလောင်ပြီး အစာရေစာ ရှားပါးချိန် သည်ကောင်တွေရှိလှလျှင် လက်တစ်လုံးမို့ အေးဆောင် လှည့်မကြည့်ပါ။

နေနှင့်ကြဦး။ မိုးဦးကျတော့မှ။

ရှားစောင်းပြာသာဒ်ပင်ကြီးများသည် စောင်းလျှားသီးပင်စည်ဖြင့် မိုးကိုမျှော်နေကြ၏။ အချို့အပင်များကား အမျှော်လွန်သဖြင့် ကြာဖူးနှယ် ပွင့်တံများပင် ထွက်နေကြပြီ။ ရှားစောင်းမြင်းနားတို့မူ ဆူး ပေါက်သော ခက်လက်မှ ဇွန်းယောင်ယောင်၊ မြင်းနားရွက်ယောင်ယောင် အရွက်များကို တွန့်တိုစွာ ခြွေချနေကြ၏။

အပေါ်ကပူ အောက်ကပူမို့ အေးဆောင်၏ တစ်ကိုယ်လုံးမှာ ချွေးရည်များ ဖုံးနေပြီး အပေါ်ကပူ အောက်ကဟပ်နှင့် အေးဆောင်၏ကျောပြင် အမြှောင်းကြီးမှာ ရေတံလျှောက် ဖြစ်နေသည်။

မျက်နှာနှင့် ရင်ဘတ်တစ်လျှောက်မှ ချွေးအိုင်မှာမူ လေပွေတစ်လုံးနှင့် ဝင်တိုးချိန်တွင် လုံးဝ ခြောက်သွေ့သွား၏။

အေးဆောင်မှာ ဖိုးကျော်ဇံရိုးအစပ်သို့ အရောက်တွင် တုံ့ဆိုင်းသွားသည်။ ရေကြက်ခြေရာတွေ တွေ့သောကြောင့် ဖြစ်သည်။

ထိုနေရာ၌ ညွှန်သုံးဖုံကို ထောင်သည်။ ကမ်းပါးယံတွင် ညွတ်ကျနေသော မိုးနှံချုံအစပ်တွင် ဖြစ်ပေသည်။

သူ၏ ခရီးစဉ်မှာ ရိုးအတိုင်း ဆန်တက်ရန်ဖြစ်ငြား လက်ဝဲဘက် တောနာနတ်အုပ်ဆီမှ ရန်လုံ၏ဟောင်သံ ကြားရ၏။ သို့ကြောင့် သူ လမ်းကြောင်းပြောင်းကာ ရိုးပေါ်သို့ တက်သည်။

ရန်လုံ၏အသံသာ ကြားရသည်၊ မမြင်ရသေး။ ရန်လုံ ဟောင်ပုံမှာ ခွေးအချင်းချင်း ဟောင်သံမျိုးမဟုတ်။ အစာကို ဟိန်းဟောက်ခြောက်လှန့်နေသော အသံမျိုး ဖြစ်ပေ၏။

အေးဆောင်သည် ရိုးကမ်းပါးကို ဖက်ပြီးတက်ခဲ့သည်။

ဖြူတချို့၊ နီတစ်လီ ကျောက်စရစ်ခဲကလေးတွေ စီနေသော ကုန်းမို့မို့ပြောင်ပြောင်က ဆီးနေသည်။ အလောသုံးဆယ် ပြေးတက်လျှင် ရင်ဘတ်နှင့် မြေကြီး ပစ်ရိုက်ချိမ့်မည်။

သို့ဖြစ်သဖြင့် အေးဆောင်မှာ လေးဖက်ထောက်လျက် တက်ရသည်။

လိပ်ကျောကုန်း ကုန်းမို့မို့၏ ဟိုဘက်တွင် တစ်ခုန်စာကျယ်သော ချောက်။ ချောက်၏ ဟိုဘက်တွင် ရန်လုံ။

ရန်လုံသည် ရှေ့သို့ ခုန်လိုက်၊ နောက်သို့ ဆုတ်လိုက်ဖြင့် ဟောင်နေသည်။ မည်သည့်အရာကို ရန်လုံတွေ့နေပါသနည်း။

တံလျှပ်အမျှင်များနှင့် ပွဲလျက်ချောင်း မြေပြင်သည် သားကောင်နှင့် ရောနှောနေ၏။ အတော်ကြာအောင် စိုက်ကြည့်မိမှ အေးဆောင် ပါးစပ်ပြဲသွားသည်။ သွားရည်တောက်တောက် ယိုကျသဖြင့် ရွှီးခနဲသိမ်းရ၏။

ဖွတ်ကြီး။

လက်မောင်းလုံးခန့်ရှိ၍ နှစ်တောင်နီးပါးရှည်သော ဖွတ်ကြီး။ အသားဖိုးကိုဖယ်ထား အရေခံဖိုးပါကပင် သုံးလေးထောင်ရှိသည်။

သို့သောအခါ အန္တရာယ်ကို အေးဆောင် ထီမထင်။ လိပ်ကျောကုန်းပေါ်သို့ တစ်အားပြေးဆင်းသော အရှိန်ဖြင့် ချောက်ကိုခုန်သည်။

ကမ်းပါးမှ ပြုတ်ကျလုတည်းတည်း တွယ်နေသော တင်းတောင်းတစ်လုံးစာခန့် မြေစိုင်ခဲကြီးမှာ အေးဆောင်၏ အလေးချိန်ကို မခံနိုင်။ သည်အပေါ်သို့ အေးဆောင် ကျသွားသည်။

အစိတ်စိတ် မြေလုံးများနှင့် အေးဆောင် လုံးလားထွေးလား ကျ၏။

အေးဆောင်မှာ နာကျင်ရမှန်းမသိ။ အတင်းထ၊ အတင်းတွယ်တက်ရင်း ခွလောက်လေးကို ထုတ်၏။ အသင့်ပြင်၏။ ကမ်းပါးသို့ ရောက်လျှင်ရောက်ချင်း ဖွတ်ကိုပစ်၏။

ရန်လုံလည်း သခင်အားကိုး ရပြီမို့ ရဲသွေးဝင်လာကာ ဖွတ်ကို ပြေးအဟပ်တွင် လေဝယ် ဖွတ်မြီး ဝဲ၏။

နာကျင်စွာအော်လျက် ရန်လုံ ပက်လက်လန်အလဲတွင် အေးဆောင်က ဓားကိုမြှောက်လျက် ပြေးဝင်၏။

ညာညိုတံကျည်းနှင့် ဘယ်ဒူးခေါင်းမှာ သံပူဖြင့် ပွတ်ထိုးဘိသို့ ခံလိုက်ရ၏။ အေးဆောင် အားခနဲ အော်မိပြီး ခုန်သည်။

ဖွတ် ပြေးပြီ။

ဓားကိုကောက်ပြီး ဖွတ်နောက်သို့ အေးဆောင်ပြေးလိုက်၏။ ရန်လုံလည်း ဘေးမှပန်းလိုက်၊ နောက်မှလှမ်းဆွဲလိုက်လုပ်လျက် ပါလာ၏။

ဖွတ်သည် ရေစီးကြောင်းထဲသို့ ဆင်းပြေး၏။ ဓားဖြင့် မပစ်သာ။ ရန်လုံလည်း ဟပ်မရံ။

သို့စဉ်တွင် ဖွတ်သည် စောင်ချမ်းပင်ပေါက်များ ပြွတ်သိပ်နေသော ချုံထဲသို့ ဝင်ပြေးရာက ထူးတွင်းတစ်တွင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

ညို့တံကျည်းပေါ်တွင် ခုံးထနေသော အစင်းကြီးမှာ လက်ညှိုးလုံးခန့် တုတ်သည်။ အမောကြောင့် ဆို့မတတ်ရှိသော အေးဆောင်မှာ တောက်ခတ်ရုံမှအပ မည်သို့မျှ မတတ်နိုင်ပါ။

သို့တစေ ရန်လုံကား ထူးတွင်းဝတွင် ခေါင်းကိုသွင်းလိုက်၊ ဟိုသည်ပြေးလိုက်ဖြင့် ဟောင်နေဆဲ။

အေးဆောင် လေချွန်သံပေး၏။ ရန်လုံ အဟောင်ရပ်၏။ လာလမ်းအတိုင်း ပြန်လှည့်သွားနေသော သခင့်နောက်သို့ ရန်လုံ ပြေးပြီးလိုက်၏။ သူသည် အေးဆောင်ကို ပတ်ချာလှည့်ကာ တစ်ချက်နှစ်ချက် မြူးခုန်ပြီးနောက် ရှေ့မှ ပြေးသွားနှင့်လေ၏။

နေအပူသည် မြင့်သည်ထက် မြင့်လာ၏။ အေးဆောင်၏ ရင်ဘတ်တွင် ခြစ်ရာ၊ ရှာရာ၊ ပွန်းရာများဖြင့် သွေးစို့နေ၏။ ဖောင်းနေသော အစင်းများ အရေခွဲစုတ်နေသော သွေးစီးကြောင်းများ။

အေးဆောင် တွက်သည်။

“ညွတ်ထောင်ထားခဲ့သော ရိုးအတိုင်းဆန်လျှင် မြသွယ်တို့အပြန်နှင့် ဆုံလိမ့်မည်”

လာခဲ့ပါ မှာပုံထောက်သော် ပြောစရာတစ်ခုခု ရှိတန်ရာ၏ဟူ၍လည်း အေးဆောင်တွေးသည်။

ထိုအခါ သနပ်ခါးမျက်နှာတွင် ချွေးစီးကြောင်း မြစ်ဖွဲ့နေသော မြသွယ်ပြောသမျှကို ကြည်နူးစွာ နားထောင်ရဦးမှာပါကလားဟု ရင်၌ ချမ်းမြေ့ချင်လာ၏။

သို့စဉ်တွင် ရန်လုံ၏ မာန်မဲဟိန်းဟောက်သံ ပေါ် လာသဖြင့် နားစွင့်ရင်း ထရပ်၏။ ရန်လုံ၏ အသံမှာ ခွေးတစ်ကောင်ကို ဟောင်ပုံ ရန်ထောင်ပုံမျိုး ဖြစ်၏။

သို့ကြောင့် အေးဆောင် ခပ်သွက်သွက်လှမ်း၏။ ဟိန်းဟောက်သံမှ ကိုက်ခဲမာန်ဖီသံများသို့ တစ်မဟုတ်ချင်း ပြောင်းသွား၏။

“ဟာ … ဟုတ်ပြီ”

ညွှတ်တွင် မိနေသော သားကောင်ကို တောလည်ခွေး ခေါင်းပုံဖြတ်သော လူလည်ကျသော ခွေးတစ်ကောင်က ဝင်အဆွဲတွင် ရန်လုံနှင့် တွေ့ခြင်းဖြစ်မည်။

အေးဆောင် လှမ်းကြည့်၏။ ခွေးတစ်ကောင်ကို ကိုက်ခဲခါရမ်းနေသော ရန်လုံ။

အကိုက်ခံရသော ခွေးသည် လူးလဲထကာ ကမ်းပါးပေါ်သို့ အတင်းတက်ပြေး၏။

အေးဆောင်က ဓားဖြင့် လှမ်းပစ်၏။ ဓားသည် ခွေးသူခိုးကို မထိ။ နောက်မှ ပြေးတက်လာသော ရန်လုံ၏ နားရွက်နားမှ ပွတ်လျက် မြေပေါ်သို့ကျ၏။

မြေပြင်ပေါ်၌ကား ရေကြက်တစ်ကောင်၏ အမွေးအတောင်များနှင့် ခြေထောက်တစ်ချောင်းသာ ကျန်ခဲ့။ ညွှတ်မှာမူ ခွေးသူခိုးနှင့်ငြိလျက် ခွေးသူခိုးနောက်သို့ ပါသွားပြီ။

ထိုအခါ အေးဆောင် တောက်ခေါက်ရပြန်ပြီ။

ကိုရင်ကြီးချောက်ဘက်သို့ အေးဆောင် မျှော်ကြည့်သည်။ ထနှောင်းပင်ရိပ်အုပ်ကလေးတွေ မန်ကျည်းတန်းတွေ၊ နဘူးချုံ၊ မိုးနှံချုံတွေနှင့် စိုပြည်ပါ၏။ စိမ်းလန်းပါ၏။ လူရိပ်လူယောင်ကား မမြင်။

မတ်စောက်သော ကုန်းကြီးထိပ်သို့ တက်လာရသောကြောင့် ဟိုက်နေသော အေးဆောင်မှာ ရွာပြန်လမ်းသို့ အမျှော်တွင် ဆို့ရတော့၏။

အရွက်ခြွေထားသော နာနတ်တုံးစိမ်းစိမ်းတွေကို ရွက်လျက်တစ်မျိုး၊ ပိုက်လျက်တစ်သွယ် သွားနေကြသူတွေ။ အချို့ကို ပီပီသသ၊ အချို့ကို ရေးရေးပျပျ မြင်ရသောကြောင့်တည်း။

အေးဆောင်သည် ဆူးပင်သော်မျှ မပေါက်သော တောင်ကတုံးပေါ်မှ တရွေ့ရွေ့ ဆင်းလာသည်။

မွန်းတည့်နေသည် အေးဆောင်ကို ကိုရင်ကြီးချောက်သို့ တွန်းပို့နေသည်။ ကိုရင်ကြီးချောက်မှာ စမ်းရှိ သည်မို့ အေးဆောင်နှင့် ရန်လုံ သောက်စရာရေ ရှိသည်။ ရေသည် ကိုရင်ကြီးချောက်မှာသာ ရှိသည်ကိုး။

မရိတ်ဘဲ ငုတ်တုတ်ပစ်ထားသော နှမ်းပင်မည်းမည်းများရှိသည့် ယာကို ကျော်မိသောအခါ ယုန်စည်းတစ်ခုကို ဘွားခနဲ တွေ့၏။

ယုန်ရှိနိုင်သော မျောက်မြားမြက်နှင့် ပင်ပုကလေးများလည်း များများစားစား မရှိ။ ယုန်စည်းမှာလည်း ခဲတစ်ပစ်စာ၊ အချို့နေရာ၌ နှစ်ပစ်စာမျှသာ ကျယ်၏။

သို့ကြောင့် စည်းတစ်လျှောက်ကို အေးဆောင် လိုက်လံဆို့ပိတ်၏။ နိမ့်သောနေရာတွင် ဆူးခက်ထပ်တင်ကာ တစ်ပတ်အပြည့်တွင် အေးဆောင် လက်ဖျစ်တီး၏။ ချုံတွေကို ခဲနှင့်ပစ်၏။

ရန်လုံကား ယုန်စည်းအတွင်း၌ ဟောင်သံ ဟိန်းသံပေးလျက် ပြေးလွှားနေ၏။

သို့ရာတွင် လှုပ်ရှားမှုမရှိ။

အေးဆောင်သည် နီးရာ သစ်ပင်ချုံပုတ်များကို တုတ်ဖြင့်ရိုက်၏။ ရန်လုံ၏ အသံသာ မင်းမူနေ၏။

အေးဆောင်သည် ဆီးပင်တစ်ပင်အောက်သို့ ဝင်ခဲ့၏။ ယုန်ခိုတတ်သော ခံစပ်ချုံခြောက်ကလေးရှိသောကြောင့် ဖြစ်၏။

သို့ရာတွင် ချုံအောက်၌ လိပ်တစ်ကောင် ဝပ်ခဲ့ဖူးသောအရာသာ တွေ့ရ၏။

“ဧကန္တ စည်းကို ဖျက်မပစ်လို့ ယုန်မဝင်နိုင်တာဘဲ ဖြစ်မယ်။ ဒါကြောင့် မတွေ့တာဘဲ”

ထိုအတွေးဝင်သည့်ခဏ အေးဆောင် လက်လျှော့သည်။ ရန်လုံလည်း လျှာအလျားသားဖြင့် ကိုရင်ကြီးချောက်ဘက်သို့ ပြေးပြီ။

အေးဆောင်လည်း မခံနိုင်ပါ။ ရင်တွင်း၌ မီးတောက်ခမန်း လည်ချောင်းကွဲထွက်ခမန်း ခံစားနေရပြီ။

သို့ကြောင့် အေးဆောင်လည်း ရန်လုံနောက်သို့ အပြေးလိုက်ခဲ့ရသည်။

နွေကာလ၌ ကျေးငှက်တို့ စုရုံးရာရိပ်မြုံကား ကိုရင်ကြီးချောက်ပေတည်း။ ကျေးငှက်သံ တစည်စည်နှင့် မသက်တသက် စမ်းပေါက်ရေကလည်း အေးမြပါဘိ။

အေးဆောင်သည် ရေသောက်ရင်းက ပျားလမ်းကိုကြည့်၏။ ပျားသုံးလေးကောင် ညောင်မုတ်ဆိပ်ပင်ဘက်သို့ ပျံသွား၏။ သို့ကြောင့် ပျားနောက်သို့ အေးဆောင် ထလိုက်လာငြား တုံ့ခနဲ ရပ်သွားရ၏။

မြွေတွန့်ကြီး။

ဗျက် လက်ငါးလုံးကျော်သော မြွေတွန့်လမ်းကြီး လူးလွန့်ပြီးသွားရသော တွန့်ကြောင်း ဤမျှကျယ်ပါက မြွေ၏အတုတ်သည် အောက်ထစ် လက်သုံးလုံးခန့် ရှိရမည်။

မြွေတွန့်ပေါ်မှာ ငှက်ခြေရာ မထင်၊ သစ်ရွက်မကျသေး။

သို့ကြောင့် မြွေတွန့်ကြောင်းအတိုင်း အေးဆောင်အပြေးလိုက်ခဲ့သည်။ ဝါးတစ်ရိုက်သာသာအရောက်တွင် လှည်းလမ်းကြောင်း၌ မြွေဝင်မရှိပြီ။ မြွေဝင်သွားနိုင်သော နေရာသည် မည်သည့်နေရာဖြစ်နိုင် သနည်း။

လက်ဝဲဘက်တွင် တောင်ပို့တစ်လုံးရှိသည်။ ဗောက်ခေါပင်များ ဖုံးနေ၏။ အောက်ခြေတွင် လက်ကောက်ဝတ်ခန့် အပေါက်တစ်ပေါက်။

အေးဆောင် လေချွန်လိုက်သည်။ ရန်လုံသည် တစ်ခဏအတွင်း၌ တောင်ပို့ကို ယက်လိုက် ဟောင်လိုက် အနံ့ခံလိုက် လုပ်တော့သည်။

အေးဆောင်၏ မျက်လုံးများက ထိုးစရာ ကလိစရာကို ရှာ၏။ အသင့်မရှိသောကြောင့် နဘူးကိုင်းခုတ်ရန် ပြေးလာစဉ် ရန်လုံ၏ဟောင်သံ ပြောင်းသွား၏။

အေးဆောင် လှည့်အကြည့်တွင် ဟာခနဲ အော်မိသည်။

မြွေက တောင်ပို့ထဲကမှ ထွက်လာပြီး အနီးဆုံး ပပ်ကြားအက်ထဲသို့ ဝင်ပြေးခြင်းပါတကား။

အေးဆောင်မှာ တုတ်မခုတ်ဖြစ်တော့ဘဲ ပြေးလာ သည်။ ပပ်ကြားကို ဓားဦးဖြင့် ထိုးကော်သည်။

“ဟင် … သည်မှာလည်း မရှိတော့ပါလား”

တောင်ကြည့် မြောက်ကြည့် အေးဆောင် ဖြစ်နေဆဲ ရန်လုံ၏ ဒေါသတကြီးဟောင်သံ ပေါ်လာ၏။ အေးဆောင် ထပြေးလာရ၏။

“ကြည့်စမ်း … တော်တော်ပါးတဲ့ မြွေ”

မြွေသည် ပပ်ကြားကြောင်းအတိုင်း လျှောက်ပြေးရာက မြေပေါ် အတက်တွင် ရန်လုံနှင့် ဆုံမိ၏။ မြွေက လှည့်ပြီး ခေါင်းထောင်လျှင် ရန်လုံ တွန့်ဆုတ်၏။ ရန်လုံ ဆုတ်ခိုက်တွင် မြွေပြေး၏။

မြွေသည် ဤသို့လုပ်ရင်း ခိုလှုံစရာ ရသွား၏။ ကျပ်ပြားအဝိုင်းသာသာ တွင်းကလေး။

သို့သော် အတွင်း၌ မည်မျှကျယ်စွာ မည်မျှနက်သည်ကို မည်သူမျှ မသိ။

ရန်လုံက မြွေ၏ခါးကို တစ်ချက်ဆွဲခါငြား တန့်အောင် မလုပ်နိုင်။ အေးဆောင် ပြေးလာပြီး ဖမ်းဆုပ်သည်။

ခါးပိုင်းကို ဆုပ်မိသဖြင့် မြေကြီးကို ခြေကန်ဆွဲရာ ခြေလက်မရှိသော မြွေသည် ဖျဉ်းဖျဉ်းဖျစ်ဖျစ် အသံမြည်လျက် ဝင်မြဲဝင်၏။ အေးဆောင်၏လက်ထဲက မြွေကား တိုသည်ထက် တို၏။

နောက်ဆုံး အေးဆောင် လက်ထဲတွင် ကျန်ရှိနေသေးသော အရာကား သွေးသန်ရဲရဲဖြင့် မြွေအမြီးဖျားကလေး တစ်ထွာမရှိတရှိမျှသာ။

သို့သော် အနောက်ဘက် မိုးကုပ်စက်ဝိုင်းကို မျှော်ကြည့်သောအခါ နေဝင်ခဲ့ပြီ။

သို့သော် အလင်းရောင်မကုန်သေး။ ထို့ကြောင့် ဓားကို ကောက်ကိုင်ကာ အေးဆောင် ခုန်ထလိုက်ချေတော့၏။

အကောက်ခွန်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၁၀ ခုနှစ်။

Leave a Reply

Your email address will not be published. Required fields are marked *